စာမူ…၁၅၅
ပထမပိုင်း
တစ်ရက်၌အိမ်တွင်ဘွားမယ်စိန်မရှိသည့်အခိုက်…
ရွာထဲမှဒေါ်ခင်ကြည်ဆိုသည့် မိန်းမကြီးတစ်ယောက် ရောက်လာခဲ့သည်။
“မိဝင်း…ဘွားမရှိဘူးမလား”
“ဟော…မခင်ကြည်…ဝင်ခဲ့လေတော်…
အမေကသူကြီးအိမ်ကိုသွားတယ်တော့်”
“အေး…ငါလည်း ဘွားထွက်သွားတာမြင်လို့သာ
လာခဲ့ရတာအေ့”
ဒေါ်ခင်ကြည်ကဝိုင်းထဲဝင်လာရင်းပြောလိုက်သည်။
ရှင်ညိုနဲ့နန်းကြိုင်တို့ညီအစ်မကတော့ ကွပ်ပျစ်ပေါ်၌
ထိုင်၍စကားပြောနေကြသည်။
“ဘာတွေများပြောစရာရှိနေလို့လဲမခင်ကြည်ရယ်…
အမေရှိရင်လည်းလာလို့ရပါတယ်တော်…”
“အိုအေ…မလာရဲပါဘူး…
ဘွားက ငါ့ကိုဆိုပြောချင်ဆိုချင်နေတာအေ့…”
“အင်းပါတော်…ကဲ…ပြော…ဘာကိစ္စများလဲ”
“ဘာကိစ္စရမှာလဲအေ…ငါအခုတလော
ဘာလုပ်လုပ်အဆင်မပြေဘူးအေ…
အဲ့ကိစ္စကိုညည်းနဲ့လာပြီးတိုင်ပင်တာ…
ညည်းကဘွားရဲ့သမီးဆိုတော့ ဒီလိုကိစ္စမျိုးတွေ
သိလောက်မယ်ထင်လို့ပါအေ…”
“ဟောတော်…ကျုပ်ကဘယ်လိုလုပ်သိမှာလဲ
မခင်ကြည်ရဲ့…
တော်သိချင်ရင်လည်းအမေ့ကိုပဲတိုက်ရိုက်
သွားမေးပါတော့လားတော်…”
“ငါကြောက်လို့ပေါ့အေ…”
ဒေါ်ခင်ကြည်နဲ့ဒေါ်ဝင်းတို့ ကွပ်ပျစ်ခင်း၌ ထိုင်၍
စကားပြောနေကြသည်။
ဒေါ်ခင်ကြည်က ဘွားမယ်စိန်ကို ကြောက်၏။
ဒါကြောင့်လည်း ဘွားမယ်စိန်အိမ်၌မရှိလေမှ
ရောက်လာခဲ့ရှာသည်။
“နေပါဦး…တော်ကဘာတွေများ
အဆင်မပြေဖြစ်နေရတာလဲ”
“ငါလား…အခုဆို စျေးကလည်းရောင်းမကောင်းဘူးအေ့…
ဒီကြားအဝတ်လှည့်လျှော်တာလည်း လူတွေက
တခြားသူကိုပဲပေးပေးလျှော်နေကြတယ်…
ဒီတော့ ငါဘာလုပ်လုပ်အဆင်မပြေဖြစ်နေတာပေါ့
မိဝင်းရယ် …”
“အဲ့သည်လောက်​တောင်လား”
ဒေါ်ဝင်းနဲ့ဒေါ်ခင်ကြည်တို့စကားပြောနေတာကို
ရှင်ညိုနားထောင်နေသည်။
ဒေါ်ဝင်းကလည်းမည်သို့မှအကြံမပေးတတ်ဖြစ်လို့နေ၏။
ထိုအခါရှင်ညိုက…
“ကြီးတော်… ကျုပ်ကိုကြီးတော်ရဲ့
အကြောင်း ပြောပြပေးလို့ရမလား…”
“ဟယ်…ဟုတ်သား…ရှင်ညိုရှိနေတာပဲ…
နေဦးရှင်ညို…သူ့ကိုမေးရင်ဘာမှအမှန်တိုင်းထွက်လာမှာမဟုတ်ဘူး…ဒီတော့ အရီးပဲပြောပြမယ်အေ…”
ဒေါ်ဝင်းက ရှင်ညိုအမေးကိုထိုသို့ပြန်ကာပြောပြီး
ဒေါ်ခင်ကြည်၏ဘဝအကြောင်းကို​ပြောပြလေတော့သည်။
သောင်ထွန်းရွာ၌ မိန်းမကြမ်းကြီးတစ်ယောက်ရှိသည်။
ထိုမိန်းမကြမ်းကြီးကိုအများက
ဒေါ်ခင်ကြည်ဟုခေါ်လေသည်။
“ခင်ကြည်တို့က…ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး…
အေး…ခင်ကြည်ကိုလာထိရင်လည်း
ငြိမ်ခံနေမယ်မထင်နဲ့နော်…”
ဒေါ်ခင်ကြည်တစ်ယောက် ယောကျာ်းဖြစ်သူ
ကိုအေးအားပြောသလိုဖြင့် ယောင်းမများကို ရွဲ့စောင်း၍ပြောနေခဲ့သည်။
ဒေါ်ခင်ကြည်၏အသံကိုကြားလျှင် ဒေါ်ခင်ကြည်အား
မိန်းမကြမ်းကြီးဟု…ထင်နိုင်သော်လည်း ဒေါ်ခင်ကြည်၏
ဘဝအားကြားရပြန်လျှင်လည်း သနားကြပေဦးမည်။
ဒေါ်ခင်ကြည်က သောင်ထွန်းရွာသူမဟုတ်ပေ။
ဒေါ်ခင်ကြည်၏မိဘများက လယ်ပိုင်ယာပိုင်များဖြစ်ကြပြီးဒေါ်ခင်ကြည်၏အောက်၌ထွန်းမောင်နဲ့ထွန်းကျော်
ဆိုသည့် မောင်နှစ်ယောက်လည်းရှိပေသည်။
အပျိုအရွယ်၌ ခင်ကြည်သည်ရွာ၏အချောအလှစာရင်းဝင်ခဲ့ပေသည်။သို့သော် ခင်ကြည်၏ဘဝသည် ဖခင်၏လောင်းကစားကြိုက်မှု…အရက်သမားမောင်နှစ်​ယောက်၏သုံးဖြုန်းမှုတို့ကြောင့် ပိုင်ဆိုင်သမျှလယ်ယာမြေများကို ဆုံးရှုံးခဲ့ရရှာသည်။
အဖေဖြစ်သူနှင့်မောင်ဖြစ်သူတို့၏ဒဏ်ကို
မခံနိုင်တော့သောကြောင့်ဒေါ်ခင်ကြည်သည်
သောင်ထွန်းရွာသား ကိုအေးနှင့်လက်ထပ်ယူခဲ့ရှာသည်။
သို့သော်ကိုအေးသည် ဒေါ်ခင်ကြည်သဘောကျလောက်အောင်ချောမောသူမဟုတ်ခဲ့ပေ။
ကိုအေး၏အသောက်အစားကင်းမှု…
လောင်းကစားကင်းမှုတို့အပြင်အေးအေးဆေးဆေး
နေတတ်မှုတို့ကြောင့် လူချမ်းသာများ
ဝိုင်းဝိုင်းလည်နေသည့်ကြားမှ ဒေါ်ခင်ကြည်က
ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နာမည်အတိုင်း အေးလှသောကိုအေးသည် ဒေါ်ခင်ကြည်အပေါ်၌တော့ ချစ်ခင်ရှာ၏။
သို့သော်လည်း ကိုအေး၏အစ်မများကတော့ ဒေါ်ခင်ကြည်အပေါ်၌ နိုင်လိုမင်းထက်ပြုမူတတ်ကြသည်။
မိဘများ၏ဒုက္ခများ…ယောင်းမများ၏အနိုင်ပြုမှုများကြောင့် ဒေါ်ခင်ကြည်၏ဘဝသည်ပို၍
ကြမ်းတမ်းလာခဲ့ရ၏။
ရွာထဲ၌အဝတ်လှည့်လျှော်ယုံတင်မက…
စျေးလှည့်ရောင်း၍လည်း မွေးထားသော
သားသမီးများကိုဒေါ်ခင်ကြည်ရှာကျွေးခဲ့သည်။
မကြာခဏဒုက္ခလာပေးတတ်သော မိဘများနှင့်
မောင်များကို ဒေါ်ခင်ကြည်တတ်နိုင်သလောက်ထောက်ပံ့ပေးပါသော်လည်း ယောင်းမများက ပို၍မကြည်ဖြူဖြစ်လာခဲ့၏။
ထို့ကြောင့်ဒေါ်ခင်ကြည်လည်း မိဘများနှင့်မောင်များကို
လုံးဝအိမ်သို့အလာမခံတော့ပေ။
“တော်တို့အားလုံး…ကျုပ်ဆီမလာကြနဲ့တော့…
ကျုပ်လည်းကျုပ်ဘဝနဲ့ကျုပ်ဖြစ်နေပါပြီ…
တော်တို့ဘာသာငတ်ငတ်ပြတ်ပြတ် ကျုပ်နဲ့မဆိုင်ဘူး…
ကျုပ်ဘဝကလည်း တော်တို့ကြောင့်ပိုပိုပြီး
ငတ်ပြတ်ခဲ့ရတာ…သွားကြ…မလာကြနဲ့…”
ဒေါ်ခင်ကြည်က ထိုသို့အော်ဟစ်ကာပြော၍နှင်ထုတ်တတ်သည်။
မိခင်ကြီးလာသည့်အခါများ၌လည်း ဒေါသစိတ်များကြောင့် အော်ဟစ်ကာပြောဆိုတတ်၏။
ထို့ကြောင့် ဒေါ်ခင်ကြည်၏မိဘများနဲ့မောင်ဖြစ်သူတို့မှာ
ဒေါ်ခင်ကြည်ထံသို့မလာရဲကြတော့ပေ။
“အမေလည်းအတူတူပဲ…သူ့သားအရက်သမားတွေလောက်တွေးပူတတ်တာ… ကျုပ်ဘဝဘာဖြစ်နေလဲ
သူမတွေးဘူး…ဒီသမီးဘယ်လိုရှာဖွေစားနေရလဲမတွေးဘူး…ဒင်းတို့ကြောင့်ငါ့ကိုအများကဝိုင်းနိုင်နေတာ…”
ဒေါ်ခင်ကြည်မှာရင်ထဲ၌ ခဲထားလေသမျှအား
အော်ဟစ်ပြောဆိုနေတတ်သည်။
ဒေါ်ခင်ကြည်၏ဘဝကိုသိလိုက်ရသော ရှင်ညိုသည်
ဒေါ်ခင်ကြည်ကိုသေချာကြည့်၍…
“ကြီးတော်ဘဝက အတော်ခက်ခဲခဲ့တာပဲ…
ကြီးတော်အခုဖြစ်နေတာကိုကျုပ်သိလိုက်ရပြီ…
ဒါပေမယ့်ကျုပ်ပြောသလိုကြီးတော်လုပ်နိုင်ပါ့မလား…”
“အိုအေ…အဆင်ပြေမယ်ဆိုရင်ဘာပဲလုပ်ရလုပ်ရပါ
ရှင်ညိုရယ်…ပြောသာပြောအေ…”
“ဟုတ်ကဲ့…ကျုပ်ကိုလူကြီးဆရာလုပ််တယ်လို့တော့
မထင်ပါနဲ့ကြီးတော်…တကယ်တော့…
ဘုရား…တရား…သံဃာ…မိဘ…ဆရာကို ပစ်မှားမိစော်ကားမိရင်…ဘုရားစိမ်ရေ…တရားစိမ်ရေ…သံဃာစိမ်ရေ…မိဘဆရာသမားစိမ်ရေဆိုပြီး စိမ်ရေသင့်ပြီးဒုက္ခဆင်းရဲကိုခံစားကြရတယ်လို့ ရွာကျောင်းကဆရာတော်ကြီးကျုပ်ကိုပြောပြဖူးတယ်…
အဲ့သည်လိုပြစ်မှားစော်ကားမိလို့စိမ်ရေသင့်ခဲ့ရင်လည်း
ဘာဆေးမှမတိုးဘူးတဲ့ကြီးတော်…
ကန်တော့ပွဲနဲ့တောင်းပန်ကန်တော့ပြီးကိုယ့်ရဲ့အပြစ်ကိုဝန်ခံရတယ်…အဲ့သည်လိုလုပ်မှပဲကြီးတော်ရဲ့
ဆင်းရဲဒုက္ခတွေနည်းပါးသွားလိမ့်မယ်ကြီးတော်…”
ဟု….ရှင်ညိုပြောတော့ ဒေါ်ခင်ကြ​ည်မှာခေါင်းလေးတညိတ်ညိတ်ဖြင့်…
“အေးလေ…ညည်းပြောမှပဲကြီးတော်လည်း
မိဘတွေအပေါ်ကြမ်းကြမ်းတမ်းတမ်းပြောဆို
မိတာတွေတွေးမိလာတယ်အေ့…”
ဟုပြောရှာသည်။
ဒေါ်ခင်ကြည်လည်းသူ့အဖြစ်ကိုပြန်လည်တွေးရင်း
သက်ပြင်းများချနေ၏။
‘ကဲ…ငါပြန်တော့မယ်မိဝင်း…
အချိန်ရှိတုန်းလေး ရှင်ညိုပြောသလို အမေတို့ကို
ကန်တော့ပွဲနဲ့သွားတောင်းပန်ကန်တော့လိုက်ဦးမယ်အေ…”
“ဟုတ်ကဲ့…. မခင်ကြည်…”
ဒေါ်ဝင်းတို့လည်း ခြံထဲမှထွက်သွားတော့ဒေါ်ခင်ကြ​ည်ကို
ကြည့်ကာပြုံးမိကြသည်။
“မခင်ကြည်တော့ရှင်ညိုချွတ်မှပဲကျွတ်တော့တယ်အေ”
“အို…ကျုပ်ဘာချွတ်မိလို့လဲကြီးတော်ရယ်…”
“စိတ်လေ…စိတ်…သူ့ခမျာဒေါသတွေ…မောဟတွေ
ပြင်းထန်ရင်းမိန်းမကြမ်းကြီးဖြစ်မှန်းမသိဖြစ်လာတာ…
မောင်တွေကတမျိုး…ယောင်းမတွေကတမျိုး…
ယောကျာ်းဖြစ်သူလူအေးကြီးကတမျိုးဆိုတော့
သူ့နေရာဝင်ခံစားကြည့်လို့ရပါတယ်အေ…”
ရှင်ညို…ဒေါ်ဝင်းစကားကိုခေါင်းညိတ်ထောက်ခံလိုက်တော့သည်။
မိုးများကတဖွဲဖွဲရွာသွန်းလို့နေခဲ့၏။
“အဘွား…ဒီနေ့တော့မိုးကတိတ်မယ့်ပုံမပေါ်ဘူးနော်…”
“အင်း…ဟုတ်ပါရဲ့အေ…မိုးအေးအေးနဲ့အိပ်ရတာပေါ့”
ညနေခင်းအချိန်အထိ မိုးကမတိတ်နိုင်ပေ။
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သားအမိမှာ အိမ်အပေါ်ထပ်၌
စောင်များခြုံကာ မိုးအေးအေးဖြင့် ကွေးနေခဲ့ကြ၏။
ကွပ်ပျစ်ခင်း၌တော့ဘွားမယ်စိန်က ဆေးလိပ်ကြီးကို
ဖွာရှိုက်၍ထိုင်နေလေသည်။
“အရီးသုပ်ပေးတဲ့လက်ဖက်သုပ်လေးက
ဒီနေ့မှပိုစားကောင်းနေတယ်အဘွားရယ်…”
ဒေါ်ဝင်းသုပ်ပေးသောလက်ဖက်သုပ်နဲ့ရေနွေးကြမ်းမှာ
မိုးအေးအေးဖြင့်စားလို့ကောင်းနေခဲ့သည်။
“တိုးတိုးပြောအေ့….ကောင်းတယ်ဆိုရင်
နောက်ရက်တွေနေ့တိုင်းသုပ်ပေးနေလိမ့်မယ်…
ဒင်းကိုမချီးမွှန်းရဲဘူး….”
ဟု…ဘွားမယ်စိန်ကပြောလေတော့ ရှင်ညိုပြုံးလေသည်။
“ရှင်ညို…”
“ရှင်…”
လက်ဖက်သုပ်စားနေသော ရှင်ညိုကိုဘွားမယ်စိန်ကခေါ်လိုက်သည်။
ရှင်ညိုဘွားမယ်စိန်ကိုကြည့်တော့ ဘွားမယ်စိန်၏
အကြည့်နှင့် မျက်နှာချင်းဆိုင်သွားခဲ့သည်။
“ညည်းကို ဘွားမေးစရာရှိတယ်အေ့…”
“ဘာများမေးချင်လို့လဲအဘွား…”
“တခြားမဟုတ်ပါဘူးအေ…
ညည်းမှာ ရန်သူတွေဘာတွေများရှိနေသလားလို့…
သိချင်လို့မေးကြည့်တာပါ…”
“ရန်သူ…”
ဘွားမယ်စိန်စကားကြောင့် ရှင်ညိုစဥ်းစားနေသည်။
ထိုသို့ စဥ်းစားပြီးလေတော့မှ ခေါင်းကိုခါရမ်း၍…
“ကျုပ်မှာရန်သူမရှိပါဘူးအဘွားရယ်…
ဘာလို့များမေးရတာလဲ”
ဟု…ဘွားမယ်စိန်ကိုပြန်ကာပြောလိုက်ရာ
ဘွားမယ်စိန်ကခေါင်းညိတ်၍…
“အင်း…အခုတလောဘွားရဲ့အာရုံထဲမှာ
မိန်းမကြီးတစ်ယောက်ကို မြင်နေရတယ်အေ့…
သူ့ပုံစံကိုကြည့်ရတာလည်း အတော်လေး
ကြမ်းတမ်းယုတ်ညံ့မယ့်ပုံရတယ်…အဲ့သည်မိန်းမက
ဘွားနဲ့ပတ်သတ်နေတဲ့သူလည်းမဟုတ်တော့
ညည်းနဲ့များပတ်သတ်နေမလားလို့မေးကြည့်တာပါ…”
ဟု…ပြောလိုက်သည်။
“အဘွားအဲ့သည်လိုပြောတော့ ကျုပ်လည်းစဥ်းစားရခက်နေပြီတော်…ကျုပ်မှာ ရန်သူဆိုတာလည်းမရှိတော့
ဘယ်သူဘယ်ဝါမှန်း ခန့်မှန်းဖို့ခက်တယ်…”
“အေးလေ…ကြိုတင်သိထားရတော့
သတိလေးထားလို့ရတာပေါ့အေ့…”
“ဟုတ်ကဲ့အဘွား”
ထိုနေ့က မိုးအေးအေးဖြင့် အိပ်ရာဝင်ကြသော်လည်း
ရှင်ညိုအိပ်၍မပျော်ပေ။
ဘွားမယ်စိန်ပြောသော မိန်းမကြီးဆိုတာကိုတွေးရင်း
အိပ်မရဖြစ်နေခဲ့၏။
“တောက်…”
တိတ်ဆိတ်နေသော.အိမ်လေးအတွင်း၌
တောက်ခေါက်သံသည် ကျယ်လောင်စွာပင်
ထွက်ပေါ်လို့လာခဲ့၏။
တောက်ခေါက်လိုက်သူသည်အသက်အရွယ်အိုမင်းလှသော အဘွားအိုကြီးတစ်ဦးပင်ဖြစ်လို့နေခဲ့သည်။
ထိုအဘွားအိုကြီးသည် ရုပ်သွင်မှာအိုမင်းလှသော်လည်း
မျက်လုံးများကတော့ စူးရှလို့နေလေသည်။
“ဒီကောင်မကိုငါမသေခင်ရှာထားမှရမယ်…
အင်း…ပုန်းကောင်းတုန်းတော့​ပုန်းထားပေါ့အေ”
ဟု…မကျေမနပ်ဖြင့်ပြောလေသည်။
အဘွားကြီး၏အမည်က ဒေါ်ပွဲအုံပင်ဖြစ်ပေသည်။
ဒေါ်ပွဲအုံသည် တောထဲတောင်ထဲ၌ တစ်ဦးထဲနေထိုင်သည်။
အဖော်မရှိ…အကူမရှိ…မွေးချင်းမရှိသော ဒေါ်ပွဲအုံမှာ
တောထဲ၌ တစ်ဦးထဲနေသားကျနေပြီဖြစ်သည်။
ထိုသို့သာမာန်လူများနေထိုင်ပုံနှင့် မတူညီလှသော
ဒေါ်ပွဲအုံသည် အောက်လမ်းကဝေမတစ်ဦးသာ
ဖြစ်ပေသည်။
ဒေါ်ပွဲအုံ၏နေအိမ်၌လည်း အမျိုးအမည်မသိရသော
အရာဝတ္ထုများကလည်းအပြည့်ပင်ရှိချေသည်။
ဒေါ်ပွဲအုံသည် တစ်စုံတစ်ခုကိုရှာဖွေနေဟန်ရ၏။
သူ၏အတတ်ဖြင့် ရှာဖွေပါသော်လည်း ထိုအရာကို
မတွေ့ရှိသေးပုံရသည်။
ထိုသို့မတွေ့ရှိခြင်းကိုပင် ဒေါ်ပွဲအုံမှာ ဒေါသအလွန်
ထွက်နေပြီးအလိုမကျစွာမြည်တွန်တောက်တီးလို့
နေခဲ့လေသည်။
ထိုသို့ဒေါသတကြီးဖြစ်နေသော
ဒေါ်ပွဲအုံသည်တခြားသူမဟုတ် ရှင်ညို၏
ဘဝဟောင်းမှ အစ်မဖြစ်သူလွန်းတင်ရဲ့
သမီးပင်ဖြစ်ပေသည်။
မိခင်ဖြစ်သူပြောပြခဲ့သော ခင်အုံ၏အကြောင်းများကို
နားထောင်ရင်း သူမတို့ရွာပျက်စီးခဲ့ရခြင်းများ…
အဘွားဖြစ်သူသေဆုံးခဲ့ရခြင်းများအပြင်…
မိခင်ဖြစ်သူအားအများက အခေါ်အပြောအဆက်အဆံ
မလုပ်ခဲ့ကြခြင်းများကို နာကျည်းနေသူတစ်​ယောက်
ဆိုလည်းမမှားပေ။
သူ၏ဘဝတစ်လျှောက်လုံးကိုလည်း ခင်အုံဝင်စားသော
မိန်းကလေးအားလက်စားချေဖို့ ရှာဖွေနေခဲ့လေသည်။
**********************************************
“ကိုကြီးတိုး….”
“ဘာလဲဖိုးလူ…”
ခြင်းခတ်ပြီး၍အမောဖြေနေသောမောင်တိုး၏အနီးဆီကို
ဖိုးလူရောက်လာခဲ့သည်။
မောင်တိုးတစ်ယောက်ဖိုးလူ၏မျက်နှာကိုတစ်ချက်လှည့်ကြည့်၏။
“ကျုပ်ပြောစရာရှိလို့ပါကိုကြီးတိုးရာ…”
ဖိုးလူ ကမောင်တိုးထက်ငယ်သည်။
မောင်တိုးနံဘေးကို ကပ်ထိုင်ရင်း ဖိုးလူမှပြောသော်လည်း မောင်တိုးကအရေးမစိုက်သယောင်သာနေသည်။
“ကိုကြီးတိုး…ကျုပ်ပြောနေတာကြားသလားဗျ…”
“အေး…မင်းဘာပြောမှာလဲ ပြောလေကွာ…”
“ဟိုလေ…ကျုပ်….ကျုပ် ရှင်ညိုကို မေတ္တာရှိနေလို့ပါဗျာ”
မောင်တိုးတစ်​ယောက် ဖိုးလူရဲ့စကားကြောင့်ပြုံးလိုက်သည်။ ဖိုးလူကိုစကားတစ်ခွန်းမှမပြောဘဲ ဆတ်ခနဲထ၍
ပုဆိုးကိုပြင်ဝတ်လိုက်၏။
ဖိုးလူကလည်းချက်ချင်းထ၍…
“ကိုကြီးတိုး…ကျုပ်ပြောတာကြားလားဗျ…
ကျုပ်ကိုကူညီပေးပါကိုကြီးတိုးရာ…”
ဟု…မောင်တိုး၏လက်ကိုဆုပ်ကိုင်ကာထပ်ပြောပြန်သည်။
“ဒီမှာဖိုးလူ…မင်းနဲ့မေတ္တာမျှ​နေတဲ့တောင်ပိုင်းသူ
မိဝေ ရှိတာနေတောင်မင်းက ငါ့ညီမကိုထပ်ပြီး
မေတ္တာရှိနေတယ်ဟုတ်လား…ဟင်း…
မင်းတော့ငါ့လက်သီးစားမိတော့မယ်…”
ဟု…ပြောကာမောင်တိုးထွက်သွားလေတော့…
“ဘာလဲ…ခင်ဗျားကြီးက ကောက်ရွေးပုံစောင့်တဲ့
ခွေးလုပ်နေတာလား…”
ဟု…ဖိုးလူကအော်ပြောလေတော့ မောင်တိုးလက်သီးကို
ကျစ်ကျစ်ပါအောင်ဆုပ်၍ ဖိုးလူအနီးသို့ခြေလှမ်းကျဲ
ကြီးဖြင့်ရောက်လာခဲ့သည်။
ပြီးနောက်ဖိုးလူ၏မျက်နှာကို လက်သီးဖြင့်
အဆက်မပြတ်ထိုး၍…
“ရှင်ညိုက ငါ့ညီမကွ…ငါ့ညီမ…
သူတို့အပေါ်မှာငါ့စိတ်ကအဖြူရောင်ပဲ…
မင်းလို မိန်းမမြင်တိုင်းငမ်းငမ်းတတ်နေတဲ့အကောင်မဟုတ်ဘူး…မရောသင့်တဲ့အရောင်တွေကို
ငါဆိုတဲ့ကောင်က လုံးဝမရောဘူးကွ…”
ဟု…ဒေါသတကြီးပြောလေသည်။
မောင်တိုးကိုနံဘေးရှိလူများ ဝိုင်း၍ဆွဲကြသောကြောင့်သာ
ဖိုးလူသက်သာရာရခဲ့သည်။
“ဟေ့ကောင်ဖိုးလူ…မင်းလိုကောင်က
မောင်တိုးထိုးတာနဲ့ပဲတန်တယ်ကွ…
မင်းမှာ အမေတွေနှမတွေမရှိတော့
မင်းပြောချင်ရာပြောနိုင်တာပေါ့ကွာ…
နောက်တစ်ခါ အခုလိုမျိုးစကား​ပြောကြည့်
မောင်တိုးလက်သီးထက်ငါ့လက်သီးကို
မင်းအရင်တွေ့သွားစေရမယ်…”
ဟု…မောင်အုန်းကလည်း ဖိုးလူကို လက်ညိုးထိုး၍
ကြိမ်းမောင်းပြန်သည်။
ရွာသားတွေကလည်း လူညီလှ၏။
တစ်ခုခုဆို မောင်တိုးတို့ဘက်မှ ဝိုင်းကူရန်သတ်ဖို့
အသင့်ဖြစ်နေကြသည်။
လူကြီးများက ခွဲလေမှ ထိုလူအုပ်ကွဲခဲ့ရလေသည်။
ဖိုးလူ၏စကားကြောင့် မောင်တိုးတစ်ယောက်
ဘွားမယ်စိန်အိမ်ဘက်သို့ပင်မရောက်တော့ပေ။
“ကိုကြီးတိုး…”
“ဟော…နန်းကြိုင်…လာလေဟာ…”
ညနေ နေဝင်ရီတရောအချိန်၌ နန်း​ကြိုင်တစ်ယောက်
မောင်တိုးအိမ်ကိုရောက်လာခဲ့သည်။
“ကောင်မလေးထမင်းစားဦးအေ့”
“ကျုပ်မစားတော့ဘူးအရီးတာ…”
မောင်တိုးတို့ကညစာပင်စားနေကြပြီဖြစ်တာကြောင့်
ဒေါ်တာက နန်းကြိုင်ကိုထမင်းဝင်စားဖို့ပြောရှာသည်။
မောင်တိုးကနန်းကြိုင်၏အမူအရာကိုကြည့်၍
ထမင်းပင်ဆက်မစားတော့ဘဲ လက်ကိုဆေးလိုက်ရသည်။
“နန်းကြိုင်…နင်ဘာဖြစ်နေတာလဲဟ…
နင့်ပုံစံကိုကြည့်ရတာလည်း တစ်ခုခုကိုစိတ်ပူနေပုံပဲ…”
ဟု…မောင်တိုးကမေးတော့…
“အိမ်မှာမမနဲ့အဘွားတို့ကစကားမပြောကြဘူး
ကိုကြီးတိုးရဲ့…”
“ဟေ…ဘာဖြစ်တာလဲဟ”
နန်းကြိုင်စကားကြောင့် မောင်တိုးအံ့သြသွားသည်။
“ဘာဖြစ်ရမှာလဲကိုကြီးတိုးရယ်…
ကိုကြီးတိုးက ကျုပ်တို့အိမ်က်ို မလာတော့
အခုကိစ္စကိုဘယ်သိမှာလဲ”
“အေး…အေးဟာ…ငါလည်းမလာဖြစ်ခဲ့ဘူး”
နန်း​ကြိုင်စကားကြောင့်မောင်တိုးမျက်နှာပျက်သွားခဲ့သည်။
“နေပါဦး…ဘာဖြစ်ကြတယ်ဆိုတာငါ့ကို
အသေအချာပြောပါဦး နန်း​ကြိုင်ရဲ့…”
နန်း​ကြိုင်ခေါင်းညိတ်၍ သူသိသမျှကိုပြန်ပြောပြရှာသည်။
လွန်ခဲ့သောသုံးရက်ခန့်က ရှင်ညိုအိမ်မက်တစ်ခု
မကျ၏။
အိမ်မက်ထဲ၌ အဘွားကြီးတစ်ယောက်ကသူ့အား
လက်ညိုးထိုး၍တဟားဟားရယ်မောနေခဲ့သည်။
ထိုအဘွားကြီးကို ရှင်ညိုမသိပေ။
ထိုအဘွားကြီးကလည်းသူ့အား လက်ညိုးထိုးကာ
ရယ်မောနေသည့်ကြားမှ…
“နင်…အတော်အပုန်းကောင်းတာပဲ…ခင်အုံ…
အခုတော့နင့်ကိုငါတွေ့ပြီ…
ဟား…ဟားး…ဟားး…ဟားး…ဟားးးးးးးး”
ဟု…ပြောကာဆက်၍ရယ်မောနေပြန်၏။
ရှင်ညို မျက်မှောင်ကိုကျုံ့၍…
“တော်ကဘယ်သူလဲ…
ကျုပ်ကဘာလို့တော့်ကိုပုန်းရမှာလဲ”
ဟု…မေးတော့…
“ဟဲ့…နင့်နာမည်ကိုခင်အုံလို့ခေါ်ကတည်းက
ဘယ်သူဖြစ်ရမှာလဲ…”
ဟု…ပြန်ကာပြောပြန်သည်။
“ကျုပ်ရဲ့ဘဝဟောင်းကနာမည်ကိုသိထားတဲ့သူဆိုတော့
တော်ကဘယ်သူများလဲ…ကျုပ်စဥ်းစားလို့မရဘူး”
ရှင်ညိုစဥ်းစားပါသော်လည်းစဥ်းစား၍မရခဲ့ပေ။
“ဟဲ့…ငါ့နာမည်က ပွဲအုံ…မိပွဲအုံတဲ့ဟဲ့…
နင့်ကြောင့် အမေသေ…ရွာပျက်ခဲ့ရတဲ့
ဒေါ်လွန်းတင်ရဲ့သမီး…မိပွဲအုံပဲဟဲ့…”
ဟု…ဒေါ်ပွဲအုံက ရှင်ညိုကိုလက်ညိးငေါက်ငေါက်ထိုးလိုက်
သူ၏ရင်ဘက်ကိုဒေါသတကြီးရိုက်လိုက်ဖြင့်
ပြောလေသည်။
ရှင်ညိုအံ့သြသွားသည်။
“နင်က…မမလွန်းတင်ရဲ့…သမီး…ဟုတ်လား”
“ဟုတ်တယ်…နင့်ကိုငါလိုက်ရှာနေတာကြာပြီ…
အခုမှပဲနင့်ကိုတွေ့ရတော့တယ်…
ငါ့အမေပြောခဲ့တဲ့အတိုင်း…
နင့်ရုပ်ရည်ကပြောင်းလဲမသွားဖူးပဲ…အခုတော့
နင်သေနေ့စေ့ရတော့မယ်ခင်အုံ…
အဘွားနဲ့အမေရဲ့ဘဝတွေအတွက်
နင့်ကိုငါလာသတ်မှာ…
မကြာခင်ရောက်လာတော့မယ့် လပြည့်ညမှာ
နင်နေတဲ့ရွာပြင်ကိုထွက်လာခဲ့…
အေး…မလာရင်တော့အဲ့သည်ရွာဘေးတွေ့ပြီသာ
မှတ်ပေတော့…..”
“နေ… နေဦး……”
ဒေါ်ပွဲအုံက ရှင်ညိုကိုပြောပြီးနောက် ကျောပေး၍
ထွက်သွားတော့သည်။
ရှင်ညိုအော်ဟစ်တားဆီးပါသော်လည်း ဒေါ်ပွဲအုံသည်
အမှောင်ထဲ၌ပျောက်ကွယ်သွားခဲ့တော့၏။
မနက်မိုးလင်းလေတော့ ထိုအိမ်မက်ကို
ဘွားမယ်စိန်အားရှင်ညိုပြောပြခဲ့သည်။
“အရင်ရက်ကဘွားညည်းကိုသတိပေးထားတဲ့
သူပဲဖြစ်မယ်အေ့…
သူက ညည်းကိုလက်စားချေချင်နေပုံရတယ်…
ဘာပဲဖြစ်ဖြစ် ညည်းတစ်ယောက်ထဲတော့
မသွားမိစေနဲ့အေ…
ဘွားလည်းအတူတူလိုက်ခဲ့မယ်…”
ဟု…ဘွားမယ်စိန်ကပြောတော့ ရှင်ညို
ဖြေးညှင်းစွာခေါင်းကို ရမ်းလေသည်။
“မလိုက်ခဲ့ပါနဲ့အဘွားရယ်…
သူက ကျုပ်ကိုလက်စားချေချင်နေတာပါ…
ကျုပ်ကိစ္စကိုကျုပ်ဘာ​သာပဲရှင်းပါရစေ…”
“အို…ဘယ်လိုပဲဖြစ်ဖြစ်အေ…
ညည်းတစ်​ယောက်ထဲတော့ မသွားရပါဘူး…
ညည်းက ဘွားရဲ့ စကားကိုနားမထောင်ချင်တာလား
ရှင်ညို…”
ဘွားမယ်စိန် သည်ရှင်ညို၏မျက်နှာအား
စေ့စေ့ကြည့်၍မေး၏။
ရှင်ညိုကသက်ပြင်းချသည်။
“မဟုတ်ပါဘူးအဘွားရယ်…
ကျုပ်စိတ်ထဲမှာထင့်နေလို့ပါ…
သူက ရွာကိုဒုက္ခပေးမယ်လို့လည်းချိန်းခြောက်ထားသေးတာဆိုတော့ ကျုပ်နဲ့လိုက်လာရင်အဘွားကိုပါ
ထိခိုက်သွားမှာဆိုးလို့ပါ…”
ရှင်ညိုစကားကိုဘွားမယ်စိန်ကပြုံးလိုက်သည်။
သို့သော် ထိုနေ့မှစ၍ ဘွားမယ်စိန်ရှင်ညိုကိုစကားမပြောတော့ပေ။
နံဘေး၌ရှိသော ဒေါ်ဝင်းနဲ့နန်း​ကြိုင်တို့မှာလည်း
အနေခက်ကြရသည်။
“ရှင်ညို…ညည်းအဘွားကို စကားလေးဘာလေးပြောချေလေအေ…သူကမပြော…ညည်းကမပြောနဲ့…
ကြားကငါတို့ကသေသာသေချင်တော့တယ်…”
ဒေါ်ဝင်းက ရှင်ညိုကို ငြီးတွားကာပြောလေတော့ ရှင်ညို
သက်ပြင်းချ၏။
“အရီးရယ်…ကျုပ်ကအဘွားကိုစကားပြောပါတယ်…
အဘွားကသာကျုပ်စကားကိုပြန်မပြောလို့
ကျုပ်ဘာမှမပြောတော့တာပါ…”
“အေးအေ…ဟိုကလည်းညည်းကိုစိုးရိမ်…
ညည်းကလည်း ဟိုကိုစိုးရိမ်နဲ့…
လိုက်လည်းလိုက်ကြတယ်အေ…
ကြားက ငါတို့သားအမိကသာစိတ်ဆင်းရဲရတာ…
ဟင်းးးး…”
ဒေါ်ဝင်းမှာ စိတ်ပျက်လက်ပျက်ဖြင့်သာ
ထိုင်နေလိုက်တော့သည်။
နန်းကြိုင်ပြောပြသော ဘွားမယ်စိန်နှင့်ရှင်ညိုတို့၏အကြောင်းကိုသိပြီးနောက်မောင်တိုးက…
“နေပါဦးနန်းကြိုင်ရဲ့…
ဘွားနဲ့ရှင်ညိုတို့စကားမပြောတာကတော့ထားပါ…
အခု ညည်းငါ့ဆီကိုအရေးတကြီးပြေးလာတာက
ဘာကြောင့်လဲဟ…”
ဟုမေး​လိုက်သည်။
“ဟောတော်…ဒီကနေ့က လပြည့်နေ့လေကိုကြီးတိုးရဲ့…
မမက ဒီည…ဟိုကဝေမကြီးနဲ့သွားတိုက်မှာ…
ကျုပ်လည်းအဘွားလိုပဲသူ့ကိုစိတ်မချပါဘူးတော်…
ဒါကြောင့်ကိုကြီးတိုးနဲ့ကိုကြီးအုန်းတို့ကိုမမနဲ့အတူတူ
လိုက်သွားကြဖို့လာပြောတာတော့်…”
“အေး… အဲ့တာလည်းဟုတ်တာပဲ…
ဒါပေမယ့် ဘွားကိုတောင်နင့်အစ်မကမခေါ်တာ…
ငါတို့ကိုရောခေါ်ပါ့မလားဟ…”
“ကျုပ်လည်းမသိတော့ပါဘူးကိုကြီးတိုးရယ်…
စိတ်တွေလည်းညစ်ပါတယ်တော်”
နန်း​ကြိုင်မှာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချတော့သည်။
“ဟဲ့ကောင်မလေးရဲ့…
ဘယ့်နဲ့မြေကြီးပေါ်ထိုင်နေရတာလဲ…ထ…ထ…
ခုံပေါ်မှာထိုင်ပါအေ…”
ဒေါ်တာက နန်း​ကြိုင်ကိုပြော​တော့ နန်း​ကြိုင်လည်း
မြေပေါ်မှထ၍ ခုံ၌ဝင်ထိုင်လေသည်။
“နေပါဦးနန်းကြိုင်ရာ…ညကျရင် ငါတို့အခြေအနေကြည့်ပြီး နင့်အစ်မနောက်လိုက်ကြည့်ပါ့မယ်ဟ…
အဲ့သည်လောက်ကြီးလဲ စိတ်ညစ်မနေပါနဲ့တော့…”
“တကယ်နော်ကိုကြီးတိုး…”
“အေးပေါ့ဟ…”
မောင်တိုးစကားကြောင့် နန်းကြိုင်ပျော်သွားသည်။
မောင်တိုးကလည်း ရှင်ညိုမသိအောင်အနောက်မှ
ခိုး၍လိုက်သွားမည်ဟု ဆုံးဖြတ်ထားပေသည်။
ခဏကြာတော့ နန်း​ကြိုင်တစ်ယောက်အိမ်ပြန်သွားတော့သည်။
မောင်တိုးကတော့ ယခုကိစ္စများကို မောင်အုန်းသိစေရန်
သွား၍ပြောပြရပြန်သည်။
ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော…
အငြိုးကြီးသောကဝေ…
စာမူ…၁၅၅
ဇာတ်သိမ်းပိုင်း
“ဂီး…ဂီး….”
ညငှက်အော်သံကိုကြားလိုက်ရသည်။
အချိန်ကလည်း သန်းခေါင်နားသို့ပင်ရောက်တော့ပေမည်။
ဘွားမယ်စိန်က ဘုရားခန်းရှိသူ၏အိပ်ရာထဲ၌
အိပ်မောကျနေပြီဖြစ်၏။
“ဟင်း…”
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာအိပ်၍မပျော်သေးဘဲ
သက်ပြင်းအပြန်အလှန်ချနေခဲ့ကြရှာသည်။
“ကျွီ…”
ရှင်ညိုအိမ်အပေါ်ထပ် တံခါးကိုဖွင့်၍ခြံထဲသို့
ဆင်းသွားသည်။
အိပ်ရာထဲရှိ ဒေါ်ဝင်းတို့မှာ ငုတ်တုပ်လေးတွေ
ထ၍ထိုင်ကာကျန်ရစ်ခဲ့ကြရှာသည်။
ရှင်ညိုကတော့ခြေလှမ်းခပ်သွက်သွက်ဖြင့်
ရွာလမ်းမအတိုင်းလျှောက်လာခဲ့သည်။
“ဂျွတ်…”
သစ်ကိုင်းခြောက်အားတက်၍နင်းမိသည့်အသံကိုကြား၍
ရှင်ညိုအနောက်သို့လှည့်ကြည့်မိသည်။
သို့သော် မည်သူမှမရှိ၍ အရှေ့သို့ပြန်လှည့်ကာ
ဆက်လျှောက်လာခဲ့တော့သည်။
ရွာပြင်သို့ရောက်တော့ တိတ်ဆိတ်နေသော
ပတ်ဝန်းကျင်က ဆီး၍ကြိုနေခဲ့သည်။
မျက်လုံးကိုဟိုသည်ကစား၍ ဒေါ်ပွဲအုံကိုရှင်ညိုရှာနေခဲ့သည်။
သို့သော် ဒေါ်ပွဲအုံကိုရှင်ညိုမတွေ့ပေ။
ရှေ့သို့ဆက်လျှောက်ဖို့ခြေလှမ်းပြင်မိစဥ် ဆတ်ခနဲ
ရပ်တန့်သွားမိ၏။
အရှေ့၌စောင့်ကြိုနေသော အန္တရာယ်အားရှင်ညို
ခံစားမိနေသည်။
ခြေတစ်လှမ်းနောက်သို့ပြန်ဆုတ်၍ ဖနောင့်တစ်ချက်ပေါက်လိုက်သည်။
ပြီးနောက်သူ၏လက်ကိုရှေ့သို့ဝှေ့၍တစ်စုံတစ်ခုအားဖယ်ရှားဟန်လုပ်လိုက်ပြန်သည်။
“ဒေါ်ပွဲအုံ…အတော်လေးလည်းညဏ်များတာပဲ…
အင်း….မမလွန်းတင်သမီးဆိုတော့လည်း ဟုတ်မှာပေါ့”
ဟု…ရှင်ညိုကပြောလိုက်သည်။
“တောက်…”
ရှင်ညိုစကားကြောင့် တောက်ခေါက်သံတစ်ခုထွက်ပေါ်လာသည်။
အရှေ့မလှမ်းမကမ်းဆီမှာ တောင်ဝှေးကြီးကိုထောက်၍
ရပ်နေသော ဒေါ်ပွဲအုံကို ရှင်ညိုတွေ့လိုက်ရ၏။
“ဇွဲကလည်းအတော်ကောင်းတာပဲ…
ဒီအသက်ဒီအရွယ်ရောက်တာတောင်လက်စားချေချင်သေးတာလား”
“ဟင်း…ငါ့အမေပြောပြတဲ့သူ့ဘဝအကြောင်းကို
ကြားရကတည်းက ငါနင့်ကိုသတ်ချင်နေတာ…
အဲ့သည်တုန်းကဆို ငါကဆယ်နှစ်သမီးပေါ့လေ…
နင့်ကြောင့် ရွာပျက်ပြီး လူတွေရဲ့အပြောအဆိုခံခဲ့ရတဲ့
ငါ့အမေအကြောင်းကိုတွေးမိတိုင်း နင့်ကိုရှာချင်စိတ်တွေ
ပိုပိုတိုးလာခဲ့တယ်…အခုတော့ နင့်ကိုငါတွေ့ပြီ…
ငါ့အမေအတွက်နင့်ကိုငါသတ်ပြီး နင့်ရဲ့အသည်းကို
ဟောသည်လက်နဲ့နှိုက်ထုတ်ပြီးအဝစားပစ်မယ်
ခင်အုံရဲ့…”
ဟု…ဒေါ်ပွဲအုံက ဒေါသတကြီးအော်ကာပြောလိုက်သည်။
ထိုစဥ် နံဘေး၌ တလှုပ်လှုပ် လှုပ်ရှားလာသော
အရာများကိုရှင်ညိုမြင်လိုက်ရသည်။
မျက်လုံးနီကြီးများဖြင့်တလှုပ်လှုပ်လာနေသောအရာများကို ကြည့်၍…
“အပေါင်းအဖော်…အခြွေအရံတွေကအများသားပါလား…ဒါပေမယ့် ညည်းမေ့နေပုံရပါတယ်…
ငါဆိုတဲ့ခင်အုံက ညည်းအမေမရခဲ့တဲ့ပညာတွေကိုရခဲ့တယ်ဆိုတာကိုရော ညည်းအမေကမပြောခဲ့ဘူးလား…”
ဟုပြောလေတော့ ဒေါ်ပွဲအုံမှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ဒေါသများအလွန်အမင်းထွက်နေခဲ့သည်။
“ကဲ…သွားကြစမ်းဟဲ့…”
ရှင်ညိုက နံဘေးရှိ ဒေါ်ပွဲအုံ၏ တိုက်မြွေများကိုလက်​ဖြင့်
ဝှေ့ရမ်းလိုက်ရာ မြွေများမှာခေါင်းပင်မထောင်နိုင်ဘဲ
လာရာလမ်းအတိုင်းလှည့်ပြန်သွားကြတော့သည်။
“ညည်းရဲ့ပညာကဒါပဲလား…ညည်းပဲငါ့ကို
သတ်ချင်တယ်ဆို…ငါကညည်းရဲ့အဒေါ်ပါအေ…
ညည်းဘယ်အသက်အရွယ်ပဲရောက်ရောက်
ငါစောင့်ရှောက်ပေးပါ့မယ်…ညည်းရဲ့စိတ်တွေကိုသာလျော့ချလိုက်စမ်းပါ…”
ဟု…ရှင်ညိုက ဒေါ်ပွဲအုံကိုပြောလေသည်။
ထိုစကားကြောင့် ဒေါ်ပွဲအုံ၏ဒေါသများထိန်း၍
မရတော့ဘဲ…
“ငါ့အကြောင်းပြရသေးတာပေါ့…”
ဟုဆိုကာ ရှင်ညိုထံသို့ သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တော့သည်။
ထိုအခါလက်ချောင်းအဖျားများဆီမှ
မီးညွှန့်မီးစွယ်များ တဖျတ်ဖျတ်ထွက်ပေါ်လာပြီး
ရှင်ညိုထံသို့ တန်းတန်းမတ်မတ် ရောက်သွားခဲ့သည်။
သတိဖြင့်နေသောရှင်ညိုလည်း ထို မီးတန်းကြီးကို
သူ၏စက်များထုတ်၍တားဆီးထားခဲ့ရသည်။
သို့သော် ဒေါ်ပွဲအုံ၏စက်များကအားပြင်းလှ၏။
ရှင်ညို ဟန်ချက်မပြတ်ထိန်းထားရသော်လည်း…
“ဝုန်း…” ခနဲအသံနှင့်အတူ…
ရှင်ညို…အဝေးသို့လွှင့်စင်ထွက်သွားခဲ့သည်။
“ရှင်ညို….”
အပင်အကွယ်ဆီမှ ကြည့်နေကြသောမောင်တိုးနဲ့
မောင်အုန်းတို့သည်ရှင်ညိုအတွက်စိတ်ပူပြီး အော်ကြလေသည်။
“ဟော…ဟိုမှာနင့်အလောင်းကိုသိမ်းမယ်အကောင်တွေ
ရှိနေတာပဲ… ကဲ…အဆုံးသတ်လိုက်ရအောင်…”
ဒေါ်ပွဲအုံက မောင်တိုးတို့ကိုလှမ်းကြည့်ပြီးနောက်
သူ၏စက်တန်းဖြင့် ရှင်ညိုကိုထပ်မံတိုက်ခိုက်တော့သည်။
သို့သော်ယခုတစ်ခါဒေါ်ပွဲအုံ၏စက်တန်းသည်
ရှင်ညိုထံသို့ရောက်မလာဘဲ အပေါ်သို့ ထောင်တက်သွားပြီး မီးခိုးငွေ့များလို့ပျောက်ကွယ်သွားခဲ့သည်။
ထိုအဖြစ်ကြောင့် ဒေါ်ပွဲအုံတင်မက ရှင်ညိုပါ
အံ့သွသှား၏။
“အဘွား…”
မလှမ်းမကမ်း၌တောင်ဝှေးကြီးထောက်၍
ရပ်နေ​သော ဘွားမယ်စိန်ကိုရှင်ညိုတွေ့သွားခဲ့သည်။
ဘွားမယ်စိန်သည် မောင်တိုးတို့နံဘေးမှ လျှောက်လာပြီး
ရှင်ညိုထံသို့ကိုသွား၍ရှင်ညိုအားတွဲထူပေး၏။
“တစ်ဖက်ကိုလျော့တွက်ပြန်ပြီလား ရှင်ညို…
ဘွားကိုဝင်မပါစေချင်ရင်လည်း
ညည်းဘက်ကနိုင်အောင်တိုက်လေအေ…”
“ကျုပ်…ကျုပ်ကိုခွင့်လွှတ်ပါအဘွား…”
“ကဲပါ…ထ…ညည်းရဲ့ရန်သူကို
ညည်းပဲရှင်းပေတော့…”
ဘွားမယ်စိန်…ရှင်ညိုကိုကူ၍ထူပေးပြီးနောက်
နံဘေးသို့သွားရပ်နေတော့သည်။
ဒေါ်ပွဲအုံကတော့ဘွားမယ်စိန်ကိုကြည့်လိုက်…
ရှင်ညိုကိုကြည့်လိုက်လုပ်နေခဲ့၏။
ထိုစဥ် ရှင်ညိုသည် ဒေါ်ပွဲအုံအားအံကိုကြိတ်၍
မျက်စောင်းဖြင့်ကြည့်လိုက်ရာ…ဒေါ်ပွဲအုံမှာ ​ခြေနှစ်လှမ်းအနောက်သို့ဆုတ်သွားခဲ့ရသည်။
“ကဲ…ပွဲအုံ…နင်က အငြိုးကြီးနေတော့လည်း
နင့်အငြိုးကိုအဆုံးသတ်ပေးရတာပေါ့…”
ဟု…ပြောကာရှင်ညိုခေါင်းကိုမော့လိုက်သည်။
ရှင်ညို၏မျက်လုံးများမှာ မီးများတောက်လောင်နေသကဲ့သို့ နီကာရဲလာပြီး လက်နှစ်ဖက်မှလည်း
စက်တန်းများအားထုတ်လေသည်။
ရှင်ညိုသူ့အားစက်တန်းများဖြင့် တိုက်ခိိုက်တော့မည်ကိုသိ၍ ဒေါ်ပွဲအုံလည်းသူ၏စက်တန်းများကို
ထုတ်လေသည်။
ရှင်ညို၏စက်တန်းများက ဒေါ်ပွဲအုံကိုတိုက်ခိုက်လေတော့
ဒေါ်ပွဲအုံသည် သူ၏စက်တန်းများဖြင့်ကာထားရသည်။
ယခုတစ်ခါရှင်ညို၏စက်တန်းများကအားပြင်းလှ၏။
ဒေါ်ပွဲအုံ၏စက်တန်းများကိုဖြတ်ကျော်၍
ဒေါ်ပွဲအုံ၏ရင်အစုံသို့စက်တန်းများထိမှန်သွားလေရာ…
“ဝုန်း…”
“အား….”
ဝုန်းခနဲ…အားခနဲ အော်သံများအဆုံး၌ ဒေါ်ပွဲအုံ
မြေပေါ်တွင်ခွေခွေလေးလဲကျနေခဲ့သည်။
ဒေါ်ပွဲအုံထံမှပြန်လည်တုန့်ပြန်မှုမရှိလေတော့ ရှင်ညိုလည်းသူ၏စက်များကိုပြန်သိမ်း​လေသည်။
ထိုအခိုက် မောင်တိုးနဲ့မောင်အုန်းတို့ ရောက်လာပြီး
ဒေါ်ပွဲအုံ၏နံဘေးသို့သွားကြည့်ကြရှာသည်။
မောင်တိုးက ဘွားမယ်စိန်နှင့်ရှင်ညိုကိုခေါင်းရမ်းပြပြီး…
“အသက်မရှိတော့ဘူး…”
ဟု…ပြော၏။
ရှင်ညိုလည်းဒေါ်ပွဲအုံ၏အသက်မဲ့နေသောအလောင်းအား
လာကြည့်ပြီး သက်ပြင်းချလေသည်။
“သူ့ရဲ့အလောင်းကို ကျုပ်တို့ပဲမြုပ်ပေးပါ့မယ်ဘွား…
ဘွားတို့သာရွာထဲကိုပြန်ဝင်ချင်ရင်ဝင်ပါ…”
ဟု…မောင်အုန်းကပြောတော့ ဘွားမယ်စိန်လည်း
ရှင်ညိုကိုခေါ်ကာ ရွာထဲပြန်ဝင်လာခဲ့သည်။
ရွာထဲသို့ရောက်တော့…
“ကျုပ်ကိုစိတ်ဆိုးနေလားအဘွား”
ဟု…ရှင်ညိုကမေးတော့ဘွားမယ်စိန်၏ခြေလှမ်းများရပ်တန့်သွားသည်။
ရှင်ညိုကလည်းဘွားမယ်စိန်ကိုရပ်ကြည့်နေမိတော့
ဘွားမယ်စိန်ကခေါင်းကိုရမ်း၍…
“ဘွားကဘာလို့သမီးကိုစိတ်ဆိုးရမှာလည်းအေ…
ဒီအဘွားကြီးက ကလေးမှမဟုတ်တာအေ့…
မပြောသင့်တဲ့အချိန်မှာ မပြောသင့်တဲ့စကားကို
မပြောခဲ့ယုံတင်ပါ…”
ဟု…ပြောလေသည်။
“ကျုပ်စိတ်မကောင်းဖြစ်မိတယ်အဘွားရယ်…
သူနဲ့ကျုပ်ကဆွေမျိုးတွေပါ…
ဒီရန်ငြိုးတွေကလည်း ဘဝအဆက်ဆက်ရှင်သန်နေဦးမယ်ထင်ပါတယ်…”
“ကဲပါ…လာ…ညည်းအရီးတို့မျှော်နေတော့မယ်…
သွားကြတာပေါ့”
စိတ်မကောင်းဖြစ်နေသော ရှင်ညိုကိုဘွားမယ်စိန်က
လက်ဆွဲ၍ခေါ်လာခဲ့တော့သည်။
ဒေါ်ပွဲအုံကိုတော့ မောင်တိုးနဲ့မောင်အုန်းက ရွာသင်္ချိုင်း၌
သေချာမြုပ်နှံပေးကြရှာသည်။
မည်သို့ပင်ဖြစ်ပါစေ ဒေါ်ပွဲအုံသည် ရှင်ညို၏
ဘဝဟောင်းမှတူမဖြစ်၍ ထိုသို့ မြုပ်နှံပေးကြခြင်းဖြစ်သည်။
ထို့သို့ဖြင့် အငြိုးကြီးသောကဝေဆိုသည့်စာမူလေးလည်း
ပြီးဆုံးခဲ့ရပါတယ်။
ယဥ်မင်း(ကန့်ဘလူ)