အတွဲ(၂) စာစဉ်(၂၅)
(၁)
မြင်းဇာရွာထိပ်ကိုလှည်းရောက်တဲ့အချိန်မှာပဲ ရွာထဲကရွာသားတစ်ချို့က ကျုပ်တို့လှည်းဆီကို ဒရောသောပါးနဲ့ပြေးလာကြတယ်ဗျာ။
“ဆရာကြီးဆီရယ် ဘယ်များသွားနေတာလဲ ကျွန်တော်တို့ရှာနေတာ ကြာပါပြီကော”
“ဘာဖြစ်လို့ ငါ့ကိုလိုက်ရှာနေကြတာလဲကွ”
“ခင်ကြည်နဲ့နှင်းကြည် ရူးနေလို့ဗျ”
“ဟေ”
ဆရာကြီးက ဟေဆိုပြီးတစ်လုံးပဲပြောနိုင်တယ်ဗျာ၊ ရွာသားတွေကိုဘာမှမေးမနေတော့ဘဲ လှည်းသမားကိုခပ်မြန်မြန်မောင်းခိုင်းလိုက်တယ်၊ ကျုပ်နဲ့ ကိုအေးလည်း ထူးဆန်းနေတာတော့အမှန်ပဲဗျ။ ကျုပ်တို့ထွက်သွားတာ နှစ်ညလောက်ရှိသေးတာကို သူတို့ကဘယ်လိုလုပ်ပြီး ကောက်ကာငင်ကာ ရူးသွားတာလဲဗျာ၊ ရိုးမှရိုးရဲ့လား၊ ဆရာကြီးတစ်ခါပြောဖူးတာကို ကျုပ်သတိရသွားတယ်၊ ဆရာကြီးက သူ့ပတ်ဝန်းကျင်ကလူတွေ တစ်ခုခုဖြစ်နေပြီဆိုရင် စိတ်ထဲမှာ တစ်ခုခုခံစားနေမိတယ်ဆိုတာလေဗျာ၊ အခု အတိုလေးတို့ဆီမှာ ဆက်မနေဘဲ အိမ်ပြန်ဖို့စိတ်လောနေပုံထောက်တော့ ဒီလိုဖြစ်မှာကို ကြိုသိနေတာများလား။
ကျုပ်တွေးနေတုန်း လှည်းကခြံရှေ့မှာထိုးရပ်လိုက်တယ်၊ ခြံထဲမှာတော့ ရပ်ဆွေရပ်မျိုးတွေနဲ့ စုံလို့ဗျ၊ ကွပ်ပျစ်ပေါ်မှာ မခင်ကြည်ကထိုင်နေတယ်၊ ထမီရင်လျားဝတ်ထားပြီး အင်္ကျီကြီးကိုပြောင်းပြန်ကြီးဝတ်ထားတယ်ဗျာ၊ မျက်နှာကလည်း ပဲဟင်းအိုးထဲကျထားသလို သနပ်ခါးတွေကိုဖုံနေအောင်လူးထားတယ်၊ ခေါင်းမှာ ပန်းတွေပန်ထားတာ တစ်ခေါင်းလုံးကိုဝေနေတာပါပဲဗျာ။
နှင်းကြည်ကလည်း ဘောင်းဘီတိုတစ်ထည်နဲ့ဗျာ၊ ပုဆိုးကို နွားကျောင်းသားတွေစလွယ်သိုင်းသလို သိုင်းထားသေးတယ်၊ လက်ထဲမှာလည်း လေးခွတစ်လက်နဲ့ဗျ၊ ကျွမ်းထိုးလိုက် လေးခွနဲ့ဟိုချိန်ဒီချိန်လုပ်လိုက်နဲ့ပေါ့၊ ရူးပြီး နွားကျောင်းသားစိတ်များပေါက်သွားတာလားပဲဗျာ၊
ဆရာဦးအောင်ရှိန် လှည်းပေါ်ကဆင်းလာတဲ့အခါ လူတွေအကုန်လုံးက ဆရာကြီးကိုအားကိုးတကြီးနဲ့ကြည့်ကြတယ်၊ လမ်းပေါ်ကလူတွေရော၊ ခုနကရွာထိပ်မှာတွေ့ခဲ့တဲ့လူတွေပါ ပြေးလာကြသဗျာ။ ကြီးကြီးသန်းက ဆရာကြီးဆီကိုပြေးလာသဗျာ။
“ဆရာကြီးရယ် ဘယ်တွေများသွားနေတာလဲဟင်”
“ဒေါ်သန်း၊ ကလေးတွေဘယ်လိုဖြစ်တာလဲ”
“ဆရာကြီးမြင်တဲ့အတိုင်းပါပဲရှင်၊ ဆရာကြီးတို့ ရန်ဖြစ်ပြီးထွက်သွားတယ်လို့ ခြေရင်းအိမ်ကပြောတာကြားတယ်၊ နောက်တစ်နေ့မနက်လင်းတော့ ခင်ကြည်တို့ညီအမတွေ တဟားဟားနဲ့ရယ်နေတယ်ဆိုတာနဲ့ လူတွေလာကြည့်ကြတော့ အခုလိုဖြစ်နေတာပါပဲရှင်၊ စကားမေးလည်းကောင်းကောင်းမပြောတဲ့အပြင် အငယ်မလေးက လူတွေကိုလေးခွနဲ့ပစ်ပစ်နေလို့ သိပ်တောင်မကပ်ရဲပါဘူး”
ကျုပ်လည်းဆရာကြီးအနောက်က လိုက်လာခဲ့တယ်၊ အနောက်မှာ ကိုအေးလည်းပါသဗျာ၊ ကျုပ်တို့ကိုတွေ့တော့ နှင်းကြည်ကပြီတီတီမျက်နှာပေးနဲ့လှမ်းကြည့်ရင်း
“ဟော သေချင်းဆိုးကြီးတွေပြန်လာပါရောလား”
နှင်းကြည်က ဘာမပြောညာမပြောနဲ့ လေးခွနဲ့လှမ်းပစ်တယ်ဗျာ၊ ဆရာဦးအောင်ရှိန်က
“ရင်မောင်ရေ၊ ရှောင်ဟ”
အဲဒီလိုပြောပြီး ကိုယ်ကိုဘေးတစ်စောင်းကပ်ပြီးရှောင်ထည့်လိုက်တယ်ဗျာ၊ ကျုပ်လည်းရှောင်မလို့ပဲဗျ၊ ဒါပေမယ့် လောက်စာလံုံးက ကျုပ်ထက်မြန်တယ်ဆိုတော့ ကျုပ်နဖူးကိုဒေါင်ခနဲထိတော့တာပဲဗျာ။ ဆရာဦးအောင်ရှိန်က နှင်းကြည်ကိုလက်ညှိုးထိုးလိုက်ပြီး
“ဟဲ့ ရပ်စမ်း၊ မလှုပ်နဲ့”
ကျုပ်တို့ကိုထပ်ပစ်ဖို့ လေးခွထဲ လောက်စာလုံးထည့်နေတဲ့နှင်းကြည်က ကျောက်ရုပ်ကြီးတစ်ရုပ်လို ရပ်တန့်သွားတယ်ဗျာ၊ ဒီအခါ မခင်ကြည်က တဟားဟားနဲ့ရယ်ပြီးတော့ ဘေးနားမှာချထားတဲ့သနပ်ခါးတုံးနဲ့ လှမ်းပစ်ထည့်ပြန်ပါရော၊ ဒီတစ်ခါလည်း ဆရာဦးအောင်ရှိန်က ကိုယ်ကိုယိမ်းပြီးရှောင်ထည့်လိုက်တယ်၊ ကျုပ်က အထာနပ်နေပြီဆိုတော့ ဖုတ်ခနဲငုတ်တုတ်ထိုင်ချလိုက်ပြီး ရှောင်လိုက်ရတယ်၊ သနပ်ခါးတုံးက ကျုပ်တို့နှစ်ယောက်အနောက်မှာ ကပ်ပြီးပါလာတဲ့ ကိုအေးရဲ့ရင်ဘတ်ကို ဒေါင်ခနဲပြေးထိပြန်တယ်ဗျာ၊ ကိုအေးဆိုရင် အင့်ခနဲ ညည်းတွားလိုက်တော့၊ နောက်တော့ ရင်ဘတ်ကိုလက်နဲ့သပ်ရင်း
“အောင်မယ်လေး ရင်နာလိုက်တာ ခင်ကြည်ရယ်”
ကျုပ်လည်း နဖူးကိုပွတ်ရင်း
“ကျုပ်က နဖူးနာတယ်ဗျ ကိုအေးရ”
ဆရာဦးအောင်ရှိန်က သမီးနှစ်ယောက်ကိုကြည့်ပြီးတော့ အကဲခတ်နေတယ်။
“ဆရာကြီး ရိုးမှရိုးရဲ့လား”
“သေချာပေါက်ဘယ်ရိုးပါ့မလဲကွာ၊ ကဲ ညည်းတို့နှစ်ယောက်စလုံး အိမ်ပေါ်တက်ကြ”
ဆရာကြီးက သူ့သမီးနှစ်ယောက်ကိုလက်ညှိုးထိုးပြီးအမိန့်ပေးလိုက်တယ်၊ နွားကျောင်းသားစိတ်ပေါက်နေတဲ့ နှင်းကြည်က အိမ်ပေါ်ကိုမတက်ချင်တက်ချင် ကုပ်ချောင်းချောင်းနဲ့တက်သွားပါရောဗျာ၊ မခင်ကြည်ကတော့ ပေကပ်ကပ်လုပ်နေပြီး ဆရာဦးအောင်ရှိန်ကို မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေသဗျ။
“အောင်မယ်၊ ညည်းကပေကပ်ကပ်လုပ်ချင်သေးတယ်၊ ဒီမယ် ညည်းကိုယ့်ခြေထောက်နဲ့ကိုယ် အိမ်ပေါ်တက်မလား ငါတောင်ဝှေးနဲ့ရိုက်ပြီးပုတ်တင်ရမလား နင်ကြိုက်တဲ့လမ်းကိုရွေး”
ဆရာကြီးပြောလိုက်မှ မကျေမနပ်နဲ့ မတ်တပ်ထရပ်ပြီးတော့ အိမ်ပေါ်ကိုတက်သွားတယ်၊ အိမ်ပေါ်ကိုတက်တာတောင် ထူးထူးဆန်းဆန်းပဲဗျာ။ လှေကားထိပ်မှာ နောက်ပြန်ရပ်လိုက်ပြီးတော့ လှေကားကိုနောက်ပြန်နင်းပြီး အိမ်ပေါ်တက်သွားတာဗျ၊ အောက်ကလူတွေကိုတောင် မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်သွားသေးတယ်။ မခင်ကြည်က အရင်ကဒီလိုမဟုတ်ဘူး၊ နှင်းကြည်ကတောင် တည်တည်တန့်တန့်နေသေးတယ်၊ မခင်ကြည်က အမြဲခပ်ပြုံးပြုံးနဲ့မျက်နှာထားချိုတယ်။ ရွာထဲမှာဆိုရင်လည်း သူနဲ့မတည့်တဲ့လူဆိုတာ ခပ်ရှားရှားပဲ၊ အခုကတော့ ဒီလိုမဟုတ်ပေါင်ဗျာ၊ မျက်နှာကြီးကိုကြည့်လိုက်တာနဲ့ ကြောက်စရာကြီးဗျ။
အိမ်ပေါ်ကို ဆရာကြီးကတက်သွားတယ်။ မတက်ခင် ရွာသားတွေဘက်လှည့်ကြည့်ပြီး
“ကဲ အခုကျုပ်ပြန်ရောက်ပြီဆိုတော့ အားလုံးကောင်းသွားတော့မှာပါ၊ ကျုပ်သမီးတွေကိုစောင့်ရှောက်ထားတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ပြန်လို့ရပါပြီ”
လူတွေကတော့ သိပ်မကျေနပ်ကြဘူးဗျ၊ သူတို့က ဆရာဦးအောင်ရှိန်ဘယ်လိုကုတယ်၊ ဘာကြောင့်ဘယ်လိုဖြစ်တာ၊ ဘယ်သူကလုပ်တယ်ဆိုတာကို သိချင်နေကြတာကိုး၊ ဒါကြောင့်မပြန်ဘဲ အင်တင်တင်လုပ်နေကြတယ်။
“ရင်မောင်၊ အပေါ်တက်ခဲ့ဟေ့၊ ငအေး မင်းကတော့ လှေကားရင်းမှာစောင့်နေ၊ ဘယ်သူ့ကိုမှ ဘယ်အကြောင်းနဲ့မှ အိမ်ပေါ်မတက်စေနဲ့ ဟုတ်ပြီလား”
ဆရာကြီးပြောတာနဲ့ ကျုပ်လည်း အိမ်ပေါ်လိုက်တက်ခဲ့ရတယ်၊ ကိုအေးကတော့ သူ့ကိုယ်သူကိုယ်ရံတော်လိုလို ပုံစံမျိုးနဲ့ အင်္ကျီလက်မောင်းကိုဆွဲတင်ပြီး ခါးနှစ်ဖက်ထောက်လို့ လှေကားရင်းမှာပိတ်ပြီးရပ်နေသဗျာ၊ အိမ်ပေါ်ရောက်တော့ ဆရာဦးအောင်ရှိန်က ကျုပ်ကိုအိမ်တံခါးတွေအကုန်ပိတ်ခိုင်းတယ်။ ဆရာကြီးလုပ်တာ တစ်ခုခုတော့ထူးဆန်းနေတယ်၊ အရင်တုန်းက ဒီလိုမဟုတ်ပါဘူးဗျာ၊ ဆရာကြီးက သူကုသနေတာတွေကို ဗဟုသုတရအောင်ဆိုပြီး ဘယ်သူ့ကိုမဆိုကြည့်ခွင့်ပေးထားတာဗျ၊ အခုကျတော့ လှို့လှို့ဝှက်ဝှက်နဲ့အိမ်တံခါးတွေဘာတွေတောင် ပိတ်ခိုင်းနေပုံထောက်ရင် အကြောင်းအရင်းတစ်ခုခုတော့ရှိလောက်တယ်။
ဆရာဦးအောင်ရှိန်က ဘုရားဆောင်အရှေ့မှာထိုင်ချလိုက်ပြီးတော့ မခင်ကြည်တို့ကိုကြည့်ရင်း
“ကဲပြော နင်တို့ဘာလိုချင်လို့လုပ်တာလဲ”
မခင်ကြည်တို့က ကြောင်တောင်တောင်ကြီးနဲ့ကြည့်နေကြတယ်၊ ဆရာကြီးက ကြမ်းပြင်ကိုလက်တစ်ဖက်နဲ့ပုတ်လိုက်ပြီး
“ပြောလေ၊ နင်တို့ကိုငါနှိပ်စက်တော့မှ ပြောမှာလား”
ဆရာကြီးရဲ့ကိုင်တွယ်ပုံက နည်းနည်းတော့ကြမ်းနေတယ်ဗျ၊ ဒါကလည်း သူ့သမီးတွေကို အလုပ်ခံရတယ်ဆိုတော့ ဒေါသထွက်နေတာလဲပါချင်ပါမယ်။ ဆရာကြီးကြမ်းပြင်ကိုပုတ်လိုက်တော့ နှင်းကြည်က တုန်တုန်ယင်ယင်ဖြစ်လာတယ်ဗျ။
“မလုပ်ပါနဲ့ဆရာကြီးရယ်၊ ပြောဆိုရင်ပြောပါ့မယ်”
“နင်ဘယ်သူလဲ၊ ဘာလိုချင်လို့ ဒီလိုလုပ်တာလဲ”
“ကျွန်မဒေါ်နွဲ့ပါဆရာကြီး”
အသံက အဘွားကြီးတစ်ယောက်အသံဗျ၊ ဒီအသံကြားတော့မှ ဘွားနွဲ့ဆိုတဲ့မိန်းမကြီးကို သတိရသွားမိတယ်၊ အရပ်ထဲမှာ စုန်းတိုက်ခံရတယ်ဘာညာဆိုရင် အရှင်ကြီး၊ အရှင်မကြီးတွေလုပ်တယ်ဆိုပြီးတော့ ရွာစာချပေးနေတဲ့မိန်းမကြီးပေါ့ဗျာ၊ မထင်မှတ်ဘဲ အဲဒီမိန်းမကြီးက စုန်းမကြီးဖြစ်နေပါရောလား။
“ဒေါ်နွဲ့၊ ခင်ဗျားအေးအေးဆေးဆေးမနေချင်ဘူးလား၊ ခင်ဗျားပညာနဲ့ ကျုပ်ကိုဒီလိုလာစမ်းလို့ရရိုးလား”
“မလုပ်ဝံ့ပါဘူးဆရာကြီးရယ်”
“ဒါဖြင့် ဘာဖြစ်လို့ဒီလိုလုပ်တာလဲ”
“အမေကြီးက ခိုင်းလို့လုပ်ရတာပါ”
“ဘယ်ကအမေကြီးလဲ၊ ဘာအမေကြီးလဲ”
“ခေါင်းကိုင်အမေကြီးပါ၊ ကျွန်မတို့ကိုအုပ်ချုပ်နေတာပါ”
“ငါထင်တော့ထင်ပါတယ်၊ နင့်လိုရွာသူအဆင့်လောက်နဲ့ လူတစ်ယောက်ကို ရူးခါသွားအောင်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါသိပါတယ်”
“ဟုတ်ပါတယ်ဆရာကြီး၊ အမေကြီးခိုင်းရင် ကျွန်မတို့မလုပ်လို့မရပါဘူး၊ အမေကြီးကပဲ သူတို့ကိုခတ်ဖို့ဆေးပေးလိုက်တာပါ၊ နတ်ကြီးစင်က စွန့်တဲ့လက်ဖက်အကျကို လက်ဖက်သုပ်လုပ်ပြီးဆေးခတ်ပါတယ်၊ ညီအမနှစ်ယောက်ကို အိမ်ပြင်ခေါ်ထုတ်ပြီးတော့ စကားပြောရင်းကျွေးလိုက်ပါတယ်”
“တော်တော်လည်တဲ့ဟာမပါလား၊ ငါ့အိမ်မှာ အင်းတွေမြှုပ်ထားတော့ ညည်းကအိမ်အပြင်ခေါ်ထုတ်ပြီး ကျွေးတာပေါ့လေ”
“အမေကြီးအပြောအရ အိမ်မှာစီရင်ထားတဲ့ အစီအရင်တွေအကုန်ဖျက်ဆီးလိုက်ပြီလို့ပြောပါတယ်”
“နင်တို့ကိုနင်တို့သိပ်စွမ်းနေတယ်လို့ထင်နေတယ်ပေါ့ ဟုတ်လား၊ ဘယ်မလဲနင်တို့အမေကြီး အခုခေါ်သွင်းလိုက်”
“သွင်းလို့မရပါဘူးဆရာကြီး၊ ဆရာကြီးနှိပ်စက်ရင်လည်းခံရမှာပါ၊ သတ်ရင်လည်းသေရမှာပါ”
“အခုသွင်းဆို သွင်းလိုက်စမ်း၊ အထက်ပုဂ္ဂိုလ်တွေအမိန့်၊ ငါ့အမိန့်”
ဆရာကြီးက အဲဒီလိုပြောလိုက်ပြီးတော့ နှင်းကြည်ရဲ့နဖူးကို လက်ဝါးနဲ့ပိတ်ပြီးရိုက်ချထည့်လိုက်တယ်ဗျာ၊ ဒီအခါ နှင်းကြည်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာပြီးတော့ မျက်ဖြူတွေလန်ပြီး ပါးစပ်ထဲက အမြှုပ်တွေစီးကျလို့ ပက်လက်ကြီးလဲကျသွားပါရောလား၊ ကျုပ်က နှင်းကြည်ကိုပြေးပြီးပွေ့လိုက်သည်။ ဆရာကြီးက ခေါင်းခါလိုက်ရင်း
“ဒီမိန်းမတွေက သူတို့အမေကြီးကိုတော့ သိပ်ကြောက်ရတာပဲကွ”
“ဆရာကြီး နှင်းကြည်ဘာဖြစ်သွားပြီလဲ၊ သူ့ကိုယ်ထဲက ဒေါ်နွဲ့ကြီးကရော”
“နှင်းကြည်ကိုယ်ထဲက ဒေါ်နွဲ့က ဗြုန်းစားကြီးထွက်သွားပုံရရင် တစ်ခုခုတော့မကောင်းဘူးဟေ့”
ဒီအချိန် တစ်ချိန်လုံးထိုင်ကြည့်နေတဲ့ မခင်ကြည်က ဆရာကြီးကိုလက်ညှိုးထိုးပြီး
“ဟဲ့ဆရာစုတ်၊ ဒီနေ့ကစပြီး နင်ဟာအလုံးစုံပျက်စီးရမယ်၊ နင့်ရဲ့ မတန်မရာပညာနဲ့ ငါ့ကိုလာပြီးတော့ ရန်ငြိုးဖွဲ့သေးတယ်၊ နင့်လူရန်အောင် ခွေးဖြစ်သလို နင်လည်းခွေးဖြစ်စေရမယ်ဟဲ့”
မခင်ကြည်က တဟားဟားနဲ့ရယ်တော့တယ်ဗျ၊ ဆရာကြီးက ဒေါသထွက်ထွက်နဲ့ ပုတီးနဲ့ကောက်ပြီးပေါက်ထည့်လိုက်တော့ ဒုန်းဆိုတဲ့အသံကြီးနဲ့အတူ မခင်ကြည်က အနောက်ကိုလန်သွားတယ်၊ ပြီးတော့ တစ်ခါပက်လက်ကြီးကနေ တစ်ယောက်ယောက်ကဆွဲထူလိုက်သလို ဝုန်းခနဲထလာတယ်ဗျာ။
“ဟဲ့ နင်ထိုင်နေစမ်း”
ဆရာဦးအောင်ရှိန်က အမိန့်ပေးလိုက်တယ်၊ ဒါပေမယ့် မခင်ကြည်က မထိုင်ဘူးဗျာ၊ဆောင့်ကြောင့်ကြီးလုပ်နေရင်း ကြမ်းပြင်ပေါ်မှာ တဒုန်းဒုန်းနဲ့ခြေဆောင့်နေတယ်။ ဆရာဦးအောင်ရှိန်က မခင်ကြည်ကိုလက်ညှိုးထိုးလိုက်ပြီး
“ကြိုးကိုင် လွန်ကိုင်တွေ သူ့ကိုချုပ်လိုက်ကြစမ်း”
ဆရာဦးအောင်ရှိန်အမိန့်ပေးလိုက်တော့ မခင်ကြည်က တစ်ချက်တော့ငြိမ်သွားတယ်ဗျ၊ နောက်တော့ လက်နှစ်ဖက်ကိုဘေးကိုဆောင့်တန်းပြီး ရုန်းကန်ထည့်လိုက်တဲ့ပုံပဲ။ ဆရာဦးအောင်ရှိန်လည်း မျက်လုံးပြူးကြီးနဲ့ ပြာပြာသလဲဖြစ်နေတယ်ဗျာ။
“ဟာ၊ ဒီလောက်တောင်ရှိလှတာ ကြိမ်ကိုင်တွေ သူ့ကိုရိုက်ကြစမ်းကွာ”
ဆရာကြီးပြောပေမယ့် မခင်ကြည်က ဘာမှမကိုမဖြစ်ဘူးဗျာ၊ ဆရာကြီးကို ပြီတီတီပြုံးပြီး စိုက်ကြည့်နေရင်း
“ရိုက်စမ်းပါ၊ ဘယ်မလဲရှင့်ရဲ့ကြိမ်ကိုင်တွေ၊ ရိုက်လေ”
သူကတောင်ပြန်ပြီးစိန်ခေါ်နေသေးတာဗျာ၊ ဝင်တဲ့လူကတော့ တော်တော်ပညာအဆင့်မြင့်ပုံရတယ်၊ ဆရာဦးအောင်ရှိန်က သူသိပ်မသုံးဖြစ်တဲ့ လှံကိုင်တွေကိုထုတ်သုံးရတယ်။
“လှံကိုင်တွေ၊ သူ့ရင်ဝကို အချက်တစ်ရာထိုးကြစမ်း”
မခင်ကြည်က မျက်နှာက မဲ့မဲ့သွားတယ်ဗျ၊ တစ်ကိုယ်လုံးလည်း တုန်ယင်နေတယ်၊ ငါးမိနစ်လောက်ကြာတော့ ပြီးဖြီးဖြီးပြန်ဖြစ်သွားပြန်သည်။
“ဟဲ့ ဆရာ၊ နင်အစွမ်းဒါအကုန်ပဲလား”
မခင်ကြည်က တဒုန်းဒုန်းနဲ့ရုန်းကန်နေတော့တာပဲဗျာ၊ ဒီအချိန် ကိုအေးက အိမ်ပေါ်ကိုတက်လာတယ်၊ ပြီးတော့ ဘာမပြောညာမပြောနဲ့ မခင်ကြည်ကို ပြေးဖက်တယ်၊ မခင်ကြည်က ကိုအေးကို မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး
“ဟဲ့ ငမူးကောင်၊ သွားစမ်း၊ ငါ့လာမဖက်နဲ့ထွက်သွား”
မခင်ကြည်က ရုန်းဖို့ကြိုးစားပေမယ့် ကိုအေးက အသားကုန်ဖက်ထားတာဆိုတော့ ရုန်းမရဘူးဖြစ်နေတယ်ဗျာ၊ ဆရာကြီးက
“ဟေ့ကောင်ငအေး၊ သေသေချာချာချုပ်ထားစမ်းကွ”
ဆရာဦးအောင်ရှိန်က ဘုရားသောက်တော်ရေခွက်ကိုစွန့်ယူလိုက်ပြီး မန်းမှုတ်လို့ မခင်ကြည်ကိုရေနဲ့တောက်တယ်၊ မခင်ကြည်က နာတော့နာပုံရတယ် ဒါပေမယ့် အောင့်ခံတယ်ဗျာ၊ နောက်တော့ အတင်းပါးစပ်ဟပြီး သောက်တော်ရေတွေတိုက်ချရတယ်၊ တော်ရုံစုန်းလောက်ဆိုရင် ဒီအဆင့်လောက်ဆို တုန်ဆင်းသွားပေမယ့် အခု မခင်ကြည်ကတော့ အေးအေးဆေးဆေးပဲဗျာ။
“ဟဲ ဟဲ လုပ်စမ်းပါ၊ နင်ကြိုက်သလိုလုပ်စမ်းပါ၊ အခုငါ့အလှည့် နင့်သမီးကို ငါခေါ်သွားမယ်”
မခင်ကြည်က ပြောရင်းဆိုရင် မျက်လုံးက အပေါ်ဘက်ကိုလန်တက်သွားပြီးတော့ ခြေတွေလက်တွေလိမ်ကောက်သွားပြီး တခွီးခွီးနဲ့ဖြစ်နေတယ်ဗျာ။ နင့်သမီးကိုခေါ်သွားမယ်ဆိုတာ ဧကန္တစုန်းမက မခင်ကြည်အသက်ကို နှုတ်ချင်တာကိုပြောတာဖြစ်မယ်ဗျ၊ ဆရာဦးအောင်ရှိန်ဆိုရင် တော်တော်ကိုပြာယာခတ်နေတယ်ဗျာ၊ နောက်တော့ အိမ်နံရံမှာချိတ်ထားတဲ့ ဓါးကြီးတစ်လက်ကိုပြေးဆွဲလိုက်တယ်၊ ဆရာကြီးတို့အိမ်အပေါ်ထပ်က နံရံမှာ ငှက်ကြီးတောင်ဓါးကြီးနှစ်လက်ကို အလှဆင်ပြီးချိတ်ဆွဲထားတယ်ဗျ၊ ဆရာကြီးက အဲဒီအထဲက အနက်ရောင်ဓါးအိမ်ကြီးနဲ့ ဓါးကိုပြေးဆွဲပြီး သူ့လက်ဖဝါးကို ဓါးနဲ့ဖြတ်ထည့်လိုက်တယ်ဗျ၊ သွေးတွေဆို ရဲခနဲစီးကျလာတာပေါ့ဗျာ၊ ဆရာကြီးက လက်သီးကိုဆုပ်လိုက်ပြီး တစ်ခုခုကိုမန်းမှုတ်လိုက်တယ်။ နောက်တော့ မခင်ကြည်ရဲ့ပါးစပ်ထဲကို သူ့လက်ထဲက သွေးတွေညှစ်ထည့်ပါရောဗျာ။
သွေးစက်တွေဝင်သွားတော့မှ မခင်ကြည်က မျက်လုံးပြန်လည်လာတယ်ဗျာ၊ နောက်တော့ ဆရာဦးအောင်ရှိန်ကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြန်တယ်။
“ဟဲ့စုန်းမ၊ ဒါငါ့သမီးဟ၊ ငါ့သမီးရဲ့အသက်က ငါ့သွေးနဲ့ဆိုင်တယ်၊ နင်တခြားလူကိုပဲ လုပ်ချင်လုပ်လို့ရမယ်၊ ငါ့သမီးတွေကိုတော့ ဒါမျျိးလာလုပ်လို့မရဘူး”
“အေးပါ၊ မိုးကောင်းတုန်းတော့ရွာထားအုံးပေါ့၊ နင်တစ်ယောက်ကို ကုရင် နှစ်ယောက်ကိုငါပြုစားမယ်၊ အဲဒီနှစ်ယောက်ကိုကုရင် လေးယောက်ကိုငါပြုစားမယ်၊ ငါဘယ်လောက်စွမ်းသလဲဆိုတာ နင်စောင့်ကြည့်ထားလိုက်”
မခင်ကြည်က ဆရာကြီးကိုပြောဆိုပြီးတဲ့နောက် ဇက်ကျိုးကျသွားတော့တယ်၊ ဆရာကြီးလည်း လက်ထဲကဓါးကိုပစ်ချလိုက်ပြီး ကြမ်းပြင်မှာ ထိုင်ချလိုက်တယ်၊ တဟောဟောနဲ့ မောနေသေးတယ်ဗျာ၊ ဆရာကြီးက ခေါင်းပေါင်းစနဲ့ သူ့လက်က ဓါးဒဏ်ရာကိုစည်းနှောင်နေတယ်။
“ဒါဘယ်လိုဖြစ်ရတာလဲ ဆရာကြီးရာ”
“နတ်မှော်စုန်းက သာမန်တော့မဟုတ်ဘူးကွ၊ ပြီးတော့ ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး ရင်မောင်၊ ငါ့အိမ်ဆိုတာ မကောင်းတဲ့အရာတွေကို ငါခွင့်မပြုဘဲ ဝင်လို့မရအောင် စည်းအထပ်ထပ်၊ အစီအရင်အတန်တန်ချထားတဲ့နေရာပဲ၊ အခု ဒီလိုအိမ်ထဲမှာတောင် စုန်းမက ဝင်သောင်းကျန်းသွားတယ်ဆိုတော့ သူ့ပညာမသေးတာ အမှန်ပဲကွ”
“ကြိုးပိုင်၊ ကြိမ်ပိုင်၊ လှံပိုင်တွေကိုတောင် နိုင်တယ်ဆိုတာ တော်ရုံတော့မဟုတ်ဘူးထင်တယ်ဆရာကြီး”
ဆရာဦးအောင်ရှိန်က တစ်ခုခုကိုအလေးအနက်စဉ်းစားနေရင်း
“ဒီကိစ္စက ဒီလောက်နဲ့ပြီးအုံးမှာမဟုတ်ဘူးကွ ရင်မောင်ရ၊ ဘာပဲဖြစ်ဖြစ် တို့တွေသတိထားမှဖြစ်မယ်”
ဒီကြားထဲမှာ အမြတ်ရနေတာကတော့ ကိုအေးပဲဗျ၊ ကိုအေးက မခင်ကြည်ကိုအသားကုန်ဖက်ထားပြီး ရတုန်းရခိုက် အသားယူနေတယ်၊ ဆရာကြီးက ကိုအေးကိုကြည့်လိုက်ပြီး
“ဒီလောက်ဆိုရပါပြီ ငအေးရာ”
“ဟိုလေ၊ စုန်းမပြန်ဝင်လာပြီးတော့ သောင်းကျန်းမှာစိုးလို့ပါဆရာကြီး”
“သွားပါပြီကွာ၊ ပြန်မလာတော့ပါဘူး”
ကိုအေးက မလွှတ်ချင်ဘဲလွှတ်လိုက်ရတယ်။
“ခုနက ဆရာကြီးသုံးတဲ့ပညာက တစ်မျိုးပဲနော်ဆရာကြီး”
“စုန်းမက အသက်နှုတ်ယူနေတာကွ၊ တခြားလူဆိုရင် ဒီအဆင့်ဆိုသေလောက်ပြီ၊ ငါလည်း မလုပ်တတ်တော့ဘူး၊ ဒါပေမယ့် ခင်ကြည်က ငါ့သမီးဆိုတော့ သူ့ရဲ့ကိုယ်ထဲမှာ ငါ့သွေးတွေစီးဆင်းနေတယ်၊ သွေးချင်းကူတဲ့နည်းနဲ့ ငါသူ့ကို ကယ်တင်လိုက်ရတာပေါ့ကွာ”
ဆရာဦးအောင်ရှိန်လည်း တော်တော်ကိုပင်ပန်းနေတယ်၊ မခင်ကြည်နဲ့ နှင်းကြည်ကို အိမ်ရှေ့နားမှာပဲ လှဲသိပ်ထားပြီးတော့ ခြေလက်ဆေးဖို့ အိမ်အောက်ကိုဆင်းလာခဲ့ကြတယ်၊ ကိုအေးကလည်း အိမ်ကနေပြန်ဖို့လုပ်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ရွာလယ်လမ်းအတိုင်း ကာလသားတစ်သိုက်ပြေးလာကြတယ်၊ ပြေးလာကြတာမှ အမောတကောနဲ့ပဲဗျာ၊ ဆရာကြီးက အဲဒီလူတွေကိုလှမ်းကြည့်ပြီး
“ဘာဖြစ်လာကြတာလဲကွ”
“ဒေါ်နွဲ့ကြီးသေရှာပြီဗျ”
ကျုပ်တို့အားလုံး “ဟေ” ဆိုပြီးတော့ ပြိုင်တူရေရွတ်လိုက်မိတယ်။
“အကောင်းကြီးကနေ ဘယ်လိုဖြစ်တာလဲကွ”
“မသိပါဘူး ဆရာကြီးရာ၊ မနက်က အကောင်းပါပဲဗျ၊ ယာခင်းထဲဆင်းပြီး ပေါင်းနှုတ်နေတာ၊ နောက်တော့ ဘာဖြစ်တယ်မသိဘူး ပါးစပ်က အမြှုပ်တွေထွက်ပြီးတော့ မျက်ဖြူလန်ပြီးလဲကျသွားတာပဲ၊ ကျုပ်တို့ပြေးခေါ်တော့ သေနေပြီဗျ၊ အဲဒါ ရွာပြင်မှာသေတာဆိုတော့ ရွာထဲမသွင်းဘဲ အလောင်းစင်ပြင်ဖို့လုပ်နေကြတာ”
ကာလသားတွေက ပြောဆိုပြီးတော့ ထွက်သွားကြတယ်၊ ဆရာဦးအောင်ရှိန်က စိတ်မကောင်းဖြစ်နေတဲ့ပုံပဲဗျာ၊ ဒေါ်နွဲ့ဘာကြောင့်သေတယ်ဆိုတာ ကျုပ်တို့သိပြီးသားပါ။
“ဆရာကြီး၊ ဘွားနွဲ့သေတာ ခုနက ကိစ္စနဲ့ဆိုင်နေတယ်မဟုတ်လား”
“ငါထင်ထားတဲ့အတိုင်းပဲရင်မောင်၊ သူ့ကို သူတို့ပြောတဲ့အမေကြီးက နှုတ်ပိတ်ပစ်လိုက်တာ”
“ရက်စက်လိုက်တာ ဆရာကြီးရာ၊ လူ့အသက်တစ်ချောင်းကိုလုပ်ရက်တယ်ဗျာ”
“စုန်းတွေအတွက်တော့ လူ့အသက်တစ်ချောင်းဆိုတာ ဘာမှမတန်ဖိုးမရှိဘူးကွ၊ လူတစ်ယောက်သတ်ရတာ ပုရွက်ဆိတ်တစ်ကောင်သတ်ရသလောက်ပဲ သဘောထားတာ၊ ငါ့စိတ်ထင်တော့ သူတို့ပြောတဲ့အမေကြီးဆိုတာ မင်းကိုလုပ်တဲ့ နတ်မှော်စုန်းပဲဖြစ်ရမယ်ဟေ့”
ကျုပ်တို့တွေ ကွပ်ပျစ်မှာထိုင်လိုက်ကြတယ်၊ ဆရာကြီးက ရေနွေးသောက်ချင်တယ်ဆိုတာနဲ့ ကိုအေးက အိမ်နောက်ဖေးကိုပြေးဝင်သွားပြီး ရေနွေးတည်ဖို့လုပ်တယ်၊ ကိုအေးက ဒီနေရာမှာကျတော့ အားကိုးရသားပဲဗျ။
“ဒါနဲ့ ခေါင်းကိုင်အမေကြီးဆိုတာ ဘာကိုပြောတာလဲဟင်ဆရာကြီး”
“ပညာပေးနည်း ခုနစ်နည်းဆိုတာရှိတယ်ရင်မောင်ရ၊ ပါးစပ်မှနားသို့ပညာပေးနည်း၊ ရင်ခြင်းအပ်၍ပညာပေးနည်း၊ တံတွေးထွေးထည့်၍ ပညာပေးနည်း၊ ခေါင်းပုတ်၍ပညာပေးနည်း၊ လက်ဝါးခြင်းရိုက်၍ပညာပေးနည်း၊ အိပ်ပျော်နေစဉ်အိပ်မက်ပေး၍ပညာပေးနည်း၊ သတိမေ့နေစဉ်ပညာပေးနည်း အဲဒီလိုပညာပေးနည်းတွေနဲ့ အထက်လမ်းရော၊ အောက်လမ်းပါပညာပေးတတ်ကြတယ်ရင်မောင်ရ”
“ဒီလိုပညာပေးတာနဲ့ ရရောလား ဆရာကြီးရ”
“ရတာပေါ့ကွာ၊ ပညာပေးတဲ့နေရာမှာလည်း တပည့်အမျိုးအစားအပေါ်မူတည်ပြီးပညာပေးတတ်ကြတယ်၊ တပည့်တွေကို အတွင်းစည်းတပည့်၊ အပြင်စည်းတပည့်ဆိုပြီးခွဲထားးတယ်၊ အတွင်းစည်းတပည့်ကိုတော့ အန္တဝေါသိကတဲ့၊ အပြင်စည်းတပည့်ကတော့ အတ္တဝေါသိကလို့ခေါ်တယ်၊ နားလွယ်အောင်ပြောရရင်တော့ကွာ ကိုယ့်စကားကို သေသေချာချာလိုက်နာပြီး ကျိုးနွံတဲ့တပည့်ကျတော့ အတွင်းစည်းပေါ့၊ တပည့်တော့တပည့်ပဲ ကိုယ့်စကားကိုသိပ်နားမထောင်တာ အပြင်စည်းပေါ့ကွာ”
“အတွင်းစည်းအပြင်စည်းနဲ့ ခုနက ပညာပေးနည်းနဲ့က ဘာဆိုင်လို့လဲဆရာကြီးရဲ့”
“ဒီလိုရင်မောင်ရ၊ ခုနက ပညာပေးနည်းခုနစ်နည်းမှာ ပါးစပ်မှနားသို့ပညာပေးနည်း၊ တံတွေးထွေး၍ပညာပေးနည်း၊ လက်ဝါးချင်းရိုက်၍ပညာပေးနည်း၊ သတိမေ့နေစဉ် ပညာပေးနည်းဆိုတဲ့ နည်းလေးမျိုးဟာ အပြင်စည်းတပည့်တွေကို ပညာပေးတဲ့နည်းတွေပဲ၊ ဒီနည်းတွေနဲ့ပညာပေးတဲ့အခါ ပညာအချို့အဝက်သာရတယ်၊ ရတဲ့ပညာက သိပ်မစွမ်းဘူး၊ ကြာကြာလည်းသိပ်မခံဘူးကွ”
“ကျန်တဲ့ ရင်ခြင်းအပ်၍ပညာပေးတာ၊ ခေါင်းပုတ်၍ပညာပေးတာ၊ အိပ်ပျော်နေစဉ်ပညာသင်ပေးတာ ဒီနည်းသုံးခုကတော့ အတွင်းစည်းတပည့်တွေကို ပညာပေးတာကွ၊ ဒီနည်းနဲ့ပညာပေးတာက ပညာများများပေးလို့ရတယ်၊ ပိုပြီးတော့လည်းထိရောက်တယ်၊ ပေးပြီးသားပညာက လွယ်လွယ်နဲ့မပျောက်ပျယ်ဘူးရင်မောင်ရ”
“ကျွန်တော်နားလည်ပါပြီဆရာကြီး”
“အဲဒီပညာပေးနည်းတွေထဲမှာ စုန်းတွေအတော်များများအသုံးပြုကြတာက ခေါင်းပုတ်ပြီးပညာပေးတဲ့နည်းပဲ၊ ခေါင်းကိုင်တယ်လို့ခေါ်ကြတာပေါ့ကွာ၊ စုန်းပညာသင်ယူချင်တဲ့လူကို ပညာတတ်တဲ့လူက ခေါင်းကိုင်ပြီးတော့ ပညာပေးလေ့ရှိသကွ၊ ကိုယ့်ကိုပညာသင်ပေးတဲ့လူ၊ ကိုယ့်ခေါင်းကိုကိုင်တဲ့လူကို ခေါင်းကိုင်ဆရာလို့ခေါ်တယ်၊ မိန်းမဆိုရင်တော့ ခေါင်းကိုင်အမေလို့ခေါ်ကြတယ်၊ ယောက်ျားကိုတော့ ခေါင်းကိုင်အဖေလို့ခေါ်တာရှားတယ်၊ ဆရာလို့ပဲခေါ်ကြတယ်ထင်တယ်”
“ဒါဆိုရင် ဘွားနွဲ့ကိုပညာသင်ပေးတဲ့လူကို ခေါင်းကိုင်အမေကြီးလို့ခေါ်တာပေါ့နော်”
“ဒါပေါ့ကွ၊ ခေါင်းကိုင်အမေက သူ့ပညာကို အကုန်ပေးတာမဟုတ်ဘူးကွ၊ ဘယ်သူက ဘယ်လောက်ရသင့်တယ်ဆိုပြီး ချင့်ချိန်ပေးတာ၊ မင်းကိုငါတစ်ခါပြောထားဖူးသလို ကိုယ့်တပည့်ပညာစုံပြီး ကိုယ့်ကိုပြန်ရန်ရှာမှာလည်း ကြောက်ရသေးတယ်မဟုတ်လား၊ တပည့်တွေက တစ်နှစ်တစ်ခါဖြစ်ဖြစ် အခါအခွင့်သင့်ရင်ဖြစ်ဖြစ် ခေါင်းကိုင်အမေဆီကို လက်ဆောင်ပစ္စည်းတွေ၊ ကန်တော့ပွဲတွေနဲ့သွားပြီးတော့ ကန်တော့ရတယ်၊ ခေါင်းကိုင်အမေက ကျေနပ်တော့မှ နောက်ပညာရပ်တွေကို ထပ်သင်ပေးတာမျိုးပေါ့”
ဒီအချိန် ကိုအေးက အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကရားအိုးကြီးကို ဗန်းတစ်ခုထဲထည့်ပြီး ကိုင်လာတယ်ဗျာ။
“ဆရာကြီးတို့ ဘာတွေကိုင်နေကြတာလဲဟင်”
“ဘာမှမဟုတ်ပါဘူးကွာ၊ ရင်မောင့်ကို ခေါင်းကိုင်တဲ့အကြောင်းပြောနေတာပါကွ”
ကိုအေးက ခေါင်းညိတ်ပြီး ကျုပ်ဘေးဝင်ထိုင်ရင်း
“ဟုတ်တယ်ရင်မောင်ရ၊ ခေါင်းဆိုတာ ကိုင်ရခက်တယ်၊ ကြက်ခေါင်းဆိုရင်လည်း နှုတ်သီးခုတ်ရ၊ အမွှေးနှုတ်ရနဲ့၊ ဆိတ်ခေါင်း နွားခေါင်းများကျတော့လည်း ဦးချိုဖယ်ရ ခုတ်ရနဲ့ဆိုတော့ သိပ်အလုပ်ရှုပ်တာပေါ့ကွာ”
ကိုအေးက ထင်ရာတွေပြောနေတာပဲဗျာ၊ ဆရာကြီးက ကိုအေးကိုတအံ့တသြနဲ့ကြည့်ရင်း
“ဟေ့ကောင်ငအေး၊ မင်းဘာတွေပြောနေတာလဲ”
“ဆရာကြီးတို့ပဲ ခေါင်းကိုင်တာပြောတယ်ဆိုဗျ”
“ဟ၊ ငါတို့ပြောတဲ့ခေါင်းကိုင်တယ်ဆိုတာက ခေါင်းကိုင်ပြီးပညာပေးတာကိုပြောတာကွ၊ မင်းပြောသလို ကြက်ခေါင်းတွေ၊ နွားခေါင်းတွေ ကိုင်တာမဟုတ်ဘူးကွ သဒိုးရ”
ဆရာကြီးပြောတော့ ကိုအေးက ပြုံးဖြီးဖြီးနဲ့
“မသိဘူးလေဗျာ၊ ကျုပ်ကလည်း ကျုပ်သိတဲ့ခေါင်းကိုင်တာကိုပြောတာပေါ့”
ကျုပ်တို့အားလုံး ရယ်လိုက်ကြတယ်။
“ဗိုက်တော့ နည်းနည်းဆာသကွ ရင်မောင်ရ၊ ရွာထိပ်မှာ အကြော်လေးဘာလေးကျန်သေးလား သွားကြည့်စမ်းပါရင်မောင်ရာ”
ဆရာကြီးခိုင်းတာနဲ့ ကျုပ်လည်းရွာထိပ်ဘက်ထွက်လာခဲ့ရတယ်။
(၂)
အကြော်ရယ်၊ မုန့်ပေါင်းရင်ဝယ်ပြီးတော့ အိမ်ကိုပြေးလာခဲ့လိုက်တယ်၊ ဆရာကြီးအိမ်ကိုရောက်တဲ့အခါမှာ ခြံထဲမှာ လူတွေက ရုံးစုရုံးစုနဲ့ဖြစ်နေကြတယ်ဗျာ၊ လူတင် အယောက်နှစ်ဆယ်လောက်ရှိတာ၊ ကျုပ်လည်း တစ်ခုခုထူးပြီဆိုပြီး အိမ်ပေါ်ထပ်ကိုပြေးတက်သွားတယ်၊ အိမ်ပေါ်ထပ် ဘုရားကျောင်းဆောင်ရှေ့မှာ လူသုံးလေးယောက်က လူးလွန့်ပြီးတော့ အော်ဟစ်နေကြသဗျာ။
“ဆရာကြီး၊ ဘာတွေဖြစ်နေတာလဲဗျာ”
“မင်းမြင်တဲ့အတိုင်းပေါ့ ရင်မောင်ရာ”
ဒီအခါ အိမ်ပေါ်ရောက်နေတဲ့လူတွေက
“ဆရာကြီးရယ် ကျွန်မသားလေးကို ကုသပေးပါ”
“ဟုတ်ပါတယ်ဆရာကြီး၊ ကျွန်မယောက်ျား အပမှီနေတာကိုလည်း ဆရာကြီးဖယ်ရှားပေးပါ”
လတ်စသတ်တော့ ဒီလူတွေက ပယောဂဝင်နေတဲ့လူတွေပဲဗျာ၊ ကျုပ်ဖြင့် ဒိန်းခနဲခေါင်းထဲဆောင့်တက်လာတယ်။ ခုနက စုန်းမပြောသွားတယ်လေဗျာ၊ တစ်ယောက်ကိုကုရင် နှစ်ယောက်ကိုပြုစားမယ်၊ နှစ်ယောက်ကိုကုရင် လေးယောက်ကိုပြုစားမယ်ဆိုတာ ဒါများလားလို့ထင်လိုက်မိတယ်။ ကျုပ်က စိုးရိမ်တကြီးနဲ့ ဆရာကြီးကိုကြည့်လိုက်မိတယ်၊ ဆရာကြီးက ကျုပ်ကိုဘာမှမပြောဖို့လက်ကာပြရင်း
“အားလုံးပဲ၊ စိတ်မပူကြပါနဲ့၊ ကျုပ်ဆီရောက်နေပြီပဲ၊ အကုန်ပြန်ကောင်းသွားမှာပါ”
ဆရာကြီးက လူနာတွေကို ကုသဖို့လုပ်တယ်ဗျ၊ ကျုပ်နဲ့ကိုအေးနဲ့လည်း ဘေးကနေ ကူညီရတာပေါ့ဗျာ၊
“ကလေးကနေ စကုမယ်ဟာ၊ နင့်သားဘာဖြစ်တာလဲပြော”
“လူကြီးတစ်ရပ်လောက်သာသာရှိတဲ့ မန်ကျည်းပင်ပေါ်တက်ပြီး မန်ကျည်းရွက်ခူးရင်း လန့်ပြီးပြုတ်ကျတာပါဆရာကြီး၊ အောက်ပြုတ်ကျပြီးရော သူမဟုတ်သလိုဘဲ ဖြစ်နေလို့ပါ”
ဆရာကြီးက စမ်းသပ်ကြည့်ရင်း
“သစ်ပင်က ပုဂ္ဂိုလ်က နှောင့်ယှက်တာပဲဟ၊ ငါအခုပြန်ထုတ်ပေးလိုက်မယ်၊ နောက်ဆို သစ်ပင်တွေလျှောက်မတက်ခိုင်းနဲ့ ဟုတ်ပြီလား”
“အရင်ကလည်း တက်နေကျပါဆရာကြီးရယ်၊ အဲဒီတုန်းက ဘာမှမဖြစ်ပါဘူး”
“ဖြစ်ချိန်တန်တော့ ဖြစ်တာပေါ့ဟ”
ဆရာကြီးက ဒီကလေးကို ရေစင်တိုက်ပြီးကုသပေးလိုက်တယ်၊ ကလေးလေးပြန်ကောင်းပြီး အိမ်ပေါ်ကဆင်းမယ်လည်းလုပ်ရော လှည်းကြီးတစ်စီးက ခြံထဲကိုမောင်းပြီးဝင်ချလာပါရောဗျာ။
“ဆရာကြီးရေ၊ ကျုပ်ဘကြီးကို ကယ်ပါအုံး”
အိမ်ပေါ်မှာ လူမဆန့်လို့ လောလောဆယ်လူနာကို ကွပ်ပျစ်ပေါ်မှာတင်ထားလိုက်ရတယ်၊ မကြာပါဘူး စောင်ကြီးကိုပုခက်လုပ်လို့ ဝါးလုံးကြီးနဲ့လျှိုထမ်းထားတဲ့လူတွေ ခြံထဲဝင်လာပါလေရောဗျာ၊ ပုခက်ထဲမှာ မိန်းမတစ်ယောက်ပါလာတယ်ဗျာ၊ ဘောလုံးကြီးလို ပူဖောင်းနေတဲ့ဗိုက်ကိုလက်နဲ့ပွတ်ပြီးတော့ အသံကုန်ဟစ်ပြီးအော်တယ်ဗျာ၊ ကျုပ်တို့ဖြင့် ဆရာကြီးကို မကူညီနိုင်တော့ဘူး၊ တစ်ယောက်ပြီးတစ်ယောက် ထပ်ရောက်လာတဲ့ လူနာတွေကို နေရာချပေးနေရတော့တယ်။ ဆရာကြီးက လူတစ်ယောက်ကိုကုပြီးလို့ ဆင်းသွားတာနဲ့ လူနာအသစ်နှစ်ယောက်လောက်က ထပ်ရောက်လာရောဗျာ၊ ကွပ်ပျစ်လည်းမဆန့်လို့ သစ်ပင်အောက်မှာ ဖျာကြမ်းကြီးခင်းထားပြီး ကုသရပြန်ပါရော။
မခင်ကြည်နဲ့ နှင်းကြည်တို့တောင် နိုးလာပြီးတော့ ဝိုင်းကူညီနေကြရတယ်ဗျာ၊ ကိုအေးက အိမ်ကိုရောက်လာတဲ့ လူနာတွေနဲ့ ဧည့်သည်တွေကို ရေနွေးကြိုတိုက်၊ ကွမ်းပြင်ပေးနဲ့ ဧည့်ခံနေရတယ်ဗျာ။ မနက်ခင်းကတည်းက ကုလိုက်ရတဲ့လူနာဟာ နေ့ခင်းနှစ်နာရီထိုးတဲ့အထိကို မပြတ်သေးဘူးဗျာ၊ အသစ်ထပ်ရောက်လာတဲ့ လူနာတွေဆိုရင်လည်း ခြံဝိုင်းတောင်မဆန့်တော့လို့ လမ်းပေါ်မှာနေရာချထားပေးရတဲ့အထိကို အုံခဲနေတော့တာပါပဲ၊ မခင်ကြည်တို့ဆိုရင်လည်း အံ့သြနေကြတယ်၊ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်လူနာများတာကို မမြင်ဖူးဘူးတဲ့ဗျာ။
အိမ်ပေါ်မှာ ဆေးကုနေတဲ့အဘကြီးတစ်ယောက်က တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ပွဲကြမ်းတော့တာပဲဗျာ၊ ကျွမ်းတွေပစ်ထိုးပြီးတော့ အိမ်ပေါ်မှာ ဗြောင်းဆန်နေအောင် သောင်းကျန်းတာ၊ ကျုပ်နဲ့ကိုအေးလည်း ပြေးတက်သွားရတယ်၊ အဘကြီးက အသက်ခုနစ်ဆယ်လောက်ရှိပုံရတယ်၊ အရိုးပေါ်အရေတင် ပိန်ပိန်ကလေးဗျ၊ ဒါပေမယ့် နောက်ကျွမ်းထိုးလိုက် ရှေ့ကျွမ်းထိုးလိုက်နဲ့ တော်တော်ကိုသောင်းကျန်းတာ၊ ဆရာကြီးကတော့ ထိုင်ကြည့်နေတယ်။ အဲဒီလူကြီးကို ဘယ်သူမှဝင်မဆွဲရဲဘူးဗျာ၊ သတ္တိကောင်းတဲ့ကိုအေးက ဒီလူကြီးကိုဝင်ဆွဲတယ်၊ ဒီလူကြီးက ကိုအေးကိုလက်ပြန်ရိုက်ထည့်လိုက်တာ ကိုအေးလွင့်ထွက်သွားတယ်ဗျာ၊ အရိုးပေါ်အရေတင်လူရိုက်ထည့်လိုက်တာ ကိုအေးလက်တစ်ဖက်အောင့်ထွက်သွားတယ်။
“ကြိုးကိုင်တွေ ဒီလူ့ကိုချုပ်လိုက်စမ်း”
ဆရာကြီးအမိန့်ပေးလိုက်တော့ ဒီလူကြီးက ငြိမ်ကျသွားတယ်။ နောက်တော့ သူ့သမီးဘက်ကိုလှည့်ကြည့်ပြီး
“သမီး၊ မကုဘူး၊ အဖေမကုဘူး၊ ဒီဆရာက အဖေ့ကိုသတ်မှာ၊ သူက လူသတ်ကောင်”
ဒီလူကြီးက မြင်းဇာရွာသူကြီးရဲ့ ယောက္ခထီးကြီးဗျ၊ သူ့သမီးက သူကြီးကတော်ပေါ့ဗျာ။ သူကြီးကတော်က အဖေဖြစ်သူကိုချော့ပြောတယ်။
“အဖေရယ်၊ ခဏလောက်သည်းခံလိုက်စမ်းပါ၊ ဆရာကြီးက ဒီလိုမဟုတ်ပါဘူး”
ဦးအောင်ရှိန်က သူကြီးကတော်ကိုကြည့်လိုက်ရင်း
“ဒီမယ်သူကြီးကတော်၊ ခင်ဗျားတို့မကုချင်ရင် အခုအချိန်ပြန်ခေါ်သွားလို့ရတယ်နော်”
သူကြီးကတော်က လက်အုပ်ချီပြီးတော့
“မဟုတ်ပါဘူးဆရာကြီးရယ်၊ ဆရာကြီးကုသနိုင်ပါတယ်၊ ကျွန်မအဖေကို ဆရာကြီးလက်ကိုအပ်ပါတယ်”
“ရင်မောင်ရေ၊ ဘုရားကျောင်းဆောင်ပေါ်က မှိုင်းကိုင်စက္ကူနဲ့ဖောင်တိန်ပေးဟေ့”
ကျုပ်လည်း ဆရာကြီးခိုင်းတဲ့အတိုင်းယူပေးလိုက်တယ်၊ ဆရာကြီးက မှိုင်းကိုင်စက္ကူပေါ်မှာ ဖောင်တိန်မင်အနီနဲ့ စမပုံတွေဆွဲတယ်ဗျ၊ စာသားတွေနဲ့ ဘုရားပုံစံလိုမျိုးဆွဲတာ၊ ပါးစပ်ကလည်း ဂါထာတွေရွတ်နေသေးတယ်။ နောက်တော့ စမရွက်ကိုလိပ်လို့ မီးရှို့ပြာချပြီး ရေနဲ့ရောရင်း ဒီလူကြီးကိုတိုက်ထည့်လိုက်တယ်၊ လူကြီးက ရေတွေလည်းသောက်ပြီးရော ပါးစပ်ကနေ ထမင်းရည်လိုအရည်ကြီးတွေအန်ထွက်တယ်ဗျာ၊ နောက်တော့ ဇက်ကျိုးကျပြီးတော့ ငြိမ်ကုပ်သွားပါရော။
“အဖေ၊ အဖေ ဘာဖြစ်တာလဲအဖေရဲ့”
သူကြီးကတော်က သူ့အဖေကိုလှုပ်နှိုးတယ်၊ အနားကရွာသားတစ်ယောက်က အဘကြီးကိုဆွဲလှန်လိုက်တဲ့အချိန်မှာ အဘကြီးအသက်မရှိတော့ဘူးဗျာ။ သူကြီးကတော်က သူ့အဖေကိုအော်ဟစ်ခေါ်နေရင်းနဲ့ ဆရာဦးအောင်ရှိန်ကို ဒေါသတကြီးနဲ့ကြည့်လိုက်တယ်။
“ဆရာကြီးဘယ်လိုလုပ်လိုက်တာလဲ၊ ဘာဖြစ်လို့အဖေ့ကိုသတ်လိုက်ရတာလဲ”
“နင့်အဖေကို ငါသတ်တာမဟုတ်ဘူး၊ သူက နဂိုကတည်းက သေနေတာဟ”
“အပိုတွေမပြောပါနဲ့ဆရာကြီးရယ်၊ ခုမနက်အထိ ဘုရားရှိခိုးတုန်း၊ ဘုရားဆွမ်းတော်ကပ်ကောင်းတုန်း၊ အခုနကလည်း ထမင်းကောင်းကောင်းစားနိုင်နေတုန်းပါပဲ၊ ဆရာကြီးကုလိုက်တာ လက်လွန်သွားလို့ အဖေသေသွားတာမဟုတ်လား”
“ဘာပဲဖြစ်ဖြစ် သူကြီးကတော်က အဖေ့ကိုအပ်ပါတယ်ဆိုပြီး ငါ့လက်ကိုအပ်ထားးတာမဟုတ်ဘူးလား”
“ဒါကတော့ မသေဘူးထင်လို့အပ်တာပေါ့ဆရာကြီးရယ်၊ ဆရာကြီးအခုလိုသတ်လိုက်မယ်မှန်းသိရင် အပ်ပါ့မလား၊ အောင်မယ်လေး အဖြစ်ဆိုးလှချည်လားအဖေရယ်”
သူကြီးကတော်က အော်ဟစ်ငိုကြွေးပြီး လူးပျံနေတာပဲဗျာ၊ ရွာသားတွေလည်း သေသွားတဲ့အဘကြီးအလောင်းကိုဆွဲထုတ်သွားကြတယ်၊ ဆရာဦးအောင်ရှိန်ကိုလည်း မကျေနပ်သလိုလို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့ဗျာ။ ရွာသားတွေက သူကြီးကတော်ကိုလက်နှစ်ဖက်ကတွဲထုတ်သွားကြတယ်၊ သူကြီးကတော်က ထွက်သွားရင်းနဲ့
“အောင်မယ်လေးအဖေရဲ့၊ ဒီလိုဆရာမျိုးဆီမှာ ကုခဲ့မိတာမှားပါပေ့ါလား၊ အဖေ့ကိုမကုဘဲနေရင်အကောင်းသားပါအဖေရယ်၊ အခုတော့ ဆရာ့လက်ချက်နဲ့သေရပါရောလား”
သူကြီးကတော်က ထွက်သွားရင်း အော်သွားသေးသဗျာ၊ ဒီအခါ ခြံံထဲကိုဆေးကုဖို့ရောက်နေတဲ့လူတွေလည်း တစ်ချက်တွန့်သွားကြတယ်၊ ဆရာကြီးက နောက်တစ်ယောက်ကို ကုပေးမယ်လုပ်တော့ လူနာရှင်က လူနာကိုဆွဲထူပြီး
“နေပါစေဆရာကြီး၊ ကျွန်မတို့မကုတော့ပါဘူး ပြန်လိုက်ပါအုံးမယ်”
လူနာရှင်တွေက လူနာတွေကိုသယ်ပြီး ထပြန်ကုန်ကြပါရောဗျာ၊ ဆရာဦးအောင်ရှိန်က ပြတင်းပေါက်ကနေ အိမ်အောက်ကိုလှမ်းကြည့်ပြီး
“ဒီမှာ၊ ခင်ဗျားတို့အားလုံးကို ကျုပ်ပြောမယ်၊ ခင်ဗျားတို့ ကျုပ်ကိုယုံတယ်ဆိုရင်ဆက်ကုပါ၊ မယုံဘူးဆိုရင်ပြန်ပါ၊ ခင်ဗျားတို့သဘောပဲ”
လူနာကိုကုရင်း သေသွားတယ်ဆိုတာကို လူတွေသိကြတော့ ဘယ်ကုချင်ပါ့မလဲဗျာ၊ အကုန်လုံးထပြန်ကုန်တော့တာပေါ့။ တချို့ကတော့ တခြားရွာက ဆရာတွေနဲ့ကုမယ်ဆိုပြီးထွက်သွားလေရဲ့ဗျာ၊ ခုနက လူနာတွေနဲ့ပြည့်လျှံနေတဲ့ခြံဝိုင်းကြီးဟာ အခုတော့လူတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်သွားတော့တယ်၊ ကိုအေးကတော့ လူမိုက်ပီပီ ပြန်သွားတဲ့လူတွေကို ခါးထောက်ကြည့်ရင်း ကလော်ဆဲနေတယ်ဗျာ။
ဆရာကြီးက မတ်တပ်ရပ်နေရင်း ယိုင်လဲမလိုဖြစ်သွားလို့ ကျုပ်ဖြင့်ပြေးဆွဲထားလိုက်ရတယ်။
“ဆရာကြီး ဘယ်လိုဖြစ်တာလဲဗျာ”
“စုန်းမက ငါ့ကိုချောက်ချသွားပြီဟေ့၊ ဒီလူက အိမ်ပေါ်အတက်မှာပဲ စုန်းမသတ်လို့သေပြီးနေပြီကွ”
“စိတ်ထိန်းပါဆရာကြီးရယ်၊ အကောင်းဘက်ကနေကြည့်ရင် ဆရာကြီးအနားရတာပေါ့ဗျ၊ မဟုတ်ဘူးလား”
ဆရာကြီးက တစ်နေ့လုံးဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီး လူနာကုနေရတာ ထမင်းထမစားနိုင်၊ ရေမသောက်၊ အပေါ့အပါးမသွားနိုင်ဖြစ်နေတယ်ဗျာ၊ လက်ကလည်း ဓါးဒဏ်ရာကြီးနဲ့ဆိုတော့ တော်တော်ပင်ပန်းနေပြီပေါ့ဗျာ၊ ဆရာကြီးမျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေတယ်။
“ငါ ဒီစုန်းကိုမနိုင်ဘူးထင်ပါတယ် ရင်မောင်ရာ”
“ဆရာကြီးရယ်၊ စိတ်မလျော့လိုက်ပါနဲ့၊ ဆရာကြီးပဲပြောဖူးတယ်မဟုတ်လား၊ မကောင်းမှုဆိုတာ ကောင်းမှုကိုမနိုင်ဘူးဆိုတာလေ၊ ဆရာကြီးခဏနားလိုက်ပါအုံးဗျာ”
ဆရာဦးအောင်ရှိန်ကို တွဲခေါ်သွားပြီးတော့ ကုတင်ပေါ်ကိုတင်ပြီးလှဲချပေးလိုက်တယ်၊ ဆရာကြီးက ခရီးပန်းလာတဲ့ဒဏ်ရော၊ စုန်းမပေးတဲ့စိတ်ဒဏ်ရာရော၊ လူနာတွေကို ကုရတာရောကြောင့် တော်တော်ပင်ပန်းနေတဲ့ပုံပဲဗျာ။
(၃)
ညနေစောင်းသွားတော့ တစ်ရွာမှာဆေးသွားကုတဲ့လူတွေပြန်လာကြတယ်၊ အိမ်ရှေ့ကနေဖြတ်ရင်း
“အောင်မယ်လေး ကျောရွာက ဆရာလေးစွမ်းချက်တော် လူနာကိုလက်နဲ့သပ်ချလိုက်တာ တစ်ချက်တည်းကောင်းသွားရောပဲ”
“စိုင်ဒူးက အောက်လမ်းဆရာကြီးဆိုရင်လည်း လူနာကိုတစ်ချက်ပဲကြည့်တယ် တန်းပြီးကောင်းသွားတော့တာပဲ”
“ဟုတ်ပ၊ ဒီရွာက ဆရာကြီးဆိုတဲ့လူကျတော့ လူနာကိုသေအောင်ကုသတဲ့”
“ဒါကြောင့် ကျုပ်ပြောဖူးပါတယ်၊ ဒီလူက ဆရာကြီး၊ ဆရာကြီးနဲ့ အလကား ဖွတ်ကျားဆရာကြီးပါလို့”
“ဒါပေါ့အေ၊ ဆရာသာလုပ်နေပြီး ငွေမရှာနိုင်လို့ မိန်းမကတစ်နယ်တစ်ကျေးထွက်ပြီး လုပ်ကျွေးတာကို အခန့်သားထိုင်စားနေတာပေါ့အေ့”
“ယောက်ျားဖြစ်ပြီး ကိုယ့်မိသားစုကိုယ်တောင် ဦးမဆောင်နိုင်တဲ့လူကို ခင်ဗျားတို့က ဆရာဆိုပြီး ကန်တော့နေကြတာကိုက ခင်ဗျားတို့အမှားပဲ၊ ဒီလူက မိန်းမထဘီနား ခိုစားနေတဲ့လူကြီးပဲ”
ခြံပြင်ကနေ ကျုပ်တို့ကိုမကြားတကြားစောင်းပြောတာဗျ၊ ကိုအေးက ဒီအသံတွေကြားတော့ လှေကားရင်းက ဝါးလုံးပိုင်းဆွဲပြီးပြေးထွက်သွားတယ်။ ကိုအေးလက်လွန်ကုန်မှာစိုးတာနဲ့ ကျုပ်လည်းသူ့အနောက်ပြေးလိုက်လာခဲ့ရတယ်။
“ဟေ့လူတွေ ခင်ဗျားတို့ဘာတွေပြောနေကြတာလဲ”
ကိုအေးက ဝါးလုံးကြီးနဲ့ရိုက်မယ်ဆိုပြီးပြင်တော့
“တွေ့တယ်မဟုတ်လား၊ အခုတော့ လူမိုက်ကိုတောင် လက်သပ်မွေးထားပြီး ရိုက်ပုတ်ဖို့ခိုင်းစေနေပြီပေါ့”
“ဟာ၊ ခင်ဗျားတို့တော့ ကျုပ်ရိုက်ရင်အကုန်သေကုန်တော့မယ်”
“ဟဲ့ငအေး၊ နင်ကောက်ရိုးပုံစောင့်တဲ့နွားလိုလုပ်မနေနဲ့၊ နင့်အမေသေရတာ အဲဒီဆရာကြောင့်ဟဲ့၊ သူ့ကိုယ်သူ ဆရာ၊ ဆရာနဲ့ နင့်အမေကိုတောင် ကာကွယ်ပေးနိုင်တာမဟုတ်ဘဲနဲ့၊ နင်က အမေကျော်ပြီး ဒွေးတော်မလွမ်းချင်စမ်းပါနဲ့ ငအေးရာ”
ဒီမိန်းမကြီးပြောတော့ ကိုအေးလက်တွေ တဆတ်ဆတ်တုန်လာတယ်ဗျာ၊ နောက်တော့ ဝါးလုံးပိုင်းကြီးကို မြှောက်တင်လိုက်တယ်၊ ကျုပ်က ကိုအေးလက်ကိုပြေးဆွဲရတာပေါ့ဗျာ။
“မလုပ်ပါနဲ့ ကိုအေးရာ၊ လွန်ကုန်ပါ့မယ်ဗျ”
ကိုအေးက ဝါးလုံးပိုင်းကို မြေပေါ်ကို ဘုတ်ခနဲပစ်ချပြီးတော့ ခြေလှမ်းကျဲကြီးနဲ့ထွက်သွားပါရောဗျာ၊ ဟိုမိန်းမတွေ၊ ယောက်ျားတွေက ကျုပ်ကိုမဲ့ရွဲ့ပြီးတော့ ကြည့်နေကြတယ်၊ ကျုပ်လည်းသူတို့မျက်နှာတွေ မကြည့်ချင်တာနဲ့ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
ဆရာဦးအောင်ရှိန်ကတော့ မှေးနေတုန်းပဲဗျ၊ တဖြည်းဖြည်းနဲ့ မိုးတောင်ချုပ်လာခဲ့ပြီဗျာ၊ မခင်ကြည်က ဆန်ပြုတ်တစ်ခွက်ပြုတ်ပြီး ယူလာခဲ့တယ်၊
“အဖေ၊ ဆန်ပြုတ်လေးသောက်လိုက်ပါအုံး၊ တစ်နေ့လုံးလည်း ဘာမှမစားရသေးဘူးမဟုတ်လား”
“အဖေမစားချင်ဘူး သမီးကြီး”
မခင်ကြည်က သက်ပြင်းချလိုက်တယ်၊ ဒီအခါ နှင်းကြည်က
“ရွာကလူတွေအကုန်လုံးကလည်း အဖေ့မကောင်းကြောင်းတွေ ပြောဆိုနေကြပြီအဖေရဲ့၊ သမီးဖြင့်ရှက်လို့ ရွာထဲတောင်မသွားရဲတော့ဘူး”
နှင်းကြည်က ဘုမသိဘမသိနဲ့ဝင်ပြောလို့ မခင်ကြည်က နှင်းကြည်ရဲ့ ခေါင်းကို ဒေါင်ခနဲခေါက်ထည့်လိုက်တယ်။
“စားစရာရှိတာ စားလိုက်ပါအဖေရဲ့”
“ဟုတ်ပါတယ်ဆရာကြီးရယ်၊ ဆရာကြီး တစ်ခုခုစားမှ အားရှိမှာပေါ့ဆရာကြီးရ”
ကျုပ်က ဆရာဦးအောင်ရှိန်ကို ကုတင်ပေါ်ကနေဆွဲထူလိုက်တယ်၊ ဆရာကြီးရဲ့ကျောကုန်းအနောက်မှာ ခေါင်းအုံးတစ်လုံးခုပေးပြီးတော့ ဆရာကြီးကိုမှီခိုင်းထားလိုက်တယ်၊ မခင်ကြည်က ဆရာကြီးကို ဆန်ပြုတ်ခွံ့ကျွေးတယ်၊ ဆရာကြီးပုံကိုကြည့်ရတာသိပ်အားမရဘူးဗျာ။ မခင်ကြည်က ခွံ့ကျွေးနေရင်း
“ရွာကလူတွေလည်း အဖေ့ကိုတစ်ခွန်းမှ အကောင်းမပြောတော့ပါဘူးအဖေရယ်၊ အဖေဒီလောက်ဆို ကိုယ့်လုပ်ရပ်တွေကို ကိုယ်ပြန်သုံးသပ်သင့်နေပါပြီ”
ဆရာကြီးက သောက်လက်စဆန်ပြုတ်ကို ဂလုခနဲမြိုချလိုက်ရင်း
“အဖေက ဘာကိုပြန်သုံးသပ်ရမှာလဲ”
“လူနာကုတယ်၊ ခုနစ်ရက်သားသမီးတွေကို ကယ်တင်တယ်ဆိုပြီး အဖေပေါပေါပဲပဲလုပ်သင့်တာတွေ ရပ်သင့်ပြီ၊ အဖေဘယ်လောက်လုပ်လုပ် လူတွေက အဖေ့ကိုအကောင်းမြင်ကြတာမှမဟုတ်ဘဲအဖေရဲ့၊ အဖေက စေတနာရှိလို့ အခကြေးငွေမယူဘဲ ကုပေးတာတောင်မှ အခုလူတွေက အဖေ့ကိုစီးပွားမရှာနိုင်ဘူးဆိုပြီး ပြောနေကြပြီမဟုတ်လား၊ အခုအဖေ့မကောင်းကြောင်းပြောတဲ့လူတွေအကုန်လုံးကလည်း အရင်တုန်းက အဖေကုပေးခဲ့တဲ့လူတွေချည်းပါပဲ၊ ခြေနှစ်ချောင်း မကယ်ကောင်းဆိုတဲ့ စာဆိုရှိတယ်မဟုတ်လားအဖေ၊ အဖေလူတွေကယ်တာကို ရပ်တန့်လိုက်ပါ”
“ဒီမယ် သမီးကြီး၊ အဖေဒီလိုလူတွေကို ကယ်တင်နေတာ လူတွေဆီက ငွေကြေးလိုချင်လို့ကုနေတာမဟုတ်ဘူး၊ လူတွေအကောင်းပြောတာခံချင်လို့ ကုသပေးနေတာမှမဟုတ်တာပဲသမီးရဲ့၊ ဆရာတစ်ယောက်နဲ့တစ်ယောက်တော့ ခံယူချက်ဘယ်တူပါ့မလဲကွယ်၊ အဖေကတော့ ဒီအတွက်စိတ်ရှင်းပါတယ်”
“အဖေက တကယ်ပဲ ဒီလိုစိတ်ရှိနေတာကိုအံ့သြတယ်အဖေ”
“မြင့်မြတ်တဲ့စိတ်ထားဆိုတာ လူတိုင်းမှာမရှိဘူးသမီးရဲ့၊ ဒါကြောင့် ဒီလူတွေနဲ့သွားပြီးယှဉ်နေလို့မရဘူး၊ သူတို့ပြောချင်တာပြောပါစေ၊ အဖေကတော့ အဖေ့ရဲ့ရပ်တည်ချက် ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးသမီးကြီး”
“အဖေဒီလိုဖြစ်လာတာ ဘယ်သူ့လက်ချက်မှ မဟုတ်ဘူးအဖေ၊ အားလုံးဟာ အဖေ့ကြောင့်ပဲ၊ အဖေက လူတွေကိုကုသတယ်၊ ကယ်တင်တယ်ဆိုပြီး စုန်းတွေနဲ့ရန်ငြိုးဖွဲ့ခဲ့တယ်၊ စုန်းတွေလုပ်လို့ အဖေအခုလိုဖြစ်ခဲ့ရပြီမဟုတ်လား၊ သမီးတို့ရူးတာ အဖေ့ကြောင့်ပဲ၊ သမီးသေမလိုဖြစ်တာ အဖေ့ကြောင့်ပဲ”
ဆရာကြီးက ဘာမှဆက်မပြောတော့ဘဲ ခေါင်းငိုက်စိုက်ကျနေတယ်ဗျာ။ မခင်ကြည်ကတော့ သူ့အဖေဆရာဖြစ်နေတဲ့အပေါ်မှာ နည်းနည်းခံစားချက်ရှိနေပုံပဲ။
“အဖေက ဘာမှအားမကိုးရဘူး၊ သမီးတို့ငယ်ငယ်တုန်းကလည်း သမီးတို့ကိုပစ်ပြီးထွက်သွားသေးတယ်၊ သမီးတို့ ဘယ်လောက်ရုန်းကန်ခဲ့ရတယ်၊ လှုပ်ရှားခဲ့ရတယ်ဆိုတာကို အဖေနားမလည်ဘူး၊ အိမ်ပြန်ရောက်လာတော့လည်း အဖေဟာ အိမ်ထောင်ဦးစီးတစ်ယောက်ပီပီ အိမ်ကိစ္စတွေကို ဘာမှဦးမဆောင်နိုင်ခဲ့ဘူး၊ ဒါ့အပြင် အဖေလုပ်ချင်တာတွေလုပ်တယ်၊ လူတွေကယ်တယ်ဆိုပြီး ခရီးတွေထွက်နေတယ်၊ အိမ်ကိစ္စအကုန်လုံးကို အမေကပဲ မိန်းမတန်မဲ့လုပ်ကိုင်နေရတယ်အဖေ”
ဆရာကြီးရဲ့မျက်လုံးတစ်ဖက်ကနေ မျက်ရည်တစ်ပေါက်က စီးကျလာတယ်ဗျ။
“အဖေ့ကို အမေစိတ်နာတာလည်းမပြောနဲ့လေ၊ အဖေ့လုပ်ပုံက ဟုတ်ရောဟုတ်သေးလို့လား၊ ဒါကြောင့်နေမှာ အမေက အိမ်မကပ်ဘဲ စီးပွားရေးလုပ်တယ်ဆိုပြီး အိမ်ကနေရှောင်ထွက်နေခဲ့တာ၊ သူများတွေကပြောနေကြပြီအဖေ၊ အမေက တခြားနေရာမှာ လူတစ်ယောက်နဲ့ငြိစွန်းနေတယ်တဲ့၊ တကယ်ငြိစွန်းတယ်ဆိုရင်လည်း သမီးကတော့ အမေ့ကို အပြစ်မတင်ချင်ပါဘူး၊ အားနွဲ့တဲ့မိန်းမသားဆိုတာ အားကိုးလိုချင်ကြတာချည်းပဲအဖေ၊ ဒါပေမယ့် အဖေက အားကိုးလောက်တဲ့ အိမ်ထောင်ဦးစီးမဟုတ်ခဲ့ဘူး၊ အားကိုးအားထားလောက်တဲ့ ဖခင်တစ်ယောက်လည်းမဟုတ်ခဲ့ဘူး”
မခင်ကြည်က ပြောရင်းနဲ့ဒေါသတွေထွက်လာတယ်ဗျ၊ နောက်တော့ မတ်တပ်ရပ်လိုက်ပြီး
“သမီးဒီတစ်ခါ ကုန်ကုန်ပြောမယ်အဖေ၊ အဖေ ဒီဘိုးတော်ယောင်ယောင်လုပ်နေတာတွေကို စွန့်လွှတ်ရင် စွန့်လွှတ်၊ မဟုတ်ရင်တော့ အဖေ့ရဲ့မိသားစုကို စွန့်လွှတ်လိုက်ရလိမ့်မယ်”
ဆရာဦးအောင်ရှိန်က စကားပြောဖို့အားအတော်ယူနေရတယ်။
“အဖေကလည်း နောက်ဆုံးအထိပြောလိုက်မယ်သမီး၊ ဘယ်သူ့ကိုစွန့်လွတ်ရ စွန့်လွတ်ရ၊ ဘာကိုပဲ စွန့်လွတ်ရ၊ စွန့်လွတ်ရ၊ အဖေဒီအလုပ်ကို မစွန့်လွတ်နိုင်ဘူး”
မခင်ကြည်ရဲ့ မျက်နှာထားက တော်တော်မာသွားတာဗျာ။
“ကောင်းပြီအဖေ၊ အဖေ့ရဲ့စိတ်ဓါတ်ကို စောစောသိလိုက်ရတဲ့အတွက် သမီးကျေနပ်ပါပြီ၊ သမီးအခုအိမ်ပေါ်ကဆင်းမယ်၊ ကိုတိုးတက်ကို ဂန့်ဂေါလိုက်ပို့ခိုင်းမယ်၊ ဂန့်ဂေါက ဒေါ်ကြီးတွေအိမ်မှာ သွားနေမယ်အဖေ”
မခင်ကြည်က အဲဒီလိုပြောလိုက်ပြီးတော့ လှည့်ထွက်သွားတယ်။ အခန်းအဝကိုရောက်တော့မှ
“ဟဲ့နှင်းကြည်၊ နင်ကရော ဒီမှာနေခဲ့ချင်တာလား”
နှင်းကြည်က ခေါင်းကုပ်ရင်း မခင်ကြည်အနောက်ကိုပြေးလိုက်သွားတယ်ဗျာ၊ မခင်ကြည်တို့ အထုပ်အပိုးတွေပြင်ပြီး အိမ်ကနေထွက်သွားကြတယ်၊ အထုပ်အပိုးကတော့ သိပ်မပါပါဘူးဗျာ၊ ကျုပ်လည်း မနေသာတော့ဘူးလေဗျာ၊ ဒါနဲ့ မခင်ကြည်တို့ကို လိုက်တားရတာပေါ့။
“အမခင်ကြည်၊ နေကြပါအုံးဗျာ၊ သွားမယ်ဆိုရင်လည်း မနက်မှသွားကြပါလားဗျာ၊ ဆရာကြီးကလည်း သိပ်ကျန်းမာတာမဟုတ်ဘူးဗျ”
“ဟဲ့ရင်မောင်၊ ငါတို့မကျန်းမာတုန်းကရော အဖေက ဘေးနားကနေ ဘယ်နှခါပြုစုပေးဖူးခဲ့သလဲဟဲ့”
“ဒါတော့ ဒါပေါ့အမခင်ကြည်ရာ၊ ဆရာကြီးလုပ်နေတာကလည်း မကောင်းတဲ့အလုပ်မှမဟုတ်တာ၊ မွန်မြတ်တဲ့အလုပ်တွေပါ”
“အေးပါ၊ နင်တို့ပဲသူတော်ကောင်း၊ ငါတို့က သူယုတ်မာမတွေ ဟုတ်ပြီလား၊ သွားမယ်၊ ငါတို့သွားဖြစ်အောင်သွားမယ်၊ ဒီအချိန်မှာ သိကြားမင်းဆင်းတာရင်တောင် တားလို့မရတော့ဘူးရင်မောင်ရဲ့”
မခင်ကြည်တို့ညီအမက အိမ်ကနေထွက်သွားကြပါရောဗျာ၊ ကျုပ်ဖြင့် ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာကိုမသိတော့ဘူး၊ စုန်းမရဲ့အရေးကတစ်ဖက်၊ အခု မိသားစုအရေးကတစ်ဖက်ဆိုတော့ ဘယ်လိုလုပ်ကြရမလဲဗျာ၊ ဒီကြားထဲ ပတ်ဝန်းကျင်ကလူတွေအကုန်လုံးက မကောင်းဝိုင်းပြောနေသေးတယ်မဟုတ်လား၊ ဒီတစ်ခါရိုက်ချက်က တော်တော့်ကို ကြီးသွားပြီဗျ။
ကျုပ်အိမ်ပေါ်ကို ပြန်တက်လာတော့ ဆရာကြီးက အိပ်ရာပေါ်မှာ ငူငူကြီးထိုင်နေတယ်။
“ရင်မောင်၊ ငါလုပ်တာမှန်ရဲ့လားကွ”
ကျုပ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး
“ကျွန်တော်လည်း ဘာပြောရမှန်းကိုမသိတော့ပါဘူးဆရာကြီးရာ၊ ဆရာကြီးဘက်ကကြည့်ရင်လည်း ဆရာကြီးမှန်ပါတယ်၊ ဒီပညာတွေဆိုတာ ဆရာကြီးသိပ်တန်ဖိုးထားတဲ့အရာတွေမဟုတ်လား၊ ဒါကို လွယ်လွယ်နဲ့ဘယ်စွန့်လို့ရပါ့မလဲ၊ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ မခင်ကြည်ပြောတာလည်း ဟုတ်နေတာပဲ”
“ဝိဇ္ဇာဓရလမ်းစဉ်ပဲဖြစ်ဖြစ်၊ လောကုတ္တရာလမ်းစဉ်ပဲဖြစ်ဖြစ် ဒီလမ်းစဉ်ကျင့်စဉ်တွေဆိုတာ တစ်ဦးတစ်ယောက်တည်းကျင့်ရတဲ့ ပုဂ္ဂလိက ကျင့်စဉ်တွေပဲ ရင်မောင်ရ၊ ဒီကျင့်စဉ်တွေကို ကျင့်ရတဲ့သူအဖို့မှာ မိသားစုတွေ၊ ရွှေငွေဥစ္စာဓနတွေ၊ ရာထူးဂုဏ်သိမ်တွေကို စွန့်လွှတ်ပြီးကျင့်ရတာမျိုးပဲကွ၊ ငါက ဒီမိသားစုကို တစ်ခါစွန့်ပြီးသွားပါပြီကွာ၊ ငါအကုန်စိတ်ပိုင်းဖြတ်ပြီးသားပါ ရင်မောင်ရ၊ ဒီအတွက် ငါဘယ်သူ့ကိုမှအပြစ်မတင်ပါဘူးကွာ၊ ငါကတော့ ငါလုပ်စရာရှိတဲ့အတိုင်း ငါလျှောက်ရမယ့်လမ်းကို ဆက်လျှောက်နေမှာပါပဲ”
“ဆရာကြီးပြောတာ မှန်ပါတယ်ဗျာ၊ ဆရာကြီးလည်း အားတင်းထားစမ်းပါ၊ ကျွန်တော်ကတော့ ဒါတွေအားလုံးက ဟိုစုန်းမကြောင့်လို့ပဲထင်တယ်၊ ဒီစုန်းမဟာ ကျွန်တော်တို့ကို ပညာပိုင်းဆိုင်ရာအရရော၊ လူမှုရေးပိုင်းဆိုင်ရာ အရပါ တိုက်ခိုက်နေတာအမှန်ပဲဆရာကြီးရ၊ ဘုရားပျံတွေရဲ့လမ်းစဉ်မှာ စုန်းကိုရှုံံးနိမ့်တယ်ဆိုတာ မရှိပါဘူးဆရာကြီးရာ၊ ကျွန်တော်တို့ နိုင်ကိုနိုင်မှာပါဗျ”
ဆရာကြီးက ခေါင်းညိတ်ပြီးပြန်အိပ်ဖို့လုပ်တယ်၊ ကျုပ်ကတော့ ဆရာကြီးအနားမှာစောင့်ပြီး ယပ်ခပ်ပေးနေလိုက်တယ်၊ ညည့်နက်လာတော့ ရွာထိပ်က သီချင်းဆိုသံတွေကြားရသဗျာ။ ဆရာကြီးက သီချင်းဆိုသံတွေကိုနားထောင်ရင်း
“ဘယ်က သီချင်းတွေဆိုနေတာလဲကွ ရင်မောင်ရ”
“ဘွားနွဲ့ကြီးသေတော့ ရွာထဲမသွင်းဘဲ ရွာထိပ်မှာ အလောင်းစင်ပြင်ထားတယ်မဟုတ်လား ဆရာကြီးရ၊ ကာလသားတွေက မသာစောင့်နေရင်း သီချင်းဆိုနေပုံရတယ်ဗျ”
ဆရာဦးအောင်ရှိန်က ခေါင်းညိတ်ပြီးတော့ အိပ်သွားတယ်၊ ကျုပ်လည်း ဆရာကြီးကိုယပ်ခပ်ပေးနေရင်း တစ်ချက်ငိုက်ကျသွားတယ်ဗျာ။ နားထဲမှာ ခေါ်သံကြားတော့မှ လန့်နိုးသွားတယ်၊ ခေါ်နှိုးနေတာ ဆရာကြီးဖြစ်နေတယ်ဗျ။
“ရင်မောင်ရေ ထစမ်းပါအုံးကွာ မင်းကလဲ”
“ဗျာ၊ ဆရာကြီး ဘာလိုလို့လဲ၊ ဘာယူပေးရမလဲ”
“ဘာမှတော့မလိုပါဘူးကွာ၊ ငါတစ်ခုစဉ်းစားမိတာရှိလို့ပါ”
“ဆရာကြီးနှယ် ညည့်နက်သန်းခေါင်ကြီး ဘာတွေစဉ်းစားနေပြန်တာလဲ”
“ဒီနေ့ဘာနေ့လဲရင်မောင်ရ”
“ဒီနေ့က စနေနေ့လေဆရာကြီး၊ ဗမာလိုကတော့ လဆန်း ကိုးရက်နေ့ထင်တာပဲ”
“ဟုတ်ပြီ၊ ဒေါ်နွဲ့က ဘာနေ့သမီးလဲ”
“ဒေါ်နွဲ့ပါဆိုနေမှ စနေသမီးပေါ့ဆရာကြီး”
“အေး၊ ဒေါ်နွဲ့က စနေသမီး၊ ဒီနေ့ကလည်း လဆန်းကိုးရက် စနေနေ့၊ ဗမာလို ကိုးစနေဆိုတာကျတယ်”
“တိုက်ဆိုင်လိုက်တာဆရာကြီးရယ်”
“ကိုးစနေကျတဲ့နေ့မှာ စနေသမီးသေရင် စမျဉ်းတိုင်စုန်းတွေက လူသေရဲ့အသားကိုစီရင်ပြီး ပညာအဆင့်တက်အောင်လုပ်တတ်ကြသတဲ့ကွ”
“စမျဉ်းတိုင်စုန်းဆိုတာ ဘာကိုပြောတာလဲဆရာကြီး”
“စုန်းကိုးဆယ့်ကိုးမျိုးထဲမှာ စမျဉ်းတိုင်စုန်းက တစ်မျိုးပဲကွ၊ စမျဉ်းတိုင်စုန်းခြောက်မျိုးရှိသတဲ့၊ စမျဉ်းတိုင်ဆိုတာ အစိမ်းသေတွေကို ရွာပြင်ထုတ်တဲ့အခါ အလောင်းကိုတင်ဖို့အတွက် တိုင်လေးတိုင်စိုက်ပြီး အလောင်းစင်ထိုးကြတယ်မဟုတ်လား၊ အဲဒီအလောင်းစင်က တိုင်လေးတိုင်ကို စမျဉ်းတိုင်လို့ခေါ်တယ်၊ စမျဉ်းတိုင်တွေထဲမှာ လူသေခေါင်းရင်းးညာဘက်က စမျဉ်းတိုင်ခေါင်တိုင်ဟာ ပိုအစွမ်းထက်တယ်၊ စမျဉ်းတိုင်စုန်းတွေဟာ လူသေအခေါင်းရဲ့အပေါ်မှာ မိုးထားတဲ့ ငှက်ချေးခံပိတ်စကို ဝတ်ရုံလိုခြုံလွမ်းထားတယ်ကွ”
“ငှက်ချေးခံလို့ဘာကြောင့်ခေါ်တာလဲဆရာကြီး”
“အစိမ်းသေတွေကို ဒီအတိုင်းခေါင်းနဲ့ထားရင် ငှက်တွေကျီးတွေက မြင်ရင်ထိုးဆိတ်ကြမယ်လေကွာ၊ နောက်ပြီးတော့ သေဆုံးသွားတဲ့ လူသေရဲ့အခေါင်းပေါ်ကို ကျီးကန်းက ချေးပါချရင်၊ လင်းတကချေးပါချရင် အဲဒီငှက်ချေးထိတဲ့အလောင်းကောင်ဟာ ဖုတ်ကောင်ကြီးဖြစ်သွားတတ်တယ်ဆိုတဲ့အယူရှိတယ်ကွ၊ ဒါကြောင့် အခေါင်းပေါ်ကနေ ငှက်ချေးခံကို ဟိုဘက်ဒီဘက်အပြားလိုက်ဖြန့်ပြီးခံထားတတ်တာမျိုးကွ၊ ခုခေတ်တော့ ငှက်ချေးခံကိုသိပ်မသုံးကြတော့ဘူး၊ ရှေးကတော့ သုံးတာများတယ်”
“နားလည်ပါပြီဆရာကြီး”
“စမျဉ်းတိုင်စုန်းတွေဟာ လူသေနဲ့ပတ်သက်ပြီး အစီအရင်တွေလုပ်ကြတယ်၊ ဒါပေမယ့် သူတို့ကြိုက်တာကတော့ မြေဓါတ်ပဲကွ၊ စမျဉ်းတိုင်စုန်းခြောက်မျိုးထဲမှာ မြေချဉ်စား၊ မြေစပ်စား၊ မြေပုပ်စား၊ မြေဖန်စား၊ မြေချိုစားနဲ့ မြေခါးစားဆိုပြီးရှိတယ်၊ ပြောရရင်တော့ အစားအသောက်ပုံစံအပေါ်မူတည်ပြီးတော့ အမျိုးအစားခွဲခြားထားတာပေါ့ကွာ”
ဆရာကြီးက ချောင်းတစ်ချက်ဆိုးလိုက်ပြီး
“စမျဉ်းတိုင်စုန်းတွေဟာ ခြေသလုံးအိမ်တိုင်လှည့်လည်ပြီး လူသေရှာကြတယ်ကွ၊ လူသေတွေ့ရင် သူတို့ပညာအဆင့်တက်ဖို့ အစီအရင်တွေလုပ်ကြတယ်၊ အဲဒီလို အစီအရင်လုပ်ခံရတဲ့ရွာဟာ လူခုနစ်ယောက်တိတိအစိမ်းသေ သေကြရသတဲ့ကွ”
“ဒါဆို . . . မဟုတ်မှလွဲရော ဘွားနွဲ့ကြီးအလောင်းကို စမျဉ်းတိုင်စုန်းတွေများ အစီအရင်လာလုပ်ကြရင် ဒုက္ခပဲနော်”
“ဒါကြောင့် မင်းကိုခေါ်နှိုးတာပေါ့ကွ၊ ရင်မောင်ရ၊ မင်းနဲ့ငါ ရွာထိပ်ထွက်ကြစို့ကွာ၊ စုန်းမတွေ အစီအရင်မလုပ်နိုင်အောင် သွားလုပ်ရမယ်ကွ”
ဆရာဦးအောင်ရှိန်က အိပ်ရာပေါ်ကနေကုန်းထတယ်ဗျာ၊ ဒါပေမယ့် အားမရှိတော့ မထနိုင်ဘူးဖြစ်နေတယ်။ ကျုပ်က ဆရာကြီးကိုတားလိုက်ပြီး
“နေပါစေဆရာကြီး၊ ဆရာကြီးမသွားနိုင်ရင် ကျွန်တော်ပဲသွားလိုက်ပါ့မယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာကိုသာပြောပါ”
“စမျဉ်းတိုင်ခေါင်တိုင်ကို ထုံးနဲ့သွားကွင်းရမယ်ရင်မောင်ရ၊ ထုံးကွင်းထားတဲ့ စမျဉ်းတိုင်ကို စုန်းတွေအသုံးပြုလို့မရဘူးကွ”
“လွယ်ပါတယ်ဆရာကြီးရယ်၊ ကျွန်တော်အခုပဲသွားပြီး ထုံးကွင်းလိုက်ပါ့မယ်”
ကျုပ်အခန်းထဲကပြေးထွက်ဖို့လုပ်တော့ ဆရာကြီးက
“နေအုံးရင်မောင်၊ ဒီကိုလာအုံး”
ကျုပ်ဆရာကြီးနားကိုပြေးသွားလိုက်တယ်။
“မင်းလက်ကိုပေးစမ်း”
ကျုပ်ရဲ့ညာဘက်လက်ကိုဆရာကြီးကိုလှမ်းပေးလိုက်တယ်ဗျ၊ ဆရာကြီးက ကျုပ်ညာဘက်လက်ဖဝါးကို ပက်လက်လှန်လိုက်ပြီးတော့ သူ့ညာဘက်လက်ဖဝါးနဲ့အုပ်ပြီးကိုင်လိုက်တယ်၊ နောက်တော့ ပါးစပ်က တစ်ခုခုရွတ်ပြီး ကျုပ်လက်ကို ဖြောင်းခနဲရိုက်ချလိုက်တယ်။
“မင်းကို ငါ့ပညာတစ်ချို့အပ်လိုက်ပြီရင်မောင်ရေ၊ မဟုတ်တာမလုပ်နဲ့ ကြားလား”
လက်ဝါးချင်းရိုက်ပြီး ပညာပေးတယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်ဗျ၊ ကျုပ်စိတ်ထဲ အားတွေရှိလာတယ်၊ ထူးဆန်းတဲ့စွမ်းအားတွေက ကျုပ်ကိုယ်လုံးထဲမှာ စီးဝင်နေကြသလိုပဲဗျာ။ ထုံးဘူးယူပြီးတော့ ကျုပ်အိမ်ပေါ်ကနေပြေးဆင်းလာခဲ့လိုက်တယ်။
ရွာထိပ်နဲ့နီးလာလေလေ ကာလသားတွေရဲ့ သီချင်းဆိုသံတွေကို ကြားရလေလေပါပဲဗျာ။ ကာလသားတစ်ယောက်က မယ်ဒလင်ကို တဒေါင်ဒေါင်နဲ့တီးနေသေးတယ်၊ ဒါပေမယ့် ရွာထိပ်ရောက်တော့မှ ကျုပ်အံ့သြသွားမိတယ်ဗျာ၊ ကာလသားတွေက သီချင်းတွေဆိုနေကြ၊ မယ်ဒလင်တွေ တီးနေကြပေမယ့် မျက်လုံးကြီးတွေက မှိတ်လို့ဗျ။
ဘာတွေဖြစ်နေတာလဲဆိုပြီး ကျုပ်အနားကိုကပ်သွားလိုက်တယ်၊ ဒီအချိန် အလောင်းစင်ကြီးအနားမှာ ဝတ်ရုံဖြူကြီးတွေဝတ်ထားတဲ့ မိန်းမသုံးယောက်က မတ်တပ်ရပ်နေကြတယ်ဗျာ၊ နောက်မိန်းမတစ်ယောက်ကတော့ ကာလသားတွေအနားမှာ မတ်တပ်ရပ်ပြီးတော့ တစ်ခုခုအမိန့်ပေးနေသလိုပဲ၊ ကျုပ်စိတ်ထင်တော့ ကာလသားတွေကို စိတ်ညှို့ထားတာလား၊ အိပ်မွေ့ချထားတာလားပဲဗျာ။ ဒါကြောင့် ဟိုလူတွေက တီးနေဆိုနေကြပေမယ့် မျက်လုံးကြီးတွေစုံမှိတ်နေတာဗျို့။
မိန်းမသုံးယောက်က အလောင်းစင်ကို သုံးပတ်လောက်လှည့်ပတ်နေတယ်ဗျ၊ လက်ထဲမှာလည်း တောင်ဝှေးတွေကိုင်ထားကြတယ်၊ တစ်ယောက်ကတော့ တောင်ဝှေးမပါဘူးဗျို့၊ သုံးပတ်လှည့်ပြီးတော့ အလောင်းစင်ရဲ့ ညာဘက်ခေါင်းရင်းခြမ်းက စမျဉ်းတိုင်အနားမှာ ရပ်လိုက်ကြတယ်။
“ဟဲ့ မလုံး၊ နင့်မှာ တောင်ဝှေးမရှိသေးဘူးဆိုတော့ ဒီစမျဉ်းတိုင်က နင့်အတွက်တောင်ဝှေးပေါ့ဟဲ့”
“ကျေးဇူးပါ မမကြီး”
“ဒီကောင်တွေ နိုးမလာခင် ဒီတိုင်ကိုအစားထိုးကြရအောင်”
“နေအုံး၊ အရင်ဆုံး သေသွားတဲ့စုန်းမကြီးရဲ့ ဝိညာဉ်ကို ဒီစမျဉ်းတိုင်ထဲ ချုပ်ထည့်ရအုံးမယ်”
သူတို့အချင်းချင်းပြောဆိုနေတယ်ဗျ၊ အလောင်းစင်ဆိုတာ လူကြီးရင်ညွန့်လောက်ရှိတယ်ဆိုတော့ စမျဉ်းတိုင်က တောင်ဝှေးလုပ်လို့ရတယ်ပြောရမှာပေါ့၊ ဆရာဦးအောင်ရှိန်တွက်ချက်က ကွက်တိပဲဗျာ။ သူတို့လုပ်ငန်းမစခင် ကျုပ်က သစ်ပင်အနောက်ကနေပြေးထွက်လာခဲ့လိုက်တယ်။
“ဟိတ်၊ စုန်းမတွေ မင်းတို့လုပ်နေတာတွေ အခုရပ်လိုက်စမ်း”
ကျုပ်ထွက်လာတော့ စုန်းမတွေက ပြူးကြည့်ကြတယ်။
“ဟဲ့ မိတုတ်၊ ဘယ်ကကောင်ထွက်လာတာလဲ၊ သူ့ကို အိပ်မွှေ့ချလိုက်စမ်း”
ဒီအခါ ကာလသားတွေကို အိပ်မွှေ့ချထားတဲ့ စုန်းမက ကျုပ်ဆီကို မြေဖြူခဲလိုလိုအချောင်းကလေးနဲ့လှမ်းပစ်ထည့်လိုက်တယ်ဗျာ၊ မြေဖြူခဲက ကျုပ်ခြေထောက်အနားကိုကျသွားပြီးတော့ အဖြူရောင်ဖုန်မှုန့်တွေလိုလို အမှုန်တွေဖြစ်ပြီး ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားတယ်။ အမှုန်တွေက မြေဖြူထက် ပြာတွေနဲ့ပိုပြီးတူတယ်ဗျ၊ ကျုပ်ဖြင့် အမှုန်တွေနှာခေါင်းထဲဝင်ပြီး နှာချေမိသွားတယ်။
“ဟဲ့ မိတုတ်၊ နင့်ရဲ့အိပ်မွေ့ချမြေမှုန့်က စွမ်းလည်းမစွမ်းပါလား”
“စွမ်းပါတယ် မမကြီးရဲ့၊ မြေမှုန့်အစွမ်းက သူ့ကိုမတိုးတာပါ”
“ဟင်၊ ဒါဖြင့် နင်က ဆရာတစ်ယောက်ပေါ့”
ကျုပ်က ခါးထောက်လိုက်ရင်း
“ဟုတ်တယ်၊ ခင်ဗျားတို့ ဖုတ်ဆရာကလေးဆိုတာ ကြားဖူးတယ်မဟုတ်လား”
စုန်းမတွေက အချင်းချင်းကြည့်လိုက်ပြီး
“အော်၊ ဟိုတစ်လောက စုန်းမတစ်ယောက်ကို အဝတ်အစားမဝတ်နိုင်အောင်လုပ်လိုက်တဲ့ ဖုတ်ဆရာကလေးဆိုတာ နင်ကိုး”
“သိပ်ဟုတ်တာပေါ့ဗျာ၊ ဒီမယ် ခင်ဗျားတို့ အခုအချိန်အေးအေးဆေးဆေးထွက်သွားမယ်ဆိုရင် သက်သာမယ်၊ မဟုတ်ရင်တော့ ကျုပ်အဆိုးမဆိုနဲ့”
“အောင်မာ၊ ကိုးစနေနဲ့တိုက်တဲ့ စနေသမီး စမျဉ်းတိုင်က ရခဲတယ်ဟဲ့ ဆရာလေးရဲ့၊ ဒီမိန်းမက စုန်းဆိုတော့ ပိုတောင်ကောင်းသေးတယ်၊ နင်က ရပ်လိုက်ဆိုတိုင်း ငါကရပ်လိုက်ရမှာလား”
မမကြီးဆိုတဲ့မိန်းမကြီးက ကျန်တဲ့လူတွေကို မျက်စပစ်လိုက်တယ်ဗျ၊ ကျုပ်ကို ဝိုင်းဆော်ကြတော့ဆိုတဲ့ သဘောမျိုးပဲ။ ဒီတော့ ကျန်တဲ့စုန်းမတွေက ကျုပ်ဆီကို မြေကြီးခဲကလေးတွေနဲ့ ဝိုင်းပစ်ကြတယ်၊ မြေကြီးခဲကလေးတွေက မြေဖြူ၊ မြေနီ၊ မြေနက် စုံလို့ပေါ့ဗျာ။ မြေကြီးလုံးကလေးတွေက ကျုပ်အနားကိုကျလာပြီး တဖောင်းဖောင်းနဲ့ပေါက်ကွဲကြတယ်၊ သူတို့လက်နက်က စွမ်းချင်စွမ်းမှာဗျ၊ ဒါပေမယ့် ကျုပ်ကိုဆရာကြီးကသူ့ပညာတွေကို လက်ဝါးရိုက်ပေးထားတာကြောင့် ကျုပ်ဘာမှမဖြစ်တာနေမယ်၊ သူတို့က ကျုပ်ကိုထပ်ပြီးပစ်ကြပြန်ပါရော၊ ဒီတစ်ခါပစ်တာ မြေကြီးလုံးကလေးတွေပိုများသဗျာ၊ မြေစားတဲ့စုန်းတွေဆိုတော့လည်း မြေကြီးကိုလက်နက်အဖြစ်သုံးတယ်ထင်ပါ့။
ကျုပ်လည်း လက်နှစ်ဖက်ကိုအရှေ့ကိုဆန့်တန်းပြီးတော့ ကာလိုက်တယ်၊ ဒီအချိန် ကျုပ်လက်အရှေ့မှာ စွမ်းအင်တွေပေါ်လာတယ်ဗျာ၊ စုန်းမတွေပစ်လိုက်တဲ့ မြေလုံးကလေးတွေက စွမ်းအင်တွေကိုမဖောက်နိုင်ဘဲ ရပ်တန့်နေတယ်၊ မြေလုံးကလေးတွေ တော်တော်များလာတော့ ကျုပ်က သူတို့ဆီပြန်ညွန်ထည့်လိုက်တာ မြေလုံးကလေးတွေက တဝေါဝေါနဲ့ သူတို့ကိုသွားထိပါရော၊ စုန်းမတွေက မြေကြီးပေါ်မှာ ခုန်ဆွခုန်ဆွဖြစ်နေကြတယ်ဗျာ။
“မြေစက်ကို နင်နိုင်ပေမယ့် စမျဉ်းတိုင်ကိုတော့ မနိုင်ဘူးမှတ်”
မမကြီးဆိုတဲ့စုန်းမက ကြွေးကျော်ပြီးတော့ ကျုပ်ကို သူ့လက်ထဲက တောင်ဝှေးနဲ့ပြေးရိုက်ပါလေရော၊ ကျုပ်ကလည်း စုန်းမကိုလက်ညှိုးထိုးပြီး
“ကြိုးပိုင်တွေ သူ့ကိုချုပ်စမ်း” လို့အမိန့်ပေးလိုက်မိတယ်၊ ဒီအချိန် ဗလတောင့်တောင့် အားကောင်းမောင်းသန်ယောက်ျားကြီးနှစ်ယောက်က လက်ထဲမှာ ကြိုးကွင်းတွေကိုင်ပြီးတော့ ဘယ်ကထွက်လာမှန်းမသိဘဲ ထွက်လာကြတယ်ဗျာ၊ ဒီလူတွေက ပုဆိုးခါးတောင်းကျိုက်ထားပြီးတော့ အဝတ်အစားမပါဘူးဗျ၊ တစ်ကိုယ်လုံးမှာတော့ အင်းကွက်တွေ၊ စမအစီအရင်တွေကို ထိုးကွင်းမင်ကြောင်တွေထိုးသလို ပြည့်နေအောင်ထိုးထားတယ်။
ဒီလူတွေက လက်ထဲက ကြိုးကိုမိုးပေါ်မှာလှည့်ပြီး စုန်းမဆီကိုပစ်ထည့်လိုက်တယ်ဗျာ၊ သူတို့ကြိုးနဲ့စုန်းနဲ့ထိတာနဲ့ ကြိုးတွေက သူ့အလိုလိုရစ်ပတ်သွားပြီး စုန်းမက မလှုပ်နိုင်တော့ဘူးဗျ။ အရင်က ကြိုးပိုင်ဆိုတာကို မျက်စိနဲ့မမြင်ဖူးဘူး၊ အခုတော့ ကျုပ်အစွမ်းတွေရနေလို့ မြင်နေရတာလားပဲဗျာ။
ကျန်တဲ့စုန်းမနှစ်ယောက်က ပြေးတက်လာပြန်ပါရော၊ လက်ထဲမှာလည်း စမျဉ်းတိုင်တွေကို ဝါးရင်းတုတ်ကိုင်သလိုကိုင်ပြီး ကျုပ်ကိုပြေးရိုက်ကြတာဗျာ။ ဒီတစ်ခါ ကျုပ်လည်း ကြိမ်ပိုင်ထုတ်မယ်ဆိုပြီးတွေးလိုက်မိတယ်။
“ကြိမ်ပိုင်ထွက်ပြီး သူတို့ကိုရိုက်စမ်း”
ကျုပ်အမိန့်ပေးလိုက်တဲ့အချိန် မိုးပေါ်ကနေ လူမည်းမည်းကြီးတစ်ယောက် ဝုန်းခနဲကျလာတယ်ဗျာ၊ မဲတာကမှ ချောကလက်ရောင်လို တစ်ကိုယ်လုံးမည်းတူးနေတာဗျ၊ ခေါင်းတုံးကလည်း ပြောင်ပြောင်ကြီးနဲ့၊ သူ့ကိုယ်က ဆေးမင်ကြောင်တွေကတော့ အဖြူရောင်ကြီးတွေဖြစ်နေတယ်၊ ကြိမ်ပိုင်က ရုပ်အတော်ဆိုးဆိုးပဲဗျ၊ လက်ထဲမှာတော့ ကြိမ်လုံးကြီးတစ်ချောင်းကို ကိုင်ထားတယ်။ စုန်းမနှစ်ယောက်ပြေးလာတာနဲ့ ကြိမ်လုံးကို လက်နှစ်ဖက်နဲ့ခွဲထည့်လိုက်တာ ကြိမ်နှစ်ချောင်းဖြစ်သွားပြန်သဗျာ၊ အဲဒီကြိမ်နှစ်ချောင်းနဲ့ စုန်းမတွေကို လွှဲလွှဲရိုက်တာ စုန်းမတွေခမြာ ကျောကော့ကော့ ရင်ကော့ကော့နဲ့ခံကြရရှာတယ်။
မမကြီးဆိုတဲ့စုန်းမက ကျုပ်ကိုလှမ်းအော်ဆဲပြန်ပါရောဗျို့၊ ကျုပ်လည်း သူတို့ကြောက်တဲ့ လှံပိုင်ကိုထုတ်လိုက်ရတယ်၊ လှံပိုင်ကတော့ ခေါင်းက ဇော်ဂျီလိုမျိုး ဦးထုပ်ကလေးပါတယ်ဗျ၊ လှံကြီးကတော့ အရှည်ကြီးပဲဗျာ၊ လူတစ်ရပ်လောက်ရှိမယ်၊ လှံထိပ်မှာ အောင်းမွှေးအနီတွေ၊ ပန်းပွားတွေနဲ့ဆိုတော့ ကြည့်ရတာလှတယ်၊ လှံပိုင်က မမကြီးရဲ့ရင်ဘတ်ကို လှံနဲ့ထိုးစိုက်ချထည့်လိုက်တာ မမကြီးက မြေပေါ်ကိုဖင်ထိုင်ကျသွားတယ်ဗျာ။ အော်လိုက်တာလည်း ပြောမနေပါနဲ့။
စုန်းမတွေ တော်တော်အထိနာနေတုန်းမှာ ကျုပ်လည်း အလောင်းစင်နားကိုပြေးသွားလိုက်ပြီး စမျဉ်းတိုင်ကို ထုံးနဲ့တစ်ပတ်ပြည့်အောင် ကွင်းထည့်လိုက်တယ်၊ နောက်ပြီးတော့ အထိနာနေတဲ့စုန်းမတွေကို လွှတ်ပေးလိုက်တာပေါ့ဗျာ၊ စုန်းမတွေကတော့ တော်တော်နာကုန်ကြပြီ၊ ဒါပေမယ့် လက်လျှော့ပုံတော့မရဘူး၊ ကျုပ်ကိုတစ်ချက်ကြည့်ပြီး
“ဖုတ်ဆရာလေးရေ၊ ငါတို့ဘာလောက်စွမ်းတယ်ဆိုတာ နင့်ကိုပြရသေးတာပ”
စုန်းမလေးယောက်က တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြီးမြေပေါ်မှာဝိုင်းထိုင်လိုက်ကြတယ်ဗျာ၊ တစ်ယောက်လက်ကို တစ်ယောက်ကိုင်လိုက်ပြီးတော့ သီချင်းတစ်ပုဒ်ဆိုပြန်တယ်၊ သူတို့ဆိုတာ ခေတ်ပေါ်သီချင်းမဟုတ်ဘူးဗျ၊ အိုင်ချင်း၊ အဲချင်းတို့လိုမျိုး ရှေးဟောင်းသီချင်းပဲ။ အစအဆုံးတော့ ကျုပ်လည်းမမှတ်မိဘူးဗျ၊ သီချင်းအဆုံးမှာတော့
“မြေအောက်က ကိုရှင်ကြီးရယ်၊ မြန်းပါတော့လား”
ဆိုပြီးတော့ဆိုတယ်၊ နောက်တော့ ကလေးတွေဆော့သလို ပါးစပ်ကိုပိတ်လိုက်ဖွင့်လိုက်လုပ်ပြီး တဝူးဝူးနဲ့အော်ကြတယ်၊ သူတို့အော်ပြီး သိပ်မကြာပါဘူး၊ မြေကြီးတွေက ငလျင်လှုပ်သလိုခါရမ်းသွားတယ်၊ နောက်တော့ မြေကြီးထဲက ပုတ်တောင်းလောက်ရှိတဲ့ မြေကြီးခဲကြီးထွက်လာတယ်ဗျာ၊ မြေကြီးခဲကြီးက မြေပေါ်ကိုရောက်တဲ့အခါ ခေါင်းတွေလက်တွေပေါက်လာပြီးတော့ ဘီလူးကြီးတစ်ကောင်ပုံစံအဖြစ်ပြောင်းလဲသွားတယ်။
ဒီကောင်ကြီးက ကျုပ်ဆီကိုပြေးလာတော့တာပဲဗျာ။ ကျုပ်လည်း ဘာရမလဲ ကြိုးပိုင်၊ ကြိမ်ပိုင်တွေ ထုတ်ရတော့တာပေါ့ဗျာ။ ကြိုးပိုင်ကြိမ်ပိုင်တွေက ခုန်ထွက်လာပေမယ့် ဒီကောင်ကြီးကိုမြင်တော့ ဖြုံသွားကြတယ်၊ မြေသားဘီလူးကြီးက ကြိုးပိုင်ကို သူ့ခြေထောက်ကြီးနဲ့ခတ်ထည့်လိုက်တာ ကြိုးပိုင်တစ်ယောက် ဟိုးအဝေးကြီးကိုလွင့်ထွက်သွားတယ်ဗျ။
“လှံပိုင် . . လှံပိုင်၊ ထွက်လာခဲ့၊ ဒီကောင်ကြီးကိုဆော်စမ်းပါ”
ကြိမ်ပိုင်တို့ လှံပိုင်တို့က ထွက်လာတယ်ဗျ၊ ဒါပေမယ့် မချရဲဘူး၊ နောက်တော့ ဘယ်ပျောက်ကုန်မှန်းမသိပျောက်ကုန်ကြတယ်၊ ဒီလူတွေက တော်တော်လည်တဲ့လူတွေပဲဗျ။ သူတို့မနိုင်မှန်းသိတော့ လစ်တော့တာပဲ၊ ကျုပ်လည်း ဘာဆက်လုပ်ရမလဲမသိဘူး၊ ကျုပ်သိတာ ကြိုးပိုင်၊ လှံပိုင်လောက်သိတာဆိုတော့ ဘာဆက်ထုတ်ရမလဲဆိုတာ မသိတော့ပါဘူးဗျာ။
ဒီအချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ ကျောက်ဘီလူးတစ်ကောင်ထွက်လာတယ်၊ ကျောက်ဘီလူးဆိုပေမယ့် အရွယ်အစားကတော့ လူတစ်ကိုယ်စာလောက်ပဲရှိတယ်၊ တစ်ကိုယ်လုံးက ကျောက်စရစ်ခဲကြီးလို ကျောက်သားတွေနဲ့လုပ်ထားတာဗျ၊ ကျောက်ဘီလူးက မြေကြီးထဲကို လက်နှိုက်ထည့်လိုက်တာ ကျောက်တုံးကြီးတစ်တုံးထွက်လာတယ်၊ အဲဒီကျောက်တုံးနဲ့ ကျုပ်ဆီကိုပြေးလာတဲ့ မြေဘီလူးကြီးကို ပစ်ထည့်လိုက်တယ်၊ မြေဘီလူးက မြေသားဆိုတော့ ကျောက်တုံးထိတဲ့အခါ ဝုန်းခနဲအသံမြည်ပြိး အသားတွေပဲ့ထွက်ကုန်တယ်ဗျာ၊ ကျောက်ဘီလူးက လေးငါးချက်လောက်ပစ်ထည့်လိုက်တော့ မြေဘီလူးမခံနိုင်ပါဘူး၊ မြေကြီးထဲကို တစ်ခါတည်းခုန်ဆင်းသွားပြီး ဖုန်မှုန့်တွေပဲကျန်နေခဲ့တယ်။
စုန်းမခေါင်းဆောင်က ကျုပ်ဆီကိုလှစ်ခနဲပြေးဝင်လာတယ်ဗျာ။ နောက်တော့ ကျုပ်ရင်ဘတ်ကိုလက်ဝါးနဲ့ရိုက်ချထည့်လိုက်တာ ကျုပ်အနောက်ကိုပက်လက်လန်ပြီးလဲကျသွားတယ်၊ စုန်းမရိုက်ချက်ကြောင့် ကျုပ်ရင်ဘတ်က အင်္ကျီကြယ်သီးတွေ ပြုတ်ထွက်ပြီး ရင်ဘတ်ဟောင်းလောင်းကြီးဖြစ်သွားတယ်၊ စုန်းမက နောက်တစ်ချက်လက်ဝါးနဲ့ရိုက်မယ့် အချိန်မှာ ကျုပ်ရင်ဘတ်က အမာရွတ်မဲမဲကြီးကိုကြည့်ပြီးတော့ တော်တော်ထိတ်လန့်သွားတယ်။
“ဟင် . . . ဒါ . .ဒါ အမေကြီးရဲ့တံဆိပ်ခတ်ထားတာပဲ”
စုန်းမက ရေရွတ်နေတုန်းမှာပဲ ရှမ်းဘောင်းဘီဝတ်ထားတဲ့လူကြီးတစ်ယောက်က ထွက်လာပြီးတော့ စုန်းမတွေကို ပဲစေ့လိုဟာတွေနဲ့ပေါက်တယ်ဗျာ၊ စုန်းမတွေလည်း အော်ဟစ်ပြီးထွက်ပြေးကြတော့တယ်၊ ဒီလူကြီးက တစ်ချက်ပြုံးရင်း
“ဒီဟာမတွေကတော့ ငါလုပ်ထည့်လိုက်ရင် နာတော့မယ်”
ဒီလူကြီးက ကျောက်ဘီလူးကိုကြည့်ရင်း
“ကဲ မောင်ကျောက်လုံး၊ မင်းငါ့ဆီပြန်လာခဲ့တော့”
ကျောက်ဘီလူးက အဲဒီလူကြီးဆီကိုပြေးလာရင်း အာလူးလုံးလောက်ရှိတဲ့ ကျောက်တုံးကလေးဖြစ်သွားတယ်၊ ဒီလူကြီးက ကျောက်တုံးကလေးကိုကောက်ပြီးသူလွယ်ထားတဲ့ လွယ်အိတ်နက်ကြီးထဲကိုထည့်လိုက်တယ်၊ နောက်တော့ ကျုပ်အနားကိုလျှောက်လာပြီး ကျုပ်ကိုလက်ကမ်းပေးတယ်၊ ကျုပ်လည်း သူ့လက်ကိုဆွဲပြီးတော့ အားယူပြီးမတ်တပ်ရပ်လိုက်ရတယ်။
“ကျုပ်ကိုကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”
“မလိုပါဘူးကွာ၊ ငါက မင်းနိုင်မလားလို့ကြည့်နေတာပါ၊ မင်းမှာ အစွမ်းတွေရှိရဲ့သားနဲ့ ထုတ်မသုံးဘူးဆိုတော့ ငါ့အထင် မင်းက ဒီအစွမ်းတွေကို ရထားတာမကြာသေးဘူးထင်တယ်ကွ”
ဒီလူကြီးရုပ်က ခန့်ခန့်ချောချောကြီးပဲဗျ၊ နှုတ်ခမ်းမွေးတွေ မျက်ခုံးမွှွေးတွေကလည်း သိပ်သန်တာ၊ ခင်ဗျားတို့မြင်အောင်ပြောရရင်တော့ မြင်စိုင်းသားအောင်အောင်လို ရုပ်မျိုးပဲ၊ အသက်ကတော့ လေးဆယ်ကျော်လောက်ရှိမယ်။
ကျုပ်က ပုဆိုးကိုဖုန်ခါနေတုန်း သီချင်းဆိုနေတဲ့ကာလသားတွေက ကြောင်စီစီနဲ့နိုးလာကြတယ်၊ နောက်ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်၊ သူတို့ခေါင်းပေါ်၊ ပုခုံးပေါ်တင်နေတဲ့ မြေဖြူမှုန့်တွေကို ခါချနေကြတယ်။
“ဒါနဲ့ ဆရာဦးအောင်ရှိန်အိမ်မှာရှိတယ်မဟုတ်လား ရင်မောင်”
ဒီလူကြီးက ထပြောလိုက်တော့ ကျုပ်ဖြင့် လန့်သွားတယ်ဗျာ။
“ခင်ဗျားက ကျုပ်နာမည်ကိုသိနေတယ်တဲ့လား၊ မဟုတ်မှလွဲရော ခင်ဗျားက ဗေဒင်ဆရာများလား”
“မဟုတ်ပါဘူးကွာ၊ မင်းတို့အကြောင်းတွေ ငါသိပြီးသားပါကွ၊ ငါဘယ်သူလဲဆိုတာ မင်းသိသလား”
ကျုပ်ခေါင်းခါပြလိုက်တယ်။
“ငါ့နာမည် ကျော်ဗလပါကွာ”
“ဗျာ၊ ကျော်ဗလဆိုတော့ ကုက္ကားရွာက အောက်လမ်းဆရာကြီး ကျော်ဗလဆိုတာများလား”
“မင်းက မှတ်ဉာဏ်ကောင်းသားပဲရင်မောင်ရ”
“ဘာလဲ ခင်ဗျားအခုရွာကိုလာတာ အမေ့ကိုလာရှာတာလား”
“မဟုတ်ပါဘူးရင်မောင်ရာ၊ မင်းတို့ကို စုန်းတစ်ယောက်က ရန်ရှာနေတယ်မဟုတ်လား”
ကျုပ်က ပြောရင်ကောင်းမလား မပြောရင်ကောင်းမလားဆိုပြီး ချင့်ချိန်နေရတယ်။
“ငါအားလုံးသိပြီးသားပါကွ၊ ဟောဒီမင်းရင်ဘတ်က ဒဏ်ရာရအောင်လုပ်ခဲ့တဲ့စုန်းမဟုတ်လား”
“ဟုတ်တယ်ဗျ”
“အေး၊ အဲဒီစုန်းကလည်း ငါ့ဘဝကိုစုတ်ပြတ်သတ်အောင် လုပ်သွားခဲ့ပြီးပြီကွ”
“ဗျာ၊ ခင်ဗျားတကယ်ပြောနေတာလား”
“ငါမင်းကိုမလိမ်ပါဘူးကွာ၊ အခု ငါအဲဒီစုန်းကိုလက်စားချေမလို့ လိုက်ရှာနေတာကွ၊ ဒီစုန်းရဲ့ ဒုတိယပစ်မှတ်က ဆရာဦးအောင်ရှိန်ဆိုတာကိုသိလို့ ဒီရွာကိုလိုက်လာခဲ့တာ၊ ဒီစုန်းကိုငါရှာမယ်၊ ပြီးတော့ လက်စားချေမယ်၊ ဒါကြောင့် ဆရာကြီးရဲ့အကူအညီလိုတယ်”
“ခင်ဗျားစကားကိုကြားရတာ အားရှိလိုက်တာ ဦးကျော်ဗလရာ၊ လာလာ အိမ်ကိုလိုက်ခဲ့၊ ဆရာကြီးသိရင် ဝမ်းသာမှာဗျ”
ကျုပ်လည်း ဦးကျော်ဗလကို အိမ်ကိုခေါ်ခဲ့လိုက်တယ်ဗျာ၊ သူကလည်း အဲဒီစုန်းမကို မိုးအဆုံးမြေအဆုံးတွေ့အောင်ရှာပြီး လက်စားချေမတဲ့ဗျ၊ သူနဲ့ကျုပ်တို့နဲ့က တစ်ချိန်က လမ်းချင်းမတူခဲ့ပေမယ့် အခုတော့ ကျုပ်တို့အတူတူလမ်းတစ်ခုကို လက်တွဲပြီးလျှောက်ရတော့မယ် မဟုတ်လားဗျာ။