အတွဲ(၂) စာစဉ်(၂၇)
(၁)
ကျုပ်တို့တောထဲကိုဝင်လာခဲ့တော့ ကိုတောပျော်က အနောက်ကနေပြေးလိုက်လာတယ်၊
“ဆရာကြီးတို့က ဘယ်ကိုဆက်သွားကြမှာလဲဗျ”
“အရှေ့ဘက်က တောင်သုံးလုံးဖိုခလောက်ဆိုင်တည်နေတဲ့နေရာကို သွားမလို့ကွ”
“ဟာ၊ အဲဒီနေရာက အဝေးကြီးကျန်ပါသေးတယ်၊ နောက်ပြီးတော့ ဆရာကြီးတို့က လမ်းသိလို့လား”
“ဒီလိုပဲ မေးစမ်းသွားရတာပေါ့ကွာ”
“တောနက်ကြီးထဲမှာ ဘယ်သူ့ကိုမေးစမ်းပြီးတော့ သွားမှာလဲဆရာကြီးတို့ရယ်၊ ဒီလိုလုပ်ပါလား၊ ဆရာကြီးတို့က တောပုန်းကြီးစံသီးတို့ကို ဖမ်းမိဖို့ ကူညီခဲ့တယ်ဆိုတော့ အခုဆရာကြီးတို့ကိုလည်း ကျုပ်ပြန်ကူညီပါ့မယ်”
ဆရာဦးအောင်ရှိန်နဲ့ ဦးကျော်ဗလတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း
“တို့သွားမယ့်လမ်းခရီးက ကြမ်းတမ်းလွန်းတယ်ကွ တောပျော်ရ၊ အန္တရာယ်လည်းများလွန်းတယ်၊ မင်းလိုက်လို့ဖြစ်မှာမဟုတ်ပါဘူးကွာ”
ကိုတောပျော်က ပြုံးဖြီးဖြီးလုပ်ရင်း
“ကျုပ်က ခက်ခဲကြမ်းတာတွေ အန္တရာယ်တွေနဲ့ ကျင့်သားရနေပြီးသားပါ ဆရာကြီးရာ ကျုပ်လိုက်ပါရစေ”
ဆရာဦးအောင်ရှိန် က နည်းနည်းစဉ်းစားနေပုံပဲဗျ၊ ဦးကျော်ဗလ က
“ကဲပါဆရာကြီးရာ၊ သူလိုက်ချင်တော့လည်း လိုက်ပါစေပေါ့၊ သူက မုဆိုးဆိုတော့ ဒီတောဒီတောင်တွေမှာ သွားလာကျင်လည်နေကျမဟုတ်လား၊ သူပါတော့ ကျုပ်တို့ခရီးတွင်တာပေါ့ ဆရာကြီးရာ”
နောက်ဆုံးတော့ ဆရာဦးအောင်ရှိန်က ခေါင်းညိတ်လိုက်တော့တယ်၊ ဒီလိုနဲ့ ကိုတောပျော်ကို အရှေ့ဆုံးမှာထားပြီးေတော့ ကျုပ်တို့ခရီးဆက်ခဲ့ကြတာပေါ့ဗျာ။ သွားရင်းသွားရင်းနဲ့ တောကတဖြည်းဖြည်းပိုပိုပြီးနက်လာတယ်ဗျာ၊ လူသွားလမ်းဆိုတာတောင်မရှိတော့ဘဲ မြက်တောကြီးထဲတိုးရတော့တယ်။ ကိုတောပျော်ပါလို့ တော်သေးတာပေါ့ဗျာ၊ ကိုတောပျော်က အရှေ့ကနေ ဓါးတစ်လက်နဲ့ ချုံတွေခုတ်ပြီးသွားနေတယ်၊ သူ့ဓါးက တစ်တောင်လောက်ရှိပြီး အသွားထက်ထက်နဲ့ ဓါးမကြီးတစ်လက်ပေါ့ဗျာ။
“ဒီတောဒီတောင်တွေက လူသူသိပ်မရောက်တဲ့ တောတွေပေါ့ ဆရာကြီးရဲ့၊ ကျုပ်လိုမုဆိုးတောင်မှ တစ်လနေလို့ ဒီနေရာကို တစ်ခါမရောက်ဖူးဘူး”
“ခင်ဗျားက ဘာဖြစ်လို့ဒီနေရာကိုမရောက်တာလဲ ကိုတောပျော်”
“တောထဲမှာက သားကောင်ပေါတာကိုးကွ၊ နီးနီးနားနားမှာပဲ သားကောင်တွေ့တော့ ပစ်ခတ်ပြီး ပြန်သယ်သွားတာပဲ၊ ဒီလိုဝေးတဲ့နေရာကို မရောက်ဖြစ်တော့ဘူးပေါ့ကွာ၊ ဒါပေမယ့် ဘာမှမပူပါနဲ့ကွ၊ ဒီတောဒီတောင်မှာ ငါကကျင်လည်နေကျပါ၊ ဘယ်နေရာဘာရှိတယ်ဆိုတာ သိပြီးသား”
ကျုပ်တို့ဆက်သွားလာခဲ့ကြရင်း တစ်နေရာရောက်တော့ ဆရာကြီးက သစ်တုံးကြီးတစ်တုံးပေါ်မှာထိုင်နားလိုက်တယ်၊ ဆရာကြီးက အသက်ကြီးပြီဆိုတော့ တောတိုးရတာပင်ပန်းတာပေါ့ဗျာ၊ ပြီးတော့ ဟိုနေ့တွေကတည်းက ကောင်းကောင်းမှ အနားမယူရသေးတာပဲ၊ ညကလည်း တစ်ညလုံးလိုလို အိပ်ရေးပျက်လာတယ်ဆိုတော့ မောပန်းရှာမှာပေါ့။
ကိုတောပျော်က သူ့ခါးမှာချိတ်ထားတဲ့ စစ်သုံးရေဘူးကြီးကိုဖြုတ်လိုက်တယ်၊ ရေဘူးထဲမှာ ရေကကုန်နေပြီဗျ၊ ဆရာကြီးကိုတိုက်ဖို့တောင် ရေမရှိတော့ဘူး။ ဆရာကြီးမျက်နှာကလည်း ဖြူဖပ်ဖြူလျော်ဖြစ်နေတယ်။
“ဆရာကြီးခဏစောင့်ပါ ကျွန်တော်ရေသွားခပ်လိုက်အုံးမယ်”
ကျုပ်က ရေဘူးကိုင်ပြီးပြောတော့ ဆရာကြီးက
“ရေက ဘယ်နေရာမှာရှိတယ်ဆိုတာ မင်းသိလို့လားကွ ရင်မောင်ရ”
ကိုတောပျော်က ဆတ်ခနဲထလိုက်ပြီး
“ကျုပ်သွားခပ်ပေးပါ့မယ်၊ ဟိုရှေ့နားမှာ ရေထွက်တဲ့ စမ်းချောင်းပေါက်ကလေးတစ်ခုရှိတယ်”
“ကျွန်တော်လည်း လိုက်မယ်ဗျာ”
ကိုတောပျော်က ဘာမှမပြောဘဲနဲ့တောထဲကိုဝင်သွားတော့တယ်။ ကျုပ်နဲ့ကိုတောပျော်နဲ့ တောထဲသွားနေရင်း
“ကောင်လေးရေ၊ ခုနက ဆရာကြီးက မင်းကိုဘယ်လိုခေါ်လိုက်တာလဲကွ”
“ရင်မောင်လို့ ခေါ်လိုက်တာလေဗျာ”
“တောထဲတောင်ထဲမှာ နာမည်မခေါ်ရဘူးကွ ကောင်လေးရ၊ တောကောင်တွေက နာမည်မှတ်ထားပြီးတော့ လူလိုအသံပြုပြီး လှည့်စားတတ်တယ်ကွ”
“ဒီအကြောင်းကို ကျွန်တော်ကြားဖူးပါတယ်ဗျာ၊ ဒါပေမယ့် တောကောင်က လူစကားမှမပြောနိုင်တာပဲဗျာ၊ ဘယ်လိုလုပ်ပြီး လူနာမည်ခေါ်တတ်မှာလဲဗျ”
“တောထဲမှာ လမိုင်းတွေရှိတယ် ကောင်လေးရ၊ တိရစ္ဆာန်တွေက မလှည့်စားပေမယ့် အဲဒီလမိုင်းတွေက လှည့်စားတတ်တယ်ကွ”
ကျုပ်တို့သွားရင်း သိပ်မကြာပါဘူးဗျာ၊ မြေကြီးထဲကနေ စမ်းရေလေးတွေထွက်နေတဲ့ တွင်းကလေးတစ်တွင်းအနားကိုရောက်လာတယ်၊ တွင်းကလေးက စကောဝိုင်းလောက်ပဲကျယ်တယ်ဗျာ၊ အနက်ကလည်း တစ်တောင်လောက်ပဲရှိတယ်၊ ဒါပေမယ့် တွင်းအောက်ခြေက နှုန်းမြေလိုလို အောက်ကနေ ရေလေးတွေပန်းထွက်နေကြတယ်ဗျာ။ ရေလေးတွေက ကြည်လင်နေတာပါပဲဗျာ၊ ကျုပ်က ရေဘူးကိုဖွင့်ပြီးတော့ အဲဒီစမ်းပေါက်ထဲကရေကို အသာဖြည့်နေရတယ်။ လူကလည်း ရေဆာနေတာနဲ့ သစ်ရွက်တစ်ရွက်ကို ကန်တော့ထိုးလိုက်ပြီး ရေကိုခပ်သောက်လိုက်တာ ရေက ချိုချိုလေးနဲ့ အေးနေတာပါပဲဗျာ။ ရေသောက်ပြီး လှည့်ကြည့်လိုက်တော့ ကိုတောပျော်တစ်ယောက်မရှိတော့ဘူးဗျို့။ ဘယ်ရောက်သွားသလဲမသိတာနဲ့ ကျုပ်အသံပြုလိုက်တယ်။
“ကိုတောပျော်၊ ခင်ဗျားဘယ်သွားတာလဲဗျ”
ဒီအချိန်ကျုပ်ရဲ့ ညာဘက်ဘေးက တောထဲကနေ လူသံလိုလိုကြားလိုက်ရတယ်။ ကျုပ်လည်းအသံကိုနားစွင့်လိုက်တော့ နားထဲမှာ ရင်မောင်ရေ ရင်မောင်ရေလို့ ခေါ်သံကြားရတယ်ဗျ၊ ခေါ်တဲ့အသံကတော့ ဆရာကြီးရဲ့အသံပဲ၊ ဆရာကြီးက ရေငတ်လွန်းလို့ ကျုပ်တို့အနောက်ကိုလိုက်လာခဲ့တာများလား၊ ကျုပ်လည်း အသံကြားတဲ့နေရာအနောက်ကို ပြေးထွက်လာခဲ့လိုက်တယ်။
ဆရာကြီးကတော့ ကျုပ်နာမည်ကို တွင်တွင်ခေါ်ပြီးတော့ကို လာနေတာပဲဗျာ၊ ကိုတောပျော်က တောထဲမှာ နာမည်မခေါ်ရဘူးလို့ ပြောထားတာကိုတောင်မှ နာမည်ကိုပဲခေါ်ပြီးတော့ကိုလာနေတာဗျ၊ နောက်တော့ လျှိုမြောင်ကလေးတစ်ခုအနားရောက်သွားတယ်၊ လျှိုမြောင်ကလေးရဲ့ ဟိုဘက်မှာ ဆရာဦးအောင်ရှိန်က မတ်တပ်ရပ်နေတယ်ဗျ၊ ဦးကျော်ဗလလည်းမပါဘူး၊ သူတစ်ယောက်တည်းပဲ။
“ဆရာကြီး၊ အဲဒီမှာဘာရပ်လုပ်နေတာလဲ၊ ဒီကိုလာလေဗျ”
ကျုပ်အော်လိုက်ပေမယ့် ဆရာကြီးက ကျုပ်ကိုမျက်လုံးကြီးပြူးပြီးကြည့်နေတယ်၊ ကျုပ်လည်း မနေသာတော့တာနဲ့ ဆရာကြီးဆီကိုသွားဖို့ပြင်လိုက်တယ်၊ ဒီအချိန် ကျုပ်အနောက်က ချုံတိုးသံတစ်ခုကြားလိုက်ရတယ်။
“ဟေ့ကောင်လေး၊ ရပ်လိုက်စမ်း”
အသံကြားလို့လှည့်ကြည့်လိုက်တော့ ကိုတောပျော်ဖြစ်နေတယ်ဗျာ၊ ကိုတောပျော်က ဘာမပြောညာမပြောနဲ့ ဆရာကြီးကိုသေနတ်နဲ့ထိုးချိန်လိုက်တယ်။ ကျုပ်ဖြင့် လန့်သွားမိတယ်ဗျာ။
“ကိုတောပျော် ခင်ဗျားဘာလုပ်တာလဲ”
“မင်းအသာနေစမ်းပါ ကောင်လေးရာ”
“ကိုတောပျော်ခင်ဗျားဘယ်လိုဖြစ်နေတာလဲဗျာ၊ အဲဒါသားကောင်မဟုတ်ဘူးဗျ၊ ဆရာကြီးဗျ ဆရာကြီး၊ ခင်ဗျားအမြင်မှားနေပြီ”
ကျုပ်တားနေတုန်းမှာပဲ ကိုတောပျော်က သေနတ်ကိုပစ်ချထည့်လိုက်တယ်ဗျာ၊ ဒိန်းခနဲအသံကြီးထွက်လာပြီးတော့ ကျုပ်လည်း ဆရာကြီးဘက်ကိုလှည့်ကြည့်လိုက်တာ အနက်ရောင်ပေါ်မှာ အဝါရောင်အကွက်တွေနဲ့ အကောင်ကြီးတစ်ကောင်က ချုံပင်တွေကြားထဲကို လျှောခနဲပြေးဝင်သွားတာ မြင်လိုက်ရတယ်ဗျာ။
“တောက်၊ မင်းသာမရှုပ်ရင် ဒီကျားသစ်ကို ငါရတယ်ကွ ကောင်လေးရ”
“ဟင်၊ ဒါကျားသစ်တဲ့လား၊ ဆရာကြီးမဟုတ်ဘူးလား”
“ဘယ်ကလာ ဆရာကြီးရမှာလဲကွာ၊ အဲဒါကျားသစ်ကွ၊ ကျားသစ်က မင်းကိုညှို့ပြီး စားမလို့လုပ်တာကွ၊ ငါအရောက်မြန်လို့ပေါ့ကွာ၊ မင်းသာ ဟိုဘက်ကမ်းကိုကူးသွားရင် အခုလောက်ဆို ကျားသစ်စာဖြစ်နေလောက်ပြီကွ”
“ဒါဆို အဲဒီကျားသစ်က ပြန်လာမှာလား”
“ဒီလောက်ဆိုရင်တော့ ကြောက်လန့်ပြီးပြေးလောက်ပါပြီကွာ၊ ကဲ ပြန်ကြစို့ဟေ့”
“ဒါနဲ့ ခင်ဗျားက ခုနကဘယ်ပျောက်သွားတာလဲ ကိုတော . . . အဲ မုဆိုးကြီး”
“အဲဒီစမ်းထွက်ပေါက်ရဲ့ အောက်ဘက်မှာ တောသရက်ပင်တစ်ပင်ရှိတယ်ကွ၊ ဒီအချိန်ဆို တောသရက်သီးတွေ သီးနေမှာပဲဆိုပြီး ငါသွားကြည့်တာ၊ ငါပြန်ရောက်လာတော့ မင်းက တောတိုးပြီး တစ်နေရာကိုထွက်သွားလို့ ငါမင်းအနောက်လိုက်လာခဲ့တာပဲကောင်လေးရ”
“တောခြောက်တယ်ဆိုတာ အခုမှပဲကြုံဖူးတော့တယ် မုဆိုးကြီးရာ”
“အေး၊ နောက်ဆိုကြပ်ကြပ်သတိထား၊ ဒီအရှေ့ကတောတွေက ပိုနက်တယ်၊ နယ်မြေပိုကြမ်းတယ်ကွ”
ကိုတောပျော်ရဲ့ ကျောကုန်းမှာ အဝတ်အိတ်နဲ့ထုပ်ပြီးယူလာတဲ့ အထုပ်တစ်ထုပ်ကို လွယ်လာတာတွေ့လိုက်ရတယ်ဗျ၊ မကြာခင် ကျုပ်တို့နှစ်ယောက် ဆရာကြီးတို့ထိုင်နေတဲ့နေရာကိုပြန်ရောက်လာခဲ့ကြတယ်။
ကိုတောပျော်က သူယူလာခဲ့တဲ့ တောသရက်သီးတွေကို အိတ်ထဲကနေထုတ်ယူလိုက်တယ်၊ တောသရက်သီးတွေက အလုံးသိပ်မကြီးဘူးဗျာ၊ လက်တစ်ဆုပ်စာအရွယ်လောက်ကလေးတွေရှိတာဗျ၊ အခွံခွာရေဆေးပြီးစားလိုက်တော့ ချိုလိုက်တာမှ ပြောမနေပါနဲ့ဗျာ၊ အစေ့ကတော့ အတော်ကြီးကြီးဗျ၊ အသားက ပါးပါးကလေးပဲပါတာ၊ ဆာဆာနဲ့စားလိုက်တာ တောသရက်သီးအလုံးနှစ်ဆယ်လောက် ကုန်ပါလေရော။
စားသောက်နားနေပြီးတော့ နေကမွန်းလွဲသွားပြီ၊ ဆရာဦးအောင်ရှိန်က ခရီးဆက်ဖို့ပြင်တယ်။
“ဆရာကြီးပြောတဲ့ ကဝေမီးဖိုဆိုတဲ့နေရာကိုရောက်ဖို့က လမ်းနှစ်လမ်းရှိပါတယ်ဆရာကြီး”
“ကဝေမီးဖိုတဲ့လားကွ”
“ဟုတ်တယ်ဆရာကြီး၊ ကျုပ်တို့အဖေတွေလက်ထက်ကလည်းက အဲဒီဖိုခုံလောက်ဆိုင်နေရာကို ကဝေမီးဖိုလို့ခေါ်ကြတယ်၊ တောင်သုံးလုံးရှိနေတဲ့ပုံစံက ဖိုခုံလောက်ဆိုင်ထားတဲ့ မြေမီးဖိုကြီးတစ်ခုနဲ့ တူနေလို့တဲ့ဗျ၊ ပြီးတော့ အဲဒီနေရာမှာ ရှေးကတည်းက စုန်းကဝေတွေက ပညာခန်းတက်တယ်ဆိုလား အဲဒါတွေလုပ်ကြတဲ့နေရာတဲ့ဗျ”
ဆရာဦးအောင်ရှိန်က ခေါင်းညိတ်တယ်ဗျ၊ ဦးကျော်ဗလက
“ကဲပြောပါအုံး မုဆိုးကြီးရာ၊ လမ်းနှစ်လမ်းက ဘာတွေလဲ”
“တောင်မကြီးကိုမတက်ဘဲ မြောက်ဘက်တောင်ကြောကနေ ဖြတ်ပြီး ကွေ့ပတ်သွားတဲ့လမ်းတစ်လမ်းရှိပါတယ်၊ ဒီလမ်းကို မုဆိုးလမ်းလို့ခေါ်ကြတယ်၊ အဲဒီလမ်းက လမ်းခရီးသာတယ်၊ ဒါပေမယ့် ကွေ့ပတ်သွားရတာမို့လို့ သုံးရက်လောက်တော့ကြာမယ်ဆရာကြီးရဲ့၊ နောက်တစ်လမ်းကတော့ တောင်မကြီးကို အနိမ့်ဆုံးနေရာကနေ ဖြတ်တက်တဲ့ လမ်းတစ်ခုပဲဆရာကြီး၊ အဲဒီလမ်းကိုတော့ သိကြားဟင်းအိုးလို့ခေါ်တယ်၊ အဲဒီလမ်းကနေသွားမယ်ဆိုရင် ကျုပ်တို့ မနက်ဖြန်ညနေလောက်ဆိုရင် ရောက်မယ်ထင်တယ်ဆရာကြီး၊ ဆရာကြီး ဘယ်လမ်းကသွားမလဲ”
“တို့ကအလျင်လိုနေပြီဆိုမှတော့ မြန်မြန်ရောက်တဲ့လမ်းက သွားရမှာပေါ့ကွာ၊ မင်းပြောတဲ့ သိကြားဘာဆိုလား အဲဒီကနေသွားမယ်”
“အဲဒီဘက်က သားကောင်တွေပေါတယ်ဆရာကြီးရဲ့”
“တို့တွေမကြောက်ပါဘူးကွာ၊ ဘာလဲ မင်းကကြောက်လို့လား”
“ကျုပ်နာမည်တောပျော်ပါဆရာကြီးရဲ့၊ တောထဲမှာဆိုရင် ဘယ်လိုနေနေကျုပ်က ပျော်ပြီးသား”
“ဒါဆိုရင်ပြီးပြီပေါ့ကွာ၊ ကိုင်း လမ်းပြတော့ဟေ့”
ကိုတောပျော်က အရှေ့ကနေ တောထဲကိုဆက်တိုးတယ်ဗျာ။
(၂)
တောင်မကြီးရဲ့ အောက်ခြေကိုရောက်လေလေ တောကနက်လာလေလေပဲဗျ၊ သစ်ပင်ကြီးတွေဆိုတာကလည်း ဘယ်နှခုနှစ်ကတည်းက ပေါက်နေတဲ့အပင်ကြီးတွေမှန်းမသိပါဘူးဗျာ၊ တစ်ပင်တစ်ပင်ကို နည်းနည်းနောနောကြီးတွေမဟုတ်ဘူးဗျ၊ ကျုပ်တို့သွားနေရင်း တောအုပ်ကြီးက တဖြည်းဖြည်းမှောင်ကျသွားတယ်၊ အချိန်ကတော့ ညနေသုံးနာရီလောက်ပဲရှိမယ်ထင်တယ်ဗျ၊ ကိုတောပျော်ကတော့ တောင်ရိပ်ကျလို့မှောင်သွားတာလို့ပြောတယ်၊ မှောင်ပေမယ့် လုံးလုံးကြီးမှောင်ကျသွားတာမျိုးလည်းမဟုတ်ဘူးဗျာ၊ မနက်ငါးနာရီလောက်အချိန်ပုံစံမျိုးကလေးဖြစ်နေတယ်ဆိုပါတော့။
သစ်တောကြီးထဲမှာ စိမ့်တွေစမ်းတွေလည်းအများကြီးရှိတယ်၊ အရိပ်အာဝါသကောင်းပြီး အေးစိမ့်လို့နေတယ်ဗျာ၊ စိမ့်စမ်းတွေရဲ့ဘေးနားမှာလည်း မြက်ပင်တွေပေါက်နေတာမနည်းဘူးဗျ၊ ကျုပ်တို့လမ်းလျှောက်လာကြရင်းနဲ့ တကွိကွိနဲ့အော်ဟစ်ပြီး မျောက်အုပ်ကြီးတစ်အုပ်က ကျုပ်တို့ခေါင်းပေါ်ကနေဖြတ်သွားပါရောဗျာ၊ ဆူလည်းတော်တော်ဆူတယ်၊ မျောက်တွေက သစ်ပင်တစ်ပင်ကနေတစ်ပင်၊ တစ်ကိုင်းကနေတစ်ကိုင်း ခုန်ကူးပြီးသွားကြတယ်၊ ဟိုးအရှေ့ခပ်လှမ်းလှမ်းမှာ သစ်ပင်ကြီးတစ်ပင်ရှိသဗျ၊ အဲဒီသစ်ပင်ကြီးမှာလည်း ဘာသီးတွေမှန်းမသိဘူး ပြွတ်ခဲနေအောင်သီးနေတယ်ဗျာ၊ မျောက်အုပ်က အဲဲဒီအပင်ပေါ်ကိုတက်ပြီး အသီးတွေကိုခူးစားကြပါရော၊ တောနဲ့အစိမ်းသက်သက်ဖြစ်နေတဲ့ကျုပ်ဖြင့် မျောက်တွေကိုကြည့်ပြီး ကြည်နူးနေမိတယ်။
ကျုပ်တို့ကြည့်နေတုန်းမှာပဲ မလှမ်းမကမ်းက ချုံပုတ်ကြီးထဲကနေ အကောင်ကြီးတစ်ကောင်ခုန်ထွက်လာပြန်ပါရော၊ ကျုပ်က ဒီအကောင်ကြီးကိုကြည့်ပြီး
“ဟာ၊ ဟိုမှာ သမင်ကြီးပါလားဗျ”
ကိုတောကျော်က အဲဒီအကောင်ကြီးကိုကြည့်ပြီး
“သမင်မဟုတ်ပါဘူးကွာ၊ အဲဒါ ဆတ်လို့ခေါ်တယ်ကွ”
“မသိဘူးလေဗျာ၊ ခေါင်းမှာ ချိုကြီးနဲ့ဆိုတော့ သမင်လို့ပဲထင်တာပေါ့”
“သမင်ချိုက ဒါထက်ပိုလှတာပေါ့ကွာ”
ဆတ်ကြီးက ကျုပ်တို့ကိုတောင်မကြောက်လန့်သလိုပဲဗျာ၊ စမ်းရေအိုင်တစ်ခုဘေးနားမှာ ပေါက်နေတဲ့မြက်ပင်တွေကိုသွားစားကြတယ်။ ဒီတစ်ခါ အညိုရောင်သမင်တစ်အုပ်ထွက်လာပါရော၊
“ဒါက သမင်မတွေမဟုတ်လား မုဆိုးကြီး”
“အဲဒါချေကွ၊ မင်းကတော့ တွေ့သမျှသမင်လုပ်နေတယ် ကောင်လေးရာ ဟား ဟား”
“အိုဗျာ၊ ကျောင်းမှာ သမင်အကြောင်းပဲသင်ခဲ့ဖူးတာကိုးဗျ”
တစ်ခါ တကျီကျီနဲ့အသံတွေကြားလိုက်ရတယ်၊ ကိုတောပျော်က လက်ထောင်ပြပြီးတော့ ကျုပ်တို့ကိုဆက်မတိုးဖို့ အချက်ပြလိုက်တယ်၊ တကျီကျီအသံတွေက အနားရောက်တော့ တောဝက်အုပ်ကြီးဖြစ်နေတယ်ဗျာ၊ တောဝက်တွေက အကောင်နှစ်ဆယ်လောက်တော့ရှိမှာဗျ၊ အမွှွှေးထူထူကြီးတွေနဲ့ ကျောကုန်းမှာလည်း အစက်အပျောက်တွေပါတယ်၊ တချို့အကောင်တွေက အစွယ်ကောက်ကောက်ကြီးတွေနဲ့ဗျာ၊ ကျျပ်တို့အရှေ့မလှမ်းမကမ်းကနေဖြတ်သွားကြတာ ကျုပ်တို့ကိုဂရုတောင်မစိုက်ဘူးဗျို့။
“သားကောင်တွေက များလှချည်လား မုဆိုးကြီးရ”
“အေးကွ၊ ဒါကြောင့်လည်း ဒီနေရာကို သိကြားဟင်းအိုးလို့ခေါ်ကြတာပေါ့ကွာ”
“သိကြားဟင်းအိုးဆိုတာ ဘာလဲဗျ၊ လင်းစမ်းပါအုံး”
“ဒီလိုလေကွာ၊ ဒီနေရာက သားကောင်ပေါလွန်းတာကြောင့် တို့လိုမုဆိုးတွေအတွက်တော့ အသာကလေးပစ်ခတ်ဖမ်းဆီးနိုင်တယ်မဟုတ်လားကွ၊ သားကောင်ရတော့ ဟင်းရတာပေါ့ကွာ၊ ဒါကြောင့် ဒီနေရာကို သိကြားမင်းက တို့တွေအတွက် ဟင်းအိုးကြီးတစ်ခုလိုဖန်ဆင်းထားတယ်လို့ တင်စားပြီး သိကြားဟင်းအိုးလို့ခေါ်တာကွ”
ုဟုတ်လည်းဟုတ်တယ်ဗျာ၊ ဒီတောင်ခြေမှာ တောကြက်တို့ ရစ်တို့လိုအကောင်လေးတွေကစလို့ ဆတ်တို့၊ ချေတို့လိုသားကောင်ကြီးတွေပါ ပေါမှပေါပဲဗျာ၊ ကိုတောပျော်က သားကောင်တွေကိုကြည့်ပြီးတော့
“ငါဖြင့် ပစ်ချင်တာ လက်ကိုယားနေတာပဲဟေ့၊ ဒါနဲ့ မင်းတို့မှာလည်း ရိက္ခာမပါဘူးမဟုတ်လားကွ၊ တစ်ကောင်လောက်ပစ်လိုက်ရင် ညစာအပြင် နောက်နေ့စာပါစားလို့ရမယ်ထင်တယ်ကွ”
“ဟာ . . . မလုပ်ပါနဲ့ မုဆိုးကြီးရာ၊ ဆရာကြီးက မြင်သား၊ ကြားသားမစားဘူးဗျ”
“ဟေ၊ ဟုတ်လား၊ ရပါတယ်ကွာ ဘာမှမပူပါနဲ့၊ ဟိုရှေ့မှာ ပိန်းတောကြီးရှိတယ်၊ ငါတို့တွေ ပိန်းဥမီးဖုတ်စားလည်းရပါတယ်ကွ”
တဖြည်းဖြည်းနဲ့ ပိုပိုမှောင်လာတယ်၊ ကိုတောပျော်က မရပ်မနားဘဲခရီးဆက်နေတယ်ဗျာ၊ ဦးကျော်ဗလက
“မုဆိုးကြီး၊ မှောင်လာပြီဆိုတော့ ကျုပ်တို့စခန်းချကြရင်မကောင်းဘူးလား”
“လောလောဆယ် ဒီနေရာမှာ စခန်းချလို့မဖြစ်သေးဘူးဗျ၊ သိကြားဟင်းအိုးက သားကောင်ပေါတယ်ဆိုတော့ မိုးချုပ်တာနဲ့အမျှ သားရဲကောင်တွေက ဒီကိုလာပြီး အစာရှာကြမှာ၊ ကျုပ်တို့ ဒီထဲကနေထွက်ပြီးတော့ ဟောဟိုတောင်စောင်းကလေးပေါ်မှာ စခန်းချမှရမယ်”
မုဆိုးကြီးစကားကို ကျုပ်တို့သဘောတူလိုက်ကြတယ်၊ ဆက်လျှောက်လာရင်းနဲ့ ရှေ့နားရောက်တော့ ထူးဆန်းတာတစ်ခုကိုတွေ့တယ်ဗျ၊ လူနှစ်ဖက်စာလောက်ရှိတဲ့ သစ်ပင်ကြီးတစ်ပင်က တခြမ်းမှာအကောင်းအတိုင်းရှိပေမယ့် နောက်တစ်ခြမ်းကတော့ မီးသင့်ထားသလို ကျွမ်းပြီးမည်းတူးနေတာပဲဗျာ၊ သစ်ပင်ကြီးဒီလိုဖြစ်အောင် ဘယ်လိုလူကများလုပ်သွားပါလိမ့်ဗျာ၊ မီးကျွမ်းထားတဲ့အပိုင်းက မည်းနက်ပြီးတော့ မီးသွေးတုံးကြီးလိုဖြစ်နေတယ်၊ အဲဒီအထဲကနေလည်း အစိမ်းရောင်အစလေးတွေ အနီရောင်အစကလေးတွေထွက်နေပြီး လင်းလက်နေတယ်ဗျာ၊ ဦးကျော်ဗလက သစ်ပင်ကြီးကိုပွတ်သပ်ကြည့်ရင်း
“ဒါစုန်းမတစ်ယောက်ယောက်ရဲ့ စက်လက်နက်ထိခတ်ထားတာမျိုးဖြစ်မယ်ဗျ”
“ကဲပါ အဲဒါအရေးမကြီးပါဘူး ကျုပ်တို့ဆက်သွားကြပါစို့”
ဆက်သွားရင်းနဲ့ ရေအိုင်ကလေးတစ်အိုင်တွေ့ပြန်ရောဗျို့၊ ရေအိုင်ကလေးရဲ့ အစပ်မှာ ဆတ်တစ်ကောင်က စင်းစင်းကြီးလဲသေနေသဗျ၊ ဆတ်ရဲ့ဖင်ပိုင်းကြီးက ပွင့်ထွက်နေပြီးတော့ ကလီစာတွေက ဟောင်းလောင်းကြီးဖြစ်နေပြန်တယ်၊ ကိုတောပျော်က ဆတ်အနားမှာထိုင်ချလိုက်ပြီးတော့
“ဒီ ဟင်းမျိုးစားသွားတာပဲဗျ၊ ဟောဒီမှာတွေ့လား ခြေရာကြီး”
ခြေရာကတော့ ကြောင်ခြေရာလို တော်တော်ကြီးတဲ့ခြေရာကြီးဗျ။
“ဟင်းမျိုးဆိုတာ ဘာလဲဗျ”
“အိုကွာ၊ အဝါရောင်နဲ့ အနက်စင်းကျား သတ္တဝါကြီးကိုပြောတာပေါ့ကွ”
“အဝါရောင်နဲ့ အနက်စင်းကြားဆိုတော့ ကျားပေါ့ဗျ”
ကျုပ်ပြောတော့ ဦးကျော်ဗလက ကျုပ်ပါးစပ်ကိုလက်နဲ့လှမ်းပိတ်တယ်။
“တောထဲတောင်ထဲမှာ ကျားကိုကျားလို့မပြောရဘူးကွ”
“ဟာဗျာ၊ ခင်ဗျားက သူများကို ကျားကိုကျားလို့မပြောရဘူးလို့လည်းပြောသေးတယ် ခင်ဗျားပါးစပ်က ကျား ကျားဆိုပြီး နှစ်ခါတောင်ပြောလိုက်ပြီဗျ”
ကိုတောပျော်က ထပြောပါရော။
“မုဆိုးကြီး၊ ခင်ဗျားက ကျုပ်ကို ကျားလို့နှစ်ခါပြောတယ်သာပြောတာ၊ ခင်ဗျားကိုယ်တိုင် ခုနက ကျားလို့ လေးခါပြောလိုက်ပြီဗျ၊ ကျုပ်ကိုလာအပြစ်တင်မနေနဲ့”
ဦးအောင်ရှိန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့
“မင်းတို့ကလည်း မပြောပါနဲ့ဆိုမှ ပြောပဲပြောနေတော့တာပဲ၊ ဘယ်သူမှ ဘာမှဆက်မပြောနဲ့တော့”
ကိုတောပျော်က ခါးက ဓါးမြှောင်ကိုဖြုတ်ယူလိုက်ပြီးတော့ ဆတ်ကြီးရဲ့လက်ပြင်သားတွေ၊ ကျောကုန်းကအသားတွေကို လှီးယူနေတယ်။
“မုဆိုးကြီး ဘာတွေလုပ်နေတာလဲဗျာ”
ကိုတောပျော်က ဆရာဦးအောင်ရှိန်ကိုမော့ကြည့်ရင်း
“ဒါက ပံ့သကူအသားဆိုတော့ ဆရာကြီးစားလို့ရတယ်မဟုတ်လား”
ဟုတ်တော့ဟုတ်သားပဲဗျ၊ ကျားက ဒီဆတ်ကိုသတ်ပြီးစားထားတာဆိုတော့ ကျုပ်တို့စားဖို့ဆိုပြီး သတ်တာမဟုတ်တော့ ပံ့သကူအသားပေါ့ဗျာ၊ ဆတ်က မနေ့တစ်နေ့ကလောက်မှ သေထားပုံရတယ်ဗျ၊ အသားတွေဆိုရင် နီရဲပြီးလတ်ဆတ်နေသေးတယ်၊ အသားတွေယူပြီးထွက်လာကြရင်းနဲ့ တောင်စောင်းကလေးဆီကိုရောက်လာခဲ့ကြတယ်၊ လေကွယ်တဲ့နေရာကောင်းကလေးတစ်ခုမှာ ကိုတောပျော်က စခန်းချတယ်။
“ရပြီဆရာကြီးတို့ ဒီနေရာက လေတင်ဘက်ကျတယ်ဆိုတော့ သားရဲကောင်တွေ ကျုပ်တို့ကိုအနံ့ခံမိမှာမဟုတ်ဘူး”
ကျုပ်တို့စခန်းချတဲ့အနားမှာ စမ်းချောင်းကလေးတစ်ခုရှိတယ်ဆိုတော့ ရေအတွက်လည်းအဆင်ပြေတယ်၊ ကိုတောပျော်က သစ်ကိုင်းခြောက်တွေကောက်ပြီးမီးမွှေးတယ်၊ အသားတွေကိုရေနဲ့ဆေးကြောပြီးတော့ မီးပုံပေါ်မှာတံစို့ထိုးပြီးကင်တယ်ဗျာ။ စားခါနီးကျတော့ သူ့အိတ်ထဲက ဆားဘူးကလေးထုတ်ပြီး စားဖြူးပြီးတော့ စားကြတယ်၊ အသားက စားလို့ကောင်းလိုက်တာပြောမနေပါနဲ့ဗျာ၊ အသားကို ဆားနဲ့ဒီအတိုင်းစားရတဲ့အရသာက တစ်မျိုးလေးစားကောင်းတယ်။
“မုဆိုးကြီးက ဆားတွေဘာတွေဆောင်ထားတာကိုး”
“တောထဲသွားတာဆိုတော့ လိုရမယ်ရပစ္စည်းလေးတွေ ဆောင်ထားတာပေါ့ ဆရာကြီးရာ”
အသားတွေစားပြီးတော့ ကျုပ်တို့အိပ်ဖို့ပြင်ကြတယ်၊ ဆရာဦးအောင်ရှိန်က သစ်ပင်ကြီးတစ်ပင်ကိုမှီပြီးတော့ ငိုက်နေတယ်၊ ဦးကျော်ဗလကတော့ သစ်မြစ်တစ်ခုအပေါ် ခေါင်းအုံးပြီးတော့ လွယ်အိတ်ကိုပိုက်လို့ အိပ်ပါလေရောဗျာ၊ ကျုပ်နဲ့ ကိုတောပျော်နဲ့ကတော့ ဒီအတိုင်းထိုင်နေမိတယ်၊ အချိန်က ည ခုနစ်နာရီလောက်ပဲရှိအုံးမယ်ထင်တယ်ဗျ၊ ဒါပေမယ့် တောထဲတောင်ထဲဆိုတော့ ပိုပြီးမှောင်တယ်ထင်ရသဗျ၊
“မင်းလည်းအိပ်တော့လေ ကောင်လေးရ”
“အိပ်မလို့ပါဘဲဗျာ၊ အိပ်လို့ကိုမပျော်ဘူးဖြစ်နေတယ်”
ကျုပ်တို့စကားပြောနေတဲ့အချိန် စမ်းချောင်းဘေးကို ယုန်ကလေးတွေခုန်ဝင်လာကြတယ်၊ စမ်းချောင်းဘေးနားမှာပေါက်နေတဲ့ မြက်တွေကို တဂျွတ်ဂျွတ်နဲ့ကိုက်ဝါးနေကြတယ်ဗျာ၊ အစကတော့ ယုန်ကလေးတွေက ကျုပ်တို့ကိုအကဲခတ်ကြည့်နေတဲ့ပုံပဲ၊ ကျုပ်တို့လည်း ဘာမှမလုပ်တာနဲ့ သူတို့အစာသူတို့ အေးအေးလူလူစားနေကြတာပေါ့ဗျာ။ ကိုတောပျော်က ယုန်တွေကိုကြည့်ရင်း
“ယုန်ဆိုတဲ့ သတ္တဝါက သူများအစားခံဖို့သက်သက် မွေးလာတယ်လို့ ပြောလို့ရတယ် ကောင်လေးရ”
“ဘာဖြစ်လို့လဲဗျာ”
“ကြည့်ပါလားကွာ၊ သူတို့က ပြေးနိုင်တယ်ဆိုပေမယ့် ခါးကုန်းပြီးခုန်ဆွခုန်ဆွပြေးတာဆိုတော့ ခွေးတွေ၊ သားရဲကောင်တွေလောက်လည်း မမြန်ဘူးကွ၊ လက်သည်းတော့ပါပါရဲ့ ကြောင်တွေကို ကုပ်ခြစ်မရပြန်ဘူး၊ သွားတွေပါတယ်ဆိုပေမယ့် သူများကိုကိုက်ဖြတ်တိုက်ခိုက်ဖို့မစွမ်းဘူးကွ”
“ဟုတ်လည်းဟုတ်တယ်နော်”
“ဒါကြောင့် ယုန်ကလေးတွေဟာ အမြဲတမ်းကြောက်လန့်နေရတာပေါ့ကွာ၊ သူ့မှာ ခုခံနိုင်စွမ်းမရှိတော့ အန္တရာယ်တွေ့ရင် ပြေးဖို့ပဲအမြဲတွေးနေတတ်တာပေါ့ကွ”
ပြောရင်းဆိုရင်း ကိုတောပျော်က တစ်ချက်သမ်းဝေလိုက်တယ်ဗျာ။ နောက်တော့မျက်ခွံကို အသာမှေးစင်းပြီး အိပ်သလိုလိုလုပ်နေတယ်။
“မုဆိုးကြီး အိပ်ပြီလားဗျာ”
“မအိပ်ပါဘူးကွ၊ နည်းနည်းအနားယူနေတာပါ၊ မုဆိုးဆိုတာ မျက်စိရှင်ရှင်ထား နားရှင်ရှင်ထားရတယ်၊ မျက်စိမှိတ်ပြီးအနားယူနေတယ်ဆိုပေမယ့် နားက အချိန်မရွေးနားထောင်ပြီး အန္တရာယ်ကိုနားစွင့်နေရတယ်ကွ”
ကိုတောပျော်အနားယူနေတယ်ဆိုတော့ ကျုပ်လည်း မနှောင့်ယှက်တော့ပါဘူးဗျာ၊ ယုန်လေးတွေမြက်စားပြီး ခုန်ပေါက်ပြေးလွှားနေတာကို ကျုပ်ကြည့်နေမိတယ်၊ မကြာခင်မှာ ယုန်ကလေးတွေက ကျုပ်တို့အနားကိုပြေးလာကြတယ်၊ ယုန်လေးေတွေရဲ့မျက်လုံးက နီရဲနေတာပါပဲဗျာ။
“ကိုတောပျော်၊ ယုန်ကလေးတွေရဲ့မျက်လုံးက တော်တော်နီနေတယ်နော်”
ကိုတောပျော်က မျက်လုံးကိုဖွင့်မကြည့်ဘဲ
“အေး၊ အဲဒီလိုပဲလေ၊ တချို့ယုန်တွေက မျက်လုံးအနီရောင်ရှိတတ်တယ်ကွ”
ကိုတောပျော်ပြောတာ ဟုတ်မလားတော့မသိဘူးဗျာ၊ ယုန်တွေရဲ့မျက်လုံးက မီးလုံးတွေလင်းနေသလိုကို အနီရောင်ကြီးတွေလင်းနေတာဗျ၊ ကြောင်တွေ၊ ခွေးတွေရဲ့မျက်လုံးကလည်း ညဘက်မှာလင်းနေတတ်တယ်ဆိုတော့ ယုန်လည်းဒီလိုလင်းမယ်လို့ ထင်နေတာပေါ့ဗျာ၊ ယုန်ညိုတစ်ကောင်က ကျုပ်ဆီကိုပြေးလာပြီးတော့ ကျုပ်ပေါင်ကို ဒေါသတကြီးနဲ့ကိုက်ထည့်လိုက်ပါရောဗျာ။ ကျုပ်လည်းလန့်ပြီးတော့ ထအော်လိုက်မိတယ်။ ယုန်သုံးလေးကောင်က ကျုပ်ကိုဝိုင်းပြီးကိုက်ကြပါရော။
“အောင်မယ်လေး ကယ်ကြပါအုံးဗျာ၊ ယုန်ကိုက်တယ်ဗျ”
ကျုပ်အော်ထည့်လိုက်တော့ ကိုတောပျော်က ငေါက်ခနဲထထိုင်တယ်ဗျ၊ ယုန်တွေက ကျုပ်ကိုတစ်ကောင်ပြီးတစ်ကောင် ပြေးပြေးကိုက်ကြတာ၊ ကျုပ်ဖြင့် ယုန်တွေကိုခြေထောက်နဲ့ချည်း လှိမ့်လှိမ့်ကန်ထည့်တာဗျာ၊ ကိုတောပျော်က ယုန်တွေကို သေနတ်ဒင်နဲ့ရိုက်ထည့်တာ ခွပ်ခနဲ ခွပ်ခနဲပဲဗျာ၊ ကျုပ်တို့အသားကုန်ဆော်ထည့်တော့မှ ယုန်တွေက တောအုပ်ထဲကိုပြန်လှည့်ပြေးကြတယ်။
“မုဆိုးကြီး ခင်ဗျားပြောတော့ ယုန်တွေက မတိုက်ခိုက်တတ်ဘူးဆိုဗျ၊ အခုတော့ ဘယ့်နှယ့်ဗျာ၊ ကျုပ်ကိုလိုက်ကိုက်နေပါလားဗျ”
ကိုတောပျော်ကလည်း အလန့်တကြားနဲ့
“အေးကွ၊ ငါ့ဖြင့် အမဲလိုက်လာတာ အနှစ်နှစ်ဆယ်လောက်ရှိတော့မယ် ယုန်ကလူတစ်ယောက်ကို တိုက်ခိုက်တယ်ဆိုတာ အခုမှပဲကြားဖူးမြင်ဖူးတော့တယ်”
ကျုပ်တို့အော်ကျယ်အော်ကျယ်ပြောနေတုန်း ဆရာကြီးတို့နိုးလာတယ်ဗျာ၊ ယုန်တွေထွက်ပြေးသွားတဲ့ဘက်က ချုံပုတ်တွေကြားထဲမှာ အနီရောင်မီးလုံးကလေးတွေ အများကြီးလင်းနေတာကိုတွေ့လိုက်ရတယ်။ မသိရင်ပိုးစုန်းကြူးကလေးတွေနဲ့တောင်တူသေးတယ်ဗျ၊ ပိုးစုန်းကြူးက မှိတ်တုတ်မှိတ်တုတ်ကလေးတွေ လင်းတာဆိုပေမယ့် ဒီဟာတွေကျတော့ မှိတ်တုတ်မှိတ်တုတ်မဖြစ်ဘူးဗျ။ ကျုပ်ဖြင့်ကြည့်ကောင်းကောင်းနဲ့ကြည့်နေမိတယ်။
“ဘာတွေလဲဗျ မုဆိုးကြီးရ”
“ကျုပ်တို့တောခြောက်ခံရတာထင်တယ်၊ ကျုပ်ဒါမျိုးကို တစ်ခါမှမမြင်ဖူးဘူး”
နောက်တော့ ဝုန်းခနဲဝေါခနဲအသံကြီးတွေကြားရပြီးတော့ မြေကြီးတွေလည်း တုန်ယင်လာတယ်ဗျာ၊ ခုနက အနီရောင်အလင်းတွေက တဖြည်းဖြည်းအရှေ့တိုးလာကြရင်း အနားရောက်တော့မှ တောထဲက သားကောင်တွေဖြစ်နေတယ်ဗျာ၊ ကျုပ်တို့တွေ့ခဲ့တဲ့ ချေတွေ၊ ဆတ်တွေက မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်တို့ကိုရန်မူမလို့ပြေးလာကြပါရော။ ကိုတောပျော်က ဟိတ်ခနဲ အော်တာတောင်မှ မကြောက်ဘူးဗျာ၊ ဆက်ပြီးပြေးလာကြတာ၊ ကိုတောပျော်က သေနတ်ကိုမောင်းအမြန်တင်လိုက်ရင်း ကျုပ်တို့နားကိုရောက်လာတဲ့ ချေတစ်ကောင်ကိုပစ်ထည့်လိုက်တယ်၊ သေနတ်ကျည်ဆန်က ချေကိုမှန်ပြီးတော့ ချေကြီးက အနောက်ကိုကျွမ်းပစ်ပြီးလဲကျသွားတော့တယ်၊ သေနတ်ကျည်က ရင်ဝကိုထိသွားပေမယ့် ချေကမသေဘူးဗျ၊ အကြောတစ်ချက်နှစ်ချက်ဆွဲပြီးပြန်ခုန်ထလာတယ်၊ သေနတ်ဒဏ်ရာက သွေးတွေစီးကျနေတာ မနည်းဘူးဗျာ။ ကိုတောပျော်ဆိုရင် မျက်လုံးကြီးပြူးပြီးကြောင်ကြည့်နေတယ်၊ ဆတ်ဖားကြီးတစ်ကောင်က ကျုပ်ဆီပြေးလာပြီးတော့ ကျုပ်ကိုချိုနဲ့ထိုးဖို့လုပ်တယ်၊ ကျုပ်ဖြင့် ကြောက်ကြောက်လန့်လန့်နဲ့ အနောက်ကိုဆုတ်လိုက်တာ သစ်မြစ်နဲ့ခြေထောက်နဲ့တိုက်မိပြီး ဖင်ထိုင်လဲကျသွားတယ်ဗျာ၊ ဆတ်ဖားကြီးက သူ့ရှေ့ခွာတွေကိုမြှောက်ပြီး ကျုပ်မျက်နှာကို တက်နင်းဖို့လုပ်တာဗျ။ သူ့ခြေထောက်ကခွာနဲ့ အနင်းခံရရင်တော့ မသေရင်တောင် ဒဏ်ရာကြီးကြီးမားမားရမယ့်ပုံပဲ။
ဒီအချိန် ဆရာဦးအောင်ရှိန်က ဆတ်ဖားကြီးကိုလက်ညှိုးထိုးလိုက်တာ ဆတ်ဖားကြီးက အနောက်ကိုလွင့်ထွက်သွားတယ်၊ သားကောင်တွေက ကျုပ်တို့ကိုဝိုင်းထားပြီဗျ၊ ဘယ်နေရာကြည့်ကြည့်သူတို့တွေချည်းပဲ။ ဆရာကြီးက
“အားလုံးပဲသတိထားကြဟေ့၊ ဒါသွေးရိုးသားရိုးမဟုတ်ဘူးကွ”
ဦးကျော်ဗလကလည်း
“တိရစ္ဆာန်တွေကိုကြည့်ရတာ မှော်ဝင်နေတာလား၊ စုန်းဝင်နေတာလားပဲဗျာ”
ပြောလို့မှမဆုံးသေးဘူး အစွယ်တငေါငေါနဲ့တောဝက်ကြီးတစ်ကောင် ကျုပ်တို့ဆီကိုပြေးဝင်လာသဗျာ၊ ဦးကျော်ဗလက လွယ်အိတ်ထဲက အရုပ်ကလေးတစ်ရုပ်နှိုက်လိုက်ပြန်တယ်။ အဲဒီအရုပ်ကလေးကို မြေပေါ်ကိုပစ်ချလိုက်ရင်း
“ဂဝံပတေ့ထွက်စမ်းကွာ”
ဆိုပြီးပစ်ထည့်လိုက်တာ မြေပေါ်ကိုရောက်တာနဲ့ ဘီလူးကြီးလို အကောင်ကြီးတစ်ကောင်ဖြစ်သွားပါရော၊ အဲဒီအကောင်ကြီးနဲ့ တောဝက်ကြီးတို့က တိုက်ကြခိုက်ကြနဲ့ပေါ့ဗျာ။ ဆရာကြီးကလည်း ပြေးဝင်လာတဲ့ တခြားတိရစ္ဆာန်တွေကို တိုက်ခိုက်နေတယ်။ ဦးကျော်ဗလကလည်း သူမွေးထားတဲ့ သရဲကြီးတွေထုတ်ပြီး ပြန်တိုက်တာပေါ့ဗျာ၊ ကျုပ်တို့စခန်းချတဲ့အနားမှာ အချင်းချင်းတိုက်ကြခိုက်ကြနဲ့ ရှုပ်ယှက်ခပ်နေတော့တာပါပဲ။
(၃)
တစ်ခါမျောက်ကြီးတွေက သစ်ပင်ကိုင်းတွေပေါ်ကနေ တွဲလောင်းခိုပြီးလာကြရင်း သစ်ပင်ပေါ်ကနေ ခဲတွေနဲ့လှမ်းပေါက်သဗျာ၊ ကြာလာတော့ ကျုပ်တို့လည်းအထိနာနေပြီ၊ ဦးကျော်ဗလက
“ဆရာကြီး၊ မနိုင်ရင်ပြေးရတာထုံးစံပဲမဟုတ်လား၊ ကျုပ်တို့ဒီအတိုင်းဆက်သွားရင်မလွယ်ဘူး၊ ပြေးကြရင်ကောင်းမယ်ဗျ”
“အေး၊ ဒါဆိုရင်လည်း ပြေးကြစို့ကွာ”
ကိုတောပျော်က
“ဆရာကြီး၊ ဒီဘက်ကိုလာခဲ့၊ ကျုပ်တို့ဒီဘက်ကပြေးမယ်”
ကိုတောပျော်ပြေးတဲ့အတိုင်း ကျုပ်တို့လိုက်ပြေးရတယ်ဗျာ၊ မှောင်ကြီးမည်းကြီးထဲပြေးလွှွှားနေကြရင်း ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်းကိုမသိပါဘူး၊ အရှေ့က ကိုတောပျော်က တောတိုးပြီးပြေးတဲ့တရှဲရှဲအသံကိုနားထောင်ပြီးတော့ အနောက်ကနေ လိုက်ပြေးကြရတာဗျ၊ တိရစ္ဆာန်တွေကလည်း အလျှော့မပေးဘူးဗျို့၊ ကျုပ်တို့အနောက်ကနေ ထပ်ကြပ်မကွာအောင် လိုက်လာခဲ့ကြတာဗျ၊ ဦးကျော်ဗလရဲ့ ဂဝံပတေ့တို့ ဂဝံလူသားတို့ဆိုလား အဲဒီ အကောင်ကြီးတွေက ဝိုင်းပြီးခုခံနေလို့သာ တော်သေးတယ်ဗျာ၊ ဒီလိုနဲ့ပြေးလာခဲ့ကြရင်း လျှိုကလေးတစ်ခုထဲကိုဆင်းလာခဲ့လိုက်တော့ ရေအိုင်ကလေးတစ်အိုင်အနားကိုရောက်လာခဲ့ကြတယ်၊ ရေအိုင်ရဲ့တစ်ဖက်စွန်းက ကျောက်ဖျာပေါ်မှာ မိန်းကလေးတစ်ယောက်က ထဘီရင်လျားနဲ့ထိုင်နေတယ်ဗျာ။
ကျုပ်တို့ရေအိုင်နားရောက်တော့ အနောက်က တိရစ္ဆာန်တွေက လိုက်မလာကြတော့ဘဲ ကျုပ်တို့ကိုဝိုင်းပြီးတော့ နေရာယူထားကြသဗျ။ ဒီမိန်းမက တဟားဟားနဲ့ရယ်တယ်၊ သူ့အသက်က နှစ်ဆယ့်ငါးလောက်ဖြစ်မယ်ထင်တယ်၊ အလွန်ဆုံးရှိလှသုံးဆယ်ပေါ့ဗျာ၊ အသားကတော့ ခပ်ဝင်းဝင်းပဲဗျ၊ ဆံပင်ကြီးကလည်း တင်ပါးလောက်ရှိတယ်၊
“ရှင်တို့ ကျုပ်လက်ကနေ ပြေးလို့မလွတ်ပါဘူး”
ဆရာဦးအောင်ရှိန်က ဒီမိန်းမကိုလက်ညှိုးထိုးလိုက်ပြီး
“ဟဲ့စုန်းမ၊ နင်နဲ့ငါတို့နဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စမှမရှိဘူး၊ မင်းငါတို့သွားမယ့်လမ်းကနေဖယ်ပေးပါ၊ မဟုတ်ရင် ငါတို့အဆိုးမဆိုနဲ့”
“အမေကြီးရဲ့ရန်သူဟာ၊ ကျုပ်ရဲ့ရန်သူပဲပေါ့၊ အမေကြီးကမှာထားတယ်၊ ဘုရားပျံကိုအရှင်ရရင် ပညာကိုးဆင့်တိုးပေးမယ်တဲ့”
“မင်းက နောက်မဆုတ်ဘူးပေါ့လေ”
ဒီမိန်းမက ထိုင်နေရင်းကနေ လေးဖက်ထောက်လိုက်ရင်း တဖြည်းဖြည်းနဲ့ ကျားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတယ်ဗျာ၊ ကျားကြီးက အကြီးကြီးဗျ၊ ကိုးတောင်ကျားဆိုတာ ဒါကိုပြောတာဖြစ်မယ်၊ မျက်နှာကြီးတင် စကောကြီးလောက်ရှိတယ်ဗျ။ ကိုတောပျော်က
“ဆရာကြီး . . . ဒါကြီးကဘာကြီးလဲဗျာ”
“မှော်ကျားစုန်းလို့ခေါ်တယ်၊ တစ်ချို့ကလည်း ကျားစုန်းလို့ခေါ်တယ်ကွ၊ ကျားပုံစံေြပြာင်းလို့ရတဲ့ နာနာရုပ်အတတ်ကို ပိုင်ဆိုင်ထားတဲ့စုန်းပေါ့ကွာ”
ဒီစုန်းမက ကျားဟိန်းသံကြီးကို သုံးချက်တိတိဟိန်းလိုက်တယ်ဆိုရင်ပဲ ကျုပ်တို့ကိုဝိုင်းထားကြတဲ့ သားရဲတိရစ္ဆာန်တွေအကုန်လုံးက ဝိုင်းပြိုပြီးဆင်းချလာသဗျာ။ ဆရာဦးအောင်ရှိန်က
“တိရစ္ဆာန်လေးတွေကို မသတ်ပါနဲ့ကွာ၊ တိရစ္ဆာန်လေးတွေက စုန်းမရဲ့ထိန်းချုပ်တာကို ခံထားကြရတာကွ၊ ဒီလိုလုပ်၊ ငါ တိရစ္ဆာန်တွေအကုန်လုံးကို မေတ္တာစက်လက်နက်ဖြန့်ပြီး တားဆီးကြည့်မယ်၊ ကျော်ဗလ မင်းက ဒီစုန်းမကို ရင်ဆိုင်စမ်းကွာ၊ မင်းလုပ်နိုင်တယ်မဟုတ်လားကွ”
ဦးကျော်ဗလက ခေါင်းညိတ်လိုက်ပြီး
“စိတ်ချပါဆရာကြီးရာ၊ သူ့လိုကျားလောက်ကတော့ ကျုပ်က ပျင်းတောင်ပျင်းသေးတယ်ဗျ”
ဆင်းချလာတဲ့ တိရစ္ဆာန်တွေကို ဆရာဦးအောင်ရှိန်က လက်နှစ်ဖက်နဲ့ကာရံတားဆီးလိုက်ပြီးတော့ ပါးစပ်ကနေလည်း ဂါထာတွေရွတ်နေပြန်တယ်ဗျာ။ အစွယ်တခေါခေါ၊ ဦးချိုတမြမြနဲ့ပြေးဝင်လာကြတဲ့ တိရစ္ဆာန်တွေဟာ ဆရာကြီးအစွမ်းနဲ့တွေ့တော့ ဒူးတုပ်ပြီးငြိမ်ဆင်းသွားကြတယ်၊ ဆရာကြီးက အရပ်ရှစ်မျက်နှာကနေ ပြေးဝင်လာကြတဲ့ တိရစ္ဆာန်တွေကို အဲဒီနည်းနဲ့ထိန်းနေတာပေါ့ဗျာ။
ဦးကျော်ဗလက သူ့လွယ်အိတ်ထဲကနေ ငွေကြုတ်ကလေးတစ်ခုကိုထုတ်ယူလိုက်တယ်ဗျ၊ ငွေကြုတ်ကလေးက လက်ညှိုးတစ်ချောင်းစာလောက်ရှည်တယ်၊ ငွေကြုတ်ကလေးကိုဖွင့်လိုက်တော့ အထဲမှာ ဆေးတောင့်တစ်တောင့်ဗျ၊ ဆေးတောင့်ကလေးက နီရဲနေတာပဲဗျာ၊ အဲဒီဆေးတောင့်ကို လက်မှာကိုင်ထားရင်း
“ဂဝံသီဟရဲ့အစွမ်းကို ပြကြရသေးတာပေါ့ စုန်းမရာ”
ဦးကျော်ဗလက ဆေးတောင့်ကို ပါးစပ်မှာခဲလိုက်ပြီးတော့ မြေကြီးပေါ်ကိုလေးဖက်ထောက်ထိုင်ချလိုက်တယ်ဆိုရင်ပဲ သူ့အသွေးအသားတွေက တဖြည်းဖြည်းပြောင်းလဲသွားပြီးတော့ ခြင်္သေ့ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါလေရော၊ လည်ဆံမွှေးကြီးတွေဆိုရင် ကားနေတာပဲဗျာ၊ ခြင်္သေ့ဆိုတာ စာအုပ်တွေ ရုပ်ပုံတွေထဲမှာပဲ မြင်ဖူးတဲ့ကျုပ်အဖို့ အပြင်မှာ အကောင်လိုက်ကြီးမြင်လိုက်ရတော့ လန့်နေမိတယ်၊ ကိုတောပျော်ဆိုရင် ကြက်သေ သေသွားသလို ငူငူကြီးရပ်နေတယ်။
မကြာပါဘူး မှော်ကျားနဲ့ ဂဝံသီဟလို့ခေါ်တဲ့ ခြင်္သေ့ကြီးနဲ့ ရေအိုင်ဘေးနားက မြေကွက်လပ်မှာဆော်ကြပါလေရောဗျာ၊ ကျားနဲ့ဆင်လယ်ပြင်မှာတွေ့တာတော့မဟုတ်ဘူးဗျို့ အခုတော့ ကျားနဲ့ခြင်္သေ့နဲ့တွေ့ကြတယ်၊ တစ်ကောင်နဲ့တစ်ကောင် လက်သည်းတွေနဲ့ကုတ်ဖဲ့လိုက်၊ ပါးစပ်တွေနဲ့ကိုက်လိုက်နဲ့ ကြောက်စရာကြီးဗျာ၊ လက်ရည်ကတော့ သူမသာ ကိုယ်မသာဆိုသလိုပဲ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ကြတယ်၊ အနားက သစ်ပင်တွေ၊ ချုံပင်တွေဆိုရင် သူတို့နှစ်ယောက်လုံးထွေးကြတာနဲ့တင် အကုန်လုံးပိပြားကုန်တယ်ဗျာ။
တိုက်နေရင်း ဦးကျော်ဗလရဲ့ ခြင်္သေ့က မောလာပုံရတယ်ဗျ၊ မှော်ကျားက ခြင်္သေ့ရဲ့ကျောပေါ်ကိုခုန်တက်ပြီးတော့ ဂုတ်ကိုတအားကိုက်ထည့်လိုက်တယ်၊ ခြင်္သေ့အော်သံကြီးက တောထဲမှာ ဟိန်းနေတာပါပဲ၊ တော်တော်နာသွားပုံရတယ်ဗျ။ ကျုပ်လည်း ဒီအတိုင်းနေလို့မဖြစ်တော့ဘူးလေဗျာ။
“ကိုတောပျော် တစ်ခုခုလုပ်ပါအုံးဗျ”
ကိုတောပျော်က ကြောင်ကြည့်နေရာကနေ သတိဝင်လာတယ်၊ ချက်ချင်းပဲ သူ့အိတ်ထဲကနေ တစ်ခုခုကိုရှာနေတယ်ဗျ။
“ကိုတောပျော် ဘာတွေရှာနေတာလဲဗျာ”
ကိုတောပျော်က ဘာမှပြန်မပြောဘူးဗျ၊ အိတ်ထဲကနေ လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့ အထုပ်လေးတစ်ထုပ်ထွက်လာတယ်၊ အထုပ်လေးကိုဖွင့်လိုက်တော့ အထဲမှာ ကျည်ဆန်သုံးလေးတောင့်ရှိတယ်။ ကိုတောပျော်က ကျည်ဆန်တစ်တောင့်ကိုယူလိုက်ပြီးတော့ နှုတ်ခမ်းနားတေ့လိုက်တယ်၊ နောက်တော့ မန္တန်တစ်ခုကိုရွတ်တယ်ဗျာ၊ မန္တန်ရွတ်တာက တစ်ယောက်ယောက်ကို ငေါက်ငမ်းသလိုမျိုး ခပ်ငေါက်ငေါက်နဲ့ရွတ်နေတာဗျ၊ မန္တန်ရွတ်ပြီးတော့ တောက်တစ်ချက်ခေါက်လိုက်ရင်း သူ့ရိုင်ဖယ်သေနတ်ကိုမောင်းတင်လိုက်ပြီး ကျည်အိမ်ထဲကို အဲဒီကျည်ဆန်ကိုထည့်လိုက်တယ်။
နောက်တော့ မြေပြင်ပေါ်မှာ မုဆိုးထိုင်ကျကျနနထိုင်ချလိုက်တယ်ဗျာ၊ ဖနောင့်ကို သူ့ဖင်အောက်ခုထိုင်ပြီးတော့ကို ထိုင်ချလိုက်တာ၊ ပါးစပ်ကလည်း ဘာတွေရွတ်မှန်းမသိဘူးဗျို့၊ ခြင်္သေ့ကြီးရဲ့ လည်ကုပ်ပေါ်တက်ပြီး ကိုက်ဖဲ့နေတဲ့ မှော်ကျားကို သေနတ်နဲ့ထိုးချိန်ပြီး အသေအချာချိန်ရွယ်နေတယ်၊ ကျုပ်ဘာစကားမှမပြောဘဲ ကိုတောပျော်လုပ်တာကို သေချာထိုင်ကြည့်နေမိတယ်၊ ကိုတောပျော်က အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီးတော့ သေနတ်မောင်းခလုပ်ကိုညှစ်ထည့်လိုက်တာ ဒိုင်းခနဲအသံထွက်သွားပြီး ကျည်ဆန်က မှော်ကျားရဲ့လည်ကုပ်ကိုထိသွားတော့တယ်၊
ကျည်ဆန်ထိတာကလည်း ဖောက်ဝင်သွားတာမျိုးမဟုတ်ဘူးဗျို့။ ကျည်ဆန်နဲ့မှော်ကျားထိတာနဲ့ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီး မှော်ကျားက အနောက်ကိုလွင့်ထွက်သွားတာဗျ၊ ခြင်္သေ့ကြီးက ချက်ချင်းကုန်းထပြီးတော့ ဟန်ချက်ပျက်သွားတဲ့ မှော်ကျားပေါ်ကိုခုန်အုပ်လိုက်တယ်၊ ဒီတစ်ခါတော့ ခြင်္သေ့အလှည့်ပေါ့ဗျာ၊ ခြင်္သေ့ကြီးက မှော်ကျားရဲ့ခေါင်းနဲ့ကျောကုန်းကို လက်နှစ်ဖက်နဲ့ဖိထားပြီး လည်ကုတ်ကို ပါးစပ်ကြီးနဲ့ကိုက်ပြီး တဗြိဗြိနဲ့ဆွဲဆွဲခါနေတာများ ကြည့်ရတာ ကြက်သီးတောင်ထတယ်ဗျာ။
ကိုတောပျော်ကလည်း နောက်ထပ်ကျည်တစ်တောင့်ကိုယူပြီးတော့ ကျည်ဖြည့်နေတယ်၊ ကိုတောပျော်လုပ်တာကလည်း လောကီအစီအရင်တစ်ခုလိုပဲဗျ၊ မှော်ကျားက အဲဒီတော့မှ လူအသံထွက်လာတယ်ဗျာ။
“မလုပ်ပါနဲ့တော့၊ ကြောက်ပါပြီ၊ ကျုပ်အရှုံးပေးပါတယ်”
မှော်ကျားက အော်ဟစ်ပြီး လူပြန်ဖြစ်သွားတယ်၊ ခြင်္သေ့ကြီးကလည်း ဦးကျော်ဗလပြန်ဖြစ်သွားတယ်ဗျာ၊ ဦးကျော်ဗလက စုန်းမကိုတက်ခွထားပြီး လည်ပင်းကိုလက်နဲ့ညှစ်ထားတယ်။
“မလုပ်ပါနဲ့ ကျော်ဗလ၊ လက်လွန်ကုန်ပါ့မယ်”
“ဆရာကြီး၊ ကျုပ်ဒီစုန်းမကို အသေသတ်လိုက်မယ်ဗျာ”
“ငါကတော့ လူသတ်တာကိုအားမပေးဘူးဟေ့၊ သူ့အစွမ်းတွေကို နှုတ်ခိုင်းလိုက်ပါ”
စုန်းမက ဘာမှန်းမသိဘူးရွတ်တယ်ဗျ၊ သူလည်းရွတ်ပြီးရော တိရစ္ဆာန်တွေရဲ့ နီရဲနေတဲ့မျက်လုံးတွေဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့တယ်။ ဆရာဦးအောင်ရှိန်က အရှေ့တက်လာပြီးတော့
“ဟဲ့စုန်းမ၊ နင့်အမေကြီးကိုပြောလိုက်၊ ငါတို့လာနေပြီလို့၊ မကြာခင် နင်တို့ရဲ့အမိုက်ဇာတ်တွေအကုန်လုံးကို ငါဇာတ်သိမ်းပစ်လိုက်တော့မယ်လို့ ပြောလိုက်စမ်းပါ”
ဦးကျော်ဗလက စုန်းမကိုလွှတ်ပေးလိုက်တော့ စုန်းမက မတ်တပ်ကုန်းထပြီးတော့ ရယ်တယ်ဗျ၊ နောက်တော့ သူ့ပါးစပ်ထဲကို နေကြာစေ့လို အစေ့ကလေးတစ်စေ့ပစ်ထည့်လိုက်တယ်၊ အစေ့ကလေးပစ်ထည့်ပြီးတော့ စုန်းမက အသံပြဲကြီးနဲ့ရယ်ပြန်ရောဗျို့။ ဆရာဦးအောင်ရှိန်က ဦးကျော်ဗလကိုကြည့်ပြီး
“ကျော်ဗလ အနောက်ဆုတ်စမ်း”
ဦးကျော်ဗလလည်း အနောက်ကိုပြန်ပြေးလာတယ်၊ စုန်းမရဲ့အသားတွေက ပူဖောင်းကြီးတွေလို ဖောင်းကားတက်လာပြီးတော့ ဝုန်းခနဲပေါက်ကွဲထွက်သွားပါလေရောဗျာ၊ သူ့ကိုယ်က အသွေးအသားတွေ၊ ကလီစာတွေအကုန်လုံး ပြန့်ကျဲထွက်ကုန်ပြီး သေသွားပါရောလား။ ကျုပ်တို့ကိုယ်မှာတောင် သူ့အသွေးစ အသားစတွေ လာကပ်တယ်ဗျာ။
ဆရာဦးအောင်ရှိန်က သက်ပြင်းတစ်ချက်ချတယ်၊
“ဆရာကြီး သူဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ရတာလဲ”
“သူ့အမေကြီးဆီ အရှုံးနဲ့မပြန်ရဲလို့ဖြစ်မှာပေါ့ကွာ”
“အခုဘာဆက်လုပ်မလဲဆရာကြီး”
“မထူးတော့ပါဘူးကွာ၊ တို့တွေဆက်သွားကြမယ်”
ကိုတောပျော်က ခေါင်းညိတ်လိုက်ရင်း
“ဒီအတိုင်းဆက်သွားမယ်ဆိုရင် မိုးမလင်းခင် ကဝေမီးဖိုကို ရောက်နိုင်မယ်ဆရာကြီး”
ကိုတောပျော်အနောက်ကို ကျုပ်တို့ဆက်လိုက်ခဲ့ကြတယ်၊ ဦးကျော်ဗလလည်း တော်တော်ဒဏ်ရာရသွားတယ်၊ အဝတ်အစားတွေဆိုရင် စုတ်ပြဲနေတာပဲဗျာ။ သူ့ရဲ့ ဂဝံသီဟဆေးကလည်း တော်တော်စွမ်းတယ်ဗျ၊ အဲဒီဆေးတောင့်ကိုပါးစပ်ထဲက ပြန်ထုတ်ပြီး ငွေကြုတ်ထဲထည့်လို့ ပြန်သိမ်းထားလိုက်တယ်။ ကျုပ်နဲ့ ကိုတောပျော်က အရှေ့ကသွားနေရင်း
“ဒါနဲ့ မုဆိုးကြီး၊ ခုနက ကျည်ဆန်ကလေးတွေက ဘာလေးတွေလဲ”
“သြော်၊ အဲဒါက ခဲပြန်ကျည်ပြန်လို့ခေါ်တယ်ကွ၊ ကိုယ်ပစ်သတ်လိုက်တဲ့ သားကောင်ဆီကနေ ပြန်ရတဲ့ခဲဖူးကို ကျည်ဆန်ပြန်လုပ်ထားတာပေါ့ကွာ”
“အဲဒါက ဘာစွမ်းလို့လဲ”
“တို့မုဆိုးတွေမှာလည်း မုဆိုးတွေတတ်အပ်တဲ့ လောကီပညာတွေရှိသကွ၊ တောထဲမှာ ထူးဆန်းတဲ့သတ္တဝါတွေ့ရင်၊ ခုနကလိုမျိုး မှော်ဝင်နေတဲ့သတ္တဝါတွေ တွေ့ရင် သာမန်ကျည်ဆန်နဲ့ပစ်လို့်မရဘူး၊ အဲဒီခဲပြန်ကျည်ပြန်ကို အစီအရင်မန္တန်ရွတ်ပြီး မုဆိုးထိုင်ထိုင်ပြီး ပစ်ခတ်မှသေတာကွ”
“တော်သေးတာပေါ့ မုဆိုးကြီးရာ၊ ခုနက ခင်ဗျားအဲဒီလိုလုပ်လို့သာပေါ့၊ မဟုတ်ရင် ဦးကျော်ဗလ တော်တော်အထိနာမှာဗျ၊ ရှုံးရင်တောင် ရှုံးသွားနိုင်တယ်”
“တို့တွေက တစ်လှေတည်းစီး တခရီးတည်းသွားတဲ့လူတွေပဲကွာ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့ကွ”
တောထဲမှာ အတော်မှောင်တော့ သွားရလာရတာ ခရီးမတွင်ပါဘူးဗျာ၊ ရှေ့နားမှာ စမ်းချောင်းတစ်ခုတွေ့တော့ ဦးကျော်ဗလက ခြေလက်တွေဆေးတယ်။ နောက်တော့ သူ့အိတ်ထဲကနေ ဖန်လုံးကြီးတစ်လုံးနှိုက်ယူလိုက်တယ်၊ ဖန်လုံးက တင်းနစ်ဘောလုံးအရွယ်လောက်ရှိမယ်ဗျ၊ ပြောင်ပြီးဝင်းလက်နေတာပါပဲ။ ဦးကျော်ဗလကလည်း သတ္တိမနည်းဘူးဗျာ၊ ဒီလောက်ဖြစ်ထားတာတောင်မှ ပြုံးနိုင်ရယ်နိုင်သေးတယ်။
“မင်း မျက်လှည့်ကြည့်မလား ရင်မောင်”
ဦးကျော်ဗလကပြောပြောဆိုဆိုနဲ့ ဖန်လုံးကို လက်နဲ့တစ်ချက်သပ်ထည့်လိုက်တာ ဖန်လုံးက မီးသီးကြီးလိုလင်းသွားပါလေရောဗျာ။ လင်းတာမှ ဝပ်ခြောက်ဆယ်မီးသီးကြီးလို ဝါဝါဖန့်ဖန့်ကြီးနဲ့ လင်းထိန်နေတော့တာပဲ၊
“ကျွန်တော်ကိုင်ကြည့်လို့ရမလား”
ဦးကျော်ဗလက ဖန်လုံးကြီးကို ကျုပ်ဆီလှမ်းပေးတယ်၊ ဖန်လုံးထဲမှာ အရည်တစ်မျိုးရှိတယ်၊ အဲဒီအရည်တွေက မီးခိုးငွေ့တွေလို စီးဆင်းနေရင်း အလင်းတွေထွက်နေတာဗျာ။ ကိုတောပျော်က အဲဒီဖန်လုံးကို အထူးအဆန်းနဲ့ကိုင်ကြည့်တယ်။
“အမှောင်ထဲသွားလို့ဘယ်ဖြစ်မလဲ၊ အဲဒီဖန်လုံးကလေး ကိုင်ပြီးသွားပေါ့ကွ”
ကိုတောပျော်က ဖန်လုံးကိုကိုင်ကြည့်ရင်း
“ဆရာကြီးပညာက တော်တော်စွမ်းတာပဲ၊ ဒီလိုဖန်လုံးရှိတော့ ဖယောင်းတိုင်ဖိုးမကုန်တော့ဘူးပေါ့ဗျ”
ကိုတောကျော်ပြောတော့ ကျုပ်တို့တွေအားလုံး ဝါးခနဲထရယ်လိုက်မိတယ်ဗျာ။ ဖန်လုံးကြီးအလင်းနဲ့ တောင်ကြောပေါ်ကိုတက်ခဲ့ပြီး တောင်ထိပ်ရောက်တော့ မိုးလင်းခါနီးတောင်ဖြစ်နေပါရော၊ ကိုတောပျော်က တစ်နေရာကိုလက်ညှီုးညွန်ပြတယ်။
“အဲဒါပေါ့ ကဝေမီးဖိုဆိုတာ”
သူပြတဲ့နေရာကိုကြည့်လိုက်တော့ ဘာမှမမြင်ရပါဘူးဗျာ၊ မီးခိုးလုံးတွေလို မိုးတိမ်တောင်ကြီးတွေလို အရာကြီးက အဲဒီနေရာတစ်ဝိုက်ကို ဖုံးအုပ်ထားတယ်ဗျ။
“ကျွန်တော်တစ်ခုတွေးမိတာရှိတယ်ဆရာကြီး၊ ကျွန်တော်တို့တောင် တစ်ရက်လောက်ခရီးထွက်ရတဲ့ ဒီခရီးကို စုန်းမတွေက ဘယ်လိုများသွားကြပါလိမ့်နော်၊ မခင်ကြည်တို့ကို ဖမ်းခေါ်သွားတာလည်း တစ်မနက်လောက်ပဲကြာသလားလို့”
“စုန်းမတွေဆိုမှတော့ သူတို့ပညာနဲ့ ဖြတ်လမ်းကနေသွားတာနေမှာပေါ့ကွ ရင်မောင်ရ၊ ကဲ အချိန်မရှိဘူးဟေ့၊ လာမယ့်ဘေးကို ပြေးတွေ့ကြရအောင်”
ဆရာဦးအောင်ရှိန်က ကိုတောပျော်ကိုကြည့်လိုက်ပြီး
“ကဲ မုဆိုးကြီး၊ ဒီလောက်ဆိုရင် ငါတို့သွားတတ်ပါပြီ၊ ရှေ့ခရီးမှာ ညကအဖြစ်ထက် ဆိုးရွားတဲ့အဖြစ်တွေ ကြုံရနိုင်တယ်၊ ဒါကြောင့် မင်းပြန်ပါတော့”
ကိုတောပျော်က ခေါင်းခါလိုက်တယ်။
“ကျုပ်မပြန်ဘူးဆရာကြီး၊ လူပဲဗျာ သေတစ်နေ့မွေးတစ်နေ့ပဲ၊ အခု အချိန်ပြန်သွားရင် ဆရာကြီးနဲ့စုန်းတွေရဲ့ ပွဲကြီးပွဲကောင်းကို လွတ်သွားတော့မှာပေါ့ဗျ”
ကျုပ်တို့အားလုံးခေါင်းညိတ်ပြီးတော့ ရှေ့ဆက်လာခဲ့ကြတယ်ဗျာ။ အရှေ့မှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုအခက်အခဲတွေနဲ့ ဆက်ကြုံမလဲဆိုတာတွေးရင်း ရင်တွေခုန်နေမိတာတော့အမှန်ပဲဗျို့။