********
ဘုရားလေးရွာတဲ့။
ရွာရဲ့ နာမည်နဲ့ ဂုဏ်ပုဒ်ကို တွဲပြောရင်မယ်ဆိုရင် ‘ဆရာပြန်ပြေး ဘုရားလေး’ ရယ်တဲ့လေ။
ဒီဘုရားလေးရွာဆီမှာ ပညာသည်တွေပေါလွန်းလို့ ရောက်လာတဲ့ဆရာ ပုဆိုးတောင်မနိုင် ပြန်ပြေးကြရတာများတယ်။
ဒါကြောင့် ဒီဂုဏ်ကို အစွဲပြုပြီး ‘ ဆရာပြန်ပြေး ဘုရားလေး’ ဖြစ်ရတောတာပေါ့…။
*******
ဘုရားလေးရွာမှာ ကလေးတွေက အစ စုန်းပညာတတ်ကြတယ်။ ပညာအရာလည်း ထက်ကြတယ်။
ဘာကြောင့်လဲဆိုတော့ မွေးကတည်းက ပညာဗူးသွင်းကြတာများတယ်။
ဒီတော့ လေးငါးနှစ်ဆိုတာနဲ့ ပညာအစွမ်းက အတော်အသင့် ထက်နေကြပြီ။
ဒီတော့ အချင်းချင်း ကျီစားစနောက်ရင်တောင် သာမန်သူတွေအဖို့ သည်းထိတ်ရင်ဖို ဖြစ်ပြီး သေသွားနိုင်လောက်တဲ့အထိပဲ။
အခုပဲ ကြည့်လေ။
ငွေဖော့တစ်ယောက် ရေတွင်းထဲက ရေငင်နေတာကို မလှမ်းမကမ်းက မြခင်က ကြည့်ပြီး ပညာစွမ်း လှမ်းပြတာ။ ငွေဖော့ရဲ့လက်ထဲက ရေပုံးကြိုးက ချက်ချင်း မည်းနက်နေတဲ့ မြွေကြီးတစ်ကောင်ဖြစ်သွားတယ်။
ဒါကို ငွေဖော့က ဆုပ်ကိုင်ထားရက်ကြီး။ ထင်မှတ်မထားတာမို့ ငွေဖော့ ‘ အား’ ခနဲအော်ပြီး လန့်ဖျပ်လို့ လက်ကို လွှတ်ချတော့ ရေပုံးနဲ့ကြိုးက ရေတွင်းထဲကို ကျသွားတယ်။ ဒါကို ကြည့်ပြီး မြခင်က တခစ်ခစ် ရယ်နေတယ်ရယ်။
‘ မြခင်…နင် ဘယ်လိုလုပ်လိုက်တာလဲ…’
ငွေဖော့က ဘောက်ဆတ်ဆတ်မေးတော့ မြခင်က အရယ်မပျက်ပါဘဲ…။
‘ ဟယ် မြခင်ရယ်။ တစ်မြန်နေ့ကပဲ နင့်ကို အရီးရွှေဖော့က ပညာစဉ်တက်ပေးတယ်ဆို။ အခုငါက နည်းနည်းလေး ပညာစမ်းတာနဲ့ နင်က လန့်ရော့သလား…’
မြခင်က ပြောတော့ ငွေဖော့ မျက်နှာထားက ခပ်တင်းတင်းဖြစ်သွားတယ်။
ဟုတ်တယ်လေ။
အစက ငွေဖော့က သာမန်စနောက်တယ်ထင်တာ။ အခုက ပညာစမ်းတာတဲ့။ တကယ်တော့ မြခင်က ငွေဖော့ထက် ပညာနိမ့်သွားခဲ့ပြီ။ အစပြုတုန်းကတော့ အတူတူလေ။ အခုမှ ငွေဖော့ကို အရီးရွှေဖော့က ပညာစဉ်တက်ပေးထားတာ ပူပူနွေးနွေးရှိသေးတာ။
‘ ရတယ် မြခင်။ နင်က ပညာစမ်းတာဆိုတော့ ငါကလည်း နငိ့လိုပဲ ပညာပြရတာပေါ့…’
ငွေဖော့က ပြောပြောဆိုဆိုပဲ ရေတွင်းကို စိုက်ကြည့်ပြီး မန္တာန်စုတ်တယ်။ ပြီးတော့ ရေတွင်းကို လက်နဲ့ ယပ်ခေါ်သလိုလုပ်လိုက်တာ ချက်ချင်းပဲ ရေတွင်းထဲက ကျနေတဲ့ ရေပုံးနဲ့ ကြိုးတွေဟာ အပေါ်ကို ပြန်တက်လာတယ်။
‘ မြခင်…မြင်လား…’
‘ ဒီလောက်ပဲလား…’
‘ ဘယ်ကမလဲ…’
ငွေဖော့က ပြောပြီးတာနဲ့ မြခင်ကို လက်ညှိုးထိုးလို့ မြေဆီကို ဖနောင့်ပေါက်တယ်။
မြခင်နံဘေးပတ်ချလည်က သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်၊ မြက်ခြောက်တွေဟာ ချက်ချင်းကိုပဲ မြွေတွေ၊ ကင်းတွေအသွင်ဖြစ်ပြီး မြခင်ကို ကိုက်ခဲဖို့ ဝန်းရံလာကြကုန်တာ။
‘ အမလေး…’
မြခင်တစ်ယောက် ဒါကို ကြည့်ပြီး ငယ်သံပါအောင် လန့်ဖျပ် အော်တော့တာရယ်။
‘ ငွေ…ငွေဖော့။ ငါ အရှုံးပေးပါပြီ…’
‘ နင်တကယ် အရှုံးပေးတာလား။ စိတ်ရင်းပါလား…’
‘ ပါ…ပါပါတယ် သူငယ်ချင်းရယ်။ ငါလေ နင်နဲ့ငါ အတူတူကို အရီးက နင့်ကိုပညာတက်ပေးပြီး ငါ့ကို မတက်ပေးလို့ ငါနင့်ကို မနာလိုဖြစ်နေတာ။ အဲ့ဒါကြောင့်…’
ငွေဖော့က သူ့လက်နဲ့ လှမ်းခတ်လိုက်တော့ မြခင်ကို ဝိုင်းထားတဲ့ မြွေတွေ၊ ကင်းတွေဟာ မူလအသွင်ဖြစ်တဲ့သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ ပြန်ဖြစ်သွားတယ်။
******
ဘုရားလေးရွာက အရီးရွှေဖော့ဆိုတာ ဝမ်းတွင်းပါ စုန်းမကြီးတစ်ယောက်ပါ။
ငွေဖော့တို့ ဘုရားလေးရွာမှာတော့ ပညာစွမ်းအထက်ဆုံးနဲ့ ပညာ့ဥသျှောင်လို့တောင် ပြောလို့ရတဲ့သူ။ အသက်က ရှစ်ဆယ်နားကပ်ပြီ။
လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်ကစလို့ အခုထိ တစ်ရွာလုံးကို သူကပဲ အုပ်ချုပ်တယ်။
ရွာရဲ့ ဦးထိပ်ဆီမှာ ဘုရားလေးတစ်ဆူရှိတယ်။ ဒီဘုရားလေးကို အစွဲပြုပြီး ရွာတည်လို့ ဘုရားလေးရွာလို့ အမည်မှည့်ကြတယ်။
ပြီးတော့ ဘုရားလေးနဲ့ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းရှိတယ်။ ဒါပေမယ့် ကျောင်းထိုင်ဘုန်းကြီးမရှိဘူး။ ရဟန်းမရှိဘူး။ ဘာသာရေး၊ သာသနာရေး မရှိဘူး။
နောက်တစ်ခုက ဘုရားလေးရွာမှာ အထက်လမ်းဆရာလက်မခံဘူး။ အရာရာကို အရီးရွှေဖော့သဘောကသာ အတည်ဆိုတာပဲ ရှိတယ်။ ဗူးသွင်းရင် အရီးရွှေဖော့ကိုယ်တိုင်ပဲ သွင်းပေးတယ်။
ဒါ့အပြင် ပညာစဉ်တက်လိုရင်လည်း အရီးရွှေဖော့အရှေ့မှာ ပညာပြသရတယ်။ ပြီးရင် အရီးရွှေဖော့ ပညာစမ်းတာ ခံယူရတယ်။ အရီးရွှေဖော့က သူစိတ်တိုင်းကျပြီဆိုတော့မှ ပညာစဉ်တက်ခွင့်ပြုတာ။ ဒါက သူတို့ရွာရဲ့ သမစဉ်တစ်ခု။
ပြီးတော့ အရီးရွှေဖော့ဆိုတာ သမိုင်းကြောင်းကလည်း နယ်နယ်ရရမဟုတ်ဘူး။ ထက်ပါတယ်ဆိုတဲ့ ဆရာတွေ၊ ပညာသည်တွေ အရီးရွှေဖော့ရှေ့မှောက်မှာ ဒူးထောက်ရတာ အကြိမ်ကြိမ်။
ရွာချင်း ပညာပြိုင်မလား ရတယ်။ လူချင်းတွေ့ပြီး ပညာမလား ရတယ်။ ဒါမှမဟုတ် လူမပါဘဲ ပညာချည်းသက်သက် လှမ်းပြိုင်ကြမလား။
အရီးရွှေဖော့ဟာ နယ်မရှောင်ဘူး။ ဒါပေမယ့် နယ်လည်း မချဲ့ဘူး။ သူခင်မင်ရာက ဒီဖလားလေးကျေးရွာကိုပဲ။ ဒီဖလားလေးဟာ သူ့ရဲ့ ချက်မြှုပ်၊ ပြီးတော့ သူ့ရဲ့ နှလုံးသားတည်ရာ။
နှလုံးသားတည်ရာဆိုလို့ အရီးရွှေဖော့ရဲ့ ငယ်ဘဝနဲ့ သက်ဆိုင်သွားပြန်ရော။ ဒီတော့ နည်းနည်းပြန်ပြောင်း ပြောပြဦးမယ်။ ဒီအကြောင်းက ဘုရားလေးလို့ မည်မှတ်ထားတဲ့ ရွာဆီမှာ သာသနာရေးရာ ကင်းပျောက်သွားခဲ့တာနဲ့လည်း သက်ဆိုင်တယ်။
အရီးရွှေဖော့ အသက်နှစ်ဆယ်လောက်က ရွာဆီကို ရဟန်းပျိုတစ်ပါး သာသနာပြုမယ်ဆိုပြီး ရောက်လာတယ်။
အဲ့ဒီ့တုန်းက ရွာဦးထိပ်က ကျောင်းဆီမှာ ကျောင်းထိုင်လွန်သွားခဲ့တဲ့အချိန်။
ရဟန်းလေးက အသားအရည်တင့်တယ်မှု၊ ရုပ်ရည်ကြည်လင်မှု၊ ရဟန်းသိက္ခာပြည့်ဝမှုတွေနဲ့ တကယ့်ကို ကြည်ညိုချင့်စဖွယ်ကောင်းလေရဲ့။
ဒီရဟန်းပျိုလေးကို အရီးရွှေဖော့က မြင်ချိန် မေတ္တာသက်ဝင်သွားခဲ့တယ်။ အရီးရွှေဖော့ဟာ ရဟန်းလေးကို ရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။
အစတော့ သာမန်ရိုးကျ မိန်းမမာယာနဲ့ စည်းရုံးကြည့်တယ်။ ဒါပေမယ့်လည်း ဘယ်လိုမာယာတွေ သုံးပါစေ၊ ရဟန်းလေးက ယိုင်မလာဘူး။
ဒီတော့ တည့်တည့်ပြောတယ်။ ရဟန်းလေးက သူဟာ သာသနာရေးကိုပဲ စိတ်ဝင်စားကြောင်းကို တရားဟောပြလို့ ရှင်းလင်းပြောပြတယ်။
ဒါပေမယ့် အရီးရွှေဖော့က မရပါဘူး။
ရဟန်းလေးကို အသေရရ၊ အရှင်ရရမို့ နောက်ဆုံးမရ ရတဲ့နည်းနဲ့ ယူမယ်ဆိုပြီး ပြုစားလေတော့တယ်။
ရဟန်းလေးဟာ တရားကို စစ်ပေါက်ပေါက် ဖွေရှာပြီး အမှန်တကယ်ကျင့်ကြံသူမို့ အရီးရွှေဖော့ရဲ့ ပြုစားမှုတွေက အရာမရောက်ဘူး။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ အရီးရွှေဖော့ဟာ အရှင်မရရင် အသေယူမယ်ဆိုပြီး ရဟန်းလေးကို တရားထိုင်နေချိန် သမာဓိပျက်ပြားအောင် လုပ်ပြီး ခြောက်လှန့်ပြုစားလိုက်တော့တာပဲ။
အရီးရွှေဖော့ကြောင့် ရဟန်းလေးဟာ ရွာဆီမှာပဲ ပျံလွန်သွားခဲ့ရတယ်။
အရီးရွှေဖော့နဲ့ ရွာသူရွာသားအချို့က ရဟန်းလေးရုပ်ကလ္လာပ်ကို မီးမပူဇော်စေဘဲ ကျောင်းဆီမှာပဲ ခေါင်းတလားနဲ့ ပြောကြတယ်။
အကုန်လုံးက သဘောတူတယ်။ ရဟန်းလေးရဲ့ ရုပ်ကလ္လာပ်ကို ဆေးစီရင်ပြီး ကျောင်းဆီမှာ ခေါင်းသွင်းထားရှိလိုက်ကြတယ်။
ဒါပေမယ့် နောက်ထပ် ကျောင်းထိုင်ကို ပင့်ဖို့အလုပ်မှာတော့ အရီးရွှေဖော့နဲ့ ရွာကလူတွေ သဘောထားတွေ စပြီးကွဲလွဲကုန်ကြတယ်။
ဒီမှာတင် ရဟန်းလေးအတွက် စိတ်ခံစားချက် ပြင်းလွန်းနေတဲ့ အရီးရွှေဖော့က ကျောင်းထိုင်ပင့်ဖို့ကို ကန့်ကွက်တယ်။ ရွာကလူတွေက မရမက ပင့်မယ်ဆိုတယ်။
အရီးရွှေဖော့နဲ့ ရွာသူရွာသားတို့ အခြေအတင်ဖြစ်ကြကော။
ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရဟန်းလေးကိစ္စဟာ အရီးရွှေဖော့ကြောင့်ဆိုတာ သိသွားတယ်။
အရီးရွှေဖော့ကို စုန်းမှန်းသိကြပြီး ရွာကနေ မောင်းထုတ်ကြတယ်။
ဒီမှာတင်ပဲ အရီးရွှေဖော့ဟာ ပညာကို အားကိုးပြီး တစ်ရွာလုံးကို ပြုစားတော့တာပဲ။
လွယ်ကူတဲ့ အလုပ်မဟုတ်ပေမယ့် အရီးရွှေဖော့တော့ အောင်မြင်သွားခဲ့တယ်။
ဒိကနေ အဆင့်တက်ပြီး ရွာသူရွာသားတွေကို ပညာတွေဆင့်ကမ်းလို့ စည်းရုံးတယ်။ ဆယ့်လေးငါးနှစ်အတွင်းမှာပဲ အရီးရွှေဖော့ရဲ့ အစီအစဉ်က အလုံးစုံ အောင်မြင်သွားခဲ့လေတာပေါ့။
ဒါကတော့ အရီးရွှေဖော့ရဲ့ အကြောင်းပဲ။
ဒါကြောင့်လည်း ငွေဖော့နာမည်ကိုတောင် အဖေနဲ့ အမေက အရီးရွှေဖော့နဲ့ ခပ်ဆင်ဆင်နာမည်ပေးခဲ့တာတဲ့ရယ်လေ။
ဒါကြောင့်လည်း အရီးရွှေဖော့က ငွေဖော့ကို သူတကာထက် အခွင့်ပိုပေးတာလား မသိတတ်ပါဘူး။
*******
‘ ဒူ…ဒူ…ဒူ…’
ရွာဦးကျောင်းဆီက မောင်းထုသံ။ ဒါက အရီးရွှေဖော့က ရွာသူရွာသားတွေကို စုဝေးဖို့ အကြောင်းကြား ခေါ်တာ။
ဒီအသံကိုကြားရင် ဘုရားလေးတစ်ရွာလုံး မနေရဲကြဘူး။ ရွာကုန်လူကုန် အပြေးအလွှား စုဝေးတော့တာပဲ။ ဒါပေမယ့် အရီးရွှေဖော့ကလည်း ခဏတိုင်း ခေါ်နေတတ်တာတော့ မဟုတ်ဘူး။ အလွန့်အလွန် အရေးကြီးပါမှ ခေါ်တတ်တာပါ။
အခုလည်း အရီးရွှေဖော့ ဘာအရေးတွေရှိနေလဲ မသိဘူး။ သူနေတဲ့ ရွာဦးကျောင်းဆီကနေ မောင်းထု လူစုဖို့ ခေါ်နေတယ်။
အရီးရွှေဖော့က ရွာကို သူပိုင်စိုးချိန်ကစပြီး ရွာထဲက သူ့အိမ်မှာ မနေတော့ဘဲ ရွာဦးကျောင်းဆီမှာပဲ သွားနေတော့တယ်လို့ သိထားရတယ်။ အခုလက်ရှိအထိပေါ့။
‘ ဟဲ့…ငွေဖော့။ ညည်းဘာတွေ တွေးနေတာလဲ။ ဟိုမယ် အရီးခေါ်လို့ တစ်ရွာလုံးသွားကုန်တာ လူကုန်တော့မယ်…’
မောင်းသံကို နားထောင်ရင်း ငွေဖော့တွေးနေမိတာ။ အမေက လက်တို့ပြောမှပဲ သတိဝင်မိတော့တယ်။ ငွေဖော့တို့မိသားစုသုံးယောက် ရွာဦးကျောင်းဆီကို အပြေးလှမ်းခဲ့ကြတယ်။
ရွာဦးကျောင်းရောက်တော့ တစ်ရွာလုံးက လူသူတွေစုံနေကြပြီ။
‘ လူစုံပြီလားဟေ့…’
ရွာဆော်ကံအေးက မေးတာ။
လူအုပ်ထဲက စုံပြီဆိုတဲ့ ဖြေသံတွေက စီခနဲပဲ။
ရွာဆော်ကံအေးက ကျောင်းအပေါ်ကို တက်သွားတယ်။ ခဏကြာတော့ အရီးရွှေဖော့နဲ့အတူ အောက်ကို ပြန်ဆင်းလာတယ်။
‘ လူစုံကြပြီလား…’
အရီးရွှေဖော့က မေးတယ်။
အသက်ကသာ ကြီးတာ၊ လူပုံကတော့ အသက် ၅၀ တန်းလောက်ပဲ ထင်ရတယ်။ ပြီးတော့ အသံကလည်း မာချာနေတာပဲ။
‘ စုံပါပြီ အရီး…’
‘ အေး…စုံရင် အားလုံးပဲ နားထောင်ကြ…’
လူအုပ်ကြီးရဲ့ အသံတွေရှဲခနဲ တိတ်ကုန်ကြတယ်။ ကလေးတွေတောင် အသံမထွက်ကြတော့ဘူး။
‘ လာမယ့် လကွယ်ညမှာ သက်ငယ်တောရွာနဲ့ ကျုပ်တို့ရွာ ပညာပြိုင်ဖို့ရှိတယ်…’
‘ ဟေး…’
လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်ကြတယ်။ သက်ငယ်တောရွာကလည်း သူတို့ရွာလိုပဲ စုန်းပညာသည် ပေါများတဲ့ရွာ။
ကျေးရွာချင်း ပညာမပြိုင်ဖြစ်တာက အတော့်ကို ကြာခဲ့ပြီရယ်။ ဒါကြောင့် အားလုံးက တစ်ခဲနက် ဝမ်းသာကုန်ကြတာ။
‘ လောင်းကြေးကတော့ နွားအကောင်သုံးဆယ်ကြေး။ဒါပေမယ့် ဒီတစ်ခါ ရွာလုံးကျွတ် ပြိုင်မှာ မဟုတ်ဘူး။ လူငယ်တွေချည်း ဆယ်ယောက်ပဲ ပြိုင်ကြရမှာ။ ဒီတော့ အခုလာတဲ့လူငယ်တွေထဲက ကျုပ်စိတ်ထဲ သဘောအကျဆုံးသူ ဆယ်ယောက်ကို ရွေးထုတ်မယ်။ အားလုံးကြားကြလား…’
‘ ကြားပါတယ်…’
‘ ဒီပွဲကို တစ်ဖက်ရွာက ဒီပြိုင်ပွဲကို ရွာလုံးကျွတ်လာအားပေးမှာ။ ဒီတော့ တို့ရွာကလည်း မပါတဲ့သူတွေဟာလည်း ဖာသိဖာသာမနေကြဘဲနဲ့ အကုန်လုံးလိုက်အားပေးကြရမယ်…’
အရီးရွှေဖော့ဆီက ပြတ်သားတဲ့ စကားပါ။
အကုန်လုံးက ပြိုင်ဆိုင်ချင်သူတွေ။ ဒါပေမယ့် လွန်ဆန်အကွန့်တက်ရဲသူတော့ မရှိကြဘူး။
ဒီလိုနဲ့ပဲ နောက်တစ်ရက်မှာတော့ အရီးရွှေဖော့ ရွေးချယ်ထားတဲ့ လူစာရင်းက ထွက်ပေါ်လာတယ်။ မိန်းမ ငါးယောက်၊ ယောက်ျားငါးယောက်။
မိန်းမငါးယောက်ထဲမှာ ငွေဖော့လည်းပါတယ်။
နာမည်စာရင်းထွက်ပြီးတော့ အရီးရွှေဖော့က ရွေးချယ်ထားသူ ဆယ်ယောက်ကို ရွာဦးကျောင်း အောက်ထပ်မှာပဲ အိမ်စားနေစေတယ်။
ညဘက်ဆို ပညာစဉ်တွေကို ပြန်နွှေး၊ ပြန်ကျင့်ခိုင်းတယ်။ ပြီးရင် သြဝါဒပေးတယ်။
သြဝါဒပေးတဲ့အထဲမှာ ကျောင်းအပေါ်ထပ်ကို လုံးဝတက်မလာဖို့ကို မှာတယ်။
ကျောင်းအပေါ်မှာက ရဟန်းလေးရဲ့ ခေါင်းတလားရှိတယ်လေ။ ဒါကို သူရွေးချယ်ထားတဲ့ လက်ရွေးစင်ဆယ်ယောက်က ထိပါးမှာ စိုးတာထင်ပါရဲ့။
ထပ်ပြီးကြားမိသလောက်ဆို အရီးရွှေဖော့ဟာ ရဟန်းလေးရဲ့ ဝိဥာဉ်ကိုလည်း လွတ်မြောက်ခွင့်မပေးဘဲ ချုပ်နှောင်ထားတယ်တဲ့။
တဖြေးဖြေးနဲ့ ပြိုင်ပွဲကျင်းပဖို့က တစ်ရက်သာလိုတော့တယ်။
ပြိုင်ရမယ့်နေရာက သက်ငယ်တောရွာနံဘေးက ရုတ်ပြတ်ကွင်းကြီးထဲမှာ။ ဒီရိုးပြတ်ကွင်းကြီးက ကွင်းခေါင်ခေါင် ပြောင်ပြောင်ကြီး။
ဒီနေရာမှာချိန်းထားတယ်ဆိုတော့ ပြိုင်ပွဲလုပ်မယ့်ရက်မတိုင်ခင် ညပိုင်းမှာ ဘုရားလေးရွာကလူတွေက လှည်းတွေကိုယ်စီနဲ့ ရိုးပြတ်ကုန်းကို သွားကြတယ်။
ဒီလိုကြိုသွားတယ်ဆိုတာကလည်း အကြောင်းရှိတယ်။
ပြိုင်ပွဲကျင်းပမယ့်နေရာက သက်ငယ်တောရွာနဲ့နီးနေတော့ အဲ့ဒီ့ရွာကလူတွေက ကွင်းနံဘေးမှာ အစီအရင်တွေ လုပ်ဆောင်ထားတာမျိုးတွေ ရှိတယ်။ ဒါကြောင့် ကြိုတင်စစ်ဆေးရှင်းလင်းဖို့ သွားကြရတာ။
အရှေ့မှာလည်း ဒီလိုအဖြစ်တွေက ရှိခဲ့ဖူးတယ်လေ။
ညပိုင်းသွားပြီး မနက်လင်းအာရုံမှာတော့ ဘုရားလေးရွာသားတွေ ရိုးပြတ်ကုန်းနံဘေးက သရက်တောကြီးဆီကို ရောက်ကြပြီ။ လောင်းကြေးဖြစ်တဲ့ နွားအကောင်သုံးဆယ်လည်းပါတာပေါ့။
အဲ့ဒီ့မှာပဲ ယာယီတဲတွေထိုးလို့ နေရာထိုင်ခင်းချကြတယ်။
ပြီးတော့ နေ့တစ်နေကုန် အိပ်ကြပြီး ညကျတော့ ရိုးပြတ်ကုန်းကြီးတစ်ခွင်ကို အစီအရင်လုပ်ထား၊မထား လိုက်စစ်ဆေးကြတယ်။
ဘာမှလုပ်ထားတာမရှိဘူး။
ဒါကြောင့် သန်းခေါင်မတိုင်ခင်မှာပဲ ကိုယ်စီအိပ်ရာဝင်ကြပါတော့တယ်။
*******
ပြိုင်ပွဲကျင်းပမယ့်နေ့ကို ရောက်ပါပြီ။
ညနေစောင်းအချိန်မှာ ရိုးပြတ်ကုန်းကြီးတစ်ခွင်လုံးမှာ နှစ်ဖက်က ရွာသူရွာသားတွေရောက်ရှိလို့ စည်ကားနေကြပါပြီ။
လူစည်ကားရာတို့ ထုံးစံအတိုင်း သက်ငယ်တောရွာက စျေးသည်တွေလာကြပါတယ်။
စျေးသည်တွေအထဲမှာ ပညာသည်တွေပါတယ်။ ဒီတော့ ဘုရားလေးက စျေးဝယ်သူနဲ့ စျေးသည် တစ်ခါတစ်ရံမှာ ပညာစမ်းကြတာမျိုးလေးတွေလည်း ရှိရဲ့။
ဒါက ပြိုင်ပွဲရဲ့ အရှိန်ကို ပိုမြင့်စေတယ်။ သူတို့ကတော့ ပြိုင်တယ်ဆိုပေမယ့် ဒေါသတော့မပါကြပါဘူး။ သူ့ပညာ၊ ကိုယ့်ပညာ ဖလှယ်နှီးနှောတဲ့ သဘောပါ။
တဖြေးဖြေး ညမှောင်ရီစ’လာတော့ လောင်းကြေးဖြစ်တဲ့ နွားတွေကို ကွင်းကြီးနံဘေးက ဝါးတွေနဲ့ ခတ်ထားတဲ့ ခြံကြီးထဲကို စုပေါင်းပြီး ထည့်ကြတယ်။
ပြီးတော့ ပြိုင်မယ့်သူတွေကို ရွေးချယ်ခေါ်ယူတော့တာပေါ့။
‘ သက်ငယ်တောက ရွှေခေါ။ ဘုရားလေးက မောင်ပု…’
နှစ်ဖက်ပြိုင်ပွဲဝင်တွေအကြားဆီက အရပ်ပုပုတစ်ယောက်၊ သွားခေါခေါတစ်ယောက်တို့ ထွက်လာကြတယ်။
နာမည်နဲ့ လိုက်ဖက်လွန်းနေတဲ့ သူတို့ကို ကြည့်ပြီး ဝန်းရံထားတဲ့ ပရိတ်သတ်တွေရယ်မောကြတယ်။
‘ ကဲ…ပြိုင်ပွဲ စလို့ရပါပြီ…’
ပွဲကြေညာသူက ပြောလိုက်တာနဲ့ မောင်ပုနဲ့ ရွှေခေါတို့နှစ်ယောက် ကိုယ်စီ ထိုင်လိုက်ကြတယ်။ ထိုင်ပြီးမကြာပါဘူး။ သူတို့ကိုယ်ဆီက မီးတောက်ကြီးတွေ ထွက်လာပြီး ဟုန်းခနဲ ကောင်းကင်ယံဆီ တက်သွားတော့တယ်။
နောက်တော့ မီးလုံးကြီးနှစ်လုံးဟာ ကောင်းကင်ယံဆီမှာ လူးလာခေါက်တုန့် ရောထွေးယှက်တင်ရင်း ပညာတွေပြိုင်ကြတော့တာပေါ့။
အောက်က ပရိတ်သတ်တွေက သူတို့ပြိုင်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြတာပေါ့။
ပြိုင်ပွဲက သိပ်တော့ မကြာလိုက်ပါဘူး။
မမီးလုံးနှစ်လုံးဟာ ပူးကပ်လုံးထွေးနေရာက တစ်လုံးဟာ ချာခနဲ ဖြစ်သွားပြီး နံဘေးလယ်ကျင်းထဲကို ထိုးစိုက်ဆင်းသွားတော့တယ်။
‘ ဟေး…’
ဘုရားလေးရွာသားတွေက မောင်ပုနိုင်သွားတာမို့ ဟေးခနဲ ဝမ်းသာအားရအော်ကြကုန်ကော။
မီးလုံးကြီးက အောက်ဆီပြန်ဆင်းလာပြီး အောင်ပွဲခံတဲ့အနေနဲ့ ကွင်းကြီးကို သုံးပတ်ပတ်ပျံတယ်။ ပြီးတော့မှ မောင်ပုရဲ့ ခန္ဓာကိုယ်ဆီကို ပြန်လည်တိုးဝင်သွားခဲ့တော့ရဲ့။
ဘာပဲဖြစ်ဖြစ် ဘုရားလေးရွာကတော့ ပထမပြိုင်ပွဲမှာ အနိုင်ရသွားခဲ့ပါပြီ။
******
‘ ဘုရားလေးက ငွေဖော့။ သက်ငယ်တောက မြင့်ဝေ…’
ငွေဖော့အလှည့်ကို ကျလာခဲ့တယ်။
ငွေဖော့နဲ့ ပြိုင်ရမယ့်သူက အသက်သုံးဆယ်အရွယ် ယောက်ျားတစ်ယောက်။
အရှေ့မှာ ပြိုင်ခဲ့တာ ငါးပွဲပြီးသွားခဲ့ပြီ။
ဒီငါးပွဲမှာ ဘုရားလေးက သုံးပွဲနိုင်ပြီး သက်ငယ်တောက နှစ်ပွဲနိုင်ထားတယ်။ ဒီတစ်ခါ ငွေဖော့သာ ထပ်နိုင်ရင်တော့ ဘုရားလေးရွာက ပြိုင်ပွဲကို အပြတ်အသတ်စိုးမိုးထားနိုင်မှာဖြစ်တယ်။
ငွေဖော့နဲ့ တစ်ဖက်က မြင်ဝေဆိုတဲ့ လူတို့ မျက်နှာချင်းဆိုင်လိုက်ကြတယ်။
‘ ပြိုင်ပွဲစလို့ရပြီ…’
ပွဲကြေညာသူဆီက အသံထွက်ပေါ်လာတာနဲ့ ငွေဖော့လည်း သူမဆီက စက်တွေကို ထုတ်ဖို့လုပ်ဆောင်လိုက်တယ်။ တစ်ဖက်ကလူကလည်း ငွေဖော့နည်းတူ လုပ်ဆောင်လာတယ်။
‘ ဟင်…’
‘ ဝေါ…ဝေါ…ဝေါ…’
ရုတ်တရက်ထွက်ပေါ်လာတဲ့ ဆူညံ အသံတွေ။
‘ အနှောက်အယှက်ဝင်ပြီ…အနှောက်အယှက်ဝင်ပြီ…’
လူအုပ်ထဲက အော်သံထွက်ပေါ်လာတယ်။
အဲ့ဒီ့အသံနဲ့ တစ်ပြိုင်နက်ထဲမှာပဲ လောင်းကြေးအဖြစ်ထားရှိတဲ့ နွားအုပ်တွေဘက်က နွားတွေ လန့်သံကို ကြားရတယ်။
မကြာလိုက်ပါဘူး။
နွားတွေဟာ လန့်ဖျပ်ပြီးတော့ ဝုန်းဒိုင်းကြဲပြီး ခြံခတ်ထားတဲ့ ဝါးတန်းတွေကို တိုးငင် ရုန်းထွက်ပြေးကြတော့တာရယ်။
ထင်မှတ်မထားတဲ့ အဖြစ်ကြောင့် လူအုပ်ကြီးလည်း အုတ်အော်သောင်းနင်း ပြေးလွှားကုန်ကြတယ်။
နွားအုပ်ကြီးကလည်း လူအုပ်ထဲကို ဝင်ပြေးပြီး တိုးကြတိုက်ကြ ဖြစ်ကုန်ကြတယ်။
အဖြစ်အပျက်က တဒင်္ဂအတွင်း အတော်လေး ရှုပ်ထွေးသွားလေရဲ့။
ခဏအကြာမှာတော့ နွားအုပ်ကြီးက လွန်သွားခဲ့ပြီးနေုက် အခြေအနေတွေက တည်ငြိမ်သလိုဖြစ်လာပြီ။
လူတွေပြန်စုဝေးကြတယ်။
ပြီးတော့ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ လက်ချက်ကြောင့်ပဲလို့ ယူဆကြပြီး ပြုသူကို ရှာကြတယ်။
‘ ဟိုမှာ…ဟိုမှာ လူတစ်ယောက်…’
တစ်ယောက်ရဲ့ အော်သံ။
အဲ့ဒီ့လူရဲ့ ညွှန်ပြရာဆီက နွားတွေထည့်ထားတဲ့ ခြံဆီကို။
ခြံထဲမှာတော့ တင်ပုလ္လင်ခွေပြီး ကျောက်ရုပ်လိုထိုင်နေတဲ့ လူတစ်ယောက်။
နွားခြံပတ်ချာလည်မှာ ထွန်းညှိထားတဲ့ မီးတိုင်တွေကြောင့် အဲ့ဒီ့လူရဲ့ အသွင်ကို သဲသဲကွဲကွဲ မြင်နေရတယ်။
ဆံပင်က ဘုတ်သိုက်ကိုမှ ဖွာလန်နေပြီး လူပုံကလည်း အဝတ်အစားက စုတ်ပြဲပေရေလို့ ညိုညစ်နေတဲ့ အိတ်အစုတ်ကြီးတစ်လုံးကိုလည်း လွယ်ထားရစ်တယ်။
‘ အရူးတစ်ယောက်ပဲ…’
‘ ဟုတ်ပါ့ ဒီအရူးက ဘာလာဝင်ရှုပ်တာလဲ…’
စိတ်ဆိုးပြောဆိုသံတွေ စီညံကုန်တယ်။
‘ ဟေ့…တစ်ယောက်လောက် အဲ့ဒီ့အရူးကို သွားမောင်းထုတ်ချေကွာ…’
လူအုပ်ထဲက နှစ်ယောက်လောက်က ထိုင်နေတဲ့သူရူးအနားကို ကပ်သွားကြတယ်။
‘ ဟာ…’
အနားကို ရောက်လုရောက်ခင်မှာ သူရူးဆီက ပူလွန်းတဲ့ အပူလှိုင်းတစ်ခုက ရိုက်ခတ်လာတာမို့ လာဖမ်းသူ နှစ်ယောက် လန့်ဖျပ်ပြီး အနောက်ကို ဆုတ်လိုက်ကြတယ်။
‘ သူက သာမန်လူမဟုတ်ဘူး…’
‘ ဟင်…’
အကုန်လုံး ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြပြီ။
‘ ဒါဆို ငါတို့ကို သက်သက်လာစမ်းတာပဲ။ ဒီအရူးက ဘာကောင်လဲ…’
‘ ဒီကောင် သေချင်နေတာပဲ…’
အကုန်လုံးဆီက ကြိမ်းမောင်းသံတွေက ဆူဆူညံညံ ထွက်ပေါ်လာတယ်။
‘ ဟေး…အကုန်လုံး တိတ်ကြစမ်း…’
အရီးရွှေဖော့ရဲ့ အသံ။
အကုန်လုံး မီးကို ရေနဲ့ ငြှိမ်းသတ်လိုက်သလိုပဲ။ အသံတွေ တိတ်ကုန်ကြပြီး အကုန်လုံး ငြိမ်ကုန်ကြတယ်။
ဒါပေမယ့် အရီးရွှေဖော့က တောင်ဝှေးတဒေါက်ဒေါက် အားပြုပြီး တိုးထွက်လာတယ်။ ပြီးတော့ သူရူးကို ကြည့်ပြီး…။
‘ မှန်း…
‘ အရီး…ကျွန်မတော့ ဒီကိစ္စကို မကျေနပ်ဘူး။ ကျွန်မသူ့ကို သတ်ချင်တယ်။ သူ့ကြောင့် ကျွန်မပြိုင်ပွဲ ပျက်သွားရတာ…’
‘ ဟဲ့ကောင်မ…နင်က ဘာလုပ်နိုင်မှာလဲ။ သူ့ကို နင်မနိုင်ဘူး။ နင်အသာဖယ်နေ…’
‘ မဖယ်ဘူး။ ကျွန်မ ရအောင်လုပ်မယ် အရီး…’
ငွေဖော့က ပြောပြောဆိုဆိုပဲ အရှေ့ကို တက်သွားတယ်။
ဒါကို အရီးရွှေဖော့က သူ့ကို အာခံတယ်လို့ အထင်ရှိသွားပြီး စက်တချို့ထုတ်ပြီး ငွေဖော့ကို ပစ်လိုက်တယ်။
‘ ဖုန်း…’ ခနဲ အသံနဲ့အတူ ငွေဖော့တစ်ယောက် နေရာမှာတင် ခေါက်ခနဲ လဲကျသွားလေရဲ့။
‘ ဒီကောင်မ…ငါက နာမည်တူလို့ နေရာပေးတာကို တော်တော်ရောင့်တက်နေတာ…’
အရီးရွှေဖော့က ပြောလိုက်တယ်။
အဲ့ဒိ့အခိုက်မှာပဲ တင်ပုလ္လင်ခွေထိုင်နေတဲ့ သူရူးက လှုပ်ရှားလာပြီး အညောင်းအညာဆန့်လိုက်တယ်။
‘ အင်း…ဒီလူသားတွေ အတော့်ကို အလိုက်မသိတာပဲ။ ငါသူတော်လေးကို အနှောက်အယှက်ပေးလိုက်တာ…’
သူရူးဆီက စကား။
ဒီစကားကြောင့် အရီးရွှေဖော့က အတော်ကလေးကို ဒေါသထွက်သွားရတယ်။
‘ ဟဲ့အကောင်…နင်က ဘယ်သူလဲ…’
‘ အယ်…ဒီအမယ်အိုက ဘယ်သူပါလိမ့်။ အသက်ကလည်း ကြီးနေပြီကို အခုထိ မိုက်တွင်းနက်နေတုန်းပဲ။ အင်း…ဒင်းကိုတော့ ငါသူတော်လေး ဆုံးမမှပါလေ…’
သူရူးက ပြောလာတယ်။ ဒီစကားကတော့ တစ်သက်လုံး ရွှေထီးဆောင်းလာတဲ့ အရီးရွှေဖော့ကို အတော့်ကို ဒေါသအထွဋ်အထိပ် ထွက်သွားစေတယ်။
‘ ဒီအရူးကောင်တော့ ရူးနှမ်းတဲ့ ဘဝမှာတောင် ဆက်မနေချင်တော့ဘူးထင်တယ်…’
‘ အယ်…ကလယ် ကလယ်။ ငါသူတော်နတ်သားလေးကို ဒီအမယ်အိုကြီးက…အမလေး လေး ဘုရား ဘုရား… ဘိုးသိကြား။ ကယ်တော်မူပါ့ဘုရား…’
သူရူးက အမူအယာကပါ လက်အုပ်ချီလို့ ကောင်းကင်ကို မော်ကြည့်ပြီးဆိုတယ်။ ဒီအသွင်ကိုတော့ အရီးရွှေဖော့အတွက်တော့ အထီမဲ့မြင်လုပ်တယ်ထင်သွားပြီး…။
‘ ဒီအကောင် စော်ကားတာ တရားလွန်သွားပြီပဲ…’
အရီးရွှေဖော့က ပြောပြောဆိုဆိုပဲ သူရူးဆီကို စက်တွေထုတ်လို့ ပစ်တော့တယ်။
ဒါပေမယ့် သူရူးကတော့ တဟဲဟဲရယ်နေရင်း အရီးရွှေဖော့ကို ဒီအတိုင်းပုံမပျက်ဘဲ ကြည့်နေတယ်။
အရီးရွှေဖော့ရဲ့ စက်တွေက သူရူးဆီကို မရောက်ဘူး။
လမ်းတဝက်မှာတင် ပျောက်ရှသွားလေတယ်။
‘ ဟင်…ဒါက ဘယ်လိုဖြစ်တာလဲ…’
အရီးရွှေဖော့ အံ့အားသင့်သွားတယ်။ သူ့ဘဝမှာ ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးဘူး။
‘ နင်…နင်က ဘယ်သူလဲ…’
‘ ငါက သူတော်လေ။ နတ်သားလေး သူတော်ပေါ့…’
သူရူးက အရယ်မပျက်။ ခါးကို ထောက်ရင်းဖြေတယ်။
‘ မဟုတ်ဘူး…နင်က လူမဟုတ်ဘူး။ နင် ဘာကောင်လဲ…’
‘ ငါသူတော်လေးက နတ်သားပါဆိုကွယ်။ ဒီအမယ်အိုကြီးတော့…’
သူရူးက အရီးရွှေဖော့ရဲ့ ဒေါသကို ဆွစကားဆိုရင်း ဖြေလိုက်တယ်။
‘ တောက်…ရာရာစစ။ နင်ကများ ငါ့ကို…’
အရီးရွှေဖော့က ဒေါသနဲ့ တောက်ခေါက်လိုက်ပြီး မြေဆီကို လက်ညှိုးထိုးလို့ မန္တာန်ရွတ်ပြီး လက်နဲ့ သုံးချက်ပုတ်လိုက်တယ်။
‘ ရွှီး…ဖရော…ဖောက် ဖောက်…’
ကျတ်တီးကုန်း မြေဆီကနေ များမြံလွန်းလှတဲ့ မြွေတွေတိုးထွက်လာတယ်။ များပြားလွန်းတာမို့ နံဘေးက လူတွေတောင် ကြောက်အားလန့်အားနဲ့ အနောက်ကို ဆုတ်ပြေးကြတယ်။
‘ သူ့ကို သတ်ကြစမ်း…’
အရီးရွှေဖော့က သူရူးဆီကို လက်ညှိုး ညွှန်ထိုးလိုက်တယ်။
မြွေတွေဟာ အသံမျိုးစုံ၊ အရွယ်မျိုးစုံနဲ့ သူရူးဆီကို ကိုက်သတ်ဖို့ တိုးဝင်ကြတယ်။
ဒီအချိန်မှာပဲ သူရူးက သူ့လွယ်အိတ်ကြီးထဲက အင်းစာရွက်တွေကို ထုတ်ယူပြီး ကောင်းကင်ကို ဖြန့်ကျဲလို့ မန္တာန်ရွတ်လိုက်တယ်။
ရုတ်တရက် ဖြန့်ကျဲထားတဲ့ အင်းစာရွက်တွေဟာ သိန်း၊ လင်းယုန်စတဲ့ ငှက်ကြီးတွေဖြစ်ကုန်ပြီး အလျင်အမြန်ပြေးလာနေတဲ့ မြွေတွေကို ထိုးသုတ်တော့တာပဲ။ ခဏအကြာမှာတော့ မြွေတွေအားလုံးဟာ ငှက်တွေရဲ့ ထိုးသုတ်ခံရမှုကြောင့် ကုန်စင်သွားလေရဲ့။
‘ ဟင်…’
အရီးရွှေဖော့ အံ့အားသင့်သွားရတယ်။
သူ့ဘက်က ပထမအကြိမ်တိုက်ခိုက်မှုက သာမန်တိုပေမယ့် အပြင်းထန်ဆုံး စက်တွေကို ထုတ်သုံးထားတာ။
အခု နောက်တစ်ခေါင်ကတော့ သဏ္ဍာန်ပြောင်းနည်းမဟုတ်ဘဲ မြေကနေ အဆိပ်အပြင်းဆုံး မြွေတွေ ုဖြစ်စေလို့ တိုက်ခိုက်ခဲ့တာ။ ဒါတွေဟာ သူမအတွက်တော့ အဆုံးစွန်တဲ့ ပညာတွေမဟုတ်ပေမယ့် သာမန်အထက်လမ်းဆရာအဖို့တော့ အလစ်အငိုက်မိပြီး သေပွဲဝင်ရတဲ့အကွက်။ ဒါပေမယ့် ဒီအကွက်တွေက သူရူးအတွက်တော့ ထိခိုက်ဖို့ မစွမ်းသာလှဘူး။
‘ ဒီတစ်ခါတော့ ငါသူတော်လေးအလှည့်ပဲ…ဟီ…ဟီ…’
သူရူးဟာ ခပ်ပြီပြီပြောတယ်။ ပြီးတော့ အရီးရွှေဖော့ကို စူးစူးကြည့်လို့ မန္တာန်တစ်ပုဒ်ကို အသံထွက်ရွတ်ဆိုလိုက်တယ်။
မန္တာန်ကို ရွတ်ဆိုသံ ထွက်ပေါ်လာတာနဲ့ အဲ့ဒီရိုးပြတ်ကုန်းကြီးတစ်ခိုမှာ ရှိတဲ့ လူသူတွေအကုန် ခေါင်းထိုးကိုက်တဲ့ ဒဏ်ကို အပြင်းအထန် ခံစားကြရတော့တာပဲ။
အကုန်လုံး လူးလှိမ့်လို့ မချိမဆန့်ဖြစ်ကုန်ကြတယ်။
အရီးရွှေဖော့ကိုယ်တိုင်လည်း ခေါင်းကိုက်ဒဏ်ကို မခံစားနိုင်။ မြေဆီမှာ ညည်းတွားရင်း ဟိုလှိမ့်၊ ဒီလှိမ့်။ ဒါပေမယ့် အရီးရွှေဖော့က စိတ်ကို မလျှော့ဘူး။ လူးလှိမ့်နေရင်းက သူ့ရွာသားတွေကို စိတ်တင်းထားဖို့ ဟစ်အော်နေတယ်။ ဒါပေမယ့် ဘယ်သူက စိတ်တင်းနိုင်မှာလဲ။ ပြင်းထန်လွန်းတဲ့ ခေါင်းကိုက်မှုကို မခံစားနိုင်ကြတော့တာမို့ ကယ်ပါယူပါ အသံတွေက စာစာညံလို့။
‘ ကဲ အမယ်အိုကြီး။ ဒီလောက်ဆို တော်သင့်ပြီပေါ့။ ထားရှိထားတဲ့ အတ္တတွေ၊ မာနတွေနဲ့ ငရဲလားရမယ့်ကိစ္စတွေကို ဆက်မလုပ်ပါနဲ့လို့ ငါသူတော် တောင်းဆိုပါရစေ…’
ဒီတစ်ခါ ထွက်ပေါ်လာတာက သူရူးဆီက တည်ကြည်တဲ့ စကားသံ။
ခေါင်းတွေ တဒိန်းဒိန်း ထိုးကိုက်နေတဲ့အကြားက အရီးရွှေဖော့ မျက်လုံးကိုဖွင့်လို့ သူရူးကို ကြည့်တော့ သူမြင်ရတာက အခုနက သူရူးကို သူရူးအသွင်နဲ့ ဟုတ်ဘူး။ အထက်အောက်ယောဂီဝတ်လို့ တည်ကြည်ဖြူစင်တဲ့ မျက်နှာထားအသွင်အပြင်နဲ့။
‘ မရဘူး…နင့်ကို ငါ အရှုံးမပေးနိုင်ဘူး…’
‘ အမယ်အို…စိတ်ကို လျှော့လိုက်ပါ။ သင့်ပညာတွေကို စွန့်ပါ…’
‘ မစွန့်နိုင်ဘူး။ ငါတို့တစ်အုပ်ကြီးက နင့်တစ်ယောက်ထဲကို ရှုံးနိမ့်ရတာ ငါ လက်မခံဘူး…’
‘ အမယ်အို…အခု ဒီကို ရောက်လာတာ ငါသူတော်တစ်ယောက်ထဲ မဟုတ်ပါဘူး။ သင်တို့မမြင်နိုင်တဲ့ အစောင့်အရှောက်တွေပါလာပါတယ်။ ဒါကြောင့် သင် စိတ်လျှော့ပြီး ပညာကို စွန့်ပါ…’
‘ မစွန့်ဘူး။ နင့်ကို ငါ မယုံဘူး…’
‘ အမယ်အို။ ဆိုးသွမ်းမှုတွေကတော် သင့်ပြီလေ။ အတိတ်က ရဟန်းပျိုကို ပြုစားသတ်ဖြတ်တယ်။ ပြီးတော့ ရုပ်အလောင်းကို ဆေးစီရင်၊ ဝိဥာဉ်ကိုလည်း သင်က ချုပ်နှောင်ထားသေးတယ်။ တစ်ရွာလုံးကို သင့်ဘက်ရောက်အောင် ကျုံးသွင်းတယ်။ ရွာကို သာသနာအဝင် မခံဘူး။ ဒါ့အပြင် သင်ကိုယ်တိုင်သုံးတောင်ဝတ်ဖြစ်ပြီး သံဃာပုလ္လင်မှာ ထီးဖြူဆောင်းလို့ မထိုက်မတန်နေပြန်သေးတယ်။ အမယ်အို သင် နောင်တရသင့်ပါပြီ။ မဟုတ်ရင် သင် ဒုက္ခရောက်ရပါလိမ့်မယ်။ ဒါကြောင့် ငရဲလားမယ့် ပညာစဉ်ကို စွန့်ပြီး အမိုက်တိုက်ကနေ ထွက်ခဲ့ပါ…’
‘ မရဘူး…ငါ မစွန့်နိုင်ဘူး…’
‘ အမယ်အို…ဒီမှာ ကြည့်ပါ…’
ယောဂီဝတ်နဲ့ သူရူးကနေ အသွင်ပြောင်းနေတဲ့ လူငယ်ရဲ့စကားကြောင့် အရီးရွှေဖော့ မျက်စိဖွင့်ကြည့်တော့ ပိန်လှီခြောက်ကပ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရဟန်းပျို။
‘ အရှင်ဘုရား…’
အရီးရွှေဖော့က ရဟန်းပျိုကို ကြည့်လိုက်တယ်။
‘ တကာမကြီး…ကိုယ်တော် လွတ်မြောက်ချင်လှပါပြီ…’
ရဟန်းပျိုရဲ့ စကားသံက ဗလုံးဗထွေး။ အရင်ကလို ကြည်ကြည်လင်လင် မရှိတော့ဘူး။ အရီးရွှေဖော့ ရဟန်းပျိုကိုကြည့်ပြီး ရင်ထဲ နင့်ခနဲ ဖြစ်သွားရတယ်။
‘ အရှင်ဘုရား…’
‘ နောင်တရပါ တကာမကြီးရယ်…’
‘ တင်…တင်ပါ့…အရှင်ဘုရား။ တ တပည့်တော် နောင်တ ရပါပြီ ဘုရား…’
အရီးရွှေဖော့က ရဟန်းပျိုအတွက် ယူကြုံးမရဖြစ်ရတာကြောင့် ရှိုက်ငိုပြီး ပြောလာတယ်။ ဒီစကားကြောင့် ရဟန်းပျိုကတော့ အလွန်ပဲ ကျေနပ်သွားတဲ့ အသွင်နဲ့ ရုတ်ခနဲ ကွယ်သွားတော့လေရဲ့။
အဲ့ဒီ့နောက်မှာတော့ သူရူးအဖြစ်ကနေ အသွင်ပြောင်းလဲနေတဲ့ လူငယ်ဟာ သူရဲ့ မန္တာန်ကို ပြန်ဖြေလိုက်ပါတယ်။
မန္တာန်ဖြေပြီးနောက်မှာတော့ ရိုးပြတ်ကုန်းကြီးဆီမှာရှိနေတဲ့ ခေါင်းကိုက်လဲကျနေသူတိုင်း ဝေဒနာပျောက်လို့ သက်သာလေပြီ။
ဒီ့နောက်မှာတော့…။
အရီးရွှေဖော့ရဲ့ ဥိးဆောင်မှုနဲ့ ပညာသည်အားလုံးတို့ဟာ ယောဂီဝတ်လူငယ်ဆီမှာ ပညာစဉ်တွေကို အပ်နှံလိုက်ကြတော့တာပေါ့…။
*******
ဘုရားလေးရွာဆီမှာ ထူးခြားတဲ့ ဘုန်းကြီးပျံပွဲ ကျင်းပနေတယ်။
ဒီဘုန်းကြီးပျံပွဲက ဘာကြောင့် ထူးခြားရတာလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော်က လွန်ပါးခဲ့တဲ့ ရဟန်းပျိုလေးရဲ့ ရုပ်ကလ္လာပ်ကို ယခုမှပဲ မီးပူဇော် သဂြိုဟ်တာကြောင့်ပဲ ဖြစ်ပါတယ်။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)