July 30, 2025
Uncategorized

ဘဝပေး တာဝန်

အောင်ကိုမြင့်
ဘဝပေး တာဝန်

ကျွန်တော့်အဖေသည် ကျွန်တော့်ကို အလွန် ချစ်သောကြောင့် သူသွားရာအရပ်သို့ တကောက်ကောက်ပါအောင် ခေါ် သွားလေ့ရှိသည်။ အများအားဖြင့် ဖခင်တိုင်း ဖခင်တိုင်းကလည်း သူတို့၏သားများကို ဤသို့ပင် ချစ်ကြလိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။

ကျွန်တော်သည် အဖေနှင့် ထက်ချပ်မကွာ လိုက်ပါခဲ့သည်မှာ ကျွန်တော် ခုနစ်နှစ်သားအရွယ်မှ ၁၆ နှစ်သားအရွယ်အထိ ဆက်တိုက်ပင် ဖြစ်လေရာ အဖေသည် ကျွန်တော့်အား ၁၀ နှစ်လုံးလုံး အနား မပေးဘဲ ခေါ်ယူသွားခဲ့သည်ဟူသော သဘောပင် ဖြစ်သည်။

ဤသို့ ၁ဝ နှစ်လုံးလုံး အနားမပေးဘဲ ခေါ်ယူသွားခဲ့သည်မှာ ဘဝပေးတာဝန်ထမ်းနိုင်ဖို့ဟု မကြာခဏ ပြောပြလေသည်။

မှန်သည်။ ကျွန်တော် ၁၀ နှစ်လုံး အဖေနှင့် တောအနှံ့ တောင်အနှံ့ လိုက်လံလှည့်လည်၍ မျောက်ပေါက်စလေးတွေကို မျောက်ကြီးတွေ ကျောပိုး၊ ရင်ပိုး ခေါ်ယူသွားရင်း သင်ပြနေပုံ၊ ငှက်မကြီးတွေက ငှက်ကလေးတွေကို သင်ပြပုံအစ လက်ညှိုးညွှန် ပြသရင်း-

“တွေ့လား သားကြီးရဲ့။ လူမဆိုထားနဲ့ တိရစ္ဆာန်တွေတောင်မှ သူတို့သားသမီးကို သူတို့ စနစ်တကျ သင်ပြလမ်းညွှန်တာ ထုံးစံ မဟုတ်လားကွ”

ဟုလည်း သွားရင်းလာရင်း ရှင်းလင်းပြလေသည်။

တစ်ခါတွင်

“ဖေဖေက သားကို ခုလို သွားလေရာ ခေါ်ယူနေတာ သားကိုချစ်လွန်းလို့။ နောင်အခါ သားဟာ လူ့ဘဝမှာဘယ်လို ဘဝပေးတာဝန်တွေ ထမ်းဆောင်ရမလဲဆိုတာ ပီပြင်အောင်လို့ သင်ခန်းစာတွေကို လက်တွေ့ပို့ချနေတာပဲ သား”

ဟုလည်း စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပါသည်။

ထို့ကြောင့် အဖေအသီးသီးတို့၏ သားသမီးအပေါ် ချစ်ပုံချစ်နည်းတို့သည် မေတ္တာကို အခြေခံသည့်ပုံသာတူပြီး ချစ်ပုံချစ်နည်းတို့ကား အတွေ့အကြုံ၊ အတွေးအမြင်တို့အလိုက် ကွဲပြားခြားနားမှု ရှိသင့်လိမ့်မည်ဟု ထင်ပါသည်။ အဖေ့ပြောပုံဆိုပုံများအရ ဤသို့ ကျွန်တော် ယူဆခြင်းပင် ဖြစ်သည်။

“ဒီမှာသားကြီးရဲ့၊ လောကကြီးက အလွန်ဆန်းကြယ်တာကလား။ တစ်ခါတလေ သားတို့ အဖေတို့ ချေလိုက်သွားရင်း သမင်ရခဲ့တာ ရှိတယ်။ တစ်ခါတလေ သစ်လိုက်သွားရင်း ယုန်ရပြီး ပြန်ခဲ့ရတာ ရှိတယ်။ တစ်ခါတလေ လိပ်ရှာသွားရင်း ကျားနဲ့ ရင်ဆိုင်တိုးပြီး သက်ဦးဆံဖျား ကျားသေထမ်းပြီး ပြန်လာခဲ့ရတာ ရှိခဲ့ဖူးတယ်ဆိုတော့ ဘဝအတွက် ဘာမဆို ကြိုတင်ပြင်ဆင်၊ ကြိုတင်တွက်ချက်၊ ကြိုတင်ခန့်မှန်းနိုင်မှ အပွေးမြင် အပင်သိ၊ အတွေးလျှင် အလျင်သိ ဖြစ်မယ်မဟုတ်လား”

ဟူ၍လည်း မိန့်ခြွေတတ်ပါသည်။

တစ်နေ့ ကျွန်တော် ချောင်းဖျားအထက်ပိုင်းသို့ ငါးဆေးခတ်၍ ငါးသွားဖမ်းရန် ပြင်ဆင်နေဆဲ အဖေက လှမ်း၍ခေါ်ယူလိုက်ပြီး နောက်-

“လူဆိုတာ ဘဝပေးတာဝန် ကျေပွန်ရတယ်ကွ။ ဘဝပေးတာဝန်ဆိုတာက ဘယ်သူကမှ မခိုင်းမစေဘဲ အမိန့်မပေးဘဲ အလိုအလျောက် ပင်ကိုအသိနဲ့၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အရာတစ်ခုကို လုပ်သင့်တယ် ဆိုယင်၊ အဲဒါလုပ်လိုက်လို့ အများအတွက် အကျိုးစီးပွားဖြစ်သွားမယ်ဆိုယင်၊ ဒါမှမဟုတ် အများအတွက် အန္တရာယ်ကင်းသွားမယ်ဆိုယင် အဖေ့သားအနေနဲ့ လုပ်သာလုပ်။

အဲဒီလိုလုပ်တဲ့နေရာမှာ အဖေ့သား အနစ်နာခံ၊ အမုန်းခံဘဝ ရောက်ယင် ရောက်သွားမယ်။ တစ်နေ့မှာ ဇာတ်ရည်လည်သွားပြီး လူတွေက သဘောပေါက် နားလည်သွားကြမှာပါပဲ။ ဒါကြောင့် အဖေ့သား ရောက်ရာအရပ်မှာ ဘဝပေးတာဝန် ကျေပါစေ”

“ဟုတ်ကဲ့ စိတ်ချပါ ဖေဖေ”

“အခု သားကြီး ငါးဖမ်းသွားမလို့ ပြင်ဆင်နေတာ မဟုတ်လား”

“ဟုတ်ကဲ့”

“အဲဒါ နောက်မှ အဆင်ပြေယင်လဲ ဆက်လုပ်ပါ။ အခု အဖေ သားကြီးကို ပြောစရာစကားတွေ အများကြီးရှိတယ်။ သားကြီးကို သားကြီးလို့ခေါ်ယင် ထူးတတ်အောင်၊ အဖေ့ကို အဖေလို့ ပြန်ပြီး ခေါ်တတ်အောင် စကားတွေ စပြီးသင်ခဲ့တဲ့ နေ့ကတည်းက အခုထိ သင်စရာ၊ ပြစရာ၊ ပြောစရာတွေက မကုန်သေးဘူး။

သားနဲ့အဖေဆိုတာ အထူးသဖြင့် အဖေက သားအပေါ်မှာ ပြောစရာစကားဆိုတာ အဖေ မသေသေးသမျှတော့ ဘယ်တော့ဆို ဘယ်တော့မှ ကုန်မှာမဟုတ်သေးဘူးသား။ အဖေ့စကားဆိုတာတွေဟာ အဖေ့မေတ္တာက စီးဆင်းလာတာလို့လဲ သဘောပေါက်ခဲ့လား သားရဲ့”

“ဟုတ်ကဲ့ သဘောပေါက်ပါတယ် ဖေဖေ”

“အေး.. သဘောပေါက်ယင် သားကြီး သွားစရာ ခရီးတစ်ခုရှိတယ်။ လမ်းပြပဲ။ အဖေ မလိုက်နိုင်ဘူး။ အဖေ့ကိုယ်စား သား လိုက်သွားပါ။ ယူစရာရှိတာ ပြင်ပါ။ အဖေ့ကိုယ်စား လိုက်သွားယင် သားကြီး ဘဝပေးတာဝန် ကျေပွန်ပြီး အစစ အဆင်ချောပါစေလို့ အဖေ ဆန္ဒပြုလိုက်ပါတယ်”

“စိတ်ချပါ ဖေဖေ၊ သား အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ပါမယ်”

“အေး…အဖေ ကြားရတာ ဝမ်းသာတယ်။ သား လိုက်သွားရမှာက တို့မြန်မာ့နိုင်ငံအတွက် မြေအောက်သယံဇာတတွေ ကူညီရှာဖွေပေးမယ့် နိုင်ငံခြားက ဂျာမန်ပါရဂူတွေပဲ သားရဲ့။ ဒီတော့ သူတို့က နိုင်ငံတော်ရဲ့ မိတ်ဆွေဖြစ်သလို သားရဲ့ မိတ်ဆွေတွေလဲ ဖြစ်တယ်။

ဒါကြောင့် သားတတ်နိုင်သမျှ သူတို့ကိုကူညီပါ။ သူတို့အမှုကို ထမ်းရွက်ပါ။ လမ်းပြဆိုပေမယ့် သူတို့အတွက် အားလုံး ဆောင်ရွက်ပေးပါ။ သွားမယ့်အဖွဲ့ထဲမှာ သားက အသက်အငယ်ဆုံးဆိုတော့ အားလုံးကို ရိုသေပါ၊ လေးစားပါ။ အားလုံးဟာ သားရဲ့ လူသားအမျိုးတွေပဲလို့ သိထားပြီး တောတွင်းသားကောင်တွေရဲ့ရန်နဲ့ ဆိုင်လာယင် သား တတ်စွမ်းသမျှ ကူညီပံ့ပိုးပါ။ ဒါပါပဲ သား”

“စိတ်ချပါ ဖေဖေ”

x x x x

ကျွန်တော်တို့အုပ်စုသည် ဒုတိယနေ့ခရီး ဆက်လက်ထွက်ခွာလာကြသည်။ ဆင်လန်တောင်စခန်း၏ မြောက်စူးစူးသို့ ထွက်ခွာလာခဲ့ပြီး ရွက်ကြွေတောရှည် တောင်တန်းရှည်ကြီးတစ်ခုကို စုန်၍ လာခဲ့ပြီးနောက် ပြင်ညီတစ်ခုပေါ်တွင် စခန်းချရပ်နားလိုက်ကြသည်။

ထိုစခန်းတွင် နေ့လယ်စာ စီမံစားသောက်ကြပြီးနောက် ဝဲယာတောင်မြောက် အရှေ့အနောက်ဖျားဆီသို့ လှည့်လည် ရှာဖွေ စူးစမ်းကြဦးမည်ဖြစ်သည်။

ကျွန်တော်တို့အုပ်စုတွင် ကျွန်တော်သည် လမ်းပြ၊ ကျွန်တော်သည်သာ ကလေးဖြစ်လေရကား ဂျာမန်ပါရဂူကြီးများက ကျွန်တော့်ကို အတော်ကလေး ခင်ခင်မင်မင်ရှိပြီး “မိုင်ဘွိုင်း … မိုင်ဘွိုင်း” ဟု ကျွန်တော့်ကိုခေါ်လေသည်။

မိုင်ဘွိုင်းဆိုသည်မှာ မြန်မာလို “ငါ့လူ … ငါ့လူ” “လူကလေး” “မောင်ပု” ဟူသော အဓိပ္ပာယ်မျိုးရှိကြောင်း ကိုအေးကြူက ရှင်းပြထားခဲ့သည်။

ဤသို့ခေါ်ရာ၌ ကိုအေးကြူက ရှင်းမပြလည်း ဂျာမန်ကြီးများက ကျွန်တော့်ကို ချစ်ခင်ရင်းနှီးစွာ လှိုက်လှိုက်လှဲလှဲ ခေါ်ခြင်းဖြစ်ကြောင်း သူတို့၏ အမူအရာများက ဖော်ပြမှုများအရ သိနေပါသည်။

သူတို့သည် တစ်တောင်မှ တစ်တောင်သို့၊ တစ်တောမှ တစ်တောသို့ သွားရာ၌ ကျွန်တော့် ရှေ့ဆောင်မှုကို ခံယူသော်လည်း စခန်းချရာအရပ်သို့ ရောက်သောအခါတွင် ဓာတ်သတ္တုရှာဖွေရေးကိစ္စတွင် ကျွန်တော့်အကူအညီ မလိုတော့ပေ။

သူတို့ပါလာသည့် မြေပုံကိုကြည့်ရင်း ရှာဖွေစူးစမ်းကြလေသည်။

သူတို့ ဤသို့ ရှာဖွေပြုစုရာ၌ အလံတိုင်အမှတ်အသားများ ပြုခဲ့ခြင်း၊ ဤသို့ပြုသည်ကို စာရွက်များပေါ်၌ မှတ်တမ်းတင်ကြမည်ဟုလည်း ကျွန်တော်တင်မိသည်။ ဟုတ်လမဟုတ်ကိုမူကား ကျွန်တော်မသိ။

ထိုနေ့ နေ့လယ်ပိုင်းတွင် ဝန်းကျင်လေ့လာမှု ပြီးဆုံး၍ အခြေချစခန်းသို့ ပြန်လည်ဆုံကြသောအခါ ညစာစားသောက်ရေးကို ကြိုတင်ပြင်ဆင်ကြပြန်သည်။

ဂျာမန်ပါရဂူတို့သည် သံဘူးကလေးထဲက အရည်များကို စုပ်ယူပြီး ဘေးသို့ “ချွမ် – ချွမ်” နှင့် မည်အောင် လှမ်း၍ လွှတ်ပစ်လေ့ရှိသည်။

ထိုမျှသာမကသေး သူတို့သည် သူတို့နီကျင်သောရင်ဘတ်ကြီးများကို ပေါ်လာအောင် ရှေ့မှ ကြယ်သီးများဖြုတ်ပြီး ဦးထုပ်နှင့်ယပ်ခတ်ကာ ပါးစပ်မှလည်း “အိုက်စ် … အိုက်စ်” ဟု အော်မြည်တတ်လေသည်။

ပထမတော့ ကျွန်တော်က သူတို့အိုက်လွန်းလို့ အော်တာထင်ပါရဲ့ဟု တွေးမိသည်။ နောက်တော့မှ တောင်မြင့်ကြီးပေါ်သို့ လက်ညှိုးထိုးရင်း “အိုက်စ် … အိုက်စ်” ဆက်ကာ ဆက်ကာ အော်မြည်နေရာ ကိုအေးကြူနှင့်တွေ့မှ သူတို့ ရေခဲတောင်းနေခြင်းဖြစ်ကြောင်း သိရတော့၏။

သတ္တုရှာဖွေမှု မြန်မာခေါင်းဆောင်များကလည်း ဤတောင်များ၌ ရေခဲမရှိကြောင်း ရှင်းလင်းပြနေစဉ် ကျွန်တော်သည် အောက်ဘက်ရှိ အမြဲစိမ်းတောင်ကြီးအခြေမှ ကျောက်ဆောင်များဆီသို့ သွားပြီး ကြသောင်းဝါးများနှင့် ကျောက်စက်ကျရေအေးများကို ခံယူပြီး ပေးလိုက်သောအခါ –

“အို … မိုင်ဘွိုင်း – သိုင်းကျူး၊ ဗဲရီးဂွတ်”

တွေ ဘာတွေနှင့် ဝမ်းသာအူမြူး၍ ငြိမ်ကျသွားကြတော့၏။ ထိုအခါမှစ၍ ကျွန်တော်နှင့်ဂျာမန်တို့ အဖွဲ့ကျသွားလေသည်။

ဂျာမန်တို့သည် မှောင်စပျိုးသည့်တိုင်အောင် အင်္ကျီများချွတ်ကာ “ဟော့ – ဟော့ – ဟော့” နှင့် မြည်တမ်းရင်း သူတို့ပါလာသည့် စားဖွယ်ရာများကို ဆက်လက်စားသုံးကြသည်။

ဂျာမန်ပါရဂူကြီးများ အင်္ကျီချွတ်၍ လေတိုက်ခံနေသည်ကို ကျွန်တော် ဘဝင်မကျပါ။ အင်္ကျီ ချွတ်၍နေခြင်းဖြင့် လေဖြတ်သွားနိုင်ကြောင်း ကျွန်တော် မြန်မာလို ခြေဟန်လက်ဟန်နှင့် ရှင်းပြရာ ခေါင်းခါပြီး သူတို့တွင်ပါလာသော ဆေးဝါးများကို ထုတ်ပြလေသည်။ အဓိပ္ပာယ်မှာ သူတို့တွင် ဆေး ကောင်းဝါးကောင်းများပါ၍ မှုစရာမလိုကြောင်း ဖြစ်မည်ထင်သည်။

ဂျာမန်ကြီးများသည်လည်း ခြေဟန်လက်ဟန်ဖြင့် ကျွန်တော့်ကို နည်းမျိုးစုံ ပြန်၍ ပြန်၍ ရှင်းပြနေပေသည်။ ကျွန်တော်တို့သည် တိုက်ဆိုင်နားလည်သွားသောအခါတွင်လည်းကောင်း နားလည်မှု လုံးဝလွဲမှားသွားသည့် အခါများတွင်လည်းကောင်း အပြန်ပြန်အလှန်လှန် အားရပါးရ ရယ်မောရင်း အချိန်ကုန်လျက် အိပ်ရာဝင်ခဲ့ကြလေသည်။

နောက်တစ်နေ့တွင် ကျွန်တော်တို့စခန်း ဆင်လန်တောင်တန်းမှ ပြန်ဆုတ်ကာ ထို့ထက်မြင့်သော လေလန်တောင်တန်းဆီသို့ ဆက်လက် ကားစီးပြီး တက်ခဲ့ကြသည်။ ထိုလေလန်တောင်မှ ကျွန်တော်တို့အုပ်စုသည် တောင်စူးစူးသို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

ကျွန်တော်တို့သည် ဆင်းကာ တက်ကာဖြင့် တပျော်တပါးပင် ဖြစ်နေသည်။ ဤတောင်တန်းများပေါ်တွင် ကျွန်တော်သည် တောလိုက်၍ အခါခါရောက်ခဲ့ဖူးသော်လည်း မည်သည့်သားကောင်မျှ ရှာဖွေ ရန်မဟုတ်မူဘဲ သတ္တုရှာဖွေလုပ်ငန်းကိစ္စအတွက် လမ်းပြရုံသက်သက်သာဖြစ်သောကြောင့် အပျော်ခရီးတစ်ခုဟုပင် မှတ်ယူမိသည်။

ထိုခရီး၏ ပထမပိုင်းရက်များတွင် ဂျာမန်ပါရဂူကြီးတို့သည် ကျွန်တော့်ကို တကယ့်ကလေးငယ်တစ်ဦးပမာ နောက်ပြောင်ကျီစယ်၍ အစသန်ကြသော်လည်း နောက်ပိုင်းတွင် ကျွန်တော့်အပေါ် တန်ဖိုးထား၍ ဆက်ဆံလာကြောင်း သတိပြုမိသည်။

ဂျာမန်ပါရဂူကြီးတို့သည် လူကောင်ကြီးလွန်းသောကြောင့်သာ ပါရဂူကြီးများဟု ဆိုရသော်လည်း၊အသက်အားဖြင့် ကျွန်တော့်ထက် နှစ်ဆ ၃၀ ခန့်၊ သုံးဆ ၄၅ ခန့်မှာသာ အလွန်ဆုံးရှိဦးမည်ဟု ထင်ပါသည်။

သူတို့သည် ကျွန်တော့်နောင်တော်ကြီးများအရွယ်၊ ဦးလေးပေါက်စအရွယ်မျှသာ ရှိကြပေသေးရာ သူတို့နောက်ပြောင်မူကိုလည်း ကျွန်တော်က ပျော်ပျော်ရွှင်ရွှင်ပင် လက်ခံလေသည်။

ကျွန်တော့်အသက်သည် ၁၆ နှစ်မျှရှိပေသေးရာ သူတို့ထက် လူကောင်နှင့် အသက်ပါ များစွာငယ်သော်လည်း တောတောင်ခရီးကြမ်း၌ သူတို့ထက် အဆများစွာ ကျွမ်းကျွမ်းကျင်ကျင် သွားလာတတ်ကြောင်း၊ သူတို့ထက်ခံနိုင်ရည်ပိုမိုရှိကြောင်း နားလည်သွားသောအခါ ပိုမို၍ ခင်မင်လေးစားလာသည်ဟု ကျွန်တော် သတိပြုမိသည်။

ထိုနေ့ညနေပိုင်းတွင်လည်း ယခင်နေ့များကအတိုင်း သတ္တုရှာမှ ပြန်လာပြီး ညနေပိုင်းတွင် ညနေစာ စားကြသောက်ကြပြန်ပါသည်။

အလျင်နေ့များအတိုင်း အိုက်စ်ကိစ္စကြောင့် ကျွန်တော် တောင်ကျစမ်းရေများကို ရှာဖွေ၍ ပေးရပြန်ပါသည်။ ထိုအခေါက်တွင် ဂျာမန်ကြီးနှစ်ယောက် ကျွန်တော့်နောက်သို့ ရေရှာလိုက်ခဲ့ရာ အပြန်တွင် မောဟိုက်ပြီး ချွေးဒီးဒီးကျဆင်းလျက် ပက်လက်လှန်ကာ အင်္ကျီချွတ်၍ အညောင်းဖြေတော့၏။

ဤသို့မနေထိုင်ရန် ကျွန်တော် ခြေဟန်လက်ဟန်ဖြင့် ကန့်ကွက်ရတော့၏။ တစ်ယောက်သောဂျာမန်ကြီးက နားထောင်၍ တစ်ယောက်သော ဂျာမန်ကြီးက ဆက်လက်ငြင်းဆန်ကာ အင်္ကျီချွတ်မြဲ ချွတ်၍နေ ပြန်သည်။ ခြေဟန်လက်ဟန်ဖြင့် အတင်းကန့်ကွက်ပြီး ကျွန်တော်လည်း အချိန်တန်သော် ကျွန်တော့်အိပ်ရာနေရာသို့ ပြန်လာခဲ့သည်။

ထိုစခန်းတွင် နှစ်ရက်မျှနေပြီးနောက် ကျွန်တော့်စကားနားမထောင်ဘဲ မိုးချုပ်တိုင်း အင်္ကျီချွတ်သည့် ဂျာမန်ကြီးသည် နောက်နေ့ ညနေတွင် သူသောက်နေဆဲသံဘူးလေး လက်ထဲမှ လွတ်ကျသွားလေသည်။ ပြန်ကောက်လိုက်သောအခါ မရတော့ပေ။ ကျွန်တော်ပြောသကဲ့သို့ ဂျာမန်ကြီး လေဖြတ်သွားတော့၏။ ကျွန်တော်က ကရုဏာဒေါသဖြစ်ကာ-

“ခင်ဗျား ကျွန်တော့်စကား နားမထောင်လို့ဖြစ်တာမှတ်”

ဟုပြော ပြီး အပြစ်တင်ကြိမ်းမောင်းမိသည်။ ကျွန်တော် စေတနာနှင့်ပြောနေကြောင်း ဂျာမန်ကြီး သဘောပေါက်သွားရာ အင်္ကျီအထပ်ထပ်ဝတ်၍ ထိုစခန်းမှ ပြန်လာခဲ့ကြတော့သည်။ လက်ယာလက်တွင်သာ လေဖြတ်၍ တော်ပေသေးသည်။ ကိုယ်တစ်ခြမ်းလုံးလေဖြတ်၍ သူ့ကို ပြန်ထမ်းယူခဲ့ရသော် ကျွန်တော်တို့ အီသွားမည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ကြီးက မသေးလှသည်မဟုတ်ပါလား။

ကျွန်တော်တို့ တတိယ စခန်းကား၊ ပေအမြင့်ပေါင်း ၃၂၄၆ ရှိ ညောင်ကျိုးစခန်းဖြစ်သည်။ ထိုစခန်းသို့ ရောက်သောအခါ ဂျာမန်ကြီး၏ လက်ယာလက်မှာ မူလကလောက်နီးပါး ပြန်လည်ကောင်းမွန်သွားခဲ့သည်။ တော်သေးသည်။ ဂျာမန်များသည် ထိုအခါမှစ၍ ကျွန်တော့်ကို အတော်ပင် လေးစားချစ်ခင်လာတော့၏။

ကျွန်တော့်ကို သူတို့ လေးစားရပေမည်။ သူတို့သည် ဓာတ်သတ္တုများ၏အကြောင်း ကျွန်တော့်ထက် အဆပေါင်းများစွာ နားလည်သကဲ့သို့ ဤတော ဤတောင် ရာသီဥတုသဘာဝတို့ကိုကား ကျွန်တော်က သူတို့ထက်များစွာ ပို၍ သိလေသည်။

ထိုညောင်ကျိုးစခန်းတွင် ကျွန်တော်တို့အုပ်စု စခန်းတည်ရာမှ မြောက်ပိုင်းသို့ ထွက်ခွာလာခဲ့သည်။

မြောက်ပိုင်းသည် စခန်းထက် အတော်ဝေးဝေးအထိ နိမ့်သွားအောင် ဆင်းခဲ့ကြပြီး ထုံးစံအတိုင်း ရှာဖွေသတ်မှတ်မှုများ ပြုလုပ်ပြီးနောက် ညနေမိုးချုပ်ကာနီးတွင် စခန်းပြောင်းဖို့ ကျွန်တော်က တောင်းဆိုလိုက်ပါသည်။ သို့သော် ဘယ်သူကမှ လက်မခံပါ။

ဤမျှ နေ့စဉ်ရက်ဆက် ပင်ပန်းနေသူတို့ အဖို့ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းဖို့ ဆိုသည်မှာလည်း မလွယ်ကူကြောင်း ကျွန်တော်ကစ၍ သိပါသည်။ ကျွန်တော် မသိ၍ ပြောနေခြင်း၊ ပြောင်းစေလိုခြင်း မဟုတ်ပေ။ အားလုံး ပင်ပန်းနေမှန်း ကျွန်တော် သိပါသည်။ အများသိသကဲ့သို့ ကျွန်တော်သိပါသည်။

“အစ်ကိုအောင် ဒီနေရာကရွှေ့ဖို့ ကူပြောပေးပါဦးဗျာ”

“ညီလေး မောင်မြင့်မောင်ရ၊ မင်းလဲ စဉ်းစားကြည့်လေ။ အားလုံး ပင်ပန်းနေတာဆိုတော့ တစ်နေရာကို ထပ်ရွှေ့ဖို့ မလွယ်ဘူးကွ။ ငါ့ညီပြောတဲ့ ညရေးညတာဆိုတာ ဒီက ရဲဘော်တွေလဲ ရှိသားပဲ”

“ဟုတ်တယ် ညီလေး။ အစ်ကိုတို့လဲ ပင်ပန်းလှပြီ။ မင်း ဘာမှ မပူနဲ့။ အစ်ကိုတို့ အလှည့်ကျ စောင့်ပေးမှာပဲဥစ္စာ”

ကျွန်တော် မည်မျှ တင်ပြစေကာမူ ကျွန်တော့်နောင်တော်များက လက်မခံကြပါ။

သူတို့ နားမလည်၍ လက်မခံခြင်းဖြစ်ကြောင်းကို ကျွန်တော် နားလည်သဘောပေါက်မိသည်။ ဘယ်သူ့ကိုမျှ ဘာမျှ စောဒကမတက်တော့ဘဲ ကျွန်တော် သူတို့လုပ်စရာရှိတာလုပ်၊ နားစရာရှိတာ နားပြီး ကျွန်တော်လည်း လုပ်စရာရှိတာ လုပ်ရပေတော့မည်။

ဤညောင်ကျိုးစခန်းတောင်တန်းသည် မခေလှ။ ဒေသအားဖြင့် တောကြမ်းသည့်ဒေသ ဖြစ်သည်။ အရပ်သားများအနေနှင့် ဆိုရပါမူ ဤအရပ်ဒေသသည် ကျားဆိုးများပူခဲ့ဖူးသည့် နေရာမျိုး ဖြစ်သည်။

ကျွန်တော် မမွေးဖွားမီ ၁၉၅၈ ခုနှစ် မတိုင်မီ ပန်းတောင်း တောင်ကုတ်၊ မြန်မာ ရခိုင် ပြည်ထောင်စုလမ်းမကြီး ဖောက်လုပ်စဉ်အခါက အမြင့်ပေပေါင်း ၃၂၄၆ ရှိ ဤညောင်ကျိုးစခန်းသည် တောင်ပေါ်ကျားများ ပူလှသဖြင့် လမ်းလုပ်သားတို့အတွက် ညအခါ သံဆူးကြိုးကာရံထပ်သည့် အတွင်းမှာသာ အိပ်ခဲ့ရသည့်နေရာ ဖြစ်သည်။

ထိုသို့ သံဆူးကြိုးကာထပ်သည့်ကြားထဲက သံဆူးကြိုးအပြင်ဘက်မှာ ငုတ်တုတ်ထိုင်ကာ ညလုံးပေါက်ထိုင်ရင်း ဟိန်းဟောက်၍ မိုးလင်းကာနီးမှ တောင်ကြားထဲသို့ ပြန်ဆင်းသွားခဲ့သည့် အလေ့အကျင့် ရှိသည်ဟု နာမည်ကြီးခဲ့သည့် နေရာလည်း ဖြစ်သည်။

ဤတစ်ဝိုက်တွင်ပါဝင်သော ဤဒေသရှိ ကျွန်တော်တို့၏ ယနေ့ ည စခန်းသည် ကျွန်တော်တို့ ကျားကျွမ်းကျင်သူများ၏ အမြင်အရ ဤနေရာသည် သေချာပေါက် ကျားများ ဖြတ်သန်းကူးလူး သွား လာနိုင်သည့် နေရာပင် ဖြစ်သည်။

သူ့ဝန်းကျင်တွင် အဘက်ဘက် တောင်များ၊ လျှိုများဆီသို့ ဖြတ်သွားရန် နေရာအကောင်းဆုံး မြေအနေအထားမှာ ရှိသောကြောင့် ဖြစ်သည်။ ကျွန်တော့် တစ်ကိုယ်လုံးတွင်ရှိသော အာရုံကြောများ၏ ကြိုတင်သတိပေး အချက်ပြမှုအရ ဤမြေအနေအထားသည် သေချာပေါက် ကျားလာနိုင်သည့်နေရာပင် ဖြစ်တော့၏။

ကျားလာလျှင် ကျားက ကျွန်တော်တို့ကိုတွေ့သွားလျှင် ရှောင်၍ သွားမည်မဟုတ်။ စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲသည်ဟုပင် ကျားက ထင်ပေလိမ့်မည်။

သူ့ထက်ကြီးသော ဆင်ကိုပင်မကြောက်သောကျား သည် လူဟူ၍ သေချာမသိသော သတ္တဝါငယ်ငယ် အုပ်စုတစ်စုအတွက် သူ့တွင် အခက်ရှိလိမ့်မည်ဟု ကျားက တွက်မည်မဟုတ်ပေ။

ကျွန်တော်သည် အများကံနှင့် ငါ့ကံပေပဲဟု ကံကို ပုံမချရဲပါ။ ကံကိုယုံ၍ ဆူးချုံမနင်းရာဟု ကျွန်တော့်အဖေက မကြာခဏ မှာယူသတိပေးခဲ့ဖူးသည်။ တတ်သည့်ပညာ မနေသာဟူ၍ ဆိုသည့်အတိုင်း ဤဂျာမန်မိတ်ဆွေ ပညာရှင်များပါဝင်သော၊ မြန်မာ့တပ်မတော်သားများ ပါဝင်သော၊ မြန်မာ့ သတ္တုပညာရှိများ ပါဝင်သော လူအုပ်စုနှစ်စု၏ အသက်လုံခြုံရေးသည် ကျွန်တော့်အပေါ်သို့ လုံးဝ ကျရောက် လာပြီဟု ကျွန်တော် နားလည်လိုက်ပါသည်။

ကျွန်တော်သည် ကျွန်တော်၏တာဝန်သည် လမ်းပြရုံသက်သက်မျှသာဖြစ်ပြီး အများတကာ၏ လုံခြုံရေးတာဝန် မဟုတ်ပေ။ ဇီဝိတဒါနဟုဆိုသော အသက်ကယ်ဆယ်ရေး၊ အထူးသဖြင့် ကာကွယ်ရေးကိစ္စသည် ကျွန်တော့်အပေါ်သို့ လုံးဝ ကျရောက်ခဲ့ပေသည်။

မသိ၍နေခြင်းသည် တာဝန်မရှိသော်လည်း သိလျက် သိ၍ မပြင်ဆင် မကာကွယ်ခြင်းသည်သာ မိုက်ရာကျပေတော့မည်။

ကျွန်တော်သည် အများတကာတို့ စားသောက်နေစဉ်တွင် ကျွန်တော့်အဖေ သင်ပြပေးခဲ့ဖူးသော အခြေခံပညာတို့ဖြင့် ကျွန်တော့်နောင်တော် လူသားမိတ်ဆွေအုပ်စု တစ်ခုလုံးအတွက် ရရာနွယ်ကြိုးများဖြင့် ဆင်တစ်ရမ်း၊ ကျားတစ်ခုန်စာ အကွာအဝေးမှနေ၍ ပိတ်ပြီး စည်းချလိုက်ပါသည်။

ပြီးသော် နွယ်ကြိုး၏အစနှစ်စတို့ကို ကျွန်တော် အသင့်ယူဆောင်လာခဲ့သော သတိပေးကိရိယာ ဝါးကျည်တောက်ကလေးဖြင့် ဆက်သွယ်ပြီး ကျွန်တော် ညစာစားပါသည်။ ပြီးသော် အများနည်းတူ ကျွန်တော်သည်လည်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရကား သတိပေးခလုတ်ပါသော ဝါးကျည်တောက်ကလေးကို ခြေမတွင် တပ်ဆင်ကာ အိပ်လိုက်ပါသည်။

ကျွန်တော် ရစ်ပတ်၍ ချမှတ်ထားသော နွယ်ကြိုးကို ရန်သူတိုး၍ အချက်ပေး ခလုတ်ကလေးက ကျွန်တော့်ခြေထောက်တွင် စူးဝင်၍ အိပ်ရာမှ နိုးချိန်တွင် ကျွန်တော် မျက်လုံးနှစ်မြွာကို စ၍ဖွင့်ရပါသည်။

ထိုသို့မဟုတ်ပါဘဲ ပြူးတူးပြဲတဲ အိပ်ရာမှ ရမ်းဆ၍ ထခဲ့သည်ရှိသော် ရန်သူကို လက်ယပ်ခေါ်ယူသည်နှင့် တူပေလိမ့်မည်။ ကျွန်တော့် တစ်ကိုယ်လုံးမှ သာသာကလေးပင် မလှုပ်တော့ဘဲ မျက်လွှာကလေး သာဖွင့်၍ မျက်လုံးဝင့်ခဲ့ရပါသည်။

ပထမတစ်ပတ် ဝေ့ပြီးသည့်တိုင်အောင် ဘာမျှမတွေ့မမြင်မိပါ။

ကျွန်တော့်ခြေထောက်တွင် တပ်ဆင် ထားသော သတိပေးခလုတ်မှအချွန်ကလေးသည် ယခုတိုင် ကျွန်တော့်ခြေတွင် စူးလှုပ်ရှိနေသေးရာ ရန်သူသည် နွယ်ကြိုးပေါ် ရပ်လျက် ဖိလျက် ရှိနေကြောင်းက သေချာလှသည်။

ကျွန်တော်သည် အစောကတည်းက နေရာကို ဘဝင်မကျသောကြောင့် အားလုံးကိုခြုံ၍ မြင်သာသည့်နေရာမှ နေရာယူ၍ အိပ်စက်ခဲ့ရာ လူများကိုစစ်ဆေးကြည့်သောအခါတွင်လည်း လူစေ့လူစေ့အကိုက် ဖြစ်သောကြောင့် ဘယ်သူမှ အိပ်ရာကထလျှက် တပိုတပါးသွားသည်လည်း မရှိကြောင်း သေချာနေတော့၏။

ဤသို့ ခရီးဝေးကြီး၌ ခွေးများကို ခေါ်လာဖို့ ကောင်းသော်လည်း ဂျာမန်ပါရဂူများ စိတ်အနှောင့်အယှက် ကင်းစေရန် ခွေးများခေါ်ယူမလာပါနှင့်ဟုဆိုသောကြောင့် ခွေးများကိုထားရစ်ခဲ့ရကာ ယခုတော့ ဖြင့် ခွေးများ၏တာဝန်သည် ကျွန်တော့်တာဝန်ပင် ဖြစ်ခဲ့ပေသည်။

ကျွန်တော်သည် ကျွန်တော်ထင်သည့်ဘက်သို့ ဖိဖိစီးစီး အခါခါ အခေါက်ခေါက် အာရုံရောက်အောင် သေချာကြည့်ရာ ရွေ့ရွေ့ကလေး ဝှေ့ရမ်းနေသည့် အရာတစ်ခုကို ဦးစွာမြင်လိုက်ရသည်။ ထိုအရာနှင့် တစ်ဆက်တည်းတွင် ကုန်းတိုတစ်ခုအလား မြေမှ ခပ်ဖုဖုကလေးကို မြင်ရလေရာ လှုပ်ရှားနေသည်မှာ ကျား၏ အမြီးပင် ဖြစ်ကြောင်း သိသွားတော့၏။

ကျွန်တော် မလှုပ်ဝံ့အောင် ဖြစ်နေရသည်။ ကျားသည် တစ်ကောင်တည်းလား၊ နှစ်ကောင်လားဆိုတာ ထပ်၍ ကြည့်ရပြန်ပါသည်။

သေချာပြီ … တစ်ကောင်တည်းပင် ဖြစ်သည်။

ကျားသည် ဤသို့ ဝပ်နေခြင်းသည် အစာကိုခုတ်ယူဖို့ နောက်ဆုံး ချိန်ဆနေခြင်းပင်ဖြစ်ကြောင်း ကျွန်တော် ကောင်းကောင်းသိပေသည်။

ဤအချိန်၌ မည်သူမျှ ဒူးမလှုပ်ပါစေနှင့်၊ ပေါင်မလှုပ်ပါစေနှင့်၊ လက်မလှုပ်ပါစေနှင့်၊ ခေါင်းမလှုပ်ပါစေနှင့်၊ ခြေမလှုပ်ပါစေနှင့်၊ ဘာဆို ဘာမျှ မလှုပ်ပါစေနှင့်ဟု ဆန္ဒပြု၍ နေရတော့၏။

ဤကျားကို မောင်းထုတ်ဖို့ လက်နက်ကို ရှာရပေတော့မည်။

ကျားကို မောင်းထုတ်ဖို့ထက် လုံးဝတားဆီးဖို့က အရေးကြီးပေသည်။

ဤကျားသည် တောဘုရင်ဖြစ်သည်။ ကျွန်တော်တို့သည် သူ့နယ်ပယ်အတွင်းမှ၊ သူ့လက်ခုပ်ထဲမှ ရေပမာပင် ဖြစ်နေပေသည်။

သေနတ်ကိုင် ကင်းစောင့်ရဲဘော်များသည် ကျားနှင့် မျက်စောင်းထိုး တြိဂံထောင့်စွန်းတစ်နေရာဆီတွင် ရှိသည်။ ကျားက တစ်နေရာ၊ လူရဲဘော်ကင်းစောင့် တပ်သားများက တစ်နေရာစီ ဖြစ်သည်။

လူများက ကျားနှင့် ကင်းစောင့်တို့အတွင်းမှာ ရှိသည်။

ကျွန်တော့်တာဝန်က ကြီးလေးလှပေသည်။ ဘယ်သူကမျှ ပေးမထားသော်လည်း ဘဝပေးတာဝန်အရ ဤပြဿနာသည် ကျွန်တော့်အပေါ်၌ လုံးဝကျရောက်လျက်ရှိသည်။

ကျွန်တော်၏ လက်ယာဘက်ရှိ တစ်ယောက်ကျော်သည် သေနတ်ပိုက်လျက် အိပ်ပျော်နေသည့် ပြည်သူ့တပ်မတော်သား ရဲဘော်တစ်ဦးပင် ဖြစ်သည်။

ကျွန်တော့်ခြေတွင် စူးဝင်လျက်ရှိသော သတိပေးခလုတ်ကလည်း မခံချင်အောင် ဒုက္ခပေးလျက်ရှိသည်။

ကျွန်တော့်လှုပ်ရှားမှုအတွက် ကျွန်တော့်ခြေမှ ခလုတ်ကို အရင်ဆုံး ဖြုတ်ရပေမည်။ ဤခလုတ်နှင့် ဆက်သွယ်ထားသောနွယ်ကြိုးကို ကျားကဖိလျက်ဝပ်နေသောကြောင့် ဤခလုတ်ဖြုတ်စဉ် ကျားအောက်မှ နွယ်ကြိုးဝင်သွားပြီး ကျားရိပ်မိကာ လန့်မသွားဖို့ကလည်း အရေးကြီးလှသည်။

ကျွန်တော်သည် နောက်ဆုံး ကျွန်တော့်ခြေထောက်မှ သတိပေးခလုတ်ကို ခြေထောက်ချင်း ပွတ်၍ ခဲခဲယဉ်းယဉ်း ဖြုတ်ယူလိုက်ရာ လွတ်လွတ်လပ်လပ် ဖြစ်၍သွားသည်။

ကျွန်တော်သည် တိုင်းပြည်အတွက် ဤမျှ ပင်ပန်းနွမ်းနယ်နေသော လူအုပ်နှင့် မဟုတ်လျှင် ဤကျားကို မှုမည်မဟုတ်။ ကျွန်တော့်တွင် ကျားနှိမ်နင်းဖို့ အသေးစားဓားမြှောင်နှင့် ရဲတင်းငယ်တို့ ပါသည်ကအမှန် ။ ထိုပစ္စည်းများဖြင့် ကျွန်တော့်အနီးမှ ဖယ်ခွာသွားအောင် ပြုနိုင်ပါ၏။ သို့ရာတွင် ခက်ခဲနေသည်က ရုတ်ရုတ်သဲသဲဖြစ်နေသော လူများအား ဒုက္ခပေးမည်ကို စိုးရိမ်လှသည်။

ကျားသည် ဤလူအုပ်ကို တစ်ညလုံးထိုင်၍ စောင့်ပြီး အကဲရှုစား နေမည်မဟုတ်။ သူသည် ဤနေရာသို့ ပွဲကြည့်ရန်လာခြင်း မဟုတ်။

အစာရှာဖွေရန်လာခြင်းသာ ဖြစ်သည်။ သူ့အတွက် ပွဲတော်အုပ်ကြီးတစ်ခုကို ခလုတ်တိုက်မိနေပြီဆိုသည်ကို သူသိနေပေပြီ။ နောက်ထပ် ငါးမိနစ်ထက်ပို၍ စောင့်နေတော့မည်မဟုတ်။

ထို့ကြောင့် ကျွန်တော်သည် ကျားမသိနိုင်အောင် ရွေ့ရွေ့ကလေး အထက်သို့ ကြိုးစား၍ တိုးသွားရသည်။

ဘေးချင်းယှဉ်ပြီး အိပ်နေသည့်လူက ကျွန်တော့် ချိုင်းအောက် ကျန်ရစ်ခဲ့သောအခါ ကျွန်တော့်လက်ယာဘက်လက်ကို ရွှေ့ပြီး တစ်ယောက်ကျော်စီမှ သေနတ်ဆီသို့ ကျွန်တော့်လက်ကို ရွှေ့ယူရသည်။

ဤသို့ရွှေ့ယူရာ၌ အိပ်သူ အခြားလူမသိအောင်လည်း ကြိုးစားရပြန်သည်။ ကျွန်တော့်လက် သူ့သေနတ်ဆီသို့ ရောက်သွားသောအခါ သေနတ်တွင်သော့ခတ်ထားခြင်း ရှိ မရှိ စမ်းသပ်ကြည့်ရပြန်သည်။

ကျည် ထိုးထားခြင်း ရှိ မရှိကိုလည်း စမ်းသပ်ရပြန်သည်။

သေနတ်ကျည်ထိုးထားပြီး မောင်းထိန်းခလုတ်ကိုလည်း မောင်းထိန်းဖြုတ်လိုက်ပါသည်။ တစ်ဖန် သေနတ်ကြိုးကို လူကိုလွယ်ပြီး ထား မထားလည်း စမ်းရ ပြန်သည်။

သေနတ်ကိုကြိုးက လွယ်ပြီး အိပ်နေခြင်းမရှိသည်ကို တွေ့ ရသောအခါ ကျွန်တော့်ဘယ်လက်မှလည်း မြေပြင်တွင် ကျောက်ခဲပေါက်စလေးကို ရှာရပြန်သည်။ ကျောက်ခဲပေါက်စလေးကို အသာလေး ကောက်ယူပြင်ဆင်လိုက်ပါသည်။

ကျားကြီးသည် သားကောင်ကို သေချာပေါက်ခုန်အုပ်တော့မည့်အလား ဦးခေါင်းက မြေသို့ ပို၍ပြားကပ်သွားပြီး အမြီးကြီးသည်လည်း ထောင်ရာမှ နိမ့်သွားသည်ကို မြင်လိုက်ရာ ကျွန်တော်တို့အုပ်စုထဲမှ တစ်ဦးဦးကို ခုန်၍အုပ်တော့မည်ဟု ကျွန်တော် နားလည်လိုက်ပါပြီ။

ကျွန်တော်သည်လည်း ကျွန်တော်ပါရှိပါလျက် ဘယ်သူ့ကိုမျှ ကျားစာအဖြစ်မခံနိုင်လေရကား အချိန်ဆိုင်းမနေတော့ဘဲ ဘယ်လက်မှ ကျောက်ခဲကလေးကို ဘယ်လက်မဖြင့် ကျားနောက်အပေါ်ဆီသို့ ရောက်သွားအောင် တအားတောက်လွှတ်လိုက်ပြီး ကျားနောက်ဘက်ရှိ သစ်ရွက်တစ်ရွက်ကို ဖောက်ခနဲ မှန်သွားသောအခါ ကျားလည်းနောက်သို့လှစ်ခနဲ အာရုံပြောင်းသွားစေလိုက်ရသည်။

ကျွန်တော်လည်း ရသမျှ အခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ သေနတ်ကိုဆွဲ၍ တည့်မတ်ပြီး ကျွန်တော်နှင့် သီသီကလေးစောင်းနေသော ကျားကြီး၏ လက်ပြင် နောက်နားဆီသို့ မှန်းဆ၍ သေနတ်မောင်းဖြုတ်၍ ချလိုက်ပါသည်။

“ဒိုင်း”

သေနတ်သံသည် တိတ်ဆိတ်သောညဉ့်၏ ငြိမ်သက်ခြင်းကို ဖောက်ခွဲလှုပ်ရှားစေပြီး အားလုံး အိပ်ရာမှ လန့်၍နိုးတော့၏။ ကျွန်တော်လည်း

“ကျား … ကျား”

ဟု နိုးလာသူအားလုံးကို အသိပေးလိုက်ပါသည်။

ကျွန်တော့်ကောင်းမှုကြောင့် ကျားကြီး နောက်ကျွမ်းပစ်ပြီး တပ်ခေါက်၍ တောတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဖြစ်သည်။

ကျွန်တော်လည်း သေနတ်ကို မူလပိုင်ရှင်ရဲဘော်လက်သို့ ပြန်လည်အပ်ပြီး ကျားကြီးက လူအုပ်ကိုချောင်းနေ၍ အတင်းယူပြီး ပစ်လိုက်ရကြောင်း ရှင်းပြရတော့သည်။

ဤသို့ ရှင်းပြပြီးလျှင် အားလုံးက ကျွန်တော့်ကို ဝမ်းသာအယ်လဲ ကျေးဇူးတင်ကြမည်ဟု မျှော်လင့်ခဲ့မိ သည်။

သို့သော် ဖြစ်ရသည်ကား ပြောင်းပြန်။

ကျွန်တော်သည် တပ်မတော်မှ သေနတ်ကို ခိုးယူခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။ အသင့်ကျည်ထိုးထားသောသေနတ်က ကျည်ထွက်သွား၍သာ ကျားပစ်လိုက်သည်ဟု လိမ်လည်ခြင်းဖြစ်ကြောင်း စွပ်စွဲလျက် ကျွန်တော့်ကို သေနတ်ဖြင့် ချိန်ရွယ်ပြီး ကြိုးနှင့်ချည်နှောင်တော့သည်။

ကျွန်တော်သည် ဤသို့လည်း ဖြစ်ကောင်းဖြစ်လာနိုင်သေးသည်ဟု ကြိုတွေးမိခဲ့ရကား ကိုယ့်ကိုယ်ကို အားပေး၍ ဖြေနိုင်ခဲ့ပေသည်။

ထို့ကြောင့် ရဲဘော်များသည် ကျွန်တော့်အား ဆဲဆိုကြိမ်းမောင်း၍ နှိပ်စက်လုနီးနီးပင် ဖြစ်၍သွားခဲ့ သည်။

သူတို့ဘက်ကကြည့်လျှင်လည်း အကယ်၍ ဤသေနတ်မျိုးသာ အခိုးခံရပါက မလွယ်ကြောင်း ကျွန်တော် နားလည်ခွင့်လွှတ်ပါသည်။

သို့သော် ကျွန်တော်သည် စေတနာရှေ့ထားလျက် သူတို့ကို ကာကွယ်သော်လည်း ယခုကဲ့သို့ဖြစ်ရသဖြင့် ဝမ်းနည်းမိသည်။ မိမိလုပ်ရပ် မှားပြီလားဟု သံသယဝင်နေမိသည်။

“လူနှယ်ကွာ… လူကြည့်တော့ လက်တောက်လောက် ရှိသေး၊ သေနတ်တောင်ခိုးတဲ့ကောင် … အံ့ရော”

“အစ်ကိုတို့ထင်ယင် ထင်ပါ။ ကျွန်တော်မခိုးကြောင်း မနက်မိုးလင်းယင် ကျားခြေရာဖြစ်ဖြစ် ကျွန်တော်ပစ်လိုက်လို့မှန်သွားတဲ့ ကျားဒဏ်ရာကကျတဲ့ သွေးစက်တွေဖြစ်ဖြစ် တွေ့မှာပါပဲ။ အဲဒီအခါ ကျွန်တော့် စေတနာကို အစ်ကိုတို့သိမှာပါ”

“ဘာစေတနာလဲကွ …. ထွီ။ ခိုး ခိုးတယ်ပြော … ပြီးရောပေါ့”

“ကျွန်တော် မခိုးပါဘူး။ ဘာအကြောင်းကြောင့်မှ ကျွန်တော် သေနတ်ခိုးစရာမရှိပါဘူး။ ကျွန်တော် ဘယ်တော့မှလဲ ခိုးဖို့မကြံရွယ်ပါဘူး”

“ဟေ့ … တော်ကွာ … တိတ်ကွာ။ ကြာတယ်ကွာ … ဒီကောင့်ကိုလက်ပြန်ကြိုးတုပ်ဟေ့”

အခြားနောင်တော် ရဲဘော်တစ်ယောက်က လက်ပြန်ကြိုးတုပ်တော့သည်။

ဤတွင် ဂျာမန်ပါရဂူကြီးများက ကန့်ကွက်သောကြောင့် ကျွန်တော့်အား လက်ပြန်ကြိုးတုပ်ခြင်းမှ ရှောင်လိုက်ပြီး သေနတ်ကိုင်ရဲဘော်များက မလှမ်းမကမ်းမှ အလှည့်ကျစောင့်တော့၏။

မိုးလင်းသောအခါ တစ်ညလုံး တက်တခေါက်ခေါက် ဖြစ်ခဲ့သော ကိုအေးကြူသည် ကျားခြေရာကိုဦးစွာရှာပြီး သွေးစက်များမြောက်သို့ ထွက်သွားကြောင်း သတင်းပို့သည်။

သို့သော် သွေးစက်တို့ ခြောက်သယောင်းနေသောကြောင့် မတော်တဆ တိုက်ဆိုင်မှုဟု ရဲဘော်များက ယူဆကြပြန်လေသည်။

ဂျာမန်ရဲဘော်ကြီးများကား ခါတိုင်းကဲ့သို့ မိုင်ဘွိုင်း … မိုင်ဘွိုင်းဟု နှုတ်ဆက်မြဲပင် ဖြစ်သည်။

ထိုနေ့မနက်တွင် ဂျာမန်များလည်း ဓာတ်သတ္တုရှာ မထွက်နိုင်တော့ပါ။ စခန်းဝန်းကျင်တွင် ကျား လာ မလာက အငြင်းပွားပြီး ပြဿနာရှင်းနေရသည်ကား အချိန်ကို ကုန်လွန်စေခဲ့သည်။

ကျွန်တော့်အဖွဲ့မှ ရဲဘော်များသည် အခြားအဖွဲ့သို့ စကားပြောစက်နှင့် လှမ်း၍ စကားပြောခေါ်ယူပြီး ဝိုင်းဝန်းအဖြေရှာရန် ဆုံးဖြတ်ကြလေသည်။

ညနေသုံးနာရီခန့်တွင် သွေးစွတ်ကြောင်းခံ၍ လိုက်သွားသော ကိုအေးကြူတို့အဖွဲ့ ကျားသေကြီးကို ထမ်း၍ ပြန်လာမှပင် ကျွန်တော်လည်း အကျယ်ချုပ်ခံနေရသော အချုပ်အနှောင်မှ လွတ်တော့၏။

ထိုအခါမှပင် အားလုံးက ကျွန်တော့်အား ကျေးဇူးတင် ဝမ်းသာစကား ဆိုတော့၏။

ကျွန်တော်လည်း ထိုအခါမှ ပြုံးနိုင် ရယ်နိုင်ဖြင့် ကျားကြီးချဉ်းကပ်ပုံ အလုံးစုံနှင့် ကျွန်တော်၏ ကျားလာလျှင်ကြို၍သိနိုင်ရန် ကြို၍ စည်းချထားပုံတို့ကို ပြန်ပြောင်း၍ ပြောနိုင်တော့၏။

ထိုညနေက ကျွန်တော်တို့၏ ညနေစာသည် ကျားသားဟင်းဖြစ်လျက် ကျွန်တော်၏ ထူးခြားပြောင်မြောက်၍ အောင်မြင်သော စီမံမှုတို့ကား ပြော၍လည်းမဆုံး၊ ပြော၍လည်းမမောနိုင်ဘဲ ရှိနေရကား ဂျပ်အေး သူ့အမေရိုက် သီချင်းပမာ ဖြစ်၏။

အားလုံးကပင် ကျွန်တော့်အတွက် ဝမ်းသာဂုဏ်ယူလျက် ကျေးဇူးတင်စကား အထပ်ထပ်ဆိုမြည်ကြပါသည်။ ဝမ်းသာတကာ့ အသာဆုံးက ကျွန်တော်ပင်ဖြစ်သည်။

ဖေဖေသည် ကျွန်တော့်ကိုအလွန်ချစ်၍ အလွန်ပင် သွန်သင်ဆုံးမ ပဲ့ပြင်မှု အဆုံးမရှိ ပြုသည်။ ကျွန်တော်ကလည်း ဖေဖေ့ကို အလွန်မှပင် လေးစားသမှုရှိလှပါသည်။

ဖေဖေ၏ သွန်သင်ဆုံးမမှုများအတွက် အလွန်ပင် ကျေးဇူးဆပ်လိုမှုရှိရကား ယခုကဲ့သို့ ကျေးဇူးဆပ်ခြင်းကို အဖေသည် များစွာဝမ်းသာဂုဏ်ယူလေ့ရှိပါသည်။

– ပြီး –

စာရေးသူ – အောင်ကိုမြင့်

Leave a Reply

Your email address will not be published. Required fields are marked *