ဗျိုင်းမည်း (ဝတ္ထတို) ✍️ နေဝင်းမြင့်

(၁)

မိုးသည် အငြိုးတကြီး ရွာချနေသည်။ ဝေါခနဲ ဝေါခနဲ ရွာချလာသော မိုးကြောင့် ဝင်းရီတို့တဲစုကလေး လှုပ်ရှားသွားသည်။ ပထမဦးဆုံး မိုးရေထဲ ထွက်လာသူက အမေညို။

“ဝင်းရီရေ … ပေါက်စရေ …”

“လာပြီ အမေညိုရေ၊ ဆန်ခါခုံး ရှာနေလို့”

ဝင်းရီက ပြောပြောဆိုဆို မိုးရေထဲ ထွက်လိုက်သည်။

“အမေ့ … အေးလိုက်တာ”

ဝင်းရီက ပလတ်စတစ်စကို ကျောပေါ်သို့ ရစ်ဝိုက်၍ ရှေ့ကို ခပ်ငိုက်ငိုက် ဆွဲချသည်။ လက်ထဲတွင် ဆန်ခါခုံး၊ အဝတ်စုတ်၊ရေငင်ပုံး၊ ဆီထည့်ရန် ပလတ်စတစ်ပုံးများ အသင့်ရှိနေသည်။

““ဘုရားသိကြား မလို့ ကနေ့ ထွက်ပါစေနော်”

အမေညိုက ကွမ်းကို မြုံ့ရင်း ဆုတောင်းနေသည်။ မိုးကား တဝုန်းဝုန်း ရွာဆဲ။

“အမေညိုက ကျုပ်တို့တောင် မခေါ်ဘူးနော်၊ ဝင်းရီတို့က ချွေးမ တော်ရမယ့်သူ ကျနေတာပဲ”

အမာကြည်က အမေညိုကို ငေါ့သည်။

“သေချင်းဆိုးမ၊ ကဲ .. ငါ ပြောလိုက်ရ၊ အားလုံး အော်ခေါ်နေတဲ့ဟာကို၊ ကဲ .. ကဲ .. အားလုံး ခေါ်၊ တော်ကြာမှ သူ ပါတယ်၊ ငါ ပါတယ် ဖြစ်နေမယ်”

အမေညိုက ထဘီတိုတို ပြင်ဝတ်ရင်း အမာကြည့်ကို လှမ်းဆိုသည်။ ဝင်းရီက တဲစုများဆီသို့ ပြန်ဝင်သွားသည်။ တစ်အိမ်ချင်း လိုက်ခေါ်သည်။ တချို့ကလေးတွေသာ ထွက်လာသည်။ တချို့တဲက
လူ မရှိ၍ မလိုက်နိုင်။

“သိပ်ငယ်တဲ့ကလေးတွေ ထည့်လို့တော့ အပိုပေါ့၊ ဘာမှလုပ်နိုင်တာ မဟုတ်ဘဲနဲ့ ဝေစု မပေးနိုင်ပေါင်”

အမာကြည်က ရင်လျားထားသော ရင်အထက်ပိုင်းကို မိုးရေနှင့် ကြေးတွန်းရင်း ငေါ့သည်။

“အမာကြည်ရယ် … ကိုယ့်အချင်းချင်းတွေပဲ ရသလောက်ပေါ့” ဝင်းရီက ဖျောင်းဖျသည်။

“အိုး .… ညည်းက သူတော်ကောင်း မလုပ်ပါနဲ့၊ လူက
ဆယ့်လေးငါးယောက်၊ ရတာက တစ်ဂါလန် ရ၊ နှစ်ဂါလန် ရ၊ ခွဲလိုက်ရင် တစ်ယောက် ပြားရှစ်ဆယ်၊ ပြားကိုးဆယ်နဲ့ ညည်းပဲ လုပ်”

“ကဲပါအေ … ဆီကဖြင့် ဘယ်မှာ နေမှန်း မသိသေးဘူး၊သွားမယ်”

အမေညိုက ရှေ့မှ ဦးဆောင်ထွက်လာသည်။ အမေညိုတို့ အိမ်စုကလေးကို ကျူးကျော်အိမ်စုဟု ရပ်ကွက်က သတ်မှတ်ထားသည်။ လူတွေကလည်း ပျံကျဖြစ်သည်။ စရိုက်တွေကလည်း အမျိုး
မျိုး ဖြစ်သည်။ ဘယ်က ဘယ်လို ရောက်လာကြမှန်း မသိရသော်လည်း သည်မှာတော့ လုပ်ငန်းတူ ဖြစ်သည်။ စီးပွားတူ ဖြစ်သည်။ ပထမတော့
တစ်အိမ်စ၊ နှစ်အိမ်စ။ အခုတော့ အိမ်ခြေ ၂၀ ခန့် ရှိနေပြီ။ မိမိတို့ ကျူးကျော်အိမ်စုများအနီး စက်ရုံကြီး နှစ်ခုမှ ရေဆိုးထုတ်မြောင်းအတိုင်း စိမ့်ယိုထွက်ကျလာသော မီးထိုးဆီဟောင်းများကို ခပ်ယူ၍ ပြန်လည် ရောင်းချသည့်အလုပ် ဖြစ်သည်။ မီးထိုးဆီ ဆိုသည်ကလည်း နေ့တိုင်း ပုံမှန်ထွက်နေသည် မဟုတ်။ မိုးကြီးကြီးရွာလျှင် ဖြစ်စေ၊ နေကျဲကျဲ
ပူလျှင် ဖြစ်စေ ဆီတိုင်ကီများ ထားရာ ဆီလှောင်ကန်များမှ ရေဆိုးထုတ်မြောင်းအတိုင်း မျောကျလာခြင်း ဖြစ်သည်။ အခုလို မိုးတွင်း ဆိုပါက
လွယ်သည်။ မိုးရေနှင့်အတူ ဆီများ လိုက်ပါလာတတ်သည်။ ရေထဲတွင် ပေါလောမျောပါလာတတ်သော ဆီများကို ခပ်ယူရခြင်း ဖြစ်သည်။ခပ်ယူရာတွင်လည်း အတတ်ပညာ ပါရသည်။ နွေမှာက စက်ရုံကထွက်သည့် ရေနည်းနည်းသာ စီးတတ်သည့်အတွက် ဆီခပ်ရသည့် လုပ်ငန်းမှာ လွယ်သည်။ မိုးတွင်းမှာက ရေဆိုးမြောင်းအတိုင်း ဒလဟော ထိုးကျလာသော ရေများပေါ်တွင် ဆီကလည်း အရှိန်ပြင်းစွာ ထိုးထွက်လာသည်။ ထိုအခါ နိုင်အောင် ခပ်ကြဖို့ လိုသည်။ ထိုအခါတွင်
ဝင်းရီတို့လူစုအဖို့ မောရပန်းရမှန်း မသိ။ ပျော်စရာ အတိ။

“ဟဲ့ … ဟဲ့ လုပ်ကြပါဟဲ့၊ အဝတ်စုတ် အဝတ်စုတ်၊
.. ဆန်ခါခုံး ပေးစမ်း၊ ပုံးတွေ စီထားလေ၊ မသာမ … အရေးထဲ ဆေးလိပ်ပဲ သောက်နေဟေ့ သိလား”

တမံတုတ်သူက တုတ်သည်။ ခပ်၍ မရနိုင်သည့်ဆီများ ထွက်သွားမှာ စိုး၍ ဖြစ်သည်။ အနားမှာရှိသည့် လူများ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ရသည်။ ရေပေါ်တွင် လိုက်လာသော ဆီမည်းမည်း ပျစ်ပျစ်ကို အဝတ်စုတ် ခပ်ပါးပါးဖြင့် လိုက်၍ အုပ်ရသည်။ ထိုအခါ ဆီက အဝတ်တွင် ကပ်သည်။ အဝတ်စုတ်မှာ ဆီဝပြီး ဆီများများကပ်သည် ဆိုသည်နှင့် ပုံးထဲသို့ ညှစ်ချလိုက်ရသည်။ ညှစ်ချရသည့် အခါ၌ တစ်ခါတည်း ညှစ်ချလိုက်ရသည် မဟုတ်။ အဝတ်မှာက ရေတွေ ပါနေသေးသည်။ ထိုရေကို အပြင်မှာ ခပ်ဖွဖွကလေး ရေချည်းသတ်သတ် ကျသွားရုံ ညှစ်လိုက်ရသေးသည်။ ညှစ်တာကလည်း ပညာပါသည်။ ဆီ လုံးဝ ပါမသွားစေရ။ ရေစစ်သွားသည်နှင့် အဝတ်ကို ပုံးထဲသို့ တအားညှစ်ချသည်။ တစ်စက်မှ မကျန်အောင် ညှစ်ချသည်။

နောက်တစ်ခါ ရေပေါ်မှ ဆီများကို လိုက်အုပ်ယူ၊ ရေစစ်ချ။ ပုံးထဲသို့ ဆီချည်းသတ်သတ် ညှစ်ချ။ သည်လိုနှင့် ဆီအထွက် များလျှင် များသလို နည်းလျှင် နည်းသလို လေးထောင့်သံပုံးတစ်လုံး (လေးဂါလန်ခန့်)မှ ဂါလန် နှစ်ဆယ်၊ အစိတ်လည်း ရချင်ရသည်။ တစ်ခါတစ်ရံ တစ်နေ့လုံး စောင့်လို့မှ တစ်ပုလင်းပင် မရချင်။

စင်စစ် ဆီတွေကလည်း အမြဲတမ်း ဆီလှောင်ကန်တစ်ဝိုက်တွင် ရှိနေသည် မဟုတ်။ ဘွိုင်လာများအတွင်း ဆီဘောက်ဆာကားများ ဆီ လာထည့်သည့်အခါ ဆီတိုင်ကီအတွင်း မထည့်မီ ရေ ပါမပါ စစ်ဆေးသည့်သဘောနှင့် အနည်းငယ် ဖောက်ကြည့်ရသည်။ထိုအခါတွင် ဆီတွေ အိုင်ထွန်းနေတတ်သည်။ နောက်တစ်နည်းက ဆီတိုင်ကီတွေထဲ ဆီထည့်ရင်း လျှံကျသွားသည့်အခါ ဖြစ်သည်။ အချိန်မီ သိရှိ၍ ဆီဘားကို ပိတ်နိုင်သော်လည်း ဂါလံ နှစ်ဆယ်၊ သုံးဆယ် ထွက်သွားတတ်သည်။ စက်နှင့် မောင်းထည့်ခြင်း ဖြစ်သဖြင့်လည်း တစ်ခါတစ်ရံတွင် လျှံကျပြီ ဆိုလျှင် ဝေါခနဲ။ တစ်ခါတလေတော့
လည်း ဆီထည့်စဉ် ဆီပိုက် ကွဲသွားခြင်း၊ ဆီပိုက်အရစ် ပြုတ်သွားခြင်းတို့ကြောင့် ဝေါခနဲ သွန်ကျသွားတတ်သည်။ မည်သည့်နည်းနှင့်ပင် ကျသည် ဖြစ်စေ ဆီလှောင်ကန် ပတ်ဝန်းကျင်တွင် ဆီများ ပေ
ကြံမ‌နေစေရန် သန့်ရှင်းရေး လုပ်ကြရသည်။ သို့သော် ကျသွားသည့် ဆီများက ရေဆိုးထုတ်မြောင်း အတွင်း၌ ခိုနေမြဲ။ ဆိုခဲ့ပြီးသည့်အတိုင်း ရေလုံးများများ အင်အားနှင့် ကျလာသည်နှင့် စက်ရုံပြင်ပသို့ ဆီများ ရေနှင့်အတူ ထွက်လာမြဲ ဖြစ်သည်။

ဤဆီများကိုပင် ဝင်းရီတို့လူစုက စောင့်ဆိုင်းခပ်ယူကြရခြင်း ဖြစ်သည်။ စက်ရုံပြင်ပ ချောင်းစပ်မှ ဆီထွက်အလာကို မျှော်၍ ကျလာမှ ခပ်ယူရသူတို့အဖို့ ဆီရုံတွင်းက ဆီလှောင်ကန်ဘေးမှာ ဆီ ရှိမရှိ၊ ရေဆိုးမြောင်းတွင်းမှာ ဆီ ခိုနေ မနေ ဘယ်သူမှ သိနိုင်ကြသည်မဟုတ်။ စက်ရုံတွင်း ဝင်ကြည့်လို့ကလည်း ရသည် မဟုတ်။ ထွက်လာနိုးနိုး၊ ကျလာနိုးနိုးနှင့် မျှော်ကြရသူများသာ ဖြစ်သည်။

အချို့က လုံခြုံရေးဝန်ထမ်း အလစ်တွင် စက်ရုံအတွင်းသို့ ဝင်သည်။ အတင့်ရဲစွာဖြင့် ဆီဂိုဒေါင်၊ ဆီလှောင်ကန်တွေနားအထိ ဝင်သည်။ လစ်လျှင် ဆီပါ ခပ်လာသည်။ မိလျှင် ခံပေရော့။ တချို့က
ဆီသာ မဟုတ်၊ အခြားပစ္စည်းတွေပါ ခိုးသည်။ ထို့ကြောင့်လည်း ရဲစခန်း ရောက်သူ၊ ကောင်စီရုံး ရောက်သူ၊ စက်ရုံမှူးရုံးခန်း ရောက်သူ၊တရားရုံး ရောက်သူ၊ ဒဏ်ငွေ ဆောင်ရသူ၊ ထောင်ကျသူတွေ ဒုနှင့်ဒေး။ ကိုမောင်စိန် ဆိုလျှင် မကြာသေးမီ အချိန်ကမှ အာမခံ ရသည်။ခင်စိန် ဆိုလျှင် အမျိုးသမီးဆောင်မှာ တစ်လခွဲ ကြာခဲ့သည်။ ဝင်းရီတို့ကတော့ သည်အထိ မလုပ်ရဲ။ ရတာလေးနှင့်သာ တင်းတိမ်သည်။အလှမ်းမကျယ်ရဲ။ မိန်းကလေးတန်မဲ့ အတင့်မရဲချင်။ သဘာဝအလျောက် ထွက်လာသည့် ဆီစကလေး အနည်းအကျဉ်းကိုသာ မျှော်သည်။ ရ
သလောက် စားသည်။

ထို့ကြောင့် သူတို့ကို ကတွတ်မှ ငါးချောင်းသော ဗျိုင်းတို့နှင့်သဘာဝချင်း တူသည်ဟု ဆိုနိုင်သည်။ သို့သော် ဖြူဖြူဖွေးဖွေးလှလှပပ ဗျိုင်းများ မဟုတ်ကြ။ သူတို့ကို ကြည့် အမြဲတမ်း ဆီရောင်ထနေတတ်သည်။ မျက်နှာတွေမှာ အဆီတဝင်းဝင်း ခြောက်သယောင်းနေသော ဆံပင်များ၊ နားကပ်မဲ့ နားရွက်များ၊ သနပ်ခါးမဲ့ မျက်နှာများ။ ဒါကြောင့်
လည်း သူတို့ကို ဗျိုင်းမည်းများဟု ခေါ်ကြခြင်း ဖြစ်နိုင်သည်။

သူတို့ ချောင်းစပ်သို့ ရောက်ကြပြီ။ ဝင်းရီက ချောင်းထဲ စဆင်းသည်။ ချောင်းမကြီးထဲသို့ ဆက်သွယ်ထားသော စက်ရုံမြောင်းထိပ်မှ အတွင်းဘက်သို့ လှမ်းမျှော်ကြည့်သည်။ စူးရဲသော မျက်လုံး
များက မြောင်းတစ်လျှောက် ဆီများ ရှိမရှိ ရှာဖွေနေသည်။ မတွေ့။ရေချည်းသတ်သတ်သာ အရှိန်အဟုန်နှင့် ထွက်နေသည်။ ဆီ ဆို၍
တစ်စက်တလေတောင် မပါလာ။

“ဘယ်လိုလဲ ကောင်မ၊ နိုး.. ပဲလား”

ချောင်းထိပ်က ရပ်စောင့်နေသူထဲက မေးလိုက်သည်။ ဝင်းရီ၏ အဖြေကို ငံ့လင့်နေကြသည်။

“မတွေ့ဘူး၊ တချို့ ဟိုဘက် ဆက်သွားကြည့်ပါလား၊
တို့ ဒီမှာ စောင့်နေမယ်၊ အမေညို လိုက်သွားလိုက်၊ ငစိုးပါ, ခေါ်သွား”

ဝင်းရီက ချောင်းရေထဲက စီမံခန့်ခွဲနေသည်။ အမေညိုကငစိုးနှင့် သုခကို ခေါ်သွားသည်။ သည်ဘက်မှာ ကျန်ခဲ့တာက ဝင်းရီ၊အမာကြည်၊ မစိန်လှ၊ မြအေးနှင့် စိုးညွန့်။

“အမေညိုရေ .. ဟိုဘက် စက်က ထွက်ရင်လည်း အတူတူပဲနော်”

အမာကြည်က လှမ်းကွန့်သည်။ အမေညိုကို လှမ်း၍ အော်ခြင်း ဖြစ်သည်။ ဝင်းရီကမျက်စောင်းထိုးသည်။

“ညည်းက လုပ်ပြန်ပြီ၊ အထူးအဆန်း လုပ်လို့၊ သူတို့
လည်း သိပါတယ် အေရယ်…၊ ဒီလောက်တောင် မဟုတ်ပါဘူး”

“ပြောနိုင်မှ တန်ကာအေ့”

မိုးက သဲသဲမဲမဲရွာဆဲ။ ဗျိုင်းမည်းများကား စောင့်ဆဲ။ အသားတွေပင် ပြာနေပြီ။ နှုတ်ခမ်းကလေးတွေပင် တုန်နေပြီ။ လက်ချောင်းကလေးတွေပင် ပဲကြီးရေတွန့်နေပြီ။မည်သို့ပင်ဆိုစေ၊ ညနေစောင်းတော့ မိုးစဲသွားသည်။ အမေညိုတို့နှင့် သူတို့ ပေါင်းလိုက်သည့်အခါ သုံးဂါလန်လောက် ရသည်။တစ်ဂါလန် တစ်ဆယ် ဆိုတော့ သုံးဆယ်။ လူက ရှစ်ယောက်။
တစ်ယောက်ကို လေးကျပ် မတ်တင်း။ ဝင်းရီ တဲကို ပြန်ရောက်တော့ မှောင်နေပြီ။

(၂)

“အမေ”

“သမီး”

ဝင်းရီက အမေ့ကို ခေါ်ရင်း တဲထဲသို့ ဝင်သည်။ အမေသည် တဲထောင့်တစ်နေရာရှိ ကွပ်ပျစ်ပေါ်တွင် လဲလျောင်းလျက် အောက်ခံစောင်ပိုင်း ခပ်နွမ်းနွမ်းတစ်ထည် ခင်းထားသည်။ မည်းညစ်နေသော
ခေါင်းအုံး၏ ချုပ်ရိုးပြေနေသော နေရာများတွင် မှိုစများ ထွက်လျက်ရှိသည်။ တစ်ပိုင်းက ခြုံစောင်ကို ခြုံထားသည်။ အနီးတွင်ကား ပုလင်းများ၊ ဆေးထုပ်များ၊ ရေနွေးကရားနှင့် ပန်းကန်ပွဲ သုံးလုံး။

“အမေ နေကောင်းရဲ့လား”

“ဒီလိုပါပဲ သမီးရယ်၊ သမီး အဝတ် မြန်မြန်လဲပါကွယ်။အအေးပတ်နေအုံးမယ်”

“သမီးတို့ကို အအေးပတ်တဲ့ ရောဂါက မတိုးနိုင်တော့ပါဘူး အမေရဲ့ ”

ဝင်းရီက အမေ အားရှိအောင်သာ ပြောရသည်။ တကယ်တော့ စိမ့်အေးနေပြီ။ ချမ်းလှပြီ။ ထင်းမီးဖိုဆီ လှမ်းကြည့်မိသည်။မီးငွေ့ ရဲရဲ ကျန်နေသေးသည်။ ဝင်းရီက အင်္ကျီနှင့် ထဘီအဟောင်း
တစ်ထည် လဲဝတ်လိုက်သည်။ ပြီးမှ မီးငွေ့ရဲရဲမှာ လက်ကလေးတွေ မီးကင်ရသည်။

“အမာကြည် လာရင်တော့ လေးကျပ် မတ်တင်းလောက် ရမယ် အမေ၊ ဆရာမောင်လည်း မှာလိုက်တယ်၊ ငါးပိရေကျို နှစ်ဆယ်သားလည်း မှာလိုက်တယ်၊ အမေ ဆာပြီလား”

“အမေ မဆာသေးပါဘူး၊ စားချင်စိတ်လည်း မရှိလှပါဘူး။ဆန် ရှိသေးရဲ့လား သမီး”

“ရှိတယ် အမေ၊ မနေ့က နှစ်ပြည် ဝယ်ထားတာ ကျန်
သေးတယ်”

ဝင်းရီက ထမင်းအိုး တည်ဖို့ ပြင်သည်။ အမာကြည် လာရင် ငါးပိရည်ကျို ပါလာမည်။ ငါးပိရည်နှင့် တို့စရာနှင့် ယနေ့ည ပြီးရမည်။ တို့စရာကလည်း ချောင်းစပ် ကန်စွန်းရွက်ကို ပြုတ်လိုက်ရုံ။
ဒါကလည်း အကြောင်း မဟုတ်။ သူ စားနိုင်သည်။ အမေ့ဖို့သာ ပြဿနာ။ လူနာအတွက်က အဓိက။ ငါးခြောက်ငါးခြမ်းလေးနှင့် ဆန်ကောင်းကောင်းလေး ပြုတ်ချင်သည်။ ငါးခူလေး၊ ငါးရံ့လေး
ကြော်ကျွေးချင်သည်။ တစ်နေ့နေ့တော့ ကျွေးနိုင်မှာပေါ့ဟု ဝင်းရီအားတော့ ခဲထားသည်။

တဲထဲမှာ အမှောင်က နေရာယူလျက်ရှိပြီ။ ရေနံဆီ မီးခွက်ကို ယူ၍ မီးသီးများကို တုတ်နှင့် ခြစ်ချလိုက်သည်။ ရေနံဆီ မီးခွက် ဆိုသော်လည်း ဒီဇယ်ဆီ မီးခွက်ဟု ခေါ်ရတော့မည်။ ရံဖန်ရံခါ ရေနံဆီလေးဘာလေး ရသော်လည်း အမြတ်နှင့် ရောင်းလိုက်
ရသည်။ ဒီဇယ်တောင်မှ ဟိုက တောင်း၊ သည်က တောင်း။မီးစာကို မီးညှိလိုက်သည်နှင့် တဲအတွင်းမှာ နီကျင်ကျင်မီးရောင်က ချည့်နဲ့စွာ တောက်ပလျက်။ ဝင်းရီ၏ မျက်နှာကလေးပေါ်တွင် မီးရောင်က နီစွေးစွေး ထင်ဟပ်လျက်ရှိသည်။ ကွင်းဘက်မှ
လေက တဲထဲသို့ တိုးဝင်လာသည်။ မီးတိုင်မှ မီးညွန့်က ဇက်ပုသွားသည်။ လေအငြိမ်မှာ မီးတောက်က ယိမ်းထိုးလှုပ်ရှားလျက်။ မှိန်သွားလိုက်၊ လင်းသွားလိုက်။ဝင်းရီက အမေ့ဘက်သို့ ကြည့်သည်။ အမေကလည်း မီးတိုင်ခွက်ကမီးညွန့်လို တစ်နေ့ရွှေတစ်နေ့ငွေ။ အမေကား မျက်လုံးကို စင်းမှေးလျက် အိပ်နေသလား၊ မှိန်းနေသလားမသိ။ မီးရောင်သဲ့သဲ့အောက်
တွင် ငြိမ်သက်လျက်။ ဝင်းရီက သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

အမေသည် အရိုးပေါ် အရေတင်နေပြီ။ ချိုင့်ခွက်နေသော နားထင်များကား နက်ရှိုင်းလွန်းလှသည်။ ယိမ်းထိုးနေသော မီးတောက်ကို တစ်လှည့်၊ အမေ့ကို တစ်လှည့် ကြည့်ရင်း ဝင်းရီ ငိုင်သွားသည်။
အဖေ ရှိစဉ်က အမေသည် ဖျားသည်၊ နာသည်ဟု မရှိခဲ့။ သည်တုန်းက ဝင်းရီတို့က သည်ရပ်ကွက်မှာ မဟုတ်။ တိုးကြောင်ကလေးမှာ နေကြသည်။ အဖေ၊ အမေတို့နှင့် ဝင်းရီတို့ သားအဖသုံးယောက်သာ ရှိသော အိမ်ထောင်စုကလေးဟု ဆိုသော်လည်း အဖေ့ လုပ်စာကလေးနှင့် လောက်ငသည် မဟုတ်။ အဖေက ပလတ်စတစ်အိတ် ခွဲသည်။ ပလတ်စတစ်
လျှော်သည်။ ဒန်အိုးစက်မှာလည်း ပြေးလုပ်လိုက်သေးသည်။ စာကလေးခွေ အငှားကြော်သည်။ အဖေက အရက်ကလေးဘာလေး သောက်
ချင်သေးသည်။ သည်အချိန်တွင် ဝင်းရီက ဆယ်နှစ်သာသာ။ အိမ်မှာ ထမင်းချက်။ လေးတန်းအထိတော့ ဝင်းရီ ကျောင်းနေဖူးသည်။

သည့်နောက်တော့ မိသားစုဘဝ သွက်သွက်ခါအောင် လှုပ်ခါသွားရသည့် တရားခံသည် အဖေဟု ဆိုရမည်။ အရက်ကို နည်းနည်း သောက်ရာက များများ သောက်သည်။ အရက်ကိုသာ သဲကြီးမဲကြီး လိုက်ရှာသည်။ မနက်မိုးလင်းက မိုးချုပ် အရက်၏ သားကောင်အဖြစ် ရောက်မှန်းမသိ ရောက်သွားတော့သည်။

သည်တော့ ဝင်းရီက အပျိုပေါက်အရွယ် ဖြစ်သည်။ ဝင်းရီရှက်တတ်ပြီ။ အဖေ့ကို စကားပင် မပြောတော့။ အမေက အဖေနှိပ်စက်မှုကြောင့် ထင်သည်။ စိတ်ထောင်း၍ ကိုယ်‌ကြေသည်ဟု ပြောရမည်။
မတ်တတ်က လဲသည်။ သည်အဖြစ်များသည် ဘဝ၏ ခါးသီးသော အတွေ့အကြုံများ၏ အစမို့ ထင်သည်။ ဝင်းရီက လောကဓံ၏ ဒဏ်ကို
သိပ်မခံနိုင်။ သို့သော် တဖြည်းဖြည်း ရင့်ကျက်လာသည်ဟု ပြောရမည်။ မပြောလို့ကလည်း မဖြစ်။ သည်အိမ်ထောင်စုကြီး၏ တာဝန်ကို ဝင်းရီ ပခုံးပြောင်း ယူလိုက်ရသည်။

ရပ်ကွက်ထဲမှာ ရေထမ်းသည်။ ရင်တွန်း ထိုးသည်။ ကန်စွန်းခူးသည်။ ဝက်ဆီဖတ် အငှား ချက်သည်။ ဆယ့်ခြောက်နှစ် အရွယ် သွေးသား ဆူဖြိုးစ၊ ချစ်စိတ်ကလေးတွေ နိုးကြားစ၊ ဘဝ၏ မသိ
နားမလည်သေးသော လျှို့ဝှက်ချက်ကို စမ်းတဝါးဝါး လိုက်လံ အဖြေရှာတတ်စ အရွယ် ဖြစ်သော်လည်း ဝင်းရီ ဒါတွေကို စိတ်မဝင်စား
အား။ ထမင်း စားဖို့ အရင် ရှာရသည့် ဘဝ။ ဝင်းရီ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများသည် အသက်ရှင်နေထိုင်ရေး ဘဝထဲမှာ ဦးနှောက်ကျွမ်းပြန် နစ်မြှုပ်လျက်ရှိသည်။

ဝင်းရီလည်း သွေးနှင့်သားနှင့် နှလုံးသားနှင့်မို့လား။ တစ်ခါတစ်ခါတော့လည်း ငုပ်လျှိုးနေသယောင်
ယောင်၊ ပျောက်ကွယ်နေသယောင်ယောင် ရှိနေသော ချစ်စိတ်ကလေးက နိုးထချင်သေးသည်။ သည်စဉ်မှာပင် အဖေက သူတို့ သုံးယောက်၏
မပြည့်စုံသော ဘဝထဲမှ မလှမပ ထွက်သွားသည်။ အရက်၏ကျေးကျွန် အဖြစ် ပတ်ဝန်းကျင်နှင့် မိသားစု၏ ငြိုငြင်မှုကို ခံယူရင်း လောကမှ အပြီးအပိုင် ထွက်ခွာသွားသည်။ ထိုအခါ သားအမိနှစ်ယောက်တည်း လောကကို ဖြတ်သန်းရတော့သည်။

အမေသည် ကာလများစွာကို တည်ငြိမ်စွာ ဖြတ်သန်းခဲ့ရသူမို့ မထောင်းတာလှသော်လည်း
ဝင်းရီကမူ ငယ်စိတ်မို့ ကြောက်သည်။ ထို့ကြောင့်လည်း ချစ်စိတ်ကလေး နိုးအထမှာ မြတိုးကို ဘဝအဖော် အဖြစ် လက်ခံခဲ့သည်။သည်တုန်းက မြတိုးက ဆေးလိပ်ခုံမှာ ဆေးစပ်သမား။ ဘာ ဆေးလိပ်ခုံ ဆိုလဲ ပြောတော့ ပြောသည်။ မြတိုး မနက်ပိုင်း ဆေးလိပ်ခုံသို့ သွားချိန် ဆိုလျှင် လမ်းထိပ်မှာ ရေထမ်းနေသော ဝင်းရီနှင့် ဆုံသည်က များသည်။ ပထမတော့ ဝင်းရီ ကြည့်မရ။ လူကောင်က
မည်းမည်းပိန်ပိန်။ ဝါးခြမ်းပြား ငါးပိ သုတ်ထားသည်နှင့် တူသည်ဟု ဝင်းရီ ထင်သည်။ တစ်ခုတော့ ပြောစရာ ရှိသည်။ အမြဲတမ်း ပြုံးရယ်နေတတ်ခြင်း ဖြစ်သည်။ သူ့ကို ဘာပြောပြော မနာတတ်ခြင်းဖြစ်သည်။ ဝင်းရီက ပိုးစိုးပက်စက် ပြောလိုက်လျှင်လည်း ရယ်ကျဲကျဲ လုပ်နေတတ်သည်။

“ဝင်းရီရယ် ပင်ပန်းလိုက်တာ”

“နင့်အလုပ် မဟုတ်ပါဘူး”

“ရော … ခက်ပါ့၊ တို့က သနားလို့ ပြောတာဗျ”

“သနားစရာ မလိုပေါင်တော် … တော် သနားမှလည်း
မဟုတ်ပါဘူး”

“အေးပါဗျာ၊ နောက်တော့မှ သနားတယ် ဆိုရင်လား”

“သေလိုက်ပါလား”

မည်သို့ပင်ဆိုစေ၊ သည့်နောက်ကာလများတွင် ဝင်းရီ မြတိုးကို သနားဖြစ်သွားသည်။ ရယ်ကျဲကျဲမျက်နှာကလေးကို ဝင်းရီ လိုလိုချင်ချင် မြင်ချင်တွေ့ချင်နေတတ်သည်။ ရိသဲ့သဲ့ စကားလေးတွေကိုပဲ
ကြားချင်နေသည်။ ထိုနေ့က မြတိုး ပေးသည့် စာကလေးကို ဝင်းရီ ကြိုးစားဖတ်ရသည်။ အမေ မသိအောင် ညဘက်ကျမှ မီးတိုင်ခွက်အားပြု၍ ဖတ်ရသည်။ မြတိုးကို ဘယ်သူ ရေးပေးသည် မသိ။ စာထဲမှာ ကြယ်ကြွေတာတွေပါသည်။ ချောင်းခြားတာတွေလည်းပါသည်။ မြင့်မိုရ်တောင် ပြိုကျသည် ဆိုလား ပါလိုက်သေးသည်။ ဒါတွေကို ဝင်းရီ
စိတ်မဝင်စား။ စာကလေးတစ်ကြောင်းတည်းကိုပင် စိတ်ဝင်စားသည်။

“ဝင်းရီကို တို့ သိပ်ချစ်တယ်” ဆိုတာကိုပင် ဖြစ်သည်။

တို့ ဆိုတာ ဘယ်သူတွေလဲ မသိ။ သူတစ်ယောက်တည်းက ချစ်တာ မဟုတ်ဘူးလား။ ဘယ်သူတွေနဲ့များ အောင်သွယ်နေတာလဲ မသိ။
မြတိုး တွေ့မှ သေသေချာချာ မေးရဦးမည်။ ထိုညက ဝင်းရီ အိပ်မပျော်။ မနက်မိုးလင်းတော့ မြတိုးကို တွေ့သည်။

“နင် … နင် ပေးတဲ့ စာထဲမှာ တို့ဆို တာ ဘယ်သူတွေ လဲ”

“ဟ … ငါပေါ့ဟ”

“ဟင် … နင်ကလည်း တို့ ဆိုတော့ ဒိပြင်လူတွေ ပါ
သေးသလားလို့”

“ဟာ … ဝင်းရီကလည်း ဒါတောင် မသိဘူးလား၊ အခု အဲသလိုပဲ ရေးကြတာ၊ နင် … စာအုပ်တွေ မဖတ်ဘူးလား”

“သိပေါင်”

“အဲဒါ … ဘယ်လိုလဲ၊ ပြောဦးလေဟာ”

ဝင်းရီက မဖြေ။ ပြုံးရုံတော့ ပြုံးပြဖြစ်ခဲ့သည်။ မြတိုးက မချင့်မရဲ မေးသည်။

“ချစ်တယ်ပေါ့နော်”

“ဘယ်သူက ပြောလို့လဲ”

“ဟင် … နင့်ဟာက”

“မြတိုးရယ်”

ဝင်းရီက ပြောရင်း ပြေးသည်။ မြတိုးကမူ ထုံးစံအတိုင်း ရယ်ကျဲကျဲ ကျန်ရစ်သည်။ သည်လိုဆိုတော့လည်း အချစ် ဆိုတာ ချမ်းမြေ့စရာ အကောင်းသား။

ချစ်သူတွေပေမဲ့ သူများ ချစ်သူတွေလို ချိန်းလိုက်၊ တွေ့လိုက်၊ ကြည်နူးလိုက် လုပ်နေရသည် မဟုတ်။
မနက်မနက် မြတိုးက အလုပ် လာ၊ ဝင်းရီက ရေထမ်း ထွက်၊ ခဏတစ်ဖြုတ် တဒင်္ဂ တွေ့ရရုံ။ မှာစရာကလေး မှာလိုက်ရုံ။ ပြောစရာကလေး ပြောလိုက်ရုံ။ ရင်ကလေး ဖိုရရုံ။ ပင့်သက်ကလေး ရှိုက်ရရုံ။
ဒါပဲ ဖြစ်သည်။ သည့်ထက် ပိုလို့ကလည်း မရ။ တစ်ခါတစ်ခါ မယ်လမုဘုရား၊ ရွှေတိဂုံဘုရား သွားဖို့ မြတိုးက ခေါ်သည်။ တစ်နေ့လုပ်မှ တစ်နေ့ စားရသူအဖို့ အချိန်တွေကို အလဟဿ အကုန်မခံနိုင်။ အမေ့ကို ပစ်မထားခဲ့နိုင်။ မှတ်မှတ်ရရ သုံးနှစ်အတွင်းမှာ လေးခါလား၊ ငါးခါလား တွေ့ဖူးသည်။

( ၃ )

သည့်နောက်တော့ ဝင်းရီတို့ သည်ရပ်ကွက်က ပြောင်းဖို့ ကြုံလာသည်။ ဝင်းရီတို့နေသည့် အိမ်ကလေးကို ပိုင်ရှင်က ပြန်ရောင်းလိုက်သည်။ အိမ်ငှားနေရသည် ဆိုတော့လည်း ဖယ်ပေးရသည်။ ပိုင်ရှင်အသစ်ကို တောင်းပန်ပြီး လေး၊ ငါးရက် နေရင်း နေရာသစ် ရှာရသည်။

အမေကလည်း နေကောင်းပြီးစ ဖြစ်၍ အင်းစိန်မှ သူ့မောင်ကို အကူအညီ တောင်းသည်။ သူ့မောင်ကလည်း သိပ်ပြေလည်လှသည် မဟုတ်။ နေစရာ ဒုက္ခရောက်သည် ဆိုတော့လည်း ပြောင်းလာဖို့ ပြောသည်။ ပြောင်းသည် ဆိုသော်လည်း သူ့အိမ်ကို မဟုတ်။ သူ့ခြံထဲတွင် နေရာကွက်ကလေး တစ်နေရာ ပေးခြင်းသာ ဖြစ်သည်။ သည်နေရာတွေက တရားဝင်သည် မဟုတ်။ ဖယ် ဆိုလျှင် ဖယ်ပေးရမည့်နေရာ၊ ကျူးကျော်။

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ရသေးသည်။ သည်လိုနှင့် သည်နေရာလေးကို ဝင်းရီတို့ ရောက်လာရခြင်း ဖြစ်သည်။ အိမ်ဆောက်ဖို့ ဆိုသည်ကလည်း လွယ်သည် မဟုတ်။ ရောက်ရောက်ချင်း လုပ်ထား
သည့် ကုန်ဝယ်စာအုပ်ကလေး ပေါင်၊ နားကပ်ကလေး ချွတ်၊ စုဆောင်းထားတာလေး ထုတ်။ ဝါးအိမ်ကလေး ဆောက်တာတောင် ခြောက်ရာကျော် ကုန်သွားသည်။

နေရာသစ်မို့ ဘာလုပ်စားရမှန်း မသိ။ သူ့ဒေသနှင့် သူ။သည်နေရာမှာ ရေရောင်းဖို့က မလွယ်။ သူတို့ကိုယ်တိုင် သောက်ဖို့တောင် အနိုင်နိုင်။ ရှိတော့ ရှိသည်။ ဝေးသည်။ မုန့်ဟင်းခါး၊ ဝက်ဆီဖတ်ဖို၊ စာကလေးခွေဖို ဆိုသည်ကလည်း သည်အရပ်ဒေသမှာ မရှိ။သည်တော့လည်း ရှင်းရှင်းကလေး။ ပတ်ဝန်းကျင်က သင်သွားသည်။ပတ်ဝန်းကျင်နှင့် ဒွေးရောယှက်တင် ဖြစ်သွားသည်။ အကျိုးတူ စီး
ပွားဖက် ဖြစ်ကုန်ပြီ။ သူတို့ကလည်း အုပ်စုကလေးတစ်ခု ဖြစ်သည်။သူတို့ကို ရေနံအုပ်စု ဟူ၍လည်းကောင်း၊ အရှေ့အလယ်ပိုင်း ဟူ၍
လည်းကောင်း ခေါ်ကြသည်။

သည်လိုနှင့် သည်နေရာလေးမှာ ငါးနှစ်တင်းတင်း ရှိ
ခဲ့ပြီ။ ငါးနှစ်အတွင်း မြတိုးလည်း ပေါ်မလာ။ ဝင်းရီကလည်း သွားမတွေ့တော့။ သည်လိုနှင့် သူတို့ချစ်ခရီး တစ်ခန်းရပ်သွားသည်ဟု ဆိုရမည်။ အဖေ ဆုံးပြီးကတည်းက အမေကလည်း တရှောင်ရှောင်
ဖြစ်လေ့ရှိသည်။ ယခုလည်း အမေ လဲသည်မှာ တန်ခူးလပြည့်ကျော် ကတည်းက။ အခု ဝါဆို ဆိုတော့ လေးလနီးပါး ရှိပြီ။ တတ်နိုင်သလောက် ဆေးမြီးတိုနှင့် ကုသော်လည်း သက်သာသည် မရှိ။ ကောင်းလည်း ခဏ။ စိတ်ကလည်း ပါသည် ဆိုတော့ တော်ရုံတန်ရုံ ဆေးတိုးနိုင်မည် မထင်။

“သမီး … ဝင်းရီ”

အမေ့ထံမှ ညည်းသံသဲ့သဲ့ ထွက်လာမှ ဝင်းရီအတွေး ရပ်သွားသည်။ မည်မျှကြာအောင် ငိုင်နေမိသည် မသိ။ အမေ့ကို စောင်ပိုင်းလေး ထပ်ခြုံပေးလိုက်သည်။ ကဲလားတံခါးကို ဒေါက်ဖြုတ်လိုက်သည်။ လေ နည်းနည်းတော့ လုံသွားသည်။ ဒါတောင် ကြမ်း
ကြားလေက တိုးချင်သေးသည်။ မီးတိုင်ခွက်မှ မီးတောက်က မီးစာသီးများကြောင့် ချည့်နဲ့စွာ တောက်လောင်လျက်ရှိသည်။ ဝင်းရီက မီးစာ
ကို မြှင့်တင်လိုက်သည်။

( ၄ )

မိုးတွေ ညိုလာပြန်ပြီ။ ဝင်းရီက ပေါက်ပြဲနေသော ဓနိဖက်အမိုးကို မော့ကြည့်နေမိသည်။ အချို့နေရာများတွင် ပေါက်နေပြီ။ ကတ်စက္ကူထူ
ထူ ကလေးများဖြင့် ထိုး၍ ဖာထားသည်။

“သမီး … အမေ့ကို ရေနွေးကြမ်း တစ်ခွက် ပေးစမ်း”

အမေ ကနေ့မနက် နည်းနည်းတော့ လန်းသည် ထင်သည်။မနက်ကပင် ဝါးဘီးကလေးနှင့် သူ့ဆံပင် သူ ရှင်းနေတာ တွေ့ရသေးသည်။သည်တော့လည်း ဝင်းရီ ဝမ်းသာရသည်။

“အမေ … ဗယာကြော် စားမလား၊ စားပါလား”

“မစားပါဘူးကွယ်၊ ရေနွေးကြမ်းပဲ ပေးပါ”

ဝင်းရီက ရေနွေးကြမ်းတစ်ခွက် အမေ့ကို ပေးသည်။

“သမီး အဝတ်တွေ လျှော်ဦးမယ်”

“အေး … အေး”

ဝင်းရီက တဲအပြင်သို့ ထွက်လိုက်သည်။ ညိုနေသော မိုးက မရွာသေး။ မိုးသက်လေတော့ စိမ့်စိမ့်ကလေး တိုက်နေသည်။တင်းခံနေသော မိုးက အဝတ် လေး၊ ငါးထည် ဖွပ်ချိန်လောက်တော့
လွတ်ကောင်းပါရဲ့။

“ဝင်းရီရေ … ဟေ့ကောင်မ၊ ဒီမယ် ဧည့်သည်”

ဝင်းရီက အမာကြည့်အော်သံကြောင့် အဝတ်ထုပ်ကို စည်ပိုင်းစပ်သို့ ပစ်ချလိုက်သည်။ ဧည့်သည် ဆိုသူကို လှမ်းကြည့်လိုက်သည်။ ဘယ်ကပါလိမ့်။ ဧည့်သည်ကား တပ်မတော်သား ဖြစ်ဟန်ရှိသည်။ စစ်မိုးကာကို ပခုံးပေါ်တင်ထားသည်။ မည်းမည်းပိန်ပိန်။

“အို … မြတိုး”

မြတိုးက ရယ်ကျဲကျဲနှင့် ချောင်းကူးဝါးတံတားကို ကျော်ဖြတ်လာသည်။

“ဝင်းရီ … ငါ့ကို မှတ်မိလား”

ဝင်းရီက ပူနွေးရှိန်းမြသွားသော ရင်ကို လက်နှင့် အသာ ဖိလိုက်သည်။

“မှတ် … မှတ်မိတာပေါ့ဟယ်၊ မှတ်မိတာပေါ့ မြတိုးရယ်”

ဝင်းရီက တဲပေါ်တက်သည်။ မြတိုးက တဲပေါက်ဝမှာ
တင်ပါးလွှဲထိုင်ရင်း စစ်ဖိနပ်ကို ချွတ်သည်။

“အမေ … ဒီမယ် မြတိုးရယ်”

“ခေါ်ပါ သမီးရယ်၊ လက်ဖက်လေးဘာလေး ဝယ်ပါဦး”

“နေပါစေ ကြီးကြီး၊ ကျွန်တော် အချိန်မရဘူး၊ ပြန်မှာ ခဏပဲ”

“ကျွန်တော် ဇီးကုန်းက ခလရ ၆ မှာ ရောက်နေတယ်။နယ်က ပြောင်းလာတာ မကြာသေးဘူး၊ ဟိုနေ့က ကျွန်တော် ရထားပေါ်ကနေပြီး ဒီလမ်းထဲ ဝင်းရီ ဝင်သွားတာ မြင်လိုက်လို့ မေးစမ်းပြီး လိုက်လာတာ၊ ဝမ်းသာလိုက်တာ ဝင်းရီရယ်၊ ဒီတစ်သက် မတွေ့ရတော့ဘူး ထင်နေတာ သိလား”

ဝင်းရီက ဆက်ခနဲ မော့ကြည့်လိုက်သည်။
ဟုတ်သည်။သူ ကိုယ်တိုင်ပင်လျှင် သည် အတိုင်း ယူဆထားပြီးဖြစ်သည်။ မြတိုးမျက်နှာကို တစ်ဆက်တည်း စိုက်ကြည့်နေမိသည်။

မည်း၍ ပိန်သည် မှန်သော်လည်း ကျစ်လျစ် မာကျောလာသည်ဟု ဝင်းရီ ထင်သည်။
ဆံပင်တိုတို ခံ့ညားနေသည်ဟု ထင်သည်။

“ဘာကြည့်တာလဲဟ”

“ဪ … နင်က စစ်သားကြီးတောင် ဖြစ်နေမှကိုး၊
နေနိုင်လိုက်တာ စာကလေး တစ်စောင်တောင် မထည့်ဘူး”

“နင်တို့က အင်းစိန်ဘက် ပြောင်းတယ်ပဲ ကြားရတာ၊ အင်းစိန်က အကျယ်ကြီး၊ ငါက ဘယ်လို ထည့်မလဲ၊ ငါကလည်း စစ်ထဲ ဝင်တုန်းက နင့်ကို မတိုင်ပင်ဘဲ ဝင်သွားခဲ့တာ နင် တားနေမှာစိုးလို့”

“ဘာဖြစ်လို့ တားရမှာလဲ၊ ငါကတောင် အားပေးရဦးမှာ”

“ဒါထက် ဒီ ပြောင်းလာပြီး နင်တို့သားအမိ ဘာ လုပ်စားနေကြသလဲ”

ဝင်းရီက အပြင်သို့ ငေးကြည့်နေသည်။ မိုးရိပ်မည်းမည်း၏ အနားစပ် တစ်လျှောက် လယ်ကွင်း
စိမ်းစိမ်းက တစ်မျှော်တစ်ခေါ်။စိမ်းမြသော လယ်ကွင်း တစ်နေရာတွင် ဗျိုင်းဖြူကလေးများ
ငါး စောင့်နေသည်။ အားလုံး ခြောက်ကောင်။

“တို့လား … ဗျိုင်းမည်းတွေလေ”

“ဘာရယ်”

“အော် … ဗျိုင်းမည်းတွေလို့”

ဝင်းရီက သူတို့ဘဝကို ရှင်းပြသည်။ မြတိုးက ငြိမ်၍ နားထောင်သည်။ အမေကမူ တစ်ခွန်းမှ ဝင်မပြော။ တစ်ဖက်သို့ စောင်းအိပ်နေသည်။ တမင်ပဲ စောင်းနေသလား၊ တကယ်ပဲ စောင်းနေသလားတော့ မသိ။

“နင်တို့ဘဝက မရေရာလှပါဘူးဟာ၊ ပြီးတော့ ပြည်သူပိုင် ပစ္စည်းတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သတ်နေတာ မကောင်းပါဘူး၊ မလုပ်နဲ့တော့၊ ငါ အရင်းအနှီး ထုတ်ပေးမယ်၊ ဈေးရောင်းမလား”

“ရောင်းမယ်လေ၊ ငါကလည်း မလုပ်ချင်ပါဘူးဟယ်၊ စားဝတ်နေရေး မဟုတ်လား”

“တခြား လုပ်စရာတွေ အများကြီးပါ ဝင်းရီ၊ ငါ တပ်
ထဲမှာ လက်ထပ်ခွင့် တင်မယ်၊ ပြီးတော့ နင်တို့သားအမိကို လာခေါ်မယ်”

မြတိုးက ဝင်းရီလက်ကလေးကို လှမ်းကိုင်သည်။ ဝင်းရီက အမေ့ဘက်ကို မျက်စောင်းထိုးပြသည်။

“အံမာ အခုမှ မရှက်ပါနဲ့၊ ကြီးကြီးက သဘောတူပြီးသား”

သည်တစ်ခါတော့ လက်ကလေးကို လှမ်းပေးသူက ဝင်းရီ။မြတိုးက အလိုက်သင့် ဆုပ်ကိုင်လိုက်သည်။ သွေးကြောတွေ ပေါက်ကွဲသွားသလား ထင်ရသည်။
ထိုစဉ်မှာပင် တစ်ချိန်လုံး တင်းမာနေသည့် မိုးက ဝေါခနဲ ရွာချလိုက်သည်။ မိုးသက်လေပါ ပါလာသည်။ အမေညိုတို့ အုပ်စုက လမ်းထိပ်မှ အော်ခေါ်သည်။ မိုးရွာလျှင် ဗျိုင်းမည်းတို့ ထွက်
နေကျ။

“ဝင်းရီရေ … ဟေ့ … ဝင်းရီ”

“မလိုက်တော့ဘူး အမေညိုရေ၊ သွားကြတော့”

ဝင်းရီ ဘယ်တော့မှလည်း လိုက်တော့မည် မဟုတ်။ အမေညိုတို့၊ အမာကြည်တို့ကတော့ ဘယ်လို ထင်မည် မသိ။ နောက်မှ ရှင်းပြရမည်။ ပြီးတော့ သူတို့ကိုလည်း ဗျိုင်းမည်းများဘဝက လွတ်မြောက်အောင် ရုန်းထွက်ခိုင်းရမည်။