စာမူ…၁၅၆

စဆုံး

“ခင်မြမှုန်….ခင်မြမှုန်…ခင်မြမှုန်…”

ဟူသောခေါ်သံနှင့်တကြော်ကြော်အော်ဟစ်၍
ပြေးလွှားနေခဲ့သည်။
ထိုလူသည်အသက်အားဖြင့် နှစ်ဆယ်ကျော်မျှ
ရှိချေလေပြီ။
အမည်သည်က မောင်မြတ်ဟုခေါ်၏။
မောင်မြတ်သည် မျက်ခုံးမျက်လုံးကောင်းကောင်းဖြင့်
လူချောတစ်​ယောက်ပင်ဖြစ်သည်။
သို့သော် ယခုမောင်မြတ်သည်က ဆံပင်များရှုပ်ပွ၍ မျက်နှာအထက်၌ ဖုန်များဖြင့် မည်းညစ်နေခဲ့သည်။

“ခင်မြမှုန်…နှမရေ…နှမရဲ့…
ဘယ်ဆီများရောက်နေတာလဲကွယ်…”

“မောင်မြတ်ရာ…လာပါ…အိမ်ကိုပြန်ကြရအောင်ပါ…
မင်းအမေလည်းမင်းကိုလိုက်ရှာနေတာကွ…”

နံဘေးရှိ သူငယ်ချင်းတစ်စုမှာ မောင်မြတ်ကို
ချော့မော့၍ခေါ်နေကြသည်။
မောင်မြတ်ကတော့နှုတ်မှ ခင်မြမှုန်ဆိုသည့်အမည်ကို
အော်ရင်း သူငယ်ချင်းများခေါ်ဆောင်ရာသို့
လိုက်သွားခဲ့တော့၏။
မောင်မြတ်ကိုအားလုံးက စိတ်နှောက်သွားသည်
ဟုပြောကြသည်။
တချို့ကတော့မနာလိုသူမှပြုစားသည်ဟု ဆိုကြ၏။
သူတို့ပြောတာလည်းမှန်ပေသည်။
မောင်မြတ်ယခုလိုပြောင်းလဲသွားခြင်းမှာ
မြန်ဆန်လွန်းလှသည်။
မောင်မြတ်၏မိဘများမှာ အင်တိုင်းရွာ၌
လယ်ပိုင်၊ယာပိုင်သူဌေးများဖြစ်ကြသည်။
သူငယ်ချင်းများနှင့် ဘုရားပွဲသွားရာမှအပြန်တွင်
မောင်မြတ် စိတ်များမှုမမှန်ဖြစ်လာခဲ့သည်။

“ဟဲ့…ငါ့သားအသွားတုန်းကအကောင်းပါ…
အခုဘယ်လိုတောင်ဖြစ်လာရတာလဲ”

မောင်မြတ်အမေမှာ သားဖြစ်သူကိုကြည့်၍
ရင်နာနာဖြင့်ပြောရှာသည်။

“ကျုပ်တို့လည်းဒီကောင့်ကိုဂရုစိုက်ပါတယ်အရီးရယ်…
ရုတ်တရက်ကြီး နေထိုင်မကောင်းဖြစ်လာလို့…
ဆေးဆရာပင့်ပြီးလည်းကုပေးခဲ့ကြတာပါ…
ဒါပေမယ့် သက်သာလာတော့
အခုလိုဖြစ်လာတာပဲအရီးရဲ့…ကျုပ်တို့လည်း
စဥ်းစားလို့ကိုမရပါဘူးဗျာ…”

သူငယ်ချင်းများမှာလည်း ကိုယ့်အမှားဖြစ်မှာစိုး၍
ဖြစ်သမျှကိုပြောပြကြရှာသည်။

“ခင်မြမှုန်…ခင်မြမှုန်…အစ်ကိုလာခဲ့မယ်နော်…
ခင်မြမှုန်…”

“ခင်မြမှုန်ကဘယ်သူလဲ…ငါ့သား…
ဟောသည်ဘက်ကမင်းချစ်လှပါတယ်ဆိုတဲ့
သမီးလေးမိနှောင်းကိုရောမမှတ်မိတော့ဘူးလား
ငါ့သားရယ်…”

မောင်မြတ်၏ချစ်သူ ခင်နှောင်းမှာတော့ မောင်မြတ်ကို
ကြည့်ရင်း မျက်ရည်များသာကျနေရှာသည်။
မောင်မြတ်သည်က ခင်နှောင်းကိုပင်မမှတ်မိတော့ပေ။
မောင်မြတ်၏နှုတ်မှ ခင်မြမှုန်ကိုသာ တမ်းတလို့နေခဲ့၏။

တစ်ရက်မှာတော့…

“ခင်မြမှုန်…နှမလေး…အစ်ကိုနှမလေးကိုလိုက်ရှာနေတာ…
အခုမှပဲတွေ့တော့မယ်နှမလေးရယ်…”

“ရှင်…ရှင်…ဘယ်သူလဲ…”

ရှင်ညိုတစ်ယောက် ခြံရှေ့၌ပေါက်နေသော ကြက်ဟင်းခါးပင်မှ ကြက်ဟင်းခါးသီးများကို
ခူးယူနေချိန် လူတစ်ယောက်ကအနားသို့ရောက်လာပြီး
သူ၏လက်ကိုဆွဲယူခြင်းကိုခံလိုက်ရသည်။
အစပိုင်း၌ရှင်ညိုဒေါသထွက်သွားသည်။
သို့သော် သေချာကြည့်မိတော့ သာမာန်လူမဟုတ်ဘူး
ဆိုတာ ရှင်ညိုသိလိုက်ရ၏။

“မမ…ဘာဖြစ်လို့လဲ…ဟင်…အမေရေ…
အဘွားရေ…ဘယ်ကအရူးကြီးလဲမသိဘူး…
မမကိုလက်ဆွဲနေတယ်…လာကြပါဦး…
ဟေ့လူ…ကျုပ်အစ်မလက်ကိုလွှတ်နော်…
တုတ်… တုတ်ဘယ်မှာလဲ…”

ခြံပြင်ထွက်လာလာခြင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
နန်းကြိုင်အော်ဟစ်၍ဘွားမယ်စိန်တို့ကိုခေါ်လေသည်။
အနီးရှိတုတ်ကိုရှာပြီး…ရိုက်ဖို့ဟန်ပြင်လေတော့…

“ညီမလေး…ခဏလေးပါ…
သူ့ကြည့်ရတာ စိတ်ကပုံမှန်မဟုတ်ဘူး…
ဒီကအစ်ကို…လာပါ…ကျုပ်တို့အိမ်ဝိုင်းထဲကိုလိုက်ခဲ့ပါ…”

ရှင်ညိုက နန်း​ကြိုင်ကိုတားပြီး မောင်မြတ်ကို
အိမ်ထဲသို့ခေါ်လေသည်။
မောင်မြတ်ကလည်း အသာတကြည်ပင်လိုက်ခဲ့၏။

ဘွားမယ်စိန်နဲ့ဒေါ်ဝင်းမှာ ခြံပြင်ကိုထွက်လာဖို့
လုပ်နေကြရာ မောင်မြတ်ကိုမြင်တော့ ကွပ်ပျစ်ခင်း၌
ပြန်ထိုင်လိုက်ကြရသည်။

“ကျုပ်လက်ကိုလွှတ်ပါဦး အစ်ကို…”

“သြော်…အင်း…အင်း…”

ရှင်ညိုကပြောတော့မောင်မြတ်က
အသာတကြည်ပင်လက်ကို လွှတ်ပေးလိုက်သည်။

“ကဲ…အဲ့သည်ခုံမှာထိုင်ပါဦး”

“အင်း…အင်း…အစ်ကိုထိုင်မယ်နော်…”

မောင်မြတ်သည် ရှင်ညို၏စကားကိုနားထောင်သည်။
ရှင်ညို၏မျက်နှာကိုကြည့်၍ မောင်မြတ်ပြုံးရွှင်နေခဲ့သည်။

“ဒီကောင်လေးကြည့်ရတာ
သာမာန်မဟုတ်​ဘူးထင်တယ်”

“ဟုတ်တယ်အမေ…သူ့ကြည့်ရတာတစ်ခုခုပဲ…
ကျုပ်ရွာသူကြီးသွားခေါ်လိုက်ရမလား…”

“အေး…အေး…သမီး…သွားခေါ်ထားတော့
ကောင်းတာပေါ့အေ”

နန်း​ကြိုင်တစ်​ယောက် ရွာသူကြီးဦးနောင်ချိုကို
သွားခေါ်လေသည်။
ဘွားမယ်စိန်ကတော့ စကားဝင်မပြောဘဲ ကွပ်ပျစ်ခင်း၌
ထိုင်၍ ကြည့်နေခဲ့လေသည်။

“တော်ကဘယ်ရွာကလဲ…”

ရှင်ညိုကမေးသော်လည်း မောင်မြတ်မဖြေပေ။

“ခက်တော့တာပဲ…ဒီကောင်လေးကဒီနေ့ဖြေမယ့်ပုံလည်း
မပေါ်ပါဘူးအေ…အမေ…ဘယ့်နဲ့လုပ်ကြမလဲ”

“နေပါဦးအေ…မ​ဖြေတော့လည်း…
ချော့မော့ပြီးမေးရမှာပေါ့…ညည်းသမီးလည်း
သူကြီးတို့ကိုသွားခေါ်နေတယ်မဟုတ်လား…”

“သွားခေါ်တာလည်းခေါ်တာပေါ့အမေရယ်…
ဘယ်ကဟာမှန်းမသိ အိမ်မှာခေါ်ထားရတာ…
တော်နေနှင်ထုတ်ရခက်နေမှဖြင့်…”

ဒေါ်ဝင်းကတော့ မောင်မြတ်ကိုကြည့်၍
အလိုမကျစွာပြောနေခဲ့သည်။
ခဏမျှကြာတော့ ရွာသူကြီးဦးနောင်ချိုနှင့်အတူ…
မောင်တိုး၊မောင်အုန်းတို့လည်းရောက်လာကြ၏။

“ဘွားရေ…နန်း​ကြိုင်ပြောတာ သူလားဗျ”

“အေးကွယ်…သေချာကြည့်ပါဦး…
ဘယ်ရွာကများဖြစ်နေမလဲ…
ဘွားတို့မေးတာလည်း ဘာမှမဖြေဘူးကွယ်…”

သူကြီးဦးနောင်ချိုက မောင်မြတ်အနီးသွား၍
သေချာကြည့်၏။
သူကြီးဦးနောင်ချိုကြည့်နေစဥ် မောင်တိုးက…

“ဟာ…သူက အင်တိုင်းရွာကပဲဗျ…”

“သေချာလို့လားမောင်တိုးရ…”

“သေချာပါတယ်ကိုကြီးအုန်းရာ…
သူကိုအင်တိုင်းရွာမှာမြင်ဖူး…တွေ့ဖူးတယ်ဗျ…
ဒါပေမယ့်ကျုပ်နဲ့တော့ မခင်ပါဘူးဗျာ…”

“အေး…မင်းပြောတာအမှန်ဆိုရင်တော့
ငါတို့အင်တိုင်းရွာကိုလူလွှတ်ခေါ်ခိုင်းမှရမယ်ကွ…
ကဲ…မောင်အုန်း ရွာသားတစ်ယောက်လောက်အကျိူးအ​ကြောင်းပြောပြပြီးအင်တိုင်းရွာကိုလွှတ်လိုက်ကွာ…”

“ဟုတ်ကဲ့သူကြီး”

မောင်အုန်းလည်း သူကြီးခိုင်းတဲ့အတိုင်း
အင်တိုင်းရွာသို့ရွာသားတစ်ယောက်ကိုအမြန်ပင်
သွားခိုင်းလိုက်ရသည်။
မောင်မြတ်ကတော့ ရှင်ညိုကိုကြည့်၍ငြိမ်ငြိမ်လေးပင်ထိုင်နေရှာသည်။
သူကြီးဦးနောင်ချိုနဲ့ဘွားမယ်စိန်တို့သည်လည်း
အကြမ်းရေသောက်ရင်းမောင်မြတ်၏အခြေအနေကိုအကဲခတ်နေကြ၏။

ရှင်ညိုကတော့ မောင်မြတ်ကိုကြည့်ရင်း မောင်မြတ်နံဘေးသို့ရောက်သွားခဲ့သည်။
မောင်မြတ်၏ခေါင်းအ​ပေါ်သို့လက်ကိုတင်လိုက်သည်။
မောင်မြတ်ကတော့ငြိမ်၍သာနေရှာသည်။
သို့သော် ရှင်ညို၏နှုတ်မှ ဂါထာများစရွှတ်ချိန်
မောင်မြတ်၏ခန္ဓာကိုယ်သည်တုန်ရီလှုပ်ရှားလာခဲ့၏။

“အင်း…အင်းးး…ဖယ်…ဖယ်…ငါ့ကိုဖယ်…”

ဟု…တအင်းအင်းငြီးသံကြီးနှင့်အတူ…ရှင်ညိုကို
တွန်းဖယ်ပစ်နေသည်။
မောင်မြတ်သည် ရှင်ညိုအားဒေါသတကြီးပင်
တွန်းဖယ်နေသော်လည်း ရှင်ညိုကမောင်မြတ်၏ခေါင်းအပေါ်ရှိ လက်အား လုံးဝမဖယ်ဘဲ…ဂါထာများကိုအဆက်မပြတ်ရွှတ်နေခဲ့သည်။

“ဘွား…ဘာဖြစ်တာလဲဗျ”

သူကြီးဦးနောင်ချိုက ရှင်ညိုနဲ့မောင်မြတ်ကိုကြည့်၍
အံ့သြစွာမေးလေသည်။
ဒေါ်ဝင်းတို့မောင်တိုးတို့သည်က မည်သည်မှဝင်မမေး
ဝင်မပြောကြဘဲ ရပ်၍သာကြည့်နေကြ၏။

“ဒီကောင်လေးကို တစ်ယောက်ယောက်က
ပြုစားထားပုံရတယ်…အဲ့တာကိုရှင်ညိုကသိတော့
ပြုစားထားတဲ့ဟာကိုခေါ်နေတာမောင်ရင်ရဲ့”

“ခင်ဗျာ…”

သူကြီးဦးနောင်ချိုလည်းအံသြစွာပင်ကြည့်နေခဲ့တော့၏။
ထိုသို့ကြည့်နေစဥ်…

“သက်ဆိုင်တဲ့သူဝင်လာခဲ့စမ်း…
မဆိုင်တဲ့အကောင်တော့ဝင်မလာခဲ့နဲ့…
ရှင်ညိုအကြောင်းသိစေရမယ်ဟဲ့…”

ဟု…ရှင်ညိုက ပြောလိုက်သည်။
ပြီးနောက်ရှင်ညိုသည် မောင်မြတ်၏ခေါင်းပေါ်မှ
လက်ကိုဖယ်၍မောင်မြတ်ကိုအရှေ့တည့်တည့်မှ
ရပ်ကြည့်နေခဲ့သည်။

“ရောက်ပြီလား”

မောင်မြတ်၏အမူအရာကိုကြည့်၍ ရှင်ညိုမေးလိုက်တော့
မောင်မြတ်ခေါင်းကိုညိတ်သည်။

“နင်ဘယ်သူလဲ…သူနဲ့ဘယ်လိုပတ်သတ်နေတာလဲ”

“ငါကသူ့ချစ်သူ…”

“ဘယ်လို…ချစ်သူဟုတ်လား…
ဘယ်လိုချစ်သူက သူ့ကိုအခုလိုမျိုးဖြစ်အောင်
လုပ်ရက်မှာလဲ နင်မှန်မှန်ပြောစမ်း…ကဲ…
မီးပြင်းနဲ့တိုက်စမ်းဟဲ့…”

ရှင်ညိုအံကိုကြိတ်ကာပြေုရင်းဖနောင့်တစ်ချက်
မြေပေါ်သို့ဆော့ခနဲပေါက်ချလိုက်သည်။

“အင်း….အင်း….အင်း…အင်း………”

ပြုစားထားတဲ့သူကလည်း အံကိုကြိတ်၍
တင်းခံကာ ငြီးတွားနေသည်။

“အမယ်…နင်ကလည်း အတော်ထက်တဲ့ကောင်မပဲ…
ကဲ…ပြောစမ်း.. နင့်နာမည်ဘယ်သူလဲ”

ရှင်ညိုကမေးသော်လည်း မည်သို့မှမဖြေပေ။
ရှင်ညိုဒေါသထွက်လေပြီ…ချင်ချင်းပင်သူ၏
လွယ်အိတ်ထားရာအိမ်အပေါ်ထပ်သို့ အပြေးတက်သွားသည်။ အိမ်ပေါ်မှပြန်ဆင်းလာတော့
သူ၏ချည်လွယ်အိတ်လေးပါလာခဲ့၏။
ချည်လွယ်အိတ်အတွင်းမှ အင်းချထားသော
စက္ကူကိုယူ၍ မီးရှို့ပြန်သည်။
မီးရှို့ပြာချထားသည်များကိုရေဖြင့်ရော၍
မောင်မြတ်ကိုတိုက်ဖို့လုပ်သည်။
မောင်မြတ်ကအံကိုကြိတ်၍ အတင်းပင်ရုန်းကန်နေခဲ့သည်။

“သမီး… ရှင်ညို…ခဏနေပါဦး…
ဘာလို့ဒီလောက်လောနေရတာလဲအေ…
ဟိုကောင်မ…ညည်းသူမေးတာကိုမဖြေရင်သူက
ညည်းကိုအဆုံးထိလုပ်တော့မှာနော်…
ဒီအတွက်ညည်းဘက်ကခံရဲရဲ့လား…”

ဟု…မည်သည်မှဝင်မပြောခဲ့သောဘွားမယ်စိန်က
ကွပ်ပျစ်ခင်းမှဆင်းလာရင်းပြောလိုက်သည်။
ဘွားမယ်စိန်အနားရောက်လာတော့မှ ရှင်ညိုလည်း
နံဘေးကိုဖယ်ပေးရှာသည်။

“ကဲ…ညည်းနာမည်ကိုမပြောနိုင်ရင်တောင်…
ညည်းသူ့ကိုဘာကြောင့် အခုလိုရူးအောင်ပြုစားထားရ
သလဲဆိုတာတော့ ညည်းပြောအေ…”

ဟု…ဘွားမယ်စိန်ကပြောတော့ မောင်မြတ်ခေါင်းညိတ်သည်။
မောင်မြတ်ကြည့်ရတာလည်း ရှင်ညိုကိုလန့်နေပုံရသည်။

“ကျုပ်ပြောပါ့မယ်…
ဒါပေမယ့် ကျုပ်ကိုတော့ဘာမှမလုပ်ပါဘူးဆိုတဲ့
ကတိကိုအရင်ပေးကြပါ…အဲ့သည်လိုမှ
ကျုပ်ဘက်ကပြောပြနိုင်မယ်…”

ဟု…မောင်မြတ်၏နှုတ်မှ မိန်းမအသံကြီးဖြင့်ပြောတော့သည်။

“ညည်း​ဘက်က သာမခြွင်းမချန်မှန်ရာကိုပြောပေါ့အေ…
နောက်ပြီး ဘွားတို့က ဒီမောင်ရင်​လေးကိုလည်း
သူ့ရဲ့နဂိုမူလကအတိုင်းပဲပြန်ဖြစ်စေချင်တယ်…
အဲ့သည်လိုညည်းပြန်လုပ်ပေးရင်တော့ ညည်းရဲ့
ဆံပင်တစ်ချောင်းတောင်မထိပါဘူးအေ…”

“ကောင်းပြီလေ…ဒါဆိုရင်ကျုပ်ပြောပြပါ့မယ်…”

ဟု…ဘွားမယ်စိန်နဲ့ပြောရင်း မောင်မြတ်ယခုလိုဖြစ်ရသည့်
အကြောင်းအားပြန်လည်ကာပြောပြတော့သည်။

မောင်မြတ်နဲ့သူငယ်ချင်းတစ်သိုက်တို့…
ဘုရားကုန်းရွာ၏ဘုရားပွဲသို့အလည်အပတ်
ရောက်လာခဲ့သည်။
ရွာက မောင်မြတ်၏သူငယ်ချင်း နိုင်ဆွေရဲ့
ဦးလေးတို့ရွာပင်ဖြစ်သည်။
သူငယ်ချင်းများအခေါ်ကောင်း၍ ထိုရွာဘုရားပွဲသို့
မောင်မြတ်တို့ရောက်လာခဲ့ကြခြင်းဖြစ်သည်။

“တို့ရွာကဘုရားကုန်းရွာလို့ပြောတဲ့အတိုင်း
ဘုရားဟောင်းတွေကလည်းအများသားဟေ့…
ရွာရောက်တုန်းစားချင်တာ…လုပ်ချင်တာရှိရင်အားမနာနဲ့
ပွင့်ပွင့်လင်းလင်းသာပြောကြကွာ…”

နိုင်ဆွေနဲ့အစ်ကိုတစ်ဝမ်းကွဲတော်စပ်သော
ကိုကြီးအောင်က မောင်မြတ်တို့အုပ်စုကိုပြောလေသည်။
မောင်မြတ်တို့ကလည်း လူငယ်တွေပီပီရွာထဲလှည့်ပတ်သွားလာရင်း အပျော်ကြီးပျော်နေကြတော့၏။

“ကိုကြီးအောင်…ဟိုရှေ့က ကောင်မလေးနဲ့
ဟောသည်ကမောင်မြတ်တို့ မလိုက်
ဖက်ကြဘူးလားခင်ဗျ…”

“ဘယ်ကောင်မလေးတုန်းကွ…”

“ဟောဗျာ…ဟိုမှာလေ…ပန်းလေးပန်ထားတဲ့
တစ်ယောက်လေဗျာ…”

“သြော်… သူလား…သူ့နာမည်ကခင်မြမှုန်တဲ့ကွ…
ရွာရဲ့အချောဆုံးအလှဆုံး…ဘယ်သူမှအနားမကပ်ရဲဆုံးလေးပေါ့…”

“ခင်ဗျာ…ကိုကြီးအောင်စကားကြီးကဘယ်လိုကြီးလဲဗျ”

မောင်မြတ်နှင့် ခင်မြမှုန်တို့ကိုလိုက်ဖက်သည်ဟု…
သူငယ်ချင်းများကဝိုင်း၍စနောက်ကြသည်။
သို့သော် ကိုကြီးအောင်၏စကားကြောင့်အားလုံးအံ့သြသွားကြရလေသည်။

“ဟုတ်တယ်ကွ…ကောင်မလေးက အောက်လမ်းပညာတွေ
တတ်တယ်…ဒါကြောင့်တို့ရွာသားတွေအနားမကပ်ရဲဘဲ…
ဝေးဝေးကနေအနံ့ရှုနေကြရတာပေါ့ကွာ…”

“မဖြစ်နိုင်တာဗျာ…ကိုကြီးအောင်တို့က
ဘာကြောင့်သူ့ကိုအဲ့ပညာတွေတတ်တယ်လို့
ပြောရတာလဲ…”

“ဒီမှာငါ့ညီနိုင်ဆွေ…အစ်ကိုတို့က ဒီရွာမှာမွေး…
ဒီရွာမှာကြီးလာတဲ့ကောင်တွေဆိုတော့ ဒီရွာကလူတွေရဲ့အကြောင်းကိုသိတာပေါ့ကွာ…
တို့ငယ်ငယ်ကဆိုရင်ခင်မြမှုန်အဘွားက အတော်ထက်တဲ့
စုန်းမကြီးကွ…အခုသူလည်းမရှိတော့ပါဘူး
ဒါပေမယ့် သူ့ပညာတွေကိုသူ့ရဲ့တစ်ဦးထဲသောမြေးဖြစ်တဲ့
ခင်မြမှုန်ရခဲ့တယ်လို့အားလုံးကပြောနေကြတာ…
သူတို့ပြောတာလည်းဖြစ်နိုင်တယ်ကွ…တစ်ခါက
သူတို့အိမ်ခေါင်မိုးအပေါ်မှာ စုန်းမီးလုံးကြီးတစ်လုံး
ဝဲနေတာကိုငါ့မျက်စိနဲ့အသေအချာကို တွေ့ဖူးတာ…”

ကိုကြီးအောင်စကားကြောင့် မောင်မြတ်တို့အုပ်စုလည်း
ငြိမ်သွားကြတော့သည်။

“ကိုကြီးအောင်ပြောသလိုဆိုရင်…မင်းတို့နှုတ်တွေကိုလည်းသတိထားကြဦးကွ…
ငါကမင်းတို့စတာသိပေမယ့် တစ်ဖက်မိန်းကလေးကြားရင်လည်းမကောင်းဘူးလေ…နောက်ပြီးငါ့မှာက
ငါ့ချစ်သူခင်နှောင်းရှိတာကိုလည်းမင်းတို့အသိပဲ…”

ဟု…မောင်မြတ်ကပြောတော့ ငြိမ်နေသော
သူငယ်ချင်းများက…

“သိပါတယ်ကွာ…ခင်နှစ်ခင်နဲ့မောင်မောင်မြတ်တို့က
အတော်လေးလိုက်ဖက်တာ…နော့ငါ့ကောင်တွေ…”

“ဟုတ်ပါ့ကွာ…”

ဟု…ဝိုင်း၍စနောက်ကြပြန်သည်။
ကိုကြီးအောင်၏အရှေ့၌ မစနောက်ကြသော်လည်း
ကိုကြီးအောင်မရှိလျှင်ခင်မြမှုန်နှင့် မောင်မြတ်အား
စနောက်ကြလေသည်။
မောင်မြတ်တို့မှာလည်းလူငယ်တွေပီပီ ခင်မြမှုန်အား
စုန်းမ ဟု ထင်နေကြခြင်းအပေါ်၌ အယုံအကြည်
မရှိကြပေ။

ဘုရားပွဲည၌…

“ဟာ…မောင်မြတ်…ဟိုမှာ ခင်မြမှုန်ကွ…
သွား…သွား…တစ်ယောက်ထဲထင်တယ်…
စကားလေးဘာလေးလိုက်ပြောကြည့်ပါလား…”

“တော်ပါပြီကွာ…မင်းတို့ကလည်း တော်ယုံတန်ယုံပဲ
စနောက်ကြစမ်းပါ…”

“ဘာတော်တာလည်းငါ့ကောင်ရ…
သွားစမ်းပါဆိုကွာ…”

သူငယ်ချင်းများက မောင်မြတ်အားခင်မြမှုန်ဆီသို့
တွန်းပို့ကြသည်။
သူငယ်ချင်းများအပို့ကောင်း၍ မောင်မြတ်လည်း
ခင်မြမှုန်နှင့်စကားသွားပြောလေသည်။
ခင်မြမှုန်ကသူ့အား အရေးတယူလုပ်မည်မဟုတ်လောက်ဟု မောင်မြတ်ထင်မိလေသည်။
သို့သော် အထင်နှင့်လက်တွေ့ကွဲလွဲခဲ့ရ၏။
ခင်မြမှုန်သည်မောင်မြတ်အားလိုလိုလားလားပင်စကားပြန်ပြောလေသည်။
ထိုသို့ဖြင့် မောင်မြတ်တစ်ယောက် ခင်မြမှုန်နှင့်ရင်းနှီးခဲ့လေသည်။

“မောင်မြတ်…မင်းခင်မြမှုန်ကိုချစ်ရေးဆိုပြီးပြီလား”

“ငါတို့ကမိတ်ဆွေတွေလိုခင်တာပါကွာ..
ငါ့မှာချစ်ရတဲ့သူရှိနေတာကိုဘာကြောင့်ငါကသူ့ကို
ချစ်ရေးဆိုရမှာလည်း မင်းတို့ကလည်းကွာ…”

“ဟ…ချစ်သူရှိတာမိန်းမရှိတာမှမဟုတ်မောင်မြတ်ရာ…
မင်းကလည်းတုံးအလိုက်တာလွန်ရောကွာ…”

သူငယ်ချင်းများက ရွာ၌ကျန်ခဲ့သော ချစ်သူခင်နှောင်းထက် ခင်မြမှုန်နှင့်ပို၍သဘောတူကြသည်။
ခင်နှောင်းက မောင်မြတ်ကိုနိုင်သည်ဟုဆိုကာ
ခင်မြမှုန်နှင့်သာဝိုင်း၍သဘောတူနေကြခြင်းပင်။
သူငယ်ခြင်းများအပို့ကောင်း၍.မောင်မြတ်တစ်ယောက်
ခင်မြမှုန်ကိုချစ်ရေးဆိုမိလေသည်။
ခင်မြမှုန်ကလည်း မောင်မြတ်၏ချစ်ရေးဆိုမှုကို
လက်ခံလေသည်။
ချစ်သူတွေဖြစ်သွားသော်လည်း မောင်မြတ်မှာ
ခင်မြမှုန်ကိုအားနာနေမိသည်။

“မောင်…”

“ဗျာ…ပြောလေခင်…”

“မောင့်မှာ ခင့်အပြင်တခြားတစ်ယောက်များရှိနေသလား”

ခင်မြမှုန်၏အမေးကြောင့်မောင်မြတ်ခေါင်းကြီးသွားသည်။
စကားများပင်အထစ်ထစ်ဖြင့်…

“ဘာ…ဘာလို့မေးတာလည်းခင်…”

ဟု…ပြန်ကာပြောရှာသည်။

“မဟုတ်ပါဘူး…မောင်ကတစ်ရွာသားဆိုတော့
မောင့်အကြောင်းကမောင်ပြော​ပြသလောက်ပဲ
သိရတာလေ…နောက်ပြီး ခင်အခုတလောအိမ်မက်တွေမက်တယ်သိလား…အဲ့သည်အိမ်မက်ထဲမှာလေ မောင်က ခင်မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့
ပျော်ရွှင်နေတာတဲ့…ခင်ဒေါသတွေထွက်လိုက်တာမောင်ရယ်…မောင်သာအနားရှိရင် ခင်ထုရိုက်မိမှာသိလား”

“သြော်…အိမ်မက်ပဲခင်ရယ်…”

မောင်မြတ်တစ်ယောက် ခင်မြမှုန်အား ပြောနေပါသော်လည်း သူ၏စိတ်ကတော့မလုံမလဲဖြစ်နေမိသည်။
နောက်ပိုင်း၌ မောင်မြတ်တစ်ယောက် ခင်မြမှုန်ထံသို့
မသွားတော့ပေ။
ရွာသို့ပြန်ဖို့ပြင်ဆင်နေကြစဥ် တစ်ရက်မှာ​တော့…

“ကိုကြီးအောင်…ကိုကြီးအောင်တို့အိမ်က
ဧည့်သည်တွေပြန်သွားကြပြီလား”

“ဟေ…ခင်မြမှုန်…လာ…လာ..
ဝင်ခဲ့ညီမ…”

ဝိုင်းပြင်မှလှမ်းမေးသော ခင်မြမှုန်အားမြင်တော့
ကိုကြီးအောင် အံ့သြသွားသည်။
သို့သော် ခင်မြမှုန်အားအိမ်ထဲသို့ဝင်ခိုင်းလေသည်။

“ဧည့်သည်တွေမပြန်ကြသေးဘူးညီမရဲ့…
ဒါပေမယ့် မနက်ဖြန်လောက်တော့ပြန်ကြမယ်လို့ပြောတယ်….အခုတော့ ဒီကောင်တွေထန်းတော
သွားကြတယ်ဟ…”

“သြော်…ဟုတ်ကဲ့…ဒါဆိုကျုပ်လိုက်သွားလိုက်ဦးမယ်…”

“အေး…အေး…ညီမ…”

ကိုကြီးအောင်လည်း ခင်မြမှုန်နှင့်မောင်မြတ်တို့အကြောင်းကို သိထားသည်။
သို့သော်လည်း ချိုသည်ခါးသည်ဟု ဝင်၍မပြောခဲ့ပေ။

မောင်မြတ်တို့ထန်းတောမှပြန်လာရာလမ်း၌
ခင်မြမှုန်စောင့်နေခဲ့သည်။
ရွာထဲကလူများကတော့ ခင်မြမှုန်ကို ကွက်ကြည့်
ကွက်ကြည့် ဖြင့် ကြည့်သွားကြသည်။

“မောင်မြတ်…ဟိုမှာခင်မြမှုန်မလား”

“ဟင်…ဒါဆိုငါတခြားလမ်းကိုပြန်မယ်ကွာ…”

“အခုမှတော့ရှောင်မနေနဲ့တော့ကွာ…
ဟိုမှာမင်းကိုမြင်သွားပြီ…”

ရှောင်၍မရသည့်အဆုံးမောင်မြတ်တစ်ယောက်
ခင်မြမှုန်နှင့် ထိပ်တိုက်တွေ့လိုက်တော့သည်။
သူငယ်ချင်းများကတော့ မလှမ်းမကမ်း၌
စောင့်ပေးကြ၏။

“မောင်…ဘာလို့ခင်ကိုလာမတွေ့တာလည်း…
နောက်ပြီး မနက်ဖြန်မောင်တို့ပြန်တော့မှာဆို…
ဒါဘာသဘောလည်းမောင်…”

“ခင်…မောင်လေ…မောင်…ခင့်ကိုပြောစရာရှိတယ်…”

“ဘာပြောမလို့လဲမောင်…”

“ဟိုလေ…ခင်…မောင့်မှာ တကယ်တမ်းတော့
ချစ်ရတဲ့သူရှိနေတယ်ခင်…သူက မောင်တို့ရွာကပဲခင်ရဲ့…
ခင့်အပေါ်မှာမောင် မရက်စက်ချင်တော့လို့
မောင်ရှောင်နေမိတာပါခင်ရယ်….
မောင်တို့ရေစက်ကိုဒီလောက်နဲ့ပဲဖြတ်ရ
အောင်နော်ခင်…မောင်တို့လည်းမနက်ဖြန်ဆို
ရွာပြန်တော့မှာ…ခင့်ကိုမောင်တစ်ခါထဲ
နှုတ်ဆက်ခဲ့ပါတယ်နော်…”

ဟု…မောင်မြတ်ကပြောလိုက်သည်။
ခင်မြမှုန်ကတော့ မောင်မြတ်ကိုကြည့်၍
မျက်ရည်များသာကျနေခဲ့သည်။

“မောင်သွားပြီခင်…”

မောင်မြတ်ကျောခိုင်းထွက်ခွာသွားသည်အထိ
ခင်မြမှုန်သည်မောင်မြတ်ကိုမတားနိုင်ဘဲ
မျက်ရည်များသာကျနေခဲ့ရှာ၏။

ထိုညမှာပင်မောင်မြတ်ဖျားတော့သည်။
ဆေးဆရာများပင့်၍ နှစ်ရက်သုံးရက်ကုသပေးကြပြီးမှ
မောင်မြတ်သက်သာလေသည်။
သို့သော်စိတ်သည်ကပုံမှန်ပြန်ကောင်းမလာ၍
မောင်မြတ်ကို သူငယ်ချင်းများက ရွာသို့
ပြန်ခေါ်လာခဲ့ကြရသည်။

ဘွားမယ်စိန်နဲ့ရှင်ညိုတို့လည်း မောင်မြတ်၏
အကြောင်းများကိုရှင်းရှင်းလင်းလင်းသိရှိခဲ့ကြသည်။

“ဒါဆို…နင်က နင့်ကိုထားခဲ့လို့…
အခုလိုပြုစားနေတာပေါ့လေ”

ဟု…ရှင်ညိုကမေးတော့
မောင်မြတ်ခေါင်းကိုညိတ်လေသည်။

“အင်း…လူတွေကို ဒုက္ခအပေးဆုံးကတော့
အဲ့အသည်အချစ်ပဲ…အချစ်ကြောင့်…ဒုက္ခရောက်တဲ့
သူတွေအများကြီးပဲ…အခုတော့ ဒီမောင်ရင်လေးလည်း
အတူတူပဲပေါ့လေ…”

ဘွားမယ်စိန်ကခေါင်းလေးညိတ်၍ မောင်မြတ်ကိုကြည့်ကာပြောလေသည်။

“ကျုပ်သူ့ကို စိတ်နာလို့ လုပ်မိတာပါ…
တခြားတစ်ယောက်ကိုရွေးချယ်ပြီး
လက်ထပ်တော့မှာကိုကျူပ်မခံစားနိုင်လို့ပါတော်…
ဒါပေမယ့် ကျုပ်သူ့ကိုအဆုံးထိမလုပ်ရက်ပါဘူး…
ကျုပ်သူ့ကိုချစ်ပါတယ်…ချစ်လို့လည်း သေတဲ့ထိ
မလုပ်ရက်ခဲ့တာပါ…”

မောင်မြတ်ကဝမ်းနည်းစွာပြောရင်
မျက်ရည်များကျနေခဲ့သည်။

“ညည်းချစ်တယ်ဆိုရင်တော့ ညည်းချစ်တဲ့သူကို
ခွင့်လွှတ်ပေးလိုက်ပါ…အခုလိုတွေဆက်လုပ်နေရင်
သူအတွက်လည်းမကောင်းသလို…
ညည်းအတွက်လည်းမကောင်းနိုင်ဘူးအေ့…”

“ဟုတ်ကဲ့ပါအဘွား…ကျူပ်သူ့ကိုခွင့်လွှတ်ပေးပြီး
လက်လည်းလွှတ်ပေးလိုက်ပါတော့မယ်…
သူသတိဝင်လာရင်တော့ ဘုရားကုန်းရွာက
ခင်မြမှုန် သူ့ကိုမေတ္တာအစစ်နဲ့ဆက်ချစ်နေပါ့မယ်လို့
ပြောပေးပါအဘွားရယ်…”

“ကောင်းပါပြီ…ကဲ…ဒီလိုဆိုရင်ဖြင့်
ညည်းရဲ့ပညာတွေကို ထုတ်ပေးထားခဲ့တော့အေ…”

ခင်မြမှုန်က ဘွားမယ်စိန်ပြောသမျှကိုနားဝင်ရှာသည်။
မောင်မြတ်၏ကိုယ်ထဲမှ သူပြုစားထားခဲ့သမျှကိုထုတ်ပေးရှာ၏။ အားလုံးကုန်သည်အထိရှင်းလင်းပေးပြီးနောက်
ခင်မြမှုန်တစ်ယောက် မောင်မြတ်၏ကိုယ်ထဲမှ ထွက်ခွာသွားတော့သည်။

“ဒီမောင်ရင်လေးကို ကွပ်ပျစ်ပေါ်ဝိုင်းတင်ပေးလိုက်ကြဦး”

“ဟုတ်ကဲ့အဘွား”

မောင်တိုးနဲ့မောင်အုန်းတို့သည် ကွပ်ပျစ်အပေါ်သို့
မောင်မြတ်အားတွဲတင်ပေးကြ၏။
မောင်မြတ်ကတော့အားပြတ်နေဟန်ဖြင့် မျက်စိတ်များမှိတ်ကာ လှဲနေခဲ့သည်။
ဘွားမယ်စိန်က ရေတစ်ခွက်ကိုမန်းမှုတ်ပေးပြီး
မောင်မြတ်အား တိုက်လိုက်သည်။

“ဒီမှာရှိသမျှလူတွေကိုဘွားမှာထားရဦးမယ်…
ဒီမောင်ရင်လေးနဲ့ခင်မြမှုန်တို့ရဲ့အကြောင်းက်ို
ဘယ်သူ့ ဘယ်သူကိုမှမပြောပါနဲ့ကွယ်…
သူတို့တွေရေစက်ရှိသလိုရှေ့ဆက်ကြပါလိမ့်မယ်…”

ဟု…ဘွားမယ်စိန်က အားလုံးကိုပြော​လေသည်။
ခဏမျှကြာတော့ အင်တိုင်းရွာသူကြီးဦးဖိုးမှန်နှင့်
မောင်မြတ်၏မိခင်…မောင်မြတ်၏သူငယ်ချင်းများ
လိုက်လာကြလေသည်။
သူတို့ရောက်လာတော့မောင်မြတ်က
ထူထူထောင်ထောင်ပင် ဖြစ်နေပြီဖြစ်၏။
ဘွားမယ်စိန်တို့ကိုမောင်မြတ်ကလူကောင်းပကတိအတိုင်း
ကျေးဇူးတင်စကားများပြောနေသည်ကိုမြင်ကြတော့
သူတို့ခမျာအံ့သြနေကြသည်။
ဘွားမယ်စိန်ကိုလည်းမောင်မြတ်ယခုလိုပြန်လည်ကောင်းမွန်အောင် ကုသပေးလိုက်သည်ဟုထင်ပြီး
ကျေးဇူးတင်စကားများကိုဝမ်းသာအားရပင်
ပြောနေကြရှာသည်။

မောင်မြတ်တို့ပြန်သွားကြတော့ မောင်မြတ်နှင့်
ခင်မြမှုန်၏အကြောင်းလည်း တိတ်တဆိတ်ပင်
ပြီးဆုံးသွားခဲ့သည်။

သို့သော် နှစ်လမျှကြာလေတော့ မောင်မြတ်နဲ့
အမျိုးသမီးတစ်ဦးတို့ ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။

“အဘွားကိုကျုပ်တို့ရဲ့မင်္ဂလာဆောင်လာဖိတ်တာပါ…
အဘွားတို့တစ်မိသားစုလုံးလာခဲ့ပါဗျာ…”

ဟု…မောင်မြတ်ကပြောသည်။

“ဒီဘက်က ကလေးမက…ဘယ်သူများလဲ…”

ဘွားမယ်စိန်ကမေးတော့မောင်မြတ်ကပြုံးသည်။

“သူက…အဘွားသိပါတယ်…
ဘုရားကုန်းရွာက မခင်မြမှုန်ပါ….”

ဟု…ပြောလေတော့ ဘွားမယ်စိန်နှင့်ရှင်ညိုတို့က
ပြုံးသွားကြသော်လည်းဒေါ်ဝင်းနဲ့နန်းကြိုင်တို့မှာ
အံ့သြနေကြသည်။

“ကျုပ်တကယ်ချစ်မိသွားတဲ့သူက
မခင်မြမှုန်ဖြစ်နေလို့…နောက်ဆုံး ကျုပ်လည်း
သူ့ဆီကိုပဲပြန်သွားခဲ့မိတာဗျ…”

မောင်မြတ်စကားကိုဘွားမယ်စိန်ကခေါင်းညိတ်သည်။

“ဘွားပြောခဲ့တယ်လေ…မေတ္တာရှိတဲ့အရပ်ကို
ဘယ်သူမှကျောမခိုင်းရက်ပါဘူးကွယ်…
မေတ္တာမှန်လို့သာပေါင်းကြရတာကွဲ့…”

“ဟုတ်ကဲ့…ကျုပ်တို့အမေကြီးကိုတစ်ခါထဲ
ကန်တော့ပါရစေ…”

မောင်မြတ်နဲ့ခင်မြမှုန်သည် ဘွားမယ်စိန်ကို
ကန်တော့ကြ၏။
ဘွားမယ်စိန်က သူတို့အတွက်ဆုတွေအများကြီးပေးရှာသည်။
ခင်မြမှုန်ကိုတော့ မကောင်းတဲ့ဘက်သို့မရောက်စေဖို့…
ပညာတွေကိုကောင်းတဲ့နေရာ၌သာသုံးဖို့ ဆုံးမပေးရှာ၏။

ထိုသို့ဖြင့် ပြီးဆုံးသွားခဲ့ပါသည်။

ယဥ်မင်း(ကန့်ဘလူ)