ခြင်ကျား (မအူပင်)
“မောင်ခြုံရေ … တို့ကတော့ ပွဲဝင်ဖို့ အသင့်ပြင်ပြီးပြီကွ”
အေးဆောင်က မြက်ခုတ်ဓား အရိုးကို တင်းတင်းကိုင်လျက် မောင်ခြုံအား ထောင်ပြသည်။ မြက်ခုတ်ဓားအသွားသည် ဓားသွေးဝနေရကား အရောင်တဖိတ်ဖိတ်လက်နေ၏။ ဓားအဖျားသည် အေးဆောင်၏ လက်ဖမိုးထက်တွင် တဆတ်ဆတ်ခါနေ၏။
ဒါကိုမြင်ရခြင်းအားဖြင့် အေးဆောင် ရင်ထဲကဒေါသတို့သည် ဓားတစ်ခုလုံးသို့ အပူစီးသကဲ့သို့ စီးဆင်းနေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည်။
သို့သော် မောင်ခြုံက မတုန်မလှုပ်။
ဒီတစ်ခါ ရင်ဆိုင်ရမှာက ရေနေသတ္တဝါမဟုတ်။ ဒါကြောင့်လည်း စိတ်ထဲမှာ ဝေခွဲမရ။
တဲရှေ့တွင် ငါးသေများကို ငါးပိလုပ်ရန် သပွတ်ထိုးနေရှာသော စိန်မယ်နှင့် အင်းချောင်းစပ်တွင် သုတ်တံကို ရေနှစ်၍ ငါးမျှားနေသော သံချောင်းကို ဖျတ်ခနဲ လှမ်းကြည့်မိသည်။
ဒီအခါ အေးဆောင်သည် အားမလိုအားမရ ဖြစ်လာ၏။ မိမိက တက်ကြွသလောက် အေးတိ အေးစက် တုံ့ပြန်သော မောင်ခြုံကို မချင့်မရဲ။
ဓားကို မောင်ခြုံ့တဲပေါ် ပစ်တင်ပြီး သည်လိုပြောလိုက်ပါတော့၏။
“ဒီမှာ. . . မောင်ခြုံ၊ ကျုံတာသား သွေးရဲစမ်းပါကွ”
“ကဲပါ… ကိုအေးဆောင်ရယ်၊ ထိုင်ပါအုံးဗျာ”
သည်တော့မှ အေးဆောင်သည် မောင်ခြုံ၏ တဲပေါ်တက်ပြီး ထိုင်လိုက်ပါသည်။
“ဇာတ်တူသား မစားချင်ပါဘူးကွာ။ ဒါပေမဲ့ တက်ခါးတို့၊ ကျော်ဖေတို့ လုပ်ပုံက ကျောလွန်းအားကြီးလို့ ပါ။ ဒါဟာ တမင်သက်သက် ဗိုလ်ကျတာ၊ လူပါးဝတာကွ။ ဒါကို တို့က လျစ်လျူရှုလိုက်ရင် တို့ခေါင်းပေါ် ချေးတက်ပါသွားမှာကွ”
အေးဆောင်အသံက ဒေါသကြောင့် ခက်ထန်မာကျောနေ၏။
“ခက်တာက ဒီအတိုင်း လွှတ်ထားရင် အင်းပိုင်ဆီက တို့အတွက် အာမခံပေးထားတဲ့ ကိုအောင်သူနဲ့လည်း မျက်နှာပျက်ရမှာ ဖြစ်သလို အင်းဖိုးကို တို့ ဘယ်လိုဆပ်မှာတုံး”
ဒီအခါမှ မောင်ခြုံလည်း မနေသာတော့ဘဲ ဝင်စွက်ဖက်ပြောဆိုလာပါသည်။
မပြောလို့လည်း မဖြစ်။ ကျုံတာသားတို့ ဘေးကျပ်နံကျပ် ဖြစ်နေကြရပြီ မဟုတ်ပါလော။
ရေဦးပိုင်းတုန်းက အေးဆောင် ခေါင်းဆောင်သော ကျုံတာအင်းကို အမှီပြုရှာဖွေစားသည့် ငါးသမား အချို့ ကျုံတာအင်းပိုင် ဦးစိန်ပွင့်ထံမှ ဘုံစားအင်းတစ်ပိုင်း တောင်းခဲ့ကြပါသည်။ ဦးစိန်ပွင့်လည်း ပေးရိုး ပေးစဉ်မဟုတ်သောကြောင့် ခါးသီးစွာ ငြင်းဆိုလေ၏။
‘ဘုံစား’ ဆိုသော စကားလုံးသည် မအူပင်မြို့နယ်တစ်နယ်လုံးရှိ အင်းနယ်တိုင်းသို့ ကူးစက်ခဲ့၏။ မောင်ခြုံတို့ ငါးသမားတွေ ဘုံစား၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာမသိ။
သူများက ဘုံစားဆို၍ ဘုံစားလိုက်ရခြင်းဖြစ်သည်။
ဒီလိုနှင့် အေးဆောင် ခေါင်းဆောင်သော ကျုံတာအင်းနယ်မှ ရေပေါ်ရေလျှံငါးသမား နှစ်ဆယ့်နှစ်ဦးသည် ကျုံတာအင်းပိုင် ဦးစိန်ပွင့်ထံက မတောင်းစဖူး ဘုံစားအင်း တောင်းကြပါတော့၏။
ဒီတွင် ကျုံတာရွာအုပ်ချုပ်ရေးမှူး ကိုအောင်သူလည်း မနေသာတော့ပေ။ ဒါကြောင့် အင်းပိုင် ဦးစိန်ပွင့်နှင့် ညှိရသည်။ နှစ်ဖက် လိပ်ခဲတည်းလည်း ဖြစ်နေမှုကို လျော့ပါးစေရန် အဖြေရှာကြရသည်။
“ဒီလိုလုပ်ပါ ကိုအေးဆောင်။ ဘုံစားအင်းဆိုတာ ငါးလုပ်ငန်းဦးစီးဌာနကပဲ ပေးပိုင်ခွင့်ရှိတာပါ။ ခု အင်းရာသီအတွက် ငါးလုပ်ငန်းဦးစီးဌာနဆီက ဦးစိန်ပွင့်က လိုင်စင်ရပြီးပြီလေဗျာ။ ပြီးတော့ ဦးစိန်ပွင့်ဟာ ခင်ဗျားတို့ရွာသားအချင်းချင်းပဲ မဟုတ်လား။ ဒီတော့ ခင်ဗျားတို့လိုချင်တဲ့ အင်းဖျားအင်းနားက အပိုင်းတစ်ခုခုကို သင့်တော်တဲ့ဈေး ဖြတ်ပြီး ဘုံစားရှာစားဖို့ တောင်းပေးမယ်”
“ဟာဗျာ. . . အုပ်ချုပ်ရေးမှူးကလည်း။ ဘုံစားဆိုတာ ငွေတစ်ပြားမှ မပေးရဘဲ ရှာစားလို့ရတဲ့ နေရာလေဗျာ”
အေးဆောင်က မကျေမနပ် ခွန်းတုံ့ပြန်ခဲ့၏။
“ဒီလိုရှိတယ် အေးဆောင်ရ။ အင်းချောင်းလို့ ငါးဦးစီးက သတ်မှတ်မထားတဲ့ ပင်မချောင်းနဲ့ မြစ်တွေ ရှိတယ်လေကွာ။ အခု ဒီအင်းကို ရတယ်ဆိုပေမယ့် ငါ့မှာလည်း မတန်တဲ့ဈေးနဲ့ အဆင့်ဆင့်ဝယ်ရတာ။ မင်းတို့ ကိုယ်ချင်းစာပါအုံးကွာ။ ငါ ဒီအင်းကို လုပ်တာ ဒီနှစ်ဆိုရင် ငါးနှစ်တင်းတင်းပြည့်ပါပြီ။ မင်းတို့ ရေပေါ် ရေလျှံငါးသမားတွေနဲ့ အဆင်ပြေအောင်ဆက်ဆံတဲ့ အင်းသူကြီးပါ။ ငါ့ဘက်ကိုလည်း ကြည့်ပါအုံး”
မနေသာတော့သောအခါ ဦးစိန်ပွင့်သည်ပင် စကားဝိုင်းထဲ ဝင်လာရသည်။
တကယ်တော့ ဦးစိန်ပွင့်သည် ငွေရှင်ကြေးရှင် အင်းပိုင်တစ်ဦးမဟုတ်။ ငယ်စဉ်က အေးဆောင်တို့၊ မောင်ခြုံတို့ကဲ့သို့ ရေပေါ်ရေလျှံ ရှာဖွေစားသောက်သော ငါးသမားတစ်ဦးဖြစ်ပေသည်။
ကိုင်းထောက်၊ ပုံးထောင်၊ မြှုံးချ၊ ပိုက်တားသည့် သာမန်ငါးသမားဘဝက တက်လာသူဖြစ်သည်။
ရေကျွဲများပမာ ရေနက်ကွင်း၏ဒဏ်ကို အလူးအလဲခံကြရပြီး ကိုင်းကြွေး၊ ရွဲကြွေး၊ အင်းကြွေး ပိနေ သော ဘဝတူတို့အပေါ် စာနာတတ်သော အင်းပိုင်တစ်ဦးဖြစ်၏။ အခု သူ့ထံက အခမဲ့ ဘုံစားတောင်းနေ သူများသည် ဦးစိန်ပွင့် အင်းကြွေးနှင့် မကင်းသူများဖြစ်သည်။
“ဒီလိုဆိုရင် တောင်ခြမ်းကို ဈေးသတ်မှတ်ပေးဗျာ။ အဆမတန်လည်း ဈေးမခေါ်နဲ့။ ဟဲ… ဟဲ လက်ငင်းလည်း မပေးနိုင်ဘူးနော်”
အုပ်ချုပ်ရေးမှူး ကိုအောင်သူက နှစ်ဖက်ကျေလည်မှုရရန် စိတ်ရှည်လက်ရှည် ညှိနှိုင်းပေးရှာသည်။
ဦးစိန်ပွင့်က အင်းနယ်မြေ တောင်ခြမ်းကို မပေးချင်။ ဒီအခါ မိမိတို့နယ်နှင့် မဝေးသော ခွလေးကျွန်းအင်းကို သက်သေထား၍ တီးတိုးခြောက်လှန့် သတိပေးရပြန်လေသည်။
နောက်ဆုံး အင်းပိုင်ဦးစိန်ပွင့်သည် တောင်ခြမ်းအင်းအပိုင်းအား လေလံဈေးလောက်ဖြင့် အေးဆောင်တို့အုပ်စု ရှာဖွေစားသောက်ခွင့်ကို အကြွေးပေးလိုက်ရပါတော့သည်။
“ဒီတစ်ခါပါပဲကွာ။ နောက်နှစ်ကျရင် အင်းမဆွဲတော့ဘူးကွာ”
ဦးစိန်ပွင့်ခမျာမှာလည်း ပြဿနာဖြစ်မည်စိုးရိမ်၍ သာ ပေးခဲ့ရ၏။ ရင်ထဲမှာ မကောင်း။
သို့ရာတွင် ဒီလို ခက်ခက်ခဲခဲ ရရှိခဲ့သော ဇာတ်တူသားချင်း မျက်နှာပြောင်တိုက်၍ တောင်းယူခဲ့သော အေးဆောင်တို့လို ရေပေါ် ရေလျှံငါးသမားတို့၏ ဘုံစားအင်းကလေးကို ကတုံးပေါ်ထိပ်ကွက် ခံရလေသောအခါ အဘယ်မှာလျှင် မနာကြည်းဘဲ ခံနိုင်ပါမည်နည်း။
xxx xxx xxx
“ငါထောင်ထားတဲ့ ငါးကျည်းပုံး ဓားနဲ့ခုတ်သွားတယ်ကွ။ ပုံးထဲ မိနေတဲ့ ငါးကို သွန်ယူသွားပုံရတယ်”
ဘုံစားရ၍ ငါးကျည်းပုံးထောင်သော ထွန်းမွှေးခမျာ ငါးကျည်းပုံးကိုလည်း နှမြော၊ ငါးကိုလည်း နှမြော။
“ငါ့ပိုက်ဖော်ပြီး ငါးတွေခိုးဖြုတ်ရုံမက ပိုက်ကိုလည်း ဓားနဲ့ ထိုးခွဲခဲ့တာ”
“ဘုံစားလေးရလို့ တန်ပြီလား အောက်မေ့ပါတယ်။ ငါးဖမ်းကိရိယာတွေပါ ဖျက်ဆီးခံနေရတဲ့ကိစ္စဟာ သွေးရိုးသားရိုးတော့မဟုတ်ဘူး မောင်ခြုံရဲ့”
ဘုံစားရသည်နှင့် ရသည့်အခွင့်အရေး အသုံးချဖို့ ငါးဖမ်းကိရိယာများကို ပြင်ဆင်ကြရသည်။ မိမိကျွမ်းကျင်ရာ ငါးဖမ်းကိရိယာများ ရှာဖွေရင်းနှီးကြသည်။ မနှစ်က ငါးဖမ်းကိရိယာကို သုံးလို့မဖြစ်။ တစ်နှစ်ပတ်လုံး ငါးလုပ်ငန်းခွင်မှာ အသုံးပြုခဲ့သည်မဟုတ်ပါကလား။
“ငါးကို နှမြောတာ မဟုတ်ပါဘူးကွာ။ ဒီနှစ် အချီကြီးချမယ်ဆိုပြီး ငါ့သမီးနားကွင်းလေးရောင်းပြီး ငါးကျည်းပုံးသုံးဆယ်တောင် ဝယ်ထောင်တာ။ တစ်လုံးမှသုံးမရတော့ဘူး”
ထွန်းမွှေးမှာ စုတ်တသပ်သပ်။
သည်သို့ပင် မောင်ခြုံတစ်ယောက်လည်း ဆယ်လံပိုက်တစ်ဖုံ ရင်းနှီးလိုက်ပါမှ ဆုံးရှုံးသွားခဲ့ပြန်သည်။
“ဒီလုံးက ကိုင်းထောက်တာဆိုတော့ တော်သေးတာပေါ့”
မောင်ခြုံ့စကားဆုံးသည်နှင့် ဒီလုံးကလည်း မချိတင်ကဲ ဆိုလေသည်။
“အတူတူနဲ့ အနူနူပါကွာ။ ငါ့ကိုင်းတန်းက ငါးကို ခိုးဖြုတ်သွားတဲ့အပြင် ကိုင်းကြိုးတွေခုတ်ပြီး လုံးထွေးလွှင့်ပစ်သွားတာကွ”
အင်းပိုင် ဦးစိန်ပွင့်ဆီက ခက်ခတ်ခဲခဲ တောင်းဆိုရရှိထားသော ဘုံစားအင်းကလေးတစ်ပိုင်းရလို့ ပျော်နေသော အေးဆောင်တို့ခမျာ ငါးသူခိုးကြောင့် အရင်းပြုတ်ခဲ့ရပါသည်။
“ဒီကိစ္စ သွေးရိုးသားရိုးတော့ မဟုတ်ဘူး”
“ဟုတ်တယ်ကွ အေးဆောင်ရ။ ငါလည်း အဲဒါကို စဉ်းစားနေတာ။ အင်းပိုင် ဦးစိန်ပွင့် လက်ချက်များ လားလို့တောင် တွေးမိတယ်”
အေးဆောင်အတွေးကို တိမ်တစ်လုံးစိုးမြင့်က ပို၍ တူးဆွပေးသည်။
“ကိုအေးဆောင်နဲ့ ကိုစိုးမြင့်ရာ … ကျွန်တော်ကတော့ ဦးစိန်ပွင့်ကို မထင်ပါဘူး။ ကျွန်တော်တို့နဲ့ ဦးစိန် ပွင့်ဟာ နှစ်အတော်ကြာအောင် ဒီအင်းနယ်မြေမှာ ဆက်ဆံလာခဲ့တာပဲဟာ။ ဦးစိန်ပွင့်မှာ ဒီလောက် ညစ်ပတ်တဲ့စိတ်မျိုး မရှိလောက်ဘူး ထင်တာပါပဲ”
မောင်ခြုံစကားကို အေးဆောင်က လက်မခံ။
“ဟကောင်ရ … ဘုံစားအင်းပေးဖို့ တို့ ဘယ်လောက် တိုက်ခိုက်ခဲ့ရသလဲဆိုတာ မင်းအသိပဲဟာ။ တို့ကို သဒ္ဓါလို့ပေးတာ မဟုတ်ဘူးလေကွာ။ မစားရတဲ့အမဲ သဲနဲ့ပက်တာကော မဖြစ်နိုင်ဘူးလား”တဲ့။
နောက်ဆုံးတွင် ဘုံစားအင်းရရှိသော အေးဆောင်တို့တစ်သိုက် ဦးစိန်ပွင့်နှင့်တွေ့ဆုံရန် ကျုံတာအင်းတဲကို ထွက်လာကြသည်။ အေးဆောင်တို့လှေများ၏ တက်သုတ်သံကြောင့် အင်းရေသည် ဂယက်ဆူသွားသည်။
ငါးသမားသည် မိမိကိရိယာနှင့် သားငါးကိုထိလျှင် အသည်းပေါက်သည်ထိ နာကျင်တတ်ကြသည် မဟုတ်ပါကလား။
“မင်းတို့တစ်တွေမို့ အံ့ပါရဲ့ကွာ။ မင်းတို့မို့လို့ အနစ်နာခံပြီး ဘုံစားအင်းပေးတဲ့ ငါ့ကို လာစွပ်စွဲလေခြင်း။ ငါက ဒီလိုလုပ်မလား။ ရှာလို့ဖွေလို့ မရရင် အောက်ကြေးနဲ့ပေးထားတဲ့ ငါ့အင်းတန်ဖိုးကို ရတော့မလား။ မင်းတို့ဟာ တော်တော်ဦးနှောက်တိမ်တာကိုး”
အင်းပိုင်ဦးစိန်ပွင့်နှင့် ဆုံသောအခါ တုံ့ပြန်သည့်စကားကြောင့် အေးဆောင်တို့တစ်သိုက် တွေဝေ သွား၏။
“ဗျို့ … ကိုအေးဆောင်၊ တစ်ခုထူးခြားတာကို တွေ့ခဲ့တယ်။ ဒီနေ့မနက် မိုးသောက်ယံမှာ ကျွန်တော် ချောင်းဖျားတက်တုန်းက လှေအစင်းနှစ်ဆယ်လောက် တောင်ခြမ်းက လှော်ထွက်သွားတာ တွေ့ရတယ်။ သေချာကြည့်တော့ ညောင်ခါးရှည်က တက်ခါးနဲ့ လိမ်ကုန်းက ကျော်ဖေတို့ကို တွေ့ရတယ်”
မြင်းကွင်းထိပ်တွင် ကြိမ်ကြောနေသော စိန်ရက လှမ်းပြောတော့မှ သူတို့၏တွေဝေမှုသည် ရုတ်ချည်းပျက်ပြယ်သွားလေသည်။
ညောင်ခါးရှည်ရွာက တက်ခါးနှင့် လိမ်ကုန်းရွာက ကျော်ဖေတို့တစ်သိုက်မှာ ငါးခိုးရာတွင် နာမည်ဆိုးစာရင်းဝင်သူများ ဖြစ်သည်။ သူတို့နှစ်ဦးက သမီးယောက်ဖတော် စပ်သည်။ ငါးခိုးလျင်သကဲ့သို့ လက် ယဉ်သည်။
တက်ခါးသည် ငါးခိုးရင်း လူသတ်မှုကျူးလွန်သောကြောင့် ထောင်ကျဖူးသည်။ ကျော်ဖေက လည်း ဓားခုတ်မှု နှစ်မှုဖြင့် နှစ်ကြိမ် ထောင်ကျခဲ့ဖူးသည် မဟုတ်ပါကလား။
xxx xxx xxx
‘မီးလောင်ရာ လေပင့်’ ဟူသော စကားပုံတစ်ရပ်ရှိ၏။ မီးလောင်သည့်အခိုက် လေငြိမ်လျှင် မီးလျှံ မကြီး၊ မပွား။ သို့ပေမယ့် လေနှင့် တွေ့လျှင်မူ မီးသေးမီးပွားသည် မီးတောက်မီးလျှံ ဖြစ်သွားတတ်ပေ သည်။
အခုလည်း မကျေနပ်မှုကြောင့် သတင်းခိုင်မာအောင် စနည်းနာခိုက်တွင် ကိုအေးဆောင်နှင့် တက်ခါးတို့တစ်သိုက် ပက်ပင်းသွားဆုံကြသည်။
ဆုံသည့်နေရာက တရုတ်စုရွာ၊ ဖိုးလူဝ အရက်ဆိုင်။
တက်ခါးတင်မက တက်ခါးယောက်ဖ ကျော်ဖေနှင့် အပေါင်းအပါ စုံစုံလင်လင်။
သည်တော့ တစ်ဦးတည်းဖြစ်သော အေးဆောင်အနေဖြင့် စကားကို ထိန်းထိန်းသိမ်းသိမ်းပြောရမည် ဖြစ်သည်။
“ဗျို့ … ကိုကြီးတက်ခါး၊ လူစုံ တက်စုံ ပျော်ပွဲခင်းနေလိုက်တာ။ ဧကန်မုချ ညက ကိုကြီးတို့ ငွေတွင်းတွေ့ခဲ့ပြီထင်တယ်”
ဒီလို အေးဆောင်က ရိသဲ့သဲ့ စကားဆိုလိုက်သည်နှင့် တက်ခါးက ဟန်မပျက်ဘဲ ခက်ထန်သောအသံ၊ ဘာမထီအပြုံးနှင့် ပြန်တုံ့ပြန်လိုက်ပုံက …
“မင်းဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိသကိုး။ ညက မင်းတို့ကျုံတာအင်းဖျားက တောင်ခြမ်းမှာ ငါတို့အဖွဲ့ မြိုးမြိုးမြက်မြက် ရလိုက်တာလေ။ တောင်ခြမ်းကို ဘုံစားပေးထားဆိုပဲ”
တက်ခါးရဲ့ တုံ့ပြန်စကားက အေးဆောင်ကို အသည်းပေါက်သည်ထိ နာကြည်းစေပါသည်။ အေးဆောင် လက်သည်ပင် တဆတ်ဆတ်တုန်ခဲ့၏။
သို့သော် အေးဆောင်က ဟန်မပျက် စိတ်ကိုထိန်း၍ …
“ကိုကြီးတက်ခါးသိအောင် ပြောပါရစေ။ ဘုံစားလို့ဆိုပေမယ့် ကျုံတာနယ်က ငါးသမားနှစ်ဆယ်ကျော်က အင်းပိုင်ဆီမှာ ခက်ခက်ခဲခဲတောင်း ထားလို့ ဈေးသတ်မှတ်ပြီး ငါးအချိန်ကုန်ရင် ငွေပေးရမှာဗျ”
“မင်းလွဲနေပြီ၊ ဘုံစားဆိုတာ တစ်ဖွဲ့တစ်သင်းအတွက်မဟုတ်ဘူးကွ။ ဘယ်သူရှာစားစား ရှာပိုင်ခွင့် ရှိတာ ဘုံစားကွ။ ရေလဲခွလေးကျွန်းအင်းက ကိုအေးမြင့်က ခွလေးကျွန်းအင်းထဲက အပိုင်းတစ်ခုကို ဘုံစားပေးတော့ ခွလေးကျွန်းနယ်က ငါးသမားတွေထက် ဝါးခယ်မမြို့အပိုင်က ငါးသမားတွေ အုပ်စုဖွဲ့ လက်ရဲဇက်ရဲဝင်ရှာတာ ဒီအတိုင်း လက်ပိုက်ကြည့်နေရတာ မဟုတ်လားကွ”
တက်ခါးယောက်ဖ ကျော်ဖေ့ စကားက ငါ့စကားနွားရ။
“ဒါဆို ဘုံစားဆိုတာ ဗိုလ်ကျတဲ့စနစ် ဖြစ်နေပြီပေါ့”
“ဟေ့. . . အေးဆောင်၊ ဘုံစား ဆိုရင် မင်းတို့တစ်ဖွဲ့ တစ်နယ်တည်းရှာလို့ကော တရားပါ့မလား”
“ဘုံစားကိစ္စ ထားပါတော့။ သူများရှာထားတဲ့ ငါးတင်မက ပစ္စည်းကိရိယာကိုပါ ဖျက်ဆီးတာကတော့ မကောင်းဘူးပေါ့ကွာ”
“မကောင်းဘူးထင်ရင် မင်းက ဘာလုပ်ချင်လို့လဲ”
နောက်ဆုံးတော့ ကျော်ဖေ က စိန်ခေါ်လိုက်သည် မဟုတ်ပါကလား။ အေးဆောင်ခမျာ ကိုယ့်နယ်လည်းမဟုတ်၊ အင်အားလည်း မမျှသောကြောင့် ဒေါသကို မျိုချလိုက်ရသည်။ ဒေါသကြောင့် သွေးတို့ ဆူပွက်လျက်။
“မဟုတ်ပါဘူး ကိုကျော်ဖေရာ. . . ရှာတော့ရှာပါ။ သူများကိရိယာတွေကို မဖျက်ဆီးဖို့ တောင်းပန် တာပါ”
ဒီမှာဆက်ပြီး စကားဆိုလျှင် ပိုပြီး အခြေအနေဆိုးလာနိုင်သဖြင့် အေးဆောင်က တက်ခါးကို ဝတ်ကျေတမ်းကျေ နှုတ်ဆက်၍ ရှောင်လာခဲ့သည်။
“ဟေ့ … အေးဆောင်ရေ၊ ဒီညလည်း တို့ လာရှာမှာကွ။ တောင်ခြမ်း ရေမကုန်သရွေ့ပေါ့ကွာ။ ဟား … ဟား … ဟား”
ဒါတောင် ဖိုးလူဝဆိုင်မှ ကျောခိုင်းထွက်ခွာလာသော အေးဆောင် ကြားအောင် ကျော်ဖေက လှမ်း၍ စိန်ခေါ်လိုက်သေးသည်။
“တောက်…”
အေးဆောင်၏ နာကျင်သော တောက်ခေါက်သံသည် မုန်တိုင်းတစ်ခုကို အစပျိုးရန် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပါတော့သည်။
xxx xxx xxx
မိုးသေးမိုးဖွဲကလေးများသည် ဖြိုးဖြိုးဖြောက်ဖြောက်။
လေကတော့ ကွင်းလေပီသစွာ ခပ်ပြင်းပြင်း တိုက်ခတ်နေလေရဲ့။
ကျွဲနှာခေါင်း၊ ဗေဒါ၊ ဆင်ငိုမြက်နှင့် ဝက်လာမည်သော စားကျက်ကွင်းရှိ အပင်ပုမျိုးတို့သည် ကွင်းလေနှင့်အတူ စည်းဝါးမှန်စွာ ယိမ်းထိုးနေကြ၏။
စားကျက်ကွင်းရှိ သက်ရှိသက်မဲ့ မှန်သမျှကို တစ်ခြမ်းပဲ့နေသော လကလေး ဘယ်လိုပင် အလင်းရောင်ပေးသော်လည်း သိသိသာသာ မမြင်နိုင်ပေ။
သင်းကွဲရေကြက်မတစ်ကောင်၏ တမ်းတမ်းတတဟစ်ကြွေးသံသည် မသဲကွဲသော မြင်ကွင်းထဲက စူးစူးနစ်နစ် ထွက်ပေါ်လာ၏။
ဒီထက် ကျုံတာအင်းတောင်ခြမ်းဘက်ကို ဦးတည်လှော်ခတ်လာကြသော လှေတစ်စု၏ တက်ခုတ်သံသည် စားကျက်ကွင်းကို ဖုံးလွှမ်းလျက် ရှိ၏။
သူတို့ကား အေးဆောင်နှင့် တောင်ခြမ်းဘုံစားအင်းတစ်ပိုင်းကို ဦးစိန်ပွင့်ထံမှ အနိုင်ကျင့်ယူထား ကြသော ငါးသမားများ ဖြစ်ပါသည်။
အေးဆောင်ခေါင်းဆောင်သော မောင်ခြုံ၊ ကျောက်ဖြုံး၊ စိုးမြင့်၊ ထွန်းမွှေး၊ တာတီး၊ မဲမှောင်၊ လုံးပု၊ ခင်သိန်း၊ သူတော်၊ ခင်စိန်၊ အောင်လှ၊ ရဲဒင်၊ ထွေးဆောင်၊ ညီဝင်း တင်မက ရေပေါ်ရေလျှံ ငါးသမားတို့ နှင့် သားချင်းများပါ ပါလာရာ လူအစိတ်ခန့် ရှိသည်။
“မင်းတို့ လက်နှေးလို့ မဖြစ်ဘူးကွနော်။ လက်မြန်ခြေမြန်မှ ကိုယ့်ဘက်က မခံရမှာ”
အေးဆောင်က ခေါင်းဆောင်သူပီပီ မိမိနောက်က လှော်ခတ်လာသော လှေပေါ်မှလူများကို သတိပေးလိုက်သည်။
“စိတ်ချစမ်းပါ ကိုအေးဆောင်ရယ်။ ကျုပ်တို့နယ်ကိုလာကျောတဲ့ ညောင်ခါးရှည်သား၊ လိမ်ကုန်းသား တွေကို ကျုပ်ရဲ့မှိန်းနဲ့ ဆုံးမပါ့မယ်”
မဲမှောင် က မှိန်းကို လက်နှင့် ဆ၍ဆ၍ ကြိမ်းလိုက်သည်။
“ဒီပွဲမှာ တို့အရှုံးပေးရင် ရာဇဝင်ရိုင်းသွားမှာပေါ့။ ကျုံတာသားရဲ့သွေး ဘယ်လောက်ရဲသလဲဆိုတာ ပြရမှာပေါ့”
မထွက်ခွာမီ ရဲဆေးကလေး တင်လိုက်တော့ အားလုံးသွေးဆူနေသည်။
“ဟေ့. . . ဟေ့၊ တက်ခုတ်သံ မကြားစေနဲ့။ ဖြည်းဖြည်းလှော်ကြဟ။ တောင်ခြမ်း ရောက်ခါနီးပြီ”
တောင်ခြမ်းနှင့် အတော်လှမ်းသေး၏။ သို့ရာတွင် ညဉ့်အခါလည်းဖြစ်၊ ကွင်းကလည်း တိတ်ဆိတ်နေသောကြောင့် လေသင့်လျှင် တစ်ဖက်က ကြားနိုင်သည်။
ပြီးတော့ တစ်ဖက်လူတွေသည်လည်း သူတို့လို ကွင်းနားရှိသူတွေ။ ကွင်းနားက ပါး၏။
မည်သို့ပင် ရဲဆေးတင်ထားသော်လည်း သူတို့ရင်ထဲမှာ စိုးရိမ်စိတ်က လွှမ်းမိုးလျက်။ ဒီနေ့ သူတို့ ရင်ဆိုင်ရမှာက သက်ရှိဖြစ်သော်လည်း အရင်ကလိုမျိုး တိရစ္ဆာန်မဟုတ်။ လူသားဖြစ်၏။
ကောင်းကင်က တစ်ခြမ်းပဲ့လကလေးသည် မိုးတိမ်စိုင်တို့ ပိတ်ဆို့လာသဖြင့် စားကျက်ကွင်းမှာ မှောင်အတိ ကျသွားလေသည်။
ဒီအတိုင်းပင် မိမိတို့၏နယ်မြေကို ဗိုလ်ကျသော တစ်နယ်သားတို့၏ လုပ်ရပ်ကို ပြန်တွေးလိုက်သောအခါ သူတို့ရင်ထဲက စိုးရိမ်စိတ်သည် ပျောက်ကွယ်သွား၏။ လောဘ အမှောင်၊ ဒေါသ အမှောင်များ ပိန်းပိတ်လာချေ၏။
တောင်ခြမ်း၏ တစ်ခုသော အချိုးအကွေ့အရောက်တွင်မူ ရှေ့မှောင်ရိပ်ထဲက ရေသံတစ်သံက ည၏ တိတ်ဆိတ်မှုကို ထိုးဖောက်ထွက်လာသည်။
ဒီအခါ အေးဆောင်တို့ဘက်က လှေငါးစင်းသည် ရင်ပေါင်တန်း ရိုးကွေ့အား ကွေ့ချလိုက်၏။
ပြီးနောက် အေးဆောင်နှင့် မောင်ခြုံ့ လက်ထဲက ဆယ့်နှစ်ဗို့ ဘက်ထရီနှင့်ချိတ်ဆက်ထားသော ငါးတောင့်ထိုး ဓာတ်မီးခလုတ်ကို ဖွင့်ချလိုက်လေရာ ရှေ့မြင်ကွင်းတစ်ခုလုံး ထင်ထင်ရှားရှား မြင်တွေ့ ရလေသည်။
“ဟေ့. . . ဘယ်ကောင်လဲကွ၊ တို့ကို ဓာတ်မီးနဲ့ထိုးတာ”
တက်ခါး၏ နက်ကျောသော အသံကြီးက ဆဲဆိုတိုင်းထွာသံနှင့်အတူ ထွက်ပေါ်လာ၏။
ဒီအခါ အေးဆောင်ကလည်း ထီမထင်သောလေသံဖြင့် ပြန်လည်တိုက်ခိုက်ပါတော့သည်။
“သူများခူးပြီးခပ်ပြီးသား ဝင်ခိုးတဲ့ ခွေးသူခိုးကများကွာ။ ရဲရင် ရှေ့တက်ခဲ့ဟေ့”
“ဒါမျိုးကို ရင်ဆိုင်ချင်တာကွ။ ညောင်ခါးရှည်သား၊ လိမ်ကုန်းသားကွ”
“တို့ကလည်း ကျုံဝါးသား၊ ကျုံတာသားဟေ့”
နှစ်ဖက် ထိပ်တိုက်တွေ့ချေပြီတည်း။
တစ်ခြမ်းပဲ့လကလေးသည် လူသားတို့၏လောဘ၊ ဒေါသကို ကြောက်ရွံ့ရကား တိမ်မည်းညို အောက်တွင် ငုပ်လျှိုးပုန်းကွယ်သွားလေသတည်း။
xxx xxx xxx
“ဟေ့. . . နှစ်ဖက်စလုံး ရပ်”
ရုတ်တရက် လက်နှိပ်ဓာတ်မီး အလက်ပေါင်းများစွာ၏ အလင်းရောင်သည် သည်နေရာကို စုပြုံရောက်ရှိလာသောအခါ နေ့အလင်းရောင်သဖွယ် ဖြစ်သွားပါသည်။
“ဟာ … အဖေ”
အရင်ဆုံး မောင်ခြုံနှုတ်က အလန့်တကြား။
“ဟိုက် … ဘကြီးကျော်မြ”
နှစ်ဖက်စလုံး သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးထားသော မီးရောင်ကြောင့် လူလုံးကွဲနေသည် မဟုတ် ပါလော။
“ဩော် … ဘကြီးကျော်မြကိုး။ လက်သည်းဆိတ်တော့ လက်ထိပ်နာတာပေါ့ … ဟုတ်စ”
တက်ခါး၏အသံသည် ဒေါသကြောင့် တုန်ယင်နေပါ၏။
ဖိုးကျော်မြသည် မောင်ခြုံ၏ ယောက္ခမဖြစ်၏။ သူ၏ဘဝတစ်လျှောက်လုံး စားကျက်ကွင်းနယ်မြေ တို့တွင် ကျင်လည်နေသူဖြစ်သည်။ ကျွမ်းကျင်ရာ လိမ္မာဆိုသလို ငါးလုပ်ငန်းတွင် ထုံးလိုမွှေ ရေလိုနှောက်သူတစ်ဦး။
ဒါကြောင့်လည်း ကွင်းပျော်တို့က ဖိုးကျော်မြကို တစ်ပွဲစားဟု ခေါ်ဆိုနေကြလေသည်။
“ဟား … ဟား … ဘကြီးက ဦးစိန်ပွင့်ရော လက်ပံကုန်းရဲကင်းက ရဲတွေပါ ခေါ်လာပြီး ကျုပ်တို့ကို ဖမ်းမယ်ပေါ့”
“ဒီမှာ တက်ခါး၊ ငါ မင်းတို့ကို ဖမ်းဖို့လာတာ မဟုတ်ဘူးကွ။ မဖြစ်သင့်တာ မဖြစ်ရအောင် တားဖို့ လာတာကွ။ ဒီမှာတွေ့လား … နှစ်ဖက်စလုံး အကြမ်းဖက်ရင် ဒီဟာနဲ့ ပထမဆုံး ငါ့သမက် မောင်ခြုံကို ပစ်မယ်။ ပြီးရင် မင်းအလှည့်ပဲ။ နောက် နှစ်ဖက်စလုံးကို ပစ်မှာကွ”
ဖိုးကျော်မြက ဒူးလေးကို မြှောက်ပြ၍ ကြုံးဝါးသည်။
“ဘုံစားတောင်းတာ ငါမပါဘူး၊ ဘုံစားဆိုတဲ့စကားလုံးဟာ ငါ့ဘဝသက်တမ်းတစ်လျှောက်လုံး တစ်ခါ မှ မကြားဖူးဘူးကွ။ ငါ့ဘိုးအေက ကျုံဝါးအင်းသူကြီးကွ။ အင်္ဂလိပ်အစိုးရလက်ထက်မှာကတည်းက အင်းသူကြီးကွ။ တို့ ဒီနေ့သုံးနေတဲ့ ရေချိုအင်းအိုင် လက်စွဲဥပဒေကို စပြီးရေးဆွဲခဲ့တဲ့ မအူပင်အရေးပိုင် အင်္ဂလိပ်စစ်ဗိုလ် ‘မက္ကဆွဲ’ရဲ့ ငါးလုပ်ငန်းဥပဒေမှာ ဘုံစားဆိုတာ မပါဘူးကွ။ ဘေးမဲ့ပဲ ပါတယ်။
ဘေးမဲ့ဆိုတာ မြစ်နဲ့ချောင်းမကြီးတွေကို ငါးမျိုးတွေပေါက်ဖွားဖို့အတွက် ဥပဒေကပေးထားတာ။ တစ်ခုတော့ရှိတယ်။ တကယ် အင်းလုပ်မယ့်သူကို မပေးဘဲ လုပ်ပိုင်ခွင့်လိုင်စင်ကို အဆင့်ဆင့်ရောင်းချလို့ ငါးသိန်းလောက် အစိုးရကိုသွင်းရတဲ့ အင်းဟာ သိန်းငါးဆယ်ဖြစ်လာတဲ့အခါ ဒီအဆမတန်ဈေးဟာ တို့ကျောပေါ် ကျလာတဲ့ကိစ္စကို ဥပဒေနဲ့အညီ တင်ပြရမယ်။
ခုတော့. . . မင်းတို့ဟာက ဘုံစားဆိုပြီး တောင်းပြီးတော့ ရေလုပ်သားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းတွေလုပ်၊ အကြမ်းဖက်ကြတာတွေကို ငါမသေခင် မတွေ့ချင်ဘူးကွ။ ဖြစ်လာရင်လည်း နှစ်ဖက်စလုံးကို ငြိမ်းသွားအောင် ပစ်ပြီး ငါပဲ ထောင်ထဲဝင်မယ်”
အေးဆောင်နှင့် တက်ခါးတို့ နှစ်ဖက်စလုံး ငိုင်သွားသည်။
“အေး… တက်ခါးတို့တစ်တွေက တောင်ခြမ်းကို လိုချင်ရင် ငါ တစ်ဝက်ခွဲပေးမယ်။ ဒါပေမဲ့ အချိန်တန်ရင်တော့ စိန်ပွင့်ကို အောက်ကြေးနဲ့ဖြတ်ထားတဲ့ အင်းဖိုးတော့ ရှင်းပေးပေါ့။ ရှေ့ဆက်ပြီး နှစ်ဖက်စလုံးအကြမ်းဖက်ရင်တော့ ကျော်မြက ဘဝနဲ့ ရင်းမယ်”
ဒီအခါ တက်ခါးက ကျော်ဖေ့ကို တီးတိုးလေးပြောသည်။
“ဖိုးကျော်မြက ပြောသလို လုပ်မှာ။ ဒီအဘိုးကြီးက ဒူးလေးမှာ လက်ယဉ်တယ်”
တက်ခါးသည် ဖိုးကျော်မြနှင့် တရင်းတနှီးရှိဖူး၏။ တက်ခါး နွေအင်းဆွဲတိုင်း ဖိုးကျော်မြကို ဆရာ တင်ရ၏။ မေးရမြန်းရဖူး၏။
“ဘကြီးဆုံးမတာ နာခံပါ့မယ်။ ဘကြီး ထောင်ထဲမှာ အဆုံးသတ်မှာ မလိုလားပါဘူး”
“ကျွန်တော်တို့လည်း တက်ခါး ပြောသလိုပါပဲ။ ဘကြီးကျော်မြရဲ့ စကားကို နာခံပါ့မယ်”
တက်ခါးနှင့် အေးဆောင်၏ အသံကား အပြစ်ကင်းစင်လှပါ၏။
ကောင်းကင်ထက်က လကလေးတစ်ခြမ်းပဲ့သည် တိမ်ညိုမည်းအောက်က ရုန်းထွက်လာခဲ့ပြီး ကျုံဝါးအင်းတောင်ခြမ်း၏ အမှောင်ကို ဖြိုခွင်းလိုက်ခဲ့ပါပြီတကား။ ။