ဘုရားပျံဦးအောင်ရှိန်နှင့် အပျိုစုန်း
အတွဲ(၂) စာစဉ် (၁၁)
(၁)
ဆရာကြီးအိမ်ကနေ ပြန်လာပြီး အိမ်ထဲဝင်လိုက်တော့ အမေနဲ့ ကြီးကြီးသန်းက တကြိတ်ကြိတ်နဲ့ဘာတွေပြောနေမှန်းမသိဘူး၊ ကျုပ်လည်း စိတ်ဝင်စားတာနဲ့ အမေရှိတဲ့မီးဖိုခန်းထဲဝင်လာခဲ့လိုက်တယ်။
“ဟုတ်ပါ့မလား မမသန်းရဲ့”
“ဟုတ်ပါတယ်ဆို ညီမရယ်၊ အဲဒါ နတ်ထိန်းကိုသွားမေးတော့ ရွာသူဖမ်းစားတာလို့ပြောတာပဲ၊ ထမင်းတစ်ပွဲကြက်တစ်ကောင်နဲ့ ရွာစာချပေးရမယ်တဲ့”
ကြီးကြီးသန်းပြောတာကြားတော့ ကျုပ်လည်းစိတ်ဝင်စားသွားတယ်။
“ကြီးကြီးသန်း ဘာတွေပြောနေတာလဲ”
“ဟိုလေ ခြေရင်းအိမ်က အောင်ဒွေးကိုနင်သိတယ်မဟုတ်လား ရင်မောင်”
“သြော်၊ အောင်ဒွေးဆိုတာ ကတုံးနဲ့ကောင်လေးကိုပြောတာမဟုတ်လား”
“ဟုတ်တယ်၊ သူ့ကို စုန်းကပြုစားထားလို့တဲ့ ရင်မောင်ရဲ့”
“ခြေရင်းအိမ်ဖြစ်တာဆိုတော့ လူမှုရေးအရသွားရမယ်ထင်တယ် မမသန်းရေ၊ ပြီးတော့ ကျွန်မလည်း ဒါမျိုးတစ်ခါမှမမြင်ဖူးဘူး”
“စိတ်ဝင်စားရင် သွားကြမယ်၊ လူတွေတော့ သိပ်မသိစေနဲ့နော်”
ကြီးကြီးသန်းနဲ့ အမေရဲ့အနောက်က ကျုပ်လည်း မသိမသာကလေးလိုက်လာခဲ့တယ်၊ ခြေရင်းအိမ်ကိုသွားတာတောင်မှ အိမ်ရှေ့ဘက်က မဝင်ဘဲ အိမ်နောက်ဖေးဘက်ခြံစည်းရိုးဖြဲပြီး အသာဝင်သွားကြတယ်၊ အောင်ဒွေးတို့အိမ်မှာလည်း သူတို့ဆွေမျိုးတွေက ရုံးစု ရုံးစုဖြစ်နေတယ်၊ အောင်ဒွေးဆိုတဲ့ကောင်လေးက မီးဖိုချောင်ထဲမှာ ငုတ်တုတ်ကလေးထိုင်ပြီးတော့ အော်ငိုနေတယ်ဗျ၊ သိပ်မကြာဘူး အဘွားကြီးတစ်ယောက်ရောက်လာတယ်။
“ဟဲ့ ဘာဖြစ်တာလဲ”
“အောင်ဒွေးကို ရွာသူပြုစားထားလို့ ကြက်တစ်ကောင်နဲ့ထမင်းတစ်လုံးကို ရွာစာချပေးရမယ်တဲ့ အဘွားနွဲ့ရေ”
“အေးအေး၊ နင်တို့က မဆင်မခြင်လုပ်တာကိုးဟဲ့၊ ကလေးက ဘာဖြစ်နေတာလဲ”
အောင်ဒွေးဘောင်းဘီကိုလှန်ပြလိုက်တော့မှ ဒီကောင်လေးရဲ့ ကပ်ပယ်အိတ်က ထန်းသီးလုံးကြီးလို ပြူးထွက်နေတာဗျာ၊ သွေးကြောကြီးတွေကလည်း ရဲနေတာပဲ၊ ကပ်ပယ်အိတ်ရောင်နေတာဖြစ်မယ်ဗျ။ အဘွားနွဲ့က ကပ်ပယ်အိတ်ကိုထိလိုက်တော့ အောင်ဒွေးမှာ အော်လိုက်တာ ငယ်သံကိုပါနေတာပဲဗျာ။
“ငါ့ကိုဆန်တစ်ပြည်နဲ့ ငွေတစ်မတ်ပေးစမ်း”
အိမ်ကလူတွေက အဘွားနွဲ့ဆိုတဲ့လူကြီးကို ဆန်တစ်ပြည်ငွေတစ်မတ်ပေးလိုက်တော့ အဘွားနွဲ့က အဲဒီဆန်ခွက်ကိုလှမ်းယူလိုက်ပြီး တစ်မတ်စေ့ကို ဆန်ပုံအပေါ်မှာ ထောင်ပြီးတင်လိုက်တယ်။ ဆန်ခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး
“အရှင်ကြီး အရှင်မကြီးတို့ကို တောင်းပန်ပါတယ်၊ အရှင်ကြီးတို့ အလိုရှိသလိုဆောင်ရွက်ကျွေးပေးပါ့မယ်၊ ကလေးအား မနာမကျင်ရအောင် စောင့်ရှောက်ပေးတော်မူပါ”
အဘွားနွဲ့က ဆန်ခွက်ကို သုံးလေးချက်လောက် တဂွပ်ဂွပ်နဲ့ဆောင့်ချလိုက်တော့ အောင်ဒွေးတစ်ယောက် ငိုနေတာ နည်းနည်းရပ်သွားတယ်ဗျ၊ အဲဒါ သူတို့အရပ်အခေါ်အရ ကိုးတယ်လို့ခေါ်ကြတယ်ဆိုပဲ၊ နောက်တော့ အိမ်ကြက်တစ်ကောင်ကိုသတ်ပြီး ချက်ပြုတ်ဖို့ပြင်တယ်၊ ကျုပ်က မနေနိုင်တာနဲ့။
“စုန်းပြုစားတယ်ဆိုရင် ဒီရွာမှာ ဆရာကြီးဦးအောင်ရှိန်ရှိနေတာပဲလေဗျာ၊ ဆရာကြီးနဲ့ကုပြီး စုန်းထုတ်လိုက်ပေါ့”
ဒီအခါ အောင်ဒွေးအမေက
“အောင်မယ်လေး ဆရာဦးအောင်ရှိန်နဲ့ကုလို့ စုန်းလက်ကလွတ်ပါပြီတဲ့၊ အဲဒီစုန်းက မကျေနပ်လို့ တစ်မိသားစုလုံးကိုအငြိုးအတေးထားရင် ဘယ့်နှယ့်လုပ်မလဲအေ့”
အမေက ကျုပ်လက်ကိုအသာကုတ်လိုက်တယ်၊ ကျုပ်လည်း ဆက်မပြောတော့ပါဘူးဗျာ၊ အဲဒီတုန်းက ကျုပ်ကိုဆရာဦးအောင်ရှိန်တပည့်မှန်း လူတွေသိပ်မသိကြသေးဘူး၊ ကျုပ်ကတော့ စိတ်ထဲခံပြင်းတယ်ဗျာ၊ စုန်းလုပ်တာသိရဲ့သားနဲ့ စုန်းကိုမနှိမ်နင်းဘဲ စုန်းအကြိုက်လိုက်ပြီး ပြုစုပေးနေရတာ၊ စုန်းကိုအတော်ကြောက်နေကြရတာကို ခံပြင်းတာဗျ။
နောက်တော့ ဆန်ကောကြီးတစ်ချပ်အလယ်မှာ မီးသွေးခဲနဲ့စက်ဝိုင်းပုံစံဝိုင်းပြီး အဲဒီအဝိုင်းထဲ ထမင်းပုံထည့်တယ်၊ ပြီးတော့ ကြက်သားကို အကောင်လိုက်ထည့်တယ်၊ ကလီစာတွေဘာတွေကိုလည်း ပုံအောထည့်လိုက်ပြီး အဘွားနွဲ့က ဆန်ကောကြီးကိုင်လို့
“အရှင်ကြီး အရှင်မကြီးတို့ စားချင်သည့် ထမင်းဟင်းလျာများကို စေတနာသန့်သန့်နဲ့ကျွေးမွေးပါတယ်၊ ကျွန်တော်မျိုးမတို့မှာ မသိလို့နေဝင်ပါတယ်၊ မသိလို့နေထွက်ပါတယ်၊ မသိလို့မိုးလင်းပါတယ်၊ မသိလို့မိုးချုပ်ပါတယ်၊ ထိုးတဲ့လှံကိုနုတ်လို့ တုပ်တဲ့ကြိုးကို ဖြေပေးပါ”
အောင်ဒွေးရော၊ အောင်ဒွေးမိဘတွေရော ဆန်ကောကိုလက်အုပ်ချီပြီးကန်တော့ခိုင်းကြတယ်၊ ပြီးတော့ အဘွားနွဲ့က ဆန်ကောကိုလက်တစ်ဖက်ကကိုင် ဓါးမတစ်ချောင်းကို လက်တစ်ဖက်က ကိုင်ပြီးတော့ အိမ်ရှေ့ကိုထွက်သွားတယ်။ အိမ်ရှေ့ရောက်တော့ ဓါးမကိုအိမ်ရှေ့မြေပြင်မှာစိုက်ချပြီးတော့ အိမ်ဘက်ကိုလှည့်ကြည့်ရင်း
“ကျွတ်ပြီလား . . လွတ်ပြီလားဟေ့” လို့အော်မေးတယ်၊ အိမ်ထဲကလူတွေကလည်း “ကျွတ်ပါပြီ၊ လွတ်ပါပြီ” ဆိုပြီး ပြန်အော်ကြတယ်၊ အဲဒီလိုသုံးကြိမ်သုံးခါမေးပြီးတဲ့အခါ အဘွားနွဲ့က ဆန်ကောကိုင်လို့ ရွာထိပ်ကိုထွက်သွားတော့တာပါပဲဗျာ၊ တစ်အောင့်လောက်ကြာတော့ အောင်ဒွေးက ဆီးသွားချင်တယ်ဆိုပြီး ဆီးသွားတော့တာပါပဲ၊ ဆီးသွားရင်း ဆီးအရောင်က အနက်ရောင်အရည်ကြီးတွေဖြစ်သွားတယ်၊ ဆီးသွားတာလည်း တော်တော်ကိုကြာတယ်၊ ဆီးသွားနေရင်း ကပ်ပယ်အိတ်က တဖြည်းဖြည်းသေးကျုံ့သွားပြီးတော့ နောက်ဆုံးမှာ အရင်ကအတိုင်းပြန်ဖြစ်လို့သွားတော့တယ်။ အောင်ဒွေးလဲကောင်းသွားပြီဆိုတော့ အမေတို့လည်း ပြန်လာခဲ့ကြတော့တယ်။ ကျုပ်ကတော့ စိတ်ထဲသိပ်ပြီးမကျေနပ်တာအမှန်ပဲဗျာ။
နောက်တစ်နေ့မိုးလင်းတာနဲ့ ဆရာဦးအောင်ရှိန်အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်၊ မနက်မိုးလင်းတိုင်း ဆရာကြီးဆီကနေ အဆုံးအမ သြဝါဒတွေ သွားနားထောင်ရတာ အလုပ်တစ်ခုဖြစ်နေပြီဗျ၊ အမေနဲ့အတူ မနက်စာစားနေတုန်း အမေက ကျုပ်ကိုအသေအချာမှာတယ်။
“ဒီမယ်သား၊ အမေနဲ့အေးကြည်တို့ ဒီတစ်ခေါက်ကုန်ကူးသွားမှာ နည်းနည်းတော့ကြာလိမ့်မယ်၊ ငါ့သားလိမ်လိမ်မာမာနဲ့နေခဲ့နော်”
“အမေတို့က ဘယ်လောက်ကြာမှာလဲ”
“မအေးကြည်ပြောတာကတော့ နှစ်ပတ်လောက်ကြာမယ်ပြောတယ်၊ ကုန်အနည်းအများအပေါ်မူတည်ပြီးတော့ သုံးပတ်၊ တစ်လလောက်လည်း ကြာချင်ကြာသွားနိုင်တယ်တဲ့သားရဲ့”
“ဒီတစ်ခေါက်က တော်တော်ကြာမှာပါလားအမေ၊ သားတော့ အမေ့ကိုလွမ်းနေတော့မှာပဲ”
“သားကောင်းစားဖို့အတွက် အမေကြိုးစားနေတာလေသားရဲ့၊ အမေမရှိတဲ့အချိန် ဆရာကြီးဦးအောင်ရှိန်အိမ်မှာပဲ ငါ့သားစားသောက်ပေါ့ကွယ်၊ အမေအားလုံးစီစဉ်ပေးခဲ့တယ်၊ ငါ့သား ဆရာကြီးအိမ်မှာပဲ အိပ်ချင်လဲအိပ်၊ မဟုတ်ရင်လည်း အိမ်ပြန်အိပ်ပေါ့၊ ဒါပေမယ့် အိမ်ကိုတစ်ပတ်တစ်ခါလောက်တော့သန့်ရှင်းရေးဝင်လုပ်ပေးနော် သား”
“စိတ်ချပါအမေရာ”
“စိတ်ချပါတယ်သားရယ်၊ အခုသားက ဆရာဦးအောင်ရှိန်ရဲ့တပည့်ဖြစ်နေပြီဆိုတော့ အမေက သားအတွက်စိတ်ချပြီးသားပါ”
စားသောက်ပြီးတာနဲ့ ဆရာကြီးအိမ်ဘက်ကိုလှည့်ထွက်ခဲ့တယ်၊ ရွာလယ်လမ်းအတိုင်းလျှောက်လာရင်း မန်ကျည်းပင်ကြီးတွေအနားရောက်တော့ ကလေးတစ်သိုက်က မန်ကျည်းပင်ရိပ်အောက်မှာ ဆော့ကစားနေကြတယ်၊ ကလေးက ဆယ့်လေးငါးယောက်ရှိမယ်၊ အရွယ်ကလည်း အစုံပေါ့၊ ကျုပ်လည်း အသက်ဆယ့်လေးနှစ်ဆိုပေမယ့်် ကလေးစိတ်က မကုန်သေးတော့ ဆော့တော့ဆော့ချင်သားဗျ၊ ဒါပေမယ့်လည်း ဆရာဦးအောင်ရှိန်ရဲ့တပည့်ဖြစ်နေပြီဆိုတော့ ဟိတ်ဟန်ကလည်းထိန်းထားရသေးတယ်၊ သူတို့ဆော့တာကို မန်ကျည်းပင်အောက်ကနေပဲ လက်ပိုက်ပြီးလှမ်းကြည့်နေမိတယ်။
ကလေးတွေက ဥသျှစ်သီးခြောက်တစ်လုံးကို ဘောလုံးလိုလုပ်ပြီးကန်နေကြတာပါဗျာ၊ ယောက်ျားလေးတွေရော မိန်းကလေးတွေရော အကုန်ပါတယ်။ အဲဒီခေတ်တုန်းက ဘောလုံးဆိုတာသိပ်ရှားတဲ့အရာတစ်ခုဗျ၊ ခုခေတ်လိုကော်ဘောလုံးတွေလည်းမပေါ်သေးဘူး၊ ရာဘာဘောလုံးဆိုတာကလည်း သိပ်ဈေးကြီးတာ၊ ဒီတော့ ကလေးတွေက ဘောလုံးနဲ့တူတဲ့ အုန်းသီးခြောက်တို့၊ ဥသျှစ်သီးတို့နဲ့ကန်ကြရတာ၊ တစ်ခါတစ်လေ ကျွဲတွေနွားတွေပေါ်ရင် ဆီးအိမ်ကိုလေနဲ့မှုတ်ပြီးတော့ ဘောလုံးလုပ်ကန်ကြတာ ပျော်စရာပါပဲ။ ကလေးတွေဆော့တာကြည့်နေရင်းနဲ့ ကျုပ်တောင်မှအားတွေပါလာပြီး ဘေးကနေ ဟိုကောင်ဟိုကိုသွား ဒီကောင်ဒီဘက်ကနေကန်ဆိုပြီးတော့ အော်နေမိတယ်။
“ဟဲ့ကလေးတွေ လမ်းဖယ်ပေးကြစမ်း၊ ဒီလမ်းက နင်တို့ဘိုးအေပိုင်တဲ့လမ်းမဟုတ်ဘူး”
ဒီအချိန် မိန်းမတစ်ယောက် အော်ဟစ်ပြီးလျှောက်လာတယ်၊ ဒီမိန်းမကြည့်ရတာ အသက်နှစ်ဆယ့်ငါး သုံးဆယ်လောက်ရှိမယ့်ပုံပဲဗျ၊ အသားညိုညိုနဲ့ မျက်လုံးမျက်ဖန်တော့ကောင်းသား၊ ပါးမှာလည်း စံပယ်တင်မှဲ့ကလေးနဲ့ဆိုတော့ ချောတာတော့ ချောတယ်ဗျ၊ ဆံပင်ရှည်ကြီးတွေကလည်း တင်ပါးလောက်ရှိတယ်။ အဲဒီမိန်းမလာတော့ ကလေးတွေက ကြောက်လန့်ပြီးလမ်းဖယ်ပေးလိုက်ရတယ်၊ ဒီအခါ ကလေးအုပ်စုထဲက အသက်ဆယ့်နှစ်နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်က ဒီမိန်းမကိုကြည့်ပြီး
“အပျိုကြီးတွေ လင်မရလို့ လန်ဒန်မြေပဲယိုဟေ့ . . . အပျိုကြီးတွေ လင်မရတော့ လန်ဒန်မြေပဲယို”
အဲဒီလိုဆိုပြီးတော့ လက်ခုပ်လက်ဝါးတီးပါလေရော၊ ဒီကောင်လေး စအော်တော့ ကျန်တဲ့ကလေးတွေကလည်း လိုက်အော်ကြတယ်၊ ကြည့်ရတာ ဒီမိန်းမက အပျိုကြီးဖြစ်မယ်ဗျ၊ အဲဒီကောင်လေးကိုလှည့်ကြည့်ပြီးတော့
“တယ်၊ ဒီကောင်လေး ငါလုပ်လိုက်ရရင် သေတော့မယ်”
အပျိုကြီးက ပြောပြောဆိုဆိုနဲ့ဒီကောင်လေးကို လက်သီးနဲ့လိုက်ထုပါလေရော၊ ဟိုကောင်လေးက ကလေးဆိုတော့ လှည့်ပတ်ပြေးတာပေါ့ဗျာ၊ အပျိုကြီးကတော့ သူ့ကိုဘယ်ဖမ်းမိပါ့မလဲ၊ နောက်တော့ အပျိုကြီးက ဒေါသထွက်ထွက်နဲ့ မြေပြင်ကိုဖနောင့်နဲ့ပေါက်ပြီး ထွက်သွားတော့တာပါပဲ။ အပျိုကြီးထွက်သွားပြီးတော့ ကလေးတစ်ချို့လည်း မဆော့တော့ဘဲ လူစုကွဲသွားတယ်၊ ဒီတော့မှ ကျုပ်လည်းဆရာကြီးအိမ်ဘက်ကို လှည့်လာခဲ့တော့တယ်။
(၂)
“ရင်မောင် မင်းဒီနေ့ နောက်ကျလှချည်လားကွ၊ ငါက မင်းမလာတော့ဘူးလို့တောင်ထင်နေတာ”
“လာမှာပါဆရာကြီးရာ၊ ကိစ္စလေးတစ်ခုပေါ်လို့ နည်းနည်းနောက်ကျနေတာပါ”
ကျုပ်က ဆရာကြီးဘေးနားကိုဝင်ထိုင်လိုက်တယ်။ ဆရာကြီးက ကျုပ်ကိုကြည့်ပြီး
“နတ်ကရာ ကျီးမောဆိုပေမယ့် မင်းကတော့ သူများဆော့ကစားတာကြည့်ပြီး နောက်ကျနေပုံရတယ် ရင်မောင်ရ”
ကျုပ်ဆိုတော်တော်အံ့သြသွားတယ်။
“ဆရာကြီးက ကျွန်တော့်ကိုများ ပညာစက်တွေနဲ့လိုက်ကြည့်နေတာများလားဗျာ၊ ကျွန်တော် သူများဆော့တာရပ်ကြည့်မှန်း ဆရာကြီးဘယ်လိုလုပ်ပြီးသိနေတာလဲ”
“ဒီလောက်ကတော့ ပညာသုံးဖို့မလိုပါဘူးကွာ၊ မင်းရဲ့ရုပ်ရည်ကိုကြည့်လိုက်တာနဲ့ သိတာပေါ့ကွာ၊ မင်းရဲ့အဝတ်အစားတွေက ဖုန်တွေပေနေတယ်ဆိုပေမယ့် မင်းရဲ့ခြေထောက်မှာ ပြေးလွှားထားမှန်းမသိသာဘူး၊ ဒီတော့ မင်းကိုယ်တိုင်ဆော့တာမဟုတ်ဘဲ သူများဆော့တာရပ်ကြည့်လို့ ဖုန်ပေတယ်လို့ငါကထင်လိုက်ပြီးသား၊ ပိုပြီးသေချာသွားတာကတော့ မင်းခေါင်းပေါ်က မန်ကျည်းရွက်ကြွေတွေကြောင့်ပဲ ရင်မောင်ရ၊ မန်ကျည်းရွက်ဆိုတာ လမ်းလျှောက်နေတဲ့လူအပေါ်မကြွေဘူး၊ ရပ်နေတဲ့လူအပေါ်ပဲကြွေတာထုံးစံပဲ၊ ဒါကြောင့် မင်းက မန်ကျည်းပင်အောက်ရပ်နေတယ်ဆိုတာ ထင်ရှားတယ်၊ ရွာလယ်မန်ကျည်းပင်မှာ ကလေးတွေဆော့ကစားလေ့ရှိတာမို့ မင်းက ကလေးတွေကစားတာကိုရပ်ကြည့်နေတယ်လို့ ငါက ကောက်ချက်ချလိုက်တာ”
“ဆရာကြီးက အထက်လမ်းဆရာလုပ်စားဖို့မကောင်းဘူးဗျ၊ စုံထောက်လုပ်စားရမှာ၊ ဒါပေမယ့် ဖုန်ပေတိုင်း သူများကစားတာကြည့်တာ ဖြစ်နိုင်မလားဆရာကြီးရယ်၊ လှည်းဖြတ်မောင်းရင်ရော ဖုန်က မပေတော့ဘူးလား”
“အမယ် မင်းက ငါ့ကိုတောင်ပြန်ပြီးမေးခွန်းထုတ်နေပြန်ပြီ၊ ဒီမှာရင်မောင်ရ လှည်းကဖုန်ထအောင်သွားတယ်ဆိုတာ အမြန်သွားမှဖြစ်တာ၊ ရွာထဲမှာ လမ်းသွားလမ်းလာတွေရှိတော့ ဘယ်လှည်းမှ ဖုန်ထအောင်နင်းကန်မမောင်းဘူးရင်မောင်ရ၊ ရွာပြင်တာလမ်းရောက်တော့မှ ဖုန်ထအောင်မောင်းကြမှာ၊ ရွာပြင်တာလမ်းက မြေနီလမ်းဆိုတော့ ဖုန်ကပ်ရင်လည်း အနီရောင်ပဲဖြစ်မှာ၊ ဒါကြောင့် မင်းက ရွာလယ်ကလာတယ်ဆိုတာ ငါကသိတာပေါ့ကွာ”
“ဆရာကြီးကတော့ ဆရာကြီးပါပဲဗျာ”
“အထက်လမ်းဆရာတွေဆိုတာ ပညာရပ်တွေတင်မဟုတ်ဘဲ လူရိပ်လူကဲကိုလည်း ခပ်တတ်ရတယ်ကွ၊ ဒါကို ဗေဒင်ဆရာတွေ၊ နတ်ကတော်တွေလည်း သိကြတယ်၊ လူကဲခတ်တဲ့ပညာဆိုတာ နေ့ချင်းညချင်းသင်လို့တတ်တာမဟုတ်ဘူးကွ၊ ကိုယ်ကျင်လည်တဲ့ကာလတစ်လျှောက်မှာ တွေ့ကြုံလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးမှသိနိုင်တဲ့ပညာကွ”
“လူကဲခတ်တာတွေ ထားလိုက်ပါတော့ဆရာကြီးရယ်၊ ဒါနဲ့ မနေ့က ညနေက ခြေရင်းအိမ်က အောင်ဒွေးကို စုန်းပြုစားလို့ ရွာစာချလိုက်ရတယ်တဲ့ဗျ”
“ဒါလည်း ငါသိပြီးသားပါကွာ၊ မနွဲ့တစ်ယောက် စကောကြီးကိုင်ပြီး ရွာထိပ်ထွက်သွားကတည်းက ရွာစာသွားချတာမှန်းသိပါတယ်”
“ထူးဆန်းတာက သူတို့အိမ်ကလူတွေကို ဆရာကြီးနဲ့ကုဖို့ပြောတာ မကုရဲဘူးတဲ့ဗျာ၊ စုန်းက သူတို့ကို အငြိုးအတေးထားမှာကြောက်နေကြတယ်”
“သူတို့ကြောက်တာလဲ မထူးဆန်းပါဘူးကွာ၊ စုန်းဆိုတာကို အဘိဓါန်မှာ ခြောက်လှန့်တတ်သူ၊ ပြုစားတတ်သူလို့ အဓိပ္ပါယ်ဖွင့်ထားတယ်၊ ပြုစားတယ်ဆိုကတည်းက သူများကိုမကောင်းတာပြုလုပ်ပြီးတော့ စားသောက်နေထိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့ကွာ၊ ဒါကြောင့် စုန်းဆိုတာမျိုးက သာမန်လူတွေလို ကောင်းရိုးကောင်းဝယ်မလုပ်စားဘဲ အမြဲသူများကို မကောင်းပြုပြီး ရှာကြံစားသောက်တဲ့လူတွေပေါ့ကွာ”
“ဒါဆို စုန်းတွေက မကောင်းတဲ့လူတွေပေါ့နော် ဆရာကြီး”
“ငါ့ဘဝမှာ ကောင်းတဲ့စုန်းဆိုလို့ တစ်ယောက်ပဲတွေ့ဖူးသေးတယ်၊ ဒါပေမယ့် လူတစ်သိန်းမှာတစ်ယောက်ကောင်းတာကို ကောင်းတယ်လို့ပြောလို့မရဘူး၊ ကျန်တဲ့လူကိုးသောင်းလောက်က ဆိုးနေရင်တော့ ဆိုးတယ်လို့ပဲပြောရမှာပဲ၊ ဒါကြောင့် အတော်များများကဆိုးတယ်ပေါ့ကွာ၊ ဆိုးတာကလည်း တခြားကြောင့်မဟုတ်ဘူး၊ ဒီပညာရပ်တွေကိုသင်ကြားပေးတဲ့လူတွေကိုက အဆိုးတွေချည်းလုပ်ဖို့သင်ကြားပေးတာကွ”
“ရွာထဲမှာ စုန်းတွေရှိနေတာကို ဆရာကြီးက မသိဘူးလား”
“သိတာပေါ့ဟ”
“သိပေမယ့် ဘာဖြစ်လို့ဆရာကြီး ဒီအတိုင်းနေနေရတာလဲ”
“ဟ၊ ဒီအတိုင်းမနေလို့ ငါကသူတို့ကို လိုက်သတ်နေရမှာလား ရင်မောင်ရ၊ ပညာသည်တွေဆိုတာ သူ့လိုင်းနဲ့သူနေကြတာကွ၊ ကိုယ့်ကိုရန်မပြုသေးသရွေ့၊ ကိုယ့်မျက်စိရှေ့မှာ မတရားတာမဖြစ်သေးသရွေ့ကတော့ သူလည်း သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားတာပေါ့ ရင်မောင်ရာ”
“ကျွန်တော်ကတော့ ဒီလိုလူတွေတွေ့ရင် အလိုလိုကိုဆော်ချင်တာဗျ”
ဦးအောင်ရှိန်က ရယ်လိုက်ပြီး
“မင်းက ငါ့ဆရာရသေ့ကြီးနဲ့တွေ့လိုက်ဖို့ကောင်းတယ်၊ သူ့နာမည်က ဘုရားပျံရသေ့ကြီးတဲ့ကွ၊ သူလည်း မင်းလိုပဲ စုန်းဆိုတဲ့အသံကြားတာနဲ့ အရှင်မထားတဲ့လူမျိုးပေါ့ကွာ၊ သူ့ဘဝတစ်လျှောက်နေ့ရက်တိုင်းက တိုက်ပွဲတွေချည်းပဲကွ၊ သူ့တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေကြီးပဲ၊ ပြောရရင်တော့ တစ်ဘဝလုံး အေးအေးချမ်းချမ်းမနေသွားရဘူးပေါ့ကွာ၊ ဘာဖြစ်လို့ အဲဒီလိုဖြစ်တာလဲဆိုတာ မင်းသိသလားရင်မောင်”
ကျုပ်ခေါင်းခါပြလိုက်တယ်။
“သူက လူတိုင်းကိုကယ်တင်ချင်လို့ပဲရင်မောင်၊ လူတွေကိုကယ်တင်ချင်တာ မြတ်တယ်ဆိုပေမယ့် အဲဒါက အတွေးစိတ်ကူးသက်သက်ပဲကွ၊ တကယ်တမ်းလက်တွေ့မှာတော့ လူတိုင်းကို ကယ်တင်ချင်ဖို့က ခက်တယ်ရင်မောင်ရ”
ဦးအောင်ရှိန်က ရေနွေးတစ်ခွက်ကောက်ငှဲ့ရင်း
“စုန်းဆိုတာ မနာလိုစိတ်ကနေ အစပြုတယ်ကွ၊ သူများကိုမနာလိုတဲ့စိတ် မုန်းတီးတဲ့စိတ်များတဲ့လူဟာ စုန်းပညာတတ်မြောက်ဖို့လွယ်တယ်၊ သူများကို မနာလိုစိတ်များတာက မိန်းမတွေများတယ်၊ ဒါကြောင့် စုန်းလောကမှာ စုန်းမတွေက ပိုပြီးများတယ်ပေါ့ရင်မောင်ရာ၊ စုန်းတွေက ဘယ်လောက်တောင်မနာလိုသလဲဆိုရင် မိခင်စုန်းမက သားသမီးတွေကိုပညာပေးချင်တယ်ဆိုရင်တောင် သားဖြစ်တဲ့ယောက်ျားလေးကို ပညာမပေးကြဘူးကွ၊ ဘာလို့လဲဆိုတော့ လောကီပညာရပ်တွေမှာ ယောက်ျားတွေက မိန်းမတွေထက်ပိုသာတယ်ဆိုတဲ့ အယူအဆရှိတယ်၊ သားဖြစ်သူကို ပညာပေးလိုက်ရင် သားက အမေထက် ပညာပိုထက်သွားမှာစိုးရိမ်လို့ မနာလို့လို့ သမီးတွေကိုပဲပညာပေးတယ်”
“အမေက ပညာပေးတယ်ဆိုရင်လည်း ပညာကုန်ပေးတာမဟုတ်ဘူးရင်မောင်၊ အမေက ပညာဆယ်မျိုးတတ်ရင် သားသမီးကို တစ်မျိုးလောက်ပဲသင်ပေးတာ၊ တစ်နေ့သားသမီးက အမေထက်သာလွန်သွားမှာ ကြောက်လို့ပဲ၊ မွေးထားတဲ့မိဘတောင်မှ သားသမီးကိုပညာအကုန်မသင်ပေးဘူးဆိုရင် သူစိမ်းဆရာဆိုတာ ပိုဆိုးတာပေါ့ကွာ၊ တပည့်တွေကို သူတို့တတ်တဲ့ပညာအပိုင်းအစလောက်ပဲသင်ပေးတာ၊ ဒါတောင် တပည့်ကသိပ်ထက်နေတယ်ဆိုရင် ပညာအမှားသင်ပေးတာ၊ တပည့်ကိုပြန်သတ်တာတွေတောင် လုပ်ကြတယ်၊ ဒါကြောင့် ရှေးကစုန်းတွေက တော်တော်စွမ်းစွမ်းဆိုပေမယ့် အဲဒီလိုပညာစားချန်ရင်းကနေ ပညာရပ်တွေပျောက်ကွယ်ကုန်ကြတာပဲ၊ အခုခေတ်စုန်းတွေဆိုတာ ဆရာက သင်ပေးတဲ့ တစ်ပုံလောက်ပညာကို ကိုယ်က တပည့်တွေကိုဆယ်ပုံခွဲပြီး တစ်ပုံပဲထပ်သင်ပေးတယ်၊ ဒီလိုနဲ့ ကိုင်းဖျား ကိုင်းနားလောက်ပဲ ကျန်တော့တာပဲဟေ့”
“ထူးတာတော့ ထူးတယ်နော်ဗျ၊ စုန်းပညာကလည်း ကျွန်တော်တို့လိုမျိုးသင်လို့ရနိုင်တာပဲလား”
“ရတာပေါ့ ရင်မောင်၊ စုန်းမှာ နဂိုကတည်းက ဝမ်းတွင်းပါလာတဲ့စုန်းဆိုတာရှိတယ်၊ နောက်ပြီး အမိအဖက သားသမီးကိုပညာဘူးထည့်ပေးတဲ့စုန်းရှိတယ်၊ နောက်တော့ ပုဂ္ဂိုလ်ရေးအရင် ခင်မင်လို့စုန်းဖြစ်သွားတာ၊ ငွေကြေးပေးပြီး ပညာယူထားတဲ့လူ ဒီလိုလူတွေအများကြီးရှိတယ်၊ ဒါပေမယ့် စုန်းဖြစ်ရတာ ကိုယ်ရတဲ့ပညာနဲ့ လုံးဝမတန်ပါဘူးကွာ”
“ဘယ်လိုမတန်တာလဲ ဆရာကြီး”
“ဆရာဖြစ်သူကို တစ်သက်လုံးတပည့်ခံရတာကိုး၊ ဆရာဖြစ်သူ ပြုစားတာကို ပယောဂဆရာတစ်ယောက်က မိသွားပြီပဲထား၊ အဲဒီဆရာကိုခေါ်သွင်းတဲ့အခါ ဆရာက သူမသွားချင်ရင် တပည့်ကိုထိုးထည့်ပေးလိုက်တာပဲကွ၊ အဲဒီမှာ အထက်လမ်းဆရာ ရိုက်သမျှနှက်သမျှကို တပည့်ကပဲခံရတော့တာ၊ တစ်သက်လုံး ဆရာခိုင်းသမျှ လုပ်ရတာပဲတဲ့ဟေ့၊ တပည့်ဖြစ်တဲ့လူသေသွားရင်တောင် ဆရာက တပည့်ကိုဖမ်းထားပြီး သရဲတစ္ဆေအဖြစ်နဲ့ ဆက်ခိုင်းသေးတာဆိုပဲကွ”
“ဒါဆို အဲဒီစုန်းပြုစားတာတွေကို ဘယ်လိုကုသလဲဆရာကြီး”
“ကုနည်းတွေကတော့ အများကြီးရှိတယ် ရင်မောင်၊ ဒါပေမယ့် ငါကတော့ ဟိုနည်းဒီနည်းတွေထက် သစ္စာအဓိဌာန်ပြုပြီး ကုသတဲ့နည်းကို သုံးတာများတယ်၊ တော်ရုံစုန်းပညာနိမ့်ရင် ဒီနည်းကအလုပ်ဖြစ်တယ်ကွ၊ ဘုရားရှင်က အဖျက်မိစ္ဆာတွေအားလုံးကို ဟိုပညာဒီပညာတွေနဲ့ အနိုင်ယူခဲ့တာမဟုတ်ဘူးကွ၊ သစ္စာလက်နက်၊ မေတ္တာလက်နက်နဲ့ပဲ အနိုင်ယူခဲ့တာ”
“ဟိုက မကောင်းတဲ့ပညာနဲ့လုပ်တာကို သစ္စာဆိုရုံ မေတ္တာပို့ရုံနဲ့ နိုင်ပါ့မလားဆရာကြီးရယ်”
“မင်းနားလည်အောင်ရှင်းပြရမယ်ဆိုရင် သစ္စာဆိုတာ မှန်ကန်ခြင်းပဲရင်မောင်ရ၊ အဲဒီမှန်ကန်ခြင်းကို လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါခပ်သိမ်းက နှစ်ခြိုက်တယ်၊ ဒါကြောင့် မင်းကသစ္စာဆိုလိုက်တဲ့အခါ ဒီသစ္စာတရားကို နှစ်သက်မြတ်နိုးတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုးကစလို့ တန်ခိုးကြီးတဲ့နတ်မင်းတွေအပါအဝင် နတ်မင်းတွေက မင်းဘက်ကနေဝင်ပြီးကူညီပေးကြတယ်၊ စုန်းပယောဂဆိုတာ နတ်မင်းရဲ့အစွမ်းနဲ့ယှဉ်ရင် မြေမှုန်နဲ့ကျောက်တောင်လို ကွာခြားတာဆိုတော့ ပြီးမြောက်အောင်မြင်တာပေါ့ကွာ၊ ဒါပေမယ့် သစ္စာဆိုတဲ့နေရာမှာ ကိုယ်ဆိုမယ့် သစ္စာတရားရဲ့မှန်ကန်မှု၊ သစ္စာတရားရဲ့ လေးနက်မှုကလည်း အရေးကြီးတယ်၊ မမှန်ဘဲသစ္စာဆိုရင်တော့ ဘယ်သူက လာပြီးကူညီပါ့မလဲ”
“ဒါဆိုထူးခြားတာပေါ့နော်”
“သစ္စာဆိုတဲ့အခါ မှန်ကန်ဖို့က အရေးအကြီးဆုံးပဲကွ၊ ဆိုကြပါစို့ကွာ အရက်သမားတစ်ယောက်က ညနေတိုင်းအရက်သောက်နေတာ မှန်နေတာပဲ၊ သုံးတတ်ရင် ဒါကလည်း သစ္စာပဲရင်မောင်ရ”
ဆရာဦးအောင်ရှိန်နဲ့ စကားကောင်းနေတဲ့အချိန်မှာပဲ ခြံဝိုင်းထဲကို လူကြီးသုံးယောက်ပြေးဝင်လာကြတယ်၊ လူပုံတွေကလည်း ခပ်နွမ်းနွမ်းတွေပါ၊ ဒီလူတွေက ဘာမပြောညာမပြောနဲ့ ကွပ်ပျစ်ရှေ့မြေပြင်မှာထိုင်ပြီး ဆရာကြီးကို ကန်တော့ကြတယ်။ ပြီးတော့မှ
“ကျွန်တော့်သားလေးကို စုန်းပြုစားခံရလို့ ဆရာကြီးကုသပေးပါခင်ဗျာ”
“ကလေးက ဘယ်မှာတုန်းကွ”
“ကျွန်တော်တို့က ရွာအပြင်က အရက်ချက်တဲ့ကုန်းမှာနေပါတယ်ဆရာကြီး၊ ကလေးက လူ့လွန့်ပြီးတော့ ကိုယ်တွယ်လို့မရတာကြောင့် ဆရာကြီးကိုလာပင့်တာပါ”
ဦးအောင်ရှိန်က ဘာမှမပြောသေးဘဲ အတော်ကြာအောင် စဉ်းစားနေတယ်၊ ပြီးတော့မှ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
“ရင်မောင်၊ မင်းလိုက်သွား”
“ဗျာ၊ ဆရာကြီး ကျွန်တော်က ကုလို့ရပါ့မလား”
“မင်းနိုင်လောက်မယ်ထင်လို့ မင်းကိုလွှတ်တာပေါ့ ရင်မောင်ရ”
ဟိုလူတွေကလည်း ကျုပ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်၊ မလုပ်ပဲနေပါ့မလားဗျာ၊ ကျုပ်က ကလေးသာသာရှိသေးတာ၊ လူပုံကလည်း စုတ်တီးစုတ်ပြတ်နဲ့ ဆရာရုပ်မှမထွက်တာပဲလေ။
“ဖြစ်ပါ့မလား ဆရာကြီး၊ ဒီကလေးက နိုင်ပါ့မလား”
“မင်းတို့ ငါကုသပေးတာကို လက်ခံမယ်မဟုတ်လား”
“လက်ခံပါတယ်ဆရာကြီးရယ်”
“ဒါဆို ငါစီစဉ်တာကိုလည်း လက်ခံရမှာပေါ့၊ ပြီးတော့ ငါ့တပည့်ကို မလေးမစားမဆက်ဆံနဲ့၊ မင်းရဲ့သားသမီးကို ကုသပေးမယ်ဆိုရင် သူလည်းဆရာပဲကွ၊ ဆရာကို ဆရာလိုဆက်ဆံပါ”
“ဟုတ် . . .ဟုတ်ကဲ့ပါဆရာကြီး”
ဆရာကြီးက ကျုပ်ကိုသူ့လက်ကောက်ဝတ်မှာပတ်ထားတဲ့ ပုတီးတစ်ကုံးကိုပေးလိုက်ပြီးတော့
“ရော့ ရင်မောင် ဒီပုတီးကိုယူသွား”
“ဆရာကြီး၊ ကျွန်တော်ကုလို့ဖြစ်ပါ့မလား”
“မင်းကိုယ်မင်း ယုံကြည်မှုရှိစမ်းပါကွ၊ မင်းကို အခုနကပဲ သစ္စာအဓိဌာန်ပြုတဲ့ ကုနည်းသင်ပေးလိုက်ပြီလေကွာ”
ဆရာကြီးဆီက ပုတီးကိုယူပြီးဆရာကြီးကိုတစ်ချက်ရှိခိုးလိုက်တယ်။
“အရေးကြီးတာက ကိုယ်ကဆရာဆိုပြီး တစ်ဖက်သားကို နစ်နာထိခိုက်အောင်မလုပ်ရဘူးရင်မောင်၊ ကိုယ့်ပညာနဲ့ သူတစ်ပါးကိုထိခိုက်အောင်လုပ်မယ်ဆိုရင် စုန်းတွေနဲ့အတူတူပဲဖြစ်နေမှာပေါ့”
ဆရာကြီးစကားကိုခေါင်းညိတ်လိုက်ပြီး ဟိုလူကြီးတွေနဲ့အတူတူလိုက်သွားလိုက်တယ်၊ ဒီလူကြီးတွေက အပြေးတစ်ပိုင်းနဲ့သွားကြတာဆိုတော့ ကျုပ်လည်းအနောက်ကနေ ပြေးလိုက်သွားရတယ်၊ ဖုန်တွေတထောင်းထောင်းထနေတဲ့လမ်းကြီးကနေ ပြေးရတာဆိုတော့ တစ်ကိုယ်လုံးလည်း ဖုန်တွေပေကပ်နေတာပေါ့ဗျာ၊ ရွာပြင်ရောက်တော့ ရွာထဲကထွက်လာတဲ့လှည်းက အမြန်မောင်းလာတာကြောင့်မို့ ဖုန်လုံးကြီးတွေက ကျုပ်ကိုပေးကပ်တယ်။ သိပ်မကြာပါဘူး၊ အရက်ချက်တဲ့ တဲကလေးတွေကိုမြင်လိုက်ရတယ်၊ ဒီလူတွေက အရက်ကိုလိုင်စင်နဲ့ချက်တာတော့မဟုတ်ဘူးဗျ၊ ခိုးချက်တာဖြစ်မယ်။
တဲကလေးတစ်ခုရှေ့မှာ လူတွေနဲ့စည်ကားနေတယ်။ အဒေါ်ကြီးတစ်ယောက်က ကျုပ်အရှေ့ကလူကြီးသုံးယောက်ကိုလည်းတွေ့ရော
“ဘယ်လိုလဲ ဆရာဦးအောင်ရှိန်ကို ပင့်လို့ရရဲ့လား”
“ဆရာကြီးက သူမလိုက်ဘူးတဲ့၊ သူ့တပည့် ဒီကောင်လည်းကိုထည့်ပေးလိုက်တယ်”
အဒေါ်ကြီးတွေ ချွေးတလုံးလုံး ဖုန်တလုံးလုံးနဲ့ကျုပ်ကိုကြည့်ပြီး
“ဟင်၊ ဒီကောင်လေးက ကုနိုင်ပါ့မလား”
“မသိဘူးကွာ၊ အဲဒီဦးအောင်ရှိန်ဆိုတဲ့ လူကြီးကတော့ သူကုနိုင်တယ်လို့ပြောတာပဲ”
“စောက်ကျိုးနည်းပါပြီတော်၊ ဆရာသွားပင့်ပါတယ်ဆိုမှ ဘယ်ကကလေးထည့်လွတ်လိုက်တယ်မသိပါဘူး၊ သူမကုနိုင်ရင် ကျုပ်သားက ဒုက္ခဖြစ်မှာတော့”
လူတွေကလည်း ကျုပ်ကို ကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေကြတယ်။ ဒီအခါ အဒေါ်ကြီးတစ်ယောက်က
“ကျုပ်ပြောသားပဲ၊ ဆရာတွေအားကိုးမနေပါနဲ့ဆို၊ ရွာထဲမှာ အဘွားနွဲ့ဆိုတဲ့အမေကြီးတစ်ယောက်ရှိတယ်၊ စုန်းပြုစားတာ ဘာညာဆိုရင် သူ့ကိုခေါ်ပြီး ရွာစာချခိုင်းရင်ပျောက်တာပဲတဲ့”
“အေး၊ ဒါဆိုရင်လည်း အဲဒီအမေကြီးကို သွားပင့်လာခဲ့ပါ”
မိန်းမတစ်ယောက်က ပြေးထွက်သွားတယ်၊ ကျုပ်လည်း လက်ကာပြလိုက်ပြီး
“မပူပါနဲ့ ကျုပ်ရအောင်ကုပေးပါ့မယ်”
လူတွေက ယုံတော့မယုံဘူးဗျ၊ ကျုပ်လည်း အိမ်ပေါ်ကိုတက်ကြည့်လိုက်တော့ လူနာက မနက်ကအပျိုကြီးကို စနောက်လိုက်တဲ့ ကောင်လေးဖြစ်နေတယ်၊ ကျုပ်တောင်မှ တော်တော်အံ့သြသွားတယ်၊ ကောင်လေးက ကြမ်းပေါ်မှာလူးလွန့်ပြီး ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ဖြစ်နေပြန်တယ်။ ကျုပ်က ဘယ်လိုကုသရမလဲဆိုပြီး စဉ်းစားနေမိတယ်။
“ဟုတ်ပြီ၊ ဆရာကြီးက သူ့လက်ကပုတီးကိုဖြုတ်ပေးလိုက်တာ အကြောင်းမဲ့တော့မဟုတ်ဘူး၊ ဒီတော့ ငါ့ကိုပုတီးစိပ်စေချင်တာနဲ့တူတယ်”
ပြောရင်းနဲ့ ကျုပ်လည်း အိမ်ဦးခန်းမှာ တင်ပလ္လင်ခွေထိုင်ချလိုက်တယ်၊ ဒီလူတွေရဲ့တဲထဲမှာ ဘုရားကျောင်းဆောင်တောင်မရှိဘူးဗျာ၊ ဒါနဲ့ကျုပ်လည်း ဘုရားကိုစိတ်ထဲကနေ အာရုံပြုပြီးတော့
“အရှင်ဘုရား၊ ဘုရားတပည့်တော်သည် ယခုအချိန်တွင် အရဟံဂုဏ်တော်ကို ကိုးပတ်အဓိဌာန်ပြု၍ ဘုရားရှင်ကို ပူဇော်ပါတော့မည်ဘုရား”
ပြီးတာနဲ့ ကျုပ်လည်း အာရုံစူးစိုက်ပြီး ပုတီးထိုင်စိပ်နေလိုက်တယ်၊ လူတွေကတော့ လူနာမကုဘဲ အိမ်ဦးခန်းမှာ ပုတီးထိုင်စိပ်နေတဲ့ကျုပ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း ပြောဆိုနေကြတယ်၊ ဆရာကြီးဦးအောင်ရှိန်ကိုလည်း ပြောဆိုလိုက်တာ အကုန်ကြားနေရတယ်၊ ဒါပေမယ့် ကျုပ်က ဂရုမစိုက်ဘဲ ပုတီးဆက်စိပ်နေတယ်။
ပုတီးငါးပတ်လောက်ရောက်တော့ အဘွားနွဲ့နဲ့ နတ်ထိန်းရောက်လာတယ်။
“ကြည့်ပါအုံး အဘွားနွဲ့ရယ်၊ ဆရာဦးအောင်ရှိန်ကို နာမည်ကြီးတယ်ဆိုပြီး ပြေးပင့်လိုက်တာ၊ ဒီကောင်လေးကုပေးမယ်ဆိုပြီး ထည့်ပေးလိုက်သတဲ့”
“အောင်မယ်လေး၊ ဒီကောင်လေးကို ငါသိပါတယ်အေ၊ သူတို့ဒီရွာပြောင်းလာတာမကြာသေးပါဘူး၊ ဒီမလောက်လေးမလောက်စားကောင်လေးက စုန်းအရှင်ကြီး အရှင်မကြီးတွေရဲ့ ပညာကိုနိုင်မလားအေ့”
ပြီးတော့ သူတို့နတ်ထိန်းနဲ့မေးကြတယ်၊ နတ်ထိန်းက ကြွေပန်းကန်ပြားထဲကို ခရုခွံလေးတွေ ကလောင် ကလောင်နဲ့ပစ်ချပြီးတော့ မေးပေးနေတယ်။
“အရှင်ကြီး အရှင်မကြီးက ထမင်းဖြူနဲ့ အမဲသားသုံးပိဿာစားချင်သတဲ့”
“ဟောတော်ဘယ်လိုလုပ်ကြမလဲ ကျုပ်တို့ကလည်း မွဲတော့ပိုက်ဆံလက်ထဲမရှိဘူး၊ အမဲသား သုံးပိဿာဈေးကလည်း နည်းမှာမဟုတ်ဘူးနော်”
“ရွာစာမချရင်တော့ ညည်းတို့ထိုက်နဲ့ညည်းတို့ကံပဲအေ့၊ ညည်းသားက ဒီအတိုင်းဆို မနက်ဖြန်နေထွက်တာကိုတောင် မြင်ရပါ့မလားမသိဘူး”
“ရော့ ရော့ ကျွန်မနားကပ်ကလေးကိုယူသွားလိုက်ပါ၊ ဒါကိုရတဲ့ဈေးနဲ့ရောင်းပြီး အမဲသားရအောင်ရှာလာခဲ့ ကိုထွေးမောင်”
သူတို့ပြောတာတွေကို အတိုင်းသားကြားနေရတယ်၊ ဒီအချိန် ကျုပ်ကလည်း ပုတီးကိုးပတ်ပြည့်လို့ အောင်ပြီ အောင်ပြီဆိုပြီး ထအော်လိုက်တော့ ဒီလူတွေအကုန်လန့်သွားကြတယ်။ နတ်ထိန်းဆိုရင် အသံသေးအသံကြောင်နဲ့ကိုအော်တာ
“ဟဲ့ နင့်မေကလွှား လန့်လိုက်တာ မသာလေးရယ်၊ ဘာလို့ထအော်တာတုန်း”
နတ်ထိန်းက ကျုပ်အနောက်နားထိုင်နေတာဆိုတော့ တော်တော်လန့်သွားပုံရတယ်။ အကုန်လုံးကလည်း ကျုပ်ကိုအရူးလားဆိုတဲ့အကြည့်နဲ့ ကြည့်နေတယ်။
“ကျုပ်ရဲ့အဓိဌာန်တော့အောင်ပြီး ခင်ဗျားတို့ရဲ့ကလေးကို သစ္စာအဓိဌာန်နည်းနဲ့ ကုသပေးမယ်”
အဘွားနွဲ့က ကျုပ်ကိုလက်ညှိုးထိုးပြီး
“မတောက်တခေါက် ပညာလေးနဲ့ အရှင်ကြီး အရှင်မကြီးတွေကို သွားပြီးမလုပ်နဲ့နော်ကောင်လေး၊ ဟိုက ကိုင်ထည့်လိုက်လို့ နင်သေသွားမယ်၊ နင့်လိုမတောက်တစ်ခေါက်ဆရာတွေ သွေးအန်ပြီးသေတာ ငါမြင်ဖူးတယ်ကောင်လေးရဲ့”
“ဟုတ်ပါ့ ပြောလိုက်စမ်းပါ အဘွားနွဲ့ရယ်၊ ဒီကောင်လေးဟာလေ ကိုယ့်အတိုင်းအရှည်ကိုမသိဘူး လက်တောက်လောက်ကလေးနဲ့ လာစမ်းချင်နေတယ်”
နတ်ထိန်းက လက်ဟန်ခြေဟန်နဲ့ပြောရင်း လက်သန်းကိုလည်းထောင်ပြလိုက်သေးတယ်၊ အဘွားနွဲ့က နတ်ထိန်းကိုကြည့်ရင်း
“ဟဲ့ မိပြား၊ နင့်လက်သန်းက ဘာကိုထောင်ပြတာလဲ”
“မဟုတ်ပါဘူး သူ့ပညာလေး လက်တောက်လောက်ကို ပြောပါ အဘွားနွဲ့ရဲ့”
“ကဲ ခင်ဗျားတို့ဖယ်ကြ၊ ကျုပ်ကုမယ်”
ကျုပ်ကိုမယုံပေမယ့် လူတွေက ဖယ်ပေးကြတယ်၊ ကျုပ်က ဒီကောင်လေးခေါင်းကိုကိုင်မယ်လုပ်တော့ ဒီကောင်လေးက ဟိုလက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နဲ့ လူးပျံနေတာပါပဲ၊ ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့ သူ့ကိုကြည့်ပြီး
“ဟိတ်ကောင် ငြိမ်ငြိမ်နေစမ်း” လို့ အော်လိုက်တော့မှ ငြိမ်ကျသွားတယ်၊ ဟိုလူတွေလည်း နည်းနည်းတော့ ဖြုံသွားပုံရတယ်။ ကျုပ်က ဒီကောင်လေးရဲ့ ငယ်ထိပ်ကိုလက်နဲ့အုပ်ကိုင်လိုက်ရင်း
“သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနဲ့ နတ်မင်းအပေါင်းအား တိုင်တည်အပ်ပါသည်၊ ကျွနု်ပ်သည် ယခုအချိန်တွင် မြတ်စွာဘုရားရှင်အား အရဟံဂုဏ်တော် ပုတီးကိုးပတ်စိပ်ကာ ပူဇော်ခဲ့ပါသည်၊ ဤစကားသည် မှန်သောသစ္စာစကားဖြစ်ပါသည်၊ ဤသစ္စာစကားကိုဆိုရခြင်းကြောင့်လည်းကောင်း အရဟံဂုဏ်တော်၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း ဒီကလေးအပေါ်ကျရောက်နေတဲ့ မကောင်းသောဘေးဥပါဒ်များ ကင်းစင်ဝေးကွာရပါစေသား”
သစ္စာဆိုနေရင်း သူ့ကိုလုပ်တဲ့လူကိုလည်း ပညာပေးချင်လာတယ်ဗျာ၊ ဒါပေမယ့် ဆရာကြီးကလည်း လွန်လွန်ကျူးကျူးမလုပ်ဖို့မှာလိုက်တယ်မဟုတ်လား၊ ကျုပ်လည်း စဉ်းစားရင်း
“ယခုကလေးအား မကောင်းကြံပြုစားသည့်သူလည်း အဝတ်အစား မကပ်ပါစေသတည်း”
ကျုပ်သစ္စာဆိုပြီးတော့ ဘုရားကိုဦးချလိုက်တယ်၊ ဟိုလူတစ်သိုက်က ကျုပ်လုပ်နေတာတွေကြည့်နေပေမယ့် အထင်တော့ဘယ်ကြီးမလဲဗျာ၊ ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ ဘာမှမထူးခြားတော့ ကျုပ်တောင်မှ မျက်နှာပူလာတယ်။ အဘွားနွဲ့က မဲ့ရွဲ့ပြီး
“ဒီလောက်နဲ့ရပါ့မလား ကောင်လေးရဲ့၊ သစ္စာဆိုတိုင်းသာ ရရင် လူတိုင်းသစ္စာဆိုနေလောက်ပြီပေါ့ဟဲ့၊ ငါပြောပါတယ်၊ ဒီမတတ်တခေါက်ပညာလေးနဲ့ အရှင်ကြီး အရှင်မကြီးကို မနိုင်ပါဘူးဆို၊ သူတို့စားချင်တဲ့အရာကို ရွာစာချကျွေးလိုက်မှ ကောင်းမှာအေ့”
ဒီအချိန် ဟိုကောင်ကလေးက ဝုန်းခနဲမတ်တတ်ထရပ်လိုက်တော့ အားလုံးက ကြောင်ကြည့်နေကြတယ်။
“အမေ၊ ကျုပ် အောင်ပုတို့နဲ့ ဘောလုံးသွားကန်ရအုံးမယ်ဗျ”
“ဟဲ့ကောင်လေး နင်က အခုအချိန်အထိ ဆော့ဖို့တွေးနေတုန်းလား၊ ဒါနဲ့ နင့််အသားတွေမနာတော့ဘူးလား၊ ခုနက ဝမ်းခေါင်းထဲကလည်း နာလို့ဆို”
ကောင်လေးက သူ့ကိုယ်သူပွတ်ကြည့်ရင်း
“မနာတော့ဘူးဗျ၊ ဘာမှမဖြစ်တော့ဘူး”
ဒီတော့မှ လူတွေအားလုံးကို ကျုပ်ကိုလေးစားတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်ကြတယ်ဗျာ၊ ကျုပ်လည်း ခပ်ပြုံးပြုံးပဲနေလိုက်တယ်။ ဦးအောင်ရှိန်ကို လာပင့်တဲ့ဦးလေးကြီးက ဒီကောင်လေးကိုပြေးဖက်ပြီး
“သား၊ ကောင်းသွားပြီလား၊ ဟိုနားဒီနားက မနာတော့ဘူးလား”
“မနာပါဘူးဆိုဗျာ၊ အဖေတို့က ဘာဖြစ်နေတာလဲ”
“ဘာဖြစ်ရမလဲ သားပဲခုနက နာလွန်းလို့ပါဆိုပြီး လိမ့်နေတာလေ”
ကောင်လေးက ဘာမှမသိသလို ကြောင်တောင်တောင်နဲ့ ခေါင်းကုပ်နေတယ်။ သူ့အဖေဦးလေးကြီးက ဒီတော့မှ ကျုပ်အရှေ့မှာကျုံ့ကျုံ့ကလေးထိုင်ပြီး
“ဆရာလေး၊ သားလေးက လုံးလုံးပြန်ကောင်းသွားပြီလား”
“ကောင်းသွားပါပြီ၊ ဘာမှမဖြစ်တော့ဘူး၊ ငွေကုန်ခံပြီး အမဲသားတွေဝယ်မနေနဲ့၊ ဝယ်ပြီးပြီဆိုရင်လည်း ကိုယ့်ဖာသာချက်စားလိုက်ကြတော့ဗျို့”
ကျုပ်ပြောလိုက်တော့ နတ်ထိန်းနဲ့ အဘွားနွဲ့က ကျုပ်ကိုမျက်စောင်းထိုးပြီး ကြည့်နေကြတယ်။ အဘွားနွဲ့က တဲပေါ်ကနေဆင်းလိုက်ရင်း
“ကောင်းသွားပြီဆိုတော့လည်း ပြီးပြီပေါ့အေ၊ နောက်ဖြစ်ရင်သာ ငါတို့ကိုလာမခေါ်နဲ့၊ ငါတို့က အလုပ်တစ်ဖက်နဲ့အေ့”
အဘွားနွဲ့ထွက်သွားတော့ နတ်ထိန်းကလည်း ဆလင်းဘတ်အိတ်ချိုင်းကြားကောက်ညှပ်ပြီး အိမ်ပေါ်ကနေ ကနွဲ့ကလျနဲ့ဆင်းသွားတယ်၊ ကျုပ်ကိုတောင်တစ်ချက်လှည့်ကြည့်ပြီး နှုတ်ခမ်းကို ကိုက်ပြသွားသေးတယ်၊ ကျုပ်တော့ အဲဒီမိန်းမလျာနတ်ထိန်းကိုကြည့်ပြီး ဖနောင့်နဲ့ချည်းပေးပေါက်ချင်တာ။
ဟိုဦးလေးကြီးက အိမ်ခန်းထဲဝင်သွားပြီးတော့ ပုလင်းတစ်လုံးကိုင်ပြီးထွက်လာတယ်။
“ဟောဒါက ဆရာလေးရဲ့ပညာကို ကန်တော့တာပါ၊ ဆရာလေး လက်ခံပေးပါ”
“ဒါဘာပုလင်းကြီးတုံးဗျ”
“အရက်ချက်တဲ့လူတွေဆိုတော့ အရက်ပုလင်းပဲကန်တော့တာပေါ့ဆရာလေးရာ၊ ဒီအရက်က နှယ်နှယ်ရရတော့မဟုတ်ဘူးဆရာလေး၊ အရက်ဦးရေလို့ခေါ်တဲ့ မီးတောက်အရက်ဗျ”
“ခင်ဗျားတို့ဗျာ၊ ငါးပါးသီလထိန်းတဲ့လူကို အရက်ပုလင်းကန်တော့ရတယ်လို့၊ ပိုက်ဆံလေးဘာလေး ကန်တော့တယ်ဆိုတော်သေးတယ်၊ ကျုပ်က ဒီအရက်ပုလင်းကို ဘာလုပ်ရမှာလဲဗျ”
“ဆရာလေးရယ် ကျွန်တော်တို့မှာ ပိုက်ဆံသိပ်မရှိလို့ပါ”
“အောင်မယ် ခုနကတော့ နားကပ်တွေဘာတွေချွတ်ပေးနေပြီးတော့”
ဒီအခါ တဲအောက်ကဦးလေးကြီးတစ်ယောက်က
“ဟေ့ကောင်၊ ပေးတာယူလိုက်လေကွာ၊ ဘာလဲ မင်းတို့က အသပြာဆရာလား”
ကျုပ်လည်း ဒီစကားကြားတာနဲ့ အရက်ပုလင်းကိုကောက်ပြီး ထထွက်လာခဲ့တယ်၊ ဒီလူတွေက ကျုပ်ကိုငယ်တယ်ဆိုပြီး ပမာမခန့်လုပ်တာဗျ၊ ခုနက ရွာစာချဖို့ကျတော့ နားကပ်တွေဘာတွေဖြုတ်တယ်၊ ပြီးရင် အဘွားနဲ့တို့ နတ်ထိန်းတို့ကိုလည်း ငွေက ကန်တော့ရအုံးမှာ၊ ကျုပ်ကုလို့ပျောက်တာကျတော့ ပိုက်ဆံအကုန်မခံချင်ဘဲ အရက်တစ်လုံးနဲ့ ပြီးလိုက်ကြတာကို အံ့သြလို့မဆုံးဘူး၊ ဒေါသလည်း တော်တော်ထွက်နေမိတယ်။ အခုပြန်တာတောင်မှ တစ်ယောက်မှ လိုက်မပို့ပေးကြဘူး။
ရွာထိပ်ရောက်တော့ လမ်းမမှာ ဒေါင်ချာစိုင်းပြီးလမ်းလျှောက်လာတဲ့ ဦးမင်းဆိုတဲ့လူနဲ့တွေ့တယ်၊ ဦးမင်းက အရက်သမားဗျ၊ အချိန်ပြည့်မူးနေတတ်တဲ့လူပေါ့၊ ကျုပ်တို့အိမ်နဲ့ သုံးအိမ်လောက်ပဲခြားတာဆိုတော့ ကျုပ်နဲ့သိပါတယ်။ ကျုပ်လည်း လက်ထဲက အရက်ပုလင်းကို ဦးမင်းကိုလှမ်းပေးလိုက်တယ်။ ဦးမင်းက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်ရင်း
“ဒါဘာတွေလဲ ရင်မောင်”
“အရက်ဦးရေ မီးတောက်အရက်လို့တော့ပြောတာပဲ၊ ကျုပ်က အရက်မှမသောက်တာ၊ ဒီတော့ ဦးမင်းပဲသောက်လိုက်တော့”
ဦးမင်းက အရက်ပုလင်းကိုဆွဲယူလိုက်ပြီးတော့ အဖုံးဖွင့်ပြီးနမ်းကြည့်တယ်။
“ဟ၊ အရက်က တကယ်ကောင်းတာပဲကွ၊ မင်းကျေးဇူးနဲ့ အရက်ကောင်းကို အလကားသောက်ရတော့မယ်ဟေ့၊ ကျေးဇူးပါပဲရင်မောင်ရာ”
ဦးမင်းက အရက်ပုလင်းဆွဲယူပြီး ရွာပြင်ထွက်သွားပါရော၊ ကျုပ်လည်း သူ့နောက်ကျောကိုကြည့်ရင်း စိတ်ပေါက်ပေါက်နဲ့
“ယခု အရက်သမားဦးမင်းကို အရက်တစ်ပုလင်းပေးခဲ့ပါသည်၊ ဤစကားသည်မှန်သောသစ္စာစကားဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် ပိုက်ဆံများ မိုးပေါ်မှကျလာပါစေသား”
ကျုပ်လည်း တမင်ရွဲ့ပြောပြီးတော့ ရွာထဲပြန်လာခဲ့တယ်၊ ဆရာကြီးဦးအောင်ရှိန်ရဲ့ အိမ်ကိုရောက်တော့ ဦးအောင်ရှိန်က ကျုပ်ပြောသမျှနားထောင်ပြီး တဟားဟားနဲ့ရယ်တယ်။
“ငါက မင်းကိုကုခိုင်းလိုက်တယ်ဆိုတာ သူ့ကိုပြုစားတဲ့စုန်းက ပညာနိမ့်နေလို့ပဲကွ၊ ပုတီးပေးလိုက်တယ်ဆိုတာကလည်း ဒီပုတီးနဲ့ ခေါင်းကိုပုတ်လိုက်ရုံနဲ့ အဲဒီပြုစားတာက ပျောက်နိုင်လို့ပဲကွ”
“မသိပါဘူးဆရာကြီးရာ၊ ကျွန်တော်က ပုတီးပေးတော့ ပုတီးစိပ်ခိုင်းတယ်ထင်ပြီး ထိုင်စိပ်နေတာဗျ”
“ဂုဏ်တော်ပွားတာ အလကားမဖြစ်ပါဘူးရင်မောင်ရာ၊ သူတို့ပေးလိုက်တဲ့အရက်ပုလင်းကို သူများကိုလှူလိုက်တယ်ဆိုတော့ မင်းက ကုသိုလ်တောင်ရသေးတယ်ကွ ဟား ဟား”
ဒီအချိန်မှာပဲ မိုးပေါ်ကနေ ပိုက်ဆံတွေကျလာတယ်ဗျာ၊ ဆယ်တန်တွေ၊ ငါးကျပ်တန်တွေ အစုံပါပဲ၊ ပိုက်ဆံက အရွက်နှစ်ဆယ်လောက်ရှိမယ်ဗျ။ ကျုပ်လည်း ဝမ်းသာအားရနဲ့
“ဆရာကြီး၊ ကျွန်တော်ဆိုလိုက်တဲ့ သစ္စာစကားက မှန်သွားပြီဗျ၊ ပိုက်ဆံတွေ မိုးပေါ်ကနေကျလာတယ်”
ကျုပ်အားရဝမ်းသာနဲ့ကောက်ရင်း အပေါ်ကိုကြည့်လိုက်တဲ့အခါ ဒေါ်အေးကြည်က လွယ်အိတ်တစ်ခုကို မှောက်လျက်သားကိုင်ထားတယ်။
“ဟောတော့ လွယ်အိတ်က အလွတ်ထင်လို့ခါချလိုက်တာ ပိုက်ဆံတွေကျကုန်ပါရောလား”
ပိုက်ဆံတွေပြေးကောက်နေတဲ့ကျုပ်ခမျာ ဒေါ်အေးကြည်ကိုကြည့်ရင်း ကြက်သေသေသွားတော့တယ်၊ ဦးအောင်ရှိန်ကတော့ ကျုပ်ကိုကြည့်ရင်း တဟားဟားနဲ့ကိုရယ်တော့တာပဲဗျာ။ ကျုပ်လည်း ပိုက်ဆံတွေကိုလိုက်ကောက်ပြီးတော့ အိမ်ပေါ်ကဆင်းလာတဲ့ ဒေါ်အေးကြည်လက်ထဲကို အပ်လိုက်ရတော့တယ်။
“မင်းသစ္စာက မှန်တော့မှန်တယ်ရင်မောင်ရဲ့၊ ဒါပေမယ့် ဒီပိုက်ဆံတွေက မင်းပိုက်ဆံတွေမဟုတ်တာတော့ စိတ်မကောင်းဘူးဟေ့”
“ကျွန်တော်ကိုက လိုတာပါဗျာ၊ ကျလာတဲ့ပိုက်ဆံ ငါ့ပိုက်ဆံဖြစ်ပါစေလို့ တစ်ခါတည်းသစ္စာထည့်ဆိုရမှာ”
ဒီလိုနဲ့ နောက်တစ်နေ့ရောက်တော့ ဆရာဦးအောင်ရှိန်အိမ်ကို ကျုပ်တို့သားအမိနှစ်ယောက် ရောက်လာခဲ့တယ်၊ အမေကတော့ ဒေါ်အေးကြည်နဲ့ ကုန်ကူးဖို့ကိစ္စအတွက် အထုပ်အပိုးတွေ ပြင်ဆင်တိုင်ပင်နေကြတာပေါ့၊ ကျုပ်နဲ့ဆရာကြီးကတော့ ထုံးစံအတိုင်း ရေနွေးသောက်၊ ဟိုစကားပြော ဒီစကားပြောပေါ့၊ ဒီအချိန် ခြံထဲကိုလူတစ်ယောက်ဝင်လာတယ်ဗျ၊ ဝင်လာတဲ့လူက မိန်းမပဲ၊ ဒါပေမယ့် ဖျာလိပ်ကြီးကို ကိုယ်လုံးမှာပတ်ပြီးဝင်လာတာဗျ၊ လမ်းလျှောက်တာကလည်း တောင့်တောင့်ကြီးပေါ့ဗျာ၊ ဖျာလိပ်က သူ့ရင်ဘတ်လောက်ကနေ ဟိုးခြေထောက်လောက်အထိကို စွပ်ထားတယ်၊ လမ်းကိုတော့ တရွတ်တရွတ်နဲ့လျှောက်လာတယ်။ သေချာကြည့်တော့မှ ဟိုနေ့က အပျိုကြီးဖြစ်နေသဗျ။
“ဆရာကြီးရှင့် ကျွန်မကိုခွင့်လွတ်ပေးပါ”
ဦးအောင်ရှိန်က
“ညည်းကို ငါလုပ်တာမဟုတ်ဘူးဟဲ့၊ ငါတပည့်လေး လုပ်လိုက်တာ၊ နင်တောင်းပန်ချင်ရင် သူ့ကိုတောင်းပန်”
အပျိုကြီးက ဖျာစကိုချိုင်းကြားညှပ်ပြီးတော့ ကျုပ်ကိုလက်အုပ်ချီလိုက်ရင်း
“ဆရာလေးကို ကျွန်မတောင်းပန်ပါတယ်၊ မနေ့ကစပြီး ကျွန်မတစ်ကိုယ်လုံးမှာ အဝတ်အစားဝတ်လို့မရဘဲဖြစ်နေပါတယ်၊ အဝတ်အစားဝတ်လိုက်ရင် တစ်ကိုယ်လုံးမခံနိုင်လောက်အောင် ယားယံတဲ့အတွက် အဝတ်အစားမကပ်ဘဲဖြစ်နေပါတယ်၊ ဆရာလေး ကျွန်မကိုခွင့်လွတ်ပေးပါ”
ဒီတော့မှ ကျုပ်လည်းသတိရသွားတော့တယ်၊ လတ်စသတ်တော့ ဟိုကောင်လေးကိုလုပ်တာ ဒီအပျိုကြီးကိုး၊ ကျုပ်ကလည်း သစ္စာဆိုရင်း အဝတ်အစားမကပ်နိုင်ပါစေသတည်းလို့ ပြောလိုက်တာဆိုတော့ အပျိုကြီးထိပြီပေါ့ဗျာ။ အဝတ်အစားမကပ်နိုင်လို့ ဖျာလိပ်ကြီးပတ်ထားရတဲ့အပျိုကြီးကိုကြည့်ပြီး ကျုပ်ပျော်သွားတယ်၊ စိတ်ထဲလည်း ဝမ်းသာသွားတယ်။
“အောင်မာ၊ ခင်ဗျားသူများကိုလုပ်တုန်းကရော တောင်းပန်လိုက်ရုံနဲ့ ကြေအေးပေးလို့လား၊ ကျုပ်ကတော့ မကြေအေးပေးနိုင်ဘူး၊ ခင်ဗျားကိုတစ်သက်လုံး အဝတ်အစားမဝတ်နိုင်ဘဲ ဒီလိုဖျာလိပ်ကြီးပတ်ပြီး နေခိုင်းရမယ်”
“မလုပ်ပါနဲ့ဆရာလေးရယ်၊ ကျွန်မတောင်းပန်ပါတယ်၊ နောက်ကိုဒီလိုမလုပ်တော့ပါဘူး”
ဦးအောင်ရှိန်က ကျုပ်ပေါင်ကိုပုတ်လိုက်ပြီး
“မင်းကိုမနေ့ကပြောလိုက်သားပဲရင်မောင်၊ ကိုယ့်ပညာနဲ့သူများကို ဒုက္ခရောက်အောင်လုပ်ရင် ငါတို့လည်း စုန်းတွေလိုဖြစ်သွားမှာပေါ့ဆိုတာလေ”
“ဒါပေမယ့်ဆရာကြီးရယ်၊ သူတို့က သူများကိုဒုက္ခရောက်အောင်လုပ်တယ်လေဗျာ”
“လူတစ်ယောက်နဲ့တစ်ယောက်က ခံယူချက်ခြင်း ရပ်တည်ချက်ခြင်းမတူဘူးရင်မောင်ရ၊ စုန်းဆိုတာ သူများကိုပြုစားရမှာ သူတို့အလုပ်လေ၊ ဒါပေမယ့် ငါတို့အလုပ်က သူများကိုညှင်းပန်းနှိပ်စက်ဖို့မဟုတ်ဘူးကွ”
“ကျွန်တော်နားလည်ပါပြီဆရာကြီး”
“မင်းသူ့ဆီကနေ ကတိတစ်ခုတောင်းပြီးတော့ သူ့ကိုခွင့်လွှတ်ပေးလိုက်ပါရင်မောင်”
“ကောင်းပါပြီဆရာကြီး”
ကျုပ်က အပျိုကြီးကိုကြည့်လိုက်ပြီးတော့
“ဒီမယ်အပျိုကြီး၊ ခင်ဗျားရဲ့ပညာကို ဒီရွာမှာမသုံးတော့ပါဘူးလို့ ကတိပေးသလား၊ ကတိပေးမယ်ဆိုရင် ခင်ဗျားကိုကျုပ်ခွင့်လွတ်မယ်”
အပျိုကြီးက အတော်ကြာအောင်စဉ်းစားပြီးမှ ခေါင်းကိုတွေတွေကြီးညိတ်ပြီး
“ကတိပေးပါတယ်ဆရာလေး၊ ကတိပေးပါတယ်”
“ကဲ ဒါဆိုရင် ခင်ဗျားကတိခင်ဗျားတည်ပါ၊ ခင်ဗျားကိုကျုပ်ခွင့်လွတ်လိုက်ပြီ”
ဒီအခါ ဒေါ်အေးကြည်က ထဘီတစ်ထည် အင်္ကျီတစ်ထည်ယူလာပြီးတော့ အပျိုကြီးကို အိမ်နောက်ဖေးကိုခေါ်သွားတယ်၊ အပျိုကြီးပြန်ထွက်လာတော့ ဒေါ်အေးကြည်ပေးတဲ့အဝတ်အစားတွေကို ဝတ်ထားတယ်ဗျ၊
“ကျေးဇူးတင်ပါတယ်ဆရာကြီး၊ ဒေါ်အေးကြည်ကိုလည်း ဒီအဝတ်အစားတွေ လျှော်ပြီးရင် ပြန်ပေးပါ့မယ်”
“ပြန်ပေးစရာမလိုပါဘူးအပျိုကြီး၊ အပျိုကြီးကို အပိုင်ပေးလိုက်တာပါ”
အပျိုကြီးက မျက်နှာပူနေပုံရတယ်ဗျ၊ ခြံအပြင်ကိုပြေးထွက်သွားပါရော၊ သူပတ်လာတဲ့ဖျာကြီးတောင် ခြံထဲမှာကျန်နေခဲ့တယ်၊ ဒီအချိန် အမေက ကျုပ်ကိုပြုံးပြီးကြည့်နေတယ်၊ အမေရဲ့အပြုံးက ကျုပ်ကိုဂုဏ်ယူနေတဲ့ အပြုံးမျိုးဗျ။ သူ့သားက သူများက ဆရာလေးလို့ခေါ်ပြီး ကန်တော့ရလောက်တဲ့အထိဖြစ်နေတာဆိုတော့ အမေတစ်ယောက်အနေနဲ့ ဂုဏ်ယူမှာပေါ့ဗျာ။
နောက်တစ်နေ့မနက်ခင်းမှာပဲ ကြီးကြီးသန်းက အိမ်ထဲပြေးဝင်လာတယ်။
“ညီမရေ ရွာလယ်က အပျိုကြီးတစ်ယောက် ညကပဲတစ်ဖက်ရွာက သဒိုးတစ်ယောက်အနောက် လိုက်ပြေးသွားလို့တဲ့တော်”
အမေက သိပ်တော့မအံ့သြပေမယ့် ကြီးကြီးသန်းကတော့ အံ့သြနေရှာတယ်။
“ဒါကြောင့် ရှေးလူကြီးတွေက ဖူးစာဆိုတာ ဆန်းကြယ်တယ်လို့ပြောတာ ညီမရေ၊ အပျိုကြီးက တစ်ချိန်က ဒီရွာကလူပျိုတွေကို ခေါင်းခေါက်ရွေးယူနိုင်ပါလျက်နဲ့ အခုတော့ သဒိုးလို အနုတ်စုတ်ဂုတ်စုတ်နဲ့မှ လိုက်ပြေးရတယ်လို့”
ဒီအကြောင်းကို ဆရာကြီးကိုပြောပြတော့
“မင်းက သူ့ကိုကတိတောင်းလိုက်တာကိုးကွ၊ သူများကိုပြုစားတာ စုန်းရဲ့အလုပ်ပဲမဟုတ်လား၊ မင်းက ဒီရွာမှာ မပြုစားရတော့ဘူးဆိုတော့ သူဘယ်နေနိုင်ပါ့မလဲကွ၊ ဒါကြောင့် သဒိုးကိုယူပြီး သဒိုးနေတဲ့ရွာကို လိုက်သွားတာနေမှာကွ”
ဆရာကြီးပြောမှပဲ ကျွန်တော်လည်းသဘောပေါက်တော့တယ်၊ ဒီအချိန်ကျွန်တော့်စိတ်ထဲ သနားစိတ်လိုလိုဝင်လာမိတယ်၊ အပျိုကြီးကို ဒီကတိတောင်းလိုက်လို့ ရွာကထွက်ပြေးသွားရတယ်ဆိုတော့ ကျုပ်လုပ်တာများ ပြင်းထန်နေသလားပေါ့ဗျာ။ ဦးအောင်ရှိန်ကတော့ ခပ်ပြုံးပြုံးနဲ့
“မင်းကတကယ့်ကောင်ပဲ ရင်မောင်ရ၊ မင်းလုပ်လိုက်လို့ အပျိုကြီးက ထမီကျွတ်ရုံတင်မကဘူး၊ အခုတော့ အပျိုကြီးဘဝကနေပါ ကျွတ်သွားပြီရင်မောင်ရ ဟားဟား”
ဆရာဦးအောင်ရှိန်ကို ရယ်နေပေမယ့် ကျုပ်ကတော့ အပျိုကြီးအတွက် စိတ်မကောင်းဖြစ်ပြီး ပြုံးတောင်မပြုံးနိုင်တော့ပါဘူးဗျာ၊ ဆရာဦးအောင်ရှိန် တစ်ချိန်ကပြောခဲ့ဖူးတဲ့စကားတစ်ခွန်းက နားထဲပြန်ရောက်လာတယ်။
“အာဏာရှိတဲ့လူက တာဝန်ပိုကြီးတယ်”တဲ့ဗျ၊ ကိုယ့်ရဲ့အစွမ်းအာဏာကြောင့် သူတစ်ဖက်သားရဲ့ဘဝကို နင်းခြေပျက်စီးစေနိုင်တယ်ဆိုတာ သိပ်ဟုတ်တာပဲဗျာ၊ နောက်ဆိုရင် ကျုပ်သတိထားမှဖြစ်တော့မယ်ဗျာ၊ အစကတော့ ဆရာကြီးဦးအောင်ရှိန်ကို စုန်းတွေအပေါ်ကိုင်တွယ်တဲ့နေရာမှာ ပျော့တယ်လို့ထင်ခဲ့မိသဗျ၊ အခုမှပဲ ဆရာကြီးရဲ့စိတ်ကို ကျုပ်နားလည်နိုင်တော့တယ်၊ ဒီလိုဖြစ်အောင်လည်း ဆရာကြီးက ကျုပ်ကိုကုခိုင်းခဲ့တာဖြစ်မယ်လို့ တွေးမိပါတော့တယ်။