စာမူ…၁၄၇

စဆုံး

အမှောင်ရိပ်၌ မိန်းမကြီးသုံးယောက် မတ်တပ်ရပ်လျှက်စကားပြောနေကြသည်။
ထိုမိန်းမကြီးသုံးယောက်သည် ရှင်ညိုကို ကျောပေးလို့ထား၏။

“ဒီမှာ…ဒီမှာ ကျုပ်ခေါ်နေတာကိုကြားကြရဲ့လား”

ရှင်ညို ထိုမိန်းမကြီးသုံးယောက်ကိုခေါ်လိုက်သည်။
ရှင်ညို၏အသံကိုကြားကြဟန်မတူပေ။

“ဒီမှာအဒေါ်တို့….”

ရှင်ညိုထပ်မံအော်လိုက်တော့ မိန်းမကြီးတွေက
ရှင်ညိုဘက်ကိုလှည့်လာကြသည်။

“ဟင်…”

ရှင်ည်ုထိတ်လန့်သွားသည်။
မိန်းမကြီးများ၏ရုပ်သွင်မှာ ကြမ်းတမ်းခက်ထန်
လွန်းလှ၏။

“တော်…တော်တို့က ဘာတွေလဲ”

ရှင်ညိုမေးသော်လည်း ထိုမိန်းမကြီးတွေက
ပြန်၍မဖြေဘဲ ရှင်ညိုကိုကြည့်ကာ ဟားတိုက်
ရယ်မောနေကြသည်။

“ဟားးး….ဟား….ဟားးး….ဟားးး…ဟားးး…
ဟားးး…ဟားး….ဟားးး…ဟားးး…ဟားး…..”

မိန်းမကြီးများ၏ရယ်သံကြောင့် ရှင်ညို နားများ
မခံသာဖြစ်လာသည်။

“အမယ်လေး…”

ရှင်ညို နားနှစ်ဖက်ကို လက်ဖြင့်အုပ်၍
အော်ဟစ်လိုက်တော့သည်။

“ဟင်…”

မျက်လုံးများဖွင့်မိတော့ ရှင်ညို အိပ်ရာထဲ၌ပင်ရှိနေ၏။
နားကိုအုပ်ထားမိသော လက်နှစ်ဖက်ကိုဖယ်လိုက်တော့
မီးဖိုထဲ၌ ဒေါ်ဝင်း၏ ချက်ပြုတ်သံများကိုပါကြားနေရပြီဖြစ်သည်။

“အိမ်မက်လား…… “

ရှင်ညိုရေရွတ်လိုက်သည်။

“မမ နိုးပြီလား”

နန်းကြိုင်က ရှင်ညို၏အိပ်ရာနံဘေးရောက်လာသည်။

“မမနိုးပြီညီမလေး”

“အဲ့တာဆို မျက်နှာသစ်တော့လေမမ…
တော်နေကြရင် ညီမလေးနဲ့ ရွာထဲကို
အကြော်ဝယ်လိုက်ခဲ့ပေးဦးနော်…”

“အေး…အေး…အေး…ဒါဆိုမမ ထပြီနော်…”

ရှင်ညိုအိပ်ရာများခေါက်သိမ်းပြီး
မျက်နှာအမြန်သစ်လိုက်သည်။
ချည်တဘက်လေးဖြင့် မျက်နှာကိုသုတ်ပြီးချိန်မှာတော့…

“သွားကြမယ်ညီမလေးရေ”

ဟု…နန်းကြိုင်က်ိုပြောသောအခါ ခြံထဲ၌ တံမြက်စည်းလှည်းနေသော နန်း​ကြိုင်က ရှင်ညိုကို
သေချာစူးစိုက်ကြည့်၍…

“သနပ်ခါးလေးလိမ်းပါဦးမမရယ်…”

ဟု…ပြောရှာသည်။

“မလိမ်းတော့ပါဘူးညီမလေးရယ်…
လာပါသွားကြရအောင်…”

“မမကလည်းလေ…သနပ်ခါးလေးလိမ်းခဲ့ပါ…
သနပ်လေးနဲ့ဆိုမမက ပိုပြီးကြည့်လို့ကောင်းတယ်တော့်”

“မလိမ်းချင်ပါဘူးညီမလေးရယ်…”

“မရပါဘူးနော်…ကျုပ်သနပ်ခါးသွေးပေးမယ်…
လိမ်းခဲ့ပါမမရယ်နော်…”

ရှင်ညို ငြင်းနေသ၍ နန်း​ကြိုင်ကတောင်းဆိုနေဦးမည်
ဆိုတာကို သိတာကြောင့် ခေါင်းညိတ်လက်ခံလိုက်ရတော့သည်။

“ကဲ…လိမ်းစေချင်ရင် လိမ်းပါ့မယ်အေ…”

နန်းကြိုင်သွေးပေးသော သနပ်ခါးလေးအား
မျက်နှာအထက်၌ လိမ်းထားသည့် ရှင်ညိုကိုကြည့်ကာ
နန်းကြိုင်ပြုံးနေခဲ့သည်။

“ကဲ…မနန်းကြိုင်…
အကြော်သည်က ဆီခွက်တောင်ကျန်ပါဦးမလားမသိဘူး
သွားကြစို့လေအေ…”

“ဟုတ်ကဲ့မမ…”

ရှင်ညိုနဲ့နန်းကြိုင်တို့ရွာထဲအကြော်သွားဝယ်ကြတော့သည်။
အကြော်ဝယ်ပြီးပြန်လာလေတော့ ဒေါ်ဝင်း​ကြော်ပေးထားသည့် ထမင်းကြော်နှင့် မနက်စာစားကြ၏။

“ရှင်ညို…သမီး…နေလို့မကောင်းဘူးလား”

“ရှင်….ကောင်း ကောင်းပါတယ်”

ရှင်ညိုက ထမင်းကြော်ကိုစိတ်မပါလက်မပါစားနေတာကို
ဒေါ်ဝင်းရေနွေးကြမ်းငှဲ့ရင်း ကြည့်မိရာမှ ရှင်ညိုကို
မေးလိုက်ခြင်းဖြစ်သည်။

“အေးအေ…အမေလည်း ဒီကလေးကိုကြည့်နေတာ…
ဘာတွေစဥ်းစားနေတာလဲ သမီးရဲ့”

ဘွားမယ်စိန်ကပါ မေးလာလေတော့ ရှင်ညိုလည်း
စားလက်စ ထမင်းကြော်ပန်းကန်ကိုစားပွဲအထက်သို့
တင်ပြီး သက်ပြင်းတစ်ချက်ချလိုက်၏။
ဒေါ်ဝင်းကလည်း ရှင်ညို၏အရှေ့သို့ ရေနွေးငှဲ့ပြီးသားလေးချပေးလေသည်။

“အဘွား…ကျုပ်ရဲ့အိမ်မက်တွေမကောင်းဘူးဖြစ်နေတယ်”

“အင်း…ဘာတွေများမက်လို့လဲအေ့”

“ကျုပ်အိမ်မက်ထဲမှာ မိန်းမကြီးသုံးယောက်ကို
မြင်နေရတယ်…အဲ့သည်မိန်းမကြီးတွေက ကောင်းတဲ့မိန်းမကြီးတွေတော့ မဖြစ်နိုင်ဘူးလို့
ကျုပ်ထင်တယ်အဘွားရဲ့…
ဒါပေမယ့် အိမ်မက်က ဘာကိုပြောချင်တာလဲဆိုတာ
ကျုပ်နားမလည်နိုင်ဖြစ်နေတာ…”

ရှင်ညိုက သူ၏အိမ်မက်အကြောင်းကိုပြောပြသည်။
ဘွားမယ်စိန်ကလည်း ရှင်ညိုကိုသေချာကြည့်ပြီး
နားထောင်နေခဲ့၏။

“ငါ့သမီးအိမ်မက်က ဒီတိုင်းရိုးရှင်းတဲ့အိမ်မက်တော့
မဖြစ်နိုင်ဘူးအေ့…
အဲ့သည်မိန်းမတွေက ငါ့သမီးနဲ့တစ်ခုမဟုတ်တစ်ခုတော့
ပတ်သတ်လာနိုင်တယ်…”

“ကျုပ်လည်းအဲ့သည်လိုပဲထင်မိတယ်အဘွား”

“အေးလေ…အခုလို သိမြင်ထားရတော့
ဘွားတို့တွေလည်း သတိနဲ့နေလို့ရတာပေါ့…
ကဲပါ…အခုတော့ ထမင်းလေးစားလိုက်…
တော်နေ ဘွားနဲ့အတူတူ ဘုန်းကြီးကျောင်းလိုက်ခဲ့ပေါ့…”

“ဟုတ်ကဲ့အဘွား”

“ကျုပ်ကောလိုက်လို့ရမလား အဘွား”

“ဟဲ့…ညည်းကဘာလိုက်လုပ်မှာလဲ…
သူတို့ဘာသာသွားပါစေပါအေ”

“အမေကလည်း”

နန်းကြိုင်ကပါ ဘုန်းကြီးကျောင်းလိုက်ချင်ကြောင်းပြောလာသောအခါ၌ ဒေါ်ဝင်းက ဝင်တားလိုက်လေသည်။
ထိုအခါ…နန်းကြိုင်မှာနှုတ်ခမ်း​လေးဆူ၍
အလိုမကျဟန်ဖြင့် စိတ်ကောက်လေတော့သည်။
ရှင်ညိုတို့ကတော့နန်းကြိုင်ကိုကြည့်၍
ပြုံးနေခဲ့ကြသည်။

“လိုက်ချင်သပဆိုရင် လိုက်သာသွားတော့အစ်မတော်…
ကျုပ်ကိုတော့မကောက်နဲ့အေ…”

“ဟီး…တကယ်နော်အမေ”

“တကယ်…တကယ်…လိုက်သွား…”

ဒေါ်ဝင်းက ခွင့်ပြုလေတော့မှ
နန်းကြိုင်ပျော်သွားတော့သည်။
ခဏမျှကြာတော့ ဘွားမယ်စိန်၊ ရှင်ညိုနဲ့နန်းကြိုင်တို့လည်း
ဘုန်းကြီးကျောင်းသို့အတူသွားကြတော့၏။

နှစ်ရက်မျှကြာလေတော့ မောင်တိုးတစ်ယောက်
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။

“အရီး…ဘွားကော ဘယ်သွားလဲဗျ”

“အေး…ထိုင်ဦးမောင်တိုးရေ…
နင့်အဘွား အိမ်ပေါ်မှာဟဲ့”

“ဟုတ်ကဲ့”

မောင်တိုးက ကွပ်ပျစ်ခင်း၌ဝင်ထိုင်သည်။
ဒေါ်ဝင်းကတော့ လျော်ပြီးသားအဝတ်အစားများအား
နေလှမ်းဖို့ပြင်နေ၏။
အိမ်၌ ရှင်ညိုနဲ့နန်းကြိုင်တို့ညီအစ်မကမရှိပေ။
ရှင်ညိုတို့က ရွာထဲသို့အလည်သွားနေကြသည်။

“အေး…ဘာကိစ္စလဲကွဲ့”

ဘွားမယ်စိန် အိမ်အပေါ်ထပ်မှဆင်းလာရင်းမောင်တိုးကိုမေးလေသည်။
မမေးစဖူးမေးသော ဘွားမယ်စိန်၏အမေးကြောင့်
အဝတ်လှမ်းနေသော ဒေါ်ဝင်း၏လက်များပင်
ရပ်တန့်သွားလေသည်။

“ဟာ…ဘွားကလည်း ကျုပ်ကဘွားတို့ဆီကို
လာလည်တာပါ…”

“အင်း…မသိပါဘူးကွယ်…
ဘွားဆီကိုလာတာအကြောင်းကိစ္စထူးများရှိသလားလို့”

“မရှိပါဘူးဘွားရယ်…
သြော်…ဒါနဲ့ ဟိုကောင်မလေးတွေကော
ဘယ်သွားလဲဗျအိမ်မှာလည်းမတွေ့မိသလိုပဲ”

“ဘယ်သူ့ကိုမေးတာလဲ”

“ဟောဗျာ…ဘွားရဲ့သမီးတွေလေဗျာ…”

“သူတို့ရှိပါတယ်…ရွာထဲခဏသွားကြတယ်…”

ဘွားမယ်စိန်ကထူးဆန်းနေသည်။
မောင်တိုးကိုသူစိမ်းတစ်ယောက်လိုဆက်ဆံနေ၏။
ဘွားမယ်စိန်သည်မောင်တိုးကို သေချာ
စူးစိုက်ကြည့်၍စကားပြောနေခဲ့သည်။
ဒေါ်ဝင်းမှာအဝတ်ပင်ဆက်၍မလှမ်းနိုင်တော့ဘဲ
ဘွားမယ်စိန်တို့အနား၌ မယောင်မလည် ရပ်ကြည့်နေခဲ့သည်။

“သြော်…မေ့နေလိုက်တာဗျာ…
ကျုပ်အမေခိုင်းထားတာလေး ခုမှသတိရတယ်…
ပြန်လိုက်ဦးမယ်ဘွားရေ…
နောက်ရက်မှထပ်လာခဲ့တော့မယ်”

ဟု…ဆိုကာ မောင်တိုးသည် ကွပ်ပျစ်ခင်းမှ
ဆင်းသွား၏။
မောင်တိုးသည် ​ခြံဝိုင်းထဲမှ ထွက်ဖို့ခြေလှမ်းပြင်နေချိန်…

“နေပါဦး…လောလိုက်တာအေ…
လာရင်းကိစ္စလေးပြောသွားမှပေါ့”

ဟု…ဘွားမယ်စိန်ကပြောတော့ မောင်တိုး၏
ခြေလှမ်းများရပ်တန့်လို့သွားသည်။

“ညည်းကဘယ်သူလဲ”

“ဟင်…”

ဘွားမယ်စိန်က မောင်တိုးကိုမေးသောအခါ ဒေါ်ဝင်းထံမှ
အံ့သြသံပါထွက်သွားခဲ့၏။
မောင်တိုးကလည်း ဘွားမယ်စိန်ဘက်သို့ လှည့်၍
ပြုံးလေသည်။

“အဘွားကြီးက ပညာကတော့မခေဘူးပဲ…”

ဟု…ပြောကာ မောင်တိုး၏ရုပ်သွင်မှ မိန်းမကြီးတစ်ယောက်၏ ရုပ်သွင်သို့ပြောင်းလဲသွားခဲ့၏။
မိန်းမကြီး၏ရုပ်သွင်သည် ခက်ထန်လို့နေသည်။
ဆံထုံးကြီးကို ထုံးလို့ထားသည့်ထိုမိန်းမကြီးကို
ဘွားမယ်စိန်က…

“ညည်း…ဒီကိုဘာကြောင့်ရောက်လာတာလဲ…
ညည်းကငါ့ဆီက ဘာကိုလိုချင်နေတာလဲ အေ့…”

ဟု…လက်ညိုးထိုးကာမေး​လေသည်။

မိန်းမကြီးကပြန်၍မဖြေ။
နောက်သို့လှည့်ကာပြန်တော့သည်။
ခြံဝိုင်းထဲသို့ရောက်တော့ဆောင့်ကြောင့်ထိုင်ကာ
သူဝတ်လာသော ထဘီကိုဖြည်၍ခေါင်းအထက်သို့
လုံအောင်ခြုံလိုက်သောအခါ လင်းတငှက်အဖြစ်
ပြောင်းသွားလေသည်။
ခြံဝိုင်းထဲမှ ပျံသန်းသွားသော လင်းတငှက်ကြီးကို
ဘွားမယ်စိန်မည်သို့မှမလုပ်ဘဲ စူးစိုက်ကြည့်နေချိန်
ဒေါ်ဝင်းမှာတော့ ကြောက်ဒူးများပင်တုန်နေခဲ့သည်။
ခဏမျှကြာတော့ ရွာထဲအလည်ထွက်သွားသော
ရှင်ညိုတို့ ညီအစ်မ ပြန်ရောက်လာကြသည်။
ထိုအခါ ဒေါ်ဝင်းက ဖြစ်ကြောင်းကုန်စင်ပြောပြလေသောအခါ ရှင်ညိုသည် ဘွားမယ်စိန်အနီးသို့ဝင်ထိုင်ပြီး…

“အဘွား…သူကဘယ်သူလဲ…
ဘာလို့ဒီထိရုပ်ဖျက်ပြီး ရောက်လာရတာလဲ…”

ဟုမေးလေသည်။
ဘွားမယ်စိန်က ရေနွေးကြမ်းကိုမော့သောက်လိုက်သည်။
ရှင်ညို၏အမေးကိုပြန်မဖြေသေးဘဲစဥ်းစားနေခဲ့၏။

ထိုအချိန်မှာပင်…

“ဘွားရေ…ဘွား….”

ဟု…အော်ခေါ်ရင်း မောင်တိုးဝိုင်းထဲဝင်လာခဲ့၏။

“နင်…နင်…ဘာလာလုပ်ပြန်တာလဲ”

မောင်တိုးကိုမြင်တော့…
ဒေါ်ဝင်းကအလန့်တကြားထအော်လေသည်။
နန်း​ကြိုင်လေးကလည်း အနီးရှိ တံမြတ်စည်းကို
ကောက်ကိုင်ပြီး မောင်တိုးကို ကြောက်ကြောက်လန့်လန့်ကြည့်နေရှာ၏။

“ဘာဖြစ်တာလဲအရီးရဲ့…ကျုပ်မြင်တာများအရီးတို့က
သရဲသဘက်မြင်တာကျလို့ဗျာ…”

မောင်တိုးက ဒေါ်ဝင်းတို့ကိုကြည့်ကာပြောလေသည်။

“ကဲ…ဟိုနှစ်ယောက် အဲ့တာကမောင်တိုးအစစ်ပါအေ…”

ဟု…ဘွားမယ်စိန်ကပြောလေတော့မှ ဒေါ်ဝင်းတို့မှာ
စိတ်များလျော့ချပြီး ထန်းလက်ခုံဝင်ထိုင်ကြတော့သည်။

“ကျုပ်က မောင်တိုးအစစ်ဆိုတော့
မောင်တိုးအတုကရှိသေးတာလားဗျ…
ဘာတွေဖြစ်ကုန်တာလဲဘွားရယ်…”

မောင်တိုးက ပြောရင်း ကွပ်ပျစ်ခင်း၌
ဝင်ထိုင်လိုက်သည်။

“အေးကွယ်…စောစောလေးကမှ
အောက်လမ်းမတစ်ယောက်
မောင်ရင့်ရဲ့အသွင်ကိုယူပြီး အိမ်ကိုရောက်လာခဲ့တာလေ…
ဒါကြောင့် မောင်ရင့်အရီးက လန့်နေရှာတာ…”

“ဟာဗျာ…အဲ့သည်လိုကြီးလား…
ဒါဖြင့် အဲ့သည် အောက်လမ်းမကိုရော
ဘွားက ဆုံးမ မပစ်လိုက်ဖူးလားဗျ…”

ဘွားမယ်စိန်ကခေါင်းကိုခါရမ်းလိုက်သည်။
စကားဝိုင်းက ပြန်လည်ငြိမ်သက်သွားပြန်၏။
ငြိမ်သက်သွားသောစကားဝိုင်းကို​မောင်တိုးကပဲ
ပြန်လည်ဖြိုခွဲလိုက်သည်။

“အယ်…မေ့နေတာ…
ကျုပ်လာရင်းကိစ္စကိုပြောဦးမယ်ဗျ…
ကျုပ် အင်တိုင်းရွာကိုသွားရင်း
ရွာအပြင်မှာမိန်းမကြီးသုံးယောက် ထိုင်နေတာကို
ကျုပ်တွေ့ခဲ့တယ်…မိန်းမကြီးတွေကြည့်ရတာ
ကျုပ်စိတ်ထဲဝင်မကျမိဘူး…အဲ့တာနဲ့…
အင်တိုင်းရွာကိုတောင်ဆက်မသွားဖြစ်ဘဲ
ပြန်လှည့်လာခဲ့တာဗျ…”

“မိန်းမကြီးသုံးယောက်…ဒါဆိုရင် အဘွား…
ဟိုမိန်းမကြီးတွေပဲဖြစ်ရမယ်…
သူတို့ကျုပ်တို့ဆီကိုရောက်လာကြပြီဆိုတော့…
ကျုပ်တို့ကအရင်ထိပ်တိုက်သွားတွေ့ကြမလား…”

ရှင်ညိုက ဘွားမယ်စိန်ကိုသေချာကြည့်၍မေးသည်။
မောင်တိုး၊နန်းကြိုင်နဲ့ ဒေါ်ဝင်းတို့မှာ သူတို့နှစ်ယောက်ကိုသာကြည့်၍ နေကြသည်။
ဘွားမယ်စိန်က ခေါင်းကိုခါရမ်း၏။

“မဖြစ်နိုင်သေးဘူးသမီး…
ဘွားတို့အနေနဲ့သူတို့ကို ထိပ်တိုက်တွေ့တာက
ခက်မှမခက်ပဲအေ…
ဒါပေမယ့် သူတို့က ဘွားတို့ဆီကိုလာတဲ့
အကြောင်းရင်းကိုဘွားတို့အရင်သိမှဖြစ်မယ်…”

“အကြောင်းရင်း..
အဲ့သည်အကြောင်းအရင်းကို သိဖို့ပဲ
တွေ့ရမှာလေအဘွားရယ်…”

“ဘွားအနေနဲ့က
သမီးရဲ့စိတ်ကိုမလောစေချင်ဘူး….
တချို့အရာတွေက ပညာထက်တိုင်းရင်ဆိုင်ဖို့
တွေးလိုက်တာထက်…
ကိုယ့်ရဲ့ ဦးနှောက်နဲ့အရင်ဆုံး စဥ်းစား
ဆုံးဖြတ်ထားတာပိုကောင်းတယ်…
မကြာခင်မှာ…လပြည့်ညကိုရောက်တော့မယ်သမီး…
အဲ့သည်ကောင်မတွေက ဒီရက်နဲ့ချိန်တွက်ပြီး
ဘွားတို့ဆီကိုရောက်လာတာပဲဖြစ်ရမယ်အေ့…
ဒါကြောင့် သမီးကိုမလောဖို့ ဘွားကပြောရတာပါ”

“ဟုတ်ကဲ့…ဒါဆိုရင်လည်း အဘွားသဘောပါပဲ…
ကျုပ်ကို လုပ်သင့်တာရှိရင်လည်းပြောပါအဘွား”

“အေးပါသမီးရယ်…မကြာတော့ပါဘူး…
မောင်တိုး မောင်ရင်ကသူကြီးကို
ဒီအကြောင်းပြောပြထား…
ညဘက်ကင်းသမားတွေချသင့်ရင်ချထားဖို့
သတိပေးခဲ့ကွဲ့…
ဒင်းတို့ဘက်ကရွာကိုဒုက္ခပေးမှာပဲစိတ်ပူရတာ…”

“ဟုတ်ကဲ့ဘွား…ကျုပ် သူကြီးကိုလည်း
အကျိုးအကြောင်းပြောပြထားပါ့မယ်…
ဒါနဲ့…ဘွားတို့တွေ တစ်ခုခုလုပ်မယ်ဆိုရင်လည်း
ကျုပ်နဲ့ကိုကြီးတိုးကိုလည်း ခေါ်ဦးနော်ဘွား…
ကျုပ်တို့မပါပဲတော့ ဘယ်မှမသွားပါနဲ့ဗျာ…
ကျုပ်တို့စိတ်မချလို့ပါ…”

“အေးပါကွယ်…ဘွားတို့ဘက်ကလည်း
မောင်ရင်တို့ကိုပြောပါ့မယ်…စိတ်ချပါ”

ဘွားမယ်စိန်တို့စကားဝိုင်းက တိတ်ဆိတ်သွားသည်။
အတွေးများကိုယ်စီဖြင့် ​စကားမပြောနိုင်ကြခြင်းဖြစ်၏။
ခဏမျှကြာတော့ မောင်တိုးလည်း
အိမ်သို့တန်းမပြန်နိုင်သေးဘဲ မောင်အုန်းကိုဝင်ခေါ်၍
ရွာသူကြီး ဦးနောင်ချိုဆီသို့ အကျိုးအကြောင်းသွားပြောရှာသည်။

“မောင်တိုး…မင်းတို့ပြောတာအမှန်ပဲလားကွ”

သူကြီးဦးနောင်ချိုကမေးလေသည်။

“အမှန်ပေါ့ဗျာ…ကျုပ်တို့ကသူကြီးကိုလာပြီး
လိမ်ညာပါ့မလား…
ဘွားနဲ့ရှင်ညိုတို့ပြောနေပုံအရတော့ အဲ့သည်မိန်းမတွေက
အောက်လမ်းပညာသည်တွေဖြစ်မယ်ဗျ…
ဒါကြောင့် ဘွားက သူကြီးကိုအရင်ဆုံးလာပြောခိုင်းတာ”

“အေးကွာ…ဒါဆိုရင်တော့ငါရွာကို ပိုပြီး
ဂရုစိုက်ပေးရတော့မှာပေါ့…ဟေ့မောင်အုန်း”

“ဗျာသူကြီး…”

“ရွာသားတွေကိုစုကွာ…
ညဘက်ကျရင် ရွာလေးဘက်လေးလံကို
ကင်းတဲစောင့်ဖို့ မင်းလူခွဲပေးလိုက်…
သေချာ ဂရုတစိုက်ကင်းစောင့်ကြဖို့လည်း မှာလိုက်ကွာ”

“ဟုတ်ကဲ့သူကြီး…ကျုပ်သေချာမှာလိုက်ပါ့မယ်”

“အေး…အေး…”

ရွာသူကြီးဦးနောင်ချိုက ရွာကာလသားခေါင်းဆောင်ဖြစ်သော မောင်အုန်းကိုပြန်၍တာဝန်ပေးလေသည်။
သောင်ထွန်းရွာသားတွေမှာလည်းသူကြီး၏အမိန့်ကြောင့်ကင်းတဲကိုယ်စီ၌ အစောင့်တာဝန်ယူကြရသည်။

“မမ… မအိပ်သေးဘူးလား”

မီးခွက်လေးထွန်းပြီး ကွပ်ပျစ်ခင်း၌ ထိုင်နေသော
ရှင်ညို ကို အပေါ့သွားရန်ဆင်းလာသော နန်းကြိုင်က
မေးလိုက်လေသည်။

“အိပ်မပျော်သေးလို့ပါညီမလေးရယ်…”

ဟု…ရှင်ညိုက ဖြေသော်လည်း နန်းကြိုင်မှာ
ရှင်ညိုကိုသေချာကြည့်သည်။

“လွယ်အိတ်ကြီးနဲ့ဘယ်သွားမလို့လဲမမ…”

ဟု…နန်းကြိုင်ကမေးတော့ ရှင်ညိုအလန့်တကြားဖြင့်…

“ရှူး…တိုးတိုးပြောပါညီမလေးရယ်…
အဘွားကြားသွားပါ့မယ်…”

ဟု…ပြောရှာသည်။

“ဒါဆိုရင် မမကအဘွားမသိအောင်
ဘယ်သွားမလို့လဲ…”

နန်းကြိုင်မှာ လေသံတိုးတိုးဖြင့်သာ ရှင်ညိုကိုမေးရှာသည်။

“မမ….ဟိုမိန်းမတွေနဲ့သွားတွေ့မလို့…
ဒင်းတို့ဒီရွာကိုအန္တရာယ်မပြုခင် သွားရှင်းပစ်မလို့
ညီမလေး….”

“ဟင်…ဖြစ်ပါ့မလားမမရယ်…
အဘွားကိုပြောဦးမှပေါ့…
မဟုတ်ရင်အဘွားစိတ်ဆိုးလိမ့်မယ်နော်မမ”

“ဖြစ်ပါတယ်ညီမလေးရယ်…
မမကို ဒီမိန်းမတွေစိန်ခေါ်ထားတယ်…
မမသွားမှဖြစ်မယ်…ဒီမိန်းမတွေလောက်တော့
မမရှင်းပစ်နိုင်ပါတယ်…”

နန်းကြိုင်မှာ ရှင်ညို၏မျက်နှာကိုသာကြည့်နေသည်။
ရှင်ညို ကပြောသည့်အတိုင်း လုပ်မည့်ပုံစံကြောင့်
နန်းကြိုင်ခေါင်းညိတ်လိုက်သည်။

“မမသွားရင် ကျုပ်လည်းလိုက်ခဲ့မယ်…
အဲ့သည်လိုမှခွင့်မပြုရင်တော့ ကျုပ်အဘွားကို
နိုး​ပြီး ပြောရလိမ့်မယ်မမ…”

“ညီမလေးက မမကို အကြပ်ကိုင်တာပဲ…
ဟိုကိုညီမလေးလိုက်လို့ဘယ်ဖြစ်မလဲ…
ညီမလေးကိုထိခိုက်သွားရင် အရီးကလည်းမမကို
စိတ်ဆိုးလိမ့်မယ်ညီမလေးရဲ့…”

“ဒါကတော့မမရွေးချယ်ရမှာပဲလေ…
မမသွားမယ်ဆိုရင် ကျုပ်ကိုပါအတူခေါ်မှရလိမ့်မယ်…
မဟုတ်ရင်ကျုပ်အဘွားကိုပြောရလိမ့်မယ်မမ…”

“အင်း…ခက်ပြီ…
မမကလည်းသွားမှဖြစ်မယ်…
ဒါဆိုရင်တော့လိုက်ခဲ့ပေါ့ညီမလေးရယ်…
မမစကားကိုတော့နားထောင်မှဖြစ်မယ်နော်…”

ရှင်ညိုက ထိုသို့ပြောတော့ နန်းကြိုင်ခေါင်းလေးကိုညိတ်၍ ပြုံးသည်။
ရှင်ညိုကိုတစ်ယောက်ထဲမသွားစေချင်ရင်
နန်းကြိုင်မှာအကြပ်ကိုင်ပြီးအတူလိုက်ခဲ့ခြင်းဖြစ်၏။

ရှင်ညိုနဲ့နန်းကြိုင်တို့ ခြံတံခါးကိုအသာဖွင့်ပြီး
ထွက်လာခဲ့ကြသည်။
တစ်ရွာလုံးလည်းတိတ်ဆိတ်လို့နေခဲ့၏။

“မမအရှေ့မှာကင်းတဲရှိတယ် ကျုပ်တို့
ဘယ်လိုလုပ်ကြမလဲ”

“ဘာမှမဖြစ်ဘူး…
သူတို့အိပ်ပျော်နေပြီ…လာ…ညီမလေးသာ
မမအနောက်ကနေအပါလိုက်ခဲ့နော်…”

ရှင်ညိုပြောသည့်အတိုင်း ကင်းတဲစောင့်များမှာ
အိပ်မောကျနေကြသည်။

ရွာပြင်ဆီကိုရောက်တော့…

“မမ…သူတို့ကဘယ်မှာလဲ…”

“တောစပ်နားက ဇရပ်ဟောင်းမှာ
သူတို့ရှိတယ်ညီမလေး…
ရော့ ဒီလွယ်အိတ်လေးလွယ်ထား…
ညီမလေးကိုသူတို့အန္တရာယ်ပေးရင် အိတ်ထဲမှာရှိတဲ့
အင်းချပ်တွေနဲ့ပစ်သာပေါက်ညီမလေး…နော်…”

“ဟုတ်ကဲ့မမ…”

ရှင်ညိုပေးသော လွယ်အိတ်ကို နန်းကြိုင်ယူကာ
လွယ်လိုက်သည်။

“မမ…ရှေ့မှာမီးရောင်မြင်ရတယ်…”

“အဲ့တာ သူတို့ပဲညီမလေး…
ညီမလေး…ဟိုနားကအပင်အောက်မှာပဲနေခဲ့နော်…
မမထွက်လာဆိုမှ ထွက်လာခဲ့ကြားလား”

“မမတစ်ယောက်ထဲဖြစ်ပါ့မလား”

“ညီမလေးသာ အန္တရာယ်ကင်းအောင်နေပါ…
ဒါဆိုမမလည်းနောက်ဆန်မတင်းရဘဲ
သူတို့နဲ့ရင်ဆိုင်နိုင်မှာ…”

“ဟုတ်…ဒါဆို နန်းကြိုင်အပင်အကွယ်ကနေပဲ
စောင့်နေမယ်နော်…”

ရှင်ညိုခေါင်းညိတ်လိုက်သည်။
နန်း​ကြိုင်ကိုအပင်အကွယ်၌ထားခဲ့ပြီး
ရှင်ညိုဇရပ်ဆီသို့သွားတော့၏။
ဇရပ်၌ထိုင်နေသော မိန်းမကြီးသုံးယောက်သည်
ရှင်ညိုကိုမြင်တော့ ချက်ချင်းမတ်တပ်ရပ်၍
ဇရပ်အပြင်ထွက်လာခဲ့ကြသည်။

ရှင်ညို ခါးကိုထောက်၍…

“နင်တို့ကဘယ်သူတွေလဲ…
ဘာကိစ္စငါတို့ဆီကိုရောက်လာရတာလဲ…”

ဟု…လေသံမာမာဖြင့်မေးလိုက်သည်။

“အောင်မာ…အောင်မာ…
မလောက်လေးမလောက်စားကများ
နင်တွေငါတွေနဲ့ပြောလို့….
ဟဲ့…ငါတို့က ဟိုဘွားတော်ဆီလာတာ…
နင့်ဆီလာစရာအကြောင်းမရှိဘူး”

“ဒါဆို ဘာကြောင့်ငါ့ကိုခေါ်ရတာလဲ…
နင်တို့ဘာလိုချင်နေတာလဲ”

“ငါတို့ဘာလိုချင်တယ်ဆိုတာမပြောခင်…
ငါတို့ဘယ်သူဆိုတာနင့်ကိုပြောမယ်…
ငါတို့ က နာမည်ကျော် စုန်းညီအစ်မဟဲ့…
ငါတို့လာရတာက ဟိုအဘွားကြီးရဲ့ တောင်ဝှေးကို
လိုချင်လို့ပဲ…ဒါကြောင့် နင့်ကိုခေါ်လိုက်တာ…
ဟိုအဘွားကြီးရဲ့တောင်ဝှေးကိုပေးမလား…
နင်တို့တစ်ရွာလုံးအသေခံမလားကြိုက်တာရွေး”

“ဘာ…စုန်းညီအစ်မ…ဟုတ်လား….
ဟားး….ဟားးး…ဟားးး….ဟားးး…ဟားး….ဟားး..
ဟားး….ဟား…..”

ရှင်ညိုက ဟားတိုက်ရယ်မောလေသည်။
စုန်းညီအစ်မတို့မှာလည်းသူတို့အား
ပြက်ရယ်ပြုသည့် ရှင်ညိုကို ဒေါသထွက်နေကြသည်။

“အလတ်မ နင်ဘာကြည့်နေတာလဲ…
ဒင်းကိုအမှုန့်ကြိတ်ပစ်စမ်း…”

တစ်ယောက်ကထိုသို့အော်လေတော့ စုန်းမတစ်​​​ယောက်က
ရှင်ညိုကို သတ်ဖို့ကြိုးစားတော့သည်။

“ကောင်မ…နင်ဒီနေ့ ဒီနေရာမှာသေပြီသာမှတ်တော့”

ခြေဖနောင့်တစ်ချက် ဆောင့်ခနဲမြေပေါ်ပေါက်ချပြီး
ရှင်ညိုကိုလက်ညိုးထိုးကာ​ပြောသည်။
ရှင်ညိုက ပြုံးပြုံးကြီးသာစိုက်ကြည့်၏။
စုန်းမသည် သူ၏လက်နှစ်ဖက်ကို ဆန့်တန်းပြီး
မျက်စိကိုမှိတ်ထားသည်။
စုန်းမမျက်စိပြန်ဖွင့်လာချိန်၌ အမည်းရောင်အငွေ့တန်းကြီးသည် ရှင်ညိုအား ဝန်းရံလို့ထား၏။
တရွေ့ရွေ့လှုပ်ရှားနေသောစုန်းမ၏ အမည်းရောင်အငွေ့တန်းသည် ရှင်ညိုကိုရစ်ပတ်လို့ထားလေသည်။
ရှင်ညိုမည်သို့မှမတုန့်ပြန်သေးပေ။
ရှင်ညိုပြန်မတုန့်ပြန်သ​ည်ကိုမြင်တော့ စုန်းမများသည်
ရှင်ညိုကိုကြည့်၍ ဝမ်းသာနေကြ၏။
သူတို့ဝမ်းသာနေကြစဥ် ရှင်ညိုသည်မျက်လုံးကိုမှိတ်လိုက်သည်။ ရှင်ညိုမျက်လုံးများပြန်ဖွင့်လာချိန်မှာ
ရှင်ညို၏မျက်လုံးများက နီကာရဲနေပြီး…
အမည်းရောင်အငွေ့တန်းကြီးကိုလည်း
အပိုင်းပိုင်းပြတ်အောင်ဖျက်စီးပစ်လိုက်လေသည်။

စုန်းမ များလန့်သွားကြသည်။
သူတို့ရောက်လာသည်က ဘွားမယ်စိန်ထံဖြစ်ပြီး…
ရှင်ညိုကို ယခုကဲ့သို့ပညာထက်လိမ့်မည်ဟု
သူတို့လုံးဝထင်မထားမိပေ။
ရှင်ညိုသည် သူ့အားအမည်းရောင်အငွေ့များဖြင့်ရစ်ပတ်ချုပ်နှောင်သော်စုန်းမထံသို့ ဖြတ်ခနဲသွား၍
စုန်းမ၏လည်ပင်းကို ဆွဲညှစ်လိုက်သည်။
ထိုသို့ ဆွဲညှစ်လေရာ စုန်းမကလည်းမခေပေ။
ရှင်ညိုကို “ဘုန်းခနဲ” တွန်းထုတ်ပစ်လိုက်ရာ…
ရှင်ညို အနောက်သို့ ဆယ်ပေအကွာ
ပြန်ရောက်သွားခဲ့ရသည်။
စုန်းမနှစ်ယောက်သည် ရှင်ညိုကိုအတူတကွ
တိုက်ဖို့ရန်နေရာယူနေကြသည်။
ရှင်ညိုကလည်း သူတို့ကိုစိုက်ကြည့်နေ၏။

“အလတ်မနဲ့အကြီးမ ဘာလို့အချိန်ကုန်ခံပြီး
ဒီလိုဟာနဲ့တိုက်နေရမှာလဲ…ဟောသည်မှာကြည့်
ဒါသူနဲ့ပါလာတဲ့ကောင်မလေးပဲဖြစ်မယ်…”

“ဟင်…ညီမလေး”

ရှင်ညိုထိတ်လန့်သွားသည်။
စုန်းမ၏လက်ထဲ၌ နန်းကြိုင်လေးပါလာခဲ့၏။

“နင်တို့ မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့…
ငါနဲ့ပညာပြိုင်လို့နိုင်ရင်ငါ့ကိုနင်တို့ကြိုက်သလိုလုပ်လို့ရတယ်…သူ့ကိုတော့ ဆွဲမထည့်ပါနဲ့”

ဟု…ရှင်ညိုသည် နန်းကြိုင်အတွက်စိုးရိမ်စွာဖြင့်
စုန်းမများကိုပြောလိုက်လေသည်။
စုန်းမများက ရှင်ညို၏ပုံစံကိုကြည့်ပြီး
သဘောကျနေကြ၏။

“ငါတို့က အဲ့သည်လောက်သဘောထားကြီးမယ်လို့
ညည်းထင်နေတာလား…ဟားး…ဟားး…ဟားး…ဟား..
ဟားး…ငါတို့ကစုန်းမတွေ…ဘယ်သူ့ကိုမှလည်း
မသနားတတ်ဘူး…သတ်စရာရှိရင်သတ်တယ်…စတေးစရာရှိရင်စတေးတယ်…မတွန့်ဆုတ်တတ်ဘူး…”

ဟု…စုန်းမတစ်ယောက်က​​ပြောသည်။
ရှင်ညို…နန်းကြိုင်ကိုကြည့်ပြီး…

“ငါ့ညီမကိုတော့လွှတ်ပေးလိုက်ပါ…
ငါနင့်တို့ပြုသမျှခံပါ့မယ်…”

ရှင်ညိုဒူးထောက်ကာပြောလေသည်။

“ဟဲ့…ဒီကောင်မက အခုမှကြောက်နေတာဟဲ့…
ဟားး…ဟားး…ဟားး…ဟားး…ဟား…”

စုန်းမများမှာဟားတိုက်ရယ်မော၍
အောင်နိုင်သူများအလား ဖြစ်နေကြသည်။

“ကဲ…သမီးရေ…ထတော့…
ဘာလို့ခြေညောင်းခံပြီးထိုင်နေရတာလဲအေ့”

“ဟင်…”

အသံကြောင့်ရှင်ညိုနှင့်အတူ စုန်းမများပါလှည့်ကြည့်၍
အံ့သြကုန်ကြသည်။
ထိုအသံသည် နန်းကြိုင်၏နှုတ်မှထွက်လာခဲ့ခြင်းဖြစ်၏။

“နန်းကြိုင်…”

ရှင်ညိုနှုတ်မှနန်းကြိုင်ဟုခေါ်နေသော်လည်း
နန်းကြိုင်သည် နန်းကြိုင်ဖြစ်မနေခဲ့။
နန်းကြိုင်အသွင်ယူထားသော ဘွားမယ်စိန်ဖြစ်နေခဲ့၏။
ဘွားမယ်စိန်သည် မူလအသွင်သို့ပြန်ပြောင်းလိုက်သည်။

“ဟိုကောင်မတွေ…ညည်းတို့လာတာ ငါ့တောင်ဝှေးကို
လိုချင်လို့လား…ဒါဆိုလည်း အိမ်မှာပြောတောင်းသွားလည်းပေးပါတယ်အေ…ဘာကြောင့်များ
ဒီလောက်အလုပ်ရှုပ်ခံနေကြတာလဲအေ့…
ရော့…ညည်းတို့လိုချင်တဲ့တောင်ဝှေး”

ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကို
စုန်းမထံသို့ပစ်ကာပေးလိုက်၏။
တောင်ဝှေးရသွား၍စုန်းမများမှာအံ့သြနေကြသည်။
ယခုကဲ့သို့အလွယ်တကူရလိမ့်မည်ဟု
သူတို့ထင်မထားခဲ့ပေ။

“အဘွားကြီး…ဒီတောင်ဝှေးကအစစ်ပါနော်…”

“အိုအေ…ငါ့မှာကိုင်စရာဒီ​တောင်ဝှေးပဲရှိတာ
အတုလုပ်ချိန်လည်းငါ့မှာမရှိဘူးအေ့”

ဟု…ဘွားမယ်စိန်ကပြောတော့ စုန်းမများလည်း
တောင်ဝှေးကိုသေချာကြ​ည့်နေကြ၏။

“သမီး…လာ…ပြန်ကြစို့အေ…
သူတို့လိုချင်တာလဲ ဘွားတို့ပေးပြီးပြီပဲ…
ပြန်ကြတာပေါ့”

“မဖြစ်…မဖြစ်ဖူးလေ…
အဘွားရဲ့တောင်ဝှေးကိုဘာလို့သူတို့ကိုပေးရမှာလဲ”

ရှင်ညိုက တောင်ဝှေးပေးလိုက်တာကို
သဘောမကျဖြစ်နေသည်။
စုန်းမ များထံမှပြန်လည်ယူဖို့ရန်လည်း ရှင်ညိုပြင်နေ၏။

“သမီး…ညည်းကိုဘွားပြောနေတယ်…
ပြန်ကြစို့နော်…ကြားလား”

ဘွားမယ်စိန်ကထပ်မံကာပြောလာတော့
ရှင်ညိုစိတ်ကိုလျော့ချလိုက်သည်။
စုန်းမ များအားကျောခိုင်းပြီး ဘွားမယ်စိန်နှင့်အတူ
ပြန်လိုက်လာခဲ့၏။

“အဘွား…ဒီအတိုင်းလိုက်လာလို့ရရဲ့သားနဲ့
ဘာလို့ ညီမလေးအသွင်ကိုယူလာတာလဲ”

ဟု…ရှင်ညိုကမေးတော့ အပင်၏အနောက်၌ကျန်ခဲ့သော
ရှင်ညို၏လွယ်အိတ်လေးကိုဘွားမယ်စိန်ကပြန်လည်ကောက်ယူပေးပြီး…

“ညည်းက ကျုပ်သိသွားရင်
တမျိုးပြောင်းဦးမှာလေ…
ညည်းလေးအကြောင်းကျုပ်မသိဘူးမထင်နဲ့…
ညည်းကစိတ်မြန်လက်မြန်နိုင်လွန်းတယ်အေ့”

ဟု…ပြောလိုက်သည်။

“ဒါပေမယ့် တောင်ဝှေးကိုဘာလို့ပေးခဲ့ရတာလဲ…
အဲ့သည်စုန်းမတွေကို ကျုပ်တို့
ယှဥ်နိုင်ရဲ့သားနဲ့အဘွားရယ်…”

“ဘာမှမဖြစ်ဘူး…ဒီညခေါင်းပြားအောင်အိပ်လိုက်…
တောင်ဝှေးက သူ့ကိစ္စသူရှင်းလိမ့်မယ်…”

“ဘယ်လိုကြီးလဲအဘွားရဲ့”

“မနက်ကျမှပဲနားစွင့်လိုက်အေ…”

ဘွားမယ်စိန်ကရှင်ညိုအမေးကိုပြန်မဖြေတော့ပေ။
ရွာထဲဝင်လာတော့ အိပ်ပျော်နေသော
ရွာကာလသားများကို ကြည့်၍…

“ကိုယ့်ပညာလည်းကိုယ်ပြန်သိမ်းလိုက်ဦး…
မနက်ထိအိပ်နေရင် ဒီအကောင်တွေသူကြီးထိပ်တုံးနဲ့
တွေ့ကုန်လိမ့်မယ်…”

ဟု…ဘွားမယ်စိန်ကပြောတော့ ရှင်ညိုလည်း
ခေါင်းကိုညိတ်ရှာသည်။

အိမ်သို့ပြန်ရောက်လာတော့
ခြေလပ်သန့်စင်ပြီး အိပ်ရာထဲသို့ပြန်ဝင်ကြတော့သည်။
အိပ်ရာထဲသို့ရောက်သော်လည်း ရှင်ညိုမှာအိပ်မပျော်ပေ။
ဘေးအခန်းမှ ဒေါ်ဝင်းနှင့် နန်းကြိုင်တို့၏
ဟောက်သံများကလည်း ကျယ်ကျယ်လောင်လောင်ပင်
ထွက်ပေါ်နေခဲ့သည်။

“ဟူးး……..”

ရှင်ညိုသက်ပြင်းသာချနေခဲ့သည်။

“ဝုန်း….”

“ဟင်…”

ကျယ်လောင်သောအသံကြီးကို ရှင်ညိုကြားလိုက်၍
အလန့်တကြားပင် အိပ်ရာထဲမှ ထလာခဲ့သည်။

“ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲ”

ဒေါ်ဝင်းလည်းအလန့်တကြားဖြစ်လို့နေခဲ့သည်။
ရွာထဲမှရွာသူ၊ရွာသားတွေပင်ထိုအသံကြီးကြောင့်
လန့်နိုးလာကြ၏။
အချိန်ကလည်း လင်းကြက်ပင်တွန်တော့မည်။

“အသံကရွာအပြင်ကဗျ…
ကျုပ်တို့သွားကြည့်မှဖြစ်မယ်”

ရွာသားတွေလည်း အသံကြားရာဆီသို့အုပ်စုလိုက်
ထွက်သွားကြသည်။
ရှင်ညိုလည်းအနောက်မှလိုက်ကြည့်၏။
အသံကြားရာဆီသို့ မှန်းစပြီးသွားကြရာ…
တောစပ်ရှိဇရပ်ဟောင်းဆီသို့ ပြန်ရောက်လာခဲ့သည်။

“ဟာ…မီးတွေလောင်နေတာဟ…”

ရွာသားတွေလဲ အနီးရှိသဲများဖြင့် မီးများကို
ငြိမ်းကြရသည်။

“ဟာ…ဒီမှာလူတွေမီးလောင်ထားတယ်…”

“အမယ်​လေး…”

မီးများလောင်နေသော လူများကို ရှင်ညိုကြည့်လိုက်တော့
မည်သူမည်ဝါမှန်းမသိလောက်အောင် အရိုးများသာကျန်တော့သည်။သို့သော် ထိုသူတို့ကိုရှင်ညိုသိသည်။
ထိုသူတို့မှာအခြားမဟုတ်စုန်းညီအစ်မသုံးယောက်သာ
ဖြစ်၏။

ရှင်ညို ထိုမီးလောင်ထားသည့်အလောင်းများကို
မကြည့်တော့ဘဲ ဘွားမယ်စိန်၏တောင်ဝှေးကို
ရှာဖွေလေသည်။
ဘွားမယ်စိန်၏တောင်ဝှေးကို မလှမ်းမကမ်း၌ တွေ့လေတော့ ရှင်ညိုယူလိုက်ရာ တောင်ဝှေးသည်
မီးလောင်ထားခြင်းမရှိ…ပျက်စီးခြင်းမရှိသည်က်ို
တွေ့လိုက်ရ၏။

“ဒါ…ဘွားတောင်ဝှေးပဲ…”

“ဟုတ်ပ…ဒါဆိုဒီမီးလောင်ထားတဲ့ဟာတွေက
ဘွားတောင်ဝှေးကိုခိုးကြတာထင်တယ်”

“ဟုတ်မယ်…ဖြစ်နိုင်တယ်…
သူတို့မလို့ဘွားတောင်ဝှေးကိုယူရဲတယ်ကွာ…
ဘွားတောင်ဝှေးက အစွမ်းထက်လိုက်တာများ
မသူတော်တွေယူရင်ဒင်းတို့ကို တောင်ဝှေးက ဒဏ်ခတ်တယ်ဆိုတာမသိကြဘူးထင်တယ်…”

“ဟုတ်ပ…ဟုတ်ပ…သေတာတောင်နည်းသေးတယ်”

ရွာသူ၊ရွာသားတွေ၏စကားများကိုနားထောင်ရင်း
ရှင်ညိုသဘောပေါက်သွားသည်။
ကျေနပ်အပြုံးဖြင့်ပြုံး၍တောင်ဝှေးကိုယူကာ
အိမ်သို့ပြန်လာခဲ့တော့၏။
စုန်းမ များမှာ မကိုင်သင့်သည့်ပစ္စည်းကိုကိုင်ပြီး
အသုံးပြုဖို့ကြိုးစားသောကြောင့် မီးလောင်၍
သေခဲ့ရသည်။
ဒါကိုရှင်ညိုတွေးရင်း ပြုံးနေမိ၏။
အိမ်သို့ရောက်တော့လည်ပင်းရှည်အောင်မျှော်နေကြသော
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကိုတွေ့လိုက်သည်။

“အရီး…ဘာမှမဖြစ်ဘူး…
ဘွားရဲ့တောင်ဝှေးကိုလိုချင်တဲ့စုန်းမတွေ
မီးလောင်ပြီး သေနေကြတာပါ…”

“ဟေ…”

ရှင်ညိုကဘာမှမဖြစ်ဘူးဟု ပေါ့ပေါ့ပါးပါးပြောသော်လည်း ဒေါ်ဝင်းမှာအံ့သြလို့နေရှာသည်။
ရှင်ညိုကတော့ ဘွားမယ်စိန်၏တောင်ဝှေးကို
ဘုရားခန်း၌သေချာပြန်၍ထားပေးထားလိုက်တော့သည်။

ထိုသို့ဖြင့် စုန်းညီအစ်မသုံးယောက်လည်း
အဆုံးသတ်သွားခဲ့ပါသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)