• July 4, 2025
  • admin
  • 0

မောင်မြင့်မား(ဘိုကလေး)
ဘဝပြောင်းသွားသော တောမုဆိုး

“ကျွန်တော်တို့က သစ်တောဘက်ကို ရောက်တာမကြာသေးပါဘူး။ မြို့ပေါ်မှာ ရက်ပိုင်းလောက်ပဲ နေရသေးတာ။ တောထဲကစခန်းကို သွားဆိုတော့ သွားရတာပေါ့ဗျာ။ ကျွန်တော်တို့လူသစ်က နှစ်ယောက်၊ ဌာနေကိုယ်စားလှယ်က တစ်ယောက်၊ စခန်းက အလုပ်သမား တစ်ယောက်နဲ့ သွားရတာပေါ့ဗျာ။ တောအတွေ့အကြုံက သင်တန်းတက်တုန်းကသာ တွေ့ဖူးတာ။ တာဝန်ထမ်းဆောင်တော့ နဖူးတွေ့ ဒူးတွေ့ ကြုံလာရတော့ ကြောက်စိတ်ကလေးတော့ ရှိတာပေါ့ဗျာ။ တောထဲကို တစ်နာရီကြာလောက်ပဲ ဝင်လာရသေးတယ် “ဝေါင်း … ဝေါင်း” ဆိုတဲ့ အသံကြမ်းကြမ်းကြီးကို သဲ့သဲ့ကြားလိုက်ရတယ်။

ဘာသံလဲဗျဆိုတော့ စခန်းအလုပ်သမား ကိုကျော်ဒွန်းဆိုတဲ့လူက ချေ(ဂျီ)ဟောက်သံပါဗျာတဲ့။ ခင်ဗျား တို့ စခန်းကိုရောက်ရင် တောကောင်သားတော့ လှိုင်လှိုင်စားရမယ်ဗျတဲ့။ တောထဲမှာ အဖော်တွေနဲ့ တပျော်တပါးဆိုတော့ ပျော်နေတာပေါ့ဗျာ။ ဒါပေ မယ့် သေမင်းက ကျွန်တော်တို့ကို ပတ်ချောင်းနေတာ လုံးဝမသိဘူး။

ဌာနေကိုယ်စားလှယ်က သူ့ဆီမှာ သေနတ်တစ်လက်ပါတယ်။ သေနတ်ကိုင်ကျွမ်းလှတယ် မဟုတ်ပေမယ့် ကောင်းကောင်းတော့ ပစ်တတ်တယ်လို့ သိရတယ်။

တောထဲရောက်ပြီး တစ်နာရီလောက်အကြာမှာ ကျွန်တော်တို့ ငှက်ပျောတောတစ်ခုကို ဖြတ်ရတယ်။ ငှက်ပျောတောကလည်း တမျှော်တခေါ်ကြီး။ သီးတာကသီး၊ မှည့်တာက မှည့်။ ငှက်ပျောပင်တွေကလည်း သန်လိုက်တာ ပြောမနေနဲ့။ ကျွန်တော်တို့ အရပ်သုံးပြန်စာလောက် ရှိမယ်။

ငှက်ပျောတောအဝင်မှာ ဗျောခနဲဆိုတဲ့ အသံကို ကြားလိုက်တော့ သေနတ်ကိုင်တဲ့ ဌာနေကိုယ်စားလှယ် ကိုနေအောင်ဆီက ဟာခနဲဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ သူလည်း မျက်စိမျက်နှာပျက်နေတယ်။ ကျွန်တော်တို့က လူသစ်ကလေးတွေဆိုတော့ ဘာမှန်းမသိဘူးပေါ့ဗျာ။

နောက်မှ သူက ပြောပြတယ်။ တို့နောက်ကို ဟင်း မျိုး(ကျား) လိုက်နေတယ်တဲ့ကွတဲ့။ ဒီနယ်မှာ ဟင်းမျိုး(ကျား)ဆိုတာ မကြားဖူးတာ ကြာပြီတဲ့။ အရင်တုန်းကတော့ ရှိခဲ့ခူးပါတယ်တဲ့။

သူလည်း သစ်တောဝန်ထမ်းဆိုတော့ အံ့သြနေတယ်။ သူက မုဆိုးလည်းမဟုတ်၊ ကျားပစ်ဖူးတာ လည်းမဟုတ်ဆိုတော့ ကြောက်ကြောက်နဲ့ သေနတ်နှစ်ချက်တောင် ပစ်လိုက်တယ်။ အဲဒီတော့မှပဲ စခန်းကို အေးအေးဆေးဆေး ရောက်ပါတယ်ဗျာ”

xxx xxx xxx

“ဖိုးခွားရယ်တို့ လင်မယားနှစ်ယောက်ထဲ တောင်ယာလေးစိုက်စား နေကြတာပါကွာ။ သားသမီးတွေက အိမ်ခွဲတဲ့လူကခွဲ၊ သေတဲ့လူကသေ၊ အားကိုးစရာလည်းမရှိပါဘူး။ အရံအတားဆိုလို့ ညိုလုံးနဲ့ ကြာဖြူနှစ်ကောင်ပဲရှိတာ။ ပတ်ဝန်းကျင်ကို လူစိမ်းလာရင် သူတို့အသံကြားတာနဲ့ သိတယ်။ ညနေဘက်က ဟောင်သံကြားပြီးတဲ့နောက် အသံပျောက်သွားတယ်။ ညဘက်အထိ ပြန်ရောက်မလာဘူး။

မိုးလင်းတော့ နှစ်ယောက် လိုက်ရှာကြတော့ တောစပ်မှာ ညိုလုံးကခေါင်းနဲ့ ခြေထောက် လက်ထောက်၊ ကြာဖြူကတော့ ဖင်တစ်ပိုင်းပဲ တွေ့တော့တယ်။

ဒီအခြေအနေမျိုးဆိုရင်တော့ ကျားကိုက်တာပဲ ဖြစ်မယ်ထင်တယ်။ တို့နယ်မှာတော့ ကျားဆိုတာမကြားဖူးတာ ကြာပါပြီကွာ။ တို့ဒီကို မရောက်ခင်ကတော့ ရှိခဲ့ဖူးတယ်လို့ ကြားဖူးတယ်။ တို့လည်း တစ်ခါမှ ကျားဆိုတာ မတွေ့ ဖူးပါဘူး။ ဖိုးခွားတို့ပဲ ကြည့်လုပ်ကြ ပါတော့ကွာ။

xxx xxx xxx

စောဂျိမ်းက ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ဖုတ်ကို ရေနွေးကြမ်းနှင့် စားသောက်နေရင်း ကျော်စိုးနှင့် တင်ဝင်းကို အကဲခတ်လိုက်သည်။ သူတို့နှစ်ယောက်က အတွေးကိုယ်စီနှင့် ငြိမ်နေကာ ခပ်ဝေးဝေးမှ ရိုးမတောကြီးကို ငေးနေကြသည်။

“အခြေအနေကတော့ အဲဒီအတိုင်းပဲ။ ချေ(ဂျီ)တစ်ကောင်နဲ့ တောဝက် တစ်ကောင် ရပြီဆိုတော့ ပြန်ကြမယ်လို့ စိတ်ကူးနေတာ။ မင်းတို့နှစ် ယောက် ဘယ်လိုသဘောရလဲ”

ကျော်စိုးက …

“ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ တစ်မျိုးစီဖြစ်နေမလားလို့။ နောက် ဟင်းမျိုးဆိုတာက တောမုဆိုးမဟုတ်လား”

တင်ဝင်းက …

“ကျွန်တော်ကတော့ တောပစ်ရရင်ပျော်နေတာပဲ။ ဟင်းမျိုး(ကျား)ဆိုတဲ့ အကောင်မျိုးကို မပစ်ဖူးသေးတော့ စမ်းကြည့်ချင်တယ်”

“တောမုဆိုးဆိုတာ တခြားအကောင်တွေနဲ့ မတူဘူး။ ပရိယာယ်များတယ်။ အန္တရာယ်လည်းများတယ်။ မုဆိုးချင်းဆိုတော့ မြွေမြွေချင်း ခြေမြင်တယ်ဆိုတဲ့ သဘောပေါ့ကွာ။ ဒါပေမယ့် သတ္တဝါတွေထက်စာရင် လူက အသိဉာဏ်ပိုများတော့ တို့က သူတို့ထက် ခြေတစ်လှမ်း အမြဲတမ်းသာပြီးသားပါ။ အဲဒါတောင် တောမုဆိုးက ပရိယာယ်များပြီး ခြေတစ်လှမ်းပိုသာလို့ ဒုက္ခရောက်ရတာတွေရှိတယ်”

ထိုအချိန်တွင် တဲအရှေ့ခပ်လှမ်းလှမ်း ဝါးရုံတောအတွင်းမှ လူတစ်ယောက် အပြေးအလွှားဖြင့် တဲရှေ့ကို ရောက်လာသည်။ စောဂျိမ်းက …

“ဟာ … ကိုဘဲလူး အပြေးအလွှား ဘယ်လိုဖြစ်လာတာလဲ”

“ဆရာရယ် ကယ်ပါဦး။ ကျွန်တော့် ဆိတ်နှစ်ကောင် ကျားဆွဲသွားလို့။ ကြာရင် ကျွန်တော့်ဆိတ်တွေ ကုန် လိမ့်မယ်”

“ကျားဆွဲတယ်ဆိုတာကော သေချာလို့လား။ ကဲ … ထိုင်ဦး ကိုဘဲလူး။ အေးအေးဆေးဆေး ပြောပြစမ်းပါ”

“ဒီလိုဆရာ၊ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဆိတ်တွေသိမ်းတော့ တစ်ကောင်လျော့နေတယ်။ ကျွန်တော် ထင်တာက လူခိုးစားတယ် အောက်မေ့လို့ ၊ နောက်တစ်နေ့မနက် မိုးမလင်းမီ ဆိတ်တွေထားတဲ့တဲထဲက ဆိတ်အော်သံတွေနဲ့ ဟဲခနဲ … ဟဲခနဲ အသံ ကြီး ကြားလိုက်လို့ ကျွန်တော်လည်း မီးခွက်ထွန်းပြီး ထကြည့်လိုက်တော့ ဆိတ်တဲနားမရောက်မီမှာ အဝါနဲ့ အနက်စင်းအကောင်ကြီးက ဆိတ်တစ်ကောင်ကို ကိုက်ပြေးသွားတာ တွေ့လိုက်တာနဲ့ ကျွန်တော်လည်း လန့်ပြီး ပြန်ပြေးလာရတယ်။ ဆိတ်ကို ကိုက်ပြီး ခြံစည်းရိုးကျော်လိုက်တာများ လွှားခနဲပဲဆရာရယ်။ ကြံရာမရ ဖြစ်နေတုန်း ဆရာတို့ ဒီမှာရောက်နေ တယ်ကြားလို့ ပြေးလာခဲ့ရတာ”

စောဂျိမ်းက တင်ဝင်းနှင့် ကျော်စိုးကို ဘယ့်နှယ့်လဲဟူသော ပုံစံဖြင့် လှမ်းကြည့်လိုက်သည်။

“ကဲ ကိုဘဲလူး … ကျွန်တော်တို့လည်း အဲဒီကိစ္စပဲ အခုတိုင်ပင်နေကြတာ။ ကူညီပါ့မယ်ဗျာ၊ အေးအေးဆေး ဆေးသာပြန်ပေတော့။ ကျွန်တော်တို့ စီစဉ်လိုက်ပါ့မယ်”

“မုဆိုးချင်းဆိုတော့ သူ့လမ်း သူသွား၊ ကိုယ့်လမ်းကိုယ်သွား ဆိုပေမယ့် အခုလို စည်းဖောက်လာတော့ မကောင်းဘူးပေါ့ကွာ။ ကြာရင် လူတွေတောင် အန္တရာယ်ပေးလာနိုင်တယ်။ အကောင်းဆုံးကတော့ ကရင်အဘိုးကြီးနဲ့ အဘွားကြီး တောင်ယာထဲက ခွေးနှစ်ကောင်ဝင်ဆွဲသွားတာက မနေ့ကမှဆိုတော့ စားကြွင်းစားကျန်ကလေးတွေကို တစ်ပတ်လည်ပြီး ပြန်လာစားနိုင်သေးတယ်လေ။

အဲဒီတော့ အဲ့ဒီနားမှာ လင့်ထိုးပြီး ဒီညစောင့်ရင် ဒီ ကောင်ကြီးကို မိနိုင်တယ်။ ကဲ အချိန်လည်း ရှိသေးတယ်။ ညနေအပြီး လင့်အမြန်ထိုးကြရအောင်။ ယူစရာရှိတာတွေလည်း မြန်မြန်ထည့်ကြဟေ့”

xxx xxx xxx

ဟင်းမျိုးကြီးစားထားသော ခွေးနှစ်ကောင်၏ အပိုင်းအစများက တစ်နေရာနှင့်တစ်နေရာ ၁၅ကိုက်လောက်သာ ဝေးသောကြောင့် နှစ်နေရာအကြားရှိ ပျဉ်းမပင်တစ်ပင်ပေါ်တွင် ရွာသားများအကူအညီနှင့် လင့်ကို တစ်နာရီအတွင်း အပြီးလုပ်လိုက်ကြသည်။

ဟင်းမျိုးကြီးခုန်ဆွဲလျှင် မမီနိုင်သော ၁၅ပေအမြင့်ရှိ သစ်ပင်ခွကြားတွင် ဆောက်ထားခြင်းဖြစ်သည်။

မှောင်ရီပျိုးစကတည်းက လင့်ပေါ်တွင် မုဆိုးသုံးယောက်စလုံး ရောက်နေကြပြီဖြစ်သည်။ တောစပ်ဆိုသော်လည်း သစ်ပင်ကြီးနှင့် ချုံပင်များ ရှုပ် နေသောကြောင့် နေမဝင်မီကတည်းက မှောင်မိုက်နေပြီဖြစ်သည်။ ပုရစ်သံများနှင့် မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များကိုနင်းကာ ပြေးလွှားနေကြသော တောသတ္တဝါအသေးလေးများ၏ ဖြိုးဖြိုးဖျောက်ဖျောက် ပြေးလွှားနေသော အသံများကို ကြားနေရသည်။

စောဂျိမ်းက လေသံသဲ့သဲ့ဖြင့် …

“နားကို လျင်လျင်ထားကြနော်။ အောက်မှာက သစ်ရွက်ခြောက်တွေရှိတော့ ဒီကောင်ကြီးလာရင် သိနိုင် တယ်”

“စိတ်ချပါ စောဂျိမ်း”

အချိန်က ၈နာရီကျော်ပြီ။

သုံးယောက်သား ငြိမ်သက်နေကြဆဲ။ ဖြိုးဖြိုးဖျောက်ဖျောက်အသံပင် မကြားရတော့။ အခင်းမညီညာသော လင့်ပေါ် တွင် ထိုင်နေကြရသောကြောင့် တင် ပါးတွေလည်း ကျိမ်းနေကြပြီ။ ဒီကြားထဲ ဆေးလိပ်ဖွာချင်သော ကျော်စိုးက ခံတွင်းချဉ်လာသောကြောင့် ဆေးလိပ် ဖွာချင်သော်လည်း အိတ်ထဲက ဆေးလိပ်ကလေးကို စမ်းရုံကလွဲ၍ ဘာမှမ လုပ်နိုင်။

စောဂျိမ်းကတော့ ကွမ်းထုပ်ကလေးကို ထုတ်ကာ တမြုံ့မြုံ့ဝါးလျက်။

၉နာရီကျော်ပြီ။ ဘာသံမှ မကြားရသေး။

စောဂျိမ်းက ခွေးသေအပိုင်းအစများရှိရာသို့ ငါးတောင့်ထိုးဓာတ်မီးကို ဖွင့်ကာ ထိုးချိန်လိုက်သည်။ ပြီးမှ သေနတ်ကို ချိန်ကြည့်လိုက်သည်။ ညိုလုံးနှင့် ကြာဖြူတို့၏ ခန္ဓာကိုယ်အပိုင်းအစများကို မီးရောင်အောက်မှာ ထင်ထင်ရှားရှား မြင်နေရသည်။ ပြီးမှ ဓာတ်မီးကို ပိတ်လိုက်သည်။

ထိုအချိန်တွင် လင့်အနောက် ဘက်ဆီမှ “ဖျောက် … ဖျောက် … ဝရော” ဆိုသောအသံကို ကြားလိုက် ရသောကြောင့် အသံကြားရာဘက်သို့ ဓာတ်မီးကို ထိုးချိန်လိုက်သည်။

ဘာမှတော့ မတွေ့။ သို့သော် …

အုန်းနှဲပင်ရုံကလေးက နည်းနည်းလှုပ်သွားသည်ကို သတိထားမိလိုက်ကြသည်။

စောဂျိမ်းကလေသံသဲ့သဲ့ဖြင့် …

“ဟေ့ကောင်တွေ … ဟိုကောင်ကြီး ရောက်နေပြီထင်တယ်။ အစာကို လာမစားမီ လေ့လာနေပုံရတယ်ကွ။ ကျော်စိုး … မင်းသေနတ်က ကျည်ထိုးပြီးသား မဟုတ်လား။ အဆင်သင့် လုပ်ထားနော်”

“စိတ်ချ စောဂျိမ်း”

၁၅မိနစ်၊ နာရီဝက်၊ တစ်နာရီ အချိန်က တဖြည်းဖြည်းကုန်လွန်သွားသော်လည်း ထူးခြားမှုမရှိသေး။

စောဂျိမ်းက သေနတ်ကို အသင့်ကိုင်ကာ မုဆိုးဒူးထောက် ထိုင်နေရာမှ ညောင်းလာသောကြောင့် ထိုင်ချလိုက်သည်။

“ဂျွတ် … ဂျွတ် … ဂျွတ်”

ညိုလုံး နေရာမှဖြစ်သည်။ လျင်လိုက်သည့် အကောင်ကြီး၊ မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များရှိသော် လည်း ဘာသံမျှမကြားအောင် အစာဆီသို့ အရောက်လာနိုင်သော တောမုဆိုးကြီးကို စောဂျိမ်းက စိတ်ထဲကနေ မှတ်ချက်ချနေခြင်းဖြစ်သည်။

အသံကြားရာဆီသို့ ချက်ချင်းပင် စောဂျိမ်းက ဓာတ်မီးကို ထိုးချိန်လိုက်သည်။

ဓာတ်မီးက သေနတ်ပြောင်းနှင့် ကပ်ထားပြီးဖြစ်သောကြောင့် ပစ်ကွင်းကို တန်းတန်းမတ်မတ်ပင် တွေ့နေရသည်။ အဝါနှင့်အနက်စင်း တောမုဆိုးကြီးက အစာကို ကိုက်ဝါးလျက် မီးရောင်ရှိရာသို့ မော့ကြည့်လိုက်သည်။

အခွင့်ရေးကောင်းဖြစ်သည်။ လက်လွတ်၍မဖြစ်။ ကျော်စိုးထံမှလည်း လှုပ်ရှားမှုကို ရိပ်ခနဲမြင်လိုက်ရသည်။

“ဂျွတ်”

“ဒိုင်း”

“ဒိန်း”

မတူညီသော သေနတ်နှစ်လက်မှ မတူညီသော သေနတ်သံနှစ်မျိုး၊ စက္ကန့်ပိုင်းလောက်သာခြားကာ ထွက် သွားသည်။ သေနတ်သံကြောင့် တောပြိုလဲသံနှင့်အတူ တောတစ်တောလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

တောမုဆိုးကြီးက ဝေါင်းခနဲ ဟိန်းသံတစ်ချက်ပေးကာ ခုန်ထွက်လိုက်သည်။

အနီးရှိချုံများပေါ်သို့ ပြန်ကျလာပြီး ချုံတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်ကာ ဗြောခနဲ မြည်သံကြီးကို ကျယ်လောင်စွာ ကြားလိုက်ရပြီး အသံကြီးက တဖြည်းဖြည်း ဝေး၍ဝေး၍ တိုးသွားကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

“တောက် . . . ချက်ကောင်းကျမှ လင့်စင်က ဒုက္ခပေးလိုက်သေးတယ်။ စောစောတုန်းကတော့ ဘာမှမဖြစ် ဘူး”

တောမုဆိုးကြီးကို မီးရောင်အောက်တွင် မြင်လိုက်ရသောကြောင့် သုံးယောက်သားလင့်တစ်ဖက်ကို စု ပြုံကာ ရောက်နေချိန်တွင် ချည်ထားသော နွယ်ကြိုးကြီးများက တင်းသွားပြီး လင့်ကတစ်ဖက်ကို နိမ့်ကျသွားသောကြောင့် ဂျွတ်ခနဲမြည်သွားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စောဂျိမ်းနှင့် ကျော်စိုးတို့ ဟန်ချက်လွဲကာ ပစ်မှတ်က လွဲသွားခြင်းဖြစ်သည်။

“ငါ့ဆီက ကျည်ကဖွာထွက်သွားလို့ ဒီကောင်ကြီး တင်ပါးတစ်ဖက် ပစ်ထည့်လိုက်တာ ထိပုံတော့ မရဘူး”

‘“ဟုတ်တယ် စောဂျိမ်း၊ ကျွန်တော်က မျက်စိနှစ်လုံးကြားကို ချိန်ပြီး ပစ်ထည့်လိုက်တာ ထိပုံတော့မရဘူး””

“ဒီအတိုင်းဆိုရင်တော့ ဒီကောင်ကြီး ပြန်မလာတော့ဘူးကွ။ မနက်ကျမှပဲ သွေးစက်ကို ကြည့်ပြီးလိုက်ကြတာပေါ့ကွာ”

“ဒီညတော့ အဘိုးကြီးနဲ့ အဘွားကြီးအိမ်မှာပဲ အိပ်လိုက်ကြတာပေါ့။ ရွာပြန်ဖို့က ဝေးပါတယ်။ နည်းနည်းထိထားတော့ ဒီကောင်ကြီးက ကျားနာဖြစ်သွားပြီ။ ကျားနာခဲ ခဲနိုင်တယ်။ ကျားအကောင်းထက် အန္တ ရာယ်ပိုများတယ်။

တို့ မနက်ဖြန် သူ့နောက်လိုက်ရင် သတိထားရမယ်။

နောက်တစ်ချက်က အစာဆီကို တိုက်ရိုက်မလာဘဲ လှည့်ချောင်းနေတာရယ်၊ သစ်ရွက်ခြောက်တွေရှိတာတောင် အသံမကြားအောင် အရောက်လာနိုင်တော့ ဒီကောင်ကြီးက တော်တော်ပါးနပ်ပုံရတယ်။ ကဲ … သွားကြရအောင်”

ထိုတစ်ညကိုတော့ တောင်ယာလုပ်သော ကရင်လူမျိုး အဘိုးကြီးနှင့် အဘွားကြီးတဲတွင် အိပ်လိုက်ကြသည်။ နံနက်စောစောတွင် အဘိုးကြီးနှင့် အဘွားကြီး ဧည့်ခံသော ကောက်ညှင်းပေါင်းနှင့် ရေနွေးကြမ်းသောက်ကာ ညတုန်းက တောမုဆိုးကြီးကို ပစ်ခဲ့ သော နေရာသို့ ချီတက်လာကြသည်။

တောမုဆိုးကြီး ခုန်ထွက်သွား၍ ပြန်ကျလာသော ချုံများက ဝရုန်းသုန်းကားဖြစ်ကာ ချုံများကိုလည်း တစ်စစီဖြစ်အောင် ကိုက်ဝါးထားကြောင်း တွေ့ရသည်။ သွေးစက်များက ချုံများပေါ်တွင် သစ်ရွက်ခြောက်များပေါ်တွင် အနှံ့အပြားတွေ့ရသည်။

“သေချာပြီကွ၊ ဒီကောင်ကြီး တင်ပါးတစ်ဖက်ကို ကျည်ဝင်သွားတာ အမှန်ပဲ။ ဘယ်ဘက်ကို ပြေးတယ်ဆိုတာ ကြည့်ကြပါဦး”

“စောဂျိမ်း ဒီမှာတွေ့ပြီ။ သွေးစက်တင် မဟုတ်ဘူး၊ အမွေးအမှင်တွေပါ သွေးစက်တွေနဲ့ ရောနေတယ်။ သွေးတွေမှ အတုံးအခဲလိုက် ကျနေတာဆိုတော့ အထိနာသွားတာ သေချာတယ်။ ခြေရာတွေက ဓညင်းမြောင်ဘက်ကို ပြနေတယ်။ ဒါပေမယ့် . . . ”

‘“ဘာဖြစ်လဲ တင်ဝင်း’’

“ဓညင်းမြောင်မရောက်ခင်မှာ ချောက်ကြီးတစ်ခု ရှိတယ်မဟုတ်လား။ ဒီကောင်ကြီးက ဒဏ်ရာရထားတော့ ခုန်ကျော်နိုင်မယ် မထင်ဘူး”

“အေး ဟုတ်တယ်၊ ကမူးရှူးထိုးနဲ့ပြေးပြီး ချောက်ကိုတွေ့ရင် ကမ်းပါးအတိုင်း လျှောက်သွားနိုင်တယ်။ ချောက်ကိုတော့ မခုန်နိုင်တာ သေချာတယ်။ ကဲ … လိုက်ကြရအောင်”

သွေးစက်များက ခြောက်နေကာ ပြတ်တောင်းပြတ်တောင်း တွေ့ရသည်။

တချို့နေရာများတွင် အတော်ခပ်လှမ်းလှမ်းအထိ သွေးစက်နှင့် အမွေးအမှင်များ ရှာမတွေ့သောကြောင့် အချိန်ကုန်အောင် ခြေရာခံမှ တွေ့ရသည်။ ခြေရာခံရင်း နေတောင် အတော်မြင့်လာပြီ ဖြစ်သည်။

ချောက်ကမ်းပါးကြီးထိပ်နား မရောက်မီ ၁ဝကိုက်မျှအလိုတွင် သဲပြင်ပေါ်တွင် သွေးစက်များ၊ အမွေးအ မှင်များနှင့် ခြေရာများပါ ရှုပ်ရှက်ခတ်နေသည်။ ကျော်စိုးက ခြေရာများကို ကြည့်ရင်း …

“ချောက်ကမ်းပါးအတိုင်း မြောက်ဘက်ကို သွားရင်တော့ သဘော့ရွာဘက်ကို ရောက်မယ်။ တောင်ဘက်က ဝါးတောနဲ့ ထရော်ကုန်းတန်း ပဲရှိတယ်။ ဒီကောင်ကြီးက ဒဏ်ရာရထားတော့ ရွာဘက်ကို သွားမယ် မထင်ဘူး”

ဟု ထင်မြင်ချက်ပေးသည်။

“အေး မင်းအတွေးမဆိုးဘူး၊ တောင်ဘက်ကို ကမ်းပါးအတိုင်း ခြေရာခံကြည့်ရအောင်”

ထင်သည့်အတိုင်းပင်။ ကမ်းပါးစပ်မှ သဲပြင်ပေါ်တွင် ခြောက်နေသော သွေးစက်များနှင့် ခြေရာများကို တွေ့သောကြောင့် တောင်ဘက်သို့ ချီတက်လာကြသည်။

ကိုက်၅ဝလောက်အထိ သဲပြင်နှင့် ကျောက်တုံးကျောက်ခဲများကို ဖြတ်ကျော်လာပြီး ကျခတ်ဝါးရုံတောကလေးတစ်ခုအရောက်တွင် ဝါးတောထဲမှ ဗြောခနဲ အသံနှင့်အတူ သတ္တဝါတစ်ကောင် လှစ်ခနဲ ပြေးထွက်လာသည်။

မထင်မှတ်ဘဲ ဗြုန်းခနဲ ပြေးထွက်လာသောကြောင့် ကျော်စိုးနှင့် စောဂျိမ်းက အသင့်ကိုင်လာသော သေနတ်များကို ချိန်ဖို့ပင် အချိန်မရလိုက်။ သုံးယောက် ရင်ပေါင်တန်းကာ တက်လာကြသော အလယ်မှကျော်စိုးကို တည့်တည့်ဝင်တိုးတော့သည်။

ကျော်စိုးက လျှပ်တစ်ပြက် ကိုယ်ကိုယို့ကာ ရှောင်လိုက်သောကြောင့် ယာဘက်ခြေတစ်ချောင်းကို ပွတ်တိုက်ကာ ထွက်ပြေးသွားတော့သည်။

ပြူးတူးပြဲတဲဖြင့် ထွက်ပြေးလာသော ခွေးတစ်ကောင်အရွယ်ရှိ ဒရယ်ပေါက်ကလေးတစ်ကောင်ဖြစ်သည်။ သုံးယောက်လုံး လန့်သွားကြသည်။

စောဂျိမ်းက …

“ကျော်စိုး … ဘာဖြစ်သွားသေးလဲ”

“ဘာမှ မဖြစ်ပါဘူး”

“တောမုဆိုးက ဝါးတောထဲမှာ ရှိနိုင်တယ်။ စောစောက ဒရယ်ပေါက်ကလေးက ဒီကောင်ကြီးကိုတွေ့လို့ လန့်ပြေးလာတာဖြစ်မယ်။ သေနတ်ကို ကျည်အသင့်ထိုးထားနော်”

သုံးယောက်သား ခြေသံလုံလုံ မျက်စိလျင်လျင်ဖြင့် ရင်ပေါင်တန်းကာ ဝါးတောထဲကို လျှောက်လာကြသည်။ ကျခတ်ဝါးရုံများက ဟိုတစ်စု သည်တစ်စုဖြင့် အကိုင်းအခက်များ ရှုပ်နေအောင် ပေါက်နေသောကြောင့် တောမုဆိုးကြီးကြီးအတွက် ကောင်းကောင်း ခိုအောင်းနိုင်သော အနေအထားတစ်ခု ဖြစ်သည်။

ဝါးရုံတောအတွင်းသို့ ၁၅မိနစ်မျှ ချီတက်လာကြပြီး နောက်တစ်နေရာမှ ဟဲခနဲအသံကြီးတစ်ခုကို ကြားလိုက်ရသည်။

စောဂျိမ်းက ကျော်စိုးနှင့် တင်ဝင်းကိုလက်ပြကာ ကျခတ်ဝါးရုံကလေးတစ်ခုဘေးတွင် ဝပ်ချလိုက်သည်။ ပြီးမှ လေသံတိုးတိုးဖြင့် …

“တောမုဆိုးကြီးက တို့လာတာကို သိနေပုံပဲ။ စောစောက အသံကြီးက ရန်သူကို စိန်ခေါ်ဖို့ မာန်သွင်းနေတဲ့ အသံကြီးကွ”

စောဂျိမ်းက ဝါးရုံအကြားမှ ခေါင်းထောင်ကာ အခြေအနေကို ကြည့်လိုက်သည်။ ထူးခြားမှုမရှိ၊ ငြိမ် သက်နေသည်။

“သိပ်မဝေးဘူးကွ၊ ဒီနားမှာပဲ။ ဒီလိုလုပ်မယ်၊ ငါ ဒီသပြေပင်ကြီးပေါ် တက်ပြီး အခြေအနေကြည့်မယ်။ အမြင့်ကဆိုတော့ ဒီကောင်ကြီး ဘယ်နားမှာဆိုတာ သိနိုင်တယ်”

စောဂျိမ်းက ပါလာသော တိုလီမိုလီထည့် စစ်လွယ်အိတ်ကြီးကိုချကာ သေနတ်ကိုလွယ်၍ သပြေပင်ကြီးပေါ် သို့ မျောက်တစ်ကောင်လို တက်သွားလိုက်သည်။ ပြီးမှ အပင်ခွကြားတွင် ကျကျနနထိုင်ကာ တောမုဆိုးကြီး ခိုအောင်းနေရာကို ရှာလိုက်သည်။

ကျော်စိုးနှင့် တင်ဝင်းက စောဂျိမ်းကို မော့ကြည့်ကာ အဖြေကို စောင့်နေသည်။

သိပ်မကြာလိုက်၊ စောဂျိမ်းက အပင်ပေါ်မှနေ၍ ခြေဟန်လက်ဟန်ဖြင့် အောက်ကိုအချက်ပြလိုက်သည်။

“တင်ဝင်း … စောဂျိမ်းပြတဲ့ နေရာက တောင်ကုန်းမို့မို့ကလေးဘေးက ဝါးရုံကွ။ သူပစ်လိုက်တာ မမှန်ပဲ ပြေးထွက်လာရင်တို့က စီးစောင့်ပြီး ဆော်လိုက်ကြရအောင်”

“အေး … ဒါပေမယ့် လုံခြုံစိတ်ချရအောင် ဟိုနားကလဲနေတဲ့ သစ်ပင်ခြောက်ကြီးကို ကွယ်ပြီး စောင့်ရ အောင်”

တင်ဝင်းနှင့် ကျော်စိုးတို့နှစ်ယောက် သစ်ပင်ခြောက်ကြီးကိုကွယ်၍ ဝပ်လိုက်ကာ သပြေပင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။

စောဂျိမ်းက သစ်ပင်ခွကြားတွင်ထိုင်ကာ သေနတ် ကို ချိန်နေသည်။

သိပ်မကြာလိုက်။ ‘ဒိုင်း’ ခနဲအသံနှင့်အတူ ကျေးငှက်များ အော်သံ၊ တိရစ္ဆာန်များ ပြေးလွှားသံများ ဆူညံသွားတော့သည်။

နောက်တစ်ချက် ဒိုင်းခနဲအသံ ကြားပြီးနောက် စောဂျိမ်းက သစ်ပင်ပေါ်ကဆင်းလာသည်။ ကျော်စိုးနှင့် တင်ဝင်းက သေနတ်များကို အသင့်ကိုင်ကာ အခြေအနေကိုကြည့်သည်။ လှုပ်ရှားမှု လုံးဝမတွေ့ရ။

ထို့ကြောင့် သဘောပေါက်သွားဟန်ဖြင့် သစ်ပင် ခြောက်ကြီးဘေးမှ ထလိုက်ကြသည်။

“စောဂျိမ်း ဘယ့်နှယ့်လဲ”

“ကိစ္စချောလောက်ပါတယ်။ နှစ်ချက်လုံး ကောင်းကောင်းထိလိုက်တယ်”

ဝါးရုံနားကို ရောက်သည်အထိ လှုပ်ရှားမှုလုံးဝ မတွေ့။ တင်ဝင်းက ခပ်လှမ်းလှမ်းကနေ၍ ဝါးရုံကိုပတ်ကာ နောက်ဘက်ကနေ ကြည့်လိုက်သည်။ ပြီးမှ လှမ်းအော်လိုက်သည်။

“ကိစ္စချောနေပြီဗျို့”

တင်ဝင်းက တောမုဆိုးကြီးအနား အရောက်တွင် ခဲလုံး သုံးလေးလုံးလောက်ကို ကောက်ကာပစ်ထည့် လိုက်သည်။

လုံးဝမလှုပ်တော့။

စောဂျိမ်းက ပစ်လိုက်သော သေနတ်ကျည်က ဝဲဘက်နားထင်မှ ဝင်ကာ ယာဘက်နောက်စေ့ကို ဖောက် ထွက်သွားသည်။ နောက်တစ်ချက်က လည်ကုပ်ထဲသို့ ဝင်သွားသော ကျည်တစ်ချက်တို့ ဖြစ်သည်။

ပထမတစ်ချက်နှင့်ပင် တောမုဆိုးကြီး ဇာတ်သိမ်းဖို့ လုံလောက်နေပြီဖြစ်သည်။

ညကပစ်လိုက်သော ကျည်ရာက စောဂျိမ်းထင်သည့်အတိုင်း ဝဲဘက်တင်ပါးကို ကျည်က ဖဲ့ထုတ်လိုက်သောကြောင့် အသားတစ်ထွက်နေသည့် ဒဏ်ရာကို တွေ့လိုက်ရသည်။

တောမုဆိုးက အသက်ကြီးကြီး ခပ်ပိန်ပိန်၊ ဒီကြားထဲယာဘက်ခြေခုံတွင် ဒဏ်ရာဟောင်းတစ်ခုနှင့် ခြေ ချောင်းကလေးသုံးချောင်းက ပြတ်ထွက်နေကာ ငုတ်တိုကလေးများ ဖြစ်နေသည်။

“ဒီကောင်ကြီးက အသက်က ကြီးနေတဲ့ကြားက ဒဏ်ရာရပြီး ခြေထောက်တစ်ဖက်ကမသန်တော့ အစာဝအောင် မရှာနိုင်တော့ဘူး။ ဒါကြောင့်မို့ လွယ်လွယ်ကူကူရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဘက်ကို ခြေဦးလှည့်လာတာကွ။ ဒါတောင်လူ မဆွဲမိသေးလို့။ လူသားစားမိရင် နောင်ကို လူတွေကို အန္တရာယ်ပေးတော့မှာ။ အခုတော့ ဇာတ်သိမ်းပြီပေါ့ကွာ”

“ကဲ စောဂျိမ်း … နေလည်းမြင့်ပြီ၊ ဗိုက်တွေလည်း ဆာနေပြီ။ ကရင်အဘိုးကြီးနဲ့ အဘွားကြီး ထည့်ပေးလိုက်တဲ့ ကောက်ညှင်းပေါင်းနဲ့ အမဲခြောက်ဖုတ်ကလေး ထုတ်လိုက်ကြရအောင်။ ရေနွေးကြမ်းတွေကတော့ အေးကုန်ပြီ”

ဝါးရုံရိပ်တွင် ထိုင်ကြကာ ကောက်ညှင်းပေါင်းနှင့်အမဲခြောက်ဖုတ်ကို စားကြရင်း စောဂျိမ်းက

“ဒီကောင်ကြီးကို ဝါးလုံးတစ်လုံး ခုတ်ပြီး လျှိုထမ်းသွားကြတာပေါ့ကွာ။ အင်း … အိမ်ပြန်ရောက်ရင်တော့ မိန်းမအတွက် မျက်နှာပန်းလှပြီပေါ့ကွာ”

ကျော်စိုးက အမဲခြောက်တစ်ဖတ်ကိုဝါးရင်း …

“ဘာဖြစ်လို့လဲ စောဂျိမ်း”

“ဪ … ငါ့မိန်းမမှာ နားကပ်မရှိဘဲ နားဟောင်းလောင်းဖြစ်နေတာ ကြာပြီကွ။ သူလည်း ဝတ်ချင်မှာပေါ့။ မပူဆာပေမယ့် ငါလည်း သဘောပေါက်ပါတယ်။ ဒီကောင်ကြီး အရေခွံနဲ့ အရိုးက ဈေးကောင်းရမှာပဲကွ။ ပရဆေးဆိုင်တွေက ငါ့ကို မှာထားတာကြာပြီ”

“ဪ … ခုမှပဲ သဘောပေါက်တော့တယ်။ တောမုဆိုးဆိုတဲ့ကောင်က စောဂျိမ်းနဲ့တွေ့မှပဲ နားကပ်ဖြစ်ရတော့တယ်လို့”

“ဟား … ဟား … ဟား”

“ဟာ … ငါ အခုမှ သတိရတယ်။ သစ်ထုတ်လုပ်ရေးက တောအုပ်ကြီး ကိုခင်စိုး ပေးလိုက်တဲ့ ရမ်တစ်လုံးက ရေဘူးထဲကို ပြောင်းထည့်လာတာ။ ရေဘူးမြင်မှ သတိရတယ်။ အမဲခြောက်ဖုတ်နဲ့ အတော်ပဲကွ”

တင်ဝင်းက …

“ဟ … စောဂျိမ်းကလည်း စောစောစီးစီး”

“စောစောစီးစီးဆိုတော့ မင်းက မသောက်တော့ဘူးလား”

“နောက်တောင်ကျနေပြီလို့ ပြောတာပါ”

“ဟား..ဟာ..ဟား”

မုဆိုးသုံးယောက်၏ ရယ်သံက တစ်တောလုံးကို လွင့်ပျံ့သွားပါတော့သည်။

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)

Leave a Reply

Your email address will not be published. Required fields are marked *