ဘဝခန်းဆီးနောက်ကွယ်မှာ(စ/ဆုံး)

———————————–

ကျနော့်အစ်ကိုဝမ်းကွဲတစ်ယောက် ဖရဲတွေစိုက်တုန်းကပေါ့။
စိုက်ခင်းကထွက်တဲ့ ဖရဲသီးတွေကို ကားကြီးတွေနဲ့
တင်ပြီး တရုတ်မြန်မာနယ်စပ် မူဆယ်ကနေ တရုတ်နိူင်ငံ
ဝမ်တိန်မြို့ထဲကို သွားပြီးရောင်းရတုန်းက ကြုံခဲ့ရတဲ့
အဖြစ်ပျက်လေးတစ်ခုကို ပြောပြချင်တယ်။

အဲဒီတုန်းက ကျနော့်အစ်ကိုက တရုတ်နိူင်ငံထဲ
ရောက်ဖူးအောင် ငါ့ညီလိုက်သွားဆိုတာနဲ့..ဖရဲသီးတွေ
အပြည့်တင်ထားတဲ့ ကုန်ကားကြီးနဲ့ ကျနော်လိုက်သွား
ခဲ့တယ်။အဲဒီတုန်းက ကားမောင်းတဲ့ ဒရိုင်ဘာက
ကိုကျော်စွာတဲ့..မွန်မွန်ရည်ရည်နဲ့ သဘောကောင်းပါတယ်။
ယာဥ်နောက်လိုက်က ကိုအောင်ဝေး..တဲ့။
ဝဝဖိုင့်ဖိုင့်နဲ့ အသားမည်းတယ်။
ဒါပေမဲ့ ပျော်တတ်ပြီး ခင်ဖို့ကောင်းတယ်။

ဖရဲသီးတွေတင်လို့ပြီးတော့ ညနေ ခြောက်နာရီလောက်
ရှိနေပြီ။ခုနှစ်နာရီလောက်မှာ စိုက်ခင်းကနေ ကုန်ကားကြီး
စထွက်တယ်။

ညရှစ်နာရီလောက်ကျတော့ မီးတွေထိန်လင်းနေတဲ့
ကျောက်ဆည်ဆိုတဲ့ မြို့ကိုရောက်တယ်။
အဲဒီမှာ ကားကြီးကိုရပ်ပြီး..ကားမောင်းတဲ့ ကိုကျော်စွာက

”အောင်ဝေးရေ..ငါ့အိမ်ကို မင်းရော ဒီကညီလေးရော
လိုက်ခဲ့..ထမင်းဝင်စားရအောင်ကွာ..

ဒီလိုနဲ့ ငါးမိနစ်လောက် လမ်းလျှောက်ပြီး ကိုကျော်စွာ
အိမ်ကို ကျနော်တို့ လိုက်သွားကြတယ်။
ခြံဝင်းလေးနဲ့ တစ်ထပ်တိုက်အိမ်လေးက တကယ် နေချင့်
စဖွယ်လေးပါ။တိုက်ထဲကို ကျနော်တို့ဝင်လိုက်တာနဲ့
ငါးနှစ်ရွယ် ကလေးမလေးက ပြေးလာပြီး…

”ဖေဖေ..ဆိုပြီး ကိုကျော်စွာဆီလာတယ်။
ကိုကျော်စွာက ဆီးပွေ့ပြီး ကလေးကိုနမ်းလိုက်တယ်။

”ဖေဖေ အိမ်ပြန်မလာတာ ကြာလှပြီ သမီးက လွမ်းနေတာ..

”ဖေဖေက ကုန်တွေချလိုက် တင်လိုက်နဲ့မို့ အိမ်မရောက်တာ
သမီးရဲ့ ဖေဖေလည်း လွမ်းတာပေါ့ သမီးလေးကို..

‘ချစ်..ထမင်းပွဲပြင်လိုက်ပါကွာ..အောင်ဝေးနဲ့ဒီကညီလေး
အတွက်ပါ ပြင်လိုက်နော်…

”ဟုတ်ကဲ့ မောင်..

ကိုကျော်စွာ အမျိုးသမီးက တော်တော်လှတဲ့
မိန်းမထဲမှာ ပါပါတယ်။
ထမင်းစားလို့ ပြီးကြတော့ ကိုကျော်စွာက

”ချစ် မောင်အပြန်ကျရင် ချစ်အတွက် ဘာဝယ်ခဲ့ရမလဲ..

”ချစ်က မလိုပါဘူးမောင်ရယ် မောင့်သမီးအတွက်သာ
ဝယ်ခဲ့နော်..

ကိုကျော်စွာက သူ့အမျိုးသမီး နဖူးကို ခပ်ဖွဖွလေးနမ်းပြီး..

”ညဘက်တွေကျရင် ခြံတံခါးကို သော့ခတ်ဖို့ မမေ့နဲ့နော်..
အိမ်တံခါးတွေကိုလည်း..အတွင်းလော့ချပြီးအိပ်..

”စိတ်ချပါမောင်ရယ်..မောင်သာ ကားကို ဂရုစိုက်မောင်း..

သူတို့ မိသားစုလေးကို ကြည့်ပြီး ကျနော် တော်တော်အားကျသွားမိတယ်။
ချစ်စရာကောင်းတဲ့ သမီးလေးရယ်…အလိုက်သိတတ်တဲ့
ဇနီးရယ်..တကယ့်ကို ပျော်ရွှင်စရာ မိသားစုလေးလို့
မြင်မိလို့ပါ။

နောက်တော့ ကျနော်တို့သုံးယောက် ကားကြီးရပ်ထားတဲ့
နေရာပြန်လာပြီး ရှေ့ကို ခရီးဆက်ခဲ့ကြတယ်။
မောင်းလာရင်း ခပ်လှမ်းလှမ်းရောက်တော့.. ကားကြီးကို
တုန့်ကနဲ့ရပ်လိုက်ပြီး…

”အောင်ဝေးရေ..အိမ့်မှာ ငါ့လွယ်အိတ်ကျန်နေခဲ့ပြီ..
အထဲမှာ ပိုက်ဆံတွေရော..မှတ်ပုံတင်နဲ့ စာရွက်စာတမ်း
တွေပါ ပါတယ် ပြန်ယူမှရမယ်…

”ရတယ် အာစရိ ကျွန်တော်ပြန်ယူလိုက်မယ်…

ကိုအောင်ဝေးက ကားတံခါးကိုဖွှင့်ပြီး ပြန်ယူဖို့လုပ်တယ်။
ဒီတင် ကျနော်က…

”ကိုအောင်ဝေးပြန်ယူရင် ကြာလိမ့်မယ် ကျနော် သွားယူ
လိုက်မယ် အစ်ကို…

”ကျေးဇူးပဲ ညီရာ ထမင်းစား စားပွဲနားက နံရံမှာ
အစ်ကို ချိတ်ခဲ့တာ…မင်းအစ်မ ခြံတံခါးပိတ်ထားရင်
အပြင်ကနေ အသံလှမ်းပေးလိုက်…

ကျနော်လည်း အပြေးတပိုင်းဒုန်းတပိုင်းနဲ့ ကိုကျော်စွာ
အိမ်ကို သွားခဲ့တယ်။
အော်..ပြောစရာကျန်နေခဲ့တယ်.. အဲဒီအချိန်တုန်းက
ကျနော့်အသက်က ၁၇ နှစ်လောက်ပဲ ရှိအုံးမယ်။
ကိုကျော်စွာအိမ်ရှေ့ရောက်တော့ ခြံတံခါးက စေ့ရုံသာ
စေ့ထားတဲ့အတွက် ခြံထဲကို ကျနော်ဝင်လိုက်တယ်။
အိမ်မကြီးရဲ့ တံခါးအပေါက်ကလည်း တဖက်ပိတ်ပြီး
တဖက်ဖွှင့်ထားတာကြောင့် ဒီလိုပဲ ဝင်သွားလိုက်တယ်။
ဧည့်ခန်းထဲမှာ ကြည့်လိုက်တော့ ကလေးက ဆက်တီခုံလေး
ပေါ်မှာ အိပ်နေတယ်။
ကျနော်လည်း ကိုကျော်စွာ မိန်းမကို အသံပေးမလို့လုပ်တုန်း..
ဧည့်ခန်းရဲ့ တစ်ဖက်အိပ်ခန်းထဲက အသံသဲ့သဲ့ကြားလို့
ခပ်ဟဟဖြစ်နေတဲ့ တံခါးကြားထဲကနေ အတွင်းကို
လှမ်းကြည့်မိတယ်။
ဒိန်းကနဲ့ ရင်တွေကို ဆောင့်ခုန်သွားတယ်။
ဆယ်ကျော်သက် လူငယ်တစ်ယောက်က ယောကျ်ားနဲ့မိန်းမ
အချစ်ပလူးနေတာကို မျက်စိရှေ့မှာ မျက်ဝါးထင်ထင်
မြင်လိုက်ရလို့ပါ။
နောက်တော့ ခြေကိုအသာဖွပြီး ထမင်းစား စားပွဲနားက
နံရံက အိတ်ကို ဖြုတ်ပြီး ကျနော် ထွက်လာခဲ့
လိုက်တယ်။ဒီတင် ကျနော့်အတွေးထဲမှာ..
ဘာတွေးမိလည်းဆိုတော့…အပြင်မှာ ချစ်ဟန်ပြပြီး
နောက်ကွယ်မှာ..မိန်းမတွေဟာ ဖောက်ပြန်ကြတယ်။
ကြောက်စရာကောင်းလိုက်တာ။
မိသားစုအတွက် ရှေ့မှာ ယောကျ်ားက ကုန်းရုန်းပြီးရှာတယ်..သူတို့က နောက်ကွယ်မှာ..
မျောက်ပွဲကပြီး နောက်မီးလင်းတယ်။
ကိုကျော်စွာလို သနားစရာကောင်းတဲ့ ယောကျ်ားတွေ
လောကကြီးထဲ ဘယ်လောက်များ များမလဲဆိုတာတွေးရင်း..
စိတ်သဘောထားကောင်းတဲ့ ကိုကျော်စွာအတွက်
ကျနော်စိတ်မကောင်း ဖြစ်ခဲ့ရတယ်။
ကားကြီးဆီရောက်တော့…ကိုကျော်စွာက

”မင်း အစ်မ အိပ်ပြီလား ညီ….

‘အော်..မအိပ်သေးပါဘူးအစ်ကို သမီးလေးကတော့
အိပ်နေပြီ…

အိတ်ကို ကမ်းပေးရင်း ကျနော်က ဖြေလိုက်တယ်။

”ခေါင်းခန်းထဲမှာ ငြီးစီးစီးဖြစ်နေလို့ ကျနော်
ခေါင်းခန်းအထက် ဝက်ခြံထဲက လိုက်ခဲ့မယ်အစ်ကို…

”ဟိုဘက်ရောက်ရင် အေးတော့မှာနော်.. အဲကျရင်
အောက်ဆင်းပြီးစီးပေါ့…

ဒါနဲ့ပဲ ကျနော်က ခေါင်းခန်းအထက်ဝက်ခြံထဲကနေ
စီးပြီးလိုက်လာခဲ့တယ်။
​ေ​မှာင်မည်းနေတဲ့ညမှာ ကားရဲ့မီးရောင်ကြောင့်
ရှေ့တည့်တည့်က လွဲလို့ လမ်းဘေးဝဲယာကို ဘာမှ မမြင်
ရပါဘူး။ညမှောင်မှောင်မှာ စိတ်တွေ အမှောင်
ဖုံးပြီး ဖောက်ပြန်နေတဲ့ ကိုကျော်စွာမိန်းမရဲ့ အဖြစ်ကို
တွေးရင်း ကိုကျော်စွာအတွက် စိတ်မကောင်းဖြစ်နေမိတယ်။
လင်သားကတော့ မအိပ်မစက်ရပဲ ညခေါင်ခေါင်မှာ
ကားမောင်းနေရတယ်။
အတွေးနဲ့ လိုက်ပါလာရင်း တနေရာရောက်တော့…
(ဘယ်နေရာဆိုတာ ကျနော်မသိတဲ့အတွက်ပါ)
လမ်းဘေးကနေ ဓာတ်မီးရောင်ကို ဝင့်ကနဲ့ထိုးပြီး
ကားကို အချက်ပြနေသလိုမျိုး မြင်ရတယ်။
ကားကြီးကိုရပ်ပြီး ကိုကျော်စွာနဲ့ ကိုအောင်ဝေးက
ဆင်းသွားပြီး ဓာတ်မီးထိုးသူတွေနဲ့ စကားပြောနေကြတယ်။
ကားကြုံလိုက်ချင်လို့ မီးရောင်နဲ့ ကားတားတာထင်တယ်။
စကားပြောဖော် ရတာပေါ့လေ..ဆိုပြီး ကျနော်က
တွေးလိုက်သေးတာ ။

”ညီလေး..ဆင်းခဲ့ပါအုံးကွ..

ကိုအောင်ဝေးက ခေါ်လို့ ကားခေါင်ပေါ်ကနေ ကျနော်
ဆင်းလိုက်တော့…အပေါစား ရေမွှေးနံ့က ကျနော့်
နှာခေါင်းထဲ တိုးဝင်လာတယ်။
ကားတားတဲ့သူတွေက ကျနော်ထင်သလိုမဟုတ်ပဲ..
ကြော့နေအောင် ဖီးလိမ်းပြင်ဆင်ထားတဲ့..
ခပ်တောင့်တောင့် မိန်းမနှစ်ယောက် ဖြစ်နေလို့ပါ။

”ညီလေး ပွဲရှာအုံးမလား.

”ဗျာ…

ကိုကျော်စွာ မေးတာကို နားမလည်တော့ ကျနော်က
ကြောင်တောင်တောင် ဖြစ်သွားတာပေါ့။

‘ဟား..ဟား..

ကျနော့်ကိုကြည့်ပြီး ကိုကျော်စွာနဲ့ ကိုအောင်ဝေးက
ရယ်ကြတယ်။

”မင်းကို ဖာချမလားလို့မေးတာ….

”ဟာ..မလုပ်ချင်ပါဘူးဗျာ…

‘အေး..အဲဒါဆို ငါတို့ လျှော့လိုက်အုံးမယ်..ခဏစောင့်..
ဆိုပြီး..ကိုကျော်စွာက မိန်းမတစ်ယောက်ကို..ခေါ်ပြီး
ကားခေါင်းခန်းထဲ တက်သွားတယ်။
ကိုအောင်ဝေးကလည်း မိန်းမတစ်ယောက်နဲ့..
လမ်းဘေးကို ပိုက်ဖျာလေးဆွဲပြီး ဝင်ချသွားတယ်။

(သွယ်ဝိုက်ပြီး ကွန့်ညွှန့်ရေးရတာကို မကြိုက်တဲ့အတွက်
ဖာဆိုတဲ့ အသုံးနှုန်းကို ကျနော်ရေးမိလို့
စာဖတ်သူကို တောင်းပန်ပါတယ်)

ကျနော်ကတော့ ရှက်တာနဲ့ ကားနဲ့ခပ်လှမ်းလှမ်းကို
သွားပြီး..ငုတ်တုတ်ထိုင်နေလိုက်တယ်။
စောစောက ကွယ်ရာမှာ ဖောက်ပြန်တဲ့ မိန်းမကို
ရထားလို့ ကိုကျော်စွာကို ကျနော်သနားနေမိတယ်။
မိန်းမတွေဟာ ကွယ်ရာမှာ ဖောက်ပြန်ကြတယ်ဆိုပြီးလည်း
တွေးမိတယ်။ခုတော့…ကိုကျော်စွာကလည်း…
သူ့မိန်းမ မဟုတ်တဲ့ တခြားမိန်းမနဲ့ လိင်ဆက်ဆံနေတယ်။
ဒါဆိုရင် ကိုကျော်စွာနဲ့သူ့မိန်းမဟာ..
”ပုလင်းတူ ဘူးဆို့”
”ချို(ဂျို)ကုတ်ရှိရာ ချိုကွေးလာ”
ဆိုတဲ့ စကားလို အတူတူနဲ့ အနူနူတွေပါလား။

အတော်လေးကြာတော့ ချွေးတလုံးလုံးနဲ့ ကိုအောင်ဝေးက
မိန်းမတစ်ယောက်နဲ့ တော့စပ်ကနေထွက်လာတယ်။
ကိုကျော်စွာကလည်း ကားတံခါးဖွင့်ပြီး အပျော်မယားနဲ့
အောက်ကိုဆင်းလာတယ်။
နောက်..သူ့အိတ်ထဲကနေ ပိုက်ဆံတချို့ကိုထုတ်ပြီး
မိန်းမနှစ်ယောက်ကိုပေးလိုက်တယ်…

”နောက်တခါကျမှ ညီမလေးနဲ့ပျော်မယ်နော်..

ကိုကျော်စွာက ကိုအောင်ဝေးပျော်ပါးခဲ့တဲ့ မိန်းမကို
ရွှတ်ကနဲ့ပါးကိုတစ်ချက်နမ်းရင်းပြောလိုက်တယ်။

”ညီလေးရေ မင်း ခေါင်းခန်းက လိုက်ခဲ့ကွာ..ငါပူစပ်စပ်ကြီး
ဖြစ်နေလို့ အပေါ်ကလိုက်ခဲ့တော့မယ်…

ကိုအောင်ဝေးက ပြောပြီး ကားခေါင်ပေါ်တတ်သွားတယ်။
ဒီလိုနဲ့ မိန်းမနှစ်ယောက်ကိုထားပြီး ကားခေါင်းခန်းထဲ
ကိုကျော်စွာနဲ့အတူလိုက်ပါရင်း ခရီးဆက်ခဲ့တယ်။
ကျနော့်အတွေးထဲမှာလည်း ကိုကျော်စွာနဲ့သူ့မိန်းမကြောင့်
စိတ်တွေ ရှူပ်ထွေး နောက်ကျိနေတယ်။
ငယ်ရွယ်တဲ့အချိန်ဆိုတော့ သိပ်ပြီး များများစားစားလည်း
မတွေးတတ်သေးဘူး။
ကိုကျော်စွာဟာ ယောကျ်ားပီသပြီး ခန့်ချောတဲ့လူပါ။
ကိုကျော်စွာမိန်းမဆိုရင်လည်း…မိန်းမလှတစ်ယောက်။
ဒါနဲ့များ ကိုကျော်စွာဟာ ကိုယ့်မိန်းမလောက်တောင်..
သားသားနားနားမရှိ ဘယ်နေရာမှယှဥ်လို့ မရတဲ့…
မိန်းမတွေနဲ့ ဖောက်ပြန်တာလဲ….
ကိုကျော်စွာ မိန်းမကရော ကိုကျော်စွာလို ယောကျ်ား
ရှိပါလျက်နဲ့ ဘာလို့များ တခြားတစ်ယောက်နဲ့ ဖောက်ပြန်
ရတာလဲ။ကျနော့်အမြင် သူတို့မိသားစုက ဘာမှ
လိုလိုသေးမရှိဘူး ထင်ခဲ့တာပါ။

”စောစောက အစ်ကို ဟိုမိန်းမနဲ့ အတူနေတာကို ငါ့ညီ
တွေးနေတာလား…

ငြိမ်ချက်သားကောင်းနေတဲ့ ကျနော့်ကို ကိုကျော်စွာက
စကားစလိုက်တယ်။

”ဟုတ်တယ် အစ်ကို.. တကယ်ဆို အစ်ကို့မိန်းက မိန်းမလှ
တစ်ယောက်ပါ ဒါနဲ့များတောင် ကိုယ့်မိန်းမ အဆင့်တောင်မရှိတဲ့ မိန်းမနဲ့ နေတာကို ကျနော်စဥ်းစား
နေတာဗျ..

ကျနော့်စကားကြားတော့…ကိုကျော်စွာက ရယ်တယ်။

”အေးပေါ့ကွာ…မင်းပြောတာလဲ ဟုတ်ပါတယ်..
မင်းနားလည်အောင် အစ်ကိုပြောပြမယ်။
ဝက်သားဟင်းက ကောင်းတယ်ကွ..
ဒါပေမဲ့ နေ့တိုင်းသာ စားနေရမယ်ဆိုရင် ရိုးအီလာမှာပဲ။
အဲဒီတော့..ဝက်သားဟင်းတွေချည်းစားရလို့ အီလာတဲ့အခါ
ချဥ်ပေါင်ကြော်လေးကို ပြောင်းစားလိုက်တာမျိုးပေါ့။
ချဥ်ပေါင်က ဝက်သားလောက်တော့ တန်းမရှိဘူး။
ဒါပေမဲ့ ဝက်သားစားနေရတာများတဲ့ လူအတွက်
အအီပြေတယ်။ခံတွင်းမြိန်တယ်ပေါ့ကွာ..
ဒီလိုပဲကွ..နှစ်အတော်ကြာနေခဲ့တဲ့ မိန်းမဆိုတော့
ရိုးအီလာပြီကွာ..အဲဒါကြောင့် တခါတလေ အစ်ကို
ပြောင်းနေလိုက်တာ….
မိသားစုကိုတော့ အစ်ကိုက သံယောဇဥ်ရှိပါတယ်။

ကိုကျော်စွာက ကျနော့်ကို ပြုံးပြုံးကြီးနဲ့ ရှင်းပြတယ်။
ဒါဆိုရင် ကိုကျော်စွာ မိန်းမကရော ဘာလို့ ဖောက်ပြန်တာလဲ။
သူလည်း အီလို့ ချဥ်ပေါင်ကြော်စားတာလား။
……………………………….

ဟိုတလောက ကိုအောင်ဝေးနဲ့ မမျှော်လင့်ပဲ တွေ့တယ်။
ဒီတင်ကျနော်က သူ့အာစရိ ကိုကျော်စွာ အကြောင်း
မေးတော့…
ကိုကျော်စွာ မိန်းမက နောက်လင်နဲ့ ထွက်ပြေးတယ်။
ဒီတင် ကိုကျော်စွာက စိတ်ထိခိုက်ပြီး အရက်သမားဘဝ
လုံးလုံးရောက်သွားပြီး နေ့ညမနားသောက်ရာကနေ..
တစ်ည မိုးရွာထဲမှာ မူးပြီးအိပ်ပျော်နေရာက အအေးမိပြီး
နေရာမှာ ဆုံးသွာတာ..ဆိုပြီး ကိုအောင်ဝေးကပြောတော့
ကျနော်လေ…ကိုကျော်စွာ သမီးလေးကို မြင်ယာင်ပြီး
သနားနေမိတယ်။မိဘနှစ်ပါး အနားမှာ မရှိတော့
ဘယ်လောက်များ အားငယ်ရှာလိမ့်မလဲ ဆိုပြီးတွေးမိတယ်။
နောက်ဆုံးတော့ စဥ်းစားဥာဏ်မဲ့တဲ့ မိဘတွေကြောင့်
သားသမီးလေးတွေက စိတ်ဒဏ်ရာဖြစ်ပြီး ကျန်နေခဲ့
ရတယ်။

ကျနော်တို့ လူ့ဘောင်အသိုင်းဝိုင်းမှာ အလွှာပေါင်းစုံက
အိမ်ထောင်အမျိုးမျိုးရှိကြတယ်။
သူတို့ရဲ့ ဘဝခန်းဆီးနောက်ကွယ်မှာ..
တချို့ အိမ်ထောင်တွေက သာယာကြတယ်။
တချို့ အိမ်ထောင်တွေက နာကျင် ပူလောင်နေကြရတယ်။
တချို့ အိမ်ထောင်တွေကျပြန်တော့ ဖောက်ပြန်ခံကြရတယ်။
ဒါပါပဲ…တစ်ခုခု မှားတော့မယ်ဆိုရင်..
မျက်နှာငယ်နေရှာမဲ့ အိမ်က သားနဲ့သမီးကို အရင်ဆုံး
သတိရစေချင်ပါတယ်။
ပျော်ရွှင်စရာ ကောင်းပြီး သစ္စာနဲ့ မေတ္တာတွေ
ထုံမွှမ်းထားတဲ့ မိသားစုဘဝလေးတွေ..
ပိုင်ဆိုင်နိူင်ကြပါစေ…🙏🙏🙏

#ပီယ_ရွှေညာမြေ