ဘယ်သန်ဘခက်နှင့် ငတက်လုံး
အတွဲ(၂) စာစဉ်(၁)

(၁)

ရန်ကုန်မြို့ကြီးက အိပ်မောကျနေပြီဖြစ်သည်။ ညသန်းခေါင်ယံအချိန်တိုင်ပြီမို့ လမ်းသွားလမ်းလာလူသူတစ်ဦးတစ်ယောက်မှပင် လမ်းမပေါ်တွင်မရှိကြတော့ပေ၊ သို့သော်လည်း ဆီထည့်ထွန်းရသည့် လမ်းမီးတိုင်ကြီးများမှာ ဝါဖန့်ဖန့်အလင်းရောင်ကြီးများထွက်၍ ဝင်းလက်နေလေသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လျှပ်စစ်မီးများသုံးစွဲနေပြီဖြစ်သော်လည်း လမ်းမကြီးများတွင်သာ လျှပ်စစ်မီးတိုင်များရှိပြီး လမ်းသွယ်လမ်းကျဉ်းကလေးများတွင် လမ်းနေလူထုက ရန်ပုံငွေထောက်ပံ့ကာ ထွန်းညှိရသည့် လမ်းမီးတိုင်များရှိလေသည်။ လူကြီးတစ်ယောက်မှာ ဆီပုံးကြီးကိုလက်တစ်ဖက်မှကိုင်ကာ မောင့်ဂိုမာရီလမ်းမကြီးအတိုင်း လျှောက်လှမ်းလာခဲ့သည်။ လမ်းမီးတိုင်ကြီးများက ဆီကုန်တော့မည်ဖြစ်သဖြင့် တဖြည်းဖြည်းမှိန်ကျလာလေသည်။ လမ်းမကြီးတစ်လျှောက် အိမ်ကြီးခြံကြီးများအတွင်း မွှေးမြူထားသည့် အိမ်စောင့်ခွေးကြီးများက ဓါတ်မီးတိုင်ဆီလဲပေးရသည့် ဘူကြီးအားတွေ့သည့်အခါ ထိုးဟောင်ကြလေသည်။

“တောက်၊ ဒီခွေးတွေကတော့နော်၊ ငါခဲနဲ့ပေါက်ထည့်လိုက်ရင်တော့ နာတော့မယ်”

ထိုလူကြီးကက ခွေးများကိုလှည့်ပြီးကြိမ်းမောင်းနေလေသည်။ မကြာမီအချိန်မှာပင် လမ်းမီးတိုင်ရှိမီးများမှာ ဟုတ်ခနဲငြိမ်းသွားလေတော့သည်။

“အင်း၊ ဒီခွေးတွေကလည်းနော်၊ ဒင်းကြောင့် လမ်းမီးသေသွားပြီ”

ကုလားကြီးက လမ်းမီးတိုင်တစ်ခုအနီးသို့ရပ်တန့်လိုက်ကာ မီးတိုက်အောက်ခြေရှိ ဆီထည့်သည့်အပေါက်ကိုဖွင့်လိုက်လေသည်။ ထို့နောက် ရေနွေးကရားသဏ္ဍာန် ဆီထည့်သည့် အိုးကြီးဖြင့် ဆီပေါက်ထဲသို့လောင်းထည့်ရန်ပြုလိုက်စဉ်မှာပင် သူ၏လည်ပင်းထံသို့ အေးမြမာကြောလှသည့်အရာတစ်ခုက လာရောက်ထိတွေ့လေသည်။

“မလှုပ်နဲ့၊ မင်းတစ်ချက်အော်လိုက်မယ်ဆိုရင်တော့ မင်းရဲ့လည်ပင်းပြတ်ထွက်သွားလိမ့်မယ်”

ပီသကြည်မျှသည့် ယောက်ျားသံတစ်ခုကထွက်ပေါ်လာလေရာ လမ်းမီးထွန်းသည့်လူကက ဘာမှမပြောတော့ဘဲ ခေါင်းကိုအသာညိတ်ပြလိုက်သည်။

“မ . . . မလုပ်ပါနဲ့ဗျာ၊ ကျုပ်ကိုချမ်းသာပေးပါ”

“ဒါဆိုရင် မီးတိုင်တွေကိုဆီမဖြည့်နဲ့တော့၊ တစ်ခါတည်းအိမ်ကိုတန်းရောက်အောင်သာ ပြေးပေတော့”

“မဟုတ်တာပဲဗျာ၊ မီးတိုင်ဆီငြိမ်းသွားတာသိရင် ကျုပ်ကိုမြူနီစပယ်က အလုပ်ဖြုတ်မှာပေါ့ဗျ”

ထိုအခါ ထိုလူကြီးဝတ်ဆင်ထားသည့် အင်္ကျီ၏အိတ်ထောင်အတွင်းသို့ လက်တစ်ခုကတိုးဝင်သွားပြီး အိတ်ထောင်အတွင်းလေးလံသည့်ခံစားမှုမျိုးကိုခံစားလိုက်ရသည်။

“မင်းကို ရွှေပြားသုံးပြားပေးလိုက်တယ်၊ ဒီလောက်ဆိုရင်တော့ မင်းအလုပ်ပြုတ်ရင်လည်း စားသောက်လို့ရမှာပါ”

ထိုလူကြီးမှာပျော်ရွှင်သွားပြီး ခေါင်းကိုညိတ်လိုက်လေသည်။ ထိုလူကြီး၏ လည်ပင်းပေါ်တွင်ကျရောက်နေသည့် ဓါးသွားမှာလည်း ရုတ်သိမ်းသွားတော့သည်။ ထိုလူကြီးက တစ်ဖက်သို့လှည့်လိုက်သည့်အခါ အမှောင်ရိပ်အတွင်းရပ်နေသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ လူကိုတွေ့လိုက်ရသည်ဆိုသော်လည်း အမှောင်အတွင်းမို့ ခပ်ရေးရေးသာမြင်နေရခြင်းဖြစ်သည်။

“ကျေး၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားက ငတက်လုံးမဟုတ်လား”

“မင်းငါ့ကိုဘယ်လိုလုပ်ပြီးသိတာလဲ”

“သိတာပေါ့ဗျာ၊ ငတက်လုံးက ဆင်းရဲသားတွေကိုရန်မပြုတဲ့အပြင် ဆင်းရဲသားတွေကို ကြည့်ရှုတယ်လေဗျာ၊ အခုခင်ဗျား ဒီဘလောက်က လော့ဝင်းဂိတ်ရဲ့အိမ်ကို ခိုးဖို့လာတာမဟုတ်လား”

ငတက်လုံးထံမှ မည်သည့်တုံ့ပြန်သံကိုမှ မကြားရပေ။

“လော့ဝင်းဂိတ်အိမ်မှာ ပစ္စည်းတွေအများကြီးရှိတယ်လို့ကြားဖူးတယ်၊ ခင်ဗျားကံကောင်းပါစေ ငတက်လုံးရာ၊ ကဲ၊ ကျုပ်တော့ပြေးပြီဗျို့”

မီးတိုင်ဆီဖြည့်သည့်လူကြီးမှာ လမ်းမကြီးအတိုင်းပြေးလွှားသွားလေတော့သည်။ မီးတိုင်များမှာ ဆီထည့်သူမရှိသဖြင့် မှိန်ကျသွားပြီး မကြာခင်မှာပင် လမ်းတစ်လျှောက်မှောင်မိုက်သွားတော့သည်။ ငတက်လုံးက တစ်ချက်ပြုံးလိုက်ပြီးနောက် အိမ်ကြီးတစ်အိမ်ဆီသို့ဦးတည်ကာ လျှောက်လှမ်းလာခဲ့တော့သည်။

အိမ်ကြီးမှာအလွန်ခမ်းနားကြီးကျယ်စွာတည်ဆောက်ထားသည်။ ဗြိတိသျှလက်ရာ အင်္ဂတွေရုပ်လုံးရုပ်ကြွများဖြင့်လည်း အလှဆင်ထားသေးသည်။ ထိုအိမ်ကြီးအတွင်းသို့ ဝင်ရန်အတွက် လူနှစ်ရပ်နီးပါးမြင့်သည့် အုတ်တံတိုင်းကြီးကိုဖြတ်ကျော်ရအုံးမည်ဖြစ်သည်။ ငတက်လုံးက တစ်ချက်ပြုံးလိုက်ပြီး အုတ်တံတိုင်းအောက်ခြေတွင် လေးဖက်ထောက်လျှက်သားထိုင်ချလိုက်သည်။ ထို့နောက်ခေါင်းကိုမော့ကာ အုတ်တံတိုင်းအပေါ်သို့ကြည့်လျှက် တွက်ဆနေမိသည်။ ပြီးသည့်အခါ ဘယ်ဖက်ခြေထောက်အား အနောက်သို့ဆန့်တန်းလိုက်ပြီး လက်များကိုဖွထားလိုက်ကာ ကိုယ်ခန္ဓာအလေးချိန်အားလုံးကို ညာဘက်ခြေထောက်တွင်စုစည်းထားလိုက်လေတော့သည်။

ထို့နောက် ယားခနဲခပ်အုပ်အုပ်အော်လိုက်ပြီးသည်နှင့် ညာဘက်ခြေထောက်ကိုအားကုန်ဆန့်တန်းထုတ်လိုက်ကာ အုတ်တံတိုင်းကြီးကိုလွှားခနဲခုန်ကျော်လိုက်လေတော့သည်။ အုတ်နံရံအပေါ်တွင်လည်း လူမတက်နိုင်ရန်အတွက် သံဆူးချွန်များကိုတပ်ဆင်ထားသေးသည်။ သို့သော်လည်း ငတက်လုံး၏ ခုန်ချက်မှာ လူနှစ်ရပ်ခန့်ရှိသည့် အုတ်တံတိုင်းကြီးကိုသာ ခုန်ကျော်နိုင်ရုံမက ထိုသံချွန်များအပေါ်မှပင် တစ်ထွာခန့်ကျော်အောင် ခုန်တက်နိုင်ခဲ့သည်။ အုတ်တံတိုင်းကြီးအား ခုန်ပြီးသည့်အခါ ခြံအတွင်းသို့ ပြန်ကျတော့သည်။ ထိုအခါ ဘယ်ခြေထောက်ကိုအားပြု၍ မြေပြင်ကိုလက်နှင့်အသာထောက်ကာ ကြောင်တစ်ကောင်ကျသည့်နှယ် တိုးတိုးတိတ်တိတ်ပြုတ်ကျသွားလေသည်။

ခြံအတွင်းလွှတ်မွှေးထားသည့် ခွေးကြီးတစ်ကောင်က အမှောင်ထုအတွင်းမှပြေးထွက်လာကာ ငတက်လုံးထံသို့ တန်းတန်းမတ်မတ်ပြေးဝင်လာလေသည်။ ငတက်လုံးလည်း ခွေးကြီး၏ နှုတ်သီးအားအမိအရဖမ်းဆုပ်လိုက်ကာ ခေါင်းကိုလက်တစ်ဖက်နှင့်ညှပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ခွေးကြီး၏ လည်ပင်းအောက်ဘက်ရင်ညွန့်အထက်နေရာဆီသို့ လက်မဖြင့်ခပ်ဆတ်ဆတ်ထိုးနှက်ထည့်လိုက်ရာ ခွေးကြီးမှာ ဂိန်ဟုပင် အော်ချိန်မရတော့ဘဲ တဆတ်ဆတ်တုန်လျှက် ငြိမ်သက်သွားလေတော့သည်။ ငတက်လုံးလည်း မတ်တပ်ထရပ်လိုက်ပြီး ကြီးကျယ်ခမ်းနားလှသည့် နှစ်ထပ်အိမ်ကြီးကိုတစ်ချက်မော့ကြည့်လိုက်လေသည်။ ထို့နောက် ကြောင်တစ်ကောင်နှယ် ပေါ့ပါးစွာဖြင့် အိမ်နံရံကြီးအား ကုပ်ဖက်တက်သွားလေတော့သည်။

(၂)

“ခင်နှောင်း . . .ခင်နှောင်း”

ဘခက်က ရေရွတ်လျှက်နိုးထလာလေသည်။ ထိုအခါ သူ့အနီးတွင် မိန်းကလေးတစ်ဦးကထိုင်နေလေသည်။ ထိုမိန်းကလေးမှာ လုဌေးအမည်ရမိန်းကလေးဖြစ်သည်။

“ရှင့်မှာလည်း အချိန်ရှိသရွေ့ အဲဒီခင်နှောင်းဆိုတာကိုပဲ ရေရွတ်နေတာပဲရှင်”

ဘခက်က ထိုမိန်းကလေးအား မျက်စောင်းထိုးလိုက်ကာ

“ငါ့ဖာသာ ဘာရွတ်ရွတ်မင်းအပူပါလို့လား”

ဘခက်က အိပ်ရာပေါ်မှကုန်းထလိုက်သည့်အခါ လှဌေးက ရေဆွတ်ထားသည့်အဝတ်စတစ်ခုအား ဘခက်ထံသို့လှမ်းပေးလေသည်။ ဘခက်လည်း အဝတ်စကိုဆွဲယူလိုက်ပြီး မျက်နှာကိုသုတ်နေလိုက်မိသည်။ ထိုအခါ တဲအတွင်းသို့ မိန်းကလေးတစ်ဦးဝင်လာလေသည်။

“မမလေးတောင်ရောက်လာပြီကိုး”

ထိုမိန်းကလေးကို ဘခက်ကကြည့်လိုက်ရင်း

“မင်းကရောဘယ်သူလဲ”

“ကျွန်မနာမည် မနှင်းဆီပါ”

“ဒါနဲ့ ဦးရာကျော်ဘယ်သွားလဲ”

လှဌေးက ကြားဝင်၍

“ဆရာကြီးစံက ဒီမှာအမြဲမနေပါဘူးရှင်၊ သူက အမြဲတမ်းခရီးသွားနေတဲ့သူပါ”

“သူဘယ်ကိုသွားလဲ၊ ကျုပ်လိုက်သွားမယ်”

ဘခက်က အိပ်ရာမှကုန်းထလိုက်လေသည်။ ထိုအခါ ဝမ်းဗိုက်တွင်ရထားသည့် သေနတ်ဒဏ်ရာမှာ ဆစ်ခနဲအောင့်လာသဖြင့် လက်ဖြင့်ဖိထားကာ ညည်းညူလိုက်မိသည်။ ထိုအခါ မနှင်းဆီဆိုသည့်မိန်းကလေးက ဘခက်အနီးသို့ပြေးလာပြီး ဘခက်ပုခုံးအားလှမ်းဆွဲလေသည်။

“ရှင်အဆင်ပြေရဲ့လား”

ဘခက်က မနှင်းဆီ၏လက်ကို ဘယ်ဘက်လက်ဖြင့် ပုတ်ချလိုက်ပြီးနောက်

“ကျုပ်ကိုမထိနဲ့၊ ကျုပ်ကိုမိန်းမတွေထိတာကိုင်တာ မကြိုက်ဘူး”

မနှင်းဆီက စိတ်မကောင်းသည့်မျက်နှာပေးနှင့် အနောက်သို့ပြန်ဆုတ်သွားလေသည်။ ဘခက်က လှဌေးဘက်သို့လှည့်ကြည့်လိုက်ပြီးနောက်

“လှဌေး၊ ဦးရာကျော်ဘယ်သွားတာလဲ၊ ငါသူ့အနောက်လိုက်သွားမှဖြစ်မယ်၊ ငါသူနဲ့အတူတူ တိုင်းပြည်အတွက်အလုပ်လုပ်ပေးမယ်လို့ ကတိပေးထားတယ်”

လှဌေးက ခေါင်းခါပြကာ

“ဒါတော့ ကျွန်မလည်းမသိဘူး”

“ဘာ၊ နင်ကဘာမှမသိပါလား၊ နင်သိတာ ဘာရှိလဲလှဌေး”

ဘခက်ငေါက်လိုက်သဖြင့် လှဌေးမျက်နှာမှာ ငိုမဲ့မဲ့ကလေးဖြစ်သွားလေသည်။ ဘခက်လည်း ဟောက်ဟမ်းပြီးတော့မှ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။

“လှဌေးရဲ့တာဝန်ကတော့ ရှင့်ကိုနေကောင်းတဲ့အထိ ပြုစုပေးဖို့ပါ၊ ဆရာကြီးစံကလည်း သေသေချာချာမှာသွားသေးတယ်”

“ဒါဆို သူဘယ်မှာရှိတယ်ဆိုတာ နင်မသိဘူးပေါ့”

ထိုအခါ မနှင်းဆီက

“ရှင်သူနဲ့တကယ်တွေ့ချင်တာလား”

ဘခက်က မနှင်းဆီအားလှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

“ရှင်သူနဲ့တွေ့ချင်ရင်တော့ ကျွန်မနဲ့လိုက်ခဲ့မှရမယ်”

လှဌေးက စိုးရိမ်သွားကာ

“မမလေး၊ ဖြစ်ပါ့မလား”

မနှင်းဆီက လှဌေးအားလက်ကာပြလိုက်ပြီး

“ရတယ်၊ ရှင်ကျွန်မအနောက် လိုက်နိုင်ရဲ့လား”

ဘခက်က မျက်နှာတစ်ချက်ရှုံ့မဲ့လိုက်ပြီး

“ဘာလို့မလိုက်နိုင်ရမှာလဲဗျာ၊ ဘခက်ဆိုတဲ့ကျုပ်က ငရဲပြည်လည်းရောက်ဖူးပြီးပြီ၊ သေရွာကနေလည်း ပြန်လာခဲ့ပြီးပြီ၊ ကျုပ်မသွားရဲတဲ့နေရာဆိုတာ ဒီကမ္ဘာမှာမရှိဘူး”

“တယ်ဆိုတဲ့စာပါလား၊ ရှင်က လူပုံကသာ ခပ်ကြမ်းကြမ်းဆိုပေမယ့် စိတ်ကတော့ နုရွနေသားပဲ”

“အပိုတွေပြောမနေနဲ့၊ ဘယ်မှာလဲ ဦးရာကျော်”

မနှင်းဆီက တဲအပေါက်ဝသို့ထွက်လိုက်ရင်း လည်ပြန်တစ်ချက်လှည့်ကြည့်လိုက်ကာ

“ကျွန်မအနောက်ကိုသာလိုက်ခဲ့ပါတော့”

ဘခက်လည်း မနှင်းဆီအနောက်သို့ လိုက်ခဲ့တော့သည်။ သို့သော် သုံးလှမ်းခန့်လျှောက်ပြီးသည့်အချိန်မှာပင် ဘခက်၏ဝမ်းဗိုက်က အလွန်အောင့်လာပြီးနောက် လူကယိုင်ကျသွားလေသည်။

“ကိုဘခက်၊ ဖြစ်ရဲ့လား”

လှဌေးက ဘခက်လက်အားပြေးဆွဲသော်လည်း ဘခက်က လှဌေးအားတွန်းလိုက်ပြီး

“ရတယ်၊ ငါ့ခြေထောက်ပေါ်ငါလျှောက်မယ်၊ ငါ့ကိုမကူညီနဲ့၊ ငါအကူအညီမလိုဘူး”

ထိုသို့ပြောကာ နာကျင်မှုများကိုအံကြိတ်ခံရင်း တဲအပြင်သို့တစ်လှမ်းချင်းထွက်လာခဲ့လေတော့သည်။ တဲအပြင်တွင် မနှင်းဆီက မတ်တပ်ရပ်နေကာ ဘခက်အားပြုံးလျှက်ကြည့်နေလေသည်။ သို့သော် သူ့အပြုံးများက နှစ်လိုဖွယ်အပြုံးမဟုတ်ဘဲ မထီမဲ့မြင်ပြုံးသည့် အပြုံးဖြစ်သည်။

“ရှင်အပြင်ကိုတော့ ချောချောမောမောထွက်လာနိုင်သားပဲ၊ ရှေ့ကလမ်းကတော့ ဝင်္ကပါလိုရှုပ်ထွေးလွန်းတယ်၊ ရှင်ကျွန်မနောက်ကို ထပ်ချပ်မကွာလိုက်နိုင်မှရမယ်နော်”

မနှင်းဆီက လမ်းဆက်လျှောက်သွားလေသည်။ တောင်လုံးပြန်ရှိ ပျံကျတဲကလေးများမှာ ကျဉ်းမြောင်းစွာတည်ရှိပြီး အတွင်းတွင် ဝင်္ကပါတစ်မျှရှုပ်ထွေးလှသည်။ မနှင်းဆီက ဗွက်ပေါက်နေသည့်လမ်းများအတိုင်းလျှောက်သွားနေလေရာ ဘခက်လည်းအနောက်မှခပ်မြန်မြန်လိုက်နေရသည်။ ခြေထောက်ကိုမြန်မြန်လျှောက်သည့်အခါတိုင်း ဝမ်းဗိုက်မှသေနတ်ဒဏ်ရာက မီးစနှင့်ထိုးသည့်နှယ် စူးခနဲအောင့်အောင့်တက်လာသော်လည်း မနှင်းဆီကိုမခံချင်သဖြင့် အားတင်းကာဆက်လျှောက်ရသည်။ တစ်ခါတရံလမ်းလျှောက်ရင်း လဲကျချင်လာသောအခါ အနီးရှိတဲအိမ်ကလေးများကို အားပြုကိုင်တွယ်ရင်း ဆက်လျှောက်လာခဲ့သည်။

လမ်းသွယ်ကလေးများကို အတန်ကြာဖြတ်သန်းပြီးသောအခါ မြေနီလမ်းမကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။ မနှင်းဆီကလှည့််ကြည့်ပြီး

“ရှင်ကဘယ်ဆိုးလို့လဲ၊ ဒီအထိလိုက်လာနိုင်သားပဲ”

မနှင်းဆီပြောဆိုနေချိန်မှာပင် အနက်ရောင်ဒေါက်ကပ်မြင်းလှည်းကြီးတစ်စီးက မနှင်းဆီအရှေ့တွင်ထိုးရပ်သွားလေသည်။ မနှင်းဆီက ထိုမြင်းလှည်းကြီးပေါ်သို့ တက်သွားသည့်အခါ ဘခက်လည်းအနောက်မှလိုက်တက်လာခဲ့ရတော့သည်။ ဒေါက်ကပ်မြင်းလှည်းများတွင် ခုံတန်းများကို မျက်နှာချင်းဆိုင်တပ်ဆင်ထားရာ ဘခက်နှင့်ထိုမိန်းကလေးမှာ မျက်နှာချင်းဆိုင်အနေအထားထိုင်လျှက် လိုက်ပါလာခဲ့သည်။ မနှင်းဆီက ဘခက်အားစူးရဲသည့်အကြည့်များဖြင့် ကြည့်ကာ အကဲခတ်နေသလို ဘခက်ကလည်း မျက်မှောင်ကြုတ်လျှက် မနှင်းဆီအားပြန်ကြည့်ကာ အကဲခတ်နေမိသည်။

မနှင်းဆီမှာ ပါးလွှာသည့်နှုတ်ခမ်းရှိပြီး မျက်လုံးမျက်ဖန်ကောင်းသည်။ မနှင်းဆီ၏မျက်လုံးများမှာ အရည်ရွန်းလဲ့နေပြီး သာမန်ဗမာမိန်းကလေးမျက်လုံးများကဲ့သို့ နက်မှောင်မနေဘဲ အစိမ်းရောင်ဖန့်ဖန့်သူငယ်အိမ်များရှိသည်။ ဆံပင်မှာလည်း အနက်ရောင်မဟုတ်ဘဲ မန်ကျည်းစေ့ရောင်ကဲ့သို့ နီရဲနေသေးသည်။ မြန်မာဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားသော်လည်း ခြေထောက်တွင်တော့ လည်ရှည်သားရေဖိနပ်ထိပ်ချွန်ကို ဝတ်ဆင်ထားလေသည်။

အခြားသော ပုရိသယောက်ျားများအဖို့ မနှင်းဆီ၏ ရုပ်ရည်သွင်ပြင်မှာ စွဲမက်ဖွယ်ဖြစ်သော်လည်း ဘခက်ကတော့ ဘာကြောင့်မှန်းမသိဘဲ မနှင်းဆီအား အမြင်ကတ်နေမိသည်။

“ရှင့်ရဲ့ကျစ်လျစ်တဲ့ခန္ဓာကိုယ်နဲ့ လက်သီးဆုပ်ထိပ်က အသားမာတွေ၊ လက်ဆစ်ငေါငေါကြီးတွေကို ကြည့်တာနဲ့တင် ရှင်က အတိုက်အခိုက်သမား၊ ဒါမှမဟုတ် လက်ဝှေ့သမားတစ်ယောက်ဆိုတာ ပြောစရာမလိုဘဲသိနိုင်ပါတယ်”

မနှင်းဆီက စပြောသည့်အခါ ဘခက်ကလည်း

“မင်းရဲ့ခန္ဓာကိုယ်အချိုးအစား၊ ကျစ်လျစ်တဲ့လက်ဆစ်ခြေဆစ်တွေ၊ နောက်ပြီးတခြားမိန်းမတွေလို အဆီပိုမရှိတာကိုကြည့်ရခြင်းအားဖြင့် မင်းကလည်း အားကစားလိုက်စားတဲ့သူတစ်ယောက်ဆိုတာကို သိသာနေပါတယ်”

ဘခက်ပြောလိုက်သည့်အခါ မနှင်းဆီမှာ တစ်ချက်ရယ်လျှက်

“ရှင်ပြောတာမှန်သင့်သလောက်မှန်ပါတယ်၊ ရှင်အခုစကားပြောတဲ့ပုံ၊ မိန်းကလေးတွေနဲ့ဆက်ဆံတဲ့ပုံတွေကိုကြည့်ချင်းအားဖြင့် ရှင်ဟာ ဘုန်းကြီးလူထွက်တစ်ယောက်၊ ဒါမှမဟုတ်ရင်လည်း ကပ္ပိယ၊ ဖိုးသူတော်လူထွက်ဆိုတာကို နဖူးမှာစာရေးပြီးပြောထားတဲ့အတိုင်း သိပ်သိသာလွန်းပါတယ်”

ဘခက်က တစ်ချက်မဲ့လိုက်ပြီး

“မင်းရဲ့မျက်လုံး၊ မင်းရဲ့အသားအရည်၊ မင်းရဲ့ဆံပင်အရောင်ကိုကြည့်လိုက်တာနဲ့ မင်းကလည်း မျိုးမစစ်တဲ့ ကပြားတစ်ယောက်မှန်း အလွန်ကိုသိသာလွန်းနေပါတယ် မိန်းကလေး”

ဘခက်ပြောလိုက်သည့်အခါ မနှင်းဆီက ရုပ်ပျက်သွားပြီးနောက်

“ကျွန်မရှင်နဲ့ စကားနိုင်လုဖို့ ပြောနေတာမဟုတ်ပါဘူး”

“ငါကလည်း ပိုဆိုးပါသေးတယ်၊ ကဲ ပြောစမ်း၊ ဦးရာကျော်ဘယ်မှာလဲ၊ သူဘာလုပ်နေလဲ၊ ငါသူနဲ့ဘယ်လိုတွေ့ရမလဲ”

မိန်းကလေးက အပြင်ကိုငေးကြည့်ရင်း

“ဦးရာကျော်ကအခုရန်ကုန်မှာပါပဲ၊ ကျွန်မအိမ်မှာရောက်နေတယ်”

“မင်းအိမ်က ဘယ်မှာလဲ”

“မြို့ထဲမှာပါ”

ဘခက်စိုးရိမ်သွားလေသည်။

“ကျုပ်ကိုအင်္ဂလိပ်တွေက တစ်မြို့လုံးအနှံ့ ပိုက်စိပ်တိုက်ရှာနေတယ်ဆိုတာကို ခင်ဗျားမသိဘူးလား”

“သူတို့က သူများကိုရှာလို့ရချင်ရမယ် ကျွန်မကိုတော့ ရှာလို့မရပါဘူးရှင်”

ဘခက်လည်းမြင်းလှည်းပေါ်တွင်ငြိမ်ထိုင်ပြီးလိုက်လာမိသည်။ တစ်နေရာအရောက်တွင် ရပ်ကွက်အတွင်းမှလူများက ပျော်ရွှင်စွာနှင့်ကခုန်နေကြသည်ကိုတွေ့ရလေသည်။ မြင်းလှည်းသမားပင် ထိုလူများမြင်းလှည်းနှင့်မတိုက်မိစေရန် အတော်ခြောက်လှန့်ပြီးသွားလာမောင်းနှင်နေရလေသည်။ ဘခက်က ပြတင်းပေါက်မှ အပြင်ကိုခေါင်းထုတ်ကြည့်လိုက်ပြီး

“ဒီလူတွေဘာများဖြစ်နေတာလဲ”

ထိုအခါ မြင်းလှည်းမောင်းသည့်လူက

“ငတက်လုံးနဲ့တွေ့လို့ ပျော်နေကြတာလေ”

ငတက်လုံးဆိုသည့်အသံကိုကြားလိုက်သဖြင့် ဘခက်တစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ အကြောင်းမှာ ငတက်လုံးဆိုသူက သူနှင့််ဦးရာကျော်တို့အား ကယ်တင်ထားသည်မဟုတ်ပါလား။

“ငတက်လုံးနဲ့တွေ့တာ ဘာပျော်စရာရှိလို့လဲဗျာ”

“ခင်ဗျားမသိဘူးလားဗျ၊ ငတက်လုံးဆိုတာ အင်္ဂလိပ်အရာရှိကြီးတွေ၊ သူဌေးတွေဆီကငွေတွေကိုခိုးယူပြီးတော့ ဆင်းရဲသားတွေကိုပြန်ဝေပေးတဲ့တစ်ယောက်ပေါ့ဗျာ၊ အခုလည်း ဒီရပ်ကွက်ကို ငတက်လုံးက ငွေတွေခွဲပေးသွားပုံရတယ်၊ ဒါကြောင့် ဒီလူတွေပျော်ရွှင်နေတာပေါ့ဗျ”

မနှင်းဆီက မြင်းလှည်းအတွင်းမှနေ၍

“ဒီတစ်ခါ ဘယ်အိမ်ကပစ္စည်းပါသွားတာတဲ့လဲ မွတ်တား”

“မောင့်ဂိုမာရီလမ်းပေါ်က လော့ဝင်းဂိတ်အိမ်ကတဲ့ မမလေး”

မနှင်းဆီမှာ တအံ့တသြနှင့်

“လော့ဝင်းဂိတ်အိမ်ဆိုတာ တော်ရုံသူခိုးဘယ်တက်နိုင်မှာလဲ အုတ်တံတိုင်းကြီးတင် လူနှစ်ရပ်လောက်ရှိတယ်မဟုတ်လား၊ အထဲမှာလည်း အမဲလိုက်ခွေးကြီးတွေ၊ ဒရဝမ်တွေ၊ အစောင့်အကြပ်တွေလည်း သိပ်ပေါတယ်ဆိုပဲ”

“အဲဒါကိုပဲ ငတက်လုံးက ရအောင်ခိုးသွားခဲ့တယ်မဟုတ်လား မမလေးရာ၊ အခုဆိုရင် ရန်ကုန်မြို့ထဲက အင်္ဂလိပ်တွေ တော်တော်ပေါက်ကွဲနေကြပြီဗျ၊ လော့ဝင်းဂိတ်ဆိုရင် ငတက်လုံးကိုဖမ်းမိရင် အင်္ဂလိပ်အစိုးရကပေးတဲ့ဆုကြေးအပြင် သူက ငွေငါးရာတိတိကိုထပ်ပြီးချီးမြှင့်ပေးအုံးမှာတဲ့ဗျာ”

“မနည်းပါလား”

မြင်းလှည်းမောင်းမွတ်တားက

“ဒါပေမယ့် ကျုပ်ကတော့ မိမယ်မထင်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ ငတက်လုံးသောင်းကျန်းနေတာပဲ တစ်နှစ်လောက်ရှိပြီမဟုတ်လား၊ အခုထိဘယ်သူကမှ သူ့ကိုဖမ်းလို့မရသေးဘူးလေဗျာ၊ ပြီးတော့သူခိုးတာကလည်း သူ့အတွက်မှမဟုတ်ဘဲဗျ၊ အများပြည်သူ ဆင်းရဲသားနင်းပြားတွေအတွက်ပဲမဟုတ်လား”

ဘခက်လည်းပြုံးရင်း

“ခင်ဗျားကတော့ တော်တော်ညွှန်းနေပါလားဗျာ၊ ဘာလဲ ခင်ဗျားကရော သူ့ဆီက ပိုက်ဆံတွေဘာတွေယူထားဖူးလို့လား”

“ယူထားဖူးတာပေါ့ဗျာ၊ ကျုပ်သမီးလေး မြင်းလှည်းပေါ်တက်ဆော့ရင်း ပြုတ်ကျလို့ခြေကျိုးသွားတော့ ပြန်ကုဖို့ငွေမှမရှိတာဗျ၊ ငွေပေးပြီးမကုနိုင်ရင် တစ်သက်လုံးခြေထောက် ထော့နဲ့ထော့နဲ့နဲ့ နေသွားရမှာလို့ ဆရာဝန်တွေကပြောသဗျာ၊ တစ်မနက်ကျတော့ ကျုပ်အိပ်ရာနိုးလာတဲ့အချိန်မှာ ကျုပ်သမီးလေးအိပ်နေတဲ့ပုခက်ထဲမှာ ငွေစက္ကူတွေအထပ်လိုက်ကြီးထည့်သွားသဗျာ၊ ဒီငွေနဲ့ပဲ ကျုပ်သမီးလေးရောဂါကို ကုနိုင်တဲ့အပြင် ကျုပ်တို့နေတဲ့အိမ်စုတ်ကလေးကိုလည်း မိုးလုံလေလုံဖြစ်အောင်ပြင်နိုင်ခဲ့တယ်ဗျ၊ ဒါကြောင့် ငတက်လုံးဆိုတဲ့လူက ဘယ်သူဘယ်ဝါမှန်းတော့မသိပေမယ့် ကျုပ်အပေါ်တော့ကျေးဇူးရှိခဲ့တယ်ဗျ”

“ဒါဖြင့် အဲဒီငတက်လုံးက ခင်ဗျားနဲ့ပက်ပင်းတိုးပြီဆိုပါတော့ဗျာ၊ ခင်ဗျားဘာဆက်လုပ်မလဲ”

“ဘာလုပ်ရမလဲဗျာ၊ မသိချင်ယောင်ဆောင်ပြီးတော့ ဒီအတိုင်းလွှတ်ပေးလိုက်မှာပေါ့ဗျ”

“ခင်ဗျားဗျာ၊ ငတက်လုံးကိုဖမ်းမိရင် ဆုငွေတွေတော်တော်များများရမှာဆိုဗျ”

“ဆုငွေကိုကျုပ်မမက်ပါဘူးဗျာ၊ ဒါပေမယ့် ကျုပ်ခက်ခဲနေတဲ့အချိန် အကူအညီပေးခဲ့ဖူးတဲ့ ငတက်လုံးကို ကျုပ်ကပြန်ပြီးတော့ သစ္စာစောင့်သိရမှာပေါ့ဗျာ၊ ဟော၊ ပြောရင်းဆိုရင်း အရှေ့မှာ အင်္ဂလိပ်တွေရဲ့ချက်ပွိုင့်တစ်ခုရှိတယ် မမလေး”

ဘခက်မှာ အပြင်ဘက်သို့လှမ်းကြည့်လိုက်မိသည်။ ချက်ပွိုင့်ဆိုသည်မှာ စစ်ဆေးရေးဂိတ်တစ်ခုပင်ဖြစ်သည်။ သေနတ်ကိုင်ထားသည့် ပုလိပ်များမှာ လမ်းတစ်လျှောက်ဖြတ်သန်းသွားလာနေကြသည့် ကားများ၊ မြင်းလှည်းများ၊ လန်ချားနှင့် လက်တွန်းလှည်းပါမကျန် မွေနှောက်ကာ ရှာဖွေနေကြသည်။ မနှင်းဆီမှာ သူထိုင်နေသည့် ဒေါက်ကပ်မြင်းလှည်းကြီးအတွင်းရှိ ခုံတန်းရှည်ကို ဖြုတ်ယူလိုက်သည့်အခါ ခုံအောက်တွင် သေတ္တာသဖွယ်အကန့်တစ်ခုလုပ်ထားသည်ကိုတွေ့လိုက်ရသည်။ ထိုအကန့်မှာ လူတစ်ဦးဝင်ရောက်ပုန်းခိုနိုင်ရန် ကျယ်ဝန်းပေသည်။ မနှင်းဆီက ဘခက်ကိုကြည့်လိုက်ရင်း

“ရှင်ဒီထဲကိုဝင်နေမှရမယ်”

“ကျုပ်က ခင်ဗျားထိုင်တဲ့ထိုင်ခုံအောက်ကို ဘာဖြစ်လို့ဝင်ရမှာလဲ”

“မဝင်ချင်ဘူးဆိုရင်တော့ ဟိုအရှေ့ကလူတွေကို ရှင်ရှင်းပစ်မှရမယ်”

ဘခက်မှာ ပုလိပ်များဘက်သို့လှည့်ကြည့်လိုက်သည်။ ပုလိပ်ရှစ်ယောက်ခန့်ရှိနေသည်ကိုတွေ့ရသည်။ သာမန်အချိန်တွင် ထိုပုလိပ်ရှစ်ယောက်အား အလွယ်တကူရှင်းလင်းပစ်နိုင်သော်လည်း ယခုအခါ ဒဏ်ရာကြီးနှင့်မို့ မလှုပ်မရှားနိုင်ဖြစ်နေသည်။ နောက်ဆုံး မနှင်းဆီ၏ ကမ်းလှမ်းချက်ကိုလက်ခံလိုက်ရသည်။ ထိုင်ခုံအောက်သို့ ဘခက်မှာ လျှောတိုက်ကာဝင်ရောက်သွားသည်။ ထိုင်ခုံအဖုံးကိုပိတ်လိုက်သည့်အချိန်တွင် ဘခက်မှာ မြင်းလှည်းပေါ်မှ ပျောက်ခြင်းမလှပျောက်ကွယ်သွားသည်။

မကြာမီမြင်းလှည်းမှာ စစ်ဆေးရေးဂိတ်ဆီသို့ရောက်လာသည်။ မွတ်တားက လှည်းအတွင်းသို့လှည့်ကြည့်ကာ မနှင်းဆီက ခေါင်းညိတ်ကာအချက်ပြလိုက်သည်။ ပုလိပ်များက လှည်းအနီးသို့ချဉ်းကပ်လာသည်။

“မင်းတို့လှည်းပေါ်ကဆင်းလိုက်ပါ၊ ငါတို့လှည်းကိုရှာဖွေမယ်”

မနှင်းဆီက ပြုံးလျက်

“ကျွန်မနာမည်ရိုစီလော့ခ်ဟက်ဒ်ပါ”

ပုလိပ်မှာ မျက်မှောင်ကြုတ်လျှက်

“ဘိုးလိမ်းလမ်းက ဝီလျံလော့ခ်ဟက်ဒ်ရဲ့ သမီးထင်တယ်၊ ရဲဘော်တို့သူ့ကိုသွားခွင့်ပေးလိုက်ပါ”

ပုလိပ်အရာရှိ၏ စကားကိုကြားသော်လည်း ပုလိပ်များမှာ ကျေနပ်ပုံမရပေ။

“ပေးသွားလိုက်ပါ ဝီလျံလော့ခ်ဟက်ဒ်ဆိုတာ အင်္ဂလန်ဘုရင့်ထီးနန်းရဲ့ အားကိုးယုံကြည်ရတဲ့ သူကောင်းမျိုးဖြစ်တယ်၊ သူတို့ကတော့ ဘယ်နည်းနဲ့မှ အစိုးရကိုအကြပ်တွေ့အောင်လုပ်မှာမဟုတ်ဘူး”

ထိုတော့မှ ပုလိပ်များမှာရှဲပေးလိုက်ကြသည်။ ဘိုးလိန်းလမ်းဟုဆိုင်းဘုတ်တပ်ထားသည့် လမ်းတစ်ခုအတွင်းသို့ မြင်းလှည်းကမောင်းဝင်လာခဲ့သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင်တော့ ခြံဝန်းကျယ်ကြီးများနှင့် အိမ်ကြီးအိမ်ကောင်းများအစီအရီရှိသည်။ လူကုံထံ သူဌေးများနေထိုင်သည့် အရပ်မှန်းတန်းသိနိုင်ပေသည်။ မကြာမီခြံကြီးတစ်ခုအရှေ့တွင် မြင်းလှည်းကြီးက ထိုးရပ်သွားလေသည်။ ခြံတံခါးပွင့်သွားသည်နှင့် မြင်းလှည်းကြီးမှာ ခြံဝန်းအတွင်းမောင်းဝင်လာခဲ့သည်။

ကြီးမားသည့် နို့နှစ်ရောင်နှစ်ထပ်အိမ်ကြီးတစ်လုံးအရှေ့တွင် မြင်းလှည်းကြီးက ရပ်တန့်သွားသည်နှင့် မနှင်းဆီက မြင်းလှည်းပေါ်မှဆင်းသွားလေသည်။ ဘခက်လည်း မနှင်းဆီအနောက်မှ ဆက်လိုက်လာခဲ့သည်။ အိမ်ကြီးအတွင်းဝင်လိုက်သည့်အခါ ခမ်းနားလှသည့် ခန်းမကျယ်ကြီးနှင့်အတူ ဖန်မီးဆိုင်းတွဲကြီးတစ်ခုကိုလည်းတွေ့လိုက်ရသည်။ အိမ်ကြီးအတွင်းမှ အင်္ဂလိပ်မကြီးတစ်ဦးပြေးထွက်လာကာ

“အိုး ဆွိဟက်ဒ်၊ ညက လော့ဝင်းဂိတ်အိမ်အဖောက်ခံရတယ်၊ ဆွိဟက်ဒ်ရဲ့”

“သိပြီးပြီ အန်တီဆိုဖီ၊ ခုနက မွတ်တားပြောပြတယ်”

“အဲဒီငတက်လုံးဆိုတဲ့ ဘလက်ဒီသီ့ဖ် ကတော့ တော်တော်ဆိုးတာပဲ”

သူတို့မှာ မြန်မာစကားမပြောဘဲ အင်္ဂလိပ်လိုပြောဆိုနေကြခြင်းဖြစ်သည်၊ အနောက်ဥရောပဒေသများသို့ ဘခက်တစ်ယောက်ရောက်ဖူးသည်မို့ အင်္ဂလိပ်စကားကို အတော်အတန်နားလည်နေလေရာ သူတို့ပြောသည့်စကားများကိုနားထောင်နေမိသည်။

“အဖေအိမ်ပေါ်မှာရှိလား အန်တီဆိုဖီ”

“ရှိပါ့ဗျာ”

ခန့်ညားကြည်လင်လှသည့်အသံတစ်ခုကိုကြားလိုက်ရပြီးနောက် လှေကားကြီးအတိုင်း အင်္ဂလိပ်ကြီးတစ်ယောက်က ဆင်းလာလေသည်။ ထိုအခါ မနှင်းဆီက ထိုအင်္ဂလိပ်ကြီးထံသို့ပြေးသွားလိုက်ပြီး ပွေ့ဖက်လိုက်ကာ ပါးပြင်အားရွတ်ခနဲနမ်းလိုက်လေသည်။

“တစ်နေ့လုံးတစ်ညလုံး ဘယ်ပျောက်နေတာလဲရိုစီ၊ အဖေဘယ်လောက်စိတ်ပူရသလဲဆိုတာ သိရဲ့လား”

“အဖေ့ကိုပြောထားပြီးသားပဲမဟုတ်လား၊ ဖိုက်ချ်လမ်းက မာသာဂလိုရီတို့ကျောင်းက မိဘမဲ့ကလေးတွေဆီကို သွားပြီးလှူဒါန်းပါတယ်လို့”

အင်္ဂလိပ်ကြီးကပြုံးလိုက်ရင်း

“အလှူအတန်းလုပ်တာကိုတော့ အဖေအားပေးပါတယ် ရိုစီ၊ ဒီလိုကိစ္စဆိုတာက မြင့်မြတ်တဲ့နှလုံးသားရှိသူတွေသာ လုပ်နိုင်တယ်မဟုတ်လား၊ ဒါပေမယ့် သမီးအမတွေနည်းတူ သမီးလည်း အိမ်ထောင်ရေးကိစ္စကိုစဉ်းစားသင့်ပြီလို့အဖေထင်တယ်”

မနှင်းဆီက ခေါင်းညိတ်လိုက်ပြီး

“သိပ်မလောပါနဲ့အုံးအဖေရယ်”

“လော့လန်ကတ်စတာရဲ့ သားအငယ်ဆုံးက ရန်ကုန်ရောက်နေတယ်၊ အဖေကတော့ သမီးနဲ့သူနဲ့ကိုမိတ်ဆက်ပေးဖို့တွေးထားတယ်။ အဖေတို့လော့ခ်ဟဒ်အိမ်တော်နဲ့ လန်ကတ်စတာအိမ်တော်ဆိုတာ အရင်ကတည်းကလည်း သွေးချင်းနီးခဲ့ဖူးတဲ့အဖြစ်တွေရှိခဲ့တယ်သမီး”

“သမီးကတော့ ဒီအကြောင်းတွေမစဉ်းစားချင်သေးဘူးအဖေ”

“သမီးသွားကိုသွားရမယ်၊ အဖေက သမီးတောင်းဆိုသမျှကို မလိုက်လျောခဲ့ဖူးတာ ဘယ်နှစ်ခါရှိလို့လဲသမီး၊ အခုဒီတစ်ကြိမ်တော့ အဖေတောင်းဆိုတာကို လိုက်လျောပေးပါ”

မနှင်းဆီမျက်နှာက မပျော်ရွှင်သော်လည်း ခေါင်းညိတ်လိုက်လေသည်။

“မနက်ဖြန်ည (ပဲဂူးကလပ်)ပဲခူးကလပ်မှာ လန်ကတ်စတာတွေကို ဧည့်ခံတဲ့ပွဲရှိတယ်၊ အဲဒီကိုသမီးသွားတက်ရမယ်”

မနှင်းဆီခေါင်းညိတ်ပြီးသည့် အင်္ဂလိပ်ကြီးက ဘခက်အားတစ်ချက်ကြည့်ကာ အကဲခတ်လိုက်ပြီး

“မောင်မင်းကဘယ်သူလဲ”

ကျုပ်ဘာမှပြန်မဖြေရသေးခင် မနှင်းဆီက

“သူက သမီးရဲ့ဘော်ဒီဂတ်ပါ”

အင်္ဂလိပ်ကြီးမှာ အံ့သြသွားပြီး

“ဘယ်လိုသမီး၊ ဘော်ဒီဂတ်ဟုတ်သလား၊ သမီးဘာတွေလျှောက်လုပ်နေတာလဲ”

“မနေ့ညက မာသာဂလိုရီတို့ကျောင်းကို သူခိုးတွေဖောက်တယ်အဖေ၊ သူခိုးတွေက သမီးကိုရန်ပြုဖို့ကြိုးစားတုန်း မာသာဂလိုရီတို့ကျောင်းမှာ ခိုကပ်နေတဲ့ဒီလူက သမီးကိုကယ်တင်ခဲ့တယ်”

“ဖြစ်ပါ့မလားသမီး၊ ဘော်ဒီဂတ်ကလည်း လက်တစ်ဖက်ပြတ်ကြီးနဲ့ပါလား၊ ပြီးတော့ သူက ဗမာနော်၊ ဗမာတွေနဲ့ ဖက်လှဲတကင်းနေတာကို အဖေမရှုစိမ့်ဘူးဆိုတာ သမီးမသိဘူးလား”

မနှင်းဆီက သူ့အဖေကိုကြည့်လိုက်ပြီး

“သမီးအမေကလည်း ဗမာပါအဖေ၊ အဖေက ဗမာမိန်းမနဲ့ရခဲ့ပြီး သမီးကိုမွေးထားတယ်ဆိုတာ အဖေမမေ့ပါနဲ့”

အင်္ဂလိပ်ကြီးက သက်ပြင်းချလိုက်ပြီး

“ကောင်းပါပြီသမီး၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ဒီလူကအဖေတို့အိမ်မှာနေမယ်ဆိုရင် သူကအင်္ဂလိပ်စကားပြောတတ်မှဖြစ်လိမ့်မယ်နော်”

ထိုအခါဘခက်က

“ကျုပ်ကအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ပါတယ်၊ ကျုပ်နာမည်ဘခက်ပါ၊ ကျုပ်ကလူဆိုးသူခိုးတစ်ယောက်မဟုတ်ပါဘူး၊ ပြီးတော့ ကျုပ်က ဥရောပကနေပြန်လာတာလဲမကြာသေးပါဘူး”

ဘခက်က အလွန်ပီသသည့် အင်္ဂလိပ်စကားဖြင့်ပြောလိုက်သည့်အခါ မနှင်းဆီအဖေ အင်္ဂလိပ်ကြီးမှာ အလွန်အံ့သြသွားပြီး

“အလိုလေး၊ ဗမာတစ်ယောက်က အင်္ဂလိပ်စကားပြောတတ်နေပါလား၊ မင်းကို မာသာဂလိုရီတို့သင်ပေးခဲ့တာလား”

“မဟုတ်ပါဘူး၊ ကျုပ်က ပထမကမ္ဘာစစ်အတွင်းက ဥရောပမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ဗြိတိသျှတွေနဲ့ ပြင်သစ်ပြည်စစ်မျက်နှာတွေမှာ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်၊ အခုရန်ကုန်ကိုပြန်ရောက်တာလည်း တစ်လမပြည့်သေးပါဘူး”

ဘခက်က ပြောပြောဆိုဆိုနှင့် သူ့ညာဘက်အင်္ကျီလက်မောင်းကို ပင့်တင်ကာ လက်မောင်းအိုးတွင်ရေးဆွဲထားသည့် အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဍာန် ဆေးမင်ကြောင်အား မြင်သာအောင်လှန်ပြလိုက်လေရာ အင်္ဂလိပ်ကြီးကလှမ်းကြည့်ပြီး

“ဘုရားရေ၊ မင်းဆိုမီကိုရောက်ဖူးခဲ့တာပဲ၊ ငါလည်း ဆိုမီမှာတာဝန်ကျဖူးတယ်၊ ငါက တပ်မ (၃၇၇)ကပေါ့”

အင်္ဂလိပ်ကြီးက လှေကားကဆင်းလာပြီးနောက် ဘခက်ကိုလက်ကမ်းပေးလိုက်ကာ

“ဆိုမီရောက်ဖူးတဲ့သူတွေဟာ သူရသတ္တိနဲ့ပြည့်စုံတဲ့လူတွေပဲ မောင်မင်း၊ ဘာပဲပြောပြော စစ်ပြန်ကြီးမောင်မင်းကို ကျုပ်လေးစားပါတယ်”

ဘခက်က အင်္ဂလိပ်ကြီးကမ်းပေးသည့်လက်ကိုတစ်ချက်ကြည့်နေသေးသည်။ အနောက်မှမနှင်းဆီက ခေါင်းညိတ်ပြသဖြင့် ဘယ်လက်ဖြင့်ထိုလက်ကို ဆွဲလိုက်ကာ လှုပ်ယမ်းလျှက်နှုတ်ဆက်လိုက်လေသည်။

“တွေ့ရတာဝမ်းသာပါတယ်၊ ကျုပ်နာမည် ဝီလျံလော့ခ်ဟက်ဒ်ပါ၊ အချိန်ရရင် တို့စစ်ပွဲအကြောင်းတွေပြောကြတာပေါ့”

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်၊ ကျုပ်နာမည် ဘခက်ပါ”

မနှင်းဆီက ဘခက်ကိုကြည့်လျှက် နှစ်နှစ်ကာကာရယ်ပြလေသည်။ ထိုအခါ ဘေးနားတွင်ရှိနေသည့် အန်တီဆိုဖီအမည်ရ မိန်းမကြီးက သူ့နဖူးကိုလက်ဖြင့်ရိုက်ကာ

“အိုးဘုရားသခင်၊ သခင်ကြီး ဗမာတစ်ယောက်နဲ့လက်ဆွဲနှုတ်ဆက်တာကို ဆယ်နှစ်အတောအတွင်းမှာ ပထမဆုံးမြင်ခဲ့ရတာပဲ”

“အေးအေးဆေးဆေးအနားယူပါအုံးလူလေး၊ ကဲ ဆိုဖီ၊ သူ့ကို အိမ်အောက်ထပ်က အခန်းလွတ်တစ်ခုထဲမှာစီစဉ်ပေးလိုက်ပါ၊ အဝတ်အစားကောင်းတွေလည်း ဆင်ပေးလိုက်စမ်းပါ”

ဆိုဖီဆိုသည့်မိန်းမကြီးမှာ ဘခက်အားသိပ်မကြည်သော်လည်း သခင်ဖြစ်သူ၏အမိန့်ကြောင့် ဘခက်အားဦးဆောင်၍ခေါ်ဆောင်သွားလေသည်။ ဘခက်လည်း ဆိုဖီအနောက်သို့လိုက်သွားရတော့သည်။ ကြီးကျယ်ခမ်းနားသည့် ဧည့်ခန်းကိုဖြတ်လျှောက်ခဲ့ပြီးနောက် အနောက်ဘက်အခန်းတစ်ခန်းတွင်နေထိုင်ရသည်။ အခန်းအတွင်းကုတင်တစ်လုံးနှင့်် ဘီရိုတစ်ခုရှိသည်။ ဆိုဖီက မကြာခင် အဝတ်အစားများကို သယ်ဆောင်လာကာ ပို့ပေးလေသည်။

“ရေချိုးခန်းက ဟိုးအနောက်မှာ၊ ရေချိုးပြီးရင်တော့ ဒီအဝတ်အစားသစ်တွေဝတ်လိုက်ပါ၊ ပြီးရင် သခင်ကြီးက ညစာအတူတူစားဖို့ ခေါ်နေပါတယ်”

ဘယ်သန်ဘခက်က ခေါင်းညိတ်ပြလိုက်ပြီး ရေမိုးချိုးရန်အတွက်ထွက်လာခဲ့သည်၊ ရေချိုးခန်းမှာ ဥရောပစတိုင်ပြင်ဆင်ထားသည်၊ ဘခက်လည်းကိုယ်လက်သန့်စင်ပြီးနောက် အဝတ်အစားအသစ်များကိုဝတ်ဆင်လဲလှယ်လိုက်သည်။ ဖြူလွ၍ချေးညှော်ကင်းသောအဝတ်အစားများမှာ အမွှေးရနံ့များထုံသင်းနေလေသည်။

ညစာစားသည့် ထမင်းစားခန်းကြီးအတွင်း စားပွဲခုံဝိုင်းကြီးတစ်ခုရှိပြီး စားသောက်ဖွယ်ရာများကိုပြင်ဆင်ထားသည်။ ဘခက်ထိုင်လိုက်သည့်အခါ ဆိုဖီနှင့်အခြားအိမ်အကူ အလုပ်သမားလေးများက ဘခက်စားသောက်ရန်ပြင်ဆင်ပေးကြသည်။ ထမင်းစားပွဲတွင် အင်္ဂလိပ်ကြီးဝီလျံက စကားများကိုဖောင်ဖွဲ့အောင်ပြောဆိုသော်လည်း ဘခက်ကတော့ တစ်ခွန်းမေးတစ်ခွန်းဖြေသာပြောဆိုလေသည်။ ထမင်းစားသောက်ပြီးစီးသည့်အခါ ဝီလျံမှာ အိမ်အပေါ်ထပ်သို့တက်သွားလေသည်။ မနှင်းဆီသာ ဘခက်အနီးသို့တိုးကပ်လာခဲ့သည်။

“ရှင်အဖေနဲ့အဆင်ပြေသွားလို့တော်သေးတယ်၊ ကျွန်မကစိတ်ပူနေတာ၊ ကံကောင်းတာက အဖေလည်းစစ်ပြန်တစ်ယောက်ပဲ၊ ပထမကမ္ဘာစစ်မှာ သူကတာဝန်ထမ်းခဲ့ရတော့ စစ်ပြန်တွေဆိုရင် လေးစားချစ်ခင်တတ်တာ သူ့အကျင့်ပဲ”

“ဒါနဲ့ခင်ဗျားပြောတော့ ခင်ဗျားဆီမှာ ဦးရာကျော်ရှိတယ်ဆို၊ မဟုတ်မှလွဲရော ခင်ဗျားက အင်္ဂလိပ်သွေးပါတယ်ဆိုတော့ အင်္ဂလိပ်တွေကိုများ ဦးရာကျော်ကိုရောင်းစားလိုက်ပြီလား”

“ရှင်တွေးချင်လည်းတွေးချင်စရာပေါ့လေ၊ ကျွန်မက အင်္ဂလိပ်ကြီးတစ်ဦးရဲ့သမီး၊ နေတာကလည်း အင်္ဂလိပ်တွေနဲ့နေတာဆိုတော့ ရှင်ဒီလိုတွေးတာလည်းမမှားဘူးပေါ့၊ ဒါပေမယ့် ကျွန်မတစ်ခုပြောနိုင်တာကတော့ အင်္ဂလိပ်တွေကို ကျွန်မသိပ်မုန်းတယ်၊ ကျွန်မအဖေက အင်္ဂလိပ်တစ်ယောက်ဖြစ်နေတာတောင်မှ ကျွန်မအင်္ဂလိပ်တွေကိုမုန်းတယ်”

“တကယ်လို့များ ခင်ဗျားကိုတစ်ခုပဲရွေးချယ်ရမယ်ဆိုပါတော့ဗျာ၊ ခင်ဗျားအဖေနဲ့ ကိုယ့်လူမျိုးတွေအရေးနဲ့ ရွေးချယ်ရပြီဆိုရင် ခင်ဗျားဘယ်အရာကိုရွေးချယ်မလဲ၊ ခင်ဗျားအဖေ အင်္ဂလိပ်ကြီးဘက်ကိုလိုက်မှာလား၊ ဒါမှမဟုတ်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုရွေးချယ်မှာလား”

မနှင်းဆီက ဘာမှမပြောတော့ဘဲ တွေဝေနေလေသည်။ ဘခက်လည်း တစ်ချက်ပြုံုးလိုက်ပြီး

“ကျုပ်ကလည်း တကယ်လို့များလို့ပြောတာပါ”

“ရှင်ပြောတဲ့တကယ်လို့များက တကယ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံပေါ့ရှင်”

မနှင်းဆီက အိမ်နောက်ဖေးဘက်ကိုလျှောက်သွားရင်း

“ကဲ ကိုဘခက်၊ ကျွန်မနောက်ကိုလိုက်ခဲ့တော့”

ဘခက်လည်း မနှင်းဆီခေါ်ဆောင်ရာအတိုင်း လိုက်သွားလေတော့သည်။

(၃)

“ခင်ဗျားခေါ်လာတာ အိမ်သာကြီးမဟုတ်လား၊ အိမ်သာထဲကိုနှစ်ယောက်ဝင်ပြီး မဟုတ်တာတွေကြံစည်မလို့တော့မဟုတ်ပါဘူးနော်”

အိမ်ကြီး၏အပြင်ဘက်ရှိအိမ်သာတစ်ခုရှေ့သို့ရောက်သည့်အခါ ဘခက်က မနှင်းဆီကိုမေးလိုက်သည်။ မနှင်းဆီက ခေါင်းခါပြီး

“ကျွန်မတို့အိမ်ကြီးထဲမှာ အိမ်သာတွေအများကြီးရှိတယ်၊ ဒီတော့ ဒီအိမ်သာက အိမ်အပြင်ကလာတဲ့ နိမ့်ကျတဲ့လူတွေသုံးဖို့အတွက်ထားတဲ့နေရာပဲ၊ ကျွန်မတို့အိမ်မှာ ဧည့်သည်အဝင်အထွက်သိပ်မရှိဘူးဆိုတော့ကာ ဒီအိမ်သာက အသုံးမဝင်ဘူးလို့ပြောလို့ရတာပေါ့ရှင်”

မနှင်းဆီက ဘေးဘီကိုတစ်ချက်ငေးကြည့်လိုက်ပြီးသည့်နောက် အိမ်သာအတွင်းသို့ဝင်လိုက်ကာ အိမ်သာခြေနင်းပြားကိုမယူလိုက်လေသည်။ အောက်တွင်တော့ မစင်ခံသည့် စည်ပိုင်းကြီးတစ်ခုရှိသည်။ သို့သော် မသုံးသည်မှာကြာရှည်ပြီဖြစ်သဖြင့်် စည်ပိုင်းကြီးက သန့်ပြန့်နေလေသည်။ ထိုစည်ပိုင်းကြီးကို မနှင်းဆီက လှည့်လိုက်လေရာ စည်ပိုင်းကြီးမှာ တစ်ရစ်ပြီးတစ်ရစ်နိမ့်ဝင်သွားပြီး မကြာခင် သုံးပေပတ်လည်ခန့်ကျယ်သည့် မြေကျင်းကြီးတစ်ခုဖြစ်သွားတော့သည်၊ မနှင်းဆီက ထိုမြေကျင်းကြီးအတွင်းသို့ ခုန်ဝင်လိုက်ရာ ဘခက်လည်းအနောက်မှခုန်ဝင်ခဲ့ရသည်။ မြေကျင်းကြီးအတွင်း မှောင်မိုက်နေလေသည်။ မြေကျင်းကြီး၏ နံရံတွင် မြေသားများပြိုမကျအောင် သစ်သားချောင်းများ၊ သစ်သားပြားများဖြင့်ကာရံထားသဖြင့် ယခုမြေကျင်းကြီးမှာ လူလုပ်မြေကျင်းကြီးဖြစ်မှန်းသိလိုက်ရသည်။

“ဒါဘယ်နေရာလဲ”

“အခုလိုအိမ်ကြီးအိမ်ကောင်းတွေရဲ့အောက်မှာ အရေးကြုံရင်အသုံးပြုလို့ရအောင်လို့ မြေအောက်ခန်းတွေဆောက်ထားတတ်တယ်၊ အဓိကကတော့ စစ်ဖြစ်ရင်ပုန်းဖို့ခိုဖို့နေရာတွေပေါ့ရှင်”

“ဒါဆို မင်းအဖေက ဒီအိမ်မှာ ဗုံးခိုကျင်းရှိတာကိုမသိဘူးလား”

“ကျွန်မအဖေက ဒီအိမ်ကိုရောက်တာမကြာသေးဘူး၊ ကျွန်မကိုမွေးပြီးတော့ သိပ်မကြာခင်မှာပဲ အင်္ဂလန်ကိုပြန်သွားခဲ့တယ်၊ ဒီအိမ်ကြီးမှာ ကျွန်မအမေနဲ့ ကျွန်မနဲ့နှစ်ယောက်တည်းနေခဲ့ရတယ်၊ သူပြန်ရောက်လာခဲ့တာ သုံးနှစ်လောက်ပဲရှိသေးတယ်”

စကားတပြောပြောနှင့််ဆက်လျှောက်သွားကြရင်း မကြာခင်အချိန်တွင် မြေအောက်လမ်းကြီးကအဆုံးသတ်သွားပြီး အရှေ့တွင်ပျဉ်ပြားကြီးများသာ ရှိနေတော့သည်။ ဘခက်က ရပ်တန့်လိုက်သော်လည်း မနှင်းဆီက အရှေ့ဆက်သွားပြီး ထိုပျဉ်ပြားချပ်ကြီးကို လက်ဆစ်များဖြင့် တဒေါက်ဒေါက်ခေါက်လေသည်။ ခေါက်ရာတွင်လည်း ဆက်တိုက်ခေါက်ခြင်းမဟုတ်ဘဲ သုံးလေးချက်ခေါက်လိုက်၊ တစ်ဖြတ်နားပြီးဆက်ခေါက်လိုက်နှင့် ခေါက်နေလေရာ အချက်ပေးသည့်သဘောဖြင့် ခေါက်နေမှန်းကို ဘခက်သိလိုက်ရသည်။

ထိုသို့ခေါက်ပြီးမကြာခင်မှာပင် ပျဉ်ချပ်ကြီးသုံးချပ်မှာ တံခါးသဖွယ်အနောက်သို့ပွင့်ထွက်သွားပြီး အတွင်းမှလူတစ်ဦးထွက်လာခဲ့သည်။ ထိုသူမှာ ဦးရာကျော်ပင်ဖြစ်နေသည်။

“ဟော၊ မနှင်းဆီတို့တောင်ရောက်လာပါရောလား၊ ဘခက်ပါ ပါလာတာပဲ”

ဘခက်နှင့်မနှင်းဆီတို့မှာ အခန်းအတွင်းသို့ဝင်လိုက်ကြသည်။ ဦးရာကျော်က ပျဉ်ပြားချပ်တံခါးကြီးအား ပြန်ပိတ်လိုက်လေသည်။ ပျဉ်ပြားချပ်တံခါးကြီးမှာ အပြင်မှကြည့်လျှင် တံခါးတစ်ခုဟုမထင်ရဘဲ အတွင်းမှဖွင့်နိုင်ရန်စီစဉ်ထားခြင်းဖြစ်သောကြောင့် သာမန်လူများအဖို့ ထိုပျဉ်ပြားချပ်ကြီးများကိုမြင်သည့်အခါ လမ်းပိတ်တစ်ခုအဖြစ် စဉ်းစားသွားမည်ဖြစ်သည်။

အခန်းအတွင်း အောက်လင်းမီးအိမ်ထွန်းထားသဖြင့် လင်းချင်းနေလေသည်။ စားပွဲခုံတစ်ခုနှင့် ထိုင်ခုံများရှိပြီးနောက် အခန်းထောင့်တွင်ကုတင်နှစ်လုံးရှိသည်။ အခန်းတစ်ခွင်တွင်လည်း များပြားလှစွာသော သေတ္တာများကို စီထပ်ထားကြလေသည်။ ဦးရာကျော်က ပြုံးလျှက် မနှင်းဆီကိုကြည့်ရင်း

“မင်းရဲ့သတင်းကိုကြားပြီးပါပြီ မနှင်းဆီ၊ မင်းညက လော့ဝင်းဂိတ်ရဲ့အိမ်ကြီးကို ဝင်မွှေလိုက်တယ်ဆို”

ဘခက်တစ်ယောက်အံ့သြသွားမိသည်။ မနှင်းဆီက သူဝတ်ဆင်ထားသည့် ဂါဝန်ပွပွကြီးအတွင်းသို့ လက်နှိုက်လိုက်ပြီးနောက် အိတ်ရှုံ့ကလေးတစ်ခုကိုဆွဲထုတ်လိုက်လေသည်။ ထိုအိတ်ကလေးမှာလည်း ဂါဝန်နှင့်အရောင်ဆင်တူနေသည့်အပြင် ဂါဝန်တွင်တပ်ဆင်ထားသည့် ဇာစကလေးများကိုလည်း တပ်ဆင်ထားပေရာ မသိလျှင် အိတ်တစ်ခုဟုမထင်ရဘဲ ဂါဝန်အပိုင်းအစတစ်ခုဟုသာ ထင်မှတ်ရလေသည်။

“ဒါပေါ့ ဦးရာကျော်၊ ဒါနဲ့ လော့ဝင်းဂိတ်အိမ်က ကျွန်မရခဲ့တဲ့ အရေးကြီးစာရွက်စာတမ်းကလေးတွေကို ဖတ်ကြည့်စေချင်တယ်”

ဦးရာကျော်က အိတ်ရှုံ့ကလေးကို ကောက်ယူလိုက်ပြီးအတွင်းမှ စာရွက်လိပ်များကိုထုတ်ယူလိုက်လေသည်။ ဘခက်လည်း မနေနိုင်တော့ဘဲ

“နေစမ်းပါအုံး၊ ကျုပ်ကြားတာကတော့ လော့ဝင်းဂိတ်အိမ်ကိုဖောက်တာ ငတက်လုံးဆိုတဲ့လူတစ်ယောက်မဟုတ်လား”

ဦးရာကျော်က ကျုပ်ကိုပြုံးကြည့်ရင်း

“အေးလေကွာ၊ ငတက်လုံးဆိုတာ ဟောဒီက မနှင်းဆီပေါ့ကွ၊ မင်းနဲ့တစ်ခါတောင် ဆုံဖူးသေးတယ်မဟုတ်လား”

“ဗျာ၊ မနှင်းဆီက ငတက်လုံးတဲ့လား၊ ကျုပ်ဖြင့် ဦးရာကျော်ပြောလို့သာ ယုံလိုက်ရတာဗျ၊ ယုံရခက်ခက်ကြီးနော်”

မနှင်းဆီက အိတ်ရှုံ့ကလေးအတွင်းမှ အလွန်လှပသည့် စိန်လည်ဆွဲတစ်ခုကိုထုတ်ယူလိုက်ပြီးနောက် ထိုစိန်လည်ဆွဲအား သေသေချာချာကြည့်နေရင်း

“ရှင့်ကိုလည်း အတင်းအကြပ်မယုံခိုင်းပါဘူး”

“ဒါဆို မနှင်းဆီက တကယ်ပဲ ငတက်လုံးပေါ့နော်”

“ဒါပေါ့ ဘခက်ရ၊ ရန်ကုန်မြို့တစ်လွှားမှာ ချမ်းသာပါတယ်ဆိုတဲ့ အင်္ဂလိပ်လူဖြူတွေ၊ လူမျိုးခြား ကုလားသူဌေး၊ တရုတ်သူဌေးကြီးတွေရဲ့အိမ်ကိုဖောက်ပြီးတော့ ဆင်းရဲသားနင်းပြား ဗမာတွေ၊ ကုလားတွေကို တစ်ပတ်တစ်ခါလောက် ငွေတွေခွဲပေးနေတဲ့ သူခိုးကြီးငတက်လုံးဆိုတာ ဟောဒီက မနှင်းဆီပါပဲကွာ”

ဘခက်လည်း မနှင်းဆီအားလေးစားသွားပြီး

“ခင်ဗျားသာ ငတက်လုံးအစစ်ဆိုရင်တော့ ကျုပ်လေးစားလွန်းပါတယ်ဗျာ၊ ခင်ဗျားကိုဒီလိုလူဖြစ်မယ်မှန်း ကျုပ်ထင်မထားဘူးဗျ၊ ခင်ဗျားရဲ့လုပ်ရပ်တွေက မွန်မြတ်ပါပေတယ်၊ ကျုပ်လေးစားပါတယ်”

ကျုပ်ကလေးလေးစားစားပြောတော့ မနှင်းဆီက ကျုပ်ကိုကြည့်ရင်း

“ကျွန်မကလည်း ဒီလောက်လုံခြုံရေးတွေ အစောင့်တွေများတဲ့ ရန်ကုန်ထောင်ကြီးထဲကနေ လွတ်အောင်ပြေးလာနိုင်တဲ့ရှင့်ကို ပိုပြီးလေးစားပါတယ်၊ ရန်ကုန်ထောင်ကြီးဆိုတာ ကျွန်မလိုလူတောင်မှ လွယ်လွယ်ကူကူ ဝင်နိုင်တာမဟုတ်ဘူးရှင့်”

မနှင်းဆီက သေတ္တာတစ်ခုအားဖွင့်လိုက်ပြီးနောက် ပလာယာအသေးလေးနှင့် ပစ္စည်းကိရိယာအသေးကလေးများကိုထုတ်ယူလိုက်ကာ စိန်လည်ဆွဲအား သေချာကြည့်ရှု၍ ဖြုတ်ထုတ်နေလေသည်။ ဦးရာကျော်မှာလည်း မနှင်းဆီပေးသည့် စာရွက်စာတမ်းများကို လှန်လှောဖတ်ရှုနေသဖြင့် ဘခက်တစ်ယောက် မနှင်းဆီလုပ်ဆောင်နေသည်များကိုသာ စိတ်ဝင်တစားကြည့်ရှုနေမိသည်။ မကြာသေးသည့်အချိန်အတွင်းမှာပင် စိန်လည်ဆွဲရှိ စိန်များမှာ တစ်ပွင့်ချင်းစီ သီးသန့်ဖြစ်သွားတော့သည်။

“ဒီစိန်ထည်ကလေးတွေကိုတော့ ကျွန်မရဲ့စိန်တိုက်မှာ ပုံပြောင်းပြီး ပြန်ရောင်းထုတ်လိုက်ရင်အမြတ်ရမှာပါ”

ထိုသို့ပြောပြီး စိန်ထည်ဖြတ်လိုက်သည့်အခါ ပြတ်သွားသည့် ရွှေသားအတုံးအစများကို သေတ္တာကြီးတစ်လုံးအတွင်းသို့ ပစ်ထည့်လိုက်တော့သည်။ သေတ္တာကိုလှန်လိုက်သည့်အခါ သေတ္တာအတွင်းတွင် ရွှေထည်ပစ္စည်းအကျိုးအပဲ့များစွာကိုတွေ့လိုက်ရသဖြင့် ဘခက်အံ့သြသွားသည်။

“ဒါ၊ ဒါဆိုရင် ဒီသေတ္တာကြီးတွေထဲမှာက . . .”

မနှင်းဆီက ခေါင်းညိတ်ပြရင်း

“ရွှေထည်တွေ၊ အဖိုးတန်တဲ့အရာတွေ၊ ချက်ချင်းငွေဖြစ်အောင်ပြန်လုပ်လို့မရတဲ့အရာတွေ ထည့်ထားတယ်ဆိုပါတော့ရှင်”

ကျုပ်လည်း ဦးရာကျော်ဘက်သို့လှည့်လိုက်ပြီး

“ဒီရွှေတွေကို ဘာလုပ်ဖို့ စုဆောင်းထားကြတာလဲဆရာကြီး”

ဦးရာကျော်က စာဖတ်နေရင်း ဘခက်အားတစ်ချက်မော့ကြည့်လိုက်ပြီး

“တော်လှန်ရေးအတွက်ပေါ့ကွာ၊ တော်လှန်တယ်ဆိုတာ ပါးစပ်နဲ့တော်လှန်လို့မရဘူး၊ လက်နက်အင်အားနဲ့သူသေကိုယ်သေတိုက်ရမယ့်ပွဲကွ၊ ဒီတော့ အခုငတက်လုံးခိုးယူထားတဲ့ ရွှေထည်တွေနဲ့ လက်နက်တွေရအောင်ကြံဆောင်ဖို့ပေါ့ကွာ”

“ဗျာ၊ တော်လှန်ရေးအတွက်တဲ့လား”

“ဒီမှာဘခက်၊ အခုငါတို့က ဖိနှိပ်ခံဆင်းရဲသားတွေ၊ လယ်သမားတွေအရေးကို အင်တိုက်အားတိုက်ဆောင်ရွက်နေကြတာကွ၊ ဒါပေမယ့် ဒီစာတွေရဲ့အသွားအလာအရဆိုရင်တော့ အင်္ဂလိပ်အစိုးရက လယ်သမားအရေးကို ထိထိရောက်ရောက်ဖြေရှင်းပေးမှာမဟုတ်ဘူး၊ ဒီတော့ အနုနည်းနဲ့တောင်းဆိုလို့မရရင် ငါတို့က အကြမ်းနည်းနဲ့တောင်းဆိုဖို့ဆုံးဖြတ်ထားပြီးသားကွ”

“ဖြစ်ပါ့မလားဗျာ၊ အင်္ဂလိပ်အစိုးရကို လက်နက်ကိုင်တော်လှန်မယ်ဆိုတာက တော်ရုံမိုက်ရူးရဲဆန်တာမဟုတ်ဘူးနော်ဗျ”

“ဒါကြောင့်လည်း ငါတို့က ကြိုပြီးပြင်ဆင်နေတာပေါ့ကွာ၊ စစ်ဆိုတာကတော့ ဖြစ်မှာပဲဟေ့၊ စစ်ဖြစ်တဲ့အခါ နိုင်မှကောင်းမှာမဟုတ်လားကွာ၊ ဒါကြောင့်တို့တွေ နိုင်ခြေများအောင် အခုလိုရွှေငွေတွေစုဆောင်းနေတာပေါ့ကွ”

“ဒါဖြင့်လက်နက်ကရောဗျာ၊ အင်္ဂလိပ်အစိုးရက သူ့ကိုလိုနီနယ်မြေတွေမှာ လက်နက်ဆိုတာကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်မဟုတ်လားဗျာ”

“ဒီအတွက်တော့ မပူပါနဲ့ကွာ၊ အခုတရုတ်ပြည်ဘက်မှာ တရုတ်တွေထုတ်နေတဲ့သေနတ်တွေရှိတယ်တဲ့ကွ၊ စီချွမ်နယ်ဘက်မှာလည်း လက်နက်ပေါသတဲ့ကွ၊ အဲဒီသေနတ်တွေကို ဝယ်ပြီးတော့ မဲခေါင်မြစ်အတိုင်းဆုန်ဆင်းပြီးပို့မယ်ကွာ၊ ရှမ်းပြည်ဘက်ကနေ ပြန်လှည့််သွင်းမယ်၊ ရှမ်းစော်ဘွားတွေဆိုတာကလည်း အင်္ဂလိပ်နယ်ချဲ့တွေကို မလွန်ဆန်နိုင်လို့သာ အုပ်ချုပ်ခံနေကြတယ်ဆိုပေမယ့် သိပ်ပြီးတော့ ကျေလည်ပုံမရဘူးကွ”

ဘခက်တစ်ယောက်အားတက်သွားပြီး

“တကယ်သာဆရာကြီးပြောသလိုဖြစ်ခဲ့တယ်ဆိုရင်တော့ အားတက်စရာကြီးဗျာ”

“မပူနဲ့ဘခက်၊ ဒါကြောင့် ငါကမင်းတို့လိုလူတွေကိုစုဆောင်းနေတာကွ”

“ဒါပေမယ့် အောင်မြင့်ပါ့မလားဗျာ၊ မအောင်မြင်ဘူးဆိုရင် ကျုပ်တို့ကြိုးစင်တက်ရမှာနော် ဆရာကြီး”

ဦးရာကျော်က တစ်ချက်မဲ့လိုက်ပြီး

“မအောင်မြင်စရာမရှိပါဘူးကွာ၊ ငါအရင်က ဂျီစီဘီအေအသင်းအတွက် နယ်လှည့်နေရတဲ့အချိန်မှာ အဲဒီနယ်ကလူတွေ၊ ဝံသာနုခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးတော့ အဆက်အသွယ်တွေရခဲ့ပါပြီကွ၊ သူတို့ရဲ့အကူအညီနဲ့ နယ်အသီးသီးက တောင်သူလယ်သမားတွေက အုံကြွတော်လှန်ကြရင် ဒင်းတို့ဘယ်ခံနိုင်မှာလဲကွ”

ဘခက်တစ်ယောက် ဦးရာကျော်၏ စကားကိုကြားပြီး အလွန်လေးစားကြည်ညိုသွားလေတော့သည်။ ဦးရာကျော်က သူဖတ်နေသည့် စာများကို စားပွဲပေါ်သို့ပစ်ချလိုက်ပြီး

“ရော့ဘခက်၊ ဒင်းတို့ဘယ်လိုအကြံအစည်ရှိတယ်ဆိုတာ ဖတ်ကြည့်စမ်း”

ဘခက်က စာများကိုကောက်ယူလိုက်ပြီးဖတ်ကြည့်လိုက်သည်။ စာများမှာ အင်္ဂလိပ်ဘာသာဖြင့် လက်နှိပ်စက်ရိုက်ပြီးရေးသားထားသည့်စာများဖြစ်သလို၊ လက်ရေးမူဖြင့်ရေးသားထားသည့် စာများလည်းဖြစ်နေသည်။
ဘခက်က အင်္ဂလိပ်စာများကိုတစ်လုံးချင်းပေါင်းဖတ်နေလေသည်။

“သဿမေဓအခွန်၊ လယ်ခွန်၊ မြေခွန်၊ လူခွန်များကို များများတိုးကောက်ရန်၊ အခွန်မပေးသည့်လူများကို နှိပ်ကွပ်ဖမ်းဆီးပြီး အခွန်နှစ်ဆတိုးကောက်ရန်၊ တစ်ဆကိုအင်္ဂလိပ်အစိုးရထံအပ်နှံပြီး ကျန်သည့်တစ်ဆကိုမူ မြို့ပိုင်၊ နယ်ပိုင်၊ တိုက်နယ်သူကြီးများ၏ လုံလစိုက်ထုတ်မှုအတွှက် ချီးမြှောက်ရန်ဆိုပါလား”

ဦးရာကျော်က မဲ့ပြုံးပြုံးလိုက်ပြီး

“ရော့၊ ဒီစာလေးလည်းဖတ်ကြည့်ပါအုံးကွာ”

“ဇန်နဝါရီလ(၂) ရက်မတိုက်မီ လူခွန်တော်များကို ပြေလည်အောင်ပေးသွင်းရမည်၊ ၎င်းရက်အတွင်းမဆောင်၍ ကြေညာရက်လွန်ခဲ့လျှင်လူခွန်တော်များမှာ သူကြီးများ၏ တာဝန်သာဖြစ်သည်၊ အခွန်ကောက်ရေးတွင် သူကြီးများက သူရသတ္တိကိုပြရမည်။ သူကြီးများ သတ္တိမရှိ၍ မိမိတို့အလုပ်ကိုမနိုင်ခဲ့လျှင် ထိုသူကြီးကို အစိုးရက အသိအမှတ်ပြုမည်မဟုတ်၊ ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရမည် ဆိုပါလား”

“အေးပေါ့၊ အဲဒါ မြို့ပိုင်မင်းကနေ သူကြီးမင်းတွေကိုပေးတဲ့ ရာဇသံပဲ၊ ဒါကြောင့် အခုဆိုရင် သူကြီးတွေက အာဏာပြပြီး ရပ်ရွာကိုနှိပ်စက်အုပ်ချုပ်နေကြတယ်၊ ရွာသူရွာသားတွေက လူမျိုးခြားအင်္ဂလိပ်ထက်၊ အင်္ဂလိပ်အလိုတော်ရိ သူကြီးတွေကို ပိုပြီးကြောက်နေရတာပဲ”

“ဒါဆို ဆရာကြီးအခု ဘာဆက်လုပ်မလဲ”

“ငါအခု သာယာဝတီနယ်ဘက်ကိုဆင်းမယ်၊ အဲဒီမှာအမာခံတပည့်တွေရှိတယ်၊ သူတို့ကိုစည်းရုံးပြီးတာနဲ့ လူသူအင်အား လက်နက်အင်အားစုဆောင်းပြီးတော့ တစ်ချိန်တည်းတစ်ပြိုင်တည်း၊ တစ်တိုင်းတစ်ပြည်လုံး အုံကြွနိုင်အောင်ကြံစည်မယ်”

“ဒါဆိုရင် ကျုပ်လည်းလိုက်ခဲ့မယ်ဆရာကြီး”

ဦးရာကျော်က ခေါင်းခါလိုက်ပြီး

“မင်းကိုအခုအချိန် ပုလိပ်တွေက ပိုက်စိပ်တိုက်ပြီးရှာနေတယ်ဘခက်၊ မင်းရထားဘူတာကိုဆင်းတာနဲ့ ဘူတာမှာမင်းကိုမိမှာပဲ၊ ဒါကြောင့် ဒီမှာတစ်ပတ်လောက်တော့ ပုန်းနေပါ၊ မနှင်းဆီအိမ်က စိတ်ချရတယ်၊ အင်္ဂလိပ်တွေနေတဲ့အိမ်ဆိုတော့ ပုလိပ်တွေက မယုံသင်္ကာဖြစ်မှာမဟုတ်ဘူး၊ ပြီးတော့ ဝီလျံလော့ခ်ဟက်ဒ်ဆိုတာကလည်း ဆွေကြီးမျိုးကြီး အင်္ဂလိပ်သစ္စာခံဆိုတော့ တော်ရုံလူတွေ သံသယဖြစ်မှာမဟုတ်ဘူးကွ”

ဘခက်လည်းခေါင်းညိတ်လိုက်ရတော့သည်။

“ငါမနက်ဖြန်မနက်စောစော ရန်ကုန်ကနေထွက်မယ်၊ တစ်ပတ်နေရင် မင်းတို့လိုက်လာခဲ့ကြ၊ သာယာဝတီခရိုင်မှာ အင်းရွာဆိုတာရှိတယ်၊ အင်းရွာနဲ့ခပ်လှမ်းလှမ်းမှာ မန်ကျည်းကုန်းကျောင်းတိုက် ရှိတယ်၊ အဲဒီမှာငါရှိနေမယ်၊ မင်းတို့လာဖြစ်အောင်လာခဲ့ကြ”

ဦးရာကျော်နှင့််ချိန်းချက်ပြီးသည့်အခါ ဘခက်နှင့် မနင်းဆီလည်း အိမ်ကြီးပေါ်သို့ပြန်တက်လာခဲ့သည်။ ကျယ်ဝန်းလှသည့် ခြံဝန်းကြီးအတွင်း သူတို့နှစ်ယောက်လမ်းလျှောက်နေမိသည်။

“ဒါနဲ့ ငတက်လုံးဆိုတဲ့လူကို လူတွေအားလုံးက ယောက်ျားလေးလို့ထင်ထားတယ်မဟုတ်လား မနှင်းဆီ”

ထိုအခါ မနှင်းဆီက လည်ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်

“ယောက်ျားလို့ထင်တော့မှ ပုလိပ်တွေရေလိုက်လွဲမှာပေါ့ဗျာ”

အလွန်ပီသလှသည့်် ယောက်ျားသံသြသြကြီးဖြင့် မနှင်းဆီက ပြောလိုက်လေရာ ဘခက်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရတော့သည်။ ထိုအသံမှာ မနှင်းဆီပါးစပ်မှထွက်သည်ကိုပင် မယုံနိုင်အောင်ဖြစ်နေမိသည်။ ယခုခြံကြီးအတွင်း မနှင်းဆီနှင့်သူ နှစ်ယောက်တည်းရှိနေသောကြောင့်သာ လက်ခံလိုက်ရသည်။

“ရှင်အံ့သြသွားတယ်မဟုတ်လား၊ ကျွန်မက လူကြီးသံ၊ ကလေးသံ၊ တရုတ်သံ၊ ကုလားသံကအစ ကြောင်အော်သံ၊ ခွေးဟောင်သံတွေပါ အသံတုပညာနဲ့အကုန်လုပ်တတ်ပါတယ်”

“လေးစားပါတယ်ဗျာ၊ ဒါကြောင့်လည်း ပုလိပ်တွေက အခုအချိန်အထိ ငတက်လုံးကိုဖမ်းမမိသေးတာပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားက သိုင်းပညာလည်းတော်တော်အဆင့်မြင့်တယ်၊ ကိုယ်လက်လှုပ်ရှားတာလည်း တော်တော်ပေါ့ပါးတယ်၊ မသိလို့မေးပါရစေ၊ ခင်ဗျားလို နုနုရွရွမိန်းကလေးတစ်ယောက်က ဒီပညာတွေကို ဘယ်လိုများတတ်လာခဲ့တာလဲ”

“ပြောရရင်တော့ ရှည်ပါတယ်၊ လွယ်လွယ်ပြောကြပါစို့၊ ကျွန်မငယ်ငယ်က ကျွန်မအဖေက အင်္ဂလန်ပြည်ရောက်နေတာဆိုတော့ အဖေနဲ့လက်ပွန်းတတီးမနေရဘူးပေါ့ရှင်၊ အမေနဲ့ပဲနေခဲ့ရတယ်၊ ကျွန်မငယ်ငယ်က လေဆန်နာဖြစ်တော့ အမေက ရှမ်းဆရာကြီးတစ်ယောက်ကို ခေါ်ကုတယ်၊ အဲဒီမှာပဲ ရှမ်းဆရာကြီးနဲ့ကျွန်မတို့နဲ့ခင်မင်သွားပြီး ရှမ်းဆရာကြီးက အမေမသိအောင် ကျွန်မကိုဒီပညာတွေကို သင်ပေးခဲ့တာပေါ့ရှင်”

မနှင်းဆီက ဆက်လက်၍

“အသံတုပညာ၊ လက်လှည့်ပညာ၊ ကိုယ်ယောင်ဖျောက်တဲ့ပညာ၊ ကမ္ဗောဇသိုင်းပညာတွေအပြင် အစီအရင်တွေကိုလည်းလုပ်ပေးခဲ့သေးတယ်”

“ဘာအစီအရင်လဲ”

ထိုအခါ မနှင်းဆီက သူဝတ်ထားသည့််ဂါဝန်ကို ပေါင်အထိပေါ်အောင်ဆွဲတင်လိုက်လေသည်။ ဖြူဝင်းနုထွေးသည့် ပေါင်သားများပေါ်ပေါက်လာခဲ့ပြီးနောက် ပေါင်ရင်းတစ်နေရာတွင် ကြောင်ပုံသဏ္ဍာန်ဆေးရုပ်ကလေးကို မြင်တွေ့လိုက်ရတော့သည်။

“ဒါ . . .ဒါ ကြောင်ဆေးဆိုတာများလား”

“အမှန်ပေါ့ရှင်၊ ကြောင်ဆေးထိုးထားလို့ ပေါ့ပါးနေတာပေါ့၊ ဒါနဲ့တစ်နေ့တော့ အင်္ဂလိပ်အရာရှိတစ်ယောက်အိမ်က ဟုမ်းပါတီကိုသွားရင်း ကျွန်မအတော်ကလေးစိတ်ဆိုးသွားတယ်၊ အင်္ဂလိပ်တွေက ဗမာတွေကိုနှိမ်တဲ့အပြင် ဗမာနဲ့ရတဲ့လူတွေကိုလည်း မျိုးမစစ်တွေဆိုပြီးနှိမ်တယ်၊ ကျွန်မကိုလည်းနှိမ်တာနဲ့ ကျွန်မ မခံချင်ဖြစ်ပြီး အဲဒီညမှာပဲ အဲဒီအိမ်ကိုခိုးဝင်ပြီး သူတို့ပိုင်ဆိုင်တဲ့စည်းစိမ်တွေ၊ ရတနာတွေအကုန်လုံးကို တစ်ခုမကျန်အောင်ခိုးယူခဲ့တယ်၊ ခိုးယူခဲ့ပေမယ့်လည်း ဒီရတနာတွေ ငွေတွေဆိုတာ ကျွန်မအတွက်လိုမှမလိုတာပဲရှင်၊ ဒါကြောင့် ရတနာတွေကို ဆင်းရဲသားတွေဆီကို ဖြန့်ဝေပေးခဲ့တယ်၊ အဲဒီကနေစပြီးတော့ ကျွန်မဒီအလုပ်ကိုဆက်လုပ်ဖြစ်သွားတယ်ဆိုပါတော့ရှင်”

“ဒါနဲ့ ခင်ဗျားနာမည်ငတက်လုံးဆိုတာကရော”

မနှင်းဆီက ပြုံးလျှက်

“အဲဒီနာမည်က လူတွေကျွန်မကိုပေးထားတဲ့နာမည်ပါ၊ အင်းဝခေတ်က သူခိုးကြီးငတက်ပြားဆိုတာရှိတယ်ရှင့်၊ သူက မင်းဘဏ္ဍာတိုက်က ဘဏ္ဍာတွေကိုခိုးယူပြီး မရှိဆင်းရဲသားတွေကို ဖြန့်ဝေပေးခဲ့တယ်၊ အခုကျွန်မလုပ်ရပ်ကလည်း သူနဲ့တူနေတယ်ဆိုပြီးတော့ လူတွေက ကျွန်မကို ငတက်လုံးဆိုပြီးခေါ်ကြတာ”

အိမ်ကြီးအနားရောက်သည့်အခါ မနှင်းဆီက မိုးပေါ်ကိုမော့ကြည့်လိုက်ရင်း

“ညည့်နက်နေပြီ၊ ရှင်လည်းနားလိုက်ပါအုံး ကိုဘခက်”

ထိုသို့ပြောဆိုပြီးနောက် နှစ်ထပ်အိမ်ကြီးပေါ်သို့ လွှားခနဲခုန်တက်သွားလေသည်။ ထို့နောက်အပေါ်ထပ်ပြတင်းတံခါးတစ်ခုကိုဖွင့်လိုက်ကာ အတွင်းသို့လှစ်ခနဲဝင်သွားလေတော့သည်။ ဘခက်လည်းအလွန်လျှင်မြန်ပေါ့ပါးလှသည့် မနှင်းဆီအားကြည့်ရင်း တစ်ချက်ပြုံးမိလေသည်။

(၄)

သို့နှင့် နောက်တစ်နေ့ညရောက်ခဲ့လေသည်။ ပဲခူးကလပ်အဆောက်အအုံကြီးမှာ ရန်ကုန်+ပြည်ကားလမ်းမကြီးနံဘေးကိုမေးတင်လျှက်တည်ရှိသည်။ ကျယ်ဝန်းသည့်ခြံဝန်းကြီးအတွင်းတွင် တင်းနစ်ကွင်းများ၊ ရေကူးကန်များ၊ အလှပန်းများစိုက်ပျိုးထားသည့် ပန်းခြံကြီးနှင့် ကျယ်ဝန်းသည့် မြက်ခင်းပြင်ကြီးလည်းရှိနေသည်။ အနက်ရောင်ဒေါက်ကပ်မြင်းလှည်းကြီးတစ်စီးက ပဲခူးကလပ်ရှေ့တွင်ရပ်တန့်လိုက်သည့်အခါ လှည်းပေါ်မှ မနှင်းဆီက ဆင်းသက်လာလေသည်။ မနှင်းဆီမှာ ဇာများနှင့်အလှဆင်ထားသည့် ပွပွယောင်းယောင်းဂါဝန်ကြီးကိုဝတ်ဆင်လျှက် ဦးခေါင်းတွင်လည်း ဆံထုံးတစ်ခုကိုထုံးဖွဲ့ထားကာ အလွန်လှပသည့်နှင်းဆီပန်းများဖြင့်အလှဆင်ထားသည်။ ဘခက်ကမူ ကုတ်အကျီအနက်တစ်ထည်ကိုဝတ်ဆင်လျှက် မနှင်းဆီအနောက်မှလိုက်ပါလာခဲ့သည်။

ကလပ်ကြီး၏ အဝင်ဝတွင် ဧည့်ကြိုကောင်လေးများမှာ အလုပ်များနေကြသည်။ ထိုကောင်လေးများကို အုပ်ချုပ်သူကတော့ အင်္ဂလိပ်ကြီးတစ်ဦးဖြစ်သည်။ မနှင်းဆီတို့ဝင်လာသည်ကိုတွေ့သည့်အခါ အင်္ဂလိပ်ကြီးက အရိုအသေပြုလျှက်

“ခင်ဗျားဘယ်သူလဲဆိုတာ သိပါရစေ”

“မစ္စတာ လော့ခ်ဟက်ဒ်ရဲ့သမီး ရိုစီလော့ခ်ဟက်ဒ်ပါ”

အင်္ဂလိပ်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး

“ပဲခူးကလပ်ထဲကို ဗမာဝင်ခွင့်မပေးဘူးမိန်းကလေး”

“ကျွန်မအဖေက အင်္ဂလိပ်ပါ”

ထိုလူကြီးက ခေါင်းခါလိုက်ကာ

“ဗမာနဲ့ရတဲ့ ကပြားတွေကိုလည်းပေးမဝင်ပါဘူး၊ မိန်းကလေးပြန်ပါတော့၊ ဒီကလပ်မှာ မိန်းကလေးအတွက်နေရာမရှိပါဘူး”

ထိုအခါ မနှင်းဆီက အလွန်ဒေါသထွက်သွားပြီး သူကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အသေးလေးအတွင်းမှ စာရွက်တစ်ခုကိုထုတ်ယူလိုက်ကာ

“ဟောဒါကတော့ လော့လန်ကတ်စတာရဲ့သားကိုယ်တိုင် ကျွန်မနာမည်ကိုတပ်ပြီး ဖိတ်ထားတဲ့ဖိတ်စာပါ၊ ဒီတော့ ရှင်ကျွန်မကို ဝင်ခွင့်ပေးမလား၊ လော့လန်ကတ်စတာရဲ့ ဒေါသကိုလက်ခံမလား”

ထိုအင်္ဂလိပ်ကြီးမှာ စာကိုဖတ်ကြည့်ပြီးနောက် မျက်နှာပျက်သွားလေသည်။ အကြံအိုက်သွားပုံလည်းရသည်။ နောက်တော့ စာကိုမနှင်းဆီထံသို့ ပြန်ထိုးပေးလိုက်ပြီး

“ကောင်းပါပြီမိန်းကလေး၊ မိန်းကလေးကို နာမည်နဲ့တကွဖိတ်တာဆိုတော့လည်း ပေးမဝင်လို့မကောင်းပြန်ဘူးလေ၊ ကြွပါ၊ ကြွပါ”

ဘခက်လည်း မနှင်းဆီအနောက်သို့လိုက်ဝင်မည်အလုပ်တွင် ထိုအင်္ဂလိပ်ကြီးက ဘခက်အားတားလိုက်ပြီး

“နိုး၊ နိုး၊ မင်းကဗမာ၊ ဗမာဒီထဲကိုမဝင်ရဘူး”

မနှင်းဆီက ဘခက်ကိုလှည့်ကြည့်ပြီး

“ရှင်အပြင်မှာပဲစောင့်နေလိုက်ပါ”

မနှင်းဆီကပြောလိုက်သဖြင့် ဘခက်မှာအပြင်တွင်စောင့်နေလိုက်ရတော့သည်။ မနှင်းဆီက ခမ်းနားလှသည့် ကလပ်အဆောက်အဦးကြီးအတွင်းသို့ ဝင်ခဲ့လေသည်။ အတွင်းတွင်တော့ လူကုံထံအင်္ဂလိပ်အသိုင်းအဝိုင်းများက ခမ်းမအပြည့်နီးပါးနေရာယူထားပြီဖြစ်သည်။ အင်္ဂလိပ်လူမျိုးတို့၏ ထုံးစံအရ ကလပ်တွင်ဧည့်ခံပွဲကျင်းပသည့်အခါ ပွဲကျင်းပမည့်သူအား မဖြစ်မနေနှုတ်ဆက်ရခြင်းဖြစ်သည်။ သို့နှင့် မနှင်းဆီလည်း ခရီးရောက်မဆိုက် ခမ်းမကြီးတစ်ဖက်တွင်မတ်တပ်ရပ်လျှက်ရှိသည့် လော့လန်ကတ်စတာ၏သားအငယ်ဆီသို့ လှမ်းလာခဲ့သည်။

ထိုပုဂ္ဂိုလ်မှာ သန့်ပြန့်နေသည့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခန့်ညားစွာမတ်တပ်ရပ်လျှက်ရှိသည်။ မနှင်းဆီလျှောက်လှမ်းလာသည့်အခါ မနှင်းဆီအားနှစ်လိုဖွယ်အပြုံးနှင့် ရှုကြည့်လျှက်ရှိသည်။ မနှင်းဆီက ထိုသူအရှေ့သို့သွားရပ်လိုက်ပြီးနောက် လက်တစ်ဖက်ကိုကမ်းပေးလိုက်ရာ ထိုသူက မနှင်းဆီ၏လက်အားလှမ်းဆုပ်ကိုင်လိုက်ပြီးနောက် လက်ဖမိုးကိုအသာကလေးနမ်းလိုက်လေသည်။

“မိန်းကလေးနာမည်သိပါရစေ”

“ဘိုးလိန်းလမ်းက မစ္စတာလော့ခ်ဟက်ဒ်ရဲ့သမီးအငယ်၊ ရိုစီလော့ခ်ဟက်ဒ်ပါ”

ထိုအခါ ထိုလူ၏ ပြုံးနေသည့်မျက်နှာမှာ အင်တင်တင်ကြီးဖြစ်သွားလေသည်။ ထို့နောက် မနှင်းဆီ၏လက်ကိုလည်း လွှတ်ချလိုက်သည်။

“လတ်စသတ်တော့ မင်းကမျိုးမစစ်ကောင်မကိုး”

လူပုံအလယ်တွင် ခပ်ကျယ်ကျယ်ပြောလိုက်သဖြင့် ခန်းမအတွင်းမှလူများက သူတို့အားလှည့်ကြည့်လိုက်ကြလေသည်။

“ဘာရှင့်၊ ရှင်ဘာပြောလိုက်တယ်”

“မင်းအမေက ဗမာမပဲလေ၊ ဒီတော့ မင်းကမျိုးမစစ်ပေါ့”

မနှင်းဆီက ခပ်ရိုင်းရိုင်းတုံ့ပြန်ချင်သော်လည်း ဖခင်မျက်နှာလည်းရှိနေသေးသဖြင့် စိတ်ကိုထိန်းထားရသည်။

“မိန်းကလေးတစ်ယောက်ကို လူပုံအလယ်မှာစော်ကားတာဟာ လူကြီးလူကောင်းမဆန်ဘူးနော်”

ထိုသူက ဟက်ခနဲရယ်လျှက်

“မင်းက မိန်းကလေးတောင်မဟုတ်ဘူး၊ မင်းဟာ အမျိုးညံ့တဲ့ဗမာမကနေ မွေးထုတ်ထားတဲ့သမီး၊ မင်းရဲ့ကိုယ်ထဲမှာလည်း ယုတ်ညံ့လွန်းတဲ့ ဗမာသွေးတွေစီးဆင်းနေတယ်၊ ဒီတော့ မင်းလိုမျိုးမစစ်ဟာ စော်ကားမှုနဲ့ပဲထိုက်တန်တယ်”

မနှင်းဆီဒေါသကိုမနည်းချုပ်တီးနေရသည်။

“မင်းအဖေပြောတော့ မင်းကငါ့ကိုတစ်ဖက်သတ်စိတ်ဝင်စားနေတယ်ဆို၊ ငါနဲ့အရမ်းပဲ လက်ထပ်ချင်နေတယ်ဆိုကွ”

“ဟင်၊ ရှင် . . ရှင်ဘာပြောလိုက်တယ်”

“တစ်ခါတည်းမှတ်သွားပါ၊ မင်းလိုမျိုးုမစစ်က ငါ့ကိုလိုချင်တယ်ဆိုတာ၊ အနူလက်နဲ့ ရွှေခွက်နှိုက်ဖို့ကြိုးစားသလိုပဲဆိုတာ မင်းသိထားလိုက်စမ်းပါ၊ ငါကမင်းလိုမျိုးမစစ်နဲ့ လက်ထပ်ဖို့မပြောနဲ့၊ မင်းရဲ့လက်ကို ကိုင်မိလိုက်တာကိုတောင် သိပ်ရွံရှာနေပြီ”

“နေစမ်းပါအုံး၊ ရှင်စကားပြောရင် မျိုးမစစ်၊ မျိုးမစစ်နဲ့ပြောရလောက်အောင်၊ ဗမာတွေက ရှင့်ကိုဘာလုပ်နေလို့လဲ၊ ဗမာတွေက ရှင့်ကိုဘာတွေစော်ကားနေလို့လဲ”

“ဗမာတွေဆိုတာ ယုတ်ညံ့တဲ့အမျိုး၊ ကျွန်မျိုးတွေပဲ၊ ဒီလိုကျွန်မျိုးရဲ့သွေးနဲ့ရောထားတဲ့မင်းက ငါတို့လိုမြင့်မြတ်တော်ဝင်တဲ့ လူမျိုးကြီးအင်္ဂလိပ်တွေကြားထဲ တိုးဝင်ဖို့လုပ်တာကိုက မင်းငါ့ကိုစော်ကားလိုက်တာပဲ၊ ကဲအထိန်းတော်၊ ငါလက်ဆေးလိုက်အုံးမယ်၊ သူနဲ့ထိသွားခဲ့တဲ့ငါ့လက်ကို ပြောင်အောင်ဆေးလိုက်အုံးမယ်”

ခန်းမအတွင်းမှ အင်္ဂလိပ်များက မနှင်းဆီအားကြည့်ကာ အမျိုးမျိုးလှောင်ပြောင်ကြလေသည်။ မနှင်းဆီလည်း ဒေါသကိုမြိုသိပ်ပြီး ခန်းမအတွင်းမှ ခပ်သွက်သွက်ထွက်လာခဲ့လိုက်တော့သည်။ ဘခက်မှာ မြင်းလှည်းမောင်းမွတ်တားနှင့်စကားပြောဆိုနေသည်။ မြင်းလှည်းများကို ကလပ်ခြံဝန်းအပြင်ဘက်ရှိ လှည်းရပ်သည့်နေရာတွင်ရပ်တန့်ထားကြခြင်းဖြစ်သည်။ ထိုအခိုက် မနှင်းဆီမှာ ဒေါက်ဖိနပ်သံတဂွတ်ဂွတ်ဖြင့် လှည်းဆီသို့ပြေးလာလေသည်။ ထို့နောက်လှည်းပေါ်သို့ခုန်တက်လိုက်ပြီး

“ကဲ မောင်းတော့ မွတ်တား”

မွတ်တားရော ဘခက်ပါ မနှင်းဆီအား အံ့သြစွာဖြင့် ကြည့်နေမိသည်။။

“ပြန်တော့မလို့လား မမလေး”

“လျှာမရှည်နဲ့မွတ်တား၊ မောင်းဆိုမောင်းတော့၊ ငါတို့အိမ်ကိုပြန်မယ်”

မွတ်တားလည်း ခေါင်းကုပ်လျှက် လှည်းပေါ်တက်လိုက်လေသည်။ ဘခက်လှည်း လှည်းအိမ်တံခါးဖွင့်လိုက်ကာ မနှင်းဆီအရှေ့ထိုင်ခုံတွင်ထိုင်လိုက်သည့်အချိန် လှည်းက တငြိမ့်ငြိမ့်ဖြင့်မောင်းထွက်ခဲ့သည်။ မနှင်းဆီက ဘခက်အားစကားမပြောသော်လည်း သူ့မျက်နှာက ဒေါသပြင်းထန်နေမှန်းသိလိုက်ရသည်။

“မင်းဘာဖြစ်လာတာလဲ”

မနှင်းဆီက ဘခက်အမေးကိုမဖြေဘဲ

“ဒီညတော့ ငါ့အကြောင်းသိပြီပေါ့ လန်ကတ်စတာတွေရာ”

လှည်းကလေးက ပြည်လမ်းမကြီးအတိုင်း လျှင်မြန်စွာမောင်းနှင်လာခဲ့တော့သည်။