အတွဲ(၂) စာစဉ်(၂၀)

(၁)

ဆရာကြီးရိုက်မှာကြောက်လို့ ကျုပ်အိမ်မပြန်ဘဲ ရွာထိပ်မှာနေနေရတယ်၊ ဆရာဦးအောင်ရှိန်က သူ့တပည့်လက်ဟောင်းတွေကို ဝါးလုံးနဲ့ရိုက်တယ်မဟုတ်လားဗျာ၊ ကျုပ်လည်း အခုသူပေးတဲ့အင်းစာရွက်ကို သူခိုင်းတဲ့အတိုင်းမလုပ်ဘဲ လျှောက်လုပ်လိုက်မိတော့ ဆရာကြီးကျုပ်ကို ရိုက်ချင်ရင်လည်း ရိုက်ချင်စရာပါပဲဗျာ၊ ကျုပ်အပြစ်နဲ့ကျုပ်ကိုး၊ ဒါပေမယ့် ဝါးလုံးနဲ့ရိုက်မှာတော့ မခံနိုင်ဘူးဗျာ၊ အဲဒါနဲ့ အိမ်မပြန်ဘဲ ရွာထိပ်က နတ်စင်ကြီးရှေ့မှာ ငုတ်တုတ်ထိုင်နေမိတယ်။ နတ်စင်ကြီးရှေ့ကနေဖြတ်သွားတဲ့ရွာသားတွေကတော့ ကျုပ်ကိုကွက်ကြည့် ကွက်ကြည့်နဲ့ကြည့်သွားကြတာပေါ့၊ အခုရွာမှာ ကျုပ်က ဆရာဦးအောင်ရှိန်ရဲ့တပည့်ဆိုတာကို အတော်ကလေးသိနေကြပြီဗျ၊ ကျုပ်နာမည်တောင်မှ ဖုတ်ဆရာကလေးဆိုပြီး တွင်နေပြီမဟုတ်လား။

ညနေတောင် တော်တော်စောင်းနေပြီဗျို့၊ မကြာခင်နေဝင်တော့မယ်ထင်ပါ့၊ ဟိုကြည့်ဒီကြည့်ကြည့်နေရင်း ကလေးတစ်သိုက် တဝုန်းဝုန်းနဲ့ဆော့နေတာကိုတွေ့လိုက်ရတယ်၊ ကလေးတွေက ပြေးလိုက်လွှားလိုက်နဲ့ တစ်ခုခုကိုလှည့်ပတ်လိုက်နဲ့လုပ်နေကြတာဗျ၊ မဟုတ်မှလွဲရော ခွေးရူးလိုက်နေကြတာလားမသိဘူး၊ ရွာက ကလေးတွေက တစ်ခါတလေခွေးတွေကိုအဲဒီလိုပဲဝိုင်းရိုက်တတ်တယ်၊ ခွေးကလိုက်ရင်သူတို့ကပြေးလိုက်၊ တစ်ခါခွေးကိုပတ်လည်ဝိုင်းပြီး တုတ်တွေနဲ့ရိုက်၊ ခဲတွေနဲ့ပေါက်လိုက်နဲ့လုပ်ကြတာ၊ ရွာကလေးအုပ်နဲ့တွေ့တဲ့ ခွေးကတော့ မလွယ်ရေးချမလွယ်ဘဲဗျို့။

“ဟာ၊ ဒီကလေးတွေတော့ ခွေးကိုအရူးလုပ်နေပြန်ပြီထင်တယ်၊ ကိုက်မိပြုမိတော့မှာ နာဖျားနေကြအုံးမယ်”

ကျုပ်လည်းကလေးတွေအနားကိုထထွက်လာခဲ့တယ်၊ ကျုပ်ထင်တဲ့အတိုင်းပါပဲ၊ ကလေးတွေက တုတ်တွေကိုင်၊ ခဲတွေကောက်ပြီးတော့ သူတို့လူအုပ်ကြားထဲက ခွေးကို ဝိုင်းပြီးပစ်ပေါက်နေကြတယ်၊ ဒါပေမယ့် ထူးဆန်းတာက ခွေးကလုံးဝပြန်မဟောင်ဘူးဗျာ၊ ကျုပ်သူတို့အနားကပ်သွားတော့မှ ကလေးအုပ်ကြားထဲကအရာက ခွေးတစ်ကောင်မဟုတ်ဘဲ လူတစ်ယောက်ဖြစ်နေသဗျာ။

“ဟာ ဟေ့ကလေးတွေ၊ ဘာဖြစ်လို့ လူကိုဝိုင်းရိုက်နေကြတာလဲ”

“လူမဟုတ်ဘူး သူက အရူးကြီး . . .အရူးကြီး”

“အရူးကြီးလဲ လူပါပဲဟာ၊ သွားကြစမ်း၊ ငါနင်တို့အဖေအမေတွေနဲ့ တိုင်ပြောလိုက်မှာနော်”

ကလေးတွေက မကြောက်တဲ့အပြင် ကျုပ်ကိုဘုကြည့်ကြည့်နေကြတယ်၊ ဒါနဲ့ကျုပ်လည်း အနားက ဝါးလုံးပိုင်းကလေးကောက်ပြီး ကလေးတွေအနောက်ကိုပြေးလိုက်တော့မှ ကလေးတွေက ရွာထဲကိုပြေးဝင်သွားကြတယ်ဗျာ၊ ကလေးတွေက ကျုပ်တော့မကြောက်ဘူး၊ ဝါးလုံးပိုင်းကျတော့ ကြောက်သားဗျ၊ ဒီအဖြစ်ကိုတွေးရင်း ဆရာကြီးရိုက်မှာကြောက်လို့ အိမ်ကထွက်ပြေးလာတဲ့ကျုပ်အဖြစ်ကိုကျုပ် ပြန်မြင်ယောင်မိပါသေးတယ်။

ကလေးတွေ ခပ်လှမ်းလှမ်းရောက်တော့မှ ကျုပ်လည်း ဝါးလုံးပိုင်းကိုပစ်ချလိုက်တယ်၊ ကလေးတွေအရိုက်ခံရတဲ့လူကြီးက တစ်ကိုယ်လုံးစုတ်ပြတ်နေတာပဲဗျာ၊ ဖုန်တွေသဲတွေပေကျံနေတဲ့အပြင် ခြစ်ရာပွန်းရာတွေကနေလည်း သွေးတွေစီးကျနေတယ်၊ ဒီလူကြီးက ကျုပ်အနားကိုရောက်သွားတော့ ကျုပ်ကိုခွေးတစ်ကောင်ထိုင်သလိုမျိုး ငုတ်တိုင်ထိုင်ပြီးကြည့်နေတယ်။ ပြီးတော့ ခွေးလိုမာန်ဖီနေတယ်ဗျာ။ ကျုပ်ကလည်း စပ်စုတယ်မဟုတ်လား၊ ဒီလူကြီးက ဘယ်သူလဲ ဘယ်ကလဲဆိုတာသိရအောင် သူ့အနားကိုကပ်ခဲ့တယ်၊ ကျုပ်ရောက်တဲ့အချိန်အထိ ဒီလူကြီးက လေးဖက်ထောက်လျှက်သားဗျ။ ကျုပ်လည်းသူ့အရှေ့မှာရပ်လိုက်ရော ဘာမပြောညာမပြောနဲ့ ကျုပ်ခြေသလုံးကို ဖက်ကိုက်ပါရောဗျာ။

ကျုပ်လည်းလန့်ပြီးအော်လိုက်မိတယ်၊ ဒီလူက တော်တော်ဆိုးဆိုးပဲဗျ၊ ခြေသလုံးကို လက်နှစ်ဖက်နဲ့ဖက်ပြီး ကျုပ်ကိုအသားကုန်ကိုက်တာ၊ နာလိုက်တာလည်းပြောမနေပါနဲ့၊ ကျုပ်က သူ့ရဲ့ရင်ဘတ်ကိုခြေထောက်နဲ့ကန်ထည့်လိုက်တော့မှ ဒီလူက မြေကြီးပေါ်ကို ပက်လက်လန်လဲကျသွားတယ်။

“ဟေ့လူ၊ ခင်ဗျားရူးနေသလား”

ကျုပ်အသံပြဲကြီးနဲ့ ဟောက်ထည့်လိုက်တော့မှ ဒီလူကငြိမ်ကျသွားတယ်။

“ငါကလည်းငါပဲ၊ ရူးနေတဲ့လူကိုမှ ရူးနေသလားလို့သွားမေးမိတယ်”

ဒီလူကြီးရဲ့အမူအရာက ရုတ်တရက်ပြောင်းသွားတယ်ဗျာ၊ ကျုပ်ကိုကြည့်ပြီးတော့ ကြောင်အမ်းအမ်းကြီးဖြစ်နေတယ်၊ နောက်တော့ ခေါင်းကိုခါပြီး ပါးစပ်က တအီအီနဲ့အော်ရင်း သွားရည်တွေက စီးကျလာတယ်ဗျာ။ မဟုတ်မှလွဲရော ဒီလူက ခွေးစိတ်ပေါက်နေတာဖြစ်မယ်။ ဒီလူကြီးကို ကျုပ်သေချာငေးကြည့်နေရင်း သူ့မျက်နှာကို မြင်ဖူးသလိုလိုဖြစ်လာတယ်၊ ဘယ်သူလဲတော့မသိဘူးဗျ၊ ကျုပ်နဲ့တစ်နေရာရာမှာ မြင်ခဲ့ဖူးသလိုပဲ။

ကျုပ်သူ့အရှေ့မှာထိုင်ပြီးတော့ သေချာစဉ်းစားနေမိတယ်၊ ဒီအရူးကလည်း ဘာလုပ်နေတယ်ထင်သလဲ၊ ခွေးတွေလုပ်သလို သူ့ခြေထောက်နဲ့ နံကြားထဲကိုပြန်ပြီးတဘတ်ဘတ်နဲ့ကုပ်နေတယ်၊ သူ့ကြည့်ရတာ တကယ့်ခွေးလူသားကြီးကိုကြည့်နေရသလိုပဲဗျာ။ ကျုပ်အတော်လေးကြာတော့မှ သူဘယ်သူလဲဆိုတာ သိသွားတော့တယ်၊ သူက ဦးရန်အောင်ကြီးဗျ၊ ဦးရန်အောင်ဆိုတာကို ခင်ဗျားတို့မှတ်မိသလားတော့မသိဘူး၊ တစ်ခါသားက တောင်ပေါ်က စုန်းသိုက်ကိုရှင်းမယ်ဆိုပြီး တပည့်တပန်းတွေနဲ့ထွက်သွားတဲ့လူကြီးလေဗျာ၊ ကျုပ်သေသေချာချာကြည့်တော့ သူမှသူအစစ်ပဲဗျ၊ အရင်က ဝတ်ကောင်းစားလှတွေဝတ်ဆင်တတ်ပေမယ့် အခုတော့ အရူးကြီးလုံးလုံးဖြစ်ပြီး စုတ်ပြတ်နေပါရောလား။

“ဦးရန်အောင် . . .ခင်ဗျား ဦးရန်အောင်ဟုတ်တယ်မဟုတ်လား”

ကျုပ်မေးတော့ ဒီလူကြီးက ကျုပ်ကိုတွေတွေကြီးကြည့်နေတယ်၊ ဟုတ်တော့ဟုတ်နေပါပြီဗျာ၊ စုန်းသိုက်ကို သွားနှိမ်နင်းတဲဲ့ဦးရန်အောင်က အခုလို ခွေးစိတ်ပေါက်နေတဲ့အရူးကြီးဖြစ်သွားပုံထောက်တော့ တခုခုဖြစ်လာတာအသေအချာပဲ၊ ကျုပ်လည်း သူ့လက်ကိုဆွဲပြီးတော့ ခေါ်လိုက်ရတယ်။

“ဦးရန်အောင် လာခဲ့၊ ဆရာကြီးအိမ်ကိုလိုက်ခဲ့ဗျာ”

ဦးရန်အောင်က လေးဖက်ထောက်လျှက်သားနဲ့ မလိုက်ဘဲဲ နင်းကန်ရုန်းနေပါရော၊ ကျုပ်လက်ကိုလည်း လှမ်းလှမ်းကိုက်တာနဲ့ ကျုပ်မှာသူ့အနားကနေပြေးထွက်လာခဲ့ရတယ်။

“ဒီလူကြီးက ခွေးစိတ်ပေါက်နေတာဆိုတော့ လူလိုခေါ်လို့မရဘူးထင်တယ်”

ကျုပ်အကြံတစ်ခုရသွားတယ်၊ ဒါနဲ့လက်ဖြောက်တီးသလို လက်ကိုလှုပ်ရင်း ပါးစပ်ကနေ တအို့အို့နဲ့ခေါ်နေမိတယ်၊ ဒီအခါကျမှ ဦးရန်အောင်က နှာခေါင်းတရှုံ့ရှုံ့နဲ့ ကျုပ်အနောက်ထလိုက်လာသဗျာ။

“လာလာ ခွေးသားကြီးလာခဲ့၊ အိမ်ရောက်တော့ ထန်းလျက်ခဲကျွေးမယ်”

ကျုပ်က ဦးရန်အောင်ကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ဆရာဦးအောင်ရှိန်အိမ်ကို ခေါ်လာခဲ့ရတယ်ဗျာ။ ခြံရှေ့ရောက်တော့ ဆရာကြီးကို ဘွားခနဲတွေ့လိုက်ပါရောဗျာ၊ ဆရာကြီးက ဝါးလုံးပိုင်းကြီးကိုင်လို့ဗျ။

“ဆရာကြီး ကျုပ်ကိုမရိုက်ပါနဲ့ဗျာ”

“ဟ၊ ရင်မောင်၊ ဒီဝါးလုံးပိုင်းက မင်းကိုရိုက်ဖို့ကောက်ထားတာမဟုတ်ဘူးကွ”

“ဟုတ်လို့လားဆရာကြီးရယ်၊ ကျုပ်ကို ရိုက်မယ်ဆိုပြီး လှေကားရင်းနားကပြေးယူတာမဟုတ်လား”

“ငါက မင်းကိုနည်းနည်းစနောက်လိုက်တာပါကွာ၊ ဒီဝါးလုံးပိုင်းက ခွေးကိုရိုက်ဖို့ကွ”

ခွေးဆိုတော့မှ ကျုပ်သတိရသွားမိတယ်၊ ဒါနဲ့ ခြံဝကိုလှည့်ကြည့်လိုက်တော့ ဦးရန်အောင်က ခွေးကြီးတွေ မာန်ဖီသလို တဂီးဂီးနဲ့မာန်ဖီရင်း ကျုပ်တို့ကိုကြည့်နေတယ်ဗျာ၊ နောက်တော့ ကျုပ်တို့ဆီလေးဖက်ထောက်ပြီး တဟုန်ထိုးပြေးဝင်လာတယ်၊ အနားရောက်တော့ လွှားခနဲခုန်လိုက်ပြီး ဦးအောင်ရှိန်ကိုပြေးခုန်အုပ်ပါလေရောဗျာ၊ ဆရာကြီးက ကျုပ်ရင်ဘတ်ကိုဆောင့်တွန်းလိုက်လို့ ကျုပ်ကအနောက်ကိုပက်လက်လန်ပြီးလဲကျသွားတယ်၊ ပြေးဝင်လာတဲ့ ဦးရန်အောင်ကို လက်ထဲကိုင်ထားတဲ့ ဝါးလုံးနဲ့ သိမ်းကြုံးပြီးလွှဲရိုက်ထည့်လိုက်တယ်ဗျာ၊ ဦးရန်အောင်က လေပေါ်မှာတင်ပဲ နှစ်ပတ်သုံးပတ်လောက် လည်ထွက်သွားပြီး မြေကြီးပေါ်ကို ပြန်ပြုတ်ကျသွားတယ်၊ ပါးစပ်ကနေ ခွေးအော်သလို တကိန်ကိန်နဲ့အော်သေးတယ်ဗျာ။

နောက်တစ်ခေါက်ထမယ်လုပ်တဲ့အချိန်မှာ ဦးအောင်ရှိန်က ဝါးလုံးတုတ်ကိုပြပြီး

“ဟေ့ကောင်၊ နောက်တစ်ခါလာခဲ့စမ်း၊ ဟောဒီမှာတုတ်တွေ့လား၊ နောက်တစ်ခါ မင်းဒီထက်ပိုနာမယ်မှတ်”

ဦးအောင်ရှိန်ပြောလိုက်တော့ ဦးရန်အောင်တစ်ယောက် ငြိမ်ကျသွားပြီး မြေကြီးမှာငုတ်တုတ်ကလေးထိုင်နေရှာတယ်။

“ခွေးဆိုတာ ကိုယ်အရိုက်ခံဖူးတဲ့တုတ်ကို မှတ်ထားတတ်တယ်တဲ့ကွ ရင်မောင်ရ”

ကျုပ်လည်း မြေပေါ်က လူးလဲထလိုက်ပြီး

“ဆရာကြီး၊ ဒီလူဘယ်သူလဲဆိုတာ သေချာကြည့်ပါအုံးဗျာ”

ဦးအောင်ရှိန်က မျက်မှောင်ကြုတ်ကြည့်ရင်း

“ဟ၊ ရန်အောင်ကြီးပါလားကွ၊ ဘယ်လိုဖြစ်တာလဲဲဲ”

“ဟုတ်တယ်ဆရာကြီး စုန်းသိုက်ကိုနှိမ်နင်းမယ်ဆိုပြီး တပည့်တပန်းတွေနဲ့ထွက်သွားတဲ့ ဦးရန်အောင်က အခုဘယ်လိုဖြစ်ပြီး ဒီပုံစံဖြစ်လာရတာလဲဆရာကြီးရာ”

“ငါ့စိတ်ထင်တော့ စုန်းတွေက သူ့ကိုနိုင်သွားတာဖြစ်မယ်ကွ၊ စုန်းက သူ့ကိုရူးရုံတင်မကဘဲ ခွေးစိတ်ပေါက်အောင်လုပ်ထည့်လိုက်တာဖြစ်မယ်”

“တော်တော်ရက်စက်တဲ့စုန်းတွေဗျာ၊ အခု ဘယ်လိုလုပ်ကြမလဲဆရာကြီး”

“ဘယ်လိုလုပ်ရမလဲကွ၊ ဒီကောင့်ကို လူစိတ်ပြန်ပေါက်အောင်လုပ်ပေးရမှာပေါ့”

“ဆရာကြီးလုပ်တတ်ရဲ့လား”

“ငါဒါမျိုးတစ်ခါမှ မကြုံဖူးပေမယ့် ကြိုးတော့ကြိုးစားကြည့်ရမှာပဲ”

ဦးအောင်ရှိန်က ဦးရန်အောင်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ ဆိုင်ရာပိုင်ရာတွေကိုအပ်နှင်းပြီးတော့ ချုပ်ထားခိုင်းလိုက်တယ်ဗျ၊ အဲဒီလိုချုပ်ခိုင်းတဲ့အခါ ဂနာမငြိမ်ဖြစ်နေတဲ့ ဦးရန်အောင်က ငြိမ်ကျသွားတယ်၊ ဦးအောင်ရှိန်က ဦးရန်အောင်အနားကိုသွားရပ်လိုက်ပြီးတော့ ဦးရန်အောင်ရဲ့ ငယ်ထိပ်ကိုလက်ဝါးတစ်ဖက်နဲ့ဖိအုပ်ထားလိုက်တယ်။

ဦးအောင်ရှိန်က ဘာတွေရွတ်မှန်းမသိဘူး တိုးတိုးကလေးရွတ်နေတယ်ဗျာ၊ နောက်တော့ ငယ်ထိပ်ပေါ်ကလက်ကိုအသာမြှောက်ပြီး ငယ်ထိပ်ကိုဖြောင်းခနဲရိုက်ထည့်လိုက်တယ်၊ အဲဒီလိုရိုက်လိုက်တဲ့အခါမှာပဲ ဦးရန်အောင်တစ်ယောက် နတ်ပူးသလို အသားတွေတဆတ်ဆတ်တုန်ယင်လာပြီးတော့ မြေကြီးမှာဖင်တကြွကြွနဲ့ဖြစ်လာတယ်။ ဂယောင်ချောက်ခြားဖြစ်နေတဲ့ သူ့ရဲ့မျက်လုံးတွေက နည်းနည်းတည်ငြိမ်လာသလိုပဲဗျာ၊ သူက ချက်ချင်းဦးအောင်ရှိန်ကိုမော့ကြည့်ပြီးတော့

“အောင်ရှိန် . . .အကိုအောင်ရှိန်ပါလား၊ ဒါဘယ်နေရာလဲ၊ ကျုပ်ဘယ်ကိုရောက်နေတာလဲ”

ဦးအောင်ရှိန်က ငုံ့ကြည့်ရင်း

“မင်းငါတို့ရွာကိုရောက်လာတာပဲ ရန်အောင်ရေ၊ ဆိုစမ်းပါအုံး မင်းဘယ်လိုဖြစ်လာတာလဲ”

ဦးရန်အောင်က တွေတွေကြီးငေးနေရင်း

“သွားပြီ၊ သူတို့ ကျုပ်တို့အားလုံးကို လုပ်ထည့်လိုက်ပြီ အကိုအောင်ရှိန်ရ”

ဦးရန်အောင်အသံက ငိုသံပါကြီးဖြစ်နေတယ်။

“သူတို့ဆိုတာဘယ်သူလဲ၊ မင်းတို့ကို ဘယ်လိုလုပ်လိုက်တာလဲ ရန်အောင်”

“စုန်းတွေ . . .စုန်းတွေ၊ ကျုပ်တပည့်တွေ . . . အား . . အား”

ဦးရန်အောင်ကပြောဆိုနေရင်း တစ်ကိုယ်လုံးတုန်လာပြန်တယ်၊ နောက်တော့ ပါးစပ်ထဲကနေ သွေးတွေအန်ကျလာတယ်ဗျာ၊ ကျုပ်ဆိုအတော်လန့်သွားတာ

“ဆရာကြီးဘာဖြစ်တာလဲ”

“စုန်းမက သူတို့အကြောင်းပြန်မပြောအောင်လို့ နှုတ်ပိတ်ထားတဲ့ပုံပဲကွ၊ သူသာ ဆက်ပြောရင် ဒုက္ခရောက်ရတော့မှာ”

“တော်တော်ဆိုးတဲ့စုန်းတွေပဲဗျာ”

ကျုပ်တို့ဆရာတပည့်နှစ်ယောက်ပြောနေတုန်းမှာပဲဲ ဦးရန်အောင်တစ်ယောက် ခွေးစိတ်ပြန်ပေါက်သွားတယ်ထင်တယ်၊ တဂီးဂီးနဲ့မာန်ဖီနေသေးတယ်။

“ဆရာကြီး၊ သူ့ကိုကုလို့မရဘူးလား”

“ကုလို့ရမရသိချင်ရင် မင်းကိုယ်တိုင်လာစမ်းကြည့်စမ်းရင်မောင်”

ဆရာဦးအောင်ရှိန်ခေါ်လိုက်တာနဲ့ ကျုပ်သူ့အနားကိုတိုးကပ်သွားတယ်၊ ဦးအောင်ရှိန်က ဦးရန်အောင်ရဲ့ငယ်ထိပ်ပေါ်အုပ်တင်ထားတဲ့ သူ့လက်ပေါ်ကို ကျုပ်ရဲ့လက်ကိုအုပ်တင်ခိုင်းတယ်၊ ကျုပ်လက်တင်လိုက်တဲ့အချိန်မှာ ခေါင်းထဲဘယ်လိုကြီးဖြစ်သွားမှန်းကိုမသိဘူးဗျာ။

“ကဲရင်မောင် မျက်စိကိုမှိတ်ထား စိတ်အာရုံကိုစူးစိုက်ထား၊ ရန်အောင်ကို စုန်းတွေပယောဂဘယ်နားထည့်လိုက်သလဲဆိုတာ မင်းမြင်အောင်ငါပြမယ်”

ဆရာကြီးပြောတဲ့အတိုင်း ကျုပ်မျက်လုံးကိုမှိတ်ချထားလိုက်တယ်၊ မကြာခင် ကျုပ်မျက်လုံးထဲမှာ လူတစ်ယောက်ပုံစံပေါ်လာတယ်ဗျာ၊ အဲဒါကတော့ ဦးရန်အောင်ပဲဖြစ်မှာ၊ လူတစ်ယောက်ပုံစံဆိုပေမယ့် အဲဒီလူရဲ့အပြင်ပိုင်းကို မြင်ရတာမဟုတ်ဘဲ၊ ဓါတ်မှန်ရိုက်ထားသလို လူတစ်ကိုယ်လုံးကို ဖောက်ထွင်းပြီးတော့မြင်နေရတာဗျ၊ ဒါကြောင့် ဘယ်သူဘယ်ဝါမှန်းတပ်အပ်မပြောနိုင်တာ၊ ဦးရန်အောင်ရဲ့ကိုယ်လုံးထဲမှာ မီးပွင့်ကလေးတွေက တဖြတ်ဖြတ်နဲ့ပွင့်ထွက်နေတယ်ဗျာ၊ ဝါယာကြိုးနှစ်ခုကို အချင်းချင်းပွတ်တိုက်လိုက်တဲ့အခါ မီးပွင့်လာတဲ့ပုံစံလိုမျိုးကလေးတွေဗျ၊ အဲဒီမီးပွင့်ကလေးတွေက ဟိုးလက်ဖဝါးကစလို့ လက်ဖျံလက်မောင်းကနေ ပုခုံး လည်ပင်းတွေနေရာအနှံ့ပဲဗျာ၊ အောက်ပိုင်းမှာဆိုရင်လည်း ခြေဖျားကစလို့ တစ်ကိုယ်လုံးလိုလိုပဲ ဝင်းလက်နေကြတယ်၊ နှလုံးသားနေရာမှာတော့ တဖြတ်ဖြတ်ပွင့်နေတာမဟုတ်ဘဲ မီးလုံးကြီးတစ်လုံးထွန်းထားသလို ထွန်းလင်းနေတဲ့အလုံးကြီးတစ်လုံးရှိတယ်၊ အဲဒီအလုံးကြီးရဲ့အရောင်ကတော့ သက်တန့်ရောင်လိုပဲဗျာ၊ ရောင်စဉ်တွေက တဖြန်းဖြန်းနဲ့လင်းလက်နေတယ်။

“ဘာတွေ့သလဲရင်မောင်”

နားထဲမှာ ဆရာဦးအောင်ရှိန်ရဲ့အသံကိုကြားလိုက်ရတယ်။

“နှလုံးနေရာလောက်မှာ အလင်းလုံးကြီးတစ်လုံးတွေ့တယ်ဆရာကြီး၊ ကျန်တဲ့ခြေလက်တွေမှာတော့ မီးပွင့်ကလေးတွေ လက်နေသလိုမျိုး တဖြတ်ဖြတ်နဲ့တွေ့ရတယ်”

“အဲဒီမီးပွင့်ကလေးတွေက စုန်းတွေတိုက်ထားတဲ့ ပညာ ပယောကတွေပဲ”

“ဗျာ၊ ဒါဆိုတစ်ကိုယ်လုံးကို တိုက်ခံထားရတာလား”

“အစစ်ပေါ့ကွာ၊ ရင်ဘတ်ကဟာကြီးက သူ့ရဲ့သည်းခြေကိုပိတ်ဆို့ထားတဲ့ ပယောဂပဲကွ၊ ဒါကြောင့် ရန်အောင်တစ်ယောက် ဘာကိုမှမမှတ်မိသလို၊ အတိုက်ရဲ့အရှိန်ကြောင့် ခွေးစိတ်ပေါက်နေတာပေါ့ကွာ”

“ဒီလောက်တောင်တိုက်ထားတာ ဦးရန်အောင်က မသေဘူးလားဗျာ”

“ဟိုက သေအောင်လုပ်ထားတာမဟုတ်ဘူးကွ၊ ဒီကောင်တစ်ဘဝလုံး အရူးကြီးအဖြစ်နဲ့လူဖြစ်ရှုံးအောင်လုပ်ထားတာ”

“ဆရာကြီး ဒီအတိုက်တွေကို ထုတ်လို့လွယ်ပါ့မလား”

“အဝင်ရှိရင် အထွက်ရှိတယ်၊ အသွင်းရှိရင် အထုတ်ရှိတယ်ရင်မောင်ရ၊ ဒါပေမယ့် တစ်ကိုယ်လုံးဆိုတော့ နည်းနည်းတော့ကြာမှာပေါ့ကွာ၊ အတိုက်တစ်ခုချင်းဆီက ရန်အောင်ရဲ့ သွေးကြောလေကြောတွေကို ပိတ်ဆို့ထားတယ်၊ ရန်အောင်ကို ဒီအတိုက်တွေက ကြိုက်သလိုခိုင်းစားနိုင်တယ်ဆိုပါတော့”

ဆရာဦးအောင်ရှိန်က လက်ကိုပြန်ဖြုတ်လိုက်တာနဲ့ ကျုပ်ပါအာရုံတွေအကုန်ပျောက်သွားတယ်။ ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ရင်းနဲ့

“ပုံမှန်အတိုင်းဆိုရင်တော့ ငါ့ရဲ့ပညာနဲ့ အတိုက်ထုတ်လိုက်ရုံပဲ၊ ဒါပေမယ့် မင်းမြင်တဲ့အတိုင်း ရန်အောင်ရဲ့ကိုယ်ထဲက အတိုက်တွေကများလွန်းနေတယ်၊ ဒါကြောင့်မို့လို့တစ်ခုချင်းထုတ်နေရင် ပြီးတော့မှာမဟုတ်ဘူး၊ ဒီအတိုက်တွေအားလုံးကို တစ်ကြိမ်တည်းနဲ့ကုန်အောင်ထုတ်ရမယ်”

“ပုံမှန်လိုမထုတ်ဘူးဆိုတော့ ဘယ်လိုများထုတ်မလဲဆရာကြီးရယ်”

“ငါက လူနာကိုကုသတဲ့အခါ ပွဲသိပ်သုံးလေ့မရှိဘူး၊ ဒါပေမယ့် အခုအချိန်မှာတော့ ပွဲတွေရဲ့အစွမ်းလိုလာပြီ၊ ပွဲကိုးပွဲထိုးပြီးတော့ ရန်အောင့်ကို ကုသမှရမယ်”

“ပွဲက ဆေးကုသတဲ့နေရာမှာ ဘယ်လိုစွမ်းတာလဲဆရာကြီး”

“ပြောရရင်တော့ ကန်တော့ပွဲဆိုတာ ကိုယ်တိုင်တည်လိုက်တဲ့အရာရဲ့ စွမ်းအင်တွေကို ရယူသုံးစွဲနိုင်တဲ့ ထွက်ပေါက်တွေလို့ပြောလို့ရတယ်၊ ကန်တော့ပွဲဆိုတာ ကိုယ်ရည်စူးပြီးအပ်လှူလိုက်တဲ့ ပုဂ္ဂိုလ်နဲ့တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့ တံခါးဝတစ်ခုလို့ဆိုရင်လည်းမမှားဘူး၊ အောက်လမ်းဆရာတွေဆိုရင်လည်း သူတို့ဆည်းကပ်တဲ့ မယ်တော်ကြီးတွေ၊ ကတော်ကြီးတွေကို ပွဲပေးလိုက်တယ်ဆိုရင် အဲဒီမယ်တော်ကြီးတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တယ်၊ နတ်ကတော်တွေ နတ်တွေကိုကန်တော့ပွဲတင်မြောက်တာလည်း ဒီသဘောပဲကွ”

“အဲဒီလိုကန်တော့ပွဲတင်မြှောက်လိုက်တော့ တစ်ဖက်က နတ်တို့ မယ်တော်ကြီးတို့က ဘာပြန်ရသလဲ”

“ဒီလိုကွရင်မောင်ရ၊ ဓါတ်လောက၊ နတ်လောကမှာကျတော့ ကိုယ့်ကိုအားကိုးတဲ့လူ ယုံကြည်တဲ့လူများလေလေ ကိုယ်ကစွမ်းအားတက်လေလေပဲ၊ ဒီလိုသဘောရှိတယ်၊ ပွဲထိုးတယ်ဆိုတာ ယုံကြည်ကိုးစားလို့ လှူဒါန်းလိုက်တဲ့ဒါနတစ်ခုပဲ၊ ပွဲအထိုးခံရတဲ့လူဟာ စွမ်းအင်တွေတဖြည်းဖြည်းတိုးတက်လာတတ်တယ်၊ နတ်ဆိုရင်လည်း လူတွေများများကိုးကွယ်တဲ့နတ်က ပိုနာမည်ကြီးပြီး ပိုတန်ခိုးရှိတယ်ပေါ့ကွာ”

“ကျွန်တော်နားလည်ပါပြီဆရာကြီး၊ ပွဲပေးရုံနဲ့ ပြီးပြီလား”

“အခုနကပြောသလို ပွဲပေးတယ်ဆိုတာ တစ်ဖက်က ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဖို့တံခါးပေါက်တစ်ခုလိုပဲ၊ ကန်တော့ပွဲပေးပြီးရင် ကန်တော့ပွဲကနေတဆင့် ဆက်သွယ်ပြီးတော့ တစ်ဖက်က ပုဂ္ဂိုလ်ရဲ့ အာဏာစက်၊ ပညာစက်တွေကို ခေတ္တအကူအညီတောင်းပြီးအသုံးပြုနိုင်တယ်”

“ဆရာကြီးက ပွဲကိုးပွဲတောင်ထိုးမှာဆိုတော့ ဘာပွဲတွေများလဲ”

“ပွဲကိုးပွဲကို နဝင်းပွဲလို့ခေါ်တယ်ကွ၊ ပွင့်တော်မူပြီးသော ဘုရားလေးဆူအတွက် ပွဲလေးပွဲ၊ တရားပွဲတစ်ပွဲ၊ သံဃာတော်တွေကိုရည်စူးပြီးတော့ သံဃာပွဲတစ်ပွဲ၊ အထက်ဝိဇ္ဇာကြီးတွေနဲ့ ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းကိုရည်စူးပြီး ဝိဇ္ဇာပွဲတစ်ပွဲ၊ ဘုရားပျံဆရာကြီးအဆက်ဆက်ရဲ့ ပညာကိုရည်စူးတဲ့ ဆရာပွဲတစ်ပွဲ၊ နောက်တော့ စုန်းကဝေတွေကို စီရင်အုပ်ချုပ်တဲ့ ကုဝေရနတ်မင်းကြီးနဲ့ ကဝေသာရဘိုးဘိုးကြီးကိုရည်စူးတဲ့ ပွဲတစ်ပွဲ စုစုပေါင်း ပွဲကိုးပွဲလိုတယ်”

“ပွဲထိုးမယ်ဆိုတော့ ငှက်ပျောသီးအုန်းသီးလိုမှာပေါ့နော်ဆရာကြီး၊ အဲဒါမှ ခက်တာပဲဗျာ၊ အရီးအေးသေပြီဆိုတော့ ငှက်ပျောသီးက ဘယ်နားသွားဝယ်ရပါ့မလဲ”

“ရွာထဲကိုသွား ရင်မောင်၊ မောင်တိုးတက်ဆီက လှည်းကိုငှားလာခဲ့၊ လှည်းငှားခကိုလည်း စိတ်ကြိုက်ပေးပါ့မယ်လို့ပြော”

“ပြောပြီးတော့ ဘာဆက်လုပ်ရမလဲဆရာကြီး”

ဦးအောင်ရှိန်က အိပ်ကပ်ထဲကနေ ပိုက်ဆံတွေဆွဲထုတ်လိုက်တယ်ဗျ၊

“ဒီပိုက်ဆံတွေယူပြီး မောင်တိုးတက်လှည်းနဲ့ လာပို့ရွာကိုသွား၊ လာပို့ရွာအရှေ့ဘက်က တောင်ခြေမှာ ဒေါ်ဂေါင်းရဲ့ ငှက်ပျောခြံရှိတယ်၊ ဆရာဦးအောင်ရှိန်က ပွဲကိုးပွဲထိုးဖို့လွှတ်လိုက်တာပါလို့ပြောရင် သူအကုန်စီစဉ်ပေးလိမ့်မယ်”

“ဟုတ်ကဲ့ပါဆရာကြီး၊ အဲ . . .ဒါနဲ့ ဆရာကြီးရော မလိုက်ဘူးလား”

“ငါက လိုက်လို့ဖြစ်ပါ့မလားကွ၊ ငါတို့နှစ်ယောက်လုံး အပြင်သွားနေတဲ့အချိန် ရန်အောင်တစ်ယောက် စိတ်ရူးဖောက်ပြီး အိမ်မှာသောင်းကျန်းနေရင် ဘယ်နှယ့်လုပ်မလဲ”

“ဒါလဲဟုတ်သားပဲနော်၊ ကျွန်တော်အခုပဲသွားလိုက်ပါ့မယ်ဆရာကြီး”

ဆရာဦးအောင်ရှိန်ဆီက ပိုက်ဆံတွေယူပြီးတော့ ကျုပ်လည်းရွာထဲကိုထွက်လာခဲ့လိုက်တယ်။

(၂)

အချိန်က ညနေတောင်စောင်းနေပြီပေါ့ဗျာ၊ ကိုတိုးတက်ဆိုတာ ဆရာဦးအောင်ရှိန်နဲ့ ဆွေမျိုးမကင်းတော်စပ်တဲ့လူပဲ၊ ဆရာကြီးပြောတာတော့ သူ့အမျိုးကိုသုန်ဆိုလား အဲဒီလူရဲ့ သားသမီးတွေတဲ့ဗျာ၊ ဆရာဦးအောင်ရှိန်က ခိုင်းတယ်လို့ပြောရင် နှစ်ခါမပြောရတဲ့လူတွေပေါ့၊ အခုကျုပ်သွားပြောတော့ သူတို့လုပ်လက်စအလုပ်ချထားပြီး လှည်းကောက်လို့ ချက်ချင်းလိုက်လာခဲ့တယ်။

လာပို့ရွာက မြင်းဇာရွာနဲ့ သိပ်မနီးမဝေးလေးဗျ၊ အကွာအဝေးနဲ့ပြောရမယ်ဆိုရင်တော့ သုံးမိုင်လောက်ဝေးတယ်၊ လှည်းနဲ့သွားရင် တစ်နာရီသာသာလောက်တော့သွားရတယ်၊ ရွာထဲမဝင်တော့ဘဲ ရွာပြင်လမ်းကနေ တောင်ခြေက ဒေါ်ဂေါင်းခြံဘက်ကို လှည့်ထွက်လာခဲ့လိုက်တယ်၊ ဆရာဦးအောင်ရှိန်က ကန်တော့ပွဲတစ်ခုတစ်လေထိုးရမယ်ဆိုရင် အရီးအေးဆီကနေ ငှက်ပျောသီးဝယ်ပြီးတော့ များများစားစားထိုးရမယ်ဆိုရင်တော့ ဒေါ်ဂေါင်းခြံကနေဝယ်တယ်ဆိုပဲဗျ၊ ဟုတ်လည်းဟုတ်တယ်၊ အရီးအေးငှက်ပျောခြံက ကျယ်တယ်ဆိုပေမယ့် ဒေါ်ဂေါင်းရဲ့ခြံနဲ့စာရင် ဘာမှမဟုတ်ဘူးဗျာ၊ ဒေါ်ဂေါင်းခြံက ဟိုးအဝေးကလှမ်းကြည့်ကတည်းက သီးပင်စားပင်တွေနဲ့ တောကြီးတစ်ခုလိုပဲဗျာ၊ ငှက်ပျောပင်တွေဆိုရင် မျက်စိတစ်ဆုံးပေါက်နေသလားမှတ်ရတယ်။

ဒေါ်ဂေါင်းခြံထဲကို လှည်းဝင်လိုက်တာနဲ့ စိမ့်ခနဲအေးသွားတယ်ဗျာ၊ ခြံထဲကိုလှည်းနဲ့တော်တော်ကြာအောင်ဖြတ်ရသေးတယ်၊ ခြံအလယ်လောက်ရောက်တော့မှ ခြေတံရှည်သစ်သားအိမ်ကြီးတစ်အိမ်တွေ့လိုက်ရတယ်။ အိမ်အောက်မှာလည်း လူတွေအများကြီးရောက်နေတယ်၊ ကျုပ်တို့လှည်းရပ်လိုက်တော့ လူတွေက ကျုပ်တို့ကိုဝိုင်းကြည့်ကြတယ်။

ကိုတိုးတက်က လှည်းကိုတစ်နေရာမှာ သွားကပ်ရပ်လိုက်တော့ ကျုပ်လည်း လှည်းပေါ်ကခုန်ဆင်းပြီးအိမ်ဆီကိုပြေးလာခဲ့လိုက်တယ်၊ အိမ်အောက်မှာထိုင်ပြီးစကားပြောနေကြတဲ့လူတွေကိုကြည့်ရင်း

“ဟိုလေ ဒေါ်ဂေါင်းရှိသလားမသိဘူး”

ဒီလူတွေက ကျုပ်ကိုပြူးကြောင်ပြီးကြည့်နေကြတယ်။ အဒေါ်ကြီးတစ်ယောက်က အိမ်ပေါ်ကိုမေးငေါ့ပြတာနဲ့ ကျုပ်လည်း အိမ်ပေါ်ကိုပြေးတက်လာခဲ့လိုက်တယ်၊ အိမ်ပေါ်မှာလည်း လူတွေတော်တော်များများရှိနေတယ်ဗျ၊ သူ့အစုနဲ့သူထိုင်ပြီး စကားတွေပြောနေကြတာ၊ ကျုပ်က အဲဒီလူတွေကိုကြည့်ရင်း

“ဟိုလေ ဒီထဲမှာ ဒေါ်ဂေါင်းဆိုတာဘယ်သူလဲ”

အားလုံးက ကျုပ်ကိုဝိုင်းကြည့်ကြပြန်တယ်။ အဘကြီးတစ်ယောက်က ဘုရားခန်းရှေ့မှာ လှဲအိပ်နေတဲ့မိန်းမကြီးတစ်ယောက်ကို လက်ညှိုးထိုးပြပြီးတော့

“အဲဒါ ဒေါ်ဂေါင်းပေါ့ ကောင်လေးရဲ့၊ နေစမ်းပါအုံး မင်းကဘာကိစ္စရှိလို့လာခဲ့တာလဲ”

“ဒေါ်ဂေါင်းဆီက ငှက်ပျောသီးနဲ့ အုန်းသီးတွေဝယ်ဖို့လာခဲ့တာပါ”

“ဒါဆိုရင်တော့ ပြန်လိုက်တာကောင်းမယ်ထင်တယ်ကောင်လေး၊ ဒေါ်ဂေါင်းက နေမကောင်းဘူးကွ”

ကျုပ်လှမ်းကြည့်လိုက်တော့ ဒေါ်ဂေါင်းက အညာစောင်ကြားကြီးကို ခေါင်းမြှီးခြုံပြီးတော့ တစ်ဖက်လှည့်ပြီးလှဲအိပ်နေတယ်။ ကျုပ်လည်းသိချင်သွားတာနဲ့

“ဒေါ်ဂေါင်းက ဘာရောဂါဖြစ်နေတာလဲ”

အဘကြီးက ခေါင်းခါပြတယ်၊ ဒီအချိန် အိမ်ရှေ့ကိုလှည်းတစ်စီးဆိုက်လာတယ်၊ လှည်းပေါ်က လူသုံးလေးယောက်ဆင်းလာပြီး

“ဆရာလေးကြွလာပြီဟေ့၊ လမ်းရှင်းထားကြစမ်း”

လှေကားအတက်မှာရပ်နေတဲ့ကျုပ်တောင်လမ်းဖယ်ပေးလိုက်ရတယ်၊ ဆရာကြွလာတယ်ဆိုတော့ အိမ်ပေါ်ကလူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်၊ လူတစ်ယောက်က လေးထောင့်လက်ဆွဲသေတ္တာကလေးတစ်လုံးကိုဆွဲပြီးတက်လာတယ်၊ အဲဒီလူအနောက်က ရှပ်အင်္ကျီလက်ရှည်ဝတ်ထားတဲ့ လူတစ်ယောက်က တက်လာသဗျာ၊ အဲဒီလူက ဘိုကေဆံပင်ကို ခေါင်းလိမ်းဆီတွေရွှဲနေအောင်လိမ်းထားတယ်၊ သူ့အနားက ရေမွှေးနံ့ကလည်း ထောင်းခနဲပဲဗျာ၊ ဒီလူက လှေကားကနေတက်လာရင်း လှေကားထိပ်မှာရပ်နေတဲ့ကျုပ်ကိုကြည့်လိုက်တယ်။

“ဟာ ရင်မောင်ပါလား”

ကျုပ်အံ့သြသွားမိတယ်၊ ဒီလူက တခြားလူမဟုတ်ဘူးဗျ၊ ဂန့်ဂေါမှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာသောင်းထိုက်ဆိုတဲ့လူပဲ၊ ကျုပ်တို့ဂန့်ဂေါမှာနေတုန်းက မိသားစုဆရာဝန်လိုဖြစ်နေတဲ့သူပေါ့ဗျာ၊ တစ်ခုခုဆိုရင် ဒေါက်တာသောင်းထိုက်နဲ့ပဲ ကုရတယ်မဟုတ်လား၊ အမေကလည်း ကျန်းမာရေးအတော်မကောင်းဖြစ်ခဲ့တာဆိုတော့ ဒေါက်တာသောင်းထိုက်နဲ့ ကျုပ်တို့နဲ့က မိသားစုဝင်တွေလို ရင်းရင်းနှီးနှီးဖြစ်နေကြတယ်။

“မင်းဒီမှာ ဘာလုပ်နေတာလဲရင်မောင်၊ မင်းအမေရော”

“အမေက ကုန်ကူးသွားနေတယ် ဒေါက်တာ၊ ကျွန်တော်အခု ငှက်ပျောသီးလာဝယ်ရင်း ဒီကိုရောက်လာခဲ့တာ”

ဒေါက်တာသောင်းထိုက်က နွမ်းနွမ်းဖတ်ဖတ်နဲ့ကျုပ်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး စိတ်မကောင်းဖြစ်တဲ့ပုံစံနဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ်ဗျာ၊ ဒီအခါ ခုနက အဘကြီးက ဒေါက်တာသောင်းထိုက်ကိုကြည့်လိုက်ပြီး

“ဆရာလေး၊ လူနာက ဒီမှာပါ”

ဒေါက်တာသောင်းထိုက်က ခေါင်းညိတ်လိုက်ပြီးတော့ ဒေါ်ဂေါင်းအနားမှာသွားထိုင်တယ်၊ ကျုပ်အထင်ကတော့ ဒေါ်ဂေါင်းရောဂါသည်းနေလို့ ဂန့်ဂေါက ဒေါက်တာသောင်းထိုက်ကိုပင့်ပြီး ကုတယ်ထင်တာပါပဲ၊ ဒေါက်တာသောင်းထိုက်က သူ့လက်ဆွဲသေတ္တာထဲက နားကြပ်တွေ၊ သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာတွေထုတ်ပြီးတော့ အသင့်ပြင်လိုက်တယ်။ နောက်တော့ အဘကြီးဘက်ကိုလှည့်ပြီး

“လူနာက ဘာဖြစ်တာလဲ”

ဒီအချိန် ဘေးနားက မိန်းကလေးတစ်ဦးက

“ဒေါ်ကြီးက မစားချင်မသောက်ချင်ဘဲ လေတွေအန်အန်နေတာ သုံးရက်လောက်ရှိပါပြီ ဆရာလေး၊ ဒီမနက်ကျတော့ ဗိုက်ထဲက အောင့်တယ် အောင့်တယ်ဆိုပြီး လဲခွေကျသွားတာပါပဲ”

ဒေါက်တာသောင်းထိုက်က ခေါင်းညိတ်လိုက်ပြီး

“အစာမစားဘူးဆိုတော့ လေခိုနေတာများလား၊ ဒါမှမဟုတ် အစာအိမ်ပဲဖြစ်ချင်တာလား”

ဒေါက်တာသောင်းထိုက်က နားကြပ်ကလေးကိုင်ပြီးတော့ တစ်ဖက်လှည့်အိပ်နေတဲ့ ဒေါ်ဂေါင်းကိုတစ်ချက်လှုပ်နှိုးလိုက်ရင်း

“ကျုပ်တစ်ချက်စမ်းကြည့်မယ်နော်”

ဒေါ်ဂေါင်းက မလှုပ်မယှက်ဖြစ်နေတယ်ဗျာ၊ ဒေါက်တာသောင်းထိုက်က ဒေါ်ဂေါင်းကိုတစ်ဖက်ဆွဲလှည့်လိုက်တယ်၊ ခြုံထားတဲ့စောင်ကြီးကိုလှန်လိုက်တော့ ဒေါ်ဂေါင်းရဲ့ရုပ်က ပါးချောင်နားချောင်တွေကျပြီးတော့ ကမ္မဌာန်းရုပ်ကြီးဖြစ်နေတယ်။ မျက်လုံးက ပြူးထွက်ပြီးတော့ ကလယ်ကလယ်နဲ့လိုက်ကြည့်နေတယ်၊ ဒေါက်တာသောင်းထိုက်က အဖျားတိုင်းတဲ့ သာမိုမီတာဖန်ချောင်းကလေးကို ဒေါ်ဂေါင်းပါးစပ်ထဲထိုးထည့်လိုက်တယ်၊ နောက်တော့ သွေးပေါင်ချိန်တိုင်းတဲ့စက်ကို ဒေါ်ဂေါင်းလက်မောင်းမှာ ပတ်လိုက်ပြန်တယ်၊ ဒေါ်ဂေါင်းလက်မောင်းက ပိန်ပိန်သေးသေးကလေးပဲကျန်တော့တယ်ဗျာ။

“လူနာထမင်းမစားတာ ဘယ်နှရက်လောက်ရှိပြီလဲ”

ဒေါ်ဂေါင်းတူမက

“သုံးရက် လေးရက်လောက်ပဲရှိမယ်ထင်တယ်”

“မဟုတ်ဘူးနော်၊ လူနာရဲ့ပုံစံက သုံးလေးရက်ထမင်းမစားတဲ့ပုံစံမဟုတ်ဘူး၊ တစ်လလောက်မစားထားသလိုပဲ”

“မဟုတ်ပါဘူးဆရာလေးရယ်၊ ဒေါ်ကြိးက ကျွန်မနဲ့အတူတူနေတာပါ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကအထိ ထမင်းကောင်းကောင်းစားပါသေးတယ်”

ဒေါက်တာသောင်းထိုက်က သွေးပေါင်ချိန်တိုင်းပေမယ့် သွေးကလုံးဝကို တိုင်းလို့မရဘူးဗျာ၊ သုံးလေးခေါက်လောက်တိုင်းပြီးတော့ ဒေါက်တာသောင်းထိုက်တစ်ယောက် ခေါင်းတခါခါနဲ့ဖြစ်နေတယ်။

“လူနာက အရမ်းအားနည်းနေတယ်၊ သွေးပေါင်ချိန်တောင် တိုင်းမရဘူးဖြစ်နေတယ်”

ဒေါက်တာသောင်းထိုက်က တစ်ခါ နားကြပ်နဲ့ ရင်ဘတ်ကိုထောက်တယ်၊ ဟိုနားထောက်လိုက် ဒီနားထောက်လိုက်နဲ့ ကြည့်ရတာ ဒေါက်တာသောင်းထိုက် ပြဿနာတက်နေတဲ့ပုံစံပဲ။ နားကြပ်ကိုလည်ကုပ်မှာချိတ်လိုက်ရင်း

“အသက်ရှူတာလည်းနားထောင်မရ၊ နှလုံးခုန်သံကလည်း တိုးတိုးကလေးဖြစ်နေတယ်၊ ဘာများဖြစ်တာပါလိမ့်”

အဲဒီအချိန်က ဂန့်ဂေါမြို့မှာ ဒေါက်တာသောင်းထိုက်ဆိုတာ နာမည်ကြီးပဲဗျ၊ တစ်မြို့လုံးမှာ သူအတော်ဆုံးဆိုရင်မှားမယ်မထင်ဘူး၊ အခုတော့ အတော်ဆုံးဆိုတဲ့ ဒေါက်တာသောင်းထိုက်တောင်မှ ဒေါ်ဂေါင်းကိုတော်တော်ကြိုးကြိုးစားစားကုနေရပုံထောက်ရင် ဒေါ်ဂေါင်းရောဂါက တော်တော်ကျွမ်းနေလို့ဖြစ်မှာဗျ။

ဒေါက်တာသောင်းထိုက်က ဗိုက်ကိုစမ်းကြည့်ဖို့လုပ်တယ်၊ ဒေါ်ဂေါင်းက တစ်ကိုယ်လုံးပိန်ချုံးနေပေမယ့် ဗိုက်ကြီးကတော့ ပူနေတယ်ဗျာ၊ မသိရင် ရာဘာဘောလုံးကြီးတစ်လုံးလို ပြောင်တင်းနေတာပဲ၊ ဒေါက်တာသောင်းထိုက်က လက်နဲ့ပုတ်တော့ ဘောလုံးကြီးပုတ်သလို တဘုန်းဘုန်းနဲ့အသံတွေမြည်နေတယ်၊ နံဘေးမှာထိုင်နေတဲ့အဘကြီးက

“ဒေါက်တာ၊ ကျုပ်ညီမအခြေအနေ ဘယ်လိုရှိပါသလဲ”

“ကျုပ်အကြောဆေးတစ်လုံးသွင်းပေးလိုက်မယ်၊ လူနာကို ချက်ချင်းဆေးရုံတင်ဖို့လုပ်ကြပါ၊ သူ့ရောဂါကို သေချာစစ်ဆေးပြီးကုသမှရမယ်”

ကျုပ်လည်း ဒေါ်ဂေါင်းကိုငေးကြည့်နေမိတယ်၊ ဒေါ်ဂေါင်းက လူအုပ်ကြားထဲလှည့်ကြည့်ရင်း ကျုပ်ကိုတွေ့တော့ တော်တော်ကြာအောင်စိုက်ကြည့်တယ်ဗျ၊ သူ့အကြည့်က စိမ်းစိမ်းကြီးနဲ့တစ်မျိုးကြီးပဲဗျာ၊ ကျုပ်လည်း ဒေါ်ဂေါင်းကိုပြန်စိုက်ကြည့်ပေးလိုက်တယ်၊ ကျုပ်ကိုစိန်ခေါ်နေသလိုကြည့်နေတာဗျ။

ဒေါက်တာသောင်းထိုက်က ဆေးတစ်လုံးကို ဆေးထိုးအပ်နဲ့စုပ်ယူလိုက်ပြီး ဒေါ်ဂေါင်းလက်ကိုသွေးကြောရှာနေတယ်ဗျာ၊ ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ သွေးကြောရှာမတွေ့ဘူးဖြစ်နေတယ်၊ ဒေါက်တာသောင်းထိုက်လို ကျွမ်းကျင်တဲ့ဆရာဝန်က သွေးကြောရှာမတွေ့ဘူးဆိုတာ ဆန်းတော့ဆန်းနေတယ်၊ တော်တော်ကြာအောင်ရှာလိုက်ရပြီးတော့ နောက်ဆုံး လက်ဖျံနားမှာ သွေးကြောတွေ့သွားတယ်၊ သွေးကြောကို အပ်နဲ့ထိုးလိုက်ပေမယ့် သွေးကြောထဲက သွေးမလိုက်ဘူးဆိုပဲဗျာ။

နောက်ဆုံး ဒေါက်တာသောင်းထိုက် လက်လျှော့လိုက်ရတယ်၊ လူနာကို ဆေးရုံတင်ဖို့ပဲ ပြောနေတယ်၊ ဒေါ်ဂေါင်းရဲ့ အကိုဆိုတဲ့အဘကြီးက မျက်ရည်တွေသုတ်နေရင်း

“ကျုပ်ညီမက ဆေးရုံဆေးခန်းသွားရမှာ သိပ်ကြောက်တာဗျ၊ သူဆေးရုံတက်ချင်မှာမဟုတ်ဘူး”

“မတက်လို့မှ မရတာပဲ ဘကြီးရာ၊ ဆေးရုံမတက်ရင် သူနောက်နေ့တောင်ခံမှာမဟုတ်ဘူး”

“ဆေးရုံတက်ရင်ရော ပြန်ကောင်းလာပါ့မလား ဆရာလေးရယ်”

ဒေါက်တာသောင်းထိုက်က သက်ပြင်းချရင်း

“ဒါတော့ကျုပ်လည်းမပြောတတ်ဘူးဗျာ၊ လူနာအခြေအနေက ငါးဆယ် ငါးဆယ်ပဲ”

“ကျုပ်ကတော့ ကျုပ်ညီမဖြစ်စေချင်တဲ့အတိုင်း သူ့ကိုဆေးရုံမပို့တော့ဘဲ ဒီအိမ်မှာပဲ ခေါင်းချစေချင်တယ်”

“ကျုပ်ကတော့ ဆေးရုံတက်စေချင်တယ်၊ အမှန်အတိုင်းပြောရရင်တော့ လူနာအခြေအနေက အားရစရာမကောင်းဘူး၊ ခင်ဗျားတို့ ဆွေမျိုးသားချင်းတွေ တိုင်တိုင်ပင်ပင်လုပ်ကြပေါ့ဗျာ”

ဒေါက်တာသောင်းထိုက်က ဒေါ်ဂေါင်းကိုလက်လျှော့လိုက်တဲ့ပုံပဲဗျ၊ ဒါပေမယ့် ကျုပ်ကတော့ ဒေါ်ဂေါင်းကိုမသင်္ကာဘူး၊ သူခုနကကြည့်တဲ့အကြည့်တွေကို မသင်္ကာတာ၊ ဒါနဲ့ ကျုပ်က အရှေ့နားကိုတက်သွားလိုက်ပြီး။

“ကျွန်တော့်စိတ်ထင်ကတော့ ဒေါ်ဂေါင်းက သာမန်ဖျားနာတာမဟုတ်ဘဲ ပယောဂဝင်နေတာပဲဖြစ်မယ်ထင်တယ်”

ကျုပ်ဝင်ပြောတော့ ဒေါ်ဂေါင်းအကိုအဘကြီးနဲ့ ဒေါက်တာသောင်းထိုက်က ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်တယ်။

“ရင်မောင်ရာ ပယောဂတို့ဘာတို့ဆိုတာ ခေတ်နောက်ပြန်တဲ့အတွေးအခေါ်တွေပါ”

အဘကြီးဆို ကျုပ်ကိုစိတ်ဆိုးမာန်ဆိုးနဲ့

“ဒီမယ်ကောင်လေး၊ မင်းက ဘာသိလို့ ပယောဂလေးဘာလေးနဲ့ ဝင်ပြောရတာလဲကွ”

လူတွေအားလုံးကလည်း ကျုပ်ကိုဘာလားဆိုပြီးတော့ ကြည့်ကုန်ကြပြီဗျာ၊

“အထင်မလွဲပါနဲ့၊ ကျုပ်က မြင်းဇာရွာက ဘုရားပျံဆရာကြီး ဦးအောင်ရှိန်ရဲ့တပည့်ပါ”

ကျုပ်ပြောလိုက်တော့မှ အားလုံးက ဟာခနဲဟင်ခနဲဖြစ်သွားကြတယ်၊

“ကျုပ်အခု ဒီကိုလာတာ ဆရာဦးအောင်ရှိန်က ကန်တော့ပွဲထိုးဖို့အတွက် ငှက်ပျောသီး၊ အုန်းသီးတွေဝယ်ဖို့ လွှတ်လိုက်လို့လာခဲ့တာပါ”

ကျုပ်က ဦးအောင်ရှိန်ရဲ့တပည့်ဆိုတော့မှ အားလုံးက ဘာမှအထွန့်မတက်ရဲကြတော့ဘူး၊ အဘကြီးက

“ဒီမယ်ကောင်လေး၊ ဒီခေတ်က သိပ္ပံခေတ်ကွ၊ စုန်းတို့ ကဝေတို့ အောက်လမ်းတို့ဆိုတာ လူတွေကြောင်အောင် ခြောက်လှန့်ထားတဲ့အရာပဲ၊ ငါက ဒါတွေကို ယုံလည်းမယုံဘူး၊ လက်လည်းလက်မခံဘူး၊ မင်းပြန်ပါတော့”

“ဒီမယ်အဘ၊ အခု အဘတို့ပင့်လာတဲ့ ခေတ်ပေါ်ဆရာဝန်တောင်မှ မကုသနိုင်လို့ လက်လျှော့လိုက်ပြီမဟုတ်လား၊ လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်ဗျာ၊ အဘကြီးမယုံပေမယ့် ပယောဂတကယ်ဖြစ်နေရင် ဘယ့်နှယ့်လုပ်မလဲ”

ပထမတော့ အဘကြီးက ဇွတ်ငြင်းနေတာဗျ၊ နောက်တော့မှ ဆွေမျိုးသားချင်းတွေက ကျုပ်ပြောတာကိုလက်ခံကြတယ်၊ ဒေါ်ဂေါင်းနဲ့အတူနေတဲ့ တူမဆိုတာကလည်း ပယောဂစစ်ကြည့်ဖို့လက်ခံတယ်။ ဇွတ်ငြင်းနေတဲ့ အဘကြီးကလည်း ဆွေမျိုးတွေဝိုင်းပြောလိုက်တော့မှ ခေါင်းညိတ်သွားတယ်။

“ကောင်းပြီ၊ ပယောဂဆိုတာမှန်ရင် မင်းက ဘုရားပျံဆရာကြီးရဲ့တပည့်ဆိုတော့ မင်းကိုယ်တိုင်ကုပေးရမယ်”

အဘကြီးက ကျုပ်ကိုကြပ်ပြီဗျာ၊ ကျုပ်မှာချွေးစေးတွေပျံလာတယ်၊ အမျိုးတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ပေါ့ဗျာ၊ တစ်ချို့ကတော့ ဆရာဦးအောင်ရှိန်ကိုသွားပင့်ဖို့ပြောတယ်။ အဘကြီးက လူအုပ်ကြားထဲမတ်တပ်ရပ်လိုက်ပြီး

“ဒီမယ်ကောင်လေး၊ မင်းက ငါ့ညီမနေမကောင်းတာကို ကြိုသိပြီးပြီမဟုတ်လား၊ မင်းဆရာက ဒီအိမ်ကိုခရီးသွားဟန်လွဲနဲ့ မင်းကိုလွှတ်လိုက်မယ်၊ ပြီးတော့ လူနာကို မင်းတို့ကုမယ်မဟုတ်လား၊ မင်းတို့အထက်လမ်းဆရာတွေအကြောင်း ငါကောင်းကောင်းကြီးသိပြီးသားပါ၊ လူနာကို ဖိန့်လုံး ခြောက်လုံးတွေနဲ့ ခြောက်လှန့်ပြီး မျက်လှည့်အတတ်တွေနဲ့ လှည့်စားကုသကြတယ်မဟုတ်လား”

“အဘကြီးမယုံရင်နေပါ၊ ဒီလိုတော့မစော်ကားသင့်ပါဘူး”

“ဒီမယ်ကောင်လေး၊ ဒီအိမ်ပေါ်ကို ဘယ်အထက်လမ်းဆရာကိုမှ အတက်မခံနိုင်ဘူး၊ မင်းပါးစပ်က ပယောဂလို့ပြောခဲ့တယ်မဟုတ်လား၊ ဒါဆိုရင် မင်းကိုယ်တိုင်ကုသနိုင်ရမယ်”

ကျုပ်ခေါင်းတွေ ထူပိန်းလာတယ်၊ တကယ်လို့ ကျုပ်သာမကုနိုင်ရင် လူပုံအလယ်မှာအရှက်ကွဲပြီ၊ ဆရာဦးအောင်ရှိန်လည်း သိက္ခာကျမယ်မဟုတ်လား၊ ဒေါက်တာသောင်းထိုက်တောင်မှ ဟုတ်မဟုတ်သိချင်လို့ မပြန်သေးဘဲစောင့်ကြည့်နေတယ်၊ ဒါကြောင့် ကျုပ်မှာ ကုရင်ကောင်းမလား ကုလို့ဖြစ်ပါ့မလားနဲ့ ရင်တွေစိုးထိတ်နေတယ်ဗျာ။

“မင်းမကုနိုင်ဘူးမဟုတ်လား ကောင်လေးရာ၊ မင်း ကိုယ်တိုင်မလုပ်နိုင်တာကို ဘာအာဝင်ချောင်တာလဲ၊ မင်းပြန်တော့”

နောက်ဆုံးတော့ ကျုပ်ခေါင်းညိတ်လိုက်ရတယ်။

“ကုမယ်ဗျာ၊ ကျုပ်ကုပေးမယ်”

အားလုံးရဲ့အကြည့်က ကျုပ်ဆီကိုရောက်လာတယ်၊ ကျုပ်က ဒေါ်ဂေါင်းနားမှာသွားထိုင်လိုက်တော့ ဒေါ်ဂေါင်းက ကျုပ်ကိုစိမ်းစိမ်းကြီးကြည့်ပြီး တဟားဟားနဲ့ရယ်မောနေတယ်ဗျာ။ ကျုပ်သူ့လက်ကို ကိုင်လိုက်တော့ ကျုပ်ကိုဖြောင်းခနဲရိုက်ထည့်လိုက်တာ နာလိုက်တာပြောမနေပါနဲ့။

“ဆရာတဲ့ ဘာဆရာလဲ၊ အာပလာဆရာလား”

သူ့လေသံကြားကတည်းက ကျုပ်ကသိလိုက်ပါပြီ၊ စုန်းတိုက်ခံထားရတာလား အောက်လမ်းတိုက်ခံထားရတာလားလို့ပေါ့၊ ကျုပ်သူ့ကို ဘယ်လိုကုရမလဲဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမိတယ်။

“ကုလေကွာ၊ မင်းပဲပယောဂဆို”

လူတွေက ကျုပ်ကိုဝိုင်းပြောနေကြပြီ၊ ကျုပ်က လက်ထောင်လိုက်ပြီ

“ကုမယ်၊ ကုပါ့မယ်၊ ဒါပေမယ့် ကန်တော့ပွဲတစ်ပွဲတော့လိုတယ်၊ ပယောဂကုတာ ဒီအတိုင်းကုလို့ရမလား”

အိမ်ပေါ်ကလူတွေဆင်းသွားကြပြီးတော့ ငှက်ပျောသုံးဖီး၊ အုန်းသီးတစ်လုံးနဲ့ ကန်တော့ပွဲတစ်ပွဲပြင်ပြီး ကျုပ်အရှေ့ကိုချပေးလိုက်တယ်၊ ကျုပ်ဘာလုပ်မယ်ဆိုတာ ခင်ဗျားတို့ခန့်မှန်းမိကြမယ်ထင်တယ်၊ ဆရာဦးအောင်ရှိန်ကပြောဖူးတယ်လေဗျာ၊ ကန်တော့ပွဲဆိုတာ ကိုယ်ရည်စူးတဲ့ပုဂ္ဂိုလ်နဲ့ ဆက်သွယ်နိုင်တဲ့ ပြတင်းပေါက်လို့ဆိုတယ်မဟုတ်လား။ အခုကျုပ်က ပယောဂကုဖို့အတွက် အစွမ်းမရှိပေမယ့် ဆရာဦးအောင်ရှိန်ကို ရည်စူးပြီးတော့ ပွဲအပ်မယ်ဗျာ။ ပြီးတော့ ဆရာဦးအောင်ရှိန်ရဲ့ပညာစွမ်းကိုယူပြီး ကုကြည့်မယ်လို့စိတ်ကူးတယ်၊ ဒါနောက်ဆုံးအကြံအစည်ပေါ့ဗျာ။ အကြံကုန် ဂဠုန်ဆားချက်တာပေါ့။

ပွဲတွေဘာတွေ ဘယ်လိုအပ်သလဲဆိုတာ ကျုပ်မသိပါဘူးဗျာ၊ ဒီအတိုင်းပွဲကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီးတော့ စိတ်ထဲကနေ ဆရာကြီးဦးအောင်ရှိန်မျက်နှာကိုမြင်ယောင်ပြီးတော့ တ,လိုက်မိတယ်၊ ပါးစပ်ကနေလည်း ခပ်တိုးတိုးကလေးနဲ့

“ဆရာကြီး၊ ကျွန်တော့်ကိုကယ်ပါ၊ ဆရာကြီးရဲ့အစွမ်းတွေပေးသနားပါ၊ ဆရာကြီးမကယ်ရင် ကျွန်တော်ရော ဆရာကြီးရော သိက္ခာကျပြီဗျ”

ကျုပ်ရေရွတ်လိုက်တဲ့အချိန်မှာပဲ ကျုပ်နားထဲကနေ အေး ဆိုတဲ့အသံပြတ်ကြီးတစ်ခုကိုကြားလိုက်ရတယ်၊ အသံကတော့ ဆရာဦးအောင်ရှိန်အသံပဲဗျာ၊ ကျုပ်ဖြင့် နံဘေးများရောက်လာသလားဆိုပြီး ဘေးဘီကိုတစ်ချက်ဝဲကြည့်မိတယ်၊ ဆရာကြီးတော့မရောက်လာပေမယ့် သူ့အသံကြားရပုံထောက်တော့ ကျုပ်ပြောတာကို ဆရာကြီးကြားသွားသလိုပဲ။

ကျုပ်က ဒေါ်ဂေါင်းကြီးကို မဝံ့မရဲနဲ့လက်ညှိုးထိုးလိုက်တယ်။

“ကြိုးကိုင်တွေ သူ့ကိုချုပ်စမ်း”

ဆရာဦးအောင်ရှိန်ကုတာတွေကို မြင်နေကြဆိုတော့ သူပြောတဲ့အတိုင်းပြောထည့်လိုက်တယ်၊ ဒီအခါ ဒေါ်ဂေါင်းတစ်ယောက် မျက်နှာပျက်သွားပြီးတော့ ချက်ချင်းငြိမ်ကျသွားတယ်၊ ကျုပ်ပြောတာ တကယ်ဖြစ်နေပြီလားဆိုပြီး ကျုပ်လည်းအံ့သြသွားမိတယ်။

“ကဲ သူ့ကိုထူစမ်း”

ကျုပ်မဝံ့မရဲနဲ့ထပ်ပြောလိုက်တယ်၊ ဒီအခါ လှဲအိပ်နေတဲ့ ဒေါ်ဂေါင်းကို လူနှစ်ယောက်က ချိုင်းကြားကနေဆွဲထူလိုက်သလိုမျိုး ဝုန်းခနဲကောက်ထတယ်ဗျာ၊ ဒေါ်ဂေါင်းက မတ်တပ်ကြီးဖြစ်သွားတယ်၊ မတ်တပ်ဆိုပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နေတဲ့ပုံစံံမဟုတ်ဘူးဗျာ၊ ချိုင်းကနေဆွဲမထားသလို တွဲလောင်းကြီးဗျ၊ ကျုပ်အစွမ်းတွေရတာ သေချာသွားပါပြီ။

“ထိုင်စမ်း၊ ဖျာပေါ်မှာ အေးအေးဆေးဆေးထိုင် ငါ့ကိုမခန့်လေးစားမလုပ်နဲ့”

ကျုပ်က ဆရာပုံစံနဲ့ လှိမ့်ဟောက်တာပေါ့ဗျာ၊ ဒေါ်ဂေါင်းက ထိုင်တော့ထိုင်တယ်၊ ဒါပေမယ့် ဒူးတစ်ဖက်ထောင် ဒူးတစ်ဖက်လှဲပုံစံနဲ့ထိုင်တာ၊ ကျုပ်ကိုလည်း ကြည့်ပြီး တဟင်းဟင်းနဲ့ရယ်နေသေးတယ်။

“ငါ့ကို ငယ်သေးတယ်ဆိုပြီး မခန့်လေးစားမလုပ်နဲ့၊ သေသေချာချာထိုင်စမ်း”

“မထိုင်ဘူး၊ လုံးဝမထိုင်ဘူးဟေ့”

“မထိုင်ရင် ထိုင်အောင်လုပ်ရမှာပေါ့၊ ကြိမ်ပိုင်တွေ ဒင်းကို ကျောတစ်ရာ၊ ရင်တစ်ရာ ကြိမ်နဲ့ရိုက်ကြစမ်း”

ကျုပ်ပြောလိုက်တဲ့အခါ ဒေါ်ဂေါင်းက အရှေ့ကိုယိမ်းသွားလိုက် အနောက်ကိုယိမ်းသွားလိုက်နဲ့ဖြစ်နေတယ်ဗျာ၊ ပါးစပ်ကလည်း နာလွန်းလို့ အော်မိအော်ရာတွေ အော်နေတယ်၊ လေးငါးဆယ်ချက်လောက်ရိုက်ပြီးတဲ့အခါမှာ

“ကြောက်ပါပြီ ဖုတ်ဆရာကလေးရယ်၊ ရပ်ပါတော့”

ကျုပ်က ကြိမ်ပိုင်တွေကို ရပ်ဖို့အမိန့်ပေးလိုက်တယ်၊ ဒေါ်ဂေါင်းတစ်ယောက် ဖျာပေါ်မှာဒူးတုပ်ပြီးထိုင်တယ်။

“ငါ့ကို ဖုတ်ဆရာလေးလို့ခေါ်တယ်ဆိုတော့ နင်ငါ့အကြောင်းသိပြီးပြီမဟုတ်လား၊ နင်က စုန်းမမဟုတ်လား”

“ဟုတ်ပါတယ်ဆရာလေး”

“ပြောစမ်း၊ နင်သူ့ကိုဘာလို့လုပ်တာလဲ”

“လူတစ်ယောက်က ငွေပေးပြီးအသေလုပ်ခိုင်းလို့ ဘေလုံးထည့်လိုက်တာပါ”

“ဘယ်သူလုပ်ခိုင်းတာလဲ၊ သူကဘာဖြစ်လို့လုပ်ခိုင်းတာလဲ”

ဒေါ်ဂေါင်းက မျက်စိမျက်နှာတွေပျက်နေတယ်။

“ဒါတော့ မပြောပါရစေနဲ့ဆရာလေးရယ်”

ကျုပ်ကလည်း လူတွေရှေ့မှာ ပညာပြချင်တာနဲ့

“အောင်မယ် ငါ့များလာပြီးထိန်ချန်နေသေးတယ်၊ နင်ပြောမလား၊ အသားအနာခံမလား”

ဒေါ်ဂေါင်းက ပါးစပ်ပိတ်ပြီးကျုပ်ကိုတွေတွေကြီးစိုက်ကြည့်နေတယ်၊

“ငါ့ကိုလာပြီး အာခံနေသေးတယ်၊ လှံပိုင်တွေ သူ့ရင်ဝကို လှံနဲ့အချက်တစ်ရာထိုးလိုက်ကြစမ်း”

ကျုပ်အမိန့်ပေးလိုက်တော့မှ ဒေါ်ဂေါင်းက လက်ကာပြပြီး

“ပြောဆိုပြောပါ့မယ် ဆရာလေးရယ်၊ အဲဒီလှံကြီးနဲ့တော့မလုပ်ပါနဲ့”

ကျုပ်က ပေါင်ပေါ်လက်တင်လိုက်ပြီး ဆရာတစ်ယောက်ပုံစံနဲ့

“ဒါဆိုရင်ပြော၊ ဘယ်သူလုပ်ခိုင်းတာလဲ”

ဒေါ်ဂေါင်းက အနားမှာထိုင်နေတဲ့ အဘကြီးကိုလက်ညှိုးထိုးပြီးတော့

“သူလုပ်ခိုင်းတာပါ၊ သူ့ညီမကို သေအောင်သတ်ပေးရင် ငါးရာပေးမယ်ပြောပါတယ်”

အဘကြီးက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့

“ဟဲ့ စုန်းမ၊ နင်ဘာတွေလျှောက်ပြောနေတာလဲ၊ ငါက ငါ့ညီမကိုဘာဖြစ်လို့ တိုက်ရမှာလဲဟဲ့”

ကျုပ်က ဒေါ်ဂေါင်းကိုကြည့်လိုက်ရင်း

“ဟဲ့စုန်းမ၊ နင်မဟုတ်တာတွေမပြောနဲ့၊ ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့နော်၊ ငါ့ကိုလိမ်ရင် နင်ဘာဖြစ်သွားမယ်ထင်သလဲ၊ ကဲ လှံပိုင်တို့ . . .”

“ဟိုလေ ကျွန်မ မလိမ်ဝံ့ပါဘူးဆရာလေး၊ ကျွန်မကို ငွေနှစ်ရာ့ငါးဆယ်ပေးပြီး ဒေါ်ဂောင်းကိုအသေသတ်ခိုင်းတာ အဲဒီလူကြီးပါပဲ၊ သူနဲ့ဒေါ်ဂေါင်းက ဒီခြံကြီးကိုတစ်ယောက်တစ်ဝက်ပိုင်တယ်ဆိုပြီးတော့ အငြင်းပွားရင်း အမွေမှုနဲ့ ဂန့်ဂေါတရားရုံးမှာ တရားတဘောင်တောင် ဖြစ်လိုက်ကြပါသေးတယ်”

ဒေါ်ဂေါင်းပြောတော့ ဆွေမျိုးတွေအားလုံးက အဘကြီးကိုဝိုင်းကြည့်ကြတယ်၊ ဟိုလူကြီးလည်း ငြင်းလို့မရတော့ဘူးဗျာ၊ မျက်နှာကလည်း အတော်ပျက်နေပြီ၊ ဒေါ်ဂေါင်းတူမက အဘကြီးကိုကြည့်ပြီးတော့

“အဖေ၊ အဖေဘာဖြစ်လို့ ဒေါ်လေးအပေါ်လုပ်ရက်တာလဲ”

“အဖေရှင်းပြပါရစေအုံး သမီးရာ”

“သူပြောတာ တကယ်ဆိုရင် အဖေက တော်တော်ယုတ်မာတဲ့သူပဲ”

ဆွေမျိုးတွေက ဝိုင်းပြောကြတာနဲ့ အဘကြီးက အိမ်ပေါ်ကနေဆင်းပြေးပါရောလားဗျာ။

“ကဲစုန်းမ၊ နင်လုပ်ထားတာတွေ အခုပြန်နှုတ်၊ နောက်နောင် ဒီလိုအသံငါမကြားချင်ဘူး၊ ဒေါ်ဂေါင်းတစ်ခုခုဖြစ်တာနဲ့ နင်နာပြီမှတ်”

ထိုင်နေရင်းနဲ့ ဒေါ်ဂေါင်းတစ်ယောက် နတ်ပူးသလိုတုန်ယင်လာတယ်၊ နောက်တော့ ပါးစပ်က မြုံစိမြုံစိဖြစ်လာတယ်ဗျာ၊ အနားကလူတွေက ထွေးခံထိုးထည့်ပေးလိုက်တော့ ထွေးခံထဲကို မည်းမည်းအရည်ကြီးတွေ တဝေါ့ဝေါ့နဲ့အန်ချတယ်၊ အဲဒီမည်းမည်းအရည်ကြီးတွေက ပုပ်စော်နံလိုက်တာပြောမနေပါနဲ့ဗျာ၊ အန်လို့လည်းပြီးရော ဒေါ်ဂေါင်းတစ်ယောက် လဲကျသွားတော့တယ်၊ သတိတော့မလစ်ဘူးဗျ၊ ပြူးတူးကြောင်တောင်နဲ့ကြည့်နေရင်း သူ့ကိုယ်သူဘာဖြစ်သွားမှန်းမသိဘဲ တခြားလူတွေကို မေးမြန်းနေတယ်၊ ကျုပ်က သူ့ကိုကုပေးလိုက်တာသိတော့ ဒေါ်ဂေါင်းက ကျုပ်ကိုကန်တော့ပါရောဗျာ၊ သူများကန်တော့ခံရတဲ့အရသာက တစ်မျိုးပဲဗျ၊ ဘယ်လိုပြောရမလဲမသိပါဘူး။

ဖြစ်ကြောင်းကုန်စင်သိသွားတော့ ဒေါ်ဂေါင်းက သူနဲ့အတူနေတဲ့ တူမကိုနှင်လွှတ်လိုက်တယ်၊ ဒေါ်ဂေါင်းနဲ့ သူ့အကိုက ဘိုးဘွားပိုင်ခြံကြီးကိုအမွေခွဲလိုမှုနဲ့ အမှုအခင်းဖြစ်တာ သုံးနှစ်လောက်ရှိပြီတဲ့ဗျာ၊ အဲဒီအမှုမှာ ဒေါ်ဂေါင်းနိုင်သွားတယ်၊ ဒါကိုမကျေနပ်လို့ အကိုဖြစ်သူက ဒေါ်ဂေါင်းသေအောင်လုပ်ပြီး ဒီခြံကိုလက်ဝါးကြီးအုပ်ဖို့ ကြိုးစားတဲ့သဘောပဲဗျာ၊ ဒါတွေကို အယုံအကြည်မရှိတဲ့ ဒေါက်တာသောင်းထိုက်ဆိုရင် ပါးစပ်အဟောင်းသားနဲ့ ကျုပ်ကိုကြည့်နေတယ်၊ သူ့အကြည့်က ကျုပ်ကိုမယုံကြည်နိုင်လောက်အောင် အထင်ကြီးသွားတဲ့အကြည့်နဲ့ ကြည့်နေတာဗျာ၊

ဒေါ်ဂေါင်းသတိရလာတော့မှ သွေးပေါင်ချိန်တိုင်းလို့ရတယ်၊ အားဆေးသွင်းလို့ရသွားတော့တယ်။ ဒေါက်တာသောင်းထိုက်က သူပြန်ခါနီးမှာ ကျုပ်ပုခုံးကိုပုတ်ပြီးတော့

“မင်းကိုဒီလောက်တတ်နေလိမ့်မယ်လို့ ငါထင်မထားဘူးရင်မောင်၊ အရင်တုန်းက ငါဒီလိုအရာတွေကို အယုံအကြည်မရှိပေမယ့် အခုမျက်မြင်တွေ့လိုက်ရတော့မှ နည်းနည်းယုံချင်သလိုဖြစ်သွားပါပြီကွာ၊ မင်းသေသေချာချာကြိုးစားပါရင်မောင်ရာ”

ဒေါက်တာသောင်းထိုက်က ပြန်သွားတော့တယ်၊ ဒေါ်ဂေါင်းက ကျုပ်လာရင်းကိစ္စကိုသိသွားတဲ့အခါ လိုအပ်တဲ့ ငှက်ပျောသီးတွေရော အုန်းသီးတွေကိုပါ အလကားပေးလိုက်တယ်ဗျာ၊ ကျုပ်ကိုကန်တော့တဲ့အနေနဲ့ ငွေတစ်ရာတောင်မှ ပေးလိုက်သေးတယ်။ ကျုပ်မယူပါဘူး အတန်တန်ငြင်းပါသေးတယ်၊ သူက အတင်းပေးနေတာနဲ့ ဘုရားကန်တော့ဖို့ ငွေရပြီဆိုပြီး ယူလာခဲ့လိုက်ရတယ်။

ြုခံထဲရောက်တော့ ဆရာဦးအောင်ရှိန်က ဝါးလုံးပိုင်းကြီးကိုင်ပြီးစောင့်နေတယ်။ ကျုပ်ဝမ်းသာအားရနဲ့ လှည်းပေါ်ကဆင်းလိုက်တော့ ဆရာဦးအောင်ရှိန်က ခါးထောက်ရင်း

“ရင်မောင်၊ မင်းမှားတယ်၊ မင်းသိပ်ကိုမှားတယ်”

“ကျွန်တော်ဘာမှားလို့လဲဆရာကြီး”

“တို့ဆရာတွေဆိုတာ လူနာကိုကုတဲ့အခါ လူမှုရေးအရ ပြဿနာတွေမဖြစ်အောင် အတတ်နိုင်ဆုံးထိန်းရတယ်ကွ၊ ဆရာတွေရဲ့ အရေးအကြီးဆုံးအလုပ်က လူနာခံစားနေရတဲ့ ပယောဂအတိုက်တွေကို ထုတ်ပေးဖို့ပဲ၊ ကျန်တဲ့လူမှုရေး ပြဿနာတွေမှာ ဝင်ပါစရာမလိုဘူး”

“ဆရာကြီးပြောတာ ကျွန်တော်နားမလည်ဘူး”

“ဒီလိုကွ၊ မင်းအခု စုန်းမကိုနှိပ်စက်ပြီး ဘယ်သူလုပ်ခိုင်းတာလဲဆိုတာကို အတင်းပြောခိုင်းတော့ စုန်းမက ပြောရတယ်မဟုတ်ဘူးလား၊ စုန်းမက မကွယ်မဝှက်ဘဲ ပြောလိုက်တော့ သူတို့ဆွေမျိုးသားချင်းတွေကြားမှာ အမုန်းတရားတွေကို တိုးပွားစေတယ်မဟုတ်လား”

“ဒါပေမယ့် အဲဒါအမှန်တရားပဲလေဆရာကြီး”

“ငါပြောပြီးပြီမဟုတ်လား၊ မှန်တာ မှားတာက သူတို့ကိစ္စပဲ ငါတို့အလုပ်က ပယောဂထုတ်ဖို့ပဲ၊ ပယောဂထုတ်ပြီးရင် ဘယ်သူလုပ်တယ်ဆိုတာ သိနေတယ်ဆိုရင်တောင် နောက်မလုပ်ဖို့ ပြောရုံပဲ၊ လူနာက ဘယ်သူလုပ်တယ်ဆိုတာ သိချင်တယ်ဆိုရင်တောင်မှ ရိပ်ဖမ်းသံဖမ်းလောက်ပဲ ပြောရမှာကွ၊ အခုတော့ မင်းကြောင့်သူတို့စိတ်ဝမ်းကွဲသွားပြီ၊ ဒေါ်ဂေါင်းနဲ့သူ့အကိုနဲ့ ဒီတစ်သက်တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပါတော့မလားကွ”

“ကျွန်တော်နားလည်ပါပြီဆရာကြီး”

“ဆရာဆိုတာ ကုသတတ်ရုံနဲ့တင်မပြီးသေးဘူးကွ၊ ကိုယ့်ကြောင့် ပြဿနာကြီးတွေ မဖြစ်အောင်လည်း ထိန်းရသေးတယ်၊ မင်းကဆရာပါးမဝသေးဘူးရင်မောင်၊ ငါက မကောင်းတတ်လို့ မင်းကိုပညာအစွမ်းတွေ ခဏပေးလိုက်တာကွ၊ အခုမင်းအပြစ်မင်းသိပြီမဟုတ်လား”

“သိပါပြီဆရာကြီး”

“ဒါဆိုဟိုဘက်လှည့်၊ ဒီအဖြစ်ကို နောင်ခေါင်းထဲစွဲသွားအောင်လို့ မင်းကိုနာနာကလေးဆုံးမပေးရမယ်”

ကျုပ်ထွက်မပြေးတော့ပါဘူးဗျာ၊ ဟိုဘက်ကိုလှည့်ပေးလိုက်ပြီး ပုဆိုးစကိုအရှေ့နားကနေစုကိုင်ပေးထားလိုက်ရတယ်။

“ငါ့ဘဝမှာ ဘယ်တပည့်ကိုမှ ဒေါသတကြီးနဲ့ အသားနာပါစေတော့ဆိုပြီး ရိုက်နှက်ခဲ့တာမျိုးမရှိဘူးရင်မောင်၊ ဒါကိုမင်းနားလည်ရမယ်”

“နားလည်ပါတယ်ဆရာကြီး၊ ကျွန်တော်မှားတာများပါပြီ”

“စုန်းမတွေကို ညှင်းပန်းလိုက်တာက ဘာမှအရေးမကြီးပေမယ့်၊ ကိုယ့်ကြောင့် ပြဿနာကြီးဖြစ်သွားတာက အများကြီးအရေးကြီးတယ်ရင်မောင်၊ နောက်ဆို မင်းမြဲမြဲမှတ်ထားပါ”

ဆရာဦးအောင်ရှိန်က ဝါးလုံးပိုင်းကိုလွှဲပြီး ကျုပ်တင်ပါးကို ဝုန်းခနဲရိုက်ထည့်လိုက်တယ်ဗျာ၊ ကျုပ်တင်ပါးတွေနာသွားတယ်ဆိုပေမယ့် ကျုပ်စိတ်ထဲမှာတော့ လုံးဝကိုမနာပါဘူး၊ မနာတဲ့အပြင် ဆရာဦးအောင်ရှိန်ရဲ့ စိတ်ဓါတ်အရင်းခံကိုသိလိုက်ရလို့ ကျုပ်ပိုပြီးတောင် ကျေနပ်မိသွားပါသေးတယ်၊ ဆရာကြီးက လူတစ်ဖက်သားကို ရိုက်စရာမလိုရင် အကြောင်းမဲ့မရိုက်ဘူးဆိုတာသိသွားပါပြီ၊ ကျုပ်အပြစ်ကိုကျုပ်သိပါတယ်၊ အရင်ဆရာကြီးတပည့်တွေက သူတို့ကိုရိုက်လို့ဆိုပြီး ဆရာကြီးဆီကနေ ထွက်ခွာသွားကြပေမယ့် ကျုပ်ကတော့ ထွက်သွားဖို့စိတ်ကူးမရှိတော့ပါဘူး၊ နောက်နောင် ဆရာကြီးကျုပ်ကိုရိုက်မယ်ဆိုရင်လည်း ကျုပ်ပျော်ပျော်ကြီးကို အရိုက်ခံပါတော့မယ်ဗျာ။