အတွဲ(၂) စာစဉ်(၁၄)
(၁)
ညက အိပ်ရာဝင်တာနောက်ကျခဲ့လို့ ဒီမနက်နေအတော်မြင့်မှ နှိုးတယ်ဗျာ၊ သူများအိမ်မှာအိပ်ရတာဆိုတော့ အားတောင်အားနာသွားတယ်၊ ကျုပ်နိုးတော့ နှင်းကြည်က ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်နေတယ်။ ခြင်ထောင်ထဲက ကုန်းထွက်လာတဲ့ကျုပ်ကိုကြည့်ရင်း
“ရင်မောင်၊ နင်တော်တော်အိပ်ပုတ်ကြီးတာပဲဟာ၊ ယောက်ျားဖြစ်ပြီး ဝီရိယမရှိဘူး”
“အောင်မယ်၊ ညက အိပ်ရာဝင်တာနောက်ကျလို့ပါဟ၊ နင်ကလည်း ငါ့ကိုဆိုရင်ပြောဖို့ဆိုဖို့ချည်းပဲ”
ခြင်ထောင်တွေ၊ အိပ်ရာတွေကို သိမ်းခေါက်ပြီးတော့ အိမ်အတွင်းခန်းထဲသွားထားလိုက်ရတယ်၊ ပြီးတာနဲ့ သွားတိုက်ဖို့အတွက် အိမ်အောက်ကိုပြေးဆင်းခဲ့တယ်၊ အိမ်အောက်ရောက်တော့ ဆရာဦးအောင်ရှိန်က ကွပ်ပျစ်အပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ဗျ။
“ဟာ ဆရာကြီး နိုးနေတာကြာပြီလားဗျ”
“ကြာပေါ့ကွ၊ ငါတောင်မနက်ခင်းတစ်ကြော ဘုရားရှိခိုးပုတီးစိပ်ပြီးပြီ”
“ဆရာကြီးက ညကလည်းအိပ်ရာဝင်တာနောက်ကျသေးတယ်နော်၊ ဆရာကြီးဘယ်အချိန်များသွားအိပ်သလဲဗျာ”
“ဒီလိုပဲပေါ့ရင်မောင်ရာ၊ ကဲ မျက်နှာသစ်၊ သွားတိုက်၊ လုပ်စရာရှိတာလုပ်ဟေ့”
ကျုပ် အိမ်နောက်ဖေးကိုဝင်လာတော့ မခင်ကြည်က မီးဖိုချောင်မှာအလုပ်ရှုပ်နေတယ်ဗျ၊ ဆရာဦးအောင်ရှိန်တို့ အိမ်အနောက်ဘက်မှာ တစ်ဖက်ဖွင့်ထားတဲ့ တဲကလေးတစ်လုံးရှိပြီးတော့ အဲဒီမှာချက်ကြပြုတ်ကျတယ်၊ အရင်တုန်းက ထင်းနဲ့ချက်ကြတာဆိုတော့ အိမ်ထဲမှာ မီးဖိုတည်တယ်ဆိုတာ ရှားတယ်ဗျ၊ ကျုပ်တို့ဘက်တော့ အိမ်တိုင်းလိုလိုနီးပါး မီးဖိုဆောင်ဆိုပြီး ခြံထဲသပ်သပ်ဆောက်ထားတတ်ကြတယ်။
မခင်ကြည်တစ်ယောက် ချက်ရေးပြုတ်ရေးနဲ့ လက်မလည်နိုင်အောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်၊ ဒီအခါ အမေမှာထားတဲ့စကားတစ်ခွန်းက ခေါင်းထဲပြန်ပေါ်လာတယ်။
“ငါ့သား၊ ဆရာကြီးအိမ်မှာနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဧည့်သည်လို မနေရဘူးနော်၊ ဆရာကြီးအိမ်က ဝေယျာဝစ္စတွေလည်း တတ်နိုင်သလောက်ဝိုင်းလုပ်ပေးရမယ် ဟုတ်ပြီလား”
ဒီစကားပြန်ကြားတော့ ကျုပ်လည်းမျက်နှာသစ်ပြီးတာနဲ့ မခင်ကြည်အနားကိုကပ်ခဲ့တယ်၊ မခင်ကြည်က ဦးအောင်ရှိန်နဲ့တူလို့ထင်တယ်ဗျ၊ ရုပ်က ရွက်ကြမ်းရေကြိုရုပ်ပဲ၊ အပျိုဆိုတဲ့ဂုဏ်ပဲရှိတာ ရုပ်ရည်ကတော့ မသားမနားပဲဗျာ၊ အသားမည်းမည်း၊ အရပ်ပုပုနဲ့၊ ခန္ဓာကိုယ်က သံစည်ပိုင်းကြီးလို ခပ်ဖိုင့်ဖိုင့်နဲ့ဗျ၊ နှင်းကြည်ကတော့ သူ့အမေ ဒေါ်အေးကြည်နဲ့တူပုံရတယ်၊ ဒေါ်အေးကြည်လို အသားဖြူဖြူ၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ဗျာ၊ စိတ်သဘောထားကျတော့ တစ်အိမ်လုံးကောင်းကြပါတယ်၊ မခင်ကြည်ဆိုရင်လည်း ကျုပ်ကိုတကယ့်မောင်လေးတစ်ယောက်လိုခင်ရှာတယ်၊ ခင်လို့လည်း ကျုပ်ထမင်းလာမစားလို့ အိမ်လိုက်နှိုးတယ်မဟုတ်ဘူးလား၊ ဒါပေမယ့် နှင်းကြည်ကတော့ ကျုပ်အပေါ်သိပ်မကောင်းဘူး၊ ခပ်တန်းတန်းပဲနေတယ်၊ အခွင့်ကြုံရင် ကြုံသလို ကျုပ်ကိုဖိမယ်နှက်မယ်ဆိုတာချည်းပဲ၊ ကျုပ်ကလည်း နှင်းကြည်ကို သိပ်ကြည့်မရပါဘူးဗျာ၊ တစောင်းစေးနဲ့မျက်ချေးဆိုသလိုပေါ့။
“အမခင်ကြည်၊ ကျွန်တော်ဘာကူညီပေးရမလဲဟင်”
“မလိုပါဘူးငါ့မောင်ရယ်၊ အေးအေးဆေးဆေးသာနေစမ်းပါ”
“မဟုတ်တာပဲ အမခင်ကြည်ရာ အမေကပြောသွားတယ်၊ ဒီအိမ်မှာ ဧည့်သည်လိုမနေနဲ့တဲ့၊ အိမ်သားတစ်ယောက်လို ဝိုင်းလုပ်ပေး ကူညီပေးရမယ်တဲ့”
မခင်ကြည်က တစ်ချက်ပြုံးလိုက်ရင်း
“နင်ကမှသိတတ်သေးတယ်ရင်မောင်ရယ်၊ အိမ်က ညီမကတော့ ပြောလို့ဆိုလို့ကိုမရဘူး၊ အိမ်မှုကိစ္စဆိုရင် မလုပ်ရလေ မလုပ်ချင်လေပဲ၊ အခုတောင် မီးဖိုထဲဝင်လာရင် သူ့ကိုခိုင်းမှာစိုးလို့ အိမ်ပေါ်မှာပဲ ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ အပါးခိုနေတာ”
“ဒီလိုမပြောပါနဲ့ အမခင်ကြည်ရယ်”
“ကဲ ကူညီမယ်ဆိုရင်လည်း ဟောဒီကြက်သွန်လေးတွေခွာပေးနော်”
ကျုပ်လည်း မခင်ကြည်ပေးတဲ့ဓါးပါးကလေးကိုယူပြီး ကြက်သွန်ဖြူတွေ၊ ကြက်သွန်နီတွေကိုခွာနေမိတယ်၊ မခင်ကြည်ခွာတာကြည့်တော့ သိပ်မခက်ပေမယ့် ကိုယ်တိုင်ခွာကြည့်တော့မှ နည်းနည်းခက်တယ်ဗျ၊ ကြက်သွန်ဖြူဆိုရင် အပြင်အခွံကြောတွေတင်းလို့ ဓါးနဲ့တောင်မနည်းဖြတ်ရတယ်၊ ကြက်သွန်ထိပ်ကိုဖြတ်ရင်းနဲ့ ဓါးအရှိန်ကိုမထိန်းနိုင်ဘဲ ကိုယ့်လက်ကိုလှီးမိသွားပါရောဗျာ၊ ဆစ်ခနဲတစ်ချက်နာလိုက်ပြီးတော့ လက်ညှိုးထိပ်ကနေ သွေးတွေစီးကျလာတယ်။ သွေးတွေမြင်တာနဲ့ ပါးစပ်ထဲကို လက်ညှိုးထည့်ပြီးစုပ်လိုက်ရတယ်။
“ဟောတော်ရင်မောင်၊ နင်ဓါးထိသွားပြီလား”
ကျုပ်ခေါင်းပဲညိတ်ပြနိုင်တယ်၊ မခင်ကြည်က ကျုပ်လက်ကိုယူကြည့်ပြီးတော့ ဆနွင်းအိုးထဲက ဆနွင်းနည်းနည်းယူလိုက်ပြီး လက်ကိုသိပ်ပေးတယ်၊ စပ်လိုက်တာတော့ ပြောမနေပါနဲ့ဗျာ။
“အောင်မယ်လေး၊ စပ်လိုက်တာအမရာ”
“ငါ့အမှားပါဟယ်၊ နင့်ကိုကြက်သွန်ခွာခိုင်းတဲ့ငါ့အမှားပါ၊ သွားသွား အိမ်ရှေ့ထွက်နေ”
“မဟုတ်တာပဲ အမခင်ကြည်ရာ၊ လက်ကလေးဓါးထိတာ ဘာမှမဖြစ်သွားပါဘူးဗျ၊ ကျုပ်ကူညီပေးပါ့မယ်”
“ဒါဆိုရင်လည်း ကြက်သွန်တွေခွာမနေနဲ့တော့ရင်မောင်၊ ဟောဒီမှာငရုတ်ဆုံ၊ ခုနက ခွာထားတဲ့ကြက်သွန်တွေနဲ့ ငရုတ်သီးခြောက်တွေထည့်ပြီး ငရုတ်သီးထောင်းပေးပေါ့”
ကျုပ်လည်း ငရုတ်ဆုံယူပြီး ကျကျနနထိုင်ထောင်းလိုက်တယ်၊ ကျောက်ငရုတ်ဆုံက ဘယ်လောက်တောင်ထောင်းထားသလဲတော့မသိဘူး တော်တော်ကိုခွက်နေပြီ၊ ရေစိမ်ထားတဲ့ငရုတ်သီးခြောက်တွေထည့်ပြီး ခပ်နာနာလေးထည့်ထောင်းပစ်လိုက်တယ်၊ အစက ငရုတ်သီးထောင်းတာလွယ်မယ်လို့ထင်ပေမယ့် တကယ်ထောင်းကြည့်မှ ထင်သလောက်မလွယ်ဘူးဗျို့၊ ငရုတ်သီးခြောက်တွေက ထောင်းရတာ အတော်ခက်ခက်ပဲဗျာ၊ နောက်တော့ ကြက်သွန်အဖြူ၊ အနီတွေထည့်ပြီးထောင်းတော့တာပဲ၊ ကြက်သွန်မွှန်ပြီးတော့ မျက်ရည်တွေက တတောက်တောက်နဲ့ကျလာတယ်။ တော်တော်နဲ့ထောင်းလို့မကြေတာနဲ့ အားကုန်ထည့်ပြီး ခပ်နာနာထောင်းချထည့်လိုက်တယ်။
ဒီအချိန် ငရုတ်သီးအဖတ်တစ်ဖတ်က ငရုတ်ဆုံထဲကနေ မျက်လုံးထဲကိုခုန်ပြီးဝင်လာပါရောဗျာ၊ ကျုပ်လည်းလန့်ပြီး လက်နဲ့ပွတ်ထည့်လိုက်တာ လက်ကလည်း ငရုတ်သီးတွေကိုင်ထားတဲ့လက်ဆိုတော့ ပိုဆိုးသွားပါရော။
“အောင်မယ်လေး စပ်လိုက်တာအမရေ သေပါပြီဗျ”
“ဟောတော်၊ နင့်မျက်လုံးထဲ ငရုတ်သီးဝင်သွားပြီနဲ့တူတယ်၊ လာစမ်း ဒီနားကိုလာစမ်း”
မခင်ကြည်က ကျုပ်လက်ကိုဆွဲပြီးတော့ ရေအိုးနားပြေးတော့တာပဲ၊ ပြီးတော့ ရေခွက်ကိုင်ရင်း
“ဟဲ့ရင်မောင် ဘယ်မျက်စိထဲကို ငရုတ်သီးဝင်သွားတာလဲဟဲ့”
“နှစ်ဖက်လုံးဗျ”
မခင်ကြည်က ခြေမတွေကိုရေနဲ့လောင်းပေးတယ်၊ ကျုပ်လည်းလက်ဆေးပြီး မျက်နှာတွေဘာတွေသစ်လိုက်တော့မှ မျက်လုံးဖွင့်လို့ရသွားတယ်။
“အိမ်မှုကိစ္စတွေလုပ်မနေပါနဲ့တော့ရင်မောင်ရယ်”
“မဟုတ်တာပဲဗျာ၊ ကျုပ်ကူညီပေးပါ့မယ်”
“ကဲ အဲဒါဆိုရင်လည်း ငါငရုတ်သီးဆီသတ်နေတုန်း နင်ကထမင်းအိုးကြည့်ပေးပေါ့”
ဒီလောက်တော့ ကျုပ်က ကူညီပေးရမှာပေါ့ဗျာ၊ မခင်ကြည်က ငရုတ်သီးတွေကို တရှဲရှဲနဲ့ဆီသတ်နေတယ်၊ ကျုပ်လည်း ကျုပ်အရှေ့မီးဖိုပေါ်က ထမင်းအိုးကိုကြည့်နေမိတယ်၊ ထမင်းအိုးကြီးက အငွေ့တွေထွက်လာပြီးတော့ ထမင်းအိုးအဖုံးက လှုပ်လာပြီး အသံံတွေလည်းထွက်လာတယ်၊ မသိရင် ထမင်းအိုးကြီးက စကားပြောနေသလိုပဲဗျာ။ ဒန်အိုးဖုံးက အပေါ်ကိုကြွတက်သွားလိုက် အောက်ကိုပြန်ကျလိုက်နဲ့ဆိုတော့ ဂလုံးဂွပ်ဂွပ်ဆိုတဲ့အသံတွေမြည်နေတယ်။
“ဟဲ့ရင်မောင်၊ နင်ဘာလုပ်နေတာလဲ”
“အမပဲထမင်းအိုးကြည့်ပေးဆိုဗျ”
“သွားပါပြီရင်မောင်ရာ၊ ထမင်းအိုးကိုငှဲ့ရမှာပေါ့ဟ”
“ကျွန်တော်ငှဲ့ပေးမယ် မခင်ကြည်”
“အေး၊ ဒါဆိုရင်လည်း လက်ခုစုတ်ယူပြီးတော့ ထမင်းအိုးကို အဲဒီအင်တုံထဲ အသာငှဲ့ချ၊ ရေကုန်အောင်ငှဲ့နော်”
“စိတ်ချပါအမခင်ကြည်ရာ၊ အမေထမင်းအိုးငှဲ့ရင် ကျုပ်က ထမင်းရည်ခံသောက်နေတဲ့လူပါဗျ၊ ဒီလောက်ကတော့ အေးဆေးပါ”
လက်ခုစုတ်နဲ့ထမင်းအိုးကိုယူပြီး အင်တုံကြီးတစ်ခုထဲငှဲ့ထည့်လိုက်တယ်ဗျ၊ အစကတော့ အေးဆေးပါပဲ၊ ဒါပေမယ့် ထမင်းအိုးကိုင်ထားရင်း တဖြည်းဖြည်းနဲ့လက်တွေကပူလာတယ်ဗျ၊ ထမင်းအိုးအပူက လက်ခုစုတ်ကိုဖောက်ထွက်လာတဲ့ပုံပဲဗျာ၊ ကျုပ်လည်း ပူတာနဲ့ လက်ကိုအသာလေးဖွကိုင်လိုက်တော့ ထမင်းအိုးအဖုံးက အလုံးလိုက်ကျွတ်ထွက်ပြီးတော့ ထမင်းစေ့တွေအကုန်လုံးက အင်တုံထဲကိုပြုတ်ကျကုန်ပါရော၊ ဒီအခါ အင်တုံထဲက ထမင်းရည်တွေက ကျုပ်ပုဆိုးကိုစင်လို့ ကျုပ်လည်း အနောက်ကိုလန့်ပြီးခုန်ဆုတ်လိုက်ရတယ်၊ ဒီအခါ အနောက်မှာရှိနေတဲ့ မခင်ကြည်နဲ့ဖင်ချင်းပေါက်မိပြီး မခင်ကြည်က အရှေ့ကိုလဲကျသွားတယ်၊ သူမွှွှေနေတဲ့ဟင်းအိုးကြီးလည်း မီးဖိုပေါ်မှောက်ကျပြီး တရှဲရှဲနဲ့မီးထလောင်ကုန်တယ်။ ကံကောင်းလို့ပေါ့ဗျာ၊ မီးဖိုပေါ်တည့်တည့်သာလဲကျလိုက်လို့ကတော့ မခင်ကြည်ဘ၀ မတွေးရဲစရာပဲဗျ။
“ကုန်ပါပြီရင်မောင်ရယ်၊ ထမင်းတွေရော ဟင်းတွေရောသွားပါပြီဟာ”
“မတော်တဆဖြစ်တာပဲ မခင်ကြည်ရာ၊ ကျွန်တော်ဘာကူညီပေးရမလဲဟင်”
“တော်ပါတော့ရင်မောင်ရယ်၊ နင်ကူညီပေးမှာကို ငါကြောက်နေပြီဟ၊ နင်ဆက်ပြီးကူညီပေးမယ်ဆိုရင် နင်ပဲသေမလား၊ ငါပဲသေသွားမလားပဲဟ၊ သွားပါတော့ဟာ၊ ငါချက်ကျွေးတဲ့ဟင်းကိုပဲ အဆင်သင့်လက်ဆေးပြီးစားစမ်းပါဟ”
ကျုပ်ကြောင့် ထမင်းအိုးလဲမှောက်၊ ဟင်းအိုးလည်းကုန်ဆိုတော့ ကျုပ်လည်းစိတ်ညစ်ညစ်နဲ့အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်၊ ဆရာကြီး ဦးအောင်ရှိန်က ကျုပ်ကိုတွေ့တော့ ရယ်မောရင်း
“ဟေ့ရင်မောင်၊ မင်းကိုထမင်းအိုးကြီးက ဘာပြောသလဲကွ”
“တော်ပါတော့ဆရာကြီးရယ် ကျွန်တော့်ကိုမလှောင်ပါနဲ့တော့”
“ထမင်းအိုးက ဂလုံးဂွပ်ဂွပ်ဆိုတာ ထမင်းငတ်တော့မယ်လို့ပြောချင်တာဖြစ်မယ်ကွ ဟား ဟား”
ကျုပ်မှာပြုံးတောင်မပြုံးနိုင်ပါဘူးဗျာ၊ ဆရာဦးအောင်ရှိန် ဒီလိုရယ်နေတဲ့အချိန်မျိုးဆိုရင် ကျုပ်သိပ်အမြင်ကတ်တာဗျ၊ ဒါနဲ့ဆရာကြီးကိုမျက်စောင်းထိုးပြီးကြည့်နေမိတယ်။
“မင်းအဖြစ်ကိုမြင်တော့မှ ဟိုပုံပြင်လေးသွားသတိရတယ်ကွ၊ ခွေးရယ် မြင်းရယ် နွားရယ်က ကိုယ့်အလုပ်ကိုယ်မလုပ်ကြလို့ ဒုက္ခရောက်ကြတဲ့ပုံပြင်ပေါ့ကွာ၊ မင်းလည်းအဲဒီလိုပဲကွ ရင်မောင်ရ၊ ခင်ကြည်က တစ်သက်လုံးချက်လာပြုတ်လာခဲ့တဲ့သူပဲ၊ ချက်တယ်ပြုတ်တယ်ဆိုတာ သူလုပ်နေကျအလုပ်ပဲကွ၊ ဒါကိုမင်းက သူ့ကိုကူညီပေးမယ်ဆိုပြီးသွားလုပ်တော့ သွားရှုပ်သလိုဖြစ်ပြီး ကမောက်ကမတွေဖြစ်ကုန်တယ်မဟုတ်ဘူးလား”
“ဒါတော့ ဒါပေါ့ဆရာကြီးရာ၊ ဒါပေမယ့် အမေက ဒီအိမ်မှာနေပြီး ကူညီစရာရှိတာတွေ ကူညီပေးရမယ်လို့ မှာခဲ့လို့ပါ”
“ငါ့အိမ်မှာနေပြီး ငါပြောတာနားထောင်တယ်ဆိုတာ ငါ့ကိုကူညီပေးတာတစ်မျိုးပဲပေါ့ကွာ၊ ငါအိမ်မှာနေရတာ သိပ်ပျင်းနေတာကြာပြီကွ၊ ခင်ကြည်ကလည်း သူ့အလုပ်နဲ့သူ၊ နှင်းကြည်ကလည်း ကလေးဆိုတော့ အဖော်မရ၊ အေးကြည်ဆိုတာကလည်း စီးပွားရှာနေရတာနဲ့ အိပ်မကပ်ရဘူးဆိုတော့ ငါ့မှာစကားပြောဖော်မရှိဘူးကွ၊ အခုမင်းရောက်လာတော့ ဟန်ကျတယ်ဟေ့၊ ကဲ ဒီမှာထိုင်၊ ငါဒါတွေကြိုသိလို့ အကြော်ဝယ်ထားတယ်၊ မနက်စာ အကြော်လေးစားလိုက်ဟုတ်ပြီလား”
ကျုပ်လည်း အကြော်တွေကောက်ဝါးလိုက်တယ်၊ အကြော်တွေက ဝယ်ထားတာကြာလို့ လေသလပ်ပြီး ပျဉ်းတွဲတွဲတောင်ဖြစ်နေပါပြီဗျာ။
“သြော်၊ ဒါနဲ့ဆရာကြီး၊ မနက်ဖြန်ကျရင် ဘာဖြစ်မယ်ဆိုလားပြောထားတာလေ အဲဒါဘာလဲဗျ၊ အခုမနက်ဖြန်ရောက်ပြီ ပြောတော့ဗျာ”
“အိမ်ကိုဧည့်သည်တစ်ယောက်ရောက်လာမယ်တဲ့ကွ၊ ရောက်လာမှာကတော့ ကောင်းတဲ့ဧည့်သည်မဟုတ်ဘူးဆိုပဲ”
“ကောင်းတဲ့ဧည့်သည်မဟုတ်ဘူးဆိုတော့ ဘယ်လိုများလဲဟင်ဆရာကြီး”
“ဒါတော့ငါလည်းမသိဘူးဟ၊ မြစ်သာမြစ်ထဲမှာနေတဲ့ဘိုးတော်ကြီးက ပြောတာပဲ၊ သူ့ကိုရေဘိုးတော်လို့လဲခေါ်တယ်၊ မင်းကြားဖူးသလား”
“ကြားဖူးတယ်ဆရာကြီး၊ ကျွန်တော်တော့မကြုံလိုက်ဘူး အရင်က အမေတို့ပြောပြောနေတာကြားဖူးတယ်၊ ဒါနဲ့ မြစ်သာမြစ်ထဲမှာ ဖောင်ကြီးစီးပြီး တရားကျင့်နေတဲ့ဘိုးတော်ကြီးတဲ့ဗျ၊ တစ်ခါတစ်ခါဆို မြစ်သာမြစ်ထဲမှာ ရေဘိုးတော်ကြီးတရားကျင့်နေရင် လှိုင်းလုံးကြီးတွေထလာတတ်တယ်ဆိုပဲဗျာ၊ လှိုင်းတွေက အိမ်လုံးလောက်ကြီးရှိသတဲ့၊ ဒါပေမယ့် ရေဘိုးတော်ကြီးက သေတာကြာပြီမဟုတ်လား”
“လူတွေအခေါ်တော့ သေတယ်ပေါ့ကွာ၊ ဝိဇ္ဇာစကားနဲ့ဆိုရင်တော့ အသေထွက်သွားတယ်ပေါ့၊ အခုထိ မြစ်သာမြစ်ထဲမှာ ဘိုးတော်ကြီးရှိနေသေးတယ်ကွ”
“မကောင်းတဲ့ဧည့်သည်ဆိုတော့ ဘယ်သူများပါလိမ့်နော်၊ ကျွန်တော်တောင်ခပ်လန့်လန့်ပဲဗျ”
ဆရာကြီးနဲ့ကျုပ်နဲ့ တစ်နေ့လုံးထိုင်နေတာတောင်မှ ဘာမှထူးမလာဘူးဗျ၊ ညနေနေဝင်ရီတရောအချိန်ဆိုရင် ဆရာကြီးက ရွာတစ်ပတ်လမ်းပတ်လျှောက်လေ့ရှိတယ်၊ ရွာကိုပတ်တဲ့အခါလည်း ရွာအပြင်ကနေ တစ်ပတ်ပြည့်အောင်ပတ်ပြီးတော့မှ ရွာအရှေ့ကနေ အိမ်ကိုလှည့်ပြန်လာလေ့ရှိတယ်၊ ဒီနေ့တော့ ကျုပ်လည်းပျင်းနေတာနဲ့ ဆရာကြီးနဲ့အတူတူလမ်းလျှောက်ထွက်ခဲ့တယ်၊ လမ်းလျှောက်ထွက်ရင်း ဆရာကြီးက ပါးစပ်က ဘုရားစာတွေရွတ်နေသဗျ။
“ဆရာကြီးက ဘာဖြစ်လို့ညနေတိုင်းလမ်းထွက်တာလဲဟင်ဆရာကြီး”
“အခုလိုညနေ နွားရိုင်းသွင်းချိန်ဆိုတာ ပရလောကသားတွေ၊ ပြိတ္တာတွေနိုးထကြတဲ့အချိန်ပဲကွ၊ ဒီအချိန်မှာ ငါကရွာကိုပတ်ပြီးတော့ အဲဒီပရလောကသားတွေ၊ ပြိတ္တာတွေ၊ နောက်တော့ ရွာအနီးပတ်ဝန်းကျင်မှာနေတဲ့ ပုဂ္ဂိုလ်တွေကိုမေတ္တာပို့တယ်၊ အမျှအတန်းပေးတယ်ကွ၊ တစ်နည်းပြောရရင်တော့ မိတ်ဖွဲ့တယ်ပေါ့ကွာ”
“သူတို့နဲ့မိတ်ဆွေဖြစ်နေတော့ ဘာဖြစ်သလဲဆရာကြီးရ”
“တစ်ခုခုဆိုရင် သူတို့က ငါ့ကိုလှမ်းသတင်းပို့တာပေါ့ကွာ၊ ဒါကြောင့်ရွာမှာတစ်ခုခုဖြစ်တယ်ဆိုရင် ငါက အနည်းအကျဉ်းတော့သိပြီးသားကွ၊ သူတို့လည်း လူတွေလိုပေါ့ကွာ၊ ကိုယ်နဲ့ခင်မင်နေတဲ့လူဆိုရင်တော့ သူတို့လည်းပြန်ပြီးကျေးဇူးပြုတာပေါ့ ဒီအတိုင်းပါပဲ”
“ပရလောကသားတွေကို ဒီအတိုင်းခင်မင်အောင်လုပ်နိုင်တယ်လားဆရာကြီးရာ၊ ကျွန်တော်ကြားဖူးတာက ကျွေးရမွေးရတယ်ဆိုဗျ”
“မေတ္တာထားတယ်ဆိုတာ အကောင်းဆုံးခင်မင်မှုလက်ဆောင်ပေါ့ကွာ၊ ပြိတ္တာတွေ၊ ပရလောကသားတွေဆိုတာက အမြဲခံစားနေရတဲ့လူတွေမဟုတ်လား၊ သူတို့ကိုရည်စူးပြိး မေတ္တာရောက်အောင်ပို့သပေးရင် သူတို့တွေက အေးချမ်းတယ်လို့ဆိုသကွ၊ ဒါတကယ်ထူးတယ်နော် ရင်မောင်”
ဆရာဦးအောင်ရှိန်က ရွာအရှေ့ဘက်က သစ်ပင်ကြီးတစ်ပင်ကိုလက်ညှိုးထိုးပြတယ်၊ သစ်ပင်ကြီးကာ ကွင်းထဲမှ ထီးထီးကြီးပေါက်နေတဲ့သစ်ပင်ကြီးဗျ၊ မသိရင်မှိုဝန်းကြီးလိုပဲ အုပ်အုပ်ဆိုင်းဆိုင်းကြီး
“အဲဒီမှာနေတဲ့ ပုဂ္ဂိုလ်ကြီးဆိုရင် ငါ့ကို တူလိုသားလိုရော၊ ဆရာတစ်ယောက်လိုပါ လေးစားတယ်ကွရင်မောင်ရ”
ကျုပ်က သစ်ပင်ကြီးကိုမျက်လုံးမှေးစင်းကာ ကြည့်လိုက်ရင်း
“ကျွန်တော်တော့ ဘာမှမမြင်ပါဘူးဆရာကြီးရ”
“မင်းက မြင်ချင်လို့လားရင်မောင်ရ၊ မင်းမြင်ရင် ကြောက်လန့်သွားလိမ့်မယ်နော်ကွ”
“ဆရာကြီးကလည်းဗျာ၊ ကျွန်တော်က သရဲတစ္ဆေကြီးတွေကို ကိုယ်တိုင်မြင်ခဲ့ပြီးပါပြီဗျ၊ ဒီလောက်တော့ အပျော့ပါ”
“အေးလေ၊ မင်းမြင်ချင်တယ်ဆိုရင်လည်း မင်းကိုအမြင်ဓါတ်ဖွင့်ပေးမယ်၊ ဒါပေမယ့် ဒီအမြင်ဓါတ်ကို မင်းရေရှည်မရဘူး တစ်ညပဲရမယ်၊ ရေရှည်ရချင်ရင်တော့ မင်းကိုယ်တိုင်ကျင့်မှရမယ်ရင်မောင်ရ”
“လုပ်စမ်းပါ ဆရာကြီးရာ၊ ဆရာကြီးပြောပြောနေတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခါလောက်မြင်ချင်လို့ပါ”
ထုံးစံအတိုင်း ကျုပ်က မျက်လုံးမှိတ်ပေးလိုက်တယ်၊ ဦးအောင်ရှိန်က ကျုပ်မျက်လုံးကို လက်နဲ့အုပ်လိုက်ပြီးတော့
“ကိုင်း မြင်စေသတည်း”
လို့အော်လိုက်ပါလေရော၊ ကျုပ်မျက်လုံးပြန်ဖွင့်တဲ့အချိန်မှာ ကွင်းပြင်ကြီးကိုကြည့်ပြီး အတော်လန့်သွားမိတယ်။ ဘယ်လောက်တောင်လန့်သလဲဆရာ ဆရာဦးအောင်ရှိန်ရဲ့လက်ကို ပြေးဆွဲမိတဲ့အထိပဲ။
“မင်းကြောက်သွားပြီလားကွ”
ကွင်းပြင်ထဲမှာ အကောင်ကြီးတွေက ပုံစံပေါင်းစုံ၊ အရောင်မျိုးစုံနဲ့ ပြည့်နှက်နေကြတယ်ဗျာ၊ တစ်ချို့အကောင်ကြီးတွေက ဆင်ကြီးတွေလောက် ခန္ဓာကိုယ်ကြီးမားကြတယ်၊ တစ်ချို့အကောင်တွေကျတော့ ဝါးခြမ်းပြားလို သေးသေးပြားပြားလေးဗျ၊ ခုနက ကြည့်တော့ ဒီကွင်းပြင်ကြီးထဲမှာ မြက်ပင်ကလွဲလို့ဘာမှမရှိပေမယ့် အခုတော့ အကောင်တွေအစုံပဲ။
“ဒါ နာနာဘာဝတွေလားဆရာကြီး”
“ပြိတ္တာတွေပေါ့ကွာ၊ သူတို့က အစာရရေးအတွက် သွားလာလှုပ်ရှားနေကြရတာကွ”
ကွင်းအလယ်က သစ်ပင်ကြီးကိုလှမ်းကြည့်လိုက်တော့ ဆရာကြီးပြောတဲ့ ပုဂ္ဂိုလ်ကြီးဆိုတာကိုတွေ့လိုက်ရတယ်ဗျ၊ ပုဂ္ဂိုလ်ကြီးဆိုတဲ့အတိုင်း တော်တော်ကြီးတဲ့လူကြီးဗျာ၊ သူ့အရပ်က သစ်ပင်လောက်ရှိပြီး ခြေတွေလက်တွေကလည်း တုတ်တုတ်ခိုင်ခိုင်ပဲဗျ၊ အသားအရောင်ကတော့ ယူကလစ်ပင်လို အကွက်အကွက်တွေဖြစ်နေတယ်၊ အဖြူကွက်တွေ အမဲကွက် အညိုကွက်တွေနဲ့ ရောယှက်နေပါရော၊ ဝတ်ထားစားထားတာကတော့ လူတစ်ယောက်လိုပါပဲ၊ ဒါပေမယ့် ခေါင်းပေါ်မှာ အချွန်ကြီးတစ်ခုပါတဲ့ ဦးထုပ်တစ်လုံးဆောင်းထားတယ်။
ပုဂ္ဂိုလ်ကြီးက ကျွန်တော့်ဘက်ကိုကြည့်ပြီးတော့ ပြုံးပြနေပါရော။
“တွေ့ပြီလားကွ၊ ပုဂ္ဂိုလ်ကြီး”
“တွေ့ပြီဆရာကြီးရေ တွေ့ပြီဗျ”
ကျုပ်လည်း အထူးအဆန်းနဲ့လမ်းမှာ ရှိသမျှ ပုဂ္ဂိုလ်တွေကိုလိုက်ကြည့်နေမိတယ်၊ ဒီမှာ ကျုပ်သတိထားမိသွားတာက မကောင်းဆိုးဝါး နာနာဘာဝတွေက ကြောက်မယ်ဖွယ်ပုံသဏ္ဍာန်တွေရှိပေမယ့် သစ်ပင်တွေ၊ ဇရပ်တွေမှာနေတဲ့လူတွေကတော့ လူလိုပုံစံပဲဗျ၊ ဒီလိုလူတွေက ပိုပြီးတန်ခိုးရှိပုံရတယ်။
ဒီလိုနဲ့လိုက်ကြည့်ရင်း ရွာအရှေ့ဘက် တောတန်းထဲကနေ နွားအုပ်တွေထွက်လာကြတယ်၊ နွားကျောင်းသားလေးတွေက နွားအုပ်တွေကို ရွာထဲကိုမောင်းသွင်းကြတာပေါ့ဗျာ၊ ဒီအခါ နွားတွေရဲ့ ကိုယ်လုံးပေါ်၊ ဦးချိုပေါ်မှာ ပရလောကသားတွေက တွယ်ဖက်ပြီးလိုက်ပါလာကြတယ်၊ တစ်ချို့ပရလောကသား အကောင်တွေကတော့ ဖက်တွယ်ထားရာကနေ ပြုတ်ကျပြီးတော့ နွားတွေနင်းတာကန်တာခံကြရတယ်၊ ဒါပေမယ့် ဒီနာနာဘာဝတွေက ကျုပ်သူတို့ကိုမြင်နေရတာကို မသိတဲ့ပုံပဲဗျ။
ကျုပ်လည်း ကြည့်ကောင်းကောင်းနဲ့ကြည့်နေလိုက်တာ ဆရာကြီးတောင်ဘယ်နားရောက်သွားမှန်းမသိတော့ဘူးဗျို့။
(၂)
နွားတွေက တစ်သုတ်ပြီးတစ်သုတ်ရွာကိုဝင်လာကြတယ်၊ နေကလည်း အနောက်ဖက်တောင်တန်းကြီးပေါ်မေးတင်ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားတယ်၊ ကောင်းကင်မှာ အလင်းရောင်နည်းနည်းတော့ရှိနေသေးတယ်၊ မိုးချုပ်သွားတာနဲ့ အကောင်တွေပိုပြီးစုံလာတာပါပဲဗျာ။ ဒီအချိန် နွားကျောင်းသားလေးနှစ်ယောက်က ကျုပ်အနားကပ်လာတယ်။
“ကိုကြီးရင်မောင် . . . ကိုကြီးရင်မောင်”
နွားကျောင်းသားလေးတစ်ယောက်က ကျုပ်ကိုခေါ်ရင်းပြေးလာတယ်၊ ဒီကောင်လေးကို ကျုပ်သိတာပေါ့ဗျာ၊ ခြေရင်းခြံက အောင်ဒွေးဆိုတဲ့ကောင်လေးပေါ့။
“ဘာလဲကွ အောင်ဒွေးရ”
“ကိုကြီးရင်မောင်က ပညာတတ်တယ်ဆို၊ တစ်လောကတောင် စုန်းပြုစားတာ ထုတ်ပေးဖူးတယ်ဆိုဗျ”
ကျုပ်လည်းရယ်လိုက်ရင်း
“အေးပေါ့ကွ”
“ဒါဆို ကျွန်တော်တို့ကို တစ်ခုကူညီပါဗျာ”
“ပြောစမ်း၊ ငါဘာတွေကူညီပေးရမလဲ”
“ကျွန်တော်တို့ နွားတစ်ကောင်ပျောက်နေလို့ဗျ၊ အဲဒါကိုကြီးရင်မောင် ကူညီပေးစမ်းပါဗျာ”
“ဟ၊ နွားပျောက်တာ ကိုယ့်ဟာကိုယ်သွားရှာပေါ့ကွ၊ ငါကလိုက်ရှာပေးရမှာလား”
“ကျွန်တော်တို့လည်း တစ်တောလုံးနှံ့အောင်ရှာပြီးပါပြီဗျာ၊ လုံးဝမတွေ့လို့ စိတ်ညစ်ညစ်နဲ့ရွာပြန်လာတာဗျ”
“နွားပျောက်တယ်ဆို မင်းအမေကိုပြောလေကွာ”
“အဖေက သူ့နွားပျောက်တာသိရင် ကျုပ်ကိုအသားကုန်ဆော်မှာဗျ၊ အဖေအရိုက်ကြမ်းတာ ကိုကြီးရင်မောင်လဲသိသားနဲ့”
“အေးကွာ၊ ဒါဖြင့်ရင် သူကြီးကိုပြောရင်ရော”
“ပိုဆိုးတာပေါ့ ကိုကြီးရင်မောင်ရာ၊ သူကြီးသိရင် တစ်ရွာလုံးသိပြီပေါ့၊ ဒီအခါ အဖေက သူ့ကိုမပြောဘဲ သူကြီးကိုသွားပြောရကောင်းလားဆိုပြီး ကျုပ်ကိုထုမှာပေါ့”
“မင်းအဖြစ်ကလည်း မစားသာပါလားကွာ၊ နွားကဘယ်လိုပျောက်သွားတာလဲဗျ”
“စားကျက်ထဲလွှတ်ကျောင်းထားပြီး တောထဲမှာ ဆီးဖြူသီးသွားခူးနေတုန်း ပျောက်သွားတာပဲကိုကြီးရာ”
“မင်းတို့က ကြိုးလေးဘာလေးချည်ထားတာမဟုတ်ဘူးကွာ”
“မဟုတ်ဘူးကိုကြီးရင်မောင် ဒီနွားနီမကြီးက သိပ်လိမ်မာတာဗျ၊ လူစကားလည်းနားလည်တယ်၊ အရင်က ဒီလိုမဟုတ်ပါဘူးဗျာ”
“ဟ အဲဒါခက်တာပေါ့ကွ၊ လူစကားနားလည်တယ်ပြီး လူယဉ်တယ်ဆိုတော့ သူများတွေများလာဆွဲသွားသလားပဲနော်”
ကျုပ်ပြောလိုက်တော့ ဟိုကောင်လေးနှစ်ယောက် မျက်နှာက ဇီးရွက်လောက်ပဲရှိတော့တယ်။
“ကိုကြီးရင်မောင်က စုန်းတွေဘာတွေတောင်ထုတ်ပေးတာဆိုတော့ နွားပျောက်တာလောက်က အပျော့စားနေမှာပါဗျာ၊ ကူညီပေးပါနော်”
ကလေးနှစ်ယောက်က ကျုပ်ပုဆိုးစကိုတစ်ယောက်တစ်ဖက်ဝိုင်းဆွဲကြတယ်။
“ဟေ့ကောင်တွေ တော်ကြတော့ မင်းတို့ဝိုင်းဆွဲနေတာနဲ့ငါပုဆိုးကျွတ်တော့မယ်၊ အေးကွာ၊ ကူညီမယ်၊ မင်းတို့ကိုကူညီမယ်ဟုတ်ပြီလား၊ ကဲပြော မင်းတို့နွားက ဘယ်နားပျောက်သွားတာလဲ”
“အရှေ့ဘက်တောစပ်မှာလွတ်ကျောင်းထားတာဗျ၊ ကွင်းထဲလည်းမတွေ့ဘူးဆိုတော့ တောထဲဝင်သွားတာပဲနေမှာ”
“လာကွာ၊ မင်းတို့နှစ်ကောင်လိုက်ခဲ့ ငါတို့သွားရှာကြမယ်”
ကျုပ်တို့လည်း တောစပ်ကိုပြေးလာခဲ့တယ်၊ ရွာနဲ့တောစပ်က သိပ်တော့မလှမ်းဘူးဗျာ၊ တောစပ်ရောက်တော့ ကျုပ်တို့ဟိုဟိုဒီဒီနဲ့ရှာရင်း သစ်ပင်အနားမှာရပ်နေတဲ့လူကြီးတစ်ယောက်က ကျုပ်တို့ကိုကြည့်နေတယ်။
“ဟေ့ကောင် ဟိုမှာလူတစ်ယောက်ကွ၊ သူ့ကိုမေးကြည့်ရင်ကောင်းမယ်ထင်တယ်”
ကျုပ်လက်ညှိုးထိုးပြတဲ့နေရာကို အောင်ဒွေးတို့ကကြည့်ပြီး ခေါင်းခါပြတယ်။
“သစ်ပင်ကြီးပါ ကိုကြီးရင်မောင်ရာ ဘယ်မှာလဲလူ”
“ဟ ငါကြည့်တာလူမှ လူအစစ်ပါဟ”
သူတို့ကိုပြောပြီးတော့မှ ကျုပ်လည်းသတိရသွားတယ်၊ ကျုပ်အထင်တော့ ဒါလူမဖြစ်နိုင်ဘူး၊ သစ်ပင်မှာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မယ်၊ ဒါနဲ့အဲဒီလူကြီးအနားကို မယောင်မလည်ကပ်သွားပြီး
“ခင်ဗျားကျွန်တော့်ကိုမြင်ရသလား”
“မြင်ပါတယ်ကွ၊ ဒါနဲ့မင်းတို့ တစ်ခုခုရှာနေကြပုံပဲ”
“ဒီကောင်လေးတွေရဲ့ နွားနီမပျောက်သွားလို့ဗျ၊ ခင်ဗျားတွေ့လိုက်သလား”
“တွေ့တော့တွေ့လိုက်တယ်ကွ၊ ဒါပေမယ့် မင်းတို့မရှာတာပဲကောင်းပါလိမ့်မယ်ကွာ”
“ပျောက်သွားမှတော့ ရှာရတော့မှာပေါ့ဗျာ၊ ဘယ်ကိုသွားသလဲ”
“ဒီတောင်ကုန်းကလေးပေါ်ကိုတက်သွားတာပဲကွ”
ကျုပ်လည်း လမ်းစသိပြီမို့
“လာကြဟေ့ ဒီတောင်ကုန်းကလေးပေါ်ကိုတက်သွားတာတဲ့ကွ”
“ဟုတ်ပါ့မလား ကိုကြီးရင်မောင်ရာ ကျွန်တော်တို့အဲဒီနားမှာ သွားရှာပြီးပြီနော်”
“လာစမ်းပါကွာ၊ မင်းတို့ကလည်း ငါ့ကိုမယုံဘူးလား”
ကျုပ်တို့သုံးယောက်သား တောင်ကုန်းကလေးအပေါ်ကိုပြေးတက်လာခဲ့ကြတယ်၊ တောင်ကုန်းကလေးပေါ်ရောက်တော့ ဒီလိုပဲ ပရလောကသားတွေကို မေးစမ်းပြီးတော့ သူတို့လမ်းညွှန်တဲ့အတိုင်းလိုက်လာခဲ့ကြတယ်၊ ကလေးနှစ်ယောက်ကတော့ ကျုပ်တစ်ယောက်တည်း စကားပြောလိုက်၊ ခေါင်းညိတ်လိုက်လုပ်နေတာကိုကြည့်ပြီး ထူးဆန်းနေတဲ့ပုံပဲဗျ၊ ကျောက်တုံးကြီးတစ်တုံးအောက်မှာနေတဲ့ ခါးကုန်းကြီးတစ်ယောက်ကို နောက်ဆုံးမေးကြည့်ရတယ်၊ ခါးကုန်းကြီးက မေးစေ့နဲ့မြေကြီးထိနေအောင်ကို ခါးကကိုင်းကျနေတာဗျာ။
“မင်းတို့နွားလားဘာလားတော့မသိဘူးကွ၊ မိန်းမတစ်ယောက်က နွားနီတစ်ကောင်ကို ဟိုးအောက်ဘက်က လျှိုထဲကိုမောင်းချသွားတယ်ဟေ့”
“ဟုတ်လား ကျေးဇူးပါပဲဗျာ”
“ဒါနဲ့ မင်းတို့သူ့အနောက်ကိုမလိုက်သွားသင့်ဘူးကွ”
“ကျုပ်တို့က သုံးယောက်တောင်ပါဗျာ၊ အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ခါးကုန်းကြီးကိုနှုတ်ဆက်ပြီးတော့ ကျုပ်တို့လည်း လျှိုထဲကိုဆင်းခဲ့လိုက်တယ်၊ မှောင်တာကတော့ အတော်ကိုမှောင်နေပြီဗျ၊ သွားရင်းနဲ့ ချုံတိုးသံ ခလောက်သံတွေကိုကြားလိုက်ရတယ်။
“ကိုကြီးရင်မောင် အဲဒါကျွန်တော်တို့ရှာနေတဲ့ နွားနီမပဲဖြစ်မယ်ဗျ၊ သူ့လည်ပင်းမှာ ခလောက်ဆွဲထားတယ်”
“အေးကွ၊ တို့တွေလိုက်ကြစို့ဟေ့”
ဒီလိုနဲ့လိုက်လာခဲ့ရင်း စမ်းချောင်းကလေးတစ်ခုဘေးကို ရောက်လာခဲ့ကြတယ်၊ စမ်းချောင်းဘေးမှာ ကျောက်ဖျာကြီးတစ်ခုဖြစ်နေတယ်၊ အဲဒီကျောက်ဖျာအပေါ်မှ မိန်းမတစ်ယောက်ထိုင်နေပြီးတော့ ရေနံဆီမီးခွက်ကိုကိုင်ထားတယ်၊ အဲဒီမိန်းမရဲ့အရှေ့မှာတော့ နွားနီမက ခွေခွေကလေးလှဲအိပ်နေတယ်။ ဒီမိန်းမက ရေနံဆီမီးခွက်ကို မီးခြစ်ဆံနဲ့မီးတို့လိုက်ပြီး နွားနီမရဲ့ခေါင်းကိုလက်နဲ့ပုတ်တယ်။
“ကဲ လာကြဟေ့၊ ငါ့တပည့်တွေလာကြ၊ နင်တို့အတွက် အချိုအချောင်ရလာတယ်၊ ၀၀လင်လင်သာ လာစားကြ”
သူပြောလိုက်တဲ့အချိန် သစ်ပင်တွေပေါ်ကနေ လင်းနို့လိုအကောင်ကြီးတွေ ပျံဆင်းလာကြတယ်ဗျာ၊ လင်းနို့ဆိုပေမယ့်လည်း ခပ်သေးသေးမဟုတ်ဘူးဗျ၊ ဆယ်နှစ်အရွယ်ကလေးလောက်ရှိတယ်၊ လူလိုပဲမတ်တပ်ရပ်ပြီးသွားတာပဲ၊ ခြေတွေလက်တွေမှာတော့ လင်းနို့တောင်ပံတွေလို မည်းမည်းအဖတ်ဖတ်ကြီးတွေရှိတယ်၊ ဒီကောင်တွေက နွားနီမဘေးနားမှာ ဆောင့်ကြောင့်ထိုင်လိုက်ကြတော့ တစ်ကိုယ်လုံးကို အနက်ရောင်အဝတ်နဲ့ပတ်ထားသလို မည်းမည်းကြီးဖြစ်နေတယ်ဗျ၊ ထူးခြားတာကတော့ဒီကောင်တွေ ခေါင်းမှာ အမွှေးမရှိဘဲ ပြောင်တင်းနေတာပါပဲ၊ ကျုပ်အထင်တော့ ဒီကောင်တွေက လူတွေမဖြစ်နိုင်ဘူးဗျာ၊ သရဲသဘက်တွေလား ဘာတွေလားပဲ။
နောက်တော့ ဒီကောင်ကြီးတွေက နွားနီမကို လက်နဲ့ဆွဲပြီးတော့ ခြေလက်လေးဘက်စလုံးကို မိုးပေါ်ကိုထောင်လိုက်ကြတယ်၊ နွားနီမက တစ်ချက်တောင်မအော်တာ အံ့သြစရာကြီးဗျာ၊ ဒီအခါ အောင်ဒွေးတို့နှစ်ယောက်က ချုံထဲကနေထွက်ပြီး ဒီမိန်းမကြီးဆီကိုပြေးသွားကြတယ်၊
“ဟေ့အဒေါ်ကြီး၊ ဒါကျုပ်တို့နွားနီမကြီးဗျ၊ ကျုပ်တို့နွားကို ကျုပ်တို့ဆီပြန်ပေးလိုက်ပါ”
မိန်းမကြီးက အလန့်တကြားနဲ့
“သေချင်းဆိုးလေးတွေ၊ နင်တို့မသိအောင် ခေါ်လာပါတယ်ဆိုနေမှ နင်တို့ကဒီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပါလား”
“ကျုပ်တို့ကောင်းကောင်းတောင်းနေတုန်း နွားကိုပြန်ပေးနော်၊ မဟုတ်ရင် ကျုပ်တို့သူကြီးကိုတိုင်မယ်”
“ဟဲ့ နင်တို့သူကြီးကို ငါကကြောက်ရမှာလား ဟားဟား”
ဒီအခါ နွားကျောင်းသားလေးတွေက လွယ်အိတ်ထဲက လေးခွကိုထုတ်လိုက်ပြီး မိန်းမကြီးကိုချိန်လိုက်တယ်။
“ပေးရင်ပေး၊ မပေးလို့ကတော့ ခင်ဗျားကြီးနဖူးမှာ ဘုသီးတွေထွက်သွားမယ်နော်”
နွားကျောင်းသားလေးတွေက ခြိမ်းခြောက်လိုက်တော့ ဒီမိန်းမကြီးက တဟားဟားနဲ့ရယ်တယ်ဗျ။
“အောင်မယ်၊ လူလေးတွေကြည့်တော့ လက်တောက်လောက်လေးရှိသေးတယ်၊ ငါ့ကိုများ စော်စော်ကားကားနဲ့ နင်တို့နှစ်ကောင် ဒီတောထဲမှာ လူမသိသူမသိဘဲဲ အစအနပျောက်သွားစေရမယ်ဟဲ့”
ဒီမိန်းမကြီးက ပြောလိုက်ပြီးတော့ ဟိုလင်းနို့လိုလူတွေကိုတစ်ချက်ကြည့်လိုက်တယ်၊ လင်းနို့ကြီးတွေက ကောင်လေးတွေအနားကို တဖြည်းဖြည်းတိုးကပ်လာကြတယ်၊ တောင်ပံတွေတဖတ်ဖတ်ခပ်ပြီးတော့ အစွယ်ကြီးတွေကလည်း ငေါထွက်နေတာ ကြောက်စရာကြီးပါဗျာ။ ကောင်လေးတွေကတော့ ဒီအကောင်ကြီးတွေကို တွေ့ပုံမရဘူးဗျ၊ လင်းနို့ကြီးတစ်ကောင်က သူ့လက်နဲ့ကောင်လေးတစ်ယောက်ရဲ့ခြေထောက်ကိုဖမ်းဆွဲလိုက်ပြီး လေပေါ်မြှောက်တင်လိုက်တယ်၊ နွားကျောင်းသားလေးက ဇောက်ထိုးကြီးဖြစ်နေတယ်၊ အောင်ဒွေးက သူ့သူငယ်ချင်းအဖြစ်ကိုကြည့်ပြီးတော့ တော်တော်ထိတ်လန့်သွားတယ်၊ နောက်တော့ ဒီမိန်းမကြီးကို လေးခွနဲ့ပစ်တော့တာပဲဗျာ၊ ဒီအချိန် လင်းနို့ကောင်တစ်ကောင်က မိန်းမကြီးအရှေ့ကိုပြေးတက်လာပြီးတော့ သူ့အတောင်ပံနဲ့ကာလိုက်တယ်ဆိုရင်ပဲ လောက်စာလုံးတွေက မိန်းမကြီးကိုမထိတော့ဘဲ အတောင်ပံကိုပဲထိပြီး တဖုတ်ဖုတ်နဲ့ပြုတ်ကျလာတယ်။
လက်တစ်ဆုပ်စာ လောက်စာလုံးတွေကုန်သွားတော့ အောင်ဒွေးတော်တော်ကြောက်သွားတယ်၊ ဒီအခါ လင်းနို့ကြီးတစ်ကောင်က အောင်ဒွေးရဲ့လည်ကုတ်ကို ကုတ်ချီပြီးတော့ မိုးပေါ်ပျံလိုက်တယ်၊ အောင်ဒွေးတစ်ယောက် သစ်ပင်ဖျားအမြင့်လောက်မှ တန်းလန်းကြီးဖြစ်နေပါရော။
“လုပ်ပါအုံး ကယ်ပါအုံး ကိုကြီးရင်မောင်”
ကျုပ်လည်း မထူးတော့တာနဲ့ ချုံပုတ်ထဲကနေပြေးထွက်လိုက်ပြီး
“ဟေ့ စုန်းမကြီး ခင်ဗျားဒီကလေးတွေကို ပြန်လွတ်ပေးလိုက်”
“လာပြန်ပြီလား နောက်တစ်ကောင်”
“သူများပစ္စည်းကို မသိအောင်ယူတာ ခိုးတာပဲ၊ ခင်ဗျားခိုးထားတဲ့နွားကို ပြန်လွတ်လိုက်၊ သူတို့ကိုလည်း ပြန်လွှတ်ပေးလိုက်နော်”
“အောင်မာ၊ နင်က ငါ့ကိုများဟောက်လား ဟန်းလားနဲ့နင်ဘာကောင်လဲ”
ဒီမိန်းမကြီးက မျက်စတစ်ချက်ပစ်လိုက်တော့ လင်းနို့ကြီးတစ်ကောင်က ကျုပ်အနားတက်လာတယ်၊ ကျုပ်လည်း လက်သီးကိုကျစ်နေအောင်ဆုပ်ထားပြီး လင်းနို့ကြီးအနားကပ်လာတာနဲ့ ဒီကောင့်မျက်ခွက်ကို ဖြတ်ထိုးပစ်ချလိုက်တယ်၊ လင်းနို့ကြီးရဲ့မျက်နှာကို လက်သီးက ခွပ်ခနဲထိပြီး လင်းနို့ကြီးက အနောက်ကိုလန်ကျသွားတယ်။
“သြော်၊ နင်က ငါ့တပည့်တွေကို မြင်ရတယ်ပေါ့”
“အကုန်မြင်ရတယ်၊ ခင်ဗျားကလေးတွေကို လွှတ်လိုက်လို့ပြောနေတယ်နော်”
“အေး၊ လွှတ်မှာပါဟ၊ နင်သေရင်လွှတ်မှာပါ၊ ကဲ တပည့်တို့၊ ဒီညတော့ အမဲသားကိုလည်းစားရမယ်၊ လူသားလည်းစားရမယ်ဟေ့”
လင်းနို့ကြီးတွေက ကျုပ်အနားကိုဝိုင်းလာကြတယ်၊ ကျုပ်လည်း လင်းနို့ကြီးတွေကို လက်သီးနဲ့ပစ်ပစ်ပြီး ထိုးထည့်နေမိတယ်၊ လင်းနို့တွေ လေးငါးဆယ်ကောင်လောက် ဝိုင်းလာတော့ ကျုပ်မနိုင်တော့ဘူးဗျာ၊ ဒီကောင်တွေက ကျုပ်လက်ကိုဖမ်းချုပ်ပြီးတော့ မိုးပေါ်ပျံလိုက်ကြတယ်၊ ကျုပ်လည်း လေထဲမှာ တန်းလန်းကြီးဖြစ်နေတယ်။ မိန်းမကြီးက ကျုပ်ကိုကြည့်ပြီးတော့ တဟားဟားနဲ့အော်ရင်း
“မင်းက မင်းကိုယ်မင်းဘာမှတ်နေသလဲကွ”
“ခင်ဗျားကျုပ်ကိုဒီလိုလုပ်တာ ခင်ဗျားသိပ်မှားသွားပြီနော်စုန်းမ၊ ကျုပ်ဘယ်သူလဲဆိုတာသိလား၊ ကျုပ်က ဘုရားပျံဦးအောင်ရှိန်ရဲ့တပည့် ဆရာလေးရင်မောင်ဆိုတာပဲ”
“အော်၊ လတ်စသတ်တော့ ဖုတ်ဆရာလေးဆိုတာနင်ကိုး”
“ဘာဖုတ်ဆရာလေးလဲဗျ”
“အရက်ချက်တဲ့ကောင်လေးကို နင်ကယ်လိုက်တယ်မဟုတ်လား၊ အဲဒီတုန်းက နင့်တစ်ကိုယ်လုံးဖုတ်တွေပေနေလို့ နင့်ကိုငါတို့စုန်းအသိုင်းအဝိုင်းက ဖုတ်ဆရာလေးလို့ ခေါ်ကြတယ်”
“ဖုတ်ဆရာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ဗျာ၊ ခင်ဗျားကျုပ်ကိုလုပ်နေတာကို ဆရာကြီးသိရင် ခင်ဗျားမလွယ်ဘူးမှတ်”
“ဟား၊ ဟား အခုရောနင့်ဆရာသိတယ်ထင်နေလို့လားဟဲ့”
ဒီစုန်းမကြီးက လင်းနို့ကောင်ကြီးတွေကိုကြည့်ရင်း
“ဒီဖုတ်ဆရာလေးကို ဖုတ်ကောင်ဖြစ်သွားအောင် ဘဝပြောင်းပေးလိုက်ကြစမ်းဟေ့”
ဒီအခါ လင်းနို့ကြီးတွေက ကျုပ်ကိုဝါးဆယ်ပြန်လောက်အထိ မိုးပေါ်ဆွဲတင်သွားကြတယ်၊ နောက်တော့ ကျုပ်ကိုလွှတ်ချလိုက်တာပါပဲဗျာ၊ လေပေါ်အမြင့်ကနေ ကျတော့ ဇောက်ထိုးကြီးပြုတ်ကျတာပေါ့ဗျာ၊ အောက်မှာလည်း ကျောက်တုံးတွေ ကျောက်ဖျာတွေနဲ့ဆိုတော့ ဒီအတိုင်းသာကျလို့ကတော့ ဇက်ကြိုးသေမှာအသေအချာပဲပေါ့၊ ကျုပ်လည်း ကြောက်ကြောက်နဲ့မျက်လုံးပဲမှိတ်ထားလိုက်တော့တယ်၊ လေပေါ်ကနေ တဝေါဝေါနဲ့ကျလာပြီးတော့ မာကြောတဲ့အရာနဲ့မထိဘဲ ဂွမ်းစိုင်လိုလို ပျော့ဖတ်ဖတ်အရာကြီးနဲ့ထိသွားတယ်ဗျ၊ ကျုပ်တစ်ကိုယ်လုံးလည်း ပေါ့ပါးသွားတာပဲ၊ ကျုပ်က အစကတော့ သေပြီးလို့ သရဲဖြစ်သွားပြီထင်တာ၊ မျက်လုံးဖွင့်ကြည့်တော့မှ ကျုပ်က လက်ဝါးကြီးတစ်ဖက်ပေါ်ရောက်နေတာဗျို့၊ လက်ဝါးကြီးကလည်း ပျော့ပျော့အိအိကြီးနဲ့ဗျာ။
သေချာကြည့်လိုက်တော့မှ ဦးအောင်ရှိန်ညွန်ပြတဲ့ သစ်ပင်က ပုဂ္ဂိုလ်ကြီးဖြစ်နေတာကိုတွေ့ရတယ်၊ သူ့လက်ကိုမြေပေါ်ချပေးလိုက်တော့ ကျုပ်လည်းသူ့အနောက်ကိုပြေးဝင်လိုက်ရတယ်။ စုန်းမကြီးက ဒီပုဂ္ဂိုလ်ကြီးကို လက်ညှိုးထိုးပြီး
“ဟဲ့ နင်ဘာဝင်ရှုပ်တာလဲ ကိုယ့်နေရာကိုယ်နေစမ်းပါ”
“ဒီကောင်လေးက ငါ့မိတ်ဆွေကြီးရဲ့တပည့်လေးပဲ၊ သူ့ကိုငါကယ်ရမယ်လေ”
“မဆိုင်တာတွေ ဝင်မပါစမ်းနဲ့ရုက္ခစိုး၊ နင့်သစ်ပင်နင်ပြန်တော့၊ မဟုတ်ရင် နင့်ကိုပါ နေစရာအိမ်ပျောက်သွားအောင် ငါလုပ်ထည့်လိုက်မယ်”
“နင်ချောက်တိုင်း ငါကကြောက်မယ်ထင်နေသလားဟ၊ ကလေးတွေကိုပြန်လွှတ်ပေးစမ်း”
ဒီမိန်းမကြီးက မတ်တပ်ရပ်ပြီးတော့ ခါးထောက်လိုက်တယ်
“နင်ငါ့အကြောင်းသိမယ် မောင်ရုက္ခစိုးရေ”
ဒီအခါ လင်းနို့ကြီးတွေက ရုက္ခစိုးကြီးကို ဝိုင်းပြီးကိုက်ဖဲ့ကြတယ်၊ ရုက္ခစိုးကလည်း သူ့လက်ကြီးတွေနဲ့ လင်းနို့လူသားတွေကို ရိုက်ချပြန်တယ်၊ လင်းနို့လူသားတွေကို ထိတဲ့အခါ ဟိုကောင်တွေက တရှဲရှဲနဲ့အော်ဟစ်ကြတယ်။ ဒါပေမယ့် ဒီကောင်တွေက လေးငါးဆယ်ကောင်လောက်ဖြစ်နေတော့ ရုက္ခစိုးလည်း အကုပ်ခံအဖဲ့ခံရတော့တယ်။
ဒီအချိန်မှာ ဟိတ်ခနဲအသံကြီးနဲ့ ဆရာဦးအောင်ရှိန်က ကျောက်တုံးကြီးတစ်တုံးအပေါ်မှာ ပေါ်လာခဲ့တယ်။ ကျုပ်ဖြင့် ဆရာကြီးရောက်တော့ စိတ်အားတက်သွားမိတယ်ဗျာ၊
“ဆရာကြီး ရုက္ခစိုးကြီးကို ကယ်ပါအုံးဗျာ”
“ဟဲ့စုန်းမ၊ နင့်ကိုငါစိတ်ရှိတိုင်းဆို အမှုန့်ကြိတ်ပစ်ချင်ပေမယ့် လုပ်ရိုးလုပ်စဉ်အရ နင့်ကိုအသိပေးရမယ်၊ နင်အခုလုပ်နေတာတွေကို ရပ်တန်းကရပ်ပြီးတော့ ငါ့ကိုတောင်းပန်ပြီး ဒီကနေထွက်သွားလိုက်၊ မဟုတ်ရင် နင့်ကိုငါဆုံးမရမယ်”
“အောင်မယ်၊ ဦးအောင်ရှိန် ဦးအောင်ရှိန်နဲ့ နာမည်ကြီးနေတာ နင်ကိုး၊ ငါက နင့်ကိုကြောက်မယ်များထင်နေသလား”
စုန်းမကြီးက ဦးအောင်ရှိန်ကိုလက်ညှိုးထိုးလိုက်တော့ လင်းနို့ကြီးတွေက ဦးအောင်ရှိန်ဆီကို ပျံလာကြသဗျာ၊ ဦးအောင်ရှိန်က လက်သန်းလုံးလောက်ရှိတဲ့ ဝါးဆစ်ကလေးတစ်ခုကို ကျုပ်ကိုလှမ်းပေးတယ်။
“အဲဒါကို မှုတ်စမ်းကွာရင်မောင်”
ကျုပ်လည်း ဝါးဆစ်လေးကို ပါးစပ်မှာတပ်လိုက်ပြီးတော့ လေနဲ့မှုတ်ထည့်လိုက်တယ်၊ ဒီအခါ တကျီကျီမြည်တဲ့အော်သံတွေ ဝါးဆစ်ပိုင်းထဲကနေထွက်လာတယ်ဗျ၊ ဘယ်လိုအသံလဲဆိုရင် ပုစဉ်းရင်ကွဲအော်သံံလို စူးစူးဝါးဝါး စူးစူးရှရှအော်သံတွေပဲ၊ ဒီအသံကိုကြားတဲ့အခါ လင်းနို့လူသားတွေက လေပေါ်မှာ ဟိုပျံဒီပျံနဲ့ ပျံကုန်ကြတယ်၊ တစ်ချို့အကောင်တွေလည်း တရှဲရှဲနဲ့အော်ပြီးတော့ တစ်ကောင်နဲ့တစ်ကောင် တိုက်မိကြကုန်တယ်၊ ကျုပ်ဆက်တိုက်မှုတ်နေလိုက်တာ လင်းနို့ကောင်တွေ ဒီအသံကိုမခံနိုင်တော့ဘဲ တစ်ခါတည်းပျံပြေးကြတော့တယ်၊ အောင်ဒွေးနဲ့ နွားကျောင်းသားလေးကို ချီထားတဲ့လင်းနို့တွေလည်း ကလေးနှစ်ယောက်ကိုလွှတ်ချပြီး ထွက်ပြေးတော့တယ်၊ ရုက္ခစိုးကြီးက သူ့လက်ဝါးကြီးနဲ့ ဖမ်းပေးလို့သာ တော်သေးတာပေါ့ဗျာ၊
စုန်းမကြီးကလည်း နားနှစ်ဖက်ကိုလက်နဲ့ပိတ်ထားပြီး မျက်နှာက ရှုံ့မဲ့နေတယ်။ နောက်တော့ ဦးအောင်ရှိန်ကိုတစ်ချက်ကြည့်ပြီး တောက်တစ်ချက်ခေါက်လို့ တောအုပ်တစ်ဖက်ကိုဝင်ပြေးပါရောဗျာ။
“ဆရာကြီး ဟိုမှာပြေးပြီ”
“လိုက်မနေပါနဲ့တော့ကွာ၊ ကိုယ့်ဥစ္စာကိုယ်ပြန်ရပြီပဲမဟုတ်လားကွ”
ဦးအောင်ရှိန်က အနားကသစ်ပင်တစ်ပင်က သစ်ရွက်ဖားဖားကြီးတစ်ရွက်ကိုခူးလိုက်ပြီးတော့
“စုန်းမက သူ့အောက်လက်ငယ်သားတွေကို အစာကျွေးဖို့ နွားကိုညှို့ပြီးခေါ်သွားတာပဲကွ ရင်မောင်ရ၊ ခုနက အကောင်တွေက သူ့ရဲ့အောက်လက်ငယ်သား အစေအပါးတွေပေါ့ကွာ၊ ရော့ ဒီသစ်ရွက်ကို ချေပြီး သစ်စိမ်းရည်ကို နွားနီမရဲ့ နှာခေါင်းတွေကိုပွတ်ပေးလိုက်၊ သူကောင်းသွားလိမ့်မယ်”
ကျုပ်လည်း သစ်ရွက်ကိုလက်ထဲချေပြီးတော့ နွားနီမရဲ့နှာခေါင်းထိပ်ကိုပွတ်ပေးလိုက်တယ်၊ သစ်ရွက်အရည်တွေကိုလည်း နှာခေါင်းထဲညှစ်ချပေးလိုက်တယ်၊ မကြာပါဘူး နွားနီမက မျက်တောင်တွေခတ်လာပြီးတော့ ကုန်းထလိုက်တယ်ဗျ၊ နောက်တော့ လဲကျနေတဲ့ နွှားကျောင်းသားလေးဆီပြေးပြီး မျက်နှာကိုလျှာနဲ့လျှက်ပေးနေတယ်၊ ကျုပ်လည်း နွားကျောင်းသားလေး နှစ်ယောက်က လေပေါ်ကကျပြီးတော့ မေ့နေတယ်ဗျာ၊ ကျုပ်လည်း လက်မှာကျန်နေတဲ့ သစ်ရွက်စိမ်းတွေကို နှာခေါင်းဝနားတေ့ပေးလိုက်တော့ ဒီကောင်တွေနိုးလာကြတော့တာပါပဲ။
“ဟာ ကိုကြီးရင်မောင်၊ ဘာဖြစ်သွားတာလဲ”
“မင်းနွားပြန်တွေ့ပြီကွ၊ လာ သွားကြစို့ဟေ့”
ကျုပ်လှည့်ကြည့်လိုက်တော့ ရုက္ခစိုးလည်းမရှိတော့ဘူး၊ ဆရာဦးအောင်ရှိန်ကိုလည်း အစအနတောင်မတွေ့ရတော့ဘူးဗျာ၊ နွားကျောင်းသားလေးတွေလည်း ငူငူငိုင်ငိုင်နဲ့ဖြစ်နေတယ်။
“ဒါနဲ့ ကိုကြီးရင်မောင် ဟိုမိန်းမကြီးရော”
“ပြေးပြီ၊ ငါသူ့ကိုဆော်မယ်လုပ်တော့ ပြေးတာပဲဟေ့”
“သူများနွားကို အချောင်လိုချင်တဲ့ မိန်းမကြီးပဲဗျာ”
“ကဲပါ ဒါတွေပြောမနေနဲ့ မီးခွက်သွားယူ၊ ငါတို့ရွာကိုပြန်ကြမယ်”
နွားနီမကိုဆွဲပြီး တောင်ကုန်းကလေးအပေါ်ကိုပြန်တက်လာခဲ့ကြတယ်၊ ဒီအခါ ခါးကုန်းကြီးနဲ့တွေ့ပြန်ရော
“မင်းတို့ကို မလိုက်သွားပါနဲ့လို့ ငါမပြောဘူးလားကွ၊ အခု အဲဒီစုန်းမဘာဖြစ်သွားပြီလဲ”
“ပြေးပြီဗျ၊ လစ်သွားပြီ”
ကျုပ်နဲ့နွားကျောင်းသားလေးတွေ တောစပ်ကိုဆင်းလာကြတယ်၊ ဒီအချိန်မှာပဲ ရွာသားတွေစုပေါင်းပြီး တောစပ်ကိုပြေးလာတာနဲ့တန်းတိုးတော့တာပဲ၊ ရွာသားတွေက ကျုပ်တို့ကိုဝန်းရံလိုက်ပြီးတော့
“မင်းတို့ဘယ်သွားနေကြတာလဲကွ”
“နွားပျောက်လို့ လိုက်ရှာနေကြတာပါ သူကြီး”
ဒီအခါ လူကြားထဲက နတ်ထိန်းမိန်းမလျာကပြေးထွက်လာတယ်။
“တွေ့လား ငါပြောသားပဲ၊ အရှင်ကြီး အရှင်လေးတွေ လမ်းညွှွှန်မှုနဲ့ နွားကိုပြန်တွေ့မှာပါလို့၊ နင်တို့ ငါ့ကိုနတ်ရေစင်ကြေး ကန်တော့ရမယ်”
ကြည့်ရတာ နွားပိုင်ရှင် အောင်ဒွေးတို့ကို နတ်ထိန်းက စည်းရုံးထားပုံပဲဗျ၊ ကျုပ်လည်း နတ်ထိန်းကိုအမြင်ကပ်တာနဲ့
“ဘာမှ နတ်ရေစင်ကြေးမလိုဘူး၊ ဟေ့ အောင်ဒွေး၊ မင်းတို့နွားကို ဘယ်သူရှာပေးခဲ့တာလဲဆိုတာ ပြောလိုက်ကြလေကွာ”
“ဟုတ်တယ်၊ နွားပျောက်တာကို ကိုကြီးရင်မောင်ရှာပေးခဲ့တာဗျ၊ ကျုပ်တို့တစ်နေ့လုံးရှာတာ မတွေ့ပေမယ့် ကိုကြီးရင်မောင်ရှာတော့ ချက်ချင်းကိုတွေ့တာပဲဗျာ”
နတ်ထိန်းက ကြောင်အမ်းအမ်းဖြစ်သွားပြီးတော့
“ငါက နွားပြန်တွေ့မယ်လို့ဟောထားတာလေ၊ ဘယ်သူရှာရှာ အခုနွားပြန်တွေ့ပြီပဲမဟုတ်လား”
သူကြီးက
“ကဲ ပြန်တွေ့တာ မတွေ့တာတွေနောက်မှထားကွာ၊ အခုတော့ ရွာပြန်ကြစို့၊ နောက်ဆို နွားပျောက်ရင် ကြိတ်မရှာနဲ့ကွ၊ မတော်လို့ နွားခိုးတဲ့အဖွဲ့တွေနဲ့တွေ့ရင် မင်းတို့တွေလက်စဖျောက်ခံရမှာ”
အောင်ဒွေးအဖေက ပြေးလာပြီး
“ဟုတ်တယ်သား၊ သားဘာဖြစ်လို့အဖေ့ကိုမပြောတာလဲ”
“သားနွားပျောက်တယ်လို့ပြောရင် အဖေကသားကို နင်းကန်ဆော်တော့မှာမဟုတ်လားအဖေရ”
“ကဲ တွေ့လား၊ မင်းဒီလိုလုပ်တော့ မင်းရဲ့သားက နွားပျောက်တာတောင်ကြိတ်ရှာနေတယ်မဟုတ်လားကွ”
“ကျုပ်မှားပါတယ်သူကြီးရာ၊ နောက်ဆို သားဘာဖြစ်ဖြစ် အဖေ့ကိုလာပြောရမယ်နော် ဟုတ်ပြီလား”
ကျုပ်တို့လူတစ်သိုက်ရွာထဲကိုဝင်လာခဲ့တော့တယ်၊ ကျုပ်အိမ်ပြန်ရောက်တော့ ဆရာဦးအောင်ရှိန်က ညပိုင်းဘုရားဝတ်ပြုဖို့ပြင်ဆင်နေပြီ၊ ကျုပ်တစ်ကိုယ်လုံးလည်း သဲတွေဖုန်တွေနဲ့ပေကျံနေတာပါပဲ၊ တောတိုးလာတာဆိုတော့ ဆံပင်တွေမှာလည်း သစ်ရွက်ခြောက်တွေ ကပ်နေသေးတယ်၊ ကျုပ်လည်း ဆရာကြီးအနားထိုင်လိုက်ပြီးတော့
“ဆရာကြီး၊ ကျွန်တော်သတိထားမိနေတာကြာပြီနော်၊ ဆရာကြီးက ဟိုနေရာမှာပေါ်လာလိုက်၊ ဒီနေရာမှာ ပျောက်သွားလိုက်နဲ့ဆိုတော့ ဆရာကြီးက စိတ်ထဲကသွားချင်တဲ့နေရာကို သွားနိုင်တဲ့အစွမ်းများရှိနေသလားပဲ”
“ငါက အဲဒီလောက်တော့မစွမ်းပါဘူးကွာ၊ ဒါပေမယ့် ပစ္စည်းကောင်းလေးတစ်ခုတော့ ရှိတယ်ကွ”
“ဘာပစ္စည်းလဲဆရာကြီးရာ”
“နောက်တော့ မင်းသိလာမှာပါရင်မောင်ရာ၊ ကဲ သွားသွား ရေချိုးမိုးချိုးအဝတ်အစားလဲလိုက်တော့ ငါလည်း ဘုရားဝတ်တက်လိုက်အုံးမယ်”
ကျုပ်ဖြင့်မတွေးတတ်အောင်ပါပဲဗျာ၊ ရေမိုးချိုးအဝတ်အစားလဲပြီးတော့ ထမင်းစားလိုက်တယ်၊ ညနေစာထမင်းချိန်လွတ်သွားပေမယ့် အမခင်ကြည်က ကျုပ်ကိုထမင်းဟင်းတွေချန်ထားပေးတယ်၊ အမခင်ကြည်ပြင်ပေးတဲ့ထမင်းဝိုင်းမှာ ထိုင်စားနေတုန်း ခြံထဲကိုလူတွေဝင်လာကြတာ မနည်းဘူးဗျို့။
“ဆရာလေးရင်မောင်၊ ကျုပ်တို့ကို ကူညီပါအုံး”
“ဟုတ်တယ်ဆရာလေး၊ ကျွန်မတို့ကို ကယ်ပါအုံး”
လူအယောက်နှစ်ဆယ်လောက်ဝိုင်းလာပြီးတော့ ကွပ်ပျစ်နားမှာ လာထိုင်ကြတယ်။
“ဘာဖြစ်ကြတာတုန်းဗျ”
“ကျွန်မလက်ကောက်တစ်ကွင်းပျောက်သွားတာ ခြောက်လကျော်နေပြီ ပြန်မတွေ့သေးလို့ပါ”
“ကျုပ်လည်း လက်စွပ်ကျပျောက်တာ တစ်ပတ်လောက်ရှိပြီ”
“ငါ့ထမီလည်း ဘယ်သူရုတ်သွားမှန်းမသိလို့ ကူညီပေးပါ ဆရာလေးရာ”
“ဟာဗျာ၊ ခင်ဗျားက ထမီပျောက်တာတောင် လာမေးနေရသလားဗျ”
“ထမီလည်းတန်ဖိုးရှိတာပါပဲ ကူညီပါ ဆရာလေးရာ”
“ကျုပ်က ပစ္စည်းပျောက်ရှာတဲ့လူမှမဟုတ်တာဗျ၊ ခင်ဗျားတို့ကို ဘယ်လိုလုပ်ပြီးကူညီနိုင်မှာလဲဗျာ”
“ဆရာလေးက အောင်ဒွေးတို့နွားပျောက်တာတောင် ရှာပေးနိုင်တယ်မဟုတ်လားဆရာလေးရ၊ လက်စွပ်တို့ လက်ကောက်တို့က ခြေထောက်ပါတာမှမဟုတ်တာပဲဆရာလေးရာ၊ ရှာပေးပါဗျ၊ ဆရာလေးကို ထိုက်ထိုက်တန်တန်ကန်တော့ပါ့မယ်”
ဒီအခါ ဆရာဦးအောင်ရှိန်က လှေကားထိပ်ကနေရပ်ကြည့်ရင်း တဟားဟားနဲ့ရယ်တယ်။
“ရင်မောင်ရေ ဆရာထက်တပည့်လက်စောင်းထက်ဆိုသလို မင်းက ငါ့ထက်တောင်မှ အခြွေအရံပရိသတ်တွေများနေပါလားကွ”
“ကျွန်တော့်ကိုမလှောင်ပါနဲ့ဆရာကြီးရာ”
“ရေဘိုးတော်ကြီးပြောတာမှန်တယ်ကွ၊ မကောင်းတဲ့ဧည့်သည်က တစ်ယောက်ထဲမှ မကတာ အများကြီးလာတာပဲကွ၊ ပစ္စည်းပျောက် ဥစ္စာပျောက်ဆိုတော့ အပူသည်တွေပေါ့ကွာ ဟား ဟား”
ဆရာဦးအောင်ရှိန်က ပြောဆိုပြီး အိမ်ပေါ်လှည့်တက်သွားတယ်။
“ဆရာကြီး ဒီလူတွေကို ကျွန်တော်ဘယ်လိုလုပ်ရမှာလဲဗျ”
“အိုကွာ၊ မင်းက နွားပျောက်တာတောင်ရှာပေးတတ်တာပဲ၊ ဒါလောက်တော့ ရှာပေးလိုက်ပေါ့ကွာ၊ ကုသိုလ်ရပါတယ်ကွ”
ဆရာကြီးကတော့ ကျုပ်ကိုဒီလူတွေနဲ့ထိုးထည့်ခဲ့ပြီဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ကွပ်ပျစ်ပေါ်ကနေခုန်ဆင်းပြီး ထပြေးရတော့တယ်။
“ဟော ဆရာလေးပြေးပြီဟေ့ လိုက်ကြ လိုက်ကြဟ”
ဟိုလူတွေက ကျုပ်အနောက်ကနေ တသီတတန်းကြီးလိုက်လာကြပါရောဗျာ၊ ဒီလူတွေလက်ထဲဖမ်းမိသွားရင်တော့ ကျုပ်ကိုဟိုလူကဝိုင်းဆွဲ ဒီလူကဝိုင်းဆွဲနဲ့ တစ်စစီဖြစ်သွားလောက်တယ်ဗျ၊ တွတ်ပီစကားငှားပြောရရင်တော့ ဒီနေ့ကံမကောင်းပါလားပေါ့ဗျာ။