တစ်ရက်၌.. ဘွားမယ်စိန်၏နေ့အိမ်ဆီသို့

သူကြီးဦးနောင်ချိုရောက်လာခဲ့သည်။
သူကြီးဦးနောင်ချိုနှင့်အတူ ဧည့်သည်တစ်ဦးလည်း
ပါလာခဲ့သေး၏။

“ဘွား…ဟောသည်ဘက်ကသူက ပူကင်းရွာရဲ့
သူကြီး…ဦးလူမောင်လို့ခေါ်တယ်ဗျ…”

“သြော်…အေး…ပူကင်းရွာကိုတော့ဘွားတို့ရောက်ဖူးပါတယ်…သူကြီးကိုတော့အခုမှပဲမြင်ဖူးတယ်ကွယ်…”

“ဟုတ်ပဗျာ…ဘွားတို့ကျုပ်ရွာကိုလာတုန်းက
ကျုပ်မသိလိုက်လို့ပါ…သိများသိရင်အဲ့ကတည်းက
ကျုပ်အိမ်မှာပဲတည်းခိုခိုင်းပါတယ်…”

“အေးကွယ်…”

“ဟော…ကိုလူမောင်…ခင်ဗျားလာရင်းကိစ္စလေး
ဘွားကိုပြောလိုက်ပါဦးဗျာ…”

“အေး…ငါပြောပါ့မယ်နောင်ချိုရာ…
ဒီလိုပါဘွားရဲ့…ကျုပ်ရဲ့အလှူလေးကို
လာခဲ့ပေးဖို့ ဘွားကိုလာဖိတ်တာပါ…”

“သြော်…အေး… အေး.. သူကြီးကိုယ်တိုင်ဖိတ်မှတော့
လာရမှာပေါ့ကွယ် …”

“အဟင်း….ဝမ်းသာလိုက်တာဗျာ…
လာသာဖိတ်ရတာ…ဘွားလာမှလာပါ့မလားလို့
စိုးရိမ်နေတာဗျ…”

“လာရမှာပေါ့ကွယ်…”

ဘွားမယ်စိန်နဲ့ သူကြီးတို့တတွေ စကားဆက်ပြောနေကြသည်။

“အမေ…ကျုပ်ကြက်သားဟင်းစားချင်တယ်…”

“ဟောတော်…စောစောကပြောပါလား…
အမေဖြင့် ဒီကနေ့အတွက် ငံပြာရည်ချက်အတို့အမြုပ်နဲ့
ကြက်ဥလေးပဲကြော်ထားတာသမီးရဲ့”

“ရပါတယ်အမေရယ်…နောက်ရက်မှစားတာပေါ့”

ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သားအမိ မီးဖိုထဲ၌
စကားပြောနေကြသည်။

“အရီး…”

“ဟေ…သမီးပြောလေ…”

“ညီမလေးက ကြက်သားစားချင်တာဆိုရင်
ကျုပ်ကြက်သား ချက်ပေးလိုက်မယ်လေ…”

“အိုအေ…အချိန်မရှိတော့ပါဘူး ရှင်ညိုရယ်…
ညည်းညီမစားချင်ရင်အရီးနောက်ရက်မှချက်ကျွေးလိုက်ပါ့မယ်အေ့”

ရှင်ညိုက နန်းကြိုင်စားချင်သည့်ကြက်သားကို
ချက်ကျွေးချင်သည်။
ဒေါ်ဝင်းက တားသော်လည်း ရှင်ညို က…

“ဒီကနေ့တော့ညီမလေးစားချင်နေတဲ့
ကြက်သားပဲကျွေးလိုက်ပါအရီးရယ်…”

ဟုထပ်မံကာပြောလေသည်။

“ရှင်ညို…ညည်းကလည်းအေ…
သူစားချင်တာကိုကျွေးမယ်
ဟုတ်ပြီအေ…ဒါဖြင့် ကြက်ကဘယ်မှာတုန်း…
သူစားချင်ရင်နောက်ရက်မှ အရီးသွားဝယ်ပြီး
ချက်ကျွေးလိုက်ပါ့မယ်အေ…လောလောဆယ်လည်း
ကြက်မှမရှိတာအေ့…”

ဘွားမယ်စိန်သည် သူကြီးတို့နှင့်ပင်စကားဆက်မပြောဘဲ
ရှင်ညိုတို့ပြောတာကိုသာ နားစွင့်နေခဲ့သည်။

“ဒါလေးများအရီးရယ်…ခဏလေး
ကျူပ်သွားရှာမယ်…”

“ဟဲ့ရှင်ညို…ဟဲ့…သြော်…ဒီကောင်မလေးကတော့
စိတ်မြန်လက်မြန်နဲ့ခက်လိုက်တာ”

ရှင်ညိုအိမ်အပြင်ကိုထွက်သွားသည်။
နန်းကြိုင်ကလည်းရှင်ညိုအနောက်သို့
အပြေးလိုက်သွား၏။
ခဏကြာတော့ ရှင်ညို ကြက်တစ်ကောင်ကိုလက်မှ
ကိုင်ဆွဲရင်းခြံဝိုင်းထဲဝင်လာခဲ့သည်။
သူကြီးဦးနောင်ချိုတို့မှာ ရှင်ညိုကိုကြည့်ပြီး
အံ့သွသှား၏။

“အဲ့သည်ကြက်ကဘယ်ကနေရတာလဲအေ့”

ဟု…ဘွားမယ်စိန်ကမေးတော့ မီးဖိုထဲမှ ဒေါ်ဝင်းပင်
အပြင်သို့ထွက်လာခဲ့ရှာသည်။

“ညီမလေးက စားချင်တယ်ဆိုလို့ ကြက်သွားယူခဲ့တာပါ
အဘွား”

ရှင်ညိုကထိုသို့ဖြေသော်လည်း နန်းကြိုင်ကငြိမ်နေရှာသည်။

“ဘွားရေ…ဘွား…”

ခြံဝိုင်းထဲသို့ ယောကျာ်းတစ်ယောက်နဲ့မိန်းမ
တစ်ယောက်တို့ ဝင်လာခဲ့သည်။
ယောကျာ်းဖြစ်သူက ရှင်ညိုကိုင်ထားသော
ကြက်ကိုကြည့်၍…

“အမယ်လေးဗျာ…ကျုပ်ကြက်မလေးတော့သွားပါပြီ..
နှမြောလိုက်တာဗျာ…ဒီကြက်မက ဥအတော်ဥတာဗျ…”

ဟု…ပြောလေတော့ ဒေါ်ဝင်းမျက်လုံးပြူးမျက်စံပြူးဖြင့်

“ဒီကြက်က ရှင်ညိုဝယ်လာတဲ့ကြက်မဟုတ်ဘူးလား
ငဖေရဲ့”

“ဘယ်ဟုတ်မလဲမမဝင်းရယ်…
ရှင်ညိုကလေ ကျုပ်တို့ကြက်မလေးကို ဖနောင့်တစ်ချက်ပေါက်ပြီး ယူသွားတာတဲ့…တွေ့တဲ့ ကလေးတွေက
ကျုပ်တို့ကိုလာတိုင်ကြတာ…ကျုပ်တို့ကမယုံလို့
မမဝင်းတို့ဆီကိုလိုက်လာခဲ့တာလေ…ခုတော့တော်….”

ငဖေ၏မိန်းမ ဒေါ်တောက ဝင်ပြောရှာသည်။

“ဟယ်…ရှင်ညိုရယ်…​ ဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲအေ”

“အမေရယ်…မမကိုမဆူပါနဲ့…
မမက သမီးစားချင်တယ်ဆိုလို့ပါ…”

“ကဲ.. မိဝင်း”

“ရှင်အမေ…”

“ငဖေတို့ကိုကြက်ဖိုးပေးလိုက်တော့…
နောက်ကိုအခုလိုမျိုးထပ်လုပ်ရင်
မယ်စိန်အဆိုးမဆိုနဲ့နော် ရှင်ညို…
ညည်းရဲ့ပညာကို မဟုတ်တဲ့နေရာမသုံးနဲ့…
တကယ်တမ်းသုံးဖို့လိုအပ်လာရင်
ညည်းဒုက္ခရောက်လိမ့်မယ်…”

“ဟုတ်ကဲ့”

ဘွားမယ်စိန်ရှင်ညိုကို စိတ်ဆိုးနေသည်။
သူကြီးများပင်မနေတတ်တော့၍ ပြန်သွားကြ၏။
ဒေါ်ဝင်းမှာ ငဖေတို့လင်မယားကိုကြက်ဖိုးပေး၍
ပြန်လွှတ်လိုက်ရသည်။

“အမေရယ်…အမေ့သမီးရှင်ညိုက
လူကသာအပျိုအရွယ်ဖြစ်နေတာ
စိတ်က ကလေးစိတ်ပဲအမေရဲ့…
အခုကြည့်လေ သူ့ညီမစားချင်တယ်ဆိုတာနဲ့
ချက်ချင်းကြက်သွားရှာတာ…
သံယောဇဥ်ကြီးရှာတာပါအမေရယ်…”

“အေး…ငါကလည်းအပြစ်ပြောနေတာမဟုတ်ဘူးအေ့…
သူ့ကိုဒီလိုပဲလွှတ်ထားရင် မကောင်းတဲ့လမ်းကို
ရောက်တော့မှာ…ကဲပါအေ…သွား…သွား…
ညည်းလုပ်စရာရှိတာသွားလုပ်ချေတော့…”

ဘွားမယ်စိန်ကဒေါ်ဝင်းနဲ့စကားဆက်မပြောတော့ဘဲ
သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးညှိ၍
ဖွာရှိုက်နေခဲ့တော့သည်။
ရှင်ညိုနဲ့နန်းကြိုင်တို့မှာလည်း အိမ်နောက်ဖေး၌
သွားထိုင်နေကြ၏။
ဒေါ်ဝင်းခမြာသာ ရှင်ညိုယူလာသောကြက်အသေကို
ရေနွေးဖျော အမွှေးနှုတ်ပြီး ဓားဖြင့် ခုတ်ထစ်၍
ချက်ပြုတ် ဖို့ပြင်ဆင်ရသည်။

“သြော်…လုပ်တော့တစ်ယောက်
အပြောခံရတော့တစ်ယောက်…
အခုတော့ငါပဲတစ်ယောက်ထဲချက်ပြုတ်ရတော့တယ်…
ဟင်း…”

ဟု…ဒေါ်ဝင်းမှာကျယ်ကျယ်လည်းအော်မငြီးတွားရဲ၍
တစ်ကိုယ်ကြားယုံသာ ပြောလိုက်ရှာသည်။

ထိုသို့ဖြင့် ဘွားမယ်စိန်ပူကင်းရွာ၏အလှုပွဲသို့
သွားရပေတော့မည်။

“ဘွား…မမရှင်ညိုက သူကောလိုက်လို့ရမလားတဲ့”

ဟု…နန်း​ကြိုင်ကလာမေးသည်။
ကြက်ကိစ္စနှင့်ပတ်သတ်ပြီး ဘွားမယ်စိန်က ရှင်ညိုကို
စကားမပြောပေ။
ဒါကြောင့်လည်း နန်းကြိုင်နှင့်မေးခိုင်းခြင်းဖြစ်၏။

“အလှုကမနက်ဖြန်သွားမှာ…
သူလိုက်ချင်ရင်လိုက်ခဲ့ပေါ့…
ဒါနဲ့ ညည်းကောလိုက်ဦးမှာလား…”

“သမီးမလိုက်ပါဘူးအဘွား…
မမကပဲလိုက်ချင်တယ်ပြောနေလို့ ကျုပ်ကအဘွားကို
လာမေးပေးတာပါ”

“အေး…အေး…အေး…”

နန်းကြိုင်လည်း ရှင်ညို ဝမ်းသာစေရန်
အပြေးသွားပြောသည်။
နောက်တစ်နေ့နံနက်၌ မောင်တိုးနဲ့မောင်အုန်းတို့
နွားလှည်းဖြင့် ဘွားမယ်စိန်တို့ကို လာခေါ်၏။
ပူကင်းရွာသို့ သွားရာလမ်း၌ ရှင်ညို၏အသံများတိတ်ဆိတ်နေသည်။

“ရှင်ညို…နေမကောင်းဘူးလား”

“ကျုပ်နေကောင်းပါတယ်ကိုကြီးတိုးရယ်…”

“မသိပါဘူးဟာ…နင်ကဘာစကားမှမပြောတော့
နေများမကောင်းဘူးလားလို့”

“မဟုတ်ပါဘူး…ကျုပ်အပြစ်နဲ့ကျုပ်မလို့ပါ”

“ဟေ…ဘာအပြစ်တုန်းဟ”

“ကြက်ကိစ္စလေ…”

“ဟေ…အခုထိလား”

“အင်း”

ရှင်ညိုခေါင်းညိတ်သည်။
ဘွားမယ်စိန်ကတော့ မသိချင်ယောင်ဆောင်နေ၏။
မောင်တိုးမှာလည်း သက်ပြင်းလေးသာချပြီး
နွားလှည်းကိုဆက်မောင်းနေခဲ့တော့သည်။

ပူကင်းရွာသို့ရောက်တော့ အလှုပွဲက
အတော်လူစည်လှ၏။
ထိုင်စရာနေရာပင်မရှိလောက်အောင် ဧည့်လာ
ပရိတ်သတ်များ များလွန်းနေသည်။
ပူကင်းရွာသူကြီး၏အလှူပေမို့ ယခုလိုစည်ကားနေခြင်းလည်းဖြစ်သည်။

“ဟာ…ဘွားမယ်စိန်တို့ရောက်လာပြီ…
ထိုင်စရာစီစဥ်ပေးကြပါဦးဟ”

ဘွားမယ်စိန်တို့ကို တွေ့လေတော့ နေရာထိုင်ခင်း
စီစဥ်ပေးကြရှာသည်။
ပူကင်းရွာသူ၊ရွာသားများက ဘွားမယ်စိန်ကိုသိကြသည်။
သိဆို…ပူကင်းရွာ၏အခက်အခဲများကိုလည်း
ဘွားမယ်စိန်ကလာရောက်၍ကူညီပေးဖူးသောကြောင့်
ဖြစ်၏။

“ဘွားတို့တောင်ရောက်လာပြီပဲဗျ…
ဟေ့…ဘွားတို့ကိုလိုတာမရှိအောင်ဧည့်ခံပေးကြကွာ…”

“ရပါတယ်သူကြီးရယ်…အခုလည်းပြည့်စုံနေပါပြီ…”

“ကျုပ်ကပြည့်စုံတာထက်ကိုပိုပြီး
ဧည့်ခံချင်တာဘွားရဲ့…
သြော်…ဒါနဲ့ ဒီတစ်ညတော့ ကျုပ်အိမ်မှာအိပ်ပါလားဗျာ…
ကျုပ်ဧည့်ခံချင်သေးလို့ပါ”

အလှူရှင်သူကြီး ဦးလူမောင်က ဘွားမယ်စိန်ကိုပြောတော့
ဘွားမယ်စိန်လည်း မငြင်းတော့ဘဲ ခေါင်းညိတ်လက်ခံလိုက်သည်။
သူကြီးဦးလူမောင်၏နေအိမ်၌သာ တည်းခိုကြ၏။
အလှူအိမ်ဖြစ်တာ​ကြောင့် လူလည်းမပြတ်သလို
တွေ့သမျှလူတိုင်းက ဘွားမယ်စိန်ကိုနှုတ်ဆက်ကြသည်။
သက်ရွယ်ကြီးသူများကလည်းဘွားမယ်စိန်နှင့်အတူ စကားလာပြောကြလေသည်။
ညသို့ရောက်တော့ အိမ်ရှေ့သစ်ပင်အောက်၌
ရှင်ညိုတစ်ယောက်ထဲထိုင်နေခဲ့သည်။

“မအိပ်သေးဘူးလား ရှင်ညို”

“ကျုပ်မအိပ်ချင်သေးလို့ပါကိုကြီးတိုးရယ်…”

“ဘွားက စိတ်ဆိုးနေတုန်းလားဟ”

“ဒီလိုပါပဲတော်…”

“အင်း…နင်ကလည်းစိတ်မြန်တယ်ဟာ…
စိတ်မြန်တာကမကောင်းဘူးငါ့ညီမရဲ့”

“ကျုပ်လည်း ကျုပ်စိတ်ကိုကျုပ်တတ်နိုင်သမျှတော့
ထိန်းပါ့မယ်ကိုကြီးတိုးရယ်…”

ရှင်ညိုနဲ့မောင်တိုးတို့ စကားပြောနေကြသည်။
စကားပြောနေစဥ် ရှင်ညို ဆက်မပြောတော့ဘဲ တစ်နေရာသို့ သေချာစူးစိုက်ကြည့်နေခဲ့သည်။

“ဘာဖြစ်လို့လဲရှင်ညို”

မောင်တိုးက မေးတော့ ရှင်ညို လက်ညိုးထိုးပြီး…

“ဟိုမှာလေ မိန်းမကြီးတစ်​ယောက် ထမိန်ရင်လျားကြီးနဲ့ဘာတွေလိုက်ရှာနေသလဲမသိဘူး”

“ဟေ…”

ရှင်ညိုစကားကြောင့် မောင်တိုးလန့်သွားသည်။
ရှင်ညိုကြည့်နေသောနေရာကို မောင်တိုးကြည့်သော်လည်း မည်သူ့ကိုမှမတွေ့ရ။

“ညည်းပြောတဲ့နေရာမှာ
ဘယ်မိန်းမကြီးမှမရှိပါဘူးဟာ….ဘာလဲ
ငါ့ကိုလာပြီး စနေတာမလား…”

ဟုမောင်တိုးကမေးတော့ ရှင်ညို
မတ်တပ်ထရပ်လိုက်သည်။

“ဘယ်သွားမလို့လဲရှင်ညို…ဟာ…ဟဲ့…
ဒီကောင်မလေးကတော့….. “

ရှင်ညိုထ ထွက်သွား၍ မောင်တိုးမှာ ရှင်ညို၏အနောက်သို့ လိုက်သွားရမလား ဘွားမယ်စိန်ကို သွားပြောရမလား
ဝေခွဲမရဖြစ်နေရှာသည်။
နောက်တော့ ရှင်ညို၏အနောက်သို့သာ
ပြေးလာခဲ့လိုက်၏။

“ဟေ့…နေဦးလေ ငါ့ကိုစောင့်ပါဦးရှင်ညိုရဲ့”

ရှင်ညိုသည်ထမိန်ရင်လျား၊ဆံပင်ကို
ဖားလားချထားသောမိန်းမကြီး၏အနော​က်သို့
လိုက်လာခဲ့သည်။
မိန်းမကြီးက အနောက်သို့တစ်ချက်မှလှည့်မကြည့်ဘဲ
ရွာပြင်သို့ထွက်လာခဲ့၏။

“ရှင်ညို…ဘယ်သွားမလို့လဲ…
ရွာပြင်တောင်ရောက်နေပြီ…မသွားပါနဲ့တော့ဟာ…”

မောင်တိုးက ရှင်ညို၏လက်ကိုဆွဲ၍ တားယူသည်။

“ကိုကြီးတိုး…ဒီမိန်းမကြီးကို ကျုပ်မသင်္ကာဘူး
လိုက်ကြည့်မှဖြစ်မယ်…”

“နင့်ဟာက လူမဟုတ်လောက်ဘူးဟ…
ငါတောင်မမြင်ရပါဘူးဆိုနေရှင်ညိုရာ…
ဘွားကိုပြောပြီးမှ နင်လုပ်ချင်တာလုပ်ပါ…
ခုတော့ရွာပြန်ဝင်ကြမယ်ဟာ…လာပါ ရှင်ညိုရာ…”

“ကိုကြီးတိုးကလည်း….ဟင်း….”

မောင်တိုးကရှင်ညိုကို ရွာထဲသို့ဆွဲခေါ်လာခဲ့သည်။
ရှင်ညိုမှာ မကျေမနပ်ဖြင့်ပြန်လိုက်လာခဲ့ရ၏။

“ဘယ်သွားနေကြတာလဲ…
ဘွားကမင်းတို့ကိုရှာနေတယ်”

ရွာလမ်းမအတိုင်းပြန်လာကြရင်း
သူတို့အားလိုက်ရှာနေသည့် မောင်အုန်းနှင့်ဆုံလေသည်။

“ဒီမှာဗျာ…ရှင်ညိုပေါ့…
သရဲလား ဘာလား မသိဘူးအဲ့နောက်ကိုလိုက်သွားလို့
ကျုပ်အတင်းပြန်ခေါ်လာရတယ်…”

“ဟေ…ဟုတ်လား”

“ဟုတ်လားမနေတော့နဲ့…
ဘွားက ကျုပ်တို့ကိုရှာနေတာမလား သွားကြမယ်လေ”

မောင်တိုးက ထိုသို့ပြောပြီး တည်းခိုရာအိမ်သို့ပြန်ရောက်လာခဲ့ကြသည်။

“ဘယ်သွားနေကြတာလဲ…
ကိုယ်ကဒီရွာနဲ့ တစိမ်းဆိုတာလည်း
သတိထားကြဦးကွဲ့”

ရှင်ညိုတို့ရောက်လာလာခြင်းပင် ဘွားမယ်စိန်က
ပြော​လေသည်။

“ပျင်းတာနဲ့လမ်းလျှောက်ထွက်မိတာဘွားရယ်…
ဒီနားတင်ပါ…”

ဟု…မောင်တိုးက အရင်ဆုံးဖြေလိုက်၏။
ရှင်ညိုကတော့ ဘွားမယ်စိန်ကိုကြည့်ပြီး…

“ကျုပ် ထမိန်ရင်လျားနဲ့မိန်းမကြီးတစ်​ယောက်ကို
တွေ့ခဲ့တယ်အဘွား…အဲ့သည်မိန်းမကြီးကဟောသည်
ရွာထဲလှည့်ပတ်သွားလာပြီးမှ ရွာပြင်ကို
ပြန်ထွက်သွားတာ…”

ဟုပြောလေသည်။
မောင်တိုးမှာ ရှင်ညိုကိုကြည့်လိုက် ၊ဘွားမယ်စိန်ကိုကြည့်လိုက်ဖြင့် ဗျာများသွားရှာသည်။

“နေပါဦးဗျ…ဒီကလေးမပြောတဲ့သူကို
ကျူပ်သိတယ်ဘွားရဲ့”

ဟု…သူကြီးဦးလူမောင်က ပြောသည်။

“သူကဘယ်သူများလဲကွဲ့”

“သူ့နာမည်က ဒေါ်ရင်လှ လို့ခေါ်တယ်ဗျ…
ဒေါ်ရင်လှကြီးက မကျွတ်မလွှတ်ဖြစ်နေတာ
ကျူပ်တို့တစ်ရွာလုံးလည်းသိတယ်…
သူ့ကိုလည်းကုသိုလ်ပြု အမျှအတန်းပေးဝေကြပေမယ့်
အခုထိကို မကျွတ်မလွှတ်ဖြစ်နေရှာတာဗျ…
ဒီကလေးမလေးတွေ့ခဲ့တာလည်းသူပဲဖြစ်ရမယ်…
သူက အသက်ရှိစဥ်ကတည်းက ထမိန်ရင်လျားကြီးနဲ့ပဲ
နေတာဗျ…”

“အင်း…သူကသေတာကြာပြီလားကွဲ့…
သူ့မှာမိသားစုကောမရှိကြဘူးလား”

“သေတာကတော့ အနှစ် နှစ်ဆယ်လောက်တော့
ရှိပြီဗျ…သူ့မှာမိသားစုရယ်လည်းမရှိဘူးဗျ…
သူ့ယောကျာ်းကသူ့အရင်ဆုံးသွားရှာတာ…
သားသမီးလည်းမရှိတော့ ယောကျာ်းဆုံးပြီး
တစ်ယောက်ထဲပဲနေခဲ့ရရှာတယ်…
အဲ့သည်လိုနေရင်းကနေ သူလည်းဆုံးပါးသွားခဲ့ရှာတာဗျ
သူသေတာတောင်အနံ့တွေနံလွန်းမကနံမှ
သိရတာပဲဘွားရဲ့…”

ဟု…သူကြီးဦးလူမောင်ကပြောပြသည်။

“အဘွား…ကျုပ်သူ့ကို ကျွတ်လွှတ်အောင်
လုပ်ပေးချင်တယ်…အဘွားကူညီပေးပါလား”

ရှင်ညိုက ဘွားမယ်စိန်ကို ပြောလေတော့ ဘွားမယ်စိန်
ရှင်ညိုကိုသေချာကြည့်သည်။

“ဘာလို့ ကူညီပေးချင်ရတာလဲ”

“ကျုပ်သူ့ကိုသနားမိလို့ပါ…
သူ့ခမျာသေတာတောင် တစ်ယောက်ထဲ
အထီးကျန်ဆန်ပြီးသေခဲ့ရတာမလားအဘွားရယ်”

ရှင်ညို ဒေါ်ရင်လှကိုသနားနေသည်။
အထီးကျန်လှသောဘဝကိုစာနာမိနေပုံရ၏။

“ညည်းကူညီချင်သပဆိုရင်လည်း
ကူညီကြတာပေါ့…ဒါပေမယ့်တစ်ခုတော့ပြောမယ်နော်
ညည်းဘက်ကဘွားရဲ့စကားကိုနားထောင်နိုင်မှသာ
အခုကိစ္စကိုညည်းကူညီခွင့်ရမယ်…”

“စိတ်ချပါအဘွား…
ကျုပ်အဘွားစကားကိုနားထောင်မှာပါ…”

ရှင်ညိုက ဘွားမယ်စိန်စကားကို အလျှင်အမြန်ပြန်ဖြေလိုက်သည်။

“ဒါဖြင့်လည်းသွားကြတာပေါ့”

“ဘယ်သွားမလို့လဲဘွား”

“ဘယ်သွားရမှာလဲမောင်တိုးရယ်..
စောစောက ထမိန်ရင်လျားနဲ့သရဲမသွားတဲ့နောက်ကို
လိုက်ရမှာပေါ့…”

“ကျုပ်ကောလိုက်လို့ရမလားဘွား”

“ရတာပေါ့သူကြီးရယ်…လိုက်ချင်သပဆိုလိုက်ခဲ့ပါ…”

သူကြီးဦးလူမောင်လည်းအတူလိုက်လာခဲ့သည်။
ရွာလမ်းမအတိုင်းသွားရင်း ရွာပြင်သို့ရောက်လာခဲ့ကြ၏။

“ဒါသင်္ချိုင်းဘက်ကိုသွားနေတာဗျ…”

သူကြီးဦးလူမောင်က ပြောတော့ ဘွားမယ်စိန်
ခြေလှမ်းများရပ်တန့်လိုက်သည်။
ပြီးနောက်…

“ဒါဆို ဒီသရဲမက ရွာနဲ့သင်္ချိုင်းကို
ကူးလူးနေတာပဲ…သင်္ချိုင်းအထိလိုက်သွားရင်
တခြားသရဲတွေနဲ့အဆင်မပြေလောက်ဘူး…
ဒီတော့ ဟိုရှေ့နားမှာပဲ သရဲမကိုခေါ်ရမယ်…”

ဟု…ပြောလိုက်သည်။

“မောင်ရင်တို့ကတော့ နည်းနည်းလေး
အနောက်ကိုဆုတ်နေကြကွဲ့….”

ဘွားမယ်စိန်က မောင်တိုးတို့နဲ့သူကြီးဦးလူမောင်ကို
ပြောသည်။

“ကဲ…ပူကင်းရွာက ဒေါ်ရင်လှ…
သင့်ကိုခေါ်တယ် ရောက်​ရာ အရပ်ကနေ
ငါ့ရှေ့မှောက်ကိုအရောက်လာစမ်းဟဲ့…”

“ဒုန်း”

ဘွားမယ်စိန်က သရဲမဒေါ်ရင်လှကိုခေါ်ပြီးနောက်
တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်သည်။
ခဏကြာတော့ဘွားမယ်စိန်၏အရှေ့၌မည်းမည်းသဏ္ဍန်တစ်ခုရောက်လာခဲ့၏။

“ညည်းက..ရင်လှဆိုတာလား”

ဟု…ဘွားမယ်စိန်ကမေးတော့ထမိန်ရင်လျား…
ဆံပင်ဖားလားဖြင့် မိန်းမကြီးသည်ခေါင်းကို
ညိတ်လိုက်သည်။

“ညည်းဘာကြောင့်မကျွတ်မလွတ်ဖြစ်နေရတာလဲ…
ညည်းအကြောင်းကြားမိသလောက်ကတော့
ညည်းဟာအခုလိုနှစ်ကာလကြာရှည်အောင်
ဝဋ်ကြွေးဆပ်ရလောက်မယ့်သူမဟုတ်ပါဘူးအေ့”

ဟု…မေးတော့ ထမိန်ရင်လျားနဲ့ဒေါ်ရင်လှသည်
ချက်ချင်းဆောင့်ကြောင့်ထိုင်ချကာ ငိုယိုတော့သည်။

“ကျုပ်…ကျုပ်ဘဝကဆိုးပါတယ်တော်…
အီးးးးးဟီးးးးးးးဟီးးးးးးးး”

ငိုယိုနေသောကြောင့် ဘွားမယ်စိန်နဲ့ရှင်ညိုမှာ
သိချင်သောအကြောင်းအရာကို မသိနိုင်ကြသေးပေ။

“ဒီမှာကြီးတော်…ငိုချင်ရင်နောက်မှပဲငို…
အခု ကျုပ်တို့လာတာကလည်း ကြီးတော်ကိုကူညီပေးချင်လို့လာခဲ့ကြတာ..ဒီတော့ ကြီးတော်ဘာကြောင့် မကျွတ်မလွတ်ဖြစ်နေရသလဲဆိုတာ ကျုပ်တို့ကို​​ပြောပြပါ…”

ရှင်ညိုက ပြောတော့မှ ဒေါ်ရင်လှငိုတာတိတ်သွားသည်။

“ပြောပါ့မယ်အေ… ပြောပါ့မယ်…
ကျုပ်ရွာထဲဝင်ဝင်လာတာကညွှန့်မောင်ဆိုတဲ့ကောင်ကို
လာရှာတာပါ….ဒင်းကိုမတွေ့လို့ရွာနဲ့သင်္ချိုင်းကူးလူးပြီး
သွားလာနေမိတာပါအေ…”

“ညွှန့်မောင်…ညွှန့်မောင်ဆိုတာဘယ်သူလဲသူကြီး”

ရှင်ညိုက သူကြီးဦးလူမောင်ကိုလှမ်းမေးလိုက်သည်။

“ညွှန့်မောင်ဆိုတာ ဒေါ်ရင်လှနဲ့အဖေတူအမေကွဲ
မောင်တော်စပ်တယ်…”

သူကြီးကလည်းတွေးတွေးစစဖြင့် ဖြေလေသည်။

“ညည်းကဘာကြောင့် ညွှန့်မောင်ကိုရှာနေတာလဲ”

ဘွားမယ်စိန်ကမေးတော့ ဒေါ်ရင်လှ…

“ဒင်း ကျုပ်ဆီက ရွှေလက်ကောက်တစ်ကွင်းငှားသွားတာ
အခုထိပြန်လာမပေးဘူးတော်…
ကျုပ်ယောကျာ်း ကျုပ်အတွက်ဝယ်ပေးခဲ့တဲ့လက်ကောက်လေးမလို့ ကျုပ်မြတ်နိုးတယ်တော့်”

“ဟယ်…ရင်လှ…ညည်းက ဒီလက်ကောက်လေးအတွက်နဲ့
နှစ် နှစ်ဆယ်လုံးလုံး မကျွတ်မလွှတ်ဖြစ်နေတာပေါ့လေ…
ဟုတ်လား…”

ဒေါ်ရင်လှ ခေါင်းညိတ်လိုက်သည်။
ဘွားမယ်စိန်နဲ့ရှင်ညိုတို့မှာ ဒေါ်ရင်လှ၏ အစွဲအလမ်းကြီးမှုကို အံ့သြနေကြ၏။

“သူကြီး….ညွှန့်မောင်ဆိုတဲ့လူ ဘယ်မှာနေတယ်ဆိုတာ
သူကြီးသိလား”

ရှင်ညိုကမေးတော့…

“ကိုညွှန့်မောင်က ဒီရွာမှာနေတာမဟုတ်တော့ဘူးဗျ…
သူက သူ့မိန်းမရွာဖြစ်တဲ့ကမ်းဖြူရွာကို
ပြောင်းသွားတာကြာပြီ…ဒီလူနဲ့က ဒေါ်ရင်လှရဲ့
သုဘတုန်းကပဲနောက်ဆုံး ဆုံခဲ့ကြတာ…
ဒေါ်ရင်လှကလည်း နောက်မျိုးဆက်မရှိတော့
ဒေါ်ရင်လှကျန်တဲ့အမွေက သူရသွားတာပေါ့ဗျာ…”

ဟု…သူကြီးဦးလူမောင်က ဖြေလေသည်။

“ခက်တော့ခက်သား…
ရင်လှကလည်း သူ့လက်ကောက်ကို ပြန်မပေးတာကို
စွဲလမ်းပြီး မကျွတ်မလွှတ်ဖြစ်နေတာ…
ညွှန့်မောင်ကိုရှာပြီး လက်ကောက်ပြန်တောင်းရင်လည်း
မလွယ်လောက်ဖူး…”

“ဒါဆို…ကျုပ်တို့ ကမ်းဖြူရွာကိုလိုက်သွားပြီး
ပြောကြည့်မယ်လေဘွား…”

ရှင်ညိုကပြောတော့ ဘွားမယ်စိန်သည် ဒေါ်ရင်လှကို
ကြည့်၍ စဥ်းစားနေ၏။

“ရင်လှ…ညည်းကလက်ကောက်တစ်ကွင်းကိုစွဲလမ်းပြီးမကျွတ်နိုင်မလွတ်နိုင်ဖြစ်နေတာ…
ဟိုကညည်းပိုင်ဆိုင်သမျှကိုတောင် ရသွားတာလေအေ…
ဒါပေမယ့် ငါ့သမီးရှင်ညို…ညည်းစိတ်ထက်သန်နေတယ်ဆိုရင်တော့ ကမ်းဖြူရွာကိုသွားကြတာပေါ့အေ”

ဘွားမယ်စိန်စကားကြောင့် ရှင်ညိုဝမ်းသာသွားသည်။

“ဒါဆိုရင် ကြီးတော်…ကျုပ်တို့ပြန်လာခဲ့မယ်နော်…
ကျုပ်တို့ကြီးတော်ရဲ့လက်ကောက်ကိုလည်းရအောင်
ပြန်ယူလာမယ်သိလား… “

“အေး…အေး…အေး”

ဒေါ်ရင်လှ ဝမ်းသာအားရခေါင်းညိတ်သည်။

“ပြန်ကြစို့…မနက်စောစောမှ ကမ်းဖြူရွာကို
သွားကြတာပေါ့”

ဘွားမယ်စိန်တို့ရွာထဲသို့ပြန်ဝင်လာကြသည်။
ဒေါ်ရင်လှလည်း သင်္ချိုင်းသို့ပြန်သွားတော့၏။

“ဘွား…မနက်ကျရင် ကျုပ်ကောလိုက်ခဲ့မယ်ဗျ…
ဘာလို့ဆို…ညွှန့်မောင်က မယုံကြည်ဘူးပြောရင်
ကျုပ်ပါတော့ ပြောသာသေးတာပေါ့ဗျာ…”

“လိုက်လာပေးတော့ကောင်းတာပေါ့သူကြီးရယ်…
ဒါပေမယ့် အလှူကရှိသေးတယ်မဟုတ်လား”

“အလှူကိစ္စကပြီးပါပြီဘွားရယ်…
ကျုပ်လိုက်လာလို့ရပါတယ်ဗျ…”

“ဒီလိုဆိုရင်လည်းလိုက်ခဲ့ပေါ့ကွယ်…”

သူကြီးဦးလူမောင်က ကမ်းဖြူရွာသို့ဘွားမယ်စိန်တို့နှင့်
အတူလိုက်လာမည်ဖြစ်သည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့ သူကြီးဦးလူမောင်၊
မောင်အုန်းနဲ့လှည်းမောင်းသူတို့က ရှေ့မှနွားလှည်းတစ်စီးဖြင့် မောင်းထွက်သွားသည်။
ဘွားမယ်စိန်၊ရှင်ညိုနဲ့မောင်တိုးတို့က နွားလှည်းတစ်စီးဖြင့်
အနောက်မှလိုက်လာခဲ့ကြ၏။


ဘွားမယ်စိန်တို့ကမ်းဖြူရွာသို့ရောက်လာခဲ့ကြသည်။

“ဦးညွှန့်မောင်အိမ်ကဘယ်နားမှာလဲဗျ…
ညွှန်ပေးလို့ရမလားအစ်ကို…”

ရွာထဲ၌တွေ့သောရွာသားတစ်ဦးကို မောင်အုန်းက
မေးလိုက်သည်။

“ဦးညွှန့်မောင်…ဦးညွှန့်မောင်က ဆုံးတာကြာပြီဗျ”

“ဗျာ…”

ရွာသား၏စကားကြောင့် မောင်အုန်းနဲ့ဘွားမယ်စိန်တို့မှာ
အံ့သြသွားကြသည်။

“ငါ့ညီတို့သူ့အိမ်လာတာဆိုရင်တော့
သူ့သမီးတွေတော့ရှိတယ်…
ကျုပ်လိုက်ပို့ပေးရမလား”

“ဘွား…ဘယ်လိုလုပ်ကြမလဲဗျ”

မောင်အုန်းက ဘွားမယ်စိန်ကိုပြန်မေးလိုက်သည်။

“ဘယ်တတ်နိုင်မလဲ…ရှိတဲ့လူနဲ့ပဲတွေ့ကြတာပေါ့ကွယ်…”

“ဒါဆို ကျုပ်တို့ကိုလိုက်ပို့ပေးပါဦးအစ်ကိုရာ…”

“အေးကွာ…ငါ့ညီတို့နောက်ကနေမောင်းလာခဲ့ကြ…
ကျုပ်ရှေ့ကသွားမယ်”

ရွာသားကလည်း အိမ်အထိလိုက်ပို့ပေးသည်။

“မခင်ချော…ဗျို့…မခင်ချော…
ဧည့်သည်လာတယ်ဗျ”

“ဘယ်သူတွေလဲဟဲ့…”

“မသိဘူးဗျို့ ထွက်သာကြည့်လိုက်တော့…
ကျုပ်ကတော့လိုက်ပို့ပေးထားပြီဆိုတော့ပြန်​တော့မယ်…”

“ကျေးဇူးပဲဗျ အစ်ကို…”

“ရတယ်ညီရေ”

ရွာသားက အိမ်ရှင်ကိုအော်ခေါ်ပေးပြီးနောက်
ပြန်သွားတော့သည်။
အိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာခဲ့ပြီး
ဘွားမယ်စိန်တို့ကိုကြည့်၍…

“ဘယ်သူတွေလဲရှင့်…”

ဟု…မေးလိုက်သည်။
ဘွားမယ်စိန်တို့လည်း နွားလှည်းပေါ်မှဆင်း၍…

“ဘွားတို့လာတာကတော့ ညွှန့်မောင်ဆီကိုပါ…
အခုတော့သူဆုံးသွားပြီလို့သိရတော့ ဒီက
တူမကြီးတို့နဲ့ပဲတွေ့ရမှာပေါ့အေ…”

“သြော်…အဖေ့အသိတွေလား”

“အသိတော့မဟုတ်ပါဘူးအေ…
ညွှန့်မောင်ရဲ့အစ်မ ရင်လှကိစ္စပြောချင်လို့လာခဲ့ကြတာပါ”

“ရှင်…”

“ဟဲ့…အငယ်မ…ဧည့်သည်တွေကို
အိမ်ထဲခေါ်ခဲ့လေအေ…”

အိမ်အတွင်းမှ အော်ပြောသံကြောင့် အမျိုးသမီးကလည်း

“အိမ်ထဲကိုဝင်ကြပါရှင့်…အထဲရောက်မှပြောကြတာပေါ့”

ဟုပြောကာ ဘွားမယ်စိန်တို့ကို အိမ်ထဲသို့
ခေါ်သွားလေသည်။

“ထိုင်ကြပါဦး…ဘယ်ကနေများလာကြတာလဲ”

အိမ်ထဲ၌ရှိသော အမျိုးသမီးကြီးက ဘွားမယ်စိန်တို့
နေရာထိုင်ခင်းပေးလေသည်။

“ဘွားတို့က သောင်ထွန်းရွာကပါ…
ပူကင်းရွာကိုအလှူသွားရင်းနဲ့…တူမကြီးတို့အဒေါ်ရဲ့
ကိစ္စပေါ်လာလို့ ဒီကိုပဲတန်းထွက်လာခဲ့ကြတာ”

“အဒေါ်…ကျုပ်တို့အဒေါ်ဆိုတာဘယ်သူများလဲ”

အမျိုးသမီးကြီးက မေးတော့ ရွာသူကြီးဦးလူမောင်က…

” ဦးကြီးက ပူကင်းရွာကသူကြီး ဦးလူမောင်လို့
ခေါ်ပါတယ်တူမကြီး…
တူမကြီးရဲ့အဖေနဲ့တော်စပ်တဲ့ အဖေတူအမေကွဲအစ်မ
ဒေါ်ရင်လှကိစ္စကြောင့် ဦးကြီးတို့ရောက်လာကြတာပါ”

“သြော်…ဟုတ်ကဲ့…ဒေါ်ရင်လှဆုံးသွားတာလည်း
အတော်ကြာပြီနော်…ဘာကိစ္စများရှိလို့လဲမသိဘူး…
ကျုပ်က ဦးညွှန့်မောင်ရဲ့သမီးကြီး မခင်ကြီးပါ…
သူကတော့အငယ်မ ခင်ချောလို့ခေါ်ပါတယ်…”

“အေးကွယ်…ဘွားတို့လာရတာကလဲ…
ညည်းတို့ရဲ့အဒေါ်ဖြစ်သူ အခုချိန်ထိ
မကျွတ်မလွတ်ဖြစ်နေသေးတဲ့ကိစ္စကို
လာပြောရတာပါ…”

“ရှင်…ဟုတ်လို့လား အမေကြီးရယ်…
မဖြစ်နိုင်တာတော်…”

“ဟုတ်ပါ့တော်…မဖြစ်နိုင်တာ…”

မခင်ကြီးတို့ညီအစ်မက မယုံကြည်ကြပေ။

“တူမကြီးတို့…ဟောသည်ဘက်က အဘွားက
သောင်ထွန်းရွာတင်မကဘူး တခြားရွာတွေကိုပါ
ကူညီပေးနေတဲ့သူပါ…ဦးကြီးကလည်း ရွာသူကြီးတစ်ယောက်အနေနဲ့ လိမ်စရာအကြောင်းမရှိပါဘူးကွယ်…
နောက်ပြီး တူမကြီးတို့ရဲ့အဖေကိုညွှန့်မောင်ကို
ဒေါ်ရင်လှရဲ့အမွေတွေလွှဲပေးခဲ့တာလည်း
ဦးကြီးကိုယ်တိုင်ပါပဲ…”

သူကြီးဦးလူမောင်က ပြောတော့ မခင်ကြီးတို့မှာ
မျက်နှာပျက်သွားကြသည်။

“ဒီမှာအစ်မတို့…အစ်မတို့မှာသူ့ရဲ့အမွေတွေကိုလည်း
စံစားနေကြရပြီ…အခုချ်ိန်တော့ သူ့အတွက်
ပြန်ကြည့်ပေးဖို့သင့်ပါတယ်…”

“ဟေ့ကလေးမ…ငါတို့ကရောဘာပြောနေလို့လဲ…
ပြောဒါဆို…ကျုပ်တို့ကသူ့အတွက်ဘာလုပ်ပေးရမှာလဲ”

မခင်ကြီးက ရှင်ညိုကို မကြည်သလိုကြည့်၍
သူကြီးဦးလူမောင်ကိုမေးလိုက်သည်။

“အင်း…ဒေါ်ရင်လှက ညည်းအဖေကို
ငှားပေးလိုက်တဲ့လက်ကောက်ကလေး…
အဲ့သည်လက်ကောက်ကလေးကိုစွဲလမ်းနေရှာတာ…
ဒီလက်ကောက်လေးကြောင့်ပဲသူ့မှာ
မကျွတ်မလွတ်ဖြစ်နေရှာတာတူမကြီးရဲ့…”

“လက်ကောက်…ဒါဆို မမ…အဖေ သိမ်းထားတဲ့
လက်ကောက်လေးထင်တယ်နော်…”

မခင်ချောက ပြောတော့ မခင်ကြီးက မခင်ချောကို
မျက်စောင်းထိုးသည်။

“နင်အသာနေစမ်းပါခင်ချောရယ်…
ငါပြောပါ့မယ်…ဒီမှာဦးကြီး…အဖေနဲ့သူတို့
ဘယ်လိုဘယ်ပုံချေးခဲ့ငှားခဲ့တယ်ဆိုတာ
ကျုပ်မသိဘူး…ကျုပ်တို့ဆီလည်း ဘာလက်​ကောက်မှ
မရှိလို့… သူ့ကိုပေးစရာလည်းမရှိဘူး…”

မခင်ကြီးက မလိုလားဟန်ဖြင့် ဘွားမယ်စိန်တို့ကို
ပြောသည်။

“မရှိရင်လည်း…ရပါတယ်ကွယ်…
ဘွားတို့က တူမကြီးတို့ဆီကိုလာပြီး
ဓားပြတိုက်တာလည်းမဟုတ်ပါဘူး…
အခုကလည်းကိုယ်ကျိုးထက်သူ့အကျိုးကို
ဆောင်ပေးချင်လို့သာ လာခဲ့ရတာပါ…
ပြေပြေလည်လည်သာပြောပါကွယ်…”

ဘွားမယ်စိန်က ထိုသို့ပြောပြီး ထိုင်ရာမှ ထလိုက်တော့သည်။

“ပြန်ကြမယ်ကွဲ့…လာရင်းကိစ္စပြီးပြီဆိုတော့…
ပြန်ကြတာပဲကောင်းပါတယ်…”

ဘွားမယ်စိန် အိမ်အပြင်သို့ထွက်သွားတော့သည်။
ရှင်ညိုတို့လည်း အတူလိုက်လာခဲ့ကြ၏။
နွားလှည်းပေါ်ကိုယ်စီပြန်တက်ပြီး
ကမ်းဖြူရွာမှထွက်လာခဲ့ကြတော့သည်။
နွားလှည်းပေါ်၌လည်း
စကားသံများကတိတ်ဆိတ်လို့နေခဲ့သည်။

“နေပါဦး…နေကြပါဦးရှင့်….”

အနောက်မှအော်သံကြောင့် ဘွားမယ်စိန်တို့
လှည့်ကြည့်မိရာ မခင်ချောဖြစ်နေခဲ့သည်။
ဘွားမယ်စိန်တို့နွားလှည်းလေးကိုရပ်၍ လှည်းအောက်သို့
ဆင်းလိုက်ကြသည်။
မခင်ချောမှာ ပြေးလာ၍အတော်လေးမောဟိုက်နေပုံရ၏။

“တူမကြီး…ဘာကိစ္စရှိလို့်များ…ပြေးလိုက်လာရတာလဲ”

“အမယ်လေး…ဟူး…မောလိုက်တာအမေကြီးရယ်…
ကျုပ်…ဒါလေး…ဒါလေးကို…လိုက်ပေးတာပါ…”

မခင်ချောကလက်ထဲ၌ကိုင်လာသောပုဝါလေးအား
ဘွားမယ်စိန်ကိုပေးလေသည်။
ဘွားမယ်စိန်ပုဝါလေးကိုဖြည်ကြည့်လိုက်တော့
ရွှေလက်ကောက်လေးတစ်ကွင်းအားတွေ့လိုက်ရ၏။

“ကျုပ်အဖေ မသေခင်က ဒီလက်ကောက်လေးကို
ထုတ်ထုတ်ကြည့်နေတာကျုပ်သတိထားမိတယ်
အမေကြီး…
ဘယ်သူဘယ်ဝါဟာဆိုတာကျုပ်အခုမှပဲ
သေချာသိလိုက်ရတာ…
မမခင်ကြီးကတော့ မပေးချင်ပေမယ့် ကျုပ်ကတော့
ပေးလိုက်ချင်တယ်အမေကြီးရယ်…
အဖေရှိရင်လည်း အခုလိုပေးလိုက်မယ်ဆိုတာကျုပ်သိတယ်လေ…ဒါကြောင့် အမေကြီးတို့ယူသွားလိုက်ပါ…
ကျုပ်အဒေါ်အတွက် ဒီလက်ကောက်ကိုအမေကြီးတို့ဆီကို
ကျုပ်အပ်ပါတယ်တော်…”

ဟု…မခင်ချောကပြောလေသည်။
သူကြီးဦလူမောင်တို့ မောင်တိုးတို့မှာ ဝမ်းသာနေကြသည်။

“စိတ်ချပါကွယ်…ဘွားတို့ကလည်း ရင်လှကို
ကျွတ်လွတ်စေချင်တဲ့စိတ်နဲ့ပဲရောက်လာတာပါ…
ဒီပစ္စည်းကိုယူသွားပြီးရင်လည်း သူ့အတွက် ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပေးနိုင်ဖို့စီစဥ်မှာပါ…”

“ဒါဆိုရင်တော့ ကျုပ်လည်း
လိုက်ချင်ပါသေးတယ်အမေကြီး…
ဒီပစ္စည်းကိုထုခွဲရောင်းချပြီးမှ အလှူအတန်းလုပ်ရမယ်
ဆိုရင် အလှုအတန်းလုပ်တဲ့ငွေကိုကျုပ်ထုတ်ပေးပါ့မယ်…ဒါပေမယ့် လက်ကောက်လေးကိုတော့
ကျုပ်ပြန်ယူပြီး သိမ်းထားချင်တယ်အမေကြီးရယ်…”

“လိုက်ခဲ့တော့ကောင်းတာပေါ့အေ…
ဟိုရောက်မှ စီစဥ်ကြတာပေါ့”

“ဒါဆိုရင်ခဏစောင့်ပါ…
ကျုပ်မောင်ဝမ်းကွဲတွေကိုခေါ်ပြီး လှည်းနဲ့လိုက်ခဲ့ပါ့မယ်…”

“အေး…အေး…အေး…ဘွားတို့စောင့်ပါ့မယ်”

မခင်ချောတစ်ယောက် ရွာထဲပြန်ဝင်သွားသည်။
ဘွားမယ်စိန်တို့ကလည်း မခင်ချောပြန်အလာကို
စောင့်ပေးကြရှာသည်။
ခဏမျှကြာတော့ မခင်ချောသည် မောင်ဝမ်းကွဲနှစ်ယောက်ကိုခေါ်၍ နွားလှည်းတစ်စီးဖြင့်
ပြန်ရောက်လာခဲ့သည်။

“အမေကြီး…ကျုပ်တို့သွားကြတာပေါ့”

ပူကင်းရွာသို့အပြန်ခရီး၌…
မခင်ချောတို့နွားလှည်းက နောက်ဆုံးမှမောင်း၍
လိုက်လာခဲ့သည်။

“ဟော…အမေတို့ပြန်လာပြီပဲ…”

ပူကင်းရွာသို့ရောက်တော့ ဒေါ်ဝင်းနှင့်နန်းကြိုင်တို့ကို
ဘွားမယ်စိန်တွေ့လိုက်ရသည်။

“မိဝင်း…ညည်းဘယ်လိုရောက်လာတာလဲအေ့”

“အိုအမေရယ်…အမေတို့ကအလှုသွားတာ
နှစ်ရက်သုံးရက်လောက်အထိပြန်မလာတော့
ကျုပ်တို့လည်းစိတ်ပူပြီးလိုက်လာရတာပေါ့တော်…
ဒီကိုရောက်မှသူကြီးကတော်ကပြောပြလို့ စိတ်အေးရတယ်အမေရယ်…”

“အကြောင်းလေးပေါ်လာလို့ ခရီးဆက်တာပါအေ…
ရောက်လာမှတော့မထူးပါဘူး…အတူတူပြန်ကြတာပေါ့…
ဒါနဲ့ညည်းဘယ်သူနဲ့လာတာလဲအေ့”

“အမေ့သားအလတ်ကောင်လိုက်ပို့တာအမေ…
ဟို​မှာလေ ထိုင်နေလေရဲ့”

ဘွားမယ်စိန်လည်း ဒေါ်ဝင်းနှင့်စကားပြောနေခဲ့သည်။
မခင်ချောတို့ကိုတော့ သူကြီးဦးလူမောင်က
နေရာထိုင်ခင်းပေး၏။
ထိုနေ့ကတော့ သူကြီးဦးလူမောင်၏နေအိမ်၌
လူစုံနေခဲ့သည်။

ညသို့ရောက်တော့ သူကြီးအိမ်၌ဘွားမယ်စိန်တို့အုပ်စုနှင့်
သူကြီးဦးလူမောင်တို့မိသားစုသာကျန်ရှိ၏။

“အမေကြီး ဒေါ်ရင်လှကို ကျုပ်ခေါ်လိုက်တော့မယ်နော်…”

ဘွားမယ်စိန်ကခွင့်ပြုတော့
ရှင်ညိုသည် ဒေါ်ရင်လှ၏ဝိညာဥ်ကို ခေါ်လိုက်သည်။

“ဟင်းး…ဟင်း…ဟင်းးး…ဟင်းးးးးးးး”

ဒေါ်ရင်လှ၏ဝိညာဥ်က နံဘေး၌ထိုင်နေသော
နန်း​ကြိုင်၏ကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်ခဲ့သည်။

“ကြီးတော်…ဒါကြီးတော်ရဲ့တူမ မခင်ချောတဲ့”

ရှင်ညိုကပြောတော့ ဒေါ်ရင်လှသည် မခင်ချောကိုကြည့်၍
ငိုပြန်၏။
တရှုံ့ရှုံ့ငိုနေသော ဒေါ်ရင်လှကိုကြည့်၍ မခင်ချောမှာလည်း စိတ်မကောင်းဖြစ်နေရှာသည်။

“ဒေါ်ကြီး…ဒီမှာလေ…ဒေါ်ကြီးလိုချင်နေတဲ့လက်ကောက်”

“ဟင်…ငါ့လက်ကောက်လေး”

မခင်ချောက ပုဝါကိုဖြည်ပြီး လက်ကောက်လေးကိုပြတော့ ဒေါ်ရင်လှဝမ်းပန်းတသာနဲ့လက်ကောက်လေးကို
ယူလိုက်လေသည်။

“အဖေကလည်း ဒီလက်ကောက်လေးကို
သေချာသိမ်းဆည်းပေးခဲ့တာဒေါ်ကြီးရဲ့…
အခုဒေါ်ကြီးအဖြစ်ကိုကြားရလို့သာ
ကျုပ်လိုက်လာခဲ့တာ…
အဖေအမြတ်တနိုးနဲ့သိမ်းထားတဲ့လက်ကောက်လေးကို
ကျုပ်သေချာသိမ်းဆည်းပေးထားပါတယ်
ဒေါ်ကြီးရယ်…”

မခင်ချောစကားကို ဒေါ်ရင်လှမျက်ရည်များဖြင့်
ခေါင်းညိတ်လိုက်သည်။

“ညည်းရဲ့လက်ကောက်လည်းရပြီဆိုတော့
ဘွားတို့ဘက်ကနေ ညည်းဒီဘဝကနေ ကျွတ်လွတ်ဖို့
အတွက်ဘာတွေစီစဥ်ပေးရမလဲ…”

“ကျုပ်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုနဲ့
အမျှအတန်းလေးပေးဝေပေးပါအမေကြီး…
ကျုပ်ရဲ့စိတ်ဆန္ဒလည်းပြည့်ဝပြီမလို့
ကျုပ်သာဓုခေါ်ပါ့မယ်တော်…”

“အေး…ညည်းတူမကတော့ ညည်းအတွက်
ကုသိုလ်ကောင်းမှုကိုလုပ်ပေးမယ်လို့
ဘွားတို့ကိုပြောတယ်…ဒါပေမယ့်…
ဒီလက်ကောက်လေးကိုတော့သူပဲ
သိမ်းထားချင်တယ်တဲ့အေ့…”

ဘွားမယ်စိန်ကပြောတော့ ဒေါ်ရင်လှသည်
မခင်ချောကိုကြည့်၏။

“ကျုပ်လက်ခံပါတယ်…ကျုပ်တူမယူထားမယ်ဆိုရင်
ယူထားလို့ရပါတယ်…”

“ဝမ်းသာလိုက်တာဒေါ်ကြီးရယ်…”

မခင်ချောဝမ်းသာအားရပင်ပြောလိုက်သည်။
ဒေါ်ရင်လှကလည်း ပြုံးနေခဲ့၏။

“ကျုပ်သွားတော့မယ်အမေကြီး…
လူတွေကြားထဲနေရတာကျုပ်ပူတယ်…
ကျုပ်အတွက်ကုသိုလ်ကောင်းမှုလုပ်ရင်
ကျုပ်ကိုသင်္ချိုင်းမှာလာခေါ်ပေးပါ…
ကျုပ်စောင့်နေပါ့မယ်…”

“အေး…အေး…စိတ်ချပါအေ…
လာခေါ်ပေးပါ့မယ်…”

ဒေါ်ရင်လှ၏ဝိညာဥ်သည် နန်း​ကြိုင်၏ကိုယ်အတွင်းမှ
ထွက်ခွာသွားခဲ့၏။
လက်ကောက်လေးကိုတော့ မခင်ချောထံသို့
ဘွားမယ်စိန်ကပြန်အပ်လိုက်လေသည်။

“ကျုပ်တို့ကဒီမှာကြာကြာနေလို့မဖြစ်လို့
မနက်ဖြန်မနက်ပဲ ကုသိုလ်ကောင်းမှုလေးလုပ်ပေးချင်ပါတယ်… သူကြီးနဲ့အမေကြီးတို့ ကျုပ်ကို
ကူညီပေးကြပါဦးနော်…”

“စိတ်ချပါတူမကြီး…
ကျုပ်တတ်နိုင်တာမှန်သမျှကူညီပေးပါ့မယ်…”

ရွာသူကြီးဦးလူမောင်က မခင်ချောကို ကူညီပေးမည့်
အကြောင်းပြောလေသည်။
နောက်ရက်၌ ဘုန်းကြီးများကိုပင့်ဖိတ်ပြီး
ဒေါ်ရင်လှအတွက်ကုသိုလ်ကောင်းမှုများလုပ်ပေးကြ၏။
ဒေါ်ရင်လှကိုတော့ရှင်ညိုနဲ့မောင်တိုးတို့က
သင်္ချိုင်းထိသွား၍ ခေါ်ခဲ့ကြရသည်။
အမျှအတန်းပေးဝေပြီးနောက်မှ ဘွားမယ်စိန်တို့လည်း
အနားယူကြရသည်။

“အစ်မ ဒေါ်ကြီးကတော့ ကျွတ်လွတ်သွားရှာပြီ…
ကျုပ်တော့သူ့အစားဝမ်းသာမိတယ်…
နောက်ပြီးအစ်မသာလိုက်မလာရင် သူ့အတွက်
ကျုပ်စ်ိတ်မကောင်းဖြစ်ရဦးမှာ….အစ်မကလေ
အစ်မရဲ့အစ်မလိုမဟုတ်ဘဲ စိတ်ထားလေးက
တကယ်ကောင်းတယ်…”

ရှင်ညိုက မခင်ချောကို ပြောလေတော့ မခင်ချော
ပြုံးသွားသည်။

“မမက နည်းနည်းတော့ စိတ်ကြမ်းလူကြမ်းဆန်တယ်
ညီမလေးရဲ့…ဒါကြောင့် သူ့စိတ်ကိုနားလည်ရခက်ကြတာ”

“နည်းနည်းမဟုတ်ပါဘူးတော်…
အများကြီးပါ…”

ရှင်ညိုစကားပြောဟန်ကိုကြည့်ပြီး မခင်ချောမှာ
သဘောကျနေခဲ့ရှာသည်။
ထိုသို့ဖြင့်နောက်တစ်ရက်နံနက်၌
မခင်ချောတို့လည်း ကမ်းဖြူရွာသို့
ပြန်သွားကြသလို ဘွားမယ်စိန်တို့လည်း
သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။

ထမိန်ရင်လျားနဲဲ့ဒေါ်ရင်လှကြီးလည်း အစွဲအလမ်းကို
​ဖြတ်ပြီး ကျွတ်လွတ်သွားခဲ့ရှာသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)