ကိုပိုက်
ဖြူသူခိုး၏ ကံကြမ္မာ
မုဆိုးကြီး စောလူးသည် တောတိုးသွားနေရင်းမှ ဖြူကောင် တစ်ကောင်ကို လှမ်းတွေ့လိုက်သည်ကြောင့် လက်တွင်းရှိ ပုဆိန်ဖြင့် ခုတ်ပိုင်းရန် ပြေးလိုက်သွားလေ၏။
ဖြူကောင်သည်လည်း သူ့ရန်သူ နောက်မှ အမီလိုက်လာသည် သိသောကြောင့် ဖင်ကိုရမ်းကာခါကာ ပြေးနေလေ၏။
“ကလောက် … ကလောက် … ကလောက်”
သို့နှယ် သူ၏ဖင်မြီးပိုင်းမှ မြည်သံကြောင့် မုဆိုးကြီးစောလူးသည် မလွတ်တမ်း ခြေရာခံလိုက်လာနိုင်ခြင်း ဖြစ်တော့၏။ သို့ကြောင့် ဖြူကောင်သည် ချုံပုတ်ပင်ငယ်တို့ကြား တိုးဝင်ပြေးလေသည်တွင်မှ မုဆိုးစောလူး မျက်ခြေပြတ်ခဲ့ရတော့၏။
သို့ပေမင့် မုဆိုးကြီးစောလူးသည် ဖြူကောင်ကို အလွတ်မခံလိုသည်ကြောင့် ချုံပုပ်ပင်တို့ကို ရိုက်ပုတ်ဆွဲရမ်းလေ၏၊ ခါလေ၏။
ထိုနေရာတဝိုက် ထိုချုံပုပ်ပင်သာလျှင် မဟုတ်၊ အများကြီးရှိချေ၏။ သို့ကြောင့် မုဆိုးကြီးစောလူး မျက်လုံးဒေါက်ထောက် ကြည့်နေမိလေ၏။
သည်ကြားမှ ဖြူကောင်သည် ခပ်လှမ်းလှမ်းချုံပုပ်ပင်အောက်မှ လှစ်ခနဲပြေးသွားသည်ကို ရိပ်ခနဲမြင်လိုက်ရလေ၏။ မုဆိုးကြီးသည်လည်း အလွတ်မပေး ပြေးလိုက်သွားချေ၏။
မီလုမီခင်တွင် တောင်စောင်းလေးတွင်ရှိ တွင်းထဲသို့ ဖြူကော ဝင်သွားလေတော့၏။
သို့ဆိုတော့ မုဆိုးစောလူး ဖိုးကျိုင်းတုတ် ဖြစ်သွားရ၏။ ဖြူကောင် ပြေးမလွတ်လေပြီ။ မုဆိုးစောလူး ပိုလို့ပင် ကံကောင်းသွားရပြန်၏။
ဘယ့်တွက်မူ ဖြူကောင်သည် သူ၏တွင်းထဲဝင်သွားခြင်းဖြစ်သည်ကြောင့် ကံကောင်းပါလျှင် ဖြူတစ်ကောင်ပင်မဟုတ်၊ နှစ်ကောင် အနည်းဆုံးတော့ ရနိုင်ပေပြီ။
သည့်ထက်ကံကောင်းပါလျှင် သုံးကောင်ဖြစ်နိုင်ကောင်းရဲ့။ ဖြူတွင်းတွင် အဖိုအမ တူယှဉ်နေကြသည်များ၏။ သားပေါက်ပါရှိလျှင် သုံးကောင်ပေါ့။
မုဆိုးစောလူးသည် ဖြူတွင်းဝကို ကျောက်တုံးတစ်ခုဖြင့် ယာယီပိတ်ထားလိုက်လေပြီး ထိုတောင်ကြောလေးနောက်သို့ ပြေးသွားလိုက်၏။ နောက်ဘက်ဂယ်ပေါက်ကို သွားရှာလေခြင်းဖြစ်၏။ နောက်ဘက် အရေးပေါ်ထွက်ရန် ဂယ်ပေါက်ကို ရှာတွေ့သည်နှင့် အလုံပိတ်လိုက်လေ၏။
သည့်နောက် အရှေ့သို့ပြန်သွားလိုက်၏။
ခဏတစ်ဖြုတ် ထိုင်လေပြီး လွယ်ပလိုင်းအတွင်းမှ ပလပ်စတစ်အိတ်တစ်ခုကို ဆွဲထုတ်ယူလိုက်၏။ ပြီး ထိုပလပ်စတစ်အတွင်း ထည့်လာသည့် ကွမ်းဗူးကိုထုတ်လိုက်ပြန်၏။ အရံသင့်ယာကွမ်းများ ထည့်ထားသည့် ဗူးအတွင်းမှ တစ်ယာထုတ်ယူလိုက်ပြီး ပါးစပ်အတွင်း ပလုပ်ပလောင်း သွင်းလိုက်လေ၏။
ကွမ်းတစ်ယာကုန်သည့်တိုင် ထိုနေရာမှာပင်ထိုင်၍ ဝါးလိုက်၏ ပြီးလေမှ ထိုနေရာမှထလိုက်ကာ ဖြူတွင်းအဝတွင် သစ်ရွက်ခြောက် သစ်ကိုင်းခြောက်တို့ကိုစုပုံလိုက်ကာ မီးရှို့လိုက်၏။
ထိုမီးပုံတွင်း လွယ်ပလိုင်းတွင်းမှ ငရုတ်သီးခြောက်တို့ကို ထုတ်ယူကာ မီးပုံထဲထည့်လိုက်၏။ ပြီးနောက် အနီးရှိ သစ်ရွက်သစ်ခက်တို့ကို စုစည်းလိုက်ကာ ထိုမီးပုံမှ (ထင်းစို အရွက်စိုများလည်း ပါလာသည်ကြောင့်) မီးခိုးငွေ့တို့ကို ဖြူတွင်းပေါက်အတွင်း ရိုက်ထည့်လိုက်တော့၏။
ဖြူတွင်းထဲသို့ အညှော်ရိုက်သွင်းခြင်း ဖြစ်လေ၏။
ကျေနပ်လောက်သည့်တိုင် မီးခိုးငွေ့ခပ်များများ ရိုက် ထည့်ပြီးနောက် အဝင်အဝပေါက်ကို တုပ်ချောင်းငယ်များဖြင့် အချုပ်သံတိုင်ကဲ့သို့ ရိုက်သွင်းလိုက်ပြန်၏။
သို့ဆိုလျှင် တွင်းထဲဝင်သွားသည့် ဖြူကောင် သူရဖို့သေချာပေပြီ။ နောက်ရှိသေး၏။ အကြီးတစ်ကောင်နှင့် သားပေါက်တစ်ကောင်ပင် ရကောင်းရနိုင်၏။
ယခုတော့ဖြင့် မဟုတ်။
သူ မိုးပေါ်မော့ကြည့်လိုက်၏။ အတော်လေး နေမွန်းတိမ်းနေပြီပဲ။ သို့ဆိုလျှင် ထိုဖြူကောင်ကို နောက်နေ့မှ လာယူလျှင်လည်း ရနိုင်လေ၏။
သဘောက အတွင်းမှာရှိသော ဖြူကောင်သည် ငရုတ်ညှော်နံ့ကြောင့်လည်းကောင်း၊ မီးခိုးများလည်း မွှန်နေခြင်းကြောင့်လည်းကောင်း ထိုကျင်းမှထွက်ရန် အရေးပေါ်ထွက်ပေါက်ဖြစ်သည့် ဂယ်ပေါက်သို့ ပြေးထွက်ပေမည်။ သို့ပေမင့် ပိတ်ထားခြင်း ခံရလေခြင်းကြောင့် ပင်မ အဝင်ဝ အပေါက်သို့ ပြန်ပြေး ထွက်လာပေလိမ့်မည်။
သို့ ပြေးလွှားရင်း မီးခိုးငွေ့တို့ကြောင့် ဖြူကောင်သည် တွင်းအစပ်တွင်သော်လည်းကောင်း၊ အလယ်လောက်တွင်လည်းကောင်း လဲကျသေဆုံးသွားနိုင်၏။
သို့ အတွေးအသိကြောင့် မုဆိုးစောလူး ကျေနပ်ပီတိဖြစ်မိတော့၏။ သို့ဆိုတော့ သူ စခန်းပြန်နေလျှင် အကောင်းဆုံးဖြစ်မည်။ နက်ဖြန် စောစောလာလျှင်လည်း နောက်မကျလောက်လေပြီ ဖြစ်၏။
သို့ကြောင့် စောလူးသည် စခန်းသို့ ပြန်လာခဲ့ခြင်း ဖြစ်၏။
လင်းမြင့်လှိုင်နှင့် ကျွန်တော်သည် စောလူး၏ ပြောပြချက်ကြောင့် နက်ဖြန်တွင် ဖြူကောင်နှင့် အမြည်းလုပ်ရမည်ကို ကြိုတင်ကျေနပ်နေမိတော့၏။
ဖြူသား မစားရသည်မှာလည်း ကြာပြီကော။
နောက်တစ်နေ့နံနက်တွင် ကျွန်တော်တို့သည် မိုးစင်စင်လင်းမှ နိုးလာကြပေ၏။ မုဆိုးစောလူးသည် ဖြူတွင်းရှိရာသို့ ထွက်သွားပြီဖြစ်ပေမည်။ စခန်းတွင်မတွေ့ပါချေ။
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် မျက်နှာသစ်လိုက်ကြပြီးနောက် ညက လက်ကျန်ဝီစကီနှင့် ညက မကုန်သော ဂျီ(ချေ)သားခြောက်ကိုပဲ အမြည်းလုပ် စားလိုက်ကြ၏။
သို့ စားသောက်နေစဉ် …
“ဆရာလေး… ဆရာလေး၊ ဒုက္ခတော့ ရောက်ကုန်ပြီဗျ”
လို့ ပြောရင်း စောလူး အမောတကောပြေးလာလေ၏။
သို့ကြောင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အနားရှိသေနတ်တို့ကို ကောက်ကိုင်မိပြီး ဖြစ်ကြတော့၏။
“ဘာတွေ ဒုက္ခတော့ ရောက်ကုန်ရမှာတုန်းဗျာ”
လို့ မေးလိုက်၏။
“ဆရာလေးတို့ လိုက်ခဲ့ပါဗျာ၊ ဟိုကျ သိရလိမ့်မယ်”
သို့ကြောင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည့် စောလူးနောက် အပြေးကလေး လိုက်သွားကြတော့၏။
သို့ဖြင့် ကျွန်တော်တို့သည် စောလူး မီးခိုးရိုက်ထားသည့် ဖြူတွင်းနားသို့ ရောက်လာကြတော့သည်။
“ဟာ…”
“ဟင်…”
ဖြူတွင်းဝတွင် လူတစ်ယောက် မှောက်ခုံကြီးလဲကျသေဆုံးနေပါကလား။ ဘယ်လိုဖြစ်ပါလိမ့်။
မုဆိုးကြီးစောလူးနှင့် ဘာပြဿနာများ တက်ကြတာပါလိမ့်။ သို့အတွေးဖြင့် စောလူးကို အံ့ဩတကြီး ကြည့်လိုက်လေပြီး…
“ဖထီ အဲဒီလူကို သတ်လိုက်တာလား”
လို့ မေးလိုက်၏သည်တွင် စောလူးက …
“မဟုတ်ပါဘူး ဆရာလေးရယ်။ သည်လူနဲ့ငါ ဘာမှ မဖြစ်ကြပါဘူး။ ငါ သည်ရောက်တော့ သူ့ကို သည်အတိုင်း တွေ့တာပါပဲ။ နို့ကြောင့် တွေ့တွေ့ခြင်း ဆရာလေးကို လာခေါ်ပြတာလေ”
“ဟင်…”
“အို…”
လင်းမြင့်လှိုင်က ထိုအလောင်းနား သွားလိုက်၏။ ပြီး မှောက်လျှက်အနေအထားမှ ပက်လက်လှန်လိုက်၏။
“အလိုလေးဗျာ . . .”
သို့ လင်းမြင့်လှိုင်က ပက်လက်လှန်လိုက်ခြင်းကြောင့် ထိုလူသေကောင်၏ အောက်ဘက်တွင်ရှိ မြွေကောင်သည် အဝေးသို့ လျှောတိုက် ဆင်းသွားချေတော့၏။
”အာ… ကျွန်တော် တရားခံ သိလိုက်ပြီဗျို့ “
သို့ပြောလာသည့် လင်းမြင့်လှိုင်ကို ကျွန်တော် တအံ့တဩ ကြည့်မိလေ၏။
“ခုပြေးထွက်သွားတဲ့ မြွေကောင် အကိုက်ခံရတာပေါ့”
ကျွန်တော်က သေသူ၏ပါးတွင် အပေါက်ရာနှစ်ပေါက် တွေ့ရလေခြင်းကြောင့် သို့မေးလိုက်ခြင်း ဖြစ်၏။
“ဟုတ်တယ်”
“နို့… ကျွန်တော်မရှင်းတာတစ်ခု ရှိတယ်။ ဘာလို့ မြွေက ခြေသားလုံးကို မကိုက်ဘဲ မျက်နှာကို တက်ကိုက်ရတာတုန်း”
သည်တွင် လင်းမြင့်လှိုင်က သူ့ဝသီအတိုင်း သွားတက်လေးပေါ်ရုံ ပြုံးလာချေပြီး
“ကိုပိုက်… ဖြူတွင်းဝကိုကြည့်စမ်း၊ ဘာထူးခြားလဲ”
“တွင်းပေါက်ကို ချဲ့ထားတယ်”
စောလူးက ဝင်ပြောလေ၏။
ကျွန်တော် နားမလည်နိုင်စွာ လင်းမြင့်လှိုင်ကို ငေးငိုင် ကြည့်လိုက်မိပြန်၏။
“သည်လို ကိုပိုက်ရဲ့၊ သည်လူက ဖထီ ဖြူကောင်ကို မီးခိုးရိုက်တာတွေ့သွားတော့ ကြားဖြတ် ဝင်ခိုးတာပေါ့ဗျာ”
“ရှင်းအောင် ပြောပါလား”
“သည်လိုဗျာ ဖြူကောင်က မီးခိုးငွေ့မွန်ပြီး တွင်းထဲမှာသေနေပြီဗျ။ သည်တော့ ဖြူတွင်းပေါက်ကို ချဲ့ထုတ်လိုက်မယ်ဆိုလျှင် လူတစ်ကိုယ်ဝင်စရာအပေါက် ရှိတယ်လေဗျာ။ သည်တော့ လူရဲ့ ကိုယ်ရှေ့ပိုင်းကို တွင်းထဲတိုးဝင်ပြီး အဝမှာရှိတဲ့ ဖြူကောင်အသေကို ဆွဲထုတ်ယူရုံပဲပေါ့ဗျာ။
အဲ ကျွမ်းကျင်တဲ့ မုဆိုးတွေကျတော့ တွင်းထဲကို ရမ်းသမ်းပြီး မဝင်ပေဘူးဗျ။ တွင်းထဲကို အလျင် ချောင်းကြည့်ကြတယ်။ ဘာလို့လဲ သိလား”
“မသိဘူး”
“မှတ်ထား ဖြူတွင်းထဲမယ် တောင်လိပ်ကောင်နဲ့ မြွေကောင်ကို တွေ့နိုင်ပေလို့ပဲ။ အများအားဖြင့် မြွေကောင်နဲ့ လိပ်ကောင်က ဖြူတွင်းထဲဝင်နေတတ်တယ်လေဗျာ။ စောကစကား ဆက်တာပေါ့…”
“လုပ်ဗျာ…”
“သည်ကောင်က ဖထီစောလူးရဲ့ ဖြူတွင်းထဲက အကောင်ကိုခိုးဖို့ပဲ။ ဒီမြွေကောင် ရှိတတ်တာကို မသိလို့ပဲလားတော့ မပြောတတ်ဘူး။ အဲလို လူတစ်ကိုယ်လုံး တိုးဝင်လိုက်တဲ့အခါ အထဲရှိတဲ့ မြွေကောင်က ကိုက်လိုက်တာကြောင့် ခုလို သေရတာပေါ့ဗျာ”
“အလိုလေးဗျာ …”
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ
မုဆိုးတံငါစာပေများပေ့ချ်မှကူးယူဖော်ပြသည်