ဘုရားပျံဦးအောင်ရှိန်နှင့် ဘုရားပျံဂိုဏ်းသို့အဝင်
စာစဉ်(၃၈)
ရသေ့ကြီးနဲ့အတူတူကျုပ်လိုက်သွားမိတယ်ဗျ၊ ရသေ့ကြီးက သွားရင်းလာရင်းနဲ့ သူ့ပါးစပ်ကတံတွေးတွေကို လက်ညှိုးနဲ့ဆွတ်ပြီးတော့ သူ့လက်ဖျံမှာစာတွေရေးတယ်ဗျာ၊ ဒီလိုနဲ့အဲဒီနေရာနဲ့ မလှမ်းမကမ်းနေရာတစ်ခုကို သွားနေပါရောဗျာ၊ မကြာခင် စေတီကြီးတစ်ဆူကိုမြင်တွေ့လိုက်ရပါရော။
“ဒါ ဘာစေတီလဲဟင်ရသေ့ကြီး”
“ဓမ္မရာဇိက စေတီလို့ခေါ်တယ်”
ဘုရားကြီးက တော်တော်ကြီးတာဗျ၊ ရွှေစည်းခုံဘုရားကြီးနဲ့တောင် ဆင်တူနေပါသေးတယ်၊ ညရောက်ပြီဆိုတော့ စေတီကြီးတစ်ခုလုံးက မှောင်အတိကျနေသဗျာ၊ ရွှေစည်းခုံနဲ့မတူတာကတော့ ဒီစေတီက မုခ်ငါးမုခ်ပါတယ်ဗျ။
“ရသေ့ကြီး ကျုပ်တို့ဒီကိုဘာကိစ္စနဲ့လာတာလဲ”
“ငါသစ္စာဆိုဖို့လာတာပေါ့ကွ”
ဒါနဲ့ ရသေ့ကြီးနဲ့ကျုပ်နဲ့ ဘုရားမုခ်ငါးမုခ်ထဲက မုခ်ဦးတစ်ခုထဲကိုဝင်ခဲ့ကြတာပေါ့ဗျာ၊ အဲဒီမုခ်ဦးထဲက တဝဂူကလေးထဲမှာတော့ ဘုရားဆင်းတုတစ်ဆူရှိတယ်ဗျ။ ရသေ့ကြီးက ဘုရားဆင်းတုရှေ့မှာထိုင်ချလိုက်ပြီးတော့
“ဒါ နောင်ပွင့်မည့် အရိမေတ္တယျဘုရားပဲကွ၊ များသောအားဖြင့် ပေါက္ကံပြည်က ဘုရားတွေထဲမှာ ပွင့်တော်မူပြီးသားဘုရားတွေကိုသာ ထုလုပ်ပူဇော်ကြတယ်ဆိုပေမယ့် ဟောဒီအရိမေတ္တယျဘုရားဆင်းတုက နောင်ဖြစ်လာလတ္တံတဲ့ဘုရားကို ရည်မှန်းပူဇော်ထားတာပဲ အောင်ရှိန်ရ၊ ဒါကြောင့် ဟောဒီဘုရားဆင်းတုအရှေ့မှာ မဖြစ်သေးတဲ့ကိစ္စ၊ ဒါမှမဟုတ် နောင်ဖြစ်လာမယ့် ကိစ္စတွေအတွက် သစ္စာဆိုတာ အလွန်အစွမ်းထက်တယ်”
ရသေ့ကြီးက ဘုရားကိုဦးခိုက်ကန်တော့ပြီးတဲ့နောက်
“အရှင်ဘုရား၊ ဘုရားတပည့်တော်သည် ဘုရားပျံဂိုဏ်းကိုဝင်ရောက်ပြီးကတည်းက မကောင်းသူများကိုဖယ်ရှားရှင်းလင်းပေးနေသည်မှာ အမှန်ဖြစ်ပါသည်။ ယခုလည်း တပည့်တော် အသက်သေစေနိုင်လောက်သည့် ဒဏ်ရာရရှိကာ ချက်ချင်းလက်ငင်း အသက်စွန့်ရမည်ဖြစ်သော်လည်း မကောင်းသူတစ်ဦးကျန်နေသေးသည့်အတွက် ထိုသူအားယှဉ်ပြိုင်နှိမ်နင်းရန်အတွက် ယနေ့မှစ၍သုံးရက်တိတိအသက်ရှင်ခွင့် ပေးသနားပါ၊ သုံးရက်ပြည့်သည့်အခါ ဤသစ္စာစကားအတိုင်း မိမိအသက်နှင့်ခန္ဓာအား စွန့်လွတ်စတေးမည်ဖြစ်ပါကြောင်း သစ္စာပြုအပ်ပါသည်”
ရသေ့ကြီးက ပြောပြီးတော့ ဦးသုံးကြိမ်ချလိုက်တယ်ဗျ၊ ဒီအချိန်ဘုရားဆင်းတုရဲ့ သင်းကျစ်တော်ကနေ ဖြတ်ခနဲတစ်ချက်လင်းသွားတယ်၊ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးလက်သလို လင်းလက်သွားတာပါဗျာ၊ ရသေ့ကြီးကတော့ မြင်လားမမြင်လား မသိပါဘူး၊ ဘုရားကန်တော့ပြီးတော့ ရသေ့ကြီးကမတ်တပ်ရပ်လိုက်တယ်ဗျ၊ သူရထားတဲ့ဒဏ်ရာတွေက ထူးထူးဆန်းဆန်းပဲ ပျောက်ကင်းသွားတယ်၊ သွေးတွေတစက်စက်ကျနေတဲ့ ဒဏ်ရာကြီးကလည်း ဒဏ်ရာကြီးသာရှိပြီးတော့ သွေးတွေဘာတွေလည်းမထွက်တော့ဘူးဗျ။
“ရသေ့ကြီး နေရတာသက်သာသွားပြီလား”
ကျုပ်ကသာစိတ်ပူနေပေမယ့် ရသေ့ကြီးကတော့ ခပ်အေးအေးပဲဗျ၊
“အင်း၊ အတော်တော့ကောင်းသွားပါပြီ”
“ဒါနဲ့ အဲဒီ တမ္ပဝတီက ငထေရှင်ဆိုတာ ဘယ်သူလဲဗျ”
ရသေ့ကြီးက လှိုဏ်မုခ်ထဲက ထွက်သွားတာနဲ့ ကျုပ်လည်းသူ့အနောက်ကိုလိုက်သွားတာပေါ့ဗျာ၊ အပြင်ရောက်တော့ ဘုရားရင်ပြင်အတက်အဆင်းနားက အုတ်လှေကားမှာ ရသေ့ကြီးက ထိုင်ချလိုက်တယ်။ ကျုပ်လည်းသူ့ဘေးနားမှာ ထိုင်ချလိုက်ရတာပေါ့ဗျာ။
ရသေ့ကြီးက ညအမှောင်ကျနေတဲ့ ဘုရားအနီးက လွင်ပြင်ကြီးကိုကြည့်ပြီးတော့
“တမ္ပဝတီဆိုတာ ဒီအရပ်ကိုပြောတာကွ၊ ပြောရမယ်ဆိုရင်တော့ မြန်မာသက္ကရာဇ် ၂၉ ခုနှစ်မှာ သမုဒ္ဒရာဇ်မင်းက ရွာဆယ့်ကိုးရွာကို စုစည်းပြီးတော့ အခုညောင်ဦးမြို့အနားမှာ အရိမဒ္ဒနာ မြို့တည်ပြီးတော့ နန်းစိုက်တာပေါ့ကွာ၊ အဲဒီခေတ်ကို ပထမပုဂံခေတ်လို့ခေါ်သကွ၊ သေဉ်လည်ကြောင်မင်းလက်ထက်ကျတော့ အရိမဒ္ဒနာကနေပြီးတော့ ကျောက်စကားအရပ်ကိုပြောင်းပြီး နန်းတော်ပြောင်းတည်ပါရောကွာ၊ အဲဒီနေရာကိုတော့ သီရိပစ္စယာလို့ခေါ်တယ်၊ ဒီခေတ်ကိုဒုတိယပုဂံမင်းဆက်ခေတ်ပေါ့ကွာ၊ နောက်တော့ ကျောက်စကားအရပ်က မြစ်ပြင်နဲ့နီးလို့ မြစ်ကမ်းတွေပြိုကျပြီး အိမ်တွေ၊ နန်းမြို့ရိုးတွေပျက်တော့ သိုက်တိုင်မင်းလက်ထက်မှာ ဟောဒီဖွားစောရွာအရပ်ကို နန်းပြောင်းရွှေ့ပြီးတော့ တမ္ပဝတီအမည်နဲ့ မြို့သစ်တည်ပြီးအုပ်ချုပ်တယ်ဆိုပါတော့ကွာ”
“ဒီအရပ်ကို အရင်က ရွာစိုက်လို့ခေါ်တယ်ကွ၊ နောက်တော့ မိဖုရားကြီး ဖွားစောလာပြီးနေသွားခဲ့တဲ့ရွာမို့လို့ ဖွားစောရွာလို့ အခုထိအမည်တွင်နေတာပေါ့ကွာ၊ သိုက်တိုင်မင်းက ဒီအရပ်ကိုပြောင်းတာလည်း တခြားတော့မဟုတ်ဘူးကွ၊ ဒီအရပ်မှာ အရင်က အရည်းကြီးခြောက်ကျိပ်ခြောက်ယောက်က တပည့်လက်သားတွေနဲ့ ဂိုဏ်းကြီးထောင်ပြီးနေကြတာ၊ နောက်တော့ အရီးကြီးတွေက သီရိပစ္စယာ မြို့ပျက်မယ်ဆိုပြီး တဘောင်လွှင့်တယ်ပေါ့ကွာ၊ သူတို့လွှင့်တဲ့အတိုင်းလည်း မြို့က မြစ်ကမ်းပါးပြိုပြီး ပျက်တယ်၊ သိုက်တိုင်မင်းက အရည်းကြီးစကားကိုယုံတော့မယုံဘူး၊ ဒါပေမယ့် သူလည်းကြောက်လို့ တုရင်းတောင်ခြေနားသွားရှောင်နေတော့ သီရိပစ္စယာနန်းတော် မြစ်ထဲကျတဲ့အခါ သူလွတ်သွားတာပေါ့ကွာ၊ ဒီလိုဖြစ်ပြီးတော့ သိုက်တိုက်မင်းက အရည်းကြီးတွေကို သိပ်ယုံသွားခဲ့တာ၊ တန္တရဘာသာကို ကိုးကွယ်ပြီးတော့ သူကိုးကွယ်တဲ့အရည်းကြီးတွေနေတဲ့ ဟောဒီနေရာကို မြို့တည်လိုက်တာပါပဲ”
“ဒါနဲ့ ခုနက ငထေရှင်ကရောဗျာ”
“သူက တမ္ပဝတီကမှာ မင်းဖြစ်ခဲ့တဲ့သူပေါ့ကွာ၊ ဘုရင်ဖြစ်တော့ မြင်းကျွေးမင်းလို့ခေါ်တယ်ကွ၊ သူက မင်းဆွေမင်းမျိုးတော့မဟုတ်ဘူး၊ ကုက္ကိုတောင်ရွာသားပေါ့ကွာ၊ ဒီလူကလည်း နှယ်နှယ်ရရတော့မဟုတ်ဘူးကွ၊ သူ့အမေက ယာစိုက်သွားရင်း ဘီလူးနဲ့တွေ့ခဲ့တာ၊ ဘီလူးက ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ သူ့မယားအဖြစ်သိမ်းသွင်းထားတယ်ဆိုပါတော့၊ နောက်တော့ ဘီလူးအလစ်မှာ ဘီလူးသိုက်ကနေ ပြန်ထွက်ပြေးလာခဲ့ပြီး တမ္ပဝတီကိုပြေးလာခဲ့တာပဲ၊ ဒါပေမယ့် ဖြစ်ချင်တော့ ဘီလူးနဲ့ရခဲ့တဲ့ ကိုယ်လေးလက်ဝန်က ပါလာခဲ့တယ်၊ အဲဒီကလေးမွေးတော့ ငထေရှင်ဆိုပြီးအမည်ပေးလိုက်တယ်၊ ဘီလူးကနေမွေးတာမို့လို့ ဒီကောင်လေးဟာ ကြမ်းတမ်းတယ်၊ ရက်စက်တယ်၊ ပြီးတော့ အစွမ်းသတ္တိထူးတွေလည်းရှိတယ်တဲ့ကွာ၊ တိရစ္ဆာန်တွေနဲ့လည်း စကားပြောဆိုနိုင်သတဲ့”
“ဒါကြောင့်နေမယ်ဗျ”
“ဆက်ပြောရရင် ငထေရှင်ကြီးတော့ ဘုရင်စောခွေးဆီမှာ မြင်းထိန်းရတယ်၊ မြင်းစာကျွေးရတယ်ပေါ့၊ ဘုရင်စောခွေးကလည်း မြင်းကိုသိပ်ချစ်တဲ့လူ၊ မြင်းဇောင်းက ရတနာမြင်းတွေကိုလာကြည့်ရင်း ငထေရှင်နဲ့ခင်မင်သွားတယ်၊ တစ်ရက်ကျတော့ ငထေရှင်က ဘုရင်စောခွေးနဲ့ မြင်းစီးထွက်မယ်ဆိုပြီး ရတနာမြင်းကို အစမ်းစီးကြည့်ကြတယ်၊ ယုန်လွှတ်ကျွန်းရောက်တော့ ငထေရှင်က ဘုရင်စောခွေးကို အစိမ်းလိုက်ကိုက်ဖြတ်စားသောက်ပြီးတော့ သူက ဘုရင့်အဆောင်အယောင်တွေဝတ်ပြီး ညကြီးအချိန်မတော် နန်းတော်ကိုပြန်လာတယ်၊ နောက်တော့ ထီးနန်းကို သိမ်းပိုက်လိုက်တယ်ဆိုကြပါစို့၊ ဘုရင်ဖြစ်တော့ အသက်နှစ်ဆယ့်တစ်နှစ်ပဲရှိသေးသကွ”
“ဒီလူက တော်တော်ဆိုးတာပဲဗျ”
“ဟုတ်တယ်၊ ငထေရှင်က တစ်တိုင်းပြည်လုံးကို ဓါးမိုးပြီးတော့အုပ်ချုပ်တယ်၊ သူဘုရင်ဖြစ်တော့ ဘီလူးတွေကို ပူဇော်ပသတယ်၊ ဘီလူးတွေဆီကို လူသားတွေဆက်သတယ်၊ ဘီလူးတွေဆီကနေ အစွမ်းတန်ခိုးတွေတောင်းခံတယ်၊ မကောင်းမှုကိုအားပေးချီးမြှောက်တယ်၊ ဒါကြောင့် ဟောဒီ တမ္ပဝတီကမြို့သူမြို့သားတွေက ထွက်ပြေးတိမ်းရှောင်ကြတယ်၊ မြို့တစ်ခုလုံးလည်း ဘီလူးတွေ၊ အရည်းတွေ၊ စုန်းတွေ၊ ကဝေတွေက အုပ်စိုးမင်းမူထားကြတယ်”
“ဒါဆိုသူဘယ်လိုများဖြစ်သွားတာလဲဗျာ”
“ဒီလိုမကောင်းမှုတွေလုပ်ပြီး လူသားတွေဒုက္ခရောက်နေတာသိတော့ နတ်ကောင်းနတ်မြတ်တွေက မနေနိုင်ကြဘူး၊ အဲဒါနဲ့ ဝေဘူလတောင်မှာ တစ်ဦးတည်းတရားကျင့်ကြံနေတဲ့ ရသေ့ကြီးပါလကို အကူအညီတောင်းတယ်၊ ရသေ့ကြီးကို တန်ခိုးလက်နက်တွေအပ်နှင်းပြီးတော့ ဒီမကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းတာပေါ့၊ ရသေ့ကြီးပါလက ဘုရားဖြစ်အောင်လို့ တရားကျင့်ကြံနေတဲ့သူဆိုတော့ အစကတော့ လက်မခံဘူး၊ ဒါပေမယ့် လူသားတွေအတိဒုက္ခရောက်နေတာကိုမြင်လို့ ဘုရားဖြစ်မယ့်အရေးထက် လူသားတွေကိုကယ်တင်မယ်ဆိုပြီးတော့ မကောင်းသူတွေကိုနှိမ်နင်းခဲ့တာပဲ”
“ဒါဖြင့် အဲဒီငထေရှင်သေတယ်ပေါ့”
“အဟုတ်ပေါ့ကွာ၊ သူနဲ့အတူတူစုန်းတွေ၊ ကဝေတွေ၊ ဘီလူး၊ အရည်းတွေ ကိုးထောင်ကျော်သေဆုံးကုန်တယ်ကွ၊ တမ္ပဝတီမြို့ကြီးဆိုရင်လည်း မီးဟုန်းဟုန်းတောက်လောင်တာပေါ့ကွာ၊ ကိုးရက်ကိုးညတိတိမီးလောင်ပြာကျပြီးတဲ့အခါမှ ရသေ့ကြီးက တမ္ပဝတီမြို့ကို အသစ်ပြန်လည်ဖန်ဆင်းတယ်၊ နတ်တွေကလည်းကူညီတယ်၊ မြို့ကြီးအသစ်တည်ပြီးတော့ လူတွေပြန်လာနေကြတယ်၊ ရသေ့ကြီးက မြို့ကိုခြောက်လအုပ်ချုပ်ပြီးတော့ သူ့တပည့် ပုပ္ပါးဘက်က ရသေ့တစ်ပါးကိုခေါ်ပြီး မင်းပြုစေတယ်၊ အဲဒီမင်းကိုတော့ သိန်းခဲမင်းလို့ခေါ်တွင်တယ်”
“ဒါဖြင့်ရင် အဲဒီရသေ့ကြီးက အခုဘယ်ရောက်သွားသလဲဗျာ”
“ရသေ့ကြီးပါလက ထွက်ရပ်မြန်းသွားပြီ၊ ကျင့်စဉ်တွေဆက်ကျင့်ရင်း တစ်ဆင့်ထက်တစ်ဆင့် မြင့်တဲ့ဘုံတွေဆီရောက်သွားတာ အခုဆိုရင် ရုပ်ခန္ဓာမရှိတဲ့ အရူပဘုံမှာ စံနေတယ်ကွ”
“ဒါဆိုရင် အဲဒီငထေရှင်က မသေဘူးပေါ့နော်”
ဘုရားပျံရသေ့ကြီးက ခေါင်းညိတ်ပြီးတော့
“သေတာတော့သေတယ်၊ ဒါပေမယ့် သူတတ်ထားတဲ့ မကောင်းတဲ့အတတ်ပညာတွေအရ သူ့ရဲ့နာမ်ကထုံကူးသွားခဲ့တာပဲ”
“ဒါဆိုရင်အခုမှ ဦးဘအေးကိုယ်လုံးထဲကိုဝင်လာတာများလား”
“သိပ်ဟုတ်တာပေါ့ကွာ၊ အခုမှ မဟုတ်ဘူးဟေ့၊ ငထေရှင်က ဟောဒီ တမ္ပဝတီမှာစွဲနေတယ်၊ ပြီးတော့ ယုတ်ညံ့တဲ့စိတ်ရှိတဲ့လူတွေ၊ စိတ်ပုပ်စိတ်ယုတ်ရှိတဲ့လူတွေရဲ့ ကိုယ်ထဲကိုဝင်ရောက်ပူူးကပ်ပြီးတော့ မကောင်းတဲ့အမှုတွေကိုပြုလေ့ရှိတယ်ကွ၊ သူသေတဲ့အချိန်ကနေ အခုအထိ လူပေါင်းများစွာရဲ့ကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီးတော့ မကောင်းမှုတွေလုပ်လေ့ရှိတယ်၊ သမိုင်းတစ်လျှောက် မင်းဆိုးမင်းညစ်၊ ကောက်ကျစ်တဲ့ပုဏ္ဍားတွေဟာ သူပဲဖြစ်ခဲ့တာပေါ့ကွာ”
အခုမှ ကျုပ်ဇာတ်ရည်လည်တော့တယ်ဗျာ။
“ဒါဆို အခုတော့ ဦးဘအေးကိုယ်ထဲဝင်ပြီး မကောင်းမှုတွေလုပ်ဖို့ တစ်ဖန်ပြန်လာခဲ့တာပေါ့နော် ရသေ့ကြီး”
“ဒါပေါ့ကွ၊ သူပြန်လည်ထမြောက်လာတိုင်းလည်း ငါတို့ဘုရားပျံတွေက လိုက်လံရှာဖွေပြီးတော့ နှိမ်နင်းခဲ့ရတယ်၊ ဘုရားပျံတွေရဲ့ တာဝန်မှာ ငထေရှင်ကိုရှင်းလင်းဖို့ဆိုတာလည်း သမိုင်းပေးတာဝန်တစ်ခုအနေနဲ့ဖြစ်ခဲ့တယ် အောင်ရှိန်၊ အခုငါ့အလှည့်၊ ငါ့အလှည့်မှာ ပြန်လည်နိုးထလာတဲ့ ငထေရှင်ကိုနှိမ်နင်းဖို့ ငါ့မှာတာဝန်အများကြီးရှိတယ်”
“တကယ်လို့သာ၊ ငထေရှင်ကို မနှိမ်နင်းနိုင်ခဲ့ရင် ဘယ်လိုဖြစ်မလဲရသေ့ကြီး”
“တမ္ပဝတီမှာ သူမင်းလုပ်ခဲ့တဲ့အချိန်ကလိုမျိုး ပြန်ဖြစ်မှာတော့ အသေချာပဲကွ”
“ဟာ၊ ဒါဆိုရင်တော့မဖြစ်ဘူး၊ ဒါဆိုရင်တော့ မဖြစ်ဘူးဗျာ”
“ဒါကြောင့် ငါလာတားရတာပေါ့ကွ”
“ဒါပေမယ့် ရသေ့ကြီးက သူ့ကိုနိုင်ပါ့မလား”
ဘုရားပျံရသေ့ကြီးက မျက်မှောင်ကြုတ်လိုက်ရင်း
“ဒီတစ်ခေါက်တော့ သူကလည်သွားပြီကွ၊ ဘယ်လိုလည်သွားတာလဲဆိုတော့ ဘုရားတရားရဲ့အကာအကွယ်ကိုယူထားခဲ့တာပဲ”
“ဘယ်လိုဗျ”
“ဘုရားပျံတွေက မကောင်းမှုတွေကို အာရုံခံနိုင်တဲ့နည်းလမ်းရှိပါတယ်၊ ဒီကောင်ဒီပုဂံမှာ အခုလိုလူစုရုံးနေတာကို ဒီတစ်ခါ ငါအာရုံမခံနိုင်ခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က ဘုရားတရားလုပ်ပြီးတော့ အကာအကွယ်ယူနေတာ၊ ဘုရားတရားလုပ်ရင်းကနေ မကောင်းမှုတွေကို မသိမသာကလေး လုပ်နေတာကွ”
ကျုပ်နားလည်လိုက်ပါပြီဗျာ၊ ဒါကြောင့် လူမိုက်ကြီးဘအေးက သေရွာကနေပြန်လာတာနဲ့ ကောင်းမှုတွေလုပ်ကုန်တာကိုးဗျ၊ ဘုရားတရားဆိုလည်း သိပ်လုပ်တာ အမှန်တော့ ဘုရားပျံတွေရဲ့လက်ကနေ လွတ်အောင်လို့ဖုံးဖိချင်ပုံရတယ်ဗျ၊ တိုက်ဆိုင်သွားတာကတော့ ကျုပ်နဲ့မြင်းတစ်ဖြစ်လဲ ဦးဘအေးနဲ့ကို မကောင်းတဲ့စွမ်းအင်တွေသုံးပြီး တိုက်ခိုက်တဲ့အချိန်မှာ ဘုရားပျံရသေ့ကြီးက သူ့ရဲ့မကောင်းမှုတွေကို အာရုံခံမိသွားတာကိုး။
(၂)
“ဒါဆို သူ့ရဲ့တပည့်တွေဆိုတာကရော ရသေ့ကြီး”
“သူတစ်နည်းနည်းနဲ့ လူစုဆောင်းထားပြီးသားဖြစ်မှာကွ”
“ဟုတ်ပြီဗျာ၊ ကျုပ်သိပြီ၊ ဦးဘအေးက လူနာတွေကိုလိုက်ပြီးကုသပေးတယ်မဟုတ်လား၊ ဒီညနေတောင်မှ လူနာတစ်ယောက်ကို ကုသပေးခဲ့တယ်၊ သူကုသပေးတဲ့လူနာတွေကလည်း သေခါနီးအသက်ထွက်ခါနီးလူနာတွေပဲဗျာ၊ ကျုပ်ထင်တာတော့ အဲဒီလူနာတွေကို ကုသတယ်ဆိုပြီးတော့ လူနာတွေရဲ့အသက်ကိုထုတ်ပြီး သူ့တပည့်တွေရဲ့ နာမ်တွေကိုထည့်နေတာဖြစ်နိုင်တယ်ဗျ”
ကျုပ်ပြောတော့ ဘုရားပျံရသေ့ကြီးက နည်းနည်းတော့စိုးရိမ်သွားတယ်။
“ဟုတ်လား၊ သူကုနေတာ များပြီလား”
“နှစ်ပေါင်းနှစ်ဆယ်နီးပါးရှိတော့မယ်တဲ့ ရသေ့ကြီး”
ရသေ့ကြီးက စိုးရိမ်ရုံတင်မဟုတ်ဘဲ အတော်ထိတ်လန့်သွားတော့မယ်။
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ အနှစ်နှစ်ဆယ်လုံးလုံး အင်အားစုထားတယ်ဆိုတော့ သူ့လူတွေက ဘယ်လောက်တောင်များနေပြီလဲ”
“ကျုပ်တို့မှာအချိန်မရှိတော့ဘူး ရသေ့ကြီး၊ ကျုပ်တို့ဘာလုပ်မလဲ”
ရသေ့ကြီးက ကျုပ်လက်မောင်းကိုသူ့လက်နဲ့ညှစ်လိုက်ရင်း
“မင်းငါ့ကိုတစ်ခုကတိပေးပါအောင်ရှိန်”
ကျုပ်လည်းစဉ်းစားနေမိတယ်ဗျ။
“ဘာကတိလဲရသေ့ကြီး၊ ကျုပ်ကို ဘုရားပျံဂိုဏ်းထဲဝင်ခိုင်းမှာဆိုရင်တော့ ကျုပ်ကတိမပေးနိုင်ဘူးနော်”
ရသေ့ကြီးမျက်နှာပျက်သွားတယ်ဗျ၊ နောက်တော့ သက်ပြင်းအရှည်ကြီးချလိုက်တယ်။
“ကျုပ်ထင်ပါတယ်၊ ရသေ့ကြီးက ကျုပ်ကိုဒီနည်းလမ်းတွေနဲ့စည်းရုံးပြီးတော့ ဘုရားပျံဂိုဏ်းထဲ အတင်းသွပ်သွင်းချင်တာမဟုတ်လား”
“ဒါဆိုရင် မင်းက ငထေရှင်ကိုမတားတော့ဘူးလား”
“ဟ၊ ငထေရှင်ကိုတားဖို့က ရသေ့ကြီးတို့ ဘုရားပျံတွေရဲ့အလုပ်လေဗျာ၊ ကျုပ်နဲ့မှမဆိုင်တာ”
“မဆိုင်ဘူးဆိုရင်လည်း မင်းအခုထွက်သွားတော့ အောင်ရှိန်၊ မင်းထွက်သွားလိုက်စမ်းပါ၊ ပြီးတော့ ဒီပုဂံမြေကနေ ဝေးရာကိုသာ ထွက်ပြေးတော့၊ ဒီပွဲမှာ ငါမနိုင်ရင် ဟောဒီပုဂံညောင်ဦးတစ်ဝိုက်က လူတွေလည်းအတိဒုက္ခရောက်ကြတယ်၊ ဟောဒီပုဂံမြေကြီးလည်း ပျက်စီးလိမ့်မယ် အောင်ရှိန်”
ကျုပ်တွေဝေနေမိတယ်။
“မင်းသွားမယ့်လမ်းကို ငါမတားပါဘူးအောင်ရှိန်ရာ၊ မင်းလမ်းမင်းသွား၊ မင်းအလုပ်မင်းလုပ်ပါ”
ကျုပ်မတ်တပ်ထရပ်လိုက်တယ်ဗျ၊ အစကတော့ထွက်သွားဖို့စိတ်ကူးထားတယ်၊ ဒါပေမယ့် ကျုပ်ရဲ့ဗုဒ္ဓမဟာဂန္ဓာရီကလည်း မပြီးသေးဘူးလေဗျာ၊ ကျုပ်ပုဂံမြေကနေ ထွက်သွားဖို့ဆိုတာကလည်း ဖြစ်မှမဖြစ်နိုင်တာ။ ဒါနဲ့ ကျုပ်ရသေ့ကြီးကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး
“ဘုရားပျံတွေက ငထေရှင်ကိုအစဉ်အဆက် နှိမ်နှင်းလာတာမဟုတ်ဘူးလားရသေ့ကြီး၊ ရသေ့ကြီးတို့ ဘုရားပျံဂိုဏ်းကလူတွေအကုန် စုပေါင်းပြီး ဒီငထေရှင်တစ်ယောက်ကို နိုင်အောင်မတိုက်နိုင်ဘူးလား”
ရသေ့ကြီးက သက်ပြင်းချပြန်တယ်ဗျ။
“အနိုင်နဲ့အရှုံးဆိုတာ ပိုက်ဆံအကြွေစေ့က ခေါင်းနဲ့ပန်းလို ခပ်ပါးပါးကလေးပဲကွာတာပါကွာ၊ ပြီးတော့ ကောင်းမှုနဲ့မကောင်းမှုဆိုတာ မီးများမီးနိုင်၊ ရေများရေနိုင်ပါပဲ၊ ငါအခုရထားတဲ့ဒဏ်ရာ၊ ပြီးတော့ ငထေရှင်ရဲ့အခုအစွမ်းနဲ့ဆိုရင် နိုင်မယ်မနိုင်ဘူးဆိုတာ ကံသေကံမပြောလို့မရဘူး၊ နိုင်မယ်လို့တောင် ငါကမထင်ရဲသေးဘူး”
ကျုပ်စိတ်ထဲအတော်စိုးရိမ်သွားတယ်ဗျ၊ ဘုရားပျံတွေသာ ငထေရှင်ကိုမနိုင်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးဆက်တွေကိုတွေးတောင်မတွေးတတ်အောင်ပါပဲဗျာ။
“ဒါဆို တခြားသူတွေရော၊ တခြားဘုရားပျံဂိုဏ်းသားတွေရောဗျာ၊ ရသေ့ကြီးတစ်ယောက်တည်းမဟုတ်ဘဲ ဘုရားပျံဂိုဏ်းသားတွေအားလုံး စုပေါင်းပြီးတိုက်မယ်ဆိုရင် နိုင်မှာပါ”
ရသေ့ကြီးက ခေါင်းခါလိုက်ပြီးတော့
“ဘုရားပျံတွေမှာ တခြားသူဆိုတာမရှိဘူး”
ကျုပ်မျက်လုံးတွေပြူးသွားတယ်။
“ဘာဗျ၊ ဒါက ဘာအဓိပ္ပါယ်လဲ”
“ဘုရားပျံဂိုဏ်းဆိုတာ တစ်ပါးဂိုဏ်းပဲ အောင်ရှိန်၊ အများဂိုဏ်းလို့ခေါ်ကြတဲ့ ဂိုဏ်းတွေလို လူတွေအများကြီး၊ ဂိုဏ်းသားတွေအများကြီးမရှိဘူး၊ ဘုရားပျံဘွဲ့ခံထားတဲ့ လူတစ်ယောက်ပဲရှိတယ်၊ အဲဒီလူမသေခင်မှာ နောက်ထပ်ဘုရားပျံတစ်ယောက်ကို ဆက်ခံခိုင်းရတယ် အောင်ရှိန်၊ ဒီလောက်ပဲ”
“ဒါဆို ရသေ့ကြီးသေသွားလို့ ဆက်ခံသူမရှာနိုင်ရင် ဘယ်လိုဖြစ်မှာလဲ”
“နှစ်တစ်ထောင်လောက် တည်ရှိလာခဲ့တဲ့ဘုရားပျံဂိုဏ်းက ငါ့လက်ထက်ရောက်မှ ပျက်စီးသွားမှာပေါ့ကွာ”
“ဒါနဲ့ဘိုးတော်ပြူးတို့ပြောတော့ ဘုရားပျံဂိုဏ်းသားတွေက အများကြီးရှိတာလိုလိုမဟုတ်လား”
“ဘုရားပျံအကြောင်းက ဝိဇ္ဇာလောကမှာ သိတဲ့သူရှားတယ်၊ သိရင်လည်း ဘယ်သူမှအတွင်းကျကျသိနိုင်တာမဟုတ်ဘူး အောင်ရှိန်”
ကျုပ်နားလည်လိုက်ပါတယ်၊ ဘိုးတော်ပြူးတို့ပြောခဲ့တုန်းကလည်း ဘုရားပျံဂိုဏ်းက လှို့ဝှက်တဲ့ဂိုဏ်းတစ်ခုမဟုတ်လားဗျာ၊ ဂိုဏ်းရဲ့တည်နေရာ၊ ဂိုဏ်းချုပ်ဘယ်သူဆိုတာ၊ နောက်တော့ ယုတ်စွအဆုံး ဂိုဏ်းသားဘယ်သူတွေဆိုတာတောင်မှ မသိကြဘူးမဟုတ်လား။ ကျုပ်တွေဝေနေတာကို ရသေ့ကြီးကကြည့်ပြီး
“ကဲ ဘယ်လိုလဲအောင်ရှိန်၊ မင်းငါ့ကို ကတိပေးမှာလား”
ကျုပ်စိတ်ထဲလွန်ဆွဲနေတယ်ဗျ၊ ဂိုဏ်းထဲမဝင်ပြန်ရင်လည်း ဂိုဏ်းကပျက်စီးမယ်၊ ရသေ့ကြီးက နောက်သုံးရက်လောက်နေရင် သေမှာကတော့ ကြိမ်းသေတယ်၊ သစ္စာဆိုထားတယ်မဟုတ်လား၊ တကယ်လို့ရသေ့ကြီးမနိုင်ရင်လည်း ငထေရှင်က ပြန်အုပ်စိုးမယ်၊ သေချာတာကတော့ မကောင်းတာတွေဆက်တိုက်ဖြစ်လာမှာပဲ၊ ဒါပေမယ့် ကျုပ်အမှန်အတိုင်းပြောရရင် ငထေရှင်ကို နှိမ်နင်းချင်တယ်ဆိုပေမယ့် တစ်ဘဝလုံး ဘုရားပျံရသေ့ကြီးလိုတော့ သူများအသတ်တွေကို သတ်ဖြတ်ပြီးတော့ မနေချင်တာတော့ အမှန်ပါပဲ။
ရသေ့ကြီးက မတ်တပ်ထရပ်လိုက်ပြီးတော့
“ကဲ အချိန်လည်းလင့်နေပြီအောင်ရှိန်၊ မင်းကတိမပေးနိုင်ဘူးဆိုရင်လည်း ငါပြောသလို ဟောဒီပုဂံကနေထွက်ပြေးတော့၊ ဒါမင်းအတွက် ငါအကောင်းဆုံးအကြံပေးတာပဲ”
ရသေ့ကြီးပြောဆိုပြီးတော့ လမ်းလျှောက်ထွက်သွားတယ်ဗျ၊ ကျုပ်သာဘုရားအဆင်းက အုတ်လှေကားအနားမှာ ငူငူကြီးရပ်ပြီးကျန်နေခဲ့တယ်၊ ကျုပ်ခေါင်းထဲမှာ ဘာလုပ်ရမလဲဆိုတဲ့အတွေးတွေက ရှုပ်ထွေးနေတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျုပ်ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
“ကျုပ်ကတိပေးတယ် ရသေ့ကြီး”
ကျုပ်နဲ့အတော်လှမ်းလှမ်းရောက်နေတဲ့ရသေ့ကြီးက ခြေလှမ်းတွေတုန့်ခနဲရပ်သွားတယ်။ ကျုပ်ကိုလှည့်မကြည့်ဘဲနဲ့။
“မင်းတကယ်လားအောင်ရှိန်၊ ဘုရားပျံတစ်ယောက်ကို ကတိလွယ်လွယ်ပေးလို့မရဘူးနော်”
“ကျုပ်ကတိပေးတယ်၊ ဒါပေမယ့် ကျုပ်မှာလည်းတောင်းဆိုစရာရှိတယ်”
ရသေ့ကြီးက ကျုပ်ဘက်ကိုလှည့်လိုက်တယ်။
“ပြောကြည့်ပါအုံး၊ မင်းက ဘာကိုတောင်းဆိုချင်တာလဲ”
“ကျုပ်ဘုရားပျံလုပ်မယ်၊ ဒါပေမယ့် ငထေရှင်ကိုအနိုင်ရပြီးသွားရင် ကျုပ်ဘုရားပျံအဖြစ်ကနေထွက်မယ်”
ရသေ့ကြီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“မင်းဘုရားပျံအဖြစ်ခံယူလိုက်ရင် ဘုရားပျံဂိုဏ်းက မင်းလက်ထဲရောက်သွားပြီအောင်ရှိန်၊ မင်းဖာသာမင်း လုပ်ချင်တာဆက်လုပ်လို့ရတယ်၊ မင်းဂိုဏ်းကနေထွက်လိုက်လို့ ဂိုဏ်းပျက်သွားတယ်ဆိုရင်လည်း မင်းသဘောပဲ”
“ဂိုဏ်းပျက်တာတွေ မပျက်တာတွေ ကျုပ်စိတ်မဝင်စားဘူး၊ ကျုပ်အခု ငထေရှင်ကိုနှိမ်နင်းမယ်ဆိုတာကလည်း ငထေရှင်ရှိနေသမျှ လူသားတွေဒုက္ခရောက်ကုန်မှာစိုးလို့ တားမြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းပဲရှိတယ်၊ ရသေ့ကြီးလို စုန်းတွေ၊ ကဝေတွေကို အသံကြားတာနဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာမျိုးတွေ ကျုပ်လုပ်မှာမဟုတ်ဘူး”
“ငါပြောပြီးသားပဲအောင်ရှိန်ရာ၊ မင်းလုပ်ချင်တာလုပ်ပါ၊ အဲဒါက မင်းရဲ့သမိုင်းပဲ”
“ကောင်းပြီ၊ ကျုပ်ဖြစ်ချင်တာကို ရသေ့ကြီးကိုပြောပြပြီးပြီ၊ အခုပဲကျုပ်ကို ဘုရားပျံဂိုဏ်းထဲ သွင်းပေးပါတော့”
ရသေ့ကြီးက ကျုပ်အနားကိုလမ်းလျှောက်လာတယ်ဗျ၊ ကျုပ်နဲ့မျက်နှာချင်းဆိုင်နေရာကိုရောက်တော့ သူ့သင်္ကန်းလွယ်အိတ်ကြီးထဲကို လက်နဲ့နှိုက်သဗျာ၊ ပြီးတော့ လွယ်အိတ်ထဲကနေ ကြေးစည်ကလေးတစ်ခုကိုထုတ်တယ်ဗျ၊ ကြေးစည်ကလေးကတော့ ပုံမှန်ကြေးစည်သေးသေးလေးပါ၊ ကြေးတွေက အညှိတွေတက်ပြီးတော့ မဲညစ်နေသေးသဗျာ၊ ကြေးစည်လေးရဲ့ပုံစံကတော့ ခပ်ဝိုင်းဝိုင်းဗျ၊ ကြေးစည်ထိပ်နားမှာတော့ နဂါးနှစ်ကောင်ရစ်ပတ်ခွေနေတဲ့ပုံစံမျိုး၊ နဂါးရဲ့ပါးစပ်ပေါက်က အပေါက်ပေါ့ဗျာ၊ အဲဒီမှာချည်ကြိုးတစ်ချောင်းကိုတပ်ထားတာပေါ့၊ အဲဒီကြေးစည်ကို ကျုပ်ကိုလှမ်းပေးတော့ ကျုပ်က ကြေးစည်ကိုကိုင်လိုက်မိတယ်၊ ရသေ့ကြီးကလည်း လက်ကမလွှတ်သေးဘူးဗျာ။
“သြော်၊ ဒါနဲ့အောင်ရှိန်၊ ကြေးစည်တီးရင် ဘယ်လိုအသံမြည်သလဲကွ”
“ဘယ်လိုမြည်ရမှာလဲဗျာ၊ နောင်ဝေေ၀လို့ . . . မြည် . . . မြည်”
ကျုပ်နောင်ဝေေ၀လို့ပြောလိုက်ပြီးတဲ့အချိန်မှာပဲ ကျုပ်ရောရသေ့ကြီးရော မြေကြီးအောက်ကိုထိုးဖောက်ကျသွားသလိုခံစားရတယ်ဗျာ၊ မြေသားတွေကိုဖြတ်သန်းပြီး ပြုတ်ကျနေတာဗျ၊ ကျနေတာကလည်း လေဟာနယ်အမြင့်ကြီးကနေ ပြုတ်ကျနေတဲ့သဘောပဲဗျာ၊ ရင်တွေဆိုရင် တလှပ်လှပ်တုန်နေတယ်။ နောက်တော့ ကျုပ်ကိုယ်ကြီးက ကြီးလာလိုက်၊ သေးသွားလိုက်ဖြစ်သလိုခံစားရတယ်၊ မျက်လုံးထဲမှာလည်း အနီတွေ၊ အစိမ်းတွေ၊ အရောင်စုံတွေက ဝင်းခနဲလက်ခနဲလက်ရင်းနဲ့ နောက်ဆုံးတော့ ကျုပ်တို့ခြေထောက်အောက်မှာ မာကြောတဲ့ကြမ်းပြင်တစ်ခုကို နင်းမိလိုက်တာပါပဲဗျာ။
ကျုပ်နဲ့ရသေ့ကြီးက ရပ်နေမြဲအတိုင်းရပ်နေတာပဲဗျာ၊ ဘေးနားကိုကြည့်လိုက်တော့ အုတ်နံရံတွေနဲ့လျှောက်လမ်းတစ်ခုဗျ၊ အောက်မှာလည်း အုတ်တွေခင်းထားတဲ့ ကြမ်းပြင်တစ်ခုပါပဲဗျာ။ ရသေ့ကြီးက ကျုပ်ကိုပြုံးကြည့်ရင်း
“မင်းအန်ချင်တယ်မဟုတ်လားအောင်ရှိန်၊ အန်သာချလိုက်စမ်းကွာ”
ရသေ့ကြီးစကားဆုံးတာနဲ့ ကျုပ်ရင်ထဲပျို့ပျိုကတက်လာပြီးတော့ အန်ချမိတာပဲဗျာ၊ ဘာမှမစားထားတော့ ရေနဲ့အဖြူမြှုပ်တွေလောက်ပဲအန်တာပါ၊ ကျုပ်ဖြင့်ကုန်းပြီး ထိုးထိုးအန်နေမိတယ်။ ရသေ့ကြီးက ကျုပ်ကျောကုန်းကိုပုတ်ပေးရင်း
“အစဆုံးဆိုရင်တော့ ဒီလိုပဲကွ၊ နောက်တော့လည်း အကျင့်ပါသွားရင် မအန်ချင်တော့ပါဘူးကွာ”
ကျုပ်အားရပါးရအန်ချပြီးတော့မှ နံရံကိုလက်နဲ့ထောက်ပြီး မတ်တပ်ထလိုက်မိတယ်။ နောက်တော့ အုတ်လျှောက်လမ်းကိုကြည့်ရင်း
“ဒီနေရာက . . . ဒီနေရာက ဘယ်နေရာလဲ”
“ဘုရားပျံဂိုဏ်းပေါ့ကွာ”
(၃)
ရသေ့ကြီးအရှေ့ကနေလျှောက်သွားတော့ ကျုပ်လည်းအနောက်ကနေလိုက်ခဲ့ရတာပေါ့ဗျာ၊ လျှောက်လမ်းက လူတစ်ယောက်လျှောက်လောက်ရုံ ကျဉ်းကျဉ်းကလေးဗျ၊ အမြင့်ကတော့ အမြင့်ကြီးပဲဗျို့၊ လျှောက်လမ်းကြီးတစ်ခုလုံးက အလင်းရောင်အားနည်းနေတယ်ဗျ၊ ဆက်လျှောက်လာရင်း ခဏကြာတော့လျှောက်လမ်းအဆုံးမှာ အလင်းရောင်တစ်ခုကိုမြင်လိုက်ရပါရောဗျာ၊ လျှောက်လမ်းဆုံးသွားလို့ထွက်လိုက်တဲ့အခါ ခန်းမကျယ်ကြီးတစ်ခုထဲကိုရောက်သွားသဗျ၊ ခန်းမကြီးက အတော်ကိုကျယ်တယ်ဗျ၊ ပေတစ်ရာပတ်လည်လောက်ရှိမယ်၊ ခန်းမအလယ်မှာတော့ အုတ်ကလပ်တစ်ခုရှိပြီး အဲဒီအုတ်ကလပ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ကျောက်ဆစ်ရုပ်တုတစ်ခုရှိသဗျာ၊ ပုဂံခေတ်ပုံစံထွင်းထုထားတဲ့ရုပ်တုပါပဲ၊ ဘုရားရုပ်တုနဲ့ဆင်ပေမယ့် လက်ထဲမှာတောင်ဝှေးကိုင်ထားတာဆိုတော့ ဘုရားမဟုတ်မှန်းသိလိုက်ပါတယ်။
ခန်းမကျယ်ကြီးရဲ့နံရံတွေက အင်္ဂတေတွေနဲ့ပြောင်ချောနေပြီးတော့ တစ်ချို့နေရာမှာတော့ အင်္ဂတေတွေက ကွာကျနေသဗျ။ အုတ်တွေစီထားတာဆိုရင်လည်း စေ့ပြီးပိတ်နေအောင်စီထားသဗျာ၊ အပ်ဖျားထောက်လို့မဝင်လောက်အောင်ကို အနုစိတ်လက်ရာတွေဗျ၊ အင်္ဂတေတွေပေါ်မှာတော့ နံရံဆေးရေးပန်းချီတွေ၊ ကနုတ်တွေ၊ ခြူးပန်းခြူးနွယ်ခက်တွေကို ရေးဆွဲထားတယ်၊ အားလုံးက ပုဂံမှာမြင်တွေ့ရတဲ့ လက်ရာတွေလိုပါပဲ။ ခန်းမကြီးရဲ့တစ်ဖက်ခြမ်းမှာတော့ လူတွေတင်ပလ္လင်ခွေပြီးထိုင်နေကြတယ်ဗျ၊ ရသေ့ကြီးတွေလည်းပါသလို၊ ဂတုံးပြောင်ပြောင်နဲ့ ဖိုးသူတော်တွေ၊ ယောဂီရောင်ဝတ်စုံနဲ့ သျှောင်ထုံးကြီးနဲ့လူတွေ စုံလို့ပေါ့ဗျာ၊ အားလုံးက မျက်လွှာချထားပြီးတော့ တင်ပလ္လင်ခွေထိုင်ထားပြီး လက်နှစ်ဖက်ကို ဒူးခေါင်းနှစ်ဖက်ပေါ်မှာတင်ထားကြတယ်၊ သူတို့မျက်နှာအမူအရာတွေကလည်း မမှိတ်မသုန်နဲ့ဗျ။
“ဒါ ဘယ်သူတွေလဲ၊ ရသေ့ကြီး”
“ဘုရားပျံကြီးတွေပေါ့ကွာ၊ နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ငါအပါအဝင် ဘုရားပျံပေါင်း သုံးဆယ့်ခြောက်ဆက်တိတိရှိပြီကွ”
ကျုပ်အတော်အံ့သြပြီးတော့ ကြည့်နေမိတယ်ဗျ၊ သူတို့အားလုံးကတော့ မလှုပ်မရှားဘဲထိုင်နေကြတာပဲဗျာ။
“ဒါဆို သူတို့ကသေပြီးသားတွေလား”
ရသေ့ကြီးက ခေါင်းညိတ်ပြီး
“ငါလည်း နောက်သုံးရက်လောက်ကြာရင် ဒီနေရာမှာ ထိုင်ရတော့မှာပေါ့ကွာ”
ရသေ့ကြီးက ညာဘက်အစွန်ဆုံးက နေရာတစ်ခုကိုလက်ညှိုးထိုးပြတယ်ဗျ။
“ဘုရားပျံတွေသေရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီကိုရောက်အောင်လာရတာပဲအောင်ရှိန်၊ မင်းကိုလည်း ငါနေရာပြထားပြီနော်၊ တကယ်လို့ ငါဒီနေရာကိုမရောက်နိုင်ခဲ့ဘူးဆိုရင်တော့ မင်းငါ့ကိုပို့ပေးရမယ်”
ရသေ့ကြီးပြောတော့ ကျုပ်စိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဗျာ။ ဒါနဲ့အခန်းအလယ်က ရုပ်တုကိုကြည့်ရင်း
“ဒီရုပ်တုကရောဘာလဲ”
“အဲဒါကတော့ ဘုရားပျံဂိုဏ်းအဖြစ် စတင်ခဲ့တဲ့ ရသေ့ကြီးဓမ္မပါလဆိုတာပေါ့ကွာ၊ သူ့ရုပ်ခန္ဓာက မရှိတော့လို့ ဟောဒီဆင်းတုပဲကျန်ခဲ့တာကွ”
“ဟာ၊ ဓမ္မပါလဆိုတော့ ငထေရှင်ကို နှိမ်နင်းပြီးတော့ တမ္ပဝတီပြည်ကို ကယ်တင်ခဲ့တဲ့ ရသေ့ကြီးမဟုတ်လား”
“ဒါပေါ့ကွာ၊ ရသေ့ကြီးက ငထေရှင်ကိုနှိမ်နင်းတဲ့အခါမှာ ငထေရှင်ဟာ လူ့ကိုယ်ထဲကနေ ထွက်ပြေးလွှတ်မြောက်သွားတယ်၊ သူ့ရုပ်က သေသွားတယ်ဆိုပေမယ့် သူ့ရဲ့နာမ်ကလွတ်မြောက်သွားခဲ့တယ်၊ ငထေရှင်က အောက်ဘုံလို့ခေါ်တဲ့ ဘုံတစ်ခုမှာနေထိုင်ပြီးတော့ စွမ်းအင်တွေကိုစုဆောင်းနေပြီး အချိန်သင့်ရင်သင့်သလို လူတွှေဆီကိုဝင်ရောက်ပူးကပ်ပြီးတော့ မကောင်းမှုတွေဆောင်ရွက်နေတတ်သူတစ်ဦးပဲ”
ရသေ့ကြီးက ပြောဆိုရင်း ကျောက်ဆင်းတုအနားကိုကပ်သွားတယ်။
“ငထေရှင်မသေဘူးဆိုတာက ရသေ့ကြီးက သိတယ်၊ တစ်ချိန်မှာ ငထေရှင်က ပြန်လာလိမ့်မယ်ဆိုတာကိုလဲ သူကယုံကြည်တယ်၊ ဒါနဲ့ ဘုရားပျံဂိုဏ်းကိုတည်ထောင်တယ်၊ ဘုရားပျံဆိုတဲ့အဓိပ္မါယ်ကတော့ ရသေ့ကြီးက တမ္ပဝတီမြို့ကို ပြန်လည်ထူထောင်ပြီးတဲ့အချိန်မှာ မိုးပေါ်မှာပျံတတ်တဲ့ရသေ့ကြီးကို မြို့သူမြို့သားတွေက ခေါ်ဆိုတဲ့အဓိပ္ပါယ်ပဲ၊ အဲဒီတုန်းက ဗုဒ္ဓဘာသာက မထွန်းကားသေးဘူးဆိုတော့ စွမ်းတဲ့လူကို ဘုရားလို့ခေါ်တတ်တာ ထုံးစံပေါ့ကွာ”
“ကျုပ်အားလုံးနားလည်လိုက်ပါပြီ၊ ဒါနဲ့ ဒီနေရာက ဘယ်နေရာလဲ”
“မြေအောက်တစ်နေရာပေါ့ကွာ၊ နေရာအတိအကျကိုတော့ ငါလည်းမပြောတတ်ဘူးးကွ၊ ဒီကိုလာရင် နည်းလမ်းတစ်လမ်းပဲရှိတယ်၊ အဲဒါကတော့ ဟောဒီကြေးစည်ကလေးပဲ”
ရသေ့ကြီးက ကြေးစည်အဝိုင်းကလေးကို ထုတ်ပြတယ်ဗျ။
“ဟောဒီကြေးစည်ကိုကိုင်ပြီးတော့ မန္တန်ရွတ်ဖတ်လိုက်ရင် ဒီကိုရောက်လာလိမ့်မယ်၊ ဒီနေရာက ဘုရားပျံတွေအတွက်တော့ အလုံခြုံဆုံးနေရာပဲ၊ ဒီနေရာကိုဒီကြေးစည်ကလေးကလွဲရင် တခြားဘယ်လိုနည်းနဲ့မှ ဝင်ရောက်လို့မရနိုင်ဘူး”
“မန္တန်က ဘာများလဲရသေ့ကြီး”
“ကြေးစည်ထုရင် မြည်တဲ့အသံပေါ့ကွာ”
ကျုပ်သိလိုက်ပါပြီ၊ ဒါကြောင့်ရသေ့ကြီးက ကျုပ်ကိုခုနက နောင်ဝေေ၀လို့ပြောခိုင်းတာကိုးဗျ၊ ရသေ့ကြီးက ပြောဆိုပြီးတော့
“ကဲ အချိန်လင့်နေပြီ၊ မင်းအခု ဘုရားပျံဂိုဏ်းကိုဝင်မှာဆိုတော့ ဟောဒီဓမ္မပါလရသေ့ကြီးရဲ့ ဆင်းတုအရှေ့မှာ ဒူးထောက်ထိုင်လိုက်စမ်း၊ ပြီးတော့ လက်အုပ်ကိုချီထား”
ကျုပ်လည်းဒူးထောက်ထိုင်ချပြီးတော့ လက်အုပ်ချီထားလိုက်တယ်ဗျ၊ ရသေ့ကြီးက သူ့လက်တစ်ဖက်နဲ့ကျုပ်ခေါင်းကိုအုပ်ကိုင်ပြီးတော့
“ဘုရားပျံရသေ့ကြီး ဓမ္မပါလကို လျှောက်ထားအပ်ပါသည်ရသေ့ကြီး၊ ဘုရားပျံဂိုဏ်းရဲ့ ထုံးစံအရ၊ ဘုရားပျံတစ်ယောက်မှ တစ်ယောက်သို့လွှဲပြောင်းပေးအပ်ပါတော့မည်။ ယခုအောင်ရှိန်အမည်ရ တနင်္ဂနွေသားဟာ ဘုရားပျံများရဲ့လမ်းစဉ်ကိုလိုက်နာပြီး ဘုရားပျံဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်သည့် စိတ်ဆန္ဒနှင့်အညီ အကျွနု်ပ်ကလည်း အောင်ရှိန်အား ဘုရားပျံဂိုဏ်းအတွင်းသို့ သွပ်သွင်းစေလိုပါသဖြင့် ရသေ့ကြီးအနေနဲ့ အောင်ရှိန်အား ဘုရားပျံတစ်ယောက်အဖြစ် လက်ခံပေးပါရသေ့ကြီးခင်ဗျား”
သူကပြောဆိုပြီးတော့ ကျုပ်ကိုကန်တော့ခိုင်းတယ်ဗျ၊ ကျုပ်ကန်တော့ပြီး နဖူးက ကြမ်းပြင်နဲ့ထိသွားတယ်ဆိုရင်ပဲ ကျုပ်တစ်ကိုယ်လုံးလေပေါ်ကိုလွင့်တက်သလိုဖြစ်သွားတယ်၊ ကျုပ်တိမ်စိုင်တွေကြားထဲမှာ ငှက်ကလေးတစ်ကောင်လိုပျံသန်းနေမိတယ်။ မကြာခင် ကျုပ်အရှေ့မှာ အဖြူရောင်အလင်းလုံးကြီးတစ်လုံး ပေါ်လာပါရောဗျာ။
“အောင်ရှိန်၊ မင်းနဲ့ပြန်တွေ့ရတာ ဝမ်းသာပါတယ်”
ကျုပ်လည်းအထူးအဆန်းနဲ့ကြည့်နေရင်း
“ဟာ၊ ခင်ဗျား၊ ခင်ဗျား ဦးဖြူစင်မဟုတ်လား၊ ကျုပ်နဲ့အရင်က ခဏခဏတွေ့ဖူးတယ်မဟုတ်လား”
“အရင်က ခဏခဏတွေ့ဖူးပေမယ့် အခုတစ်ခေါက်ကျတော့ ဆရာတပည့်တွေ့ဆုံမှုမျိုးဖြစ်သွားပြီ အောင်ရှိန်၊ ဘာပဲပြောပြော မင်းအရာအားလုံးကိုစွန့်လွှတ်ပြီးတော့ ဘုရားပျံဂိုဏ်းထဲကို ဝင်ဖို့ဆုံးဖြတ်လိုက်တာကို လေးစားပါတယ်”
“ဗျာ၊ ကျုပ်ကဘာတွေစွန့်လွှတ်ရလို့လဲ”
“ဘုရားပျံဆိုတာ အလတ်လမ်းစဉ်တစ်ခုပဲကွ၊ တခြားလမ်းစဉ်တွေလို အမြင့်လမ်း၊ အနိမ့်လမ်းမဟုတ်ဘူး”
“အလတ်လမ်းစဉ်ဆိုတာ ဘာများလဲဗျာ”
“ငါတို့လမ်းစဉ်က ကောင်းသလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ မကောင်းမှုကို နှိမ်နင်းတဲ့အခါမှာ နည်းလမ်းမျိုးစုံ ထုတ်သုံးရတာတွေရှိတတ်တယ်၊ ဒါကြောင့် အကောင်းလမ်းစဉ်လို့တော့ မုချမပြောနိုင်ဘူး၊ ဒါဆိုရင် ဒီလမ်းစဉ်က မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ငါတို့လမ်းစဉ်အရ မကောင်းမှုဒုစရိုက်တွေ ကျူးလွန်မယ့်လူတွေကို ကြိုတင်ပြီးကာကွယ်ရတာက ကောင်းတဲ့အလုပ်ပဲ၊ တစ်နည်းပြောရရင် ဒီလူတွေကြောင့် ဖြစ်လာမယ့်မကောင်းတဲ့အကျိုးဆက်တွေကို လိုက်လံရိတ်သိမ်းပေးရတဲ့သဘောပဲ၊ ကောင်းတယ်လို့လဲ အပြည့်အဝမပြောနိုင်သလို ဆိုးတယ်လို့လည်း သတ်မှတ်လို့မရဘူး”
ကျုပ်ခေါင်းညိတ်ပြလိုက်တယ်။
“ပိုပြီးဆိုးတာက ဘုရားပျံလမ်းစဉ်လိုက်တဲ့လူဟာ တခြားလမ်းစဉ်တွေကို လျစ်လျူရှုထားလိုက်ရတယ်”
“ဗျာ၊ ဒါဆို ကျုပ်ရဲ့ ဗုဒ္ဓမဟာဂန္ဓာရီလမ်းစဉ်ကရောဗျာ၊ အဲဒါက ပြီးပြီလား”
“ပြီးသွားတယ်လို့တော့ မပြောလိုပေမယ့် ဘုရားပျံဖြစ်နေတဲ့အချိန်မှာတော့ တခြားလမ်းစဉ်လိုက်မရဘူး”
“လိုက်ရင်ဘာဖြစ်မလဲ”
အလင်းလုံးကြီးက တစ်ချက်ငြိမ်သွားပြီးတော့
“ဒါဆိုငါမေးမယ်အောင်ရှိန်၊ မင်းရန်ကုန်ကိုသွားနေရင်းနဲ့ မန္တလေးကိုသွားချင်တယ်ဆိုရင် မင်းဘာလုပ်မလဲ”
“ဒါဆို ရန်ကုန်သွားနေရာကနေ မန္တလေးဘက်ကိုပြန်လှည့်ရမှာပေါ့ဗျာ”
“ဟုတ်ပြီနော်၊ မန္တလေးသွားရင် ရန်ကုန်ရောက်နိုင်ပါ့မလား”
“မရောက်နိုင်ဘူးပေါ့ဗျာ”
“အဲဒါပေါ့ကွ၊ တစ်လမ်းသွားနေတဲ့လူက အခြားလမ်းကိုသွားချင်ရင် သူရည်မှန်းထားတဲ့နေရာကိုမရောက်သလို သူသွားနေတဲ့လမ်းကလည်း ပိုပြီးကြန့်ကြာသွားတတ်တယ်၊ ငါပြောတာကို မင်းနားလည်တယ်မဟုတ်လား”
ကျုပ်ခေါင်းညိတ်ပြလိုက်မိတယ်၊ ကျုပ်စိတ်ထဲတော့ နှမြောနေမိတယ်ဗျာ၊ ဗုဒ္ဓမဟာဂန္ဓာရီလမ်းစဉ်မှာ ကျုပ်ကခရီးနည်းနည်းပေါက်နေပြီလို့ ပြောလို့ရတယ်မဟုတ်လား၊ ဒါပေမယ့် ဘုရားပျံလမ်းစဉ်ကိုလည်း လိုက်ရအုံးမယ်၊ မကောင်းတဲ့ ငထေရှင်တို့ကို နှိမ်နင်းပေးရမယ်မဟုတ်လား။ ကျုပ်တွေးရင်း စိတ်မကောင်းဖြစ်နေတာကို ဦးဖြူစင်ကြီးက သိပုံရတယ်ဗျ။
“မင်းဟာသူရဲကောင်းပဲအောင်ရှိန်၊ သူရဲကောင်းဆိုတာ မိမိကိုယ်ကျိုးစွန့်ပြီးတော့ အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်သူတွေမဟုတ်လား၊ အခုလည်း မင်းက မင်းလိုက်ရမယ့်လမ်းကိုစွန့်ပြီး လူအများဒုက္ခဖြစ်မယ့်ဘေးကနေ ကယ်တင်ချင်တယ်ဆိုတော့ မင်းကမွန်မြတ်တဲ့သူရဲကောင်းတစ်ယောက်ပါ”
“ကောင်းပါပြီဦးဖြူစင်၊ ကျုပ်တခြားအရာတွေကို တွေးမနေတော့ဘူး၊ လောလောဆယ် မနက်ဖြန်ရင်ဆိုင်ရမှာက ငထေရှင်မဟုတ်လား၊ သူ့ကိုနှိမ်နင်းနိုင်ဖို့ကိုပဲ ကျုပ်ကိုကူညီပေးပါ”
“ဘာမှမပူပါနဲ့၊ ဘုရားပျံတွေရှိနေသရွေ့ ငထေရှင်ဆိုတာ ခေါင်းမထောင်နိုင်ပါဘူးကွာ”
ဦးဖြူစင်က ပြောဆိုပြီးတော့ မိုးပေါ်ကိုပျံတက်သွားတယ်ဗျ၊ ကျုပ်လည်းသူ့ကိုကြည့်နေရင်း မိုးပေါ်ကနေ လှစ်ခနဲပြုတ်ကျပါရောဗျာ။ ကျုပ်ကြောက်ကြောက်နဲ့မျက်လုံးဖွင့်လိုက်မိတယ်၊ ကျုပ်သိလိုက်တာကတော့ ကျုပ်က ဘုရားပျံရသေ့ကြီး ဓမ္မပါလဆင်းတုကို ကန်တော့နေတာပဲ။ ကျုပ်က စိတ်ထဲမှာသာ ဦးဖြူစင်နဲ့စကားပြောနေတာဆိုပေမယ့် တကယ်တမ်းအပြင်မှာကျတော့ တကယ့်ခဏလေးပါဗျာ။
ရသေ့ကြီးက ကျုပ်ကိုကြည့်ပြီး
“ကဲ၊ ဒုတိယအနေနဲ့ကတော့ ဟောဒီခေတ်အဆက်ဆက် အမှုထမ်းလာခဲ့ကြတဲ့ ဘုရားပျံကြီးတွေဘက်ကိုလှည့်ပြီး ဘုရားပျံကြီးတွေကို ကန်တော့ရမှာပဲကွ၊ ပြီးတော့ ဘုရားပျံကြီးတွေ တစ်ယောက်ချင်းစီကနေ ပညာတောင်းရမယ်”
“ဘယ်လိုတောင်းရမှာလဲဗျာ”
“တစ်ယောက်ချင်းစီကိုကန်တော့ပြီးတော့ လက်ဝါးကိုသေချာဖြန့်ပြီး ပညာတောင်းရမှာပဲ အောင်ရှိန်ရေ”
ကျုပ်လည်း လက်ဝဲဘက်အစွန်ဆုံးက ဘုရားပျံကြီးရှေ့မှာထိုင်ချလိုက်တယ်။ နောက်တော့ ဘုရားပျံကြီးကို လေးလေးစားစားနဲ့ကန်တော့ပြီးတော့ သူ့အရှေ့မှာလက်ဝါးဖြန့်လိုက်ပြီး
“ဆရာကြီးခင်ဗျ၊ ဆရာကြီးတတ်မြောက်ထားတဲ့ပညာစွမ်းတွေကို ကျွန်တော့်အား ပေးသနားပါ”
ဘုရားပျံကြီးက ငုတ်တုတ်ထိုင်နေရာကနေ တုတ်တုတ်တောင်မလှုပ်ဘူးဗျာ။ ဒါနဲ့ကျုပ်လည်း ဘုရားပျံရသေ့ကြီးကိုလှည့်ကြည့်လိုက်တော့ ရသေ့ကြီးက ခေါင်းခါပြီး နောက်တစ်ယောက်ကိုဆက်လုပ်ခိုင်းတယ်၊ နောက်တစ်ယောက်ကတော့ ပုဂံခေတ်က အဝတ်အစားတွေဝတ်ထားတဲ့ ယောက်ျားကြီးတစ်ယောက်ဗျ။ ဒီတစ်ယောက်ကိုတောင်းပန်ကန်တော့ပြီး ပညာတောင်းတော့လည်း အရှေ့ကလူနဲ့ ထူးမခြားနားပါပဲဗျာ၊ ဒါနဲ့ နောက်တစ်ယောက်ကိုထပ်ပြောင်းကြတာပေါ့၊ မှတ်မှတ်ရရ ဆယ့်ခြောက်ယောက်တိတိတောင်းပြီးတဲ့အခါ ဆယ့်ခုနစ်ယောက်မြောက်ကိုရောက်လာပါရောဗျာ။
အဲဒီလူကတော့ အဖြူရောင်ဖျင်ကြမ်းထည်ကိုဝတ်ဆင်ထားတယ်ဗျ၊ ခေါင်းတုံးပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲကြီးနဲ့ပေါ့ဗျာ။ ကျုပ်လည်းသူ့ကိုကြည့်ရင်း
“သူ့ပုံစံက တစ်မျိုးပဲနော်ရသေ့ကြီး၊ မသိရင် အရက်သမားယစ်ထုပ်ကြီးလို့ ထင်ရတယ်”
“အဲဒါ အင်းဝခေတ်က လူသူတော်ကြီးဦးဆိုးတဲ့ကွ၊ ငထေရှင်က သိုဟန်ဘွားကိုဝင်စီးနင်းပြီးတော့ သံဃာတော်တွေကို ညှင်းပန်းနှိပ်စက်ပြီး ရက်စက်ကြမ်းကြုတ်နေတာမို့လို့ သိုဟန်ဘွားကို ပညာပေးခဲ့ရတဲ့ သူတော်ကြီးပေါ့ကွာ”
ကျုပ်လည်း သူ့ကိုသေချာကြည့်ပြီးတော့ ကန်တော့လိုက်တယ်။
“ဆရာကြီးခင်ဗျ၊ ဆရာကြီးတတ်မြောက်ထားတဲ့ပညာစွမ်းတွေကို ကျွန်တော့်အား ပေးသနားပါ”
ဒီတစ်ခါလည်းသိပ်မထူးပါဘူးဗျာ၊ ဒါပေမယ့် လူသူတော်ဦးဆိုးရဲ့ နဖူးမှာ ချွေးတွေပြန်လာသလိုမျိုး ချွေးစတွေစို့လာတယ်ဗျ၊ ကျုပ်လည်း ဟုတ်မဟုတ်သေသေချာချာကြည့်မယ်ဆိုပြီး အနားတိုးလိုက်တော့ ဦးဆိုးရဲ့မျက်လုံးတွေက ဖြတ်ခနဲပွင့်လာတယ်ဗျ၊ သေပြီးသားလူကြီးက မျက်တောင်ခတ်တာကိုမြင်လိုက်ရတော့ ကျုပ်ဖြင့်လန့်သွားပါရောဗျာ၊ လန့်ပြီးအနောက်ဆုတ်မယ်အလုပ်မှာ ဦးဆိုးက ကျုပ်လက်ကို သူ့လက်နဲ့ဖမ်းဆွဲလိုက်တယ်ဗျ၊ ညာဘက်လက်ကိုဖမ်းဆွဲလိုက်တာပါဗျာ၊ ပြီးတော့ ဘာမပြောညာမပြောနဲ့ ကျုပ်လက်ကိုဆွဲကိုက်ပါရော၊ ကျုပ်လက်မနဲ့လက်ညှိုးကြားက အသားစိုင်ကို ကိုက်မိတာဆိုတော့ နာလိုက်တာပြောမနေပါနဲ့တော့ဗျာ၊ လက်ကိုအတင်းကိုက်ပြီးခဲထားလို့ အရေပြားပေါက်ပြီး သွေးတွေတောင်ထွက်လာတယ်ဗျာ၊ ကျုပ်အတင်းပြန်ရုန်းတာကြောင့်မို့လို့ သူက ကျုပ်လက်ကိုလွှတ်ထည့်လိုက်တယ်၊ အားနဲ့ရုန်းလိုက်တဲ့ကျုပ်လည်း အနောက်ကို ပက်လက်လန်ကျသွားပါရော။
“အား လား လား၊ နာလိုက်တာ၊ ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲဗျ”
ကျုပ်အော်ပြီးရန်တွေ့လိုက်တော့ လူသူတော်ဦးဆိုးက ငြိမ်သက်နေသဗျ၊ ငြိမ်သက်နေလိုက်တာ ခုနက ထိုင်နေတဲ့အတိုင်းပါပဲဗျာ၊ ကျုပ်လည်း သူ့အနားတိုးကပ်သွားပြီး
“ဆရာကြီး၊ ဆရာကြီး”
ကျုပ်ခေါ်ပေမယ့်လည်း ဘာမှမထူးဘူးဗျ၊ မျက်လွှာချပြီးတော့ ပြန်ငြိမ်နေပါရော၊ ကျုပ်လည်း ဘုရားပျံရသေ့ကြီးဘက်ကိုကြည့်လိုက်ပြီး။
“နာလိုက်တာဗျာ၊ ဘုရားပျံတွေက အဲဒီလိုပဲ ကိုက်တာလားဗျာ”
“မဟုတ်ပါဘူးကွ၊ တစ်ယောက်နဲ့တစ်ယောက်တော့ ပညာပေးပုံချင်း ဘယ်တူကြမလဲကွ”
ကျုပ်လည်း လက်ကိုကိုင်ကြည့်လိုက်တော့ လက်ကမနာတော့ဘူးဗျာ၊ ခုနက ကိုက်ထားတဲ့နေရာကြီးလည်းမရှိတော့ဘူး၊ ကျုပ်ဖြင့်ထူးဆန်းလိုက်တာ ပြောမနေပါနဲ့ဗျာ။ ရသေ့ကြီးက ခေါင်းတညိတ်ညိတ်နဲ့ကြည့်ရင်း
“စိတ်ဝင်စားစရာပဲဟေ့၊ ဘုရားပျံတွေရဲ့အစဉ်အဆက်မှာ စုံဂဏန်းကျတဲ့ ဘုရားပျံက ပညာနိမ့်ပြီး၊ မဂဏန်းကျတဲ့ ဘုရားပျံက ပညာမြင့်တတ်တယ်၊ အခုမင်းရသွားတာကလည်း လူသူတော်ဦးဆိုးကိုကွ ဦးဆိုးဆိုတာ ဘုရားပျံရသေ့ကြီး ဓမ္မပါလပြီးရင် ဒုတိယမြောက်အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ”
“နောက်ဆုံးအနေနဲ့ကတော့ မင်းအခုလက်ရှိ ဘုရားပျံကြီးကို ရှိခိုးရမယ်အောင်ရှိန်”
ကျုပ်လည်း ဘုရားပျံရသေ့ကြီးရှေ့မှာထိုင်ချလိုက်တယ်။ ရသေ့ကြီးကို ရိုရိုသေသေနဲ့ကန်တော့လိုက်ပါတော့တယ်။ ဘုရားပျံရသေ့ကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့
“ကဲ၊ အခုအချိန်ကစပြီးတော့ ငါကဘုရားပျံမဟုတ်တော့ဘူး၊ ဘုရားပျံက မင်းဖြစ်သွားပြီအောင်ရှိန်၊ ဒီတော့ ဘုရားပျံဦးအောင်ရှိန် မင်းအမိန့်ကိုနာခံပါ”
“ကျုပ်အဆင်သင့်ပါပဲရသေ့ကြီး”
ရသေ့ကြီးက သူ့လည်ပင်းမှာဆွဲထားတဲ့ ပုတီးကုံးကိုဖြုတ်လိုက်တယ်ဗျ၊ ပုတီးတွေက အနက်ရောင်ပုတီးစေ့တွေပါ၊ ပြီးတော့ ဘယ်လောက်တောင် စိပ်ထားသလဲမိသဘူး ပြောင်လက်ပြီးဝင်းပနေတယ်၊ ရသေ့ကြီးက ကျုပ်လည်ပင်းမှာအဲဒီပုတီးကိုစွပ်ပေးပြီးတော့
“ဒီပုတီးက နှယ်နှယ်ရရမဟုတ်ဘူး အောင်ရှိန်၊ ရသေ့ကြီးဓမ္မပါလက မြင်းကျွေးမင်းငထေရှင်ကို နှိမ်နင်းမယ်ဆိုတော့ ဘိုးတော်သိကြားမင်းက လက်နက်သုံးမျိုးပေးခဲ့တယ်၊ အခုပုတီးကတော့ သူပေးသနားခဲ့တဲ့ သင်္ကန်းနက်(သစ်ကနက်ဟုအသံထွက်) ပုတီးပဲ”
နောက်တော့ ရသေ့ကြီးက သူကိုင်ထားတဲ့တောင်ဝှေးကိုကျုပ်ကိုလှမ်းပေးရင်း
“ဒီတောင်ဝှေးကတော့ ရသေ့ကြီးဓမ္မပါလအသုံးပြုခဲ့တဲ့ ကသစ်ဖြူသားနဲ့လုပ်ထားတဲ့တောင်ဝှေးပဲ”
ကျုပ်တောင်ဝှေးကိုကိုင်လိုက်တယ်ဆိုရင်ပဲ ကျုပ်ဆံပင်တွေထောင်တက်သွားသလိုခံစားလိုက်၇တယ်၊ မမြင်နိုင်တဲ့စွမ်းအားတစ်ခုက ကျုပ်ကိုယ်ထဲကို တိုးဝင်နေသလိုပဲ။
“တာဝတိ ံသာနတ်ပြည်က ကသစ်ဖြူပင်ရဲ့အကိုင်းလို့တော့ ဆိုကြသကွ၊ နောက်ဆုံးပေးချင်တာကတော့ ဟောဒီဓါတ်လုံးပဲ”
ရသေ့ကြီးက သူ့ညာဘက်လက်ညိုးမှာဝတ်ထားတဲ့ လက်စွပ်တစ်ကွင်းကိုချွတ်လိုက်သဗျ၊ လက်စွပ်ကို ငွေလိုအရာမျိုးနဲ့လုပ်ထားတာပါ၊ အလယ်မှာတော့ မီးခိုးရောင်ပြောင်လက်နေတဲ့အလုံးကလေးတစ်လုံးကို ကွင်းထားသဗျ၊ ဓါတ်လုံးကို လက်စွပ်မှာကွင်းပြီးဝတ်ထားတဲ့ပုံပါပဲ။
“ဒီဓါတ်လုံးက စတုမဟာရာဇ်နတ်ပြည်က နတ်မင်းကြီးလေးပါးရဲ့ အဂ္ဂိရိတ်ဖိုထဲက ထွက်လာတဲ့ သံရှင်လုံးပဲကွ၊ ဒီလက်နက်သုံးမျိုးကို တို့ဘုရားပျံတွေက အဆင့်ဆင့်လက်ဆင့်ကမ်းလာကြတယ်၊ မပျောက်မပျက်အောင်လည်း ထိန်းသိမ်းလာခဲ့ကြတယ်၊ အခုမင်းပစ္စည်းတွေဖြစ်သွားပြီ”
ကျုပ်လည်း လက်စွပ်ကိုသေချာယူကြည့်ပြီးတော့ ကျုပ်ရဲ့လက်သူကြွယ်မှာဝတ်ဖို့ပြင်လိုက်တယ်၊ ရသေ့ကြီးက ကျုပ်အရှေ့မှာထိုင်ချရင်း
“မလုပ်နဲ့အောင်ရှိန်၊ ဒီဓါတ်လက်စွပ်ကို လက်သူကြွယ်မှာဝတ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ကွ၊ လက်ခလယ်၊ လက်ညှိုးမှာဝတ်တာကျတော့ သူတစ်ပါးကိုတိုက်ခိုက်ဖို့ပေါ့ကွာ”
ဒါနဲ့ကျုပ်လည်း လက်စွပ်ကို လက်ညှိုးမှာ ဝတ်လိုက်ပါရောဗျာ၊ လက်စွပ်က ကျုပ်လက်နဲ့တိုင်းပြီးလုပ်ထားသလားလို့ ထင်ရလောက်အောင် ကွက်တိပဲဗျာ။
“ဘုရားပျံတစ်ယောက်ရဲ့လမ်းက ခက်ခဲကြမ်းတမ်းတယ်ကွ၊ အခုငါ့ကိုယ်မှာ ရထားတဲ့ဒဏ်ရာတွေကလည်း ဘယ်ကရတယ်ထင်သလဲကွ”
ကျုပ်ခေါင်းခါပြလိုက်တယ်။
“စုန်းတွေ၊ ကဝေတွေ၊ မြေဖုတ်ဘီလူးတွေ၊ အောက်ဝိဇ္ဇာတွေနဲ့ တိုက်ခိုက်ပြီးတော့ ရလာခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေပဲကွ၊ ငါ့အစွမ်းက နိမ့်တာလည်းပါတာပေါ့ကွာ၊ စုန်းကဝေတွေရဲ့စက်တွေ၊ ဘီလူးတွေရဲ့လက်နက်တွေက သိပ်အစွမ်းထက်တယ်ကွ၊ အဲဒီလက်နက်တွေက ငါ့ကိုသေအောင်တော့လုပ်လို့မရပေမယ့် ငါ့ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုတော့ ထိခိုက်အောင်လုပ်နိုင်သကွာ၊ သူတို့စက်တွေထိရင် အနည်းဆုံးတော့ ခြေသန်းပြတ်တယ်၊ သွားကျိုးတယ် ဒီလောက်တော့ဖြစ်တယ်ပေါ့ကွာ”
ကျုပ်လည်း နံရံကြိးကိုကြည့်လိုက်ရင်း
“ဒါနဲ့ ဒီနံရံကပုံတွေက ဘာတွေလဲဗျ”
ရသေ့ကြီးက တစ်ချက်မော့ကြည့်ရင်း
“ဒီနံရံကလူတွေကတော့ ဘုရားပျံတွေပေါ့ကွာ”
နံရံမှာ ဘုရားပျံတွေအများကြီးပဲဗျ၊ ပုဂံခေတ်ပန်းချီရေးနည်းနဲ့ ရေးထားတာဗျာ။ လူပေါင်းငါးရာလောက်နီးနီးရှိမယ်ဗျ၊ သူတို့ပုံတွေကို လက်အုပ်ချီပြီးတော့ ကန်တော့နေတဲ့ဟန်ရေးထားတယ်၊ အရှေ့ဆုံးမှာတော့ ဘုရားပျံရသေ့ကြီး ဓမ္မပါလပုံထင်ပါရဲ့၊ ဟိုးအရှေ့ထိပ်ဆုံးမှာတော့ ဘုရားငါးဆူပုံကိုရေးဆွဲထားသဗျာ။ ကျုပ်လည်း ဘာရယ်မဟုတ်ဘဲ ပုံလေးတွေကိုလိုက်ရေတွက်နေမိတယ်ဗျ။
ထူူးဆန်းတာကတော့ သုံးဆယ့်ခြောက်ခုမြောက်ပုံက သင်္ကန်းအညိုရောင်ဝတ်ထားတဲ့ ရသေ့ကြီးဖြစ်နေသဗျာ၊ နံရံဆေးရေးပန်းချီက ပုံက အခုဘုရားပျံရသေ့ကြီးရဲ့ ပုံနဲ့အတော်ဆင်တူတာကိုတွေ့ရတယ်။ ကျုပ်လည်း သုံးဆယ့်ခုနစ်ယောက်မြောက်ကို စိတ်ဝင်စားလို့သွားကြည့်လိုက်တော့ ကျုပ်ပုံမှ ကျုပ်ပုံအစစ်ဖြစ်နေတယ်ဗျာ။
“ထူးဆန်းတယ်မဟုတ်လားကွ၊ ဒါကလည်း ကြိုတင်ဟောကိန်းထုတ်ထားတာ တစ်မျိုးပေါ့ကွာ”
“ထူးဆန်းလိုက်တာ ရသေ့ကြီးရာ၊ ဒါနဲ့ သုံးဆယ့်ရှစ်ယောက်မြောက်ကိုကြည့်ဗျ၊ ဆံပင်အရှည်နဲ့၊ ပြီးတော့ ရင်သားတွေကလည်းမို့မို့မောက်မောက်၊ အောက်ကလည်းထမီလိုအရာကိုဝတ်ထားတယ်ဆိုတော့ မိန်းကလေးများလားဗျာ”
ရသေ့ကြီးက ခေါင်းညိတ်ရင်း
“ဟုတ်မယ်ကွ၊ ဒါတွေက အဓိကမဟုတ်ပါဘူးကွာ၊ သူ့အလိုလိုဖြစ်လာမှာပါ”
ကျုပ်လည်း မိန်းကလေးက ဘယ်သူများလဲဆိုပြီးတော့ တွေးနေမိတယ်ဗျ။
“အင်း၊ ဟုတ်သားပဲ၊ ငါ့မှာသမီးနှစ်ယောက်မွေးထားတာပဲ၊ တန်တော့ ငါ့သမီးတွေထဲက တစ်ယောက်ယောက်များဖြစ်မလားမသိပါဘူး”
ဘုရားပျံရသေ့ကြီးက ကြမ်းပြင်တစ်နေရာကိုလက်ညှိုးထိုးပြပြီးတော့
“ဟောဟိုမှာထိုင်လိုက်စမ်း အောင်ရှိန်”
ကျုပ်သေချာကြည့်တော့ ကြမ်းပြင်မှာကြာပွင့်ပုံစုံတစ်ခုရေးဆွဲထားသဗျာ၊ ကြာပွင့်ရဲ့အောက်မှာတော့ ရေလှိုင်းပုံတွေ၊ မကန်းပုံ၊ မိချောင်းပုံ၊ နဂါးပုံတွေလည်းပါသဗျ၊ ကျုပ်လည်း ကြာပွင့်အလယ်တည့်တည့်မှာဝင်ထိုင်လိုက်တယ်၊ ရသေ့ကြီးက
“ကဲ စိတ်ကိုမျက်လုံးနှစ်လုံးကြားထဲကို သေချာအာရုံစုပြီး ငြိမ်ငြိမ်ထိုင်နေ အောင်ရှိန်၊ စိတ်ကိုမပျံ့လွင့်စေနဲ့”
“ရသေ့ကြီးဘာလုပ်မလို့လဲ”
“မင်းမှာဘုရားပျံကြီးတစ်ယောက်ဆီက စွမ်းအားတွေရခဲ့ပြီ၊ ဒါပေမယ့် မင်းတတ်မြောက်ရမယ့်အတတ်ပညာတွေလိုသေးတယ်၊ ဒီတော့ ငါတတ်ထားတဲ့ပညာတွေထဲက အရေးကြီးတဲ့ပညာရပ်တွေကို မင်းကိုပေးမယ်အောင်ရှိန်”
ကျုပ်လည်းသူပြောတဲ့အတိုင်းမျက်စိမှိတ်ထားပြီးတော့ အာရုံကိုစုစည်းထားလိုက်တယ်၊ ရသေ့ကြီးက ကျုပ်ကိုလှည့်ပြီး ပါးစပ်က မန္တန်တွေရွတ်ဆိုနေတယ်ဗျ၊ ခဏကြာတော့ ကျုပ်ကိုယ်က ဘယ်လိုဖြစ်သွားတယ်မသိပါဘူးဗျာ၊ ကျုပ်ထိုင်နေတာ ကြမ်းပြင်နဲ့မထိတော့သလိုလို၊ ကျုပ်ပဲ လေပေါ်မှာလွင့််မြောသလိုလို ဖြစ်နေမိပါတယ်။
ကျုပ်ပြန်သတိကပ်မိတော့ ရသေ့ကြီးက မရှိတော့ဘူးဗျ၊ ကျုပ်လည်း မတ်တပ်ထရပ်လိုက်မိတယ်၊ ခန်းမကြီးထဲမှာလည်း တိတ်ဆိတ်လို့ဗျာ၊ ကျုပ်လည်းရသေ့ကြီးကို ခေါ်ကြည့်သေးတယ်ဗျ၊ ခေါ်မရတာနဲ့ ကျုပ်ထိုင်နေတဲ့အရှေ့မှာ ချထားတဲ့ ကြေးစည်ကလေးကိုတွေ့လိုက်ရတယ်။ ဒါနဲ့ ကျုပ်လည်း ကြေးစည်ကလေးကို ကောက်ကိုင်လိုက်တယ်။
အနားမှာချထားတဲ့ ကသစ်ဖြူတောင်ဝှေးကို ကောက်ယူလိုက်ပြီးတော့ ကြေးစည်ကလေးကို ကိုင်ထားရင်း ဘုရားပျံရသေ့ကြီးရဲ့မျက်နှာကို အာရုံခံနေမိတယ်ဗျ၊ စိတ်ထဲကနေလည်း ရသေ့ကြီးဘယ်မှာလဲဆိုတဲ့ စိတ်ကိုတိမ်းညွှတ်ထားရင်းနဲ့ ပါးစပ်ကနေ နောင်ဝေေ၀လို့ အော်လိုက်မိပါတော့တယ်ဗျာ၊ အော်လိုက်ပြီးတဲ့အချိန်မှာပဲ ကျုပ်နင်းထားတဲ့မြေကြီးထဲကို ကျွံဝင်သွားသလိုခံစားရတယ်၊ မျက်လုံးတွေမှိတ်ထားတာဆိုတော့ အရင်တုန်းကလောက်တော့ ခေါင်းမမူးတော့ဘူးဗျ၊ ရင်ထဲမှာတော့ တစ်မျိုးကြီးခံစားနေရတယ်၊ နောက်ဆုံး ကျုပ်ခြေထောက်အောက်မှာ မြေသားမာမာကိုစမ်းမိတော့မှ ကျုပ်မျက်လုံးတွေကိုဖွင့်လိုက်တယ်ဗျ။
“ဟင်၊ ဘာတွေဖြစ်နေတာလဲ”
ကျုပ်ရောက်နေတာ ညောင်ဦးမြို့တစ်နေရာကိုပေါ့ဗျာ၊ နေ့လည်ပိုင်းကြီးဆိုတော့ လင်းချင်းလို့ဗျ၊ မြို့ထဲမှာတော့ လူတွေစည်ကားနေတာပဲဗျာ၊ လူတွေက တစ်နေရာရာကိုသွားဖို့ ဦးတည်နေကြတယ်၊ ငိုတဲ့သူတွေကလည်း ငိုလို့ပေါ့ဗျာ။
“ဘာတွေဖြစ်နေတာလဲ၊ ဒီလူတွေဘာဖြစ်နေတာလဲ”
“လူတွေ ကောက်ကာငင်ကာသေကုန်ကြလို့တဲ့ကွ”
အနောက်က အသံကြားလို့လှည့်ကြည့်လိုက်တော့မှ လမ်းဘေးပလက်ဖောင်းမှာ ဘုရားပျံရသေ့ကြီးကထိုင်နေတယ်။
“ဟာ ရသေ့ကြီး”
“ငါ့အထင်တော့ ငထေရှင်ပြန်အသက်သွင်းပေးထားတဲ့လူတွေ သေကုန်တာဖြစ်မှာကွ”
“သူဘာတွေလုပ်နေတာလဲဗျာ”
“ဒီနေ့က လကွယ်နေ့ပဲလေကွာ၊ ဒီအရပ်မှာ လကွယ်နေ့ဆိုရင် လူသေကောင်ကိုမထားဘဲ ချက်ချင်းမြေချရတဲ့ထုံးစံရှိတယ်မဟုတ်လား”
“ဒါ၊ ဒါဆိုရင် . . .”
“ဒီအလောင်းတွေအကုန်လုံး သုဿန်မှာသွားစုမှာပေါ့ကွာ၊ ဒီလိုဖြစ်အောင်လည်း ငထေရှင်ကလုပ်လိုက်တာနေမှာကွ”
“သုဿန်ရောက်ပြီးတော့ ဘာဆက်ဖြစ်ကြမလဲ”
“ငထေရှင်က သူ့ရဲ့မကောင်းဆိုးဝါးတပ်ကို ပြန်အသက်သွင်းမှာပေါ့ကွာ၊ တစ်နည်းအားဖြင့်ပြောရရင်တော့ တပ်သားတွေကို တစ်နေရာတည်းမှာ လူစုခိုင်းတဲ့သဘောပဲ”
“ဟာ၊ ဒါဆိုကျုပ်တို့တားရမယ်ဗျ”
“စစ်ပွဲကတော့ စနေပြီဟေ့၊ ဒါပေမယ့် ငါတို့ဘက်က နှစ်ယောက်တည်းဖြစ်နေတာတော့ သိပ်အားမရှိလှဘူးကွာ”
“အိုဗျာ၊ ဘာပဲဖြစ်ဖြစ် ကျုပ်တော့သူ့ကိုရအောင်တားမယ်”
ကျုပ်အရှေ့ကထွက်သွားတော့ ရသေ့ကြီးက အနောက်ကနေလိုက်လာသဗျ၊ မြို့ကနေထွက်တဲ့လမ်းကြီးအတိုင်း ကျုပ်တို့အတူတူလျှောက်လာခဲ့ကြတယ်၊ လမ်းမှာလည်း အသုဘအခေါင်းတွေတင်လာကြတဲ့ ကားတွေ၊ လှည်းတွေက မြို့ပြင်ကိုဦးတည်နေကြပါရော။