ဘိုးဘိုးအောင်သေမိန့်ကျပြီ
ဘိုးဘိုးအောင်ကို ဖမ်းဆီးရမိပြီဟုဆိုသဖြင့် ဗဒုံမင်းမှာ ဝမ်းသာအားရဖြစ်ကာ နန်းတွင်းသို့ချက်ချင်းခေါ်ဆောင်စေသည်။ တပ်မှူးက ဘိုးဘိုးအောင်၏အရှေ့မှ လက်အုပ်ချီ၍ ဝင်လာသည်ကိုမြင်လျှင် ဦးဝိုင်းမှာ ထူးဆန်းသွားမိသည်။
“ဟရေး အမောင်တပ်မှူး၊ မောင်မင်းကို ရာဇဝတ်သား သွားဖမ်းခိုင်းတာပါ၊ ဘယ့်နှယ့်ကြောင့် ဆရာတော်ဘုရားပင့်သလို ပင့်လာရတာလဲ”
ရှင်ဘုရင်၏ ရှေ့တော်မှောက်ရောက်သည်မို့ မင်းမှုထမ်းများမှာ ကိုယ်ကိုယ်ဝပ်တွားကာ အရိုအသေပြုကြသော်လည်း ဘိုးဘိုးအောင်မှာ မတ်တပ်ရပ်လျှက်သာနေသည်။ ဦးဝိုင်းကိုတွေ့သည့်အခါ ဘိုးဘိုးအောင်မှာ ရယ်ပြုံးလျှက်
“မောင်ဝိုင်း၊ မင်းတော်တော်ဝလာသားပဲကွ၊ ကြည့်စမ်းပါအုံးကွာ ကိုယ်လုံးမှာလည်း အဆီတွေတက်လို့ပါလား၊ မောင်ဝိုင်းဆိုတဲ့နာမည်က အခုမှမင်းနဲ့ဟန်ကျသွားသကွ”
ဘိုးဘိုးအောင်မှာ ခင်ခင်မင်မင်နှုတ်ဆက်လိုက်သော်လည်း ဦးဝိုင်းမှာ မျက်နှာတစ်ချက်ပျက်သွားသည်။ သို့နှင့် ဘိုးဘိုးအောင်ကိုလက်ညှိုးထိုးကာ
“ဟဲ့ ငမိုက်သား၊ တောသားငအောင်ရဲ့၊ ငါဟာအခု ဘုရင်မင်းဖြစ်နေပြီကွဲ့၊ ဘုရင်မင်းရှေ့မှာ ဘယ်သူမှ မိုးတိုးမတ်တတ်မနေရဘူး၊ ဘုရင်က မော်ဖူးစေလို့မိန့်မှ ဘုရင့်မျက်နှာတော်ကို မော်ကြည့်ရတယ် တောသားရဲ့၊ အစကတော့ဖြင့် မင်းကိုငါ့သူငယ်ချင်းဆိုပြီး အကျဉ်းချဖို့လောက်စိတ်ကူးထားပေမယ့် မင်းဟာ ရေမြေ့သနင်းပြည့်ရှင်မင်းကို စော်ကားမော်ကားလုပ်တဲ့အတွက် မင်းကိုငါစိတ်ဆိုးတယ် ငအောင်ရဲ့၊ မင်းချင်းများ ဒီအပြစ်သားကို တောင်စွယ်နေကွယ်မှာ ရင်ကိုခွဲလို့ ခေါင်းဖြတ်သတ်စေ”
ဗဒုံမင်းမှာ ပြင်းထန်သည့်အမိန့်ကိုချသည်။ ထိုအခါ ရဲမက်များမှာ ဘိုးဘိုးအောင်ကိုဖမ်းချုပ်လေသည်။ ဘိုးဘိုးအောင်က
“မောင်ဝိုင်း၊ မင်းကတိပေးခဲ့တာကိုမေ့နေပြီလားကွ၊ ငါတစ်နေ့ကောင်းစားတဲ့အခါ မင်းတို့ကိုချီးမြှောက်မယ်လို့ မင်းပြောခဲ့တယ်လေကွ၊ အခုတော့ ငါ့ကိုဒီလိုပုံစံနဲ့ ချီးမြှောက်လိုက်တာလားကွ”
ဘိုးဘိုးမောင်မှာ ဗဒုံမင်းကို အတိတ်မှအကြောင်းအရာများပြန်လည်ပြောပြလိုက်သည်။ ဗဒုံမင်းမှာ အမှတ်သည်းခြေကြီးသူဖြစ်သဖြင့် ထိုအဖြစ်ကိုမှတ်မိသည်။ သို့သော် လူပုံအလယ်တွင်မို့ မသိချင်ယောင်ဆောင်လိုက်ကာ
“ဟေ့ကောင် ငအောင်၊ မင်းဘာတွေပြောနေတာလဲ မင်းပြောတာတွေကို ငါတစ်ခုမှ မမှတ်မိဘူး”
“မင်းချင်းတို့ မင်းတို့ဒီအပြစ်သားကို မြန်မြန်ဆွဲထုတ်ခေါ်သွားပြီး ကွပ်မျက်လိုက်ကြတော့”
မင်းချင်းများမှာ ဘိုးဘိုးအောင်ကိုဆွဲထုတ်သွားသည်။ ဘိုးဘိုးအောင်မှာ ဘဝမေ့ကာ ဘဝင်မြင့်သွားသည့် သူငယ်ချင်းဖြစ်သည် မောင်ဝိုင်းကို ပညာပေးမည်ဟုကြံရွယ်ကာ မင်းချင်းများဆွဲရာသို့လိုက်ပါသွားခဲ့သည်။ မင်းချင်းများမှာ ဘိုးဘိုးအောင်ကို အာဏာပါးကွက်သားများလက်သို့အပ်လိုက်သည်။ အမရပူရမြို့တော်တွင် ဘိုးဘိုးအောင်ကို ကွပ်မျက်မည့် သတင်းမှာပြန့်နှံ့သွားသည်။ ထိုအခါ ဘိုးဘိုးအောင်စွမ်းမစွမ်းသိချင်ကြသဖြင့် မြို့သူမြို့သားများမှာ လာရောက်ကြည့်ရှုကြသည်။ အမရပူရမြို့တော်အပြင်ဘက် မြောက်ဘက်အရပ်ရှိ လူသတ်ကျပ်ပြင်ကြီးတွင် ဘုရားပွဲတစ်ခုမျှ လူစည်ကားနေသည်။
အာဏာပါးကွက်သားများက ဝတ်ဖြူစင်ကြယ်ဝတ်ကာ ခေါင်းပေါ်တွင် အဖြူရောင်ပိတ်စကို အုပ်ပေါင်းပေါင်းထားသည့် ဘိုးဘိုးအောင်ကိုဆွဲခေါ်လာခဲ့ကြသည်။ ကြည့်ရှုနေကြသူများကလည်း တစ်ယောက်တစ်မျိုးထင်ကြေးပေးနေကြသည်။ အာဏာပါးကွက်သားမှာ ကိုယ်လုံးကိုယ်ထည်ထွားကျိုင်းသည်၊ တစ်ကိုယ်လုံးတွင်လည်း ထိုးကွင်းမင်ကြောင်များကို ပြည့်နှက်အောင်ရေးဆွဲထားသည်။ သုံးတောင်ရှည်သည့် ခေါင်းဖြတ်ဓါးမကြီးတစ်ခုကိုပုခုံးတွင်ထမ်းလာသည်။ မျက်နှာကိုမူ အဝတ်စအနက်ရောင်ကို မျက်လုံးပေါက်သာဖော်၍ ဝတ်ဆင်ထားသည်။
ပါးကွက်သားများမှာ ဘိုးဘိုးအောင်ကို ကားစင်တွင်ချည်နှောင်လိုက်သည်။ ထို့နောက် ဗိုက်ကိုခွဲရန်အတွက် ဓါးထက်ထက်ကိုင်ကာ ချည်းကပ်လာသည်။ ဘိုးဘိုးအောင်၏ ရင်ဝကိုဓါးဦးချွန်ဖြင့် ဆောင့်ထိုးထည့်လိုက်သည့်အခါ ကြည့်ရှုသူအပေါင်းမှာ အော်ဟစ်ညည်းညူကြလေသည်။ သို့သော် ဓါးဦးချွန်မှာ ရင်ဝအသားသို့မဖောက်ဘဲ ထောက်သာထောက်မိသည်။ ယုတ်စွအဆုံး ဘိုးဘိုးအောင်ဝတ်ဆင်ထားသည့် အဖြူရောင်ချည်ပါး ရင်ဖုံးအင်္ကျီကိုပင် ဓါးသွားမှာ မထိုးဖောက်မိဘဲဖြစ်နေသည်။ ပါးကွက်သားမှာ ဓါးတုံးနေသည်ဟုထင်ကာ ထိုဓါးကိုဓါးသွေးကျောက်တွင်တင်ကာ သွေးပြန်သည်။ နှုတ်ခမ်းမွှေးတစ်ပင်ကို ထိုဓါးဖြင့်တိခနဲထိလိုက်သည့်အခါ ယတိပြတ်ပြတ်သွားသဖြင့် ပါးကွက်သားမှာကျေနပ်သွားသည်။
ထိုဓါးဖြင့် ဘိုးဘိုးအောင်ကိုထိုးပြန်သည်။ ဓါးမှာ ကျောက်တုံးတစ်ခုကိုထိုးရသည့်အလား ပြန်ကန်ထွက်လာသည်။ ပါးကွက်သားမှာ မကျေနပ်ပေ။ ထို့ကြောင့် နံကြားကိုထိုးသွင်းပြန်သည်။ ယခင်ကအတိုင်းဖြစ်ပြန်၏။ လက်မောင်း၊ သလုံးသားများကို ဓါးဖြင့်မွှမ်းပြန်လေသည်။ ကျောက်တုံးပေါ်သို့ လှီးရသည့်အလား တဂျွိဂျွိနှင့်သာမြည်သည်။ ကြည့်ရှုနေသူများမှာ ဘိုးဘိုးအောင်ကိုချီးမွမ်းကြသည်။ အာဏာပါးကွက်သားမှာ ရင်ကိုမခွဲတော့ဘဲ ခေါင်းဖြတ်ရန်ပြင်ဆင်သည်။ သုံးတောင်ရှည်သည့်ဓါးကြီးကို လေပေါ်တွင်လွှဲမြောက်လိုက်ကာ ဘိုးဘိုးအောင်၏ ဇက်ပိုးဆီသို့ အားကုန်ခုတ်ချလိုက်သည်။
ဘိုးဘိုးအောင်၏ ဦးခေါင်းမှာ ဇက်ပိုးမှနေ၍ တိခနဲပြတ်ထွက်သွားပြီး မြေကြီးပေါ်သို့ကျဆင်းသွားသည်။ သို့သော် မြေကြီးနှင့်ထိတွေ့သည့်အခါ ခေါင်းပြတ်ကြီးမှာ ဖရုံသီးကြီးတစ်လုံးအဖြစ်ပြောင်းလဲသွားသည်။ အာဏာပါးကွက်သားမှာ အလွန်အံ့အားသင့်စွာဖြင့် ဘိုးဘိုးအောင်ကိုကြည့်လိုက်သည့်အခါ ခေါင်းအသစ်တစ်လုံးပြန်ပေါက်လာသည်။
ပါးကွက်သားမှာ ခေါင်းကိုထပ်မံဖြတ်ချပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ ဘူးသီးလုံးကြီးဖြစ်သွားသည်။ တတိယတစ်ကြိမ်ထပ်မံခုတ်ဖြတ်ရာတွင် ကျောက်ဖရုံသီးကြီးဖြစ်သွားပြန်သည်။ ပါးကွက်သားမှာ အားကုန်ခုတ်ဖြတ်ရင်း မကြာခင်မောပန်းနွမ်းနယ်လာပြန်သည်။ ဘိုးဘိုးအောင်မှာတော့ အေးအေးဆေးဆေးပင်၊ ပြုံး၍ပင်နေသေးသည်။
ကြည့်ရှုနေသည့်လူထုက ဘိုးဘိုးအောင်ကို တခဲနက်အော်ဟစ်ကာ အားပေးကြသည်။ အာဏာပါးကွက်သားများမှာလည်း ဘိုးဘိုးအောင်ကို မသတ်ဝံ့တော့ဘဲ မင်းချင်းများလက်သို့ပြန်လည်အပ်နှံလိုက်သည်။ ထိုညတွင် အမရပူရတစ်မြို့လုံး ဘိုးဘိုးအောင်၏အကြောင်းကိုသာ ပြောဆိုနေကြလေသည်။
မနက်မိုးလင်း ညီလာခံဝင်သောအခါ ရွှေမြို့တော်ဝန်က ဗဒုံမင်းထံ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို တင်လျှောက်လေသည်။ ဗဒုံမင်းမှာ အမျက်ချောင်းချောင်းထွက်နေလေသည်။ ထို့ကြောင့် စီရင်နည်းအမျိုးခြောက်ဆယ်အတွင်းမှ ခေါင်းတလားသွင်း၍ အရှင်လတ်လတ်မီးမြှိုက်သတ်ရန် အမိန့်ချမှတ်လိုက်သည်။
ပါးကွက်သားများမှာ ဘိုးဘိုးအောင်ကိုအကျဉ်းတိုက်မှထုတ်ကာ အမရပူရမြို့တောင်ဘက် တောင်သမန်အင်းထိပ်ရှိ သစ်ခြောက်ပင်ကြီးတစ်ပင်ဆီသို့ခေါ်ဆောင်လာခဲ့သည်။ ဘိုးဘိုးအောင်ကိုသတ်ဖြတ်မည်ဆိုသည့်သတင်းကြောင့် အမရပူရမြို့သူမြို့သားများမှာ လိုက်လံကြည့်ရှုကြလေသည်။ ပါးကွက်သားများမှာ သစ်လုံးကြီးတစ်လုံးကို လူတစ်ကိုယ်ဝင်စာထွင်းပြီး ဘိုးဘိုးအောင်ကိုသစ်ခေါင်းအတွင်းထည့်သည်။ ထို့နောက် အပေါ်မှပျဉ်ချပ်ဖုံးကာ သံမယ်နများရိုက်နှက်၍ ခေါင်းတလားကြီးကိုပိတ်စေသည်။ ထို့နောက် ထင်းများကိုအစီအရီပုံကာ မီးလောင်လွယ်သည့် ကညင်ဆီ၊ သစ်စေးဆီများ လောင်းကြသည်။ ထိုအပေါ်မှ သစ်ခေါင်းတလားကြီးကို တင်ပြန်သည်။ သစ်ခေါင်းတလားကြီးကိုလည်း မီးလောင်ကောင်းစေရန်အတွက် ဆီများသုတ်လိမ်းကြသည်။
နေ့အပူရှိန်အလွန်ပြင်းသည့် နေမွန်းတည့်သည့်အချိန်မှာပင် ထင်းပုံကြီးကိုမီးရှို့ကာ မီးမြိုက်လေတော့သည်။ မီးပုံကြီးမှာ အရှိန်ပြင်းစွာလောင်ကျွမ်းလေရာ ပါးကွက်သားများသာမက ကြည့်ရှုနေကြသည့် မြို့သူမြို့သားအပေါင်းတို့မှာ အပူရှိန်ဟပ်သဖြင့် အနောက်သို့ ဝါးတစ်ရိုက်အကွာခန့်ဆုတ်ခွာကြရသည်။ မီးတောက်မီးလျှံကြီးများမှာ လူတစ်ရပ်မကမြင့်မားလှပေသည်။ လူအများမှာလည်း ယခုတစ်ခါ ဘိုးဘိုးအောင်တစ်ယောက် သေရှာပြီဟု ထင်ကြေးပေးကြသည်။
များမကြာမီ သစ်ခေါင်းကြီးမှာ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီး မီးပုံကြီးပေါ်တွင် ဘိုးဘိုးအောင်တစ်ယောက်ထွက်ပေါ်လာလေသည်။ အရှိန်ငြီးငြီးတောက်လောင်နေသည့် မီးပုံအပေါ်တွင် ဘိုးဘိုးအောင်မှာ ပုတီးထိုင်စိပ်နေသည်ကိုတွေ့ရသည်။ အပူရှိန်ပြင်းလွန်းလှသဖြင့် ပါးကွက်သားများပင် အနားသို့မတိုးကပ်နိုင်သော်လည်း မီးပုံပေါ်တွင်ထိုင်နေသည့် ဘိုးဘိုးအောင်မှာ အင်္ကျီအဝတ်အစားများသာမက မွှေးညှင်းတစ်ပင်မျှပင် မီးမလောင်နိုင်ဘဲဖြစ်နေပြန်သည်။ လူအများမှာ ချီးကျူး၍မဆုံးတော့ပေ။ ပါးကွက်သားများမှာ မီးခဲများကုန်စင်သွားသည့်အခါ ဘိုးဘိုးအောင်ကိုလာရောက်ဖမ်းဆီးကာ အကျဉ်းတိုက်အတွင်းသို့ ပြန်လည်ခေါ်ဆောင်လာပြန်သည်။
နောက်တစ်နေ့ ထိုသတင်းကိုကြားရသည့် ဗဒုံမင်းမှာ ဒေါသဖြစ်ရပြန်သည်။
“မောင်မင်းတို့ ဒီသကောင့်သားကို နည်းအမျိုးမျိုးနဲ့သာ သေအောင်သတ်၊ ဒင်းသေတော့မှ ငါ့ကိုသံတော်ဦးတင်စမ်း”
ဗဒုံမင်းမှာ တစ်ချက်လွှတ်အမိန့်ကိုထုတ်လိုက်သည်။ ထောင်မှူးနှင့် ရွှေပြည်ဝန်မှာ တိုင်ပင်ရချေပြီ။
“စွမ်းအားရှင်တွေဆိုတာ သာမန်သတ်လို့မရဘူးတဲ့ ဝန်မင်းရဲ့၊ သူတို့ကို မြေ၊ ရေ၊ မီး အဲဒီလိုသဘာဝပစ္စည်းတွေနဲ့ သတ်ဖြတ်ရသတဲ့၊ အခုမီးနဲ့တိုက်တာ မသေဘူးဆိုတော့ စုန်းမများကို ရေချသလို ရေချကြည့်မယ်ဆိုရင်ရော”
ထောင်မှူးပေးသည့်အကြံံကို မြို့ဝန်မင်းလက်ခံလိုက်သည်။ ထိုနေ့ညနေတွင် ဘိုးဘိုးအောင်ကိုရေချရန်အတွက် ထုတ်ယူလာပြန်သည်။ မြို့သူမြို့သားများမှာ ရေချပွဲကိုလိုက်လံကြည့်ရှုကြသည်။ တစ်နေ့ထက်တစ်နေ့ လာရောက်ကြည့်ရှုကြသူဦးရေများပြားလာသည်။ ဘိုးဘိုးအောင်ကိုသတ်ဖြတ်သည့်ပွဲမှာ လူသတ်သမားအားသတ်ဖြတ်သည့်ပွဲနှင့်မတူညီဘဲ ရှင်လောင်းလှည့်ပွဲနှင့်ပင်တူညီနေသည်။ ဘိုးဘိုးအောင်ကိုရေချရန်အတွက် အမရပူရမြို့ မြောက်ဘက်ရှိ တက်သိမ်းအင်းကြီးဆီသို့ခေါ်ဆောင်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင်လည်း လာရောက်ကြည့်ရှုကြသူအပေါင်းက ပန်းပွင့်များ၊ နံသာရေများဖြင့် ဘိုးဘိုးအောင်လျှောက်လှမ်းမည့်လမ်းကို ပစ်ပေါက်ခင်းကျင်းပေးကြသည်။ ဘိုးဘိုးအောင်မှာ လူအများကိုနှုတ်ဆက်လျှက် ပြုံး၍သာနေသည်။
တက်သိမ်းအင်းစပ်သို့ရောက်သည့်အခါ ဘိုးဘိုးအောင်ကို တစ်ကိုယ်လုံးကြိုးဖြင့်တုပ်သည်။ ထို့နောက် ဂုန်အိတ်ကြီးအတွင်းသို့ထည့်ကာ အိတ်နှင့်အသေပိတ်ချည်လိုက်သည်။ မသေမည်ကိုစိုးရိမ်သဖြင့် အိုးကြီးတစ်လုံးကို သဲများအပြည့်ဖြည့်ကာ ဘိုးဘိုးအောင်၏ခြေထောက်တွင် တွဲချည်ပေးလိုက်သည်။
ပါးကွက်သားများမှာ လှေကြီးတစ်စင်းပေါ်တွင် ဘိုးဘိုးအောင်ကိုတင်ဆောင်၍ တက်သိမ်းအင်းကြီးအတွင်းလှော်ခတ်လာခဲ့သည်။ ရေနက်သည့်နေရာသို့ရောက်သည့်အခါ လှေကိုရပ်တန့်လိုက်ပြီး သဲအိုးကြီးကို ရေထဲသို့အရင်ပစ်ချလိုက်သည်။ ထိုအခါ သဲအိုးကြီးနှင့်တွဲချည်ထားသည့် ဘိုးဘိုးအောင်မှာလည်း ရေအောက်သို့တစ်ဟုန်ထိုးကျဆင်းသွားလေသည်။ ဘိုးဘိုးအောင်ရေချပွဲသို့ လာရောက်ကြည့်ရှုကြသည့် ပြည်သူများမှာ ကမ်းလုံးညွတ်မျှ ပြည့်လျှံနေလေသည်။ ယခုတစ်ခေါက်တွင်တော့ ဘိုးဘိုးအောင်တကယ်သေသွားပြီဟု အားလုံံးကထင်မှတ်ထားကြသည်။ ပါးကွက်သားများမှာ ကွမ်းတစ်ရာညက်ခန့်ကြာသည်အထိ စောင့်ကြည့်နေသော်လည်း ဘိုးဘိုးအောင်မှာ ရေထဲမှပေါ်မလာတော့ပေ၊ ထိုတော့မှသာ စိတ်ချလက်ချနှင့် ကမ်းစပ်သို့ပြန်လာခဲ့သည်။
“ဘိုးဘိုးအောင်သေပြီ၊ ခင်ဗျားတို့ရဲ့ ဘိုးဘိုးအောင်သေပြီ”
ပါးကွက်သားများမှာ အားရဝမ်းသာနှင့်ပြောဆိုကြသည်။ ထိုအခါ ကြည့်ရှုနေကြသူအပေါင်းမှာ စိတ်ပျက်အားလျော့သွားကာ တက်သိမ်းအင်းကြီးဆီမှ ပြန်လာခဲ့ကြသည်။ လူများအတော်လှမ်းလှမ်းရောက်သည့်အခါ ကလေးငယ်များမှာ ကမ်းစပ်တွင်အော်ဟစ်နေကြသည်။
“ဘိုးဘိုးအောင်ပြန်လာပြီ . . . ဘိုးဘိုးအောင်ပြန်လာပြီ”
လှည့်ပြန်သွားသည့်လူအများမှာ အင်းစပ်သို့ပြန်လည်ပြေးဆင်းလာကြသည်။ ကလေးတစ်ဦးမှာ ရေလယ်ခောင်ကိုလက်ညှိုးထိုးပြနေသည်။ လူအများကြည့်လိုက်သောအခါ ဝတ်ဖြူစင်ကြယ်နှင့် ရေပေါ်တွင်လမ်းလျှောက်ကာ ကမ်းစပ်သို့လှမ်းလာနေသည့် ဘိုးဘိုးအောင်ကိုတွေ့လိုက်ရသည်။
ဘိုးဘိုးအောင်မှာ ရေပြင်ပေါ်တွင် ကတ္တီပါဖိနပ်စီးကာ လှမ်းလျှောက်နေခြင်းဖြစ်သည်။ ပါးကွက်သားများမှာ ဘိုးဘိုးအောင်ဆီသို့ပြေးလွှားဖမ်းသည့်အခါ ရေပြင်အောက်တွင်နစ်မြုပ်ကြရသည်။ ဘိုးဘိုးအောင်၏ အနောက်မှနေ၍ ထိုအင်းကြီးအတွင်းနေထိုင်သည့် ငါး၊ မကန်းရ်၊ လိပ်၊ အစရှိသည့်ရေနေသတ္တဝါတို့မှာ စစ်တပ်ကြီးချီလာသကဲ့သို့ စုပြုံကာလိုက်ပါလာကြသည်။
ကမ်းပေါ်မှကြည့်နေသူများမှာ ဘိုးဘိုးအောင်၏အစွမ်းကို သုံးကြိမ်သုံးခါမြင်တွေ့ရသည့်အခါမှ ဘိုးဘိုးအောင်ကိုကြည်ညိုလေးစားကာ ထိုင်ကန်တော့ကြသည်။ ကျားမကြီးငယ် အယုတ်အလတ်အမြတ်မရွေး ဘိုးဘိုးအောင်ကို ရှိခိုးပူဇော်ကြကုန်သည်။ မင်းချင်းများက ဘိုးဘိုးအောင်ကိုဖမ်းဆီးကြသည့်အခါ လူအုပ်ကြီးက မင်းချင်းများကိုဆဲဆို အော်ဟစ်လျှက် ကျောက်တုံးများနှင့်ပစ်ပေါက်ကြသဖြင့် ဘိုးဘိုးအောင်က တားမြစ်ရသည်။ ဘိုးဘိုးအောင်မှာ လူအုပ်ကြီးဘက်သို့လက်ကာပြလိုက်ရင်း
“ကျုပ် အမရပူရနေပြည်တော်ကို လာရတဲ့အကြောင်းက တိုင်းပြည်ဆူပူအောင်ပြုလုပ်ဖို့မဟုတ်၊ တိုင်းပြည်သာယာအေးချမ်းအောင်၊ လမ်းမှားရောက်နေတဲ့ ဘုရင်မင်းမြတ်ကို ဆုံးမသွန်သင်ရအောင်လာရောက်ရခြင်းဖြစ်တယ်၊ မင်းချင်းတွေကို မနှောင့်ယှက်ကြပါနဲ့၊ သူတို့က သူတို့အလုပ်လုပ်နေကြတာပါ”
ပါးကွက်သားများမှာ အမြင်မှန်ရလျှက် ဘိုးဘိုးအောင်ကိုရှိခိုးတောင်းပန်ကြသည်။ ထို့နောက် အကျဉ်းသားကဲ့သို့ဖမ်းဆီးခြင်းမပြုတော့ဘဲ ရသေ့သူတော်စင်များကို ပင့်ဖိတ်သည့်နှယ် အကျဉ်းထောင်အတွင်းသို့ ပင့်ဆောင်လာကြသည်။
အခန်း(၁၅) ဦးဝိုင်းကိုပယ်ချွတ်ခန်း
ဗဒုံမင်းမှာ ဒေါသအလွန်ကြီးမားကာ ဘီလူးကြီးတစ်ကောင်နှင့်ပင်တူညီနေလေသည်။ နန်းညီလာခံတက်သည့် မူးကြီးမတ်ရာများမှာ ရှင်ဘုရင်ဒေါသထွက်နေသဖြင့် ထိတ်လန့်ခြောက်ချားနေကြသည်။
“ဟိုကိုသွားလည်း ဘိုးဘိုးအောင်၊ ဒီကိုသွားလည်း ဘိုးဘိုးအောင်နဲ့ ဘိုးဘိုးအောင်နာမည်ချည်း ကြားနေရပါလား”
“မှန်ပါဘုရား၊ ပါးကွက်သားတွေသတ်ဖြတ်ပေမယ့် အကြိမ်ကြိမ်အစွမ်းပြခဲ့တဲ့ ဘိုးဘိုးအောင်ဟာ အခုတော့ဖြင့် နေပြည်တော်တင်မက ကျေးလက်တောရွာ ဇနပုဒ်တွေပါမကျန် ဖုံးဖိမရအောင် သတင်းမွှေးနေကြောင်းပါ၊ ပြီးတော့ ဘိုးဘိုးအောင်နေပြည်တော်ကိုလာရတာ တိုင်းပြည်ပုန်ကန်ဖို့မဟုတ်ဘဲ အရှင်မင်းကြီးကို ဆုံးမသွန်သင်ရအောင် လာရောက်ခဲ့တာပါတဲ့ဘုရား”
“ဘာကွ၊ ဒင်းကများ ငါ့ကိုဆုံးမသွန်သင်ရမတဲ့လား၊ ငအောင် . . .ငအောင်၊ မင်းတော်တော်တရားလွန်ပါလားကွ၊ ကိုင်း မင်းကြီးများ ငအောင့်ကိုဘယ်လိုစီရင်ရမယ်ဆိုတာ တင်ပြစမ်းပါအုံးကွယ့်”
မူးကြီးမတ်ရာများမှာ ပါးစပ်ပိတ်နေကြသည်။ ထောင်မှူးက
“မှန်ပါ၊ ဘိုးဘိုးအောင်ဟာ တန်ခိုးရှိတဲ့လူ ဘုန်းကံရှိတဲ့လူမို့ တော်ရုံလူတွေသတ်ဖြတ်သုတ်သင်လို့မရကြောင်းပါဘုရား၊ အရှင်မင်းကြီးလို ဘုန်းကံကြီးမားတဲ့လူက သတ်ဖြတ်မှသာ ရနိုင်မယ်ထင်ပါတယ်ဘုရား”
ထောင်မှူးမှာ မိမိမစွမ်းသည်မို့ ဘုရင့်ဘက်သို့မျှားဦးလှည့်ပေးလိုက်သည်။
“ကောင်းပြီထောင်မှူး၊ သူ့ကိုဘယ်လိုစီရင်ရမလဲ”
“ကျွန်တော်မျိုးတို့ မီးနဲ့တိုက်ပြီးပါပြီ၊ ရေလည်းချပြီးပါပြီ၊ ဓါးလှံလက်နက်နဲ့လည်း သတ်ဖြတ်ပြီးခဲ့ပါပြီ၊ ဒါကြောင့်မို့ အခုတစ်ခါ မြေကျင်းတူးပြီးသတ်ဖြတ်သင့်ကြောင်းပါ အရှင်မင်းမြတ်”
“ကောင်းပြီ၊ ဒါဆိုသူ့ကိုမြို့ပြင်မှာ မြေတွင်းတူးပြီး ငါကိုယ်တိုင်စီရင်မယ်ကွဲ့”
“မှန်လှပါဘုရား၊ ဒီတစ်ခေါက်တော့ မြို့ပြင်မှာ မစီရင်သင့်ပါဘူးဘုရား”
“ဘာဖြစ်လို့များလဲကွဲ့”
“ကျွန်တော်မျိုးတို့ဟာ ဘိုးဘိုးအောင်ကိုသတ်ပေမယ့် ဘိုးဘိုးအောင်ကမသေတဲ့အပြင် လူတွေကြားထဲမှာ တန်ခိုးပြသလိုဖြစ်နေတာမို့ နာမည်ပိုပြီးကြီးကြီးလာပါတယ်ဘုရား၊ အခုတစ်ခေါက်ဟာ အရှင်မင်းဘုရားကိုယ်တိုင် စီရင်မှာဖြစ်တဲ့အတွက် တစ်ခုခုလွဲချော်သွားလို့ ဘိုးဘိုးအောင်မသေဘူးဆိုရင် အရှင်မင်းကြီးပါ သိက္ခာကျနိုင်ပါတယ်ဘုရား”
“အေးကွဲ့၊ မောင်မင်းပြောတာမှန်တယ်၊ ဒါဆိုရင် နန်းတွင်းထဲမှာပဲ ကျင်းကြီးတူးပြီးသတ်မယ်၊ မောင်မင်း အဲဒီငအောင့်ကို နန်းတွင်းကိုခေါ်လာခဲ့”
ဗဒုံမင်းအမိန့်အရ ဘိုးဘိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြသည်။ ဗဒုံမင်းကလည်း နန်းတွင်းရဲမက်များကို နန်းတော်တစ်နေရာတွင် ကြီးမားသည့်မြေကျင်းကြီး တစ်ကျင်းကိုတူးဖော်စေသည်။ မြေစာများကိုပုံအောက အနီးတွင် ရွေဂေါ်ပြား၊ ငွေဂေါ်ပြားများကိုချခင်းထားသည်။ ဘိုးဘိုးအောင်မှာ ဗဒုံမင်းဦးဝိုင်းကိုတွေ့သည့်အခါ
“သူငယ်ချင်း၊ အရင်က မင်းငါ့ကိုသတ်မိန့်ပဲပေးတာ၊ အခုတော့ မင်းကငါ့ကို မင်းလက်နဲ့ကိုယ်တိုင်သတ်တော့မယ်ပေါ့၊ ငါဘယ်လိုလူလဲဆိုတာ မင်းမသိဘူးလား၊ မင်းလည်းငါ့အစွမ်းတွေကိုမြင်ဖူးပါရက်နဲ့ကွာ”
“မောင်အောင်၊ မင်းစွမ်းတာငါသိပါတယ်၊ ဒါပေမယ့် အခုငါလည်း ဘုန်းကံကြီးမားတဲ့ပြည့်ရှင်မင်းဖြစ်နေပြီ၊ ငါကြံရင် သိကြားနတ်တွေတောင်လိုက်လျောရတယ်ကွ”
ဘိုးဘိုးအောင်မှာ ထိုစကားကိုကြားသည့်အခါ ဟားတိုက်ရယ်မောလေသည်။
“သူများပြောတိုင်း မင်းကယုံတာကိုးမောင်ဝိုင်းရ၊ မင်းစွမ်းရင် အခုသိကြားမင်းကို မိုးရွာခိုင်းကြည့်ပါလားကွ”
ဘိုးဘိုးအောင်က ရယ်ပြုံးနေသဖြင့် ဗဒုံမင်းမှာ ဆွေ့ဆွေ့ခုန်အောင်ဒေါသထွက်နေသည်။
“မောင်မင်းတို့ဘာလုပ်နေကြတာလဲ၊ အပြစ်သားကို တွင်းထဲကိုချဟဲ့”
ထိုအခါ မင်းချင်းများက ဘိုးဘိုးအောင်ကို တွင်းနက်ကြီးထဲသို့ပစ်ချလိုက်သည်။ တွင်းအနက်မှာ ဆယ့်နှစ်တောင်ရှိသည်ဟူ၏။ ဘိုးဘိုးအောင်ကိုတွင်းထဲချပြီးသည့်အခါ တွင်းထဲသို့ အုတ်ကျိုးအုတ်ပဲ့များ၊ ကျောက်တုံးကျောက်စိုင်များကိုပစ်ချကာ ဖုံးအုပ်ကြသည်။ ဘိုးဘိုးအောင်မှာတွင်းထဲတွင် တအားအားနှင့်အော်ဟစ်နေတော့သည်။
ဗဒုံမင်းမှာ အလွန်ပျော်ရွှွှင်လျှက်
“သေပေတော့မောင်အောင်၊ ငါ့ဘုန်းကြံနဲ့မင်းကိုသတ်ရင် မင်းခံနိုင်ရိုးလားကွ၊ သေလိုက်စမ်းပါကွာ”
ဗဒုံမင်းမှာ ရွှေဂေါ်ပြားတစ်ခုကိုကိုင်ကာ မြေစာများကိုတွင်းထဲသို့ကိုယ်တိုင်ဖုံးအုပ်သည်။ မင်းချင်းများကလည်း ဝိုင်းဝန်းဖုံးအုပ်လိုက်သည့်အခါ တွင်းကြီးမှာ မကြာခင်ပင် မြေစာများဖြင့်ပြည့်လျှံသွားသည်။ ဗဒုံမင်းမှာ ထိုမျှနှင့်အားမရသေးဘဲ ဖို့မြေပေါ်သို့တက်ကာ ဖနောင့်နင့်ပေါက်လျှက် ခုန်ဆွခုန်ဆွပင်လုပ်နေလိုက်သေးသည်။ မောင်အောင်သေပြီဆိုသဖြင့် စိတ်ထဲမှလည်း အလွန်ပျော်ရွှွှင်သွားမိသည်။ ထိုစဉ် ဂေါ်ပြားများကိုင်ဆောင်ထားသည့် မင်းချင်းများမှာ ကြောက်အားလန့်အားနှင့်အနောက်သို့ဆုတ်သွားကြသည်။
“မင်းတို့လုပ်တာ ပြီးပြီတဲ့လားကွ”
ဗဒုံမင်းအနောက်မှ အသံကြားသဖြင့်လှည့်ကြည့်လိုက်သည့်အခါ ဘိုးဘိုးအောင်မှာ လက်နောက်ပစ်လျှက် ဗဒုံမင်းတို့လုပ်ကိုင်နေသည်ကို ခေါင်းတညိတ်ညိတ်နှင့်ကြည့်နေလေသည်။ ဗဒုံမင်းမှာ အလွန်ထိတ်လန့်သွားပြီး
“မောင်အောင်၊ မင်းမသေသေးပါလားကွ”
“မောင်ဝိုင်းရေ မင်းငါ့ကိုသတ်လို့မရဘူးဆိုတာ မင်းလက်မခံသေးဘူးလားကွ”
“အိုကွာ၊ တစ်ယောက်ဆောင်သော်မရ တစ်သောင်းဆောင်သော်ရ၏တဲ့၊ ဟဲ့ ဝန်မင်း၊ တပ်သားတစ်သောင်းကို နန်းတွင်းကိုသွင်းခဲ့၊ လူတစ်သောင်းဝိုင်းခုတ်ရင် ဒင်းခံနိုင်မလားဟဲ့”
ဗဒုံမင်းဦးဝိုင်းမှာ မမှတ်သေးပေ၊ ထို့ကြောင့် ဝန်မင်းများမှာလည်း အထိတ်ထိတ်အပြာပြာဖြစ်ရတော့သည်။ ထိုစဉ်မှာပင် ဘိုးဘိုးအောင်က ပထမံစတုရင်္ဂအင်းရှင်တော်ကြီးကိုစီရင်၍ မြေပေါ်သို့ပစ်ချလိုက်သည့်အခါ ဓါးလှံလက်နက်ဆွဲကိုင်ထားကြသည့် ရဲမက်အပေါင်းမှာ မြေပြင်အောက်စီမှ ဘွားခနဲပေါ်ထွက်လာလေသည်။ ထိုရဲမက်များမှာ ဘိုးဘိုးအောင်နှင့်ရုပ်ချင်းတစ်ထေရာတည်းတူညီကာ ရွှေရောင်မောက်တိုများဆောင်းထားကာ၊ ရွှေရောင်ကြေးသဲအင်္ကျီများဝတ်ဆင်ထားကြသဖြင့် ရွှေရောင်ဝင်းလက်တောက်ပြောင်နေကြသည်။ လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓါးလှံလက်နက်များမှာလည်း စိန်ရောင်ခြည်ကဲ့သို့ဝင်းလက်နေကြသည်။
ထိုရဲမက်များမှာ မိုးဦးကျတွင်ပေါက်သည့် မြက်ပင်နုများကဲ့သို့ နန်းတော်ကြီးတစ်ခုလုံးတွင် အကြားအလပ်မရှိပေါ်ပေါက်လာကြသောကြောင့် နန်းရင်ပြင်ကြီးပင်သာမက နန်းဆောင်များနှင့် နန်းဆောင်အကြိုအကြားပါမကျန်ပေါက်ပေါ်လာလေရာ ထိုတော့မှ ဗဒုံမင်းက တုန်လှုပ်သွားလေသည်။
“မောင်အောင်၊ မင်းငါ့ထီးနန်းကို ကြံနေပါပေါ့လားကွ”
“ဒီမယ် မောင်ဝိုင်း၊ မင်းတပ်မက်နေတဲ့ ထီးနန်းဆိုတာကို ငါက မစင်ဘင်ပုတ်လောက်ပဲသဘောထားတယ်၊ ငါက ထီးနန်းကိုမလိုချင်ဘူး၊ ငါ့မှာ မင်းတို့ရဲ့စည်းစိမ်တန်ခိုးထက် အဆပေါင်းများစွာသာတဲ့ တန်ခိုးအစွမ်းတွေရှိပြီးသားပါကွ၊ အခုလိုလုပ်တာ ငါ့အစွမ်းဘယ်လောက်ရှိတယ်ဆိုတာ မင်းကိုပြတာပဲ၊ မင်းရဲ့စစ်သည်တစ်သောင်းနဲ့ င့ါရဲ့ကိုယ်ပွားတစ်သောင်း ပြိုင်တိုက်ရင်ဘယ်သူနိုင်မယ်ထင်သလဲကွ”
ဘိုးဘိုးအောင်မှာ ပြောဆိုလိုက်ရင်း လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ထိုစစ်သည်ရဲမက်များမှာ တမုဟုတ်ခြင်းပျောက်ကွယ်သွားကြလေသည်။ ဗဒုံမင်းဦးဝိုင်းမှာ ထိုတော့မှ မာန်နည်းနည်းကျသွားသည်။ သို့သော် လုံးလုံးတော့လက်မလျော့သေးပေ။
“မောင်ဝိုင်းရေ မင်းက ငါ့ကိုသတ်ချင်တယ်တဲ့လားကွ၊ မင်းကိုယ်မင်းသိပ်စွမ်းတယ်ထင်ရင် ငါရေးထားတဲ့ ဝလုံးတစ်လုံးကိုပဲ ပျက်အောင်ဖျက်စမ်းပါကွဲ့”
ဘိုးဘိုးအောင်မှာ ဦးဝိုင်းအရှေ့သို့လက်ညှိုးညွန်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင် ထုံးမြေဖြူနှင့် ရေးဆွဲထားသကဲ့သို့ ဝလုံးတစ်လုံးပေါ်ပေါက်လာလေသည်။ ဗဒုံမင်းဦးဝိုင်းမှာ ရာဇအိန္ဒြေရှိနေသဖြင့် ဘိုးဘိုးအောင်ရေးဆွဲထားသည့် ဝလုံးကို ခြေထောက်ဖြင့်ပွတ်ကာဖျက်လိုက်သည်။ ထိုဝတစ်လုံးပျက်သုန်းသွားသည့်အခါ မလှမ်းမကမ်းတွင် ဝနှစ်လုံးထပ်မံပေါ်ပေါက်လာပြန်သည်။ ဦးဝိုင်းမှာ ထိုဝလုံးနှစ်လုံးကို လက်နှစ်ဖက်ဖြင့်တပြိုင်နက်တည်း ပွတ်သပ်ကာဖျက်လိုက်ပြန်သည်။ ထိုစဉ် ဝလုံးလေးလုံးပေါ်ထွက်လာပြန်သည်။ ဦးဝိုင်းမှာ ဝလုံးများကိုလိုက်ဖျက်ရင်း မောပန်းလာလေသည်။ ဝလုံးများမှာလည်း တဖြည်းဖြည်းတိုးပွား၍ဖြစ်နေသဖြင့် မိဖုရားများနှင့် မူးမတ်အခြွေအရံများကိုပါ ဖျက်ခိုင်းရသည်။ ဗဒုံမင်းခိုင်းသဖြင့် နန်းတွင်းတစ်ခုလုံးအလုပ်ရှုပ်ကုန်ကြသည်။
ဝန်ကြီး၊ အမတ်ကြီးများက ပုဆိုးဖြင့်သုတ်ကာဖျက်သည်။ နန်းတွင်းသူများက ထိုင်မသိမ်းစနှင့်သုတ်ကာ ဖျက်ဆီးကြလေသည်။ တစ်လုံးဖျက်လျှင်နှစ်လုံးထပ်ပေါ်သဖြင့် မကြာခင်နန်းတွင်းတစ်ခုလုံး ဝလုံးများနှင့်ပြည့်နှက်နေလေသည်။ ဘိုးဘိုးအောင်ရေးဆွဲထားသည့် ဝလုံးများမှာ နန်းတော်ကြမ်းပြင်တွင်သာမက၊ တိုင်လုံးကြီးများ၊ နံရံများတွင်ပြည့်နှက်နေလေတော့သည်။
ဗဒုံမင်းဦးဝိုင်းနှင့်တကွ နန်းတွင်းသူနန်းတွင်းသားများမှာလည်း ပင်ပန်းမောပန်းနေကြပြီဖြစ်သည်။ ထိုအခါ ဗဒုံမင်း၏မြေးတော် ဆင်ဖြူမယ်က အပြေးရောက်လာခဲ့ပြီး
“ဘိုးတော် ဧကရာဇ်မင်းမြတ်ဘုရား၊ ဘိုးဘိုးအောင်ဟာ တိုင်းပြည်ထီးနန်းကိုလုယက်လုပ်ကြံမယ့် အရိပ်အခြည်တစ်စုံတစ်ရာမှ မမြင်ရပါ၊ ဘိုးတော်ဘုရားဟာ ဘိုးဘိုးအောင်ကိုနည်းအမျိုးမျိုးနဲ့သတ်ဖို့ကြံခဲ့ပေမယ့် ဘိုးဘိုးအောင်ဟာ စိတ်ကွက်ခြင်း ငြူစူခြင်းမရှိဘဲ သူတော်ကောင်းတို့ရဲ့သည်းခံခြင်းနဲ့သာ တန်ပြန်တုန့်ပြန်ခဲ့ပါတယ်၊ သူတော်ကောင်းကိုပြစ်မှားတယ်ဆိုတာ သံသရာအတွက်ကြီးလေးတဲ့အပြစ်ကြီးဖြစ်စေတာမို့ ဆင်ခြင်သင့်ပါတယ်ဘုရား”
ထိုတော့မှ ဗဒုံမင်းမှာ မာန်လျှော့လေသည်။ ဘိုးဘိုးအောင်ဆီသို့ကြည့်ကာ
“ငါမှားပါပြီး မောင်အောင်ရာ၊ ငါမင်းအပေါ်မှာ မလျှော်မကန်တဲ့အပြုအမူတွေ ပြုမူခဲ့ပါတယ်၊ မင်းငါ့ကိုခွင့်လွတ်ပါကွာ”
ထိုအခါ ဘိုးဘိုးအောင်က လက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်သည့်အခါ နန်းတော်အတွင်းပြန့်ကျက်ပေါ်ပေါက်နေကြသည့် ဝလုံးအက္ခရာများမှာ တမုဟုတ်ခြင်းပျောက်ကွယ်သွားကြလေသည်။ ဘိုးဘိုးအောင်မှာ မောပန်းစွာဖြင့် ထိုင်နေသည့် ဗဒုံမင်းအနီးသို့တိုးကပ်လာကာ ဗဒုံမင်းကိုလက်ကမ်းလိုက်သည်။
“ဘယ်လိုမှ သဘောမထားပါဘူး မောင်ဝိုင်းရာ၊ မင်းငါ့ကိုဘယ်လိုသတ်သတ်မသေဘူးဆိုတာ ငါသိပြီးသားပါကွ၊ ငါအခု မင်းနေပြည်တော်ကိုလာခဲ့ရတာ မင်းကိုဆုံးမဖို့ပဲ မောင်ဝိုင်းရ”
ဗဒုံမင်းမှာ ဘိုးဘိုးအောင်ကမ်းသည့်လက်ကိုဆွဲကာ မတ်တပ်ထရပ်လိုက်သည်။ ထိုအခါ အလွန်ပင်ပန်းနွမ်းနယ်ညောင်းချိနေသည့် ခန္ဓာကိုယ်မှာ လန်းဆန်းတက်ကြွကာ အားသစ်အင်သစ်များဖြစ်ပေါ်လာလေသည်။
“ငါ့ကိုဆုံးမဖို့လာတာဆိုတော့ ငါဘာတွေမှားနေလို့လဲ မောင်အောင်ရ”
“မင်းရဲ့လူသတ်ပွဲကြီးတွေအကြောင်းကို ငါကြားခဲ့ပြီးပြီ မောင်ဝိုင်း၊ မင်းဟာ ထီးနန်းကိုရကတည်းက လူတိုင်းကိုသံသယဝင်ပြီး သတ်ဖြတ်သုတ်သင်ခဲ့တယ်၊ လူသတ်ပြီးရင်း ထပ်သတ်ခဲ့တယ်၊ ယုတ်စွအဆုံး မင်းကိုကူညီခဲ့တဲ့ မဟာသီဟသူရလို လူကိုတောင်မှ သတ်ဖြတ်ခဲ့တာပဲကွ၊ ဒီမယ် မောင်ဝိုင်း၊ မင်းအခုလိုထီးနန်းကိုလွယ်လွယ်ရတာ ဘာကြောင့်လို့မင်းထင်သလဲကွ”
“ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေပေါ့ မောင်အောင်ရာ”
ဘိုးဘိုးအောင်မှာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
“ဒီမယ် မောင်ဝိုင်း၊ မဟာသီဟသူရသာ မရှိဘူးဆိုရင် မင်းဒီလိုအခြေအနေရောက်လာပါ့မလားကွ”
“ဒါတော့ ဟုတ်ပါတယ်မောင်အောင်ရယ်၊ သူအစည်းအရုံးကောင်းလို့ ရဲမက်ဗိုလ်ပါတွေ စုစည်းနိုင်ခဲ့တာပါ”
“အဲဒီ မဟာသီဟသူရကို ဆင်ဖြူရှင်မင်းက ကားစင်တင်ပြီး သတ်ဖို့လုပ်တဲ့အချိန်မှာ ငါကယ်သွားတာပဲကွ မောင်ဝိုင်းရ၊ မဟာသီဟသူရအမတ်ကြီးက တစ်ချိန်မှာ မင်းကိုကူညီလိမ့်မယ်ဆိုပြီး ငါကယ်တင်ခဲ့တာပဲ”
ဗဒုံမင်းမှာ မျက်လုံးပြူးသွားရသည်။
“ဒါ . . .ဒါဆို မဟာသီဟသူရ ငါ့ကိုကူညီတာ လတ်စသတ်တော့မင်းကူညီတာမဟုတ်လား မောင်အောင်”
“မှန်တာပေါ့ မောင်ဝိုင်းရာ၊ ဖောင်းကားစားမောင်မောင်တို့ နန်းကိုသိမ်းထားတဲ့အချိန် မဟာသီဟသူရကို မင်းကိုကူညီဖို့ဆိုပြီး အိပ်မက်ပေးခဲ့တာငါပဲကွ၊ ဒါကြောင့် မင်းနဲ့အစေးမကပ်တဲ့လူဟာ မင်းရဲ့အကြံအစည်အတိုင်းလိုက်ပါလုပ်ဆောင်ခဲ့တာပေါ့”
ဗဒုံမင်းမှာ နဖူးကိုလက်ဝါးနှင့်ရိုက်လိုက်ပြီး
“မှားပြီ၊ ငါအကြီးအကျယ်မှားပါပေါ့လား”
“မင်းဟာ နန်းတွင်းထဲက ဆွေတော်မျိုးတော်တွေကိုလည်း သတ်ဖြတ်ပစ်ခဲ့တယ်၊ မင်းမှာ အကုသိုလ်တွေသိပ်များနေပြီဆိုတာ မင်းသိရဲ့လား မောင်ဝိုင်းရဲ့”
“အိုကွာ၊ ဒါတော့ ငါငြင်းပါရစေ၊ ငါက သတ်ဖို့အမိန့်ချခဲ့တဲ့လူပဲ မောင်အောင်၊ ငါကိုယ်တိုင်သတ်တာမှမဟုတ်တာ၊ ဖြစ်ချင်းဖြစ် အာဏာပါးကွက်သားတွေပဲ အကုသိုလ်ရမှာပေါ့ကွ”
ဘိုးဘိုးအောင်မှာ ခေါင်းကိုခါရမ်းလိုက်ရင်း
“မောင်ဝိုင်းရေ၊ မင်းက မှားပြီးရင်းမှားနေတော့တာပါလားကွ၊ အကုသိုလ်ဆိုတာ တစ်အချက် ကိုယ်တိုင်လုပ်ရင်လည်းရတယ်၊ နှစ်အချက် သူများကိုလုပ်ခိုင်းရင်လည်း ကိုယ်ကခိုင်းစေတဲ့အတွက် ကိုယ်လည်းအကုသိုလ်ရတယ်၊ သုံးအချက် သူများအကုသိုလ်လုပ်နေတာကို မြင်ရကြားရပြီး ကိုယ်ကဝမ်းသာမိတယ်၊ အားပေးအားမြှောက်ပြုမိတယ်ဆိုရင် အကုသိုလ်ရနိုင်တာပဲကွ၊ အခုမင်းဆွေမင်းမျိုးတွေကို သတ်မိန့်ချတဲ့အခါ မင်းကအမိန့်ပေးရတဲ့အတွက် အာဏာပါးကွက်သားလည်း အကုသိုလ်ရသလို၊ မင်းလည်း အကုသိုလ်ရတာပဲကွ၊ ဒီသတ်တဲ့လူတွေအထဲမှာ ကိုယ်ကျင့်သိက္ခာ၊ သီလနဲ့ပြည့်စုံတဲ့လူတွေ မပါဘူးလို့ မပြောနိုင်ပေဘူး၊ ဒီလိုလူတွေကိုသတ်မိတာဟာ မင်းက သူတော်ကောင်းကိုပြစ်မှားမိတာပဲ မောင်ဝိုင်းရ၊ မင်းဒီလိုသာ ကြပ်ကြပ်လုပ်စမ်းပါ၊ မင်းအခုရထားတဲ့ ထီးနန်းစည်းစိမ်ဆိုတာ သုံးနှစ်ခံရင် ကံကောင်းပဲ မောင်ဝိုင်းရေ”
“သွားပါပြီ၊ ငါဘယ်လိုလုပ်ရမလဲ မောင်အောင်၊ ငါ့ကိုကယ်နိုင်မယ့်နည်းလမ်းများ မရှိတော့ဘူးလားကွ”
“စိတ်အေးအေးထားစမ်းပါ၊ အမှားသိပြီဆိုရင် အမှန်ပြင်ဖို့နည်းလမ်းရှိသပေါ့ကွ၊ ကုသိုလ်၊ အကုသိုလ်ဆိုတာ မီးနဲ့ရေလိုပဲ၊ မီးနဲ့ရေဟာ အမြဲတမ်းအားပြိုင်နေပြီးတော့ အားသာတဲ့လူကအနိုင်ရတာပဲ၊ မီးများမီးနိုင် ရေများရေနိုင်ဆိုတာ မင်းကြားဖူးတယ်မဟုတ်လားကွ၊ ဒါကြောင့်မို့ အခုအချိန်ကစပြီး အကုသိုလ်အလုပ်တွေကို တတ်နိုင်သမျှရှောင်ကြဉ်ရမယ်၊ ပြီးတော့ ကုသိုလ်ကောင်းမှုတွေကို မင်းပြုခဲ့တဲ့ အကုသိုလ်တွေထက် ပိုများအောင်ပြုလုပ်နိုင်မယ်ဆိုရင် ဒီအကုသိုလ်ကံအကျိုးပေးတွေကို ဆေးကြောသန့်ရှင်းစေနိုင်မှာပါ မောင်ဝိုင်း”
“မင်းပြောတာကြားရတာ ဝမ်းသာလိုက်တာ မောင်အောင်ရာ၊ ငါဘယ်လို ကုသိုလ်တွေလုပ်ရမလဲကွာ၊ ဘယ်လိုလုပ်ရင် ကုသိုလ်တွေများများရနိုင်မလဲ”
“ကုသိုလ်ဆိုတာလည်း အကုသိုလ်လိုပဲပေါ့ကွာ၊ သူကျတော့ ပြောင်းပြန်ပေါ့၊ ဒီတော့ ကိုယ်တိုင်လည်းကုသိုလ်အလုပ်တွေလုပ်ရမယ်၊ သူများတွေကိုလည်း ကုသိုလ်အလုပ်တွေလုပ်ခိုင်းရမယ်၊ သူများတကာ ကုသိုလ်ကောင်းမှုလုပ်နေတယ်ဆိုရင်လည်း သာဓုအနုမောဓနာခေါ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ် မောင်ဝိုင်းရ၊ ရှင်ဘုရင်ဆိုတာ သာမန်လူသားတွေထက် ကုသိုလ်တွေအများကြီးလုပ်နိုင်ပါတယ်မောင်ဝိုင်းရာ၊ တိုင်းသူပြည်သားတွေကို အခွန်အတုပ်တွေ လျှော့ပေါ့စီမံတာဟာ ကုသိုလ်ရတာပဲကွ၊ လမ်းတံတားတွေခင်းဖို့တာ၊ ဘုရားလှူ၊ ကျောင်းဆောက်တာတွေဟာ အဲဒီလမ်းတံတားတွေကို အသုံးပြုတိုင်း၊ အဲဒီဘုရားတွေကို လူတွေဦးခိုက်ကြည်ညိုတိုင်း ဘုရားဒကာဖြစ်တဲ့သူက အချိန်မရွေးရရှိနေမယ့်ကုသိုလ်ပဲ မောင်ဝိုင်းရ၊ တိုင်းပြည်ကို စစ်မက်ရေးရာ ဝေးကွာစေတာလည်း အဘယကုသိုလ်လို့ခေါ်တဲ့ ကုသိုလ်တစ်မျိုးပဲ”
ထိုအခါ ဗဒုံမင်းမှာ အလွန်ဝမ်းသာကြည်နူးလျှက် ဘိုးဘိုးအောင်ကိုပြေးဖက်လိုက်သည်။
“ငါအခုနားလည်သွားပါပြီမောင်အောင်ရာ၊ မင်းက အပါယ်ငရဲကျမယ့်ငါ့ကို အချိန်မီလာရောက်ကယ်တင်ပေးလိုက်နိုင်တာပါပဲကွာ၊ မင်းကမင်းအပေါ် မိတ်ဆွေကောင်းမပီသခဲ့ပေမယ့် မင်းကတော့ငါ့အပေါ်ကို မိတ်ဆွေကောင်းပီသခဲ့ပါတယ် မောင်အောင်ရာ၊ ငါလုပ်ခဲ့တာတွေအကုန်ခွင့်လွတ်ပေးပါ၊ အခု မင်းလိုရာဆုတစ်ခုကိုတောင်းစမ်းပါကွာ၊ ငါပြည့်ရှင်မင်းရဲ့အာဏာနဲ့ မရရအောင်ဖြည့်ဆည်းပေးပါ့မယ်ကွ”
“ငါ့အတွက်သီးသန့်တော့မလိုအပ်ပါဘူးကွာ၊ ဒါပေမယ့် ငါလိုချင်တာတစ်ခုပဲရှိတယ်၊ အဲဒါကတော့ မင်းအနေနဲ့ ပြည်သူတွေကိုမင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်မင်းလုပ်ပြီး၊ ရတနာသုံးပါးကိုကြည်ညိုလို့၊ ဘာသာ၊သာသနာကိုစောင့်ရှောက်ပေးစမ်းပါကွ ငါလိုချင်တဲ့ဆုတစ်ခုက အဲဒါပဲမောင်ဝိုင်းရေ”
ဗဒုံမင်းမှာ ကျေနပ်အားရစွာပြုံးလျှက်
“ကောင်းပါပြီမောင်အောင်၊ မင်းပြောသလိုဖြစ်ရပါစေမယ်၊ ဒါနဲ့ ရောက်တုန်းရောက်ခိုက် ငါ့နန်းတော်ကြီးမှာ တစ်လကိုးသီတင်းလောက်တော့ နေသွားပါလားမောင်အောင်ရာ၊ မင်းကိုငါ နန်းဦးမှာထားပြီး ကြီးကြီးကျယ်ကျယ်လုပ်ကျွေးချင်လို့ပါကွ”
“သူတော်ကောင်းတွေနဲ့ ဘုရင့်နန်းတော်ဆိုတာ လားလားမှမအပ်စပ်တဲ့နေရာပဲ မောင်ဝိုင်းရ၊ မင်းနန်းတော်ကလည်း လူစော်နံသကွာ၊ ငါမနေတတ်ဘူး၊ ငါနေတဲ့နေရာကိုပဲပြန်တော့မယ်”
“နောက်နောင်ငါမလိမ်မာတာတွေ့ရင် ငါ့ဆီကိုလာပြီးတော့ အချိန်မရွေးသွန်သင်ဆုံးမစမ်းပါ မောင်အောင်ရာ”
“အေးပေါ့ကွာ၊ နောက်တစ်ခါဆိုရင်တော့ ပါးစပ်နဲ့မပြောတော့ဘူးဟေ့၊ မင်းဖင်ကို တောင်ဝှေးနဲ့လာရိုက်မှာကွ”
ဘိုးဘိုးအောင်ပြောလိုက်သည့်အခါ ဗဒုံမင်းက ဟက်ဟက်ပက်ပက်ရယ်လေတော့သည်။ မင်းချင်းများလည်း ရယ်မောကြပြန်သည်။ ဘိုးဘိုးအောင်မှာ ဆင်ဖြူမယ်မင်းသမီးလေးကို ချီးကျူးထောမနာစကားပြောဆိုပြီးနောက် မိုးပေါ်သို့ပျံတက်ကာ နန်းဦးထိပ်တွင် ကိုယ်ရောင်ကိုယ်ဝါများကိုထုတ်လွှတ်ဖြန့်ကျက်လိုက်သည်။ အမရပူရမြို့တော်ရှိ မြို့သူမြို့သားများကို ရတနာသုံးပါးကိုမမေ့ကြရန် မှာကြားပြီးသည့်နောက် ဝေဟင်ခရီးဖြင့် ပြည်မြို့သို့ပျံသန်းထွက်ခွာသွားလေတော့သည်။
ဗဒုံမင်းသည် သူငယ်ချင်းဖြစ်သူ ဘိုးဘိုးအောင်ညွန်ကြားသွားသည့်အတိုင်း အကျိုးပြုလုပ်ငန်းများလုပ်ဆောင်သည်။ မိမိအိမ်နိမ့်စဉ် နေထိုင်ခဲ့ရသည့် အိမ်တော်ရာနေရာတွင် အောင်မြေလောကစေတီကိုတည်တော်မူသည်။ ဧရာဝတီမြစ်အနောက်ဘက်တွင် ကြီးလေးကြီးဟုခေါ်သော ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ ရေကန်ကြီးနှင့် ခေါင်းလောင်းကြီးတို့ကို တည်ဆောက်သွန်းလုပ်လှူဒါန်းပြန်သည်။ သို့သော် ပုထိုးတော်ကြီးမှာ အပြီးမသတ်လိုက်ရပေ။ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၅၆) မြို့သို့ တစ်မြို့လျှင် သံဃာတော်ငါးပါးနှင့် ပိဋကတ်တော်တစ်စုံကို စေလွတ်ကာ သာသနာပြုစေသည်။ နိုင်ငံအရပ်ရပ်ရှိ ဌာန (၂၃၀)တို့တွင် ရွှေဂူဘုရားပေါင်း (၂၃၀)တည်စေသည်။ သီဟိုဠ်ကျွန်းသို့လည်း သာသနာပြုစေလွှတ်သည်။ ပဲခူးရွှေမောဓောစေတီမှာ ငလျင်ဒဏ်ခံရ၍ သပိတ်မှောက်အထိပြိုပျက်နေလေရာ သာသနာပြုအဖွဲ့ကိုစေလွတ်ပြီး ရွှေမော်ဓောဘုရားနှင့်တကွ ပျက်စီးနေသော ဘုရားများကိုပြင်ဆင်စေသည်။ ဆင်းရဲနွမ်းပါးသည့် တိုင်းသူပြည်သားများကို စပါးတစ်သိန်းဝေသည်။
ဘိုးဘိုးအောင်ကို အကြောင်းပြု၍ ဗဒုံမင်းဦးဝိုင်း သည် ဗုဒ္ဓဘာသာသာသနာရေးဘက်၌အထူးဂရုပြုကာ ဆောင်ရွက်တော်မူလေ၏။ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာတော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် နာဂရီ၊ သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း (၁ဝဝ) ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် မြန်မာဘာသာ ပြန်ဆို စေသည်။ နိုင်ငံတော်အတွင်း အရက်သေစာသောက်စားခြင်း၊ သားကြီး ငါးကြီးတို့ကို သတ်ဖြတ်ရောင်းချခြင်းတို့ကို တားမြစ်တော်မူသည်။ စစ်ကိုင်း အိမ်တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ရှင်ပင်ချမ်းသာကြီးဘုရား၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဗဒုံမင်း ၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်(မင်းဖြူမှန်မှန်ပြော) အချိန်ရှိသော မင်းကွန်းခေါင်းလောင်းတော်ကြီး ကိုလည်း ဗဒုံမင်းက သွန်းလုပ် လှူဒါန်းတော်မူသည်။ ဗဒုံမင်းလက်ထက်တွင် တိုင်းပြည်ဝပြောစည်ပင်၍ စာပေနှင့် သာသနာရေး ထွန်းပြောင်ခဲ့လေသည်။
ဘိုးဘိုးအောင်မှာ သူငယ်ချင်းဖြစ်သည် မောင်မြတ်ကြည်အားလွမ်းဆွတ်လှသဖြင့် စစ်သာမြို့သို့လိုက်သွားမိသည်။ မောင်မြတ်ကြည်မှာ ဦးဇင်းဝတ်နှင့်ဖြစ်ကာ ကျေးလက်တောရွာတစ်ခုအနီးတွင် တစ်ပါးကျောင်းကလေးနှင့် ချို့ချို့တဲ့တဲ့နေရသည်ကို မြင်တွေ့ရသည့်အခါ လွန်စွာမှစိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် မောင်မြတ်ကြည်အား အဂ္ဂိရတ်ပညာကိုလမ်းညွန်သင်ကြားပေကာ ရွှေဖြစ်ငွေဖြစ်လမ်းစဉ်တစ်ခုကိုလည်း လင်္ကာဖွဲ့ကာသင်ကြားပေးလိုက်သည်။ ဤနေရာတွင် စာရှည်မည်စိုးသဖြင့် ထိုလင်္ကာကို မဖော်ပြပေးတော့ပါ၊ မောင်မြတ်ကြည်မှာ လင်္ကာအတိုင်း လိုက်လံလုပ်ဆောင်ရင်း ရွှေဖြစ်ငွေဖြစ်အတတ်ကို တတ်မြောက်သွားလေသည်။ မောင်မြတ်ကြည်မှာ လောဘမရှိသူဖြစ်သည့်အပြင် ယခင်ကတည်းက မောင်ဘိုးအောင်အစွမ်းပြသဖြင့် မင်းမျက်သင့်ဖူးသည်ကို အမှတ်သညာရှိသောကြောင့် ရွှေများကိုပုံအောမလုပ်ဘဲ အလိုရှိသ၍သာ ပြုလုပ်ဖန်တီးကာ ကျောင်းကန်ဘုရားများ၊ သိမ်ဇရပ်များကို ဆောက်လုပ်လှူဒါန်းကာ သာသနာပြုလေတော့သည်။