• June 22, 2025
  • admin
  • 0

ကျွန်းစဉ်မြေစောခက်
ဘဝပင်လယ် ရေပင်လယ်

“ရေဆုတ်လာတော့ … ရေခူတွေလည်း ဆုတ်လာပြီသားရေ . . . ၊ ပင်လယ်ဝဘက် ထွက်ရမယ်”

“ဟုတ်ကဲ့ အဖေ”

ဦးလူသန်နှင့် သား ထူးအောင်တို့မှာ စုန်လေ (နွေမနက်ခင်းတွင် ရခိုင်ရိုးမဘက်မှ ပင်လယ်ပြင်ဘက်သို့ တိုက်ခတ်သော အရှေ့လေ) ကို မိတ်ဆွေဖွဲ့ပြီး ပင်လယ်ပြင်ဘက်သို့ ရွက်တိုက်ဆင်းလာကြ၏။ တဖြည်းဖြည်း တောင်ကြီးမော်ကျွန်းအောက်ဘက်သို့ထိ ရောက်လာကြသည်။ တောင်ကြီးမော်ကျွန်းမှာ မြန်မာနိုင်ငံ အနောက်ခြမ်း၏ အစွန်ဆုံး ကျွန်းတစ်ကျွန်း ဖြစ်သည်။

ဦးလူသန်တို့ သားအဖမှာ ကျွန်းသာယာ (ကျွန်းသရဲ)တွင် မြို့ကလူများ ရေခူဒိုင်လာဖွင့်သဖြင့် မြစ်ပြင်ပင်လယ်တွင် ရေခူကောက်ကာ ဒိုင်တွင် သွင်းနေကြခြင်းဖြစ်သည်။

ရေခူဆိုသည်မှာ နွေဥတုတွင်သာ ရေ၌ပေါ်လေ့ရှိသော သတ္တဝါဖြစ်သည်။ သို့သော် နွေတိုင်းတွင် ပေါ်သည်မဟုတ်။ ပေါ်သည့်နွေတွင်သာ ပေါ်သည်။ ရေခူဒိုင်များသည်လည်း ရေခူပေါ်တိုင်း ဒိုင်ဖွင့်ကြသည်မဟုတ်။ ဈေးကွက်တွင် ရေခူ ဈေးရှိမှသာ ဒိုင်ဖွင့်ကြခြင်းဖြစ်သည်။

ယခုနွေတွင်တော့ ရေခူလည်းပေါ် ဒိုင်လည်းဖွင့်သဖြင့် ဦးလူသန်တို့ တစ်ရွာလုံးလိုလို ရေခူကောက်ကြသည်။ မနက်လင်းတာနဲ့ လှိုင်းကလေးအပုတ်မှာ လှေကလေးတွေ လှုပ်တုပ်လှုပ်တုပ် ဆိုသလိုပါပဲ၊ မြစ်ရေပြင်အနှံ့ မြင်နေရသည်။

ရေခူတို့၏ သဘောသဘာဝမှာ မိုးသံကြားရုံ မိုးကလေးတစ်ပေါက် ကျရုံဖြင့် ငုပ်လျှိုးပျောက်ကွယ်သွားတတ်ကြသည်။ သို့ဖြစ်၍လည်း ရေခူပေါ်ခိုက် ဒိုင်ဖွင့်ခိုက်မို့ ဒေသအလိုက် စရိုက်သဘာဝ အကြိုက် ကနေခြင်းပင်ဖြစ်သည်။

“သားရေ ဒီနားတစ်ဝိုက်တော့ တော်တော်တွေယ်တယ်။ ရွက်ချမယ်၊ ဒီနား ကောက်ကြရအောင်”

အဖေကြီး ပြောအပြီးတွင် သား ထူးအောင်မှာ လှေကပ်စင်ပေါ်တွင် ထိုင်နေရာမှ ဖျတ်ခနဲထပြီး ရွက်ချလိုက်၏။ ရွက်ကို အသေအချာလိပ်ပြီး လှေနံရံတွင် လှဲချထားလိုက်၏။

အဖေဦးလူသန်က ပဲ့ကိုင်ပြီး သား ထူးအောင်က လှေဦးကထိုင်ကာ ရေခူ လိုက်ကောက်သည်။ သားက လက်ညှိုးထိုးပြတိုင်း အဖေကြီးက လှေဦးကို လှည့်ပေး၏။ အဖေကြီး လှေလှော်နေတုန်း အသွားနှေးသည်ဟုထင်လျှင် သားက လှော်တက်ကလေးကို ကောက်ကိုင်ပြီး စွပ်ခနဲ စွပ်ခနဲ အားရပါးရ လှော်လိုက်၏။ ရေခူကိုတွေ့လျှင် လှော်တက်ကို လှေပေါ်တင်ပြီး ဖျတ်ခနဲ ဆွဲကောက်လိုက်ပြန်သည်။

“အဖေကြီး ရှေ့နား နည်းနည်းလှော်ပေးပါ”

အဖေကြီးက လှေကို ရှေ့သို့ လှော်ပေးလိုက်၏။

“ရပြီ အဖေကြီး . . . ရပြီ”

အဖေကြီး ဦးလူသန် လှော်တက်ကို ရေအောက်သို့ နှိုက်ပြီး နောက်သို့ယက်ကာ ဘေးဘယ်ညာ တစ်ချက် နှစ်ချက် ကလော်လိုက်ခြင်းဖြင့် လှေအသွားရပ်သွား၏။

ထူးအောင် ရေခူကြီးကို ကောက်ရန် ပြင်လိုက်သည်။ ရေခူကောင်မှာ လက်လှမ်းမမီနိုင်သည့် ရေအောက်သို့ ချက်ချင်း မြုပ်ဆင်းသွား၏။ ဤသည်မှာ ရေခူတို့၏ ပရိယာယ်ဟု ဆိုရမည်ဖြစ်ပေသည်။

သတ္တဝါတော်တော်များများတွင် မိမိအသက် အန္တရာယ်ကို ကာကွယ်ရန် ခြေလက်၊ အစွယ်၊ နှုတ်သီး၊ ဆူးတောင်ဆူးလက်တို့ ပါကြ၏။ ရေခူကောင်မှာကား မည်သည့်လက်နက်ကိရိယာမှ မပါ။ ချွဲကျိကျိ အသားပုံကြီးတစ်ပုံသာ ဖြစ်သည်။ လျင်လျင်မြန်မြန် ကူးခတ်ရုန်းကန်တတ်သော အကောင်မျိုးလည်း မဟုတ်။ ဒီရေရောက် မြစ်ချောင်းများ၌ ရေတက်ရေကျ မျောပါရင်း ရှင်သန်နေတတ်ကြသည်။

ယခု လှေအနီးသို့ ရောက်လာချိန်တွင် ရေအောက်သို့ ငုပ်ဆင်းသွားသည် ဆိုသည်မှာ ရေခူကောင်၏ အမြင့်ဆုံး စွမ်းရည်ပင်ဖြစ်သည်။

သို့သော် ရေခူကောင်ခမျာ မည်မျှပင်ကြိုးစားလှုပ်ရှားခဲ့သော်လည်း အရာမရောက်ခဲ့။ ထူးအောင်၏ ရှည်မျောမျော ဝါးလုံးဖျားတွင် တပ်ချိတ်ထားသော သံချိတ်က ရေအောက်သို့ရောက်နေသော ရေခူကောင်ကို ချိတ်ဆွဲယူငင် ဖော်တင်ခြင်းကို ခံလိုက်ရပေပြီ။

ရေသေရက်များဆိုလျှင် မြစ်ရေပြင်တို့သည် ရေငြိမ်ပြီး လှိုင်းမထန်သောကြောင့် စိမ်းမြရေကြည်ဖြစ်နေပေရာ ရေအောက်သို့ ရောက်နေသောကြောင့် ရေခူကောင်ကို ခပ်လှမ်းလှမ်းကပင် မြင်ကြရသည်။ ဤသည်ကြောင့်ပင်လျှင် ရေအောက်သို့ ငုပ်ဆင်းသွားသော်လည်း ရေခူကောင်ခမျာ သတ်ကွင်းသို့ ဝင်ခဲ့ကြရခြင်း ဖြစ်ပေသည်။

ဦးလူသန် ပင်လယ်ပြင်ထဲက ကမ်းခြေဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကျွန်းတန်း ကျွန်းစု တောင်ပုလုတို့ကို နေညိုချိန် အလင်းအားမှိန်ပျပျအောက်တွင် မှိုင်းမှိုင်းညို့ညို့ မြင်နေရသည်။

ရခိုင်ရိုးမတောင်တန်းကြီးကိုတော့ ကမ်းရိုးတန်း နောက်ကျောတွင် ပြာရီမှိုင်းကာ မှုန်ဝါးဝါးသာ မြင်နေရသည်။

“ဪ ဒို့တွေရဲ့ ဘဝဟာ လုပ်တတ်ကိုင်တတ် ငါးရှာ တတ်တဲ့ အရွယ်ကစပြီး ဒီရေပင်လယ်ကြီးထဲမှာ လှုပ်ရှားရုန်းကန်ခဲ့ရတာ ခုဆို အသက်ခြောက်ဆယ်ပြည့်ခဲ့ပါရော့လား”

ဦးလူသန်၏ အသိအိမ်ထဲသို့ ဘဝပြေးလမ်း အတွေးစတစ်ခု သုတ်ခနဲ ဝင်ရောက်လာခဲ့သည်။

XXX XXX XXX

မိုးရာသီတို့၏ သဘာဝအတိုင်း “ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်” ဆိုသလို ဖြစ်နေ၏။ ညနေရီအမှောင်သန်းချိန်မှာတော့ ကောင်းကင်ပြင်ကြီးတစ်ခုလုံး မျက်နှာမည်းကြီးဆင်နေမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးလည်း ပိုပြီး မည်းမှောင်လာ၏။

ခါတိုင်းနေ့များ ဆိုလျှင် သည်ချိန်မျိုးဆို ရွာသားချင်း တစ်ယောက်အိမ်တစ်ယောက် သွားကာ မာကြောင်း သာကြောင်း၊ ရွာအကြောင်းကအစ စကားစမြည် ပြောဖြစ်ကြသည်။

ဦးစံမြကျော်တို့ ဦးထွန်းသာအောင်တို့ ဘုရားလူကြီး ကျောင်းလူကြီးများမှာလည်း နွေရောက်လျှင် ရွာအရှေ့ပြင် တောင်မော်ဦးတွင် ရွာဦးဆုတောင်းပြည့်စေတီတစ်ဆူ တည်ကြမည့်အကြောင်း ရွာဆရာတော် ဘဒ္ဒန္တဝိစိတ္တနှင့် အစီအစဉ်ချပြီး ပြောဖြစ်တတ်ကြသည်။

ကိုကျော်ထွန်းမောင်တို့ လှဘော်ဇံတို့ကလည်း ခေတ်လူငယ်များပီပီ ရွာမူလတန်းကျောင်းကို မူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇံမောင်နဲ့ ညနေတိုင်း လက်ဖက်ရည်ကြမ်းဝိုင်းကလေးချပြီး စကားစမြည်ပြော ဖြစ်ကြသည်။

ကျွန်းသရဲကျွန်းမှာ ဘင်္ဂလားပင်လယ်ပြင်ထဲ ပေါလောပေါ်နေသော ကျွန်းဆိုတော့ အညာဒေသလို ပဲခြမ်း၊ ထန်းလျက်ခဲတို့ မရှိ။ ဒေသထွက် ငါးညှင်းပါးလေးကို ကြွပ်နေအောင် မီးကင်ပြီး ဆားနည်းနည်းထည့်ကာ ဆီဆမ်းမြည်းကြသည်။ ကြက်သွန်နီဖတ်ကလေးပါ ရောထည့်လိုက်လျှင် အရသာမှာ ပိုကောင်းသည်။

ရွာက ကုန်သည်ပေါက်စ ကိုဘလှတို့ သာထွန်းတို့အဖွဲ့ကတော့ မြို့က ရေခူဒိုင် လာဖွင့်နေကြသည့် ငွေရှင်ကြေးရှင်များဆီသို့ အလည်သွားပြီး ရေထွက်ပစ္စည်းလုပ်ငန်း စီးပွားရေးအကြောင်းများ ပြောဖြစ် ဆိုဖြစ် ဆွေးနွေးဖြစ်ကြသည်။

“ယောက်ျားရေ . . . လေတိုက်နေတာကြီးက တစ်မျိုးပဲနော်။ မုန်တိုင်းလေသွယ်နေသလိုပဲ … သိလား”

“မိန်းမကလဲ မိုးဦးလေဦးမှာ ဒီလိုလေမျိုးတိုက်တာ ဘာဆန်းတာမှတ်လို့ကွယ် . . . တို့ ပင်လယ်ကျွန်းကလူတွေ အမြဲကြုံနေကြရတာပဲလေ။ လေပြင်းတိုက်တာလေးကတော့ တို့ကမ်းရိုးတန်းသားတွေ ပျင်းတောင်ပျင်းသေးတယ်”

“သူ့ ပြောလိုက်ရင် အဲလိုချည်းပဲ”

မအိမ်ကောင်းမှာ မျက်လုံးဝိုင်းလေးနဲ့ လင်တော်မောင်ကို မျက်စောင်းထိုးကြည့်ပစ်လိုက်သည်။ ကိုလူသန် သဘောကျပြီး ရယ်နေလိုက်၏။

“မိန်းမရေ တို့မှာ အရေးကြီးတာက နွေရောက်ရင် သားလေးကို ရှင်ပြုမယ်။ သားလေးလည်း ၄ တန်းအောင်တော့မှာလေ”

“ဒါပြောတာပေါ့ . . . ပိုက်ဆံရအောင်ရှာပါ၊ စုဆောင်း
ပါ ဆိုတာလေ”

“ကိုယ်လည်း ကြိုးစားပါတယ်ကွာ။ ပိုက်ပြီးရင် မျှား၊ မျှားပြီးရင် ပိုက်နဲ့ မနားတမ်းလုပ်နေတာပဲကွယ်။ ရေခူတွေ ဘာတွေ ပေါ်ရင်တောင် လိုက်ကောက်လိုက်သေးတယ်။ ပင်လယ်ကျောက်တွေမှာ ကျောက်ပုစွန်ဆိုလည်း လိုက်ငုပ်လိုက်သေးတာပဲ။ မိန်းမတွေ့ တယ် မဟုတ်လား”

“တွေ့ပါတယ်၊ ဒါကြောင့် ယောက်ျားကို အားကိုးတာပေါ့။ ကိုယ့်ယောက်ျားက ရေတံငါပေမယ့် အခြားလူတွေကို အရက်မသောက်ဘူးလေ။ အဲဒါကို ကျွန်မ အရမ်းလေးစားတယ် သိလား”

“ကိုယ်က အရက်ကော ဆေးလိပ်ကော ကွမ်းကော ဘာမှ မလုပ်ဘူးလေ”

“အဲဒါကြောင့်မို့လို့ ယောက်ျားကို ပိုလေးစားတယ်၊ ပိုအထင်ကြီးတာပေါ့ရှင့်”

ကိုလူသန် ဇနီးသည် မအိမ်ကောင်းကို အကြင်နာမျက်ဝန်းလေးနဲ့ ကြည့်နေလိုက်သည်။

“ကိုယ်ကတော့ကွာ … သားလေးက ဉာဏ်လည်းကောင်းတယ်။ လေးတန်းအောင်ရင် အလယ်တန်းပညာကို ဆက်သင်စေချင်တယ်။ ရွာမှာ မူလတန်းလွန်ကျောင်းရဖို့အတွက် ကျော်ထွန်းမောင်တို့ လှဘော်ဇံတို့က ဆရာကြီးနဲ့ တိုင်ပင်ပြီး လုပ်နေကြတာ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်ကွာ”

“ဟုတ်တယ် ယောက်ျားရဲ့၊ သားလေးတစ်ယောက်ထဲရှိတာ ထွန်းထွန်းပေါက်ပေါက် လူလားမြောက်စေချင်တယ်။ သားလေးကို ရှင်ပြုမယ့်ကိစ္စ ကျောင်းဆက်ထားမယ့်ကိစ္စနဲ့ ပိုက်ဆံတွေက အတော်လိုမှာနော်”

“မိန်းမကလည်း ရည်မှန်းချက်ကောင်းတော့ လမ်းကြောင်းကလေးကတော့ လှပလာမှာပါကွယ်”

“ကိုယ့်ယောက်ျား နေပူမိုးရွာမရှောင် ပင်လယ်ပြင်မှာ ရှာလို့ရလာတဲ့ ပိုက်ဆံကို ကျွန်မလည်း စုပါတယ်ယောက်ျားရယ်။ လိုအပ်လို့ မလွှဲမရှောင်သာ သုံးတာမှအပ ဖြုန်းပစ်တယ်ဆိုတာ မရှိပါဘူး”

“ကိုယ့် မိန်းမက အရမ်းလိမ္မာပါတယ်ကွယ်”

“ကဲ အိပ်ကြစို့ ညဉ့်တောင် တော်တော်နက်နေပြီ။ သားလေးရေ . . . ညဉ့်နက်နေပြီ အိပ်တော့နော်”

“ဟုတ်ကဲ့ အမေ … ဟုတ်ကဲ့”

မအိမ်ကောင်းက သားလေးထူးအောင်ကို လှမ်းပြောအပြီးတွင် သားလေးမှာ စာဖတ်ခြင်းကို ရပ်လိုက်သည်။

လေကလည်း ဝေ့ဝေ့ဝိုက်ဝိုက် တိုက်ခတ်နေ၏။ မိုးကလည်း မြေ့မြေ့မြိုက်မြိုက် ရွာသွန်းနေ၏။ လေကလေးတအေးအေး မိုးကလေး တဖွေးဖွေးနဲ့ဆိုတော့ မျက်လုံးကလေး မှေးလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားကြသည်။

သူ့အရပ်နှင့် သူ့ဇာတ်ပါပဲ။ ကိုလူသန်တို့ မိသားစု ဘဝ အချစ်အိမ်ကလေးကတော့ ချမ်းမြေ့သာယာလှပနေသလိုပါပဲ။

XXX XXX XXX

“ဝှီး …. ဝှီး …. ဝှီး … ဝှီး … ဝှီး”

“ဝေါ … ဝေါ … ဝေါ … ဝေါ … ဝေါ”

လေက အပြင်းအထန် တိုက်နေသလို မိုးကလည်း တအုန်းအုန်း တဗြုန်းဗြုန်း ရွာချလေပြီ။ ကိုလူသန်တို့ မိသားစုကတော့ တုတ်တုတ်မျှ မလှုပ်ကြ။ အိပ်ကောင်းခြင်းအိပ်ကာ နေ့အမောကို ညတွင် ဖြေဖျောက်နေကြသည်သို့ ရှိဘိ၏။

“ရှီး … ရှီး … ရှီး”

“ဝေါ … ဝေါ … ဝေါ”

“ဂလွမ်း … လွမ်း … လွမ်း … ဒိုင်း”

“အား”

လေသံမိုးသံများ မင်းမူစိုးမိုးနေသော ညဉ့်ယံကို ထိုးဖောက်ကာ ပြိုလဲသံကြီးတစ်ခုက ကျယ်ကျယ်လောင်လောင် ပေါ်ထွက်သွားသည်။ တစ်ဆက်တည်းပင် မချိမဆံ့ အော်သံကြီးတစ်ခုကပါ မိုးသံလေသံများကြားက ခပ်စူးစူး ထွက်ပေါ်သွား၏။

“ဟာ ဒုက္ခပါပဲ၊ သရက်ပင်ကြီး လဲသွားပြီဗျို့၊ တို့အိမ်ကို ဖိထားပြီ … ကယ်ကြပါဦး”

“အဖေ … အဖေ … အမေ … အမေ”

ကိုလူသန်၏ အကူအညီတောင်းသံ၊ သားလေး ထူးအောင်၏ အဖေ အမေကို အော်ခေါ်သံတို့မှာ မိုးသံ လေသံများကြားက ပီပီသသ ထွက်ပေါ်နေသည်။

မိုးနှင့်လေတို့ကလည်း ဆက်လက်မင်းမူကြမ်းတမ်း နေဆဲ။

ကိုလူသန်တို့ အိမ်ကလေးမှာ သရက်ပင်ကြီး၏ ဖိရိုက်ခြင်းကို ခံနေရရာ အိမ်ခေါင်မိုးမှာ မြေပြင်တွင် ပြားပြားဝပ်ကာ ရှိနေပေပြီ။ ကိုလူသန်မှာ သားကလေးအသံကြားရာသို့ လှမ်းပြီး သားလက်ကို ဆွဲကိုင်ကာ လမ်းပေါက်ရှာပြီး အိမ်ပြင်သို့ ခက်ခက်ခဲခဲ ထွက်လိုက်၏။

စိုးရိမ်မှု သောကဒီရေသည် ကိုလူသန် ရင်၌ ပြည့်နေ၏။

“မအိမ်ကောင်း … မအိမ်ကောင်းရေ … မိန်းမရေ”

“အမေ … အမေ … အမေ”

ကိုလူသန်နှင့် သားလေး ထူးအောင်တို့ အော်ခေါ်သံများက ပိုမိုမြည်ဟည်းနေကြသည်။ တဖြည်းဖြည်းနဲ့ အိမ်နီးနားက လူတွေ လက်နှိပ်ဓာတ်မီးရောင် တလင်းလင်းနဲ့ ရောက်လာကြသည်။

“လူသန် မင်းတို့အိမ်နားက သရက်ပင်ကြီး လဲကျသွားပြီပေါ့ … ဟုတ်လား”

“ဟုတ်တယ်ဗျာ၊ ကိုအောင်ကျော်ရယ် လုပ်ပါဦး၊ မအိမ်ကောင်း ဘယ်လိုနေလဲ မသိဘူး။ သရက်ပင်ကြီးအောက် ဝင်ပါသွားပြီဗျ”

“ဟင် အဲလိုဆို သစ်ပင်ကို ဓားနဲ့ခုတ်ပြီး ဆွဲထုတ်ကြရမှာပေါ့။ ဟေ့ မြမောင်၊ စံလှ၊ မင်းတို့ ဓားတွေ သွားယူကြဟေ့။ မအိမ်ကောင်း သရက်ပင်အောက် ဝင်ပါသွားပြီတဲ့”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

မြမောင်တို့အဖွဲ့ အိမ်သို့ အပြေးပြန်ပြီး ဓားသွားယူကြသည်။ အိမ်တိုင်းလိုလိုက ရွာသားများ ရောက်ရှိလာကြရာ လူသန်တို့ အိမ်ပတ်ဝန်းကျင်အနှံ့ ပြည့်သွားသည်။ မကြာမီ လက်နှိပ်ဓာတ်မီးရောင်များအောက်တွင် ဓားခုတ်သံများ ဆူညံသွားသည်။

“အမေ … အမေ … အမေရေ”

ထူးအောင်လေး၏ အမေ ခေါ်သံက ပီပီသသ ထွက်ပေါ်နေသည်။

သစ်ပင်ခုတ်သည့် မြမောင်တို့အဖွဲ့က မအိမ်ကောင်း အိပ်ရာတည့်တည့်ကို အဓိကထားပြီး ခုတ်ကြ၏။ သစ်ကိုင်းများကို ခုတ်ပြီးလျှင် အိမ်ခေါင်မိုးများကို ဆွဲလှန်ကြ၏။

ညမည်းမည်းထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ခေါ်သံအော်သံများကလည်း ဆူညံနေသည်။ မိုးနှင့်လေကတော့ အားနည်းနည်း လျော့သွားသလိုမျိုး ရှိသည်။

ဟော တွေ့လိုက်ရပါပြီ။ တံတောင်ဆစ်ကောက်လို ကောက်ကွေ့ ချွန်ထက်နေသည့် သရက်ပင်ကိုင်းဆုံကြီးတစ်ခုက မအိမ်ကောင်း၏ ရင်ဘက်ပေါ်သို့ တည့်တည့်ကြီး စိုက်ဝင်နေပေတော့သည်။

မအိမ်ကောင်း၏ ရုပ်အလောင်းကား မြင်မကောင်း ရှုမကောင်းစွာ။ ။

XXX XXX XXX

ဦးလူသန်မှာ ဘင်္ဂလားပင်လယ်ပြင်ထဲ ပေါလောပေါ်နေသော ကျွန်းသာယာ (ကျွန်းသရဲ)ကျွန်းတွင် မွေးဖွားကြီးပြင်းခဲ့၏။ ချစ်ဖော် ငယ်ပေါင်း မအိမ်ကောင်းနှင့် အကြောင်းဆက်၍ ပေါင်းဖက်ခဲ့ကြသည်။

မအိမ်ကောင်းမှာ သားကလေးထူးအောင် လူ့ဘောင်ရောက်ပြီး ၁၀ နှစ်အကြာမှာ လောကကို မျက်ကွယ်ပြုကာ သံသရာခရီးလမ်းကို ဆက်လျှောက်သွားခဲ့သည်။

အသက် ၃၀-ကျော်ဆိုတာ လူ့သက်တမ်းအားဖြင့် လှတုန်းပတုန်း သန်မြန်တုန်း အရွယ်ပါပဲ။ မအိမ်ကောင်းမှာ ရောဂါဘယကင်းရှင်းပြီး တင်းတင်းရင်းရင်း ကိုယ်လုံးကိုယ်ပေါက်နဲ့ လင့်အလိုလိုက် လင့်အကြိုက်ဆောင်တတ်သူမို့ မိသားစုဘဝကို ချိုမြိန်စေခဲ့သည်။

ထူးအောင်လေးမှာ သားကလေးတစ်ယောက်ထဲမို့ နှစ်လွှာပေါင်းမှ တစ်ရွက်မည်သော မိဘတို့၏ ဘဝမျိုးထဲတွင် သားကလေးကို ချစ်သလားမမေးနဲ့ ၊ မျိုထားမတတ် ဆိုတာမျိုးပေါ့။

လူသန်မှာ ချစ်ကြင်သူဇနီးမယားနှင့် သေကွဲကွဲကာ တစ်ဘဝစီ ခြားခဲ့သော်လည်း သစ္စာရှိ ငယ်ချစ်လင်အဖြစ် သက်သေထူပြနေသည် ယနေ့တိုင်ပါပဲ။

သားလေး ထူးအောင်ကို ဖူးဖူးမှုတ်ချစ်ခဲ့သော်လည်း မှာ ဒေသဓလေ့စရိုက်လို့ပဲ ဆိုရလေမလားမသိ။ လှော်တက်ကလေးကို သယ်နိုင်သည့်အရွယ်ကတည်းက သားလိမ္မာအဖြစ် ပြောစကားတွင်ရစ်အောင် အဖေ့အလုပ်ကို ကြိုးစားလုပ်ကိုင်စေခဲ့သည်။ ခုဆိုအရွယ်ရောက် လို့ လူပျိုပေါက်ကလေး ဖြစ်နေခဲ့ပြီ။

မိုးဦးလေဦး ပိုက်နားချိန်မှလွဲပြီး ရာသီတိုင်းလိုလို အဖေ့ကို လုပ်ကျွေးသမှုပြုရင်း အဖေ့နောက်က လိုက်နေခဲ့သည်။

ဇနီးသည် မအိမ်ကောင်း ရှိစဉ်တုန်းက သားပညာရေးအတွက် မက်ခဲ့သော အိပ်မက်ချိုမှာကား နှင်းခါးထိသော ဖူးငုံပွင့်သစ်တို့နှယ် စွင့်ကားဝေဆာ လှပန်းမဖြာနိုင်တော့ရှာ။

“အဖေရယ် ဥပုသ်ရက်ရောက်ပြီ၊ အဖေ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်လိုက်ပါနော်။ သား အဖေ့ကို ဆွမ်းချက်ပို့မယ်လေ”

“သားက ဆွမ်းချက်တတ်လို့လား သားရယ်”

“တတ်တာပေါ့ အဖေရဲ့။ အရီးခွေးလေးက ပြောပြထားတယ်။ အားလူးရယ် ကြာဆံ ငါးခြောက်ရယ် ရောပီး ဆီရွှဲရွှဲလေးနဲ့ ကြော်ချက် ချက်ရတယ်တဲ့။ ပဲသီးကို ဓားနဲ့အပိုင်းကလေးတွေပိုင်းပြီး ဘဲဥနဲ့ ရော ကြော်ရမယ်တဲ့။ သဗြုသီးကိုတော့ အတွင်းသား အလွှာလေးတွေကို ငရုတ်ဆုံမှာ ကွဲရုံလေးထည့်ထောင်းပြီး ချဉ်ရည်ကြိုရမယ်တဲ့”

“ဟာ အဖေ့သား ဟုတ်လှချည်လား။ ဟုတ်ပြီ … ဟုတ်ပြီ၊ ဒါဆို အဖေ ဥပုသ်သွားလိုက်မယ်နော်”

သားအဖနှစ်ယောက်၏ အေးမြသည့် မေတ္တာကမ္ဘာစစ် ဇာတ်ဝင်ခန်းလေးက ဦးလူသန် နှလုံးသားထဲ ဝင်လှုပ်လာပြန်သည်။

“ဪ ငါ့သားလေး ပညာမတတ်ရှာလို့ ပင်လယ်ပြင်ထဲ ငါနဲ့အတူ လှိုင်းသရမ်းတွေနဲ့ စီးချင်းထိုးနေရရှာတာကလား။ ငါပေးနိုင်တဲ့ အမွေကလည်း ဒါပဲရှိတာကိုး”

ပင်လယ်ပြင်ထဲ လှုပ်ရှားရုန်းကန်နေရသော သားလေး ထူးအောင်၏ အဖြစ်ကို ကြည့်ပြီး မချိတင်ကဲဖြစ်မှုသည် သားချစ် အဖေ၏ ရင်ထဲတွင် ပြည့်ကျပ်နေ၏။

XXX XXX XXX

အပင်လယ်လှိုင်းတွေ တစ်လုံးနောက် တစ်လုံး ပြေးလိုက်လာရင်း လှေကလေးကို မ,တင်ပြီး ရိုက်ချလိုက်မှ ဦးလူသန် အတွေးရပ်သွားသည်။

“သားရယ် လူလေး နေလည်းညိုလာပြီ လှိုင်းတွေလည်းပေါ်လာပြီ …. ပြန်ကြစို့နော်”

“ဟုတ်ကဲ့ပါ အဖေ”

သား ထူးအောင်မှာ ရွက်လိပ်ကို ကောက်ယူပြီး ရွက်ထူလိုက်၏။ ရွက်နပျံကြိုးကို ပဲ့ထုပ်တွင် ဆွဲချည်လိုက်ပြီးချိန်တွင်တော့ တံငါလှေကလေးမှာ နတ်မြင်းပျံသို့ မြူးကြွားကြွား။

ရမ်းပေါက်လေ (နွေရာသီ ညနေပိုင်းများတွင် ပင်လယ်ပြင်ဘက်မှ တိုက်ခတ်သောလေ) ၏ တွန်းအားကြောင့် ရွက်လှေကလေးမှာ ပြေးအား ကောင်းမှကောင်း။ ဦးလူသန်မှာ ရွက်ကို လေသွင်းခံပြီး လှေဦးကို ကမ်းခြေဘက်သို့ ဦးတည်ပေးထားသည်။ တစ်ချီတစ်ချီ လေက အားမာန်သွင်းပြီး ပြေးရိုက်လိုက်ရာ ရွက်တစ်ဖုံလုံးကို တဖြန်းဖြန်း ရုန်းခါသွားစေ၏။

ပင်လယ်ရေပြင်ထဲသို့ နာနာနှိုက်ပြီး ကန့်ကြိတ်ထားသော တက်မ,ရိုးကို မြဲမြဲကိုင်ထားသော ဦးလူသန်၏ လက်ဖျံရိုးကြီးများမှာ လွန်လွန်ကဲကဲ အားစိုက်ထား ရမှုတို့ကြောင့် တဆတ်ဆတ် တုန်ခါနေ၏။

ရေခူကောင်ကြီးများကို အပြည့်တင် သယ်ဆောင်လာသော လှေကလေးမှာ နေဝင်ရီတရောအချိန်မျိုးတွင် ပေါ်လာတတ်သော လှိုင်းလုံးကြီးများကို တစ်လုံးပြီးတစ်လုံး ဖိနင်းကာ တရှဲရှဲ အသံပေးပြီး ပြေးနေ၏။

“အဖေကြီး … လှိုင်းတွေအရမ်းကြီးလာပြီနော်။ အဖေ ပင်ပန်းနေပြီ။ သားတစ်လှည့် ပဲ့ပိုင်ပေးမယ်လေ”

“သား တစ်နေကုန် ရေခူလိုက်ကောက်နေရတာ သားအရမ်းပင်ပန်းနေတာ အဖေမြင်တယ် သား”

“ရပါတယ်၊ သားက အားခွန်တွေ ပြည့်ဖြိုးနေတဲ့ အရွယ်ပါ။ အဖေကသာ ဇရာဘက်ရောက်နေပြီလေ”

“မဟုတ်ဘူးသား။ အဖေက တစ်သက်လုံး ပင်လယ်ပြင်မှာ လုပ်စားလာခဲ့တာဆိုတော့ အတွေ့ အကြုံကရှိပြီးသားလေ။ လှိုင်းကြီးတာလောက်တော့ အဖေ ဘယ်စဉ်းစားမလဲ သားရယ်”

အဖေနှင့်သား သားနှင့်အဖေ တစ်ဦးနှင့်တစ်ဦး သွေးကပြောသည့် သံယောဇဉ်စကားသံများက အပြန်အလှန် ကြင်နာမှု ပြယုဂ်များအဖြစ် ဖော်ထုတ်နေကြလေသည်။

ရှင်နေမင်း၏ အလင်းအားက တဖြည်းဖြည်း ပိုမိုလျော့နည်းလာသော်လည်း ပင်လယ်လှိုင်းလုံးကြီးများကတော့ ပိုပြီး အားပြည့်အင်ပြည့် ဖြစ်လာကြသည်။ လှေကတော့ ပြေးမြဲပြေးနေ၏။ တဖြည်းဖြည်း မြန်မာ့ပင်လယ်ပြင် အနောက်ခြမ်းအစွန်ဆုံး ကျွန်းများဖြစ်သော ကျွန်းသရဲကျွန်း တောင်ကြီးမော်ကျွန်း နတ်စဖိုကျွန်းများက ပိုပြီးကြီးမားစိမ်းစိုလာကြသည်။ အကြောင်းသော်ကား ကျွန်းများနှင့် ပိုမိုနီးကပ်လာကြောင့် ထင်သာမြင်သာ ဖြစ်လာခြင်းပင်ဖြစ်သည်။

ရေခူကောက်ခြင်းမှာ ယခင်က ရွာနီးချုပ်စပ် မြစ်ချောင်းများမှာ ရသော်လည်း ရေခူများမှာ သူတို့အသက်အန္တရာယ်ကို ကာကွယ်လိုလို့လားမသိ။ ခုဆိုလျှင် ပင်လယ်ပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ရေသေရက် ဖြစ်ခြင်းကြောင့်ဟုလည်း ပြောကြ၏။ သည်တော့ ရေခူရှိရာ ပင်လယ်ပြင်တွင်းသို့ ရေခူရှာသူ ရေတံငါရေမုဆိုးများ ရောက်ရှိလာကြခြင်းပင် ဖြစ်ပေသည်။

“ဖြစ်ပါ့မလား အဖေရယ်၊ နေလည်း ညိုလာပြီ လှိုင်းတွေ အရမ်းကြီးလာပြီနော်”

“သားရယ် . . . အဖေ တစ်သက်လုံး ဒီလို လှိုင်းဆိုးတွေနဲ့ စီးချင်းထိုးလာတာနော်”

“မဟုတ်ဘူး အဖေ၊ အဖေက မျက်လုံးလည်း သိပ် အားကိုးမရတော့ဘူးလေ။ လှေဦး မငြိမ်ဘူး အဖေ၊ ဟိုယမ်းဒီယမ်း ဖြစ်နေတယ်”

“ဪ သားကလည်း၊ လှိုင်းရှိမှတော့ လှေဦးယမ်းတာ ဘာဆန်းလို့လဲကွယ်”

သားနှင့်အဖေတို့၏ မေတ္တာအားပြိုင်မှုက ပင်လယ်ပြင်လှိုင်းသံများကြားတွင် ပီပီသသ ထွက်ပေါ်နေပေ၏။ တိုင်ကပ်ရွက်ကလေးကို ရမ်းပေါက်လေက ခပ်ကြမ်းကြမ်းဝင်တိုးနေပေရာ လှေပြေးအားကလည်း အလွန်ကောင်းနေသည်။

“ဟဲ့ … ဟဲ့ … ဟဲ့ … ဗွမ်း”

လှေဦးပိုင်းတွင် ထိုင်နေသော ထူးအောင်သည် အသံကြားလို့ လှေပဲ့ပိုင်းသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ ပဲ့ကိုင်မဲ့သော လှေမှာ တစ်ပတ်လည်ကာ ပြေးအားရပ်သွားသည်။ ရွက်ကလည်း လေတိုးအား မရှိတော့သဖြင့် တဖြုန်းဖြုန်း ရုန်းခါနေ၏။ လှေပြေးအား ရပ်သွားသည့်အချိန်တွင် လှိုင်းသရမ်းတို့၏ ဆိုးသွမ်းမှုကို ပိုမိုခံနေရပေတော့သည်။

ထူးအောင်မှာ သူ့အဖေ လှေပဲ့စင်တွင် မရှိတော့မှန်းသိသည့်အချိန်တွင် ရွက်ကို ချက်ချင်းချလိုက်၏။ သို့သော် သူ့အဖေ ဦးလူသန်ကိုကား လုံးဝဆို လုံးဝ မမြင်လိုက်ရတော့ပေ။ နေဝန်းနီကြီးကလည်း ပင်လယ်ပြင် မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။

“အဖေ … အဖေ … အဖေ”

ထူးအောင်မှာ သံကုန်မြှင့်ပြီး အဖေ့ကို အော်ခေါ်လိုက်၏။ ထူးအောင်၏ အသံမှာ လှိုင်းသံများကြားတွင် တိမ်မြုပ်ပျောက်ကွယ်သွားသည်။ လှေအသွားနှုန်း မရှိတော့သော လှေမှာ ပွက်ပွက်ဆူနေသော လှိုင်းလုံးများကြားတွင် ရှေ့တိုးနောက်ငင် ဘယ်လူးညာလိမ့်ကာ ဗြောင်းဆန်အောင် လှုပ်ခါနေ၏။

“အဖေ … အဖေရေ … အဖေ”

ထူးအောင်ကား သံကုန်ဟစ်ပြီး ခေါ်မြဲခေါ်သည်။ လောကကြီးအလယ်မှာ အဖေနှင့်သား နှစ်ယောက်သာရှိသည့်ဘဝတွင် ခု သားချစ်အဖေ ဘဝပင်လယ် ရေပင်လယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။ ညအမှောင်အောက် ရေပင်လယ်ထဲမှာ ရေတံငါလူညိုထွားလေး ဘယ်ပုံရှေ့သို့ ဆက်ရပါ့။

“အဖေရေ … အဖေ … အဖေရေ”

ထူးအောင်အသံမှာ အော်ခေါ်ဖန်များ၍ တိမ်ဝင်နေခဲ့ပေပြီ။

ထူးအောင် ရင်ထဲတွင် မချိတင်ကဲဖြစ်မှုသည် ရင်နှင့်အမျှ ရှိနေ၏၊ ကြေကွဲစွာ ခံစားရမှုက မင်းမူလာရာ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ ဖြိုင်ဖြိုင်စီးဆင်းလာကြသည်။

“အဖေတော့ ဒုက္ခဖြစ်ပြီ။ ငါ ဒီအတိုင်း ခေါ်နေလို့ ဘာမှ ထူးလာမှာမဟုတ်ဘူး။ ရွာပြန်ပြီး ရွာသားတွေခေါ်ရှာမှ မျှော်လင့်ချက်ရှိမယ်”

အသိတရား၏ စေ့ဆော်မှုကြောင့် ထူးအောင် ရွက်ထူရန် ပြင်လိုက်သည်။

“ဟင် ဒုက္ခပါပဲ လှေနစ်တော့မှာပါလား”

ထူးအောင်မှာ အဖေ့အပေါ် အာရုံစူးရောက်နေရာ လှေအနေအထားကို သတိမထားနိုင်ခဲ့။ ခုတော့ ရေတွေဝင်ပြီး တော်တော်ပြည့်နေပြီ။

ထူးအောင်မှာ လှေဝမ်းထဲသို့ ပြေးဆင်းပြီး တစ်နေကုန်ကောက်ထားသော ရေခူကောင်များကို တစ်လုံးပြီးတစ်လုံး ပစ်ချလိုက်၏။ ရလိုဇော လောဘတရားနဲ့ ကောက်ယူထားသော ရေခူကောင်များမှာ ငွေအသပြာဖြစ်မလာဘဲ သေရွာသို့ပို့မည့်အကောင် ဖြစ်နေချေပြီကိုး။

ရေခူ တစ်ဝက်ခန့်အကုန်တွင် လှေမှာ တော်တော်ကြွတက်သွားသည်။ ထူးအောင်ကား မနားပေ။ ရေပက်ခန်းသို့ ချက်ချင်းဆင်းပြီး ရေများကို ပက်ထုတ်လိုက်ပြန်၏။ အားကောင်းမောင်းသန် လူညိုထွားလေးမှာ သန်တုန်းမြန်တုန်း လုပ်နိုင်တုန်းမို့ မောရမှန်းပင် မသိ။

ချက်ချင်း ရွက်တိုင်ကိုကောက်ထူပြီး ရွက်ဖွင့်လိုက်၏။ လှေဦးပိုင်းမှ ခတ်တက်ကို ပဲ့စင်သို့ယူပြီး တက်မအဖြစ် အသုံးပြုကာ ရေထဲသို့ ချပြီး ကန့်ကြိတ်ထားလိုက်ရာ လှေမှာ ကမ်းခြေသို့ ဦးတည်ပြေးနေပေပြီ။

အဖေ့ချစ်သား ရင်ထဲ၌ ဖြစ်တည်နေသော သောကမီးသည် အရှိန်ပြင်းပြင်း လောင်ကျွန်းနေပေ၏။

XXX XXX XXX

ဦးလူသန် လှိုင်းအခါ လှေအလူးမှာ သတိကလေးတစ်ချက် လျော့လိုက်တာနဲ့ တက်မရွက် ရေနဲ့ လွတ်သွားပြီး အားလွန်ကာ ရေထဲသို့ လွင့်စဉ်ကျသွားခြင်း ဖြစ်လေသည်။ ရေကျအားက ပြင်းနေချိန်မို့ ပင်လယ်ဝဘက်သို့ ချက်ချင်းမျောပါသွားတော့သည်။

ဦးလူသန်မှာ ပင်လယ်ရေပြင်ထဲတွင် လှေကို ဖမ်းမရကိုင်မရ ဖြစ်သွားချိန်တွင် မိမိမှတစ်ပါး ကိုးကွယ်ရာမရှိတော့သောအဖြစ်ကို သိရှိသွားလေတော့သည်။

သတိတမံ ဉာဏ်မြေကတုတ် ဆိုသည့်အတိုင်း သတိကို ကြီးစွာထားပြီး ကိုယ်ကို ဖော့၍ကူး၏။ လှိုင်းလုံးများကလည်း မြှင့်တင်လိုက် လျှောဆင်းစေလိုက်ဖြင့် ဦးလူသန်ကို တိုက်စစ်ဆင်၏။ ဦးလူသန်ကလည်း လှိုင်းအလိုကိုလိုက်ပြီး အလိုက်သင့်ပင် လူးလိမ့် ကူးခတ်ကာ လောကဓံကို အံတု၏။

ဒုက္ခဆင်းရဲတွင်းထဲ ရောက်နေသူတို့၏ ဓမ္မတာအတိုင်း သွားလေသူ ဇနီးမယား၏အဖြစ်က ရင်ထဲသို့ ရောက်လာ၏။ သားလေးကိုလည်း ဘေးမသီရန်မခဘဲ အသက်တစ်ချောင်း ချမ်းသာပါစေကြောင်း ဆုတောင်းပတ္ထနာ ပြု၏။

အဆုံးတွင်တော့ ဗုဒ္ဓမှအပ ကိုးကွယ်စရာမရှိတော့ကြောင်း အာရုံထဲရောက်လာ၏။ ဘုရားကို မပြတ်တမ်း အာရုံပြု၏။ “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ” တည်းဟူသော ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ကို အာရုံပြုပြီး မပြတ် ရွတ်ဖတ်သရဇ္ဈာယ်၏။ ဦးလူသန် နှလုံးသားထဲမှာ ဘုရားတည်နေခြင်းဟု ဆိုနိုင်ပေသည်။

ညသည် ပိုမို ရင့်သီးမည်းမှောင်လာ၏။ ပက်လက်ကူးလိုက် ဘေးစောင်းကူးလိုက်နှင့် ညဉ့်ဦးယံ တိုင်ခဲ့ပေပြီ။ လူတစ်ကိုယ်လုံး အရမ်း မောပန်းနွမ်းနယ်လာ၏။ ဗုဒ္ဓဘုရားရှင်ကိုလည်း သတိမြဲလျက် အာရုံပြုနေ၏။ ခြေလက်များကို မလှုပ်ရှားနိုင်တော့ဟု အာရုံရလိုက်ချိန်တွင် မိမိခန္ဓာကိုယ်သည် သစ်တုံးကြီးတစ်တုံးပေါ် မ,တင်ထားသည်ဟု ခံစားလာရ။ ခြေလက်များကိုလည်း လှုပ်ရှားစရာမလိုတော့ချေ။ လှိုင်းများလည်း တဖြည်းဖြည်း ငြိမ်ကျသွားသည်ကို သတိထားမိလိုက်သည်။

ဦးလူသန်မှာ မောဟိုက်နွမ်းနယ်မှုကြောင့် လှုပ်ရှားနိုင်စွမ်းကား မရှိတော့ပါချေ။ သူ့ကို သယ်ပိုးပေးနေသော သစ်တုံးကြီးကိုလည်း ကျေးဇူးတင်မဆုံး ဖြစ်နေမိသည်။ လေငြိမ်သွားခဲ့ပြီမို့ ပတ်ဝန်းကျင်တွင် လှိုင်းကြက်ခွပ်ကလေးများသာ ရွစိရွစိလှုပ်ရှားနေကြသည်။

ရာသီ သဘာဝကတော့ နွေနှောင်းဂိမာန်ရာသီပီပီ မိုးသားတိမ်တိုက်ကြီးက ကောင်းကင်ပြင်ကြီးအား မိုက်မဲစွာ လွှမ်းမိုးထားရာ အရာရာသည် မှောင်နှင့်မည်းမည်း။

XXX XXX XXX

နွေမနက်ခင်း ရာဦဥတုက သာယာလွန်းနေသည်။ အရှေ့ လေပြည်ကလေးအသွေးတွင် ရွက်သစ်နုကလေးများ တဖျတ်ဖျတ် လှုပ်ခတ်သွားကြ၏။ စာငှက်ကလေးများက အမိုးဆင့်အောက်ကတစ်ဆင့် အဆောက်အဦးခန်းထဲသို့ ရောက်လာကြ၏။

စိုးစီ စိုးစီနှင့် ငှက်သံလေးများ အော်မြည်သံကြား၍ ဦးလူသန် မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ အခန်းနံရံ ဖြူဖြူဖွေးဖွေးကြီးမှာ နေရောင်ခြည်ကြောင့် ပိုပြီးလင်းလက်နေပေရာ မျက်လုံးကျိန်းစပ်သွား၏။ ဦးလူသန် မျက်လုံးကို ပြန်မှိတ်ထားလိုက်၏။

“အိုး … အား … နာလိုက်တာ”

“ဦး … နိုးလာပြီလား”

“ဟုတ် … ဟုတ်တယ် … နိုးပြီ”

နှုတ်ဆက်စကားသံကို တုံ့ပြန်ရင်း ဦးလူသန် မျက်လုံးကို ဖွင့်ကြည့်လိုက်ပြန်၏။ မမျှော်လင့်သော မြင်ကွင်းကြောင့် ကိုယ့်အဖြစ် ကို အံ့ဩမဆုံးဖြစ်သွား၏။

“ဟင် … ငါ ဘယ်ရောက်နေပါလိမ့်”

“ဦး ဆေးရုံရောက်နေတာလေ”

“ဟုတ်လား … ဟင် အံ့ဩစရာပဲ”

ဦးလူသန် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ရာ ဆေးပုလင်းနှင့် ဆေးပိုက်ကြိုးမှတစ်ဆင့် မိမိလက်ဖျံကြောထဲသို့ ဆေးစက်များ တစက်စက် ချထားသည်ကို တွေ့လိုက်ရသည်။ ဦးလူသန်မှာ အံ့ဩလွန်းမက အံ့ဩနေ၏။ အိပ်မက်လေလား ဝိုးတဝါးနဲ့ ဝေဝေဝါးဝါး ဖြစ်နေ၏။

“ဦး အားအင်တွေ ကုန်ခန်းပြီး အားလျော့နေတာလေ။ အဲဒါ ဆရာဝန်က ဆေးသွင်းပေးဖို့ ညွှန်ကြားတာနဲ့ သမီး ဆေးသွင်းပေးထားပါတယ်”

ဦးလူသန် အံ့ဩစွာ ကြည့်လိုက်ပြန်သည်။ မိမိကိုစကားတတွတ်တွတ်ပြောပြီး ဆေးသွင်းပေးနေသူမှာ အင်္ကျီအဖြူ လုံချည်အနီလေးနှင့် သူနာပြုဆရာမလေးမှန်း သိလိုက်သည်။

“တစ်ကိုယ်လုံးလည်း နာနေတယ်ဗျာ”

“နာမှာပေါ့ဦးရဲ့၊ ဦးကို ငါးပူတင်းတွေ တို့ဆိတ် ကိုက်ဆွဲထားကြတဲ့ ဒဏ်ရာတွေလေ။ ဦး ဘာမှမပူပါနဲ့ ။ ဆေးထည့်ပြီး အသေအချာ လုပ်ပေးထားပါတယ်”

“ဟာ … ငါ ဒီရောက်လာတာ အံ့ဩဖို့ကောင်းလိုက်တာဗျာ။ ငါ ဘယ်လို ရောက်လာတာလဲ မသိဘူး”

ဦးလူသန်မှာ အိပ်မက်များ ဖြစ်နေသလားဟု စဉ်းစားလိုက်ပြန်၏။ အရာရာသည် ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ပါပဲ။ အိပ်မက်မဟုတ်သည်ကတော့ သေချာသည်။

“ကိုအောင်ဒေါင်းရယ် ဦးကို ခဏရှင်းပြပေးပါဦး”

သူနာပြုဆရာမလေးက အခန်းထဲသို့ ရောက်ရှိလာသော လူနာရှင်ကို တိုက်တွန်းလိုက်သည်။

“ဦးကို ကျွန်တော် ပြောပြမယ်”

အနီးသို့ရောက်လာပြီး စကားပြောနေသူကို ဦးလူသန် ဝေဝေဝါးဝါး ကြည့်နေလိုက်၏။

“ဒီလိုဗျ၊ ကျွန်တော်တို့က ကျောက်ဖြူမြို့ကလေဗျာ၊ အဲဒီ ဦးတို့ တောင်ကြီးမော်ခွင်မှာ ငါးသလောက်တွေ တက်နေတယ်ကြားလို့ စက်လှေနဲ့ ပိုက်ထွက်လာကြတာ။ အဲဒါ မနက်မိုးလင်းစ,မှာ ကျွန်တော်တို့လှေ အဲဒီနေရာထဲလည်းရောက်ရော လူတစ်ယောက် ပင်လယ်ပြင်ထဲ မျောနေတာတွေ့လိုက်ရတယ်။ ကျွန်တော်တို့လည်း အခြေအနေကြည့်ရင်းနဲ့ ကပ်သွားကြတာ။ ဦးဟာ တုံးကြီးတစ်တုံးပေါ် တင်နေတာ”

ရေတံငါ အောင်ဒေါင်း၏ အပြောကို ဦးလူသန် အာရုံစိုက်ပြီး နားထောင်နေ၏။

“ကျွန်တော်တို့ အသေအချာကြည့်လိုက်တော့ ဦးက အသက်ရှင်လျက်ပဲ ရှိသေးတယ်လေ။ အဲဒီတော့ လူ့အသက်တစ်ချောင်းဆိုတာ တော်ရုံနဲ့ မသေကောင်းဘူးဆိုပြီး လှေပေါ်ဆွဲတင်ကြတယ်လေ။ အဲဒီအချိန်မှာ ဦးဟာ သတိလစ်နေလျက်နဲ့ ကျွန်တော်တို့နဲ့ ထိလိုက်တဲ့ အချိန်မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဆိုပြီး ပီပီသသ အသံထွက်သွားတယ်ဗျ။

အံ့ဩဖို့ကောင်းတာကတော့ဗျာ ကျွန်တော်တို့က သစ်တုံးကြီးလို့ ထင်ခဲ့ကြတဲ့ မည်းမည်းနက်နက် အရာကြီးဟာ ဦးရဲ့ ခန္ဓာကိုယ်အောက်ကနေ အသာအယာပဲ ထွက်ပြေးသွားတယ်လေ။ တကယ့် ငါးကြီးဗျာ”

ဦးလူသန်ကတော့ မျက်လုံးလေးအပြူးသားနှင့် စိုက်ကြည့်နေ၏။ ဘာစကားမျှတော့ မပြော။ သူ့ကိုကြည့်ရသည်မှာ သူ့အဖြစ်ကိုသူ တွေးပြီး အရမ်းအံ့ဩနေပုံရသည်။

“ဒီက ကိုကြီးတို့က ငါးရှာဖို့ ထွက်ကြတာပဲမဟုတ်လား။ ဘာလို့ ငါးမရှာပဲ ဒီက ဦးကို ဆယ်ပြီး ပြန်လာကြတာလဲ”

“ဪ ဆရာမရယ်၊ ဒါက ကျွန်တော်တို့ ရေတံငါတွေရဲ့ ကျင့်သုံးရတဲ့ ကျင့်ဝတ်လေ။ ပင်လယ်ပြင် မြစ်ချောင်းထဲမှာ တစ်စုံတစ်ဦး ဒုက္ခရောက်နေတာတွေ့ရင် ကူညီရမယ့်အလုပ်ကို ရေတံငါတိုင်း သိကြပါတယ်။ စောင့်လည်း စောင့်သိကြပါတယ်”

သူနာပြုဆရာမလေး၏ အမေးကို ကိုအောင်ဒေါင်း အသေအချာ ရှင်းပြလိုက်၏။

ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်အစပ် ပင်လယ်ပြင်သည် ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်း၏ အဓိက ငါးဖမ်းကွက်ဖြစ်သည်။ ဘင်္ဂလားပင်လယ်ပြင်ကြီး၏ ကမ်းနီးပိုင်းဒေသလည်းဖြစ်၏။

အောက်ဘက်သို့ ဆင်းသွားလျှင် ကမ်းမမြင်တော့သော ကမ်းဝေးရပ်ဝန်းပင် ဖြစ်သည်။

ဤကမ်းနီးငါးဖမ်းလုပ်ငန်းမှာ ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်သား ရေတံငါတို့၏ ဘဝဝမ်းမီးကို ငြိမ်းစေသော ပရိယသေန လုပ်ကွက်လည်း မည်ပေ၏။

ကျောက်ဖြူမြို့က အောင်ဒေါင်းတို့ ငါးဖမ်းလှေမှာ ဦးလူသန်ကို ဆယ်ယူပြီး ကျောက်ဖြူမြို့ဆေးရုံသို့ ခေါ်လာခဲ့ ခြင်းဖြစ်သည်။

“မေတ္တာ သတ္တော အနန္တော”ဟု မြတ်ရှင်စော ဟောကြားခဲ့သော တရားတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ ရင်တိုင်းတွင် ခိုဝင်လျက် ရှိတတ်ကြပေသည်တကား။

လူလူချင်း မေတ္တာစိတ်ထားတတ်ကြသော ရေတံငါတို့၏ လူသားဆန်သောလုပ်ရပ်ကြောင့် ဦးလူသန်တစ်ယောက် လူ့လောကထဲ ပြန်လည်ရှင်သန်ခွင့် ရခဲ့လေပြီ မဟုတ်ပါလား။

“ဟဲ့ … ဟဲ့ … ငါ့သား … ငါ့သားလေး ထူးအောင် ကောဟင်။ ငါ့သားလေး ထူးအောင် ဘယ်မှာလဲ။ သားလေးအတွက် ငါရင်ပူလိုက်တာကွယ်။ သားလေး ဘယ်မှာလဲဟင်”

ဦးလူသန်မှာ သားကို သတိရသွားပြီး ရင်သည်းလှိုက်ဖို အော်လိုက်သည်။

ဦးလူသန်မှာ ပင်လယ်ပြင်ထဲ လှေကလေးတစ်စီးနဲ့ တစ်ယောက်တည်း ကျန်ရစ်ခဲ့သော သားလေး၏ အဖြစ်ကို သတိရပြီး နှလုံးသည်းပွတ် ကျွတ်ထွက်လုမတတ် ခံစားသွားရပေပြီ။

ချက်ချင်း ထထိုင်ပြီး သား ထူးအောင်၏ အဖြစ်ကို ကမန်းကတန်း မေးနေမိသည်။

“ဦးကလည်း ပင်လယ်ထဲ ကျခဲ့တဲ့ ဦးတောင် မသေမပျောက်ဘူးဆိုမှတော့ လှေပေါ်မှာ ရှိနေတဲ့ ဦးသားက ဘာဖြစ်မှာလဲ ဦးရယ်”

“မဟုတ်ဘူးလေကွာ။ ညမှောင်မှောင် ပင်လယ်ပြင် လှိုင်းတောထဲမှာ လှေကလေးတစ်စီးနဲ့ ငါ့သားတစ်ယောက်ထဲ ကျန်ခဲ့တာ”

“မပူပါနဲ့ ဦးရယ်။ ဦးသားက အားကောင်းမောင်းသန် လူငယ်တစ်ယောက်ပါ။ သူ လှေတစ်စီး ရွက်တစ်ဖုံနဲ့ ရွာကို ကောင်းကောင်းရောက်နိုင်ပါတယ်”

ရေတံငါ အောင်ဒေါင်းက ဦးလူသန်ကို ဖြေသိမ့်လိုက်သည်။ ဦးလူသန်ကလည်း သူ သတိမေ့သွားသည့်အထိ ကြိုးစားကူးခတ်ခဲ့ကြောင်း၊ ဗုဒ္ဓဘုရားရှင်ကိုလည်း အာရုံထဲမှာ မပြတ်ပင့်ထားကြောင်း၊ နှလုံးသားထဲမှာ ဘုရားတည်နေကြောင်း၊ ခြေလက်တို့ လှုပ်မရ သယ်မရ ဖြစ်လာသည့်အချိန်တွင် သစ်တုံးကြီးတစ်တုံး မျောပါလာပြီး သူ့ရင်ဘတ် အောက် ရောက်လာမှုကြောင့် သက်သာရာရခဲ့ကြောင်းတို့ကို ပြောပြ၏။

“ဪ ဦးခံယူချက် အရမ်းမှန်တာပေါ့။ ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓကို အာရုံထဲမှာ မပြတ်ကိုးကွယ်နေတာရယ်၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို မပြတ်အာရုံပြုနေတာတွေကြောင့် ဦးကို ကယ်ဆယ်မည့် သတ္တဝါဝေနေယျတို့ လာရောက်ကယ်တင်ကြတာပေါ့ ဦးရယ်”

သူနာပြု ဆရာမလေးက ဘာသာတရား၏ အဆုံးအမစကားဖြင့် ဦးလူသန်ကို ကရုဏာသက်စွာ ပြောပြလိုက်၏။

“ဦးသား ဘယ်လိုနေလဲ မသိဘူးကွာ”

ဦးဦးကလည်း ဦးသားအတွက်ကို မပူပါနဲ့။ ကျွန်တော်ပြောပြမယ်။ ဦးတို့ ကျွန်းသာယာရွာမှာ တာဝန်ကျနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇံမောင်ဟာ ဒီကျောက်ဖြူမြို့မှာနေတာ။ ကျွန်တော်နဲ့ ခြံချင်းကပ်လေဗျာ။ ဦးအဖြစ်ကို ကျွန်တော်က ပြောပြလို့ သူ ဦးကို လာကြည့်သွားပြီးပြီ။

ဦးကိုလည်း သူတာဝန်ကျတဲ့ရွာကဆိုတာ သူပြော ပြတယ်လေ။ ခု သူ ကိစ္စတစ်ခုနဲ့ အရေးကြီးလို့ မြို့ထဲ ခဏပြန်သွားတယ်။ တော်ကြာ ပြန်လာဦးမှာပါ။ ဦးသားဆီကိုလည်း ဦးတို့ရွာက ဆရာတော်ဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း သူလျှောက်ထားပြီးပြီ။

ခုဆို ဦးသားနဲ့ ရွာကလူတွေ ဆရာတော် စက်လှေနဲ့ ဦးဆီလာနေကြပြီတဲ့။ ကျန်းကျန်းမာမာဆို နေ့လယ်လောက် ရောက်လာကြမှာသိလား”

“ဪ ဟုတ်လား ဝမ်းသာလိုက်တာဗျာ”

ကိုအောင်ဒေါင်း စကားကြောင့် ဦးလူသန် ရင်ထဲတွင် ဝမ်းသာကျေနပ်မှုများ ပြည့်သွားသည်။

“သားတို့ ကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူးဗျာ။ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ဘူး။ ဦးမှာ သားတို့ထားတဲ့ အသက်ပဲ ရှိပါတော့တယ် သားလေးရယ်”

ဦးလူသန်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်ဝိုင်းနေ၏။ မျက်လုံးအစုံကို မှိတ်လိုက်ချိန်တွင် မျက်ဝန်းအိမ်မှတစ်ဆင့် နှာတံဘေး တစ်ဖက်တစ်ချက်မှ မျက်ရည်စီးကြောင်းလေးများ လိမ့်ဆင်းသွားကြ သည်။

လူတိုင်းလူတိုင်းသည် လူဖြစ်လာရ တစ်ခဏတွင် ဘဝတစ်ခု ရှင်သန်နိုင်ရေးအတွက် ဘဝပေးအခြေအနေ သဘာဝပေးအကြောင်းတရားတို့ကို အမှီပြုပြီး လှုပ်ရှားကြရ၏။ ရုန်းကန်ကြရ၏။

ဤအထဲတွင် ရေပင်လယ်ကို အမှီပြုပြီး ရပ်တည်ကြရသူများအတွက် အသက်အန္တရာယ်သည် မိမိအနီးမှာ အမြဲတမ်း လက်ကမ်းကြိုဆိုလျက် ရှိနေ တတ်ကြပေသည်လေ။

ပင်လယ်ပြင် ရေလုပ်သားတို့ အနေဖြင့် ချီးကျူးဖွယ်ရာကောင်းသည်မှာ ပင်လယ်ပြင်၌ တစ်စုံတစ်ဦးသောသူသည် ဒုက္ခတွင်းသို့ သက်ဆင်းပြီး ကြီးစွာသော ဒုက္ခကို ခံစားနေချိန်မျိုးတွင် မိမိ စီးပွားကို ဘေးဖယ်ထားပြီး ဒုက္ခရောက်နေသူအား ကယ်ဆယ်စောင်မတတ်ကြသည်မှာ လူစိတ်ရှိသော လူသားများဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပေသည်။

“အတ္တသမာ ပဏီဓိစ”ဆိုသော ဗုဒ္ဓဟောကြားခဲ့သော မင်္ဂလာတရားတော်နှင့်အညီ စိတ်ကောင်းထားခြင်းသည် မင်္ဂလာတရားဖြစ်ကြောင်းကိုလည်း ပြဆိုရာရောက်ပေသည်။

ပင်လယ်ရေပြင်ထဲမျောပြီး အသက်တစ်ချောင်း ရှင်သန်ရေးအတွက် ကြီးစွာသောဒုက္ခကို ခံစားနေရသော ဦးလူသန်အား လူလူချင်း စာနာသောအသိဖြင့် ရေလုပ်သား အောင်ဒေါင်းတို့၏ ကုသိုလ်အလုပ် သည် လူ့အသက်ကို ကယ်ဆယ်နိုင်ရုံမက လောကသံသရာ အကျိုးကျေးဇူးများမှာကား ပြောမပြတတ်အောင်ပင် များလှပေသည်တကား။

(၂၀၁၃-ခုနှစ် စာပေဗိမာန်စာမူပြိုင်ပွဲ ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ “အလွမ်းပင်အိုက ပန်းလက်ကျန်” စာအုပ်မှ ဝတ္ထုဖြစ်သည်)

– ပြီး –

စာရေးသူ – ကျွန်းစဥ်မြေစောခက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *