စာမူ…၁၅၈

စဆုံး

ဘွားမယ်စိန်အိမ်၌ လူများစုံလင်နေခဲ့သည်။
ထူးထူးခြားခြားရောက်ရှိနေသူများမှာ
မုဆိုးကြီးဦးခိုနှင့် မျက်နှာစိမ်းမုဆိုးနှစ်ဦးတို့ဖြစ်သည်။
ဒါ့အပြင်သူကြီးဦးနောင်ချို…မောင်တိုး၊မောင်အုန်းတို့လည်း ရောက်ရှိလို့နေခဲ့ကြ၏။
မုဆိုးကြီးဦးခိုက…

“ဘွား…ဒါကျုပ်အသိတွေဗျ…
သူတို့က ဟိုးဘက် ကျောက်တိုင်ရွာမှာနေကြတာ…
အခု ကျုပ်တို့နဲ့သူတို့​ဘွားဆီကိုလာခဲ့ရတဲ့အကြောင်းကတော့…ဒီဟာကြောင့်ဗျ…”

ဟု…ပြောကာ ဘွားမယ်စိန်ဆီသို့ ပစ္စည်းတစ်ခု
ကမ်းပေးလိုက်လေသည်။

“ဒါကဘာများလဲကွဲ့…”

ဘွားမယ်စိန်ကမေးတော့…

“ဒါက မြေပုံပါဗျ…
ပြောရရင်တော့ ရတနာမြေပုံပေါ့အမေကြီး…”

“ဟေ…ရတနာမြေပုံဟုတ်သလား…”

“ဟုတ်တယ်အမေကြီး…”

လူစိမ်းနှစ်ဦးထဲမှ အသက်ငါးဆယ်အရွယ်လူကြီးက
ဘွားမယ်စိန်ကိုပြန်ဖြေပေးသည်။

“နေပါဦးမောင်ခိုရဲ့…
ဒီ​မြေပုံဆိုတာကိုမောင်ရင်တို့
ဘယ်ကနေများဘယ်လိုရပြီး…ယူလာကြတာလဲ…”

ဘွားမယ်စိန်က တစ်ရွာထဲသားဖြစ်သော
မုဆိုးကြီးဦးခိုကိုသာမေးသည်။

“ကျုပ်ပြောပြပါ့မယ်ဘွား…
နောက်ပြီး ဒီလူတွေနဲ့အရင်မိတ်ဆက်ပေးပါရစေဦး…
သူကတော့ ဦးသိုက်လို့ခေါ်တယ်…
ဒီဘက်ကတော့သူ့ရဲ့သား…ဖိုးသားလို့ခေါ်တယ်ဗျ…
ကျုပ်တို့ဒီမြေပုံကိုရလာတာ
တခြားသူဆီကမဟုတ်ဘူး…
ဒီ ဦးသိုက်ရဲ့အဖေ မုဆိုးကြီး ဘိုးသံလုံးဆီကပဲဗျ”

“ဟုတ်ပါတယ်…ကျုပ်ဘဝတစ်လျှောက်လုံးက
အဖေပြောပြတဲ့ ပုံပြင်လိုလို..ဖြစ်ရပ်မှန်လိုလိုအကြောင်းအရာ နဲ့ပဲ ကြီးပြင်းလာခဲ့ရတာပါ…
အခုနောက်ဆုံးကျ အဖေဆုံးခါနီးမှ ရလိုက်တဲ့အမွေဆိုလို့
ဒီမြေပုံပဲရှိတာဗျ…”

မုဆိုးကြီးဦးသိုက်ကပြောတော့ ဘွားမယ်စိန်
မြေပုံကိုသာကြည့်နေခဲ့သည်။

ရှင်ညိုကတော့ မလှမ်းမကမ်း၌သာ ထိုင်၍
ဘွားမယ်စိန်တို့စကားဝိုင်းကိုတိတ်တဆိတ်သာ
နားထောင်နေခဲ့သည်။

“ဒါကဘာများဖြစ်လို့လဲ…
ရတနာမြေပုံလို့ပြောရအောင်မောင်ရင့်အဖေက
ဘာတွေများတွေ့ကြုံခဲ့ရလို့လည်းကွဲ့…”

“ကျုပ်ပြောပြပါ့မယ်အမေကြီး…
ဒီမြေပုံကိုရခဲ့ပေမယ့် ကျုပ်တို့မသွားဝံ့ပါဘူးဗျာ…
ဦးခိုကိုပြောပြမိတော့လည်း…သူကအမေကြီးဆီက
အကြံအဥာဏ်ယူကြည့်ရင်ကောင်းမယ်ဆိုလို့သာ
ကျုပ်တို့ရောက်လာခဲ့တာပါ…”

မုဆိုးကြီးဦးသိုက်ရဲ့စကားကြောင့် ဘွားမယ်စိန်
ခေါင်းညိတ်လိုက်သည်။
သူကြီးဦးနောင်ချိုကတော့ ဘွားမယ်စိန်လက်ထဲ၌ကိုင်ထားသောမြေပုံကိုကြည့်ရင်းနားမလည်သောကြောင့် ခေါင်းကိုသာတဗျင်းဗျင်းကုပ်၍နေခဲ့သည်။

ဆက်၍မုဆိုးကြီးဦးသိုက်က…

“ကျုပ်အဖေက မုဆိုးမျိုးရိုးဆိုတော့
သူ့ရဲ့အလုပ်ကိုအတော်လေး
ကျွမ်းကျင်တဲ့သူပါ…
ဒီရွာနံဘေးကတောင်တွေဆိုရင်လည်း ကျုပ်အဖေရဲ့
ခြေရာတွေကြီးပါပဲဗျာ… အဲ့သည်လိုနဲ့တစ်ရက်မှာတော့
ကျုပ်အဖေဆီကို မြို့ကနေ လူကြီးတစ်ယောက်နဲ့
အဖော်သုံး​ယောက်ရောက်လာခဲ့တယ်ဗျ…
အဖေက တောထဲတောင်ထဲ ကျွမ်းကျွမ်းကျင်ကျင်သွားလာနိုင်တော့ အဖေ့ကို သူတို့နဲ့​တောထဲအတူလိုက်ခဲ့ဖို့
အခကြေးငွေမြိုးမြိုးမြက်မြက်ပေးပြီး
ခေါ်ကြတာပေါ့ဗျာ..အဲ့သည်အချိန်တုန်းကအဖေက
ကျုပ်အမေနဲ့မညားသေးတော့လူပျိုလူလွတ်ပေါ့ဗျာ…
လူပျိုလူလွတ်ဆိုတော့လည်းငွေရတော့
ဘာမှမတွေးဘဲလိုက်သွားခဲ့တာတဲ့ဗျ…”

ဟု…အစချီကာသူ၏အဖေအကြောင်းအား
ပြောပြတော့လေသည်။

“ဗျိူ့…ကို​တင့်ဆွေ…ကျုပ်တို့ ဒီတောထဲကို
ရောက်လာတာလည်း လေးငါးရက်လောက်ရှိနေပြီ…
ခင်ဗျားတို့ရဲ့လာရင်းကိစ္စကိုလည်း ကျုပ်အခုထိဘာမှ
မသိရသေးပါလားဗျာ…”

ဟု…သံလုံးက သူ့အားခေါ်လာသည့် ကိုတင့်ဆွေကို
မေးလိုက်သည်။

“နေပါဦးကွာ…ငါတို့လည်း ရှာစရာရှိနေလို့ပါကွ…
မင်းကိုလည်းငွေပေးထားရဲ့သားနဲ့ဘာတွေ
ပူပန်နေတာလဲသံလုံးရ…”

သံလုံးတစ်ယောက် ကိုတင့်ဆွေနဲ့အဖော်များကို
သံသရ ဝင်လာမိသည်။
အစပိုင်းကတောထဲသို့လက်နက်အပြည့်အစုံဖြင့်
တောပစ်လာကြသည်ဟုထင်ခဲ့မိ၏။
သို့သော် သူတို့ကို သံလုံးသတိထား​ကြည့်မိတော့
သားကောင်တစ်ကောင်ကိုပင်မပစ်ခတ်ကြဘဲ
တောထဲ၌ တစ်စုံတစ်ခုကိုသာရှာဖွေနေကြပုံရသည်။
တန်ဖိုးကြီး ဆေးဖက်ဝင်အပင်တစ်မျိုးမျိုးကိုများ
ရှာဖွေနေကြသလားဟု သံလုံးတွေးမိသော်လည်း
အပင်တွေကို ယောင်လို့မျှပင်မကိုင်ကြ။

“ဟူးး…သတိထားမှတော်ကာကြတော့မယ်…”

ဟု…သံလုံးစိတ်ထဲ၌သာ သက်ပြင်းချလိုက်ရသည်။
သံလုံးပစ်ခတ်ရလာသော တောကောင်များဖြင့်သာ
ဝမ်းပူကို ဖြေရှင်းနေကြရသည်။
သံလုံးကလည်း သူတို့နှင့်အတူလိုက်လာရသော်လည်း
သတိကြီးကြီးထား၍နေရတော့သည်။

“တောက်…အခုထိကိုမတွေ့သေးပါလားဟေ့…”

ကိုတင့်ဆွေက သူ့အဖော်တွေအားငြီးတွားလိုက်သည်။

“ကျုပ်တို့တွေ့မှာပါဗျာ…
သေချာလေးထပ်ရှာကြတာပေါ့…နေရာများလွဲနေသလား”

“အေးဗျာ…ကျုပ်တို့စထွက်ကတည်းက
တိုင်ပင်လာကြသလိုပဲ…ရှာရခက်မှာပဲဗျ…
ဒါပေမယ့် ရအောင်တော့ရှာကြတာပေါ့ဗျာ…”

ကိုတင့်ဆွေတို့အုပ်စုပြောနေသောစကားများကို
သံလုံးနားစွင့်နေမိသည်။
သို့သော်လည်း အကြောင်းအရင်းကိုတိတိကျကျ
သံလုံးမသိရသေးပေ။

တစ်ရက်မှာတော့ တောထဲ၌သံလုံးတို့
ခရီးဆက်လာကြရင်းရသေ့ကြီးတစ်ပါးကိုတွေ့လိုက်ရ၏။
ရသေ့ကြီးက သစ်ပင်ရိပ်တစ်ခုအောက်၌
တရားထိုင်နေခဲ့သည်။
ရသေ့ကြီးကိုမြင်တော့ မုဆိုးအလုပ်ကိုလုပ်သော်လည်း
သဒ္ဒါတရားမဆင်းရဲသော သံလုံးသည်
ယူဆောင်လာသော ငှက်ပျောသီးအချို့အား ကပ်လိုက်၏။
ကိုတင့်ဆွေတို့လူစုကတော့ မလှမ်းမကမ်း၌
ခရီးနားနေကြသည်။

“လူလေး…”

“ဗျာ…ဘရသေ့…”

“ဒီတောဒီတောင်ထဲကိုဘာအကြောင်းကိစ္စနဲ့များ
ရောက်လာကြတာလဲကွဲ့”

“ကျုပ်က မုဆိုးပါဘရသေ့…
မုဆိုးဆိုတော့ တောတက်တာမဆန်းပေမယ့်…
အခုလို တောနက်ထဲအထိဝင်လာဖြစ်တာ…
ကျုပ်အတွက်တော့ပထမဆုံးပါပဲဗျာ…
ဟော…ဟိုမှာ ထိုင်နေတဲ့ လူတွေက ကျုပ်ကို
ငွေပေးပြီးခေါ်လာကြတဲ့သူတွေပါ…”

ရသေ့ကြီးက သံလုံးစကားကိုနားထောင်ရင်း
ကိုတင့်ဆွေတို့ကိုလှမ်းကြည့်လေသည်။

“လူလေး…သူတို့တွေနဲ့ဝေးဝေးနေကွဲ့…
လူလေးကိုကြည့်ရတာ မုဆိုးအလုပ်ကိုလုပ်ပေမယ့်
လူကောင်းသူကောင်းလေးမလို့ ဘရသေ့မှာလိုက်မယ်…
အခုရှေ့ဆက်သွားမယ့်ခရီးမှာ ဘယ်တောကောင်က်ိုမှ
မသတ်ပါနဲ့…နောက်ပြီး ဘယ်အရာကိုမှလည်း
မတပ်မက်ပါနဲ့လူလေး”

ဟု…ရသေ့ကြီးက ပြောလေတော့ သံလုံးနားမလည်ဖြစ်သွားသည်။

“ဘရသေ့…ကျုပ်လေ ဟိုလူတွေကျုပ်ကိုဒီတောထဲ
ခေါ်လာခဲ့တဲ့အကြောင်းကိုနားမလည်ဖြစ်နေတာပါ…
ဒါပေမယ့် အခုဘရသေ့ကပါ ထပ်ပြောလာတော့
ကျုပ်ဘယ်လိုမှကိုမစဥ်းစားတတ်တော့ဘူးဗျာ…”

ဟု….သံလုံးက ပြောလိုက်သည်။

“လူလေး…ဒီလူတွေဟာလောဘမတက်သင့်တဲ့အရာကို
တက်နေကြတဲ့လူတွေကွဲ့…သူတို့ရဲ့စိတ်ရော
နှလုံးသားရောက လောဘအမှောင်တွေဖုံးနေကြတာ…
ဒီလောဘကြောင့်ပဲသူတို့ဟာ မသွားသင့်…
မလာသင့်တဲ့အရပ်ကို သွားနေကြတာပဲကွဲ့…”

“ဗျာ…”

“အချိန်တန်ရင်လူလေးနားလည်မှာပါကွယ်…
ကျုပ်ပြောလိုက်တာကိုသာ လူလေးနားထောင်ပါ..
ဒါဆိုရင်တော့လူလေး အန္တရာယ်ကင်းမှာပါကွယ်…”

ဘရသေ့စကားဟာအကြောင်းမဲ့ပြောခြင်းမဟုတ်ဟု…
သံလုံးတွေးလိုက်သည်။

“သံလုံး…ငါတို့ဆက်သွားကြစို့လေ…တော်နေဆိုရင်
မိုးချုပ်တော့မှာဆိုတော့ ညအိပ်ဖို့နေရာကိုလည်း
ရှာရဦးမယ်ကွ…”

“ဟုတ်ကဲ့ကိုတင့်ဆွေ…
ဘရသေ့…ကျုပ်အပြန်ကျရင်ဝင်လာခဲ့ပါဦးမယ်…”

“ကောင်းပါပြီလူလေး…”

ရသေ့ကြီးကိုနှုတ်ဆက်၍ ကိုတင့်ဆွေတို့နောက်သို့
သံလုံးလိုက်လာခဲ့လိုက်သည်။
တောရိုင်းတိရိစ္ဆာန်များရန်မှကင်းအောင်လည်း
သစ်ပင်ကြီးတစ်ပင်အောက်၌ မီးကိုမပြတ်မွှေး၍
အလှည့်ကျကင်းစောင့်ပြီး အိပ်ခဲ့ကြရသည်။

နောက်တစ်နေ့နံနက်ရောက်တော့ ထုံးစံအတိုင်း
သံလုံး…ကိုတင့်ဆွေတို့နဲ့ခရီးဆက်ခဲ့၏။
ရသေ့ကြီးမှာလိုက်တဲ့စကားအတိုင်း တောကောင်များကို
မပစ်ခတ်တော့ပေ။

“ဟာ…သမင်တွေဟေ့…”

ကိုတင့်ဆွေအံ့သြသင့်စွာအော်လိုက်သည်။
ကိုတင့်ဆွေတို့အုပ်စုထဲမှ ဗလဆိုသည့်လူမှ…

“ဒါဆို…ကျူပ်တို့မဝေးတော့ဘူးဗျ…
ခင်ဗျားတို့လည်းသတိနဲ့သာလိုက်လာကြတော့…”

ဟု…ပြောပြန်သည်။

သမင်အုပ်စုကိုကြည့်ပြန်တော့လည်း သမင်တွေက
လူကိုနည်းနည်းမှပင်ကြောက်လန့်ဟန်မရပေ။
ရှေ့ဆက်၍လျှောက်လာကြတော့ ရှေ့၌
လမ်းသည်ကမရှိတော့ပေ။
အ​ကြောင်းမှာက တောင်နံရံကြီးသာ ထီးထီးကြီးရှိနေသောကြောင့်ဖြစ်၏။

“ကျုပ်တို့တောင်ပေါ်တက်ရတော့မယ်ထင်တယ်ဗျ”

“မဖြစ်နိုင်ဘူး…မြေပုံထဲမှာ ဒီတောင်နံရံကို
တက်ရမယ်လို့လည်းမပါဘူးကွ…ကြည့်ရတာ
ဒီအနီးတစ်ဝိုက်မှာပဲရှိလိမ့်မယ်…
ရှာကြတာပေါ့ကွာ…”

ကိုတင့်ဆွေတို့လူစုက တောင်နံရံကြီး၏နံဘေး၌
ရှာဖွေကြပြန်သည်။

“ဟာ…ကိုတင့်ဆွေ…ကိုတင့်ဆွေ
ဂူပေါက်တွေ့ပြီဗျို့…”

အော်ခေါ်သံကြောင့်သံလုံးအပါအဝင်အားလုံး
သွားကြည့်ကြသည်။

ဂူပေါက်မှာက သိပ်မကြီးလှ။
ခြုံများကထူထပ်စွာပေါက်နေ၍ ဂူပေါက်ကို တော်ယုံဆို
မြင်နိုင်ဖွယ်မရှိ။
သို့သော် ယခုတော့ တွေ့ရှိသွားကြပြီဖြစ်သည်။

“ကဲ…ဂူပေါက်တွေ့ပြီဆိုတော့ သံလုံးလာကွာ..
ငါမင်းကိုပြောမယ်…”

ဟု…ကိုတင့်ဆွေက သံလုံးကိုခေါ်လိုက်သည်။

“တကယ်တော့ ငါတို့တွေ ဟောသည်မြေပုံကိုကြည့်ပြီး
ရှာဖွေနေတာကတခြားမဟုတ်ဘူး ရွှေတွေငွေတွေအပြည့်ရှိတဲ့သိုက်ကြီးတစ်ခုကိုကွ…
ဟော…ဒီက ကိုဗလဆိုတဲ့လူကရိုးရိုးလူမဟုတ်ဘူးသံလုံး သိုက်ဆရာတစ်ယောက်ပဲကွ…
သူ့ရထားတဲ့​မြေပုံအရ ငါတို့ဒီသိုက်ကိုလာတူးကြတာ…
ဒီတော့ မင်းကိုလည်း ဒီသိုက်ကရတဲ့ ရွှေတွေ…
ငွေတွေငါတို့ထပ်ပေးမှာမလို့ ငါတို့နဲ့ပူးပေါင်းပေးကွာ…”

ဟု…ကိုတင့်ဆွေကပြောတော့ သံလုံးစဥ်းစားသည်။
မုဆိုးအလုပ်လုပ်နေသော်လည်း သံလုံးသည်
ဗဟုသုတမနည်းပေ။
သိုက်တူးတာကအလွန် အန္တရာယ်များ၏။
အသက်ပင်သေဆုံးနိုင်သောကိစ္စ​ဖြစ်ပေမယ့် သံလုံး
ကိုတင့်ဆွေကိုခေါင်းညိတ်လိုက်ရသည်။
ကိုတင့်ဆွေရဲ့ပုံစံက သံလုံးငြင်းဆန်လျှင်အသက်ကို
ရန်ရှာလာနိုင်တာကြောင့် သံလုံးသဘောတူလိုက်ခြင်းဖြစ်၏။သံလုံးခေါင်းညိတ်လိုက်တော့ ကိုတင့်ဆွေ
ပြုံးသွားသည်။
သူတို့၏သိုက်တူးခြင်းကိုလည်း စတင်ကာ
လုပ်ဆောင်နေကြပြီဖြစ်၏။

“အနောက်ကနေအသာလိုက်ခဲ့ကြတော့…
ကျုပ်ခွင့်ပြုချက်မရှိဘဲ ဘယ်အရာကိုမှမထိကြနဲ့
မကိုင်ကြနဲ့…ကြားကြရဲ့လား”

ဟု သိုက်ဆရာကိုဗလက မှာလေသည်။

ပြီးနောက်ဂူကြီးအတွင်းသို့မဝင်သေးခင်
ဂါထာများမန်းမှုတ်ရဲ့ ဂူကြီးအား
ဆန်မန်းပေါက်ပေါက်တို့ဖြင့် ပစ်ပေါက်ပြန်သည်။
သူတို့လုပ်ကိုင်သမျှအား သံလုံးကြည့်နေမိ၏။
စိတ်အာရုံအတွင်း၌တော့ သိုက်စောင့်ပုဂ္ဂိုလ်များအား
တိုင်တည်၍ မဖြစ်သာလို့သာလိုက်လာရခြင်း
ဖြစ်ကြောင်းနှင့်သိုက်ပိုင်ပစ္စည်းများကိုမထိမတို့ပါဘူး
ဆိုသည့်အကြောင်းများ တိုင်တည်ကာပြောနေမိသည်။

“လာဟေ့…သိုက်တံခါးပွင့်ပြီကွ…”

သိုက်ဆရာက စည်းများကိုဂါထာများမန်း၍
ဖျက်ဆီးနေ၏။
ဂူကြီးအတွင်းဝင်လာခဲ့ရာ အပြင်မှမြင်ခဲ့ရသည့်
မည်းမှောင်နေသော ဂူကြီးမဟုတ်တော့တာကြောင့်
သံလုံးအတော်ပင် အံ့သြနေမိသည်။
သံလုံးတို့ သိုက်ကြီးတစ်ခုအတွင်းရောက်ရှိနေပြီဖြစ်၏။
သိုက်အတွင်း၌ ရွှေမီးတိုင်…ငွေမီးတိုင်များရဲ့အလင်းကြောင့် လင်းထိန်လို့နေခဲ့သည်။

ကျယ်ပြောလှသော ဂူကြီးအတွင်း၌ ရွှေများ…
ငွေများကလည်းအပုံလိုက်ပင်ဖြစ်နေခဲ့သည်။
ကိုတင့်ဆွေတို့မှာလည်း ရွှေပုံ…ငွေပုံတို့အား
တပ်မက်သည့်မျက်လုံးကြီးများဖြင့် ဝမ်းသာအားရ
ကြည့်နေခဲ့ကြသည်။
သံလုံးခေါင်းကိုရမ်းမိ၏။
ထိုရွှေ…​ငွေတွေကိုကြည့်ရင်း သံလုံး ဖြစ်လာမည့်အန္တရာယ်ကို ကြိုတွေးနေမိသည်။

“ကဲနောက်ထပ်သိုက်တံခါးကိုဖွင့်မယ်…ဟေ့…”

ကျောက်နံရံကြီးက ကာဆီးထားသောနေရာကိုကြည့်၍
သိုက်ဆရာ ကိုဗလကသတိပေးလိုက်သည်။
ဂါထာများမန်း၍ ဆန်မန်းပေါက်ပေါက်များဖြင့်
ကျောက်နံရံကြီးအား ပစ်ပေါက်လိုက်ပြန်ရာ…
“ဂျိန်း…” မိုးခြိမ်းသံကဲ့သို့သော အသံကြီးကြောင့်
သံလုံးလန့်သွားသည်။
အသံကြီးနဲ့အတူကျောက်နံရံကြီးကလည်း တစ်စုံတစ်ယောက်က ဆွဲဖယ်လိုက်သည့်အတိုင်း
ပွင့်လာခဲ့၏။
မြင်လိုက်ရသောမြင်ကွင်းကြောင့်သံလုံးပါးစပ်ပင်
မစေ့နိုင်ဘဲအံ့သြ သွားရသည်။
မျက်စိအရှေ့၌ကျောက်နံရံကြီးမရှိတော့ဘဲ
နီရဲ၍အရောင်များတလက်လက်တောက်ပနေသော
ပတ္တမြား များကိုသံလုံးမြင်လိုက်ရသည်။
ထိုအခန်းထဲသို့ သံလုံးမဝင်ပေ။
ကိုတင့်ဆွေတို့ကတော့ အခန်းထဲသို့ဝင်၍
ရှိရှိသမျှအရာများကို အားရဝမ်းသာစွာပင်
လိုက်ကြည့်နေခဲ့ကြသည်။

“လူလေး…ပြေးတော့…ပြေးပေတော့
လူလေး…”

ဟူသောအသံကို သံလုံးကြားလိုက်ရသည်။
ထိုအသံက ရသေ့ကြီး၏အသံဖြစ်သည်။
ရသေ့ကြီးများရောက်လာလေသလားဟု…
သံလုံးရှာဖွေမိသော်လည်း ရသေ့ကြီး၏အရိပ်ကိုပင်
မမြင်ခဲ့ရ။

“ဒါငါ့ကိုသတိပေးတာပဲ…”

သံလုံးမစဥ်းစားတော့ဘဲ ထို သိုက်ကြီးအတွင်းမှ
ထွက်ပြေးလာတော့သည်။
ဂူပေါက်ကြီးရဲ့အပြင်သို့ရောက်တော့ ဂူကြီးအတွင်းမှ
အသံများဆူညံနေတာကိုသံလုံးကြားလိုက်ရသည်။
ရယ်မောသံများနဲ့အတူ…ကိုတင့်ဆွေတို့လူစုရဲ
အော်ဟစ်သံများက တောတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့တော့၏။

“သွားပြီ…ဒီလူတွေတော့သေကုန်ပြီထင်တယ်…”

ဟု.. သံလုံး ကြောက်ကြောက်လန့်လန့်ဖြင့်ပြောကာ
ဂူကြီးအားဆက်၍ပင်မကြည့်ရဲတော့ဘဲ ထိုနေရာမှ ထွက်ပြေးလာခဲ့တော့သည်။

လာရာလမ်းအတိုင်းပြန်လာရာ ရသေ့ကြီးအား
သံလုံးရှာဖွေမိသေးသည်။
သို့သော် ရသေ့ကြီး၏အရိပ်အယောင်မျှပင်
သံလုံးမတွေ့ခဲ့ရ။
သံလုံး၏ခါးကြား၌ ဂူကြီးထဲသို့မဝင်ခင်
ကိုတင့်ဆွေပေးထားသည့် မြေပုံလေးကရှိနေခဲ့ပေသည်။

“ကျုပ်အဖေက ဒီအကြောင်းတွေကို
သူအမှန်တကယ်ကြုံတွေ့ခဲ့တာပါလို့ကျုပ်ကိုအမှန်တိုင်း
မပြောခဲ့ဘူး…ဒါပေမယ့်သူဆုံးခါနီးမှ ဒီမြေပုံကိုပေးပြီး
ကျုပ်ကိုပြောပြသွားခဲ့တာဗျ…”

ဟု…မုဆိုးကြီးဦးသိုက်က သူ၏အဖေဘိုးသံလုံး၏
အဖြစ်အပျက်များကိုပြောပြခဲ့သည်။

“ဒီလိုဆိုရင်…တင့်ဆွေတို့အုပ်စုကရော
ဘယ်လိုဖြစ်သွားကြလဲကွဲ့…”

“သူတို့အုပ်စုကိုအဲ့သည် ဂူကြီးထဲမှာပဲ
နောက်ဆုံးတွေ့ခဲ့ရတယ်လို့ပြောတယ်ဗျ…”

“အင်းလေ…ဒါဆိုရင်တော့စည်းပေါက်…စည်းကျိူးပြီး
သေကုန်ကြတယ်ထင်ပါတယ်…”

“ကျုပ်တို့ဒီမြေပုံကိုရတော့
အဲ့သည် သိုက်ဆိုတဲ့နေရာကိုသွားရှာချင်မိတယ်…
ဒါပေမယ့် အဖေနောက်ဆုံးမှာခဲ့တဲ့
လောဘမတက်ကြနဲ့ဆိုတဲ့စကားကိုသာနားထဲမှာ
ပြန်ကြားနေမိတယ်ဗျာ…”

“အင်း…သိုက်တွေကိုတော့ မသွားကြတာ
အကောင်းဆုံးပေါ့…သိုက်ကြမ်းရင်
တော်ယုံလူမခံနိုင်ဘူး…မာယာများတယ်…
လောဘတက်လို့မရဘူးကွဲ့…”

“ကျုပ်အဖေက ကျုပ်နာမည်ကိုတောင်
မောင်သိုက်လို့ပေးခဲ့တာဗျ…
သူ့ဘဝမှာမမေ့နိုင်တဲ့ကိစ္စကြီးမလို့
ပေးခဲ့တာထင်ပါရဲ့ဗျာ…”

“သိုက်ဆိုတာ ရတနာတွေစုဝေးတဲ့နေရာပေါ့ကွယ်…
မောင့်ရင်ကိုလည်းသူ့ရဲရတနာလေးဆိုတဲ့သဘောနဲ့
မှည့်ခေါ်ခဲ့ပုံရပါတယ်…”

“ဟုတ်မယ်ဗျ…”

“အေးကွယ်…သိုက်မှာက မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်
အမျိုးမျိုးစောင့်ကြပ်ကြတော့ မောင်ရင်တို့ကိုတော့
ဘွားအနေနဲ့မသွားစေချင်ဘူး…
အဖေပေးခဲ့တဲ့အမွေဆိုရင်လည်း ဒီအတိုင်းလေးပဲ
သိမ်းထားကြပါကွယ်…”

“ဟုတ်ကဲ့အမေကြီး…
ကျုပ်တို့က အဖေ့ရဲ့စိတ်အတိုင်း လောဘမရှိပါဘူးအမေကြီးရယ်…ဒါပေမယ့် ဒီအကြောင်းကိုတစ်ယောက်ယောက်သိသွားပြီး ဒီမြေပုံကိုတပ်မက်ကြရင် ဒုက္ခရောက်မှာဆိုးလို့ အမေကြီးဆီကိုပေးထားခဲ့ပါရစေ…”

“အင်း…ဘွားဆီထားလို့လည်းဘာမှမထူးပါဘူးကွယ်…
ဒီလိုလုပ်ကွဲ့….အဖေ့အမွေဆိုပေမယ့် မသူတော်တွေဆီရောက်ရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်…
ဒီတော့ မီးရှို့ဖျက်ဆီးပစ်မှအားလုံး
စိတ်အေးကြရလိမ့်မယ်…”

ဘွားမယ််စိန်စကားကြောင့် ဦးသိုက်တွေဝေသွားသည်။
အဖေဖြစ်သူပေးခဲ့သည့် မြေပုံလေးကို မီးရှို့ ဖျက်ဆီးပစ်ရမည်ကို နှမြောနေခဲ့သည်။

“အဖေ…မီးတော့မရှို့ပါနဲ့ဗျာ…
ကျုပ်သိမ်းထားလိုက်ပါ့မယ်ဗျ…”

ဟု…သားဖြစ်သူ ဖိုးသားက ​ပြော၏။
ဦးသိုက်က.သားဖြစ်သူကိုကြည့်၍ခေါင်းကိုခါသည်။

“မဖြစ်ပါဘူးကွာ…
ငါမင်းကိုစိတ်မချဘူး…မင်းက ဒီသိုက်ကိုသွားရှာချင်ရင်
ရှာနေမယ့်ကောင်…အမေကြီး ကျုပ်
မီးရှို့ဖျက်ဆီးပစ်မယ်ဗျာ…”

ဦးသိုက်စကားကြောင့် ဖိုးသား မျက်နှာပျက်သွားသည်။
သက်ပြင်းကိုချ၍ အဖေဖြစ်သူကိုသာကြည့်နေခဲ့လေသည်။

“ကဲ…ဒီလိုဆိုရင် သမီးရှင်ညို…
ညည်းပဲ မီးရှို့ပေးလိုက်ပါအေ…”

ဘွားမယ်စိန်က ရှင်ညိုကိုခေါ်လိုက်သည်။
ရှင်ညိုလက်ထဲသို့မြေပုံကိုပေးလိုက်ရာ
ရှင်ညိုလည်း ဦးသိုက်နဲ့အတူ မြေပုံအား
မီးရှို့ဖျက်ဆီးလိုက်၏။
ဦးသိုက်ကတော့ မီးများလောင်နေသော
မြေပုံကိုတွေတွေလေးသာ ငေးကြည့်နေခဲ့တော့သည်။

မြေပုံကိုမီးရှို့ဖျက်ဆီးပြီးနောက် ဦးသိုက်တို့လည်း
ဘွားမယ်စိန်တို့ကိုနှုတ်ဆက်၍ပြန်သွားကြသည်။

“ဘွား…စောစောက ဖိုးသားဆိုတဲ့လူက
မြေပုံကိုလိုချင်နေပုံပဲ…
သူ့ကြည့်ရတာ သိုက်ကိုသွားရှာချင်နေပုံရတယ်ဗျ…”

ဟု…မောင်တိုးကပြော​လေသည်။
မောင်တိုးစကားကို သူကြီးနဲ့မောင်အုန်းတို့ကလည်း ခေါင်းညိတ်၍ထောက်ခံကြသည်။

“သူ့မှာလည်းလောဘရှိမှာပေါ့ကွယ်…
ဒါပေမယ့် သူ့ရဲ့အကြောင်းကို သူ့အဖေကသိလို့
အခုလိုမီးရှို့ဖျက်ဆီးခိုင်းတာပေါ့…”

“ကျုပ်တို့ကတော့ ကိုယ်နဲ့မဆိုင်တဲ့အရာကို
လောဘမတက်ပါဘူးဗျာ…”

“ဟုတ်ပဗျာ…ကိုယ့်အသက်နဲ့တော့မလဲနိုင်ပါဘူး”

မောင်တိုးနဲ့မောင်အုန်းတို့ကို ဘွားမယ်စိန်ကပြုံး၍
ကြည့်သည်။

“ဒါနဲ့သူကြီး…စောစောက မြေပုံကို
သေချာကြည့်နေတာဆိုတော့ နေရာများ
မှတ်မိလိုက်လားဗျ…”

“ဟာ…နင့်မေကလွှား…သူ့မြေပုံကဖြင့်
ဟိုခြစ်…ဒီခြစ်မှတ်ထားတာကြီးကိုငါက
ဘယ်လိုသိမှာလဲကွ…”

“မသိပါဘူးဗျာ…မျက်စိတောင်မလွှဲနိုင်ဘဲ
စိုက်ကြည့်နေတော့ သေချာမှတ်ထားပြီး
သိုက်များသွားတူးတော့မယ်ထင်နေတာ…”

“ဒီကောင်ကတော့ နာချင်နေပြီထင်တယ်…”

မောင်တိုးက သူကြီးဦးနောင်ချိုကို စနောက်နေသည်။
မောင်အုန်းနဲ့ဒေါ်ဝင်းတို့ကတော့ သူကြီးကို
အတည်ပေါက်ဖြင့်စနောက်နေသော မောင်တိုးနဲ့
ဒေါသများတရှုးရှုးထွက်နေသော သူကြီးတို့ကို
ကြည့်၍တဟားဟားရယ်မောနေခဲ့ကြသည်။

“ရှင်ညို…”

“ရှင်အဘွား…”

“ဒီနားကိုခဏလာဦး…”

“ဟုတ်ကဲ့…”

ဘွားမယ်စိန်ကရှင်ညိုကိုခေါ်လိုက်တော့
သူကြီးဦးနောင်ချိုတို့ပင် တိတ်သွားခဲ့၏။

“ညည်း…ဘွားမသိအောင်ဘာများလုပ်ထားသေးလဲ”

ဟု…ဘွားမယ်စိန်က ရှင်ညိုကိုစိုက်ကြည့်၍
မေးလိုက်သည်။

“ကျုပ်…ဘာမှမလုပ်ထားပါဘူးအဘွား…
ဘာလို့များမေးတာလဲ…”

“ညည်းဘွားကိုမလိမ်စမ်းပါနဲ့…
ညည်း ရွာပြင်မှာ သရဲမွေးထားတယ်မဟုတ်လား”

ဟုမေးတော့ ရှင်ညို…မောင်တိုးတို့ကိုကြည့်လိုက်သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကတော့ သူတို့မပြောကြောင်း
ပြာပြသလဲခေါင်းခါပြနေကြသည်။

“အာ…ကျူပ်သရဲမမွေးပါဘူးအဘွားရယ်…
သူနဲ့ကျုပ်ခင်ကြတာပါ…”

“ဘာကိုခင်တာလဲ…
ဘွားမသိဘူးလို့များထင်နေတာလား…
ဒီအဘွားအိုကြီးကို ညည်း လိမ်လို့ညာလို့ရမယ်
မထင်ပါနဲ့အေ့…
ဒါပေမယ့် အခုညည်းကိုမေးတာ ဆူချင်လို့မဟုတ်ပါဘူး…
ညည်းကောင်းတာတွေလုပ်နေတာကိုဘွားသိပါတယ်…
အေး …မကောင်းတာတွေလုပ်လာရင်တော့
ဘွားရဲ့အရိပ်အောက်ကနေ ညည်းထွက်သွားရမယ်ဆိုတာကိုတော့ မမေ့နဲ့ပေါ့အေ…”

“စိတ်ချပါအဘွား…
ကျုပ်မကောင်းတာကိုမလုပ်ပါဘူး…
ကျုပ်က အဘွားကိုမမီပေမယ့် အဘွားခြေရာကို
လိုက်မယ်သူပါ…ကျုပ်ကိုစိတ်ချပါ…”

ရှင်ညိုစကားကြောင့် ဘွားမယ်စိန်ကျေနပ်
အပြုံးပြုံးလေသည်။
ခဏမျှကြာတော့ သူ၏လက်စွဲတော်တောင်ဝှေးကြီးကိုယူ၍ရွာထဲဆီသို့အလည်ထွက်သွားခဲ့တော့၏။

ထိုသို့ဖြင့် ရတနာမြေပုံ ဆိုသည့်စာမူလေးလည်း
ပြီးဆုံးသွားခဲ့ပါတယ်။

ယဥ်မင်း(ကန့်ဘလူ)