မင်းနန္ဒီရှိန်
ဘိုကတော်ကွင်းမှ တောမာယာ
ဖျာပုံနယ်တစ်ကြော၌ ဘိုကတော်ကြီးကွင်းဆိုတာ လွန်စွာလျှို့ဝှက်ချက်များ(မာယာများ)သော ကွင်းကြီးတစ်ကွင်းအဖြစ် ထင်ရှား၏။ ဖျာပုံမြို့နှင့် (၉) မိုင်အကွာတွင် ထိတန်ကျေးရွာ ကမာအောင်ချောင်း၏ အရှေ့ဘက်တွင် ရှိပါသည်။
၁၉၇ဝ ပြည့်နှစ် ဝန်းကျင်ခန့်က ကျွန်ုပ် မောင်ရန်နောင်သည် နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်ရင်းမှ မြန်မာပြည်အောက်ပိုင်း ပင်လယ်လမ်းဆုံမြို့တစ်မြို့တွင် အမဲလိုက်မုဆိုးတချို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရပါသည်။ သူတို့မှာ ကရင်အမျိုးသား မုဆိုးစောထူး၊ ပင်လယ်ပိုင်း အမာမြို့နယ်ခွဲ ဒေးဒလူနယ်ဘက်မှ မုဆိုးကြီး ဦးမာဒင်၊ ရေမုဆိုးကျော် စောလှထွန်း၊ ငွေသောင်တို့ပင် ဖြစ်သည်။
ကျွန်ုပ်သည် ပင်လယ်အောက်ပိုင်း ဒေသသို့ မကြာခဏ ကွင်းဆင်းရင်း သမိန္တော၊ ထိတန်(ကံဆိပ်)၊ ကမာအောင်ချောင်းမှ စပေရွာသစ်၊ ဇင်းဘောင်ကျွန်း၊ ဒေးဒလူ၊ တာပွန်တို့အပြင် မွန်ရွာကြီးများဖြစ်ကြသော ရွှေထီး၊ ခါးပြတ် (အမြတ်)၊ ဒေါ်ညိမ်း (ထော်ညီရွှေအိမ်တော်)၊ ဘုန်းကြီးသောင်၊ မြို့ကုန်းနယ် မြေများသို့ ရောက်ရှိလေ့ရှိပါသည်။
ထိုသို့ နယ်မြေဒေသများကို စူးစမ်းရင်းက ရွာခံမုဆိုးများနှင့် တောတက်အမြဲပစ်လေ့ရှိပါသည်။
တစ်နေ့တွင် ဆတ်များ ဦးချိုချချိန်ဖြစ်သည့် မတ်လနှင့် ဧပြီလအတွင်းက မုဆိုးစောထူး၊ မုဆိုးမာဒင်၊ ငွေသောင်တို့နှင့် ဇင်းဘောင်ကျွန်းကြီးသို့ ရောက်ရှိခဲ့ရာမှ ဘိုကတော်ကြီးကွင်းနှင့် ထူးခြားဆန်းကြယ်မှုများကို တွေ့ကြုံခဲ့ရပါလေတော့သည်။
ဇင်းဘောင်ကျွန်းကြီး ဓားလွယ်ခုတ်တွင် ကမာအောင်ချောင်းလေးသည် ရေအလျဉ်တသွင်သွင် စီးဆင်းလျက် ရှိလေ၏။ ကမာအောင်ချောင်း၏ မြောက်ယွန်းယွန်းတွင် ကွင်းပြင်ရိုးကြီးတစ်ခုကို တွေ့မြင်ရ၏။ တစ်မျှော်တစ်ခေါ် ကျယ်ပြောသော ထိုကွင်းပြင်ကြီးကို ထိုအရပ် အခေါ်အဝေါ်က ဘိုးကတော်ကြီးကွင်း ဟု ဖြစ်၏။
ဘိုကတော်ကြီးကွင်း၏ဖြစ်စဉ်မှာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့လက်ထက်က ဖျာပုံမြို့သည် အရေးပိုင်မင်းရုံးစိုက်ရာမြို့ ဖြစ်ခဲ့ပြီး ဖျာပုံမြို့ကွက်ကို သဲနုန်းများ မြစ်ထဲမှ စုပ်ထုတ်၍ မှုတ်တင်ပြီး သန်လျင် မြို့အတိုင်း မြို့ကွက်စိုက်ခဲ့၏။
အရေးပိုင်၏ အမည်မှာ ကယ်လီအိုင်စီအက်ဂျော့ဝှိုက်ဖြစ်ပြီး နွေရာသီအားလပ်ရက်များတွင် အရေးပိုင်သည် သူ၏ ထမင်းချက် ကူလီများနှင့် U.B အယ်(လ်)ဘုတ် အသေးစားနှင့် ဇင်းဘောင်ကျွန်းသို့ လာရောက်အပန်းဖြေရင်း အနားယူလေ့ရှိ၏။ အရေးပိုင်မင်းတည်းခိုရန် ဘန်ဂလိုတဲတစ်ခုကို ကျွန်းတစ်ဖက်တွင် တည်ဆောက်ခဲ့ပါသည်။
တစ်ခါတစ်ခါ တောထဲတွင် တစ်ပတ်ခန့်ကြာအောင် အမဲလိုက်လေ့ရှိပြီး ဘန်ဂလိုတွင် တည်းခိုကြ၍ ဂျော့ ဝှိုက်ဗိုလ်တဲဟု ခေါ်ကြ၏။
တစ်ည၌ အရေးပိုင် ဂျော့ဝှိုက်သည် တောတွင်းဟင်းလျာများဖြင့် ထမင်းစားခန်းတွင် စားသောက်နေစဉ် ဇနီး မေရီဝှိုက်မှာ ဗိုလ်တဲအပေါ်ထပ် ဝရန်တာတွင် နွေညမို့ လေညင်းခံနေစဉ် ရုတ်တရက် အမျိုး အမည်မသိသော သတ္တဝါ၏ လက်ချက်ဖြင့် ထိတ်လန့်ချောက်ချားဖွယ်ရာ သေဆုံးသွားလေ၏။
သတ်ဖြတ်သွားသော သတ္တဝါအား ညတွင်းချင်း ရှာဖွေသော်လည်း မမိခဲ့ချေ။
အရေးပိုင်မင်းသည် လွန်စွာမှ စိတ်ထိခိုက်ပြီး မေရီဝှိုက်၏ ရုပ်အလောင်းအား ဗိုလ်တဲအနီး ပန်းခြံထဲတွင် မြှုပ်နှံသင်္ဂြိုဟ်လိုက်ပြီးနောက် အင်္ဂလန်သို့ အပြီးတိုင် ပြန်သွားလေတော့သည်။
သို့သော် အရေးပိုင်မင်း၏ ဇနီး မေရီဝှိုက်၏ဝိညာဉ်သည် ဗိုလ်တဲကြီးတွင် စိတ်စွဲလမ်း မကျွတ်မလွတ်လျက်ရှိပြီး တစ်ခါတစ်ရံ လသာသောညများတွင် ဗိုလ်တဲ၏ ဝရန်တာ၌ ဂါဝန်အဖြူဝတ်စုံနှင့် မကြာခဏ တွေ့ရတတ်ကြောင်း၊ လာရောက်တည်းခိုသူများအား မကြာခဏ ခြောက်လှန့်သည်ဟု ပြောစမှတ်ပြုလာခဲ့ကြရာမှ တဖြည်းဖြည်းနှင့် လူသူကင်းမဲ့လာပြီးလျှင် ဗိုလ်တဲစောင့်ကြီး မိသားစုသာ ထားရှိခဲ့သည်။
သေဆုံးသွားသော အရေးပိုင်ကတော် မေရီဝှိုက်အား အစွဲပြု၍ နောင်ကြာသော် ထိုကွင်းပြင်ရိုင်းကြီးကို ဘိုကတော်ကြီးကွင်းဟု ခေါ် ဆိုခဲ့ကြလေသည်။
မျက်နှာချင်းဆိုင်တွင် ရှိနေသော ဇင်းဘောင်ကျွန်းကြီးက တစ်မျှော်တစ်ခေါ် အဝန်းအဝိုင်းက ကြီးလှသည်။ ပင်လယ်ရေငန်ပေါက်ရောက်သော ဒီရေ တောများကြောင့် လမု၊ လမဲ့၊ ကမ္ဗလာ၊ ဗြူး၊ မဒမ၊ ညောင်မုတ်ဆိတ်၊ ကနစို၊ ဗျိုက်တော၊ ချုံနွယ်များ၊ ကျူပင်၊ ကိုင်းပင်ရိုင်းများနှင့် ငရဲငုတ်တိုများနှင့် တော ပြွမ်းနေသဖြင့် သားရဲတိရစ္ဆာန်များ ကျက်စားရာနယ်မြေကြီးတစ်ခုသဖွယ် ဖြစ်နေ၏။
တောဝက်၊ ဖျံငမွဲ၊ ရှဥ့်၊ မျောက်မျက်ကွင်းဖြူ၊ စပါးကြီး၊ ခွေးအ၊ တောကြီးမြွေဟောက်၊ ဒရယ်၊ ချေ၊ ဆက်များ၊ တစ်ခါတစ်ရံ ဗျိုက်တော၊ ငှက်ကြီးတောင်တောများ၊ သရွက်ဖျားများမှ မိကျောင်းများက ဥကျင်းဖွဲ့ အသိုက်များရှိနေ၏။
မျောက်တံငါ၊ မျောက်လွှဲကျော်တို့အကြိုက် ကဏန်း များအပြင် အရောင်အသွေးက ပန်းနုဆီရောင်၊ လက်မအကြီးတစ်ဖက်နှင့် ကဏန်းတစ်မျိုးက စား၍ အလွန်ကောင်းပေမယ့် အရက်နှင့် မြည်းစမ်းပါက လူကို အန္တရာယ်ဖြစ်စေ၍ သေစေတတ်၏။
ထို့ကြောင့် သားကောင်မျိုးစုံတို့နှင့် တောကြီးသော ဇင်းဘောင်ကျွန်းကြီးကို တောတက်ကာ ထင်းတိုက်သူများနှင့် မုဆိုးတို့ကို ဆွဲဆောင်နေကြသည်မှာ မဆန်းပေ။
ထူးခြားသည်မှာ ဇင်းဘောင်ကျွန်းနှင့် ဗိုလ်တဲကြီးတွင် ကုလားစကား မတတ်ဘဲ မပြောရခြင်း၊ တောခြောက်ခံရခြင်းအစွဲနှင့် နောက်ဆုံးတွင် လူ့အသက် အန္တရာယ်ကို ရန်ရှာသည်အထိ ဒုက္ခပေးတတ်သည်ဟု ယုံကြည်ကြသည်။
မောင်ရန်နောင်နှင့် မုဆိုးတစ်သိုက် ဗိုလ်တဲကြီးကိုရောက်ရှိလာသောအခါ ရွာခံမုဆိုး စောထူးက တောမပစ်ခင် ပိုင်ရာဆိုင်ရာ တောပိုင်၊ ကျွန်းပိုင်၊ အဘိုး ကွင်းပိုင်တို့အား တင်မြှောက်ရန်အတွက် ထမင်းချက် ငခွေးတင်ကို စပေရွာသစ်ဘက်သို့ လွှတ်လိုက်ရာ စပေရွာသစ်မှ ငခွေးတင် ပြန်လာသောအခါ ကောက်ညှင်းချက်အရက်၊ ကြက်နှစ်ကောင် ရေနွေးဖြော၊ အမွေးနုတ် ခုတ်ထစ်ချက်ပြုတ်နေ၏။
တော၏ သဘာဝပေမို့လားမသိ၊ အဝေး ဖိုးခွေရိုးဘက်ဆီမှ တကူးကူး နှင့် ချိုးကူသံက တစ်ချက်တစ်ချက် လွင့်ပါးလာခဲ့သည်။
မကြာမီ နေလုံးကြီးက အနောက်ဘက် တောတန်းဆီသို့ ကျဆင်းနေစဉ် တောပိုင်၊ ကွင်းပိုင်၊ ကျွန်းမိုင်တို့အား တောဓလေ့ထုံးစံအရ တင်မြှောက်ပြီး ဗိုလ်တဲစောင့်ကြီးနှင့် ငခွေးတင်၊ ငွေသောင်တို့က တပည့်ခံ၍ စားသောက်ကြ၏။
မုဆိုးစောထူး၊ မောင်ရန်နောင်၊ ဖိုးမာဒင်တို့က ဗိုလ်တဲဝရန်တာတွင် ဝီစကီပုလင်းနှင့် ဆတ်သားခြောက်ဖုတ်၊ အမဲခြောက်ကင်၊ ကြက်သားဟင်းနှင့် မြည်း စမ်းရင်း တောအကြုံများကို ပြောဆိုနေကြသည်။
“ဆရာလေး ဖိုးရန်နောင်ရေ၊ တောကတော့ ထိုင်မှိုင်းစပြုလာနေပြီ။ အထင်ပြောရရင် ဝက်တောင်းအသိုက်နဲ့ တွေ့ဖို့များမယ်”
မုဆိုးမာဒင်က စောထူး အပြောကို ခေါင်းတညိတ်ညိတ်။
“ဒီကျွန်းက အဝန်းအဝိုင်းကြီးတော့ သားရဲပြွမ်း၊ တောထူတယ်။ သင်ပေါင်းဗျိုက်တောတွေရှိတော့ ကိုင်းပိုးကြီးနဲ့ မတွေ့ ဘူးလို့ ပြောမရဘူး”
(ကိုင်းပိုး – မုဆိုးအခေါ် တောဆင်ရိုင်း)
ယစ်ရွှေရည်နှင့် ဆက်ရက်မင်း စည်းစိမ့်ခံကြပြီး စကားဝိုင်းကို သိမ်းလိုက်ပြီးနောက် မောင်ရန်နောင်က လသာခန်းနှင့် ကပ်နေသော အခန်းတွင် အိပ်ပြီး ကျန်အဖွဲ့သားများလည်း အခန်းကိုယ်စီ ဝင်ရောက်အိပ်စက်ကြလေ၏။
နွေလဖြစ်၍ ယစ်ရွှေရည်အရှိန် နှင့် မပျော်တစ်ချက် ပျော်တစ်ချက် ရှိနေခိုက် ပြတင်းတံခါးအား သစ်ကိုင်းရိုက်ခတ်သံလို ကြားလိုက်ရ၏။
“ချောက် … ချောက်”
“ဒေါက် … ချောက်”
သတိနှင့် မောင်ရန်နောင် အသာကြည့်လိုက်ရာ ဘာမှမတွေ့။ သစ်ကိုင်းက မှန်တံခါးကို လာရိုက်ရအောင်က သစ်ပင်က နည်းနည်းလှမ်း၏။
မှန်တံခါးကို ကြည့်နေစဉ်မှာ မီးရောင်လိုလို၊ မီးခိုးငွေ့တန်းလိုလိုကို တွေ့လိုက်ရပြီး လသာဆောင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွား၏။
ထိုအခိုက် …
“ရှပ်… ရှပ်… ရှပ်… ဖျပ်”
ညအမှောင်ထဲမှာ လှုပ်ရှားသံ တရှပ်ရှပ်က စိတ်ချောက်ချားဖွယ်။ အိပ်ရာထက်မှ အသာထကာ တံခါးကို ဟ၍ကြည့်လိုက်စဉ်မှာ အဖြူရောင် အခိုးအငွေ့တန်းသည် ဂါဝန်ဝတ် မိန်းမတစ်ယောက်သဏ္ဌာန် မကွဲမပြား ရှိနေ၏။
“ဗြုန်း… ဝုန်း… ဝုန်း”
မည်းမည်းသဏ္ဌာန် သတ္တဝါတစ်ကောင်က သစ်ကိုင်းထက်မှ လျင်မြန်သောအရှိန်နှင့် အမျိုးသမီးကို ခုန်အုပ်လိုက်ပြီးနောက် စောစောက မီးခိုးငွေ့ တန်းလည်း ပျောက်ကွယ်သွားလေ၏။
သောက်ထားသော အရက်တောင် ပြေသွားသလို မောင်ရန်နောင် မျက်မြင်တွေ့ ၍ ယုံလိုက်ရသည်။ ယခုတော့ ဗိုလ်တဲ၏ ဝရန်တာတွင် ဘာမှမဖြစ်သလိုပင် လရောင်ကတောင်ဖြာကျလို့။
“အင်း … ဗိုလ်ကတော် မေရီဝှိုက် ဝိညာဉ်က မကျွတ်မလွတ်ဘဲ ရှိနေတာများလား။ သူမ သတ္တဝါတစ်ကောင်ကောင်၏ ရန်ပြုခံရပြီး သေဆုံးခဲ့ရပုံကို သတိလာပေးတာလား”
ဗိုလ်တဲကြီးကတော့ လျှို့ဝှက်ချက်နှင့် ထူးတော့ထူးနေချေပြီ။ အတွေးများနှင့် အိပ်မပျော်သော ထိုတစ်ညကို ဖြတ်ကျော်ရလေပြီ။
နောက်တစ်နေ့တွင်တော့ တောကျွမ်းသော လမ်းပြဖိုးထူးကို ခေါ်သာ ခေါ်လာခဲ့ရသော်လည်း စကား မှား၍ မထီတထီ အပြောအဆိုလေးများကြောင့် သိပ်ပြီးတော့ မနှစ်မြို့လှ။ သို့သော် တောကျွမ်း၍ သန်မာဖျတ်လတ်သောကြောင့်သာ ဖြည့်ပေါင်းနေရသည်။
သူတို့အဖွဲ့ တောတိုးနေကြသည်မှာ အတန်ငယ်ကြာမြင့်လှချေပြီ။ တောက ထူးခြားမှု မရှိသေး၍ ဆားကျင်း၊ ထူးပေါက်ကျင်းဘက် လာတတ်သော တော ကောင်မျိုး ရှိသည့်ဘက်သို့ ခြေဦးလှည့်ရာ တစ်နေရာတွင် သစ်ဥများကို နှုတ်သီးဖြင့် ထိုးဆွနေသော တောဝက်သုံးကောင်အုပ်အား တွေ့ရ၏။
“ဂွပ်… ဂွပ်… ဂွပ်”
“အစ်… အစ်…”
“ငေါက်… ငေါက်… ငေါက်”
“အစ်… အစ်”
အစာကို မဲစားရင်း မာန်တက်ပြီး တစ်ကောင်နှင့်တစ်ကောင် တွန်းထိုးနေ၏။ မုဆိုး ဦးမာဒင်က ဒူးလေးမြားတံကို အသင့်ပြင်ရန် သားကောင်ပစ်ရန် မုဆိုး ထိုင် ထိုင်လိုက်သလို ကျန်သည့်လူများကလည်း လမုပင်၊ သစ်မှည့်ပင်၊ ဇလပ်ပင်များခြေရင်း အမြင့်ပိုင်းတွင် အသာစီးမှ နေရာယူလိုက်၏။
“ဝှီး… ဝှစ်… ဒုတ်”
“ဒိုင်း… ဒိုင်း… ဒိန်း… ဒိုင်း”
“အစ်… အစ်…”
“ငေါက်… ငေါက်… ငေါက်”
သွေးရူးသွေးတန်းနှင့် တောဝက်တစ်ကောင်က ကျွန်ုပ်တို့ရှိရာသို့ ပြေးဝင်လာပြီး လေထဲတွင် တစ်ပတ်လည်ပြီး ပက်ပါသည်။
သို့သော် အမြင့်ပိုင်းမှာ ရောက်နေသော ကျွန်ုပ်က သေနတ်နှင့်ပစ်၍ လှိမ့်ထွက်လိုက်ရာ တောဝက်မှာ လေထဲတွင်လည်ပြီး အောက်ချိုင့်လေးအတွင်းသို့ ပြုတ်ကျသေဆုံးသွားလေ၏။
သေဆုံးနေသော တောဝက်ကို မုဆိုးစောထူးမှ အမဲလိုက်ဓားမြှောင်ဖြင့် နားရွက်၊ လျှာ၊ အမြီးနှင့် နှုတ်သီး၊ တံတောက်ကွေးကြောများ ဖြတ်ယူပြီး အနီးရှိ ဖက်ရွက်များဖြင့်ထုပ်ပြီး ချုံတစ်ခုထဲသို့ လမိုင်းတင်ရန် ထည့်ထား၏။
မုဆိုး ဦးမာဒင်က ဝက်သွေးများ ခံယူ၍ သားလှီးဓားမြှောင်ကို သုတ်လိမ်းကာ နှုတ်မှ တတွတ်တွတ်တိုင်တည်နေ၏။
ထိုနေ့က တောဝက်နှစ်ကောင်နှင့် ကြောင်ဥကျဉ်တစ်ကောင် ငှက်သိုက်တက်နှိုက်နေစဉ် ပစ်ခတ်ပြီး စခန်းသို့ပြန်လာခဲ့ကြသည်။
ဖိုးထူး၊ ငွေမောင်နှင့် မုဆိုး စောထူးတို့က ဆားကျင်း၊ ထူးကျင်းအနီး တည်ပင်ကြီးအောက်တွင် ဆတ်ခြေရာ၊ ပြောင်၊ တောဝက်ခြေရာများတွေ့၍ လင့်ထိုးရန် ထွက်သွားစဉ် ကျန်လူများက တောဝက်သေများကို ဖျက်၍ ကလီစာများကို ချက်ပြုတ်နေကြ၏။
ညဉ့်နက်နက် ဗိုလ်တဲဝင်းအတွင်း လရောင်ဖြာကျနေ၏။ သားကောင်ကြီးများ အစာရှာသည့်အချိန် ကျားသစ်သံ၊ ချေဟောက်သံ၊ တောခွေးများအူသံကို တစ်ခါတစ်ရံ ကြားနေရ၏။
ဗိုလ်တဲကြီး၏ ဝရန်တာအတွင်း မောင်ရန်နောင်နှင့် မုဆိုးကြီး ဦးမာဒင်တို့ စကားဝိုင်းဖွဲ့လျက်ရှိစဉ် ရိုးပြတ်နံ့လေပြည်နှင့် အနွေးဓာတ်လေး ရှိလာ၏။
ဘိုကတော်ကြီးကွင်းကို လရောင်နှင့် ငေးမောကြည့်နေခိုက် မနီးမဝေး၌ လရောင်မြင်ကွင်းထဲသို့ ဆတ်ဖားကြီးတစ်ကောင် ဝင်ရောက်လာသည်။
ဗိုလ်တဲနှင့်က မဝေးလှသဖြင့် မောင်ရန်နောင် အမဲပစ်ရိုင်ဖယ်ကို ယူ၍ သားကောင်ကို ချိန်ပစ်လိုက်လေသည်။
“ဒိုင်း… ဒိုင်း… ဒိန်း”
တိတ်ဆိတ်သော ညဥ့်ယံကို သေနတ်သံများက ကြီးစိုးသွားပြီးနောက် ဆတ်ဖားကြီးမှာ လဲကျသွားလေ ၏။
ဗိုလ်တဲစောင့်နဲ့ ထမင်းချက် ငဗလံမဲတို့ သွားကောက်ခိုင်းရာ မကြာမီ ပြန်ရောက်လာ၏။ သို့သော် ဆတ်ဖားကြီးတော့ မပါ။ လက်ချည်းဗလာ။
“ငဗလံမဲ … ဆတ်ဖားကြီးကော”
“ဘာမှ မတွေ့ဘူး ဆရာလေး”
“မဖြစ်နိုင်တာ၊ ကျုပ်ပစ်လိုက်တာ ဆတ်ဖားကြီးမှ ဆတ်ဖားကြီး”
ထိုအခါ စတာလင်တံဆိပ် ဆေးတံအိုးကြီးကို ခါလိုက်ရင်း ဦးမာဒင်မှ
“ဒို့ဆရာလေးတော့ ဘိုကတော်ကွင်းမာယာနဲ့ တွေ့ပြီနဲ့တူတယ်”
ဟု ပြောလိုက်၏။
“ဘိုကတော်ကြီးကွင်းက တစ်ခါတရံ ပြတတ်တယ်။ သားကောင်မြင်တိုင်း ပစ်ရင် တော်ကြာ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်မယ်။ သတိရှိနိုင်မှနော်”
မောင်ရန်နောင် အံ့ဩသွားမိသည်။
တောရဲ့လျှို့ဝှက်ချက်၊ မာယာက ဆန်းကြယ်လှတကား။
ဒါဆိုရင် ညနေပိုင်းက လင့်စင်ပစ်ရန်သွားသော ငွေသောင်တို့ အဖွဲ့ ကော အဆင်မှ ပြေပါ့မလား စိုးရိမ်စိတ်ဝင်လာ၏။
နံနက်မိုးလင်းသော် လင့်ပစ်သွားသော ငွေသောင်တို့အဖွဲ့ ပြန်ရောက်လာပေသည်။ သို့သော် အမဲကောင် တော့ မပါ။
ဖိုးထူးကို လျှော်ကြိုးများ ပုခက်ဆင်၍ တပင်တိုင်ဝါးများဖြင့် ထမ်းလာရသည်။
မောင်ရန်နောင်က ဖြစ်စဉ်ကို မေးကြည့်ရာတွင် မုဆိုးကြီးစောထူးက ဤသို့ ဖြေလေ၏။
“မနေ့က လင့်မထိုးခင် တောပိုင်၊ ကွင်းပိုင်တွေအတွက် အသုံးမလုပ်ခင် ဖိုးထူး မူးမူးထွေထွေတွေနဲ့ အဘိုးက အပေါ်ပွဲစား၊ ကျုပ်က အောက်ပွဲစား မယ်ဆိုပြီး ပါးစပ်ဆော့တယ်။ တပည့်မခံဘဲ စားဦးစားဖျား မစွန့်ဘဲ စားတယ်။ တော်တော်ခွကျတဲ့ကောင်။ အဲဒါနဲ့ လင့်တက်တယ်။ ညကျတော့ လင့်စင်ပေါ် မှာ အားလုံးစောင့်ရင်း ခဏမှိန်းနေတုန်းပေါ့။ ဗိုလ်တဲဘက်က သေနတ်သံကြားလို့ နိုးလာတော့ လူတစ်စု မီးတုတ်တွေနဲ့ ဖိုးထူးနာမည်ခေါ်ပြီး လင့်စင်အောက် ရောက်လာတယ်။
ဘိုကတော်ကြီးကွင်းက ညဘက်ဆို အရမ်းကြမ်းတာသိနေတော့ ကျုပ်တို့ လှုပ်တောင် မလှုပ်ဘူး၊ ငြိမ်နေရတယ်။
နောက်ဆုံး ဘယ်လိုမှ ပြောမရတော့ သေနတ်နဲ့ယမ်းထိုးပြီး လူစုကို ပစ်လိုက်တော့မှ တောထဲဝင်ပြေးသွားတဲ့ အသံတွေက ဝရောဝရောနဲ့ ဝရုန်းသုန်းကား ထွက်လာတော့တယ်။
ဒါကို ဖိုးထူးက ကျုပ်တို့ မှားပစ်တယ်ဆိုပြီး လင့်စင်ပေါ် က အတင်းဆင်းတော့ မှောင်ထဲ ပြုတ်ကျပါလေရော။
ကျုပ်တို့လည်း လင့်စင်ပေါ်က ဆင်းပြီး ပတ်ဝန်းကျင် ကနစိုထင်း၊ ဝါးပိုးဝါးတွေနဲ့ တစ်ညလုံးမီးဖိုပြီး တောကောင်ရန်က ကာကွယ်ထားရတယ်။
မနက်မိုးလင်းတာနဲ့ ဝါးတွေခုတ်၊ လျှော်ကြိုးနဲ့ ပုခက်ပြီး ဖိုးထူးကို ဗိုလ်တဲအရောက် ထမ်းလာရတာပဲ။ သားကောင်တော့ မရဘူး။ ဖိုးထူးပဲ ခြေထောက်ကျိုးတာပဲ အဖတ်တင်တယ်ဝေ့” တဲ့။
အပျော်တန်း အမဲပစ်မုဆိုး ကျွန်ုပ် မောင်ရန်နောင်မှာ မုဆိုးကြီးစောထူး၏ စကားကြောင့် ဘိုးကတော်ကြီးကွင်း၏ ထူးခြားမှု၊ လျှို့ဝှက်မှုနှင့် ဘန်ဂလိုဗိုလ်တဲ ဟောင်းမှ အရေးပိုင်ကတော် မေရီဝှိုက်၏ ဝိညာဉ်တို့က ပဟေဠိဆန်ဆန် ရှိနေသည်ကို တွေးရင်းက ရုပ်သဘာဝ မည်မျှပင် ဆန်းကြယ်စေကာမူ နာမ်လောက ပရလောကကိုဖြင့် လိုက်လို့မမီဟု စဉ်းစားမိလိုက်ပါတော့လေသည်။
သူရဇ္ဇမဂ္ဂဇင်း
၂၀၁၇ခုနှစ်၊ မတ်လ
အတွဲ(၁၇)၊ အမှတ်(၃)
– ပြီး –
စာရေးသူ – မင်းနန္ဒီရှိန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ