အတွဲ(၂) စာစဉ်(၄)

(၁)

နောက်တစ်နေ့မနက်သို့ရောက်ခဲ့ပြီဖြစ်သည်။ ဘခက်မှာ အိပ်ရေးသိပ်မဝသဖြင့် ခေါင်းကအုံခဲကာ ကိုက်နေသည်။ မနက်စာစားရန်အတွက် ဆိုဖီကလာခေါ်လေရာ ဘခက်တစ်ယောက် အိမ်အောက်သို့ဆင်းလာခဲ့သည်။ ထမင်းစားခန်းအတွင်းရှိ စားပွဲကြီးပေါ်တွင် မနက်စာများကိုပြင်ဆင်ထားသည်။ ဘခက်က ခုံတွင်ဝင်ထိုင်လိုက်သည့်အခါ ဆိုဖီက ဘခက်အနီးရှိခွက်တစ်ခုအတွင်းသို့ လက်ဖက်ရည်ကိုငှဲ့ထည့်ပေးလိုက်သည်။ ဘခက်အရှေ့တွင်လည်း ပန်ကိတ်ဟုခေါ်သည့် ဘိန်းမုန့်သဏ္ဍာန်ကိတ်မုန့်ပြားကလေးများကို လေးငါးခုထပ်ထားသည့် ပန်းကန်ကိုချပေးလိုက်တော့သည်။ မနက်စာ စားပွဲဝိုင်းတွင် မနှင်းဆီတစ်ယောက်မရှိပေ။

“စားပါ မောင်ဘခက်၊ စားပါ”

ဝီလျံက ပြောပြောဆိုဆိုနှင့် သူ့အရှေ့ပန်းကန်ပြားအတွင်းရှိသည့် ပန်ကိတ်ကလေးများအပေါ်သို့ သကာရည်များကိုလောင်းချလိုက်လေသည်။

“ဟောဒါကတော့ မေပယ်လ်ပင်ကထွက်တဲ့သကာရည်ပဲ၊ သိပ်အရသာရှိတယ်”

ဘခက်မှာ သကာရည်ပင်မဆမ်းတော့ဘဲ ပန်ကိတ်များကိုလက်နှင့်ကိုင်ဆွဲကာ ပလုပ်ပလောင်းဝါးစားနေလိုက်သည်။ ဆိုဖီက ဝီလျံအနီးတွင် ရပ်လိုက်ပြီးနောက်

“ရိုစီလည်း ဆင်းမလာပါလား”

ဝီလျံက လက်ကာပြလိုက်ရင်း

“ရိုစီအကြောင်း ကျုပ်သိတယ်၊ သူအခုလောလောဆယ် စိတ်ထိခိုက်နေလိမ့်မယ်၊ သူ့ကိုပိုပြီးဖိအားတွေသွားမပေးပါနဲ့၊ သုံးလေးရက်လောက်တော့ သူ့ကိုအနားယူပါစေ”

ဘခက်မှာ မနှင်းဆီအတွက်စိတ်ပူပန်သွားမိသည်။ မနှင်းဆီမှာ ပုခုံးတွင် သေနတ်ဒဏ်ရာရထားခြင်းကြောင့်ဖြစ်သည်။ စားသောက်နေရင်း မစ္စတာဝီလျံက ဘခက်အားကြည့်ကာ

“ဒါနဲ့ မောင်ဘခက်ဟိုတစ်နေ့က ကိစ္စအကြောင်းကို ဆက်ပြောဖို့မေ့နေတယ်နော်”

“ဘာကိစ္စလဲ”

“တော်ဝင်ကစားပွဲဆိုတဲ့အကြောင်းလေ”

ထိုအခါ ဘခက်မှာပြုံးလိုက်ကာ

“မနက်ခင်းစောစောစီးစီး မင်္ဂလာရှိတဲ့အချိန်မျိုးမှာ၊ ဒီလိုယုတ်မာရက်စက်လွန်းတဲ့အကြောင်းတွေကို ခင်ဗျားက နားထောင်နိုင်ရဲ့လား မစ္စတာဝီလျံ”

ဘခက်မေးလိုက်သည့်အခါ မစ္စတာဝီလျံက ခေါင်းညိတ်လိုက်ပြီး

“နားထောင်ချင်ပါတယ်၊ ကျုပ်သိပ်ပြီးတော့ နားထောင်ချင်ပါတယ်”

ဘခက်မှာ သူ့အရှေ့တွင်ချထားသည့် လက်ဖက်ရည်ခွက်အားငေးကြည့်ရင်း သူ၏အတွေးစများမှာ အတိတ်ဆီသို့ တစ်စတစ်စနှင့်ရွေ့လျားသွားလေတော့သည်။

(၂)

“ဟေ့ကောင်၊ မင်းကိုယ်မင်းဘာထင်နေသလဲကွ၊ ဗမာတန်းမှာ ထော်ကြီးကိုလှန်ရဲတဲ့ကောင်မရှိဘူးဆိုတာ မင်းမသိဘူးလား”

ဘခက်နှင့် ထော်ကြီးမှာ ထောင်အတွင်းရန်စောင်နေကြလေသည်။ ဘခက်ထောင်ကျသည်မှာ နှစ်နှစ်ပင်ရှိလေပြီ၊ ၁၉၁၇ခုနှစ်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။ ဘခက်မှာ ထောင်အတွင်း ဗမာအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျနေသည့် ထော်ကြီးအား မကျေနပ်သည်မှာ ကြာပြီဖြစ်သော်လည်း ဦးဘိုးတူက ကြားဝင်ကာဆီးနေပေးသဖြင့် ထိပ်တိုက်မတွေ့ခဲ့ပေ၊ သို့သော် အခုတော့ ဦးဘိုးတူလစ်ပြီမို့ ဘခက်တစ်ယောက် ထော်ကြီးအား ငုံ့မခံရန်ဆုံးဖြတ်လိုက်လေသည်။

“ဒီမှာထော်ကြီး၊ ခင်ဗျားဖာသာခင်ဗျား ဘာတန်းမှာ ဘာကြီးပဲဖြစ်နေဖြစ်နေ ခင်ဗျားရောကျုပ်ရောက ဟောဒီအကျဉ်းထောင်ကြီးထဲမှာ တစ်ကျွန်းကျခံနေရတဲ့ လူတွေဆိုတာကို ခင်ဗျားမမေ့နဲ့”

“သြော်၊ မင်းက အသည်းကောင်းလို့ပွဲတောင်းတယ်ပေါ့ဟုတ်လား၊ ထော်ကြီးတဲ့ကွ၊ မင်းလိုကောင်ကို ငါကကြောက်မယ်များထင်နေလား”

“ကျုပ်ကရော ခင်ဗျားကိုကြောက်မယ်များထင်နေသလား”

ထော်ကြီးနှင့် ဘခက်တို့မှာ အကျဉ်းသားများ လွတ်လပ်စွာနေနိုင်သည့် အချိန်၊ အကျဉ်းထောင်အလယ်ကွင်းပြင်ကြီးတွင် တစ်ဦးနှင့်တစ်ဦး ရန်တုရန်ပြိုင်ဖြစ်ကုန်ကြသည်။ ထိုကွင်းပြင်ကြီးအတွင်း အဆောင်အသီးသီးမှ အကျဉ်းသားများ အားလုံးရှိနေကြသည်မို့ အားလုံးက ဘခက်နှင့်ထော်ကြီး၏ ရန်ပွဲကိုဝိုင်းကြည့်နေကြလေသည်။ ထိုအခါ ဦးဘိုးတူက အကျဉ်းထောင်ရုံးခန်းအတွင်းမှ ပြေးထွက်လာကာ ဘခက်တို့နှစ်ဦးအနီးသို့ရောက်လာခဲ့သည်။ ဦးဘိုးတူက ထော်ကြီး၏ရင်ဘတ်ကို လက်နှင့်တွန်းလိုက်ကာ

“မင်းတို့ဘယ်လိုဖြစ်နေကြတာလဲကွာ၊ စိတ်အေးအေးထားကြစမ်းပါ”

ထော်ကြီးက ဦးဘိုးတူ၏ရင်ဘတ်ကိုတွန်းထည့်လိုက်ရာ ဦးဘိုးတူမှာ အနောက်သို့ယိုင်လဲသွားသည်။

“ခင်ဗျားက ခင်ဗျားလူကျတော့မတားဘဲ ကျုပ်ကိုလာတားနေတာလား၊ ခင်ဗျားလူကို ခင်ဗျားအရင်ထိန်း”

ဦးဘိုးတူက ဘခက်၏ ညာလက်ပြတ်ကိုဆွဲလိုက်ရင်း

“ဟုတ်ပါတယ် ဘခက်ရာ၊ မင်းတို့ ဒေါသထိန်းကြစမ်းပါကွ၊ ဒီနေရာက ရန်ဖြစ်လို့ကောင်းတဲ့နေရာမဟုတ်ဘူးကွ”

ဘခက်ကလည်း ဦးဘိုးတူလက်ကို ပုတ်ချလိုက်ရင်း

“ဒီမှာ ဘခက်ဆိုတာ အချိန်မရွေး၊ နေရာမရွေးဘူး၊ မကျေနပ်ရင်ကြိုက်တဲ့နေရာရှင်းလို့ရတယ်”

ထို့နောက် ထော်ကြီးကိုလက်ညှိုးထိုးလိုက်ကာ

“ဒီမယ်ထော်ကြီး၊ ခင်ဗျားကျုပ်တို့လို ဘဝတူထောင်သားတွေအချင်းချင်းအပေါ်ကို ကတုံးပေါ်ထိပ်ကွက်တာ များနေပြီနော်၊ ကျုပ်လုံး၀ သည်းမခံနိုင်တော့ဘူး”

ထော်ကြီးက ခါးထောက်လိုက်ကာ

“အောင်မာ၊ သည်းမခံနိုင်တော့ မင်းကဘာလုပ်ချင်သလဲ”

ဘခက်က ဒေါသထွက်ကာ ထော်ကြီးထံသို့ ပြေးဝင်သွားလေသည်။ ထော်ကြီးအား ဘက်ဖက်လက်သီးဖြင့် မျက်နှာကိုဖြတ်ခနဲထိုးချလိုက်သည်။ သို့သော် ထော်ကြီးမှာ ဘခက်၏ထိုးချက်ကို ခေါင်းလှည့်ကာ အသာရှောင်တိမ်းလိုက်ကာ ဘခက်၏ ရင်ဝကို ဒူးဖြင့်တိုက်ချလိုက်သည်။ ဘခက်က ထိုဒူးချက်အား ညာလက်ပြတ်ဖြင့် လှမ်းပုတ်ချသော်လည်း လက်ကတိုနေသည်မို့ မကာမိဘဲ ရင်ဝကိုဒူးချက်ကျကာ အနောက်သို့ ခြေသုံးလှမ်းစာခန့် လွင့်ထွက်သွားလေသည်။ ထော်ကြီးက ဘခက်အားကြည့်ကာ ရယ်ကျဲကျဲဖြင့်

“မင်းကများ ငါ့ကိုတိုက်ချင်သေးတယ်တဲ့လား ဒုက္ခိတကောင်ရဲ့”

ထိုစကားက ဘခက်ဒေါသကို ပိုမိုဆွပေးလိုက်သလိုဖြစ်သွားကာ ဘခက်က ဒုတိယအကြိမ်ပြေးဝင်လိုက်ပြန်သည်။ ယခုတစ်ခါတွင်တော့ ဒူးပျံဖြင့်ခုန်ဝင်သွားခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျုံ့နိုင်သမျှ ကျုံ့အောင်သေးလိုက်ကာ ဒူးချွန်ထိပ်တွင် အားကုန်ထည့်လိုက်ပြီး ခုန်ဝင်သွားလိုက်ခြင်းဖြစ်သည်။ ထိုဒူးချက်မှာအလွန်ပြင်းထန်လှသည်ဖြစ်ရာ သာမန်လူတစ်ယောက်၏ ရင်ဝကိုထိုးနှက်မိလိုက်သည်နှင့် ထိုလူ၏နှလုံးအား ထိခိုက်ကာ သေဆုံးစေနိုင်သည်။ သို့သော်လည်း ထော်ကြီးက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး ဒူးချက်ကို ပြန်လည်ခုခံလိုက်လေရာ ဘခက်မှာထော်ကြီးထက် လူကောင်သေးသည်မို့ ဘခက်သာ အနောက်သို့လွင့်ကျသွားသည်။

“မင်းအလှည့်ပြီးရင် ငါတိုက်မယ့်အလှည့်ပဲကွ”

ထော်ကြီးက ရေရွတ်လိုက်ပြီး အနောက်သို့လွင့်ထွက်သွားသည့် ဘခက်ထံသို့အပြေးဝင်လာသည်။ ထော်ကြီး၏ လက်သီးများက ဘခက်ထံသို့ ဝေ့ကာဝိုက်ကာဖြင့်် ပြေးဝင်လာရာ ဘခက်က ထော်ကြီးလက်သီးချက်များကို ပုတ်ချကာကွယ်နေရသည်။ ထော်ကြီးနှင့်တိုက်ခိုက်ရင်း ထော်ကြီး၏ လက်စွမ်းမှာလည်း ဘခက်ထက်မညံ့သည့် လက်စွမ်းမှန်းကို မှန်းဆသိလိုက်မိသည်။ ဘခက်မှာ မျက်နှာဘယ်ဖက်ဆီသို့ ပြေးဝင်လာသည့် လက်သီးချက်အား ဘယ်လက်နှင့်ပုတ်ချလိုက်သည့်အချိန် ထော်ကြီး၏ ညာလက်သီးက ဘခက်၏ညာဘက်ပါးပြင်ကို ထိုးမိသွားကာ ဘခက်တစ်ယောက် တစ်ပတ်လည်ထွက်သွားတော့သည်။

လက်သီးချက်ပြင်းသောကြောင့် ဘခက်ပင်ခေါင်းများေ၀ဝါးသွားရသည်။ ခြေထောက်ကိုအားပြုကာ မြေပြင်တွင်မယိမ်းယိုင်စေရန် ရပ်နေရသည်။ ထိုအခိုက် အကျဉ်းသားများမှာ အော်ဟစ်ကာ အားပေးကြသည်။ အကျဉ်းထောင်အတွင်း သံတိုင်များကို အရိုးများ၊ ဇွန်းခွက်များ၊ သစ်ကိုင်းများနှင့် စီးချက်ညီညီတီးခေါက်ကာ အားပေးကြလေသည်။ အကျဉ်းထောင်အာဏာပိုင်များမှာ ဘခက်တို့တိုက်ခိုက်နေသည်ကို မြင်တွေ့ကြသော်လည်း လက်ဝှေ့ပွဲကြီးပွဲကောင်းတစ်ပွဲကို ကြည့်နေရသည့်အလား ဟန့်တားခြင်းမရှိဘဲ ကြည့်ကောင်းကောင်းနှင့်ကြည့်နေကြလေသည်။

ထော်ကြီးမှာ လက်မောင်းအိုးများကို လက်ဝါးဖြင့်တဖြောင်းဖြောင်းမြည်အောင် လက်ခမောင်းခတ်လိုက်ရင်း

“ဟေ့၊ မင်းလိုဒုက္ခိတက ငါ့ကိုနိုင်မယ်ထင်လို့လားကွ”

ဘခက်မှာ အာခေါင်ကိုခြစ်ပြီး အသံပြဲကြီးနှင့် ဟစ်အော်လိုက်လေသည်။ ထော်ကြီးမှာ ဘခက်ထက်အင်အားကြီးသူဖြစ်ရာ ထော်ကြီး၏ တိုက်ကွက်များကို အမာနည်းဖြင့် ပြန်လည်ခုခံကာကွယ်ရန်မဖြစ်နိုင်တော့သည်ကို သိလိုက်သည့်အတွက် အပျော့နည်းဖြင့် ထော်ကြီး၏ တိုက်ကွက်များကို ရှောင်ရှားကာ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်ကာ ထော်ကြီး၏ အတိုက်ကိုစောင့်နေလေသည်။

အကျဉ်းသားများက ဝိုင်းဝန်းအော်ဟစ်အားပေးနေကြသည်ဖြစ်ရာ ထော်ကြီးက ဘခက်ထံသို့အပြေးဝင်လာပြန်သည်။ ဘခက်အား အယောင်ပြလက်သီးများဖြင့် ပထမတိုက်ခိုက်သည့်နည်းတူ တိုက်ခိုက်ပြန်သည်။ ဘခက်က အပျော့နည်းကိုပြောင်းလဲလိုက်သည်မို့ အယောင်ပြလက်သီးများအား မကာကွယ်ဘဲ ပွတ်ခါသီခါဖြင့် ရှောင်တိမ်းပြနေလေသည်။ ထော်ကြီး၏ လက်သီးလေးချက်စလုံး ဘခက်ကိုမထိခိုက်သည်မို့ ထော်ကြီးက တိုက်ကွက်ပြောင်းသွားသည်။ ယခုတစ်ကြိမ်တွင် အယောင်ပြလက်သီးကိုပြလျှက် ဘခက်၏ရင်ဝသို့ ခြေဖနောင့်ဖြင့် ထိုးဆောင့်ကန်ထည့်လိုက်သည်။ ဘခက်က ခြေဖနောင့်ချက်အား ကိုယ်ကိုတစ်ပတ်လှည့်ကာ ရှောင်တိမ်းပြီးနောက် လေပေါ်တွင် တစ်ပတ်ကျွမ်းထိုးလိုက်လျှက် ထော်ကြီး၏ ပုခုံးနှင့်လည်ပင်းအကြားကို နောက်ပေါက်ဖနောင့်ဖြင့် ပေါက်ချထည့်လိုက်ရာ ထော်ကြီးမှာ ထိုပေါက်ချက်ကို ထိသွားပြီး အရှေ့သို့ဟပ်ထိုးလဲကျသွားတော့သည်။

ထော်ကြီးမှာ ချက်ချင်းပင်မထနိုင်ဘဲ မြေပြင်တွင်လိမ့်နေသည်။ ခဏကြာသည့်အခါမှ မတ်တပ်ထရပ်နိုင်သည်။ သို့သော် ကောင်းကောင်းရပ်နိုင်ခြင်းမဟုတ်ဘဲ ခြေထောက်များက ယိုင်နဲ့နေလေသည်။ ဘခက်က ဒူးတစ်ဖက်ကိုလေပေါ်ထောင်လိုက်ပြီးနောက် ညာဘက်လက်မောင်းအိုးအား ဘယ်ဘက်လက်ဖြင့် တဖြန်းဖြန်းရိုက်လိုက်ရင်း

“ဘာမထီတဲ့ ရွှေဘိုနယ်သားကွ၊ ဟေ့ကောင် ထော်ကြီး ငါ့လိုလက်တစ်ဖက်ထဲရှိတဲ့လူက မင်းကိုတီးထည့်လိုက်တာ တော်တော်မှဆိမ့်ရဲ့လား”

ထော်ကြီးမှာ မျက်နှာကြီးကိုရှုံ့မဲ့လိုက်ပြီး လက်သီးကိုဝင့်ကာ ဘခက်ထံသို့ပြေးဝင်လာသည်။ သို့သော် ဘခက်အနားသို့ပင် မရောက်လိုက်ဘဲ သုံးလံခန့်အလိုတွင် မြေကြီးပေါ်သို့ မှောက်လျက်သား ကားယားကြီးလဲကျသွားသည်။ အားပေးကြည့်ရှုနေကြသည့် အကျဉ်းသားများအားလုံး အသံတိတ်သွားကြသည်။ ထော်ကြီးပြန်ထလာမလားဆိုပြီး အားခဲထားကြသော်လည်း ထော်ကြီးမှာ မျက်ဖြူဆိုက်ကာ သတိလစ်နေပြီဖြစ်သည်။ ထိုအခါမှ အကျဉ်းထောင်ဝန်ထမ်းများမှာ ဘခက်ထံသို့ပြေးလာကြလေသည်။

ဘခက်အား သေနတ်ဖြင့်ထိုးချိန်လိုက်သောကြောင့် ဘခက်က လက်မြှောက်လိုက်ရတော့သည်။ ထိုတော့မှ အကျဉ်းထောင်ဝန်ထမ်းများက ဘခက်အား နံပတ်တုတ်များဖြင့်လှိမ့်ရိုက်ကြသည်။ ဘခက်မှာ လိမ့်နေအောင်အရိုက်အနှက် အကန်အကြောက်ခံရသည်။ အကျဉ်းထောင်ဝန်ထမ်းများ စိတ်ကြိုက်ရိုက်နှက်ပြီးတော့မှ အကျဉ်းထောင်အုပ်ချုပ်ရေးအရာရှိက ထွက်လာကာ

“အကျဉ်းသားအချင်းချင်း ရန်မဖြစ်ရ၊ မတိုက်ခိုက်ရဘူးဆိုတာ မင်းတို့မသိဘူးလား၊ ကဲ ဒီကောင့်ကို တော်ဝင်အကျဉ်းခန်းထဲကိုပို့လိုက်”

အကျဉ်းထောင်ဝန်ထမ်းများက ဘခက်အား လက်မောင်းမှဆွဲထူကာ ဖမ်းချုပ်ကြလေသည်။ ထိုအခါ ဦးဘိုးတူက အကျဉ်းထောင်အရာရှိထံသို့ ပြေးလာကာ

“တော်ဝင်အကျဉ်းခန်းထဲကိုတော့ မပို့ပါနဲ့ သခင်ကြီးရယ်၊ သူ့ကို တိုက်ပိတ်တာလောက်နဲ့ လုံလောက်ပါပြီ”

အကျဉ်းထောင်အရာရှိကာ ဦးဘိုးတူအားကြည့်ကာ

“ဟေ့ကောင် ဘိုးတူ၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး၊ မင်းနေရာမင်းသိစမ်း”

ဦးဘိုးတူမှာ ဘာမှမပြောသာတော့ဘဲ သက်ပြင်းရှည်ကြီးတစ်ချက်သာ ချလိုက်မိတော့သည်။ အကျဉ်းထောင်ဝန်ထမ်းများ၏ ဆွဲခေါ်သွားခြင်းကိုခံရသည့် ဘခက်မှာ ဦးဘိုးတူအားကြည့်ရင်း

“ကျုပ်ကို ဘာမှမပူပါနဲ့ ဦးဘိုးတူ၊ ကျုပ်ယောက်ျားပါဗျ၊ လုပ်ရဲရင် ခံရဲတယ်”

ဦးဘိုးတူက ခေါင်းခါလိုက်ကာ

“တော်ဝင်အကျဉ်းခန်းဆိုတာ သာမန်အကျဉ်းခန်းနဲ့မတူဘူး ဘခက်ရ”

ဟု တိုးတိုးကလေး ရေရွတ်လိုက်လေသည်။

(၃)

အောက်ခြေတွင် မိလ္လာရည်များ ခြေမျက်စိခန့်နစ်မြုပ်နေသည့် အခန်းကျဉ်းတစ်ခန်းအတွင်းသို့ ဘခက်အားဆွဲခေါ်လာကြသည်။ အခန်းဝရောက်သည့်အခါ ဘခက်၏ကျောကုန်းအား ဆောင့်ကန်ထည့်လိုက်သဖြင့် ဘခက်မှာအရှေ့သို့ဟပ်ထိုးလဲကျသွားသည်။ မိလ္လာရည်များမှာလည်း တစ်ကိုယ်လုံး ပေကျံသွားတော့သည်။ ထိုအကျဉ်းခန်းအတွင်း အကျဉ်းသားအယောက်နှစ်ဆယ်ခန့်ရှိကာ တစ်ယောက်နှင့်တစ်ယောက် အတန်ငယ်ခွာလျှက် မတ်တပ်ရပ်နေကြလေသည်။

မိလ္လာရည်များမှာ နံစော်လှကာ ယင်မဲကြီးများမှာလည်း တဝီဝီနှင့််ပျံသန်းနေကြသည်။ ဘခက်က ကိုယ်တွင်ပေနေသည့် မိလ္လာရေများကိုခါချနေရင်း

“ပြောတော့ တော်ဝင်အကျဉ်းခန်းတဲ့ လက်တွေ့ကျတော့ ချီးတွင်းကြီးပဲ”

“ချီးတောင်မှ ရိုးရိုးချီးမဟုတ်ဘူးဟေ့ ဘိုတွေပါတဲ့ ဘိုချေးဟ”

အခန်းထောင့်တွင်ရပ်နေသူတစ်ဦးက ပြောဆိုရင်း ဘခက်အနီးသို့ကပ်လာသည်။ ထိုလူမှာ ဗမာတစ်ဦးပင်ဖြစ်ပုံရသည်။ ဘခက်က ထိုလူအားခေါင်းညိတ်ပြလိုက်ရင်း

“ကျုပ်နာမည်ဘခက်ပါ၊ ဒါနဲ့ခင်ဗျားနာမည်ကရော ဘယ်လိုခေါ်သလဲ”

“ဒီအကျဉ်းခန်းထဲရောက်မှတော့ နာမည်တွေဘာတွေဆိုတာ အရေးမကြီးတော့ပါဘူးကွာ”

ထိုလူမှာအလွန်ပိန်ချုံးနေကာ ပါးရိုးများမှာ ငေါထွက်နေသည်။

“ဘာဖြစ်လို့လဲဗျ”

“တော်ဝင်ကစားပွဲအကြောင်း ခင်ဗျားမသိဘူးလား”

ဘခက်က ခေါင်းခါပြလိုက်သည်။

“ဘာလဲဗျ၊ တော်ဝင်ကစားပွဲဆိုတာ”

ထိုလူက သက်ပြင်းတစ်ချက်ချလျှက်

“သုံးနှစ်တစ်ကြိမ်ဆိုသလို ဒီအကျဉ်းထောင်ကြီးထဲမှာ တော်ဝင်ကစားပွဲကိုကျင်းပကြတယ်၊ တော်ဝင်ကစားပွဲဆိုတာ အသက်နဲ့လုပြီးကစားရတဲ့ ကစားပွဲပဲ၊ အကျဉ်းထောင်အာဏာပိုင်တွေက သုံးနှစ်မပြည့်ခင်မှာ လူအယောက်နှစ်ဆယ်ကို ရအောင်ရှာကြတယ်၊ သူတို့ကစားပွဲအတွက် လူလိုတာနဲ့ အကျဉ်းထောင်ထဲမှာ ရှိတဲ့လူတွေကို နည်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးကြတယ်၊ ဒါနဲ့ မင်းဘယ်လိုလုပ်ပြီးတော့ ဒီအထဲရောက်လာတာလဲ”

“ကျုပ်က သူများနဲ့ရန်ဖြစ်ပြီး ရောက်လာတာဗျ”

“ဟာ၊ ဒါဆို ဥပဒေနဲ့ညီတယ်လို့ပြောရမှာပေါ့ကွ၊ ငါကတော့ အကျဉ်းထောင်ထဲမှာ အိပ်အိပ်နေလို့ အိပ်တဲ့အမှုနဲ့ဖမ်းခံရတာ”

“ခင်ဗျားစကားက တစ်မျိုးကြီးပါလား၊ အိပ်နေတာ အပြစ်ရှိလို့လား”

“ငါပြောပြီးသားပဲ၊ သူတို့က နည်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးသုံးပြီး ဖမ်းပါတယ်ဆိုနေမှ၊ ဒီထောင်ကြီးထဲမှာ သူတို့ကဘုရင်တွေပဲကွ၊ သူတို့စကား၊ သူတို့အမိန့်က အကုန်ပြီးတယ်၊ ငါတို့ကို သူတို့တွေက လုပ်ချင်တိုင်းလုပ်နိုင်တယ်”

ထိုအချိန်မှာပင် ထော်ကြီးအား အကျဉ်းထောင်ဝန်ထမ်းများက ဆွဲခေါ်လာကာ အကျဉ်းခန်းအတွင်းသို့ တွန်းသွင်းလိုက်ကြသည်။ ထော်ကြီးမှာ ဘခက်အားကြည့်ပြီး ကျေနပ်ပုံမရပေ။ ဘခက်အားတွေ့သည့်အခါ တောက်တစ်ချက်ခေါက်ပြီး

“ကောင်းကွာ၊ မင်းကောင်းမှုကြောင့် ငါပါဒီအထဲရောက်လာရပြီ”

“ဘာလဲ ခင်ဗျားက တစ်ပွဲတစ်လမ်းစမ်းချင်သေးလို့လား”

ထော်ကြီးက ခေါင်းခါလိုက်ကာ

“မင်းရဲ့စွမ်းအားတွေကို နည်းနည်းချွေတာထားပါအုံးကွာ၊ ကွင်းထဲရောက်တော့မှ ငါတို့နောက်တစ်ပွဲ နွှဲကြတာပေါ့”

ဘခက်နှင့်စကားပြောနေသည့်သူမှာ ထော်ကြီးအားတွေ့သည့်အခါ မျက်နှာကိုရှုံ့မဲ့လျှက် အကျဉ်းခန်းတစ်ဖက်စွန်းသို့ ပြန်လည်ထွက်ခွာသွားလေသည်။ ဘခက်မှာ အကျဉ်းခန်းအတွင်း ခေါင်းငိုက်စိုက်လျက်သားရှိနေသည့် အကျဉ်းသားများကိုတစ်ချက်ကြည့်ရင်း

“ဒီလူတွေက ဘာတွေဖြစ်နေကြတာလဲ”

ထော်ကြီးက မဲ့လိုက်ကာ

“ဘာဖြစ်ရမလဲကွ၊ တော်ဝင်ကစားပွဲမှာ ကစားခံရမယ့်လူတွေပေါ့”

“နေပါအုံးဗျ၊ ခင်ဗျားခုနကပြောနေတာမပြီးသေးဘူးနော်”

“တော်ဝင်ကစားပွဲဆိုတာ တော်တော်ကိုယုတ်မာပြီးအောက်တန်းကျတဲ့ ကစားပွဲလို့ပြောကြတယ်၊ ဒါပေမယ့် ကစားပွဲရဲ့နာမည်ကိုတော့ အထက်တန်းကျကျ တော်ဝင်ကစားပွဲလို့ပေးထားတယ်၊ ဘာဖြစ်လို့ ဒီလိုနာမည်ပေးတာကို ငါလည်းမသိဘူး၊ တော်ဝင်မျိုးနွယ်တွေ ကြည့်တဲ့ပွဲမို့လို့လားပဲ”

“ပြောပါအုံးဗျာ၊ အဲဒီကစားပွဲကို ဘယ်လိုကစားရသလဲ”

“ဒါကတော့ မင်းကိုယ်တိုင်ကြုံတဲ့အခါ သိမှာပေါ့ကွာ”

ထိုနေ့ညနေမှာပင် ဟင်းလျာများတင်ဆောင်လာသည့် လှည်းကြီးတစ်ခုကို အကျဉ်းခန်းအတွင်းသို့ လာရောက်ပို့ဆောင်ပေးသည်။ လှည်းကြီးပေါ်တွင်တင်ထားသည့် စားစရာများမှာ အလျှံပယ်ဖြစ်သည်။ ဆိတ်ကောင်လိုက်ကြီးကို ကင်ထားပြီး ကြက်ကောင်လုံးကင်များ၊ ပဲစေ့များ၊ ကြက်ဥပြုတ်များလည်း အများအပြားပါဝင်သည်။ အကျဉ်းသားများမှာ ထိုစားစရာလှည်းကြီးကိုမြင်တွေ့လိုက်သည့်အခါ အလွန်ပျော်ရွှင်သွားကြသည်။ လှည်းပေါ်မှအစားအစာများကို အလုအယက်စားသောက်ကြသည်။ နဂိုကတည်းက အစားကြီးသည့် ထော်ကြီးမှာ ဆိတ်ပေါင်ကြီးကိုဆွဲဖြုတ်လိုက်ကာ အားရပါးရ ကိုက်စားနေလေသည်။ စားရင်းသောက်ရင်း ပါးလုပ်ပလောင်းဖြင့်

“စားလို့ကောင်းလိုက်တာကွာ၊ တော်ဝင်အကျဉ်းခန်းထဲမှာ ဒီလိုစားရသောက်ရမယ်မှန်းသိရင် စောစောစီးစီး ဒီထဲဝင်ပါတယ်”

အားရပါးရစားသောက်နေကြသည့် အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များက ကြည့်ကာ ပြုံးရယ်နေကြလေသည်။ စားသောက်၍ပြီးစီးသည့်အခါ အကျဥ်းသားများမှာ ဗိုက်ကားကုန်ကြသည်။ မကြာမီ အကျဉ်းထောင်အတွင်းသို့ လူတစ်ဦးဝင်လာသည်။

“ဟေ့ကောင်ဘခက်၊ ထော်ကြီး”

“ဟာ၊ ဦးဘိုးတူပါလား”

“မင်းတို့အတွက်တော့ ငါစိတ်မကောင်းပါဘူးကွာ၊ မင်းတို့ကို ငါအတန်တန်တားရဲ့သားနဲ့ မင်းတို့က ဒေါသရှေ့ထားတာကိုးကွ”

“အခုမှပြောတော့လည်း အလကားပဲပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ကျုပ်က ကျုပ်လုပ်တာကို ခံရဲပါတယ်၊ နောက်တစ်ခါဆိုရင်တော့ ဦးဘိုးတူပြောတာကို နားစိုက်ထောင်ပါ့မယ်”

ဦးဘိုးတူက သက်ပြင်းချလျှက်

“နောက်ဆိုတာမရှိတော့ဘူး ဘခက်”

“ဘာဖြစ်လို့လဲဗျ”

“တော်ဝင်ကစားပွဲအတွက် ရွေးချယ်ခံရတဲ့လူတွေကို နောက်တစ်ခေါက်တွေ့ဖို့မဖြစ်နိုင်တော့ဘူး”

“ဘာရယ်ဗျ”

“တော်ဝင်ကစားပွဲဆိုတာကို ငါလည်းသေသေချာချာနားမလည်ပေမယ့် သေချာတာကတော့ အဲဒီကစားပွဲက လူအချင်းချင်းသတ်ဖြတ်ခိုင်းတဲ့ကစားပွဲပဲကွ”

“ဗျာ၊ လူအချင်းချင်းသတ်ဖြတ်ကြတာတဲ့လား”

“ငါ့အထင်ကိုပြောတာပါ၊ ငါ့ဘဝတစ်လျှောက် ဒီလိုတော်ဝင်ကစားပွဲအတွက် ဖိတ်ခေါ်ခံရတဲ့လူတွေကို တွေ့ဖူးတာများပြီ၊ သူတို့ကို ဟောဒီအကျဉ်းထောင်ကြီးထဲက ခေါ်သွားပြီးကတည်းက ဘယ်သူမှ ပြန်ရောက်မလာကြတော့ဘူး”

ထော်ကြီး၏မျက်နှာမှာ ငိုမဲ့မဲ့ဖြစ်သွားပြီး

“ခင်ဗျားဘာတွေလာပြောနေတာလဲ ဦးဘိုးတူရာ၊ ကျုပ်ဒီမှာ စိတ်ညစ်နေပါတယ်ဆိုနေမှ ခင်ဗျားကတမှောင့်”

“ငါပြောတာအမှန်တွေပဲ ထော်ကြီး၊ မင်းတို့ကို ခြိမ်းခြောက်ချင်လို့ပြောတာမဟုတ်ဘူး၊ ငါအခုမင်းတို့ဆီလာတယ်ဆိုတာကလည်း မင်းတို့ကိုလာနှုတ်ဆက်တာ၊ ငါကြားသလောက်ကတော့ မင်းတို့ကိုမနက်ဖြန် ခေါ်သွားကြမယ်လို့ပြောတယ်”

ဘခက်မှာ မှိုင်ကျသွားလေသည်။ ဦးဘိုးတူက

“အခုမင်းတို့ကိုလာတွေ့တာလဲ ငါ့ရဲ့လုပ်ပိုင်ခွင့် ငါ့ရဲ့အသိအကျွမ်းတွေကြောင့် ဒီအထိလာခဲ့နိုင်တာပဲ၊ ကဲ ငါသွားပြီ”

ဦးဘိုးတူမှာ ဘခက်တို့အားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားသည်။ အခန်းအတွင်းရေများက ခြေမျက်စိခန့်နစ်နေသည်မို့ အိပ်မရဘဲ သံတိုင်များကို ကိုင်ကာ မတ်တပ်သာ ငိုက်ရသည်။ အတော်ကြာပြီးသည့်နောက် အကျဉ်းခန်းတံခါးကြီးပွင့်ထွက်သွားကာ အကျဉ်းသားများကိုခေါ်ဆောင်သွားကြလေသည်။ ကျဉ်းမြောင်းလှသည့် လှေကားထစ်များအတိုင်း လျှောက်လှမ်းခဲ့ကြပြီး မကြာခင် နေအလင်းရောင်များကိုမြင်တွေ့လိုက်ရသည်။ ထိုအခန်းအတွင်း ရေဘုံပိုင်များရှိသဖြင့် ဘခက်တို့မှာ ရေဖြင့်ဆေးကြောသန့်စင်လိုက်ကြသည်။

ဝတ်ကောင်းစားလှဝတ်ဆင်ထားပြီး မျက်မှန်ဝိုင်းကလေးတစ်လက် တပ်ဆင်ထားသည့် လူကြီးတစ်ဦးက အခန်းအတွင်းဝင်လာလေရာ ထောင်ဝန်ထမ်းများက ဘခက်တို့အား စုဝေးစေသည်။ လူကြီးက အင်္ဂလိပ်တစ်ခုခုပြောဆိုနေပြန်သည်။ ဘခက်တို့မှာ အင်္ဂလိပ်စာမတတ်သဖြင့် ငေးသာနေရသည်။

“ဟေ့ ထော်ကြီး၊ ဒီလူကြီးဘာတွေပြောနေတာလဲကွ”

“ဘယ်သိမလဲကွ ဘခက်ရ၊ ငါလည်း ဘိုလိုမှ မတတ်တာ”

“ကျုပ်တို့နှစ်ယောက်တော့ ဟုတ်တော့ဟုတ်နေပြီဗျာ”

ထိုစဉ် ဘခက်နှင့်စကားပြောခဲ့သည့် ဗမာက ခေါင်းညိတ်ကာ နားထောင်နေသဖြင့် ဘခက်က ထိုလူအနီးသို့ တိုးကပ်လိုက်သည်။

“နေအုံး၊ သူက ဘာတွေပြောနေလို့ ခင်ဗျားက ဘာတွေခေါင်းညိတ်နေတာလဲဗျ”

“သူပြောတာက ငါတို့က ထောင်ထဲမှာ ရာဇဝတ်မှုထပ်ကျူးလွန်တဲ့လူတွေတဲ့၊ ထောင်ထဲမှာ ပြစ်မှုထပ်ကျူးလွန်ရင် သေဒဏ်ပဲတဲ့၊ အခုတော့ ငါတို့ကို သေဒဏ်မချပဲ အခွင့်အရေးပေးမယ်ဆိုပဲ”

“ဟင်၊ ဘယ်လိုအခွင့်အရေးပေးမှာလဲ”

“ငါတို့ကို ကွင်းပြင်ကြီးတစ်ခုထဲမှာ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကြရမယ်တဲ့၊ လူနှစ်ဆယ်ရှိတဲ့အထဲက တစ်ယောက်ပဲကျန်ရမယ်၊ အဲဒီတစ်ယောက်ကို အသက်ရှင်ခွင့်ပေးမယ့်အပြင် ဟောဒီထောင်ကြီးထဲကနေ လွတ်လပ်ခွင့်ပေးမယ်တဲ့”

“ဟင်၊ သူတို့အခွင့်အရေးကလည်း ဘယ်လိုကြီးလဲ”

“ဒါသက်သက်ငါတို့ကို အချင်းချင်းသတ်ဖြတ်ခိုင်းတာပဲဟေ့”

“ဒါဆိုရင် တော်ဝင်ကစားပွဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခိုင်းတဲ့ ကစားပွဲပေါ့၊ ဟုတ်လား”

“သေချာနေပြီပေါ့ကွာ”

ထိုလူကြီးက ပြောဆိုပြီးသည့်အခါ ဘခက်တို့အား တံခါးပေါက်တစ်ခုမှ အပြင်သို့ထွက်ခိုင်းကြသည်။ ထိုတံခါးအပြင်တွင်တော့ သဲများဖြန့်ခင်းထားသည့် ကွင်းပြင်တစ်ခုရှိသည်။ ကွင်းပြင်မှာ ပေနှစ်ရာပတ်လည်ခန့် ရှိမည်ထင်သည်။ ထိုကွင်းပြင် ပတ်ပတ်လည်တွင် အနီရောင်စက်ဝိုင်းကွက်ကလေးများရှိလေရာ ထိုအကွက်ကလေးများအတွင်းတွင် တစ်ယောက်ချင်းစီမတ်တပ်ရပ်နေကြရသည်။ ကွင်းပြင်ကြီးပတ်ပတ်လည်တွင်တော့ လူသုံးရပ်စာခန့်မြင့်မားသည့် အုတ်နံရံကြီးရှိကာ ထိုအုတ်နံရံပေါ်တွင် လူအများထိုင်ကာ ကြည့်ရှုနေကြသည်။ ထိုလူအများစုမှာ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည့် အနောက်တိုင်းသားများဖြစ်သည်။ ထိုသူများမှာ တစ်ဦးနှင့်တစ်ဦး တီးတိုးစကားပြောဆိုကာ ကြည့်နေကြသည်။ မကြာမီ သေနတ်တစ်ချက်ကိုမိုးပေါ်ထောင်ဖောက်လိုက်ရာ ကွင်းအတွင်းရှိလူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ဘခက်တို့နှင့်အတူပါလာသည့် ဗမာမှာ သေနတ်သံကြားသည်နှင့် ရပ်နေရာမှထွက်ပြေးကာ ဘခက်တို့ဝင်လာသည့် တံခါးပေါက်ဆီသို့ပြေးသွားသည်။ တံခါးပေါက်တွင်တပ်ဆင်ထားသည့် သံပြားတံခါးကြီးကို လက်သီးနှင့်တဝုန်းဝုန်းထုကာ

“ကျုုပ်ကိုလွှတ်ပေး၊ ကျုပ်ကိုလွှတ်ပေး၊ ကျုပ်ဒီကစားပွဲမှာ မပါချင်ဘူး”

ထိုသို့ထုနှက်နေသည့်အခါ ပွဲကြည့်စင်အပေါ်တွင်ရှိနေသည့် အစောင့်တစ်ဦးက ထိုဗမာအား ရိုင်ဖယ်သေနတ်ဖြင့်လှမ်းချိန်ရွယ်လိုက်လေသည်။ ဘခက်နှင့်ထော်ကြီးတို့မှာ ထိုလူအားကြည့်ရင်း

“ဟေ့လူ၊ ခင်ဗျားကိုသေနတ်နဲ့ချိန်နေပြီ၊ ဟေ့ . . .”

ဘခက်အော်၍ပင်မဆုံးလိုက်ပေ။ ဒိုင်းခနဲ သေနတ်သံတစ်ချက်မြည်သွားပြီးနောက် ထိုဗမာ၏ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ ထိုလူမှာ အရှေ့သို့အရုပ်ကြိုးပြတ်လဲကျသွားတော့သည်။ ကွင်းအတွင်း အဆောင်အသီးသီးမှ လူမျိုးအသီးသီးရှိသည်။ ထိုသူများမှာ တစ်ဦးနှင့်တစ်ဦးမတိုက်ခိုက်သေးဘဲ တစ်ခုခုကိုပြောဆိုနေကြလေသည်။ ထို့နောက် အိန္ဒိယလူမျိုးများကတစ်စု၊ တရုတ်တစ်စု ကွဲသွားသည်။ အိန္ဒိယလူမျိုးများအဖွဲ့တွင် လူကိုးဦးခန့်ရှိကာ၊ တရုတ်အဖွဲ့တွင်တော့ လူရှစ်ဦးခန့်ရှိသည်။ ဗမာမှာ ထော်ကြီးနှင့် ဘခက်သာရှိလေသည်။ အဖွဲ့နှစ်ဖွဲ့က တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်ကြမည့်ဟန်ပြင်နေသည်။ ထို့နောက်သူတို့နံဘေးတွင် ငူငူကြီးရပ်နေသည့်် ဘခက်နှင့်ထော်ကြီးအား နှစ်ဖွဲ့လုံးက စိုက်ကြည့်လိုက်ကြသည်။ ဘခက်က ထိုလူများကိုကြည့်ရင်း

“သူတို့ဘာတွေလုပ်နေကြတာလဲ”

ဘခက်ပြောနေစဉ်မှာပင် အဖွဲ့နှစ်ဖွဲ့က အချင်းချင်းမတိုက်ခိုက်ဘဲ ညာသံပေးလျှက် ဘခက်တို့နှစ်ဦးထံသို့ပြေးဝင်လာကြသည်။ ထော်ကြီးက တိုက်ခိုက်ရန်အသင့်ပြင်လိုက်ပြီး

“သေချာတာကတော့ တို့ဆီကိုစကားပြောဖို့ လာတာမဟုတ်ဘူးဟေ့”

လူတစ်ဦးမှာထော်ကြီးထံသို့ လက်သီးပြင်ကာ ပြေးဝင်လာသည်။ ထော်ကြီးက ထိုလူ၏ လက်သီးချက်ကို အသာရှောင်တိမ်းလိုက်ပြီး ပင့်လက်သီးတစ်ချက်ဖြင့်် ပြန်လည်ခုခံလိုက်သည်။ ဘခက်ထံသို့လည်း တရုတ်တစ်ဦးက ခြေထောက်ဖြင့်ကန်လျက် ဝင်လာလေရာ ဘခက်က ခြေထောက်ကိုဆွဲဖမ်းလိုက်ပြီး ထိုလူ၏ဒူးဆစ်အား တံတောင်ဖြင့်ဆောင့်ချလိုက်ကာ ရိုက်ချိုးထည့်လိုက်သည်။

ကွင်းပြင်အတွင်း ရှုပ်ထွေးနေပြီဖြစ်သည်။ တရုတ်နှင့်အိန္ဒိယများက ဘခက်နှင့်ထော်ကြီးတို့အား သဲကြီးမဲကြီးလိုက်လံတိုက်ခိုက်နေကြသည်။ ဘခက်နှင့်ထော်ကြီးမှာ တစ်ယောက်နှင့်တစ်ယောက် ကာကွယ်ကာ ပြန်လည်ခုခံနေကြ၏။ ပွဲကြည့်စင်ပေါ်မှ အနောက်တိုင်းသားများမှာတော့ ဘခက်တို့တိုက်ခိုက်နေသည်များကိုကြည့်ကာ လက်သီးလက်မောင်းတန်းလျက် ညာသံပေးကာ အော်ဟစ်အားပေးကြသည်။

ဘခက်နှင့်ထော်ကြီး၏ လက်ချက်ကြောင့် လူခြောက်ယောက်ခန့် မှောက်သွားသည့်အခါ အဖွဲ့နှစ်ဖွဲ့မှာ ဘခက်တို့ဆီသို့ အတင်းမဝင်ရဲတော့ဘဲ အနည်းငယ်ရှိန်သွားကြသည်။ ထိုအချိန်တွင် ခေါင်းလောင်းသံများ မြည်ဟီးလာကာ ပွဲကြည့်စင်အပေါ်မှ အနောက်တိုင်းသားများက ဓါးကောက်များ၊ တုတ်ချောင်းများကို ကွင်းအတွင်းသို့ပစ်ချပေးကြသည်။ ကစားပွဲအတွင်းမှလူများက ထိုလက်နက်များကို ကောက်ယူလိုက်ကြသည်။ ထော်ကြီးက လက်နက်များပစ်ချပေးသည့် လူကိုကြည့်ကာ

“ဟေ့ကောင်တွေ၊ ငါတို့ကိုလည်းပေးလေကွာ”

ထိုအနောက်တိုင်းသားမှာမှာ ပြီတီတီမျက်နှာထားနှင့် ခေါင်းခါပြလေသည်။

“သတ် . . .သတ်၊ ဗမာကောင်နှစ်ကောင်ကို သတ်”

ပွဲကြည့်စင်ပေါ်မှ ကြည့်နေသူများက အားမလိုအားမရနှင့် အော်ပြောကြလေသည်။ လူတစ်သိုက်က ဓါးလှံလက်နက်များကိုဝင့်ကာ ဘခက်တို့နှစ်ယောက်အား ဝန်းရံလိုက်လေသည်။ ထော်ကြီးက မကျေမနပ်နှင့်

“တောက်၊ ဒါတို့ကို သက်သက်သေကြောင်းကြံတာ၊ ဒီကောင်တွေ ညစ်ပတ်တာ”

“လာစမ်းပါဗျာ၊ ကျုပ်ကတော့ ဘယ်လိုစမ်းစမ်း ရပါတယ်”

ဘခက်နှင့်ထော်ကြီးမှာ တစ်ဦးနှင့်တစ်ဦးကျောချင်းကပ်ထားလိုက်ကြသည်။

“ဒါနဲ့ဘခက်၊ ငါညကမှတွေးမိတယ်၊ ငါအကျဉ်းကျနေတဲ့လူတွေအချင်းချင်းအပေါ် ကတုံးပေါ်ထိပ်ကွက်လုပ်ပြီး အနိုင်ကျင့်ဗိုလ်ကျခဲ့မိတာတွေအတွက် စိတ်မကောင်းပါဘူးကွာ”

“ခင်ဗျားက သေခါနီးမှ နောင်တရနေသေးတယ်၊ အေးလေ၊ ဘာပဲပြောပြော ခင်ဗျားအသိတရားရသွားတာကိုပဲ ကျုပ်ကျေနပ်ပါတယ်”

ထော်ကြီးက ရယ်ကျဲကျဲနှင့်

“ဒါပေမယ့် ငါဆုံးဖြတ်လိုက်ပြီး နောက်နောင် ငါဘယ်တော့မှ သူတို့တွေအပေါ်ကို ခေါင်းပုံဖြတ်တာမျိုး မလုပ်တော့ဘူးကွ”

“ဟား၊ ဟား ခင်ဗျားကတော့ သိပ်ပိုင်တဲ့လူပဲဗျာ၊ အေးလေ ဒီမှာသေသွားရင် နောက်ဆိုဘယ်လိုလုပ်လို့ရတော့မှာလဲ မဟုတ်ဘူးလား”

မကြာခင် တရုတ်များနှင့်ဘခက်တို့ တိုက်ခိုက်ကြလေသည်။ ဘခက်မှာ ဓါးလှံလက်နက်များကို ရှောင်တိမ်းကာ ပြန်လည်ခုခံနေသကဲ့သို့ ထော်ကြီးမှာလည်း လက်နက်နှင့်လူကို လက်နက်မဲ့ဖြင့် ပြန်လည်တိုက်ခိုက်နေသည်ကို ကြည့်ချင်းအားဖြင့် ထော်ကြီး၏ လက်ရည်မှာလည်း ခေသူမဟုတ်မှန်း ဘခက်သိလိုက်ရသည်။ လက်နက်များပါလာသဖြင့် တိုက်ပွဲမှာ သွေးထွက်သံယိုများလာသည်။ ဘခက်တို့လည်း ဒဏ်ရာအသီးသီးရရှိကြလေသည်။ နောက်ဆုံးတွင်တော့ လူသေအလောင်းများနှင့် ပြည့်နှက်နေသည့်ကွင်းကြီးအတွင်းတွင် ဘခက်နှင့်ထော်ကြီးတို့ နှစ်ဦးသာကျန်နေခဲ့ကြသည်။

ပွဲကြည့်စင်ပေါ်မှ အနောက်တိုင်းသားများမှာ သောင်းသောင်းဖြဖြအားပေးကြသည်။ ထိုအခါ အင်္ဂလိပ်ကြီးတစ်ယောက်က ဗမာလိုမပီမသဖြင့် လှမ်းအော်သည်။

“မင်းတို့နှစ်ယောက် ဆက်ပြီးတိုက်ရမယ်၊ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲကျန်ရမယ်၊ တစ်ယောက်သေရမယ်”

ဘခက်မှာခံပြင်းသွားသည်။ ထော်ကြီးမှာ ဘခက်အားရန်လိုသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ အနီးရှိလူသေတစ်ယောက်ထံမှ ဓါးတစ်လက်ကိုဆွဲယူကာ ဓါးကိုဝှေ့ယမ်းနေလေသည်။ ဘခက်က လက်သီးဆုပ်ကိုဖြေချလိုက်ရင်း ထော်ကြီးအရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

“ဟေ့ကောင်ဘခက်၊ မင်း ဒါဘာလုပ်တာလဲ”

“ဒီမှာထော်ကြီး၊ ခင်ဗျားနဲ့ကျုပ်က ခုနတုန်းက ဒီကောင်တွေကို အတူတူရင်ဘောင်တန်းပြီး တိုက်ခဲ့ကြတဲ့လူတွေပါ၊ ဒါပေမယ့် ဒီမျက်နှာဖြူတွေအလိုကျ အိမ်ကြက်ချင်းအိုးမည်းသုတ်ပြီးခွပ်ခိုင်းတာကို ကျုပ်မလိုချင်ဘူး၊ ကျုပ်တို့နှစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်ပြီးအသက်လုတာကို ဒီကောင်တွေက အရသာခံပြီးတော့ အပျင်းပြေကြည့်တာမျိုးကို ကျုပ်မခံနိုင်ဘူး၊ ဒီတော့ ခင်ဗျားကျုပ်ကိုသတ်လိုက်ပါ”

“ငါကမင်းကို ဘာဖြစ်လို့သတ်ရမှာလဲကွ”

“ကျုပ်က တစ်ကောင်ကြွက်၊ ဒီထောင်ကနေလွတ်သွားတယ်ဆိုအုံးတော့ ကျုပ်မှာ သွားစရာနေရာမရှိဘူး၊ ပြန်စရာအိမ်ဆိုတာလည်းမရှိဘူး၊ ခင်ဗျားကတော့ ဒီလိုမဟုတ်ဘူးလေ၊ မော်လမြိုင်မှာ ခင်ဗျားမိသားစုရှိသေးတယ်၊ ခင်ဗျားရဲ့မိန်းမနဲ့ ကလေးတွေရှိသေးတယ်လို့ ဦးဘိုးတူပြောတာ ကျုပ်ကြားဖူးတယ်၊ ဒါကြောင့် ခင်ဗျားကျုပ်ကိုသတ်လိုက်ပါ၊ ပြီးတော့ ခင်ဗျားမိသားစုဆီကိုပြန်ပါ”

ထိုစဉ် သေနတ်သံတစ်ချက်ကြားလိုက်ရပြီး သေနတ်ကျည်ဆန်က သူတို့နှစ်ဦးအနီးမြေပြင်သို့ ကျလာလေသည်။ အနောက်တိုင်းသားများမှာ သူတို့ကိုတိုက်စေချင်နေပြီဖြစ်သည်။ မတိုက်ခိုက်လျှင် သေနတ်ဖြင့််ပစ်သတ်မည်ဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ဘခက်မှာ မျက်လုံးအစုံကိုမှိတ်ထားလိုက်သည်။ ထော်ကြီးက ဓါးကိုင်ကာ တွေဝေနေသည်။ ထို့နောက် ထော်ကြီးက လက်အတွင်းကိုင်ထားသည့်ဓါးကို မြေကြီးပေါ်သို့ပစ်ချလိုက်ကာ ဘခက်၏ ပုခုံးကိုဆွဲ၍ထူသည်။

“ခင်ဗျားဘာလုပ်တာလဲ ထော်ကြီး၊ ခင်ဗျားကျုပ်ကိုမသတ်ဘူးလား”

“ငါလည်းမင်းလိုပဲပေါ့ကွာ၊ မင်းကိုငါမသတ်ချင်ပါဘူး”

“ခင်ဗျားကျုပ်ကိုမသတ်ရင် ခင်ဗျားကိုသူတို့သတ်လိမ့်မယ်”

“သတ်ပါစေ၊ သတ်စမ်းပါစေကွာ၊ ငါကတော့ ဒီကောင်တွေသေနတ်နဲ့ပစ်သတ်တာပဲခံလိုက်မယ်၊ မင်းကိုတော့ ငါ့လက်နဲ့မသတ်နိုင်ဘူးကွ”

ဘခက်က ခေါင်းညိတ်လိုက်ကာ

“ဟုတ်ပြီဗျာ၊ ကျုပ်လည်း ခင်ဗျားလိုပဲ၊ ကျုပ်ခင်ဗျားကိုမသတ်နိုင်ဘူး၊ သူတို့ဖြစ်စေချင်တဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာစေရဘူး”

ဘခက်က ထော်ကြီးလက်ကိုဆုပ်ကိုင်လိုက်ကာ ပွဲကြည့်စင်ပေါ်ရှိ သေနတ်ကိုင်ထားသည့်လူအား မော့ကြည့်ရင်း

“ကဲ ခင်ဗျားသတ်ချင်ရင် ကျုပ်တို့ကိုသတ်လိုက်၊ ကျုပ်တို့ကတော့ အချင်းချင်းပြန်မသတ်နိုင်ဘူး”

ထိုသို့ပြောကာ ရင်ကိုကော့ပေးလိုက်သည်။ ထော်ကြီးလည်း ဘခက်နည်းတူ ရင်ကိုကော့ပေးထားပြန်သည်။ ထိုအခါ သေနတ်ကိုင်ထားသည့်သူပင် သေနတ်ဖြင့်မပစ်နိုင်တော့ဘဲ အရာရှိဖြစ်သူအား ကြည့်နေမိသည်။ မျက်နှာဖြူအင်္ဂလိပ်အရာရှိများမှာ ဘခက်တို့နှစ်ဦးအား အံ့သြကာငေးကြည့်နေမိသည်။

“ဆရာ ဘယ်လိုလုပ်ရမလဲ”

ထိုတော့မှ အရာရှိကြီးက အသိဝင်သွားကာ မတ်တပ်ထရင်း လက်ခုပ်တီးလိုက်သည်။ ပွဲကြည့်စင်တစ်ခုလုံးလည်း လက်ခုပ်လက်ဝါးတီးကြလေသည်။

“ကျုပ်တစ်သက်လုံးမှာ ဒီလိုလူနှစ်ယောက်ကို ပထမဆုံးမြင်ဖူးတာပဲဗျာ”

မျက်နှာဖြူများက ဘခက်တို့အား လက်ခုပ်လက်ဝါးတီးကာ အားပေးကြသည်။ အရာရှိက

“တစ်ယောက်တည်းကျန်ရင် ထောင်ကလွှတ်ပေးတယ်ဆိုပေမယ့် မင်းတို့က နှစ်ယောက်တောင်ဆိုတော့ မင်းတို့ကိုလွှတ်ပေးလို့မဖြစ်တော့ဘူး၊ ဒါကြောင့် နှစ်ယောက်စလုံးကို သေဒဏ်ကနေပယ်ဖျက်ပြီး အကျဉ်းထောင်ကြီးထဲမှာပဲ ပြန်ပြီးချုပ်ထားမယ်”

ထော်ကြီးံနှင့် ဘခက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် တစ်ဦးနှင့်တစ်ဦးပွေ့ဖက်မိလိုက်တော့သည်။ ဘခက်နှင့် ထော်ကြီးတို့မှာ ဗမာအဆောင်သို့ ပြန်ရောက်လာခဲ့ကြသည်။ ဦးဘိုးတူမှာ သူတို့နှစ်ဦးအားကြည့်ရင်း မယုံနိုင်အောင်ဖြစ်နေမိတော့သည်။

ညစာစားချိန်ရောက်လာပြီဖြစ်သဖြင့် အစားအသောက်ထည့်ထားသည့် လှည်းကြီးမှာ ဗမာဆောင်အရှေ့သို့ရောက်လာခဲ့လေသည်။ ထိုအခါ ထော်ကြီးက သူ့ဒန်အိုးကြီးကိုယူလိုက်ကာ အစားအသောက်လှည်းကြီးဆီသို့သွားလိုက်သည်။ အစားအသောက်များကို ခွဲဝေပေးသည့် ဦးဘိုးတူက ထော်ကြီးအားထည့်ပေးရန်ပြင်ဆင်နေချိန်တွင် ဘခက်က ထော်ကြီးအနားရောက်လာကာ

“ဘယ်လိုလဲ ထော်ကြီး၊ ခင်ဗျားကတိပေးထားတာကို မေ့နေပြီလား”

ထော်ကြီးက ပြုံးဖြီးလျှက်

“မှတ်မိပါတယ်၊ မှတ်မိပါတယ်ကွ ဘခက်ရ၊ ကဲ ဦးဘိုးတူ၊ ကျုပ်ကိုပုံမှန်လေးပဲ ထည့်ပေးစမ်းပါဗျာ”

ပြောင်းလဲသွားသည့် ထော်ကြီးကိုကြည့်ကာ ဦးဘိုးတူပင် အံ့သြနေမိသည်။ ထို့နောက် ထော်ကြီး၏ ဒန်အိုးထဲသို့ စားစရာများကို အနည်းငယ်ခပ်ထည့်ပေးလိုက်သည်။ ဒန်အိုးကိုင်ကာ ထွက်ခွာသွားသည့် ထော်ကြီးကို ဦးဘိုးတူက အံ့သြတကြီးကြည့်နေရင်း

“ဒီကောင် ထော်ကြီး ဘယ်လိုလုပ်ပြီးတော့ ပြောင်းလဲသွားတာပါလိမ့်”

ဘခက်က ပြုံးကာ

“သူအမြင်မှန်ရသွားပြီဗျ၊ ကိုထော်ကြီးက ကျုပ်နဲ့တစ်ချိန်တုန်းကတော့ ရန်သူတွေလိုဖြစ်ခဲ့ပေမယ့် အခုတော့ မိတ်ဆွေရင်းတွေဖြစ်သွားပြီပေါ့ဗျာ”

ဦးဘိုးတူက ဘခက်စကားကြားသည့်အခါ ခေါင်းကုပ်ရင်း

“မင်းတို့အကြောင်းတွေကို ငါလိုက်ကိုမမီတော့ပါဘူးကွာ”

ဟုရေရွတ်လိုက်လေတော့သည်။

(၄)

ဘခက်ပြောနေသည်ကို စိတ်ဝင်တစားနားထောင်နေသည့်် မစ္စတာဝီလျံက လက်ကျန်လက်ဖက်ရည်ကို မော့သောက်လိုက်ရင်း

“တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် မောင်ဘခက်၊ ဒါနဲ့ အဲဒီကစားပွဲတွေကို ဘာဖြစ်လို့ တော်ဝင်ကစားပွဲလို့ ခေါ်တာလဲဆိုတာ မင်းသိလား”

ဘခက်က ခေါင်းခါပြလိုက်သည်။

“အင်္ဂလန်က တော်ဝင်အမျိုးအနွယ်တွေပဲ ကြည့်ခွင့်ရှိတဲ့ပွဲမို့လို့ တော်ဝင်ကစားပွဲလို့ခေါ်ကြတာကွ၊ လူလူချင်း သတ်ဖြတ်ခိုင်းတာ တရားတော့မဝင်ပေမယ့် ဒီလိုပဲ နားလည်မှုနဲ့လုပ်နေကြတာပါ”

“ဒါဆို အဲဒီပွဲကြည့်စင်ကြီးပေါ်က လူတွေက တော်ဝင်မျိုးနွယ်တွေပေါ့”

“ဟုတ်တယ်မောင်ဘခက်၊ တော်ဝင်မင်းညီမင်းသားတွေတောင်မှ ပါနေတတ်တယ်၊ တော်ဝင်ကစားပွဲ ကျင်းပချိန်နီးပြီဆိုရင် အင်္ဂလန်က ငွေရှင်ကြေးရှင်တွေ၊ တော်ဝင်မင်းမျိုးမင်းနွယ်တွေ၊ မြို့စားကြီးတွေက အိန္ဒိယကိုအလည်လာပြီးတော့ အဲဒီကနေမှတဆင့် ချိန်းချက်ပြီး ပို့ဘလဲယားကို သွားတတ်ကြတယ် မောင်ဘခက်”

ထိုစဉ် အိမ်တော်ထိန်းဆိုဖီမှာ ထမင်းစားခန်းအတွင်းသို့ဝင်လာကာ

“မစ္စတာဝီလျံ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေပါတယ်”

မစ္စတာဝီလျံက မျက်မှောင်ကြုတ်လိုက်ပြီး

“ဒီနေ့ ငါဘယ်သူနဲ့မှ မချိန်းထားပါဘူး၊ ဒီအချိန်ကြီးလာတာ ဘယ်သူများလဲ”

“သူ့ကိုယ်သူတော့ ပုစွန်တောင်ရဲဂတ်က ဆားဗီလင့် ဘသိန်းလို့ပြောပါတယ်”

ဘသိန်းဆိုသည့်အသံကိုကြားလိုက်သည့်အခါ ဘခက်တစ်ယောက်မျက်လုံးပြူးသွားလေသည်။

“ဆားဗီလင့် ဘသိန်းဆိုရင်၊ လူဆိုးထိန်း ဘသိန်းပေါ့”

ဘခက်က ရေရွတ်လိုက်ကာ ထမင်းစားပွဲမှ ငေါက်ခနဲကောက်ထလိုက်သည်။ မစ္စတာဝီလျံနှင့် ဆိုဖီက ဘခက်အား တအံ့တသြနှင့်ကြည့်လိုက်လေရာ ဘခက်က

“ဟိုလေ၊ ကျုပ် . . . ကျုပ်အိမ်သာသွားချင်လာလို့”

ဘခက်က ပြောဆိုပြီးနောက် ထမင်းစားခန်းအတွင်းမှ ထွက်သွားလိုက်လေသည်။ အိမ်ပေါ်ထပ်သို့တက်သည့်လှေကားမှာ နှစ်ခုရှိသည်။ တစ်ခုမှာ အိမ်ရှေ့ဧည့်ခန်းအနီးမှ လှေကားဖြစ်ကာ နောက်တစ်ခုမှာတော့ အိမ်နောက်ဖေးဘက်မှ တက်သည့်အုတ်လှေကားကလေးဖြစ်သည်။ အိမ်ရှေ့ဧည့်ခန်းလှေကားမှာ ပန်းပုများ ရုပ်လုံးရုပ်ကြွများနှင့် အလှဆင်ထားသည့် လှေကားကြီးဖြစ်ကာ အိမ်နောက်ဘက်မှ လှေကားမှာတော့ အစေခံများနှင့် အလုပ်သမားများအလွယ်တက်နိုင်သည့် လှေကားတစ်ခုဖြစ်သည်။ ဘခက်က ဧည့်ခန်းဆီသို့သွားလိုက်ရင်း လျှောက်လမ်းတစ်နေရာမှ ဧည့်ခန်းဆီသို့လှမ်းချောင်းကြည့်လိုက်ရာ ဧည့်ခန်းရှိဆိုဖာခုံတွင် ထိုင်နေရင်း အိမ်ကြီးအား ဟိုဟိုဒီဒီဝေ့ပတ်ကြည့်နေသည့်် လူဆိုးထိန်း ဘသိန်းကိုတွေ့လိုက်ရသည်။ ဘသိန်းနှင့်အတူ ပုလိပ်ယူနီဖောင်းကို ကျကျနနဝတ်ဆင်ထားသည့် ပုလိပ်များလည်းပါဝင်လေရာ အခြေအနေမကောင်းမှန်းကို ဘခက်ကရိပ်စားမိလိုက်သည်။

“မဖြစ်ဘူး၊ သူတို့မနှင်းဆီ ဆီကိုလာတာထင်တယ်၊ ငါသူ့ကိုသွားပြောရမယ်”

ဘခက်က လျှောက်လမ်းအတိုင်း အိမ်နောက်ဖေးသို့ထွက်လာကာ အုတ်လှေကားကလေးမှတဆင့်် အိမ်ပေါ်သို့ပြေးတက်သွားလိုက်သည်။ မနှင်းဆီအခန်းသို့ရောက်သည့်အခါ မနှင်းဆီအခန်းတံခါးကို ခပ်ဖွဖွထုနှက်ရင်း အသံခပ်အုပ်အုပ်ဖြင့်

“မနှင်းဆီ၊ မနှင်းဆီ၊ ကျုပ်ပါဗျ၊ ဘခက်ပါ၊ တံခါးဖွင့်ပါအုံး”

အတွင်းမှ တုံ့ပြန်သံမကြားရပေ။

“မနှင်းဆီ၊ အရေးကြီးလို့ပါဗျာ၊ ခင်ဗျားကို သေနတ်နဲ့ပစ်လိုက်တဲ့လူ အိမ်ကိုရောက်နေပြီဗျ”

သို့တိုင်အောင် မည်သည့်အသံမှ မကြားရသေးပေ၊ ဘခက်တစ်ယောက် ကြံရာမရတော့သဖြင့် အခြားအခန်းတစ်ခုအတွင်းသို့ဝင်လိုက်သည်။ ထို့နောက် ထိုအခန်း၏ ပြတင်းပေါက်မှထွက်လိုက်ကာ ပြတင်းပေါက်အောက်ခြေရှိ ဘောင်တန်းလျှောက်လမ်းကလေးတစ်ခုအတိုင်း ကိုယ်ကိုကပ်ကာ လျှောက်လာခဲ့သည်။ ကိုလိုနီခေတ်အဆောက်အဦကြီးများတွင် လူတက်၍ သန့်ရှင်းရေးလုပ်နိုင်စေရန်အတွက် ထိုကဲ့သို့လူတက်နိုင်သည့် အုတ်ဘောင်လမ်းကလေးများကို ခင်းထားလေ့ရှိသည်။ အခြားသူများမှာ လက်နှစ်ဖက်ရှိသဖြင့် ဖက်တွယ်သွားရသည်မှာ အဆင်ပြေနိုင်သော်လည်း လက်တစ်ဖက်တည်းရှိသည့် ဘခက်အတွက်မူ အလွန်ခက်ခဲလှပေသည်။ ကိုယ်ဟန်တစ်ချက်မှားသွားပါက အိမ်အောက်သို့ပြုတ်ကျသွားမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် မနှင်းဆီအိပ်ခန်းပြတင်းတံခါးမှာ ဖွင့်ထားသည်ကိုတွေ့ရသည်။ ဘခက်က ထိုပြတင်းတံခါးထံသို့ သွားကာ အခန်းအတွင်းခုန်ဝင်လိုက်သည်။ မနှင်းဆီမှာ ကုတင်ပေါ်တွင် လှဲအိပ်လျှက်သားရှိနေသည်။

“မနှင်းဆီ၊ မနှင်းဆီ”

ဘခက်က အော်လိုက်ကာ မနှင်းဆီကို လက်ဖြင့်ထိလိုက်သည်။ ထိုအခါ မနှင်းဆီတစ်ကိုယ်လုံးမှာ ပူခြစ်တောက်နေသည် ခံစားရသည်။ မနှင်းဆီမှာ သာမန်အိပ်ပျော်နေခြင်းမဟုတ်ဘဲ သေနတ်ဒဏ်ရာကြောင့် အဖျားတက်ကာ မေ့မြောနေခြင်းဖြစ်သည်။

“ဒုက္ခပဲ၊ ဘသိန်းကလည်း အိမ်အောက်ရောက်နေပြီ၊ မနှင်းဆီကလည်း အဖျားတက်ပြီး မေ့နေတယ်၊ ဘသိန်းသာ မနှင်းဆီကိုတွေ့သွားရင် မနှင်းဆီတစ်ယောက် အဖမ်းခံရတော့မှာ ကြိမ်းသေပဲ”

ဘခက်မှာ ရေရွတ်လိုက်ပြီးနောက် မနှင်းဆီလွတ်မြောက်ရေးကို တွေးတောရင်း အကြံအိုက်နေမိသည်။