————-
တတော တကြက်ဖ တွန်ကြသည်။
မှန်ပေသည်။
မုဆိုးကြီးဦးဘိုးဟန်သည် ပျဉ်းမနားအနောက်နယ် တောင်ညို မိုးစွေရွာနှင့်တကွ အောင်သာ၊ မင်းရေးရွာအထိ သူ၏ မုဆိုးဂုဏ်ရည် သတင်းကျော်ကြားပြန့် နှံ့သလို စွယ်တော်မျှောင်၊ သရက်ချောင်း၊ ကျောင်းစုရွာများတွင် မုဆိုးကိုမြမောင်၏ သတင်းလည်း ကြီးပါပေသည်။
မင်းပြင် ဒလန်းချွန်ဘူတာနှင့် အုတ်ရှစ်လှိုင်း၊ မဒေါ့ပင်ကျေးရွာများတဝိုက်၌ မုဆိုးဦးရွှေဇင်၏ သတင်းကား အတော်ကြီးမား ပြန့်နှံနေပါတော့သည်။
ဦးရွှေဇင်၏ အဖေသည် ချင်းအမျိုးသားဖြစ်ပြီး အမေမှာ ဗမာအမျိုးသမီး ဖြစ်ကြသည်။ ဦးရွှေဇင်သည် ယခုတိုင် သူ၏ ဖခင်ကြီးကို မင်းပြင်ရွာတွင် ထားရှိပြီး ကိုယ်တိုင်လုပ်ကျွေးပြုစုနေသူတဦး ဖြစ်သည်။
အရှေ့လားသော် နနွမ်းကျင်း၊ ချောင်းခွ၊ ပင်နှာမျှောင်ကျေးရွာများ။
မြောက်လားသော် အုပ်ရှစ်လှိုင်း၊ ကျောက်ကြီးကူကျေးရွာ။
တောင်လားသော် ပဲခူးရိုးမကြီး၏ တောင်ကြောရှည်ကြီးအတိုင်း။
အနောက်လားသော် မြေထဲနယ် (အာလံ-သနက်ရိုင်)အတွင်းရှိ တောတောင်အခြေအနေ ကွင်းနံပတ် များ၊ သစ်တောကြိုးဝိုင်းများ၊ ဘောင်ဒရီလမ်းများမှစ၍ ခင်ကျော၊ လျှိုမြောင်၊ စမ်း၊ စခန်း စသည်တို့ကို မြေပုံတချပ်မှ မဆောင်ရဘဲ မကြည့်ရဘဲ အလွတ်ရ အလွတ်သိနေအောင် တောကျွမ်း တောကျေသူ ဖြစ်ပေ၏။
သစ်တောဘက် အမှုထမ်းများ ပျဉ်းမနား တောင်ငူ နယ်စပ်၊ ပျဉ်းမနား အာလံ သရက် နယ်စပ်တလျှောက် သစ်တောအလုပ်များအတွက် ခရီးထွက်စရာရှိလျင် ဦးရွှေဇင်ကို ပါအောင် ခေါ်ဆောင်ပြီးမှ သူတို့သစ်တောအလုပ်ကို စိတ်ချလက်ချ လုပ်နိုင်ကြပေသည်။
မည်သည့် သစ်တောကျောဆုံး နယ်ဆုံ၌ သစ်တောမြေပုံတိုင်း ရှိသည် မရှိသည်ကို ဝါရင့်သော သစ်တောအရာရှိကြီးများနှင့် ဦးရွှေဇင်တို့ အပြိုင်အဆိုင် ငြင်းခုံကြသည့်အခါတွင် ဦးရွှေဇင်၏ဘက်မှ အမြဲ အနိုင်ရမြဲ ဖြစ်ပေ၏။
မည်မျှ တောကြီးစေကာမူ နေ့ရောညပါ မျက်စိမလည်တတ်ခြင်း၊ လမ်းရိုးအတိုင်းမဟုတ်ဘဲ ခရီးစဉ်၏ ရည်မှန်းချက် ဒေသဆီသို့ အချိန်တိုတိုနှင့် ရောက်စေရန် ဖြတ်လမ်းမှ အလွယ်တကူသွားတတ်ခြင်း စသည့် တောကျွမ်းကျင်မှု ဂုဏ်ထူးကား ဦးရွှေဇင်အတွက် သတင်းကြီးမားစေတော့သည်။
ဦးရွှေဇင် သေနတ်သံတချက်ကြားရလျှင် နောက်ပါ မုဆိုးတွေက သားကောင်ကို ထမ်းယူရအောင် ထမ်းပိုးခုတ်မြဲဖြစ်သည်ဟူသော မင်းပြင်ရွာသားတို့၏ လက်သုံးစကားကို ထောက်ရှုခြင်းအားဖြင့် ဦးရွှေဇင်၏ လက်ဖြောင့်မှုအပြင် သားကောင်ကြီးငယ်တို့၏ သဘာဝကို အင်မတန်မှ ကျွမ်းကျင်သိရှိသည်ကြောင့် သားကောင် အမဲကောင်များအဘို့ ဦးရွှေဇင် သေနတ်တလက်ဆွဲကာ တောထဲဝင်ရန် ခြေလှမ်းလိုက်တိုင်း သေမိန့်ကျ သားကောင်များအဖြစ်သို့ ရောက်ရှိခဲ့ကြခြင်းနှင့်သာ တူစေတော့သည်။
မုဆိုးကျော်ဦးရွှေဇင်၏ အလုပ်အကိုင်မှာ မိုးတွင်း တွင် သူ၏ ကိုယ်ပိုင်လယ်ယာကလေးများကို ထွန်ယက်လုပ်ကိုင်ရင်း သစ်ခုတ်ခြင်း စသည့် ဒေသအလိုက် လုပ်ငန်းများကို လုပ်ကိုင်ပြီး ကျန်အချိန်ကာလများအဘို့ သစ်တောဘက် ရဲဘက်မှ သေနတ်များကိုယူကာ အမဲပစ်ခြင်းဖြင့် တနှစ်လည်ခဲ့ပေသည်။
အရပ် ငါးပေ လေးလက်မ အရပ်အမောင်းတွင် ကိုယ်လုံးက သေးသေးကျစ်ကျစ်ရှိပြီး တောထဲ ခရီးသွားသည့်အခါ၌ ဦးရွှေဇင်၏ မျက်လုံးက တကွက်ကလေးမှ အငြိမ်မနေဘဲ အမြဲတစေ လှည့်လည်ကာ လှုပ်ရှားကာ ကြည့်ရှုနေပါသည်။
လမ်းသွားလမ်းလာမှာလည်း သူ့ကို တော်တော်တန်တန် ခရီးသွားလာနိုင်သူများက လိုက်၍ မမှီနိုင်အောင် လျင်မြန်လှပါပေ၏။ တောထဲတွင် သူ့ကို ကျယ်ကျယ်လောင်လောင် ခေါ် ဝေါ် ခြင်း၊ ဆူညံစွာ စကားပြောခြင်းကို ဦးရွှေဇင်က မနှစ်သက်ပါ။
သူ့ ပြောလိုသော် အင်မတန်အရေးကြီးသည့်စကားများကို နှစ်ကိုယ်ကြားကပ်၍ တိုးတိုးပြောလေ့ ရှိပြီး များသောအားဖြင့် သူ၏လက်ဖြင့် အချက်ပြကာ ပြောဘို့ ညွှန်ကြားတတ်ပါသည်။
အင်မတန် နက်ရှိူင်းကြီးမားသော ပဲခူးရိုးမတောင်ကျောကြီးကို ကျောမှီခေါင်းအုံးသဘွယ် နေထိုင်ကြရသော ဦးရွှေဇင်တို့လို မုဆိုးများအတွက် နေ့စဉ်ရက်ဆက် တောလယ်ခြင်း၊ အမဲပစ်ခြင်း၊ သစ်တောဌာန အမှုထမ်းများကို ကူညီလမ်းပြရခြင်း စသည့် လုပ်ငန်းများကြောင့် သားကောင်ကြီးငယ်တို့ပေါများလှသော တောတောင်၏ အတွေ့အကြုံမှာ မကြာခဏ ရရှိခဲ့လေသည်။
ဆင်ဆိုးကြီးများ၊ ပြောင်ကြီးများ၊ ကျားဆိုးကြီးများ နှင့် မကြာခဏ ရင်ဆိုင်ခဲ့ရသော ဦးရွှေဇင်၏ မုဆိုးသံသရာ ခရီးတလျှောက်မှ သူ့အဘို့ မမြှော်လင့်ဘဲ အံဩလောက်စရာ တောတွင်းအတွေ့အကြုံတရပ်ကို ကျွန်တော်နှင့် ဦးမောင်မောင်ခင်(ရန်ကုန်) သည် ရိုးမအခြေသို့ ချီတက်စဉ်အခါက အမှတ်တရ ပြောပြသော ဖြစ်ရပ်များအနက် အလွန်သိသင့် မှတ်သင့်သော တောတွင်းဗိုလ်လုပွဲ တိုက်ပွဲအကြောင်းတရပ်ကို ဖေါ်ပြအစီရင်ခံအပ်ပါကြောင်း။
xxx xxx xxx
လေပြေက တောတပြင်ကို တဟူးဟူး တိုက်ခတ်နေတော့သည်။
မင်းလွင်နှင့် မြူခိုးတို့သည် စုံမြိုင်ကြောကို သာမော ဘွယ်ရာ မှုံရီပြာလျက် သာမောဘွယ်အသွင် ဖန်နေတော့၏။
အောင်လောင်ငှက်ကြီး တအုပ်ကလည်း တအောက်အောက် အော်မြည်ရင်း မြင့်မားသော ညောင်ပင်ကြီးဆီသို့ ဦးတည်ပျံသန်းနေကြသည်။
နက်မှောင်နေသော ပဲခူးရိုးမ အရှေ့ဘက်ခြမ်း။
အခြေအနေတို့သည် စိတ်အားငယ်သူတို့ကို ကြောက်မက်ဘွယ်ရာ တောတောင်ကြီးမားမှုတို့ဖြင့် ခြိမ်းချောက်နေသကဲ့သို့ပင်။
မုဆိုး ကိုရွှေဇင်တယောက်သာလျှင် .၃ဝ၃-အင်္ဂလိပ် ရိုင်ဖယ်တလက်ကို ညာလက်မှ ဆွဲကိုင်ရင်း တတောဆင်း တတောင်တက် တတောထွက် တတောဝင်ကာ မုဆိုးသံသရာ လည်နေခိုက်ဖြစ်ပါသည်။
ထိုနေ့အဖို့ သားကောင်ကြီးကြီးတကောင်ကို အပိုင်ပစ်ခတ်နိုင်ရေးအတွက် တကိုယ်ချင်းအနေနှင့် ခြေရာခံပစ်နည်း၊ ချောင်းမြောင်းပစ်နည်းအတိုင်း အဖော်မပါစတမ်း တကိုယ်တည်း တောလည်ထွက်ခဲ့ခြင်းသာဖြစ်သည်။
သူသည် ဆွမ်းခံဝင်ချိန်တိုင် စိတ်ကြိုက်သားကောင်ကြီးတကောင်ကောင်၏ ခြေရာ လတ်လတ်ဆတ်ဆတ် မတွေ့ရသဖြင့် ခရီးကလည်း အတော်ပန်းခဲ့ သည်ကြောင့် လွင်သာကွက်ရပ် တနေရာရာတွင် ခေတ္တနားရင်း ဆေးလိပ်သောက်ရန် အာသီသ ရှိခဲ့လေသည်။
ထို့ကြောင့် ချောင်းကလေး၏ ကမ်းပါးအနီးတွင် ပေါက်နေသော ဝါးရုံပင်ရိပ်တွင် အသာကပ်၍ ထိုင်လိုက် ပြီး ကွမ်းအစ်ပေါက်စကလေးကို ဖွင့်လိုက်မိပါသည်။
ကိုရွှေဇင် ဝင်ရောက်ခဲ့သည့် တောမှာ ပျဉ်းမနား၊ တောင်တွင်းကြီးမီးရထားလမ်း တောင်ဘက်ရှိ မင်းပြင်နှင့် ဒလန်းချွန် မီးရထားလမ်း အနောက်တောင်ဘက် ခပ်ယွန်းယွန်းအရပ်၌ ရှိသည်။
မဒန်းနီချောင်းတလျှောက်မှ တောကြီးဖြစ်လေသည်။ တောဆင်၊ ပြောင်၊ စိုင်မှစ၍ သားကောင်ကြီးငယ်တို့ အင်မတန်ပျော်မွေ့ ရာ တောင်ကြောခင်တန်းနှင့် လျှိုများ မျှောင်များ ထူထပ်လှသော ပဲခူးရိုးမ အရှေ့ဆင်ခြေလျှော နေရာကောင်းတောကြီးပင် ဖြစ်ပေ၏။
ကွမ်းအစ်နီနီကလေးအတွင်းမှ အထက်အဆင့်ကို မ, ကာ အောက်ထပ်အတွင်းဆီက ကွမ်းရွက်တရွက်ကိုဆွဲနုတ်လိုက်စဉ်တွင် သူ အသာမှီပြီး ထိုင်နေရာ ဝါးရုံပင်မြောက်ဘက်မှ တောတိုးသံသဲ့သဲ့များကို နားပါးလှသော မုဆိုး ကိုရွှေဇင်က သတိပြုမိလိုက်သည်။
ထို့ကြောင့် သားကောင်တကောင်ကောင် မုချဖြစ်မှန်းရိပ်မိသော ကိုရွှေဇင်သည် ဆွဲနုတ်တော့မည့် ကွမ်းရွက်ကို လမ်းခုလတ်တွင် တန့်ထားလိုက်ပြီး အသံထွက်ပေါ်လာရာဘက်သို့ မျက်စိရှင်ရှင်နှင့် အကဲခတ် ကြည့်ရှုလိုက်သည်။
ရေမစီးကြမ်း တောကလေးအတွင်းမှ တသိမ့်သိမ့်လှုပ်ယမ်း၍ တက်လာသော သားကောင်ကြီး တကောင်၏ အဓိပ္ပါယ်ကို ကိုရွှေဇင်သည် စတင်ကာ ရေးရေးမြင်လိုက်ရပြီး ခပ်သုတ်သုတ်နင်းကာ ဖိကာရှေ့သို့ ထိုးဝင်လာသည့် သားကောင်ကြီး၏ ရှေ့ဦး စွာ ခေါင်းပိုင်းကို ရိပ်ခနဲ ကိုရွှေဇင်သည် တွေ့မြင်မိပါသည်။
ခွဲတောင်းခန့်လောက် ကြီးမားသည် ဧရာမခေါင်းကြီးကို မြင်ရပြီး ခေါင်းကြီးနှင့်မလိုက်အောင် သေးငယ်ပြီး အဝါရင့်ရောင်အခြေတွင် အဖြူကွက်လေးများနှင့် ရောစပ်၍လည်းကောင်း၊ သည့်အောက်မှတဆင့် အဝါရင့်ရောင်ထဲတွင် အနက်စင်းကြောင်းကလေးများ အနက်ပြောက်ကလေးများဖြင့် ခြယ်လှယ်ထားသည့် ကျားကြီးတကောင်၏ မျက်နှာရှေ့ပိုင်းကို တွေ့မိရခြင်း ဖြစ်ပါသည်။
အရောင်တဖိတ်ဖိတ်ထွက်နေသော မျက်လုံးကြီးနှစ်လုံးအထက်ဝယ် အဖြူရောင်များက နေရာယူပြီးအထက်ဆီက အဝါရင့်ရောင်များနှင့် အနက်ပြောက်များက ဝိုင်းရံကာ နှာခေါင်းတိုတို ပွပွကြီး၏ ရှေ့ပိုင်းနှင့် ကားနေသော နုတ်ခမ်းမွှေးကြီးတွေ ထိုးထိုး ထောင်ထောင် ထွက်နေသော ကျားကြီးသည် ခပ်သုတ်သုတ် ခြေလှမ်းတွေနှင့် ရေမစီးကြမ်းတောကို
ဖြတ်ကာ ရှေ့သို့ ထွက်ပေါ်လာခဲ့သည်။
ဦးရွှေဇင်၏ ညာလက်သည် အလိုအလျောက် သူ၏ ညာဘက်ပခုံးတွင် ကပ်၍ ထောင်ထားသည့် ရိုင်ဖယ်ဆီသို့ ညင်သာသော လှုပ်ရှားမှုမျိုးဖြင့် ရောက်၍သွားပြီး သူ၏ ဘယ်လက်က ရိုင်ဖယ်ပြောင်းအောက်ပိုင်းကို မိမိရရ ဆုပ်ကိုင်မိပါသည်။
အင်မတန် ပါးနပ်သလောက် တောကောင်များ၏ အတွေ့အကြုံရှိခဲ့သူ ဦးရွှေဇင်သည် ကျားနှင့် ရင်ဆိုင်ရမည့် အရေးအခင်းအတွက် အကင်းပါးပါးနှင့် သူ၏ ရည်ရွယ်ချက်နှင့် လှုပ်ရှားမှုကို ရုတ်တရက် ထွက်ပေါ်လာသည့် ကျားကြီး မရိပ်မိစေရန် လှည့်စားကာ ကျစ်ကျစ်လစ်သစ် ပိပိရိရိ လှုပ်ရှားလိုက်ခြင်း ဖြစ်ပေသည်။
ကျားဖြစ်စေ သစ်ဆင်ဖြစ်စေ အသားစားသတ္တဝါ နှစ်ကောင်သည် မျက်စေ့ အင်မတန်ရှင်သည်။ သူတို့နှင့် ရင်ဆိုင်မိသော မနုဿလူသားတို့၏ လှုပ်ရှားမှု မှန်သမျှကို အမြဲတစေ အကဲခတ်လေ့ရှိသည်။
လူသားက သူတို့အား တစုံတရာလက်နက်နှင့် ရန်မူရန် လှုပ်ရှားပြင်ဆင်လိုက်သည့် တပြိုင်နက်ထဲ သူတို့က လက်ဦးအောင် မနုဿလူသားကို အင်မတန်လျင်မြန်စွာ ခုန်အုပ်ခြင်း တရှိန်ထိုး ပြေးဝင်လာပြီး ချက်ကောင်း နေရာကောင်းများကို ကိုက်ဖဲ့ခြင်းများ ပြုလုပ်လေ့ရှိကြောင်းကို ဦးရွှေဇင်သည် သိရှိထားသူဖြစ်၍ ကိုယ်ရှိန်သတ်ကာ လှုပ်ရှားပြင်ဆင်လိုက်ခြင်း ဖြစ်ပေ၏။
ကျားကြီးသည် ဦးရွှေဇင်ဆီသို့ တန်းကာ ဝင်မလာဘဲ
နောက်သို့ တချက်လှည့်ကာ ပါးစပ်ကြီးကိုဖြဲ၍ ဟင်းကနဲ မာန်သွင်းလိုက်ပြီး ချောင်းထဲသို့ စွေ့ကနဲ ခုန်ကာဆင်းလိုက်သည်။
ဤတွင်မှ ဦးရွှေဇင်သည် သူ့ကို ကျားကြီးက အာရုံမစိုက်ကြောင်းနှင့်တကွ နောက်ပိုင်းမှ ရန်သူလိုက်လာကြောင်းကို ရိပ်မိတော့သည်။ ချောင်းထဲသို့ရောက်ရှိသွားသည့် ကျားကြီး၏ အခြေအနေကို လေးပေကျော်အမြင့်တွင် အရိပ်ခိုရင်း ထိုင်နေသူ ဦးရွှေဇင်သည် ကွက်ကွက်ကွင်းကွင်း မြင်သာနေသော ကျားကြီးကို အရေးတကြီး ကြည့်ရှုလိုက်ပြီး ရိုက်ဖယ်ပြောင်းဝကို ရှေ့သို့ အသာဆန့်ကာ ထုတ်လိုက်တော့သည်။
ဦးရွှေဇင်၏ မျက်လုံးနှစ်လုံးသည် ကျားကြီး၏ ညာဘက် ဘေးတခြမ်း၌ ရွှဲရွှဲစိုနေသော သွေးအလူးလူးနှင့် ဒဏ်ရာများဆီ ရောက်သွားမိသည်။
ဧကန္တ ကျားအချင်းချင်းသတ်ပွဲ ဖြစ်ခဲ့ပြီဟု တွက်မိသည်။ အချိန်အခါကလည်း ပြာသို တပို့တွဲ ကျားမိတ်လိုက်ပွဲအခါ ဖြစ်နေသောကြောင့် ဦးရွှေဇင်က တွက်ချက်မိခြင်း ဖြစ်ပေ၏။
နောက်ပိုင်းက အနိုင်ရရှိလိုက်သော အခြား ကျားကြီး တကောင် မုချပေါ်လာမည့်အရေးကိုလည်း တချက် တည်း စဉ်းစားမိပြန်ပါသည်။
ကျားကြီးသည် အနည်းငယ် မောပန်းနေပုံရပြီး ချောင်းခုံထဲသို့ တန်းတန်းဆင်းသွားပြီး ဝါးနှစ်ရိုက်ခန့် ရှိသည့် လက်ခုပ်တဖောင်ခန့် မြင့်မားစွာ ပေါက်ရောက်နေသော ကိုင်းတောထဲသို့ စွေ့ကနဲခုန်ကာ ဝင်ရောက်ပျောက်ကွယ်သွားသည်။
၎င်းကိုင်းတော၏ တောင်ဘက်၌ ရေစပ်စပ်နှင့် စီးနေသော ချောင်းကလေးက ခံနေသဖြင့် ကျားကြီးသည် နေရာကောင်းဖြစ်နေသည့် အခြားသတ္တဝါများ ရုတ်တရက် မမြင်သာသည့် မျက်ကွယ်ကောင်းကောင်းအဖြစ် ဖန်တီးနေသည့် ကိုင်းတောထဲတွင်အသာ မြုံကပ်နေခြင်းသာ ဖြစ်ပေ၏။
အင်မတန် တိုတောင်းလှသော မိနစ်ပိုင်းကလေး အတွင်း၌ပင် ကျားကြီး ပေါ်ထွက်လာခဲ့သည့် ရေမစီးကြမ်းတောအတွင်းက သားကောင်တကောင်သည် ဘွားကနဲ ပေါ့ပါးစွာ ခုန်၍ ထွက်လာတော့သည်။
ဦးရွှေဇင်သည် ရိုင်ဖယ်ကို အသင့်ကိုင်ရင်း ရုတ်တရက် ခုန်ထွက်လာသည့် သားကောင်ကို ဂရုတစိုက် ကြည့်ရှူလိုက်ရာ ကြိုတင်တွေးထင်ခဲ့သည့်အတိုင်း ကျားကြီးတကောင်မဟုတ်ဘဲ အမွှေးဖွားဖွား ဝါတာတာအဆင်းမျိုးဖြင့် တောခွေးကြီးတကောင် ဖြစ်နေကြောင်းကို သိရှိလိုက်ရသည်။
အိမ်တွင်မွေးထားသော ခွေးများထက် ကိုယ်လုံး အနည်းငယ်သာ ကြီးမားပြီး အိမ်ခွေးထက် အမွှေး ရှည်သည်။
နားရွက်ချွန်ချွန်နှင့် တောခွေးကြီးသည် ခေါင်းကို တချက်မော့ကာ အနံ့ခံလိုက်ပြီး ကျားကြီး ခုန်ဆင်းရာလမ်းကြောင်းအတိုင်း ချောင်းထဲသို့ တန်းတန်းကြီး ခုန်ဆင်းလိုက်သည်။
ခါတိုင်း တောခွေးများကို အုပ်လိုက် အဖွဲ့လိုက် တွေ့နေကျ ဦးရွှေဇင်သည် နောက်ထပ် တောခွေးများ ဆက်တိုက် ပေါ်ထွက်လိမ့်မည်ဟု မြှော်လင့်ကာ ကြည့်နေခဲ့သော်လည်း တောခွေးအုပ်ကား မပေါ်လာခဲ့ချေ။
ဤတွင်မှ တောခွေးကြီးနှင့် ကျားကြီးတို့၏ တကောင်ချင်း ဗိုလ်လုပွဲကို လှလှပပကြီး ကြည့်ရတော့မည်ဟု ဦးရွှေဇင်သည် ကျေနပ်မိပါသည်။
တောခွေးသည် ပါးစပ်မှ များစွာမကျယ်လောင်လှ သည့် ကစ်-ကစ်-ကစ် ဟူသော အသံများကို အဆက်မပြတ်ပေးကာ ချောင်းခုံအတိုင်း ဆင်းလိုက်သွားသည်။
ဦးရွှေဇင်သည် ကျားကြီးက မြုံ၍ အသင့်စောင့်နေရာ ကိုင်းတောထဲသို့ တောခွေးလိုက်၍ ဝင်မိခဲ့လျှင် ဤတချီ တွင် တောခွေးခံရမည့်အလှည့်ဖြစ်ကြောင်းကို တွက်မိသည်။ အကြောင်းမှာ ကျားတို့မည်သည် သူတို့၏ သားကောင်ဟူသမျှကို များသောအားဖြင့် ခွေးဆွဲ တန်း၍မဆွဲဘဲ ခို၍လည်းကောင်း၊ တောရိပ်မှ စောင့်၍လည်းကောင်း၊ ကိုယ်ဖျောက်၍လည်းကောင်း အလစ်ဝင်လိုက်လေ့ ရှိသောကြောင့် ခွေးကြီး ခံရမည့်အလှည့်ဟု ဦးရွှေဇင်က စဉ်းစားမိခြင်းသာ ဖြစ်ပေ၏။
ပါးစပ်မှ အဆက်မပြတ်တမ်း တကစ်ကစ်အော်မြည် ရင်း တောခွေးကြီးသည် ကိုင်းတောဆီသို့ တန်းသွားပြီး ကိုင်းတောနှင့် ဆယ်လှမ်းအကွာသို့ရောက်မှ ကိုင်းတောထဲသို့ ဝင်မလိုက်တော့ဘဲ ကိုင်းတောစပ်နှင့် ခြောက်လှမ်းကွာလောက်မှ ဆီး၍ အမြီးထောင်ကာတရိပ်ရိပ်ပြေးတက်သည်။
အင်မတန်လျင်မြန်လှသော အရှိန်ဖြင့် ကျားကြီး သည် ကိုင်းပင်များအဖျားပေါ်မှ ဝှီးကနဲ ဖြတ်သန်းကာ သူနှင့် ဘေးတိုက်ပြေးနေသည့် တောခွေးကြီးပေါ်သို့ ခုန်၍ အုပ်လိုက်သည်။
ကျားသတ္တဝါတို့၌ သူတို့၏ ရည်မှန်းချက်အတွက်ကား စိတ်ဓာတ်နှင့် လှုပ်ရှားမှုမှာ အင်မတန် ကိုက်ညီမှန်လှသည်။ အကယ်၍ ကျားသည် သူ၏သားကောင်ကို ဆယ်ပေအကွာ၌ ရပ်နေစဉ် ခုန်လွှား၍ အုပ်လိုက်လျှင် သားကောင်ပေါ်သို့ တည့်တည့်ကျရောက်လေ့ရှိသည်။ ပိုသွားခြင်း လျော့သွားခြင်းမရှိစတမ်း အင်မတန် အချိန်အဆကောင်းသော ကျား၏ စွမ်းရည်ကို ဦးရွှေဇင်သည် သိရှိထားသည်ဖြစ်၍ တောခွေးကြီး နိဂုံးချုပ် ကိစ္စချောပြီဟု တွက်မိပြန်သည်။
ကျားကြီးသည် သဲခုံပေါ်သို့ ဘုတ်ကနဲ အကျတွင် တောခွေးကြီးကား သူစက္ကန့်ပိုင်းကလေးအတွင်းက ရပ်နေသောနေရာ၌ မရှိတော့ဘဲ ကျားကြီး၏ ညာဘက်ဘေးတွင် ဖြတ်ကနဲ အင်မတန်ပေါ့ပါးသော အရှိန် ဖြင့် ရောက်ရှိခဲ့ပြီး မြေပေါ်သို့ ရုတ်တရက် အရှိန်နှင့် ကျလာသည့် ကျားကြီး၏ ညာဘက်နံဘေးကို တချက်ထိုးကာ ဟပ်လိုက်ပြီး ဖြစ်စေ၏။
ကျားကြီးသည် နာကျင်သွားသလောက် ဒေါသဖြစ်၍ တောခွေးဆီသို့ ဝါးလုံးထိုးဖိ၍ ရှေ့လက်နှစ်ဖက်နှင့် အုပ်လိုက်ရာ တောခွေးသည် ကျားကြီး၏ ခေါင်းပေါ်မှ စွေ့ကနဲ လွှား၍ ခုန်ကျော်လိုက်ပြီး ကျားကြီး၏ ဘယ်ဘက်ဘေးသို့ ကျလိုက်သည့်တပြိုင်နက်တည်း တောခွေးကြီး၏ ပါးစပ်က ကျားကြီး၏ လက်ပြင်ကို ထိုးဟပ်ပြီးသား ဖြစ်သွားပြန်ပါသည်။
ဤတွင် ကျားကြီးသည် အင်မတန်လျင်မြန်စွာဖြင့်သူ၏ အခြေအနေ ဟန်ပုံမပေါ်သည်ကြောင့် ကိုင်းတောထဲသို့ တန်းကာ ခုန်လွှားကွယ်ပျောက်သွားပြန်ပါသည်။
တောခွေးကြီးသည် ကိုင်းတောဆီသို့ ခေါင်းမော့ကာ အနံ့ခံလိုက်သည်။ အေးအေးဆေးဆေး အမူအရာမျိုးဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တကစ်ကစ် အသံပေးနေပါသည်။ သူ၏ ရှေ့လက်နှစ်ဖက်ကလည်း ချောင်းခုံကို ယက်ကာ ကုတ်ကာဖြင့် အူမြူးနေသော အသွင်ကို ပေါ် လွင်စေသည်။
ကိုင်းတောကို အကာအကွယ်ပြုကာ ချုံခို၍ တိုက်ခိုက်ရန် တောခွေးကြီး ကိုင်းတောထဲဝင်အလာကို အသင့်စောင့်နေသော ကျားကြီးအဘို့ တမင်ကလာ မခံချည့်မခံသာ ဖြစ်လာစေရန် တောခွေးကြီးက အ သံဖြင့်လည်းကောင်း၊ အမူအရာဖြင့်လည်းကောင်းမြူဆွယ်နေခြင်းသာ ဖြစ်ပါသည်။
ကျားကြီးကား မည်သို့မျှ အသံပြန်၍ မပြုဘဲ ချောင်းမြဲချောင်းနေတော့သည်။
ဦးရွှေဇင် အဘို့ အင်မတန်ကြည့်၍ကောင်းသော တောတွင်းဗိုလ်လုပွဲကြီးကို သေနတ်အဖော်ပြုလျက် တဦးတည်း တောပွဲကြည့်ပရိသတ်အဖြစ်နှင့် ကြည့်နေခြင်းသာ ဖြစ်သည်။
တောခွေးကြီးသည် ကျားကြီးမြုံနေမှန်းသိပြီး ရှေ့သို့ ပြောင်တလင်းတွင် မထွက်ဝံ့မှန်း သိသည်ကြောင့် ပရိယာယ်တမျိုး ဆင်လိုက်ပြန်သည်။
တဟုန်တည်း ကိုင်းတောဆီသို့ တန်းကာ ပြေးဝင်ခဲ့ပြီး ရုတ်တရက်အတွင်းမှာပင် ကိုင်းတောထဲမှ ချောင်းခုံထဲသို့ ခုန်လွှားကာ ထွက်လိုက်သည်။ ခွေးကြီးနောက်မှ ကျားကြီး၏ ကားယားယားသဏ္ဌာန်ကြီးသည် ရှေ့ဆင့်နောက်ဆင့် ပါလာတော့သည်။
ချောင်းခုံပေါ်သို့ ခွေးကြီးသည် ပြန်၍မကျတော့ဘဲ ကျားကြီး၏ ညာဘက်ဘေးမှ ပွတ်ကာသီကာဖြင့် ရှောင်ထွက်လိုက်ရင်း ထုံးစံအတိုင်း ကျားကြီး၏ ညာဘက်လက်ပြင်ကို မိမိရရ ဟပ်ထွက်ခဲ့ခြင်းလည်း အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။
နာကျင်လှသည်ကြောင့် ကျားကြီးသည် ပါးစပ်ကြီး ကိုဖြဲရင်း ချောင်းခုံပေါ်သို့ ဘုတ်ကနဲကျကာ သူ့အားပိုမိုခပ်ရို့ရို့လုပ်ကာ မျက်နှာချင်းဆိုင်အနေအထားဖြစ်နေသည့် တောခွေးဆီသို့ ညာလက်ဖြင့် လှမ်း၍ ပုတ်ခတ်ပစ်လိုက်သည်တွင် တောခွေးကြီးသည် ပွတ်ကာသီကာဖြင့် ကျားကြီး၏ လက်သည်းချောင်းများမှ ရှောင်ရှားရင်း အလစ်တွင် ကျားကြီး၏ ဘယ်ဘက်ဘေးမှ ဖြတ်ကနဲ ရှောင ၍ ကျားကြီးနောက်ပိုင်းသို့ အရောက်ဝင်ခဲ့သည်။
မျက်စေ့ရှင်လှသော ဦးရွှေဇင်သည် တောခွေးက ကျားကြီးနောက်သို့ လွှတ်အောင်ရှောင်ရင်း ကျားကြီး၏ ဘယ်ဘက်ဘေးသားကို တချီ ကိုက်သွားသည်ကို အံ့ဩ စွာ မြင်တွေ့လိုက်ရပြန်သည်။
ဤတွင် ကျားကြီးသည် သူဦးခေါင်းထောင်ရာ ဘက်ဖြစ်သော ချောင်းကမ်းဆီသို့ ဂမူးရှူးထိုးနှင့် ဝေါကနဲ တက်ပြေးတော့သည်။
ခွေးကြီးသည် စိမ်ပြေနပြေနှင့် ကျားကြီးပြေးရောဘက်သို့ ခေါင်းကိုမော့ကာ အနံ့ခံလိုက်ပြီး ခွာစဉ်ကျ ခပ်မှန်မှန် ဆက်လက်၍ ရှုံးနိမ့်သူ တောဘုရင်ကျားကြီးနောက်သို့ တက်ကာ လိုက်ပါသွားပြန်ပါတော့သည်။
“မကြာခင် တောကောင်ကြီး လဲတော့မှာ မုချဘဲဗျ။ ကျုပ်တွေ့လိုက်ရတဲ့ အချိန်ကတောင် ပါးစပ်ပြဲနေ အောင် မောနေပြီဘဲ”
ဦးရွှေဇင်သည် ဆေးပေါလိပ်ကို ဖွာ၍ သောက်ပြီး
“တကွေ့ကွေ့မှာ ကျားကြီး ကျတော့မှာဘဲ။ တကယ်လို့သာ ကျုပ်က ကျားကြီး သွေးကြောင်း ခံလိုက်ခဲ့ရင် မုချ ကျားသေကောင်ကြီးကို ကျုပ်ရမှာဘဲ။ ကျုပ်လဲ ကြည့်ကောင်းတာနဲ့ အသာထိုင်ပြီး ကြည့်နေခဲ့တယ်”
“အံ့ဩစရာပါခင်ဗျာ။ ကျားကြီး ဝဋ်ဆိုက်တယ် ဆိုရ မှာဘဲ”
မောင်ကံလှသည် လွယ်အိတ်ကို ကောက်ကာလွယ် နေရာမှ ဝင်၍ ပြောလိုက်ရာ
“ဘယ်လိုလဲ … လုပ်စမ်းပါအုံး၊ ဝဋ်ဆိုက်တယ်ဆိုရအောင်”
ကိုညွှန့်တင်သည် ဝင်၍ မေးလိုက်ရာ …
တောရွာတွေက နွား၊ ကျွဲ၊ ခွေး၊ တချီတချီ လူပါ မကျန် ဝင်ဆွဲတဲ့အပြစ်တွေ။ ပြီးတော့ တောထဲမှာဆိုရင် ဂျီတွေ ဆတ်တွေကို မနားမနေ လိုက်ချောင်းခဲ့တဲ့ ရှေးဝဋ်တွေပေါ်ပြီး ကျားကြီးက တောခွေးရဲ့ စားကောင်အမဲကောင်အဖြစ် ရှေ့က တပြေးထဲ ပြေးနေရတဲ့ ဝဋ်ကြွေးလေ။ လူတွေက အကောင်မပြောနဲ့၊ ကျားခြေရာကြီးမြင်တိုင်း ကြောက်ခဲ့ရတာတွေ”
ကျွန်တော်တို့ ပဲခူးရိုးမမြေသို့ အမဲပစ် ထွက်လာကြ သော ကျွန်တော်နဲ့ ဦးမောင်မောင်ခင်တို့ မုဆိုးအဖွဲ့ဝင် များသည် တောတွင်းဗိုလ်လုပွဲ အဖြစ်အပျက်ကို နား ထောင်ရင်း အင်မတန်မှ ကြားရခဲသော တကောင်ချင်း စီးချင်းတိုက်ပွဲသတင်းကို ကျွန်တော်တို့ခေါင်းထဲမှ မထွက်နိုင်အောင် ရှိနေပါတော့သတည်း။ ။
မြဝတီမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၆၅
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ