စာမူ…၁၅၇

စဆုံး

ထိုနေ့ကသူကြီးဦးနောင်ချိုတစ်ယောက်
ခြံဝိုင်းထဲရှိ တမာပင်အောက်၌ ခုံလေးတစ်လုံးချကာ
ထိုင်နေခဲ့သည်။
အတွေးများဟိုရောက်သည်ရောက် နယ်ချဲ့နေခန့်တွင်…

“သူကြီး…သူကြီး…သူကြီးရေ…”

ဟူသောအသံကိုကြားလိုက်ရသည်။

“ဟေ့…ဘယ်သူလဲကွ…ငါဒီမှာ…”

ဟု…သူကြီးဦးနောင်ချိုကအော်ပြောလေတော့မှ
ရောက်လာသူမှာ မောင်တိုးနဲ့မောင်အုန်းတို့ဖြစ်နေကြလေသည်။

“ဟေ့ကောင်တွေ…ဘာဖြစ်လာကြတာလဲကွ…ဘာဖြစ်လာကြတာလဲ…”

“သရဲဗျ…သရဲ”

“မဟုတ်ပါဘူးကွာ…တစ္ဆေလို့ပြောတယ်”

“ဟာ…မင်းတို့ဘာဖြစ်နေကြတာလဲ…”

မောင်တိုးနဲ့မောင်အုန်းတို့ တစ်ယောက်တစ်ပေါက်​ပြောနေ၍ သူကြီးဦးနောင်ချိုစိတ်မရှည်စွာမေးလေတော့သည်။

“တစ္ဆေတွေ့လို့ဗျ…”

“ဘယ်မှာလဲ…သင်္ချိုင်းကုန်းမှာလား…”

“ဟာဗျာ…မဟုတ်ပါဘူး…
ကျုပ်တို့ရွာအရှေ့က စေတီဟောင်းနားမှာ…
တစ္ဆေတွေ့တာတဲ့…”

“ဟေ…စေတီဟောင်းနားဆိုတော့လူသူမှမနေတာ
သရဲတွေ…တစ္ဆေတွေရှိချင်ရှိမှာပေါ့ကွာ…ဒါပေမယ့်
မင်းတို့နှစ်ကောင်က ဘွားဆီကိုမသွားဘဲ
ဘာကြောင့်ငါ့ဆီအပြေးရောက်လာကြရတာတုန်း…”

“ဘွားကမရှိဘူးဗျ…
ဒေါ်စောကြီးကသူ့ရွာအလှုရှိတယ်ဆိုပြီးမနေ့ကတည်းက
လာခေါ်သွားတာ…အဲ့တာကြောင့် သူကြီးဆီကိုပဲ
လာခဲ့ရတာဗျ…”

“အေး…ဒါဆိုရင် အဲ့သည်တ​စ္ဆေကိုဘယ်သူတွေ့တာလဲ…
မင်းလား…မောင်တိုးလား”

“ကျုပ်တို့မဟုတ်ဘူးဗျ…
ဒီလိုသူကြီးရဲ့…ဒေါ်သန်းက ကြက်သားတောင်းရွက်ပြီး
မနက်အစောကြီးတစ်ဖက်ရွာကိုသွားရောင်းတတ်တာ
သူကြီးလည်းသိတာပဲလေ…အဲ့တာ ဒီကနေ့ကျမှ
အဲ့သည်စေတီဟောင်းအနားရောက်တော့
ကြက်သားတောင်းက လျော့သွားတယ်လို့ခံစားရပြီး
တောင်းကိုချကြည့်တာတဲ့…
အဲ့သည်တော့မှ အနောက်မှာသူ့ကြက်တွေကို
အားရပါးရစားနေတဲ့ မည်းမည်းကောင်ကြီးကို
မြင်လိုက်ရတာပဲတဲ့…သူလည်းကြောက်လန့်ပြီး
ပြေးမိပြေးရာထွက်ပြေးခဲ့ရတယ်ဆိုပဲဗျ…”

မောင်အုန်းရှင်းပြတာကိုနားထောင်အပြီး
သူကြီးဦးနောင်ချိုက…

“အဲ့သည်တော့ငါကဘာလုပ်ပေးရမှာလဲကွ…”

“ဟာဗျာ…ဒီတစ္ဆေကရွာထဲဝင်ပြီးလူတွေကို
ဒုက္ခပေးရင်အခက်ဆိုပြီး ရွာထဲကလူတွေကစိတ်ပူနေကြပြီဗျ…”

“အေး…ဒါဆိုရင်တော့ အဲ့သည်ကိစ္စမင်းတို့ပဲ
ကြည့်စီစဥ်ကြကွာနော့…တခြားသူခိုးဂျပိုးတွေကိစ္စကိုတော့ငါပဲစီစဥ်ပါ့မယ်ကွာ…”

သူကြီးဦးနောင်ချို၏စကားကြောင့်မောင်တိုးနဲ့
မောင်အုန်းမှာ အချင်းချင်းမျက်နှာကြည့်၍
သက်ပြင်းချကုန်ကြသည်။

သူကြီးဦးနောင်ချို၏အိမ်မှပြန်လာခဲ့ကြပြီး
ရွာလမ်းမတစ်နေရာ၌ ထိုင်၍…

“ကိုကြီးအုန်းဘယ်လိုလုပ်ကြမလဲဗျ”

“ငါလည်းဘယ်သိမလဲမောင်တိုးရာ…
ဘွားကလည်းမရှိတာသိသိနဲ့ သူကြီးကငါတို့ကို
လွှဲပြီးခေါင်းရှောင်တာကွ…ဟင်း….”

မောင်အုန်းက ရွာကာလသားခေါင်းဆောင်ဖြစ်၍
သူကြီးဦးနောင်ချို၏အမိန့်ကိုမလွန်ဆန်နိုင်ရှာပေ။
ထို့ကြောင့်လည်းစိတ်ညစ်နေရှာ၏။
မောင်အုန်းကိုကြည့်ပြီး မောင်တိုးလည်း
သက်ပြင်းချရှာသည်။
ခဏမျှကြာလေတော့ အတွေးတစ်ခုရလာပြီး…

“ကိုကြီးအုန်း…အခုကဘွားတစ်ယောက်ထဲပဲ
အလှုပွဲကိုလိုက်သွားတာမလား”

“အေးလေကွာ…”

“ဒါဆို ရှင်ညိုရှိတာပဲဗျ…”

“ဟေ…အေး…ရှင်ညိုရှိတာပဲ…”

မောင်တိုးက ရှင်ညိုကိုသတိရ၍ ပြောလိုက်သော်အခါ
မောင်အုန်းမှာ အတော်လေးဝမ်းသာသွားရှာသည်။

“လာကွာမောင်တိုး…တို့…ရှင်ညိုဆီသွားကြရအောင်”

ချက်ချင်းပင် မောင်အုန်းတစ်ယောက် ရှင်ညိုထံသို့
သွားတော့သည်။

“ရှင်ညိုရေ…ရှင်ညို…”

ခြံဝိုင်းထဲသို့ ရှင်ညိုအမည်ကိုသာခေါ်၍ဝင်လာသော
မောင်အုန်းကြောင့် ဒေါ်ဝင်းတို့ပင်.အလန့်တကြားဖြစ်ကုန်ရသည်။

“ဟဲ့…ဟဲ့ဘာဖြစ်လာကြတာလဲ…”

“အရီး… ရှင်ညိုကော…”

ဒေါ်ဝင်းကိုမောင်အုန်းကမေးတော့…

“ကျုပ်…ဒီမှာကိုကြီးအုန်း”

ဟု…လှေကားထိပ်မှဆင်းလာသော ရှင်ညိုက
ဖြေလေသည်။

“ရှင်ညိုရေ…ငါတို့ကိုသူကြီးက ကိစ္စကြီးတစ်ခုကို
ခေါင်းလွှဲလိုက်တယ်ဟေ့…အဲ့တာ ဘွားကလည်းမရှိတော့
ညည်းကိုပဲအားကိုးရ​တော့မှာပဲဟ”

“ဘာကိစ္စများဖြစ်လို့လဲတော့်”

“အေးလေ…ဘာတွေဖြစ်နေကြတာလဲ…
နင်တို့ကိုကြည့်ရတာလည်း အပူရုပ်တွေနဲ့ဟယ်…”

“ဒီရုပ်တွေပေါက်မှာပေါ့ဗျာ…
အရီးတို့ကတစ်ယောက်မှရွာထဲကိုမရောက်
ကြသေးတာလား…အေးလေ…မရောက်လို့ပဲ
မသိကြသေးတာပေါ့…
ဒီလိုဗျအရီးရဲ့…မနက်က ရွာအရှေ့ဘက်ကစေတီဟောင်းနားမှာ ကြက်သားသည် ဒေါ်သန်းရဲ့ကြက်တွေ
သရဲအဆွဲခံလိုက်ရတယ်တဲ့…ဒီသတင်းကရွာထဲတောင်
ပျံ့နေပါပြီဗျာ…အဲ့သည်သရဲကိစ္စကို ရှင်းပေးမယ့်
ဘွားကလည်း ရွာမှာမရှိတော့ သူကြီးက
ကျူပ်တို့ကို တာဝန်ပြန်လွှဲသွားတယ်ဗျ…
ကျုပ်တို့လည်း စိတ်ညစ်ညစ်နဲ့ထိုင်နေရာက
ရှင်ညိုကိုသတိရလို့ ရောက်လာခဲ့ကြတာ…”

ဟု…မောင်တိုးက ပြောပြလေသည်။

“သြော်…ဒီလိုဆိုရင် ကိုကြီးတိုးနဲ့…ကိုကြီးအုန်းတို့က
ကျုပ်ကို ထပ်ပြီးတာဝန်လွှဲပေးချင်ကြတာပေါ့လေ…
ဟုတ်လား”

“ဟာ…အဲ့သည်လိုတော့မဟုတ်ပါဘူးငါ့ညီမရယ်…
ငါတို့ကညည်းရှေ့ကနေသွားရင်တောင် အနောက်ကနေ
အတူတူလိုက်လာမယ့်ကောင်တွေပါဟ…”

မောင်တိုးက ရှင်ညိုကိုပြန်ကာပြောတော့ မောင်အုန်းကလည်း ခေါင်းညိတ်ထောက်ခံသည်။

“အေးလေ…ငါတို့လည်း ညည်းနဲ့
အနောက်ကအတူတူလိုက်မှာပါဟ…
ဒါပေမယ့် ငါကနောက်နှစ်ဆိုရင်
မိန်းမယူတော့မှာဆိုတော့အရေးကြုံရင် အရင်တော့
ပြေးပါရစေဟာ…မဟုတ်ရင် ငါ့ရဲ့ဇနီးလောင်း နုယဥ်လေး ရွာမှာအထီးကျန်နေခဲ့မှာစိုးရိမ်လို့ပါ…”

“ဟာဗျာ…ခင်ဗျားကရှိတဲ့သူဆိုတော့ ကြွားနိုင်တာပေါ့…
ကျုပ်ကျတော့ဘယ်လိုလုပ်ရမလဲ”

“အမယ်လေးမောင်တိုးရယ်…
ရွာထဲက မိဂွက်က နင့်အတွက်ပါဟဲ့…ဘာမှမပူပါနဲ့”

“ဟာဗျာ…အရီးကလည်း”

ဒေါ်ဝင်းက ရွာထဲရှိ မွေးရာပါစိတ်မနှံ့ရှာသော
မိဂွက်နှင့်မောင်တိုးကိုစလေသည်။
မိဂွက်ကအသက်အားဖြင့်လေးဆယ်ကျော်မျှရှိပြီဖြစ်သည်။
ထိုမိဂွက်ဖြင့်စနောက်ခံရ၍ မောင်တိုးမှာ..
ဟာဗျာ…ဟာဗျာ…ဖြင့်သာ ပြောနိုင်ရှာတော့သည်။

“ဒါနဲ့ရှင်ညို…ဒီသရဲကိုဘယ်တော့သွားရှင်းကြမလဲ…”

“ဒီညသွားရှင်းတာပေါ့…ဘာလဲ…ကိုကြီးအုန်းတို့က
လိုက်ကြဦးမှာလား…မလိုက်လည်းဖြစ်တယ်နော်…
ကျုပ်ဘာသာသွားလို့ရတယ်…”

“အမယ်လေးဗျာ…မလိုက်လို့ရမလား…
ညည်းတစ်ယောက်ထဲတော့မသွားပါနဲ့…
ငါတို့လည်းအတူတူလိုက်မှာပေါ့ဟ…”

“ဟုတ်ပြီလေတော်…ဒါဆိုရင် ညသန်းခေါင်
မတိုင်ခင်လာခဲ့ကြပေါ့…သန်းခေါင်ရောက်တာနဲ့
သွားကြမယ်…”

“ညည်းကလည်း သန်းခေါင်အထိကိုစောင့်နေမှာလား…
မိုးလေးချုပ်တာနဲ့သွားလို့ရပါပြီဟ…”

“ဟောတော်…ဒါဖြင့်လည်းကိုကြီးအုန်းဘာသာပဲသွားတော့…ကျုပ်ကတော့ မလိုက်တော့ဘူး”

ဟု…ရှင်ညိုကပြောလေတော့မောင်အုန်းပြာပြာသလဲဖြင့်

“အဲ့လိုတော့မလုပ်ပါနဲ့ဟာ…
သန်းခေါင်မတိုင်ခင်ငါတို့လာခဲ့ပါ့မယ်….နော် ရှင်ညို”

ဟု…ပြောရှာသည်။

“ဒါဆိုလည်းပြီးတာပဲ…”

မောင်တိုးနဲ့မောင်အုန်းတို့မှာ ဘွားမယ်စိန်မရှိ၍…
ရှင်ညိုကိုသာချော့မော့ပြောနေရသည်။
ရှင်ညိုကဘွားမယ်စိန်ကဲ့သို့မဟုတ်…စိတ်ဆတ်လှ၏။
ဘွားမယ်စိန်ကလည်း သူတို့အား…

“ဘွား…ရွာမှာမရှိတဲ့အခိုက်…တစ်ခုခုများဖြစ်လာခဲ့ရင်
မောင်ရင်တို့ညီမရဲ့အနောက်မှာပဲရှိနေပေးကြပါ…
သူကစိတ်ဆတ်တယ်…အရွယ်လေးကလည်းငယ်သေးတော့ ထိန်းသင့်တာထိန်းတားသင့်တာတားဖို့လည်း
လက်မနှေးကြနဲ့ကွဲ့…”

ဟု…မှာကြားထားလေသည်။
ဒါ့ကြောင့်ယခုကိစ္စ၌လည်း ရှင်ညိုနှင့်အတူတူ သူတို့လည်းလိုက်သွားကြမည်ဖြစ်၏။
ယခုတော့ဒေါ်ဝင်းတို့နှင့်စကားများထိုင်ပြောနေကြပြီး
ညနေနေစောင်းတော့မှအိမ်သို့ပြန်သွားကြသည်။

“ရှင်ညို…ဒီမှာလက်ဖက်သုပ်နဲ့အကြမ်းရေလေး
စားဦး…မိုးကအခုမှချုပ်တာဆိုတော့ အချ်ိန်ရပါသေးတယ်”

“စောပါသေးတယ်အရီး…”

“အေးလေ…ဒီမှာ ညည်းညီမပေါ့…
အရီးနားကပ်ပြီးသူပါလိုက်ချင်ကြောင်းပြောနေတာ..
အဲ့တာညည်းဘယ်လိုသဘောရလဲ”

နန်းကြိုင်က ရှင်ညိုတို့နှင့်လိုက်ချင်သည်။
သို့သော် ရှင်ညိုကို နန်းကြိုင်တိုက်ရိုက်မပြောရဲ၍
ဒေါ်ဝင်းမှတဆင့် အပူကပ်ရှာသည်။
ရှင်ညိုကတော့ နန်းကြိုင်ကိုကြည့်၍ ပြုံး၏။

“ညီမလေးကလိုက်ချင်တာလား”

“ဟုတ်တယ်မမ…ကျုပ်လိုက်ချင်တယ်…
လိုက်ခဲ့လို့ရလားဟင်…”

နန်း​ကြိုင်က ထိုသို့ပြောတော့ ရှင်ညိုက…

“မမက ခေါ်ချင်ပါတယ်…ဒါပေမယ့် ညီမလေးကိုလည်း
ခေါ်မသွားရက်ပြန်ဘူး…မမတို့သွားမှာက
ပျော်ပွဲရွှင်ပွဲတစ်ပွဲမဟုတ်ဘူးညီမလေးရဲ့…
အခုသွားမယ့်နေရာမှာဘယ်လိုအန္တရာယ်ရှိနေမလဲဆိုတာ မမသေချာမသိရသေးဘူးလေ…ဟိုရောက်မှ
ညီမကိုပစ်ထားပြီးအန္တရာယ်ကိုရှင်းရမယ်ဆိုရင်
မမနောက်ဆန်တင်းနေရမှာ… အဲ့သည်လိုဆိုရင် မမတို့
ထဲက တစ်​ယောက်ယောက်ထိခိုက်မှုတွေရှိလာနိုင်တယ်…
ဒါပေမယ့် ညီမလေးဘက်ကလိုက်ချင်စိတ်ပြင်းပြနေတယ်ဆိုရင်လည်းလိုက်ခဲ့ပါ…”

ဟု…ပြောလိုက်သည်။
နန်း​ကြိုင်…ရှင်ညိုအတွက်အကြမ်းရည်ငှဲ့ပေးရင်းမှ
ခေါင်းကိုခါရမ်းလိုက်သည်။

“ကျုပ်မလိုက်တော့ပါဘူးမမရယ်…
အိမ်မှာအမေနဲ့ပဲနေခဲ့ပါ့မယ်…
မမသာ အထိအခိုက်မရှိဘဲ ပြန်လာခဲ့ပါ…
ကျုပ်တို့စောင့်နေပါ့မယ်…”

နန်းကြိုင်စကားကြောင့် ရှင်ညိုတင်မက ဒေါ်ဝင်းပါ
ပြုံးသွားရှာသည်။

လကွယ်ရက်ဖြစ်တာကြောင့် အမှောင်ထုက
မင်းမူ၍နေခဲ့သည်။
သို့သော်လည်း ငွေကြယ်တို့၏ အလင်းကြောင့်
အမှောင်ထုက အရာအားလုံးကိုအမှောင်မဖုံးနိုင်ပေ။
ထိုအချိန် ကြယ်ရောင်အားကိုးဖြင့် ရွာလမ်းမအတိုင်း
လျှောက်လာသော.လူသုံးယောက်။
ထိုသုံးယောက်မှာ ရှင်ညို…မောင်တိုးနဲ့မောင်အုန်းတို့ဖြစ်ကြသည်။
ရွာကတော့အတော်လေးတိတ်ဆိတ်လို့နေသည်။

“နားကိုအေးလို့ဗျာ…
နေ့ဘက်လည်းဒီလိုလေးသာဆိုဘယ်လောက်ကောင်းမလဲ”

“ဟာ…မောင်တိုး…မင်းကွာ…
ပြောသင့်မှန်းမသိ..မပြောသင့်မှန်းမသိ လျှောက်ပြောနေတာပဲ…”

“ဘာလို့လဲဗျ…”

“ဟ…လူအိပ်ချိန်လေကွာ…တိတ်ဆိတ်မှာပေါ့…
လူနိုးချိန်ကတော့ဆူမှာပေါ့…ဒါသဘာဝပဲလေ…”

မောင်အုန်းက လမ်းလျှောက်နေရင်းမှ မောင်တိုးကို
ငေါက်လိုက်သည်။
မောင်တိုးလည်း စကားမပြောတော့ဘဲ တိတ်တိတ်လေးသာ လိုက်လာတော့၏။

ရွာအပြင်ဘက်သို့ရောက်တော့…

“ကိုကြီးအုန်းတို့ ခဏလေးစောင့်ကြဦး…
ကျုပ်အကောင်ကြီးကိုခေါ်လိုက်ဦးမယ်…”

ဟု…ပြောကာ ရှင်ညိုသည် မလှမ်းမကမ်းရှိ ထနောင်းပင်ကြီးဆီသို့ထွက်သွား၏။

“ရှင်ညိုဘာပြောသွားတာလဲမောင်တိုး”

“ဘာပြောရမှာလဲဗျာ…သူ့အကောင်ကြီးသွားခေါ်မလို့တဲ့လေ…ကိုကြီးအုန်းလည်းကြားတာပဲမဟုတ်လား”

“နေပါဦးဟ…ဘာကောင်ကိုသွားခေါ်မှာလဲသူက…”

“ကျုပ်လည်းဘယ်သိမှာလဲ…”

မောင်တိုးက မောင်အုန်းကို မေးတော့မောင်တိုးက
ဘောက်ဆတ်ဆတ်ပြန်ပြောလေသည်။
မောင်အုန်းလည်းမောင်တိုးကိုမမေးတော့ဘဲ ရှင်ညိုကိုသာ
လှမ်းကြည့်၏။

ရှင်ညိုထနောင်းပင်ကြီးအောက်သို့ရောက်တော့
ထနောင်းပင်ကြီးအပေါ်မှ ငနက်ကြီးဆင်းလာခဲ့သည်။

“ငနက်ကြီး…စေတီဟောင်းနားမှာရောက်နေတဲ့
အကောင်ရဲ့အကြောင်းကိုနင်သိလား”

ဟု…ရှင်ညိုက ငနက်ကြီးကိုမေးလိုက်သည်။
ရှင်ညို မေးတော့ ငနက်ကြီးကခေါင်းညိတ်၏။

“ဒါဆိုရင်…ပြောစမ်းပါဦး…ဒင်းကဘယ်သူလဲ…
ဘယ်ကနေရောက်လာတဲ့အကောင်လဲ”

ရှင်ညိုကထပ်မေးတော့ ငနက်ကြီးက
အသံသြသြကြီးဖြင့်…

“ဒီကောင်ရောက်လာတာ ရက်ပိုင်းပဲရှိသေးတယ်…
အဲ့သည်နားကသရဲတွေဆိုရင် ဒီကောင့်ကို အတော်ကြောက်ကြတာဗျ…သက်တမ်းကလည်းရင့်ပုံရပါတယ်…
တစ်နေ့ကတောင် ရွာထဲဝင်ဖို့လုပ်သေးတယ်…
ကျုပ်ကမဝင်ဖို့တားလို့…သူနိုင်ကိုယ်နိုင်
လုံးသတ်ခဲ့ရသေးတယ်…ဒီကောင် ကျုပ်ကို မနိုင်လို့သာ ပြန်သွားတာသခင်မ… ဒါပေမယ့် ဒီကောင်ကြည့်ရတာ
ကျေနပ်ပုံတော့မရဘူး…ဘယ်အချိန်ထပ်ရောက်လာ
မလဲလို့ကျုပ်လည်းစောင့်ကြည့်နေရတာပါ…”

ဟု…ပြောလေသည်။
ငနက်ကြီးစကားကိုနားထောင်ရင်း ရှင်ညိုခေါင်းညိတ်သည်။

“ဒီည…ငါအဲ့သည်ကောင်ကို သွားရှင်းမှာ..
နင်လည်းအတူတူလိုက်ခဲ့ငနက်ကြီး….
ဟိုမှာတွေ့လား…သူတို့က ငါ့အစ်ကိုတွေပဲ…
သူတို့ကို ဘယ်သူမှအန္တရာယ်မပြုနိုင်အောင်သာ
စောင့်ရှောက်ပေး…”

“ဟုတ်ကဲ့သခင်မ”

ရှင်ညိုက မောင်တိုးတို့ဘက်သို့လက်ညိုးထိုး၍
ပြောလိုက်လေသည်။

“မောင်တိုး…ရှင်ညိုက ဘယ်သူနဲစကား​ပြောနေတာလဲ…
ငါတို့ဘက်ကိုလည်းလက်ညိုးကြီးထိုးပြနေတာကွ”

“ကျုပ်ကတော့…ရှင်ညိုသရဲမွေးထားတယ်ထင်တယ်ဗျ…
တွေ့လားကိုကြီးအုန်း…အကောင်အထည်မမြင်ရပေမယ့်
မည်းမည်းအရိပ်ကြီးကို ကျုပ်တွေ့ရတယ်…
ရှင်ညိုကအဲ့မည်းမည်းကြီးနဲ့စကားပြောနေတာဗျ”

“အေးဟ…မင်းပြောမှဟုတ်သားပဲ…
မည်းမည်းကြီးကွနော်….”

“မည်းမည်းကြီးလုပ်မနေနဲ့ဗျ…
ဟိုမှာ ကျုပ်တို့ကို လက်ယပ်ခေါ်နေပြီ…
သွားကြမယ်…”

” အေး…အေး သွားကြမယ်…”

ရှင်ညိုက မောင်တိုးတို့စကားပြောနေကြစဥ်
လက်ယပ်၍ခေါ်သည်။
မောင်တိုးတို့အနားရောက်လာလေတော့…

“ကိုကြီးတိုးတို့နှစ်ယောက်ကို ကျုပ်အဘွားကိုမပြောပြရသေးတဲ့ကိစ္စတစ်ခုပြောပြမယ်…
အဲ့တာဘာလဲဆိုတော့ ဒီအပင်မှာနေတဲ့
ငနက်ကြီးဆိုတဲ့သရဲကို ကျုပ်မွေးထားတာပဲ…
ငနက်ကြီးကိုကျုပ်အတွက် အကာအကွယ်
အစောင့်အရှောက်ဆိုတာထက်..
ဟောသည်ရွာအတွက် မွေးထားတာပါ…
သူကလည်း ကိုကြီးတိုးတို့ တွေ့ခဲ့ကြုံခဲ့တဲ့သရဲတွေလို
ဆိုးသွမ်းနေတဲ့သူမဟုတ်လို့ ကိုကြီးတိုးတို့ကို မကြောက်လန့်စေချင်ဘူး..
အခုလည်း ငနက်ကြီးကို ကိုကြီးတိုးတို့ကိုစောင့်ရှောက်ပေးခိုင်းထားတယ်…ငနက်ကြီးပြောပြလို့
စေတီဟောင်းနားကသရဲအတော်လေး ကြမ်းတမ်းတာကိုလည်း ကျုပ်သိထားပြီ…”

ဟု…ရှင်ညိုကပြောတော့ မောင်တိုးနဲ့မောင်အုန်းမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။
သို့သော်.. မောင်တိုးက ပြုံးပြုံးရွှင်ရွှင်ဖြင့်

“ငါ့ညီမက ကောင်းတဲ့ကိစ္စကိုလုပ်တာပဲ..
အစ်ကိုတို့က ​ကြောက်နေစရာလိုလို့လား…
ငနက်ကြီးကိုအကောင်အထည်မမြင်ရပေမယ့်
မည်းမည်းအရိပ်ကြီးတော့မြင်ရပါတယ်ဟ…
ကဲ..ငနက်ကြီးရေ…ငါ့နာမည်ကတော့မောင်တိုးတဲ့
သူကတော့မောင်အုန်း…တို့ရွာက သူကြီးပြီးရင်
သူဆရာကြီးပဲဟေ့….”

ဟု…ပြောလိုက်သောအခါ မောင်အုန်းက မျက်မှောင်ကျုံ့၍ကြည့်လေသည်။

“ကဲ…ဒါဆို ကျုပ်တို့သွားကြတာပေါ့”

ရှင်ညိုနဲ့မောင်တိုးတို့ လည်း ငနက်ကြီးကိုခေါ်၍
စေတီဟောင်းဆီသို့ထွက်လာခဲ့တော့သည်။

“နီးလာပြီကွ…ခြေသံလုံအောင်သွားမောင်တိုး”

“ဟာဗျာ…သရဲဆီလာပါတယ်ဆို ခြေသံလုံဖို့လိုလို့လား…
ကိုကြီးအုန်းဆရာလုပ်ပုံနဲ့တော့ခက်တော့တာပဲဗျာ…”

မောင်တိုးနဲ့မောင်အုန်းက ရောက်ခါနီး
စကားများ​နေကြသည်။

“သခင်မ…ဟိုအပင်ပဲ”

ငနက်ကြီးလက်ညိုးထိုးပြသော အပင်ဆီကို
ရှင်ညိုကြည့်လိုက်သည်။
အပင်ကြီးအထက်၌ ခြေနှစ်ချောင်းတွဲလဲချကာ.ထိုင်နေသော အပေါ်ပိုင်း အင်္ကျီဗလာဖြင့် ခန္ဓာကိုယ်
ထွားထွားကြိုင်းကြိုင်းဖြင့်လူကြီးတစ်ယောက်။
ထိုလူကြီးသည် ခေါင်းအထက်၌ သျှောင်ထုံးကြီးကို
ထုံးထားပြီး ပုဆိုးအကွက်ကြီးကို.ဝတ်ဆင်လို့ထား၏။
နီရဲသော မျက်လုံးအနီးကြီးဖြင့် ရှင်ညိုတို့ကို စိုက်ကြည့်လို့နေခဲ့သည်။

“ကိုကြီးတိုးတို့ အနောက်ကိုဆုတ်ကြတော့..
ဟို တစ္ဆေက ကျုပ်တို့ကိုမြင်သွားပြီ…”

ဟု…ရှင်ညိုကသတိပေးတော့ မောင်တိုးတို့လည်း အနောက်သို့ အပြေးဆုတ်ကြတော့သည်။

“ဘုန်းး”

အပင်ကြီးအထက်မှ တစ္ဆေကြီးက ခုန်ချလိုက်၍
အပင်ကြီးမှာလှုပ်ခါသွားသကဲ့သို့ မြေကြီးများလည်း
တုန်ခါသွားသည်။
အကောင်အထည်မမြင်ရသော်လည်းခုန်ချသည့်
အသံကိုမောင်တိုးတို့ ကြားလိုက်ရသည်။

ငနက်ကြီးက ရှင်ညိုအရှေ့မှာနေ၍ တစ္ဆေကြီးကို
ဒေါသတကြီး ကြည့်နေသောကြောင့်

“ငနက်ကြီး…ငါ့အရှေ့ကဖယ်…
နင့်တာဝန်က ငါ့အစ်ကိုတွေကိုစောင့်ရှောက်ပေးဖို့ပဲ…
ဒီတစ္ဆေကိုတော့ ငါ့ဘာသာပဲရှင်းမယ် နင်အခုဖယ်…”

ဟု…ရှင်ညိုကပြောတော့ ငနက်ကြီးကဖယ်ပေးဖို့
တွန့်ဆုတ်နေသည်။
ရှင်ညိုကိုထိခိုက်မှာစိုး၍ သူကိုယ်တိုင်တစ္ဆေကြီးကို
တိုက်ခိုက်ချင်ပုံရသည်။
သို့သော်လည်း ရှင်ညိုစကားကိုငနက်ကြီးမလွန်ဆန်ရဲပေ။
ဒါ့ကြောင့် အရှေ့မှဖယ်ကာ မောင်တိုးတို့ဆီသို့ ထွက်သွားတော့၏။

“နင်ဘယ်သူလဲ…”

ရှင်ညိုက တစ္ဆေကြီးကို လက်ညိုးထိုး၍မေးသည်။

“အောင်မယ်…မလောက်လေးမ​လောက်စားက..
ငါ့ကို​မေးတယ်…ဟေ့…ငါကနင့်ရဲ့အဘိုးလောက်ရှိတယ်…
ငါ့ကိုလေးလေးစားစားပြော…မဟုတ်ရင်တော့
နောင်တတွေရသွားမယ်…”

ဟု..တစ္ဆေကြီးက အသံသြသြကြီးဖြင့်ပြောလေသည်။

“မလောက်လေးမလောက်စားဟုတ်လား…
အေး…အဲ့သည် မလောက်လေးမလောက်စားကိုပဲ
ဖင်တုန်အောင်ကြောက်နေရတဲ့နှစ်ချို့သရဲတွေ
အများကြီးပဲဟဲ့…နင်လိုက်မေးကြည့်လိုက်စမ်းပါ…”

ရှင်ညိုစကားကို တစ္ဆေကြီးက ဟားတိုက်ရယ်မောသည်။

“ဟင်း…ဟင်း…ဟင်း….”

ငနက်ကြီးကတော့ တဟင်းဟင်းဖြင့် ဒေါသထွက်နေခဲ့သည်။

“ဒီမနက် ငါတို့ရွာသူဆီကနေ
နင် ဟင်းလုခဲ့တယ်မလား…
အဲ့အတွက် နင့်ကိုငါအပြစ်လာပေးတာ…
ကြည်ကြည်ဖြူဖြူနာခံရင်ခံ…
မဟုတ်ရင်တော့ ရှင်ညိုရဲ့အကြောင်းနင်သိစေရမယ်…”

“ဟားးး….ဟားးး…ဟား..
ဟားး…ဟား…..ကောင်မလေး…ငါကလုစားတာမဟုတ်ဘူး
နှိုက်စားတာ…ဟောသည်လက်နဲ့နှိုက်စားခဲ့တာဟဲ့”

“ဝီးးးးးဘုနျး…”

တစ္ဆေကြီး၏လက်မှာရှည်ထွက်လာပြီး
ထိုလက်ကြီးက ရှင်ညို ကို လာ၍ရိုက်လေသည်။
သတိဖြင့်နေသောကြောင့်ရှင်ညိုရှောင်တိမ်းနိုင်လိုက်သည်။
တစ္ဆကြီးက ဒေါသတကြီးပင် ရှင်ညိုကို
တိုက်ခိုက်နေ၏။

“ဖြန်း…..”

“အားးး….”

တစ္ဆေကြီး၏လက်ကို ကြိမ်ဖြင့် ရိုက်ချလိုက်သည်။
ထိုကြိမ်လုံး၌ရှင်ညိုကိုယ်တိုင် အင်းတွေရေးထားသည်
မလို့ တစ္ဆေကြီးမှာ အတော်လေးနာကျဥ်သွားပုံရသည်။
အစောလေးကမှရှင်ညိုအား တိုက်ခိုက်နေသော တစ္ဆေကြီးအား ယခုတော့ ရှင်ညိုကိုယ်တိုင် ​ကြိမ်လုံးဖြင့်
မရပ်မနားလိုက်၍ ရိုက်နေခဲ့တော့သည်။
ရှင်ညို၏ကြိမ်လုံးဒဏ်ကိုမခံနိုင်တော့သော တစ္ဆေကြီးသည် သူနေထိုင်ရာ သစ်ပင်ကြီးပေါ်သို့ အ​ပြေးတက်သွား၏။

“ဟဲ့…ဘယ်ပြေးမှာလဲ…
အခုလာစမ်း”

ရှင်ညိုဖနောင့်တစ်ချက်ပေါက်လိုက်လေတော့
သစ်ပင်ပေါ်သို့တက်နေသော.တစ္ဆေကြီးမှာ မြေပေါ်သို့
ဘုန်းခနဲပြုတ်ကျလာခဲ့တော့သည်။

“အမယ်လေး…ကြောက်…ကြောက်ပါပြီ…
မရိုက်ပါနဲ့တော့….ကျုပ်ကိုမရိုက်ပါနဲ့တော့ဗျာ…”

ဟု…တစ္ဆေကြီးသည်.ဒူးကြီးကိုထောက်၍
ရှင်ညိုအားတောင်းပန်ရှာသည်။

“ဟူး…နင်ပဲစောစောက မလောက်လေးမလောက်စားဆို…
အဲ့သည်မလောက်လေးမလောက်စားကိုနင်ဘာလို့တောင်းပန်နေရတာလဲ”

“အမယ်လေး…မရိုက်…မရိုက်ပါနဲ့…
ကျုပ်သိပါပြီ…သခင်မအကြောင်းကျုပ်သိပါပြီဗျာ…”

တစ္ဆေကြီးမှာ ကြိမ်လုံးကိုအတော်ကြောက်နေရှာသည်။
အရိုက်မခံရဖို့အရေး ရှင်ညိုအားတောင်းပန်နေရှာ၏။

“ဒါဆိုရင် နင်ငါ့အကြောင်းသိပြီပေါ့”

“သိပါပြီဗျာ…သိပါပြီ”

“အေး…သိရင်လည်းမှတ်ထားပေတော့…
ငါ့ရဲ့ရွာနားမှာနေရင်ငါ့စကားကိုနားထောင်…
လူတွေကို ခြောက်လန့်ပြီး ဒုက္ခပေးဖို့တော့ထပ်မကြံလေနဲ့ အဲ့သည်လို ထပ်လုပ်ရင် နင့်ကို ကြိမ်နဲ့
ထပ်ရိုက်မယ်လို့တော့မထင်နဲ့…ငရဲဆီကိုပဲတန်းပို့မှာ…
ကြားလား…ဟဲ့”

“ဟုတ်…ဟုတ်ကဲပါသခင်မ…”

“ဒါနဲ့နင့်နာမည်က…”

“ကျူပ်နာမည်က ဘစိုးပါ…”

“ဘစိုးတွေဘာတွေငါမသိဘူး…
ငါသွားမယ်…ထပ်ပြီး အမှားမလုပ်မိစေနဲ့…”

“ဟုတ်…ဟုတ်ကဲ့…”

ရှင်ညိုလည်း တစ္ဆေကြီးအနားမှထွက်လာခဲ့တော့သည်။

“ရှင်ညို…ဘယ်လိုလဲ…”

“ကျုပ်သူ့ကို အပြစ်ပေးပြီးပါပြီ…
သူထပ်လုပ်ရဲမှာလည်းမဟုတ်တော့ဘူး…”

“အေးပါဟာ…ဒီလိုဆိုရင်တော့ဝမ်းသာစရာပဲ”

မောင်တိုးနဲ့မောင်အုန်းတို့လည်း တစ္ဆေကြီးကိစ္စကြောင့်
ခေါင်းကိုက်နေခဲ့ကြရာ…ယခုမှ စိတ်အေးသွားကြရသည်။

“ဒါဆို ကျုပ်တို့ရွာထဲပြန်ဝင်ကြတာပေါ့…”

ရှင်ညိုတို့သုံး​ယောက်ရွာထဲပြန်ဝင်သွားချိန်
ငနက်ကြီးကတော့ ရွာအပြင်ရှိထနောင်းပင်၌
ကျန်ရစ်ခဲ့တော့သည်။

နောက်တစ်နေ့ညနေခင်း၌ ရွာထိပ်ရှိညောင်ပင်အောက်တွင် မောင်တိုးတို့ခြင်းခတ်နေကြသည်။

“ဟုတ်ပြီဗျ…ဒီဘက်ကို…”

“ရော့ဟေ့…”

ထိုစဥ် လှည်းတစ်စီး ဖုန်တထောင်းထောင်းဖြင့်
မောင်းလာခဲ့သည်။

“ဘွား…ပြန်လာပြီဟ”

ဟူသောအသံကြောင့်မောင်တိုးနဲ့မောင်အုန်းတို့လည်း
ခြင်းခတ်တာကိုရပ်၍ လှည်းဆီသို့သွားကြတော့သည်။
လှည်းအထက်၌တော့ သူတို့အားပြုံး၍ကြည့်နေသော
ဘွားမယ်စိန်ကိုမြင်ကြရာ…

“ဘွားပြန်လာပြီလားဗျ…”

“အေးကွယ်…ခြင်းခတ်နေကြတာလား”

“ဟုတ်တယ်ဘွား…”

“အေး…အေး…အားရင်အိမ်ဘက်လာခဲ့ကြဦးကွဲ့…”

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်လည်း မောင်တိုးတို့ကိုထိုသို့ပြောပြီး
လှည်းသမားကိုဆက်မောင်းစေတော့သည်။

“ကိုကြီးအုန်း…ရေချိုးပြီးရင် ဘွားတို့အိမ်ကိုသွားကြတာပေါ့…နောက်ပြီး…ဟိုတစ္ဆေကြီးကိစ္စလည်း
ပြောရဦးမယ်လေ”

“ရေချိုးပြီးရင်သွားကြတာပေါ့ကွာ…
တစ္ဆေကြီးကိစ္စကတော့ တို့မပြောလည်းအရီးပြောတာနဲ့တင် သိနှင့်လောက်ပါပြီကွ…”

“ဟုတ်သားဗျ…”

မောင်တိုးတို့လည်း ခြင်းခဏဆက်ခတ်ပြီးနောက်
အိမ်သို့ပြန်သွားကြတော့သည်။
ရေမိုးချိုးပြီးလေတော့မှ နှစ်​ယောက်သား
ဘွားမယ်စိန်အိမ်ဘက်သို့ ထွက်လာခဲ့ကြတော့၏။

ထိုသို့ဖြင့် ဇာတ်လမ်းလေးပြီးဆုံးပါသည်။

ယဥ်မင်း(ကန့်ဘလူ)