#လေးမောင်
ဗျိုင်းတော့မှန်တယ် သို့သော် ခြေမစိမ်း
ပူအိုက်ခြောက်သွေ့သော ယခုလို နွေကာလမျိုးတွင် ရိုးမကြီးအတွင်း သားငှက်တိရစ္ဆာန်တို့သည် သဘာဝဘေးအန္တရာယ်ဖြစ်သော နွေကာလ၏ အပူရှိန်ဒဏ်ကို ခံကြရစမြဲဖြစ်သည်။ သို့အတွက် ရိုးမကြီးအတွင်း သားကောင်တွေအတွက် သောက်သုံးရေက ရှားပါးသလို ရေအိုင်များရှိ ရေတို့သည်လည်း ခန်းခြောက်ကြသဖြင့် အချို့သော ရေအိုင်များတွင် နွံများပင် ခြောက်သွေ့ပြီး ပပ်ကြားအက်များအသွင် ဖြစ်နေကြပေတော့သည်။
နွံအိုင်တစ်ခုတွင် ရေများခန်းခြောက်ကာ အလယ်တစ်နေရာတွင် မြေသားတို့စုပုံပြီး ခြတောင်ပို့သဏ္ဌာန် အပေါ်ကို မို့မောက်နေသည့် မြေစာပုံတစ်ခုကို အဘ ကောင်းက လက်ညှိုးထိုးပြသဖြင့် ကြည့်လိုက်စဉ်-
“အဲဒါ ဘာအပုံလဲ-သိကြလား”
“နောက်ချေးပုံ – အဘ”
ကုလားကြီး သန်းညွန့်က ပြောလိုက်စဉ် အာလူးကလည်း-
“ဟဲ့- ကုလားကြီးရဲ့ရိုးမကြီးထဲမှာ နင့်အဘနွားက ဘယ်လိုရှိမှာလဲ။ အဲဒါ ဆင်ချေးပုံကွ”
သူတို့နှစ်ယောက် ငြင်းခုံနေစဉ် ဉာဏ်ကျယ်က ကြားဖြတ်လျက်-
“ကနီနာဥ၊ အဲဒါ ရွှံ့တွေခြောက်နေပြီး တောင်ပို့လိုဖြစ်နေတဲ့အပုံလေ အဘရဲ့”
ထိုသို့ တစ်ယောက်တစ်ပေါက် ဖြစ်နေကြစဉ် အဘကောင်းက –
“သေသေချာချာ ကြည့်ကြပါဦး။ ရေအိုင်မှာ အဲဒီရွှံ့ပုံက ဘာကြောင့် အခုလို လာဖြစ်နေရတာလဲဆိုတာကို …”
အဘကောင်း ပြောလိုက်သည့်အတိုင်း ကျွန်တော်တို့ ကြည့်လိုက်ပြန်တော့လဲ သည်အတိုင်းမို့ –
“ထူးတော့ ထူးတယ် – အဘရဲ့။ ရေအိုင်အလယ်မှာ တစ်နေရာထဲ ကွက်ပြီး တောင်ပို့လိုဖြစ်နေတော့ ဆန်းနေတယ်။ ဘာပုံဖြစ်နိုင်မလဲ ဟင်”
“ဘာပုံဖြစ်တယ်ဆိုတာကို သိချင်ရင်အဲဒီကိုသွားပြီးသေးနဲ့ဝိုင်းပန်းကြည့်လိုက်ကြပါလား။ ဒါမှ ဘာဆိုတာကို မင်းတို့ သိကြမှာပေါ့”
အဘကောင်း ပြောလိုက်သည့် စကားကြောင့် ရွာခံမုဆိုးနှစ်ဦးအပါအဝင် ကျွန်တော်တို့ အဖွဲ့သားတွေနှင့် မြေသားခြောက်နေသည့် ကန်အလယ်သို့သွားကာ တောင်ပို့လိုဖြစ်နေသည့် မြေပုံမို့မို့ကို ပတ်ချာဝိုင်းကာ သေးနှင့် ဝိုင်းပန်းလိုက်ကြပေသည်။
ထိုကဲ့သို့ ထိုမြေပုံကို သေးနှင့်ဝိုင်းပန်းနေစဉ်အတွင်း ထိုတောင်ပို့သဏ္ဌာန် မြေပုံမို့မို့လေးမှာ စိုရွှဲသွားသည်နှင့်အတူ ရွစိရွစိနှင့် တဖြည်းဖြည်း တလှုပ်လှုပ် တရွရွ ဖြစ်လာသည်ကို အံ့ဩဖွယ် တွေ့မြင်လိုက် ကြရသဖြင့် နောက်ကို ကမန်းကတန်း အမြန်ပြန်ဆုတ်လိုက်ကြရင်း အဘကောင်းမျက်နှာကို လှမ်းကြည့်လိုက်ကြရာ ပြုံးစိစိလုပ်ရင်းက –
“ဒီအပုံကို မင်းတို့ကတော့ တောင်ပို့လို့လည်း ထင်သလို နွားချေးပုံ၊ ဆင်ချေးပုံလို့လဲ ထင်ကောင်း ထင်ကြမယ်။ အမှန်တော့ ကျွဲမျှော့ကြီးတွေဟ။ ခုလို နွေကာလပူပြင်းခြောက်သွေ့ပြီး ရေခန်းတဲ့အချိန်မှာ စုပေါင်းပြီး ကိုယ်ခန္ဓာကို ရွှံ့နွံတွေဖုံး၊ တစ်ကောင်နဲ့တစ်ကောင် ရစ်ပတ်လိမ်ယှက်ပြီး အပူဒဏ်ကို မိုးရွာတဲ့အချိန်ထိ ကြံ့ကြံ့ခံပြီး တောင့်ခံနေကြတာကွ။
ကြာတော့ သူတို့ကိုယ်မှာကပ်နေတဲ့ နွံတွေက ခြောက်ပြီး တောင်ပို့လို ဖြစ်နေတာ။ ခု မင်းတို့အားလုံး ဝိုင်းပြီး သေးတွေနဲ့ပန်းလိုက်ကြတော့ မိုးရွာလာပြီအထင်နဲ့ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတာကွ။ မုဆိုးလုပ်မယ့်သူဆိုတာ တောတွင်းသဘာဝကို သိထားသင့်တာပေါ့”
အဘကောင်းက ကျွန်တော်တို့အား အမှတ်မထင် မုဆိုးသင်ခန်းစာတစ်ခုကို လက်တွေ့ပို့ချလိုက်သည့်အတွက် အလွန်အမင်း အံ့ဩသွားမိသည်က အမှန်။ တောတောင်တို့၏ သဘာဝ၊ တောနေတိရစ္ဆာန်များ ရာသီဥတုဒဏ်ကိုကြံ့ကြံ့ခံပြီး စုပေါင်းကာ ယခုလို အသက်ရှင်ရပ်တည်နေကြရသည့်အဖြစ်မျိုးကို ကျွန်တော်တို့ မသိကြသေးသည်က အမှန်ပင်။
“တင်စိုး – မင်းသွားမယ့် အလယ်မြောင်အိုင်ကို မရောက်သေးဘူးလား”
“ရှေ့က စလူမြောင်ကို ကျော်ပြီး ညာဘက်ကို ချိုးသွားလိုက်ရင် ရောက်ပါပြီ”
“မင်းသွားမယ့် အလယ်မြောင်မှာ ရေကော ကျန်သေးသလားကွ”
“ကျန်ပါတယ် အဘ၊ လိုရမည်ရ လိပ်ထိုးလို့ရအောင် လှံယူလာခဲ့တယ်လေ”
တင်စိုးက သူကိုင်ဆောင်လာသည့် လှံကို တဆဆလုပ်ရင်း ပြောလိုက်သဖြင့် ကျွန်တော်က သူ လိပ်ထိုးမည့်လှံ အကြည့်က ရောက်သွားသည်။ လှံသွားအရှည်က တစ်တောင့်နှစ်မိုက်ခန့် ရှိပြီး ဝါးရွက်ပုံသဏ္ဌာန်မို့ နှစ်ဖက်အသွားချထားပြီး လှံရိုးကို ဝါးကျစ်သားနှင့်တပ်ကာ ခုနစ်တောင်ခန့်ရှည်သည်။ လှံရိုးမှာ လက်တစ်ဆုပ်စာခန့်ရှိပြီး ကိုင်လို့ကောင်းမည့် အနေအထားမျိုး။
“ဒါနဲ့ တင်စိုး – ဘယ်လိုလိပ်မျိုးတွေ ရှိနိုင်မလဲကွ”
“လိပ်က နှစ်မျိုးပဲ ရှိတယ်လေ အဘရဲ့”
“ဟုတ်လား၊ ဘယ်လိုနှစ်မျိုးလဲ ပြောပါဦး”
“တစ်မျိုးက ရေငန်လိပ်လေ၊ နောက်တစ်မျိုးကရေချိုလိပ်ပေါ့”
“လုပ်စမ်းပါဦးကွ၊ ဘယ်လိုဆိုတာ ရှင်းပြပါဦး”
“ရေငန်လိပ်ဆိုတာ လိပ်ကြေး၊ လိပ်ပျဉ်နဲ့ လိပ်ဆောက်ဆိုတာတွေပဲလေ။ ဒါပေမဲ့ သူတို့က ပင်လယ်ပိုင်းတွေရှိရာ ဝန်းကျင်တွေမှာ ကျက်စားကြတာ။ ခုကျွန်တော်တို့ ထိုးကြမယ့်လိပ်တွေက ရေချိုလိပ်တွေလေ။
အမျိုးအစားတွေက လိပ်ကြယ်၊ လိပ်ခေါင်းနီ၊ လိပ်ပုပ်၊ တောင်လိပ်၊ ဇင်းရှောဆိုတဲ့ လိပ်တွေပဲပေါ့။ သူတို့ကို ကုန်းပိုင်းမှာ တွေ့ကြရသလို ခုလိုအချိန် ရေထဲမှာလည်း တွေ့ကြရတယ်”
“ကြီးတဲ့အကောင်က ဘယ်လိပ်မျိုးလဲကွ”
“ဒီတောထဲမှာ တွေ့ကြရတဲ့ အကြီးဆုံးလိပ်ဆိုရင် တောင်လိပ်တွေက ကြီးတယ်လို့ပြောရမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် လင့်စင်တက်ထိုင်ပြီး သားကောင်အဝင်ကိုပစ်ဖို့ စောင့်နေတဲ့အချိန်၊ အောက်အသံကြားလို့ ကြည့်လိုက်တဲ့အခါ အစာရှာဖို့ထွက်လာကြတဲ့ တောင်လိပ်ကြီးတွေကို မကြာခဏတွေ့ရလို့ပဲ။ အချို့အကောင်ကြီးတွေဆို သောက်ရေအိုးနီးပါးပဲ”
“အဲဒီလိုတွေ့ရင် မင်းတို့ ဘာလုပ်ကြသလဲ”
“သားကောင်အဝင်ကို မဲပြီး စောင့်နေကြတဲ့အချိန်မျိုးဆိုတော့ ဘာမှလုပ်လို့မရဘူးပေါ့။ ကြည့်လို့မြင်ရရုံပေါ့။ အဲ ပြီးခဲ့တဲ့(၂)နှစ်လောက်ကပေါ့။ လိပ်နဲ့ ပတ်သက်ပြီး ကျားကြီးတစ်ကောင်ကို ပစ်လို့ရခဲ့ဖူးတယ် အဘရဲ့”
“ဟုတ်လား – ဘယ်လိုရခဲ့တာလဲ- ပြောစမ်းပါဦး”
“လင်းယောပင်အောက်မှာ အချိန်မှန်ဝင်စားတဲ့ သားကောင်တွေရဲ့ ခြေရာကိုတွေ့လို့ အပင်ထက် ခွဆုံကိုင်းမှာ သားကောင်အလာကို ထိုင်စောင့်နေရင်း လိပ် ကြီးတစ်ကောင် (ဆောက်လိပ်)မို့ အတော်ကြီးတယ်။ အဲဒီအကောင် ဝင်လာတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ လိပ်ကြီးရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေတုန်း ချုံတောကြီးအတွင်းက ကိုယ်လိုပဲ ဘယ်အချိန်က သားကောင်အဝင်ကို စောင့်ရင်း ဝင်ပုန်းနေတဲ့ကျားကြီးတစ်ကောင် ချုံပင်တွေအကြားက တိုးထွက်လာပြီး လက်တစ်ဖက်နဲ့ လိပ်ကြီးကို ပက်လက်လှန်ပစ်လိုက်တယ်လေ။
လိပ်ကြီးကလည်း သူ့ကို အန္တရာယ်ပေးမယ့်အကောင်မှန်းသိလို့ ခြေလက်နဲ့ ခေါင်းကို ကိုယ်ထဲကျွံပြီး ဝှက်လိုက်တယ်။ အဲဒီအချိန်မှာ ကျားကြီးက ခပ် လှမ်းလှမ်းဆီသွားပြီး ဝပ်လျက်သား စောင့်ကြည့်နေလိုက်တယ်။
ပက်လက်လန်နေတဲ့ လိပ်ကြီးကလဲ ကျားကြီးမရှိတော့ဘူး။ သွားပြီအထင်နဲ့ ခြေလက်နဲ့ ခေါင်းပါ အပြင်ထွက်လာပြီး ယက်ကန် ယက်ကန်နဲ့ ပြန်မှောက်ဖို့ ကြိုးစားတော့တာကိုး။ ကျွန်တော်လည်း ကျားကြီးကို အနီးကပ်မြင်လိုက်ရတော့ ကြောက်ကြောက်နဲ့ အသက်တောင် ပြင်းပြင်းမရှူရဲတော့ပဲ ငြိမ်ကုတ်ပြီ စောင့်ကြည့်နေလိုက်တယ်။
အဲဒီအချိန် မှာကျားကြီးက နေရာကထပြီး ပုတ်ခတ် ကစားရင်း ရှေ့ကျွမ်းနောက်ကျွမ်းတွေ ပစ်လိုက်သေးသဗျ။ အစာရလို့ ဝမ်းသာပြီး ပျော်ရွှင်နေတဲ့ပုံပဲ။
ကျွန်တော်ကျလည်း အပေါ်က ဆီးပစ်ရအောင်လည်း ကျည်ဆန်တွေကလုပ်သီးတွေမို့ စိတ်က မချရသလို အကောင်ကလဲကြီးတော့ ဘာလုပ်ရမှန်းမသိ၊ မပစ်လဲ မပစ်ရဲပေါ့ဗျာ။
အတန်ကြာတော့ ဝမ်းဟာလာပုံရတဲ့အချိန်မှာ မြေပြင်မှာ ဗိုက်ကပ်ဝပ်လိုက်ပြီး ခေါင်းဘက်ရှိရာကို သူ့ပါးစပ်ကြီးနဲ့ငုံပြီး အတွင်းသားတွေကိုစုပ်ယူလိုက်တဲ့အချိန်မှာ မထူးတော့ဘူးဆို ခေါင်းပစ်သွင်းလိုက်လို့ရခဲ့တာလေဗျာ။
ကျွန်တော်လည်း ဒီနယ်တစ်ကြောမှာ နာမည်ကျော်သွားတော့တာပဲ။ အဲဒီ ကောင်ကြီးကို ပြန်ရောင်းလို့ရတဲ့ငွေနဲ့ အိမ်ကိုပြန်ဆောက်၊ အိမ်ကကောင်တွေနဲ့ တူသားနောင်မယ်တွေကိုပါ ရှင်ပြုပွဲ လုပ်ပေးလိုက်တယ်။ စိန်ဝင်းနိုင်ဆိုင်းအဖွဲ့ကိုငှားပြီးထည့်လိုက်တော့ ဝက်ဝက်ကို ကွဲရော။ လော်ပါထည့်ပြီး ခုနစ်ရက် ခုနစ်လီ ကျွေးပစ်လိုက်တယ်။ မှတ်ကရောပဲ”
(လော်ဆိုသည်က အသံချဲ့စက်ကို ရည်ညွန်းခြင်းဖြစ်သည်။)
“ဟာ – ဒီအကောင်တွေ အတော် အာစုပ်ပြင်းတဲ့အကောင်တွေဗျ။ လိပ်ကြီးရဲ့အတွင်းသားတွေရောအရိုးတွေပါ အကုန်လုံး သူ့ပါးစပ်ထဲ ရောက်သွားပြီး လိပ်ခွံသက်သက်ချည်းကျန်တော့တယ်ဗျာ။ အံ့ရော – အံ့ရောပဲ”
တင်စိုး စကားအဆုံးတော့ ကျွန်တော်တို့ဆက်လက်လျှောက်လှမ်းခဲ့ကြရာ စလူမြောင်ရှိရာဆီသို့ ရောက်လာခဲ့ကြပေသည်။ ရေအိုင်က ကြီးသော်လည်း ရေက ခန်းခြောက်တော့မည့် အနေအထားမျိုးမို့ ရေအနည်းငယ်သာ ကျန်တော့သည်။ ကျန်သည့် ရေပြင်တွင် ဒိုက်သရောများ၊ မြက်ရိုင်းပင်များ၊ ထိကရုန်းပင်များ၊ ကြာပင်ကြာပန်းတို့နှင့်အတိ။
တင်စိုးက ရေကန်ဘေး သောင်ပြင်တို့နေရာအနှံ့ကို ကြည့်ရင်း ပြောလိုက်သည်က-
“ဟိုမှာ လိပ်တစ်ကောင် ရေကန်ထဲဆင်းသွားတဲ့ ဗိုက်အရာစွပ်ကြောင်းဗျ”
သူ လက်ညှိုးထိုး လှမ်းပြလိုက်သည့် နေရာကို ကြည့်လိုက်ရာ ကန်စပ်မှ ကန်ရေပြင်အတွင်းသို့ ဆင်းသွားသည့် ဗိုက်တိုက်ရာကို တွေ့လိုက်ရသည်။ နောက် ကန်ရေပြင် ခြောက်သွေ့နေသည့် မြေသားအတိုင်း လှည့်ပတ်ကြည့်လိုက်ပြီး-
“အဆင်းလမ်းကြောင်းက သုံးကြိမ်၊ အတက်လမ်းကြောင်းက နှစ်ကြိမ်ဆိုတော့ ဒီကန်ထဲမှာ လိပ်ရှိနေတာ သေချာတယ်ဗျ။ ကျွန်တော် ဟင်းစား လိပ်ထိုး လိုက်မယ်။ ခဏလေး စောင့်နေကြနော်”
သူ ပြောလိုက်သည့်စကားကို နားမရှင်းသလို နားလည်းမလည်ဖြစ်နေသည့် ကျွန်တော်က-
“ဘယ်လို တင်စိုး၊ အဆင်းလမ်းက သုံးကြိမ်၊ အတက်လမ်းက နှစ်ခု၊ ဒီလိပ် ကန်ထဲမှာရှိတာ သေချာတယ်လို့ဆိုပြီး မင်း ကောက်ချက်ဆွဲလိုက်ပုံလေးကို ဘယ်လိုကြောင့်ဆိုတာကို ရှင်းပြစမ်းပါဦး။ ငါ နားမရှင်းလို့ မေးတာပါနော်”
ကျွန်တော့်အမေးကြောင့် ယဉ်ကြိုင် ကြားဖြတ်ဝင်ဖြေလိုက်ပုံက –
“ဒီလို ဘိုလေးရဲ့ လိပ်က ရေကန်ထဲကို သုံးကြိမ်ဆင်းပြီး ကန်ထဲက ကုန်းပေါ်ကို ပြန်တက်တဲ့လမ်းကြောင်းကနှစ်ကြိမ်သာ တွေ့တယ်ဆိုတော့ ဒီလိပ် ဘယ်မှာရှိမလဲဆိုတာကို…”
“ဒီလိပ် ရေကန်ထဲမှာပဲ ရှိမှာပေါ့”
“အဲဒါပဲပေါ့ဗျ။ တင်စိုး လိပ်ထိုးနည်း ပြလိုက်ပါဦးကွ။ မြို့မှာနေတဲ့သူတွေဆိုတော့ သူတို့ တကယ့်လက်တွေ့ကို မသိရှာကြဘူး”
ယဉ်ကြိုင် ပြောလိုက်သည်က မှန်နေသည်မို့ခွန်းတုံ့ပြန်မနေတော့ပဲ လိုက်လံကြည့်ရှုနေလိုက်မိပေသည်။ ထိုအချိန် တင်စိုးက ဆုပ်ကိုင်ထားသည့်လှံကို အလယ်လှံရိုးကကိုင်ပြီး ကန်ရေပြင်အနှံ့ ဝေ့ဝဲကြည့်လိုက်ရင်း ထိုးထိုးထောင်ထောင် ဖြစ်နေသည့် မြက်ပင်များရှိရာဆီသို့ တိုးကပ်သွားသဖြင့် ကျွန်တော်တို့ပါ လိုက်သွားကြရင်း သူ စူးစူးစိုက်စိုက် ကြည့်နေသည့် မြက်ပင်များရှိရာဆီ လိုက်လံကြည့်နေလိုက်ကြသည်။
ကန်ရေပြင်ထက်တွင် စိမ်းစိမ်းစိုစို ထိုးထိုးထောင်ထောင် ရှိနေကြသော မြက်ရိုင်းပင်တို့အတွင်းမှ တစ်ပင်သော မြက်ပင်ကား ဝိုင်းကြည့်နေသည့်ကြားမှ လေမတိုးပါဘဲ လှုပ်လှုပ်ရွကာ အပေါ်သို့ ထိုးတက်သွားပြီး ချက်ချင်းဆိုသလို ရေအောက်အတွင်း နစ်မြုပ်သွားသည့်နေရာကို တွေ့မြင်လိုက်ကြရာ ထိုနေရာ ကိုတင်စိုးက လက်ညှိုးထိုးပြလိုက်ပြီး လှံ ကို ဆကာ ဆကာ ကိုင်လိုက်ပြီး ကန်ရေပြင်ထဲသို့ အသာဆင်းသွားသဖြင့် ကြည့်နေလိုက်စဉ် ခြေသလုံးမြုပ်လောက်သည့် နေရာဆီရောက်တော့ လှံကို မြှောက်တင်လိုက်ပြီး မြက်ပင် ရေထဲ မြုပ်သွားရာဆီသို့ ချိန်ရွယ်ထိုးစိုက်လိုက်ရင်း ဖိစိုက်ထားသည်ကို တွေ့လိုက်ကြရပေသည်။
ငြိမ်သက်နေသော ကန်ရေပြင်သည် ချက်ချင်းဆိုသလို လှိုင်းဗွက်များ ထလာသည်ကို တွေ့လိုက်ရသည့်အချိန် –
“လှံချက်မိသွားပြီး ရုန်းနေတာလေ၊ တစ်ကောင်တော့ သေချာပြီ”
ယဉ်ကြိုင် ပြောလိုက်သည့်စကားကို ကြားသာ ကြားလိုက်ရသော်လည်း ဟုတ် မဟုတ်ကိုတော့ မမြင်တွေ့ကြရသေး။ တင်စိုးက အတန်ကြာတော့ လှံဖျားကို မယူလိုက်ရာ လိပ်တစ်ကောင် ယက်ကန်ယက်ကန်နှင့် ပါလာသည်ကို တွေ့လိုက်ကြရပေသည်။ စင်းချောလိပ် တစ်ကောင်ဖြစ်သည်မို့ အောက်ခံလက်ဖက်ရည်ပန်းကန်ပြားဝိုင်းလောက်ပင်။
“ကဲ-ဒီလိုဆို အလယ်မြောင်ဘက်ကို ဦးတည်လိုက်ကြရအောင်”
“ဒိုင်း…”
ကျွန်တော်တို့အဖွဲ့ ထွက်ကြဖို့ ခြေဦးလှည့်လိုက်စဉ် ခပ်လှမ်းလှမ်းဆီမှ ပေါက်ကွဲမြည်ဟိန်းလိုက်သည့် သေနတ်သံကြီးတစ်ချက်ကို ကြားလိုက်ကြရ သည်ကြောင့် ဝန်းကျင်အပင်တို့ထက် အစာစားရင်း ဟစ်ကြွေးတေးသီနေကြသည့် ကျေးငှက်သာရကာတို့ တထိတ်တလန့်အသွင် ရုတ်ခြည်း ပျံသန်းပြေး ထွက်သွားသည်ကို တွေ့လိုက်ရပေသည်။
“သေနတ်နဲ့ ဘယ်သူထွက်ကြသေးလဲကွ – တို့အထဲက”
“ပြူးကျယ် လိပ်ထိုးသွားတဲ့နောက် ကိုဦး သေနတ်ယူပြီး လိုက်သွားတယ် အဘ။ ဘာကောင်ပစ်တယ်ဆိုတာတော့ မသိဘူး”
“ဘယ်မှာ သွားထိုးတာလဲ။ အလယ်မြောင်ဘက်ကိုလား”
“ဟုတ်တယ် – အဲဒီဘက်ကို သွားကြတာ”
အလယ်မြောင်ဆိုသည်က ယခု ကျွန်တော်တို့ရောက်ရှိနေသည့် ပဲခူးရိုးမကြီးအတွင်းပင်။ ရန်ကုန်မှလာလျှင် တိုက်ကြီးကိုကျော်ပြီး ဖလုံကိုရောက်တော့ ထိုမှတစ်ဆင့် လဟာမငယ်ကွင်းကိုဖြတ်၊ အိပ်တလူးကုန်း၊ ဂေါ်ရင်ဂျီကုန်း၊ ကွမ်းသီးမြောင်၊ သရက်ကုန်း၊ဥက္ကံကို ကျော်ဖြတ်ပြီးမှ ရောက်သည့်နေရာ။
ထိုရွာကလေးဆီတွင် ကျွန်တော်တို့ ရွာခံမုဆိုး ကုလားရှိသောရွာပင်။ ပြူးကျယ်က ထိုရွာဘက် လိပ်သွားထိုးမည်ဆိုသည့်အတွက် ကိုဦးက သေနတ် တစ်လက်ကိုဆွဲကာ အဖော်လိုက်သွားရင်း ဘာကောင်နှင့် တိုးသည့်အတွက် ပစ်လိုက်မှန်းမသိခြင်းကို တင်စိုးက ဆိုနေသည်။
ကိုဦးဆိုသည့် မုဆိုးက နယ်နယ်ရရ မုဆိုးမဟုတ်သဖြင့် လိပ်တစ်ကောင်ကို သေနတ်ဖြင့် ပစ်ခတ်ရယူမည့် မုဆိုးမျိုးလည်းမဟုတ်။ လိပ်ကို သေနတ်နှင့် ပစ်ခတ်သည်က ဘယ်နည်းနှင့်မျှ မဖြစ်နိုင်မှန်းသိသောကျွန်တော်က-
“အခြေအနေ ဘယ်လိုဆိုတာကို သွားကြည့်လိုက်ကြရအောင် – အဘကောင်း”
ပြောပြောဆိုဆို ကျွန်တော်တို့အဖွဲ့ သေနတ်သံကြားလိုက်ရာဆီသို့ သွားကြရင်း လေးဖာလုံလောက်အရောက် အရှေ့ဘက်ဆီမှ ကျွန်တော်တို့ရှိရာဘက်ဆီ ဦးတည်ပြေးလွှားလာနေကြသည့် ပြူးကျယ်နှင့် ကိုဦးတို့နှစ်ယောက်ကို တွေ့လိုက်ကြရသဖြင့် အဘကောင်းက –
“မင်းတို့ လိပ်သွားထိုးပြီး ဘာကောင်ကိုပစ်လိုက်လို့ ခုလို ပြေးလာကြတာလဲ”
“မိကျောင်းကြီးတစ်ကောင် အဘကောင်း”
ပြူးကျယ်က မောဟိုက်သံနှင့် ဖြေလိုက်သည့်အဆုံး ကိုဦးက –
“ဖွတ်ကြီး အဘ … ဖွတ်ကြီးလေ။ ကြီးလိုက်တဲ့အကောင်ကြီးဗျာ၊ ကြီးလိုက်တာမှ မိကျောင်းတစ်ကောင်နီးပါးပဲ။ ကန်စပ်မှာတွေ့ပြီး ကျွန်တော်တို့ကို ပြေးလိုက်ရန်မူလို့ ပစ်ခဲ့ပြီး ထွက်ပြေးလာခဲ့ကြတာလေ”
“ထိသွားသေးလားကွ”
“ထိတော့ ထိတယ်။ လူးရင်းလှိမ့်ရင်း ကန်ထဲကျသွားတုန်း ပြေးလာခဲ့ကြတာ”
“ဒီအတိုင်းဆို သွားကြည့်လိုက်ကြရအောင် – အဘကောင်း”
ကျွန်တော်တို့ ပခုံးတွင် လွယ်ထားသော သေနတ်များကိုဖြုတ်ယူလိုက်ကြပြီး အသင့်ကိုင်ထားလိုက်ကြစဉ် ပြူးကျယ်က –
“အဘကောင်း – ကျွန်တော်ကတော့ မိချောင်းကြီးတစ်ကောင်လို့ ထင်တယ်။ ကိုဦးက ဖွတ်လို့လဲ ပြောနေပြန်တယ်။ မိကျောင်းနဲ့ ဖွတ် ဘယ်လိုခွဲသလဲ အဘ”
“ဒီလိုကွ – ဖွတ်နဲ့ မိကျောင်းကို ရုတ်တရက်တွေ့မယ်ဆိုရင် ဆင်တူရိုးမှား ဖြစ်တတ်ကြတယ်။ ဒါကြောင့်လဲ မှားတတ်ကြတာပေါ့။ အဓိကထား စဉ်းစား ရမယ့်အချက်က သူ့ကို တွေ့လိုက်ရတဲ့ နေရာကိုအရင်စဉ်းစားကြည့်။ မိကျောင်းဆိုတဲ့အကောင်မျိုးတွေဟာ ပင်လယ်၊ မြစ်၊ ချောင်းဘက်တွေမှာ အတွေ့များတယ်ကွ။ ခု မင်းထင်နေတဲ့ မိကျောင်းဆိုတဲ့အကောင်က ရိုးမကြီးတွင်းက လိပ်သွားထိုးမယ့် ရေအိုင်နားမှာတွေ့ရတယ်ဆိုတဲ့အချက်၊ နောက်တစ်ချက်က မိကျောင်းဆိုတဲ့အကောင်မှာ လျှာမရှိဘူး။ ဖွတ်ဆိုတဲ့အကောင်က လျှာရှိတယ်။
မိကျောင်းဆိုတဲ့အကောင်မျိုးဟာ အစာရဲ့အရသာကို မသိဘူး။ ဒါကြောင့် သူတို့အစာက လူ၊ ကျွဲ၊ နွားနဲ့ အခြားတိရစ္ဆာန်အပြင် ရေညှိ၊ ရေမှော်တို့ကို စားကြတာတောင် တွေ့ ရတယ်ကွ။
ဖွတ်ဆိုတဲ့အကောင်မျိုးက လျှာရှိတော့ အရသာသိတယ်လေ… ဒါကြောင့် ရေအိုင်ထဲမှာရှိတဲ့ ငါးမှုန်ငါးမွှားကအစ ဘာမှမကျန်အောင် အကုန်စားကြတာပဲ။ ဒါကြောင့် ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုတဲ့စကားပုံ ပေါ်လာခဲ့ရတာပေါ့။
သူတို့နှစ်ကောင်ကို ကုန်းပေါ်မှာ ကြည့်လိုက်ရင် မတူတဲ့အချက်ကို တွေ့ရမယ်။ မိကျောင်းက လျှာမထုတ်ဘူး။ သွားလိုက်ရင်လဲ မြေပြင်ကို ဗိုက်ကပ် လျှောတိုက်သွားတယ်။ ဖွတ်ဆိုတဲ့ အကောင်က လျှာကိုမကြာခဏ ပြူတစ် ပြူတစ်ထုတ်ပြီး သွားတဲ့အခါမှာလဲ မြေပြင်ပေါ် ဗိုက်မကပ်ပဲ ခြေလက်တွေအား ကိုးနဲ့ ဝမ်းဗိုက်ကို မပြီး သွားလာတတ်ကြတယ်။ မြန်လည်း မြန်တယ်ကွ”
“ဟာ- ဒီလိုဆိုရင် ဖွတ်ကြီး ဟုတ်တယ်ဗျ။ကျွန်တော်တို့ကိုသူလိုက်တော့ လျှာကြီးကို ပြူတစ်ပြူတစ် ထုတ်လိုက် သွင်းလိုက်လုပ်ပြီး ခြေနဲ့ လက်တွေပေါ် အားပြု၊ ခန္ဓာကိုယ်လုံးကိုမပြီး လိုက်တာ မြန်မှမြန်ဗျာ။ အဲဒါကို ကျွန်တော် သတိပြုလိုက်မိတယ်”
“အေး ဒါပဲပေါ့။ နောက်တစ်ချက်က မင်းတို့သွားတဲ့နေရာဟာ ရိုးမကြီးအတွင်းဆိုတာ သတိမပြုလိုက်မိဘူးနဲ့ တူတယ်။ လိပ်သွားထိုးမယ်ဆိုကတည်းက မိကျောင်းမရှိလို့ လိပ်ရှိနေတာပေါ့ကွာ။ လျှာပါပြီး အရသာသိတဲ့ ဖွတ်က မင်းတို့လိုပဲ အစာလာရှာရင်း ထိပ်တိုက်တိုးကြတာလေကွာ – ဟုတ်ဘူးလား”
“ဟုတ်ပါတယ် – ကျွန်တော်တို့ ခါတိုင်းတွေ့ပြီး ပစ်ခတ်စားသောက်ကြတဲ့ ဖွတ်တွေက ခပ်သေးသေးတွေပဲ။ ခုဖွတ်က ဘာလို့ ဒီလောက်ကြီးရတာလဲ။ ဖွတ် ဘယ်နှမျိုးရှိလဲဟင်။ ဗဟုသုတ အဖြစ်ပြောပြပါလား”
“အေး- မှတ်ထားကွ။ ဖွတ်က (၄) မျိုးရှိတယ်။ အဲဒီဖွတ်(၄)မျိုးက ရုန်းဖွတ်၊ ခတ်ချိုဖွတ်၊ ဖွတ်ညှင်းခံနဲ့ ဖွတ်ကျားဆိုပြီး လေးမျိုးရှိတယ်ကွ။
ရုန်းဖွတ်က ရုန်းပင်အခေါက်လို ဝါကြန်ကြန်အစက်အပြောက်ရှိပြီး သေးတယ်ကွ။ တံတောင်လောက်ပဲရှိမယ်။ နှစ်ပိဿာအတွင်းပေါ့ကွာ။
ခတ်ချိုဖွတ်တဲ့၊ အချို့ကလဲ ဖွတ်မွဲလို့ ခေါ်ကြတယ်။ ပြာနှမ်းနှမ်း မွဲခြောက်ခြောက်မို့ ဖွတ်မွဲလို့လဲ ခေါ်ကြတယ်။ သူလဲ သိပ်မကြီးလှဘူးကွ။ သစ်ပင်ထက်တွေမှာ အနေများတယ်။
ဖွတ်ညှင်းခံကို အချို့ကလည်း ဖွတ်ကျည်လို့လဲ ခေါ်ကြတယ်။ သူက အချို့အကောင်ဆိုရင် လေးပေတောင် ကျော်ဦးမယ်။ ကိုယ်ပေါ်မှာ မန်ကျည်းစေ့ အရွယ် အဝါကွက်အဝိုင်းရှိပြီး အဲဒီအဝိုင်း အလယ်မှာ ငရုတ်ကောင်းစေ့လောက် အမည်းစက်ရှိတယ်။ ၅ ပိဿာနဲ့ ၇ ပိဿာအတွင်းပေါ့။
နောက်ဆုံးမျိုးကတော့ ဖွတ်ကျားပဲကွ။ (၅)ပေကနေ(၇)ပေထိ ရှိကြတယ်။ ပိုကြီးတဲ့အကောင်ကြီးတွေလည်း ရှိကြတယ်။ ဖွတ်တွေထဲမှာတော့ အကြီးဆုံး
ဖြစ်တယ်။ အမြီးကနေ လည်ပင်းထိ အဝါနဲ့ အနက်ကန့်လန့်စင်း ရှိတယ်။ ထိုအစင်းကြားကြောင့် သူ့ကို ဖွတ်ကြားလို့ခေါ်ကြတာပဲကွ။
အဲ – စောစောက မင်းတို့ပစ်ခဲ့တဲ့အကောင်ကလဲ ဖွတ်ကျားပဲ။ ဒီအရပ်မှာ အလွန်တွေ့ရခဲတယ်။ များသောအားဖြင့် ရာသီဥတုအေးတဲ့နေရာတွေမှာသာ တွေ့ကြရတယ်။ သူ့ကိုတော့ (ထိုးစည်) လို့ခေါ်ကြတယ်လေ။ အားကြီးပီး ရန်လိုတတ်ကြတဲ့အကောင်မျိုး”
အဘကောင်းက ယဉ်ကြိုင်ကို စိတ်လိုလက်ရ ရှင်းပြနေသည်ကို နားထောင်နေကြရသည့် ကျွန်တော်တို့အတွက် ဗဟုသုတ ရရှိလိုက်ကြသလို ကျေးဇူးတင်မိသည်နှင့်အတူ အလယ်မြောင်သို့ ထွက်ခွာခဲ့ကြပေသည်။
လူသွားလမ်းကလေးအတိုင်း ကျွန်တော်တို့အဖွဲ့ လျှောက်လှမ်းနေကြသည်။ ရိုးမကြီးအပိုင်းကျကာတောနက်ပိုင်းဆီမို့ တပြန့်တပြောကလည်း ကျယ် ဝန်းသလို သီးပင်စားပင်တို့ကလည်း ပေါများလှသည်မို့ ထိုအပင်များကို မှီတွယ်သည့် ကျေးငှက်သာရကာတို့ကလည်း များသလို မြေပြင်ထက်တွင်လည်း သားကောင်တို့က ပေါများလှသည်။
ကျွန်တော်တို့အဖွဲ့ အလယ်မြောင်ရှိရာဘက်ဆီ ဦးတည်လျှောက်လှမ်းနေကြစဉ် ဉာဏ်ကျယ်က –
“ဒီမှာ အစ်ကိုကြီး ဦးသိန်းလွင်”
“ဟေ-ဘာလဲ ငဉာဏ် … ပြော”
“လွတ်လပ်ခြင်းဆိုတဲ့ စကားကို ဘယ်လိုနားလည်သလဲဟင်”
“ဟာကွာ – ငါတို့ အမဲပစ်ထွက်လာကြတဲ့ကိစ္စနဲ့ မင်းမေးလိုက်တဲ့မေးခွန်း။ ဘယ်လိုပတ်သက်နေလို့လဲဟ”
“ဒီလိုပါအစ်ကိုကြီးရယ်။ ကျွန်တော်တို့အုပ်စု ခုလို လွတ်လွတ်လပ်လပ် ပစ်ခတ်ပျော်ပိုက်နေကြရတဲ့အရသာဟာ ဘာနဲ့မှ လဲလို့မရအောင် ခံစားမိလို့ မေးလိုက်မိတာပါ။ သိများ သိမလားလို့။ ဘိုလေးကတော့ သိမှာပေါ့။ မျှဝေခံစားလိုက်ကြရအောင်ပေါ့နော်”
ဉာဏ်ကျယ်တစ်ယောက် မဆီမဆိုင်နှင့် မေးလာသည့်စကားကို ကျွန်တော် စဉ်းစားနေလိုက်မိသည်။ ကျွန်တော်အဖွဲ့ ယခုလို တောတောင်များအတွင် လွတ်လပ်စွာ လိုင်စင်နှင့်ကိုင်ဆောင်ထားကြသည့် သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ရသည်မှာ မည်သည့်အနှောင့်အယှက်မျိုးနှင့်မှ မတွေ့ကြုံရင်မဆိုင်ကြ ရပဲ ကြိုက်သည့်နေရာအထိုင်ချ၊ အိပ်ချင်သည့်နေရာတွင် တောတွင်းနေ သားကောင်များ၏ အန္တရာယ်မှလွဲပြီး လွတ်လပ်စွာ နေထိုင်လို့ရသည့်အပေါ် နှစ် ထောင်းအားရရှိကာ ပီတိဖြာနေသည်မို့ မေးလိုက်ဟန်ပင်။ ထိုစဉ် အစ်ကိုကြီး ဦးသိန်းလွင်က –
“ငါ စာအုပ်တစ်အုပ်မှာ ဖတ်ပြီး မှတ်ထားတာတာကို ပြောပြမယ်နော်။ နားထောင် – သူ့ဆိုလိုရင်းက မည်သည့်လူမျိုးမဆို လွတ်လပ်ခြင်းဆိုတာကို နှစ် သက်ကြတယ်တဲ့။ လွတ်လပ်ခြင်းဆိုတဲ့ စကားဟာ နိုင်ငံရေးအရ လွတ်လပ်ခြင်း၊ စီးပွားရေးအရ လွတ်လပ်ခြင်းနဲ့ လူမှုရေးအရ လွတ်လပ်ခြင်းဆိုတာတွေလည်း အကျုံးဝင်တယ်လို့ဆိုထားတယ်။
နောက်တစ်ချက်က လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေပြုအာဏာ တရားစီရင်ရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာတွေလည်း ရှိရမယ်လို့ ဆိုထားတယ်။ လွတ်လပ်ခြင်းရဲ့ ဆန့်ကျင်ဘက်ဆိုတာက ကျွန်ဖြစ်ခြင်းဆိုတာကို ပြောတာပဲ။ ကျွန်ဖြစ်တဲ့နိုင်ငံမှာ နေကြရတဲ့သူတွေအဖို့ လွတ်လပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို လွတ်လပ်စွာတံတားအောက်မှာအိပ်နိုင်တယ်ဆိုတဲ့ အဖြေထက် ပိုပြီးနားလည်ကြမှာမဟုတ်ဘူးလို့ ဆိုထားတယ်လေ။
“မင်း ဘာကြောင့် ဒီလိုမေးတယ်ဆိုတာကို ငါ သဘောပေါက်ပါတယ်။ မင်း ခုအချိန်ခံစားဖြစ်ပေါ်နေတဲ့ပီတိဟာ တို့ နိုင်ငံရဲ့လွတ်လပ်ရေးရလိုက်တာကြောင့် မင်းရောငါတို့နဲ့အတူ တိုင်းသူပြည်သားတွေ ဘေးမသီရန်မခ လွတ်လပ်ပျော်ရွှင်တဲ့အရသာတွေကို ခံစားနိုင်ကြတာလို့ ဖြေလိုက်ချင်တယ်။
နောက်- တစ်ဆက်တည်းမို့ ပြောလိုက်ချင်တာက လူသားတွေဟာ လွတ်လပ်ခြင်းကို ဆုံးရှုံးသွားတော့မှ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို နားလည်ပြီး ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြတယ်ဆိုတာပဲ။ ပြောရရင်တော့ အများကြီးပေါ့ကွာ။ဒီကိစ္စတွေဟာ တို့လို အမဲလိုက်ပစ်နေသူတွေနဲ့တော့ မဆိုင်ဘူး။ ဒါပေမဲ့ – ခုလို လွတ်လွတ်လပ်လပ် စိတ်အေးလက်အေးလိုက်ပစ်နိုင်ဖို့ဆိုတဲ့အချက်နဲ့တော့ ဆိုင်တာပေါ့ကွာ- နော်”
ဉာဏ်ကျယ် မေးလိုက်သဖြင့် အစ်ကိုကြီး ဦးသိန်းလွင် ပြန်ဖြေလိုက်သည်က ဒီမျှလောက်ပင်ဖြစ်သော်လည်း သူ့အဖြေ၏ နောက်တွင် အများကြီး ကျယ်ဝန်းနေသည်ကိုတော့ ကျွန်တော် သိနေသော်လည်း စကားဖြတ်လိုက်သည့်အနေနှင့်
“ကိုဦး -ရောက်လုပြီလားကွ”
“နီးပါပြီ – ဘိုလေး။ တစ်ဖာလုံလောက်ဆိုရင် ရောက်တော့မယ်”
ကျွန်တော်တို့အဖွဲ့ ဆက်လက်လျှောက်လှမ်းလိုက်ရင်း ရှေ့မှ ဦးဆောင်သွားနေသည့် တင်စိုးက –
“ဟိုမှာဗျ၊ လမ်းကို ကန့်လန့်ခံပြီး ကျွန်တော်တို့ကို လှမ်းကြည့်နေတဲ့ အကောင်ကြီး”
တင်စိုး ပြောလိုက်သည့်အတွက်ကြောင့် ကျွန်တော်တို့ ရှေ့ကို လှမ်းကြည့်လိုက်ရာ ဝါးရုံတောအနီး ကြို့ပင်ကြီးအောက်တွင် ကျွန်တော်တို့သွားမည့် လမ်းကို ရှေ့မှ ပိတ်ဆို့ကာဆီးလျက် ခေါင်းထောင်ကာ လှမ်းကြည့်နေသည့် အကောင်ကြီးကို တွေ့ မြင်လိုက်ကြရသည်။
ထိုအကောင်ကြီးမှာ အဘကောင်း ပြောပြသည့် (ထိုးစည်) ဆိုသည် အကောင်ကြီးပင် ဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ဖွတ်ကျားလိုအကောင်မျိုးဖြစ်ပြီး မိကျောင်းတစ်ကောင်ထက်ပင် အနည်းငယ် ပိုကြီးပြီး တုတ်ခိုင်သည်။ ပါးစပ်အတွင်းမှ ထွက်လာသည့် လျှာနှစ်ခွက ပြူတစ်ပြူတစ်နှင့် ရှေ့လက်နှစ်ဖက်ကို မြေပြင်တွင်ထောက်ကာ ကျွန်တော်တို့ကိုလှမ်းပြီး ကဲကြည့်နေသည်မို့ ထင်ရှားစွာ တွေ့မြင်နေရသည်။
ဦးခေါင်းမှ အမြီးဖျားထိ ဆယ့်နှစ်ပေခန့် ရှိပေမည်။ ဖွတ်များတို့တွင် အကြီးမားဆုံးဖြစ်သည့် “ဖွတ်ကျား” တို့ထက်ပင် ငါးဆခန့်ပိုကြီးမည့်အကောင်ကြီး။ ကိုယ်ထည်တွင်အဝါတစ်ကန့်၊ အနက်တစ်ကန့်၊ ကန့်လန့်စင်းတို့က အမြီးကို ရောက်သည်ထိတိုင် အောင်ပင် အမြီးပိုင်းမှာ အရင်းကတုတ်ပြီး အဖျားပိုင်းဆီရှူးသွားကာ အတန်ငယ် သေးသွယ်သွားသော်လည်း ထိုအမြီးရိုက်ချက်နှင့် ကိုယ်အားကို အားကိုးခဲ့သည့် အကောင်မျိုးဖြစ်သည်မို့ ခပ်ပေါ့ပေါ့ သဘောထားလို့ကမရ။ ကျွန်တော်တို့ အဖွဲ့အား သူကပင် စတင်တိုက်စစ်ဖွင့်သည့် အနေအထား။
“မင်းတို့နဲ့ တိုးခဲ့တာ ဒီအကောင်ကြီးလား”
အဘကောင်းက မေးလိုက်သဖြင့် ပြူးကျယ်က –
“ဟုတ်မယ်နဲ့ တူတယ် – အဘကောင်းရဲ့။ သူ့ပါးစပ်အောက်ပိုင်းမှာ သွေးတွေ မြင်နေရတယ်”
“အေး- သတိထားကြနော်။ ငါတို့ကို ပြေးဝင်ကိုက်ခဲဖို့ တာစူနေတယ်။ အနားကို အကပ်မခံကြနဲ့။ အမြီးရိုက်ချက်ကို သတိထားရှောင်၊ လူခွဲထားကြ”
“အဘပြောတဲ့ ထိုးစည်ဆိုတဲ့ အကောင်ကြီးလား ဟင်”
“ဟုတ်တယ် – ဒီအကောင်ကြီးမျိုးတွေ ဒီရိုးမကြီးဘက်မှာတော့ အတော်ရှားပါးသွားပြီး မတွေ့ရတော့လောက်အောင်ပဲကွ။ တောမှားပြီး ဒီဘက်ကို ရောက်လာသလားမသိဘူး။ သတိထားကြ”
ကျွန်တော်တို့ လျှပ်တစ်ပြက် လူစုခွဲလိုက်ပြီး သေနတ်များနှင့် ပစ်ခတ်ကြတော့ရန် မုဆိုးထိုင်ပုံစံနှင့် ချိန်ရွယ်ကြကာ စူးစိုက်ကြည့်လိုက်ပြန်သည်။ လမ်းကို ကန့်လန့်ဖြတ်ကာ ကျွန်တော်တို့ကို ဘေးတိုက်စောင်းငဲ့ပြီး ပါးစပ်အတွင်းမှ လျှာကြီးကို ထုတ်လိုက် သွင်းလိုက်လုပ်၍ ရှေ့ဘက်ကို မျက်နှာချင်းဆိုင်တိုးလာ သည်။
မိကျောင်းလိုအကောင်မျိုးက မြေပြင်ကို လျှောတိုက်သွားသော်လည်း ထိုအကောင်ကြီးက ဖွတ်များကဲ့သို့ ခြေနှင့် လက်တို့အပေါ် အားပြု၍ လျှောက်လှမ်းလာနေသည်ကို သတိပြုလိုက်မိသည်။အရောင်က အုန်းခွံရောင်အောက်ခံတွင် အဝါနှင့် အနက်တို့က ရစ်ပတ်ထားပြီး ကြီးမားတုတ်ခိုင်သည့် သူ့အမြီး ကြီးကို တဖျပ်ဖျပ် လှုပ်ယမ်းလျှက် တဖြည်းဖြည်းတိုးကာ တိုက်ခိုက်တော့မည့်အသွင်။
ကျွန်တော်တို့ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြသည့် လူ(၇)ဦးက ရှေ့နေပြီး ပစ်ခတ်တော့ရန် အနေအထား လူကိုဖြန့်ထားသဖြင့် ဝါးတစ်ရိုက်စာခန့် အကွာသို့ ရောက်အလာတွင် မည်သူ့ကို စတင်စစ်ဖွင့်ဖို့ ဘယ်ညာလိုက်လံကြည့်ရင်းက အနီးစပ်ဆုံး သူ့ရှေ့တွင်ရှိနေသည့် အစ်ကိုကြီး ဦးသိန်းလွင်၊ ကုလားကြီး သန်းညွန့်နှင့် မွန်တို့အား နေရာမှ ကြုံးလျက်ထကာ ပြေးဝင်ကိုက်ခဲဖို့ တာစူလိုက်စဉ်-
“ဒိုင်း – ဒိုင်း – ဒိုင်း – ဒိုင်း”
သေနတ်ပစ်လိုက်ကြသည့် အသံများနှင့်အတူ ကြီးမားသည့် ဖွတ် (တိုးစည်) ကြီးမှာ နေရာတွင် လူးလှိမ့်ရင်း တီကောင်ကို ဆားနှင့် အပက်ခံလိုက်ရသလိုဖြစ်ကာ သွေးများ ပန်းထွက်သွားသည်ကို တွေ့မြင်လိုက်ရပေသည်။
အတန်ကြာကြာ လူးလှိမ့်နေရင်း လူးလဲကုန်းထကာ ပြန်လည်တိုက်ခိုက်ဖို့အလုပ်
“ဒိုင်း – ဒိုင်း – ဒိုင်း”
နောက်ထပ်ဆင့်ပစ်လိုက်သည့် သေနတ်သံ (၃)ချက်ကို ကြားလိုက်ရသည်နှင့်အတူ ထိုအကောင်ကြီး ငြိမ်သက်သွားသည်ကို တွေ့လိုက်ရပေသည်။
ကျွန်တော်တို့အဖွဲ့ ဤမျှလောက် ကြီးမားသည့် ဖွတ်ကြီးကို အနီးကပ် မတွေ့မြင်ဖူးကြသဖြင့် သွေးညှီနံ့ ယမ်းနံ့တို့ကြားမှ အနီးကိုကပ်ပြီး ကြည့်နေလိုက်ကြစဉ် အဘကောင်းက –
“ဒီအကောင်ကြီးမျိုးတွေက ငါတို့ တိုင်းပြည်မှာ အလွန်ရှားသွားပြီကွ။ သူတို့က အကြောက်အလန့်ကင်းပြီး ဘယ်လိုအကောင်ကြီးတွေကိုမှ ဗိုလ်မထား ဘူး။ မြစ်တွေ ချောင်းတွေထဲမှာဆိုရင်လဲ ရေထဲဆင်းပြီး ရှာစားကြတော့တာပဲ။
လူ၊ ကျွဲ၊ နွားအပြင် ဘာကောင်ကိုတွေ့တွေ့ ချမ်းသာမပေးဘူး။ အလွန်နှမြောစရာတော့ ကောင်းတယ်ကွ။ ကိုယ်က လက်မဦးရင် ခံရတော့မှာမို့ လုပ်လိုက်ရ တာပဲ”
ကျွန်တော်တို့အဖွဲ့ ထိုအကောင်ကြီးကို ဝါးတစ်လုံးဖြင့် ခေါင်း၊ ကိုယ်၊ အမြီးကိုပါ ကြိုးနှင့်တုပ်၊ တစ်လှည့်စီ ဝိုင်းထမ်းကြရင်း တဲဆီသို့အပြန်လမ်း ကျွန်တော့်အတွေးတို့က “ဗျိုင်းတော့ မှန်တယ်။ ခြေမစိမ်းပါလား” ဟူ၍ တွေးတောနေလိုက်မိပေသည်။
– ပြီး –
စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ