စာမူ…၁၆၂

စဆုံး

“အဘွားသွင်…ဗျို့…အဘွားသွင်…”

“ဟဲ့…ဘယ်သူတုန်း…ဝင်ခဲ့လေ”

အဘွားသွင်အိမ်ဝိုင်းထဲသို့ အသားတွဲတစ်တွဲကို
ဆွဲ၍ ကိုသာလှဝင်လာခဲ့သည်။

“ဟော…ဘယ်သူများမှတ်…သာလှကို…
ဘာလဲ…အသားပေါ်လို့ လာပေးတာလား”

“ဟုတ်ပါ့ဗျာ…အဘွားသွင်မှာထားလို့
ကျုပ်ကလာပို့ပေးတာ…”

“အေး…အေး…အေး…ရော့ရော့ပိုက်ဆံ”

အဘွားသွင်က သူ၏ထမိန်လိပ်ကြားမှငွေကို
ကိုသာလှကိုပေးလိုက်သည်။

“ဒါဆိုကျူပ်ပြန်ပြီအဘွားသွင်…
မိညိုတို့ကောဘယ်သွားကြလဲဗျ…”

“အဲ့သည်ကောင်မတွေအခုချိန်ဆို
ရွာထဲလည်နေရောပေါ့ သာလှရဲ့”

“ကလေးပဲအဘွားသွင်ရယ် လည်မှာပေါ့ဗျာ…
ကဲ…ကဲ…ကျုပ်ပြန်ပြီဗျို့…”

ကိုသာလှပြန်သွားလေပြီ။
အဘွားသွင်ကတော့ အသက်အားဖြင့် ၈၀ ကျော်လေပြီ။
သွားမရှိပေမယ့် ကွမ်းကိုသွားဖုံးဖြင့်ဖိချေကာ ဝါးနေတတ်သော အဘွားသွင်သည် လူကောင်ကလည်းခပ်သေးသေးဖြစ်သည်။
အသက်ကြီး၍ဖြူဖွေးနေသောဆံပင်များသည်
ခေါင်းဦးရေပြားကိုတောင်လှမ်းမြင်နေရသည်အထိ
နည်းပါးနေခဲ့သည်။
ထိုဖြူဖြူဖွေးဖွေးဆံပင်လေးများကိုစု၍
မွေးကင်းစကလေး လက်သီးဆုပ်မျှရှိသော
ဆံထုံးလေးကိုထုံးဖွဲ့ လို့ထားလေသည်။
အဘွားသွင်သည် သမီးဖြစ်သူတို့မိသားစုဖြင့်
အတူနေထိုင်ပြီး သန်တုန်းမြန်တုန်း ရွာထဲသို့
​အလည်ထွက်နိုင်တုန်းအဘွားကြီးဖြစ်၏။

တစ်ရက်မှာတော့ အဘွားသွင်တစ်ယောက်
မြေးဖြစ်သူ မိညိုကိုခေါ်၍ တောထဲထင်းဝင်ခုတ်လေသည်။
သမီးဖြစ်သူလင်မယားမှာက လယ်ကိစ္စနှင့်အလုပ်များတာကြောင့် အိမ်ကိစ္စများကို အဘွားသွင်က လုပ်ကိုင်ပေးတတ်သည်။
ယခုလည်း ထင်းသုံးဖို့ကုန်နေပြီဖြစ်၍ ရွာနှင့်မလှမ်းမကမ်း၌ရှိသော တောထဲသို့ မြေးအဘွားနှစ်ယောက်ထွက်လာခဲ့လေသည်။

“အဘွားကလည်း…ရွာမှာထင်းဝယ်သုံးလို့ရနေတာက်ို
ဘာလို့တောထဲသွားမှာလဲ…
မိုးကလည်းအုံ့နေတာ
တော်နေ ရွာချလာမှခက်မယ်တော့်…”

ဟု…မြေးဖြစ်သူ မိညိုက ပြောသောအခါ…

“ဟဲ့…မိညို…ညည်းဘာသိတုန်း…
အဲ့သည်ထင်းဖိုးက ညည်းဟင်းတစ်ရက်စားရတယ်အေ့…
လာပါအေ…စကားကြောမရှည်စမ်းပါနဲ့”

ဟု…အဘွားသွင်ကပြန်ပြောလေသည်။
တောစပ်၌သာ ထင်းကိုင်းလေးများချိုး၍ စုစည်းကြရှာသည်။
မိုးကလည်းအုံ့နေသည်မလို့ ပတ်ဝန်းကျင်ကလည်း
အနည်းငယ်မှောင်နေခဲ့၏။

“ဟယ်…အဘွား…ဟိုမှာ အစ်မကြီးတစ်ယောက်တော့်”

မိညိုကအလန့်တကြားဖြင့် အဘွားသွင်ကို
အော်ပြောလေသည်။

အဘွားသွင်ကြည့်တော့ သူတို့အားလှမ်းကြည့်နေသည့်
မိန်းမချောတစ်ဦးကိုမြင်လိုက်ရ၏။

“အေးဟဲ့…ဘယ်ကမိန်းကလေးများလဲ”

အဘွားသွင်က ထင်းများကိုလက်မှချ၍
မိန်းမချောလေးအနီးသို့သွားလေသည်။

“အဘွား…ဘယ်သွားမလို့လဲ…
မသွားပါနဲ့လားအဘွားရယ်”

“ညည်းအသာနေစမ်းပါ…
ဟဲ့ …ဘယ်သူ့သမီးလဲ…ဒီအချိန်ကြီးလူပျိုနဲ့လာချိန်းနေတာလား”

မိညိုတားသည့်ကြားက အဘွားသွင်သည် မိန်းမချောလေးအနီးသို့သွားလေသည်။
မိန်းမချောလေးက အဘွားသွင်မေးတာကိုမဖြေဘဲ
အဘွားသွင်ကိုသာစိုက်ကြည့်နေခဲ့၏။

“လူကြီးမေးတာကိုပြန်မဖြေဘူးလား…
ညည်းနှယ်အတော်ရိုင်းတာပဲအေ့…”

အဘွားသွင်က အလိုမကျစွာပြောသည်။

“ဟဲ့ကောင်မလေး…လာ…လာ…ညည်းငါတို့နဲ့ရွာထဲပြန်လိုက်ခဲ့…ရွာထဲရောက်မှ ညည်းမိဘတွေကိုရှာပြီး
တိုင်ပြောဦးမယ်…ဘယ့်နဲ့အေ…တောထဲတောင်ထဲ
လာရဲရတယ်လို့…”

ဟု…အဘွားသွင်ကပြောပြီး မိန်းမချောလေးအား
ကျောခိုင်းလိုက်လေသည်။

“ဘုန်း”

“အမယ်လေး…အဘွား…အဘွား…
ဟင်…ဟို …ဟိုမိန်းမဘယ်ရောက်သွားတာလဲ”

အဘွားသွင်၏ကျောပြင်အား မိန်းမချောလေးက
လက်ဖြင့်တစ်ချက်ရိုက်လိုက်ရာ အဘွားသွင်နေရာ၌လဲကျသွားသောကြောင့် မိညိုအလန့်တကြားထအော်လေသည်။
အဘွားဖြစ်သူကိုအော်ခေါ်ရင်းအနီးရှိ မိန်းကလေးမှာ
ပျောက်ခြင်းမလှပျောက်သွား၍ မိညိုအဘွားသွင်အနီးသို့ပင် မကပ်ရဲဘဲ ရွာဆီသို့ အော်ဟစ်ပြီးပြေးသွားတော့သည်။

“အဘွားသွင်သေပြီတော့်… အဘွားသွင်သေပြီ
အမေရေ့ …….”

ဟု…မိညို၏အော်ဟစ်သံက ရွာကိုဖုံးလွှမ်းသွားခဲ့တော့သည်။
မိညိုရဲ့အော်သံကြောင့် ရွာထဲမှလူများ တောဘက်သို့
မိညိုနဲ့အတူအ​ပြေးလိုက်လာခဲ့ကြသည်။

“ဟိုမှာ…ကျုပ်အဘွား…ဟိုမှာတော့်”

မိညိုက လက်ညိုးကြီးထိုးပြီး ငိုနေသည်။
ရွာသားတွေကလည်း မြေပေါ်၌ လဲကျနေသော
အဘွားသွင်အနီးသို့သွားကြ၏။

“ဟာ…အသက်မရှိ​တော့ဘူးထင်တယ်…”

“အဘွားသွင်အသက်မရှိတော့ဘူးတဲ့ဟ”

“အမယ်လေး…အဘွားရဲ့…ဒါကြောင့်
ကျုပ်ကမသွားပါနဲ့ပြောတာပေါ့…
အီးးးဟီးးးးးဟီးးးးးးးးးးးး”

မိညိုက အော်ဟစ်၍ငိုနေသည်။
နံဘေးရှိလူများမှာလည်း မိညိုတလှည့် အဘွားသွင်ကို
တလှည့်ကြည့်၍စိတ်မကောင်းကြပေ။

“မိညို…ညည်းအဘွားက
ဘယ်လိုကြောင့်ဆုံးရတာလဲအေ”

“အမေ…အဘွားကိုသရဲမ ရိုက်သတ်သွားတာအမေရဲ့”

မိညိုပြောမှ အဘွားသွင်သေရတာသရဲမလက်ချက်ဆိုတာ
အားလုံးသိသွားကြသည်။
အဘွားသွင်က ရွာပြင်မှာသေတာမလို့ ရွာပြင်၌သာ
အဘွားသွင်ကို သဂြိုလ်ဖို့ရန်သူကြီးက သတိပေးထားသည်။

“အဘွား…အရှေ့မှာ…ဘာများဖြစ်တယ်မသိဘူး”

အင်တိုင်းရွာသို့ အကြောင်းကိစ္စရှိ၍ ရောက်လာကြသော
ဘွားမယ်စိန်နှင့် ရှင်ညိုတို့လည်းလူများဝိုင်းအုံနေတာကိုမြင်၍ စိတ်ဝင်စားသွားကြသည်။

“တစ်ခုခုများဖြစ်ကြလို့လားကွဲ့”

“ဟာ…ဘွားမယ်စိန်…အဘွား…ကြွပါခင်ဗျ…”

ဘွားမယ်စိန်ကိုမြင်တော့ရွာသူ၊ရွာသားများမှာ
အံ့သြ သွားကြသည်။

“ဘာများဖြစ်ကြတာလဲကွဲ့”

“တခြားမဟုတ်ပါဘူးဗျာ…
ကျုပ်တို့ရွာက အဘွားသွင်ကို သရဲက
ရိုက်သတ်သွားလို့ပါ…”

“ဟေ…သရဲရိုက်သတ်သွားတယ်ဟုတ်သလား”

“ဟုတ်တယ်လို့တော့ သူ့မြေးမ ပြောတာပဲဗျ…
ဟေ့…မိညို…ဒီကိုလာစမ်း…
ညည်းတွေ့ခဲ့တာ အဘွားကိုပြောပြလိုက်”

ရွာသားက မိညိုကို ခေါ်လိုက်သည်။
မိညိုကတော့မျက်နှာအထက်၌
မျက်ရည်စီးကြောင်းကြီးဖြင့် နှာကို တရှုံ့ရှုံ့လုပ်ပြီး…

“ကျုပ်အဘွားကို သရဲမရိုက်သတ်သွားတာ
ကျုပ်မျက်စိရှေ့တင်ပါအဘွားရယ်”

ဟု…ဘွားမယ်စိန်ကိုပြောလေသည်။
ဘွားမယ်စိန်က မိညိုကို သေချာစိုက်ကြည့်၍…

“ဘယ်လိုကြောင့် သရဲကရိုက်ရတာလဲအေ့”

ဟု…မေးပြန်သည်။

“ကျုပ်နဲ့အဘွားသွင်က ထင်းကိုင်းတွေချိုးနေကြတာ…
အဲ့သည်အချ်ိန်ဟိုနေရာလောက် မှာမိန်းမတစ်ယောက်ကကျုပ်တို့ကိုရပ်ကြည့်နေတာမြင်လိုက်ရလို့
ကျုပ်ကလည်းအဘွားသွင်ကိုပြောမိလိုက်တယ်…
အဘွားသွင်ကကျုပ်တားနေတဲ့ကြားက
အဲ့သည်မိန်းမဆီကိုသွားတော့တာပဲ…
အဲ့သည်မိန်းမကိုရွာထဲပြန်လိုက်ခဲ့ဖို့…
ဘယ်သူဘယ်ဝါသမီးလဲဆိုပြီးအဘွားသွင်ကမေးနေတာ..
ဒါပေမယ့်သူက အဘွားသွင်ကိုပြန်မဖြေဘူးတော့်…
နောက်တော့အဘွားသွင်က ကျုပ်ဆီပြန်လာဖို့သူ့ကိုလည်း
ကျောပေးကော သူ့လက်ဝါးနဲ့အဘွားသွင်ရဲ့ကျောကုန်းကို
ရိုက်ချလိုက်တာမြင်လိုက်ရတော့ကျုပ်လည်း
ကြောက်ပြီးရွာထဲကိုအော်ပြေးလာမိတာပါ…”

ဟု…မိညိုက ဘွားမယ်စိန်ကိုပြောပြလေသည်။

“ဒါဖြင့် အလောင်းကရော…”

“ဒီမှာအဘွား…ဒီမှာပါဗျ”

အဘွားသွင်၏အလောင်းအား ဖျာကြမ်းတစ်ခုပေါ်၌
တင်ထားကြသည်။
ဘွားမယ်စိန် အဘွားသွင်၏အလောင်းဆီသို့
သွားကြည့်၏။

“သမီးရှင်ညို…”

“ရှင်အဘွား”

“ဒီမိန်းမ မသေသေးဘူးအေ့…
လိပ်ပြာလွင့်နေတာ…”

“ကျုပ်ပြန်ခေါ်ရမလားအဘွား…
အခုချိန်မခေါ်ရင်တော်နေဆိုသူ့ကို သဂြိုလ်ကြတော့မယ်”

ရှင်ညိုက ပြောတော့
ဘွားမယ်စိန်ကရွာသူ၊ရွာသားများအား

“ကဲ…အားလုံးလာကြဦး…
ထိုင်ကြ”

ဟု…ခေါ်လိုက်လေသည်။
ရွာသူ၊ရွာသားတို့မှာလည်း ဘွားမယ်စိန်အနီးသို့ရောက်လာကြပြီး ဘွားမယ်စိန်ပြောမည့်စကားများကို နားထောင်နေခဲ့သည်။

“ညည်းတို့ အဘွားသွင်က မသေသေးဘူးအေ့…
လိပ်ပြာလွင့်နေပုံပဲ…ဒါကြောင့် မသဂြိုလ်ကြနဲ့ဦး…
ဘွားတို့သူ့လိပ်ပြာကို ပြန်ခေါ်ပေးမယ်ကွဲ့…”

“ဖြစ်ပါ့မလားအဘွားရယ်…
အဘွားသွင်အသက်မရှိတော့တာအမှန်ပါဗျ”

“ဟုတ်ပါတယ်အဘွားရယ်…
တော်နေ မကောင်းတာတစ်ခုခုဝင်ကပ်မှ
အကုန်ဒုက္ခရောက်ကုန်ကြမယ်နော်…”

ရွာသူ၊ရွာသားများမှာ စိုးရိမ်နေကြသည်။

“အဘွားကိုယ်တိုင်ပြောနေတာပါဟ…
နင်တို့ကဘာကိုစိုးရိမ်နေကြတာလဲ”

“အဘွားကိုမယုံလို့တော့မဟုတ်ပါဘူး
မဝင်သင့်တာဝင်ရင် ဒုက္ခရောက်ကုန်မှာ
စိုးရိမ်လို့ပါတော်…”

“ဒါဆိုရင်တော့ သူကြီးကိုခေါ်ပြီး ဆုံးဖြတ်ခိုင်းရမှာပဲ”

“သူကြီးမရှိဘူး…အစောကမှ မင်းမြင်ရွာကိုထွက်သွားတယ်…အဘွားသွင်ကိုရွာပြင်မှာပဲ သဂြိုလ်ဖို့သေချာမှာသွားတာ…သူကြီးကမနက်ဖြန်မနက်မှပဲ
ပြန်ရောက်လာမှာ…”

“ဒါဆိုရင်တော့မနက်ဖြန်အထိစောင့်ရတော့မှာပဲ…
ကျုပ်အမေကိုတော့ ဒီတိုင်းမသဂြိုလ်နိုင်ဘူး…
ဖြစ်နိုင်ရင် အဘွားပြောသလို လိပ်ပြာပြန်ခေါ်ချင်တယ်တော်”

အဘွားသွင်၏သမီးက အားလုံးကိုသူရဲ့သဘောထားအားပြောလိုက်တော့သည်။

“ရွာပြင်မှာ ဒီညနေကြရမှာလား…
ဖြစ်ပါ့မလားဟာ…”

ရွာသူ၊ရွာသားများမှာ ရွာပြင်၌မစောင့်ချင်ကြ။

“မနေချင်တဲ့သူပြန်ကြကွယ်…
မောင်ရင်တို့သူကြီးလာတဲ့အထိ ဘွားတို့ဒီမှာပဲနေခဲ့မယ်…
သွားကြ…ပြန်ကြ…ပြန်ကြ…
သူကြီးလာမှပဲခေါ်လာခဲ့ကြတော့ပေါ့”

ဟု…ဘွားမယ်စိန်ကပြောလိုက်လေသည်။
ရွာသူ၊ရွာသားတို့မှာလည်း ဘွားမယ်စိန်ကို
ကြည့်၍ပြန်ကုန်ကြတော့သည်။
နောက်ဆုံး၌…အဘွားသွင်၏သမီးဖြစ်သူမိသားစုနှင့်
ဘွားမယ်စိန်တို့သာကျန်ခဲ့လေသည်။

“ဘွား….”

သောင်ထွန်းရွာမှာမောင်တိုး၊မောင်အုန်းနဲ့သူကြီးတို့အုပ်စုရောက်လာခဲ့သည်။
ဖျာကြမ်းများ ၊စောင်များကိုပါသယ်လာကြ၏။

“ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲကွဲ့”

“ကျုပ်တို့လည်း သတင်းကြားကြားခြင်း
လိုက်လာခဲ့တာဗျ”

သူကြီးတို့အုပ်စုက မီးများမွှေးပြီး ပတ်ဝန်းကျင်ကိုအလင်းရအောင်လုပ်ကြသည်။
ဖျာကြမ်းများခင်း၍ ဘွားမယ်စိန်တို့အားထိုင်စေသည်။
ခဏမျှကြာတော့ အင်တိုင်းရွာထဲမှ ရွာသူ၊ရွာသားတချို့ထွက်လာပြီး ဘွားမယ်စိန်တို့အုပ်စုနှင့်အတူတူထိုင်ကာ
စကားများပြောနေကြလေသည်။

“ဟဲ့….မိသွင်…ညည်းပြန်တော့…
ဟိုမှာညည်းကိုသဂြိုလ်ဖို့ပြင်နေကြပြီဟဲ့”

အင်တိုင်းရွာသင်္ချိုင်းထဲ၌ အဘွားသွင်၏
ဝိညာဥ်ရောက်ရှိနေသည်။
အဘွားသွင်၏နံဘေး၌လည်း ရုပ်အသွင်မျိုးစုံ…ခန္ဓာကိုယ်ပုံစံမျိုးစုံရှိသော နာနာဘာဝသရဲတစ္ဆေများကလည်း
ရှိနေခဲ့သည်။
အဘွားသွင်၏ဝိညာဥ်သည် သချိုင်းထဲ၌ ပေါ့ပါးစွာသွားလာနေရသည်ကိုအတော် သဘောကျနေပုံရသည်။

“မသွားနဲ့မိသွင်…ငါတို့နဲ့အတူတူနေစမ်းပါ…”

အသားအရည်မည်းကြုတ်သော အရပ်ပုပုဖြင့်
သရဲမကြီးကအဘွားသွင်ကို ခန္ဓာကိုယ်ရှိရာသို့ပြန်ဖို့တိုက်တွန်းနေခဲ့သလို…နံဘေးရှိအရပ်ရှည်ရှည်ကြောက်စရာအသွင်ဖြင့်သရဲမကြီးက​တော့ အဘွားသွင်အား
သူတို့နှင့်အတူနေရန်သာပြောနေခဲ့သည်။
အဘွားသွင်ကတော့မည်သို့မှပြန်မပြောဘဲ…
နံဘေးရှိသရဲများနှင့်စကားပြောနေခဲ့လေသည်။

“ဘွား…ဒီညတစ်ညလုံး ကျုပ်တို့က
ဖိုးမှန်ကိုစောင့်နေကြရမှာလားဗျ..
ခေါ်လို့ရရင်ခေါ်လိုက်တော့ဗျာ…သူ့ဝိညာဥ်ခေါ်ပြီးရင် ကျုပ်တို့ရွာ…ကျုပ်တို့ပြန်ကြတာပေါ့…
ဖိုးမှန်ကိုတော့ကျုပ်ပြောပေးပါ့မယ်ဗျ…”

သူကြီးဦးနောင်ချို၏စကားကို ဘွားမယ်စိန်က
ခေါင်းကိုခါရမ်းပြီး…

“ဘယ်ဖြစ်မလဲကွယ်…သူတို့ရွာကလူတွေသဘောမတူရင်တောင် ရွာရဲ့ခေါင်းဆောင်သူကြီးဆီက
ခွင့်ပြုချက်ယူရဦးမှာပေါ့…စောင့်လက်စနဲ့စောင့်ကြတာပေါ့မောင်နောင်ချိုရယ်…”

ဟု…ပြောလေသည်။
မောင်တိုးကတော့ ရေနွေးအိုးလေးလာချပေးရင်း…

“ဘွား…အကြမ်းရေလေးသောက်ပါဦး”

ဟု…ဝင်ပြောရှာသည်။

ရှင်ညိုကတော့ အဘွားသွင်၏အလောင်းအနီးကို
သွား၍ထိုင်လေသည်။
မိညိုကလည်း အဘွားသွင်၏အလောင်းနံဘေး၌
ကွေးကွေးလေးအိပ်နေခဲ့သည်။

“ဘွား…ကျုပ်တို့မနက်အထိအချိန်ဆွဲလို့ရမယ်
မထင်ဘူး”

ရှင်ညို၏စကားကြောင့် ဘွားမယ်စိန် ဖျာကြမ်းပေါ်မှထ၍
ရှင်ညိုအနီးရောက်လာခဲ့သည်။
အဘွားသွင်၏အလောင်းကိုကြည့်၍ သက်ပြင်းချ၏။

“ဒီမိန်းမသေကံမရောက်သေးဘူးသမီးရဲ့…
ဘွားကတော့ရအောင်ပြန်ခေါ်ချင်သေးတယ်အေ”

“ဒါဆိုရင်တော့ မနက်အထိမရလောက်ဘူးအဘွား…
သူ့ဝိညာဥ်က ဝိညာဥ်လောကထဲကိုရောက်နေပြီ…
ကျုပ်တို့ဘက်ကအချိန်ဆွဲနေရင်ပြန်ခေါ်ဖို့
မလွယ်လောက်တော့ဘူးအဘွား”

ရှင်ညိုစကားကိုဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ…ဖြစ်လာမယ့်ကိစ္စကို
ဘွားပဲကြည့်ရှင်းပေးပါ့မယ်…
သူ့ဝိညာဥ်ကို သမီးပဲပြန်ခေါ်လိုက်တော့…”

ဟု…ဘွားမယ်စိန်ရှင်ညိုကိုပြောလိုက်သည်။

“အားလုံးပဲ…ဘွားတို့ မိသွင်ရဲ့ဝိညာဥ်ကို
ပြန်ခေါ်တော့မယ်…နံဘေးကနေမနှောက်ယှက်ပဲ
ကြည့်ပေးကြပါ”

ဘွားမယ်စိန်က နံဘေးရှိလူများကိုသတိပေးလိုက်သည်။
အဘွားသွင်နံဘေး၌အိပ်နေသော မိညိုကို
အမေဖြစ်သူကအသာအယာနိုးပြီး သူ့အနားသို့
ပြန်ခေါ်ထား၏။ရှင်ညိုတစ်ယောက်သာ အဘွားသွင်နံဘေးတွင်ထိုင်နေခဲ့သည်။
သို့သော်မောင်တိုးနဲ့မောင်အုန်းကတော့ မလှမ်းမကမ်း၌
မီးတုတ်များကိုင်၍ ရှင်ညိုကိုအလင်းပြပေးနေကြရှာသည်။
ရှင်ညိုသည်အဘွားသွင်၏အမည်နဲ့
နေ့နံအားအဘွားသွင်၏သမီးဖြစ်သူထံမေးသည်။
ထိုသို့မေးပြီးနောက် အဘွားသွင်၏ခေါင်းအရှေ့တည့်
တည့်မြေကြီးပေါ်သို့ ဖယောင်းတိုင်အဖြူတစ်တိုင်ကို
မီးထွန်းညှိထားလိုက်သည်။

“အင်တိုင်းရွာသူ ဒေါ်သွင်…
သောကြာသမီးကြားစေသိစေ…
သင်၏ခန္ဓာကိုယ်ထဲသို့ပြန်လာဖို့ရန်ကျုပ်ခေါ်တယ်…
ကြားရာအရပ်ကနေ အရောက်လာရမည်…
ပုန်းကွယ်ခြင်း…ခိုကပ်ခြင်းမရှိစေရ…”

ဟု…ပြောရင်းရှင်ညိုသည် သူ၏လက်မဖြင့်
အဘွားသွင်၏နဖူးကိုတည့်တည့်ကိုထိကပ်ထားသည်။
ပြီးနောက်လက်ကိုပြန်သိမ်း၍ အဘွားသွင်ကိုသာ
စိုက်ကြည့်နေခဲ့သည်။
ဘွားမယ်စိန်မှာလည်း တောင်ဝှေးကြီးထောက်၍
ရှင်ညိုတို့အားကြည့်နေခဲ့သည်။

မီးတောက်နေသောဖယောင်းတိုင်ဟာ လေမတိုက်ဘဲ
ငြိမ်းသက်သွားသည်။

“အီး…အင်း…”

ငြီးတွားသံကြီးထွက်ပေါ်လာခဲ့၏။
နံဘေး၌ ထိုင်နေကြသူများမှာ ငြီးတွားသံကြီးကြောင့်
ထိတ်လန့်သွားကြသည်။
ထိုငြီးတွားသံမှာ အဘွားသွင်ထံမှာထွက်လာခဲ့ခြင်းပင်ဖြစ်သည်။

“ရေ…ရေဆာတယ်…ရေဆာတယ်…”

မျက်လုံးမဖွင့်သေးဘဲ အဘွားသွင်သည်ရေတောင်းနေရှာသည်။
ရှင်ညိုကအဘွားသွင်နံဘေးမှထ၍ ဘွားမယ်စိန်ကို
ခေါင်းညိတ်ပြလိုက်သည်။

“ကဲ…သူ့ဝိညာဥ်ပြန်ရောက်လာပြီ…
ရေတိုက်လိုက်ကြပါဦးကွဲ့”

ဟု…ဘွားမယ်စိန်ကပြောတော့ မိညိုတို့သားအမိမှာ
ဝမ်းသာအားရဖြင့် အဘွားသွင်ဆီသွားကြတော့သည်။

“အမေ…အမေမသေဘူး…
ကျုပ်အမေမသေဘူး…
အမယ်လေး…ဝမ်းသာလိုက်တာအမေရယ်…”

“ရေ…ရေတိုက်စမ်းပါအေ…
ငါရေဆာလို့ပါဟဲ့”

အဘွားသွင်က မျက်လုံးဖွင့်၍ သမီးဖြစ်သူကို
ရေတောင်းပြန်သည်။
ရေတိုက်ပြီးလေတော့မှ…

“ဟူးးး…အခုမှပဲရေဆာတာသက်သာတော့တယ်အေ…”

ဟု…အဘွားသွင်ကပြောတော့…

“အမေကရေဆာနေ…ကျုပ်တို့ဖြင့်အမေ့ကို
ပစ်လိုက်ရပြီလို့ကိုထင်နေတာ…”

ဟု…သမီးဖြစ်သူကအဘွားသွင်အားငိုကြီးချက်မဖြင့်
ပြောလေသည်။

“မိသွင်…တော်တော်မှပျော်ခဲ့ရဲ့လားအေ့”

ဘွားမယ်စိန်က အဘွားသွင်ကိုမေးတော့
အဘွားသွင်က ပြုံးပြုံးလေးဖြင့်…

“ကျုပ်ဖြင့် ဟိုမှာစကားပြောဖော်တွေရလို့
ပျော်နေတာမယ်စိန်ရဲ့…
အခုတော့ ရှိသင့်တဲ့နေရာကိုပြန်ရောက်လာပြီပေါ့တော်”

ဟု…ပြန်ဖြေလေသည်။

“အမေကရှိသင့်တဲ့နေရာလုပ်နေ…
အမေ့ဝိညာဥ်ကိုပြန်ခေါ်ဖို့တောင် ဘွားတို့က
ကျုပ်တို့ရွာကဟာတွေနဲ့အတော်လေး
ပြောခဲ့ရတာအမေရဲ့…”

“ဟေ…ဘာဖြစ်လို့တုန်းအေ့”

“ဘာဖြစ်ရမှာလဲ…အမေ့ဝိညာဥ်ကိုပြန်ခေါ်ရင်
ရွာတစ်ခုခုထိခိုက်မှာဆိုးလို့တဲ့လေ…
အခုတောင် အမေ့ကိုရွာထဲပြန်ခေါ်သွားရင်
ဘယ်လောက်တောင်ပြောကြမယ်မသိဘူးအမေရယ်”

“အိုအေ…ကျုပ်ကဒီရွာမှာမွေးတဲ့ကောင်မပါအေ့…
တကယ်လို့ဒင်းတို့ကျုပ်ကို လက်မခံချင်ရင်
ဘယ်တတ်နိုင်မလဲ…
လယ်တောအိမ်မှာပဲသွားနေရမှာပေါ့အေ့”

“​ဖြစ်ပါ့မလားအမေရယ်…”

“ဖြစ်ပါတယ်အေ…ရွာထဲနေလာတာကြာတော့
မနေချင်​တော့ပါဘူး…
ညည်းတို့ဘာသာပဲရွာထဲပြန်နေလိုက်ကြ…ကျုပ်ကတော့
လယ်တောအိမ်မှာပဲနေတော့မယ်…”

အဘွားသွင်က ရွာအပြင်လယ်တောအိမ်၌သာ
နေဖို့ဆုံးဖြတ်လိုက်သည်။

“မယ်စိန်… ညည်းတို့လည်းငါ့ကြောင့်
ပင်ပန်းခဲ့ရပြီ…ကျေးဇူးတင်ပါတယ်အေ…”

“ရပါတယ်မိသွင်…ညည်းရဲ့လယ်တောအိမ်မှာ
မနေချင်ရင်ကျုပ်အိမ်ကိုလိုက်ခဲ့ပါအေ…ကျုပ်အိမ်မှာညည်းနေလို့ရပါတယ်”

ဘွားမယ်စိန်ကပြောတော့ အဘွားသွင်သည်
ပြုံးပြုံးကြီးဖြင့်လက်ကိုကာ၍…

“နေနေ…ကျုပ်မှာသံယောဇဥ်တွေကရှိသေးတယ်…
ကျုပ်သမီးနဲ့မြေးမတို့ကို ထမင်းချက်ကျွေးရဦးမယ်အေ့…
လယ်တောအိမ်က ကျုပ်အတွက်အဆင်ပြေပါတယ်”

ဟု…ပြောသောအခါ.အဘွားသွင်၏သမီးတို့မှာ
အမေဖြစ်သူအတွက်စိတ်မကောင်း၍
ငိုယိုကြတော့သည်။
အဘွားသွင်တို့မိသားစုကိုကြည့်၍ သူကြီးဦးနောင်ချိုတို့ပင်မျက်ရည်များဝိုင်းနေခဲ့ကြ၏။

“ကဲ…ညည်းတို့လည်းပြန်ကြတော့အေ…
ကျုပ်တို့လည်း လယ်တောအိမ်ကိုသွားဦးမယ်”

အဘွားသွင်က ဘွားမယ်စိန်တို့ကို ပြန်စေသည်။
ဘွားမယ်စိန်တို့လည်း သူကြီးတို့လူစုဖြင့် သောင်ထွန်းရွာသို့ ပြန်လာခဲ့ကြသည်။
အဘွားသွင်ကတော့ သမီးရယ်…မြေးရယ်…သမက်ဖြစ်သူတို့ရယ်ဖြင့် လယ်တောအိမ်သို့ထွက်သွားခဲ့ကြသည်။
ထို့သို့ဖြင့် သေရွာပြန်အဘွားသွင်တစ်ယောက်
အင်တိုင်းရွာသူ၊ရွာသားတို့၏ စိုးရိမ်မှုကြောင့်
ရွာပြင်လယ်တော၌သာ နေထိုင်ရတော့မည်ဖြစ်သည်။

အဘွားသွင်ရဲ့ဇာတ်လမ်းလေးကတော့ဤမျှဖြင့်သာပြီးဆုံးခဲ့ပါသည်။
အဘွားသွင်၏ဇာတ်လမ်းဟာဖြစ်ရပ်ဖြစ်တစ်ပုဒ်ပါရှင်…
သရဲရိုက်လို့လိပ်ပြာလွင့်သွားတဲ့အဘွားအိုတစ်ယောက်
သေရွာကပြန်ရှင်လာခဲ့ပါတယ်…
ဒါပေမယ့်ရွာကလက်မခံတာကြောင့် ရွာပြင်ထွက်နေခဲ့ရရှာပါတယ်ရှင်။

ကဲ…ဆက်လက်၍ ဇာတ်လမ်းကောင်းများကိုရေးသားပြီး
တင်ဆက်ပေးပါဦးမည်။
အားပေးကြပါဦးနော်…။

ယဥ်မင်း(ကန့်ဘလူ)