—————-

မိုးရာသီ ကောက်စိုက်ချိန်မို့ လယ်ထဲ၌ လူများ အသွားအလာ များကြသော်လည်း လယ်ပြီးချိန်၌ အသွားအလာ မရှိသလောက် နည်းပါးသွားတတ်လေသည်။
တစ်ချို့ ရွာနှင့် မိမိတို့၏ လယ်မှာ ဝေးလွန်းလျှင် လယ်ထဲက တဲ၌သာနေကြပြီး လယ်ပြီးချိန်မှ ရွာရှိ အိမ်၌ ပြန်လည် နေထိုင်ကြလေသည်။
တစ်ချို့က လယ်ထဲမနေကြပဲ မနက်လယ်ထဲ စောစောဆင်းသွားကြပြီး ညနေ မှောင်ရီပျိုးချိန်မှ ရွာထဲသို့ ပြန်တက်လာကြလေသည်။
ခုလည်း ဦးချောတို့ သားအဖသုံးယောက် လယ်ထဲက တဲတွင်ပြောင်းနေကြပြီး လယ်ယာလုပ်ငန်းခွင်ဝင်နေကြချိန်ဖြစ်သည်။
ဦးချောမှာ သားသမီး သုံးယောက်ရှိပြီး သားအကြီးနှစ်ယောက်မှ လူပျိုအရွယ် သန်သန်မာမာ ဖြစ်ကုန်ကြပြီမို့ လယ်ထဲ၌ သူနှင့်အတူ ဝင်ရောက်လုပ်ကိုင်ပေးနေလေပြီ။
ဇနီးသည်မှာ နောက်ထပ် ကိုယ်ဝန်လွယ်ထားရသည်မို့ သမီးငယ်နှင့် ရွာထဲက အိမ်၌သာ နေရစ်ခဲ့လေသည်။သမီးငယ်မှာ ဆယ်နှစ်အရွယ်ခန့်သာ ရှိသေး၍ လယ်ထဲ၌ ဘာမှမခိုင်းပဲ အိမ်၌သာ တောက်တိုမယ်ရခိုင်ရန်နှင့် မိခင်အဖော်ရစေရန် ထားခဲ့ခြင်းလည်း ဖြစ်လေသည်။
ရွာနှင့်လယ်မှာ သိပ်မဝေးလှသော်လည်း မိုးတွင်းဘက် တက်ရဆင်ရသည်မှာ အချိန်ကုန်သောကြောင့် ရွာထဲပြန်မတက်တော့ပဲ သားအဖသုံးယောက်လုံး လယ်ထဲက တဲတွင်သာနေပြီး လယ်လုပ်နေကြခြင်းပင် ဖြစ်လေသည်။
လယ်ပြီးမှ ပစ္စည်းများ သိမ်းဆည်းပြီး ရွာထဲသို့ ပြန်နေကြလေသည်။
သမီးငယ် ဆယ်နှစ်အရွယ်လောက် ရောက်မှ ဇနီးသည် ဒေါ်အေးလှိုင်မှာ နောက်ထပ် ကိုယ်ဝန်ထပ်မံ ရရှိခြင်းပင် ဖြစ်လေသည်။
မနက်ထဲက သားအဖသုံးယောက် ကောက်စိုက်နေကြပြီး
နေ့လည် ထမင်းစားချိန် ခဏတဖြုတ်နားလျှက် လယ်ထဲပြန်ဆင်းကာ ကောက်စိုက်နေကြပြန်လေသည်။
ယခုအချိန်က သူစိုက်ကိုယ်စိုက် စိုက်နေကြချိန်မို့ လူငှါး၍လည်းမရ တစ်ဦးနှင့်တစ်ဦး ကူညီ၍လည်းမရကြသေး။
ကိုယ့်လယ်အမြန်ပြီးရေးသာ လုလုပ်နေကြရလေသည်။
ညနေစောင်း၍ သားအဖသုံးယောက် အလုပ်လက်စသပ်ပြီး တဲပေါ် ပြန်တက်လာကြလေသည်။
တဲပေါ်တက်ပြီး ပစ္စည်းများ သိမ်းဆည်းပြီး ရေမိုးချိုးရန်ပြင်ဆင်နေကြချိန်……

“ဖအီး…ဝေးဖအီး…တောင်းကြီးရေ…..တောင်းစိတ်……”

“ဝေ့..တေးလေး….ဘာဖြစ်လာတာလည်း ညနေစောင်းနေပြီ ဘာလို့တစ်ယောက်ထဲ ဆင်းလာတာလည်း..အမိုးတစ်ယောက်ထဲ အိမ်မှာလေ…အမိုးဘာဖြစ်လို့လည်း…..”

“တောင်းကြီးရေ…အမိုး ဗိုက်နာနေလို့ ဖအီးကို လာခေါ်တာ”

“ဟေ…အငယ်မ နင့်အမေ ဗိုက်နာနေပြီလား အေးအေး…ခဏလေး ဖအီး ပြန်လိုက်ခဲ့မယ်။
ကဲ အကြီးကောင်တေ ဖအီး ပြန်လိုက်သွားဦးမယ် မင်းတို့ ညီအစ်ကို နှစ်ယောက် လယ်ထဲမှာ ကျန်ခဲ့ဦး နေရဲတယ်မဟုတ်လား”

“ဟုတ်ကဲ့ ဖအီး နေရဲပါတယ် ပြန်သာလိုက်သွား”

“အေး..အေး လာ အငယ်မ မြန်မြန်ပြန်ကြမယ်”

သားအဖ နှစ်ယောက် အိမ်ပြန်ရောက်တော့ ဒေါ်အေးလှိုင် မမွေးသေးဘူး။
ရွာထဲက ဝမ်းဆွဲသည်တွေတော့ ရောက်နေပြီ။

“အမလေး အမိုးရဲ့ နာလိုက်တာ…အငယ်မ ပြန်မလာသေးဘူးလား….ကိုချော….”

“အေး ပြန်ရောက်ပါပြီဟ အားတင်းထား…..မွေးတော့မှာပါ”

“ဗိုက် အရမ်းနာတယ် အရီးလဲ့ ရဲ့”

“အေးပါဟယ် ကလေးမွေးတာပဲ နည်းနည်းတော့ နာမှာပေါ့ စိတ်မလျှော့နဲ့ အားတင်းထားစမ်းပါ”

ဗိုက်က အရမ်းနာနေပေမယ့် တော်တော်နဲ့ မမွေးသေးပါဘူး….
အဲလိုပဲ ဗိုက်က နာလာလိုက်ပျောက်သွားလိုက် ဖြစ်နေတာပဲ။
သန်းခေါင်လောက်ရောက်တော့မှ ရေမွာပေါက်ပြီး….ကလေးလည်းထွက်လာပါတော့တယ်။
မွေးလာတဲ့ ကလေးကို ကြည့်ပြီး ဝမ်းဆွဲသည် အရီးစိမ်း လန့်သွားတယ်။
တစ်ခါမှလည်း မကြုံဘူးတော့ ကြည့်ပြီးကြောက်သလိုလို ဖြစ်လာတာနဲ့ ဦးချောကို အသာလှမ်းခေါ်လိုက်တယ်။

“မွေးပြီ ကိုချောရေ ခဏလောက် လာပါဦး”

“အေး မစိမ်း လာပြီ ဘာဖြစ်လို့လည်း ကလေးလည်း ငိုသံမကြားပါလား”

“ကလေးတော့ မွေးပြီ ……မွေးလာတဲ့ ကလေးကိုလည်း ကြည့်ပါဦး”

“ဟာ…….”

ကလေးကို လှမ်းကြည့်ပြီး ဦးချောပါ လန့့်သွားတယ်…….
ဟုတ်တယ်လေ မီးအိမ်အလင်းရောင်နဲ့ သူလှမ်းမြင်လိုက်ရတဲ ကလေးလေးက ခေါင်းကအဆမတန်ကြီးပြီး ကိုယ်လုံးက သေးသေးလေးရယ်။
မျက်လုံးက ပြူးပြူးနဲ့ ပါးစပ်ဟ လိုက်တိုင်း သွားစွယ် ကျိုးတိုးကျဲတဲတွေက ချွန်မြနေလေရဲ့။
လူတစ်ယောက်နဲ့ မတူပဲ သရဲတစ္ဆေရုပ် ပေါက်နေတာလေ။
ဒုက္ခပါပဲ ဒီကလေးသာ သူမိန်းမမြင်ရင် သွေးတက်ပြီး သေလောက်တယ်။သူဘယ်လို လုပ်ရမှန်းမသိဘူး။အဲဒါနဲ့……

“အရီးစမ်း ဘယ်လိုဖြစ်တာလည်း ဒီကလေးက လူမှ ဟုတ်ရဲ့လား…”

“အဲဒါပြောမလို့ ကိုချောရေ လူကြီးတွေ ပြောခဲ့ဘူးသလို နင့်မိန်းမ ဘီလူးလေး မွေးလာတာလား မသိဘူး..ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ တွေ့ဘူးသေးတယ်”

“ဟာ….အဲ…အဲဒါဆို ဘယ်လို လုပ်ကြမလည်း အဲဒါမှဒုက္ခ ရွာထဲ လူတွေသိကုန်ရင်လည်း လွယ်မှာမဟုတ်ဘူး”

“အေး ငါလည်းဘယ် ပြောရမှန်းတောင် မသိတော့ဘူး”

သူတို့ နှစ်ယောက် တိးုတိုးပြောနေတုန်း ဒေါ်အေးလှိုင်ဆီက အသံထွက်လာတယ်….

“အရီးစိမ်း ကျွန်မ ကလေးရော ဘာလေးမွေးလည်း ကလေးငိုသံလည်း မကြားရပါလား”

“ရှိပါတယ်ဟယ် ယောင်္ကျားလေးမွေးတယ် ခဏနေဦး ကလေးကို ရေချိုးပေးပြီး အနှီးနဲ့ထုပ်ပိုး လိုက်ဦးမယ်”

အရီးစိမ်းက ကလေးကို ထုပ်ပိုး ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်…ဒေါ်အေးလှိုင်ကို ပြလိုက်လို့ လန့်ပြီးသွေးတက်သွားမှာလည်း ဆိုးတယ်။

“ကဲ ကိုချော ဘယ်လိုလုပ်ကြမလည်း.”

“အင်း ခဏလေး အရီးစိမ်း ကျွန်တော် နည်းနည်း ပြောပြထားလိုက်ဦးမယ်”

“အေးလှိုင် ငါ့တို့ကလေးတော့ မွေးပါပြီ ဒါပေမယ့် ကလေးက သာမာန် ကလေးတွေနဲ့မတူဘူး….
နင်ကိုပြရင် နင်စိတ်မဆင်းရဲ ရဘူးနော်”

“အေးပါတော် ကျုပ်မွေးတဲ့ကလေးက ဘာပဲဖြစ်ဖြစ် ကျုပ်ကလေးပါပဲ….”

“အင်းပါ ကဲ အရီးစိမ်း ပြလိုက်ပါဦး..”

“အေး..အေး ရော့ဒီမှာနင့်ကလေး.. ”

ကလေးကို ကြည့်ပြီး ဒေါ်အေးလှိုင် စိတ်ထဲ မကောင်းဖြစ်သွားပေမယ့် ဘာမှတော့ မပြောပါဘူး။
မိဘဆိုတော့လည်း ကိုယ့်ဝမ်းနဲ့ လွယ်မွေးလာတဲ့ ကလေးဆိုတော့ ဘာပဲဖြစ်ဖြစ် ချစ်ရမှာ ကိုယ့်တာဝန်ပဲ မဟုတ်လား….
ဒေါ်အေးလှိုင် သားကိုကြည့်ပြီး စိတ်မကောင်းဖြစ်ပေမယ့် မိခင်ပီပီ နို့လံတိုက်လိုက်ပါတယ်…ဒါပေမယ့် ကလေးက လုံးဝ နို့မဆို့ပဲ ခေါင်းကို လွဲ လွဲ သွားပါတယ်။

“ကိုချောရေ ဒီကိစ္စ ဘယ်လိုလုပ်ကြမလည်း ”

“ခဏတော့ စောင့်ကြည့်ဦးမယ် အရီးစိမ်းရယ်။ အရီးစိမ်းလည်း ဒီကလေး အကြောင်း ဘယ်သူမှ မပြောပြပါနဲ့ဦး။ တော်ကြာ လူတွေသိသွားရင် ပြသနာရှာကြလိမ့်မယ်။ဘာပဲဖြစ်ဖြစ် တစ်ရက် နှစ်ရက်တော့ အခြေအနေ စောင့်ကြည့်လိုက်ပါဦးမယ်”

“အေးလေ ကိုယ့်ကလေးဆိုတော့လည်း……….
ကဲ..ကဲ..အဲဒါဆိုလည်း ငါပြန်တော့မယ်…နောက်နေ့မှ ပြန်လာခဲ့မယ်”

“ဟုတ်ကဲ့ အရီးစိမ်း ကျွန်တော် လိုက်ပို့ပေးမယ်”

“ရပါတယ်ဟယ် သွားနေကျလမ်းတွေပဲ နင့်မိန်းမသာ ဂရုစိုက် ကဲ ငါသွားမယ်”

“ဟုတ်ကဲ့ အရီးစိမ်း”

အရီးစိမ်း ပြန်သွားတော့ ဦးချောတစ်ယောက်ထဲ အတွေးတွေနဲ့ ကျန်ခဲ့တယ်။
ဇနီးသည်ကို လှမ်းကြည့်တော့ ပင်ပန်းပြီး အိပ်ပျော်နေပြီ။ကလေးကိုတော့ အနားမှာ ချသိပ်ထားတယ်။
အခြေအနေ တစ်ခုခု ထူးမလားဆိုပြီး တစ်ညလုံး ထိုင်စောင့်ပြီး ကြည့်နေပေမယ့် ဘာမှမထူးခြားပဲ ကလေးရော ဇနီးပါ အိပ်ပျော်နေကြဆဲ။
မနက်လင်းတဲ့ အထိ ဘာမှမထူးတာနဲ့ အိမ်ရှေ့ထွက်လာပြီး အိပ်ရာထဲ ခဏပြန်လှဲနေရင်း အိပ်ပျော်သွားတယ်။
နေ့လည်လောက်မှ ပြန်နိုးလာလို့ ဇနီးသည်နဲ့ ကလေးအခြေအနေကို ဝင်ကြည့်လိုက်တယ်။
သူတို့လည်း ပြန်ပြီး အိပ်ပျော်နေကြပုံပါပဲ။
သမီးငယ်ကတော့ မီးဖိုးထဲမှာ ချက်ပြုတ်နေလေသည်။
ဦးချော မျက်နှာသစ် ပြီး ဇနီးနှင့် ကလေး၏ အခြေအနေအားလှမ်းကြည့်ကာ မီးဖိုချောင်ထဲဝင်၍ ထမင်းစားလေသည်။
ထို့နောက် လယ်ထဲခဏဆင်းကာ ကြည့်ရှု့ပြီး သားနှစ်ယောက်အား ဆက်လုပ်ရမည့်အလုပ်များကို မှာကြားနေလေသည်။နောက်ထပ် လေးငါးရက်လောက်ဆိုလျှင် အားလုံးပြီးလောက်ပြီမို့ စိတ်ချလက်ချနှင့်ပင် ရွာထဲသို့ ပြန်တက်လာခဲ့လေသည်။
ထိုရက်များအတွင်း ဘာများထူးခြား မလည်းဟု စောင့်ကြည့်နေသော်လည်း အိပ်ရေးသာ ပျက်ခဲ့သည် ဘာမှထူးထူးခြားခြား မဖြစ်ခဲ့။တစ်ခု ထူးခြားသည်မှာတော့ မွေးလာခဲ့သော ကလေးမှာ ငိုခြင်းရယ်ခြင်းမရှိ။နို့တိုက်၍လည်း လုံးဝမရ။သို့သော်လည်း ဘာမှမဖြစ်ပဲ အိပ်ချိန်အိပ်၍ နိုးချိန်နိုးလေသည်။
ဤလိုနှင့် မီးထွက်မည့်ညရောက်လာခဲ့လေသည်။
ဦးချောမှာ ညစဉ်စောင့်ကြည့်ရင်း အိပ်ရေးတွေပျက်၍ ထိုညက စောစောပင် အိပ်ပျော်သွားလေသည်။သန်းခေါင်ချိန်လောက်တွင် အသံတစ်ခုကြား၍ ဦးချော လန့်နိုးလာခဲ့လေသည်။

“ကျွီ…..ကျွီ…ကျွီ…”

“ကျွီ….ကျွီ..”

“ဟင်…ညကြီးသန်းခေါင် ဘယ်သူများ ပုခက် ထစီးနေပါလိမ့်…အေးလှိုင်များ အိပ်မပျော်လို့ ပုခက်ပေါ် တက်ထိုင်နေတာများလား”

“ကျွီ…..ကျွီ….”

ခေါင်းရင်းမှာ အိပ်နေသော ဦးချောတစ်ယောက် နောက်ဘက်မီးနေခန်း အနားဆင်ထားသော ပုခက်မှ တစ်စုံတစ်ယောက် ပုခက်လွဲစီးနေသံကြား၍ အံ့ဩသွားမိလေသည်။
ထိုကြောင့်အိပ်ရာမှ အသာထလိုက်ပြီး နောက်ဘက်ခန်းသို့ လှမ်းမျော်ကြည့်လိုက်လေသည်။
မှောင်နေ၍ ဘာမှမမြင်ရသောကြောင့် အနား၌ရှိသော မီးခြစ်အားခြစ်ကာ မီးခွက်အား မီးထွန်းလိုက်လေသည်။
ထိုအချိန်မှပင် ပုခက်လွဲသံတိတ်သွား သည်။
ထို့နောက် မီးခွက်အားကိုင်ကာ နောက်ဘက်ခန်းဆီလျှောက်လာပြီး ကြည့်လိုက်လေသည်။
ပုခက်တွင်း၌ ဘယ်သူမှမရှိ။ခြင်ထောင်ထဲ လှမ်းကြည့်လိုက်တော့လည်း ဒေါ်အေးလှိုင်ရော ကလေးပါ အိပ်ပျော်နေလေသည်။
ဒါဆို ခုဏက သူကြားတာ နားကြားများ လွဲနေလို့လား။အိပ်ချင်မူးတူးနဲ့ ကြားချင်ရာကြားတာလား။
ဒါလည်းမဖြစ်နိုင် သူသေသေချာချာ ကြားခဲ့တာ။
တစ်ခုခုတော့ ထူးခြားနေသည်ဟု ဦးချောစိတ်ထဲ ထင်နေမိသည်။ဘာမှန်းတော့သူ သေချာမသိ။
အိမ်ရှေ့ခန်းသို့ ပြန်လာပြီး အိပ်ရာထဲဝင် လှဲနေလိုက်သည်။သမီးငယ်က သူနှင် အတူလာအိပ်၍ ဘေးနားတွင် တရှူးရှူးနှင့် အိပ်ပျော်နေဆဲ့။
ဦးချောတစ်ယောက် မျက်စိကြောင်ပြီး မိုးလင်းသည်အထိ ပြန်၍ အိပ်မပျော်တော့ပေ။
နောက်နေ့တွင် လယ်ပြီးသွား၍ သားကြီးနှစ်ယောက်လည်း ပစ္စည်းများ သိမ်းဆည်းပြီး ရွာထဲပြန်ပြောင်းလာကြသည်။
ထိုညတွင်လည်း အဖော်များလာ၍ ဦးချောတစ် စောစီးစွာ အိပ်ရာဝင်ခဲ့လေသည်။
သားကြီးနှစ်ယောက်မှာလည်း တစ်မိုးတွင်းလုံး ပင်ပန်းထားကြ၍ ခေါင်းချသည်နှင့် အိပ်ပျော် သွားကြတော့လေသည်။

“အား….ဖအီးရေ…တောင်းအီးရေ..ဒီမှာ မဲလုံးတစ်ကောင် ဘာဖြစ်တာလည်း မသိဘူး လာကြည့်ကြပါဦး”

မဲလုံးဆိုသည်မှာ အိမ်၌မွေးထားသော ခွေးနက်လေးဖြစ်သည်။လယ်ထဲတွင် သူတိုနှင့် အတူလိုက်နေပြီး အားလုံးပြန်လာ၍ သူပါအိမ်ပြန်လိုက်လာခြင်းပင်ဖြစ်သည်။
မနက်စောစောထ ထမင်းချက်တတ်သော သမီးငယ်၏ ခေါ်သံကြောင့် သူတို့အားလုံး လန့်နိုးသွားကြလေသည်။
အိမ်အောက်သို့ သားအဖသုံးယောက် ပြိုင်တူဆင်းလာပြီး လှမ်းကြည့်လိုက်မိရာ….

“ဟာ…..”

“မဲလုံး… ဘယ်လိုဖြစ်တာလည်း….”

“အေးကွ……”

မှန်ပေသည်။မဲလုံးတစ်ကောင် ဗိုက်ဖောက်ခံထားရကာ ကလီစားများကို အကောင်တစ်ကောင်ကောင်က စားသွားပုံပင်။အသံပင် တစ်ချက်မှ မကြားလိုက်ပဲ မဲလုံးတစ်ကောင် အသက်ပျောက်သွားပုံကို စဉ်းစားမရ။
စိတ်မကောင်းစွာပင် မဲလုံးကြီးအား ခြံနောက်ဘက်၌ တွင်းတူးပြီး မြေမြုပ်လိုက်ကြလေသည်။
နောက်ညများတွင်လည်း အိမ်၌ မွေးမြူထားသော ကြက်များ တစ်ကောင်ပြီးတစ်ကောင် ပျောက်ဆုံးနေရာ စဉ်းစားမရအောင် ဖြစ်နေကြလေသည်။
အိမ်၌လမွေးမြူထားသော ကြက်များကုန်သွားပြန်တော့လည်း မရပ်သေး။
ရွာထဲရှိအိမ်များမှ ခွေများသေကြခြင်း ကြက်များပျောက်ဆုံးခြင်းများ ညစဉ်ဆက်တိုက် ဖြစ်ပွားနေလေသည်။
တစ်ယောက်တစ်ပေါက် ပြောဆိုသံများလည်း မကြာခဏ ကြာနေရလေသည်။

“အရင်က ငါတို့ရွာမှာ သူခိုးတွေဘာတွေလည်း မရှိပါဘူး…ခုတော့ပျောက်လိုက်တဲ့ ကြက်တွေ၊ဘဲတွေကွာ စဉ်းစားလို့တောင်မရဘူး”

“ဟုတ်ပတော် ကြက်တွေ၊ဘဲတွေပျောက်တာ ထားဦး ခွေးတွေဝက်တွေလည်း ဘာလို့ ဗိုက်ဖောက်ပြီး အစားခံရတာလည်း တစ်ခုခုပဲ၊ကြာလာရင် လူတွေပါ သတိနဲ့နေရမယ်ပုံပဲ”

“ဟုတ်ပကွာ”

တစ်ဖြည်းဖြည်း နှင့် အခြေအနေတွေ ဆိုးရွားလာ၍ ရွာထဲမှသူများလည်း သတိထားစောင်ကြည့်လာကြလေသည်။
သူခိုးကပဲ လျှင်လို့လား၊သူတိုပဲ ညံ့လို့လားတော့မသိ သူခိုးအား တစ်ခါမှ မမြင်မိကြ။
တစ်ည ဦးချောတစ်ယောက် အိပ်ပျော်နေရာမှ လန့်နိုးလာပြီး အိမ်နောက်ဖေးမှ ခြေသံကြား၍ သူခိုးထင်ပြီး အသံအမည်အောင် အသာအယာထလိုက်လေသည်။
ထိုနောက် မှောင်ထဲ စမ်းတစ်ဝါးဝါး ထသွားပြီး အခန်းပေါက်ဝမှ အသာချောင်းကြည့်လိုက်လေသည်။

“ဟာ…..”

ဦးချောတစ်ယောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် လန့်ဖျန့်ကာ ကြက်သေသေနေမိလေသည်။
အခန်းတွင်းမှ ညတိုင်း ထွန်းထားသေ မီးခွက်မှ မီးရောင်ကြောင့် ထင်ထင်ရှာရှား လှမ်းမြင်ရနေသည်။
သူမြင်လိုက်ရသည်မှာ မွေးကတည်းက လမ်းလျှောက်ဖို့ နေနေသာသာ ချထားသည့်အတိုင်းပင် အလှုပ်မယှက်နေတတ်သော သူ၏ သားအငယ်ဆုံး ခေါင်းကြီးပင် ဖြစ်လေသည်။
နောက်ဖေးပေါက်မှ တွက်ဖက်တက်လာပြီး ပုကွပုကွနှင့်လျှောက်လာကာ ပါးစပ်းအား အဝတ်စုတ် တစ်ခုနှင့် ကဗျာကယာ သုတ်နေခြင်းပင်။သူပါးစပ်၌ သွေးစွန်းနေ၍ သုတ်နေခြင်းဖြစ်သည်။ထိုနောက် ဒေါအေးလှိုင်၏ ခြင်ထောင်ထဲ ဝင်သွားကာ သိပ်နေကျလနေရာမှာပင် ဟန်မပျက် ပြန်လည်အိပ်စက်နေလေတော့သည်။
ဦးချောတစ်ယောက် အသက်ရှူပင် ရပ်တန့်သွား သလို ခံစားမိလေသည်။
မဲလုံးဗိုက်ဖောက်စားခံရခြင်း၊အိမ်မှ ကြက်များ ပျောက်ဆုံးခြင်း၊ရွာထဲမှ ခွေးများ၊ဝက်များသေဆုံးခြင်း ၊ကြက်များပျောက်ဆုံ့းခြင်း၏ တရားခံကို မျက်စိရှေ့၌ တွေရလေပြီ။ထိုသူကား အခြားသူမဟုတ် သူနှင့် အေးလိုင်တို့မှ မွေးဖွားလာသော သူတို့၏သွေး မကောင်းဆိုးဝါးပင်။
သူ အသာခြေဖွနင်းကာ အိမ်ရှေ့ခန်းသို့ပြန်လာပြီး အလေးအနက် စဉ်းစားနေမိသည်။
မဖြစ်သေး သူတစ်ခုခု လုပ်မှ ဖြစ်ပေတော့မည်။
အတွေးနှင်အတူ ထလိုက်ပြီး အိမ်ပြင်သို့ အသာထွက်လာခဲ့လေသည်။
ခဏအကြာတွင် အဖော်တစ်ယောက်နှင့် အတူပြန်ရောက်လာလေသည်။
ထိုသူကား ရွာထဲမှ ပယောဂဆရာ ဆရာတိ ပင်ဖြစ်သည်။
အိမ်ပေါ်ရောက်တော့ မီးခွက်ထွန်းပြီး သားကြီးများအားခေါ်နိုးလိုက်လေသည်။
ထို့နောက်ဆရာတိအား ခေါင်းရင်တွင် နေရာပေးပြီး…..

“ဆရာတိ တစ်ခုခု လုပ်ပေးပါဦး..ခုဏက ကျွန်တော်ပြောခဲ့သလိုပဲ….”

“အင်းပါ..ခဏ.. ဘုရားမီးထွန်းလိုက်ဦးမယ်”

သားနှစ်ယောက်မှာ ဘာမှန်းမသိပဲ ကြောင်တောင်တောင် ဖြစ်နေလေသည်။

“ကဲ မောင်ချော မင်းမိန်းမနဲ့ ကလေးသွားခေါ်လာခဲ့”

“ဟုတ်ကဲ့ ဆရာတိ”

ဦးချော အခန်းတွင်း ဝင်သွားပြီး ဒေါ်အေးလှိုင်အား နိုးကာ ကလေးကိုပါ ချီ၍ ပြန်ထွက်လာလေသည်။
ဆရာတိရှေ့တွင် ထိုင်ချလိုက်ပြီး ကလေးအား ဆရာတိ ကိုအပ်လိုက်လေသည်။
ဆရာတိ က ကလေးအား လှမ်းကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ကာ ချည်မန်းကွင်းများနှင့် ပတ်လိုက်လေသည်။
ထိုသို့ ပတ်လိုက်သည်နှင့် တစ်ခါမှ မလှုပ်ရှားသော ကလေးမှာ အတင်းတွန်လိမ် ရုန်းကန်ပြီး စူးစူးဝါးဝါ အော်ဟစ်လေတော့သည်။
အော်သံမှာ ကျယ်လွန်း၍ နားများပင် အူလေသည်။
အော်သံကြောင့် တစ်ခြားအိမ်မှ သူများလန့်နိုးပြီး ဦးချောအိမ်သို့ အပြေးအလွားရောက်လာကြတော့သည်။

“ကိုချော..ကိုချော ဘာတွေဖြစ်တာလည်း..အောသံကလည်း ကြောက်စရာကောင်းလိုက်တာ”

“အေး…အိမ်ပေါ်သာတက်ခဲ့ကြတော့ဟေ့”

အိမ်ပေါ်ရောက်တော့ ဦးချောက အဖြစ်စုံရှင်းပြပြီး ကလေးအား ပြလိုက်လေသည်။
ကလေးမှာ ခဏသာ အောဟစ်ပြီး ငြိမ်သက်သွားလေသည်။

“အဖြစ်ကတော့ အဲဒါပါပဲဗျာ ရွာထဲကလူတွေလည်း လယ်ထဲအကုန်ရောက်နေကြတဲ့
အချိန်ဆိုတော့ ကျွန်တော့်မိန်းမ ကလေးမွေးသွားတာ ဘယ်သူမှ မသိလိုက်သလို ဘာလေးမွေးတယ်ဆိုတာလည်း ဘယ်သူမ မသိလိုက်ကြတာပါ…ကျွန်တော်လည်း ဘာမှမဖြစ်ဘူးထင်လို့ ဒီတိုင်းနေလိုက်တာပါ ခုလိုဖြစ်သွားတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်”

“အင်းလေ ဖြစ်ချင်လို့ ဖြစ်တာမှမဟုတ်ပဲ ဘာတတ်နိုင်မှာလည်း ကဲ ခုကိစ္စရော ဆရာတိ ဘယ်လို ဆက်လုပ်ရမလည်း”

“ဒီမှာတော့ ချုပ်ပြီးသားပြီ အဲဒီတော့ သင်္ချိုင်းသွားမြုပ် ပစ်ရမှာပဲ မိုးတော့မလင်းသေးဘူး လင်းအောင်လည်း စောင်မနေတော့နဲ့ အဖ်ာတွေများတာပဲ ကဲ တစ်ခါထဲ သွားပြီး မြေမြုပ်လိုက်ကြမယ်”

“ဟုတ်ကဲ့ ဆရာတိ ကဲ သွားကြမယ် ပေါက်တူး ပေါက်ပြားတွေ၊ဓားတွေယူခဲ့ကြ”

ကလေးအား အဝတ်စနှင့်ထုပ်ယူလာပြီး သင်္ချိုင်းသို့ထွက်လာခဲ့ကြလေသည်။
ရောက်သေါခါ မြေနေရာလွတ်ရှာပြီး မြေကျင်းတူကြလေသည်။
အတန်ငယ်တူးပြီးသောအခါ အဝတ်စနှင့် ထုပ်ယူလာသော ကလေးအား မြေကျင်းထဲထည့်ပြီး မြေကြီးများ ပြန်ဖုံးကာ နင်းသိပ်သူကသိပ် ပေါက်တူးနှင့် စောင်ချသူက စောင့်ချပြီး ပြန်လာခဲ့ကြလေသည်။
အားလုံးအသီးသီး ပြန်လာကြတော့ မိုးပင်လင်းလုပြီဖြစ်သည်။
ထိုနေ့ တစ်နေ့လုံးဘာမှ မထူးခြား၍ ဦးချောလည်း စောစောပင် အိပ်လေတော့သည်။
အိမ်မက်ထဲ၍ မျက်လုံးပြူးပြူး အစွယ်ဖွေးဖွေး၊အမွေးစုတ်ဖွားနှင့် ကြောက်စရာကောင်းသော ဘီလူးတစ်ကောင် ရောက်လာပြီး

“မင်းတို့ငါ့ကို ချုပ်ထားကြတယ်ပေါ့ ငါလုံးဝမကျေနပ်ဘူး မင်းတို့တစ်ရွာလုံးကို သတ်စားရမှ ငါကျေနပ်မယ်”

ထိုသို့ပြောပြီး ပျောက်ကွယ်သွားလေသည်။
ဦးချောလည်း အိမ်မက်မှ လန့်နိုးလာပြီး တစ်ကိုယ်လုံးချွေးများ ရွှဲစိုလျက် တုန်တုန်ရီရီပင် ဖြစ်မိလေသည်။
ရုတ်တစ်ရက် အနားမှာ အိပ်ပျော်နေသော သမီးငယ်က

“အား…..ကြောက်တယ်..ကြောက်တယ်..ဖအီး..ဘီလူးကြီး ဘီလူးကြီး..သမီးကြောက်တယ်”

“သမီး…..အငယ်မ ဘာဖြစ်လို့လည်း..ထစမ်း”

“အိမ်မက်ထဲမှာ ဘီလူးကြီ သမီးတို့ကို စားမလို့တဲ့”

“ဟင်…”

သားကြီး နှစ်ယောက်လည်း လန့်နိုးလာပြီး..

“ဖအီးရေ အိမ်မက်ထဲမှာ ဘီလူးကြီး တစ်ကောင်ရောက်လာပြီး ငါတို့ကို ကြိမ်းဝါးနေတယ်”

“ဟေ….”

အားလုံး အိမ်မက်တွေက အတူတူပင်။ဘာတွေများ ဖြစ်ကြဦးမှာလည်း။မိုးလည်း လင်းလုပြီမို့ အိမ်ရှေ့မှ ဆူဆူညံညံ အသံများ ကြားရပြန်သည်။

“ဦးချောရေ..ဝေ့ ဦးချော..နိုးပြီလားဗျ”

“အေး..နိုးပြီ လာကြလေ”

“ဦးချောရေ အခြေအနေတွေ မကောင်းသေးဘူး ထင်တယ် ညက ကျွန်တော်တွေ အိမ်မက်မက်ကြလို့”

“အင်း..ငါတို့လည်း မက်တယ် ဆရာတိကို ခေါ်ပြီး သင်္ချိုင်းတစ်ခေါက်လောက် ထပ်သွားကြည့်မှထင်တယ်”

“ဟုတ်တယ် သွားကြည့်ကြမယ်ဗျာ”

သူတို့အားလုံး ထွက်လာကြပြီး ဆရာတိအား ဝင်ခေါ်ကြလေသည်။
ဆရာတိ အိမ်ရှေ့ရောက်တော့…..

“လာကြပြီလားဟေ့ မင်းတို့ကို စောင့်နေတာ ညက. အိမ်မက် မက်ကြပြီထင်တယ်”

“ဟုတ်တယ် ဆရာတိရေ”

“ခဏစောင့်ဟေ့ လိုအပ်တဲ့ ပစ္စည်းတွေ ယူလိုက်ဦးမယ်”

ခဏနေတော့ ဆရာတိ လွယ်အိပ်တစ်လုံးလွယ် ကာ ထွက်လာသည်။
ထို့နောက် သူတို့ အားလုံး သင်္ချိုင်းဆီ ထွက်လာခဲ့ကြလေသည်။
ညက မြေမြုပ်ထားသောနေရာသို့ ရောက်သောအခါ…..

“ဟာ…..”

“ဟင်…”

“ဝိုး….”

ညက မြေမြုပ်ထားသောနေရာမှ မြေကြီးများ လွင့်စင်ထွက်ကာ ကျင်းကြီး ပြန်ဖြစ်နေလေသည်။
ကျင်းထဲသို့ ငုံကြည့်လိုက်သောအခါ မြုပ်ထာသော ကလေးမှာ ရှိနေသေးပြီး ထုပ်ထားသော အဝတ်စမှာ လွင့်စင်လျက် ရုန်ကန်ထားပုံရလေသည်။
ဆရာတိက ကလေးအား မြေကျင်းထဲမှ ထုတ်ယူလိုက်ပြီး မြေပေါ်သို့ချကာ အိပ်တွင်းမှ ဆေးစီရင်ထားသော ငွေဓားလေးအား ထုတ်ကာ ဝမ်းဗိုက်အား ထိုးစိုက်လိုက်လေသည်။
ကလေးမှာ နာကျင်စွာ အော်ဟစ်ရုန်းကန်ပြီး ငြိမ်သက်သာ သေဆုံးသွားတော့လေသည်။

“ကဲ ဒီတစ်ခါတော့ ကိစ္စပြတ်ပါပြီ သူကို မြေပြန်မြုပ်လိုက်တော့”

အလောင်းအား မြေပြန်မြုပ်ပြီး သေချာစွာ မြေကြီးများအား နင်းသိပ်ခဲ့ပြန်သည်။
ကိစ္စပြီး၍ အိမ်ပြန်လာကြသော်လည်း ဘာများဆက်ဖြစ်ဦးမလည်းဟု အားလုံးဆိုးရိမ် ပူပန်နေကြဆဲပင်။
ထိုည၌လည်း တစ်ရွာလုံး အိမ်မက် ထပ်မက်ကြပြန်လေသည်။
အိမ်မက်မှာ အားလုံးအတူတူပင် ဖြစ်ကြပြီး အိမ်မက်ထဲ၌ ယခင်ညက ဘီလူးကြီးပင် ပြန်ရောက်လာကာ သူတို့အား….

“မင်းတို့ လက်ဦးသွားကြလို့ပေါ့ကွာ မဟုတ်လို့ကတော့ တစ်ရွာလုံး အကုန်သေပြီသာမှတ် ငါရုန်းလို့ လွတ်ကာနီးမှ မင်းတို့ရောက်လာတာမြန်လို့ ကံကောင်းသွားတယ်မှတ်”

ထိုသို့ပြောပြီး မီးပုံတစ်ပုံပေါ်လာကာ ဘီလူးကြီးအား လောင်မြိုက်သွားတော့လေသည်။

🌷🌷ပြီးပါပြီ
🌷🌷🌷လေးစားစွာဖြင့်
🌷🌷🌷ခမ်းနားထည်ဝါ