အတွဲ(၂) စာစဉ်(၁၆)
(၁)
ဒီနေ့မနက်တော့ အမခင်ကြည်က ကျုပ်အနားကိုကပ်လာတယ်ဗျ၊ သူ့ပုံကြည့်ရတာ ခိုးကြောင်ခိုးဝှက်နည်းနည်းဆန်နေတယ်။ နောက်တော့အသံတိုးတိုးနဲ့
“ဟဲ့ ရင်မောင်၊ အဖေဘယ်မှာလဲ”
“ဆရာကြီးလား၊ ဘုရားရှိခိုးပြီး ပုတီးစိပ်နေတယ်ထင်ပါတယ်ဗျာ”
ကျုပ်က အော်ကျယ်အော်ကျယ်ပြောလိုက်တော့
“ဟဲ့ တိုးတိုးပြောစမ်းပါဟယ်၊ လာ ငါ့အနောက်လိုက်ခဲ့”
အမခင်ကြည်က အိမ်နောက်ဘက်ကိုဝင်သွားပါရောဗျာ၊ ဒါနဲ့ကျုပ်လည်း သူ့အနောက်လိုက်လာခဲ့ရတယ်၊ အမခင်ကြည်က မီးဖိုချောင်နားရောက်တော့ ထမီကြားလိပ်ထားတဲ့ ပိုက်ဆံတစ်ရွက်ထုတ်လိုက်ပြီး
“ရော့ ရင်မောင်၊ ရွာစွန်က အရီးအေးတို့အိမ်မှာ ကြက်တစ်ကောင်သွားဝယ်ချည်စမ်း”
“ဟာ၊ ဒါဆို ဒီနေ့တော့ ကြက်သားဟင်းစားရတော့မယ်ပေါ့”
“တိုးတိုးလုပ်စမ်းပါဟယ်၊ တစ်ခါလာလည်း ငါးခြောက်၊ ငါးပိကောင်နဲ့ ဒါပဲစားနေရတာ ငြီးငွေ့လာပြီ၊ ဒီနေ့တော့ ကြက်သားချက်စားမယ်ဟာ၊ ဒါနဲ့ နင်ကြက်သွားဝယ်တာ အဖေမသိစေနဲ့နော်”
“အမခင်ကြည်ရာ ကြက်သားဟင်းချက်တာတောင်မှ ခိုးကြောင်ခိုးဝှက်ချက်ရသလားဗျ”
“နင်ဘာသိလို့လဲ ရင်မောင်ရဲ့ ငါ့အဖေက မြင်သား၊ ကြားသားမစားဘူးဟဲ့၊ ဒါကြောင့် နင်ကြက်ဝယ်တာ အဖေလည်းမသိစေနဲ့ မြင်လည်းမမြင်စေနဲ့ဟုတ်ပြီလား”
အမခင်ကြည်မှာတော့ ကျုပ်လည်းခေါင်းညိတ်လိုက်ပြီး ပိုက်ဆံယူပြီးတော့ အိမ်ကနေထွက်လာခဲ့တယ်၊ ရွာထဲဖြတ်ရင်း ကျုပ်တို့အိမ်ရှေ့ရောက်တော့ အိမ်ကလေးကိုတစ်ချက်ငေးကြည့်လိုက်မိတယ်၊ အိမ်ရှင်မရှိတဲ့အိမ်ကလေးဟာ တိတ်ဆိတ်နေတာပဲဗျာ။ ကျုပ်ဖြင့်အိမ်ရှေ့ရောက်တော့မှ အမေ့ကိုသွားသတိရမိသား၊ နောက်မှ ကြက်ဝယ်ဖို့သတိရပြီးတော့ ဆက်လျှောက်လာခဲ့တယ်။
ကျုပ်တို့ရွာဘက်တွေမှာ အဲဒီတုန်းက အသားငါးက ရှားတယ်၊ ဝက်သားဆိုတာကလည်း မြို့တက်ဝယ်မှရတာ၊ ရွာတွေမှာ ဝက်မွေးတဲ့လူသိပ်မရှိဘူး၊ အမဲသားဆိုရင်လည်း ရွာနီးချုပ်စပ်က ပေါ်တော့မှ စားရတာ၊ ကြက်ဆိုရင်လည်း အိမ်မှာမွေးထားတဲ့ကြက်တွေများတယ်ဗျ၊ ဒီတော့ ကြက်သားစားချင်ရင် အိမ်မွေးကြက်ဝယ်မှရတာ။ အိမ်မှာကြက်မွေးထားတဲ့လူကတော့ ကိုယ့်ကြက်ကိုယ်ရိုက်သတ်စားကြတာပေါ့။
ဒီလိုနဲ့ရွာစွန်ကိုရောက်လာခဲ့တယ်၊ အရီးအေးဆိုတာ အဘွားကြီးတစ်ယောက်ပါဗျာ၊ သူတို့က ရွာနဲ့အတော်လှမ်းလှမ်း ရွာစွန်မှာနေတယ်၊ သူတို့ခြံကလည်း အကျယ်ကြီးဗျ၊ ခြံထဲတင် ထန်းတောကလေးတစ်ခုရှိတယ်၊ သီးပင်စားပင်တွေလည်းစိုက်ထားတယ်၊ ပြီးတော့ သူ့ဆီမှာ ကြက်တွေမွေးထားတာအများကြီးပဲဗျ၊ ခြံနဲ့ဘာနဲ့ကို ကျကျနနမွေးထားတာ၊ ရွာထဲ အလှူအတန်းကစလို့ ကျုပ်တို့လို တစ်နပ်တစ်လေစားချင်တဲ့လူအထိ အရီးအေးတို့ကြက်ခြံမှာ ကြက်သွားဝယ်ကြတယ်။
အရီးအေးက ဘာလို့ရွာပြင်ထွက်နေသလဲဆိုတာ ကြီးကြီးသန်းကို တစ်ခါမေးဖူးတယ်၊ ကြီးကြီးသန်းဖြေတာကတော့ အရီးအေးက ပညာသည်ဆိုပဲ၊ ပညာတော်တော်ထက်တယ်တဲ့၊ ဒါကြောင့် မကြောက်မရွံ့ရွာစွန်ခြံကျယ်ကြီးထဲမှာ တစ်ယောက်ထဲနေဝံ့တာပေါ့ဗျာ၊ သူ့မှာ သားတစ်ယောက်ရှိတယ်လို့တော့ပြောတယ်၊ ဒါပေမယ့် သူ့သားကိုကျုပ်တစ်ခါမှ မမြင်ဖူးဘူး။
ခြံရှေ့ရောက်တယ်ဆိုရင်ပဲ ခွေးကြီးနှစ်ကောင်က ပြေးထွက်လာပြီး ကျုပ်ကိုအော်ပါလေရောဗျာ၊ ကျုပ်လည်း ခြံတံခါးအရှေ့မှာတပ်ထားတဲ့ ကြိုးကလေးကိုလှမ်းဆွဲလိုက်ရတယ်၊ ဒီကြိုးကလေးကို နာနာဆွဲလိုက်ရင် အရီးအေးရဲ့အိမ်ထဲကနေ ဂလုပ်ဂလုပ်နဲ့အသံမြည်တယ်၊ အရီးအေးက နားလေးနေတော့ လူလာရင်သိရအောင်လို့ နို့ဆီဘူးခွံထဲ ကျောက်ခဲထည့်ပြီးတော့ ခြံစည်းရိုးမှာ ကြိုးနဲ့သွယ်ပေးထားတာဗျ၊ အဲဒီကြိုးဆွဲရင် အိမ်ထဲက နို့ဆီဘူးက လှုပ်ပြီးအသံမြည်တယ်၊ ကျုပ်တို့ခေတ်က သုံးတဲ့ လူခေါ်ခေါင်းလောင်းပေါ့ဗျာ။
တစ်ခါဆွဲတာတောင်အရီးအေးက ထွက်မလာသေးဘူးဗျ၊ ကျုပ်လည်း လေးငါးခါလောက် ခပ်ပြင်းပြင်းဆွဲပေးလိုက်ရတယ်၊ ဒီတော့မှ ဘွားတော်ကြီးက စောင်ပတ်ပြီးထွက်လာတယ်။
“ဟဲ့ ဘယ်သူလဲ ဘာကိစ္စလဲ”
ကျုပ်ကပြောမလို့ရှိသေးတယ် ဘွားတော်က ကျုပ်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး
“အော် ဖုတ်ဆရာလေးပါလား လာပါ ဝင်ပါ”
“ခွေးကြည့်ပေးအုံးနော် အရီး”
“ရပါတယ် ဟဲ့ ငဖြူ ငနက် နင်တို့အနောက်ဆုတ်ပေးလိုက်ကြ၊ ဆရာလေးကို မကိုက်နဲ့ဟဲ့”
ဘွားတော်က အော်လိုက်တဲ့အခါ ခွေးနှစ်ကောင်က အနောက်ကိုခြေသုံးလှမ်းဆီဆုတ်သွားကြတယ်၊ ဆုတ်သွားတာတောင်မှ ညီညီညာညာနဲ့တစ်ပြိုင်တည်းဆုတ်သွားတာဗျာ၊ မသိရင် ယိမ်းတိုက်ထားသလိုပဲ၊ ဒါပေမယ့် ကျုပ်ကိုတော့ ပေစောင်စောင်နဲ့ကြည့်နေကြတယ်၊ ပါးစပ်ကလည်း တဂီးဂီးနဲ့၊ ဘွားတော်က ခွေးတွေကိုကြည့်ပြီး
“ဟဲ့ နင်တို့စိတ်တွေလျှော့ထားစမ်းပါဟယ်၊ လာ ဆရာလေး အိမ်ထဲကိုကြွပါ”
“ဆရာလေးလို့မခေါ်ပါနဲ့ဗျာ၊ အခုလာတာကလည်း ကြက်တစ်ကောင်လောက်ဝယ်ချင်လို့ပါ”
“ကြက်ဖယူမလား ကြက်မယူမလား”
“ဘာကွာလဲဗျ”
“အော်၊ ကြက်ဖကျတော့ အသားမာပေမယ့် စားရတာလေးလေးပင်ပင်ရှိတယ်၊ အသားဆူတယ်၊ ကြက်မကတော့ နည်းနည်းပိန်တယ် ပျော့တယ်”
“အဆင်ပြေတာသာလုပ်ဗျာ ရော့ ဒီမှာ မခင်ကြည်က ပိုက်ဆံပေးလိုက်တယ်”
ဘွားတော်က ပိုက်ဆံကိုယူကြည့်ပြီးတော့ ရင်ဘတ်ထဲကိုထိုးထည့်လိုက်တယ်၊ ဘွားတော်က ထမီရင်လျားဝတ်ပြီး အပေါ်ကနေစောင်ကြီးပတ်ထားတာဗျ၊ အဝတ်အစားဝတ်မထားဘူး၊ နောက်တော့ ကျုပ်ကိုသူ့အိမ်ရှေ့က ဝါးကွပ်ပျစ်ကလေးမှာ ထိုင်ခိုင်းလိုက်ရင်း
“ကြက်က နင့်ဆရာကြီးရောစားမှာလား”
“အိုဗျာ တစ်အိမ်လုံးစားမှာပေါ့”
“အေးပါ၊ ဆရာကြီးစားမယ်ဆိုရင် ကောင်းတဲ့အကောင်လေး ရွေးသတ်ပေးပါ့မယ်”
ဘွားတော်က ခြံအနောက်ဘက်ကိုဝင်သွားတယ်ဗျ၊ ကျုပ်လည်းသူ့အနောက်လိုက်သွားချင်ပေမယ့် ဟိုခွေးနှစ်ကောင်က ကျုပ်အရှေ့မှာ ဝမ်းလျားမှောက်ထိုင်နေပြီးတော့ ကျုပ်ကိုဘုကြည့်ကြည့်နေတာနဲ့ ကျုပ်လည်း မထရဲဘူး၊ သူတို့ရုပ်တွေက ကျုပ်တစ်ချက်လှုပ်တာနဲ့ ကိုက်မယ်ဆိုတဲ့ရုပ်တွေဗျ။
ဒီအချိန် ခြံဝမှာ လူတစ်ယောက်လာရပ်တယ်၊ ယောက်ျားတစ်ယောက်ပဲဗျ၊ လူပုံကတော့ ခပ်ပုပုခပ်သေးသေးပဲ၊ အသားကလည်း မည်းလိုက်တာ မီးသွေးက အဖေခေါ်ရမယ့်ပုံပဲ၊ ပိန်ကလည်းပိန်သေးတယ်၊ သွားက အရှေ့ကိုခေါထွက်နေပြီးတော့ ဂုတ်ထောက်နေတဲ့ ဆံပင်ရှည်တွေကလည်း ဆီမထည့်နိုင်လို့ ဖွာလန်ကျဲနေတာပါပဲ၊ ဒီလူက ကျုပ်ကိုစိုက်ကြည့်ပြီး
“ဟေ့ကောင် ငါ့ကိုခြံတံခါးလာဖွင့်ပေးစမ်း”
ကျုပ်လည်း သူ့ကိုကြည့်ပြီး ခေါင်းခါပြလိုက်တယ်၊ ခြံတံခါးနဲ့ အိမ်နဲ့က ပေငါးဆယ်လောက်နီးနီးဝေးမယ်ထင်တယ်၊ ဒီလူက ဒေါသထွက်သွားပြီး
“ဟေ့ကောင် တံခါးလာဖွင့်ပေးလို့ပြောနေတယ်နော်”
“မဖွင့်ရဲဘူးဗျ”
“ဖွင့်ဆိုမှကွာ ပေကပ်ကပ်လုပ်မနေနဲ့၊ မင်းကဘာကောင်လဲ”
“အောင်မာ လူကိုများ အကောင်လေးဘာလေးနဲ့ ရိုင်းလိုက်တာ၊ ခင်ဗျားကရော ဘာကောင်ကြီးလဲ”
“ငါကွာ . . . စောစောစီးစီး လူသတ်မှုတော့ထပ်ဖြစ်တော့မယ်၊ အခုဒီကိုလာခဲ့စမ်း”
ကျုပ်က အစကထဖွင့်ပေးမလို့ဗျ၊ ဒါပေမယ့် ခွေးနှစ်ကောင်ရှိနေတာရယ်၊ ဒီလူ့ပုံက ထောင့်မကျိုးတာရယ်ကြောင့် ထဖွင့်မပေးတော့ဘူး။
“ခင်ဗျားမှာ ခြေတွေလက်တွေမပါဘူးလားဗျ၊ ကိုယ့််ဖာသာဖွင့်ဝင်ပေါ့”
ဒီအခါ ဟိုလူကလည်း စိတ်တိုသွားတယ်ထင်ပါတယ်ဗျာ၊ လူကိုအနောက်နည်းနည်းဆုတ်လိုက်ပြီး ခြံတံခါးကို ပုခုံးနဲ့ပြေးတိုက်ထည့်လိုက်တယ်၊ ဝါးချောင်းလေးတွေနဲ့လုပ်ထားတဲ့ ခြံတံခါးက ဝုန်းခနဲအသံမြည်ပြီးတော့ အချပ်လိုက်ကြီးပွင့်ထွက်သွားတယ်၊ ကျုပ်တောင်မှ တော်တော်လန့်သွားတယ်၊ ဒီလူက ခြေလှမ်းကျဲကြီးနဲ့ ကျုပ်ဆီကိုပြေးလာတယ်ဗျာ၊ ခွေးကြီးနှစ်ကောင်က သူ့ကိုလည်းမြင်ရော အမြှီးကုပ်ပြီးတော့ တစ်ခါတည်းအိမ်အောက်ကိုဝင်ပြေးကြတယ်၊ ကျုပ်လည်း ပြေးမလို့လုပ်နေတုန်း ဒီလူက ကျုပ်လက်ကိုဆွဲလိုက်တယ်၊ နောက်တော့ လက်တစ်ဖက်က ကျုပ်ဆံပင်တွေကို အုပ်ကိုင်ပြီးဆွဲထားတယ်။
“မင်းကိုယ်မင်း ဘာမှတ်နေသလဲဟေ့ကောင်၊ မင်းဒီအိမ်မှာဘာလာလုပ်နေတာလဲ”
လူက တကယ်ရိုက်မယ့်ရုပ်ဗျ၊ ကျုပ်လည်း တုန်တုန်ယင်ယင်ဖြစ်နေတယ်။
“ဟို . . ဟိုလေ ကျွန်တော်က ဒီအိမ်မှာကြက်လာဝယ်တာပါ”
ဒီအချိန် ဘွားတော်က ကြက်ဖကြီးတစ်ကောင်ကို ခြေထောက်ကနေဆွဲကိုင်လို့ ခြံအနောက်ကနေပြေးထွက်လာတယ်၊ ဘွားတော်က ဒီလူကိုမြင်တာနဲ့
“သားလေး၊ သားလေး ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ”
ဟိုလူကလည်း လှည့်ကြည့်ပြီးတော့
“အမေ . . . အမေ သားပြန်လာပြီလေအမေရဲ့”
သူတို့သားအမိနှစ်ယောက်က ရုပ်ရှင်ထဲကလို တစ်ယောက်နဲ့တစ်ယောက်ပြေးဖက်လိုက်ကြတယ်။ ကျုပ်လည်း ကြောင်တောင်တောင်နဲ့ကြည့်နေမိတယ်၊ ဘွားတော်က သူ့သားပုခုံးတွေကိုစမ်းကြည့်ပြီး
“သားရယ် ထောင်ထဲမှာ အနေဆင်းရဲအစားဆင်းရဲတယ်ထင်ပါရဲ့၊ လူက တော်တော်ပိန်ကျသွားလိုက်တာ”
“ဒါတွေပြောမနေပါနဲ့တော့ အမေရာ၊ သားအခုပြန်ရောက်လာပြီမဟုတ်လား”
သူတို့သားအမိက အပျော်လွန်ပြီး ကျုပ်ကိုတောင်မမြင်ဘူးဗျာ၊ ကျုပ်လည်း မြေပေါ်ကျနေတဲ့ ကြက်ဖကြီးကိုခြေထောက်ကနေဆွဲလိုက်တယ်၊ ကြက်ဖကြီးက ဆန့်ငင်ဆန့်ငင်ဖြစ်နေသေးသဗျာ။
ကြက်ကြီးကိုင်ပြီး ခြံထဲဝင်မယ်လုပ်တော့ ဆရာဦးအောင်ရှိန်လစ်မလစ်ကိုကြည့်လိုက်ရသေးတယ်၊ သူလစ်ပြီဆိုတော့မှ အိမ်နောက်ဖေးကိုတစ်ချိုးတည်းပြေးဝင်လာခဲ့တယ်၊ ကြက်ဖကြီးတွေ့တော့ အမခင်ကြည်မျက်နှာကြီး ပျော်သွားတယ်ဗျ။
“ဟဲ့ရင်မောင် နင်ရွေးတတ်လိုက်တာဟာ၊ ကြက်ကြီးက နည်းတာကြီးမဟုတ်ဘူးဟ”
အမခင်ကြည်က ကြက်ကြီးကိုရေနွေးဖျောပြီးတော့ တစ်ခါတည်းအမွှေးတွေနှုတ်နေပါရော၊ ကျုပ်လည်း သူလုပ်နေတာကို ဘေးကနေထိုင်ကြည့်ပြီး
“အမခင်ကြည်၊ အဲဒီ အရီးအေးဆိုတဲ့ဘွားတော်ကြီးမှာ သားတစ်ယောက်ရှိတယ်ဆိုဗျ”
“အေးလေ၊ သူ့သားက လူမိုက်ဟ၊ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က လူသတ်မှုနဲ့ထောင်ကျသွားတာတဲ့ နေပါအုံး နင်က ဒါကိုဘာဖြစ်လို့မေးတာလဲ”
“ခုမနက်ပဲ အဲဒီလူပြန်ရောက်လာတယ်ဗျ၊ ကျုပ်နဲ့တွေ့ခဲ့တယ်”
“ဘာ ငအေးပြန်ရောက်လာပြီဟုတ်လား”
“ဟုတ်ပါတယ်ဆိုဗျာ၊ ကျုပ်ကိုတောင် ထိုးမယ်ကြိတ်မယ်လုပ်သေးတယ်ဗျ”
“ဒုက္ခပါပဲ ငအေးပြန်ရောက်ရင် ရွာတော့ဆူတော့မှာပဲ”
“ဒီလူက တော်တော်ဆိုးလို့လားဗျ”
“ဆိုးတာပေါ့ဟာ၊ ကြက်တိုက်၊ အရက်သောက်၊ လူရိုက် ဒါပဲလုပ်တဲ့လူဟ၊ ဒီကြားထဲ အမဲပေါ်မယ် ဝက်ပေါ်မယ်ဆိုရင် သူပဲလုပ်ပေးကိုင်ပေးတာ၊ မိုက်ရိုင်းလိုက်တာကလည်း ပြောမနေပါနဲ့၊ ရွာမှာသူရှိတုန်းကဆိုရင် တစ်နေ့မှ အေးအေးနေရတယ်မရှိဘူး၊ တော်ကြာဘယ်သူနဲ့ရိုက်လို့၊ တော်ကြာဘယ်သူနဲ့ရန်ဖြစ်လို့ဆိုပြီး ပြဿနာတွေချည်းတက်နေတာ၊ နောက်ပြီးတော့ဘာတဲ့ သူ့ကိုယ်သူပြောလိုက်သေးတယ် သရဲပြေးဘအေးဆိုလားပဲ”
“သရဲပြေးဆိုတော့ သရဲလာရင်ထွက်ပြေးတာကိုပြောချင်တာလား”
“ဘယ်ကဟုတ်ရမှာလဲဟ၊ သူနဲ့သရဲတွေနဲ့ ဖက်ပြီးနပမ်းလုံးဖူးတယ်တဲ့၊ တို့ရွာအပြင် မြောက်ဘက်တာလမ်းမပေါ်က ရုံးပင်ကြီးကို နင်သိတယ်မဟုတ်လားရင်မောင်”
ကျုပ်ခေါင်းညိတ်ပြလိုက်တယ်။
“အဲဒီရုံးပင်ကြီးမှာ သရဲကြီးတစ်ကောင်နေတယ်ဆိုပဲ၊ သရဲကြီးက နှစ်ချို့သရဲကြီးဟ နှစ်တစ်ရာလောက်ရှိပြီတဲ့၊ တစ်ရက်တော့ အဲဒီငအေးက မိုးစိုရွာဘက်မှာ အမဲပေါ်ပေးပြီး ညကြီးမိုးချုပ် အမဲသားတွဲကြီးဆွဲပြီးပြန်လာတော့ အဲဒီရုံးပင်အောက်အရောက်မှာ နှစ်ချို့သရဲကြီးက ဆင်းလာပြီးတော့ သူ့ဆီက အမဲသားတွဲကိုလုပါရော၊ ငအေးကလည်း အမဲသားဆို အရမ်းကြိုက်တဲ့လူဆိုတော့ သရဲကြီးကိုမပေးဘူးဆိုပြီး လုံးကြထွေးကြနဲ့ဟ၊ သူပြောတော့ သူ့လက်ချက်မိပြီး သရဲကြီးက တစ်ချိုးတည်းလစ်ပြေးသွားတာပါပဲတဲ့”
“ဟုတ်ပါ့မလား မခင်ကြည်ရယ်၊ သရဲက လူကိုကြောက်ရတယ်လို့”
“တကယ်ပြောတာရင်မောင်ရ၊ အရင်တုန်းက အဲဒီရုန်းပင်ကြီးအောက်ကနေ ညဘက်ဖြတ်ဖို့မပြောနဲ့ ညနေ နေဝင်ရီတရောဖြတ်ရင်တောင်မှ အဲဒီသရဲကြီးက အကောင်ပြလိုက် အသံပေးလိုက်နဲ့ခြောက်တာတဲ့ ငအေးနဲ့လုံးပြီးကတည်းက ရုံးပင်ကြီးအောက်က ညကြီးသန်းခေါင်ဖြတ်လည်း ဘယ်သူမှဆင်းမခြောက်တော့ဘူးတဲ့”
“ဒါနဲ့ အရီးအေးက စုန်းမကြီးဆိုဗျ၊ အဲဒီငအေးက သူ့အမေဆီက ပညာတွေဘာတွေများ ရထားတာများလား”
“ဒီလိုပဲပြောကြတာပါဟယ်၊ စုန်းဟုတ်လား မဟုတ်လားတော့ ဘယ်သူမှ ကံသေကံမ မသိကြပါဘူး၊ စုန်းဆိုတော့ရော ဘာကြောက်စရာလဲဟဲ့၊ အဖေတစ်ယောက်လုံးရှိနေတာပဲ မဟုတ်ဘူးလား”
အမခင်ကြည်ပြောတာလဲ ဟုတ်တာပဲဗျာ။
(၂)
နေ့လည်ထမင်းစားချိန်ရောက်တော့ ထမင်းဝိုင်းဖွဲ့စားကြတယ်၊ ဆရာဦးအောင်ရှိန် က ထမင်းဝိုင်းကိုကြည့်လိုက်ပြီးတော့
“ဟာ၊ ဒီနေ့တော့ ကြက်သားဟင်းပါလားကွ”
“ဟုတ်တယ်ဆရာကြီးရေ ဒီတစ်ခါတော့ ငါးခြောက်နဲ့မညားတော့ဘူးပေါ့ဗျာ”
ကျုပ်ကပြောဆိုရင်း ဟင်းခွက်ထဲကနေကြက်သားတုံးတစ်တုံးကို ဆရာကြီးပန်းကန်ထဲကို ဦးချပေးလိုက်တယ်၊ ဆရာကြီးက ကြက်သားတုံးကိုဖဲ့ရင်း
“သမီးကြီး ဒီကြက်သားက ဘယ်လိုရလာတာလဲ”
မခင်ကြည်က ဘာမှမပြောဘဲ ထမင်းတစ်လုပ်ကိုပါးစပ်ထဲထိုးထည့်လိုက်တယ်၊ ဒီတော့ကျုပ်က
“ဘယ်လိုရလာမှာလဲဆရာကြီးရယ် ကျွန်တော်က အရီးအေးရဲ့ကြက်ခြံကိုသွားပြီးတော့ ကြက်သွားဝယ်တာပေါ့၊ ဆရာကြီးစားမယ်လို့လည်းပြောလိုက်ရော အရီးအေးက ကြက်ဖထွားထွားကြီးတစ်ကောင်ကို ရိုက်သတ်ပြီးရောင်းလိုက်တာပေါ့ဗျာ”
ကျုပ်ပြောတော့ ဆရာဦးအောင်ရှိန်က မျက်မှောင်ကြီးကြုတ်ပြီး
“ဟ၊ ငါစားဖို့ဆိုပြီးတော့များ ပြောရသေးသလားရင်မောင်ရာ၊ တော်ပြီ၊ ဒီကြက်သားဟင်း ငါမစားတော့ဘူး”
“ဆရာကြီးက မြင်သားကြားသားမစားဘူးဆိုဗျ၊ အခုဒီကြက်ကို မြင်လည်းမမြင်ဘူး ကြားလည်းမကြားဘူးမဟုတ်လား၊ စားစမ်းပါဆရာကြီးရာ”
“ဒါပေမယ့် မင်းက ငါစားဖို့ဆိုပြီး သတ်လာတာလေ ရင်မောင်ရ၊ ငါကတော့ မြင်သားကြားသားအပြင် ယုံမှားသံသယဖြစ်မယ့်အသားတောင် မစားဘူးကွ၊ အခုက ယုံမှားသံသယဖြစ်စရာတောင်မလိုဘူးကွ၊ တစ်ခါတည်း ဆရာကြီးစားဖို့ဆိုပြီး ရည်ရွယ်ထားပြီးသားမဟုတ်လား မစားဘူးကွာ”
ကျုပ်လည်းရယ်ကျဲကျဲလုပ်နေလိုက်တော့တယ်။ မစားရင်ငတ်ပေါ့ဗျာ၊ ကျုပ်တို့ကတော့ ကြက်သားဟင်းနဲ့မြိန်ရည်ရှက်ရည် စားကြတော့တာပေါ့၊ နှင်းကြည်ဆိုရင် ခေါင်းတောင်မဖော်အောင်စားတာ၊ ဘယ်လောက်စားကြသလဲဆိုရင် ကြက်တစ်ကောင်ချက်က တစ်မနက်တည်းနဲ့တင် ကိစ္စပြတ်တာပဲ။
မကြာဘူး၊ ခြံထဲကိုလူတစ်ယောက်ဝင်လာတယ်။ ဦးအောင်ရှိန်က ရေနွေးသောက်ရင်း မျက်ခုံးပင့်ကြည့််လိုက်တယ်
“လက်ပန်ရွာက ကာလသားမောင်အုပ်ပါလား ဘာကိစ္စရှိလို့လဲကွ”
“ဟိုလေ ကျွန်တော်တို့လက်ပန်ရွာမှာ အလှူကြီးရှိလို့ဆရာကြီးကိုလာဖိတ်တာပါ၊ ဒီနေ့ညအလှူဝင်မယ်ဆရာကြီး၊ မနက်ဖြန်အလှူနေ့ပေါ့”
“ဟ၊ ဘယ်သူ့အလှူလဲကွ”
“သူကြီးအလှူဗျ၊ တစ်ရွာလုံးကို မီးခိုးတိတ်ကျွေးမယ်ဗျာ၊ ရွာနီးချုပ်စပ်ကလူတွေလည်း ဖိတ်လိုက်ပါဆိုတာနဲ့ ဆရာကြီးကိုလာဖိတ်တာ”
“အေးကွာ၊ အလှူထမင်းမစားရတာကြာပြီဆိုတော့ စားရသေးတာပေါ့”
ကျုပ်လည်း ပျော်သွားတယ်။
“ဒါနဲ့အလှူမှာ ဘာကျွေးမှာလဲဗျ”
“ဝက်သားနီချက်ကျွေးမယ်ကွာ၊ ခုနကတင် ဝက်လေးကောင်ပေါ်ပစ်လိုက်တယ်၊ ဝက်သားမစားတဲ့လူကျတော့ ကြက်သားစားပေါ့ကွာ၊ ကြက်သားကို အာလူးရောချက်မယ်ကွာ၊ မလောက်မှာတော့ မပူနဲ့ငါ့ညီရေ၊ ကြက်ချည်း အကောင်ခြောက်ဆယ် ချက်ထားတယ်ကွ၊ မလောက်ရင်လည်း ထပ်ချက်တာပေါ့ကွာ”
“တော်စမ်းပါတော့ မောင်အုပ်ရာ၊ မင်းပြောတာကြားတော့မှ ငါတောင်တော်တော်လန့်သွားတယ်”
ကာလသားကိုအုပ်စကားကြားတော့ ဆရာဦးအောင်ရှိန်မျက်နှာကြီးက တော်တော်စိတ်ပျက်သွားတဲ့ပုံကြီးဗျ။ ကျုပ်ဖြင့်ရယ်ချင်လိုက်တာ ပြောမနေပါနဲ့ သူများအရှေ့ဆိုတော့ အောင့်ထားရတယ်၊
“ဒါနဲ့ဆရာကြီး၊ ဆရာကြီးဆက်ဆက်လာရမယ်နော်၊ သူကြီးက ဆရာကြီးကိုတော့ အရဖိတ်ခဲ့ပါလို့ပြောတယ်”
“အေးပါ၊ ငါလာခဲ့ပါ့မယ်”
“ဒီညလည်း ဆိုင်းသွင်းမယ်ဆရာကြီးရဲ့၊ ဆိုင်းက အခုတလောနာမည်ကြီးနေတဲ့ ဟံသာဝတီမောင်မောင်ကိုင်ဆိုတာလေ၊ အငြိမ့်မင်းသမီးက မယ်ယဉ်ကျေး၊ အငြိမ့်ကတော့ ကိုဗျားတို့အငြိမ့်ပေါ့”
ဆိုင်းဆိုတဲ့အသံကြားလို့ ကျုပ်လည်း မျက်လုံးပြူးသွားတယ်၊ ဆရာကြီးဦးအောင်ရှိန်ကြည့်ရတာလည်း တော်တော်အားတက်သွားတဲ့ပုံပဲဗျ၊ ဆရာဦးအောင်ရှိန်က ဘာကြောင့်လဲတော့မသိဘူး ဆိုင်းတို့ဇာတ်တို့တော့ သိပ်ကြိုက်တာဗျ။
“ဟေ ဒါဆိုလာမယ် ငါလိုက်ခဲ့မယ်ကွ”
ဒီအခါ မခင်ကြည်တို့ ညီအမကလည်း
“အဖေ သမီးတို့လည်းလိုက်ခဲ့မယ်”
“ဟင် နင်တို့က ဘာလိုက်လုပ်မှာလဲဟ”
“အငြိမ့်ဆိုတော့ သမီးတို့လည်းကြည့်ချင်လို့ပါ အဖေရယ်”
“ဟုတ်သားပဲ ဆရာကြီးရယ် လက်ပန်ရွာနဲ့ မြင်းဇာရွာက သိပ်ဝေးတာမှမဟုတ်တာဘဲ၊ မနက်ဖြန်အလှူမှာ စားသောက်ပြီးတော့မှ ပြန်ပေါ့ဗျ”
ကိုအုပ်ကပြောလိုက်တယ်၊ ဒါနဲ့ နောက်ဆုံး ဆရာဦးအောင်ရှိန်လည်း ခေါင်းညိတ်လိုက်ရတော့တယ်။
“ဒါဆိုငါ မောင်အုပ်နဲ့လမ်းလျှောက်ပြီးလိုက်သွားတော့မယ်၊ ရင်မောင် မင်းက မင်းအမတွေနဲ့အနောက်ကလိုက်ခဲ့ပေါ့”
ရွာထဲကလှည်းတစ်စင်းကိုငှားပြီး ကျုပ်တို့သွားဖို့လာဖို့ ပြင်ကြတာပေါ့၊ ကျုပ်တို့က ယောက်ျားတွေဆိုတော့ အဝတ်အစားလဲလိုက်ရင်ပြီးပြီ၊ မခင်ကြည်တို့က မိန်းကလေးတွေဆိုတော့ဖြီးလိမ်းကြ ပြင်ဆင်ကြနဲ့ ရွာကထွက်တော့ နေဝင်ရီတရောတောင် ဖြစ်နေပြီဗျ၊ မခင်ကြည်တို့ကလည်း အလှူသွားတာဆိုတော့ အကောင်းဆုံးအဝတ်အစားတွေထုတ်ဝတ်တဲ့အပြင် ရွှေတွေပါ အကုန်ထုတ်ဝတ်လာကြတယ်။
ညနေစောင်းပြီဆိုတော့ တာလမ်းမပေါ်မှာ လူတွေမရှိတော့ဘူး ကျုပ်တို့လှည်းတစ်စီးပဲ တကျွီကျွီနဲ့မောင်းလာခဲ့တယ်၊ ရွာအထွက်ခပ်လှမ်းလှမ်းရောက်တော့ လူတစ်ယောက်က လှည်းရှေ့မှာပိတ်ရပ်နေတယ်။ လှည်းမောင်းတဲ့လူက
“ဟေ့ကောင် လှည်းရှေ့မှာ ဘာရပ်လုပ်နေတာလဲ၊ သေချင်လို့လား ဖယ်စမ်းကွာ”
ဒီလူလှမ်းအော်ပေမယ့် လှည်းရှေ့ရပ်နေတဲ့လူက ကျုုပ်တို့ကိုသေချာမော့ကြည့်တယ်။
“ဟင် ငအေးပါလား”
“ခင်ဗျားကျုပ်ကိုမှတ်မိသားပဲ ကိုဖေသိန်းရ”
“တို့လှည်းပေါ်မှာ မိန်းကလေးတွေပါလာပါတယ် ငအေးရာ၊ မိုက်မိုက်ကန်းကန်းတွေမလုပ်စမ်းပါနဲ့ ငါတို့ကိုလမ်းဖယ်ပေးပါကွာ”
ငအေးက လှည်းပေါ်ကမခင်ကြည်တို့ကို စူးစူးရဲရဲကြည့်တယ်။
“ကျုပ် ဘာမှမလုပ်ပါဘူးဗျာ၊ လက်ပန်ရွာသွားဖို့ လှည်းကြုံစောင့်နေတာပါ၊ ကျုပ်ခင်ဗျားတို့နဲ့လိုက်ခဲ့မယ်”
“လက်ပန်ရွာက သိပ်ဝေးတာမဟုတ်ပါဘူးကွာ၊ ယောက်ျားခြေလှမ်းနဲ့ဆို အလွန်ဆုံးသွားရ ဆယ့်ငါးမိနစ်ပေါ့ကွ၊ ပြဿနာမရှာပါနဲ့ငအေးရာ ငါတို့ကိုဖယ်ပေးပါနော်”
“မဖယ်ဘူးဗျာ၊ ကျုပ်ကိုမခေါ်ဘူးဆိုရင် ခင်ဗျားတို့လည်း ဒီကသွားရမယ် မကြံနဲ့၊ မြင်းဇာရွာက ငအေးဆိုတာ ခင်ဗျားကြားဖူးတယ်မဟုတ်လား”
မြင်းလှည်းမောင်းတဲ့ ကိုဖေသိန်းက ငအေးကိုကြောက်နေတဲ့ပုံပဲဗျ၊ ဒါနဲ့ဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြည့်နဲ့ ကျုပ်တို့ကိုလှည့်ကြည့်တယ်၊ ကျုပ်လည်း မဆုံးဖြတ်တတ်လို့ အမခင်ကြည်ကိုပဲ ကြည့်လိုက်တာပေါ့။
“ကဲပါ လိုက်ချင်တယ်ဆိုရင်လည်း လိုက်လာခဲ့၊ ရင်မောင် နင်ဟိုဘက်နည်းနည်းတိုးပေးလိုက်”
မခင်ကြည်က စကားနဲရန်စဲလုပ်ချင်တဲ့သဘောပါပဲ၊ ငအေးကိုမခေါ်ရင် ငအေးက ပြဿနာရှာမယ်ဆိုတော့ နောက်ဆုံး ငအေးကိုလှည်းပေါ်တင်ခေါ်လာခဲ့ရတယ်၊ လှည်းအနောက်ဘက်မှာ မခင်ကြည်နဲ့နှင်းကြည်တို့က တစ်ဖက်ခြမ်းမှာထိုင်စီးပြီးတော့ ငအေးနဲဲ့ကျုပ်နဲ့က ဒီဘက်ခြမ်းမှာ ထိုင်စီးရတယ်၊ ငအေးက မခင်ကြည်ကို တော်တော်စိုက်ကြည့်တာဗျ၊ မျက်လုံးကြီးနှစ်လုံး ကျွတ်ကျမတတ်ကိုကြည့်တာ၊ မခင်ကြည်က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့ထားရတယ်။
ကျုပ်လည်း ငအေးကိုအမြင်ကပ်လာတာနဲ့
“ဟာ ဟိုမှာ မီးဗျို့ မီး . . မီး”
ကျုပ်ထအော်လိုက်တော့ ငအေးတစ်ယောက်လန့်ဖျပ်သွားတယ်။
“ဟာ ဘယ်မှာလဲကွ”
“ခင်ဗျားနှာခေါင်းမှာ မီးတောက်နေတာ ကိုအေးရ”
ငအေးက သူ့နှာခေါင်းကို ကိုင်ကြည့်လိုက်သေးတယ်၊
“မလောင်ပါဘူး ငါ့ကောင်ရ”
ကျုပ်တို့လည်း ငအေးကိုကြည့်ပြီး တဟားဟားနဲ့ရယ်တော့တာပေါ့ဗျာ၊ ဒီတော့မှ ငအေးက နည်းနည်းသဘောပေါက်သွားတယ်။
“ခွေးသားလေး၊ ငါ့ကိုလာပြီး စလားနောက်လားနဲ့”
ငအေးက ကျုပ်ကျောကုန်းကို လက်နဲ့ဘုန်းခနဲထုလိုက်တယ်၊ သူက ခပ်သာသာထုပေမယ့် ခံရတဲ့ကျုပ်က မစားသာဘူးဗျာ၊ ကျောကိုအောင့်သွားတာပဲ၊ မခင်ကြည်တို့ကလည်း တခစ်ခစ်နဲ့ရယ်ကြတယ်၊ ငအေးက ကျုပ်ကိုဆော်ချင်ပေမယ့် မခင်ကြည်တို့အရှေ့မို့လို့ မဆော်တဲ့ပုံပဲ၊ ဒီလိုနဲ့ မကြာခင် ရုံးပင်ကြီးအောက်ကိုရောက်လာတယ်၊ မိုးကလည်း အတော်မှောင်နေပြီပေါ့ဗျာ၊ ညီအကိုမသိတသိဆိုတာ ဒီလိုအချိန်ဖြစ်မှာဗျ၊ ပတ်ဝန်းကျင်ကို ခပ်ရေးရေးလေးပဲမြင်ရတော့တာ။
နှင်းကြည်က ရုံးပင်ကြီးကိုကြည့်ပြီးတော့
“ဦးဖေသိန်း ရုံးပင်အောက်ရောက်ရင် မြန်မြန်မောင်းနော်၊ အဲဒီရုန်းပင်မှာ သရဲကြီးရှိတယ်ဆိုပဲ”
ကိုဖေသိန်းကလည်း နွားတွေကိုကြိမ်နဲ့တို့လိုက်တယ်၊ ရုံးပင်ကြီးက လူကြီးတစ်ဖက်စာလောက်ရှိပြီးတော့ လမ်းပေါ်ကိုကိုင်းကျပြီး အုပ်မိုးနေတယ်၊ ဒီအခါ ငအေးက သူ့ရင်ဘတ်ကိုသူပုတ်လိုက်ပြီးတော့
“ဘာမှကြောက်မနေပါနဲ့ ညီမတို့ရာ အကိုတစ်ယောက်လုံးရှိပါတယ်၊ ဒီရုံးပင်က သရဲကြီးဆိုတာ အကိုနဲ့နပမ်းလုံးလိုက်လို့ ထွက်ပြေးသွားတာ ကြာလှပေါ့”
“အဲဒါတကယ်ပြောတာလား ကိုအေး”
“လူတွေက မဟုတ်ဘဲနဲ့ပြောကြမလားကွ ကောင်လေးရ၊ ဒီကောင်က ငါ့အမဲသားကိုဆင်းလုတော့ ငါလည်း ဒီကောင့်ကိုမှတ်လောက်သားလောက်အောင် ဗြင်းထည့်ပေးလိုက်တာ ဒီကောင်ကြီးပြေးတာပဲဟေ့”
မကြာခင် ရုံးပင်အောက်ကနေ လှည်းကိုဖြတ်လာခဲ့လိုက်တယ်၊ ငအေးက ဘာစိတ်ကူးပေါက်တယ်မသိဘူး ရုံးပင်ကြီးကိုတစ်ချက်မော့ကြည့်ပြီးတော့
“ဟေ့ကောင်သရဲ၊ သတ္တိရှိရင်ဆင်းလာခဲ့၊ သရဲပြေးငအေးအကြောင်းကို မင်းသိတယ်မဟုတ်လား”
သူကစိန်ခေါ်သလိုလို ခနဲ့သလိုလိုမျိုးပြောလိုက်တယ်ဗျ၊ ဒီအချိန် လေတွေတဝုန်းဝုန်းတိုက်ပြီး ရုံးပင်ကြီးက တဖြန်းဖြန်းနဲ့လှုပ်လာပါရောဗျာ၊ နှင်းကြည်ဆိုရင် ကြောက်လို့ သူ့အမကိုဖက်လိုက်တယ်။
“ဟား ဟား အဲဒါသရဲ့က ငါ့ကိုကြောက်လို့ ဖင်တုန်နေတာပါကွ”
ဒီအချိန်သစ်ပင်ပေါ်က သစ်ကိုင်းတစ်ခုကျိုးကျလာသလို တဖြန်းဖြန်းနဲ့မြည်လာပြီးတော့ လှည်းပေါ်ကို ဘုတ်ခနဲတစ်ခုခုကပြုတ်ကျတယ်၊ ကျတဲ့နေရာက ကျုပ်အရှေ့ကိုကျတာဗျ၊ အမှောင်ထဲဆိုတော့ ဘာကောင်မှန်းတော့မသိဘူးဗျို့၊ ရိပ်ခနဲပဲမြင်လိုက်ရတယ်။ အဲ့ကောင်က ကျုပ်ဘေးမှာထိုင်နေတဲ့ ငအေးအပေါ်ကို ပြေးခုန်တက်လိုက်တာပဲဗျာ၊ သူတက်လိုက်ပြီးမကြာဘူး ငအေးတစ်ယောက် အရှေကိုခေါင်းငိုက်စိုက်ကျပြီးတော့ လှည်းပေါ်မှာတွန့်လိမ်ရင်း ပါးစပ်ကလည်း တခွိခွိ တဂစ်ဂစ်နဲ့ဖြစ်နေပါရောဗျာ၊ နှင်းကြည်ဆို အသံကုန်ဟစ်အော်တယ်။ မခင်ကြည်ကလည်း လန့်နေတယ်ဗျ။ ကိုဖေသိန်းက လှည့်ကြည့်ပြီး
“ဟ ငအေးဘာဖြစ်တာလဲ၊ ဝက်ရူးပြန်တာလား”
“ဘယ်ကဝက်ရူးပြန်ရမှာလဲဗျ၊ သူ့ကိုသရဲဝင်ပူးတာဖြစ်မယ်ဗျ”
“ဟုတ်မယ်ကွ၊ ဒီကောင်သစ်ပင်အောက်ကနေဖြတ်တုန်း ပါးစပ်သယမ်းလိုက်တာကိုး”
အမခင်ကြည်က ကျုပ်ကိုကြည့်ပြီး
“ဟဲ့ရင်မောင် နင်တစ်ခုခုလုပ်အုံးလေဟာ”
ကျုပ်လည်း တတ်သလောက်တော့ ကုကြည့်တယ်၊ ဒါပေမယ့် မရဘူးဗျ။
“ကျုပ်လည်း မကုတတ်တော့ဘူးအမခင်ကြည်ရာ၊ ဆရာဦးအောင်ရှိန်ရှိတဲ့ လက်ပန်ရွာကိုသာ အမြန်မောင်းပေတော့ဗျို့”
ကိုဖေသိန်းကလည်း လှည်းကိုအသော့နှင်လိုက်တယ်၊ ဆယ်မိနစ်လောက်ကြာတော့ လက်ပန်ရွာကိုရောက်ပါရော၊ လက်ပန်ရွာထိပ်နားမှာ မဏ္ဍာပ်ကြီးဆောက်ထားတာ ဟီးနေတာပါပဲဗျာ၊ လူတွေလည်းစုံနေကြပြီ ဆိုင်းဆရာတောင်မှ ပတ်လံုံးစမ်းရင်း တထိန်ထိန်နဲ့တီးနေပြီဗျ။
“ဆရာကြီးရေ လုပ်ပါအုံး၊ ဒီမှာ ငအေးကိုကယ်ပါအုံး”
ကျုပ်တို့လှည်းက မဏ္ဍာပ်ရှေ့ကိုတစ်ခါတည်းထိုးရပ်လိုက်တယ်၊ မဏ္ဍာပ်ထဲက လူတွေအကုန် လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်၊ ကျုပ်တို့ကိုမြင်တော့ ဆရာဦးအောင်ရှိန်က ပြေးထွက်လာတယ်။
“ဟေ့ရင်မောင် ဘာတွေဖြစ်လာတာလဲကွ”
ကျုပ်နဲ့ကိုဖေသိန်းက ငအေးကိုလှည်းပေါ်ကတွဲချလိုက်တော့ ငအေးတစ်ကိုယ်လုံးက ပျော့ပြောင်းနေပြီး ထွန့်ထွန့်ကိုလူးနေပါရောဗျာ၊ ခြေတွေလက်တွေကလည်း လိမ်ကောက်ပြီးတော့ မြေကြီးမှာလူးနေတယ်၊ မသိရင် ဘောလုံးကြီးတစ်လုံး လိမ့်နေတာနဲ့တူတယ်ဗျ။
“ဒီလိုပါဆရာကြီး၊ ကိုအေးက ရုံးပင်ကြီးအောက်ကနေဖြတ်တဲ့အချိန် ရုံးပင်ပေါ်ကသရဲကြီးကိုသွားစိန်ခေါ်ပါတယ်၊ အဲဒီအချိန်သစ်ပင်ပေါ်ကနေ ဘုတ်ခနဲအလုံးကြီးတစ်လုံးကျလာပြီးတော့ အကောင်မည်းမည်းကြီးတစ်ကောင်က ကိုအေးကိုခုန်အုပ်တော့တာပါပဲ”
ကျုပ်ပြောလိုက်တော့ လှည်းသမားကိုဖေသိန်းရော မခင်ကြည်ရော ကျုပ်ကိုတအံ့တသြနဲ့ကြည့်နေကြတယ်။
“ဟဲ့ ရင်မောင်၊ ငါတို့တော့ ဘာမှမမြင်လိုက်ပါဘူး”
“သစ်ပင်တွေတဖြန်းဖြန်းလှုပ်ပြီး သရဲကြီးကျလာတာလေဗျာ”
ကျုပ်အထင်တော့ ကျုပ်တစ်ယောက်တည်းမြင်လိုက်ပုံရတယ်ဗျ၊ ဆရာဦးအောင်ရှိန်က ငအေးဆီသွားပြီးတော့ လည်ပင်းကိုလက်နဲ့အုပ်ကိုင်လိုက်တယ်ဆိုရင်ပဲ ငအေးတစ်ယောက် မှောက်ခုံကြီးလဲကျသွားတယ်။
“မင်းဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုဒီလိုလုပ်တာလဲ”
ငအေးက ခေါင်းငိုက်စိုက်ရင်း တဟီးဟီးနဲ့ ရယ်တာမှန်းမသိ ငိုတာမှန်းမသိတဲ့အသံကြီးထွက်လာတယ်။
“ပြောလေကွ”
“ဒီကောင်က ကျုပ်ကိုတစ်ခါနိုင်ခဲ့ဖူးတယ်၊ အဲဒီတုန်းက ဒီကောင်က ကံမြင့်နေလို့ ကျုပ်မနိုင်လိုက်တာ၊ ဒီတစ်ခါတော့ ဒီကောင်ကံနိမ့်နေပြီ၊ ဒီကောင့်ကို ကျုပ်သတ်ပစ်မယ်”
“ဟေ့သရဲ၊ မဟုတ်တာတွေ လျှောက်မလုပ်နဲ့နော်”
“ကျုပ်ကိုနိုင်ခဲ့တဲ့လူကို ပြန်လက်စားချေတာ မဟုတ်တာလားဆရာကြီး”
“လုပ်တော့လုပ်သင့်တာပေါ့ကွ၊ ဒါပေမယ့် သူကမင်းကိုသတ်ခဲ့တာမှမဟုတ်ဘဲ၊ မင်းကသူ့ကိုသတ်မယ်ဆိုတာကတော့ နည်းနည်းလွန်တာပေါ့”
“သူက မသတ်ခဲ့ဘူးဆိုပေမယ့် ကျုပ်သူ့ကိုရှုံးတဲ့အကြောင်းကို လူတွေအကုန်လုံးကိုပြောတယ်ဗျာ၊ သူ့ကြောင့် ကျုပ်သိက္ခာကျရတယ်ဆရာကြီးရ၊ လူတွေကလည်း ကျုပ်ကိုမလေးစားတော့တဲ့အပြင် သရဲသဘက်တွေကြားထဲမှာလည်း ကျုပ်မျက်နှာငယ်ရတယ်၊ ကျုပ်ကတော့ သူ့ကိုသတ်ရမှ ကျေနပ်နိုင်မယ်ဆရာကြီး”
“မင်းသူ့ကိုသတ်လိုက်တော့ ဘာရမှာမို့လို့လဲကွ၊ ဒီလိုလုပ်ကွာ သူ့ကိုတောင်းပန်ခိုင်းလိုက်မယ်၊ ငှက်ပျောပွဲအုန်းပွဲထိုးပြီးတော့ တောင်းပန်ခိုင်းလိုက်မယ်ကွာ၊ မင်းကျေနပ်တော့နော်”
“မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး”
ငအေးက တဝုန်းဝုန်းနဲ့ရုန်းပါလေရောဗျာ၊ ဒါနဲ့ ဦးအောင်ရှိန်က မျက်မှောင်ကြုတ်လိုက်ပြီးတော့
“ဟေ့ မောင်သရဲ၊ ငါ့တောင်ဝှေးနဲ့သပ်ချလိုက်ရင် မင်းအထိနာမှာသိတယ်မဟုတ်လား”
ငအေးက တောင်ဝှေးဖြူဖြူကိုကြည့်ရင်း
“သိ . . သိပါတယ်”
“ငါက မင်းကိုမနိပ်စက်ချင်လို့ အကောင်းပြောနေတာကို ငါ့ကိုလာပြီး သရဲပါးမဝနဲ့”
“ဟုတ် . . ဟုတ်ကဲ့ပါဆရာကြီးရယ်”
“ဒီကောင်သတိရသွားရင် ဒီအကြောင်းတွေပြောပြလိုက်မယ်၊ နောက်လေးငါးရက်ကြာရင် မင်းကိုလာပြီးတောင်းပန်ခိုင်းလိုက်မယ် ဟုတ်ပြီလား”
“သူလာပြီး မတောင်းပန်ရင်ရော ဆရာကြီး”
“ဒါဆိုရင်တော့ မင်းသူ့ကို လုပ်ချင်ရာသာလုပ်တော့ကွာ၊ ဒါ ငါနဲ့မဆိုင်တော့ဘူး”
ငအေးက ခေါင်းညိတ်တယ်ဗျ၊ ခေါင်းညိတ်တာမှ သုံးလေးခါလောက်ညိတ်တာ ပြီးတာနဲ့ မြေပြင်ပေါ်ကိုဝမ်းလျားမှောက်ပြီးလဲကျသွားပါရော၊ ဖုန်တွေပေနေတဲ့ ငအေးကို ကျုပ်တို့က ဖုန်တွေသုတ်ပေးပြီး မဏ္ဍာပ်ထောင့်တစ်နေရာမှာ မှီထိုင်ထားခိုင်းလိုက်တယ်၊ ဦးအောင်ရှိန်က ရေတစ်ခွက်ယူလိုက်ပြီးတော့ ငအေးရဲ့မျက်နှာကို ဖြန်းခနဲပက်လိုက်တော့ ငအေးတစ်ယောက် ဝူးဝူးဝါးဝါးဖြစ်ပြီး နိုးလာတော့တာပဲ၊ ပြီးတော့ ကျုပ်ကိုကြည့်ပြီး
“ငါဘာဖြစ်နေတာလဲ၊ ငါဘာဖြစ်သွားတာလဲ”
“မင်းဘာဖြစ်လဲဆိုတာ မင်းပဲသိမှာပေါ့ ငအေးရဲ့”
ဦးအောင်ရှိန်ပြောတော့ ငအေးက တစ်ချက်စဉ်းစားလိုက်ရင်း
“ဟုတ်ပြီ၊ ကျုပ်နောက်ဆုံးမှတ်မိတာကတော့ ရုံးပင်ကြီးအောက်က ဖြတ်တဲ့အချိန်ပဲဗျ၊ ရုံးပင်အောက်ကို လှည်းရောက်တဲ့အချိန်မှာ လမ်းပေါ်ကိုင်းကျနေတဲ့ သစ်ကိုင်းကြီးအပေါ်မှာ လူကြီးတစ်ယောက်ကိုတွေ့လိုက်ရတာပဲဗျို့၊ ဒါနဲ့ကျုပ်လည် းတစ်ခါတုန်းက ကျုပ်နဲ့နပမ်းဖက်လုံးဖူးတဲ့ သရဲကြီးထင်ပြီးတော့ သူကြောက်မလားဆိုပြီး စိန်ခေါ်လိုက်မိပါတယ်၊ နောက်တော့ တကယ်ပဲ သစ်ပင်ပေါ်ကနေခုန်ဆင်းလာပြီး ကျုပ်ကိုဝင်ခုန်အုပ်တာပါပဲ၊ ဒီလောက်ပဲ ကျုပ်မှတ်မိတယ် နောက်ပိုင်းတွေတော့ ဘာဆက်ဖြစ်သွားမှန်း မသိလိုက်ပါဘူး”
“ခုတော့ မင်းရှုံးပြီမဟုတ်လား ငအေးရ၊ မင်းကသရဲကို အားခွန်ဗလနဲ့အနိုင်ယူလိုက်တာမဟုတ်ဘူး၊ ဟိုအချိန်တုန်းက မင်းက ကံမြင့်နေတဲ့အချိန်မို့လို့ သရဲက မင်းကိုမနိုင်တာကွ၊ အခုမင်းက ကံနိမ့်နေတဲ့အချိန်ဆိုတော့ မင်းကိုဟိုက သတ်ဖို့လုပ်တာပဲကွာ၊ မသေတာကံကောင်းတယ်ဟေ့၊ နောက်နေ့ ကန်တော့ပွဲတစ်ပွဲထိုးပြီး မင်းသူ့ကိုပြန်တောင်းပန်လိုက် ဟုတ်ပြီလား”
ငအေးက ဘာမှမပြောတော့ဘဲ လူအုပ်ကြားထဲကနေထထွက်သွားတယ်၊ သူအရှက်ကွဲသွားပြီလေဗျာ၊ ရုံးပင်သရဲကြီးကို နိုင်တယ်ဆိုပြီးတော့ ရွာတကာစုံအောင် လျှောက်ပြောထားတာမဟုတ်လား၊ အခုသရဲက သူ့ကိုသတ်မယ်ပြန်လုပ်တာ လူတွေသိကုန်တော့ သူရှက်သွားမှာပေါ့။
မကြာပါဘူး အငြိမ့်စတော့တယ်၊ အငြိမ့်မစခင် ဆိုင်းဆရာက သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်တီးပြီး ဖျော်ဖြေတယ်၊ အဲဒီအချိန်မှာပဲ ကျုပ်ဗိုက်ထဲကနေ ထိုးထိုးပြီးအောင့်လာတယ်၊ တစ်ချက်တစ်ချက်ဆို ထိုးနာလွန်းလို့ အားခနဲထအော်လိုက်မိတယ်၊ ကျုပ်ဘေးနားမှာထိုင်နေတဲ့ မခင်ကြည်ကလည်း ဗိုက်ကိုလက်နဲ့ဖိထားတယ်ဗျ၊ နှင်းကြည်ကိုကြည့်ရတာလဲ မျက်စိမျက်နှာပျက်နေတယ်။
“ရင်မောင် ဘာဖြစ်တာလဲကွ”
“ဗိုက် . . . ဗိုက်အောင့်လို့ပါဆရာကြီး”
“ဗိုက်အောင့်ရင် အိမ်သာသွားပေါ့ကွ”
“အဲဒီလိုအောင့်တာမဟုတ်ဘူးဆရာကြီးရဲ့ ဘယ်လိုကြီးလဲမသိဘူးဖြစ်နေတာ၊ မသိရင် ဗိုက်ထဲကိုအကောင်တစ်ကောင်ကောင်ဝင်ပြီး မွှေနှောက်နေသလိုပဲ အား . . နာလိုက်တာ”
“ဟုတ်တယ်အဖေ သမီးလည်း မနေနိုင်တော့ဘူး အား”
ဆရာဦးအောင်ရှိန်က မျက်မှောင်ကြုတ်လိုက်တယ်။
“ရင်မောင် မင်းတို့ဘာတွေသွားစားသေးသလဲ”
“ဘာမှမစားပါဘူးဗျာ၊ အိမ်ကထမင်းနဲ့ဟင်းပဲ စားလာတာပါပဲ”
ဦးအောင်ရှိန်က သူ့အရှေ့နားမှာချထားတဲ့ ရေနွေးကြမ်းတစ်ခွက်ကို ကောက်ယူလိုက်ပြီးတော့ လက်နဲ့သုံးလေးကြိမ်လောက် မြှောက်လိုက်ချလိုက်လုပ်ပြီး ကျုပ်ကိုလှမ်းပေးတယ်။
“ရော့ မင်းကတစ်ငုံသောက်၊ မင်းအမနဲ့ နှင်းကြည်ကို တစ်ငုံစီသောက်ခိုင်း”
ကျုပ်က ရေနွေးတစ်ကျိုက်သောက်တယ်၊ အမခင်ကြည်နဲ့နှင်းကြည်ကိုလည်း တစ်ယောက်တစ်ငုံဆီသောက်ခိုင်းလိုက်တယ်။ သောက်ပြီးမကြာပါဘူးဗျာ၊ ကျုပ်တို့ဗိုက်တွေ တဂွီဂွီနဲ့အသံမြည်လာတာနဲ့ မဏ္ဍာပ်ထဲကနေပြေးထွက်ပြီးတော့ အတော်လှမ်းလှမ်းမှာဆောက်ထားတဲ့ အိမ်သာတွေဆီပြေးရတော့တယ်၊ ကျုပ်နဲ့အတူ မခင်ကြည်နဲ့ နှင်းကြည်လည်းပါလာတယ်၊ အိမ်သာတက်တော့ အရည်မည်းမည်းကြီးတွေက တဝေါဝေါနဲ့ဆင်းသွားတာပဲဗျာ။ အိမ်သာတက်ပြီးတော့ လူကိုနှုံးခံသွားတာပဲ၊ အမခင်ကြည်တို့က မပြီးသေးတော့ အိမ်သာရှေ့ခပ်လှမ်းလှမ်းကနေ ကျုပ်ထိုင်စောင့်နေလိုက်တယ်၊ ဒီအချိန်မှာ ကျုပ်တွေးမိတယ်၊ ဘာကြောင့်များ ဒီလိုဖြစ်ရသလဲပေါ့၊ ဒီအချိန်မှာ ကျုပ်သတိရသွားတာက အရီးအေးရဲ့ ကြက်သားဗျ။
ဟုတ်တယ်၊ အရီးအေးက ဆရာကြီးရောစားမှာလားဆိုပြီး မေးသေးတယ်မဟုတ်လား၊ လူတွေကလည်း အရီးအေးက စုန်းမကြီးပါလို့ စွပ်စွဲပြောဆိုနေကြတာဆိုတော့ ကျုပ်စိတ်ထင် အရီးအေးက ကြက်သားတွေကိုပညာနဲ့ပြုစားလိုက်တာဖြစ်မယ်ဗျ၊ ဆရာကြီးက ကြက်သားမစားဘူးမို့လား၊ ကျုပ်တို့သုံးယောက်က စားလိုက်တော့ ဗိုက်ထဲအပင်းတွေရောက်ကုန်တာဖြစ်မယ်၊ ဝမ်းတွေမဲရအောင်ကလည်း ကျုပ်တို့စားတဲ့အစာထဲ မည်းတာမှမပါတာပဲဗျာ။ ဒီမိန်းမကြီးလက်ချက်ဆိုတာတော့ကြိမ်းသေပဲပေါ့၊ မဏ္ဍာပ်ထဲရောက်တော့ ဆရာကြီးကိုပြောဖို့ကြိုးစားပေမယ့် အငြိမ့်ကစနေပြီဆိုတော့ ဆရာကြီးကိုမနှောင့်ယှက်ချင်တော့တာနဲ့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတော့တယ်။
ဒါပေမယ့် ဒီကိစ္စက ဒီမှာမပြီးသေးဘူးဗျို့။