ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော
နှစ်ရွာကြားကဖူးစာ

စာမူ…၁၅၉

စဆုံး

မောင်တိုးတစ်ယောက် အခုတလောညဘက်များ၌
အိပ်၍မပျော်ဖြစ်နေခဲ့သည်။

“ဟူးးး…”

သက်ပြင်းကိုလည်းမကြာခဏချနေတတ်သောမောင်တိုးကို အမေဖြစ်သူဒေါ်တာက အကဲခတ်နေခဲ့သည်။

“ဟဲ့သား…”

“ဗျာ…”

ဆေးလိပ်ကြီးကသောက်မလိုလို…မသောက်တော့ဘူးလိုလိုနဲ့ ဘာတွေဖြစ်နေတာလဲကွဲ့”

ဆေးလိပ်ကြီးကို ပါးစပ်၌ ခဲထားသော
မောင်တိုးအား ဒေါ်တာမေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူးအမေရာ…”

ဟု…လေသံတိုးတိုးဖျော့ဖျော့လေးဖြင့် မောင်တိုးက
ပြန်ဖြေလေသည်။

“မင်းကြည့်ရတာ…တစ်ခုခုများဖြစ်နေသလားကွယ်…
ဘာအပူတွေများမိနေတာလဲငါ့သားရဲ့”

ဒေါ်တာက မောင်တိုးမျက်နှာကိုစေ့စေ့ကြည့်၍မေးသည်။
မောင်တိုးကဒေါ်တာ၏အကြည့်ကို မျက်နှာလွှဲ၍…

“ဘာမှမဖြစ်ပါဘူးဗျာ…ဒီအတိုင်းပါပဲ…”

“အေး…ငါကတော့မင်းရဲ့ ဒီအတိုင်းပဲဆိုတာကို
မယုံဘူးကွဲ့….တစ်ခုခုအပူမိနေရင်လည်းမလိမ်မညာဘဲပြော…နောက်မှသိရင်ဒီအမေရင်ကျိူးရလိမ့်မယ်ကွဲ့….”

“ဘာမှမဖြစ်ပါဘူးဆိုအမေကလည်း”

ဟု…ပြော၍ မောင်တိုး ကွပ်ပျစ်အခင်းပေါ်မှဆင်းသွားသည်။

“ဟဲ့…ဒါကဘယ်လဲ…”

“ရွာထဲခဏသွားမလို့ဗျ….”

မောင်တိုးက နောက်လှည့်မကြည့်ဘဲပြောပြီး
ခြံဝိုင်းထဲမှ ထွက်သွားတော့လေသည်။

ရွာထဲလမ်းအတိုင်း တစ်အိမ်ကွေ့…တစ်အိမ်ရှောင်သွားလာရင်း မောင်တိုးတစ်​ယောက် ဘွားမယ်စိန်၏နေအိမ်ဆီသို့
ရောက်ရှိလာခဲ့၏။

“အမယ်…မောင်တိုး…အချိန်ကိုက်ကို
ရောက်လာတာပါလားဟဲ့…လာ…လာ…”

ဒေါ်ဝင်းကလက်ဖက်သုပ်ပန်းကန်လေးကိုင်၍
မီးဖိုထဲမှထွက်လာရင်း ပြော၏။
မောင်တိုးကတော့ပြုံးယုံသာပြုံးပြီး ထန်းလက်ခုံ၌
ဝင်၍သာထိုင်လိုက်သည်။

ရှင်ညိုနဲ့နန်းကြိုင်တို့ကလည်း ကွပ်ပျစ်ပေါ်၌
ဘွားမယ်စိန်နှင့်အတူတူထိုင်နေခဲ့ကြသည်။

“ဘာများဖြစ်လို့လဲမောင်ရင်…
မျက်နှာလည်းမကောင်းပါလားကွဲ့”

ဟု…ဘွားမယ်စိန်ကမေးတော့ မောင်တိုးခေါင်းကို
ခါရမ်းပြီး…

“ဘာမှမဖြစ်ပါဘူးဘွားရယ်…
ကျုပ်စိတ်ထဲနည်းနည်း နေရခက်နေလို့ပါဗျာ…”

ဟုဖြေလေသည်။

“ဘာတွေများနေရခက်နေတာလဲကွဲ့…
ပြောစမ်းပါဦး”

“ဟီး…ပြောရတာကတော့ခက်တယ်ဘွားရေ…
လူငယ်ရေးရာကိစ္စဆိုတော့…ဟီး…”

“အမယ်လေး…သိပါပြီကွယ်…သမီးရှင်ညို…
ညည်းအစ်ကိုကြည့်ရတာ သူ့ရဲ့လူငယ်ရေးရာကိုလာတိုင်ပင်ပုံရတယ်အေ့…ညည်းတို့ဘာသာပဲပြောကြတော့အေ…”

ဘွားမယ်စိန်စကားကြောင့် မောင်တိုးက
ရှက်ရယ်ရယ်လေသည်။
ရှင်ညိုကလည်း ကွပ်ပျစ်ခင်းမှဆင်း၍…

“ကိုကြီးတိုး ခြံနောက်ဖေးမှာ ဖျာခင်းပြီးစားပွဲတစ်လုံးချထားတယ် ကျုပ်တို့အဲ့မှာပဲသွားထိုင်ကြတာပေါ့”

“အေး ရှင်ညို”

ရှင်ညိုတို့ထွက်သွားတော့ နန်းကြိုင်ကလည်း လိုက်ဖို့ဟန်ပြင်သည်။

“မြေးလေး…သူတို့ဘာသာလွတ်လွတ်လပ်လပ်ပြောပါစေ
လိုက်မသွားနဲ့…”

ဟု…ဘွားမယ်စိန်ကတားလေတော့ နန်းကြိုင်လည်း
ကွပ်ပျစ်ခင်း၌သာပြန်ထိုင်နေခဲ့ရသည်။

“ကဲ…ထိုင်…ကိုကြီးတိုး…
ဒါကတော့ ကျုပ်ရဲ့နေရာ…လုပ်စရာတစ်ခုခုရှိရင်
ဒီစားပွဲမှာပဲ ကျုပ်ကလာထိုင်နေကြ”

ရှင်ညို၏စကားကိုမောင်တိုးခေါင်းညိတ်လိုက်သည်။

“ပြောပါဦး…ကိုကြီးတိုးမျက်နှာကြည့်ရတာ
စိတ်ညစ်စရာတွေရှိနေပုံရတယ်…ညဘက်တွေမအိပ်ဘူးလား မျက်ကွင်းတွေတောင်ညိုနေတယ်တော်…”

“ဟေ…ဟုတ်လား”

ရှင်ညိုစကားကြောင့်မောင်တိုးအယောင်ယောင်အမှားမှားဖြင့် သူ၏မျက်နှာကိုလက်ဖြင့်စမ်းလေရာ
ရှင်ညိုကလည်း ခေါင်းညိတ်ပြ၏။

“ဟုတ်ပါ့တော်…ဒါနဲ့ ကျုပ်ကိုပြောစရာရှိနေတာက
ဘာအကြောင်းများလဲကိုကြီးတိုး…”

ဟု…ရှင်ညိုကမေးတော့ တန်း၍ပင်မဖြေနိုင်ဘဲ
မောင်တိုးမှာ သက်ပြင်းကိုအရင်ချလိုက်သည်။

“ဒီလိုဟ…ဟို…ရွာသစ်က အရီးမြသမီး
ခင်မြချစ်လေ…ညည်းပြောဖူးတာမှတ်မိတယ်မလား”

မောင်တိုးစကားကို မှတ်မိကြောင်း ရှင်ညိုခေါင်းညိတ်ပြတော့…

“အေး…အဲ့သည် ခင်မြချစ်က မင်္ဂလာဆောင်တော့မယ်ဟ
ညည်းပြောတော့ငါနဲ့ညားမှာဆို…
အခုတော့သူက မင်္ဂလာတောင်ဆောင်တော့မယ်ဟ”

ဟု…စိတ်ပျက်လက်ပျက်အသံကြီးဖြင့် မောင်တိုးက
ပြောလာသည်။
မောင်တိုးကိုကြည့်၍ ရှင်ညိပြုံးလေသည်။

“ညည်းက ဘာပြုံးတာလဲ”

သူ့အားပြုံးကြည့်နေသောရှင်ညိုကို
မောင်တိုးက ဘောက်ဆတ်ဆတ်မေးလိုက်၏။

“မဟုတ်ပါဘူးတော်…ကိုကြီးတိုးမျက်နှာကိုကြည့်ပြီး
ပြုံးမိတာပါ…ဒီတော့အဲ့သည် မခင်မြချစ်ကယောကျာ်းယူတော့မယ်ပေါ့လေ”

“အေးဟ…မြို့သားတဲ့…အသက်ကတော့ခပ်ကြီးကြီးဟ”

ရှင်ညိုခေါင်းကိုညိတ်လိုက်သည်။

“ဒါဆို ကိုကြီးတိုးလည်း မခင်မြချစ်ကို ချစ်နေပြီပေါ့လေ
ဒါနဲ့ကိုကြီးတိုး ချစ်နေတာကိုရောမခင်မြချစ်သိပြီးပြီလား”

“အာ…မပြောရဲပါဘူးဟာ…
သူ့မျက်နှာက အမြဲရုပ်တည်ကြီးနဲ့ဆိုတော့
ပြောရမှာလန့်တယ်ဟ…ငါပြောမိလို့အသာအယာ
ငြင်းတာဆိုတော်သေးတယ်…
အော်ဟစ်ဆဲဆိုလိုက်ရင်ဘွားရဲ့သားဖြစ်တဲ့ငါက
သိက္ခာကျသွားမှာလေ ရှင်ညိုရဲ့”

“အမယ်လေးတော်…ရဲရဲသာပြောကြည့်လိုက်စမ်းပါကိုကြီးတိုးရယ်…ကျုပ်ပြောပြီးပြီပဲလေ…မခင်မြချစ်ကကိုကြီးတိုးနဲ့ညားကိုညားမှာပါဆိုနေ…”

“နင့်စကားကြောင့်သာဖြေသာနေတာပါရှင်ညိုရယ်…
ငါ့မှာလည်းသူမင်္ဂလာဆောင်တော့မယ်ဆိုတော့
အိပ်မရစားမရနဲ့ ဒုက္ခကြီးလွန်းပါတယ်ဟာ…”

မောင်တိုးက မလိမ်တမ်းပြောနေ၍ ရှင်ညိုမပြုံးရဲဘဲ
ခေါင်းသာညိတ်ရှာသည်။

“ငါဘာဆက်လုပ်ရမလဲရှင်ညို…
​အကြံလေးဘာလေးပေးပါဦးဟာ…”

ရှင်ညိုလည်းခဏမျှစဥ်းစားနေသည်။
အကြံပေါ်လာချိန်မှ…

“ခုချိန်က ကျုပ်ပြောတာကိုပဲ
ကိုကြီးတိုးဘက်ကလုပ်နိုင်ဖို့ကသာအဓိကဖြစ်နေပြီ…”

“ငါကဘာလုပ်ရမှာလဲရှင်ညို”

“အင်း…လုပ်ရမှာက ကိုးသင်္ချိုင်းကိုပတ်ပြီး
သင်္ချိုင်းတစ်ခု​​​ဆီက သက်ဆိုင်ရာအုတ်ဂူတစ်ဂူ
ကနေ အကြွေစေ့၉စေ့ယူခဲ့ရမှာပဲကိုကြီးတိုး…”

“တကယ်ကြီးလားရှင်ညို…
ငါအဲ့သည်လိုလုပ်မှပဲ ခင်မြချစ်ရဲ့ အချစ်ကိုပိုင်ဆိုင်
ရမှာလား”

မောင်တိုးကရှင်ညိုကိုစိုက်ကြည့်၍မေးလေသည်။
ရှင်ညိုက သက်ပြင်းလိုက်ချ၏။

“ကျုပ်က ကိုကြီးတိုး စိတ်ပေါ့ပါးသွားအောင်
စနောက်တဲ့သဘောပါကိုကြီးတိုးရယ်…
ကိုကြီးတိုးတကယ်သဘောကျနေတာအမှန်ဆိုရင်
မနက်ဖြန် ရွာသစ်က ဘုရားလေးနားမှာစောင့်နေပါ…
ကျုပ်မခင်မြချစ်ကို ရအောင်ခေါ်ထုတ်ခဲ့ပါ့မယ်…”

“ဖြစ်ပါ့မလားဟာ…”

“ဖြစ်ပါတယ်တော်…ကျုပ်ပြောတဲ့အတိုင်းသာ
ကိုကြီးတိုးလာဖြစ်အောင်လာခဲ့ပါ…”

ရှင်ညိုပြောလိုက်တဲ့စကားကြောင့် မောင်တိုးပြုံးရွှင်စွာ
ခေါင်းကိုညိတ်လိုက်လေသည်။

ရှင်ညိုကလည်းမောင်တိုးကိုကြည့်၍ ပြုံးရှာသည်။
ရှင်ညိုနဲ့မောင်တိုးတို့ ပြုံးနေသည်ကို မလှမ်းမကမ်း၌
မျက်မှောင်ကြီးကျုံ့၍ နန်းကြိုင်အကဲခတ်နေခဲ့သည်။
ဘွားမယ်စိန်ကိုကြောက်၍သာ ရှင်ညိုတို့ဆီသို့
နန်းကြိုင်မလာဖြစ်ပေမယ့် မျက်နှာများလှမ်းကြည့်၍
အကဲခတ်နေခဲ့သည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့…

“အဘွား…ကျုပ်ရွာသစ်ကိုခဏသွားလိုက်ဦးမယ်”

ဟု…ရှင်ညိုက ဘွားမယ်စိန်ကိုခွင့်တောင်းသည်။

“အရေးကြီးလားသမီး”

“ဟုတ်…အဲ့သည်လိုပဲပြောရမယ်အဘွား”

“အေး…အေး…အေး…ဒါဖြင့်လည်းသွားလေအေ…
ဂရုတော့စိုက်သွားနော်…”

“ဟုတ်ကဲ့”

ဘွားမယ်စိန်ကခွင့်ပြုသောကြောင့် ရှင်ညိုသွားဖို့
ပြင်ဆင်လေသည်။

“မမ…ညီမလေးလည်းလိုက်မယ်လေ”

နန်းကြိုင်က ရှင်ညိုကိုပြောတော့ ရှင်ညိုငြင်းရခက်နေသည်။
ရှင်ညို၏စိတ်ကိုသိသောဘွားမယ်စိန်က…

“မြေးလေး…ညည်းအစ်မသွားစရာရှိတာသွားပါစေ…
မြေးလေးက မြေးလေးအမေနဲ့ပဲ ဘုန်းကြီးကျောင်းလိုက်သွားလိုက်နော်…ကြားလားမြေးလေး…”

ဟု…ပြောလိုက်သောအခါ နန်းကြိုင်မျက်နှာမှာ
စိတ်အလိုမကျစွာ နွမ်းသွားရှာသည်။
ရှင်ညိုက နန်းကြိုင်ကိုသနား၍ ခေါ်သွားမည်ဟု
ပြောဖို့ဟန်ပြင်ရာ ဘွားမယ်စိန်က ခေါင်းခါပြသော
ကြောင့်သက်ပြင်းသာချလိုက်ရှာတော့သည်။
ထို့နောက်တော့ ရှင်ညိုလည်း ရွာသစ်ရွာသို့ ​ခြေလျင်သာ
ထွက်လာခဲ့လိုက်သည်။
ရွာသစ်ရွာရှိ အရီးမြ၏နေအိမ်သို့ရောက်တော့…

“မခင်မြချစ်……”

“ဟယ်..ညီမလေး…”

အိမ်၌ခင်မြချစ်သာရှိနေချိန်၌ ရှင်ညိုရောက်သွားခဲ့ခြင်း
ဖြစ်သည်။

“လာလေညီမလေး…ထိုင်ဦး…
အမေတို့က ဘုန်းကြီးကျောင်းသွားတယ်ညီမလေးရဲ့”

“ကျုပ်က အစ်မဆီကိုပဲလာတာပါ…
ဒါနဲ့အစ်မ မင်္ဂလာဆောင်တော့မယ်ဆို…”

ရှင်ညို၏အမေးကြောင့် ခင်မြချစ်မျက်နှာညိုးငယ်သွားသည်။

“အမေတို့လူကြီးတွေစီစဥ်ကြတာပါညီမလေးရယ်…”

“ဒါဆို အစ်မဘက်ကရောလက်ခံထားတယ်ပေါ့”

“အစ်မဘက်ကအဲ့သည်လိုရွေးချယ်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူးညီမလေးရယ်…
အမေ့သဘောထားကသာအရေးကြီးတာပါ…”

ရှင်ညို…ခင်မြချစ်ကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။

“အစ်မမှာချစ်ရတဲ့သူကောရှိနေလား”

ရှင်ညို၏အမေးကြောင့် ခင်မြချစ်မျက်နှာဟာ
ပို၍ညိုးငယ်သွားပြန်သည်။

“အစ်မကိုချစ်တာမချစ်တာမသိပေမယ့်
အစ်မချစ်ရတဲ့သူတော့ရှိပါတယ်ညီမလေး…”

“ဘယ်သူများလဲဆိုတာ ကျုပ်သိလို့ရမလားအစ်မ…”

ခင်မြချစ်ခေါင်းကိုဖြေးဖြေးလေးရမ်း၍…

“ခုချိန်မှတော့ ညီမလေးသိလည်းဘာမှ
ထူးခြားမသွားပါဘူး…ဒါကြောင့်မပြောပါရစေနဲ့ညီမ​လေးရယ်…”

ဟု…ပြောလေသည်။

“မဟုတ်တာအစ်မရယ်…
အိမ်ထောင်တစ်ခုထူထောင်ဖို့ဆိုတာကာယကံရှင်ရဲ့
သဘောဆန္ဒကအရေးကြီးဆုံးပဲလေ…
အင်း…ကျုပ်ရဲ့လာရင်းကိစ္စကိုလည်း
အချိန်ရတုန်းလေးပြောပါရစေဦး…”

ရှင်ညိုကလည်း မိမိပြောလိုသည့်ကိစ္စကို
ခင်မြချစ်အားပြောပြ​လေသည်။
ရှင်ညို၏စကားများကိုနားထောင်ရင်းခင်မြချစ်၏မျက်နှာ
အမူအရာများပြောင်းလဲသွားခဲ့၏။

“အစ်မဘက်ကသူ့ကိုမေတ္တာရှိရင် ကျုပ်နဲ့အတူတူ
လိုက်ခဲ့ပေးပါ…ဒါပေမယ့် မေတ္တာမရှိဘူးဆိုရင်တော့
အစ်မနေခဲ့လို့ရပါတယ်…”

ခင်မြချစ်တွေဝေသွားသည်။
ရှင်ညိုကလည်း ခင်မြချစ်၏မျက်နှာကိုသာ
ကြည့်နေခဲ့၏။

“အစ်မလိုက်ခဲ့မယ်ညီမလေး…”

“ရှင်… တကယ်လားအစ်မ”

ရှင်ညိုက တအံ့တသြမေးလေတော့ ခင်မြချစ်ပြုံး၍
ခေါင်းညိတ်ပြသည်။

“ဒါဆို အစ်မမေတ္တာရှိနေတာကလည်း ကိုကြီးတိုးပေါ့လေ…ဟုတ်တယ်မလားအစ်မ”

“သြော်…ညီမလေးရယ်…အစ်မလိုက်ခဲ့ပါ့မယ်ဆိုအေ”

မောင်တိုးအတွက်ရှင်ညိုဝမ်းသာသွားရှာသည်။
ခင်မြချစ်ကတော့ ရှင်ညိုကို ခဏဟုပြော၍
အိမ်ပေါ်သို့တက်သွားသည်။
လိုရမယ်ရပစ္စည်းများကိုယူ၍ ခင်မြချစ်အိမ်ပေါ်မှ
ပြန်ဆင်းလာခဲ့၏။

“ဟင်…အဝတ်ထုပ်ကြီးမြင်ရင် ရွာကလူတွေ
ပြောကုန်တော့မှာပေါ့အစ်မရဲ့…
ပေး…ပေး…ကျုပ်ယူခဲ့မယ်”

ခင်မြချစ်စွန့်စားပေတော့မည်။
တိတ်တခိုးမေတ္တာရှိနေသည့်သူမှ မိမိအပေါ်၌
မေတ္တာရှိနေသည်ဟုသိရပြီးနောက် ခင်မြချစ် အဝတ်ထုပ်ကိုပိုက်၍ ထွက်ဖို့ပြင်တော့သည်။
ခင်မြချစ်၏အဝတ်ထုပ်ကိုရှင်ညိုယူလိုက်သည်။

ရွာထဲလမ်းမှမသွားတော့ဘဲ ရွာအပြင်ဘက်လမ်းမှ
ထွက်လာခဲ့ကြ၏။
ရွာသစ်ကဘုရားလေးအနီးသို့ရောက်တော့
သူတို့အားပြုံးရယ်ကာ လက်ပြနေတဲ့မောင်တိုးကို
မြင်လိုက်ကြရ၏။

“အစ်မလာလေ…”

“ဖြစ်ပါ့မလားညီမလေးရယ်”

“ဟောတော်…အထုပ်ကြီးပိုက်ပြီးထွက်လာပြီပဲဟာ..
လာစမ်းပါအစ်မရယ်…”

မောင်တိုးကိုမြင်တော့တွန့်ဆုတ်သွားသည့် ခင်မြချစ်ကို
ရှင်ညို လက်ကဆွဲ၍ ခေါ်သွားရပြန်သည်။

“ကဲ…ရော့ကိုကြီးတိုး…”

“ဟေ…ဘာကြီးလဲဟ”

ခင်မြချစ်၏အဝတ်ထုပ်ကို ရှင်ညိုက မောင်တိုးအားပေးလိုက်လေတော့ အထုပ်ကြီးကိုကြည့်၍ မောင်တိုးက
နားမလည်စွာမေးလေသည်။

“ကိုကြီးတိုး…တော့်ကိုဒီအထုပ်ပေးလိုက်ကတည်းက
နားမလည်ဘူးလား”

“ရှင်ညိုရာ…ငါနားမလည်လို့ပါ…
နင်တို့ဘာဖြစ်လာကြတာလဲ “

ရှင်ညိုမှာ မောင်တိုးကိုကြည့်၍သက်ပြင်းချသည်။

“ကိုကြီးတိုး…ဟောသည်က မခင်မြချစ်ကလေ
ကိုကြီးတိုးရဲ့အနောက်ကိုလိုက်လာတော့မှာ…”

“ဟင်…ခင်မြချစ်က ငါ့အနောက်လိုက်မယ်…
ဟုတ်လား…ဘာလို့လဲရှင်ညို”

မောင်တိုးစကားကြောင့် ရှင်ညိုခေါင်းခါမိသည်။
ခင်မြချစ်က…

“ညီမလေး…အစ်မပဲပြောလိုက်​တော့မယ်…
ဒီလိုပါ ကိုမောင်တိုး…ညီမလေးရှင်ညိုပြောပြလို့
ကိုမောင်တိုးက ကျုပ်အပေါ်မေတ္တာရှိနေတာကို
သိခဲ့ရပါတယ်…ကျုပ်ဘက်ကလည်းကိုမောင်တိုးရဲ့
မေတ္တာကိုလက်ခံမိလို့…အဲ့တာ…အဲ့တာလေ…..”

ဟု…ပြောကာ ဆက်ပြောဖို့တွန့်ဆုတ်သွားလေသည်။
မောင်တိုးသဘောပေါက်သွားခဲ့သည်။

“ရပြီ…ရပြီ…ဒါဆို အစ်ကိုသိပါပြီ…
လာ…လာ…သွားကြရအောင် ညီမ…”

မောင်တိုးတစ်ယောက် ခင်မြချစ်ရဲ့လက်ကို
ဆုပ်ကိုင်ပြီးထွက်သွားတော့သည်။
မောင်တိုး၏မျက်နှာကြီးကတော့ ပီတိများဖြင့်
ပြုံးရွှင်လို့နေခဲ့၏။
ခြေလှမ်းဆယ်လှမ်းမျှလှမ်းသွားကြပြီးနောက်
ရှင်ညိုကိုသတိရကာ အနောက်သို့
လှည့်ကြည့်ကြရှာသည်။
ရှင်ညိုကတော့ ခါးကြီးထောက်၍ သူတို့အား
ကြည့်နေခဲ့သည်။

” ဟီးးး…လာလေရှင်ညို…သွားကြရအောင်ဟ”

ရှင်ညိုလည်းမောင်တိုးတို့အနီးရောက်လာခဲ့သည်။

“ကျုပ်မလိုက်တော့ဘူးကိုကြီးတိုး…
ကျုပ်နဲ့ကိုကြီးတိုးအတူတူပျောက်သွားရင်အဘွားတို့
စိတ်ပူနေရမှာ…အဲ့တာကြောင့် ကိုကြီးတိုးတို့ပဲ
တစ်နေရာရာမှာသွားနေ​ကြပါ…”

“အေး…ညည်းပြောတာလည်းဟုတ်တာပဲ…
ဒါဆိုငါတို့နှစ်ယောက် ရွာတစ်ရွာရွာမှာသွားနေမယ်ဟာ…
အခြေအနေအေးပြီဆိုမှပြန်လာခဲ့ကြမယ်…”

“ဘယ်ရွာကိုသွားမှာလဲကိုကြီးတိုး”

“ဘယ်သွားရမှာလဲဟာ…
အရီးနော်ခမ်းတို့ရွာကိုပေါ့”

“အင်း…အဲ့တာဆို ကျုပ်စိတ်ချပါတယ်…
အချိန်ရှိတုန်းလေးသွားကြတော့ကိုကြီးတိုး..
လမ်းခရီးမှာလည်းဂရုစိုက်ကြဦးနော်…”

“အေးပါ…စိတ်ချဟာ…
ဒါဆိုငါတို့သွားပြီနော်…”

“ညီမ…အစ်မတို့သွားပြီနော်…”

ရှင်ညိုခေါင်းညိတ်၍ပြုံးပြလိုက်သည်။
မောင်တိုးကလည်း ခင်မြချစ်၏လက်ကိုကိုင်ဆွဲ၍
ရှင်ညိုအားကျောခိုင်းကာထွက်သွားတော့လေသည်။
မောင်တိုးတို့ကိုခဏမျှရပ်ကြည့်နေပြီးနောက်
ရှင်ညိုလည်း သောင်ထွန်းရွာသို့ပြန်လာခဲ့လိုက်တော့သည်။

ဘွားမယ်စိန်တို့ကို မောင်တိုး၏အကြောင်းအား
ရှင်ညိုမ​ပြောပြခဲ့ပေ။
ပုံမှန်အတိုင်းသာအမူပရာမပျက် နေခဲ့လိုက်၏။

ညနေသို့ရောက်တော့ လူဆယ်ယောက်မျှရှိသော
လူစုသည် ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့လေသည်။

“ဘွားမယ်စိန်ရှိလား…”

လေသံက ပျော့ပျောင်းမှုမရှိဘဲ ခက်ထန်နေခဲ့သည်။

“ရှိတယ်…ဘယ်သူတွေလဲ”

“ရှိရင်ဘွားမယ်စိန်နဲ့တွေ့ချင်တယ်…”

“နေပါဦး…ဘယ်သူတွေလဲပြောကြဦးလေ…”

ဒေါ်ဝင်းတားသော်လည်း
ယောကျာ်းတွေက ခြံတံခါးကိုတွန်းဖွင့်ပြီးဝင်ကြသည်။
ဝင်လာသူများကို ဘွားမယ်စိန် မျက်မှောင်ကျုံ့ကာကြည့်
လိုက်၏။
လူအုပ်ထဲမှ အရီးမြကိုမြင်လေတော့ ဘွားမယ်စိန်
မျက်မှောင်ကိုပြန်လျော့လိုက်ပြီး…

“လာကြ…ထိုင်ကြကွဲ့”

ဟု…နေရာပေးလိုက်သည်။
အရီးမြလည်း မျက်နှာမသာမယာဖြင့် ကွပ်ပျစ်ခင်းပေါ်
ဝင်ထိုင်လိုက်သည်။

“ဘာအကြောင်းများရှိလို့ ရောက်လာကြတာလဲအေ့”

ဟု…ဘွားမယ်စိန်ကမေးတော့ အရီးမြ၏သားဖြစ်သူ
ခင်မောင်ချစ်က…

“ကျုပ်ညီမပျောက်နေတယ်ဗျ…
အမေကြီးတို့အိမ်က ရှင်ညိုဆိုတဲ့ကောင်မလေးကို
ခေါ်ပေးပါ…ကျုပ်ညီမနဲ့အတူတူအဲ့သည်ကောင်မလေးကို
တွေ့လိုက်တယ်လို့ပြောကြတယ်”

“ဟေ…”

“ဟင်…”

ဘွားမယ်စိန်နှင့်ဒေါ်ဝင်းတို့အံ့သြသွားကြသည်။

“မိဝင်း…ညည်းတူမကိုသွားခေါ်ချေ”

“ကျုပ်ရောက်ပါပြီအဘွား…”

ဘွားမယ်စိန်ခေါ်ခိုင်းနေစဥ်…ရှင်ညိုအနားသို့
ရောက်လာခဲ့သည်။
ခင်မောင်ချစ်က ရှင်ညိုကို…

“ကောင်မလေး…ငါ့ညီမဘယ်မှာလဲပြော”

ဟု​…မေးလေသည်။

“ကျုပ်မသိဘူး”

“ဘာပြောတယ်…မသိဘူးဟုတ်လား…
နင်နဲ့အတူတူထွက်သွားတာကိုမြင်တဲ့သူကမြင်တယ်…
ဒါကြောင့်မလိမ်နဲ့…ငါ့ညီမဘယ်မှာလဲပြော…”

“ကျုပ်တကယ်မသိဘူး”

“တောက်…ကွာ…”

ခင်မောင်ချစ်က ရှင်ညိုအပေါ်ဒေါသများထွက်နေခဲ့သည်။
အရီးမြက ခင်မောင်ချစ်လက်ကိုဆွဲ၍…

“အရီးမေးမယ်သမီး…အရီးကိုတော့မလိမ်ပါနဲ့အေ…
မိခင်တစ်ယောက်ကသားသမီးအပေါ်မှာပူပန်ရတဲ့အပူကို
သမီးစာနာပေးပါ…အရီးသမီးလေးအခုဘယ်သူနဲ့ဘယ်မှာ
ရှိ​နေလဲပြောပါသမီးရယ်…”

ဟု…ရှင်ညိုကိုမေးလေသည်။

“ပြောလိုက်ပါသမီးရယ်…ညည်းဘာပဲလုပ်ခဲ့လုပ်ခဲ့…ဘွားကညည်းဘက်ကနေရပ်တည်မှာပါ…မဟုတ်တာမလုပ်ထားဘူးဆိုတာကိုလည်းဘွားသိပါတယ်အေ…”

ဘွားမယ်စိန်က​ပြောတော့ ရှင်ညိုသက်ပြင်းချ၍
ခေါင်းညိတ်လေသည်။

“ကျုပ်ပြောပါ့အဘွား…
တကယ်တမ်းတော့မခင်မြချစ်နဲ့ကိုကြီးတိုးတို့က
မေတ္တာမျှနေကြတာပါ…
အဲ့တာကြောင့် သူတို့ကိုမဝေးစေချင်လို့
ကျုပ်ကူညီပေးလိုက်မိပါတယ်…”

“ဘာ…ဘာပြောတယ်…ဒါဆို…ဒီရွာက ​မောင်တိုးဆိုတဲ့ကောင် ငါ့ညီိမကိုခိုးသွားတာပေါ့…ဟုတ်လား…
ပြောစမ်း…အခုသူတို့ဘယ်မှာလဲ…ဟေ့..
ငါမေးနေတာဖြေလေ”

ခင်မောင်ချစ်က ရှင်ညိုကို လက်သီးဖြင့်ထိုးဖို့ရွယ်ရင်း
မေးလေသည်။

“ဖြန်း…”

အရီးမြကသားဖြစ်သူ ခင်မောင်ချစ်၏ပါးကို
ရိုက်ချလိုက်သည်။

“ဒီမှာခင်မောင်ချစ်…နင်မိန်းကလေးတစ်ယောက်​ကို
လက်သီးလက်မောင်းတန်းပြီး ယောကျာ်းကြီးတန်မဲ့
ရန်တွေ့ဖို့ငါနင့်ကိုမွေးထားတာမဟုတ်ဘူးဟဲ့”

“အမေ…အမေ့သမီးပါသွားပြီဗျ…”

“နင့်ပါးစပ်ကိုပိတ်လိုက်တော့…
ဘွားရဲ့သားတပည့်နဲ့ဆိုရင်ငါ့သမီးကိုငါစိတ်ချတယ်…
သူတို့ဘယ်သွားလဲဘယ်မှာလဲဆိုတာတွေငါမသိချင်ဘူး…
အချိန်တန်ရင်ရွာကိုပြန်လာကြလိမ့်မယ်…လာ…
သွားမယ်…ဘွား…ကျုပ်တို့ပြန်ပါဦးမယ်”

အရီးမြက ခင်မောင်ချစ်ကိုဆွဲခေါ်သွားတော့သည်။
ကျန်လူများလည်းပြန်လိုက်သွားကြ၏။
ရှင်ညိုတစ်ယောက် ငူငူကြီးမတ်တပ်ရပ်နေခဲ့သည်။

“ကွပ်ပျစ်ပေါ်ဝင်ထိုင်လေ…”

ဘွားမယ်စိန်ကပြောလေမှ ရှင်ညို ကွပ်ပျစ်ခင်း၌
ဝင်ထိုင်ရှာသည်။
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကလည်း ဘွားမယ်စိန်နှင့်
ရှင်ညို၏အရိပ်အခြေကိုကြည့်နေခဲ့ကြသည်။

“ညည်းအစ်ကိုတို့ဘယ်သွားကြလဲ”

“အရီးနော်ခမ်းရဲ့ရွာကိုပါ…”

“အင်း…ဒါဆိုရင်တော့ စိတ်ချရပါပြီ…
ညည်းအရီးကကောင်းကောင်းစောင့်ရှောက်ပေးမှာပါ…”

ရှင်ညိုခေါင်းညိတ်လိုက်သည်။

“ဘွား…ဘာတွေဖြစ်ကြတာလဲ”

ခြံဝိုင်းထဲဝင်လာသည်က သူကြီးဦးနောင်ချိုနှင့်
မောင်အုန်းတို့ဖြစ်သည်။

“ဘာဖြစ်ရမှာလဲ…မောင်တိုးမိန်းမခိုးပြေးသွားလို့…”

“ဗျာ…”

“ဟင်…ဟုတ်လို့လားဗျာ…ဒီကောင့်မှာ
ချစ်သူရှိတာလည်းကျုပ်တို့မကြားမိပါဘူး…
ဒီကောင်ကဘယ်သူ့ခိုးပြေးတာလဲ…မောင်အုန်းမင်းကောသိထားလား”

“ဟာဗျာ…ကျုပ်တောင်အခုမှသိလို့အံ့သြနေတာ…
ဒီကောင်ဘယ်သူ့ကိုခိုးပြေးတာလဲဟရှင်ညို…”

“ဘယ်သူကမှာလည်း…ရွာသစ်ကအရီးမြရဲ့သမီး
ခင်မြချစ်တဲ့လေ…ဟိုက ဟာတွေလည်း
အစောကမှလာသောင်းကျန်းသွားကြတာ…”

“ဟာ…ဒါတော့ဘယ်ဟုတ်မလဲ…
သူတို့အချင်းချင်းချစ်ကြိုက်လို့ခိုးပြေးကြတာ
ဘွားအိမ်ကိုလာသောင်းကျန်းဖို့လိုလို့လား…
ဒီလူတွေတော်တော်သွေးကောင်းနေကြပုံပဲ”

“ရမ်းပြီးလည်းစိတ်တိုမနေနဲ့ဦးဟဲ့…
အဲ့သည်ခင်မြချစ်ကိုခိုးပေးတာနင့်ညီမရှင်ညိုလေ…
ဟိုရွာကလူတွေက ရှင်ညိုနဲ့ခင်မြချစ်ကိုမြင်ခဲ့ကြလို့
လိုက်လာပြီးသောင်းကျန်းကြတာ…”

“ဟေ…ဟုတ်လားရှင်ညို”

မောင်တိုးအမေးကိုရှင်ညိုခေါင်းညိတ်လိုက်သည်။

“ဒါဆို ဟိုကောင်ကခင်မြချစ်ကိုဘယ်ခိုးသွားတာလဲ”

“တောင်ခြေရွာကိုတဲ့တော်…”

သူကြီးနဲ့မောင်အုန်း၏အမေးကိုဒေါ်ဝင်းက ဒိုင်ခံကာ
ဖြေ​ပေး နေသည်။

“ရှင်ညိုရာ…ငါကနောက်နှစ်ဆိုမိန်းမယူတော့မှာဟ…
အခု နင်လုပ်လိုက်မှပဲ ဟိုကောင်က ငါ့ထက်အရင်
လက်ဦးသွားပြီ…”

“အဲ့တာပြောတာပေါ့…မင်းတို့နှမက
သူ့အစ်ကိုတွေ ကျန်ရစ်ဖြစ်မှာစိတ်ပူပြီး
ဖူးစာရေးနတ်လုပ်ပစ်လိုက်တာလေ…
ဘွားကတော့အပြစ်မပြောရက်ပါဘူး…အဆင်​ပြေပြေလေးပဲပြီးသွားချင်တယ်…”

ဟု…ပြောပြီး ဘွားမယ်စိန်သည် သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွားရှိုက်နေခဲ့တော့သည်။

အစောပိုင်းက ဆူဆူညံညံအသံများပျောက်သွားပြီး
မောင်တိုးအတွက် ဝမ်းသာနေကြတော့၏။
မောင်တိုးမှာလည်း ခင်မြချစ်၏လက်ကိုဆွဲ၍
တောင်ခြေရွာသို့ ခရီးဆက်နေခဲ့ရှာသည်။
ခင်မြချစ်ရဲ့မိဘမောင်ဘွားများအ​နောက်က
လိုက်လာလေမလားပူပန်နေကြရှာပြီး
သူတို့အနော​က်သို့ မည်သူမှလိုက်မလာဘူးဆိုတာကိုတော့
မသိကြရှာပေ။
ထိုသို့ဖြင့် မောင်တိုးနဲ့ခင်မြချစ်တို့ ဖူးစာဆုံခဲ့ကြပါသည်။
မောင်တိုးအမေဒေါ်တာတစ်ယောက်မှာတော့
သားဖြစ်သူ၏သတင်းကိုကြားပြီး ဘွားမယ်စိန်အိမ်သို့
ငိုကြီးချက်မဖြင့်ရောက်လာ၍ဒေါ်ဝင်းခမျာ
နှစ်သိမ့်ပေး​နေရလေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)