ဘယ်သန်ဘခက်နှင့် အောင်ရွှေနှင့်အောင်ဖေ
အတွဲ(၂) စာစဉ်(၆)

(၁)

ရထားကြီးမှာ တဂျိန်းဂျိန်းနှင့်ခုတ်မောင်းရင်း မကြာမီ အင်းစိန်ဘူတာသို့ရောက်လာခဲ့သည်။ လူဆိုးထိန်းဘသိန်းက အရှေ့မှဦးဆောင်ကာ ရထားပေါ်မှဆင်းသွားသည်။ ဘခက်ကမူ မနှင်းဆီအားပခုံးမှတွဲလျက် လိုက်ပါလာခဲ့သည်။ အင်းစိန်ဘူတာရုံတွင်တော့ ပုလိပ်အချို့ကိုတွေ့ရသော်လည်း သူတို့ကိုသတိထားမိပုံမရပေ။

“ကျုပ်တို့ဘယ်သွားမှာလဲ”

“ပေါက်တောရပ်ကွက်မှာ အောင်ရွေနဲ့အောင်ဖေဆိုတဲ့ လူနှစ်ယောက်ရှိတယ်”

ထိုအခါ လူဆိုးထိန်းဘသိန်းက တအံ့တသြဖြင့်

“သချိုင်းသုံးခုကြားက အောင်ရွှေနဲ့အောင်ဖေကိုပြောတာလား”

မနှင်းဆီက ခေါင်းညိတ်ပြလိုက်ရင်း

“ရှင်က သူတို့ကိုသိလို့လား”

“ကျုပ်က လူဆိုးထိန်းပဲဗျာ၊ ဟောဒီရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ လူဆိုးလူမိုက်တွေအကြောင်းကို ကျုပ်အကုန်သိပါတယ်၊ ဒါပေမယ့် သူတို့နဲ့တော့ လူချင်းမတွေ့ဖူးသေးဘူး”

ထိုအခိုက်ပုလိပ်ကားတစ်စင်းမှာ ထိုးရပ်လာကာ ပုလိပ်များမှာ ဘူတာရုံအတွင်းသို့ပြေးဝင်သွားလေသည်။ ဘခက်တို့သုံးယောက်မှာ ဘူတာအတွင်းမှမထွက်ရသေးပေ၊ ထို့ကြောင့် ထိုပုလိပ်များလှုပ်ရှားနေသည်ကို ညောင်ပင်ရိပ်တစ်ခုအောက်မှ စောင့်ကြည့်နေရသည်။

“သူတို့သတင်းတစ်ခုခုရပြီလို့ထင်တယ်၊ ဒါကြောင့် ဘူတာထဲကို ဝင်ရှာပုံရတယ်”

“ကျုပ်တို့သတင်းပဲဖြစ်မှာပေါ့၊ ကျုပ်အထင် မြို့ထဲကနေ ကြေးနန်းရိုက်လိုက်ပြီထင်တယ်”

“ကျုပ်တို့လမ်းမကြီးအတိုင်းတော့သွားလို့မဖြစ်ဘူး၊ ကျုပ်တို့ရဲ့ပုံစံတွေကို ဒီကောင်တွေသတင်းရထားမှာပဲ”

မနှင်းဆီက ဘူတာသံလမ်းတစ်ဖက်ခြမ်းရှိ အိမ်အစုကလေးများကိုလက်ညှိုးထိုးပြလိုက်ကာ

“အဲဒီအိမ်စုကလေးတွေကနေ ဖြတ်သွားရင် ပိန္နဲကုန်းလို့ခေါ်တဲ့ ရွာကလေးရှိတယ်၊ အဲဒီအထဲမှာ ကိုအောင်ရွှေရဲ့ အဆက်အသွယ်တွေရှိတယ်”

ဘသိန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် အရှေ့မှဦးဆောင်ကာသွားလေသည်။ ဘသိန်းအနောက်မှ ဘခက်နှင့်မနှင်းဆီက လိုက်လာခဲ့သည်။ ရထားလမ်းအားဖြတ်ကူးကြစဉ် ဘူတာရုံအတွင်းမှ ပုလိပ်အချို့မှာ သူတို့လူစုကို လှမ်းမြင်သွားသည်။ ကုလားပုလိပ်မှာ ဘသိန်းတို့ကိုတွေ့သည်နှင့် အသံစာစာနှင်အော်ဟစ်လိုက်လေရာ ဘူတာအတွင်းရှိပုလိပ်များက ရထားလမ်းဆီသို့ဆင်းလာကြလေသည်။

“ဟေ့လူတွေ ရပ် . . .ရပ်လိုက်ကြစမ်း”

ဘသိန်းက အရှေ့မှခြေကုန်သုတ်ပြေးလေသည်။ ဘခက်မှာတော့ မနှင်းဆီကိုထိန်းထားရသည်မို့ ခရီးမတွင်ပေ၊ မကြာခင် အိမ်စုကလေးများဆီသို့ရောက်လာခဲ့သည်။ ဆင်းရဲသားပျံကျအိမ်ကလေးများဖြစ်သည်မို့ လမ်းဟူ၍သီးသန့်မရှိဘဲ လမ်းကြိုလမ်းကြားကလေးများသာရှိသည်။ တစ်နေရာအရောက်တွင်တော့ မနှင်းဆီက ဘခက်လက်ကိုဆွဲဖြုတ်လိုက်သည်။

“ကျွန်မပါရင် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါ့မယ်၊ ရှင်တို့တွေလွတ်အောင်ပြေးကြပါ”

ဘခက်က ခေါင်းခါလျှက်

“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲမနှင်းဆီ ကျုပ်ကိုမိသွားလို့ဘာမှမဖြစ်ဘူး၊ မနှင်းဆီကိုမိသွားရင် မနှင်းဆီရဲ့လုပ်ရပ်တွေအကုန်ပေါ်ကုန်မယ်၊ ပြီးတော့ မနှင်းဆီတို့မိသားစုရဲ့ ဂုဏ်သိက္ခာထိခိုက်ရမယ်မဟုတ်လား”

ဘခက်က ထိုသို့ပြောကာ နောက်ကြောင်းသို့ပြန်လှည့်ပြေးသည်။

“ကိုဘခက် ရှင်ဘာလုပ်တာလဲ”

ဘခက်က တစ်ချက်ပြန်လှည့်ကြည့်ကာ

“မင်းတို့ပဲပြေးနှင့်ပါ၊ ငါမင်းတို့ဆီကို လိုက်လာခဲ့မယ်”

ဘခက်မှာပြောပြီးနောက် လမ်းကြိုလမ်းကြားကလေးများအတိုင်း အနောက်သို့ပြန်လှည့်ပြေးလာခဲ့သည်၊ မကြာမီ လမ်းကြားကလေးတစ်ခုအတွင်း အနောက်မှလိုက်လာသည့် ပုလိပ်တပ်များနှင့် ပက်ပင်းတိုးတော့သည်။ အရှေ့ဆုံးမှ ပုလိပ်မှာ ဘခက်ကိုမြင်သည့်အခါ လန့်ဖျပ်ပြီး သေနတ်ဖြင့်ထိုးချိန်ကာ ပစ်ချလိုက်သည်။ သို့သော် သေနတ်မှာမောင်းမတင်ထားသဖြင့် ကျည်ဆန်မထွက်ပေ၊ ဘခက်က လျှင်မြန်စွာပင် ထိုသေနတ်ကိုပြောင်းမှဆွဲယူလိုက်ပြီး အရှေ့သို့ငိုက်ကျလာသည့် ပုလိပ်၏ရင်ဝကို ဒူးဖြင့်ဖမ်းတိုက်ပေးလိုက်သည်။

ပုလိပ်ခွေကျသွားသည့်အခါ အနောက်မှပုလိပ်များက ဘခက်အားသေနတ်ဖြင့်ထိုးချိန်ကာ ပစ်ခတ်လေသည်။ ဘခက်လည်း နံဘေးတွင်တွေ့သည့် လမ်းကြားကလေးတစ်ခုအတွင်းသို့ ခြေစုံပစ်ကာ ပြေးဝင်လိုက်သည်။ ဆင်းရဲသားရပ်ကွက်ကလေးထဲ သေနတ်သံသုံးလေးချက် ဆူညံစွာထွက်ပေါ်သွားကာ အိမ်ပေါ်မှလူများက အပြင်သို့ပြေးထွက်လာကြသည်။ လူတစ်ကိုယ်သာသာသွားနိုင်သည့် လမ်းကြိုလမ်းကြားကလေးများမှာ အတွင်းတွင် ဝင်္ကပါသဖွယ်ဖြစ်နေလေရာ ပုလိပ်များအဖို့ လိုက်ရခက်ခဲနေသည်။

ပုလိပ်များမှာ အခြားလူများထိမှန်မည်စိုးရိမ်သဖြင့် သေနတ်များကိုသိမ်းယူလိုက်ပြီး နံပတ်တုတ်များအသင့်ကိုင်ကာ ဘခက်အနောက်သို့လိုက်လာကြလေသည်။ အကွေ့ကလေးတစ်ခုတွင် ဘခက်က ကွေ့လိုက်ကာ အိမ်ထရံတွင်ကိုယ်ကိုကပ်ထားလိုက်သည်။ ထိုအခါ အနောက်မှပုလိပ်တစ်ဦးက လိုက်လာလေရာ ထိုအကွေ့သို့အရောက်တွင် ဘခက်အားဘွားခနဲတွေ့သွားသည်။ ဘခက်ကလည်း လျှင်မြန်စွာပင် ထိုပုလိပ်၏ လည်ပင်းစောင်းကိုလက်သီးတစ်ချက်ထိုးထည့်လိုက်လေရာ ပုလိပ်မှာခွေကျသွားပြန်သည်။

ဘခက်တစ်ယောက် ပြေးသာပြေးနေရသည် ဘယ်ဆီရောက်လို့ ရောက်မှန်းမသိတော့ပေ၊ လမ်းကြားကလေးများမှာလည်း အလွန်ရှုပ်ထွေးပွေလီလှသဖြင့် ခြေဦးတည့်ရာအတိုင်း ပြေးလွှားနေရခြင်းဖြစ်သည်။ ပြေးရင်းလွှားရင်း လမ်းကျဉ်းကလေးတစ်ခုတွင် ပုလိပ်တစ်ဦးနှင့် ပက်ပင်းတိုးမိတော့သည်။ ဘခက်မှာ အနောက်သို့ပြန်လှည့်လိုက်သည့်အခါ သူ့အနောက်တွင်လည်း ပန်ချာပီခေါင်းပေါင်းနှင့် ပုလိပ်တစ်ဦးက ရောက်နှင့်နေပြီဖြစ်သည်။

“ဟား ဟား လူသတ်သမား မင်းဘယ်ကိုပြေးမလဲဟေ့”

ပုလိပ်နှစ်ဦးမှာ နံပတ်တုတ်များအသင့်ပြင်ဆင်လျှက် လမ်းကြားကလေးအတိုင်း သတိကြီးကြီးနှင့်တိုးဝင်လာကြသည်။ ဘခက်မှာ နှစ်ဖက်ညှပ်ပူးညှပ်ပိတ် ပိတ်မိနေပြီဖြစ်သည်။ ဘေးနှစ်ဖက်တွင်လည်း အိမ်ထရံနှစ်ခုသာရှိသည်။ ပုလိပ်များက ဘခက်နှင့်အလွန်နီးကပ်လာသည့်အခါ ဘခက်အား တုတ်ဖြင့်ဝင်ရိုက်တော့သည်။ ဘခက်က နံရံကိုခြေထောက်နှင့်ကန်ကာ အားပြုလျှက် မိုးပေါ်သို့ခုန်တက်လိုက်သည်။ အတော်မြင့်သွားသည့်အချိန်မှ ပြန်အကျတွင် အရှေ့ဘက်မှပုလိပ်၏ လည်ပင်းကို အရှေ့ခြေထောက်နှင့်လည်းကောင်း အနောက်မှလိုက်လာသည့် ပုလိပ်၏ လည်ပင်းကို အနောက်ခြေထောက်နှင့်လည်းကောင်း စုံကန်ထည့်လိုက်လေရာ ပုလိပ်နှစ်ဦးမှာ မျက်နှာချင်းဆိုင်ဖြစ်ကာ မှောက်ကျသွားတော့သည်။ ထိုတော့မှ ဘခက်မှာဆက်လက်ပြေးလွှားခဲ့သည်။

နောက်ဆုံးတွင်တော့ လမ်းကျယ်ကြီးတစ်ခုကိုမြင်တွေ့နေရသည်။ ဘခက်က လမ်းကျယ်ကြီးဆီသို့ ခုန်ထွက်လိုက်သည့်အခါတွင်တော့ ပုလိပ်လေးငါးယောက်က ဘခက်အားဝိုင်းရံထားလိုက်လေသည်၊ ဘခက်မှာ ပုလိပ်ငါးယောက်ကို တိုက်ခိုက်ရန်အသင့်ပြင်ဆင်ထားလိုက်သည်။

“ဟေ့ကောင်တွေ၊ မင်းတို့က ဒီနေရာကို ဘာမှတ်နေလို့လဲကွ”

ထိုစဉ် လမ်းအတိုင်းလူကြီးတစ်ဦးလျှောက်လာသည်။ ထိုလူကြီးမှာ ထွားထွားကျိုင်းကျိုင်း အသားဖြူဖြူနှင့်ဖြစ်ကာ ကရင်အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားပြီး အောက်မှလည်း ကရင်ပုဆိုးအနီရောင်ကိုဝတ်ဆင်ထားလေသည်။ ထိုလူကြီးကိုတွေ့သည့်အခါ ပုလိပ်များက အနည်းငယ်ရှိန်သွားသည်။

“ငါ့ရပ်ကွက်ထဲမှာ ဆူတာပူတာကို ငါမလိုချင်ဘူးဟေ့”

ပုလိပ်များက ထိုလူအားလှည့်ကြည့်ရင်း

“ဟေ့ကောင် ဘိုထေ၊ ဒီကိစ္စကမင်းနဲ့ဘာမှမဆိုင်ဘူး မင်းအသာနေစမ်း”

ဘိုထေဆိုသူက အရင်ကြီးက အရှေ့သို့တိုးလာရင်း

“ဒါဆို ခုနက ဘယ်ကောင်က ငါ့ရပ်ကွက်ထဲမှာ သေနတ်ဖောက်သွားတာလဲ”

ပုလိပ်များတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြလေသည်။ ဘိုထေကအရှေ့သို့တစ်လှမ်းချင်းတိုးလာလေရာ ပုလိပ်တစ်ဦးက ဘိုထေကို နံပတ်တုတ်ဖြင့်ဝင်ရိုက်လေသည်။ ဘိုထေက ထိုရိုက်ချက်ကို လက်ဖြင့်ပုတ်ချလိုက်ပြီးနောက် ပုလိပ်၏နံပတ်တုတ်အား လက်ဖြင့်ဆွဲကိုင်ထားသည်။ ပုလိပ်မှာ ရုန်းကန်သော်လည်း ဘိုထေလက်ထဲဆုပ်ကိုင်ထားသည့် နံပတ်တုတ်ကို မဆွဲယူနိုင်ပေ။

“ဘယ်လိုလဲကွ၊ မင်းတုတ်မင်းပြန်လိုချင်လား”

ပုလိပ်မှာခေါင်းညိတ်လိုက်လေရာ ဘိုထေက ပုလိပ်၏ မျက်နှာအား လက်သီးဖြင့်ပစ်ထိုးထည့်လိုက်သည်။ ထိုပုလိပ်အနောက်သို့လည်ထွက်သွားသည့်အခါမှ ပုလိပ်၏လက်ကိုလိမ်ချိုးထည့်လိုက်ကာ နံပတ်တုတ်ကိုဆွဲယူလိုက်ပြိး ပုလိပ်၏ဦးခေါင်းကို အားကုန်ရိုက်ချထည့်လိုက်သည်။ ပုလိပ်ခေါင်းတွင်ဆောင်းထားသည့် ဦးထုပ်ပါပိန်ချိုင့်သွားကာ ပုလိပ်မှာအနောက်သို့ လန်ကာလဲကျသွားသည်။

“ကဲ နောက်ဘယ်ကောင့်အလှည့်လဲ”

ပုလိပ်လေးယောက်မှာ အရှေ့သို့တက်မလာရဲတော့ဘဲ တစ်ချိုးတည်းလှည့်ပြန်ပြေးကြလေသည်။ ဘိုထေက ဘခက်ကိုကြည့်ကာ

“ဟေ့ကောင် မင်းလဲသွားတော့”

“သွားလို့မဖြစ်သေးဘူး၊ ကျုပ်လူတွေကို ကျုပ်ရှာရအုံးမယ်”

“ဟေ့ကောင်၊ သွားတော့ဆိုသွားတော့လို့ပြောနေတယ်နော်၊ ငါတို့ရပ်ကွက်က ပုလိပ်တွေကိုလည်း မကြိုဆိုသလို၊ မင်းတို့လို လူသတ်ကောင် ဝရမ်းပြေးတွေကိုလည်းမကြိုဆိုဘူး၊ မင်းဟောဒီလမ်းကြီးအတိုင်း လှည့်ပြန်ရင်ပြန် မပြန်ရင်တော့ ငါ့လက်သီးစာမိမယ်”

ကရင်ကြီးက လက်သီးဆုပ်ပြသည်။ သူ့လက်သီးကြီးမှာ အတော်ကြီးမားလေသည်။ ဘခက်ကလည်း ပြန်လို့မရသေးပေ၊ ထွက်ပြေးလွတ်မြောက်သွားသည့် မနှင်းဆီနှင့် ဘသိန်းတို့ကို လိုက်ရှာရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဘခက်က အရှေ့သို့ဆက်လှမ်းလိုက်သည်။

“မင်းက ငါ့လက်သီးကိုမြည်းချင်တယ်ပေါ့ ဟုတ်လား၊ ကဲကွာ”

ပြောပြောဆိုဆိုနှင့် ဘိုထေက ဘခက်အားလက်သီးဖြင့်ဖမ်းထိုးလိုက်သည်။ လက်သီးလုံးကြီးမှာ ဘခက်ထံသို့လျှင်မြန်စွာပြေးဝင်လာသည်မို့ ဘခက်မှာ ညာဘက်လက်ဖျံနှင့် ထိုလက်သီးကိုပုတ်ချရသည်။ တစ်ဖန်နောက်လက်သီးတစ်ဖက်က ဘခက်ထံသို့ဝင်လာပြန်သည်။ ထိုလက်သီးကိုဘခက်က ဘယ်ဖက်လက်ဝါးဖြင့် ဖမ်းခံထည့်ုလိုက်သည်။ သို့သော် လက်သီးချက်မှာပြင်းထန်လွန်းလှသဖြင့် ဘခက်လက်ဖဝါးနာကျင်သွားရကာ အနောက်သို့ခြေနှစ်လှမ်းခန့် ဆုတ်ကာ ရှောင်တိမ်းပေးလိုက်ရသည်။

ဘိုထေဆိုသည့်သူမှာ ခေသူမဟုတ်ပေ၊ သူ့လက်သီးတွင် ပြင်းအားရော လျှင်မြန်မှုပါ ကောင်းလေရာ လက်သီးတစ်ချက်ထိရုံမျှဖြင့် သာမန်လူတစ်ဦးဖင်ထိုင်ကျသွားနိုင်ပေသည်။

တစ်ဖန်ဘိုထေမှာ ဘခက်ထံသို့ပြေးဝင်လာပြန်သည်။ ယခုတစ်ခါတွင်တော့ ဒူးတိုက်ကွက်များဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။ ဘခက်က ဒူးတိုက်ကွက်များကို ရှောင်ရှားလိုက်ရင်း တစ်ချီတွင် ဘိုထေ၏ဒူးတိုက်ချက်အပေါ်သို့ ခြေထောက်ဖြင့်နင်း၍အားယူလိုက်ကာ ဘိုထေပုခုံးအပေါ်မှနေ၍ ကျွမ်းထိုးကာ ဘိုထေအနောက်သို့ခုန်ချလိုက်သည်။ မြေပေါ်ရောက်သည်နှင့် ဘိုထေ၏ နောက်စေ့ထံသို့ လက်ပြန်တံတောင်ဆစ်တစ်ချက် ပစ်သွင်းလိုက်လေရော ဘိုထေမှာ တံတောင်ဆစ်ချက်ကိုခံလိုက်ရပြီး အရှေ့သို့ဟပ်ထိုးလဲကျသွားသည်

“တော်တယ်၊ သိပ်တော်တယ်”

ထိုစဉ်လက်ခုပ်တီးသံကိုကြားလိုက်ရပြီးနောက် အသားမဲမဲခပ်ပုပုလူတစ်ဦးက အရှေ့သို့ထွက်လာလေသည်။ ထိုလူ၏ အနောက်တွင်တော့ မနှင်းဆီနှင့် ဘသိန်းကိုမြင်တွေ့လိုက်ရသည်။ မနှင်းဆီက ဘခက်အားကြည့်လိုက်ရင်း

“ကိုဘခက် ရှင် . . ရှင်လွတ်လာတယ်နော်”

ဘိုထေက လူးလဲထလိုက်လေရာ ခပ်ပုပုလူက ဘခက်အနီးသို့ရောက်လာပြီး

“ဘိုထေလိုလူကိုတောင် ခေါင်းမူးသွားအောင် ဆော်လိုက်နိုင်တယ်ဆိုတော့ မင်းရဲ့အရည်အချင်းကို ငါအသိအမှတ်ပြုပါတယ် ဘခက်”

“ခင်ဗျားက ဘယ်သူလဲ”

“ငါ့နာမည် အောင်ရွှေ”

“လတ်စသတ်တော့ အောင်ရွှေဆိုတာက ခင်ဗျားကိုးဗျ”

ဘိုထေက အောင်ရွှေအနောက်တွင်ရပ်လိုက်လေရာ

“ဘယ်လိုလဲ ဘိုထေရ အခုတော့ မင်းကိုယှဉ်နိုင်တဲ့လူ မင်းတွေ့ပြီမဟုတ်လား”

ဘိုထေက ဘခက်အားစိုက်ကြည့်ရင်း

“ကျုပ်မကျေနပ်သေးဘူးဗျာ၊ ဒီတစ်ခါ ကျုပ်အလစ်တိုက်ခံလိုက်ရတာဗျ၊ သူနဲ့ ဘယ်သူက ပိုပြီးသာတယ်ဆိုတာ သဲသဲကွဲကွဲဖြစ်သွားအောင် တစ်ပွဲလောက်ထပ်စမ်းကြည့်မယ်ဗျာ”

အောင်ရွှေက လက်ကာပြလိုက်ကာ

“ကဲ မင်းတို့ခွန်အားတွေကို သိမ်းထားကြစမ်းပါအုံးကွာ၊ ငါတို့မှာ အရေးတကြီး ဆွေးနွေးစရာရှိတယ်ကွ”

ဘိုထေမှာ သိပ်မကျေနပ်သော်လည်း အောင်ရွှေစကားမို့ နာခံလိုက်ပုံရသည်။ သို့နှင့် ဘခက်တို့လူတစ်သိုက်မှာ အောင်ရွှေခေါ်ဆောင်ရာအနောက်သို့ လိုက်ပါခဲ့ရလေသည်။

(၂)

ရပ်ကွက်လမ်းကလေးများအတိုင်း ဆက်လျှောက်လာခဲ့သည့်အခါ မကြာခင် ကားလမ်းမကြီးမှာအဆုံးသတ်သွားပြီး မြေသားလမ်းတစ်ခုသာရှိတော့သည်။ ထိုမြေသားလမ်းတစ်ဖက်တစ်ချက်တွင်လည်း ဝါးရုံပင်ကြီးများကခပ်စိတ်စိတ်ပေါက်နေကြကာ လူနေလည်းကျဲပါးလှသည်။ ထိုလမ်းကြီး၏အဆုံးတွင်တော့ မြစ်ရေပြင်ဝါဝါကြိးကိုမြင်တွေ့ရသည်။

မြစ်ရေပြင်မရောက်ခင် လမ်းချိုးကလေးတစ်ခုအတွင်းသို့ ချိုးကွေ့ဝင်လာခဲ့သည်။ ထိုလမ်းချိုးကလေးထိပ်ဘက်တွင် တဲအိမ်ကလေးများက အစီအရီရှိလေသည်။ တဲအိမ်အတွင်းထိုင်နေသူများမှာ သူတို့လူတစ်စုအား ရန်စောင်သည့်အကြည့်များဖြင့် ကြည့်နေကြလေရာ အောင်ရွှေက လက်ကာပြလိုက်သည့်အချိန်မှ ထိုသူများမှာအကြည့်လွှဲသွားကြသည်။

လမ်းချိုးကလေးအတိုင်း ဆက်လျှောက်လာစဉ် မကြာခင် သချိုင်းမြေကြီးတစ်ခုဆီသို့ရောက်လာသည်။ မျက်စိတစ်ဆုံးမြင်တွေ့နေရသည်က မြေပုံများဖြစ်သည်။ တစ်လမ်းလုံးဆိတ်ဆိတ်နေကာ လိုက်လာခဲ့သည့် ဘသိန်းက မြေပုံများကိုကြည့်ပြီးနောက်

“သချိုင်းသုံးခုကြားက မင်းနှစ်ပါးဆိုတာ လတ်စသတ်တော့ ဒီနေရာကိုပြောတာကိုး”

အောင်ရွေက ခေါင်းညိတ်လိုက်ရင်း

“ဟောဒီဘက်က မြေပုံတွေကတော့ ဗမာသင်္ချိုင်း၊ ဟောဟိုဘက်က အုတ်ဂူတွေကတော့ အင်္ဂလိပ်သင်္ချိုင်း၊ ဟိုးအနောက်ဘက်ကတော့ ကုလားသင်္ချိုင်းပေါ့ကွာ၊ အဲဒီသင်္ချိုင်းသုံးခုအလယ်က ဇရပ်ကြီးကတော့ ငါတို့ရဲ့စခန်းပေါ့ကွ”

ဆက်လျှောက်သွားကြရာ မကြာမီတွင် ဇရပ်ကြီးတစ်ခုဆီသို့ရောက်ကြလေသည်။ ဇရပ်အတွင်းတွင် လူဆယ်ဦးခန့်ကထိုင်နေကြကာ ဘခက်တို့လာသည့်အခါ လူတစ်ဦးက ထလာလေသည်။

“အကိုကြီး ဒီလူတွေက ဘယ်သူတွေလဲ”

“ဟောဒီမိန်းကလေးနာမည်က မနှင်းဆီတဲ့၊ ဒါပေမယ့် မြို့ထဲမှာတော့ သူ့ကိုငတက်လုံးလို့သိကြတယ်”

ထိုလူက အံ့သြသွားကာ

“ဗျာ၊ ငတက်လုံးက မိန်းကလေးတဲ့လားဗျာ၊ ဘာပဲပြောပြော လေးစားပါတယ်”

အောင်ရွှေက ထိုလူအားပခုံးဖက်လိုက်ပြီး

“ဒါကတော့ ကျုပ်ညီအရင်း အောင်ဖေတဲ့ဗျ၊ ကျုပ်တို့ညီအကိုနှစ်ယောက်က ဟောဒီသင်္ချိုင်းကုန်းသုံးခုကို အခြေပြုပြီး နေထိုင်ကြတဲ့လူတွေပေါ့ဗျာ”

အောင်ဖေဆိုသူက

“ကဲလာဗျာ၊ ထိုင်ကြဗျာ၊ သောက်တတ်ရင်တော့ သောက်ကြ၊ ပဲကြီးလှော်နဲ့ ချက်အရက်ပဲရှိတယ်”

ဘခက်တို့ထိုင်လိုက်ကြသည့်အခါ ဘသိန်းက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး

“နေပါအုံးဗျ၊ ခင်ဗျားတို့က ဒီနယ်တစ်ဝိုက်မှာ ခိုးဆိုးလုယက်နေတယ်လည်းပြောသေးတယ်၊ အခုခင်ဗျားတို့စခန်းချထားတဲ့နေရာက ပေါ်ပေါ်ထင်ထင်ကြီးဖြစ်နေပါလား၊ ဟိုလေ ကျုပ်ဆိုလိုချင်တာက လူဆိုးစခန်းဆိုပြီး သွားရလာရခက်ခဲတဲ့ နေရာလည်းမဟုတ်ဘူး၊ ပုလိပ်တွေက ဒီနေရာကိုမလာဘူးလား”

ထိုအခါ အောင်ဖေက ရယ်ကျဲကျဲနှင့်

“ဒီနေရာကို ပုလိပ်မပြောနဲ့ ပုလိပ်ရဲ့ဘိုးအေတောင် မလာရဲကြပါဘူးဗျာ”

“ဟုတ်တယ်ဗျ၊ ဟောဒီအင်းစိန်ကမ်းနားဆိုတဲ့နေရာကို ပုလိပ်တွေမလာဝံ့ဘူး၊ ပုလိပ်လေးငါးယောက်လောက်ကတော့ ဒီနေရာကသူတို့အတွက် ပြန်လမ်းမဲ့တဲ့နေရာတစ်ခုပဲဗျ၊ ပုလိပ်တစ်ယောက်ထဲလာရင် အစအနတောင်ရှာလို့မရစေရဘူး၊ တစ်နည်းအားဖြင့်ပြောရရင်တော့ ဒီနေရာက ပုလိပ်ကင်းစင်တဲ့နယ်မြေပဲပေါ့”

ကိုအောင်ရွှေက ပြောဆိုလိုက်ပြီးနောက်

“ကိုင်း ငတက်လုံးရေ၊ ဒီက လူကြီးမင်းတွေနဲ့ မိတ်ဆက်ပေးပါအုံး”

“ဟောဒါကတော့ ကိုဘခက်လို့ခေါ်ပါတယ်၊ ဆရာကြီးဦးရာကျော်ရဲ့ တပည့်တစ်ယောက်ပါ၊ ဟောဒီသူကတော့ လူဆိုးထိန်းဘသိန်းဆိုတဲ့လူပါပဲ”

လူဆိုးထိန်းဆိုသည့်အသံကြားလိုက်ရသည့်အခါ အောင်ရွှေနှင့် အောင်ဖေ ညီအကိုနှစ်ယောက်မှာ အလွန်အံ့အားသင့်သွားလေသည်။

“လူဆိုးထိန်းဆိုတော့ နယ်ချဲ့တွေအတွက် အလုပ်လုပ်ပေးနေတဲ့သူပေါ့၊ ဒီလိုလူကို ကျုပ်တို့ယုံရပါ့မလား”

“မပူပါနဲ့ရှင်၊ ကိုဘသိန်းက အခုအမြင်မှန်ရသွားခဲ့ပါပြီ၊ ပုလိပ်တွေကို သူ့လက်နဲ့ပဲ သတ်ဖြတ်ခဲ့တာပါ၊ အခု ကျွန်မတို့တော်လှန်ရေးဘက်တော်သားတစ်ယောက်ဖြစ်သွားပါပြီ”

အောင်ရွှေမှာခေါင်းညိတ်လိုက်သော်လည်း အောင်ဖေနှင့် ဘိုထေတို့မှာ ဘသိန်းအား အကဲခတ်သည့်မျက်လုံးများဖြင့်ကြည့်နေကြလေသည်။

“ကဲ လာရင်းကိစ္စပြောရအောင်၊ အခုအခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ”

“အခြေအနေကတော့ ရုန်းမထွက်သာဘူးဖြစ်နေတယ်၊ ကျွန်မတို့လွတ်လာဖို့အတွက် ဂတ်ဗိုလ်မင်းကြီးကိုတောင် သတ်ပစ်ခဲ့ရတယ်၊ အခုပုလိပ်တွေက ကျွန်မတို့ကိုမြေလှန်ရှာနေကြပြီ”

“ဟား၊ ဒီထဲမှာနေသရွေ့တော့ သူတို့ခင်ဗျားကို ဘယ်လိုနည်းနဲ့မှ မတွေ့စေရဘူးဆိုတာ စိတ်သာချဗျာ”

အောင်ဖေက ပြောရင်း အရက်တစ်ကျိုက်ကိုမော့သောက်လိုက်သည်။ မနှင်းဆီက

“ကဲ ရှင်တို့ရထားတဲ့သတင်းတွေပြောပါအုံး၊ ဆရာကြီးနဲ့ရော ချိတ်ဆက်မိရဲ့လား”

“ဆရာကြီးက အခု သာယာဝတီဘက်ကိုဆင်းပြီးတော့ စည်းရုံးရေးတွေလုပ်နေတယ်၊ လူတွေလည်းတော်တော်စုမိပြီပြောတယ်၊ ဒီအတိုင်းဆိုရင်တော့ တော်လှန်ရေးက မကြာဘူးထဖြစ်မှာပဲ၊ ကျုပ်တို့အင်းစိန်ခရိုင်ထဲမှာလည်း လူအင်အား လက်နက်အင်အားတွေကို တိတ်တဆိတ်စုဆောင်းခိုင်းထားတယ်၊ အခု ကျုပ်စုဆောင်းထားတာ လူချည်း သုံးရာလောက်ရနေပြီ”

ဘခက်တစ်ယောက် ဝမ်းသာသွားမိသည်။

“ကြားရတာ အားရစရာကြီးဗျာ”

“ဒါတောင်မှ ယုံကြည်ရတဲ့လူတွေအချင်းချင်း တိတ်တဆိတ်စုဆောင်းခိုင်းထားလို့သာ၊ တော်လှန်ရေးကြီး စပြီဆိုရင် ပါဝင်ကြမယ့်လူတွေအများကြီးရှိသေးတယ်”

“ကြားရတာအားရစရာကောင်းပါတယ် ကိုအောင်ရွှေ၊ ဒါနဲ့လက်နက်အင်အားကရော အခြေအနေဘယ်လိုလဲရှင့်”

ကိုအောင်ရွှေက တစ်ချက်ငိုင်သွားကာ

“လက်နက်၊ ဟုတ်တယ် ကျုပ်တို့လိုနေတာလဲ လက်နက်ပဲ၊ တော်လှန်ရေးစမယ်ဆိုရင် အနည်းဆုံးတော့ သေနတ်တစ်လက်လောက်ရှိရမယ်မဟုတ်လား၊ အခုကျုပ်တို့ဆီမှာက တုတ်ဓါးလေးမြှားလောက်ပဲရှိတာဆိုတော့ လက်နက်က အလိုအပ်ဆုံးဖြစ်နေတယ်”

မနှင်းဆီမှာ တောက်တစ်ချက်ခေါက်လိုက်ကာ

“ကျွန်မရဲ့ ရတနာတွေကိုသာ ရခဲ့မယ်ဆိုရင် ဒီလက်နက်အတွက် စိတ်ပူစရာမလိုဘူးရှင်”

“ကဲပါ အားလုံးနားလိုက်ကြတော့၊ ကျုပ်တို့ဘက်ကလည်း ပြင်စရာရှိတာတွေ အကုန်ပြင်ဆင်ပြီးသွားပါပြီ၊ ဆရာကြီးတို့ဘက်က တိုက်ပွဲစပြီဆိုတဲ့သတင်းကြားတာနဲ့ အင်းစိန်ခရိုင်တစ်ဝိုက်က ရွာတွေမှာ ကျုပ်တို့ကလည်း လူအင်အားစုပြီး နယ်ချဲ့ကို ရသလောက်တော်လှန်ဖို့ လုပ်ကြမှာပါ”

ထိုညတော့ ထိုဇရပ်ကြီးအပေါ်မှာတင် အိပ်စက်ကြလေသည်။ ညနက်သည့်အခါ သချိုင်းအတွင်းသို့ ခွေးများဝင်ရောက်လာကြသည်။ သေဆုံးနေကြသည့်အလောင်းကောင်များအား လက်ဖြင့်ယက်ကာ တူးဖော်ပြီး ကိုက်ဖြတ်စားသောက်နေကြသည်ကို လရောင်အောက်တွင်တွေ့ရသည်။ တစ်ခါ လူသေကောင်ပုပ်နံ့များမှာလည်း လေသင့်တိုင်းရနေလေရာ အော်ဂလီဆန်ဖွယ်ဖြစ်နေလေသည်။

(၃)

မနက်မိုးလင်းသွားသည့်အခါ ဘခက်တို့အိပ်ရာထလိုက်လေသည်။ အောင်ဖေက အပေါ့သွားရန်အထတွင် အုတ်ဂူများအကြားတွင် ကုန်းကုန်းကွကွသွားလာနေသည့် လူတစ်ချို့ကိုတွေ့လိုက်ရလေသည်။

“အလို ဘယ်သူတွေပါလိမ့်”

အောင်ဖေက ရေရွတ်ရင်း အုတ်ဂူကြီးတစ်ခုအနီးသို့ကပ်လာခဲ့လေသည်။

“ဟေ့၊ အုတ်ဂူအနောက်မှာ ဘာကောင်လဲ၊ ထွက်ခဲ့စမ်းဟေ့”

ထိုအခါ အုတ်ဂူအနောက်မှ ပုလိပ်နှစ်ဦးထွက်လာလေသည်။ ပုလိပ်တစ်ဦးက အောင်ဖေအားသေနတ်ဖြင့်ထိုးချိန်လိုက်လေရာ အောင်ဖေမှာ မပြေးသာတော့ပေ။

“ရန်သူ ရန်သူ စခန်းကို ရန်သူတွေဝိုင်းထားကြပြီ”

အောင်ဖေအော်လိုက်ပြီးမကြာခင်မှာပင် အခြားအုတ်ဂူများ သစ်ပင်များအနောက်မှ သေနတ်ကိုယ်စီကိုင်ထားကြသည့် ပုလိပ်များက ထွက်လာကြကာ သေနတ်ဖြင့်ထိုးချိန်လိုက်ကြလေသည်။ ဘခက်တို့မှာ အလွန်အံ့အားသင့်နေမိသည်။

“ဟာ၊ ဘယ်က ပုလိပ်တွေရောက်လာတာလဲဟ”

ထိုအချိန်မှာပင် ဘသိန်းက ခါးကြားမှသေနတ်ကိုဆွဲထုတ်လိုက်ပြီးနောက် အနီးရှိမနှင်းဆီကိုပွေ့ဖက်လိုက်ကာ မနှင်းဆီ၏ နားထင်သို့ သေနတ်ဖြင့်ထိုးချိန်လိုက်လေသည်။

“တစ်ယောက်မှ ခုခံမယ်မကြံနဲ့နော်၊ သေနတ်နဲ့ဝိုင်းပ်ထည့်လိုက်လို့ အကုန်လုံးမသာပေါ်ကုန်မယ်”

ဘခက်က တောက်ခေါက်လိုက်ကာ

“ဘသိန်း၊ ခင်ဗျား . . . ခင်ဗျား လူယုတ်မာ၊ သစ္စာဖောက်”

ဘသိန်းက ပြုံးလျှက်

“သစ္စာဖောက်လို့ပြောရအောင် ကျုပ်က ဘာတွေသစ္စာဆိုထားလို့လဲ ကိုဘခက်ရဲ့”

ထိုစဉ် အင်္ဂလိပ်မျက်နှာဖြူအရာရှိတစ်ယောက်မှာ သုဿန်အတွင်းသို့ ဟန်ပါပါဖြင့်ဝင်ရောက်လာသည်။ ဘသိန်းက ထိုလူကြီးကိုအရိုအသေပေးလျှက်

“ကဲ အင်စပက်တော်မင်းကြီးခင်ဗျား၊ အခုဆိုရင်တော့ ရန်ကုန်မြို့ထဲက လူကုံထံအိမ်တွေကို ခိုးယူဖောက်ထွင်းနေတဲ့ ငတက်လုံးဆိုတဲ့လူရော၊ ရန်ကုန်ထောင်ထဲမှာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးသွားတဲ့ လက်တစ်ဖက်ပြတ်ဘခက်ရော၊ အင်းစိန်တစ်ဝိုက်မှာ ခိုးဆိုးလုယက်နေတဲ့ လူမိုက်ခေါင်းဆောင် အောင်ရွှေနဲ့ အောင်ဖေကိုပါ တစ်ချီတည်းနဲ့ ဖမ်းမိပါပြီခင်ဗျာ”

မျက်နှာဖြူအရာရှိက အလွန်ချိုသာသောအပြုံးနှင့်ပြုံးလျှက်

“မင်းတော်တယ်ဘသိန်း၊ မင်းအရမ်းတော်တယ်”

“တော်ရမယ်လေ အင်စပက်တော်မင်းကြီးရဲ့၊ ကျုပ်က လူဆိုးထိန်းဘသိန်းပဲဟာ၊ အခုဆိုရင် သူတို့က ပုလိပ်သတ်မှု၊ ဂါတ်ဗိုလ်မင်းကြီးကို သတ်မှုတွေနဲ့ အင်္ဂလိပ်အစိုးရက အရမ်းလိုချင်နေတဲ့ ရာဇဝတ်ကောင်တွေနော်၊ ဒီလိုကောင်တွေကိုဖမ်းဆီးပေးနိုင်တယ်ဆိုတာနဲ့တင် အင်စပက်တော်မင်းကြီးတော့ ခရိုင်မင်းကြီးဖြစ်မလား၊ တိုင်းမင်းကြီးအဖြစ်ရာထူးတိုးမလားပဲ”

“ဟေဟေ့ မင်းပြောတာကို ငါသဘောကျသကွာ၊ ဒါကြောင့်လည်း ဒီလောကမှာ လူဆိုးထိန်းဘသိန်းဆိုတာ နာမည်တစ်လုံးနဲ့နေတာကိုး၊ နေပါအုံးဘသိန်း ဒီလူတွေကိုဖမ်းဖို့ မင်းဘယ်လိုများအားထုတ်ခဲ့တာလဲ”

“ဒါကတော့ လွယ်ပါတယ်ဗျာ၊ ယုံအောင်လုပ်ရတာပေါ့၊ လူဆိုးတွေကိုဖမ်းဖို့ဆိုရင် လူဆိုးတွေနဲ့မိတ်ဆွေဖြစ်မှ လူဆိုးအသိုက်ကိုတစ်ခါတည်းဖမ်းမိမှာမဟုတ်လားဗျာ၊ ကဲ ပြောနေကြာပါတယ်ဗျာ၊ ဒီလူတွေကို ရွာမဂါတ်တဲကို ဖမ်းခေါ်သွားကြတာပေါ့”

“ကောင်းပါတယ် ဘသိန်း၊ ငါရာထူးတက်ရင် မင်းကိုလည်းမမေ့ပါဘူးကွာ၊ မင်းအတွက်လည်း ထောက်ခံစာတစ်စောင်ရေးပေးမှာပါကွ”

ဘခက်သည်းမခံနိုင်တော့ပေ။

“တောက်၊ ဘသိန်း ခင်ဗျားဗျာ၊ ကျုပ်တို့ကတော့ ခင်ဗျားကို ကိုယ့်လူမျိုးဆိုပြီးအထင်ကြီးခဲ့ပေမယ့် တကယ်တော့ ခင်ဗျားက လောက်ကောင်မှတကယ့်လောက်ကောင်အစစ်ပါလား၊ ဘာမဟုတ်တဲ့ ရာထူးတိုးဖို့အတွက် ကိုယ့်လူမျိုးတွေရဲ့အသက်ကိုချနင်းပစ်တာ ခင်ဗျားက တကယ့်လောက်ကောင်စစ်စစ်ပဲဗျ”

ဘသိန်းမှာ ဘခက်အနီးသို့တိုးကပ်သွားလိုက်ကာ ဘခက်၏ပါးကိုလက်သီးတစ်ချက်ခွပ်ခနဲထိုးချလိုက်လေသည်။

“ဘာလဲ ဘခက်၊ မင်းက မကျေနပ်ဘူးလား၊ မကျေနပ်ရင်ရှေ့တက်ခဲ့လေကွာ၊ မင်းလက်သီးဘယ်လောက်မြန်တယ်ဆိုပေမယ့် ဟောဒီပြောင်းဝက ထွက်လာတဲ့ကျည်ဆန်လောက် မြန်မယ်ထင်လို့လားကွ”

ဘခက်မှာ အားမတန်သဖြင့်မာန်လျှော့လိုက်ရလေသည်။ ပုလိပ်များမှာ ဘခက်တို့အားဖမ်းဆီးပြီးနောက် ကြိုးဖြင့်တုတ်ကာ ကားတစ်စီးဖြင့်ခေါ်ဆောင်သွားလေသည်။ မကြာခင် ရွာမဟူသည့်နေရာတစ်ခုသို့ရောက်ရှိပြီး ထိုရွာထိပ်ရှိဂါတ်တဲအဆောက်အအုံအတွင်းရှိ အချုပ်ခန်းတွင် ဘခက်တို့အား ချုပ်နှောင်ထားလိုက်လေသည်။

ဘခက်မှာ အကျဉ်းခန်းအတွင်းရှိ သံတိုင်များကိုလက်နှင့်တဘုန်းဘုန်းထုရိုက်နေမိသည်။

“တောက်၊ ဒီလိုလူကိုမှ ယုံခဲ့မိတယ်လို့ဗျာ”

ဘိုထေက ပေစောင်စောင်နှင့်

“ဒီလူက မင်းတို့ခေါ်လာတဲ့လူပဲလေကွာ”

“ဒေါသထွက်မနေပါနဲ့ကိုဘခက်၊ ရန်သူက သူ့အလုပ်သူလုပ်တာပဲ၊ ရန်သူကိုယုံမိတာ ကျွန်မတို့အမှားပေါ့ရှင်”

အောင်ဖေမှာတော့ အုတ်နံရံအားလက်နှင့်ထိုးနေမိသည်။ အောင်ရွှေက မတ်တပ်ထလိုက်ပြီး

“ခင်ဗျားတို့အားလုံး စိတ်ထဲဒေါသတွေဖြစ်နေကြမယ်ဆိုတာကို ကျုပ်သိပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့အားအင်တွေကို ချွေတာထားကြပါ”

“ဘယ်လိုပြောလိုက်တာလဲအကိုကြီးရာ၊ ဒီအထဲရောက်ပြီးမှာတော့ ကျုပ်တို့ကြိုးစင်တက်ရမှာပဲမဟုတ်လားဗျာ၊ ဘာလဲ ကြိုးစင်တက်ဖို့အတွက် အားအင်တွေချွေတာထားရမှာလား”

“အားလုံးပဲ အချိန်တစ်ခုစောင့်ပေးကြပါ”

“ဘာအချိန်လဲ ကျုပ်တို့ကိုဆွဲခေါ်ထုတ်ပြီး ကြိုးစင်ပေါ်တင်မယ့်အချိန်လား”

လက်အောက်ငယ်သားများမှာ ဆူပူကုန်ကြသည်။ ထိုအခါ အောင်ရွှေက တစ်ချက်မာန်မဲလိုက်ပြီး

“မင်းတို့ငါ့လက်အောက်ကလူတွေမဟုတ်ဘူးလား၊ မင်းတို့သစ္စာရေသောက်ခဲ့တုန်းက ငါပြောတာကိုနားထောင်ပါ့မယ်၊ ငါခိုင်းတာကိုလုပ်ပါ့မယ်လို့ သစ္စာခံခဲ့ကြတယ်မဟုတ်လား”

ထိုတော့မှ လက်အောက်ငယ်သားများမှာ အကုန်တိတ်ဆိတ်ကုန်ကြလေသည်။ ဘခက်လည်း စိတ်ပျက်ပျက်နှင့် အချုပ်ခန်းအတွင်း လှဲအိပ်ချလိုက်သည်။

“အင်းလေ၊ ဘာပဲပြောပြော ဒီနေရာမှာဆိုတော့ ဟိုသချိုင်းကုန်းမှာထက်စာရင် ကောင်းကောင်းအိပ်ရတာပေါ့ကွာ”

ညနေခင်းရောက်သည့်အခါ အမှောင်ထုက စိုးမိုးလာလေသည်။ အချုပ်ခန်းအတွင်း မီးလုံးကလေးတစ်လုံးက ခပ်မှိန်မှိန်လင်းလက်နေလေသည်။ ထိုအခိုက် အချုပ်ခန်းအတွင်းသို့ ဘသိန်းဝင်လာခဲ့သည်။ လက်ထဲတွင်လည်း သော့တွဲတစ်ခုကို ကိုင်ဆောင်ထားသည်။ ဘသိန်းက အချုပ်ခန်းဆီသို့အမြန်ပြေးဝင်လာကာ အချုပ်ခန်းတံခါးအား သော့တစ်ချောင်းဖြင့်ဖွင့်ပေးလိုက်တော့သည်။

“ခင်ဗျား ဘာလာလုပ်တာလဲ ဘသိန်း”

“ခင်ဗျားက အခုထိဘာမှမသိသေးဘူးကိုး ကိုဘခက်”

“ဘာကိုသိရမှာလဲ၊ ခင်ဗျားရာထူးတက်တဲ့အကြောင်းကိုသိရမှာလား၊ ဒါမှမဟုတ် ခင်ဗျားကျုပ်တို့ကိုသစ္စာဖောက်တဲ့အကြောင်းတွေ သိရမှာလား”

“ခင်ဗျားကတော့ လုပ်တော့မယ်ကိုဘခက်၊ မနှင်းဆီတို့ ကိုအောင်ရွှေတို့ ကိုဘခက်ကို ဘာမှရှင်းမပြကြဘူးလား”

“ကျုပ်တို့အလုပ်က အရေးကြီးတော့ မလိုအပ်တဲ့လူတွေပေါက်ကြားသွားမှာစိုးလို့ပါ”

ဘခက်မှာ အံ့သြစွာဖြင့်

“ခင်ဗျားတို့ ဘာတွေကြံစည်ခဲ့ကြတာလဲ”

“အကြံအစည်ကတော့ လက်နက်ရဖို့အရေးပေါ့ဗျာ၊ ကိုအောင်ရွှေတို့ တော်လှန်ရေးမှာ လက်နက်လိုအပ်တယ်မဟုတ်လား၊ ဒါကြောင့် ကျုပ်က အင်းစိန်ကပုလိပ်တွေနဲ့ပူးပေါင်းပြီးတော့ ကိုအောင်ရွှေတို့ကိုဖမ်းခိုင်းလိုက်တာပဲ၊ အခုကိုအောင်ရွှေတို့ ဂါတ်ထဲအရောက် ဟိုဘက်မှာလည်း အင်စပက်တော်မင်းကြီးက အားရကျေနပ်လွန်းလို့ သူ့အိမ်မှာ ပုလိပ်တွေကို ဧည့်ခံပွဲကျင်းပနေချိန်လေဗျာ၊ ကဲ အားလုံးမြန်မြန်ထွက်လာကြ၊ စခန်းမှာကျန်တဲ့ ပုလိပ်တွေကိုတော့ ကျုပ်ရှင်းတန်သလောက်ရှင်းပြီးပြီ”

ဘခက်တို့လူတစ်သိုက် အချုပ်ထဲမှထွက်လာကြသည်။ ပြီးနောက် ဘသိန်းကလက်နက်တိုက်ရှေ့သို့ရောက်လာခဲ့သည်။ လက်နက်တိုက်အားစောင့်ကြပ်နေသည့် ပုလိပ်တစ်ယောက်အား ဘသိန်းက လျှင်မြန်စွာတိုက်ခိုက်လိုက်လေရာ ထိုပုလိပ်မှာနေရာတွင်ပင် ခွေကျမေ့မြောသွားတော့သည်။ လက်နက်တိုက်အား သော့ဖြင့်ဖွင့်လိုက်သည့်အခါ အတွင်းတွင်လက်နက်အမျိုးအစားအစုံကိုတွေ့လိုက်ရသည်။ ရိုင်ဖယ်သေနတ်များ၊ ပြောင်းချောသေနတ်၊ ကာဘိုင်သေနတ်များ၊ ခြောက်လုံးပြူးသေနတ်များကို ယူဆောင်နိုင်သမျှ ယူဆောင်ကြကာ ယမ်းတောင့်များ၊ ကျည်ဖူး၊ ကျည်ကတ်များကိုလည်း တင်ဆောင်ကြလေသည်။

ပုလိပ်များမှာ စခန်းတွင်အင်အားနည်းနေသဖြင့် ဘခက်တို့က အလစ်အငိုက်တိုက်ခိုက်ကြပြီးနောက် လက်နက်များကိုယူဆောင်ကာ အမြန်ထွက်ပြေးလာခဲ့ကြတော့သည်။ ပုလိပ်ကားတစ်စီးပေါ်တွင် လက်နက်များကိုတင်ဆောင်ကာ မောင်းနှင်လာခဲ့ကြသည်။

“ဒီကိစ္စကို အင်္ဂလိပ်တွေသိရင် ဘယ်လိုများနေမလဲမသိဘူးနော်ဗျ”

ဘခက်က ရယ်ကျဲကျဲနှင့် ဘသိန်းကိုပြောလိုက်သည်။

“ဟုတ်တယ်ကိုဘသိန်း၊ ပြဿနာတွေက ပိုပြီးကြီးသွားမလားမသိဘူး”

ဘသိန်းက ခေါင်းခါလျှက်

“မကြီးပါဘူးဗျာ၊ ကျုပ်ပြောတာကို ယုံစမ်းပါ၊ ပုလိပ်တွေအကြောင်း ကျုပ်အကောင်းကောင်းသိတယ်၊ တကယ်လို့သာ ဂါတ်စခန်းအတိုက်ခိုက်ခံရပြီးတော့ သေနတ်တွေကိုလုယူသွားတဲ့အကြောင်း အထက်ကိုတင်ပြလိုက်ရင် ဂတ်ဗိုလ်မင်းကြီးရာထူးကျဖို့ အသေအချာပဲ၊ ဘာလို့လဲဆိုတော့ အင်္ဂလိပ်တွေအကြောက်ဆုံးက ဗမာတွေ သေနတ်ရသွားမှာကိုမဟုတ်လား၊ ဒီတော့ ဒီကိစ္စကိုလည်း သူတို့သေချာပေါက် လှို့ဝှက်ထားကြလိမ့်မယ်၊ ကျုပ်အထင်တော့လက်နက်ခဲယမ်းတွေကိုသူတို့ပိုက်ဆံနဲ့ အိပ်စိုက်ဝယ်ယူပြီးတော့ ပြန်ဖြည့်ထားလောက်မယ်ဗျ”

“ဟာ၊ ကိုဘသိန်းတို့ကတော့ အကြံပိုင်ချက်ဗျာ၊ ဒါနဲ့အခုဘာဆက်လုပ်ကြမလဲ”

ဘသိန်းက အင်္ကျီအိတ်ကပ်အတွင်းမှ ရထားလက်မှတ်နှစ်စောင်ကို ထုတ်ယူလိုက်လေသည်။

“ဟောဒါကတော့ ဒီညနေ ရန်ကုန်ကထွက်မယ့် ပြည်ရထားလက်မှတ်ပဲ၊ မကြာခင် ရထားကအင်းစိန်ဘူတာကိုဖြတ်လိမ့်မယ်၊ မင်းနဲ့မနှင်းဆီနဲ့ ပြည်ရထားစီးသွားပြီးတော့ သာယာဝတီမှာ ဆင်းရမယ်”

“ခင်ဗျားရော ကျုပ်တို့နဲ့မလိုက်တော့ဘူးလား”

ဘသိန်းက တစ်နေရာကိုငေးမောကြည့်နေလျှက် ခေါင်းခါပြလိုက်သည်။

“ကျုပ်က မလိုက်တော့ပါဘူးဗျာ၊ ကျုပ်ဒီမှာ လုပ်စရာလေးတွေရှိသေးတယ်”

“ဒါဖြင့် ကိုအောင်ရွှေတို့ညီအကိုကရော”

“ကျုပ်တို့က လက်နက်တွေရပြီဆိုတော့ တစ်နေရာရာသွားခိုအောင်းနေပြီး ဒီလက်နက်တွေကို စမ်းသပ်ရမယ်လေဗျာ”

မကြာခင် အင်းစိန်ဘူတာကလေးဆီသို့ရောက်ခဲ့သည်။ နေဝင်သွားပြီဖြစ်သော်လည်း လက်ကျန်အလင်းရောင်တစ်ချို့က တောက်ပနေဆဲရှိသည်။

“ကိုဘသိန်း ကျုပ်တို့ဒီလိုပုံစံနဲ့သွားလို့ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ဗျာ၊ ခင်ဗျားတို့ကို ပုလိပ်တွေက ဖမ်းမိသွားပြီလို့ သိထားကြတယ်မဟုတ်လား၊ သူတို့ဒီလောက်စစ်စစ်ပေါက်ပေါက်မရှာတော့ပါဘူး”

“ဒါနဲ့ ကျုပ်တို့နှစ်ယောက် ဘယ်လိုသွားရမှာလဲ”

ကိုအောင်ရွှေက အရှေ့သို့တိုးလာကာ

“သာယာဝတီရောက်ရင် မင်းတို့ကို ကြိုနေမယ့်လူရှိမှာပါ”

မကြာမီရထားက ဆိုက်ရောက်လာလေသည်။ ဘခက်က အောင်ရွှေပေးသည့် အဝတ်အစားတစ်ချို့ကို အပေါ်မှထပ်ဝတ်ဆင်လိုက်ကာ ဝါးဖက်ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းလိုက်လေသည်။ မနှင်းဆီကရထားပေါ်တက်သွားသည့်အခါ ဘသိန်း၏လက်မောင်းကို ဘခက်က တစ်ချက်ပုတ်ကာ နှုတ်ဆက်လိုက်သည်။

“ကိုဘသိန်း၊ ကိုဘသိန်းကို အထင်လွှဲခဲ့မိတာတွေကို ကျုပ်တောင်းပန်ပါတယ်ဗျာ”

“ရပါတယ် ကိုဘခက်၊ ခင်ဗျားဒီလိုကျုပ်ကိုပြောဆိုလို့သာ အင်္ဂလိပ်တွေက ပိုပြီးယုံသွားကြတာဗျ”

အောင်ရွှေနှင့်အောင်ဖေ ညီအကိုနှစ်ယောက်မှာလည်း ဘခက်အားလာရောက်နှုတ်ဆက်ကြသည်။ နောက်ဆုံးတော့ ကရင်ကြီး ဘိုထေက ဘခက်ပခုံးကို ဖြစ်ညှစ်လိုက်ကာ

“နောက်အချိန်ရရင် ငါတို့နှစ်ယောက်မှာ ဘယ်သူက ပိုသာလဲဆိုတာ တစ်ပွဲလောက်စမ်းကြည့်ချင်သေးတယ် ဘခက်ရာ”

ဘခက်က ပြုံးရင်းခေါင်းညိတ်လိုက်လေသည်။ ထိုအခါ ပြည်ရထားကြီးက ဆက်လက်ထွက်ခွာတော့မည်မို့ တဘော်ဘော်နှင့်ဥသြသံပေးနေပြီမို့ ဘခက်က ရထားတွဲပေါ်သို့ခုန်တက်လိုက်သည်။ ဘခက်တက်ပြီးသည်နှင့် ရထားကြီးမှာ တရွေ့ရွေ့ထွက်ခွာသွားလေသည်။ ဘခက်က ရထားပြတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်သည့်အခါ အောင်ရွှေ၊ အောင်ဖေနှင့် ဘသိန်းတို့လူတစ်စုမှာ တဖြည်းဖြည်းဝေးလျက် အမှောင်ထုအတွင်း ကျန်နေရစ်ခဲ့ကြတော့သည်။