အတွဲ(၂) စာစဉ်(၃)
(၁)
တောင်ကုန်းငယ်ကလေးတစ်ခုပေါ်တွင် စံအိမ်ကြီးတစ်ခုက မားမားဝင့်ဝင့်တည်ရှိနေလေသည်။ ထိုစံအိမ်ကြီးမှာ အိမ်ကြီးတစ်အိမ်နှင့်ပင်မတူဘဲ ရဲတိုက်ကြီးတစ်ခုနှင့်ပင်တူညီနေသည်။ မြင့်မားလှသည့် မျှော်စင်ကြီးတစ်ခုက မိုးပေါ်သို့ထိုးထောင်တက်နေပြီး မျှော်စင်အောက်တွင်တော့ အလွန်ခမ်းနားထည်ဝါလှသည့် အဆောက်အဦကြီးတည်ရှိနေလေသည်။ ထို့ကြောင့် ထိုစံအိမ်ကြီးအား လန်ကတ်စတာရဲတိုက်ဟု အများက ခေါ်ဆိုကြသည်။ တောင်ကုန်းကြီး၏ အောက်ခြေတွင် ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် ချောင်းကလေးတစ်ခု ကွေ့ပတ်စီးဆင်းနေသဖြင့် ရေကျုံးနှင့်ပင် အလားသဏ္ဍာန်တူညီလှသည်။
ဒေါက်ကပ်လှည်းကြီးမှာ မောင်းနှင်လာရင်း မကြာခင် မစ္စတာဝီလျံက လှည်းအိမ်ပြတင်းပေါက်မှ တစ်ချက်လှမ်းကြည့်ုလိုက်ရင်း
“အဲဒါ လန်ကတ်စတာရဲတိုက်ဆိုတာပေါ့”
ညအမှောင်အောက်တွင် မီးရောင်များဖြင့် ထွန်းလင်းတောက်ပနေသည့် ရဲတိုက်ကြီးကို ဘခက်က တစ်ချက်ကြည့်လိုက်မိလေသည်။ ထိုရဲတိုက်မှာ ဘခက်မြင်တွေ့ဖူးသည့် ဥရောပမှ ရဲတိုက်များကဲ့သို့ မခမ်းနား မကြီးကျယ်သော်လည်း မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်ကလေးတစ်ခုအတွက်တော့ အတော်အတန်ခမ်းနားကြီးကျယ်သည်ဟု ဆိုရပေမည်။ မကြာခင် မြင်းလှည်းကြီးမှာ ရဲတိုက်ကြီးသို့ချဉ်းကပ်သည့်လမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး ချောင်းကူးတံတားကလေးအနီးသို့ရောက်လာခဲ့သည်။ ရဲတိုက်အတွင်းသို့ဝင်ရန်လမ်းမှာ ထိုချောင်းကူးတံတားကလေးကို ဖြတ်ကျော်ဝင်ရောက်ရသည့် လမ်းတစ်လမ်းသာရှိသည်။ ထိုနေရာတွင် ဂိတ်စောင့်တဲကလေးတစ်လုံးရှိပြီး အတွင်းမှ အစောင့်တစ်ဦးကထွက်လာလေသည်။ မစ္စတာဝီလျံက
“ကျုပ်တို့ လန်ကတ်စတာ မင်းသားလေး စမစ်နဲ့တွေ့ချင်လို့ပါ”
အစောင့်က လှည်းကိုလှည့်ပတ်ကြည့်ပြီး
“တွေ့ချင်ရင် မနက်ကျမှလာခဲ့၊ အခုက တံတားလည်းပိတ်သွားပြီဆိုတော့ ခင်ဗျားတို့ဘယ်နည်းနဲ့မှ အထဲဝင်ခွင့်ရမှာမဟုတ်ဘူး”
“ကျုပ်မှာအရေးတကြီးပြောစရာတစ်ခုရှိလို့ လာခဲ့တာပါ၊ ကျုပ်ကိုသွားခွင့်ပြုပါ”
“နေပါအုံး၊ ခင်ဗျားက ဘယ်သူလဲ”
“ကျုပ်နာမည် ဝီလျံလော့ဟတ်ပါ၊ မြင့်မြတ်တဲ့ ဘုရင့်သစ္စာတော်ခံ လော့ဟတ်အိမ်တော်ရဲ့ ဆက်ခံသူပါ”
ထိုအခါ အစောင့်က အံ့သြသွားပြီး
“မသိလို့ပြောမိတာကို ဗွေမယူပါနဲ့၊ သခင်ကြီးတို့ သွားနိုင်ပါပြီ”
ထိုအစောင့်က ဂိတ်စောင့်တဲအတွင်းသို့ဝင်လိုက်ကာ ခေါင်းလောင်းတစ်ခုကို လေးငါးချက်ခန့်တီးလိုက်လေသည်။ တံတားထိပ်တွင် ဂိတ်ဝင်ပေါက်တစ်ခုရှိကာ ခြူးကောင်ပုံစံ ပန်းတမော့လက်ရာများဖြင့်အလှဆင်ထားသည်။ တံတားအဝင်တံခါးမှာ သံပန်း၊ သံချောင်းများဖြင့် ခိုင်မာစွာတည်ဆောက်ထားသည်မို့ သာမန်လူတစ်ယောက်အဖို့ ဝင်ရောက်ရန်မလွယ်ကူလှပေ၊ ဂိတ်စောင့်အချက်ပေးလိုက်ပြီးသည့်နောက် ဂိတ်တံခါးကြီးမှာ အပေါ်သို့မြင့်တက်သွားသည်။ ထို့နောက် မြင်းလှည်းကြီးမှာ တံတားအတိုင်းဆက်လက်မောင်းနှင်လာရင်း တံတားအလယ်ခန့်ရောက်သည့်အခါ မြင်းလှည်းရပ်တန့်သွားသည်။ ကျောက်သားတံတားကြီးမှာ ထိုနေရာတွင် ဆုံးသွားပြီဖြစ်သည်။ သစ်သားဖြင့်ပြုလုပ်ထားသည့် တံတားကြီးတစ်စင်းမှာတော့ သူတို့အရှေ့တွင် ထောင်မတ်ကာတည်ရှိနေသည်။ တံတားတစ်ဖက်ကမ်းမှ စကားပြောဆိုသံများကိုကြားရပြီးနောက် သစ်သားတံတားကြီးမှာ တကျွီကျွီနှင့် တဖြည်းဖြည်းဆင်းသက်လာလေသည်။
ထိုသစ်သားတံတားကြီးကျလာပြီး ကျောက်သားတံတားကြီးနှင့်် ထိစပ်သွားသည့်အခါမှ တံတားတစ်စင်းဖြစ်သွားလေတော့သည်။ ဘခက်တို့မြင်းလှည်းကြီးလည်း တံတားကြီးအတိုင်း ဆက်လက်မောင်းနှင်လာခဲ့ရာ တံတားတစ်လျှောက်တွင် လှံပုဆိန်ကြီးများကို ကိုင်စွဲထားကြသည့် အစောင့်များကို အများအပြားတွေ့ရလေသည်။ ဘခက်က တစ်ချက်ပြုံးလိုက်လျှက်
“ရဲတိုက်ဆိုတဲ့အတိုင်းပဲ၊ ဒီစံအိမ်ကြီးက အစောင့်အရှောက်တွေ များလှပါလား”
ဝီလျံက ခေါင်းညိတ်ပြလျှက်
“ဟုတ်တယ်၊ လန်ကတ်စတာရဲတိုက်ဆိုတာ ရန်ကုန်မှာ အကျဉ်းထောင်ကြီးပြီးရင် အလုံခြုံဆုံးနေရာတစ်ခုပဲ”
“အစောင့်တွေလည်း တော်တော်များများပါလားဗျာ”
“ဒီရဲတိုက်အတွက် အစောင့်တွေရဲ့လစာတင် တစ်လတစ်လ ပေါင်ငါးရာလောက် သုံးတယ်လို့ကြားဖူးတယ်၊ ဒီရဲတိုက်ကိုစောင့််ရှောက်ဖို့အတွက် သီးသန့်တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ထားကြသေးတယ်ဆိုပဲ မောင်ဘခက်ရဲ့”
“ဒါပေမယ့် ဒီလူတွေကြည့်ရတာ သေနတ်တွေလည်း မကိုင်ထားပါလားဗျ၊ အားလုံးက ဓါးလှံလက်နက်တွေပဲ ကိုင်ထားကြတယ်နော်”
“ဗြိတိသျှအစိုးရက လက်နက်တွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတယ်၊ အထူးသဖြင့် ကိုလိုနီနယ်တွေကိုပေါ့၊ ဗမာတွေသာ သေနတ်တွေရသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာ မောင်ရင်ပဲ ဆက်တွေးကြည့်ပေါ့၊ ဒါကြောင့် တော်ဝင်အိမ်တော်ပင်ဖြစ်လင့်ကစား သေနတ်ကိုင်တာကို တင်းကြပ်ထားတာပေါ့ မောင်ရင်ရဲ့”
ပြောရင်းဆိုရင်းပင် မြင်းလှည်းကြီးက ဥယျာဉ်ကလေးတစ်ခုကိုဖြတ်သန်းကာမောင်းနှင်လာခဲ့သည်။ ဥယျာဉ်ထဲတွင် သစ်ပင်ပုကလေးများကို ပုံဖော်စိုက်ပျိုးထားသည့် ရုပ်လုံးရုပ်ကြွများရှိကာ ဥယျာဉ်အလယ်တွင်တော့ ကြီးမားလှသည့် ရေပန်းကြီးတစ်ခုရှိသည်။ ရေပန်းကြီးကိုဖြတ်ကျော်ပြီးသည့်အခါတွင်မှ ရဲတိုက်ကြီး၏ ဆင်ဝင်တံခါးအရှေ့သို့ ရောက်ရှိလာခဲ့သည်။ ရဲတိုက်အစောင့််အကြပ်များက မြင်းရထားတံခါးကိုဖွင့်လှစ်လိုက်လေရာ မစ္စတာဝီလျံက မြင်းလှည်းပေါ်မှဆင်းလိုက်လေသည်။
“ကျုပ်က မစ္စတာဝီလျံလော့ဟတ်ပါ၊ လန်ကတ်စတာ မင်းသားလေးနဲ့ တွေ့ချင်လို့လာတာပါ”
“မင်းသားလေးက အခုမအားသေးပါဘူး၊ ညလယ်စာစားပွဲ ကျင်းပနေပါတယ်”
“ကျုပ်တွေ့မှရမယ်၊ ဒီကိစ္စက အရေးကြီးပါတယ်”
“ဒါဆိုရင်လည်း ခဏတော့စောင့်နေပါ”
ဘခက်လည်း မြင်းလှည်းပေါ်မှဆင်းရန်ပြင်ဆင်လိုက်ရာ အစောင့်တပ်သားများက ဘခက်အားကြည့်လိုက်ရင်း
“ဗမာတွေလိုက်မဝင်ပါနဲ့”
မစ္စတာဝီလျံက
“ဗမာဆိုပေမယ့်် ဒီလူက ကျုပ်ရဲ့လူယုံ ကျွန်တစ်ယောက်ပါ၊ လူယုံကျွန်အခိုင်းအစေမပါဘဲ ကျုပ်တစ်ယောက်တည်း ဘယ်လိုလုပ်စားသောက်ပွဲကို တက်လို့ဖြစ်နိုင်မှာလဲ”
ထိုတော့မှ အစောင့်များက ဘခက်ကိုပါ လိုက်ပါခွင့်ပေးလိုက်ကြသည်၊ ဘခက်လည်း မစ္စတာဝီလျံအနောက်မှ ခပ်ကုပ်ကုပ်ကလေးလိုက်ပါခဲ့သည်။ ရဲတိုက်ပတ်ဝန်းကျင်တွင် အစောင့်တပ်ဖွဲ့များက ထူထပ်စွာစောင့်ကြပ်နေကြသလို ရဲတိုက်အတွင်းဝင်လာခဲ့သည့်် လျှောက်လမ်းနေရာတွင်လည်း အစောင့််များက နေရာမလပ်အောင်ပင် စောင့််ကြပ်နေကြလေရာ ဘခက်တစ်ယောက် ထိုအစောင့်များကိုကြည့်ရင်း မနှင်းဆီအတွက်ကိုပင် စိတ်ပူပန်နေမိသည်။
“မနှင်းဆီ . . . မနှင်းဆီ၊ ဒီလောက်အစောင့််တွေများတဲ့ ဟောဒီနေရာကို မင်းဘယ်လိုလုပ်ပြီး ဝင်နိုင်မှာလဲ”
ဘခက်က တီးတိုးရေရွတ်လိုက်မိလေသည်။
(၂)
မနှင်းဆီမှာ ခန်းမကြီး၏ အပေါ်ဖက်မျက်နှာကျက်ရှိ မီးဆိုင်းချိတ်ဆွဲထားသည့် ယက်မတန်းကြီးပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။ ခန်းမကြီးအတွင်းတွင် ကျယ်ဝန်းသည့် ခုံတန်းရှည်ကြီးများရှိကာ အစားအသောက်များကို ဖွယ်ဖွယ်ရာရာပြင်ဆင်ထားသည်။ ခန်းမအလယ်တွင်တော့ ကပွဲကျင်းပနိုင်ရန်အလှဆင်ကျောက်ပြားများခင်းထားသည့် ကြမ်းပြင်ကြီးရှိလေသည်။ လန်ကတ်စတာမိသားစု၏ အထွေးဆုံးသားဖြစ်သည့် စမစ်မှာ စကျင်ကျောက်ဖြင့်ပြုလုပ်ထားသော ပုလ္လင်ကြီးတမျှလှပခမ်းနားလှသည့် ခုံကြီးပေါ်တွင်ထိုင်နေလေသည်။
စားပွဲဝိုင်းအသီးသီးတွင်ထိုင်နေကြသည့် ဂုဏ်သရေရှိလူကြီးများ၊ အထက်တန်းအဆင့်မြင့်အရာရှိကြီးများက ရှိန်ပိန်ခွက်များကိုကိုင်မြှောက်လိုက်ကာ စမစ်အားအရိုအသေပြုလိုက်ကြသည်။ စမစ်ကလည်း ရှန်ပိန်ခွက်ကိုကိုင်လိုက်ကာ မတ်တပ်ထရပ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျုပ်ဗမာပြည်ကိုရောက်တဲ့အခိုက်မှာ ကျုပ်ကိုဧည့််ဝတ်ကျေစွာဆက်ဆံပေးကြတဲ့ ဗမာပြည်ရောက်အင်္ဂလိပ်လူမျိုးများကို ကျုပ်ကကျေးဇူးတင်ပါတယ်”
ထိုအခါ အရာရှိကြီးတစ်ဦးက
“ကျုပ်တို့ကလည်း ဂုဏ်သတင်းကြီးမားလှတဲ့ တော်ဝင်လန်ကတ်စတာမိသားစုရဲ့ သားတော်ကလေးနဲ့ တွေ့ဆုံခွင့််ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ကျုပ်က မင်းသားလေးအတွက် လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်ထားပါသေးတယ်၊ မင်းသားလေး ကျေးဇူးပြုပြီး ကျုပ်လက်ဆောင်ကိုလက်ခံပေးပါ”
ထိုအရာရှိကြီးက သူ့လက်အောက်ငယ်သားတစ်ဦးကို မျက်စပစ်ပြလိုက်သည့်အခါ သူနှင့််အတူပါလာသည့် အင်္ဂလိပ်တစ်ဦးက သားရေဖြင့််ပြုလုပ်ထားသည့် လေးထောင့်လက်ဆွဲအိတ်တစ်ခုကို မယူလိုက်ကာ လက်နှစ်ဖက်ဖြင့် သေချာစွာဆုပ်ကိုင်ထားလိုက်သည်။ ထိုအရာရှိကြီးက သားရေလက်ဆွဲအိတ်ကို ဖွင့်လှစ်၍ လှန်ပြလိုက်သည့််အခါတွင်တော့ အတွင်းတွင် အလွန်အရည်အသွေးကောင်းသည့်် ပတ္တမြားလုံးများကိုတွေ့လိုက်ရသည်။ ပတ္တမြားကြီးများမှာ အတော်အတန်ကြီးမားပြီး လုံးဝန်းသည့်အရွယ်အစားရှိကာ ထွန်းညှိထားသည့်် မီးရောင်များအောက်တွင် အရောင်တလက်လက်နှင့် တဖိတ်ဖိတ်တောက်ပနေသည်။ စမစ်က ထိုနေရာသို့လှမ်းလျှောက်လာကာ ပတ္တမြားလုံးများကို ကိုင်ကြည့်ရင်း
“တော်တော်အရည်အသွေးကောင်းတဲ့ ပတ္တမြားတွေပါလား၊ ဗမာပြည်က ကျောက်သံပတ္တမြားသိပ်ပေါတယ်ဆိုတာ တကယ်ပဲကိုး”
“ကျုပ်ရဲ့လက်ဆောင်ကို မင်းသားလေးကြိုက်နှစ်သက်မယ်ထင်ပါတယ်”
“အတိုင်းထက်အလွန်ပေါ့ဗျာ”
“ဒါထက် ကျုပ်ကလည်းမင်းသားလေးကိုတောင်းဆိုစရာတစ်ခုရှိပါတယ်၊ အဲဒါကတော့ အာရပ်ဒေသမှာရှိတဲ့ လန်ကတ်စတာမိသားစုပိုင် ရေနံတွင်းတွေမှာ ကျုပ်လည်းပါဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံချင်ပါတယ်”
စမစ်က ပြုံးလိုက်ကာ
“ကောင်းပါပြီ၊ ကျုပ်အဖေနဲ့တွေ့ရင် ဒီအရေးကိုပြောပေးပါ့မယ်”
အရာရှိကြီးနှင့်် စမစ်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တဟင်းဟင်းနှင့်ရယ်မောနေလေသည်။ ထိုအခိုက် အခြားအင်္ဂလိပ်ကြီးတစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီးနောက်
“သူက မင်းသားလေးကို လက်ဆောင်ပေးသလို ကျုပ်ကလည်း မင်းသားလေးအတွက် အထူးပြင်ဆင်ထားတဲ့ လက်ဆောင်တစ်ခုရှိပါတယ်”
ထိုလူကြီးအား စမစ်ကလှည့်ကြည့်လိုက်စဉ် ထိုလူကြီးက စားပွဲပေါ်သို့ သေတ္တာငယ်တစ်လုံးတင်လိုက်ပြီး ထိုသေတ္တာအတွင်းမှ ရွှေသားအတိဖြင့််ပြုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကိုထုတ်ယူလိုက်လေသည်။ စမစ်မှာ ထိုဆင်းတုတော်ကို မြင်တွေ့သွားသည်နှင့် ထိုလူကြီးအနီးသို့ အပြေးကလေးတိုးကပ်သွားသည်။ ထိုလူကြီးက စမစ်အားပြုံးပြပြီး
“မင်းသားလေးက ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာကို တော်တော်သဘောတွေ့တယ်လို့ကြားဖူးပါတယ်၊ သူပေးတဲ့ပတ္တမြားတွေက တန်ဖိုးရှိတယ်ဆိုပေမယ့်် ကျုပ်ရဲ့ရှေးဟောင်းလက်ရာလောက် တန်ဖိုးမရှိတာအမှန်ပါပဲ”
စမစ်က ဘုရားဆင်းတုတော်ကို သေသေချာချာကြည့်ရင်း
“ဗမာပြည်က ဘုရားဆင်းတုတွေတော်တော်များများ ကျုပ်ဆီမှာရှိပေမယ့် ဒီဆင်းတုကတော့ တော်တော်ထူးခြားနေပါလားဗျ”
“ထူးခြားတာပေါ့မင်းသားလေးရာ၊ ဒီဆင်းတုက ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက ပျူလူမျိုးတွေထုဆစ်ခဲ့တဲ့လက်ရာပဲ၊ ရွှေသားကိုသွန်းလုပ်ထားတာမဟုတ်ဘဲ ရွှေသားအတိကို ဖဲ့ယူထုဆစ်ထားတာ၊ ပြည်ဒေသတစ်ဝိုက်က ဘုရားကုန်းတွေတူးဖော်ရင်း ဒီဆင်းတုကိုရခဲ့တာပဲ၊ ဒီဆင်းတုက သာမန်ကြည့််ရင် တန်ဖိုးသိပ်ရှိတယ်လို့မထင်ရပေမယ့် သမိုင်းတန်ဖိုးအရကြည့်ရင်တော့ အဖိုးမဖြတ်နိုင်အောင် တန်ပါတယ်”
စမစ်၏မျက်လုံးများမှာ အရောင်လက်နေလေသည်။
“ဟုတ်တာပေါ့ဗျာ၊ ဒီဆင်းတုကိုသာ ကျုပ်ရပြီဆိုရင် ကျုပ်ရဲ့ဗမာဘုရားဆင်းတု စုဆောင်းမှုမှာ တော်တော်ကြီးပြည့််စုံသွားပြီလို့ပြောလို့ရတယ်၊ ခင်ဗျားလက်ဆောင်ကို ကျုပ်နှစ်ခြိုက်ပါတယ်ဗျာ၊ ကဲ ခင်ဗျားကရော ဘာလိုချင်သလဲ”
အရာရှိက ပြုံးရင်း
“ကျုပ်မိသားစုက ကုန်တိုက်တစ်ခုဖွင့်လှစ်ထားပါတယ်၊ အိန္ဒိယပြည်မြောက်ပိုင်းက ကုံကမန်ပွင့်တွေကို ကျုပ်တို့က ဥရောပကိုတင်ပို့ချင်ပါတယ်၊ ခက်တာက အဲဒီကုံကမန်ပွင့်စီးပွားရေးကို လန်ကတ်စတာမိသားစုက ထိန်းချုပ်ထားတယ်ဆိုတော့ ကျုပ်ဖြစ်ချင်တာက ကျုပ်တို့ကုမ္ပဏီကိုလည်း မင်းသားလေးတို့ ကုမ္ပဏီက လက်ဝါးကြီးအုပ်ထားတဲ့ ကုံကမံပွင့်တွေကို ခွဲတမ်းနည်းနည်းပေးပြီး ရောင်းချပေးစေလိုပါတယ်”
စမစ်မှာ ခေါင်းကိုတွင်တွင်ညှိတ်လျှက်
“ဖြစ်စေရမယ်၊ ဖြစ်စေရမယ်လို့ ကျုပ်အာမခံပါတယ်”
သို့နှင့်် အင်္ဂလိပ်အရာရှိများ လူကုံထံများမှာ သူတို့တွင်ရှိသည့် အရာဝတ္ထုပစ္စည်းများအား စမစ်ထံသို့လက်ဆောင်အဖြစ်ပေးအပ်ကြရင်း လန်ကတ်စတာမိသားစုထံမှ အခွင့််အရေးများတောင်းယူကြလေသည်။ လက်ဆောင်ပေးသည့် ပစ္စည်းအများစုမှာ ဗမာ့မြေထွက်ပစ္စည်းများဖြစ်နေသဖြင့် ဘခက်မှာအလွန်ခံပြင်းနေမိသည်။ ထို့နောက် နှုတ်ခမ်းမွှေးကားကားကြီးနှင့် လူကြီးတစ်ဦးက
“ကျုပ်ကတော့ တခြားသက်မဲ့အရာဝတ္ထုတွေကို လက်ဆောင်အဖြစ်မပေးချင်ပါဘူး၊ မင်းသားလေးအတွက် သက်ရှိလက်ဆောင်တစ်ခုကိုပြင်ဆင်ထားပါတယ်”
“အလို၊ သက်ရှိလက်ဆောင်ဆိုပါလား၊ ခင်ဗျားပေးမှာက ဆင်လား၊ ဒါမှမဟုတ် ကျားတစ်ကောင်များလား”
ထိုလူကြီးက အစောင့်များကိုခေါင်းညိတ်ပြလိုက်သည့်အခါ အစောင့်များက မိန်းကလေးတစ်ဦးကိုတွဲကာ ခန်းမအတွင်းသို့ဝင်လာသည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသည့် ရွှေရောင်ဇာပါးကလေးကိုလွှမ်းခြုံထားကာ အောက်တွင်တော့ မည်သည့်အဝတ်အစားများကိုမှ ဝတ်ဆင်မထားပေ၊ ထို့ကြောင့် မိန်းကလေး၏ အလှအပများကို အတိုင်းသားမြင်နေရလေသည်။ ကပွဲခန်းမကြီးအတွင်းရှိ လူကြီးလူကောင်းများမှာ ထိုမိန်းကလေး၏အလှကို ရင်သပ်ရှုမောကာကြည့်ရှုနေကြလေသည်။ ထိုမိန်းကလေးမှာ ဝါးဝင်းသောအသားအရည်ရှိကာ ပိတုန်းရောင်ကဲ့သို့ နက်မှောင်တောက်ပြောင်နေသည့် ဆံနွယ်များရှိလေသည်။
“ဟောဒီမိန်းကလေးဟာ ကမ္ဗောဇတိုင်းလို့ခေါ်တဲ့ ရှမ်းကိုးပြည်နယ်က မိန်းကလေးတစ်ယောက်ပါ၊ ရှမ်းမလေးတွေဆိုတာ ဗမာမင်းတွေအဆက်ဆက် တော်ကောက်မိဖုရားမြှောက်ပြီး ပေါင်းသင်းခဲ့ကြတဲ့ မိန်းမလှလေးတွေဖြစ်ကြပါတယ်၊ အခုဒီမိန်းမလှကလေးကိုလည်း မင်းသားလေးရဲ့အသုံးတော်ခံနိုင်ဖို့အတွက် မင်းသားလေးကိုဆက်သပါတယ်၊ ရှမ်းမိန်းကလေးတွေရဲ့ အထိအတွေ့အရသာကို မင်းသားလေးကိုယ်တိုင်တွေ့ကြုံခံစားနိုင်စေဖို့ဖြစ်ပါတယ်”
“ခင်ဗျားပြောသလိုပဲ မိန်းကလေးက ကြည့်ပျော်ရှုပျော်တော့ရှိသားပဲ၊ တကယ်ပဲကျုပ်ကိုအပိုင်ပေးတာလား”
“မင်းသားလေး ထားချင်သလိုထား၊ သုံးချင်သလိုသုံး၊ သတ်ချင်ရင်လည်း သတ်လိုက်ပါ၊ မင်းသားလေးအပိုင်ပါ”
စမစ်က ပြုံးရယ်ရင်း
“ဒီလိုမိန်းကလေးမျိုးကို ဒီအတိုင်းသတ်ရမှာတော့ နှမြောစရာကြီးဗျာ၊ ခင်ဗျားပြောသလို ရှမ်းမလေးတွေရဲ့ အထိအတွေ့အရသာကို ကျုပ်ခံစားဖူးတယ်ရှိအောင်လို့ ခံစားကြည့်ရအုံးမှာပေါ့ဗျ၊ ဟား . . .ဟား”
စမစ်မှာ လူအများရှေ့မှာပင် ထိုမိန်းကလေးအား မထိတထိပွတ်သပ်ကိုင်တွယ်နေလေရာ ထိုမြင်ကွင်းကို ကြည့်နေသည့်ဘခက်မှာ အလွန်ခံပြင်းကာ ဒေါသထွက်နေမိသည်။
“တောက်၊ ငါတို့မြေကို မတရားကျူးကျော်ပြီးတော့ ငါတို့မြေကထွက်သမျှကို လုယူတဲ့အပြင် တို့မြေက မိန်းကလေးတွေကိုပါ အချောင်မယားလုပ်ချင်တဲ့ကောင်တွေကွာ၊ ဒီကောင်တွေ တော်တော်လွန်နေပြီကွ၊ တောက် . . .”
ဘခက်မှာ တောက်တစ်ချက်ခေါက်လိုက်လေရာ ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။ ထိုအခါ စမစ်က ဘခက်အားတစ်ချက်လှည့်ကြည့်လိုက်လေရာ မစ္စတာဝီလျံကအရှေ့သို့တိုးသွားလေတော့သည်။
“ခင်ဗျားက ဘယ်သူလဲ”
“ကျုပ်နာမည် ဝီလျံလော့ဟတ်ပါ”
“အိုး၊ လော့ဟတ်အိမ်တော်ရဲ့ ဆက်ခံသူကြီးပါလား၊ နေပါအုံး ဒီပွဲမှာ ခင်ဗျားကိုဖိတ်မထားဘဲနဲ့ ခင်ဗျားက ဘာကြောင့်ဒီကိုရောက်နေတာလဲ”
ဝီလျံက ခေါင်းတွင်ဆောင်းထားသည့်် ဦးထုပ်ကိုချွတ်လိုက်ပြီး
“ကျုပ်သမီးရဲ့ ရိုင်းပြမှုအတွက် ကျုပ်ကလာပြီးတောင်းပန်တာပါ မင်းသားလေး”
“ဟင်းဟင်း၊ ခင်ဗျားက ခင်ဗျားသမီးရိုင်းမှန်းတော့ သိသားပဲ”
“အင်္ဂၤၤလိပ်လူမျိုးတွေက မရိုင်းစိုင်းပါဘူးမင်းသားလေး၊ အမှားမှန်းသိရင် တောင်းပန်ရရိုးရှိပါတယ်၊ အခုလည်း ကျုပ်ကိုယ်တိုင် မင်းသားလေးကို လာပြီးတောင်းပန်တာပါ”
“အင်္ဂလိပ်လူမျိုးတွေက မရိုင်းဘူးဆိုတော့ ဗမာတွေက ရိုင်းတာပေါ့၊ ဟုတ်လား”
ဝီလျံမှာ ဘာမှမပြောသာပေ။
“ဧကန္တတော့ ခင်ဗျားသမီးရိုင်းတယ်ဆိုတာ ခင်ဗျားယူခဲ့တဲ့ အရိုင်းအစိုင်းဗမာမဆီကနေ အမွေရတာဖြစ်လိမ့်မယ်ဗျ”
ဝီလျံမှာ ခေါင်းငိုက်စိုက်ကျသွားတော့သည်။
“ခင်ဗျားရဲ့တောင်းပန်မှုကို ကျုပ်လက်ခံပါတယ်၊ ဒါပေမယ့် နောက်နောင်ခင်ဗျားသမီးကို မရိုင်းစိုင်းရလေအောင် ခင်ဗျားသေသေချာချာသင်ကြားပေးထားစမ်းပါ”
စမစ်ကပြောဆိုပြီးနောက် အနီးရှိစားပွဲပေါ်တွင်တင်ထားသည့် သခွားသီးချဉ်ထည့်ထားသည့် ပန်းကန်ကြီးအား ကောက်ယူလိုက်ကာ မစ္စတာဝီလျံ၏ မျက်နှာအားပက်ထည့်လိုက်သည်။ သခွားချဉ်များနှင့်အပက်ခံရသဖြင့် မစ္စတာဝီလျံတစ်ကိုယ်လုံး နံစော်ကုန်သည်။ ခန်းမကြီးတစ်ခုလုံးမှ လူများကလည်း မစ္စတာဝီလျံအားကြည့်ကာ ရယ်မောကြလေသည်။
“မှတ်ထား၊ ခင်ဗျားသမီးလည်း ကျုပ်ကိုဒီလိုမျိုး လူကြားထဲမှာပဲ စော်ကားသွားခဲ့တာ”
ဘခက်မှာဒေါသမထိန်းနိုင်တော့သဖြင့် အရှေ့သို့တက်လိုက်လေရာ မစ္စတာဝီလျံကဘခက်အားလက်ဖြင့်တားလိုက်လေသည်။ ဘခက်မှာ အံကြိတ်ထားသဖြင့် မေးကြောကြီးများပင်ထောင်နေလေသည်။ စမစ်က ဘခက်အားကြည့်ရင်း
“ခင်ဗျားရဲ့ကျွန်ကလည်း ရိုင်းစိုင်းသားပဲဗျ၊ နည်းနည်းပါးပါး ယဉ်ကျေးသွားအောင် သင်ထားလိုက်စမ်းပါဗျာ”
ဘခက်မှာ သည်းခံလိုက်မည်ဟု စိတ်ကိုဆုံးဖြတ်လိုက်သော်လည်း ခေါင်းထဲသို့အတွေးတစ်ခုက ဝင်ရောက်လာလေသည်။
“ဒီအချိန်လောက်ဆိုရင် မနှင်းဆီတစ်ယောက် ဒီရဲတိုက်ကြီးထဲကို ရောက်နေလောက်ပြီထင်တယ်၊ ငါဒီမှာ ရှုပ်ရှုပ်ထွေးထွေးလုပ်ပြီး အစောင့်တွေကိုအာရုံလွှဲထားနိုင်ရင် မနှင်းဆီလှုပ်ရှားလို့ ပိုပြီးအဆင်ပြေနိုင်လောက်တယ်”
ထိုသို့တွေးမိလိုက်သည်မို့ မစ္စတာဝီလျံတားနေသည့်ကြားထဲက အရှေ့သို့တိုးလိုက်ပြီး
“ကျုပ်ကဗမာ၊ ကျုပ်ကရိုင်းတယ်ဗျာ၊ ဘာဖြစ်လဲ ဒီတော့ ဘာလုပ်ချင်သလဲ၊ ခင်ဗျားက ကျုပ်ကိုယဉ်ကျေးအောင်သင်ပေးချင်လို့လား”
ဘခက်ပြောလိုက်သည့််စကားကြောင့် စမစ်မှာဒေါသထွက်သွားကာ ဘခက်ထံသို့လက်သီးတစ်လုံးကိုပစ်သွင်းလိုက်လေသည်။ စမစ်၏လက်သီးမှာ လျှင်မြန်ပြင်းထန်သော်လည်း ဘခက်က ထိုလက်သီးချက်အား ဘယ်ဘက်လက်ဖြင့်ဖမ်းဆုပ်ကာ ချုပ်ကိုင်လိုက်သည်။ စမစ်၏လက်ကို ဖမ်းမိသည့်အချိန်မှာပင် ဘခက်က လက်ကိုအားဖြင့် ဖြစ်ညှစ်လိုက်လေရာ စမစ်၏လက်မှာအနည်းငယ်နာကျင်သွားသည်။ စမစ်မှာလက်ကိုအားကုန်ပြန်ဆွဲထုတ်ပြီးနောက် အနောက်သို့ခြေသုံးလှမ်းခန့်ဆုတ်လိုက်လေသည်။
“ရိုင်းတယ်၊ ရိုင်းတယ်၊ မင်းလိုကောင်မျိုးကို ဒီနေရာမှာတင်ပဲ ယဉ်ကျေးသွားအောင် သင်ပေးရတာပေါ့ကွာ”
စမစ်က လေတစ်ချက်ချွန်လိုက်သည့်အခါ အစောင့်တပ်ဖွဲ့များမှာ ခန်းမအတွင်းသို့ပြေးဝင်လာကြလေသည်။ အစောင့််ခြောက်ယောက်မှာ ဘခက်အား လှံတံများဖြင့် ထိုးချိန်ထားလိုက်ကြသည်။
“ဒီကောင့််ကိုဖမ်းချုပ်လိုက်ကြစမ်း”
အစောင့်အတော်များများမှာ ကပြားများဖြစ်ကြလေသည်။ စမစ်က အမိန့်ပေးလိုက်သည်နှင့် အစောင့်များမှာ ဘခက်အားလှံချွန်ဖြင့်ဝင်ထိုးကြလေသည်။ ဘခက်က ကိုယ်လုံးကိုအသာဝှိုက်ရှောင်လိုက်ရင်း လှံတံများကို ချိုင်းကြားအတွင်းသို့ဆွဲညှပ်လိုက်ကာ ကိုယ်လုံးကိုတစ်ပတ်လှည့်ချလိုက်သည်။ ထိုအခါ လှံတံကိုင်ထားသည့် အစောင့်များ၏ လက်မှ လှံများမှာ လွတ်ကျကာ ဘခက်ထံသို့ပါလာလေသည်။
“ငါကလက်ချည်းဗလာနဲ့ မင်းတို့က လှံနဲ့ဆိုတော့ သိပ်ပြီးမတရားလွန်းရာ ကျနေမလားကွ”
လှံတံလွတ်သွားသည့် အစောင့်သုံးယောက်မှာ ဘခက်အားလက်သီးဖြင့်ဝင်ထိုးကြလေသည်။ ဘခက်ထံပြေးဝင်လာသည့် လက်သီးတစ်လုံးကို ဘခက်က ခေါင်းငုံ့ရှောင်လိုက်ပြီးနောက် ထိုလူ၏ အရှိုက်တည့်တည့်ဆီသို့ ဘယ်လက်သီးကိုပင့်တင်ကာ ပစ်သွင်းလိုက်လေရာ ထိုအစောင့်မှာ အနောက်သို့မြောက်တက်သွားပြီး ခန်းမကြမ်းပြင်ပေါ်သို့ ခွေကျသွားလေသည်။
ကျန်သည့်အစောင့်တစ်ဦးမှာ ဘခက်အား ခြေထောက်ဖြင့်ကန်ကာ ဝင်လာပြန်သည်။ ဘခက်က ထိုလူ၏ ကန်ချက်ကို ဘယ်ဖက်လက်ဖြင့်ပုတ်ချလိုက်ကာ ရုတ်ချည်းဆိုသလိုပင် ညာဘက်တံတောင်ဆစ်ဖြင့် အစောင့်၏ လည်ပင်းနှင့်ပုခုံးကြားနေရာသို့ အားကုန်လွှဲရိုက်ချထည့်လိုက်ရာ ထိုအစောင့်မှာ အရှေ့သို့ကျွမ်းပစ်ကျသွားကာ ခန်းမကြမ်းပြင်တွင် ကုန်းကုန်းကြီးဖြစ်သွားတော့သည်။ အစောင့်နှစ်ယောက် မှောက်သွားသဖြင့် ကျန်သည့်အစောင့်များမှာ အတင်းမဝင်ရဲကြတော့ပေ၊ ခန်းမအတွင်းရှိ လူကြီးလူကောင်းများမှာလည်း ခန်းမနံရံများဆီသို့ ပြေးကပ်သွားလေသည်။ ဘခက်က လည်ပင်းကိုတစ်ချက်စောင်းလိုက်ပြီးနောက် ဇက်ကြောကို ဂျွှတ်ခနဲမြည်အောင်ချိုးလိုက်ရင်း
“လာပါအုံးဗျ၊ အခုမှ သွေးပူရုံရှိသေးတာ”
ပိုမိုများပြားသည့်အစောင့်များမှာ ခန်းမအတွင်းသို့အပြေးဝင်လာကြလေသည်။ ထိုအစောင့်များအနက် ခေါင်းပေါင်းကြီးပေါင်းထားပြီး အရပ်ခြောက်ပေခန့်ရှိသည့် ထောင်ထောင်မောင်းမောင်း ကုလားကြီးတစ်ဦးကအရှေ့သို့တက်လာလေသည်။ ထိုကုလားကြီးမျက်နှာတွင် ပါးသိုင်းမွှေးများရှိကာ မုတ်ဆိတ်မှာလည်း ခပ်ရှည်ရှည်ဖြစ်သည်။ ထိုလူကြီးအားတွေ့သည့်အခါ စမစ်က ပြုံးလျှက်
“ရမ်၊ မင်းရောက်လာတာအတော်ပဲ၊ ဒီကောင့်ကို မင်းအကြောင်းသိအောင်ပြလိုက်စမ်းပါ၊ အသေတော့မလုပ်နဲ့ကွာ၊ နည်းနည်းပါးပါး ယဉ်ကျေးသွားရင် တော်ပါပြီ”
ရမ်က လက်ဆစ်များကို တဖြောက်ဖြောက်ချိုးလိုက်ရင်း
“မင်းကတော့ ငါ့အကြောင်း ကောင်းကောင်းသိမယ် ဗမာကောင်ရေ”
ရမ်က ဘခက်ဆီသို့ခုန်ဝင်ကာ တိုက်ခိုက်လေတော့သည်။ ရမ်၏ထိုးချက်များမှာ အလွန်အားပါလှပြီး လှုပ်ရှားမှုမှာလည်း အလွန်မြန်ဆန်လှသည့်အတွက် ဘခက်က အသည်းအသန်ရှောင်ရှားလိုက်ရသည်။ ထိုသို့ရှောင်ရှားနေသည့်ကြားထဲမှ ရမ်၏ ဝိုက်ကန်ချက်တစ်ချက်ကို ဘခက်ခံလိုက်ရပြီးနောက် အနောက်သို့ခြေနှစ်လှမ်းစာခန့် လွင့်ထွက်သွားလေသည်။ ဘခက်က ချက်ချင်းပင် ကိုယ်ဟန်ကိုပြန်သိမ်းလိုက်ရင်း
“ဘယ်ဆိုးလို့လဲဗျ၊ ခင်ဗျားလို ကောင်းကောင်းတိုက်ခိုက်တတ်တဲ့လူမျိုးနဲ့ မတိုက်ရတာတောင် တော်တော်ကြာနေပြီ”
ထို့နောက် ဘခက်နှင့်ရမ်တို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြလေတော့သည်။
(၃)
ဘခက်တို့နှစ်ဦးတိုက်ခိုက်နေစဉ်မှာပင် မျက်နှာကျက်ပေါ်မှ မနှင်းဆီက ခုန်ဆင်းလာလေသည်။ ဘခက်တို့ရန်ပွဲအား အံ့အားသင့်စွာ ငေးကြည့်နေကြသည့် လူကြီးလူကောင်းများထံမှ ရတနာပစ္စည်းများကိုလိုက်လံခိုးယူနေမိသည်။ ထိုစဉ် မနှင်းဆီ၏ လက်ကောက်ဝတ်ကို လူတစ်ယောက်က ဖမ်းချုပ်ကာ ဆုပ်ကိုင်လိုက်လေရာ မနှင်းဆီမှာလန့်ဖျပ်သွားလေသည်။ ထိုလူကြီးက ကုတ်အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားပြီး သက္ကလပ်ဦးထုပ်တစ်လုံးကိုဆောင်းထားကာ မာဖလာကို လည်တွင်မစည်းဘဲ ဘေးနှစ်ဖက်တွင်ချထားသည်။
“မပြေးနဲ့ မင်းကိုမိပြီ”
ထိုလူကြီးက ဖမ်းချုပ်လိုက်သော်လည်း မနှင်းဆီက ထိုလူကြီးချုပ်ကိုင်ထားသည်ကို ကျင်လည်စွာပင်လွတ်အောင်ရုန်းထည့်လိုက်သည်။ ထို့နောက် ခန်းမအနောက်ပေါက်တံခါးကြီးကိုခုန်ဖြတ်ကျော်ကာ အပြင်သို့ထွက်ပြေးရတော့သည်။ ထိုလူကြီးကလည်း အလွန်လျှင်မြန်သူဖြစ်လေရာ မနှင်းဆီထွက်ပြေးသည့်အခါ အနောက်သို့ပြေးလိုက်လာလေသည်။ ရဲတိုက်ကြီးအတွင်းရှိ လျှောက်လမ်းကြီးတစ်ခုအတိုင်း မနှင်းဆီက ထွက်ပြေးနေလေရာ ထိုလူကြီးကလည်း အနောက်မှထပ်ကြပ်မကွာပြေးလိုက်လာလေသည်။
“ဟေ့ ရပ်စမ်း၊ ငတက်လုံးဆိုတဲ့ကောင် ရပ်လိုက်စမ်း”
သို့သော်လည်း မနှင်းဆီမှာဆက်ပြေးနေရသည်။ လျှောက်လမ်းကြီးတစ်ဖက်တစ်ချက်ရှိ အခန်းတံခါးများအား ဆွဲဖွင့်သော်လည်း တံခါးများအားလုံးလိုလိုမှာ ပိတ်လျှက်သားဖြစ်နေသည်မို့ လျှောက်လမ်းအဆုံးအထိ တောက်လျှောက်ပြေးတက်လာခဲ့သည်။ လျှောက်လမ်းအဆုံးအနီးသို့ ရောက်သည့်အခါ လမ်းကဆုံးသွားပြီဖြစ်သည်။ အပေါ်ထပ်သို့တက်သည့် လှေကားမှာလည်း သော့ခတ်ထားသဖြင့် ဖွင့်မရတော့ပေ၊ လျှောက်လမ်းအဆုံးတွင်သာ ပြတင်းပေါက်တစ်ခုရှိနေသည်။ မနှင်းဆီမှာ ပြတင်းပေါက်အပြင်မှကြည့်လိုက်သည့်အခါ ပြတင်းပေါက်မှာ အတော်အတန်မြင့်မားသည်မို့ ပြုတ်ကျလျှင် အကျသက်သာမည်မဟုတ်ပေ။
“မပြေးနဲ့ ရပ်လိုက်တော့ သူခိုးကောင်”
အနောက်မှလိုက်လာသည့်လူကြီးက မနှင်းဆီနှင့် ဆယ်ကိုက်ခန့်အကွာတွင် ရပ်တန့်လိုက်လေသည်။ မနှင်းဆီက တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ထိုလူကြီးက ခြောက်လုံးပြူးသေနတ်တစ်လက်ကိုင်ဆောင်ထားကာ မနှင်းဆီကိုထိုးချိန်ထားသည်။
“မင်းကိုငါလိုက်ရှာနေတာကြာပြီ ငတက်လုံး၊ အခုမှပဲ မင်းကိုငါတွေ့တော့မယ်၊ မင်းက ဒီနေရာကိုလာမယ်ဆိုတာကို ငါကြိုသိနေတယ်၊ ရတနာတွေစုပြုံပြီးရှိနေတဲ့ လန်ကတ်စတာရဲတိုက်ကို မင်းလာလိမ့်မယ်ဆိုတာ ငါခန့်မှန်းမိနေတယ်”
မနှင်းဆီက ယောက်ျားသံဖြင့်
“ဒါဖြင့် ခင်ဗျားတို့က ကျုပ်ကိုဒီမှာဖမ်းဖို့ စောင့်နေတယ်ဆိုပါတော့”
“သိပ်ဟုတ်တာပေါ့ကွာ၊ အစကတော့ ဒီကိုမင်းလာမယ် မလာဘူးဆိုတာ မသေချာသေးဘူး၊ ဒါပေမယ့် ဟိုလက်တစ်ဖက်ပြတ်နေတဲ့ ဘခက်ဆိုတဲ့ကောင်ကိုမြင်လိုက်ရတော့မှ မင်းဒီကိုလာမယ်ဆိုတာ သေချာသွားခဲ့တာကွ၊ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ထောင်ကြီးထဲကနေ ဒီကောင်ထွက်ပြေးသွားတုန်းကလည်း မင်းနဲ့အတူတူထွက်ပြေးသွားခဲ့တာပဲ၊ မင်းက ဒီကောင့်ကိုကူညီခဲ့တာပဲမဟုတ်လား”
“ဘာမှမဆိုင်ဘူး၊ သူနဲ့ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”
“ဆိုင်တာမဆိုင်တာ အသာထားစမ်းပါ၊ အခုငါမင်းကိုဖမ်းမယ်၊ ပြီးရင် ဒီလက်တစ်ဖက်ပြတ်ကောင်ကိုလည်း ဖမ်းပြီးတော့ ကြိုးစင်ပေါ်ရောက်အောင်တင်ပေးမယ်”
မနှင်းဆီက ရယ်မောလိုက်ကာ
“ခင်ဗျားက ကျုပ်ကိုဖမ်းမိပြီဆိုပြီးတော့ တထစ်ချတွေးထားပုံရတယ်၊ ကျုပ်နာမည်က ငတက်လုံးပါဗျ၊ ကျုပ်က လွယ်လွယ်နဲ့ဖမ်းလို့ရတဲ့သူမဟုတ်ဘူး”
ထိုလူကြီးက ပါးချိုင့်များပေါ်သွားအောင်ပြုံးလျှက်
“မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်ငတက်လုံး၊ အဲဒါကတော့ မင်းငါဖမ်းတာကိုခံမလား၊ ဒါမှမဟုတ် အသေခံမလား”
“ခင်ဗျားဖမ်းတာကိုခံလိုက်ရတယ်ဆိုရင် ကျုပ်ကမသေဘူးလို့ ခင်ဗျားအာမခံသလား”
“အနည်းဆုံးတော့ ထောင်ဒဏ်လောက်ပေါ့ဗျာ၊ ခင်ဗျားက အင်္ဂလိပ်အရာရှိတွေ၊ သူဌေးသူကြွယ်တွေရဲ့အိမ်ကနေ ခိုးယူတာပဲရှိတာ၊ ခိုးမှုလောက်နဲ့ ခင်ဗျားကိုကြိုးစင်တင်လို့ မရပါဘူးဗျာ”
“ဟား၊ ဟား ခင်ဗျားကယုံတယ်တဲ့လား၊ အင်္ဂလိပ်ကိုလိုနီအစိုးရဆိုတာ သူတို့ကိုရန်ပြုတဲ့လူမှန်သမျှကို ပုဒ်မအမျိုးမျိုးတွေတပ်ပြီး အသေသတ်အပြတ်ရှင်းဖို့ ဝန်လေးတဲ့လူတွေမဟုတ်ဘူးဆိုတာ ခင်ဗျားမသိဘူးလား”
“အပိုတွေပြောမနေနဲ့ ငတက်လုံး၊ ဘာပဲဖြစ်ဖြစ် မင်းလုပ်ခဲ့တဲ့အပြစ်တွေအတွက် မင်းပြန်ပေးဆပ်ရလိမ့်မကွ၊ မင်းလက်ထဲက အထုပ်ကိုပစ်ချလိုက်ပြီးတော့ ငါ့ဆီကိုတစ်လှမ်းချင်းတိုးလာခဲ့စမ်း၊ မဟုတ်တာလုပ်မယ်တော့ မကြံနဲ့နော်၊ မင်းဘယ်လောက်မြန်မြန် ဟောဒီပြောင်းဝကနေ ထွက်လာမယ့် ကျည်ဆန်လောက်တော့ မမြန်ပါဘူးကွ”
မနှင်းဆီမှာ တွေးရခက်နေပြီဖြစ်သည်။ အဖမ်းခံလိုက်ပြန်လျှင်လည်း တော်လှန်ရေးကိစ္စကြီးတစ်ခုလုံး ဖုံးဖိ၍မရလောက်အောင် ပေါ်လာပေလိမ့်မယ်၊ မိမိကလည်း အမျိုးသားရေး သစ္စာဖောက်ဖြစ်ရပြန်ပေမယ်၊ ထို့ကြောင့် မနှင်းဆီက လက်ထဲမှအထုပ်ကိုပစ်ချလိုက်ပြီး အနောက်သို့တစ်လှမ်းချင်း လှမ်းလျှောက်သွားလေသည်။ သေနတ်ဖြင့်ချိန်ထားသူ လူကြီးက
“မင်းမဟုတ်တာမတွေးနဲ့နော်၊ ဒီအထပ်က သုံးထပ်မြင့်တယ်ကွ၊ မင်းအဲဒီပြတင်းပေါက်က ခုန်ချလိုက်ရင်လည်း သေမှာပဲ”
“ခင်ဗျားရဲ့ဖမ်းတာကို ခံရမယ့်အတူတူ၊ သေတာကမှ ပိုပြီးကောင်းလိမ့်မယ်ဗျ”
မနှင်းဆီက ပြောပြောဆိုဆိုနှင့်် ယားခနဲတစ်ချက်အော်လိုက်ကာ ပြတင်းပေါက်မှခုန်ချသွားလေသည်။ သေနတ်ဖြင့်ချိန်ထားသည့်လူကြီးကလည်း မနှင်းဆီခုန်ချလိုက်သည့်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်လိုက်တော့သည်။
“ဒိုင်း”
သေနတ်သံတစ်ချက်က လန်ကတ်စတာရဲတိုက်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
(၄)
ရမ်နှင့် ဘခက်မှာလည်း ဘတစ်ပြန်ကျားတစ်ပြန်ဖြင့် တိုက်ပွဲပြင်းထန်နေချိန်ဖြစ်သည်။ ဘခက်တစ်ယောက် ရမ်၏တိုက်ခိုက်မှုများကို ခံထားရသလို ရမ်မှာလည်း ဘခက်၏လက်သီးချက်များကို အပြင်းအထန်ခံထားရပြန်သည်။ သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေစဉ် သေနတ်သံတစ်ချက်ကြားလိုက်ရသည်မို့ ရမ်က တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်လိုက်ကာ အနောက်သို့ခုန်ရှောင်လိုက်သည်။
“မိပြီ၊ သူခိုးကိုမိပြီ”
ရမ်က ရေရွတ်လိုက်ကာ စမစ်ကိုကြည့်လိုက်သည့်အခါ စမစ်ကလည်း ရမ်ကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ရမ်နှင့်အစောင့်များမှာ အပေါ်ထပ်သို့ပြေးတက်ကြရန်ပြင်ဆင်လေသည်။ ဘခက်ရင်ထဲ တစ်ချက်ထိတ်ခနဲဖြစ်သွားသည်။
“ဘယ်လိုလဲဗျ၊ ခင်ဗျားတို့ကျုပ်နဲ့မချတော့ဘူးလား”
“မင်းထက်အရေးကြီးတဲ့ငါးတစ်ကောင်ကို မိထားပြီကွ၊ ဗမာကောင်ရ၊ နေအုံး၊ မင်းငါနဲ့နောက်မှတွေ့မယ်”
ဘခက်က ရမ်၏အနောက်ကိုပြေးလိုက်ရန်ကြံစည်လိုက်စဉ် စမစ်က သူ၏အင်္ကျီအိတ်အတွင်းမှ ခြောက်လုံးပြူးတစ်လက်ကို ဆွဲထုတ်လိုက်ကာ ဘခက်အားချိန်ရွယ်လိုက်သည်။
“ဟိုး၊ ဟိုးထားကိုယ့်လူ၊ ခင်ဗျားဘယ်ကိုမှမသွားရဘူး”
ဘခက်မှာ သေနတ်ကိုမြင်သည့်အခါမှ ရပ်တန့်လိုက်မိသည်။ စမစ်က ဘခက်အားသေချာကြည့်ရင်း
“ခင်ဗျားက ရိုင်းတာတော့မှန်တယ်၊ ဒါပေမယ့် ကျုပ်ရဲ့လက်ရုံး ရမ်လိုလူကို ယှဉ်ပြီးတိုက်ခိုက်နိုင်တယ်ဆိုတော့ ခင်ဗျားရဲ့အစွမ်းက ဟောဒီရဲတိုက်ကြီးထဲမှာ နှစ်ယောက်မရှိတဲ့အစွမ်းပဲဗျ”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”
“မင်းရဲ့ရိုင်းပြမှုကို ငါသည်းခံလိုက်မယ်၊ ဒါပေမယ့် ငါကလည်း လူစွမ်းကောင်းဆိုရင် မြှောက်စားချင်တဲ့စိတ်ရှိတယ်ကွ၊ ဒီတော့ မင်းကိုငါတစ်ခုတောင်းဆိုချင်တယ်၊ အဲဒါကတော့ မင်းငါ့ဆီမှာတာဝန်ထမ်းဆောင်ပါ၊ မင်းအတွက်ငါ လခကောင်းကောင်းပေးမယ်၊ မင်းကို လော့ဟတ်မိသားစုက ပေးတာထက် ငါအဆပေါင်းများစွာ ပိုပြီးပေးနိုင်တယ်”
ဘခက်က တစ်ချက်ပြုံးလိုက်ပြီး
“ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျုပ်ခင်ဗျားဆီမှာ မလုပ်နိုင်ဘူး”
စမစ်မှာ စိတ်ဆိုးသွားပြီး
“ဘာလဲဗမာကောင်ရ၊ မင်းကိုငါက ပေးတာနည်းနေလို့လားကွ”
ဘခက်က တစ်ဖက်သို့လှည့်လိုက်ကာ
“သစ္စာဆိုတဲ့စကားကို ခင်ဗျားအရင်ဆုံးနားလည်အောင် လေ့လာသင်ယူလိုက်ပါအုံးဗျာ၊ လောလောဆယ်တော့ ကျုပ်က လော့ဟတ်တွေဆီကနေ ပြောင်းသွားဖို့စိတ်ကူးမရှိသေးပါဘူး”
ဘခက်က ခန်းမအထွက်တံခါးဆီသို့ဦးတည်လိုက်သည့်အခါ အစောင့်များက ဘခက်အားလှံတံများဖြင့်ချိန်ရွယ်လိုက်ကြသည်။ သို့သော် စမစ်က သူ့လူများကိုလက်ကာပြလိုက်ရာ အစောင့်များက ဘေးသို့ဖယ်ပေးလိုက်ကြသည်။ မစ္စတာဝီလျံက စမစ်ကိုတစ်ချက်ကြည့်ပြီး
“ကဲ မင်းသားလေး၊ ကျုပ်ကိုသွားခွင့်ပြုပါအုံး”
စမစ်က ခေါင်းညိတ်လျှက်
“မစ္စတာလော့ဟတ်၊ ခင်ဗျားကိုတော့ ကျုပ်အားကျသွားပြီဗျာ၊ ခင်ဗျားမှာ ဒီလိုလူစွမ်းကောင်းရထားတာကို ကျုပ်အားကျသွားပြီဗျ”
မစ္စတာဝီလျံက ဘခက်အနောက်သို့လိုက်လာခဲ့တော့သည်။
မစ္စတာဝီလျံက ဆင်ဝင်အောက်တွင်စောင့်နေလေရာ ဘခက်က မြင်းဇောင်းထံသို့သွားကာ မြင်းလှည်းကြီးကိုထုတ်ယူရန်အတွက် ထွက်လာခဲ့လိုက်သည်။ ထိုစဉ် ရဲတိုက်အပြင်ဘက်တွင် ရမ်ဦးဆောင်သည့် အစောင့်များက ပြေးလွှားနေကြကာ တစ်ခုခုအားရှာဖွေနေကြလေသည်။ ဘခက်မှာ မြင်းရထားကြီးအနီးရောက်သည့်အခါ မြင်းလှည်းမောင်းသူမှာ အိပ်ပျော်နေလေသည်။ ဘခက်က ထိုသူအားနှိုးမည်ဟု ကြံရွယ်လိုက်စဉ်
“ကိုဘခက်၊ ကိုဘခက်”
မြင်းလှည်းပေါ်မှ အသံတိုးတိုးကလေးတစ်ခုကိုကြားလိုက်ရသည်။ ဘခက်လည်း မြင်းလှည်းဆီသို့အမြန်သွားလိုက်ကာ
“မနှင်းဆီ၊ မနှင်းဆီ ခင်ဗျားလား”
“ဟုတ်တယ်ကိုဘခက်၊ အထဲကိုဝင်ခဲ့ပါ”
ဘခက်တစ်ယောက် ဘေးဘီကိုတစ်ချက်ကြည့်ပြီးနောက် မြင်းလှည်းအတွင်းသို့ဝင်ရောက်လိုက်လေသည်။ မြင်းလှည်းအပေါ်တွင် မနှင်းဆီက လဲလျှောင်းနေလေသည်။ မနှင်းဆီ၏ ပုခုံးတွင်သေနတ်ဒဏ်ရာတစ်ခုရထားကာ သွေးများစီးကျနေတော့သည်။
“မနှင်းဆီ၊ ခင်ဗျား ဒဏ်ရာရထားပါလား”
“ကျွန်မကို ကူညီပါရှင်”
“ကျုပ်ဘာလုပ်ပေးရမလဲ”
မနှင်းဆီက မြင်းလှည်းထိုင်ခုံအောက်ခြေကို စမ်းလိုက်ရင်း အံဝှက်ကိုဆွဲဖွင့်လိုက်သည့်အခါ အတွင်းတွင်ဝတ်စုံတစ်ခုကိုတွေ့ရသည်။ ပါးလွှာသည့် ညဝတ်ဂါဝန်ဝတ်စုံတစ်ခုဖြစ်သည်။
“ကျွန်မကို အဲဒီဝတ်စုံဝတ်ပေးစမ်းပါရှင်”
“သင့်တော်ပါ့မလားဗျာ၊ ခင်ဗျားက မိန်းကလေးလေ”
“ဒါတွေအရေးမကြီးပါဘူး၊ မြန်မြန်သာလုပ်စမ်းပါ၊ ကျွန်မတို့ဒီကနေ အမြန်ထွက်သွားရမယ်”
ဘခက်လည်း မနှင်းဆီဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံကိုချွတ်လိုက်လေရာ မနှင်းဆီမှာ ဝတ်လစ်စားလစ်ဖြစ်သွားသည်။ ဘခက်မှာ ယောက်ျားသားတစ်ဦးမို့မနှင်းဆီ၏ ကိုယ်ခန္ဓာအလှအပကိုငေးမောကြည့်နေရင်း ရင်တွေခုန်နေမိသည်။
“ရှင်ဘာတွေကြည့်နေတာလဲ ကိုဘခက်၊ ကျွန်မကို အင်္ကျီမြန်မြန်ဝတ်ပေးစမ်းပါ”
မနှင်းဆီပေးသည့် ဂါဝန်ကလေးကို ကမန်းကတမ်းအမြန်ဝတ်ဆင်ပေးလိုက်ရသော်လည်း ရင်တွေတဒုတ်ဒုတ်နှင့်ခုန်နေလေသည်။ မနှင်းဆီက သေနတ်ဒဏ်ရာအား လက်ကိုင်ပုဝါဖြင့် အသာဖိအုပ်ထားလေသည်။
“ရပြီ ကိုဘခက်၊ မောင်းခိုင်းတော့”
ဆင်ဝင်အောက်ကို မြင်းလှည်းကြီးက ရောက်လာခဲ့လေသည်။ ထိုအခါ ဝီလျံက မြင်းလှည်းပေါ်သို့တက်လိုက်သည်။ မြင်းလှည်းပေါ်တွင်ထိုင်နေသည့် သမီးဖြစ်သူ မနှင်းဆီကိုတွေ့လိုက်ရသည့်အခါ ဝီလျံမှာအတော်အံ့သြသွားသည်။
“ဟင်၊ သမီး၊ ဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ”
“နောက်မှပြောပြမယ်အဖေ၊ အခုတော့ ဒီကနေမြန်မြန်ထွက်သွားရအောင်”
ုမြင်းလှည်းကြီးကို ရဲတိုက်အဝင်အထွက်ပြုလုပ်သည့် တံတားကြီးဆီသို့မောင်းနှင်လာခဲ့သည်။ ထိုစဉ်အနောက်မှ အစောင့်များက အော်ဟစ်ကာပြေးလိုက်လာကြသည်။ ဘခက်တို့စီးသည့် မြင်းလှည်းကြီးမှာ တံတားကိုဖြတ်ကူးပြီးသည့်အခါ အစောင့်များက တံတားအားပြန်တင်လိုက်ကာ ပိတ်ဆို့လိုက်ကြတော့သည်။
“သမီးဘယ်လိုဖြစ်လို့ လိုက်လာခဲ့တာလဲ”
“သမီးက မြင်းလှည်းအနောက်ကနေ ခိုကပ်ပြီးလိုက်လာခဲ့တာပါအဖေ”
ဝီလျံက သက်ပြင်းချသည်။
“သမီးတောင်းပန်ပါတယ်အဖေ၊ သမီးရဲ့ရိုင်းပြမှုကြောင့် အဖေအခုလိုစော်ကားခံခဲ့ရတာကို သမီးတောင်းပန်ပါတယ်”
“ရပါတယ်သမီးရယ်၊ တကယ်တော့ ဒါတွေအားလုံးက အဖေ့ရဲ့အမှားတွေပါ၊ အဖေသာ သမီးကိုဒီလိုကောင်စားမျိုးနဲ့ သွားမပတ်သက်စေခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူးသမီး၊ အားလုံးက အဖေ့အမှားပါ”
သားအဖနှစ်ယောက် စကားထပ်မပြောတော့ဘဲ ခေါင်းငိုက်စိုက်လျှက် လိုက်ပါလာကြသည်။ အိမ်သို့ပြန်ရောက်သည့်အခါ မနှင်းဆီက အိမ်ပေါ်ထပ်သို့ပြေးတက်သွားသကဲ့သို့ ဝီလျံကလည်း သူ့အိပ်ခန်းအတွင်းသို့ဝင်သွားလေတော့သည်။ အိမ်တော်ထိန်းကြီးဆိုဖီက ဒဏ်ရာများရလာသည့် ဘခက်ကိုတအံ့တသြနှင့်ကြည့်ရင်း
“ရှင်တို့သွားတာက စားသောက်ပွဲကိုသွားတာလား၊ ဒါမှမဟုတ် ရန်ပွဲကိုသွားလာကြတာလား”
“နှစ်ခုစလုံးပေါ့ဆိုဖီရာ၊ အား ကျွတ် ကျွတ် နာလိုက်တာ”
“ဒဏ်ရာတွေက အများသားပဲ၊ မင်းဒဏ်ရာတွေကို ရေနဲ့သွားပြီးဆေးကြောလိုက်ပါ၊ မင်းအတွက်ငါ ဆေးအသင့်ပြင်ထားပေးမယ်”
ဘခက်ရေမိုးချိုးပြီးသော် ဆိုဖီက ဘခက်အားအပေါ်ပိုင်းဗလာချွတ်စေကာ ဆေးများလူးပေးနေလေသည်။ ဘခက်တစ်ကိုယ်လုံးအား ဆိုဖီကကြည့်ရင်း
“မင်းတစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေချည်းပါပဲလားကွ၊ အမာရွတ်တွေဆိုရင်လည်း နည်းနည်းနောနော်မဟုတ်ပါလား၊ ဒီလောက် အမာရွတ်များတဲ့လူကို ငါ့ဘဝမှာမတွေ့ဖူးသေးဘူး”
“ဒါကတော့ဗျာ၊ ကျုပ်ဘဝက ခင်ဗျားတို့တွေလို အိမ်ကောင်းကောင်းမှာနေ၊ အစားအသောက်ကောင်းကောင်းစားပြီးတော့ ဇိမ်ရှိရှိနဲ့ဖြတ်သန်းနေရတာမှမဟုတ်တာဗျ၊ ကျုပ်ဘဝက အမြဲတိုက်ခိုက်ပြီး ရှင်သန်နေရတဲ့ဘဝမျိုးကိုး”
ဘခက်အား ဆေးထည့်ပြီးသည့်အခါ ဘခက်မှာ အခန်းအတွင်းသို့ပြန်ဝင်လာခဲ့သည်။ ကုတင်ပေါ်တွင်လဲလျှောင်းအိပ်စက်လိုက်သော်လည်း အိပ်၍မပျော်ပေ၊ မျက်လုံးမှိတ်လိုက်သည့်အခါတိုင်း မနှင်းဆီ၏ အလှအပများက အာရုံတွင်ထင်ရှားစွာပေါ်ပေါက်လာလေသည်။ ဘခက်လည်း အိပ်မရသည့်အဆုံး ငုတ်တုတ်ကောက်ထိုင်ချလိုက်သည်။
“မနှင်းဆီအဆင်ပြေရဲ့လား၊ သေနတ်ဒဏ်ရာထိထားတာ ပြန်ကောင်းပါ့မလား”
ဘခက်မှာထိုသို့တွေးကာ အခန်းအတွင်းမှထွက်ခဲ့သည်။
ညနက်ပြီမို့ အိမ်ကြီးတစ်ခုလုံးက တိတ်ဆိတ်နေလေသည်။ မှန်အိမ်မီးများကို ငြိမ်းသတ်ထားသဖြင့် အိမ်အတွင်းမှောင်မဲနေလေသည်။ ဘခက်က လှေကားအတိုင်းခြေဖွနင်းကာ တက်လာပြီးနောက် မနှင်းဆီအခန်းအရှေ့တွင် အသာရပ်တန့်လိုက်သည်။
“ငါတံခါးခေါက်လိုက်ရမလား၊ သူ အိပ်များအိပ်နေပြီလား”
ဘခက်က ရေရွတ်လိုက်သည့်အခါ အခန်းအတွင်းမှ အသံသဲ့သဲ့ကြားရသည်။
“ကိုဘခက်မဟုတ်လား၊ ဝင်ခဲ့ပါ၊ ကျွန်မ မအိပ်သေးပါဘူး”
ဘခက်မှာတံခါးကိုအသာတွန်းဖွင့်လိုက်လေသည်။ မနှင်းဆီအခန်းထဲတွင် ပတ်တီးလိပ်များ၊ ဂွမ်းဖတ်များနှင့် ဆေးပစ္စည်းများက ရှုပ်ပွနေလေသည်။
“မင်းအဆင်ပြေရဲ့လား”
“ပြေတယ်ပဲ ပြောရမှာပေါ့”
“ကျုပ်ပြောတဲ့စကားကို မင်းမှနားမထောင်ခဲ့တာ”
မနှင်းဆီက ခေါင်းညိတ်လျှက်
“ဟုတ်တော့ဟုတ်ပါတယ်၊ အားလုံးက ကျွန်မအမှားတွေပါ”
“ဒါနဲ့ ဘယ်သူကများ မင်းကိုသေနတ်နဲ့ပစ်လိုက်တာလဲ”
“ဗမာတစ်ယောက်ပဲ၊ အသားခပ်လတ်လတ်၊ အရပ်ကတော့ ထောင်ထောင်မောင်းမောင်းပဲ၊ ကုတ်အင်္ကျီအရှည်ကြီးကိုဝတ်ထားပြီးတော့ ဖော့ဦးထုပ်အဝိုင်းကလေးကို ဆောင်းထားတယ်”
ဘခက်က မျက်ခုံးပင့်လိုက်ရင်း
“မာဖလာသဘက်တစ်ထည်ကို လည်ပင်းမှာမပတ်ဘဲနဲ့ တွဲလောင်းချထားသေးတယ်မဟုတ်လား”
ဘခက်ဝင်မေးလိုက်သည့်အခါ မနှင်းဆီက အံ့သြသွားကာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ အဲဒီလူပဲ၊ ပြီးတော့ ထူးခြားတာက အဲဒီလူက ရှင့်ကိုသိတယ်၊ ရှင့်နာမည်ကိုလည်းသိနေတယ်”
“သေလိုက်ပါတော့ကွာ၊ အဲဒါ လူဆိုးထိန်းဘသိန်းဆိုတဲ့လူပဲ၊ ဒီလူက တော်ရုံတန်ရုံလူမဟုတ်ဘူးကွ၊ မင်းနဲ့တွေ့ခဲ့တာ ဒီလူသေချာရင် ငါတို့တော့ အန္တရာယ်ရှိနေပြီဟေ့”
“သိပ်လည်းစိတ်မပူစမ်းပါနဲ့ရှင်၊ ဒီလူက ကျွန်မကိုမိန်းမမှန်းတောင်မသိပါဘူး”
ဘခက်က ခေါင်းခါလိုက်ကာ
“ငါသိတယ်၊ ဒီလူက လွယ်တဲ့လူတစ်ယောက်မဟုတ်ဘူးနော်”
“ဘာပဲပြောပြော ဒီအိမ်ထဲမှာကျွန်မတို့ရှိနေသရွှေ့တော့ လုံခြုံပါတယ်ရှင်၊ အဖေ့ရဲ့ဂုဏ်သတင်းကြောင့် ပုလိပ်တွေဘာတွေက ကျွန်မတို့ခြံထဲကိုဝင်ပြီး ရှာတာဖွေတာတွေမလုပ်ရဲပါဘူး”
“မင်းပြောတဲ့အတိုင်းဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ မနှင်းဆီ”
ဘခက်က ကြမ်းပြင်ပေါ်တွင်ကျနေသည့် အမှိုက်သရိုက်များကို ကောက်ယူကာ သိမ်းဆည်းပေးပြီးနောက်
“မင်းအနားယူလိုက်ပါ မနှင်းဆီ၊ မနက်မိုးလင်းတော့မှ ငါတို့ဒီကိစ္စကိုဆက်ပြောကြတာပေါ့”
ဘခက်က အခန်းတံခါးကိုဖွင့်ကာ ထွက်လာခဲ့လိုက်သည်။ အိပ်ရာပေါ်တွင်ပြန်လည်အိပ်စက်လိုက်သော်လည်း မျက်လုံးမှိတ်လိုက်သည့်အခါတိုင်း မနှင်းဆီ၏ ပုံရိပ်က စွဲထင်ကျန်နေပြန်သည်။
“မနှင်းဆီ . . . မနှင်းဆီ၊ မင်းက သိပ်ကိုဖမ်းစားနိုင်ပါလားကွာ”