• June 26, 2025
  • admin
  • 0

ခင်မောင်အေး(မန္တလေး)
ဘဝတိုက်ပွဲ

(တစ်)

တောကိုတိုး၍ ဝံသားအမိ သွားနေကြသည်။

မိခင်ဝက်ဝံမသည် သားငယ် နောက်က ပါလာသည်လား၊ မပါဘူးလား ဂရုမထားချေ။ ချုံနွယ် ပိတ်ပေါင်းများကို တရကြမ်း တိုးဝှေ့၍သာ သွားနေသည်။

သည်တောအုပ်ကိုလွန်လျှင် လူသူနေထိုင်ရာ ရွာကြီးတစ်ရွာ ရှိသည်။

ရွာနှင့် တောအုပ်အကြားမှာ မှောင်နေသော လွင်ပြင်ပြန့် ရှိသည်။ သီးနှံခင်းများ ရှိသည်။ အသီးအပွင့်များက ပြွတ်သိပ်စွာ သီးပွင့်လျက် ရှိသည်။ သင်းပျံ့သောရနံ့ကို ဝံငယ်လေးက ရှူရှိုက်မိသည်။ အန္တရာယ်၏ အရိပ်အငွေ့ကို သူ သတိထားမိသည်။

အစာရှိလျှင် အန္တရာယ် ရှိနေမည် မုချ။ ဒါက နိယာမပေပဲ။

မိခင် ဝက်ဝံမသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ နှုတ်သီးကို ရှုံ့ပွရှုံ့ပွလုပ်ရင်း အနံ့ခံကြည့်သည်။ ရုတ်တရက် ရပ်တန့်လိုက်သည်။ ဦးခေါင်းကို ဘယ်ညာယမ်းခါ၍ အနံ့ခံသည်။

ဝံမ၏ ရင်ဘတ်ပေါ်ရှိ လခြမ်းသဏ္ဌာန် အဖြူကွက်ကြီးက အမှောင်ထဲမှာ ထင်းထင်းကြီး ပေါ်နေသည်။ သင်း၏ လက်သည်းဖြူဖြူကြီးများကလည်း ညစ်ပတ်ပေကျံနေသည့်တိုင် လင်းလက်နေသည်။

သည့်နောက် ဝံမသည် စိတ်ချလက်ချ ရှိသွားသည့်နှယ် အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်။ ကိုယ်ပေါ်မှာ ထူထပ်သော အမွေးများရှိနေသည်။ အမွေးများက ကြမ်းတမ်းထူထဲလွန်း၍ ပျားကောင်တွေပင် တိုးဝင်တုပ်နိုင်ခြင်းမရှိ။

သင်းတို့လို ဝက်ဝံမျိုးက လွင်ပြန့်မှာ ဖြစ်စေ တောတောင်လျှိုမြောင်များအတွင်းမှာ ဖြစ်စေ ကျင်လည်ကျက်စားကြသည်။ သားကောင်ကြီးများထဲမှာ ကျားကလွဲလျှင် အန္တရာယ်အပေးနိုင်ဆုံး သတ္တဝါ ဖြစ်သည်။

ဝက်ဝံတို့၏ သဘာဝက အမြင်အာရုံ သိပ်မကောင်း လှချေ။ မျက်စိ မလျင်, နားက မပါး။ အနံ့ခံတော့ ကောင်းသည်။ တစ်တော တစ်တောင်ကျော်က ပျားရည်နံ့ကို ကောင်းစွာ ခံနိုင်စွမ်းရှိသည်။ ဝံသတ္တဝါတို့ အနှစ်သက်လုံး အာဟာရသည် ပျားရည်ပင်။

တောထဲ တောင်ထဲမှာ ဖက်ခူး၊ မှိုရှာ၊ ထင်းခွေသမား တစ်ဦးတည်း ဝက်ဝံနှင့်တွေ့လျှင် အလွန် အန္တရာယ် ကြီးမားသည်။

တောဘုရင်မုဆိုး ဟင်းမျိုး ကျားလိုသတ္တဝါမျိုးပင် လူနှင့်တွေ့လျှင် ရှောင်တတ်သည်။ မလွှဲမရှောင်သာမှ ရင်ဆိုင်တတ်သည်။ လူမုဆိုးနှင့် ကျားမုဆိုး ထိပ်တိုက်တိုးခြင်း မပြုတတ်ချေ။

ဝက်ဝံကမူ သစ်ခုတ်တဲများ၊ ဝါးခုတ်စခန်းများအတွင်းသို့ပင် တရကြမ်း ဝင်ရောက် တိုက်ခိုက်တတ်သည်။

ယခုလည်း သည်ဒေသတွင် စိုက်ခင်းပျိုးခင်းများ ရှိသဖြင့် ညစဉ်လိုလိုပင် တောင်ပေါ်မှ ဆင်းလာပြီး အစာရှာဖွေတတ်ကြသည်။

ဝံသားအမိ ယခုညတွင်လည်း အစာရှာ ဆင်းလာကြခြင်း ဖြစ်သည်။ နေ့ခင်းနေ့လယ်ဆိုလျှင် သင်းတို့ တောင်တောင် လျှိုမြောင် ချပ်ကြား အကြားမှာ ခိုအောင်းနေလေ့ ရှိသည်။ ဝံမသည် အမှောင်တွင်းသို့ စူးစမ်းကြည့်ရှုလိုက်သည်။ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။

ဝံငယ်ကလေးတို့ မိခင်ဝံမနှင့်အတူ ရွာအနီး စိုက်ခင်းသို့ ဆင်းလာဖူးသည်မှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။ ကြည့်မြင်ရသမျှ သူ့အတွက် ထူးဆန်းနေသည်။ ပျော်ရွှင်မြူးထူးနေသည်။ မိခင်အပါးမှ ကပ်၍ လိုက်လာရခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ရှိနေပုံရသည်။

လွင်ကို ဖြတ်သန်းတိုက်ခတ်လျက်ရှိသည့် ညင်းလေပြည်ကို ရှူရှိုက်ရင်းက အရာရာသည် သူ့အတွက် ဆန်းသစ်နေသည်။

သို့စေကာမူ ဝံငယ်ကလေးက မိခင်ဝံမကြီးအပါးက ဖဝါးမကွာ ကပ်၍ လိုက်ပါသည်။ အန္တရာယ်ကို ကာကွယ်ပေးမည့် မိခင် မဟုတ်လား။ တစ်ခုတည်းသော အားထားဖွယ်ရာ လုံခြုံရာနေရာသည် မိခင်၏
ရင်ငွေ့ သာ ဖြစ်သည်လေ။

သည်အရိုင်းကမ္ဘာထဲမှာ သူ ကိုးစားအားထားနေသည့် သူ့အပါးမှ မိခင်ဝံမကြီးသာ ဖြစ်ကြောင်း သူ နားလည်သိရှိနေသည်။

ညသည် ခပ်မှိန်မှိန် လင်းနေသည်။ ကြယ်ကမစုံ၊ လကမသာသဖြင့် အမှောင်သည်သာ ကြီးစိုးလျက် ရှိသည်။

သန်းခေါင်ယံ အချိန်သို့ နီးလာပြီဖြစ်သဖြင့် နေ့လယ်က အပူရှိန်များ တစ်စထက်တစ်စ ဝေနေ သည်။ မည်းမှောင်သော မဟူရာကောင်းကင်တွင် တစ်ပွင့်တလေမျှ လင်းလက်နေသော ကြယ်ကလေးအချို့ ပြိုးပြက်နေသည်။ တိမ်တိုက်မည်းကြီးများက လှိုင်းအိကြီးလို တအိအိ တလိမ့်လိမ့် ရွေ့လျားလျက် ရှိသည်။

လွင်ပြန့်တစ်ခွင်မှာ လေနုအေးသွေး၍ အေးစိမ့်စိမ့် ရှိလာသည်။ ခွေးအတို့၏ အမင်္ဂလာ အူသံများကို ခပ်လှမ်းလှမ်းဆီမှ ကြားနေရသည်။

ရွာနှင့် မနီးမဝေးမှာ စိုက်ပျိုးခင်း ရှိသည်။ စိုက်ခင်းများအနီးသို့ ရောက်လာသည့်အခါ လတ်ဆတ်စိမ်းစိုသော သီးနှံများ၏ရနံ့ကို ဝံငယ်ကလေးက ရှူရှိုက်မိသည်။ ရှောက်သီးနံ့၊ ကျွဲကောသီးရနံ့များကိုလည်း ရသည်။

ပြီးတော့ လူသားတို့၏ အနံ့၊ ညှီစို့စို့ ချွေးနံ့။

သူတို့ ပတ်ချာလည်မှ ရှေ့တူရူမှ လွဲ၍ အမှောင်ထုအတွင်းမှာ ဘယ်ညာ ယိမ်းနွဲ့လျက်ရှိသော မြက်ပင်ရှည်ကြီးများ၊ မြက်သီးဖြူဖြူများက မှေးမှိန်မှိန် ကြယ်ရောင်ဖြင့် တောက်ပနေသည်။

မလှမ်းမကမ်း ဝါးရုံတောတစ်ခုဆီသို့ ဝံငယ်ကလေး က လှမ်းကြည့်လိုက်သည်။ ဝါးပင်များ ကြားမှာ လူတစ်ဦးကို မြင်ရသည်။ သူတို့၏ ရှေ့တူရူမှာ ဖြစ်သည်။

သူတို့ လာခဲ့သည့် လမ်းတစ်လျှောက် သူတို့ ဘာကိုမှ ဂရုထားခဲ့ခြင်း မရှိ။ အင်္ကျီဗလာ၊ ဖိနပ်မပါ၊ လက်ထဲမှာ တုတ်မီးတစ်လက်က လွဲ၍ ဘာမှ မရှိ။

ဝံသားအမိနှင့် ဖြုန်းခနဲ မထင်မှတ်ဘဲ တွေ့လိုက်ရသဖြင့် ချောက်ချားတုန်လှုပ်စွာ ကြောက်လန့်တကြား ရပ်တန့်ကြည့်ရှုနေသည်။

ဝံငယ်ကလေးအဖို့ သည်လိုဖြစ်ရပ်မျိုး မကြုံစဖူး၍ အပြင်းအထန် ကြောက်လန့်သွားသည်။ ကတုန်ကယင်နှင့် ရင်တဒိုင်းဒိုင်း ခုန်လျက် မိခင်ဝံမ၏ နောက်ပါးသို့ ပြေးဝင်တိုးကပ်သည်။ ဝံမသည် သားဇောကြောင့် ဝါးရုံကြားက မနုဿ လူသတ္တဝါ ရှိရာသို့ အတင်းတိုးဝင်၍ ကုတ်ဖဲ့တိုက်ခိုက်လိုက်သည်။

လူသား၏ မျက်နှာကို ဝံမက သူ့လက်သည်းချွန်ချွန်များဖြင့် ကုတ်ဖဲ့သည်။ ဝါးရုံကြားမှ လူသား၏ လက်မှ တုတ်မီးက ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွား သည်။

သို့ရာတွင် မီးရောင်က လင်းနေသည်။ လူသားနှင့် ဝက်ဝံ တိုက်ပွဲကို မီးမောင်းထိုးပြထားသလို ဖြစ်သည်။

လူသားက သူ့လက်အစုံဖြင့် မျက်နှာကိုအုပ်၍ ကာကွယ်သည်။ လက်ချည်းဗလာမို့ ရန်သူ ဝက်ဝံကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ခြင်း မရှိစေကာမူ သူ့မျက်လုံးများကား ဝံမ ကုတ်ဖဲ့ခြင်း မခံရအောင် အပြင်းအထန် ကာကွယ်ထားသည်။

ဦးခေါင်းနှင့် မျက်နှာတစ်ခုလုံး ဝံမ၏ လက်သည်းဒဏ်ချက်ကြောင့် သွေးချင်းချင်း နီလျက် ရှိသည်။ ဒဏ်ရာ ပြင်းထန်လွန်း၍ လူသားခမျာ သံကုန်ဟစ်၍ ငယ်သံပါအောင် စူးစူးဝါးဝါး အော်သည်။

“ကူကြပါ … ကယ်ကြပါ”

ဟူသော အကူအညီတောင်းသံက လွင်တစ်လျှောက် ပြန့်ထွက်သွားသည်။

လူသားက ဝက်ဝံ၏လက်က လွတ်အောင် ကြိုးစားသည်။ ခြေအစုံထက်မှာ ရပ်တည်ခြင်း မပြုနိုင်တော့သဖြင့် မြေကြီးပေါ်မှာ လေးဖက်တွား၍ လွတ်ရာသို့ ပြေးရန် အားထုတ်သည်။

သို့ရာတွင် ဝံမသည် သူ့အပေါ်သို့ ပြေးလွှားစီးပိုးလျက် ဇွတ်အတင်း ကုတ်ဖဲ့၍ လူသား၏ ကျောကုန်းအရေပြားကို အသားစများ လန်အောင် ဆုတ်ပစ်သည်။

ထိုစဉ်အခိုက်မှာ ရွာကြီးအတွင်းမှ ဆူဆူညံညံ အသံများ ပေါ်ထွက်လာသည်။

သံပုံးတီးသံ၊ တုံးခေါက်သံ၊ သံချောင်းမွှေသံ၊ အော်သံ ခေါ်သံများ ပွက်ပွက်ညံသွားသည်။

မီးအရောင်များ ဟိုသည်မှ လင်းလက်လာသည်။ ရွာသားများသည် တုတ်များ၊ ဓားများ၊ မီးတုတ်မီးအိမ်များ၊ ရရာလက်နက်များ ကိုင်စွဲလျက် လူနှင့် ဝက်ဝံတို့ တိုက်ခိုက်သတ်ပုတ်လျက်ရှိသော နေရာသို့ ရောက်ရှိလာကြသည်။

“ခုတ်ဟ … ထစ်ဟ … လိုက်ဟ … သတ်ဟ … မလွတ်စေနဲ့ဟေ့”

“တို့သီးနှံတွေ ဖျက်ဆီးတဲ့ ဝက်ဝံတွေ အသေသတ်ကြ။ ဆီးထား … ပိတ်ထား … ဟေး … ဟေး”

ရွာသားတို့၏ ဒေါသတကြီး ကြုံးဝါးသံ အော်ဟစ်သံများ ဆူညံပွက်ရိုက်နေသည်။ ကြောက်ခမန်း လန့်ခမန်း စီစီညံညံ အသံများကြောင့် ဝက်ဝံသားအမိ နှစ်ကောင်က နောက်ကြောင်း ပြန်လှည့်ပြေးကြရသည်။

အသက်ဘေးမို့ ပြေးနိုင်မှ လွတ်တော့မည်လေ။

(နှစ်)

သည်အခိုက်မှာ ပြင်းထန်ကျယ်လောင်သော အသံတစ်ချက် ရုတ်တရက် ကြားလိုက်ရသည်။

“ဒိန်း”

လျှပ်လက်လိုက်သည့် အလား။

မီးပွင့်တစ်ပွင့် ပြိုးပြက်ဝင်းလက်သွားသည်။ နောက်သို့ လှည့်၍ ပြေးလျက်ရှိသည့် ဝက်ဝံမကြီးသည် တုံ့ခနဲတစ်ချက် ရပ်သွားသည်။ ရွာသားမုဆိုးတစ်ဦး ပစ်လိုက်သော တူမီးသေနတ်မှ ကျည်ဆန်များ ဝံမကြီးကို ထိမှန်သွားပြီ။

ဝံမကြီးက နာနာကြည်းကြည်း အော်ဟစ်ညည်းညူလိုက်သည်။ ပြီးတော့ ဒယိမ်းဒယိုင်ဖြင့် ဆက်ပြေးသည်။ အသက်ကို ခက်ခဲလှစွာ ရှူရှိုက်နေသည်။

ချုံနွယ်ပိတ်ပေါင်းများကို တိုးဝှေ့လျက် ဒယိမ်းဒယိုင်နှင့် အမြန်ပြေးရသည်။ ဝံငယ်ကလေးသည်လည်း မိခင်ဝံမကြီး၏ နောက်ပါးမှ ကပ် ထက်ကြပ်မကွာ ပြေးလွှားလိုက်ပါသွားသည်။

အော်သံ၊ ဟစ်သံ၊ သံပုံးတီးသံ၊ တုံးခေါက်သံ၊ ဝိုးဝိုးဝင်းဝင်း မီးရောင်များ သူတို့နောက် ဟိုးအဝေးမှာ ကျန်ရစ်ခဲ့ပြီ။

သူတို့ သားအမိသည် ကိုင်းမြက်များ ထူထပ်စွာ ပေါက် ရောက်နေသော စေးပျစ်ချုံတစ်ခုရှိရာသို့ ရောက်လာကြသည်။

သူတို့ အမှတ်မထင် ဖြုန်းခနဲ ဝင်ရောက်လာကြသဖြင့် ချုံတောအနီးမှာ ခိုနားလျက်ရှိသည့် ရွှေသမင်အုပ် အလန့်တကြား ဖြစ်သွားသည်။ သမင်များ၏ ရွှေဝါ ရောင်ပိုးသားနှယ် နူးညံ့သော အမွေးအရောင်သည် လည်းကောင်း၊ ချိုသစ်လဲပြီးစ စွင့်ကားသော ဦးချိုများသည် လည်းကောင်း ကြယ်များ၏ အလင်းရောင်အောက်မှာ တောက်ပဝင်းလက်နေသည်။

ဝက်ဝံနှစ်ကောင် ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသော သမင်တစ်အုပ်လုံး ခွာသံ တဖြောင်းဖြောင်းဖြင့် ဝါးရုံတောအတွင်းသို့ ပြေးဝင်တိမ်းရှောင်သွားကြသည်။

ဝံမကြီးက တစ်စထက်တစ်စ ခြေလှမ်းများ နှေးကွေးလေးလံလာသည်။ ဝံငယ်ကလေးက သူ့အမေ ဝံမကြီး၏ အဖြစ်ကို ဘာမှ မသိ နားမလည်စွာ လှမ်းလှမ်းကြည့်သည်။

ခြေလက်ကို ခက်ခဲပင်ပန်းစွာ သယ်ဆောင်လာရသော ဝံမကြီးက ဦးခေါင်းပင် ငိုက်စိုက် ဖြစ်လာသည်။ သွေးများကလည်း ဝံမ၏ နောက်ကျောမှာ မြင်မကောင်းအောင် ရွှဲစိုနေပြီ။ ဒဏ်ရာများမှ သွေးတွေ ဒလဟော ထွက်လျက်ရှိသည်။

ဝံငယ်ကလေးက သူ့အမေအပါးမှ သုတ်သုတ်လိုက်သည်။ ပတ်ဝန်းကျင်ကိုလည်း မကြာခဏ တထိတ်ထိတ်တလန့်လန့်ဖြင့် စူးစမ်းအကဲခတ်သည်။ တစ်စုံတစ်ရာ မသင်္ကာဖွယ်ရာ အနံ့အသက်များ ရလိုရငြား နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လျက် ရှူရှိုက်ကြည့်သည်။

သူတို့၏ လှုပ်ရှားမှုက တဖြည်းဖြည်း နှေးကွေး လာသည်။

ရှေ့မလှမ်းမကမ်းမှာ တောင်ထိပ် ကျောက်ကြိုချပ်ကြားများမှ စီးဆင်းလာသော စမ်းရေစီးသံကို ကြားရသည်။ ဝံမကြီးသည် ရေသံကြားရာဆီသို့ ဒရောသောပါး အလျင်အမြန် တိုးဝင်သွားသည်။ အသက်ရှူသံလည်း မမှန်တော့။

သမင်ဖိုကြီးတစ်ကောင်က ရေစမ်းအနီးမှာ လဲလျောင်းဝပ်စင်းနေရာက ရုတ်တရက် ခုန်ထလိုက်သည်။ ဦးချိုမှာ နွယ်ပင်တချို့ လုံးထွေးငြိတွယ်နေလျက်မှ တောတွင်းသို့ ကဆုန်ပေါက်၍ ကြောက်လန့်တကြား ထွက်ပြေးသွားသည်။

ဝံသားအမိက ရေစမ်းအနီးသို့ ရောက်ရှိလာသည်။ ရေစမ်းအထက်ဆီမှ လေပြည်လေညင်းကလေး အေးအေးစိမ့်စိမ့် တိုက်ခတ်နေသည်။ ရေစမ်းအတွင်းမှာ ကျောက်စရစ်ခဲများ မြင်ရသည်။ ရေညှိများ ကပ်ငြိလျက်ရှိသော ကျောက်တုံး တစ်တုံး၊ နှစ်တုံး ရှိသည်။

ဝိုးတဝါး ကြယ်အလင်းရောင်အောက်မှာ ကျောက်တုံးမည်းမည်းများ၏ အရိပ်များ ရေအိုင်အတွင်းမှာ ရောင်ပြန်ဟပ်နေသည်။

ဝက်ဝံမကြီးသည် ရေစမ်းနားသို့ ဒယိမ်းဒယိုင်ဖြင့် ထိုးဆင်းသွားသည်။ အသက်ရှူသံက မှန်ကန်ခြင်း မရှိတော့ဘဲ ဟောဟဲလိုက်ကာ ပြင်းထန်နေသည်။ ဟပ်ခနဲ လည်ချောင်းအတွင်းမှ သွေးများကို အန်ထုတ်လိုက်သည်။ ပြီးနောက် ရေစမ်းတွင်းရှိ ကျောက်တုံး တစ်တုံးပေါ်သို့ ထိုးလဲကျသွားသည်။

ဝံမကြီး၏ ခန္ဓာကိုယ်မှ ထွက်လာသော သွေးများက ရေအိုင်ထဲမှာ ဝေ့ဝဲရစ်ခွေစွာ တျာတျာရဲရဲ စွေးစွေးနီနီ စီးဆင်းမျောပါသွားသည်။ မျက်လုံးအစုံသည်လည်း မှေးမှိတ်သွားပြီ။ ဘယ်သောအခါမှ ပြန်လည် နိုးထလာခြင်း မရှိတော့။ မလှုပ်မယှက် ထာဝရ လဲလျောင်းအိပ်စက်သွားလေပြီ။

ဝံငယ်ကလေးခမျာ ဘာဖြစ်လို့ ဘာဖြစ်မှန်း သိပုံပင်မရ။ အသက်ဝိညာဉ် ကင်းမဲ့နေပြီဖြစ်သည့် မိခင်ဝံမကြီးအပါး စမ်းချောင်းအတွင်းရှိ ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်ရင်း တွေတွေငေးငိုင်နေသည်။

တောတွင်း သားကောင်များအတွက် ညဆိုသည်က အိပ်စက်နားနေရမည့် အချိန်မှ မဟုတ်ဘဲကလား။ ယခု သူ့မိခင် ဝက်ဝံမကြီးက ဘာဖြစ်လို့များ အိပ်စက် လဲလျောင်းနေသည်လည်း မသိတတ်နိုင်။ သူ့အတွက် ပဟေဠိတစ်ပုဒ်လို ဖြစ်နေသည်။

လေက ပို၍ အေးစိမ့်လာသည်။ ဝံငယ်ကလေးက ဝံမကြီးအပါးသို့ တိုး၍တိုး၍ ကပ်သည်။ နွေးထွေးသည့် မိခင်၏ ရင်ခွင်သို့ တိုးဝင်ခြင်း ဖြစ်စေကာမူ မိခင်၏ နွေးထွေးသည့် ရင်ငွေ့ကို သူ မရရှိခဲ့နိုင်တော့ပါ။

တယုတယနှင့် ကြင်နာသော ထွေးပွေ့မှု၊ သူ့အမွေးပွပွများကို မိခင်ထံမကြီး၏ လက်ကြမ်းကြီးများနှင့်သော် လည်းကောင်း၊ လျှာနှင့်သော် လည်းကောင်း ပွတ်သပ်ပေးမှုများ ပြုလုပ်ပေးခြင်း မရှိတော့သည်ကိုလည်း ဝံငယ်ကလေးခမျာ နားမလည်နိုင်တော့ပါ။

(သုံး)

မလှုပ်မယှက် ငြိမ်သက်နေသော ဝံမကြီးအပါးမှ သူ ထွက်ခွာလာသည်။ အလွန်အမင်း ဆာလောင်မွတ်သိပ်လျက်လည်း ရှိသည်။ ရေစမ်းတစ်ဝိုက် ဝန်းကျင်ပတ်ချာသို့ လှည့်ပတ်သွားလာသည်။ ရယ်ရွယ်ချက် ကင်းမဲ့စွာ အဓိပ္ပာယ်မဲ့ လှုပ်ရှားနေမိသည်။ မွတ်သိပ်ဆာလောင်မှုက တိုး၍ တိုး၍ လာသည်။ မြေပေါ်သို့ ထိုင်ချလိုက် ပြန်ထရပ်လိုက်။

ပြီးနောက် ရေစမ်းဆီသို့ သွား၍ ရေကို နမ်းကြည့်ပြီး အားပါးတရ သောက်လိုက်သည်။ မွတ်သိပ်ခြင်း အခိုက်အတန့်မျှ ပြေပျောက်သွားသည်။ မကြာခင်မှာ ဆာလောင်လာပြန်သည်။

ညသည် အသံဗလံ မကြားရဘဲ တိတ်ဆိတ်လျက်ရှိသည်။ ပိုးမွှားကလေးများ၏ နားငြီးလောက်အောင် တစီစီ အော်နေသံသာ ကြားနေရသည်။

ကြယ်ကလေးများသည်ပင် မလင်းတော့ဘဲ ညသည် မှောင်မိုက်လျက် ရှိသည်။ ငယ်ရွယ်သည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်အဖို့ မသိနားမလည်နိုင်စရာ အကြောင်းခြင်းရာ များစွာတို့ ဖြစ်ပျက်ပြီးခဲ့ပြီ။

စမ်းချောင်းအတွင်းမှ စမ်းရေများ အနိမ့်ပိုင်းသို့ တသွင်သွင် စီးဆင်းနေလျက် ရှိနေသည်။ မြေပြန့်စားကျက်ထဲမှာ အစာရှာထွက်သည့် ကြွက်များကို ဇီးကွက်တစ်ကောင်က အသံမထွက်အောင် တောင်ပံခတ်လျက် လိုက်လံဖမ်းဆီးထိုးသုတ်သွားသည်။

စမ်းရေအိုင်ထက်မှာ ခြင်အကောင်ပေါင်း မြောက်မြားစွာ တဝီဝီမြည်အောင် တောင်ပံခတ်ရင်း ပျံသန်းနေသည်။

ရုတ်တရက် အဝေးဆီမှ ငှက်တစ်ကောင်၏ ထိတ်လန့်တကြား အော်လိုက်သံကို ချောက်ချားစွာ ကြားရသည်။ သားကောင်ကြီး တစ်ကောင်ကောင်ကို မြင်လိုက်ရ၍ အော်လိုက်ခြင်း ဖြစ်ပုံရသည်။

တောခြေစုံမြိုင်အတွင်းမှာ ညအချိန် မကုန်ဆုံးတတ်သေး။ သည်တော၏ ဟိုမှာဘက်တွင် အခြား တောတစ်တော ရှိသေးသည်။

တောင်မြင့် တောင်တန်းများ လွင်ပြင်နှင့် ဆူးချုံတွေ၊ စေးပျစ်တွေ၊ မြက်ရိုင်းတောတွေ အလားတူ ရှိနေသည်။ မြိုင်ချပ်နှင့် လျှိုမြောင်များ ရှိသည်။ တော တွင်းသားကောင်မျိုးစုံ မှီတင်းနေထိုင်လျက် ရှိသည်။

ယခု ပစ္စက္ခကာလမှာ သည်တောသည်တောင်အတွင်း အရိုင်းသတ္တဝါငယ်ကလေး တစ်ကောင်တည်းသာ အသက်ဝိညာဉ်ကင်းမဲ့လျက်ရှိသော မိခင်ဝံမကြီးအပါးမှာ ထိုင်နေသည်။ မိခင်ဝံမကြီး လှုပ်ရှားနိုးထလာမည့် အချိန်ကို မသိနားမလည်စွာ စောင့်ဆိုင်းနေသည်။

သည်ညသည် သူ့အတွက် ချောက်ချားဖွယ်ရာည။ ရှုပ်ထွေးပွေလီ ပဟေဠိဆန်သောည။ ဝံမကြီး အိပ်နေရာမှ နိုးထအချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေရသည်ကို ငြီးငွေ့လှပြီ။

တစ်ကိုယ်တည်းဖြစ်၍ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။ အသိစိတ်အတွင်းမှာ ကြေကွဲဆို့နင့် နာကျင်နေသလို ခံစားရသည်။ စိုးရိမ်ကြောင့်ကြလျက် အားငယ်စိတ်များ ရင်တွင်းမှာ ပြည့်လျှံလာသည့်အတွက် သူ့တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာသည်။

နောက်ဆုံးတော့ သူ တစ်ကောင်တည်းပါတကား။ အချိန်များ တစ်စထက်တစ်စ ကုန်ဆုံးသွားသည်။ အမှောင်ကလည်း တဖြည်းဖြည်း လျော့ပါးသွားသည်။ နှင်းငွေ့များလည်း ကျဲပါးလာသည်။

အိပ်တန်းမှ ဆင်းခါစ တောကြက်ဖတစ်ကောင်၏ သံပြတ်နှင့် တွန်လိုက်သံက မြိုင်ယံတွင်းမှာ ပဲ့တင်ထပ်သွားသည်။ အရှေ့ဆီမှ နေဝန်းနီနီကြီး ပြူထွက်လာကာ အရုဏ်သည် နိုးကြားသက်ဝင်နေပေပြီ။

ဝံငယ်ကလေး၏ မျက်စိအစုံက မိခင်ဝံမကြီး၏ မျက်နှာပေါ်မှာ ပုရွက်ဆိတ်များ ပြေးလွှားလှုပ်ရှားလျက် ရှိသည်ကို တွေ့မြင်နေရသည်။ မှေးမှိတ်လျက်ရှိသော မျက်လုံးတစ်ဝိုက် ယင်ကောင်များ တဝီဝီ မြည်အောင် ပျံသန်းနေသည်။

များမကြာမီ လင်းတပါးနီတစ်ကောင် အပြာရောင် မိုးကောင်းကင်ထက်မှ ထိုးဆင်းလာပြီး ဝံမကြီးနှင့် မလှမ်းမကမ်းမှာ လာနားသည်။ အမွေးအတောင်များက မွဲမွဲခြောက်ခြောက်နှင့် ကျက်သရေ ကင်းမဲ့လှသည်။ လည်ပင်းနှင့် ဦးခေါင်းတစ်ဝိုက်မှာ အမွေးအမှင်များ ကင်းမဲ့စွာ မသတီစရာ ပြောင်ချောနေသည်။

ဝံမကြီး အသေကောင်အပါးသို့ အကျည်းတန်လှစွာ တစ်လှမ်းချင်း တိုးဝင်ချဉ်းကပ်သွားသည်။ ပြီးနောက် ချွန်ထက်သော နှုတ်သီးဖြင့် ဝံမကြီး၏ ကိုယ်ခန္ဓာကို ထိုးဆိတ်သည်။

ဝက်ဝံငယ်ကလေးကိုလည်း မာန်ဖီလျက် ဦးခေါင်းကို လှည့်ပြီး နှုတ်ဦးဖြင့် ထိုးဆိတ်လိုက်ပြန်သည်။ ထို့ကြောင့် ဝက်ဝံကလေးက ချုံပုတ်တစ်ခုအတွင်းသို့ ကမန်းကတန်း ပြေးဝင်တိမ်းရှောင်လိုက်ရသည်။

မကြာမီပင် ကောင်းကင်ထက်မှ လင်းတများ တစ်ဟုန်ထိုး ထိုးဆင်းလာကာ ဝက်ဝံအသေကောင်ကို ဝိုင်း၍ သူတစ်ဖဲ့၊ ကိုယ်တစ်ဖဲ့ ထိုးဆိတ်စားသောက်ကြသည်။

လင်းတကြီးများသည် သားတစ် တစ်စ ထိုးဖဲ့လိုက်၊ ဟိုခုန် သည်ခုန် လုပ်လိုက်၊ နောက်ထပ် သားတစ် တစ်စ ထိုးဆိတ်လိုက်၊ ခုန်ဆွခုန်ဆွ လုပ်လိုက်နှင့် နှလုံးနာစရာ လှုပ်ရှားနေကြသည်။

အစာဝသွားသော အကောင်ကြီးများက ကြီးမားသော ကျယ်ပြန့်သော တောင်ပံကြီးများကို တဖျပ်ဖျပ်ခတ်လျက် လေထဲသို့ အရှိန်ယူ၍ ပျံတက်သွားကြသည်။

အတော်ကြာသည့်အခါ သစ်ခြောက်ပင် တစ်ပင်၏ ရိုးတံကျဲကျဲ သစ်ကိုင်းထက်မှာ နားခိုလိုက်ကြသည်။

အချိန်များစွာ ကုန်ဆုံးသွားသည်။ မွန်းတည့်နေက ဦးခေါင်းထက်သို့ ရောက်မလာမီ လင်းတများက ဝက်ဝံသေကို စားသောက်ပြီးသွားကြပြီ။

ဝံမကြီး၏ ခန္ဓာကိုယ်သည် ပုံစံပြောင်းလဲသွားသည်။ အရိုး၊ အရေနှင့် အသားမျှင် အသားစ တစ်ချို့တလေသာ ကြွင်းကျန်ရစ်သည်။

ကျောက်တုံးပေါ်မှာ သားတစ် အစအနများ၊ သွေးခဲမည်းမည်းများ ဗရပွကြဲ၍ ကျန်ရစ်သည်။ မကြာမီ လင်းတများအားလုံး ပျံသန်းသွားကြလေသည်။

ဝံငယ်ကလေးက ချုံပုတ်ထဲမှ အသာအယာ ထွက်လာသည်။ မိခင်ဝံမကြီးကို ဟိုမှ သည်မှ လိုက်လံရှာဖွေသည်။ ဘယ်မှာမှ ရှာဖွေမတွေ့ သဖြင့် ဝမ်းနည်းအားငယ်စွာ ညည်းညူအော်ဟစ်သည်။

ဝက်ဝံငယ်လေး မိခင် ပျောက်နေပါပြီ။

(လေး)

လွန်ခဲ့သော နာရီပေါင်းများစွာက စ၍ အစာ မစားခဲ့ရသဖြင့် ဝံငယ်ကလေး ဆာလောင်မွတ်သိပ်နေပြီ။ မွန်းတည့်ချိန်ဖြစ်၍ နေရောင်စူးစူးအောက်မှာ ဘာကိုမှ မြင်နိုင်စွမ်း မရှိ။

တောတွင်းမှာ လှည့်ပတ် လျှောက်သွားရင်း သစ်ပင်တစ်ပင်၏ အမြစ်ဖျားအောက်မှာ လိုဏ်ခေါင်းပေါက်တစ်ခုကို တွေ့သည်။ မိုးရေတိုက်စားလျက် သစ်မြစ်များကြားမှ နားခိုစရာ သဘာဝ အကာအကွယ်တစ်ခုအလား ဖြစ်ပေါ်နေရာ ဝံငယ်ကလေးက ကိုယ်ကို ကျုံ့လျက် တိုးဝင်လိုက်သည်။

မြေသားက ပွနေသဖြင့် အတွင်းသို့ အလွယ်တကူ ရောက်ရှိသွားသည်။ မြေတွင်းထဲမှာ စိမ့်၍ အေးနေသည်။ အရိပ်အာဝါသကောင်း၍ ငြိမ်ဆိမ်တိတ်ဆိတ်လျက် ရှိသည်။ ဝက်ဝံကလေးက ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သွားသည်။

နေဝင်လုနီးနီးမှာ ဝံငယ်ကလေး အိပ်ရာမှ နိုးလာသည်။ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုသည်။ အစစအရာရာ ပြောင်းလဲသွားပါပြီ။

သူ့အပါးမှာ မိခင်ဝက်ဝံမကြီး မရှိတော့ပါ။ ဘယ်ရောက်နေပြီလဲ၊ ဘာဖြစ်သွားပြီလဲ အဟိတ်တိရစ္ဆာန်ငယ်ကလေးမျှသာဖြစ်သည့် ဝံငယ်ကလေး စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိ။ နားဝေတိမ်တောင်နှင့် သစ်မြစ်ကြားမှ တိုးထွက်၍ ရေစမ်းရှိရာသို့ တစ် လှမ်းချင်း သွားသည်။

ဟိုဟိုသည်သည် စူးစမ်းလျက် အနံ့ခံကြည့်သည်။ ရွာဘက်သို့ သွားသည့်လမ်းကို သူ မှတ်မိသည်။ ရွာသို့ သွားကြည့်ရ ကောင်းမလား။ ဝံကလေး ဇဝေဇဝါ ဖြစ်နေသည်။

ရွာဘက်မှာက အန္တရာယ်များ အသင့် စောင့်ကြိုနေလိမ့်မည်။ ယမန်နေ့ညကပင် သူတို့ သားအမိ ကြီးမားသော အန္တရာယ်နှင့် ကြုံခဲ့ရသည် မဟုတ်လား။ သို့ပေမယ့် ရွာဘက်မှာ စားစရာ စားပင်သီးနှံများ ပေါများသည်။ သစ်သီးဝလံများလည်း လွယ်လွယ်ကူကူ ရှာဖွေလို့ရသည်။

ကောင်းတာ ရှိသလို အန္တရာယ်လည်း ရှိသည်။ အကောင်းနှင့်အဆိုး ဒွန်တွဲ၍နေသည်။

ရွာဘက်ဆီသို့ ဝံငယ်ကလေး လှမ်းမျှော်ကြည့်ရှုလိုက်သည်။ သူ့ကို ညှို့မြူဆွဲဆောင်နေသည့် အလားပင်။

လောလောဆယ် သူ ကြောက်ရွံ့ထိတ်လန့်နေသည်။ မမြင်နိုင်သော အန္တရာယ်များ ရှိနေသည်ကို သူ သိနေသည်။ သူ သတ္တဝါရယ်လို့ ဖြစ်ပွားပေါ်ပေါက်လာစဉ်ကပင် လူသားနှင့် တိရစ္ဆာန်အကြား တသီးတခြား ပိုင်းခြားထားသော အတားအဆီး တစ်စုံတစ်ရာ ရှိနေခဲ့သည်။ ယင်း အတားအဆီးကပင် သူ့ကို ခြိမ်းခြောက်လျက် ရှိနေသည်။

ရွာဘက်ဆီမှ မီးခိုးများ လေဟုန်စီး၍ လွင့်ပါလာသည်။ ဝံငယ်ကလေးက မီးခိုးနံ့ကို ရသည်။ သူ့အသိမှာ လူတို့နှင့် ဝေးဝေးက ရှောင်ရှားဖို့ လိုအပ်သည်ကို နားလည်လာသည်။

ဝံငယ်ကလေးက ရွာလမ်းသို့ ဦးတည်နေရာမှ နောက်ဘက်သို့ ပြန်လှည့်လာသည်။ ဦးတည်ရာမဲ့ ရည်ရွယ်ချက်မရှိ သစ်ပင်ချုံနွယ်များအကြား တိုးဝှေ့ဖြတ်သန်းလာရာက ခြအုံတစ်ခုကို သူ တွေ့သည်။ ခြ တောင်ပို့သည် သူ့တစ်ရပ်စာမျှ ရှိသည်။ သူ့မိခင် ဝက်ဝံမကြီးသာ ရှိလျှင် ခြတောင်ပို့ကို ဖြိုဖျက်၍ ခြများကို စုပ်ယူစားသောက်ပစ်မှာ သေချာသည်။

ခြတောင်ပို့ကို ဝံငယ်ကလေးက ဆွဲဖဲ့ကြည့်ရာ အဖတ်တစ်ခု ပဲ့ပါလာသည်။ ပဲ့၍ ပါလာသော ခြအုံမှ ခြများကို အငမ်းမရ စားပစ်လိုက်သည်။

ဆက်လက်၍ ခြအုံကို အားနှင့် ထပ်မံ၍ ဖဲ့လိုက်ပြန်သည်။ သည်တစ်ခါ အရှိန်လွန်၍ မြေပြင်ပေါ်သို့ ပက်လက်လန်၍ လဲကျသွားသည်။ သို့တစေ အားမလျှော့ဘဲ ခြအုံကို ထပ်မံ ဆွဲဖဲ့ပြန်သည်။ ခြအုံက ပဲ့သွားပြီး ခြတောင်ပို့မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

ခြအုံတွင်းမှ ခြများ ရွစိရွစိဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ဝံကလေးက အပေါက်ဝမှ လက်ကို ထိုးသွင်းလျက် ခြများကို နှိုက်ယူဖမ်းဆီးသည်။ နှာခေါင်းကိုပါ ထိုးသွင်းပြီး လျှာဖြင့် လျက်သည်။ ပါးစပ်ဖြင့်လည်း စုပ်ယူသည်။ လက်ဖြင့် ဖမ်းမိသမျှ ခြကောင်များကို အလောတကြီး စားပစ်လိုက်သည်။

ခြအုံတစ်ခုလုံး ပြုတ်ပြုတ်ပြုန်းလုမတတ် ဖြစ်သွားသည်။ ခြအုံ၏ အတွင်းပိုင်းမှာ ကလိုင်ဖြစ်နေသည်။ မှောင်၍ ချောမွေ့နေသည်။

ဝံကလေးက လက်နှိုက်၍ စမ်းကြည့်သည်။ ခြတစ်ကောင်မှ ဖမ်းမရနိုင်တော့။ နှုတ်သီးကို ကလိုင်ထဲ ထိုးထည့်ပြီး အနံ့ခံကြည့်သည်။ ခြကောင်များ၏ အနံ့ကို သူရသည်။

သူ လက်လှမ်းမမီတော့သောကြောင့် ဒေါသတကြီးဖြင့် ခြအုံကို ဖြိုဖျက်သည်။ စိတ်ဆိုးမာန်ဆိုးဖြင့် ခြတောင်ပို့ကို တစ်ပိုင်းတစ်စစီဖြစ်အောင် ဖြိုပစ်သည်။ သို့စဉ်တိုင် ခြအုံက သံမဏိဖြင့် တည်ဆောက်ထားသလို မာကျောလွန်းလှသည်။

သူက ခြတောင်ပို့ကို စွန့်ပစ်ထွက်ခွာလာခဲ့ရလေသည်။

(ငါး)

ဦးတည်ရာမဲ့ လျှောက်လှမ်းနေရင်း တောထူထူအတွင်းသို့ ရောက်လာသည်။ သစ်တောက ထူထပ်လွန်း၍ ဝံငယ်ကလေးက သစ်ကိုင်းသစ်ခက်များကို တိုးဝှေ့ဖယ်ရှားလာရသည်။

ချေတစ်ကောင်က သူ့အသံကို ကြားသဖြင့် တဝေါင်ဝေါင်ဟောက်၍ ပြေးထွက်သွားသည်။

တောကြက်မ သားအမိ တစ်အုပ်ကလည်း ကတော် … ကတော် သံပေး၍ သစ်ရွက်ခြောက်များ၊ ရွက်ကြွေများကို တိုးဝှေ့၍ ပြေးလွှားပျောက်ကွယ်သွားသည်။

ဝံကလေးက လန့်ဖျပ်၍ ခုန်ပစ်လိုက်သည်။ ဦးတည်ရာသို့ တောကိုတိုး၍ ပြေးရင်းက မုံတိုင်ပင် တစ်ပင်ကို တွေ့သည်။

သည်အပင်ကို သူ ကောင်းစွာ မှတ်မိသည်။ မိခင်ဝံမကြီးနှင့်အတူ သည်အပင်ကို ဆုတ်ဖဲ့ဆွဲခွာ၍ အူတိုင်ကို နှစ်ခြိုက်စွာ သားအမိနှစ်ကောင် စားခဲ့ရဖူးသည်။

သို့နှင့် ဝံငယ်ကလေးသည် မုံတိုင်သစ်ပင်ပေါ်သို့ တက်၍ အရွက်များကို ဖဲ့သည်။ သူ့အင် သူ့အားက မသေးလှချေ။

မုံတိုင်ပင်သည် ထန်းပင်နှင့် ဆင်တူသည်။ အရွက်များကလည်း ထန်းရွက်များနှယ် ဖြစ်သည်။

အရွက်များကို တစ်ဖက်တစ်ချက် ဆွဲလှန်ချိုးချလိုက်သည့်အခါ အလယ်အူတိုင် ပေါ်လာသည်။ ချိုးရင်း လှန်ရင်း ဖဲ့ရင်း အူတိုင်နုနုကို ချိုမြစွာ စားသုံးရ သည်။ မုံတိုင်ပင်၏ အူတိုင်နုနုများ ကုန်ဆုံးသွားသည့်အခါ ဝန်းကျင်သည် မှောင်လျက်ရှိနေပြီ။

ရာသီက သာယာသဖြင့် လမသာသော်လည်း ကြယ်တွေစုံနေ၍ လင်းလက်နေသည်။ တောအပြင်သည် အလင်းရောင်ကြောင့် ဖိတ်ဖိတ်လက်နေသည်။ နှင်းရည်ဆမ်းသော သစ်ရွက်များက ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။

ဝံငယ်ကလေးက အစာဝသွားသဖြင့် တောတွင်းသို့ တိုးဝင်လျှောက်သွားလိုက်သည်။ သူ့အဖို့ သည်တောသည်တောင်အတွင်း ကျင်လည် ကျက်စားရင်း လက်လှမ်းမီရာ ရသမျှ တွေ့သမျှ ခြအုံ၊ ပုရွက်အုံ၊ သစ်ဥ၊ သစ်ဖုများကို စားသုံးလျက် အသက်ရှင် ရပ်တည်နိုင်အောင် ကြိုးစားရဦးမည် ဖြစ်သည်။

တစ်ခါတလေ မခံမရပ်နိုင်အောင် မွတ်သိပ်ဆာ လောင်သည့် အခါများမှာ ချောက်ချားကြောက်မက်ဖွယ်ရာ ကြမ်းတမ်းခက်တရော်လှသည့် သည်တောသည်တောင်အတွင်း အသက်ရှင် ရပ် တည်နိုင်ဖို့ မည်သို့မည်ပုံ ကျင့်ကြံနေထိုင် လှုပ်ရှားကျက်စားရမည်လဲ မသိတတ်နိုင်။

သဘာဝတရားက သူ့အား ထူးထွေဆန်းပြားသော အတတ်ပညာရပ်များ သင်ကြားလေ့ကျင့်ပေးခြင်း မပြုမီ အချိန်ကာလ တစ်စုံတစ်ရာအထိ ယခုလိုပင် ရတတ်သမျှ ရှာဖွေစားသောက်နေရပေဦးမည်။

မကြာမီ ကာလအတွင်းမှာ ဝံငယ်ကလေးမှသည် အရွယ်ရောက်ပြီး ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည် အမှန်ပင်။ သည်အခါ သူ့ ဝမ်းစာအတွက် သူ့ဘာသာသူ ကောင်းစွာ ရှာဖွေစားသောက်နိုင်စွမ်း ရှိပါလိမ့်မည်။

ဝက်ဝံများ အသိုက်ဆောက်လျက် နေထိုင်တတ်သော ဆူးပြွမ်းသည့် ချုံတောစေးပျစ်များအလယ်ရှိ သစ်ခက်၊ သစ်ရွက်များနှင့် နားခိုစရာ အသိုက်အမြုံကို သူ့ဘာသာသူ တည်ဆောက်နိုင်ပါမည်။

သည်တော သည်တောင်များတွင် ကျင်လည် ကျက်စားလျက် သည်ပတ်ဝန်းကျင်က စားစရာများကို ကောင်းစွာ ရှာဖွေစားသောက်နိုင်ပေလိမ့်မည်။

လေမိုးပြင်းထန်၍ မိုးသံလေသံ ဟိန်းဟိန်းညံသည့် ရာသီဥတုဆိုးရွားသော ညများတွင် ဖြစ်စေ၊ ဆိုးရွားသော ညများတွင် ဖြစ်စေ၊ မိုးလေကင်းစင်၍ လမင်းထိန်ထိန်သာလျက် ကြယ်ရောင်လင်းသော ညများတွင်ဖြစ်စေ သူ ကောင်းစွာ အစာရှာဖွေစားသောက်နေထိုင်တော့မည် ဖြစ်သည်။

ဝေးလံသီခေါင်လှသော ဟိုးအဝေး တောကြီးမျက် မည်းအကြားရှိ သစ်ပင်မြင့်ကြီးများ အထက်မှ ပျားလပို့များ၏ သင်းပျံ့မွှေးကြိုင်သော ပျားရည်ချို ရနံ့များကို ရှူရှိုက်အနံ့ခံပြီး လိုက်လံရှာဖွေနိုင်တော့မည်။

သည်တော သည်တောင် သည်လျှိုမြောင်အတွင်းမှာ အဖော်မပါ ဝံငယ်ကလေးခမျာ အထီးကျန် တစ်ကောင်တည်း အသက်နှင့် ခန္ဓာ မြဲမြံနေဖို့အတွက် ရုန်းရ ကန်ရ ရင်ဆိုင်ရဦးတော့မည် မဟုတ်ပါလား။

ပို့ဆောင်ရေးမဂ္ဂဇင်း

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *