အတွဲ(၂) စာစဉ်(၂၆)
(၁)
ကျုပ်နဲ့ အောက်လမ်းဆရာကြီး ဦးကျော်ဗလတို့ ရွာထဲကိုဝင်ခဲ့ကြတာပေါ့ဗျာ၊ ဦးကျော်ဗလကို ခင်ဗျားတို့မှတ်မိကြမယ်ထင်တယ်ဗျ၊ ဦးကျော်ဗလက ကုက္ကားရွာမှာနာမည်ကြီးတဲ့ အောက်လမ်းဆရာကြီးလေဗျာ၊ အမေနဲ့ကျောင်းနေဖက်သူငယ်ချင်းတွေ၊ အဲ . . သူငယ်ချင်းအဆင့်ထက် နည်းနည်းတောင်ပိုချင်ပိုခဲ့မှာပေါ့၊ ဒါပေမယ့် အမေက ဦးကျော်ဗလကိုမယူဘဲ အဖေနဲ့ယူလိုက်တော့ ဦးကျော်ဗလက စိတ်ညစ်ပြီးရွာပြန်သွားခဲ့တာဗျ၊ အဲဒီကတည်းက အောက်လမ်းအကျင့်တွေကိုကျင့်ကြံပြီး တကယ့်ဆရာတစ်ဆူဖြစ်သွားခဲ့တယ်၊ အမေ့ကိုပြန်တွေ့တော့ အမေ့ကိုလိုချင်တာနဲ့ ဆေးခတ်ပြီးရူးကြောင်မူးကြောင်ဖြစ်အောင်လုပ်ထည့်လိုက်တာ ဆရာဦးအောင်ရှိန်က ပြန်ကယ်လိုက်ရတယ်၊ ဦးကျော်ဗလကလည်း အမေ့ကိုနောက်တစ်ခါ ထပ်မလုပ်ဖို့ကတိပေးပြီး ဆရာကြီးဆီမှာတပည့်ခံလိုက်ရတဲ့သူပေါ့ဗျာ၊၊ ဒီလိုနဲ့ကျုပ်တို့နှစ်ယောက် ဆရာဦးအောင်ရှိန်ရဲ့အိမ်ကို ရောက်ခဲ့ကြတယ်၊ ကျုပ်က ခြံထဲကိုစွက်ခနဲဝင်လိုက်ပေမယ့် ဦးကျော်ဗလကတော့ ခြံရှေ့မှာမတ်တပ်တစ်ချက်ရပ်လိုက်တယ်ဗျ။
“လာလေ ဦးကျော်ဗလရဲ့”
“ခြံထဲကိုမကောင်းတဲ့လူတွေဝင်မရအောင် စည်းတွေအထပ်ထပ်ကာရံထားတယ်ကွ ရင်မောင်ရ၊ ဒီစည်းတွေကို ငါဖျက်လို့ရပေမယ့် မဖျက်ချင်ပါဘူးကွာ၊ ဆရာကြီးဆီက ဝင်ခွင့်တောင်းမှရမယ့်သဘောပဲ”
ကျုပ်နားလည်သွားပါပြီ၊ ဒီလိုနဲ့ ဆရာကြီးနဲ့တွေ့ဖို့ အိမ်ပေါ်ကိုပြေးတက်ခဲ့တဲ့အခါ ဆရာဦးအောင်ရှိန်က ပြတင်းပေါက်ကနေခေါင်းပြူထွက်လာတယ်။
“လာပါ ကျော်ဗလ၊ မင်းကိုငါ ဝင်ခွင့်ပြုပါတယ်”
ဆရာကြီးက ကြိုသိနေတဲ့သဘောပဲဗျာ၊ ဆရာကြီးပြောလိုက်တော့မှ ဦးကျော်ဗလက ခေါင်းညိတ်ပြီး ခြံဝိုင်းထဲကိုဝင်လာခဲ့တယ်၊ ကျုပ်တော့ဘာအတားအစည်းမှ မမြင်ရပါဘူးဗျာ၊ သူတို့အချင်းချင်းတော့ မြင်ရတဲ့ပုံပဲဗျ၊ အိမ်ပေါ်ကိုတက်လိုက်တော့ ဆရာကြီးက ဘုရားကျောင်းဆောင်အရှေ့မှာထိုင်နေတယ်၊ ဦးကျော်ဗလက လှေကားမတက်ခင်မှာ သူလွယ်လာတဲ့လွယ်အိတ်အနက်ရောင်ကြီးကို လှေကားလက်ကတုံးတိုင်လို့ခေါ်တဲ့ လှေကားအဆင်းထိပ်က ပွတ်လုံးတိုင်မှာချိတ်ထားပြီးမှ အိမ်ပေါ်ကိုတက်လာတယ်ဗျာ၊ အိမ်ပေါ်ကိုရောက်တော့လည်း အိမ်ပေါ်လှမ်းမတက်ဘဲ လှေကားအတက်က တစ်ဆင့်နှိမ့်ထားတဲ့နေရာမှာပဲထိုင်တယ်၊ ဖိနပ်ချွတ်ခေါ်မလား၊ ခွေးကတက်ခေါ်မလားဗျာ၊ ဆရာကြီးတို့အိမ်က ဖိနပ်တွေကိုလှေကားအောက်မှာချွတ်ခဲ့ရတာဆိုတော့ အဲဒီနေရာမှာ ဖိနပ်တော့မရှိဘူးဗျ။ ကျုပ်က ဆရာကြီးအနားမှာဝင်ထိုင်လိုက်ရင်း
“ဦးကျော်ဗလ၊ ဘယ်လိုဖြစ်လို့ အဲဒီမှာထိုင်နေတာလဲဗျာ ဟောဒီအပေါ်မှာ လာတက်ထိုင်လေဗျာ”
ဦးကျော်ဗလက ခေါင်းခါရင်း
“မထိုင်တော့ပါဘူး ရင်မောင်ရာ၊ ငါဒီမှာပဲထိုင်မယ်”
ကျုပ်စိတ်ထင်တော့ ဦးကျော်ဗလက ဘုရားကျောင်းစောင်အရှေ့မို့မထိုင်ချင်တာလား၊ ဒါမှမဟုတ် ဆရာကြီးနဲ့ ကြမ်းတစ်ပြေးတည်းမထိုင်ချင်တာလားတော့မသိဘူးဗျ၊ သူက အောက်လမ်းဆရာဆိုတော့ မထိုင်ဝံ့ဘူးထင်တယ်လို့ပဲယူဆလိုက်ပါတယ်၊ ဆရာကြီးကြည့်ရတာ အားနည်းနေတယ်ဆိုပေမယ့် ညနေကထက်တော့ နည်းနည်းလန်းနေသလိုပါပဲ၊ နာရီကိုလှမ်းကြည့်လိုက်တော့ ညတစ်ချက်တီးကျော်နေပေါ့ဗျာ။
“ဒီအချိန်က ဧည့်သည်ဆောင်သည်လာတဲ့အချိန်ကောင်းတော့ မဟုတ်ဘူးကွ၊ ကဲ ပြောစမ်း ကျော်ဗလ၊ မင်းဘာဖြစ်လို့ဒီအချိန်ကြိးရောက်လာခဲ့တာလဲ”
“ကျုပ်ရွာကထွက်ခဲ့တာ လေးရက်ရှိပြီဆရာကြီး၊ မြင်းဇာရွာကို ခုနကမှရောက်တာ၊ ရောက်ရောက်ချင်း ရင်မောင်နဲ့ စမျဉ်းတိုင်စုန်းတွေ တိုက်ခိုက်နေတာမြင်လို့ သူ့ကိုဝင်ကူရတာပါဆရာကြီး”
“ဟိုစုန်းတွေပြေးပြီလားရင်မောင်”
“ပြေးကုန်ပါပြီဆရာကြီး စမျဉ်းတိုင်တွေကိုလည်း သူတို့သုံးမရအောင် ထုံးကွင်းခဲ့ပါပြီ”
ဆရာကြီးက ခေါင်းတဆတ်ဆတ်ညိတ်တယ်။
“ငါ့အိမ်ကိုရောက်လာတာ အကြောင်းမဲ့တော့မဟုတ်တော့ဘူး ကျော်ဗလ”
“ဟုတ်ပါတယ်ဆရာကြီး၊ ကျုပ်က ဆရာကြီးနဲ့တိုင်ပင်ဖို့လာခဲ့တာပါ”
“မင်းနဲ့ငါက လမ်းမတူဘူး ကျော်ဗလရဲ့၊ ငါတို့ကြားထဲမှာ ဘာတွေတိုင်ပင်ဖို့ လိုနေသေးလို့လဲကွ”
“အရင်တုန်းက ဆရာကြီးလျှောက်တဲ့လမ်းနဲ့ ကျုပ်လျှောက်တဲ့လမ်းဟာ မတူညီခဲ့ပေမယ့် အခုတော့ မထင်မှတ်ဘဲ ကျုပ်တို့လျှောက်မယ့်လမ်းဟာ တိုက်တိုက်ဆိုင်ဆိုင်တူညီသွားခဲ့ပါပြီ”
ဆရာကြီးက ရေနွေးသောက်ရင်း ဦးကျော်ဗလ ဘာဆက်ပြောမလဲဆိုပြီးနားစွင့်နေတယ်။
“ကျုပ်လာခဲ့ရတာက နတ်မှော်စုန်းကို လက်စားချေဖို့အတွက် လာခဲ့တာပါပဲဆရာကြီး၊ အဲဒီနတ်မှော်စုန်းက ဆရာကြီးတို့ကိုလည်း နှောင့်ယှက်ထားတယ်မဟုတ်လား”
ဆရာကြီးက ဘာမှမဖြေပေမယ့် ကျုပ်ကထပြီး
“ဟုတ်တယ်ဗျာ၊ နှောက်တာကမှ တော်တော်ကိုနှောက်တာဗျ၊ အခု ဆရာကြီးရဲ့ သမီးနှစ်ယောက် အိမ်ကနေဆင်းသွားကြပြီ”
ဦးကျော်ဗလက ခေါင်းညိတ်ပြီးတော့
“ကျုပ်ထင်ပါတယ်ဆရာကြီးရာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစုန်းမက ကျုပ်လိုအောက်လမ်းဆရာကိုရော ဆရာကြီးလိုနာမည်ကြီးတဲ့အထက်လမ်းဆရာကြီးအပြင် ဟောဒီနယ်မှာ နာမည်ရှိတဲ့ ဆရာတွေအကုန်လုံးကို လိုက်လံတိုက်ခိုက် အမြစ်ဖြုတ်နေတဲ့လူပဲ”
“ဟုတ်ရဲ့လားဗျာ”
“ဟုတ်တာပေါ့ရင်မောင်ရ၊ ငါ ကုက္ကားရွာကနေ ထွက်လာပြီး လမ်းခရီးမှာစုံစမ်းခဲ့ပြီးပြီ ဒီစုန်းမက ရွာစဉ်တွေမှာရှိတဲ့ အောက်လမ်းဆရာတွေ၊ အထက်လမ်းဆရာတွေကို တိုက်ခိုက်နှိမ်နင်းခဲ့ပြီးပြီဆရာကြီး”
ဆရာဦးအောင်ရှိန်က မျက်မှောင်ကြုတ်လိုက်ရင်း
“မင်း၊ ဒီစုန်းမအကြောင်းကို ဘာသိထားသေးလဲ ကျော်ဗလ”
“ဒီစုန်းမက လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းက ဒီနယ်တစ်ဝိုက်မှာရှိတဲ့ စုန်းတွေအကုန်လုံးကို ပညာချင်းပြိုင်ပြီး အနိုင်ယူခဲ့ပြီးပြီဆရာကြီး၊ ကဝေတစ်ချို့လည်း သူအနိုင်ယူတာမခံချင်တာနဲ့ ဒီနယ်ကနေထွက်ပြေးသွားကြပြီ၊ စုန်းတွှေအကုန်လုံးကို အုပ်ချုပ်နိုင်ပြီဆိုတော့မှ သူက အောက်လမ်း၊ အထက်လမ်းဆရာတွေဘက်ကို လှည့်လာခဲ့တာ”
“သူက ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ ဦးကျော်ဗလရယ်”
ဆရာဦးအောင်ရှိန်က နားထောင်နေရင်း
“သူက ကတော်ဖြစ်ချင်လို့ထင်တယ်”
ဦးကျော်ဗလကလည်း ခေါင်းညိတ်လိုက်ကာ
“ဟုတ်တယ်ဆရာကြီး”
“နေပါအုံးဆရာကြီးတို့ရယ်၊ သူက ဘာဖြစ်လို့ကတော်ဖြစ်ချင်ရတာလဲ”
“ဒီလိုကွရင်မောင်ရ၊ စုန်းတွေဆိုတာ အစုအဖွဲ့နဲ့ လှုပ်ရှားကြတဲ့ အဖွဲ့အစည်းတစ်ခုပဲ၊ ကဝေတွေကျတော့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း နေထိုင်တဲ့လူတွေပေါ့ကွာ၊ စုန်းတွေမှာကျတော့ တို့လူသားတွေလို အဆင့်ဆင့်အုပ်ချုပ်မှုရှိတယ်ကွ၊ နယ်ပိုင်အရပ်ပိုင်တဲ့လူတွေလည်းရှိတယ်၊ ကတော်ဆိုတာကတော့ နယ်တော်တော်များများ၊ ကျေးရွာတော်တော်များများကို ပိုင်တဲ့လူပေါ့ကွာ၊ ပြီးတော့ စုန်းတွေမှာ ကတော်အဆင့်ရောက်မှ စိတ်အေးရတယ်တဲ့ကွ၊ ဘာကိုစိတ်အေးရတာလဲဆိုရင် အောက်လက်ငယ်သားတွေက ပြိုင်မှာဆိုင်မှာ၊ တိုက်ခိုက်လာမှာကို စိတ်အေးရတာကွ”
“ဒါဆိုရင် ဒီနတ်မှော်စုန်းက ဒီနယ်တဝိုက်ကို တိုက်ခိုက်ပြီးတော့ သူ့အပိုင်အဖြစ်သိမ်းသွင်းချင်တာပေါ့နော်”
“ဟုတ်တယ်၊ ဒါကြောင့် အားလုံးကိုတိုက်ထုတ်နေတာ၊ စုန်းတွေကျတော့ ပညာရှုံးရင် သူ့တပည့်ခံရတယ်မဟုတ်လား၊ အောက်လမ်းဆရာတွေလည်း သူ့လက်အောက်ကို တော်တော်ရောက်ကုန်ကြပြီ၊ အထက်လမ်းဆရာတွေထဲမှာလည်း သူ့ကိုပြိုင်ဖက်ဖြစ်နိုင်မယ့်လူဆိုရင် ကျိုးအောင်လုပ်တယ်၊ ကန်းအောင် လူစဉ်မမီအောင်လုပ်တယ်၊ သတ်သင့်ရင် သတ်ပစ်တယ်ပေါ့ ဆရာကြီးရာ”
“ဟာ . . . ဒါဆို ဦးရန်အောင်သေတာ သူတို့ကြားထဲကရန်ငြိုးကြောင့်မဟုတ်ဘူးထင်တယ်ဆရာကြီး”
“ဒီတစ်ခါတော့ မင်းတွေးတာမှန်တယ်ရင်မောင်၊ ငါလည်း အခုမှသေသေချာချာသိတော့တယ်၊ တကယ်တော့ သူက ရန်အောင်တို့ဂိုဏ်းကို ရှင်းပစ်ချင်တာပဲကွ၊ ဒါကြောင့် ရန်အောင့်ကိုရန်စပြီးတော့ သူတို့နယ်မြေထဲကိုရောက်လာအောင် တမင်ဖျားယောင်းခဲ့တဲ့ပုံပဲ”
“ဟုတ်ပြီဆရာကြီးရာ၊ ဦးရန်အောင်တို့ သူ့နယ်မြေထဲရောက်တော့မှ တစ်ခါတည်း အပြီးစီရင်လိုက်တာပေါ့”
“ရန်အောင်ကိုမသတ်ဘဲ ခွေးစိတ်ပေါက်အောင်လုပ်ပြီး ဒီရွာကိုရောက်အောင်လုပ်လိုက်တာလဲ သွေးရိုးသားရိုးမဟုတ်ဘူးထင်တယ်ရင်မောင်၊ အရှေ့ဘက်တောင်တန်းကနေ တို့ရွာကိုရောက်ဖို့ဆိုရင် လမ်းမှာရွာစဉ်တွေအများကြီးဖြတ်ရမယ်မဟုတ်လား၊ အဲဒီရွာတွေကို မဝင်ဘဲနဲ့ ရန်အောင်တစ်ယောက် တို့ရွာကိုဘာဖြစ်လို့ လာခဲ့ရတာလဲဆိုတာ မင်းသိပြီမဟုတ်လား ရင်မောင်”
“ဒါဆို စုန်းမက ဆရာကြီးကိုစိန်ခေါ်တဲ့သဘောပဲ၊ ဆရာကြီးက ဦးရန်အောင်သေရတဲ့အတွက် စိတ်နာမယ်၊ ပြီးတော့ စုန်းမကိုလိုက်ရှာမယ်၊ စုန်းမဆင်တဲ့ထောင်ချောက်ထဲကိုဝင်မယ်၊ ဒီလိုဖြစ်အောင်မျှားခေါ်ထားတာပဲ”
“ဘာပဲဖြစ်ဖြစ် တို့ကိုကံဖယ်သွားတာဟေ့၊ ငါ အဲဒီတုန်းကသာ ဒေါသထွက်ထွက်နဲ့ စုန်းမဆီလိုက်သွားရင် သူတို့ဆင်တဲ့ထောင်ချောက်ထဲကျမှာပဲကွ၊ အခုတော့ ငအေး ကိစ္စပေါ်လာလို့ သူ့အနောက်လိုက်ရင်း တို့တွေမိုးစိုရွာမှာ တစ်ရက်လောက်ကြာသွားတယ်မဟုတ်လား၊ အဲဒါ ကံကောင်းတာပေါ့ကွ”
တစ်ချိန်လုံးထိုင်နားထောင်နေတဲ့ ဦးကျော်ဗလက
“ဒါဖြင့်ရင် အဲဒီစုန်းမက ဆရာကြီးကိုထပ်ပြီး ထောင်ချောက်ဆင်မဖမ်းတော့ဘူးလား”
“မင်းပြောတာ ဘာအဓိပ္ပါယ်လဲ ကျော်ဗလ”
“စုန်းမက ဆရာကြီးကိုတစ်ခါဆင့်ခေါ်ခဲ့တာ မအောင်မြင်ရင် နောက်တစ်ခါ မဆင့်ခေါ်နိုင်ဘူးလားလို့ပါ”
ဦးကျော်ဗလပြောတာကိုနားထောင်ပြီးတော့ ဆရာဦးအောင်ရှိန်တစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားတယ်။
“ဟေ . . .ဟုတ်တယ်၊ ဟုတ်တယ်ဟေ့”
ဆရာကြီးက ကျုပ်ပေါင်ကိုပုတ်ရင်း
“ဟေ့ရင်မောင်၊ ရွာထဲမှာ လှည်းတစ်စီးသွားငှားစမ်းကွာ”
“ဟာ၊ ဆရာကြီးရယ် အခုလိုညည့်နက်သန်းခေါင်ကြီးကျမှ ဘယ်လှည်းကိုငှားလို့ရမှာလဲဗျ”
“အေး၊ မင်းပြောတာလဲဟုတ်သား၊ လှည်းငှားမရရင် တို့တွေခြေလျင်သွားမယ်ကွာ”
ဆရာဦးအောင်ရှိန်က ပြောပြောဆိုဆိုနဲ့မတ်တပ်ထရပ်လိုက်တယ်။ ကျုပ်က ဆရာကြီးလက်ကိုဆွဲပြီးတော့
“နေပါအုံးဆရာကြီး၊ ဆရာကြီးက ဘယ်သွားမလို့လဲ”
“ဟ၊ ကျော်ဗလပြောတယ်မဟုတ်လား စုန်းမက နောက်တစ်ကြိမ် ငါ့ကိုဖျားယောင်းပြီးခေါ်မယ်ဆိုတာလေကွာ”
“အင်းလေ၊ အဲဒါနဲ့ ဆရာကြီးက စုန်းမဆီကိုသွားတော့မလို့လား”
“ဒီမှာရင်မောင် ငါ့သမီးနှစ်ယောက်ကို ရူးအောင်ဘယ်သူလုပ်တာလဲ၊ အရပ်ထဲကလူတွေအကုန် ငါ့ကိုစိတ်ကုန်သွားအောင် ဘယ်သူလုပ်တာလဲ၊ ငါ့သမီးနှစ်ယောက်စလုံး အိမ်ကဆင်းသွားအောင် ဘယ်သူလုပ်တာဖြစ်နိုင်သလဲကွ”
“ဟာ၊ ဒါဆို စုန်းမလုပ်တာပေါ့ ဆရာကြီး”
“စုန်းမက ငါ့နိုင်ကွက်ကိုသိတယ်၊ ငါ့အားနည်းချက်ကိုသိတယ်ကွ၊ ခင်ကြည်နဲ့နှင်းကြည် ညကြီးမိုးချုပ် အိမ်ကနေဆင်းသွားတာ မကောင်းဘူးဟေ့၊ ငါ့စိတ်ထင်တော့ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ထင်တယ်၊ တို့တွေ အချိန်မလင့်ခင် လိုက်သွားမှဖြစ်မယ်”
ဆရာကြီးပြောတာနဲ့ ကျုပ်တောင်လန့်သွားတယ်ဗျာ၊ ဆရာကြီးက တိုင်မှာချိတ်ထားတဲ့ သူ့ရဲ့လွယ်အိတ်ကြီးကိုယူလိုက်ပြီးတော့ ဘုရားကျောင်းဆောင်ပေါ်က လိုအပ်တဲ့ပစ္စည်းတွေကို ယူယူပြီးထည့်တယ်၊ နောက်တော့ ပုတီးသုံးကုံးကိုလည်ပင်းမှာဆွဲချလိုက်ပြီး တောင်ဝှေးကြီးကိုင်လို့ ဆင်းဖို့လုပ်တယ်၊ ကျုပ်လည်း ဘာကိုမှ မယူနိုင်တော့ဘဲ ဆရာကြီးအနောက်ကနေပြေးလိုက်ရတယ်၊ လှေကားအတက်မှာထိုင်နေတဲ့ ဦးကျော်ဗလက လှေကားအောက်ကိုတောင်ရောက်နေပြီဗျာ၊ လှေကားမှာချိတ်ဆွဲထားတဲ့ သူ့ရဲ့လွယ်အိတ်ကို စလွယ်သိုင်းပြီးလွယ်လိုက်တယ်၊ ကျုပ်လည်း အိမ်တံခါးတွေပိတ်ပြီး ဆရာကြီးတို့နှစ်ယောက် အနောက်ကိုပြေးလိုက်လာခဲ့ရတယ်ဗျာ။
နဂိုကတည်းကမှ လမ်းလျှောက်တာမြန်တဲ့ဆရာကြီးက အခုတော့ ဇောနဲ့မို့လို့လားမသိဘူး လမ်းလျှောက်တာပိုပြီးမြန်နေတယ်ဗျာ၊ ဦးကျော်ဗလကလည်း လမ်းလျှောက်တာ သိပ်သွက်သဗျ၊ သူတို့နှစ်ယောက်ကိုမီအောင် ကျုပ်ဖြင့် မနည်းပြေးလိုက်ရတယ်၊ ရွာထိပ်ကနေထွက်ခဲ့တော့ သီချင်းဆိုနေတဲ့ကာလသားတွေက ကျုပ်တို့ကို ကြောင်စီစီနဲ့ကြည့်နေကြတယ်။
ရွာကထွက်လိုက်တာနဲ့ လမ်းတစ်ခုလုံးမှောင်ရိပ်ဖုံးနေတာပါပဲဗျာ၊ လရောင်ကလည်း ဝိုးတဝါးကလေးသာနေတယ်ဗျ၊ တာလမ်းမကြီးနံဘေးမှာ သစ်ပင်ကြီးတွေက တစ်ပင်နဲ့တစ်ပင်ကို အကိုင်းချင်းထိအောင်ပေါက်နေကြတယ်ဆိုတော့ လမ်းကြီးတစ်ခုလုံးက မှောင်အတိပေ့ါဗျာ၊ လမ်းကဖြူးလို့သာ တော်သေးတာဗျ၊ ကျင်းတွေ ချိုင့်တွေများရှိရင် ချော်ချည်းလဲနေမှာ။
ကွမ်းတစ်ရာညက်လောက် လမ်းလျှောက်လာကြပြီးတော့ မကြာခင် စိုင်ဒူးရွာနားရောက်လာခဲ့ကြတယ်၊ စိုင်ဒူးရွာကျော်ရင် ဟိုဘက်မှာ ဂန့်ဂေါမြို့ရောက်ပြီပေါ့ဗျာ၊ စိုင်ဒူးရွာမရောက်ခင် တစ်ပြလောက်အလိုမှာ လှည်းတစ်စီးက လမ်းဘေးမှာဘေးစောင်းကြီးဖြစ်နေသဗျာ၊ အနားမှာလည်း လူသူကင်းမဲ့နေတယ်၊ နွားနှစ်ကောင်ကတော့ ဟိုးခပ်လှမ်းလှမ်းမှာ လှဲအိပ်လို့ရယ်ဗျ၊ လှည်းအနားရောက်တော့ ခြေရာတွေကိုတွေ့ရတယ်၊ ခြေရာတွေက ရှုပ်ထွေးပြီးအများကြီးဖြစ်နေတယ်။ ကျုပ်ကလှည်းကိုကြည့်လိုက်ပြီးတော့
“ဟာ၊ ဆရာကြီး ဒီလှည်းက ကိုတိုးတက်ရဲ့လှည်းပဲဗျ”
“မင်းက ဘယ်လိုသိသလဲကွရင်မောင်ရ”
“ကိုတိုးတက်က သူ့လှည်းလက်ရင်းတိုင်မှာ တဝမ်းပူတစ်လုံးကို မြေဖြူနဲ့ရေးထားသဗျ၊ ဟောဒီမှာကြည့်ပါလား တဝမ်းပူ”
လှည်းလက်ရင်းတိုင်က တဝမ်းပူပုံစံကလေးကို ပြလိုက်တော့ ဆရာကြီးက ပိုပြီးထိတ်လန့်သွားတယ်ဗျာ။
“ငါထင်တဲ့အတိုင်းပဲဟေ့၊ ခင်ကြည်တို့ နှင်းကြည်တို့ တစ်ခုခုဖြစ်နေပြီကွ”
ဦးကျော်ဗလက ခြေရာတွေကိုကြည့်ရင်း
“ခြေရာတွေက ယောက်ျားခြေရာတွေချည်းပါပဲလား၊ သူတို့နဲ့အတူ ယောက်ျားသားဘယ်သူပါသွားသေးလဲ”
“ယောက်ျားသားဆိုလို့ ကိုတိုးတက်ဆိုတဲ့လူတစ်ယောက်ပဲ ပါသွားတာပါဗျာ”
“ကျုပ်တွေ့ရသလောက် ယောက်ျားခြေရာတွေက အများကြီးပဲဗျ၊ ကဲပါ ဆရာကြီးစိတ်အေးအေးသာထား သူတို့ဘယ်သွားကြတာလဲဆိုတာ ကျုပ်ရှာပေးပါ့မယ်”
ဦးကျော်ဗလက သူ့အိတ်ထဲကနေ တစ်လက်မလောက်ရှိတဲ့ အရုပ်ကလေးတစ်ရုပ်ထုတ်လိုက်တယ်ဗျ၊ အရုပ်က လူပုံစံလိုလိုပဲ မတ်တပ်ရပ်နေတဲ့အရုပ်ကလေးဗျာ၊ ဦးကျော်ဗလက အဲဒီအရုပ်ကလေးကို လက်ခုပ်ထဲထည့်ပြီးတော့ ပါးစပ်က မန္တန်တွေရွတ်နေရင်း နောက်တော့ ကျန်တဲ့လက်တစ်ဖက်နဲ့ အရုပ်ကလေးကို ပုတ်သလိုမျိုးပုတ်ပုတ်ပြီးနှိုးတယ်ဗျ၊
“ကဲ ဂဝံမြေလူး၊ မင်းကိုငါအမိန့်ပေးမယ်၊ ဟောဒီခြေရာတွေအနောက်ကို လိုက်ပေတော့”
ဦးကျော်ဗလက ပြောပြောဆိုဆိုနဲ့လှည်းဘေးနားက ခြေရာတွေအပေါ်ကို သူ့လက်ထဲက အရုပ်ကလေးပစ်ချပေးလိုက်တယ်၊ သူ့အရုပ်က ဂဝံမြေလူးဆိုတဲ့အတိုင်းပဲဗျ၊ မြေပေါ်ကိုရောက်တဲ့အခါ ပိုးစုန်းကြူးအလင်းရောင်လို စိမ်းဖန့်ဖန့်အလင်းရောင်ကြီး လင်းလက်ပြီးတော့ မြေကြီးမှာလူးလှိမ့်နေတာပါပဲဗျာ၊ နောက်တော့ ဂဝံမြေလူးက တာလမ်းကြီးရဲ့အရှေ့ဘက်အခြမ်းကို တလိမ့်လိမ့်နဲ့ဆင်းချသွားပါရော၊
“လာကြဗျို့၊ ဂဝံမြေလူးက လမ်းပြနေပြီ ကျုပ်တို့မြန်မြန်လိုက်ရအောင်”
ဦးကျော်ဗလပြောတာနဲ့ ကျုပ်တို့သုံးယောက် အရုပ်ကလေးအနောက်ကိုပြေးလိုက်လာခဲ့ကြတယ်၊ အရုပ်ကလေးက ယာခင်းတစ်ခုကိုဖြတ်ကျော်သွားပြီးတော့ တောအုပ်ကလေးတစ်ခုထဲကိုဝင်သွားတယ်၊ တောအုပ်ထဲလိုက်ခဲ့ကြရင်း အထဲရောက်မှ တောအုပ်မဟုတ်ဘဲ သင်္ချျိင်းကုန်းအဟောင်းကြီးတစ်ခု ဖြစ်နေတာကို တွေ့လိုက်ကြရသဗျာ။ သင်္ချိုင်းကုန်းအဟောင်းကြီးရဲ့ အလယ်လောက်မှာ လူတစ်ဖက်စာလောက်ရှိတဲ့သစ်ပင်ကြီးတစ်ပင်ရှိတယ်ဗျာ၊ အဲဒီသစ်ပင်ကြီးရဲ့အောက်ခြေမှာ ဂဝံမြေလူးကလေးက ရပ်တန့်သွားတယ်။
ကျုပ်တို့ရောက်တော့ သစ်ပင်အောက်မှာ လူတစ်ယောက်က သွေးအိုင်ထဲ မှောက်ခုံလဲကျနေပါရောလားဗျာ၊ ကျုပ်က ခပ်မြန်မြန်ပြေးသွားလိုက်ပြီး ဒီလူ့ကိုဆွဲလှန်လိုက်ရတယ်၊ ဂဝံမြေလူးရဲ့ အလင်းရောင်စိမ်းဖန့်ဖန့်အောက်မှာ မြင်တွေ့လိုက်ရတာကတော့ ကိုတိုးတက်ပဲဗျ။
“ကိုတိုးတက် ဘယ်လိုဖြစ်ရတာလဲ ကိုတိုးတက်ရာ”
ကိုတိုးတက်ရဲ့လည်ပင်းမှာ ဓါးချက်ကြီးက မနည်းမနောပဲဗျာ၊ လည်ပင်းတောင်ပြတ်လုလုဖြစ်နေပြီဗျ၊ ဆရာဦးအောင်ရှိန်က ကိုတိုးတက်သေနေတာကိုမြင်တော့ တော်တော်ထိတ်လန့်သွားတယ်။
“ဆရာကြီး ကိုတိုးတက်ကို ကယ်ပါအုံးဗျာ”
ဆရာကြီးက ခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းလိုက်တယ်ဗျ။
“သေရှာပြီကွ ရင်မောင်ရ”
ကိုတိုးတက်က ကျုပ်တို့နဲ့သိတာမကြာသေးပေမယ့် ဖော်ဖော်ရွှေရွေရှိပြီး ပေါင်းလို့သင်းလို့ကောင်းတာကြောင့် ကျုပ်တောင်တော်တော် သံယောဇဉ်ဖြစ်နေတယ်ဗျာ၊ ဆရာဦးအောင်ရှိန်က ကိုတိုးတက်နဲ့ဆွေမျိုးမကင်းတော်တယ်ဆိုတော့ ပိုပြီးခံစားရမှာပေါ့ဗျာ၊ ကိုတိုးတက်အဖြစ်ကိုမြင်ပြီး မခင်ကြည်တို့ ညီအမကို ပိုပြီးစိတ်ပူသွားမိတယ်။
“ကိုတိုးတက်တောင် ဒီလိုဖြစ်တယ်ဆိုတော့ အမခင်ကြည်တို့တော့ ကိုယ်ကျိုးတွေနည်းကုန်ပြီထင်ပါရဲ့ ဆရာကြီးရာ”
ဦးကျော်ဗလက ခြေရာတွေကို အေးအေးလူလူနဲ့လိုက်ကြည့်နေတယ်။
“ခြေရာတွေက ဒီနားမှာပျောက်သွားတယ်၊ ဂဝံမြေလူးကလည်း လမ်းဆက်မပြနိုင်တော့ဘူးဆိုတော့ ဒီလူတွေ ဘယ်များပျောက်သွားကြတာလဲ၊ မိုးပေါ်ပျံတက်သွားကြတာများလား”
ဦးကျော်ဗလက မြေပေါ်ကျနေတဲ့ ဂဝံမြေလူးရုပ်ကို ကောက်ကိုင်လိုက်ပြီး ဖုန်တွေမှုတ်သလို တဖူးဖူးနဲ့မှုတ်လိုက်တယ်ဆိုရင်ပဲ အရုပ်မှာလင်းနေတဲ့အရောင်တွေက ပျောက်ကွယ်သွားတယ်ဗျာ၊ ဦးကျော်ဗလက အရုပ်ကလေးကို လွယ်အိတ်ထဲထည့်လိုက်ပြီး ကျုပ်တို့အနားကိုရောက်လာတယ်။
“ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဟင်ဆရာကြီး”
“ဆိုင်ရာပိုင်ရာတွေကို ပင့်ဖိတ်မေးမယ်ကွာ”
ဆရာဦးအောင်ရှိန်ပြောတော့ ဦးကျော်ဗလက လက်ကာပြလိုက်ပြီး
“နေပါစေဆရာကြီး၊ ဒီလောက်ကတော့ ကျုပ်လုပ်ပါ့မယ်”
ဦးကျော်ဗလက ပြောပြောဆိုဆိုနဲ့ လက်ကိုင်ပုဝါကလေးတစ်ခုကိုထုတ်လိုက်တယ်၊ လက်ကိုင်ပုဝါဆိုတာထက် အဝတ်ဖြူစကလေးတစ်စနဲ့တောင်ပိုပြီးတူနေတယ်ဗျာ။ သူလုပ်မယ်ဆိုတော့ ကျုပ်နဲ့ဆရာဦးအောင်ရှိန်လည်း ဘာမှမပြောဘဲ အသာကြည့်နေလိုက်ကြတယ်၊
“ဦးကျော်ဗလ ခင်ဗျားဘယ်လိုလုပ်မလို့လဲ”
“သေသွားတဲ့လူရဲ့ခေါင်းထဲမှာ မသေခင်နောက်ဆုံးအချိန်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို ရုပ်ရှင်ရိုက်ယူထားသလို မှတ်ဉာဏ်ကလေးတွေ ကျန်နေတတ်တယ်ကွ ရင်မောင်ရ၊ ဒီတော့ ငါမွေးထားတဲ့ဖုတ်ကောင်ကို သူ့ကိုယ်ထဲကိုသွင်းမယ်ကွာ၊ ပြီးရင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မေးမယ်၊ မကောင်းဘူးလား”
သူ့နည်းလမ်းက ကောင်းတော့ကောင်းပေမယ့် ကြောက်စရာကြီးဗျာ၊ ကျုပ်ဖြင့် ဒီလိုထူးထူးဆန်းဆန်းတွေ တစ်ခါမှမမြင်ဖူးတော့ အထူးအဆန်းနဲ့ကြည့်နေမိတယ်။
“နေပါအုံး ဦးကျော်ဗလရဲ့၊ ခင်ဗျားသွင်းမယ့်ဖုတ်ကောင်က ဘယ်မှာတုန်း”
ဦးကျော်ဗလက သူ့လက်ထဲက အဝတ်စကလေးကို လှုပ်ယမ်းပြပြီးတော့
“ဒီမှာလေကွ၊ ရင်မောင်ရ”
“ဖုတ်ကောင်က အဝတ်စထဲမှာနေတာလား”
“ဒီအဝတ်စက သာမန်အဝတ်စမဟုတ်ဘူး ရင်မောင်ရ၊ သေခါနီး နောက်ဆုံးအသက်ငင်နေတဲ့လူရဲ့မျက်နှာကိုအုပ်ပြီး သူ့လိပ်ပြာကိုဖမ်းထားတဲ့ သက်တောင်းလိပ်ပြာလက်ကိုင်ပုဝါပဲကွ၊ ဒီလိုလက်ကိုင်ပုဝါကိုရဖို့က တော်တော်ခက်တာနော်ရင်မောင်၊ ငါတောင်မှ ဆေးဆရာအယောင်ဆောင်ပြီးတော့ သေခါနီးလူနာရဲ့လိပ်ပြာကို ချုပ်ထားရတာကွ၊ တစ်ချို့အောက်လမ်းဆရာတွေကျတော့ သက်ပျောက်ဝတ်စုံတို့၊ လူသေကိုယ်မှာလွှားတဲ့ပုဝါတို့နဲ့ ဖုတ်မွေးတတ်ကြတယ်၊ ဒါပေမယ့် အကောင်းဆုံးကတော့ နောက်ဆုံးအသက်ဖုတ်ခနဲထွက်သွားတဲ့အချိန် လက်ကိုင်ပုဝါနဲ့အုပ်ဖမ်းရတာ”
ပြောပြောဆိုဆိုနဲ့ ဦးကျော်ဗလက သေနေတဲ့ ကိုတိုးတက်ရဲ့မျက်နှာပေါ်မှာ လက်ကိုင်ပုဝါကလေးကိုဖြန့်ပြီးအုပ်လိုက်တယ်။ ဒီအချိန် လေမတိုက်ဘဲနဲ့ လက်ကိုင်ပုဝါစက အတော်ကိုလှုပ်ယမ်းလာတာဗျာ၊ ဦးကျော်ဗလက လက်နဲ့အုပ်ကိုင်ထားလို့သာပေါ့ မဟုတ်ရင် လွင့်ထွက်သွားမှာ သေချာတယ်ဗျ၊
“ကဲ ဖေ့သားကြီးရေ၊ ဒီကောင့်ကိုယ်ထဲဝင်စမ်းကွာ”
ဦးကျော်ဗလက အသံခပ်အုပ်အုပ်နဲ့ပြောထည့်လိုက်တယ်၊ မကြာပါဘူးဗျာ၊ သေသွားတဲ့ကိုတိုးတက်အလောင်းက ခြေဖျားလက်ဖျားတွေက တဖတ်ဖတ်နဲ့တုန်ယင်လာပြီးတော့ အလောင်းကြီးကလည်း မြေပေါ်မှာဆောင့်ကြောင့်ကြီးထထိုင်ပါလေရော၊ ထူးဆန်းတာတစ်ခုက မျက်နှာပေါ်အုပ်ထားတဲ့ လက်ကိုင်ပုဝါစက ကျွတ်ကျမသွားဘဲ ကော်နဲ့ကပ်ထားသလို ကပ်နေတာပဲဗျ။
“ကဲ ကြည့်စမ်းကွာ၊ မင်းဘာမြင်ရလဲ၊ ဘာကြားရလဲ၊ မြင်သမျှကြားသမျှ အကုန်သာပြောစမ်း”
ဖုတ်ဝင်နေတဲ့ ကိုတိုးတက်က ဘေးနားကိုဝေ့ကြည့်သလိုလုပ်နေတယ်ဗျ။
“လှည်းတစ်စီးမောင်းလာတယ်၊ အနောက်မှာ မိန်းကလေးနှစ်ယောက်ပါလာတယ်၊ တစ်ယောက်က အသက်ကြီးကြီး တစ်ယောက်က အသက်ငယ်ငယ်”
“ဆက်ပြောကွာ”
“လှည်းသွားနေတုန်း လူတွေထွက်လာကြတယ်၊ စုစုပေါင်းခြောက်ယောက် သေနတ်တွေကိုင်ထားကြတယ်”
“နောက်တော့ဘာဆက်ဖြစ်လဲ”
“လှည်းကိုတားနေတာနဲ့ လမ်းဘေးကိုဆွဲချလိုက်ရတယ်၊ အဲဒီမှာ လှည်းမှောက်သွားတယ်၊ ဒီလူတွေက ကျုပ်နဲ့မိန်းကလေးတွေကို ဒီနေရာကိုခေါ်လာတယ်”
“အဲဒီလူတွေက ဘယ်လိုပုံစံတွေလဲဆိုတာပါ ထည့်ပြောကွာ”
“သိပ်တော့မမြင်ရဘူး၊ မျက်နှာတွေကိုအုပ်ထားကြတယ်၊ ခေါင်းဆောင်လိုလူက မုတ်ဆိတ်မွှေးတွေဗရပွနဲ့ ခပ်ကြမ်းကြမ်းပုံစံပဲ၊ သူ့ကိုယ်သူလည်းပြောသေးတယ် တောပုန်းကြီးစံသီးတဲ့”
ကျုပ်နဲ့ဆရာကြီးမျက်လုံးပြူးသွားကြတယ်၊ ကျုပ်တစ်ခုခုဝင်ပြောမလို့အလုပ်မှာ ဦးကျော်ဗလက လက်ကာပြလိုက်ပြီးတော့
“ပြီးတော့ဘာဆက်ဖြစ်လဲ”
“ကျုပ်ကိုလည်ပင်းလှီးပြီးသတ်ပစ်ခဲ့တယ်၊ မိန်းကလေးတွေကိုတော့ ဖမ်းခေါ်သွားတယ်”
“ဘယ်ကိုခေါ်သွားတာလဲ၊ အရှေ့အရပ်လား၊ အနောက်အရပ်လား”
ဖုတ်ကောင်ကြီးက ခေါင်းခါပြီး
“ကျုပ်မသိဘူး၊ သူတို့က မျက်စိရှေ့တင်ပျောက်သွားကြတာ”
ဦးကျော်ဗလက ဒေါသထွက်ထွက်နဲ့ မြေကြီးကိုလက်နဲ့ပုတ်ထည့်လိုက်ပြီး
“ဟေ့ကောင်၊ မင်းငါ့ကိုမညာနဲ့နော်”
“မညာဝံ့ပါဘူးဆရာကြီးရယ်”
“မဖြစ်နိုင်တာတွေမပြောနဲ့ ဓါးပြတွေက ကိုယ်ပျောက်သွားနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားကွ”
ကျုပ်က ဦးကျော်ဗလလက်ကိုလှမ်းဆွဲလိုက်ရင်း
“ဟုတ်ပါတယ် ဦးကျော်ဗလ၊ တောပုန်းကြီးစံသီးတို့အဖွဲ့ဟာ ကိုယ်ပျောက်နိုင်စွမ်းရှိကြတယ်”
“ဟေ၊ ဓါးပြက ဒီလောက်စွမ်းနေတာလား”
ဦးကျော်ဗလတို့က တောပုန်းကြီးစံသီးတို့အဖွဲ့ကို မကြားဖူးကြဘူးထင်တယ်ဗျ၊ အင်းပေါ့လေ သူတို့နေတဲ့ ကုက္ကားရွာဆိုတာ တောတွေတောင်တွေနဲ့ အတော်ကလေးလှမ်းတာကိုးဗျ၊ ဒီတော့ တောပုန်းကြီးတို့အကြောင်းကို ဘယ်သိပါ့မလဲ၊ ကျုပ်ကပဲ အစအဆုံးကိုရှင်းပြလိုက်ရတာပေါ့ဗျာ။ ဦးကျော်ဗလက ဖုတ်ကောင်ရဲ့နဖူးကို လက်ဝါးနဲ့သုံးချက်ရိုက်ပြီး သူ့ရဲ့လက်ကိုင်ပုဝါကလေးကို ပြန်ဆွဲယူလိုက်တဲ့အချိန်မှာ ဖုတ်ကောင်ကြီးက မြေပေါ်ကိုလဲကျသွားပြီးတော့ အသေကောင်ကြီးပြန်ဖြစ်သွားပါလေရော။
“ဒီဓါးပြတွေက လူသတ်တယ်၊ ပစ္စည်းယူတယ်၊ မိန်းကလေးတွေဆိုရင် ဖျက်ဆီးပြီးပျော်ပါးလို့ရအောင် တောထဲကိုဖမ်းခေါ်သွားတတ်ကြတယ်တဲ့ဗျ”
ဦးကျော်ဗလက အံ့သြသွားပြီးတော့
“ဟင်၊ ဒါဆိုရင် မပြောကောင်းပြောကောင်း၊ ဆရာကြီးရဲ့သမီးတွေကိုများ . . .”
ဦးကျော်ဗလပြောလိုက်တော့ ဆရာကြီးက မြေကြီးမှာထိုင်ချလိုက်တယ်။
“ဒါတွေက ငါ့ကြောင့်ပါ၊ ဒါတွေအားလုံးက ငါ့ကြောင့်ပါကွာ”
“မဟုတ်တာပဲဆရာကြီးရယ်၊ ဆရာကြီး အဲဒီလိုမတွေးပါနဲ့”
ဦးကျော်ဗလက အသေအချာစဉ်းစားပြီးတော့
“ဒါ ဟိုစုန်းမရဲ့လက်ချက်ဖြစ်မယ်၊ ဆရာကြီးကို ပထမတစ်ခါ ဖျားယောင်းသွေးဆောင်ပြီး ခေါ်လို့မရတော့၊ အခု ဓါးပြတွေကိုအသုံးချပြီး ဆရာကြီးရဲ့သမီးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်မယ်ဆရာကြီး၊ ကျုပ်တို့လိုက်လာအောင် ပြန်ပေးဆွဲခေါ်တဲ့သဘောပေါ့ဆရာကြီးရယ်၊ ဒီအတိုင်းဆိုရင်တော့ သူတို့က ဆရာကြီးသမီးတွေကို လက်ဖျားနဲ့တောင်ထိရဲမှာမဟုတ်ဘူး၊ ဆရာကြီးသိပ်ပြီးစိတ်မပူပါနဲ့”
“ဟုတ်လောက်တယ်ဆရာကြီး”
ကျုပ်တို့ဝိုင်းပြောမှ ဆရာဦးအောင်ရှိန်က ခေါင်းညိတ်လိုက်ရင်း
“ကောင်းပြီ၊ ငါက ဒင်းနဲ့ထိပ်တိုက်မတွေ့ဘူးလို့နေတာ၊ ဒင်းက တွေ့ချင်တယ်ဆိုမှတော့ တွေ့ပေးရတာပေါ့ကွာ”
ဆရာဦးအောင်ရှိန်က မတ်တပ်ထရပ်လိုက်ပြီး တောထဲကိုဝင်ဖို့လုပ်တယ်၊ ကျုပ်တို့အနောက်ကလိုက်သွားတော့
“ရင်မောင် မင်းနေခဲ့”
“ဗျာ၊ ကျွန်တော်လည်းလိုက်မယ်လေဆရာကြီး”
“ဒီစုန်းမနဲ့တိုက်တဲ့ တိုက်ပွဲမှာ နိုင်ချင်လည်းနိုင်မယ်၊ ရှုံးချင်လည်းရှုံးသွားနိုင်တယ်၊ ရှုံးရင်တော့ သေရင်သေ မသေရင်ရူးမှာပဲ၊ ငါ့လိုအဘိုးကြီးက သေသွားတာဘာမှမဖြစ်ပေမယ့် မင်းက ငယ်သေးတယ်ရင်မောင်၊ မင်းလူလုပ်ဖို့အများကြီးလိုသေးတယ်၊ ဒါကြောင့် မင်းပြန်ပါတော့”
“ကျွန်တော်ဆရာကြီးနဲ့လိုက်ချင်တယ် ဆရာကြီး၊ ကျွန်တော် သေဆိုရင်လည်း သေရဲပါတယ်ဗျာ”
“ဒီမှာရင်မောင်၊ မင်းအမေက ငါ့ကိုသေသေချာချာအပ်သွားတယ်မဟုတ်လား၊ ငါ့လက်ထဲရောက်မှ မင်းကသေသွားတယ်ဆိုရင် ငါ့ကတိမတည်ပဲနေမှာပေါ့ ရင်မောင်ရ၊ မင်းပြန်လိုက်ပါရင်မောင်၊ ရွာကလူတွေကိုသွားခေါ်ပြီး တိုးတက်ကို မြှုပ်နှံဖို့လုပ်ပါ”
ကျုပ်က ကြောင်စီစီကြီးရပ်နေမိတယ်ဗျာ၊ ဦးကျော်ဗလကလည်း ကျုပ်ပုခုံးကိုပုတ်ရင်း
“ဟုတ်တယ်ရင်မောင်၊ ငါတို့က သေမထူးနေမထူးတွေပဲ၊ မင်းကတော့ ကလေးသာသာပဲရှိပါသေးတယ်၊ မင်းရဲ့ဆရာစကားကို နားထောင်လိုက်ပါ၊ မင်းရွာကိုပြန်ပါတော့ ရင်မောင်”
နှစ်ယောက်စလုံး ဝိုင်းပြောနေပြီဆိုတော့ ကျုပ်လည်းလက်ခံံလိုက်ရတယ်၊ ဆရာဦးအောင်ရှိန်က သူ့လည်ပင်းမှာဆွဲထားတဲ့ ပုတီးအနီရောင်ကလေးကိုဖြုတ်လိုက်ပြီး ကျုပ်လည်ပင်းမှာ စွပ်ပေးတယ်ဗျ၊
“ရင်မောင်ရေ၊ အိမ်မှာ အအားမနေနဲ့၊ ပုတီးစိပ်ကွာ၊ ကိုယ့်ရဲ့စရဏအားကို ကိုယ်လေ့ကျင့်နေရမယ် ဟုတ်ပြီလား”
“ဆရာကြီး၊ ဆရာကြီးတို့ ပြန်လာခဲ့ရမယ်နော်”
“စိတ်ချပါရင်မောင်ရာ၊ ငါတို့မသေရင် ပြန်လာခဲ့ပါ့မယ်”
“တကယ်လို့ ဆရာကြီးတို့သေသွားတယ်ဆိုရင်ရောဗျာ”
ကျုပ်မေးလိုက်တော့ ဆရာဦးအောင်ရှိန်က ဘာမှမဖြေနိုင်ဘူးဗျ၊ ဦးကျော်ဗလက ကျုပ်ကိုခေါင်းခါပြပြီး
“ဒီအချိန်မှာ သေစကားပြောဖို့ စောလွန်းနေပါသေးတယ်ရင်မောင်ရာ၊ စိတ်ချစမ်းပါ မင်းရဲ့ဆရာကြီးကို ငါအသက်နဲ့လဲပြီး ကာကွယ်ပေးပါ့မယ်ကွ”
ပြောရင်းဆိုရင်း သူတို့နှစ်ယောက်က တောအုပ်ထဲကိုဝင်သွားကြတယ်။ ကျုပ်လည်း တစ်ယောက်ထဲခေါင်းငိုက်စိုက်ချပြီးတော့ လှည့်ပြန်လာခဲ့ရတယ်ဗျာ။
(၂)
လှည့်ပြန်လာခဲ့ရင်း တော်တော်သွားမိတဲ့အခါ ကျုပ်တစ်ခုတွေးမိတယ်၊ ကျုပ်က ဆရာကြီးရဲ့တပည့်၊ ဆရာကြီးက ကျုပ်ရဲ့ဆရာပဲ၊ ဆရာနဲ့တပည့်ဆိုတာ ကင်းကွာသွားလို့မသင့်ဘူးမဟုတ်လား၊ ပြီးတော့ မခင်ကြည်တို့ နှင်းကြည်တို့ကို ကယ်ဖို့ကြိုးစားနေတဲ့အချိန်မှာ ကျုပ်တစ်ယောက်တည်း လွတ်ရာလွတ်ကြောင်းမှာ သွားထိုင်စောင့်တာကလည်း မဖြစ်သင့်ဘူးလို့ ကျုပ်ယူဆတယ်။
ယာခင်းထဲရောက်တော့ ကျုပ်ခြေလှန်းတွေက တုန့်ခနဲရပ်သွားမိတယ်။
“ငါထွက်လာတာ မှားများမှားနေပြီလား၊ ငါဆရာကြီးအနောက်ကို ပြန်လိုက်သွားရင်ကောင်းမလား”
“ကောင်းတာပေါ့ကွာ၊ သိပ်ကောင်းတာပေါ့”
ကျုပ်အသံတစ်ခုကြားလိုက်ရတယ်၊ အသံက ကျုပ်အနားနားကပ်ပြောနေတဲ့အသံပဲဗျ၊ ဒါနဲ့ကျုပ်လန့်ဖျပ်ပြီးတော့ ဘေးဘီကိုလှည့်ကြည့်လိုက်တဲ့အခါ ဘယ်သူမှမတွေ့ရဘူးဗျ။
“ငါစိတ်ထင်နေတာလား၊ ဘယ်သူက ငါ့ကိုလာပြောနေပါလိမ့်”
“ဘယ်သူမှမပြောဘူးကွ၊ ငါပြောတာ ငါပြောတာ”
“ဘယ်သူလဲ ကျုပ်ကိုလာမနှောင့်ယှက်နဲ့နော်”
“ငါဒီမှာပါကွ၊ မင်းအောက်ကိုငုံ့ကြည့်လိုက်စမ်း”
အောက်ကိုငုံ့ကြည့်ပေမယ့် ဘာမှမတွေ့ဘူးဗျ၊
“မင်းက တော်တော်ဝေးဝေးကိုလှမ်းကြည့်နေတာကိုးကွ၊ မင်းရဲ့လည်ပင်းနားကိုကြည့်လိုက်စမ်းပါ”
လည်ပင်းနားဆိုတော့ လည်ပင်းမှာဆွဲထားတဲ့ပုတီးပဲရှိတာပဲ၊ ပုတီးကိုသေချာကြည့်လိုက်ပြီး
“နေပါအုံး ကျုပ်ကို ပုတီးက စကားပြောနေတာလား”
“မှန်သွားပြီ၊ မင်းမှန်သွားပြီ”
“ကျုပ်ရူးသွားတာလား ကြောင်သွားတာလား၊ ပုတီးက စကားပြောတယ်ဆိုတော့”
“မင်းဘာမှမဖြစ်ပါဘူးကွာ၊ ငါက ဒီလိုပဲကွ၊ ငါ့ကိုဆွဲထားတဲ့လူနဲ့ စကားပြောနိုင်တယ်”
“ဒါဆိုခင်ဗျားက ပုတီးစောင့်ပေါ့”
“အဲဒီလိုပဲပြောကြပါစို့ကွာ၊ အဲဒါအရေးမကြီးပါဘူး ဆရာကြီးက ဘာဖြစ်လို့ ငါ့ကိုမင်းဆီပေးခဲ့တာလို့မင်းထင်သလဲ”
“ပုတီးဆိုမှတော့ ပုတီးစိပ်ဖို့ပေးခဲ့တာပေါ့ကွာ”
“မဟုတ်ဘူးကွ၊ သက်သက်ခွဲထုတ်ချင်လို့ပေးခဲ့တာ”
“ဘယ်လိုခွဲထုတ်ချင်တာလဲဗျ”
“ဒီလိုကွ၊ ဆရာကြီးတို့ သုံးယောက်အတူတူသွားရင် ဘေးတစ်ခုခုဖြစ်တော့ သုံးယောက်လုံးတစ်ပြိုင်တည်းဖြစ်မယ်မဟုတ်ဘူးလား၊ ဒါကြောင့် မင်းကိုတမင်သက်သက် ငါ့ကိုပေးခဲ့ပြီးတော့ အနောက်ကနေလိုက်လာစေချင်တာပဲကွ၊ အခုပဲကြည့်လေ၊ ဆရာကြီးက မင်းကိုအိမ်ပြန်ခိုငးပေမယ့် မင်းမပြန်နိုင်ဘူးမဟုတ်လား၊ ဒီတော့ဆရာကြီးက သူ့အနောက်ကို မင်းလိုက်လာမယ်ဆိုတာ တွက်ဆပြီးသားကွ”
“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ”
“ဘယ်လိုလုပ်ရမလဲကွာ၊ သူ့အနောက်ကို တို့တွေလိုက်သွားကြရုံပေါ့”
“တောကနက်တယ်ဗျ၊ သူတို့ဘယ်ကိုသွားသလဲဆိုတာ ကျုပ်မှမသိတာ”
“သွားမှာသာ သွားစမ်းပါကွ၊ ငါဆရာကြီးနဲ့သိကျွမ်းလာတာ ဆယ်နှစ်နီးပါးရှိပြီကွ၊ ပုတီးဆိုတာ ကိုယ့်ကိုအမြဲစိပ်တဲ့လူနဲ့ စိတ်ချင်းဆက်သွယ်နေတယ်ကွ၊ ပုတီးစိပ်တော့ ပုတီးကိုကိုင်ပြီး စိတ်နှစ်ထားရတယ်မဟုတ်ဘူးလား၊ ဒီလိုနဲ့နှစ်ပေါင်းများစွာ စိပ်လာတော့ ငါနဲ့ဆရာကြီးနဲ့ စိတ်ချင်းနီးစပ်သွားတယ်ဆိုပါတော့ကွာ”
“ပုတီးက စိတ်ရှိတယ်ဆိုတာ မကြားဖူးပေါင်ဗျာ”
“မကြားဖူးလည်းအသာထားလိုက်ပါ၊ အခု တောထဲသွားရအောင် ငါဆရာကြီးရဲ့တည်နေရာကို စိတ်နဲ့ဆက်သွယ်ပြီး အာရုံခံကြည့်မယ်၊ မင်းက ငါသွားခိုင်းတဲ့အတိုင်းသာသွား ဟုတ်ပြီလား”
ပုတီးရဲ့ဦးဆောင်မှုနဲ့ ကျုပ်လည်းတောထဲကိုပြန်လှည့်လာခဲ့ရတော့တယ်။ ကျုပ်တောထဲရောက်တော့ မိုးတောင်လင်းတော့မယ်ဗျ၊ တောထဲမှာတော့ မှောင်ပိန်းနေဆဲပဲ၊ ပုတီးက ပါးစပ်က တအီအီနဲ့အော်ဟစ်နေရင်း လိုက်ပါလာတယ်။
“ကိုပုတီးရယ်၊ ခင်ဗျားဘာဖြစ်လို့ အဲဒီလို တအီအီနဲ့အော်နေရတာလဲဟင်”
“ငါက အာရုံခံနေတာကွ”
“အာရုံခံတာကလည်း နားငြီးလိုက်တာဗျာ”
“ဒီဘက်မဟုတ်ဘူးကွ၊ သူတို့သွားတာ ဟောဟိုတောင်ပေါ်ဘက်တက်သွားကြတာနေမှာ”
“ဟုတ်ပါ့မလားဗျာ”
“သွားဆိုသွားစမ်းပါကွာ၊ ဆရာကြီးရဲ့ အငွေ့အသက်တွေကို အဲဒီဘက်ကနေ ခံစားမိနေတယ်ကွ”
သူပြောတဲ့အတိုင်း တောင်ပေါ်ဖြတ်တက်လာခဲ့တယ်၊ တောင်ကုန်းကလေးတစ်ခုကိုကျော်လိုက်တော့ အရှေ့အရပ်က တောင်တန်းကြီးအပေါ်မှ နေလုံးကြီးကမေးတင်ပြီး ပြူထွက်လာတယ်ဗျာ၊ ရှုခင်းက လှလိုက်တာပြောမနေပါနဲ့တော့၊
“ဟေ့ကောင်လေး၊ အလှအပတွေ ခံစားဖို့အချိန်မရဘူး၊ မြန်မြန်သွား”
ပုတီးက တွန်းအားပေးတာနဲ့ တောထဲဆက်ဝင်လာခဲ့တယ်။ ဝင်လာရင်းနဲ့တစ်နေရာရောက်တော့ ကွမ်းတံတွေးတစ်ကွက်ကိုမြင်လိုက်ရတယ်၊ ထွေးထားတာသိပ်မကြာသေးတဲ့ပုံပဲ၊ ဆရာကြီးက ကွမ်းမစားတတ်ဘူးဆိုတော့ ကြည့်ရတာ ဦးကျော်ဗလစားတာဖြစ်ရမယ်။ ဒါဆို ကျုပ်တို့လာခဲ့တဲ့လမ်းက မှန်တယ်လို့ပြောလို့ရတယ်။
“ငါပြောတယ်မဟုတ်လားကွ၊ ငါနဲ့ဆရာကြီးက စိတ်ချင်းအဆက်အသွယ်ရှိပါတယ်ဆို၊ ကဲ ဆက်သွားရအောင်ဟေ့”
လျှောက်လာနေရင်းနဲ့ တောကတဖြည်းဖြည်းနက်လာတယ်၊ စမ်းချောင်းကလေးတစ်ချောင်းနားရောက်တော့ ရေဆာလာတာနဲ့ ချောင်းထဲဆင်းပြီး လက်ခုပ်နဲ့ရေခပ်သောက်လိုက်တယ်၊ အိပ်ရေးမဝထားဘူးဆိုတော့ လူကလည်း ငြီးစီစီကြီးဖြစ်နေတယ်။ ခြေလက်ဆေးပြီးတော့ ပြန်အထမှာ
“ဟေ့၊ အသာနေစမ်းကောင်လေး၊ ငါခြေသံတွေကြားရတယ်၊ တစ်ယောက်ယောက်လာနေသလိုပဲ”
“ဆရာကြီးတို့များလား”
“သူတို့က ငါတို့ကိုကျော်သွားပြီမဟုတ်လားကွ၊ ဘယ်လိုလုပ်ပြီး အနောက်မှာပြန်ရောက်နေမှာလဲ၊ တခြားလူပဲဖြစ်မယ် မြန်မြန်ပုန်းစမ်းကွာ”
ပုတီးပြောတာနဲ့ ကျုပ်လည်း ချုံပုတ်တစ်ခုဘေးမှာ ဝပ်နေလိုက်ရတယ်၊ ပုတီးပြောပြီး မကြာပါဘူးဗျာ၊ ချောင်းတစ်ဖက်ကမ်းကနေ လူတစ်ယောက်ထွက်လာတယ်ဗျ၊ ထောင်ထောင်မောင်းမောင်းယောက်ျားသားတစ်ယောက်ဗျ၊ ခါးမှာ ဓါးမြှောင်တစ်လက်ကိုချိတ်ထားပြီး လက်ထဲမှာလည်း ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်လာတယ်ဗျ၊ ဒီလူက စမ်းချောင်းဘေးနားမှာ ရပ်ပြီး ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်နေတယ်ဗျာ၊ သူ့ရုပ်က ခပ်ကြမ်းကြမ်းပဲ၊ ဝတ်ထားတာကလည်း ပေတိပေစုတ်နဲ့ သေနတ်ကလည်းကိုင်ထားသေးတယ်ဆိုတော့ ပုံစံကြည့်တာနဲ့တင် ဓါးပြဆိုတာ သိနိုင်တယ်ဗျ။
“ဒီလူ့ကိုကြည့်ရတာ ဓါးပြတစ်ယောက်နဲ့တူတယ်နော်”
“အေးကွ၊ ဖြစ်နိုင်တယ်”
“မခင်ကြည်တို့ကို ဓါးပြတွေက ဖမ်းထားတာဆိုတော့ ဒီလူ့အနောက်ကို လိုက်သွားရင် ဓါးပြစခန်းကိုရောက်လိမ့်မယ်ထင်တယ်”
“သေချာတာပေါ့ ကောင်လေးရာ၊ မင်းက တွေးတတ်သားပဲကွ”
အဲဒီလူက စစ်သုံးရေဘူးတစ်ဘူးကိုထုတ်ပြီး စမ်းချောင်းထဲမှာရေဖြည့်လိုက်တယ်၊ နောက်တော့ ချုံပင်တွေကြားထဲကို ဝင်သွားတော့တာပါပဲဗျာ၊ သူဝင်သွားပြီး ခဏကြာမှ ကျုပ်လည်းသူ့အနောက်ကိုလိုက်လာခဲ့လိုက်တယ်။ ဒီလူက သေနတ်ကိုပုခုံးပေါ်မှာထမ်းပြီး အေးအေးလူလူသွားနေတယ်ဗျာ၊ ကြည့်ရတာ တောကျွမ်းတဲ့ပုံပဲ၊ ပါးစပ်က လေတချွန်ချွန်နဲ့ ချွန်နေလိုက်သေးတယ်။
ဒီလူက ဝါးရုံကွယ်ကလေးတစ်ခုကို ဖြတ်ခနဲဝင်ချသွားပါရော၊ ကျုပ်လည်းသူ့အနောက်ကနေ လိုက်ခဲ့ရင်း ဝါးရုံကွယ်ကလေးအနောက်ကိုဝင်လိုက်တဲ့အချိန်မှာ ဒီလူက ကျုပ်ကိုသေနတ်နဲ့ထိုးချိန်ထားပါလေရောဗျာ။ ကျုပ်တော့ခံလိုက်ရပြီဗျ။
“ဟေ့ကောင်လေး၊ မင်းဘာဖြစ်လို့ ငါ့အနောက်ကိုလိုက်လာတာလဲ မှန်မှန်ပြောစမ်း”
“မလိုက်ပါဘူးဗျာ၊ ခင်ဗျားထင်လို့ပါ”
“မင်းငါ့အနောက်ကိုလိုက်နေတာ သေချာပါတယ်ကွာ၊ စမ်းချောင်းကနေထွက်လာကတည်းကို စမ်းချောင်းရေကို တဗွမ်းဗွမ်းနဲ့ ဖြတ်လျှောက်လာတဲ့အသံကို ငါကြားပြီးသားပါ၊ မင်းငါ့အနောက်ကိုလိုက်လာတာ အကြောင်းတစ်ခုခုတော့ရှိရမယ်”
ကျုပ်ဘာပြောရမှန်းကိုမသိဘူးဖြစ်နေတယ်ဗျာ၊ တောထဲတောင်ထဲမှာဆိုတော့ သူသာကျုပ်ကို သေနတ်နဲ့ပစ်လိုက်ရင် ကျုပ်လူမသိသူမသိသေမှာဗျ။ စိတ်ထဲမှာလည်း အဲဒါကိုတွေးပြီးကြောက်နေမိတယ်။
“မထင်ရဘူးနော်၊ ဓါးပြတွေက ဒီလိုကလေးမျိုးကို လက်ထောက်ချထားလိမ့်မယ်လို့ မထင်ရဘူး”
“အောင်မာ၊ သူခိုးကလူပြန်ဟစ်တယ်ဆိုတာ ဒါကိုပြောတာနေမှာ၊ ဒီမှာ ကျုပ်က ဓါးပြမဟုတ်ဘူး၊ ခင်ဗျားကသာ သေနတ်ကိုင်ထားတဲ့ တောပုန်းဓါးပြဗျ၊ ခင်ဗျားကိုနောက်ယောင်ခံလိုက်ပြီး ခင်ဗျားတို့ဓါးပြစခန်းဘယ်နားရှိသလဲဆိုတာ သိရအောင်လိုက်လာခဲ့တာဗျာ၊ ဘာဖြစ်လဲ”
ဒီလူက သေနတ်ကိုချလိုက်ပြီး
“မင်းမှားနေပြီကောင်လေး၊ တကယ်တော့ ငါက ဓါးပြတစ်ယောက်မဟုတ်ဘူး”
“သေနတ်ကိုင်ထားပြီး ဓါးပြမဟုတ်ဘူးဆိုတာကို ကျုပ်ကယုံရမှာလားဗျ”
“ငါပြောတာယုံစမ်းပါ၊ ငါက မုဆိုးတစ်ယောက်ပဲ၊ ဒီနားကလူတွေကတော့ ငါ့ကိုမုဆိုးတောပျော်လို့ခေါ်ကြတယ်”
“ခင်ဗျားတကယ်ပြောတာနော်”
“တကယ်ပါကွာ၊ ငါမညာပါဘူး၊ ဒါနဲ့ မင်းကဘာဖြစ်လို့ ဒီတောထဲမှာ တစ်ယောက်တည်းရောက်နေရတာလဲကွ၊ ဓါးပြတွေနဲ့တွေ့မှာ မကြောက်ဘူးလား”
“တွေးစမ်းပါစေဗျာ၊ အဲဒီလိုတွေ့ချင်လို့ကိုလိုက်ရှာနေတာ”
“နေစမ်းပါအုံး၊ မင်းက ဘာဖြစ်လို့ဓါးပြကိုလိုက်ရှာနေရတာလဲ”
“ကျုပ်က မြင်းဇာရွာက ဘုရားပျံဆရာကြီးဦးအောင်ရှိန်ရဲ့တပည့်ဗျ၊ ဆရာကြီးရဲ့ သမီးနှစ်ယောက်ကို မနေ့ညက ဓါးပြတွေက ဖမ်းခေါ်သွားတာမို့လို့ ဆရာကြီးတို့က လိုက်ရှာနေကြတာ၊ ကျုပ်က ဆရာကြီးတို့အနောက်ကို လိုက်လာခဲ့တာ”
“ဒါဖြင့် ငါနဲ့အတူတူပဲပေါ့ကွ”
မုဆိုးတောပျော်က သူ့ရင်ဘတ်ကိုသူပုတ်ပြပြီးတော့
“ငါက စိုင်ဒူးရွာအရှေ့ဘက်ကွင်းထဲမှာ တစ်ယောက်တည်း တဲထိုးပြီးနေတာပေါ့ကွာ၊ မနေ့ကညက သုဿန်ဟောင်းနားမှာ ထောင်ချောက်တွေလိုက်ထောင်ရင်း လူသံသူသံတွေကြားတာနဲ့ အသာချောင်းကြည့်နေခဲ့တာ၊ ဓါးပြတွေက ကောင်မလေးနှစ်ယောက်ကို ဖမ်းလာကြတယ်ကွ၊ သစ်ပင်အောက်မှာ စကားတွေပြောဆို မေးမြန်းပြီးတော့ ယောက်ျားသားတစ်ယောက်ကို လည်ပင်းလှီးပြီးသတ်ဖြတ်လိုက်ကြတယ်ကွ။
“ဗျာ၊ ဒါဆိုခင်ဗျားက ဒီဓါးပြတွေကိုမြင်လိုက်တာပေါ့”
ကိုတောပျော်က ခေါင်းကိုဆတ်ခနဲညိတ်လိုက်ရင်း
“ညက ငါသူတို့အနောက်ကို လိုက်ကြည့်သေးတယ်၊ ဒါပေမယ့် သူတို့က ကိုယ်ဖျောက်ပြီးသွားတာဆိုတော့ ဘယ်ကိုရောက်သွားမှန်းမသိဘူးဖြစ်နေတယ်ကွ၊ ဒါနဲ့ရွာလူကြီးကို လူသတ်ခံရကြောင်းသတင်းပေးပြီး ခုမနက်ပဲ တောထဲတိုးလာခဲ့တာ”
“ဒါဆို ခင်ဗျားနဲ့ကျုပ်တို့အဖွဲ့နဲ့ တေ့လွဲကလေး လွဲခဲ့ကြပုံပဲဗျ၊ ခင်ဗျားက မုဆိုးဖြစ်ပြီးတော့ ဓါးပြတွေဘယ်နားမှာ စခန်းချတယ်ဆိုတာကို မသိဘူးလား”
“ဒီတော ဒီတောင် ဘယ်နားမှာဘာရှိတယ်ဆိုတာ ငါအကုန်သိပြီးသားပါကွ၊ ဒါပေမယ့် ဓါးပြတွေက ကိုယ်ရောင်ပျောက်ပျောက်သွားကြတော့ လိုက်လို့မမိတာ၊ ဒီတောထဲလည်း ငါပတ်တာနှံ့နေပြီ၊ ဓါးပြစခန်းနဲ့တူတာ တစ်ခုမှမတွေ့ဘူးကွ၊ ငါ့အထင်တော့ ဒီကောင်တွေ မြေကြီးထဲတွင်းတူးပြီးတော့ ပုန်းနေကြသလားပဲ”
“ခင်ဗျားပြောတာနဲ့ ကျုပ်တောင်စိတ်ဓါတ်ကျသွားပြီဗျာ”
“ဘာမှစိတ်ဓါတ်မကျပါနဲ့ကွ၊ ငါတစ်ယောက်လုံးရှိပါသေးတယ်”
ပုတီးက ထပြောတယ်၊ ကိုတောပျော်က ပုတီးစကားပြောတာကို မကြားရတဲ့ပုံပဲ။
“ဒါပေမယ့် ကျုပ်စိတ်ဓါတ်မကျပါဘူးဗျာ၊ ဆရာကြီးတို့ရှိနေတဲ့နေရာကို ကျုပ်သိပါတယ်”
“မင်းက ဘယ်လိုသိတာလဲကွ”
“ခင်ဗျားကိုပြောရင် ယုံမှာမဟုတ်ဘူးဗျာ၊ ဆရာကြီးနဲ့ကျုပ်နဲ့ကြားထဲမှာ စိတ်ချင်းအဆက်အသွယ်ရှိတယ်၊ ဆရာကြီးဘယ်နေရာမှာ ရှိတယ်ဆိုတာကို ကျုပ်အာရုံခံလို့ရပါတယ်”
ကိုတောပျော်က စိတ်အားတက်ကြွသွားတဲ့ပုံပဲဗျ။
“ဒါနဲ့ ကျုပ်ကတော့ ဆရာကြီးသမီးတွေ ပြန်ပေးဆွဲခံရလို့ ဓါးပြတွေအနောက်ကို လိုက်လာတာပဲ၊ ခင်ဗျားကျတော့ ဓါးပြတွေအနောက်ကို ဘာဖြစ်လို့လိုက်နေရတာလဲ”
“ဒီဓါးပြတွေ ဆိုးနေတာကြာပြီကွ ကောင်လေးရ၊ ဒီကောင်တွေ လူသတ်တဲ့သတင်း၊ ပစ္စည်းလုတဲ့သတင်းကြားတိုင်း ငါ့စိတ်ထဲဒေါသထွက်ရတယ်ကွ၊ ဒီကောင်တွေကို ငါလိုက်ရှာနေတာကြာပြီ၊ ဒီကောင်တွေကိုများတွေ့လို့ကတော့ တစ်ခါတည်း သေနတ်နဲ့ပစ်သတ်ထည့်လိုက်မှာကွ”
“သေနတ်နဲ့က နောက်မှပစ်စမ်းပါ၊ ခင်ဗျား ကျုပ်အနောက်လိုက်မှာလား”
ကိုတောပျော်က ခေါင်းညိတ်တယ်၊ ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက် တောထဲဆက်တိုးလာခဲ့တယ်။ တောင်ကုန်းတွေရဲ့အလယ်မှာ မြက်ရိုင်းတွေပေါက်နေတဲ့ ကွင်းပြင်ကလေးတစ်ခုရှိတယ်၊ ကိုတောပျော်က
“အဲဒီမှာ ဘာမှမရှိပါဘူးကွာ၊ ဒီအတိုင်းကြည့်ရင်လဲမြင်ရပါတယ်ကွ”
ကိုတောပျော် ပြောတာလည်း ဟုတ်တယ်ဗျ၊ လူကြီးဒူးခေါင်းလောက်ရှိမယ့် မြက်ရိုင်းပင်တွေက ကွင်းထဲမှာပေါက်နေကြတယ်၊ ကွင်းထဲမှာ ဘာသစ်ပင်မှ ကြီးကြီးမားမားမရှိဘဲ မြက်ရိုင်းတွေချည်းရှိတယ်ဗျာ၊ လူတစ်ယောက်မပြောနဲ့ ခွေးတစ်ကောင်ဖြတ်ပြေးမယ်ဆိုရင်တောင်မှ ထင်းထင်းကြီးမြင်နေရမယ့်နေရာမျိုးဗျ။
“ကိုပုတီး ဟုတ်ရဲ့လား၊ ဒီမှာ ဘယ်သူမှမရှိဘူးနော်”
“ဟုတ်ပါတယ်ဆိုမှကွာ၊ ငါ့စိတ်ကတော့ ဒီနေရာကိုပဲ ညွန်ပြနေတာပဲကွ”
ကျုပ်လည်း ကွင်းထဲကိုဆင်းလာခဲ့လိုက်တယ်၊ ကိုတောပျော်က အနောက်ကနေလိုက်လာတယ်၊ သူနဲ့ကျုပ်နဲ့လှမ်းတာတော့ တော်တော်လှမ်းတယ်၊ ကွင်းစပ်နားရောက်တော့ ကျုပ်ဗိုက်က ဖောက်လာတယ်ဗျာ၊ အရေးထဲ အိမ်သာတက်ချင်လာတယ်၊ တောထဲမှာ ဘယ်သူမှလည်းမရှိဘူးဆိုတော့ ကျုပ်က မြက်ရိုင်းပင်တွေကြားထဲမှာ ထိုင်ချလိုက်ရတယ်။
ကိစ္စရှင်းနေတုန်း မြက်ရိုင်းပင်တွေက တရှဲရှဲနဲ့လှုပ်နေတယ်၊ လေတိုက်လို့လှုပ်တာမျိုးမဟုတ်ဘဲ တစ်ကောင်ကောင်လာနေသလိုမျိုးလှုပ်နေတာပဲဗျာ၊ ကျုပ်အဲဒီနေရာကို သေသေချာချာစိုက်ကြည့်လိုက်တော့ မြက်ရိုင်းပင်တွေကို တစ်ခုခုက နင်းလိုက်သလိုမျိုး အိအိကျသွားပြီးတော့ ကျုပ်အနားကိုတဖြည်းဖြည်းကပ်လာတယ်၊ ကျုပ်ဖက်ရွက်တစ်ရွက်နဲ့ အမြန်ကုန်းလိုက်ပြီး ထမယ်လုပ်တော့ ကျုပ်ရဲ့ဂုတ်ပိုးကို လူတစ်ယောက်က စွက်ခနဲဖမ်းဆွဲလိုက်တာကိုခံလိုက်ရတယ်ဗျာ။
ကျုပ်လှည့်ကြည့်လိုက်တော့ ဓါးပြတစ်ယောက်ဖြစ်နေတယ်၊ ဒီအချိန် ကျုပ်ဘေးနားမှာ ဓါးပြနောက်တစ်ယောက်ပေါ်လာတယ်ဗျာ၊ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ကိုတောပျော်ကို သေနတ်နဲ့ထိုးချိန်ထည့်လိုက်တယ်၊ ကျုပ်လည်း အသံပြဲကြီးနဲ့ ထအော်ရတာပေါ့။
“ကိုတောပျော်၊ ဒီမှာ ဓါးပြဗျို့၊ ဓါးပြ”
ကိုတောပျော်က ချက်ချင်းပဲ ဘေးနားက သစ်ပင်တန်းထဲကို ဒိုင်ဗင်ထိုးပြီးခုန်ဝင်သွားလိုက်တယ်၊ ဓါးပြတစ်ယောက်က အဲဒီသစ်ပင်ကို သေနတ်နဲ့လှမ်းပစ်တယ်ဗျာ။ ကိုတောပျော်လည်း သေနတ်နဲ့ပြန်ပစ်တယ်၊ သေနတ်သံံတွေဆိုရင် ဆူညံသွားတာပဲဗျာ၊ ကျုပ်ကိုဖမ်းထားတဲ့ဓါးပြက ကျုပ်ရဲ့ဇက်ပိုးကို သေနတ်ဒင်နဲ့ အုပ်ထည့်လိုက်တာ ကျုပ်တစ်ကိုယ်လုံး တောင့်တင်းပြီးတော့ လူကလည်း မေ့လဲကျသွားရတယ်၊ နားထဲမှာတော့ သေနတ်သံတွေကိုကြားနေရတုန်းပဲ၊ ကိုတောပျော် ပြန်ပစ်တဲ့အသံကို မကြားရတော့ဘူးဆိုတော့ ကိုတောပျော်တစ်ယောက် ပြန်ဆုတ်ပြေးသွားတယ် ထင်တာပါပဲ။
ဓါးပြတစ်ယောက်က ကျုပ်ကိုထမ်းခေါ်သွားတယ်။ သူတို့အချင်းချင်းလည်း စကားတွေပြောနေပြန်တယ်ဗျာ၊ ဘာတွေပြောနေသလဲဆိုတာတော့ ကျုပ်လည်းသေသေချာချာမကြားရဘူးဗျ၊ ကျုပ်က မေ့မြောနေသလိုဖြစ်နေတယ်ဆိုပေမယ့် မျက်လုံးထဲမှာတော့ သူတို့လှုပ်ရှားသွားလာနေတာကိုမြင်နေရသေးတယ်၊ ဓါးပြတွေက ခုနက မြက်ရိုင်းကွင်းကြီးထဲကိုဆက်သွားကြတယ်၊ တစ်နေရာရောက်တော့ လေထဲကိုလက်နဲ့ပုတ်လိုက်တာ တဒုတ်ဒုတ်အသံထွက်လာသဗျာ၊ သစ်လုံးနဲ့လုပ်ထားတဲ့ခြံတံခါးလို တံခါးတစ်ခုက ပွင့်ထွက်သွားပြီးတော့ ဒီလူတွေက ကျုပ်ကိုအထဲကိုခေါ်သွားကြတယ်၊
တော်တော်ထူးဆန်းတယ်ဗျာ။ မြက်ရိုင်းကွင်းကြီးရဲ့အလယ်မှာ ရွာကြီးတစ်ခုလိုဖြစ်နေသဗျ၊ တဲအိမ်ကြီးတွေ၊ တန်းလျားကြီးတွေ လေးငါးလုံးရှိတယ်၊ အလယ်က မြေကွက်လပ်ကြီးမှာ အကျဉ်းထောင်ပုံစံ သစ်လုံးတွေနဲ့ လုပ်ထားတယ်၊ ကျုပ်က ဟိုဟိုဒီဒီကိုကြည့်နေတုန်းမှာပဲ ဓါးပြက အဲဒီအကျဉ်းခန်းကိုဖွင့်လိုက်ပြီးတော့ ကျုပ်ကိုပစ်ထည့်လိုက်တယ်ဗျာ။
အကျဉ်းခန်းက မြေစိုက်ဆောက်ထားတာဗျ၊ လူကြီးလက်ဖျံလောက်ရှိတဲ့ သစ်လုံးဝါးလုံးတွေကို စက်ဝိုင်းပုံသဏ္ဍာန် စီပြီးတော့ ဆောက်ထားတာမျိုးဗျ၊ အပေါ်ဘက်မှာလည်း သစ်ချောင်းတွေနဲ့ အမိုးပုံစံလုပ်ထားသေးတယ်၊ ကျုပ်အထဲရောက်သွားတော့ ကျုပ်အရှေ့မှာ လူကြီးနှစ်ယောက် ထိုင်နေတာကိုတွေ့လိုက်ရတယ်၊ ကျုပ်အမြင်အာရုံတွေေ၀ဝါးနေပေမယ့် ထိုင်နေတဲ့လူကြီးနှစ်ယောက်ကိုတော့ ကောင်းကောင်းသိပါတယ်၊ သူတို့က ဦးအောင်ရှိန်နဲ့ ဦးကျော်ဗလတို့ပေါ့ဗျာ။
ဦးကျော်ဗလက ကျုပ်ကိုဆွဲထူလိုက်ရင်း
“ရင်မောင်ရာ၊ မင်းဘယ်လိုဖြစ်လို့ လိုက်လာခဲ့တာလဲကွ”
“ဆရာကြီးတို့ကို သတိရလို့ပေါ့ဗျာ”
“တို့ဒီမှာရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ”
“ဆရာကြီးပေးလိုက်တဲ့ ပုတီးက ကျုပ်ကိုလမ်းပြခဲ့တာပေါ့”
ကျုပ်ပြောတော့ ဆရာဦးအောင်ရှိန်က အတော်ထူးဆန်းသွားတဲ့ပုံပဲဗျ။
“ရင်မောင်၊ မင်းဘာတွေလျှောက်ပြောနေတာလဲ၊ ပုတီးက မင်းကိုဘယ်လိုလမ်းပြတာလဲကွ”
“ဒီပုတီးက ဆရာကြီးစိပ်နေကျပုတီးမဟုတ်လား၊ ဒီပုတီးထဲက အစောင့်က ဆရာကြီးနဲ့စိတ်ချင်းဆက်သွယ်မှုရှိတယ်တဲ့ဗျ”
“ပုတီးကတော့ ငါစိပ်နေကျပါရင်မောင်ရာ၊ ဒါပေမယ့် ဘာအစောင့်မှမရှိပါဘူးကွ”
“မဟုတ်တာပဲဆရာကြီးရယ်၊ အစောင့်က ဆရာကြီးရောက်နေတဲ့နေရာကို သေသေချာချာကိုလမ်းညွန်ပြတာဗျ”
ဆရာဦးအောင်ရှိန်က ကျုပ်လည်ပင်းက ပုတီးကိုစိုက်ကြည့်နေတယ်၊ ဒီအချိန်မှာပဲ မောင်ပုတီးက ထရယ်ပါရောဗျာ၊ တကယ်တော့ ပုတီးက ရယ်တာမဟုတ်ဘဲ ရယ်သံက ကျုပ်ရဲ့ရင်ဘတ်ကနေထွက်နေတာဗျ။
“အရူးတွေ၊ မင်းတို့အားလုံး အရူးတွေပဲ ဟား ဟား”
“ဟင်၊ ဒါဆို ခင်ဗျားလုပ်တာပေါ့လေ”
“ဟုတ်တာပေါ့၊ နင့်ဆရာကိုမိမှတော့ နင့်ကိုလွတ်ထားလို့ရမလား၊ နင်ကလည်း နင့်ဆရာကြီးရဲ့ အားနည်းချက်တစ်ခုပဲလေ ကောင်လေးရဲ့”
ဟောဗျာ၊ စုန်းမက ကျုပ်ရင်ဘတ်က ဒဏ်ရာကနေတဆင့် ကျုပ်ကိုစေခိုင်းပြီး ဒီကိုခေါ်လာခဲ့တာပဲဗျ။ မှားပြီး ကျုပ်မှားပြီ။
“ရင်မောင်ရာ မင်းကိုပြန်ပါလို့ အတန်တန်ငါမှာထားရက်နဲ့”
“ပြောပါတော့ ဆရာကြီးရာ၊ ဆရာကြီးကျုပ်ကို ကြိုက်သလိုသာပြောပါတော့”
ဒီအချိန် တောပုန်းကြီးစံသီးက တဲတစ်ခုထဲကနေထွက်ချလာတယ်ဗျာ၊ ကျုပ်တို့အနားမှာ လာရပ်ပြီးတော့ တဟင်းဟင်းနဲ့ရယ်တယ်၊
“ကျုပ်ရဲ့ အနီရောင်သိုက်နန်းကနေကြိုဆိုပါတယ်ဗျာ ဟဲ ဟဲ”
ဦးအောင်ရှိန်က တောပုန်းကြီးကိုကြည့်လိုက်ပြီး
“ဗိုလ်ကျော်ခေါင်၊ ကျုပ်သမီးနှစ်ယောက်ဘယ်မှာလဲ”
“စိတ်ချလုံခြုံတဲ့ နေရာတစ်ခုကို ပို့လိုက်ပါပြီ ရဲဘော်မျောက်ခေါင်းရ”
“ခင်ဗျားကျုပ်သမီးကို လက်ဖျားနဲ့တောင်ထိရဲရင်ထိကြည့်စမ်းပါ၊ ခင်ဗျားကျုပ်အကြောင်းသိသွားမယ်”
“အောင်မယ်လေး၊ ကျုပ်က လက်ဖျားနဲ့ထိချင်တယ်ဆိုရင်တောင် မထိရပါဘူးဗျာ၊ သူတို့နှစ်ယောက်ကို အမေကြီးက လိုချင်တယ်ဆိုလို့ ညတွင်းချင်းပဲ ပို့ပေးလိုက်ရပြီဗျ”
“အမေကြီးဆိုတော့ ခင်ဗျားက အဲဒီစုန်းမရဲ့တပည့်ပေါ့၊ ဟုတ်လား ဗိုလ်ကျော်ခေါင်”
“သိပ်ဟုတ်တာပေါ့ဗျာ၊ ကျုပ်တို့တွေ ရှိန်းဆာယာဖိုမောက်ပြီး ကိုယ်ပျောက်အောင်လည်း အမေကြီးက စီရင်ပေးထားတာဗျ”
“ဒါ့ကြောင့် ခင်ဗျားတို့ကို ရဲတွေဖမ်းမမိတာကိုး”
“ဟုတ်ပါတယ်တဲ့ဗျာ၊ ဟောဒီစခန်းကြီးကိုလည်း ဘယ်သူမှ မမြင်နိုင်အောင်လို့ အမေကြီးကပဲ စီရင်ပေးထားတာ”
ဒါကြောင့်နေမယ်ဗျ၊ တောကျွမ်းပါတယ်ဆိုတဲ့ ကိုတောပျော်လိုလူတောင် ရှာလို့မတွေ့ဘူးဆိုတာဒါကြောင့်ကိုးဗျ၊ မြက်ရိုင်းကွင်းထဲမှာ ဘာမှမရှိဘူးဆိုပြီး အမြင်နဲ့တင်ဆုံးဖြတ်နေကြတော့ မှားကုန်တာပေါ့ဗျာ။
“ဗိုလ်ကျော်ခေါင် ခင်ဗျားတို့လိုချင်တာ စနစ်ကောင်းတစ်ခုဆိုဗျ၊ အခုလို လူသတ်၊ ဓါးပြတိုက်နေတာ စနစ်ကောင်းဟုတ်ရဲ့လား”
“သိပ်ဟုတ်တာပေါ့ မျောက်ခေါင်းရာ၊ ငါတို့အခုလို ဓါးပြတိုက်တယ်၊ ငွေရှာတယ်ဆိုတာ ငါတို့သုံးဖို့မှမဟုတ်တာကွ၊ ငါတို့အဖွဲ့အစည်းအတွက် ရန်ပုံငွေရှာပေးနေတာပဲ၊ ဒီရန်ပုံငွေတွေကိုအသုံးချပြီး ငါတို့လက်နက်တွေ ခဲယမ်းတွေဝယ်ကြမယ်၊ ပြီးတော့ ငါတို့ယုံကြည်တဲ့ စနစ်ကောင်းတစ်ခုကိုဖော်ဆောင်မယ်၊ လူတိုင်းဟာ သာတူညီမျှ အကျိုးခံစားရလိမ့်မယ်ကွ”
“မှားတယ်၊ ခင်ဗျားသိပ်မှားတယ် ဗိုလ်ကျော်ခေါင်၊ သာတူညီမျှဆိုတာ အခွင့်အရေးပဲဖြစ်သင့်တယ်၊ အကျိုးအမြတ်ဆိုတာမဖြစ်သင့်ဘူးဗျ၊ ကျုပ်ပြောပြမယ်၊ လူဆယ်ယောက်ကို တစ်လကို တစ်ကျပ်ပေးမယ်ဆိုပါစို့၊ ကြိုးစားတဲ့လူလည်းတစ်ကျပ်ပဲ၊ အလုပ်မကြိုးစားပဲ ချောင်မှာအိပ်ငိုက်နေတဲ့လူကိုလည်း တစ်ကျပ်ပဲပေးမယ်ဆိုရင် ခင်ဗျားတို့စနစ်ကြီးက မျှတပါတော့မလားဗျ၊ ကြိုးစားတဲ့လူက ငါကြိုးစားနေလည်း အလကားပါ၊ အိပ်နေရင်တောင် တစ်ကျပ်ရတာပဲလို့မြင်ပြီး သူပါအလုပ်မလုပ်တော့ဘူးဆိုရင် ဒီစနစ်ကြီးက ပျက်စီးသွားမှာပေါ့ ဗိုလ်ကျော်ခေါင်ရဲ့”
“အို . . .ဒါတွေကို ငါမတွေးဘူးမျောက်ခေါင်း အခုရှုပ်မှ၊ နောင်ရှင်းပဲ၊ အခုတော့ အမေကြီးက ငါတို့ကိုကာကွယ်ပေးထားတယ်၊ ဒါကြောင့် အမေကြီးလိုချင်တာကို ငါတို့လုပ်ပေးတယ်၊ ဒီလောက်ပဲကွ”
တောပုန်းကြီးက ဒေါသထွက်ထွက်နဲ့ ထွက်သွားတော့တယ်။
“ကျွန်တော်တို့ တစ်ခုခုလုပ်မှရမယ်ဆရာကြီးတို့၊ ကိုတောပျော်လွတ်သွားတယ်ဆိုရင် သူက လူသူတွေစုဆောင်းပြီးတော့ ဒီကိုပြန်လာမှာကြိမ်းသေတယ်၊ သူပြန်လာတဲ့အချိန် စုန်းမလုပ်ထားတဲ့အစီအရင်ကို ဖျက်ဆီးနိုင်တယ်ဆိုရင် ကျုပ်တို့ဒီကနေလွတ်နိုင်တယ်၊ ဓါးပြတွေကိုလည်း ဖမ်းမိမှာ အသေအချာပဲ”
ဦးကျော်ဗလက တွေးနေရင်းနဲ့
“စုန်းမက ဘယ်လိုစီရင်ထားတာလဲဆိုတာ သိဖို့အရေးကြီးတယ် ရင်မောင်ရ”
ဆရာဦးအောင်ရှိန်က တစ်နေရာကိုလက်ညှိုးထိုးပြတယ်။
“မင်းတို့ ဟောဟိုကိုကြည့်ုလိုက်ကြစမ်းကွာ”
ဆရာကြီးပြတဲ့နေရာကိုကြည့်လိုက်တော့ ငှက်ပျောပင်ကလေးတစ်ပင်ကိုတွေ့တယ်၊ ငှက်ပျောပင်က လူကြီးရင်ညွန့်လောက်ပဲရှိမယ့်ငှက်ပျောပင်ကလေးဗျ။ အပင်ပတ်ပတ်လည်မှာ သဲဖြူတွေခင်းထားပြီး ဝါးနဲ့ရာဇမတ်ရက်လို့ ကာထားသေးတယ်။
“မင်းတို့တွေးကြည့်စမ်း၊ ဒီဓါးပြတွေက ငှက်ပျောပင်တစ်ပင်ကို ရိုရိုသေသေလေးလေးစားစား စိုက်ထားမယ်လို့ထင်သလား”
“ဒါဆိုရင် ဆရာကြီးဆိုလိုချင်တာက”
“ဟုတ်တယ်၊ ငါ့အထင်တော့ ဒီငှက်ပျောပင်က အစီအရင်တစ်ခုဖြစ်ရမယ်၊ စုန်းမက ဒီငှက်ပျောပင်ရှိတဲ့နေရာတစ်ဝိုက်ကို အပြင်ကလူတွေ မမြင်နိုင်အောင်၊ မကြားနိုင်၊ မသိနိုင်အောင် စည်းချပြီး ကာကွယ်ထားပုံရတယ်”
“ဒါဆိုရင် ဒီငှက်ပျောပင်ကို ဖျက်ဆီးရမှာပေါ့နော်ဆရာကြီး”
“သေချာတာပေါ့ ရင်မောင်ရာ”
ကျုပ်တို့ပြောနေတုန်းမှာပဲ စခန်းထဲက ဓါးပြတွေက လှုှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်၊ သေနတ်တွေကိုင်ပြီးတော့ ဟိုဟိုဒီဒီပြေးလွားနေလေရဲ့ဗျာ။ ဓါးပြတစ်ယောက်က စက်သေနတ်ကလေးကိုင်ပြီးတော့
“လာစမ်းပါ၊ ဒီရဲတွေအကုန်လုံးကို တစ်ခါတည်း သချိုင်းကုန်းပို့ပေးမယ်”
တောပုန်းကြီးက ဓါးပြတွေကိုတားလိုက်ရင်း
“နေအုံးကွ၊ စိတ်လိုက်မာန်ပါမလုပ်နဲ့၊ သူတို့တွေအင်အားကများတယ်ကွ၊ ပြီးတော့ သူတို့ကငါတို့တွေကို မြင်ရတာမဟုတ်ဘူး၊ သိပ်ပြီးမစိုးရိမ်ကြနဲ့”
ကျုပ်ဖြင့်စိတ်ထဲပျော်သွားမိတယ်။
“ဟာ ဆရာကြီး ရဲတွေရောက်လာပြီဆိုတော့ ကိုတောပျော်က ရဲတွေသွားခေါ်လာခဲ့တာဖြစ်မယ်ဗျ၊ ဒီအချိန် အစီအရင်ကို ဖျက်နိုင်ခဲ့ရင် ဓါးပြတွေတော့ အကုန် ကားတော့မှာပဲဗျာ”
“အေးကွ၊ ခက်တာက ငါတို့ပစ္စည်းတွေအကုန်လုံးကို ဓါးပြတွေက သိမ်းထားလိုက်တော့ ငါတို့ဘာမှလုပ်လို့မရတော့ဘူး”
ဟုတ်လည်းဟုတ်တယ်၊ ဆရာဦးအောင်ရှိန်ရော ဦးကျော်ဗလရော အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထိုင်နေကြတာဗျ၊ ဆရာကြီးဆိုရင်လည်း လည်ပင်းမှာဆွဲထားတဲ့ ပုတီးတွေပါ အကုန်ချွတ်ယူထားတာ။ ပုတီးဆိုမှသတိရတယ်၊ ကျုပ်ကိုဖမ်းလာတုန်းက ဟိုလူတွေက ကျုပ်လည်ပင်းက ပုတီးကိုချွတ်မယူထားလိုက်ဘူးဗျ။
“ဆရာကြီး ဟောဒီမှာပုတီးတစ်ကုံးရှိသေးတယ်”
“အေးကွ၊ ပေးစမ်းမင်းရဲ့ပုတီး”
ဆရာဦးအောင်ရှိန်က ပုတီးကိုမန်းမှုတ်ပြီးတော့ ဝါးလုံးတိုင်တွေကြားထဲကနေ ပုတီးကိုလှမ်းပစ်ထည့်လိုက်တယ်၊ ပုတီးက သူ့အလိုလိုပျံသန်းသွားပြီး ငှက်ပျောပင်ကလေးကို ခါးလည်က ပိုင်းဖြတ်ပြီးတော့ ထိမှန်သွားတယ်ဗျာ၊ ငှက်ပျောပင်ကလေးက ခါးလည်ကနေပြတ်ပြီး လဲကျသွားတယ်ဗျာ၊ ဒီအချိန်မှာပဲ အသံတွေကြားလိုက်ရတယ်။
“တွေ့ပြီဟေ့၊၊ ဟိုးမှာ ဓါးပြတွေဟ”
စက်သေနတ်ကလေးကိုင်ထားတဲ့ ဓါးပြက အရှေ့ကိုပြေးတက်သွားပြီးတော့ ကျည်ဆန်ကိုအတွဲလိုက်ဖြုတ်ပြီးပစ်တယ်ဗျာ၊ ဟိုဘက်က ရဲတွေကလည်း ပြန်ပစ်ကြတယ်၊ တိုက်ပွဲက အတော့်ကိုပြင်းထန်တယ်ဗျာ၊ ကျုပ်တို့သုံးယောက်လည်း ဓါးပြတွေလစ်တာနဲ့ သစ်လုံးတွေနဲ့လုပ်ထားတဲ့ အချုပ်ခန်းတံခါးကို ပြေးပြေးပြီးကန်လိုက်ကြတယ်၊ သုံးယောက်သား ပြိုင်တူပြေးပြီး တံခါးကိုပုခုံးနဲ့တိုက်ထည့်လိုက်တဲ့အခါ တံခါးက ဝုန်းခနဲပွင့်ထွက်သွားတော့တယ်။
ဦးအောင်ရှိန်နဲ့ ဦးကျော်ဗလက တဲတစ်ခုထဲကိုပြေးဝင်သွားပြီးတော့ ဓါးပြတွေသိမ်းထားတဲ့ သူတို့ပစ္စည်းတွေကို ပြေးယူကြတယ်၊ တောပုန်းကြီးက သူ့လူတွေဘက်ကိုကြည့်လိုက်ပြီး
“ပြန်မတိုက်နဲ့တော့၊ ငါတို့ဆုတ်ကြမယ်၊ ကိုယ်ရောင်ဖျောက်လိုက်ကြတော့”
ဓါးပြတွေက ဦးထုပ်ကလေးတွေကိုယ်စီဆောင်းလိုက်ကြတယ်၊ အဲဒီဦးထုပ်ကို လက်နဲ့သုံးချက်ပုတ်ရင် ဒီလူတွေ ကိုယ်ပျောက်ပြီပေါ့ဗျာ။ ကျုပ်စိုးရိမ်နေတုန်းမှာပဲ ဆရာဦးအောင်ရှိန်က တဲထဲကထွက်လာပြီးတော့ လက်ကိုလေပေါ်မြှောက်လိုက်တယ်၊ ပြီးတော့ ဟိတ်ခနဲအသံအကျယ်ကြီးနဲ့ အော်လိုက်တဲ့အချိန်မှာ ဓါးပြတွေခေါင်းမှာဆောင်းထားတဲ့ဦးထုပ်တွေက လူတစ်ယောက် လက်နဲ့ကိုင်ပြီး စွဲလွှင့်ပစ်လိုက်သလို လွင့်ထွက်သွားကုန်ပြီး ဆရာဦးအောင်ရှိန်ရဲ့ခြေရင်းကို ကျလာကြတယ်ဗျာ။
တောပုန်းကြီးက
“မျောက်ခေါင်း၊ မင်းဒါဘာလုပ်တာလဲ”
“ပထမတစ်ခါတုန်းက ခင်ဗျားတို့ကို ကျုပ်လွှတ်ပေးလိုက်ပြီးပြီ ဗိုလ်ကျော်ခေါင်၊ အခုတော့ ခင်ဗျားတို့ကို အလွတ်မပေးတော့ဘူး”
ဓါးပြတွေ အံ့သြနေတဲ့အချိန်မှာပဲ ရဲတွေက သေနတ်တွေနဲ့ဝိုင်းပစ်ကြလို့ သေလိုက်ကြတာ အတုံးအရုံးပါပဲဗျာ၊ တောပုန်းကြီးက အချုပ်ခန်းအနားမှာကျန်နေတဲ့ ကျုပ်ဆီကိုပြေးလာပြီးတော့ ကျုပ်ကိုသူ့လက်နဲ့ဖမ်းချုပ်ပြီး အကာအကွယ်ယူလိုက်တယ်။
“အားလုံးရပ်လိုက်ကြနော်၊ မဟုတ်ရင် သူ့ကိုငါသတ်လိုက်မယ်”
ကျုပ်ကိုဖမ်းထားတာကြောင့် ရဲတွေက ပစ်ခတ်နေတာကိုရပ်တန့်လိုက်တယ်၊ ရဲတွေက ဘယ်လိုမှပစ်လို့မသာတော့ဘူးလေဗျာ၊ တောပုန်းကြီးက သူ့ရဲ့သေကွင်းသေကွက်နေရာတွေကို ကျုပ်ကိုယ်နဲ့ အကာအကွယ်ယူထားတာကိုး။ ရဲအရာရှိတစ်ယောက်က လှမ်းအော်တယ်ဗျ။
“တောပုန်းကြီးစံသီး၊ ခင်ဗျားအခုလက်နက်ချပြီး အဖမ်းခံလိုက်ပါ၊ ခင်ဗျားကို ကျုပ်တို့မပစ်ဘူးလို့ အာမခံတယ်၊ ခင်ဗျားတရားဥပဒေအတိုင်း ရင်ဆိုင်ရမယ်”
တောပုန်းကြီးက လက်နက်ချဖို့တော့ စိတ်ကူးမရှိဘူးဗျ၊ သူကြံရွယ်ထားတာက ကျုပ်ကိုဓါးစာခံလုပ်ပြီး တောထဲကိုပြေးမယ်ပေါ့ဗျာ။ ရဲတွေကြားထဲကို ကြည့်နေပေမယ့် ကိုတောပျော်ကိုမတွေ့ဘူးဖြစ်နေတယ်၊ သိပ်မကြာပါဘူးဗျာ၊ ကျုပ်တို့နံဘေးကနေ လေချွန်သံတစ်ချက်ကြားလိုက်ရတယ်၊ တောပုန်းကြီးက လှည့်ကြည့်လိုက်တဲ့အချိန်မှာ ချုံပုတ်ထဲကနေ သေနတ်သံတစ်ချက်ကြားလိုက်ရပြီးတော့ သေနတ်ကျည်ဆန်က ကျုပ်ဆီကိုတန်းတန်းမတ်မတ်ပျံသန်းလာတယ်ဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်သေပြီလို့ထင်ပြီး မျက်စိကိုမှိတ်ထားလိုက်မိတယ်၊ ဖြစ်ချင်တော့ ကိုတောပျော်ပစ်ထည့်လိုက်တဲ့ ကျည်ဆန်က ကျုပ်ရဲ့ချိုင်းကြားအောက်ကနေ ဖြတ်ဝင်ပြီး အနောက်က တောပုန်းကြီးရဲ့နံကြားကို ဖောက်ဝင်သွားပါလေရောဗျာ။
တောပုန်းကြီးက ယောင်ယမ်းပြီး အနောက်ကိုဆုတ်လိုက်တယ်၊ တောပုန်းကြီးလက်က လွတ်သွားတာနဲ့ ကျုပ်လည်း မြေပေါ်ကိုဒိုင်ဗင်ထိုးချလိုက်ရတယ်၊ ရဲသားတစ်ယောက်ပစ်ထည့်လိုက်တဲ့ကျည်ဆန်က တောပုန်းကြီးရဲ့ရင်ဘတ်ကို ပွင့်ထွက်သွားတယ်၊ တောပုန်းကြီးက မြေပြင်ပေါ်သိုပက်လက်လဲကျသွားပါလေရော။
ဆရာဦးအောင်ရှိန်က တဲအရှေ့ကနေပြေးလာတယ်၊ တောပုန်းကြီးစံသီးကိုပွေ့ဖက်လိုက်တယ်။
“ဗိုလ်ကျော်ခေါင် ခင်ဗျားမသေရဘူး”
“ငါမရတော့ပါဘူး မျောက်ခေါင်းရာ”
တောပုန်းကြီးက ဆရာဦးအောင်ရှိန်ရဲ့လက်ကိုဆွဲလိုက်ပြီး
“ဟောဒီကနေ အရှေ့ဘက်ကို ဆက်သွားလိုက်ရင် တောင်သုံးလုံးဖိုခုံလောက်ဆိုင်တည်နေတဲ့ နေရာရှိတယ်၊ အဲဒီမှာ မင်းရဲ့သမီးတွေကို အမေကြီးက ဖမ်းထားတယ်”
တောပုန်းကြီးက ပြောဆိုပြီးတော့ သွေးတွေအန်ကျလာပြီး လူးလိမ့်နေပါရောဗျာ၊ ပွဲကပြီးသွားပြီ၊ ရဲတွေအကုန်လုံးတက်လာကြတယ်၊ ဓါးပြအဖွဲ့ထဲမှာ အသက်ရှင်တဲ့လူ နှစ်ယောက်ပဲရှိတယ်၊ တဲတွေထဲကိုရှာလိုက်တော့ ဓါးပြတွေတိုက်ထားတဲ့ တိုက်ရာပါပစ္စည်းတွှေအကုန်လုံးကို ပြန်ရတယ်။
ကိုတောပျော်က ပြေးလာပြီးတော့ ကျုပ်ကိုဖက်လိုက်တယ်။
“အားလုံးပြီးဆုံးသွားပြီ ကောင်လေးရေ၊ နောက်ဆုံးတော့ တောပုန်းကြီးစံသီးကို ရှင်းလိုက်နိုင်ပြီကွ”
“ခင်ဗျားလက်က ဖြောင့်လှချည်လားဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်သေပြီမှတ်တာ”
“ငါက မုဆိုးပဲကွာ၊ ဒီလောက်တော့ ပစ်တတ်ပါတယ်ကွ”
ကျုပ်က ကိုတောပျော်ကို ဆရာကြီးတို့နဲ့မိတ်ဆက်ပေးလိုက်တယ်။
“မင်းတို့က ပြီးသွားပေမယ့် ငါတို့ကတော့ မပြီးသေးဘူးဟေ့၊ လုပ်စရာတွေရှိသေးသကွ”
ဆရာဦးအောင်ရှိန်က တောအုပ်ဘက်ကိုလှည့်ထွက်သွားတော့တယ်၊ ကျုပ်လည်း ကိုတောပျော်ကိုနှုတ်ဆက်ပြီး ဦးကျော်ဗလနဲ့အတူတူ ဆရာကြီးအနောက်ကို လိုက်ခဲ့ကြရပြန်တော့တယ်။