အတွဲ(၂) စာစဉ်(၂၁)

(၁)

ဒေါ်ဂေါင်းတို့ခြံကနေ ကျုပ်ယူလာခဲ့တဲ့ ငှက်ပျောသီးခိုင်တွေ၊ အုန်းသီးတွေကို ဆရာဦးအောင်ရှိန်က လက်ပိုက်ကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေတယ်ဗျ၊ ကျုပ်ကတော့ ဆရာကြီးဝါးလုံးပိုင်းနဲ့ရိုက်ထားလို့ ဖင်ကိုပူထူနေတာပါပဲဗျာ။

“မင်းရောက်လာတာ နောက်ကျသွားတယ် ရင်မောင်ရ၊ ပွဲကိုးပွဲထိုးဖို့ပြင်တာဆင်တာနဲ့၊ ပွဲအပ်မှာနဲ့တင် ညမိုးချုပ်သွားမယ်ကွ၊ မိုးချုပ်သွားရင် လုပ်ကိုင်မကောင်းတော့ဘူးကွ”

“ဘာဖြစ်လို့လဲဟင်ဆရာကြီး၊ မိုးချုပ်ရင် ပွဲလှူလို့မရတော့လို့လား”

“အဲဒါလည်းပါတယ်၊ နောက်ပြီး အပုပ်ချိန်ရောက်သွားတာလဲပါတယ်ရင်မောင်ရ”

“ဆရာကြီးကလည်းဗျာ၊ ပညာတွေစွမ်းနေရဲ့သားနဲ့ အချိန်အခါကောင်းစောင့်ဖို့ လိုသေးလို့လား”

“ပညာစွမ်းတာက ပညာစွမ်းတာပဲကွ၊ အချိန်အခါက အချိန်အခါပဲ၊ မင်းပြောမှ တို့ငယ်ငယ်က ဗိုလ်ကျော်ခေါင်ပြောဖူးတဲဲ့ အဖြစ်အပျက်ကလေးတစ်ခုကိုသွားသတိရတယ်”

“ဘာအဖြစ်အပျက်လဲဆရာကြီး”

“ဥရောပတိုက်နိုင်ငံတစ်နိုင်ငံပေါ့ကွာ၊ ဗိုက်ကျော်ခေါင်ပြောတာကတော့ ဂျာမနီဆိုလား အီတလီဆိုလားပဲ၊ ထားပါတော့၊ အဲဒီမှာ ဝန်ကြီးချုပ်ကြီးတစ်ယောက်ရှိတယ်တဲ့ကွ၊ အဲဒီဝန်ကြီးချုပ်က သြဇာအာဏာကြီးတဲ့သူပေါ့၊ တစ်နေ့တော့ သူ့အမေနေမကောင်းဘူးလို့သတင်းကြားတာနဲ့ သူ့အမေရှိတဲ့မြို့ကိုရထားစီးပြီးလိုက်သွားရသတဲ့ကွာ၊ ရထားစီးဖို့ဘူတာကိုထွက်လာခဲ့အခါ ဘူတာမှာရထားမရှိဘူးတဲ့၊ ဝန်ကြီးချုပ်က ကြိမ်းမောင်းဆဲဆိုပြီး ဆယ့်ငါးမိနစ်လောက်ကြာမှ ရထားဆိုက်လာသတဲ့၊ ဝန်ကြီးချုပ်ဆိုတော့ ရထားမောင်းတဲ့လူကို ပြောဆိုကြိမ်းမောင်းတာပေါ့ကွာ၊ အဲဒီမှာ ရထားစက်ခေါင်းမှူးက ဘာပြောသလဲဆိုတော့ ဝန်ကြီးအာဏာရှိတာက သပ်သပ် ရထားသံလမ်းကသပ်သပ်ပါတဲ့၊ ဆိုလိုချင်တာကတော့ကွာ ဝန်ကြီးက အာဏာဘယ်လောက်ရှိရှိ ရထားဆိုတာ သူ့အချိန်နဲ့သူသွားနေတာကို ဆိုလိုချင်တာပါ၊ ခုနကမင်းမေးတဲ့မေးခွန်းကိုဖြေရရင် ပညာထက်တာသက်သက်၊ အချိန်ကောင်းအခါကောင်းက သပ်သပ် ဒါကိုခွဲမြင်ဖို့လိုတယ်လို့ ပြောချင်တာကွ”

“ဟုတ်တော့ဟုတ်တယ်နော်ဆရာကြီး”

“ညအချိန်ဆိုတာ စုန်းကဝေတွေ ပညာတန်ခိုးတက်တဲ့အချိန်ကွ၊ ငါတို့ဆရာတွေမှာလည်း အချိန်ကောင်းအခါကောင်းရှိသလို သူတို့မှာလည်း အချိန်ကောင်းအခါကောင်းဆိုတာရှိတယ်၊ သူတို့ရဲ့အချိန်ကတော့ ညဘက်ပေါ့ရင်မောင်ရာ၊ စုန်းကဝေဇာတ်လမ်းတွေထဲ ဘယ်စုန်းကများ နေ့ခင်းကြောင်တောင်ကြီးသွားလာလှုပ်ရှားနေတာ မင်းမြင်ဖူးသလဲကွ”

“ဟုတ်တယ်ဆရာကြီး၊ ကျွန်တော်ကြားဖူးတာကတော့ လမိုက်ညတို့၊ သန်းခေါင်ယံအချိန်တို့ အဲဒီလိုအချိန်တွေပဲကြားဖူးတာ၊ ဒါနဲ့ သူတို့ကဘာဖြစ်လို့ ညမှထွက်ကြတာလဲဆရာကြီး”

“အဓိကကတော့ လူမြင်သူမြင်မခံချင်လို့ပေါ့ကွာ၊ ညဆိုတာ လူသားတွေအကုန်လုံးအိပ်စက်အနားယူတဲ့အချိန်မဟုတ်လား၊ နောက်တစ်ခုကတော့ စုန်းကဝေတွေဟာ ပရလောကသားတွေနဲ့ အလုပ်လုပ်ကြတာများတယ်၊ ပရလောကသားတွေ ကျက်စားတဲ့အချိန်ဆိုတာ ညနေနေဝင်ပြီးတဲ့အချိန်ကနေ နောက်တစ်နေ့မနက်နေမထွက်လာခင်အချိန်အထိဆိုတော့ တိုတိုပြောရရင်ညဘက်ပေါ့ကွာ၊ သူတို့နဲ့အလုပ်လုပ်ချင်တော့ သူတို့သွားတတ်လာတတ်တဲ့အချိန်မှာ ထွက်ရတာပေါ့၊ မဟုတ်ဘူးလား”

“နောက်ထပ်အရေးအကြီးဆုံးအချက်တစ်ချက်ရှိသေးတယ်ကွ ရင်မောင်ရ၊ စုန်းကဝေတွေသုံးတဲ့ မှော်စွမ်းအင်ဆိုတာက လရောင်နဲ့အများကြီးသက်ဆိုင်တယ်၊ ညအချိန်မှာ အဲဒီမှော်စွမ်းအင်တွေက တိုးတက်လာကြတယ်၊ လပြည့်ညတို့ လသာတို့အချိန်တို့မှာ စုန်းတွေမြူးတယ်ဆိုတာ အလကားမဟုတ်ဘူးရင်မောင်ရေ”

“ကျွန်တော်နားလည်ပါပြီဆရာကြီး”

“တိုက်ပွဲဆိုတာ ဘယ်လိုတိုက်ပွဲပဲဖြစ်ဖြစ် နိုင်မှကောင်းတယ်ကွ၊ ကိုယ့်ရန်သူရဲ့အားနည်းတဲ့အချိန်ကို စောင့်ရသလို၊ ကိုယ့်ဘက်ကလည်း အားသာချက်တွေအများကြီးရအောင် စုဆောင်းထားရတယ်၊ ငါတို့အလုပ်က စစ်ပွဲလိုတိုက်ခိုက်ရတာမျိုးမဟုတ်ပေမယ့် အလင်းနဲ့အမှောင်၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားကို လွန်ဆွဲရတဲ့အတွက် တိုက်ပွဲတစ်မျိုးပဲ၊ ငါမေးပါအုံးမယ်ရင်မောင်၊ တစ်ဖက်လူအားနည်းတဲ့အချိန်မှာ တိုက်ခိုက်တာနဲ့ တစ်ဖက်လူ အားသာနေတဲ့အချိန်မှာ တိုက်ခိုက်တာ ဘယ်ဟာက နိုင်ချေများမယ်လို့ မင်းထင်သလဲ”

“သေချာပေါက် အားနည်းတဲ့အချိန်ပေါ့ ဆရာကြီးရာ”

ဆရာဦးအောင်ရှိန်က ခေါင်းညိတ်လိုက်ပြီး

“အေး၊ ဒါကြောင့် ငါက ညအချိန်ကို အပုပ်ချိန်လို့ပြောတာ မင်းနားလည်ပြိမဟုတ်လား”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။

“ဒါဆိုရင် သူတို့အားသာနေတဲ့အပုပ်ချိန်ကိုရှောင်ရမယ်ဆိုတော့ သူတို့အားနည်းတဲ့အချိန်က ဘယ်အချိန်လဲဆရာကြီး”

“စုန်းကဝေဆိုပေမယ့် လူဟာလူပဲ၊ လူဆိုတာ အသက်ရှင်ဖို့အတွက် စားရတယ်၊ အားရှိအောင် အိပ်ရတယ်၊ တစ်ညလုံးမအိပ်ဘဲ လည်ပတ်နေတဲ့လူဟာ ဘယ်အချိန်အိပ်မလဲရင်မောင်”

“ဆရာကြီးပြောသလိုသာဆို သူတို့က တစ်ညလုံးလည်ပတ်ပြီး မနက်နေထွက်ခါနီးမှ အိမ်ပြန်လာပြီးအိပ်မယ်ဗျာ၊ ညကအိပ်ရေးပျက်ထားတာဆိုတော့ မနက်ဆိုရင်လည်းတော်ရုံနဲ့နိုးမှာ မဟုတ်ဘူးဗျ”

“အေးပေါ့ကွ၊ ဒါကြောင့် ရှေးလူကြီးသူမတွေပြောကြတယ်မဟုတ်လား၊ မိန်းကလေးတွေ ညဘက်အလှမပြင်ရဘူး၊ အလှပြင်ရင် စုန်းမဖြစ်တတ်တယ်၊ မနက်ခင်း နေထန်းတစ်ဖျားရောက်တဲ့အချိန်အထိ အိပ်နေတဲ့မိန်းကလေးတွေကို စုန်းမတွေဖြစ်မယ်ဆိုပြီး ပြောဆိုကြိမ်းမောင်းတတ်တာ မင်းကြားဖူးရင်ကြားဖူးမှာပါ”

“ဒါဆို ဦးရန်အောင်ဆီက ပညာထုတ်မယ့်အချိန်က မနက်ခင်းပဲဖြစ်မှာပေါ့”

“တိတိကျကျပြောရရင် ရှစ်နာရီနဲ့ကိုးနာရီကြားပေါ့ရင်မောင်ရာ”

“ဒါဆိုရင်လည်း ငှက်ပျောသီး၊ အုန်းသီးတွေဆေးပြီးတော့ ပွဲပြင်ထားလိုက်မယ်ဗျာ၊ မနက်ကျတော့ တစ်ခါတည်းပွဲအပ်ပြီး လုပ်လို့ကိုင်လို့ရတာပေါ့”

ကျုပ်ပြောတော့ ဆရာဦးအောင်ရှိန်က ပြာပြာသလဲနဲ့

“ဟာ ရင်မောင်၊ အဲဒီလိုမလုပ်ရဘူးကွ”

“ဘာဖြစ်လို့လဲဆရာကြီး”

“မင်းကိုမနေ့ကပြောခဲ့သလို ကန်တော့ပွဲဆိုတာ ကောင်းတဲ့ပုဂ္ဂိုလ်ရော မကောင်းတဲ့ပုဂ္ဂိုလ်ပါ လိုချင်ကြတယ်မဟုတ်လားကွ၊ ပွဲကိုချက်ချင်းမအပ်ဘဲ အဲဒီလိုညလုံးပေါက်ပြင်ထားလိုက်ရင် လမိုင်းနတ်တွေ၊ ဇော်ဂနီ ဇော်ဂနက်တွေက ပွဲကိုလာပြီးသိမ်းယူတတ်ကြသတဲ့ကွ၊ အဲဒီလိုကန်တော့ပွဲကိုသိမ်းယူသွားတယ်ဆိုရင် ကိုယ်က မနက်ခင်းပွဲအပ်ပေမယ့် ကိုယ်အပ်တဲ့ပုဂ္ဂိုလ်က လက်မခံတော့ဘူး၊ ဒါကြောင့် ဘုရားပွဲပဲဖြစ်ဖြစ်၊ နတ်ပွဲပဲဖြစ်ဖြစ် ကန်တော့ပွဲထိုးတဲ့အခါ ထိုးခါနီးမှ ပွဲကိုပြင်ဆင်ရတယ်၊ ပြင်ပြီးတာနဲ့ တန်းအပ်တာ အကောင်းဆုံးပဲကွ”

“ကျွန်တော်မှတ်ထားပါ့မယ်ဆရာကြီး၊ ဒါနဲ့ ဦးရန်အောင်ကိုဘယ်လိုလုပ်မလဲ”

“တစ်ညတစ်လေတော့ အိမ်မှာခေါ်သိပ်ထားရမှာပေါ့ကွာ”

ခွေးလိုနေ၊ ခွေးလိုစားနေတဲ့ ဦးရန်အောင်ကိုကြည့်ပြီး ကျုပ်တို့စိတ်ညစ်မိတာအမှန်ပဲဗျ၊ ထမင်းကျွေးတာတောင်မှ လူလိုပန်းကန်နဲ့ကျွေးတာမစားဘူးဗျာ၊ ထမင်းနဲ့ဟင်းကိုနယ်ဖတ်ပြီး မြေပေါ်မှဖက်ခင်းပြီးကျွေးတော့မှ ခွေးကြီးတစ်ကောင်လို ကုန်းကုန်းစားတာဗျာ၊ ကျုပ်ဖြင့် သူစားနေတာကိုကြည့်ပြီး ကြောက်လည်းကြောက်တယ်၊ သနားလည်းသနားတယ်၊ ဒေါသလည်းထွက်မိတယ်ဗျ၊ ကြောက်တာကတော့ ငါသာသူ့လိုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ကြောက်တာဗျာ၊ သနားတာကတော့ တစ်ချိန်က တပည့်တပန်းတွေအများကြီးနဲ့ ဆရာကြီးတစ်ဆူလိုနေခဲ့တဲ့ ဦးရန်အောင်က အခုတော့ ခွေးစိတ်ပေါက်ပြီး ခွေးလိုနေရတာကို သနားမိတာ၊ ဒေါသထွက်တာကတော့ လူစင်စစ်ကနေ ခွေးစိတ်ပေါက်ပြီး ခွေးလိုနေထိုင်စားသောက်အောင် လုပ်ထည့်လိုက်တဲ့ စုန်းတွေကို ဒေါသထွက်မိတာပါ။

ခါးဝတ်ခါးစားတွေကလည်း စုတ်ပြတ်သပ်နေတာဆိုတော့ ဟိုပေါ်ဒီပေါ်နဲ့ပေါ့ဗျာ၊ သူကခွေးစိတ်ပေါက်နေတော့ ဘယ်ရှက်တတ်ပါ့မလဲ၊ ဒါပေမယ့် အိမ်မှာက မခင်ကြည်တို့လို့ မိန်းမပျိုလေးတွေရှိနေတယ်ဆိုတော့ ဘယ်သင့်တော်ပါ့မလဲ၊ ဒါနဲ့ပဲ ဆရာကြီးရဲ့ အဝတ်အစားဟောင်းတွေရှာပြီး ဦးရန်အောင်ကို အဝတ်လဲပေးရတော့တယ်၊ ခွေးစိတ်ပေါက်နေတဲ့ဦးရန်အောင်က သူ့ကိုအတင်းအကြပ်လုပ်တာမကြိုက်ဘူးဗျာ၊

နောက်ဆုံးတော့ ဆရာဦးအောင်ရှိန်က သူ့ပညာအစွမ်းနဲ့ချုပ်ထားလိုက်တယ်၊ ဒီလိုချုပ်ထားတော့ ခဏတော့ုငြိမ်နေသဗျာ၊ ကျုပ်က ဒီအချိန်မှာသူ့ကို ပုဆိုးတွေ၊ အင်္ကျီတွေ အတင်းအကြပ်ဝတ်ပေးထည့်လိုက်တယ်၊ ဦးအောင်ရှိန် လက်လွှတ်လိုက်တာနဲ့ ဦးရန်အောင်က ကြမ်းတော့တာပါပဲဗျာ၊ သူ့ကိုယ်မှာဝတ်ထားတဲ့ အဝတ်အစားတွေကို ပါးစပ်နဲ့ကိုက်ပြီးဖြဲထည့်လိုက်တယ်၊ ပုဆိုးကိုလည်း လှိမ့်ပြီးကန်ထုတ်လိုက်တာ ကျွတ်သွားတော့တာပဲ။

“ဆရာကြီး ကျွန်တော်တို့ဘယ်လိုလုပ်မလဲဗျာ၊ သူငြိမ်အောင်လို့ ကြိုးနဲ့ချည်ထားရင်ကောင်းမလား”

“ဒီလိုတော့ မလုပ်သင့်ပါဘူးရင်မောင်ရာ၊ သူက ခွေးအစစ်မှမဟုတ်တာ၊ ပြီးတော့ အထက်လမ်းဆရာရဲ့အိမ်မှာ လူတစ်ယောက်ကိုကြိုးနဲ့ချည်ပြီး ဖမ်းထားတယ်ဆိုတာ လူတွေသိရင် ကောင်းမှာမဟုတ်ဘူးကွ”

ဆရာဦးအောင်ရှိန်က ဟိုဟိုဒီဒီကြည့်နေရင်း

“သမီး၊ ခင်ကြည် အိမ်နောက်ဖေးက ပုတ်တောင်းကြီးသွားယူစမ်းဟာ”

မခင်ကြည်က ဝါဂွမ်းတွေထည့်ထားတဲ့ ပုတ်တောင်းကြီးကိုယူချလာတယ်၊ ပုတ်တောင်းဆိုတာ လေးပေခွဲလောက်အမြင့်ရှိပြီး အကျယ်ကလည်းတော်တော်ကြီးတယ်၊ ဒီပုတ်တောင်းကြီးနဲ့ မြေပေါ်မှာခွေးထိုင်ထိုင်နေတဲ့ ဦးရန်အောင်ကို အုပ်စွပ်ချထည့်လိုက်တယ်၊ ဦးရန်အောင်က သူ့ကိုဖမ်းတယ်ထင်ပြီး ရုန်းကန်နေတာပဲဗျာ၊ ဆရာဦးအောင်ရှိန်က သူ့လက်ဝါးနဲ့ပုတ်တောင်းကို ဖိထားလိုက်တော့မှ ဦးရန်အောင်နည်းနည်းငြိမ်ကျသွားတယ်။

“ဟဲ့ ခင်ကြည်၊ ရေတစ်မှုတ်လောက်ခတ်လာခဲ့၊ ရင်မောင် မင်းက ပုဆိုးပိုင်းဖြစ်ဖြစ် အဝတ်စတစ်ခုဖြစ်ဖြစ်သွားရှာကွာ”

ကျုပ်လည်း ဟိုကြည့်ဒီကြည့်နဲ့ကြည့်လိုက်တော့ ခြံစည်းရိုးတိုင်ပေါ်မှာ ပုဆိုးပိုင်းကလေးတစ်ခုကိုတွေ့လိုက်ရတယ်၊ အဲဒီပုဆိုးပိုင်းကလေးပြေးယူပြီး ဆရာကြီးဆီကိုလာခဲ့တော့ ဆရာကြီးက မခင်ကြည်ကိုင်ထားတဲ့ ရေခွက်ထဲကိုမန်းမှုတ်နေတယ်ဗျာ၊ ပြီးတော့ ကျုပ်ယူလာတဲ့ ပုဆိုးပိုင်းကို ရေခွက်ထဲထည့်စိမ်ပြီးတော့ ရေစိုနေတဲ့ပုဆိုးပိုင်းနဲ့ ပုတ်တောင်းကြီးအပေါ်ကိုလွှားခနဲအုပ်ထားလိုက်တယ်။

ဒီတော့မှ တဂီးဂီးနဲ့မာန်ဖီနေတဲ့ ဦးရန်အောင်တစ်ယောက် ငြိမ်ကျသွားတော့တယ်ဗျာ၊ ဆရာဦးအောင်ရှိန်တောင်အခုမှပဲ နဖူးကချွေးကိုလက်နဲ့သုတ်နိုင်တယ်၊ ဒီလိုသာ တစ်ညလုံးလက်နဲ့အုပ်ထားလို့ကတော့ မလွယ်ကြောပဲမဟုတ်လား။

“ဆရာကြီးမှာ ကြိုးပိုင်၊ ကြိမ်ပိုင်တွေရှိတာပဲဆရာကြီးရယ်၊ ဦးရန်အောင်ကို တစ်ညတစ်လေလောက် အဲဒီကြိုးပိုင်တွေနဲ့ချုပ်ခိုင်းထားလိုက်ပေါ့”

“အောင်မယ်လေး မလုပ်ပါနဲ့ရင်မောင်ရာ၊ မင်းအကြံက ငါးပါးမှောက်မယ့်အကြံကွ”

“ဘာဖြစ်လို့ ငါးပါးမှောက်မှာလဲဆရာကြီး”

“ကြိုးပိုင်၊ ကြိမ်ပိုင် တို့ဆိုတာ အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေကွ၊ သူတို့ရဲ့အစွမ်းကပြင်းတယ်၊ ကြိုးပိုင်ကိုကြိုးနဲ့တုပ်ခိုင်းတာက ကြိုးနဲ့တစ်ချက်နှစ်ချက်တုပ်တာ မဟုတ်ဘူးဟေ့၊ ဝက်တုပ်သလိုမျိုး တစ်ကိုယ်လုံးကိုတင်းတင်းကြပ်ကြပ်နဲ့တုတ်ထားတာဟ၊ တစ်မိနစ် နှစ်မိနစ်လောက် အတုပ်ခံရရင်ကို မွန်းကြပ်နေအောင်နာကျင်တာကွ”

“သြော်၊ ဟုတ်လား၊ မသိပါဘူးဆရာကြီးရာ”

“သိုင်းပိုင်၊ ကျိုင်းပိုင်၊ ကြိမ်ပိုင်ဆိုရင်လည်း သူတို့ကြိမ်လုံးနဲ့ရိုက်တာက အိမ်တိုင်ကြီးနဲ့ချွတ်ရိုက်သလို သိပ်နာတယ်ဆိုပဲကွ၊ လေးငါးဆယ်ချက်လောက်ရိုက်ခံလိုက်ရရင် ကားနဲ့တိုက်ခံရသလောက် နာကျင်တယ်ဆိုပဲ၊ အဆိုးဆုံးကတော့ လှံပိုင်ပေါ့ကွာ၊ လှံနဲ့ရင်ဝကို တစ်ချက်ထိုးထည့်လိုက်ရင် အထိုးခံလိုက်ရတဲ့လူက ရင်ဘတ်ထဲမှာစူးအောင့်ပြီးတော့ ခုနစ်ရက်လောက် အိပ်ရာထဲလဲသွားတယ်ဆိုပဲ”

“ဒါကြောင့်ဖြစ်မယ်ဆရာကြီးရ၊ မနေ့က ဒေါ်ဂေါင်းကိုဝင်ပူးတဲ့စုန်းမက လှံပိုင်ကိုသိပ်ကြောက်နေတာဗျ၊ အစက ရိုးရိုးပြောတာမရဘူး၊ ကြိမ်နဲ့ရိုက်တာတောင်တင်းခံလိုက်သေးတယ်၊ လှံနဲ့အချက်တစ်ရာလောက်ထိုးခိုင်းမယ်ဆိုတော့မှ ကြောက်ကြောက်လန့်လန့်နဲ့ဝန်ခံတာဗျ”

“ဒီပုဂ္ဂိုလ်တွေရဲ့ စွမ်းအားက သိပ်ပြင်းတယ်ရင်မောင်ရ၊ ဒီအစွမ်းတွေသုံးတာ တစ်ဖက်သားကို ညှင်းပန်းနှိပ်စက်တာနဲ့တူတယ်၊ မလိုအပ်ရင် ငါဘယ်တော့မှထုတ်မသုံးဘူး၊ တစ်ဖက်လူမှားတာလည်း မှားတယ်ဆိုပေမယ့် အရမ်းကာရော မညှင်းပန်းရဘူးကွ၊ ငါတို့အလုပ်က လူနာကိုကုမယ်၊ ပယောဂရှိရင်ထုတ်မယ်၊ တစ်ဖက်ကလူကို နောက်ထပ်မလုပ်အောင် တားမြစ်မယ်၊ ဒီလောက်ဆိုတော်ပြီကွ၊ မလိုအပ်ပဲ အရမ်းနှိပ်စက်တဲ့အခါ တစ်ဖက်လူကလည်း နင့်နေအောင်ခံရတာဆိုတော့ ဘယ်ကျေနပ်ပါ့မလဲကွာ၊ သူတို့ကရန်ငြိုးဖွဲ့သွားတတ်တယ်၊ ငါက သူတို့ရန်ငြိုးဖွဲ့မှာကို ကြောက်လို့ပြောနေတာမဟုတ်ဘူး၊ မလိုအပ်ဘဲ ရန်သူသူတစ်ယောက်တိုးလာတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ အခု ရန်အောင့်ကို တစ်ညလောက်ကြိုးပိုင်နဲ့ချုပ်ခိုင်းတာ သူ့ကိုသတ်တာနဲ့အတူတူပဲကွ”

“ကျွန်တော်မသိလို့ပါဆရာကြီးရယ်၊ နောက်ဆိုရင် ဆင်ခြင်ပါ့မယ်”

“တချို့ဆရာတွေက ကိုယ်နိုင်တဲ့အချိန် နင်းကန်နှိပ်စက်ထားတာကွ၊ တစ်ဖက်သားက ရန်ငြိုးထားပြီးတော့ အလစ်ကိုစောင့်နေတာ၊ ဆရာဆိုတာလည်း လူပဲလေကွာ၊ တစ်ချိန်မဟုတ်တစ်ချိန် သတိလစ်တာ၊ ပေါ့ဆတာမျိုးဖြစ်မှာပဲ၊ အဲဒီအချိန်ကျရင် ကိုယ့်ကိုချောင်းမြောင်းနေတဲ့လူက အလစ်တိုက်ရင် ခံရရောဟေ့”

အမခင်ကြည်နဲ့ နှင်းကြည်တို့ဆိုရင် အထူးအဆန်းနဲ့ဝိုင်းကြည့်နေကြတယ်၊ ပုတ်တောင်းကြီးအောက်မှာ ဦးရန်အောင်က တအီအီအော်ရင်း ခွေခွေကလေးအိပ်နေပါရောဗျာ။

(၂)

တစ်နေကုန်ပင်ပန်းထားတဲ့အပြင် ဆရာကြီးရိုက်တာခံထားရတာဆိုတော့ လူလည်းမျော့မျော့ပဲကျန်တော့တယ်၊ ညမအိပ်ခင် မခင်ကြည်က ဆေးဘူးကလေးကိုင်ပြီး ရောက်လာတယ်။

“ဟဲ့ရင်မောင်၊ နင့်ကို အဖေက ရိုက်ထည့်လိုက်တယ်မဟုတ်လား၊ ငါဆေးထည့်ပေးမယ်”

“ရပါတယ် အမခင်ကြည်၊ ကျုပ်ယောက်ျားပါ၊ ကျုပ်ဒီလောက်တော့ခံနိုင်ပါတယ်”

“အိုက်တင်ခံမနေစမ်းပါနဲ့ရင်မောင်ရာ၊ အဖေ့လက်ဆကို ငါသိပါတယ်၊ ဟိုးအရင်တုန်းကလည်း အဖေ့ဆီမှာတပည့်ခံတဲ့လူသုံးလေးယောက်ကို အဖေကရိုက်ထည့်လိုက်တာ ဟိုလူတွေတော်တော်ခံလိုက်ရတယ်၊ အခုအချိန်လောက်ဆို နင့်ဒဏ်ရာက သွေးခြေဥနေလောက်ပြီဟ၊ ဘာမှရှက်မနေစမ်းပါနဲ့ရင်မောင်ရာ၊ မှောက်ခုံအိပ်ပြီး နင့်ပုဆိုးလှန်လိုက်စမ်းပါ”

“ဟာ၊ အမခင်ကြည်ကလဲဗျာ၊ ကျုပ်ခံနိုင်ပါတယ်ဆိုနေမှပဲ”

“နင်က ရှက်နေတာမဟုတ်လား၊ အေးပါ၊ လူပျိုကလေးဆိုတော့ ရှက်မှာပေါ့၊ ဒါဖြင့်ရင်လည်း နင့်ဟာနင်လိမ်း၊ ရော့ ငါဆေးဘူးချပေးခဲ့မယ်”

မခင်ကြည်က ဆေးဘူးချပေးခဲ့တယ်ဗျာ၊ ကျုပ်ဖြင့်ရှက်လိုက်တာ ပြောမနေပါနဲ့တော့၊ ရှက်ရှက်နဲ့မျက်နှာကိုခေါင်းအုံးနဲ့ဖိပြီးတော့ အိပ်ချလိုက်တော့တယ်၊ တစ်နေကုန်ပင်ပန်းထားတော့ ခေါင်းချလိုက်တာနဲ့ တုံးခနဲအိပ်ပျော်သွားတာပါပဲဗျာ။

အိပ်နေရင်း အိပ်မက်တစ်ခုမက်တယ်ဗျ၊ အိပ်မက်ထဲမှာ ကျုပ်ကဘယ်နေရာကိုလည်းမသိဘူး သွားနေတာဗျာ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ ယာခင်းတွေချည်းပဲဗျ၊ လမ်းကလေးကလည်း ဖြူးနေတာပဲ၊ နေရာတစ်ခုလုံးက သာသာယာယာကလေးဗျာ၊ ဒီလိုနဲ့လာခဲ့ရင်း တစ်နေရာရောက်တော့ ခွေးပိန်ကလေးတစ်ကောင်က ကျုပ်အရှေ့ကနေ မျက်နှာချင်းဆိုင်ပြီးလျှောက်လာတယ်၊ လျှောက်လာတုန်းကတော့ ခွေးကလေးက ပိန်ပိန်ရိုးရိုးနဲ့ ခွေးဝဲစားကလေးတစ်ကောင်ပါဗျာ၊ ကျုပ်နဲ့မလှမ်းမကမ်းရောက်တော့ ကျုပ်ကိုထိုးဟောင်တော့တာပဲ၊ ကျုပ်လည်းဒေါသထွက်ထွက်နဲ့ ခွေးကိုမာန်မဲလိုက်မိတယ်၊ ခွေးက ကျုပ်ကိုဟောင်နေတုန်းမှာပဲ တဖြည်းဖြည်းကြီးလာတယ်ဗျာ၊ ခွေးပိန်ကလေးအဆင့်ကနေ နိုင်ငံခြားခွေးမျိုးလောက်နီးနီးအကြီးကြီးဖြစ်လာတယ်၊ ဒီလိုကြီးလာရင်းနဲ့ နောက်ဆုံးနွားကြီးတစ်ကောင်လောက်အရွယ်အစားဖြစ်သွားတယ်၊ ခွေးအရောင်ကလည်း ကျွဲအရောင်လို မည်းနက်ပြီး ပြောင်လက်နေတာပဲဗျာ။

ခွေးကြီးက တဂီးဂီးနဲ့ကျုပ်ဆီကိုပြေးလိုက်တဲ့အချိန်မှာ ကျုပ်လည်းတစ်ဖက်လှည့်ပြီး ပြန်ပြေးရတော့တယ်၊ ပြေးသာပြေးနေရတာ ခြေထောက်တွေက လေးလေးကြီးနဲ့ဖြစ်နေပြီး တော်တော်နဲ့ရှေ့ကိုမရောက်ဖူးဗျာ၊ အိပ်မက်ထဲပြေးရတယ်ဆိုတာ ဒီလိုမျိုးကိုခေါ်တာဖြစ်မှာဗျ၊ ပြေးသာပြေးနေရတယ် တော်တော်နဲ့ရှေ့မရောက်ဘူး၊ အနောက်က ခွေးကြီးက ကျုပ်ဆီကိုမှီလာပြီးတော့ ကျုပ်ကိုလှမ်းဟပ်ထည့်လိုက်တယ်ဗျာ၊ တင်ပါးသားကို ခွေးကြီးရဲ့အစွယ်နဲ့ ရှပ်ထိပြီးတော့ နာလိုက်တာပြောမနေပါနဲ့တော့၊ ခွေးကြီးက ခုန်အုပ်ထည့်လိုက်တော့ ကျုပ်မြေပေါ်ကိုကျွမ်းထိုးပြီးလဲကျသွားတယ်၊ ကုန်းထမလို့ ပက်လက်လှန်နေတုန်းမှာပဲ ခွေးကြီးက ကျုပ်ရင်ဘတ်ပေါ်ခုန်တက်ပြီး ကျုပ်ကိုသူ့ကိုယ်လုံးကြီးနဲ့ဖိထားတယ်ဗျာ၊ အသက်ရှှုကြပ်လိုက်တာလည်း ပြောမနေပါနဲ့တော့၊ ကျုပ်အသံကုန်ဟစ်ပြီးအော်ပေမယ့် အသံကမထွက်ဘူး။

နားထဲမှာ သံချောင်းခေါက်သံလိုလို ဒန်အိုးဒန်ခွက်တွေကို ထုနှက်နေတဲ့အသံလိုလို အသံတွေဆူဆူညံညံကြားလိုက်ရတယ်။

“ဟဲ့ ရင်မောင်၊ ထ . . .ထစမ်းပါအုံး”

ကျျပ်ကိုလူတစ်ယောက်က လှုပ်နှိုးလိုက်သလိုခံစားရလို့ ကျုပ်လန့်နိုးသွားတယ်၊ ကျုပ်ကိုနှိုးနေတာ မခင်ကြည်ဗျ။

“အမခင်ကြည်၊ ကျုပ် . . ကျုပ်ဆေးမထည့်ဘူးနော်”

ကျုပ်လည်း လန့်နိုးနိုးချင်း ဘာတွေပြောလို့ပြောမိမှန်းမသိဘူးဗျာ။

“အဲဒီဆေးကိစ္စ အသာထားစမ်းပါ၊ အသံတွေနားထောင်ကြည့်စမ်းရင်မောင်”

မခင်ကြည်ပြောမှ အသံကိုသေချာနားထောင်ကြည့်လိုက်တယ်၊ လတ်စသတ်တော့ သံချောင်းခေါက်သံတွေ၊ ဒန်အိုးခေါက်သံတွေက အိပ်မက်ထဲက မဟုတ်ဘူးဗျို့၊ ရွာလယ်လောက်မှာ ဖြစ်နေကြတဲ့အသံတွေဗျာ။

“ဘယ်သူတွေများ သံချောင်းခေါက်နေကြသလဲမသိဘူးနော်”

“သူခိုးသူဝှက်ဖမ်းမိတာများလား တစ်ခုခုဖြစ်တာလားပဲရင်မောင်”

ကျုပ်တို့အိမ်ပေါ်ကနေ နားစွင့်နေတုန်း ရွာလမ်းအတိုင်းလူတွေပြေးလာတဲ့အသံကြားရတယ်ဗျာ၊ ပါးစပ်ကလည်း လိုက်ဟေ့၊ ဖမ်းကြဟေ့နဲ့ အော်ဟစ်လာပုံထောက်ရင် သူခိုးလိုက်ဖမ်းနေပုံရတယ်၊ ဆရာဦးအောင်ရှိန်လည်း အိပ်ခန်းထဲကနေထွက်လာတယ်။ ကျုပ်ပုဆိုးပြင်ဝတ်လိုက်ပြီး လှေကားနေဆင်းလာခဲ့လိုက်တယ်၊ ဝါးလုံးပိုင်းကလေးကောက်လိုက်တဲ့အချိန်မှာပဲ မည်းမည်းအကောင်ကြီးတစ်ကောင်က အိမ်ရှေ့ကနေဖြတ်ပြေးသွားတယ်၊ မြန်လိုက်တာကလည်း လှစ်ခနဲပဲဗျာ၊ သူပြေးပြီးတော့ ရွာသားတွေအုပ်စုလိုက်ကြီး မီးတုတ်တွေ မီးအိမ်တွေကိုင်ပြီး ပြေးလိုက်လာကြတယ်၊ အအိပ်မက်တဲ့နှင်းကြည်က နိုးပုံမရဘူး၊ ကျုပ်တို့သုံးယောက်လှေကားမှာကြည့်နေတုန်း ဦးအောင်ရှိန်က ဖြတ်သွားတဲ့ရွာသားတစ်ယောက်ကို လှမ်းအော်လိုက်ပြီး

“ဟေ့၊ မင်းတို့တွေ ဘာလိုက်ကြတာလဲကွ”

လှံကိုင်ထားတဲ့ရွာသားက ခြံရှေ့မှာရပ်လိုက်ရင်း

“ခွေးကြီးတစ်ကောင် ရွာထဲဝင်လို့ဆရာကြီးရ”

“ဟေ၊ ခွေးဝင်တာများအဆန်းလုပ်လို့ကွာ”

“ခွေးက အတော်ကြီးတဲ့ခွေးကြီးဗျ၊ ဝံပုလွေလောက်အရွယ်ရှိတယ်”

“တစ်သက်နဲ့တစ်ကိုယ် တို့ရွာကိုဝံပုလွေဝင်တာ မကြားဘူးပါဘူးကွာ”

“ရွာလယ်က ဒေါ်ချွဲအိမ်ကိုတက်လို့တဲ့ဗျာ”

ရွာသားက ပြောရင်းဆိုရင်း လူအုပ်အနောက်ကိုပြေးလိုက်သွားတယ်၊ ဆရာဦးအောင်ရှိန်က မျက်မှောင်ကြုတ်ရင်းနဲ့ ပုတ်တောင်းကြီးကိုကြည့်လိုက်တယ်၊

“ခွေးဆိုမှ ငါတို့ရန်အောင်ကြီးကိုသတိရသွားတယ်ဟေ့”

ပုတ်တောင်းကြီးကတော့ ပုံမပျက်ဘဲဗျာ၊ ဒါပေမယ့် ပုတ်တောင်းအပေါ်မှာအုပ်ထားတဲ့ပုဆိုးပိုင်းလည်းမရှိတော့သလို ပုတ်တောင်းအောက်က ဦးရန်အောင်လည်းမရှိတော့ဘူး။ ဦးအောင်ရှိန်က ကိုယ့်နဖူးကိုယ်လက်ဝါးနဲ့ရိုက်ထည့်လိုက်ပြီး

“ဟာ သွားတာပဲဟေ့၊ ရန်အောင်ဘယ်မလဲ”

“ဆရာကြီး၊ ဦးရန်အောင်လည်းမရှိတော့ဘူး၊ ဆရာကြီးမန်းမှုတ်ထားတဲ့ ပုဆိုးပိုင်းလည်းမရှိတော့ဘူး”

“ဘယ်သူပုဆိုးပိုင်းကို ဖယ်လိုက်တာလဲကွ”

“သမီးတို့လည်း မဖယ်ပါဘူးအဖေရယ်”

“ဒါဆိုခုနက ခွေးကြီး၊ ဝံပုလွေကြီးဆိုတာ ရန်အောင်ဖြစ်မယ် ရင်မောင်ရေ”

ဦးအောင်ရှိန်က ပြောပြောဆိုဆိုနဲ့လှေကားအတက်ဆင်းမှာ ထောင်ထားတဲ့ တောင်ဝှေးကိုယူပြီး လှေကားအတိုင်းဆင်းလာတယ်။

“ဆရာကြီး ဘယ်သွားမလို့လဲဗျ”

“ဘယ်သွားရမလဲကွ၊ ရန်အောင်ကို ခွေးကြီးပါဆိုပြီး ရွာသားတွေက ဓါးတွေနဲ့ခုတ်၊ လှံတွေနဲ့ထိုးသတ်လိုက်တော့ ဘယ့်နှယ့်လုပ်မလဲ၊ သူတို့ကို လိုက်တားရမှာပေါ့ကွာ”

ဆရာဦးအောင်ရှိန်က အပြေးတစ်ပိုင်းနဲ့ထွက်သွားတော့ ကျုပ်လည်း ဆရာကြီးအနောက်ကိုပြေးလိုက်လာခဲ့ရတယ်။ ကျုပ်တို့ဆရာတပည့်နှစ်ယောက် ပြေးလာရင်းနဲ့ရွာထိပ်နားရောက်တော့ မကျေမချမ်းဖြစ်နေတဲ့ရွာသားတွေကိုတွေ့လိုက်ရတယ်၊

“တောက်၊ သီသီကလေးလွတ်သွားတယ်ကွာ”

“မိလို့ကတော့ ဒီခွေးနာပြီသာမှတ်”

ဦးအောင်ရှိန်ရောက်လာတော့ ရွာသားတွေက ဆရာကြီးကိုအရိုအသေပေးလိုက်ကြတယ်။

“ဘယ်ပျောက်သွားသလဲကွ ဒီခွေး”

“မသိပါဘူးဆရာကြီးရာ၊ ဒီနားရောက်မှ လှစ်ခနဲပျောက်သွားတော့တာပဲ”

ကျုပ်လည်း ပတ်ဝန်းကျင်ကို မျက်စိတစ်ဆုံးကြည့်လိုက်ပေမယ့် လရောင်အောက်မှာ ယာခင်းတွေနဲ့ သစ်ပင်တွေက ငြိမ်ချက်သားကောင်းနေတယ်ဗျာ။

“ဒီခွေးက ဒေါ်ချွဲအိမ်ကိုဘာတက်လုပ်တာလဲကွ”

“အဲဒါတော့မသိဘူးဗျာ၊ ခွေးကြီးက အိမ်နောက်ဖေးတံခါးကနေ အသာတက်လာပြီးတော့ ဒေါ်ချွဲဘေးနားမှာသိပ်ထားတဲ့ သူ့မြေးမကလေးကို စားမယ့်ဝါးမယ့်ပုံနဲ့လုပ်နေတာတဲ့ဗျာ”

“ဒေါ်ချွဲမြေးက တစ်နှစ်လောက်ပဲရှိအုံးမယ်မဟုတ်လား”

“ဟုတ်တယ်ဆရာကြီး၊ ခွေးက ကလေးအသားကိုစားချင်တာထင်တယ်ဗျ၊ ဒေါ်ချွဲက လန့်နိုးလာတဲ့အချိန် ကြည့်လိုက်တော့ ခွေးက ကလေးကိုကိုက်ချီမယ်ဆိုပြီးလုပ်နေတာတဲ့ဗှာ၊ ဒေါ်ချွဲလည်းကြောက်အားလန့်အားနဲ့ အနားက သနပ်ခါးတုံးနဲ့ ခွေးခေါင်းကိုထုထည့်လိုက်မှ ခွေးကြီးက အိမ်ပေါ်ကဆင်းပြေးသွားတာတဲ့”

ရွာသားတွေက ဦးအောင်ရှိန်ကို အားကိုးတကြီးနဲ့ကြည့်နေကြတယ်။

“ဆရာကြီး၊ ဒါ ရိုးရိုးခွေးဟုတ်ပါ့မလား”

“ဆန်းတော့ဆန်းနေတယ်ကွ၊ ဘယ်ခွေးက ကလေးကိုရန်မူချင်တာတွေ့ဖူးလို့လဲ”

“ကျုပ်ပြောတယ်မဟုတ်လား ဒီခွေးက မိစ္ဆာခွေးကြီးပါလို့”

“ဘယ်ကလာ မိစ္ဆာခွေးရမှာလဲဗျာ၊ စုန်းက ခွေးယောင်ဆောင်ထားတာဗျ”

ရွာသားတွေက တစ်ယောက်တစ်ပေါက်နဲ့ငြင်းခုန်ကြတယ်၊ ဦးအောင်ရှိန်က လက်ကာပြလိုက်ပြီး

“ကဲ မိစ္ဆာခွေးပဲဖြစ်ဖြစ်၊ စုန်းပူးခွေးပဲဖြစ်ဖြစ် ငါအကုန်လုံးကိုကြည့်ရှင်းလိုက်ပါ့မယ်၊ မင်းတို့တွေ ရွာထဲကိုတစ်ပတ်ပတ်ပြီး သေချာရှာကြည့်ကြအုံး၊ တော်ကြာ ခွေးက ရွာထဲမှာပတ်ပြီးသောင်းကျန်းနေအုံးမယ်”

ဦးအောင်ရှိန်ပြောတော့ ရွာသားတွေက ရွာထဲပြေးဝင်သွားကြတယ်၊ ရွာထိပ်မှာ ဆရာဦးအောင်ရှိန်နဲ့ ကျုပ်နဲ့နှစ်ယောက်ပဲကျန်နေခဲ့တယ်။

“ဆရာကြီး၊ ကျွန်တော်တို့ ရွာထိပ်မှာ ဘာရပ်လုပ်နေတာလဲဟင်”

“ရန်အောင်က ဒီနားမှာပဲရှိနေသေးတယ်ကွ၊ ဒါပေမယ့် ရွာသားတွေတွေ့ရင် လက်လွန်ကုန်မှာစိုးလို့ သူတို့ကို လမ်းလွှဲလိုက်တာပဲ”

ကျုပ်တောင်မှလန့်သွားမိတယ်။

“ဒါနဲ့ရွာသားတွေတွေ့တာ ခွေးကြီးဆိုဗျ၊ ဦးရန်အောင်က ခွေးစိတ်ပေါက်နေတဲ့လူမဟုတ်လား”

“ငါထင်တာ မမှားဘူးဆိုရင် ရန်အောင်ကို စုန်းတွေက ခွေးစိတ်ပေါက်ရုံတင်မဟုတ်ဘဲ ခွေးလူသားဖြစ်အောင်လုပ်ထည့်လိုက်တာပဲ”

“ဗျာ . . . ခွေးလူသားတဲ့လား”

“ခွေးလူသားဆိုတာ ငါကြုံတော့မကြံဖူးဘူးကွ၊ ဒါပေမယ့် ရှေ့ဆရာတွေအပြောအရ ခွေးလူသားဟာ မနက်ဘက်ဆို လူအသွင်နဲ့ဖြစ်နေတယ်တဲ့၊ ညဘက်ရောက်တဲ့အခါကျတော့ ခွေးနက်ကြီးအသွင်ပြောင်းသွားတယ်၊ ခုနက ဒေါ်ချွဲအိမ်က မြေးမလေးကို စားဖို့လုပ်နေတယ်လို့ပြောသွားတာ မင်းကြားတယ်မဟုတ်လားရင်မောင်”

ကျုပ် ခေါင်းကို ခပ်သွက်သွက်ညိတ်ပြလိုက်တယ်။

“ဒါစုန်းမက သက်သက်ယုတ်မာတာကွ၊ ရန်အောင်ရဲ့ကိုယ်ကို သူဝင်ပူးပြီးတော့ ကလေးအသားစားချင်တာပဲဟေ့၊ လူတွေမိလို့ဝိုင်းသတ်ရင် ရန်အောင်တစ်ယောက်သေမှာပဲကွ”

“ဒါနဲ့ သူဘယ်ရောက်သွားတာလဲဆရာကြီး”

“တို့ရွာကနေ ဒီကောင်ထွက်မပြေးနိုင်ပါဘူးကွာ၊ လာစမ်း”

ဆရာဦးအောင်ရှိန်က သူ့ချိုင်းအောက်ကိုလက်နဲ့နှိုက်လိုက်တယ်။ သူ့ချိုင်းအောက်မှာ ဘာမှမရှိဘူး။

“ဟာ ပြဿနာပဲရင်မောင်ရ၊ စိတ်လောပြီးထွက်လာခဲ့လိုက်တာ ငါ့လွယ်အိတ်ပါမလာခဲ့ဘူး”

“ဟုတ်ပဆရာကြီးရာ၊ ဒါနဲ့ လွယ်အိတ်မပါဘဲ လုပ်လို့မရဘူးလား”

“မရဘူးကွ၊ သူ့ကိုရှာဖွေဖို့ ဆေးဖယောင်းတိုင်ထွန်းရမှာ အဲဒီဖယောင်းတိုင်က လွယ်အိတ်ထဲမှာကွ၊ ဒီလိုလုပ်ရင်မောင်ရာ ရွာနဲ့လည်းသိပ်ဝေးတာမဟုတ်သေးတော့ မင်းအိမ်ကိုပြန်ပြီး ငါ့လွယ်အိတ်ပြန်ယူစမ်းကွာ”

“ဖြစ် . . .ဖြစ်ပါ့မလားဆရာကြီးရာ၊ ဟို ခွေးလူသားက ဘယ်နားမှာမှန်းမသိဘဲနဲ့”

“ဖြစ်ပါတယ်ကွာ၊ ဒီကောင်က ရွာဘယ်ကိုပြေးတာမဟုတ်ဘူးဟ၊ မြစ်ဘက်ကိုပြေးတာ၊ မြန်မြန်သွားစမ်းရင်မောင်ရာ”

ဆရာကြီးက ခိုင်းနေပြီဆိုမှတော့ တပည့်ဖြစ်တဲ့ကျုပ်က လုပ်ရမှာပေါ့ဗျာ၊ ဆရာကြီးက ရွာထိပ်မှာကျန်နေခဲ့တယ်၊ ကျုပ်က ရွာဘက်ကိုပြန်လှည့်ပြီးပြေးလာတယ်၊ ရွာအဝင်လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့ ယာခင်းလေးတွေရှိတယ်၊ ဟိုးခပ်လှမ်းလှမ်းမှာ ခင်တန်းကလေးတွေ၊ တောတန်းကလေးတွေကိုမြင်နေရတယ်၊ လရောင်အောက်မှာ လမ်းကလေးကလည်းဖြူးလို့ဗျာ၊ သွားနေရင်းနဲ့ကျုပ်စိတ်ထဲမှာ သံသယတစ်ခုဝင်လာတယ်၊ ဒီလိုအခြေအနေက ကျုပ်ခုနကတုန်းက မက်ခဲ့တဲ့ အိပ်မက်ထဲကအခြေအနေမျိုးပဲ။

စိတ်ထဲမှာ မဖြစ်ပါစေနဲ့ဆိုပြီး ဆုတောင်းရင်း ရွာဘက်ကိုအပြေးတစ်ပိုင်းနဲ့လှမ်းလာခဲ့တယ်၊ ပြေးနေရင်း ရှေ့နားက ချုံပုတ်ကြီးက တဖြည်းဖြည်းနဲ့ကြီးလာသလိုပဲဗျာ၊ ချုံနဲ့နီးလာလို့ ကြီးလာတာလို့မှတ်ပြီး ဆက်လာနေရင်း ချုံပုတ်ထဲကနေ အနီရောင်မျက်လုံးကြီးနှစ်လုံးကိုမြင်တွေ့လိုက်ရတယ်၊ ကျုပ်ကိုတွေ့တော့ ချုံပုတ်ကြီးက လမ်းပေါ်ကိုလွှားခနဲခုန်တက်လာပြီး ခွေးနက်ကြီးတစ်ကောင်ဖြစ်သွားပါရောဗျို့။

လတ်စသတ်တော့ ချုံပုတ်မဟုတ်ဘဲ ခွေးကြီးက ဝပ်ပြီးပုန်းနေတာကိုးဗျ၊ လရောင်နဲ့ကျတော့ ခွေးလို့မထင်ဘဲ ချုံပုတ်ပဲထင်ရတာ၊ ခွေးကြီးက ပါးစပ်ကိုဖြဲလိုက်တော့ အစွယ်တွေက ငွေရောင်ပြောင်လက်နေတယ်ဗျာ၊ ပါးစပ်ထဲကနေလည်း သွားရည်တွေစီးကျနေတယ်။ ကျုပ်ကိုတဂီးဂီးနဲ့မာန်ဖီပြီးတော့ ကိုက်ဖို့ပြင်နေတယ်။

အိပ်မက်ထဲကအတိုင်းဖြစ်လာပြီမို့ ကျုပ်နောက်လှည့်ပြီးပြေးရတော့တယ်၊ ခွေးကြီးက ကျုပ်အနောက်ပြေးလိုက်လာတယ်ဗျာ၊ ခွေးပြေးတာက ကျုပ်ထက်မြန်နေတော့ သိပ်မကြာခင်မှာပဲ ခွေးကြီးက ကျုပ်ကိုမီလာတယ်၊ သူ့ပါးစပ်နဲ့လှမ်းဟပ်လိုက်တာ ပုဆိုးကိုခြစ်မိသွားပြီး ကျုပ်လမ်းဘေးကိုလဲကျသွားတယ်၊ ပက်လက်လှန်နေတုန်းမှာပဲ ခွေးကြီးက ကျုပ်ရင်ဘတ်အပေါ်ကိုခုန်တက်လိုက်တယ်၊ နာလိုက်တာပြောမနေပါနဲ့ဗျာ၊ ဆန်အိတ်ကြီးနဲ့အဖိခံရသလိုပဲဗျ။

“ဦးရန်အောင် . . . ကျုပ်ပါ၊ ကျုပ်ကို မမှတ်မိဘူးလား”

ခွေးကြီးရဲ့မျက်လုံးကိုကြည့်ပြီး ကျုပ်ပြောနေမိတယ်၊ ခွေးကြီးပါးစပ်က သွားရည်တွေက ကျုပ်မျက်နှာပေါ်ကိုစီးကျကုန်တယ်ဗျာ၊ ခွေးက ကျုပ်ကိုကိုက်မယ်အလုပ်မှာ အဖြူရောင်အလင်းတွေ တစ်ချက်လင်းထွက်သွားပြီး ခွေးကြီးလည်းအနောက်ကိုခုန်ပြီးဆုတ်သွားတယ်။

ကျုပ်လှည့်ကြည့်လိုက်မှ ဆရာကြီးဖြစ်နေတယ်၊ ကျုပ်မတ်တပ်တောင်မရပ်နိုင်ဘဲ မြေပေါ်မှာလေးဖက်ထောက်ပြီး ဆရာကြီးဆီကိုပြေးသွားလိုက်တယ်။

“ဆရာကြီး လုပ်ပါအုံးဗျာ”

“ငါဒီလိုဖြစ်မယ်မှန်း သိပြီးသားပဲရင်မောင်ရ၊ ဒီခွေးကောင်က လူအုပ်နဲ့ကျတော့ မလှုပ်ရဲဘူး၊ လူအလစ်ကိုစောင့်နေတာ”

ခွေးကြီးက မာန်ဖီရင်း ဆရာဦးအောင်ရှိန်ဆီကိုပြေးလာတယ်၊ ဆရာကြီးက လက်ထဲကတောင်ဝှေးနဲ့ ခွေးရင်ဝကို ထိုးထည့်လိုက်တဲ့အခါ ခွေးကြီးက နောက်ကျွမ်းသုံးချက်လောက်ပစ်ပြီး မြေကြီးပေါ်ကိုပြန်ကျတယ်။

“ဟဲ့ နင်အခုထွက်သွားလိုက်စမ်း၊ ရန်အောင့်ကိုလွှတ်လိုက်”

ခွေးကြီးက တဟဲဟဲနဲ့ရယ်တယ်ဗျာ၊ ရယ်သံကြီးကလည်း ကြောက်စရာကြီး၊ လူရယ်သံလည်းမဟုတ်ဘူး၊ မိစ္ဆာရယ်သံလို့ပဲပြောရမလား၊ အဲဒီလိုအသံကြီးဗျ။

ဒီတစ်ခါတော့ ခွေးကြီးက ဆရာကြီးကိုတိုက်ရိုက်မတိုက်တော့ဘဲ ဆရာကြီးကိုလှည့်ပတ်ချောင်းနေသဗျာ၊ ဆရာကြီးရဲ့အနောက်ဘက်လောက်ကိုရောက်တော့မှ ပြေးခုန်အုပ်လာပြန်တာ၊ ဆရာကြီးက လက်နောက်ပြန်နဲ့ခတ်ထည့်လိုက်တော့ ကျွမ်းပစ်ပြီးကျသွားပြန်တယ်။

ဒီတစ်ခါ ခွေးကြီးက ဆွဲဆွဲငင်ငင်အူလိုက်ပြီးတော့ သူ့မျက်လုံးထဲက အနီရောင်အလုံးကလေးတွေနဲ့ထုတ်ပစ်တယ်ဗျာ၊ ဆရာဦးအောင်ရှိန်က အနီရောင်အလုံးလေးတွေကို လက်တွေနဲ့ပုတ်ချတော့ မြေပေါ်ကိုကျပြီး တရှဲရှဲနဲ့အသံတွေမြည်နေတယ်၊ စုန်းမက စက်တွေလွှတ်တာဖြစ်မယ်။ မျက်လုံးက စက်နဲ့မရတော့ တစ်ခါ ပါးစပ်ကြီးကိုဖြဲလိုက်ပြီး ထမင်းရည်လိုအရည်ပျစ်ပျစ်ကြီးတွေနဲ့ ဆရာကြီးကိုလှမ်းအန်ထုတ်လိုက်တယ်၊ ဆရာကြီးက တစ်ခုခုကိုယူပြီးပစ်ထည့်လိုက်သလိုမျိုး လက်ဟန်လုပ်လိုက်တဲ့အခါ လေပေါ်မှာပျံလာတဲ့ အဲဒီအရည်တွေက ကျုပ်တို့ကိုမထိဘဲ ဘေးတစ်ဖက်တစ်ချက်ကို ကျကုန်တယ်၊ ဒီအရည်တွေ မြေပြင်ပေါ်ကိုကျတဲ့အခါ ရေနွေးပွက်ပွက်ဆူသလို ပူစီဖောင်းကြီးတွေထပြီး တဘွမ်းဘွမ်းနဲ့ဖြစ်နေတယ်ဗျာ။

“နင့်ကိုငါ သနားလို့မလုပ်တာကို နင်အခွင့်ကောင်းမယူနဲ့”

ဦးအောင်ရှိန်က လည်ပင်းကပုတီးကိုဖြုတ်ပြီး မိုးပေါ်ကိုပစ်တင်လိုက်တယ်၊ ပုတီးက မိုးပေါ်မှာ ချာလပတ်လည်နေပြီးတော့ အောက်ကိုပြန်မကျဘူးဗျာ၊ ပုတီးကုံးက လျှပ်စီးအရောင်လို ဝင်းလက်လာပြီး အထဲကနေ အလင်းတန်းကြီးတွေထွက်လာတယ်၊ အလင်းတန်းတွေက ခွေးကြီးရဲ့ခေါင်းးကို တစ်ခုပြီးတစ်ခု တစ်စင်းပြီးတစ်စင်းထိမှန်ကုန်ကြတယ်၊ အလင်းတန်းနဲ့ထိတာ တော်တော်နာပုံရတယ်၊ ခွေးကြီးကိုဆိုရင် မြေမှာကိုလူးလှိမ့်နေတာပါပဲ။

“ဟဲ့ စုန်းမ၊ နင့်မာန်ကိုလျှော့စမ်း၊ မဟုတ်ရင် နင်ဒီထက်နာမယ်၊ ရန်အောင်ရဲ့ကိုယ်ထဲကနေထွက်လိုက်တော့”

ခွေးကြီးက မကျေနပ်တဲ့အကြည့်နဲ့ကြည့်တယ်၊ ဦးအောင်ရှိန်က လက်တစ်ဖက်ကိုမြှောက်လိုက်တဲ့အခါ သူ့လက်ထဲမှာ မိုးကြိုးလိုမျိုးအလင်းတွေထွက်နေတဲ့အရာကြီးတစ်ခုပေါ်လာတယ်၊ ဦးအောင်ရှိန်ပစ်မယ်အလုပ်မှာ ခွေးခေါင်းက လူခေါင်းကြီးဖြစ်သွားတယ်၊ ဦးရန်အောင်ရဲ့ မျက်နှာပေါ့ဗျာ။

“ကိုအောင်ရှိန်၊ ကျုပ်ကိုမလုပ်ပါနဲ့”

ဦးရန်အောင်မျက်နှာမြင်တော့ ဆရာကြီးက ပစ်လုဆဲဆဲကနေရပ်တန့်လိုက်တယ်၊ အဲဒီအခါ ဦးရန်အောင်ပါးစပ်ကြီးပွင့်ထွက်သွားပြီးတော့ ပါးစပ်ထဲကနေ ခုနကလို အရည်တွေထွက်လာပြန်တယ်ဗျာ၊ ရုတ်တရက်ဆိုတော့ ဆရာဦးအောင်ရှိန်က ရှောင်ချိန်မရလိုက်ဘူး၊ ဒါနဲ့ကျုပ်က မတ်တပ်ထရပ်ပြီး ဆရာကြီးရဲ့ကိုယ်လုံးကို ကာပေးလိုက်ရတယ်။

အဲဒီအရည်တွေက ကျုပ်ရင်ဘတ်ကိုထိသွားတယ်ဗျာ၊ အသားကိုမီးစနဲ့အထိုးခံရသလို ဖြစ်သွားပြီး ရင်ဘတ်က အရေပြားတွေက ဖယောင်းတိုင်အရည်ပျော်ကျသလိုပျော်ကျကုန်တယ်၊ အင်္ကျီတွေလည်း အကုန်မီးလောင်ကုန်တယ်၊ ကျုပ်အသံကုန်ဟစ်ပြီးအော်နေမိတယ်။ ဦးအောင်ရှိန်က ကျုပ်ကိုတွန်းဖယ်ပြီးတော့ သူ့လက်ထဲက မိုးကြိုးစက်နဲ့ဦးရန်အောင်ရဲ့ ခွေးကိုယ်လုံးကြီးကိုပစ်ထည့်လိုက်တယ်၊ မိုးခြိမ်းသံကြီး ဂျိန်းခနဲပေါ်ထွက်လာပြီးတော့ ဦးရန်အောင်ကို ထိမှန်သွားတယ်ဗျာ၊ ဦးရန်အောင်တစ်ယောက် မြေပေါ်မှာလူးလှိမ့်နေတယ်ဗျ။

စုန်းမကတော့ ထွက်သွားပုံမရသေးဘူး၊ ဦးရန်အောင်က ဆရာဦးအောင်ရှိန်ကို ရယ်ပြီးကြည့်နေတယ်။

“ဟား၊ ဟား နင်သတ်လိုက်ပြီ၊ နင့်လူကို နင်ပြန်သတ်လိုက်ပြီဟဲ့”

ဆရာဦးအောင်ရှိန်ကမျက်နှာကြီးကို ရှုံ့မဲ့နေတယ်ဗျာ၊ နဖူးကြောကြီးတွေပါထောင်ပြီး ဒေါသတော်တော်ထွက်နေတာ၊ ဦးရန်အောင်ကိုလက်ညှိုးထိုးပြီးတော့

“ဟဲ့စုန်းမ၊ နင်ပြေးနိုင်ရင်ပြေးစမ်း၊ ငါနင့်ကို မရရအောင်ရှာပြီး၊ နင့်ကိုလာသတ်မယ်”

ဦးရန်အောင်က တဟားဟားနဲ့ရယ်ပါရောဗျာ၊ ရယ်နေရင်းနဲ့ ပါးစပ်ထဲကနေ သွေးတွေက တဝေါဝေါနဲ့ထွက်လာတယ်၊ နောက်တော့ တစ်ကိုယ်လုံးတွန့်လိမ်ပြီးတော့ ငြိမ်သက်သွားတယ်ဗျာ၊ ရွာသားတွေကလည်း တုတ်တွေဓါးတွေဆွဲပြီးထွက်လာကြတယ်၊ အပေါ်ပိုင်းက လူကိုယ်လုံးနဲ့အောက်ပိုင်းက ခွေးကိုယ်လုံးကြီးဖြစ်နေတဲ့ ဦးရန်အောင်ကိုတွေ့တဲ့အခါ အားလုံးထိတ်လန့်သွားကြတယ်၊ ဆရာဦးအောင်ရှိန်ကတော့ ဦးရန်အောင်ကိုပြေးပြီးပွေ့ဖက်လိုက်တယ်။ ဦးရန်အောင်ရဲ့ကိုယ်လုံးက တဖြည်းဖြည်းနဲ့လူပုံစံပြန်ဖြစ်နေပါရော။

“ရန်အောင် . . .ရန်အောင် မင်းသတိထားစမ်းပါအုံးကွာ”

ဦးရန်အောင်က မျက်လုံးကလယ်ကလယ်နဲ့ ဆရာဦးအောင်ရှိန်ကိုကြည့်ရင်း

“အကိုအောင်ရှိန် . . . ကျုပ် . . .ကျုပ်”

“မင်းမောနေပါအုံးမယ်၊ စကားမပြောပါနဲ့အုံး”

ဦးရန်အောင်က ခေါင်းခါပြီး

“ကျုပ်မနေရတော့ဘူးထင်တယ် အကိုအောင်ရှိန်ရာ”

“စိတ်အေးအေးထားပါကွ၊ ဒါနဲ့ မင်းကိုဘယ်သူလုပ်တာလဲ မင်းဘယ်လိုဖြစ်ခဲ့တာလဲ”

“သူတို့စုန်းသိုက်က စုန်းတစ်ရာသိုက်တဲ့ ကိုအောင်ရှိန်၊ ကျုပ်တို့တွေသွားတော့ ကျုပ်တပည့်တွေအကုန်လုံး သူတို့လက်ချက်မိကုန်တဲ့အပြင် ကျုပ်ကိုလည်း သူတို့ကပညာတွေနဲ့လုပ်ထည့်လိုက်တယ်”

ဦးရန်အောင်ကပြောရင်း မျက်ရည်တွေကျလာပါရောဗျာ။

“ဒါတွေအားလုံးက ကျုပ်အမှားတွေပါကိုအောင်ရှိန်ရာ၊ ကျုပ်ပညာမာန်တက်ခဲ့တဲ့အမှားတွေကြောင့် တပည့်တွေလည်း မသေသင့်ဘဲ သေခဲ့ကြရတာဗျ”

“မင်းဘာမှပြောမနေပါနဲ့တော့ကွာ၊ ငါသူတို့ကိုရှာမယ်၊ မင်းနဲ့ မင်းရဲ့တပည့်တွေအတွက် လက်စားပြန်ချေပေးမယ် ရန်အောင်၊ မင်းဘာမှမပူနဲ့တော့ဟုတ်ပြီလား”

ဦးရန်အောင်က ဆရာဦးအောင်ရှိန်ရဲ့လက်ကို သူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး

“ကျုပ်အတွက်ကရပါတယ်၊ ကျုပ်တပည့်လေးတွေအတွက် အကိုအောင်ရှိန် လက်စားပြန်ချေပေးပါ၊ ဒီစုန်းမတွေကို အပြစ်ပေး အရေးယူပေးပါ ကိုအောင်ရှိန်”

ဦးအောင်ရှိန်က ခေါင်းညိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဦးရန်အောင်တစ်ယောက် ဇက်ကျိုးကျပြီးတော့ တုံးလုံးလဲသွားတော့တယ်။ ဆရာဦးအောင်ရှိန်တောင် ယောက်ျားကြီးတန်မဲ့ မျက်ရည်ကျတယ်ဗျာ၊ ကျုပ်ဆိုရင်တော့ ပြောမနေပါနဲ့တော့၊ ကျုပ်ရင်ဘတ်မှာလည်း စုန်းမပစ်ထားတဲ့အရည်စက်တွေ ထိပြီး ပူလိုက်လောင်လိုက်တာပြောမနေပါနဲ့တော့။ ကျုပ်မျက်ခွံတွေ လေးပင်လာပြီး ခေါင်းတွေလည်းမူးလာတယ်၊ ဆရာဦးအောင်ရှိန်က ကျုပ်ဆီကိုပြေးလာတယ်။

“ဆရာကြီး . . . ကျွန်တော် သေတော့မှာလားဟင်”

“ရင်မောင်၊ တောင့်ခံထားစမ်းပါ၊ ဒီစက်လောက်က မင်းကိုမသတ်နိုင်ပါဘူးကွ”

နောက်တော့ဆရာကြီးဘာတွေဆက်ပြောသလဲတော့ မသိပါဘူးဗျာ၊ ကျုပ်နားထဲ ဘာသံမှမကြားတော့ဘဲ လေသံတွေတစီစီပဲကြားနေရတယ်၊ ကျုပ်မျက်ခွံတွေပိတ်ကျသွားပြီး ကျုပ်လည်း လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပါရောဗျာ။

ကျုပ်နိုးလာတော့ မိုးလင်းခါစလိုအချိန်ကြီးဗျ၊ ကျုပ်ရင်ဘတ်တွေပူလောင်နေပြီး လည်ချောင်းတွေအက်ကွဲနေတယ်၊ ကျုပ်မျက်လုံးပွင့်လာတော့ နှင်းကြည်က ကျုပ်ဘေးနားမှာထိုင်နေတယ်။

“ရေ . . ရေပေးပါ”

နှင်းကြည်က ရေမပေးဘဲနဲ့ မတ်တတ်ထရပ်ပြီးတော့

“အဖေရေ၊ အမကြီးရေ ရင်မောင်နိုးလာပြီ”

ဆရာဦးအောင်ရှိန်နဲ့ မခင်ကြည်က အိမ်ပေါ်ကိုပြေးတက်လာတယ်။ ကျုပ်က ဘုရားခန်းအရှေ့မှာ အိပ်နေတာဗျ။

“ဆရာကြီး ကျွန်တော်ဘာဖြစ်သွားတာလဲဟင်”

“မင်းမမှတ်မိဘူးလား ရင်မောင်”

“စုန်းမလွှတ်လိုက်တဲ့ အရည်တွေထိကုန်တာလေဆရာကြီးရဲ့”

“ဟုတ်တယ်ရင်မောင်၊ ငါမင်းကိုကုပေးထားတယ် မင်းဘာမှစိတ်မပူနဲ့”

“ဦးရန်အောင်ရော ဆရာကြီး”

ဆရာဦးအောင်ရှိန်က သက်ပြင်းတစ်ချက်ချရင်း ခေါင်းခါပြတယ်။ ဦးရန်အောင်တစ်ယောက် တကယ်ပဲသေသွားတယ်ထင်ပါရဲ့ဗျာ။

“မင်း အားမွေးထားရင်မောင်၊ မင်းနေပြန်ကောင်းလာရင် ငါတို့ခရီးထွက်စရာရှိတယ်”

“ဘယ်ကိုခရီးထွက်မှာလဲဆရာကြီး”

“ရန်အောင်ပြောတဲ့ စုန်းတစ်ရာသိုက်ကို သွားရှာကြမယ်လေကွာ”

ဆရာဦးအောင်ရှိန်ကပြောရင်းနဲ့ ဒေါသထွက်လာတယ်ဗျာ၊ လက်သီးကိုလည်း ကျစ်နေအောင်ဆုပ်ထားတယ်၊ ဆရာကြီးက တော်ရုံဆို ဒေါသထွက်ခဲတဲ့လူဗျ၊ အခုတော့ ဒေါသတွေတအားထွက်နေပုံထောက်တော့ အဲဒီစုန်းမတွေကို နာကျည်းနေပုံရတယ်။

“တကယ်တော့ ငါ့အမှားပါ၊ ငါက ရန်အောင်လူပုံစံပြန်ဖြစ်သွားတဲ့အချိန်မှာ သူ့ကိုပစ်ခတ်ဖို့သနားသွားမိတယ်၊ သနားတဲ့စိတ်က ငါ့ကိုပျော့ညံ့သွားစေခဲ့တာပဲ၊ မင်းအခုလို ဒဏ်ရာရတာကလည်း ငါ့ကြောင့်ပါ”

“မဟုတ်ပါဘူးဆရာကြီး၊ ဆရာကြီးက သူများအပေါ် မေတ္တာထားလိုက်တာပါ”

“ငါ့ဆရာ ဘုရားပျံရသေ့ကြီးပြောခဲ့တာတစ်ခုရှိတယ်ရင်မောင်ရ၊ သနားတယ်ဆိုတာ ပျော့ညံ့တာပဲ၊ အားနည်းတာပဲတဲ့၊ မသနားသင့်တဲ့လူကို မသနားရဘူးတဲ့ကွ၊ သူပြောတာကို အရင်က ငါလက်မခံခဲ့ဘူး၊ အခုတော့ ငါလက်ခံလိုက်ပြီ၊ စုန်းဆိုတာ သနားသင့်တဲ့လူတွေမဟုတ်ဘူး၊ သူတို့တွေက မေတ္တာထားဖို့ကောင်းတဲ့လူတွေမဟုတ်ဘူး”

ဆရာကြီးက တစ်နေရာကိုစိုက်ကြည့်ရင်း

“မင်းတို့က ကိုယ့်သေတွင်းကိုယ်တူးလိုက်ပြီဆိုမှတော့ ငါကလည်း မင်းတို့ကို တွင်းထဲတွန်းချပေးရတော့မှာပေါ့”