စာမူ…၁၆၄

စဆုံး

မိုးများကတဖွဲဖွဲဖြင့် ရွာသွန်းလို့နေခဲ့သည်။
မ်ုးတိမ်များကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို
အမှောင်ကျစေ၏။
အချိန်အားဖြင့် နေခင်းမျှသာဖြစ်သော်လည်း
ညအချိန်ကဲ့သို့ ပတ်ဝန်းကျင်မှာအမှောင်ကျလို့နေခဲ့သည်။

“ဒီအချိန်…ခရီးမသွားရတာအတော်လေးအဆင်ပြေတယ်နော်အဘွား…မဟုတ်ရင် ကျုပ်တို့အတွက်သွားလာရတာခက်မှာ…”

ကွပ်ပျစ်ပေါ်၌ မိုးအေးအေးဖြင့် အကြမ်းရည်သောက်
လက်ဖက်သုပ်လေးစားနေသော ဘွားမယ်စိန်ကို
ရှင်ညိုကပြောလိုက်သည်။
နံဘေး၌လည်း ဒေါ်ဝင်းနဲ့နန်း​ကြိုင်တို့မှာ ချည်အနွေးထည်လက်ရှည်လေးများကို ဝတ်ဆင်ပြီး ထိုင်နေခဲ့ကြ၏။

” ဟုတ်ပါ့အေ…မိုးထဲလေထဲတော့ သွားလာရတာ
ရှားပါတယ်သမီးရယ်…အကြောင်းကိစ္စတကယ်အရေးကြီးမှသာ သွားလာဖြစ်ကြတာအေ့…”

“အမယ်လေး…ဒီအချိန်ကြီးသွားလာရတာကိုတော့
ကျုပ်ကစိတ်မချပါဘူးအမေရယ်…”

“မိဝင်း…ညည်း…ကျုပ်ကိုကလေးများထင်နေသလားအေ့…ကိုယ့်စိတ်ကိုယ်လည်းလျော့စမ်းပါအေ…
အပူတွေများလွန်းတယ်အေ့”

“သြော်အမေရယ်…အမေသာတစ်ခုခုဖြစ်ကြည့်…
အမေ့သားတွေက ကျုပ်ကိုအပြစ်ပြောကြမှာလေ…
သူတို့အပြစ်ပြောတာ မပြောတာထက် ကျုပ်ကိုယ်တိုင်ကိုက အမေတစ်ခုခုဖြစ်သွားမှာစိုးရိမ်တာပါ…”

ဒေါ်ဝင်းရဲ့စိတ်ကို နားလည်၍ရှင်ညိုက
ခေါင်းလေးညိတ်၍ရေနွေးကြမ်းကိုမော့သောက်လိုက်သည်။

ထိုစဥျ…

“ဘွားရေ…ဘွားရှိလားဗျို့”

ခြံဝိုင်းအပြင်ကအော်ခေါ်သံကြောင့် အားလုံး၏
အကြည့်များသည် ခြံဝိုင်းအပြင်သို့ဦးတည်သွားကြတော့သည်။

“ရှိတယ်…ရှိတယ်…ဝင်လာကြလေတော်…
မိုးတွေရွာနေတာကိုဘယ်သူတွေများပါလိမ့်”

ဟု..ဒေါ်ဝင်းကလှမ်းအော်လေမှဝိုင်းထဲသို့ဝင်လာကြသည်။
ဝိုင်းထဲသို့ဝင်လာကြသူမှာတခြားသူမဟုတ်…
မုဆိုးကြီးဦးခိုနှင့် ဦးဘစီတို့ဖြစ်သည်။

“ဟောတော်…ဦးခိုတို့ပါလား…
လာ…လာ…လာ…ထိုင်ကြဦးတော်…”

ဒေါ်ဝင်းကပြောရင်း ကွပ်ပျစ်နံဘေးသို့ ကပ်ထိုင်ပေးသည်။
ရှင်ညိုနဲ့နန်းကြိုင်တို့ကလည်း ဘေးသို့ကပ်၍
ထိုင်ပေးကြ၏။
ရေစိုနေသော ဝါးခမောက်များကို ချွတ်ပြီးလေမှ
ဦးခိုတို့လည်း ဘွားမယ်စိန်နံဘေး၌ဝင်ထိုင်ကြသည်။

“မိုးအေးအေးနဲ့…လာလည်ကြတာလားကွဲ့”

“အဲ့သည်လိုပဲပြောရမှာပေါ့ဘွားရယ်…
ကျုပ်ကမုဆိုးဆိုတော့လည်း ဒီမိုးတွင်းမှာ
အလုပ်က မရှိဘူးလေဗျာ…
ဒါနဲ့သူက…ရှင်ညိုဆိုတာလားဗျ”

“အေး…မောင်ရင်ကရှင်ညိုကိုမမြင်ဖူးသေးဘူးထင်တယ်”

“ဟုတ်ပါ့ဗျာ…နေ့ရှိသ၍တောတက်လိုက်…
အိမ်မှာဟင်းစားထိုင်ရောင်းလိုက်နဲ့ ရွာထဲကိုမသွားလာဖြစ်ပါဘူးဘွားရယ်…”

ဦးခိုက ရှင်ညိုကို ယခုမှမြင်ဖူးရှာသည်။

“သမီးရေ…ဟောသည်ကမောင်ဘစီကိုတော့
ညည်းသိမယ်ထင်ပါတယ်…
ဒီဘက်ကတော့ဘွားတို့ရွာက မုဆိုးကြီး မောင်ခိုလို့
ခေါ်သတဲ့အေ…”

“ဟုတ်ကဲ့…ကျုပ်နာမည်က ရှင်ညိုလို့ခေါ်ပါတယ်ဦးကြီး…
လမ်းမှာတွေ့ရင်လည်းခေါ်နိုင်ပါတယ်ရှင့်”

“အေး…အေး…တူမကြီး…
ညည်းအကြောင်းတော့ဦးကြီးကသိပြီးပါပြီ…
အခုလို သေချာလေးမြင်တော့လည်းငါ့တူမကြီးက
အတော်ချောအတော်လှတာပဲကွဲ့”

ဟု…ဦးခိုက ပြောလေတော့ ရှင်ညိုပြုံးမိသည်။

“အမယ်လေးဗျာ…ရှင်ညိုချောတာ…
ကျုပ်တို့ဘွားငယ်ငယ်ကအတိုင်းပဲတဲ့ဗျ”

“အဲ့သည်စကားကိုဘယ်သူများပြောသလဲ
ကိုဘစီရယ်…”

“ဘယ်သူရှိရမလဲငါ့ညီမရဲ့…
ညည်းအဒေါ် ဒေါ်လှအေးပေါ့…”

“ဟောတော်…အရီးလှအေးက အဲ့သည်လိုပြောတယ်…
ဒါကြောင့် ဒီနှစ်မိုးတွင်းက အတော်စောနေတာကိုး…”

“ဘာများဖြစ်လို့လဲဟ”

“ဘာဖြစ်ရမလဲတော်…အရီးလှအေးပေါ့…
ကျုပ်တူမရှင်ညိုကိုဆိုရင် အမြင်မကြည်လှဘူး…
ထစ်ခနဲရှိအပြစ်ပြောဖို့ပဲချောင်းနေလို့
သူ့ကိုအိမ်ကိုမလာစေချင်ဘူးတော်…”

“ဟာ…အဲ့သည်လိုကြီးလား…
ကျုပ်တော့ အဲ့စကားသူကိုယ်တိုင်ပြောတာဗျ”

ဒေါ်လှအေးက ရှင်ညိုကို ချီးမွှမ်းသည်ဆို၍
ဒေါ်ဝင်းအံ့သြနေသည်။
ဒေါ်ဝင်းကဲ့သို့ ရှင်ညိုနဲ့နန်းကြိုင်တို့မှာလည်း
အံ့သွနခေဲ့ကွ၏။

“လှအေးက လူတွေရှေ့မှာသာ စွာကျယ်၊စွာကျယ်လုပ်ချင်တာပါ…တကယ်တော့ သူ့စိတ်က အတော်လေးနူးညံ့ပါတယ်သမီးရယ်…အဲ့သည်လိုသူ့အကြောင်း
တွေးမိတော့လည်းဘွားနဲ့လှအေးတို့ရဲ့
အကြောင်းတစ်​ခုကိုတောင်ပြန်တွေးမိတယ်အေ…”

ဟု…ပြောရင် ဘွားမယ်စိန်ကပြုံးလေသည်။

“ဘာအကြောင်းများလဲအမေရဲ့…
အရီးလှအေးက အမေ့ကိုငယ်ငယ်ကအရမ်းနိုင်ခဲ့တာကိုလား”

ဒေါ်ဝင်းမေးတော့ဘွားမယ်စိန်က ခေါင်းခါသည်။

“မဟုတ်တာအေ…ဒင်းအပေါ် အမေ့ရဲ့ငယ်စိတ်ချိုးနှိမ်ပြီး
နေခဲ့ပေမယ့်…ဒင်းက အမေ့အပေါ် မပြောင်းလဲပါဘူး…
အဲ့သည်လိုမပြောင်းလဲတဲ့လှအေးကို အမေက ပညာပြလိုက်ရတယ်လေ…ပညာပြလိုက်မှပဲ ညည်းအရီးက
အခုလိုလေးဖြစ်လာခဲ့တာအေ့…”

“ဘယ်လိုများပညာပြလိုက်တာလဲအမေရယ်…”

“ကျုပ်တို့လည်း သိချင်မိတယ်အဘွား”

ဒေါ်ဝင်းတင်မက ဦးခိုကပါဝင်ပြောလာသည်။
ရှင်ညိုနဲ့နန်းကြိုင်တို့မှာလည်းသိချင်နေကြ၍ ဘွားမယ်စိန်ကိုသာကြည့်နေခဲ့ကြသည်။

“သိချင်ကြရင်တော့ပြောရမှာပေါ့…
ဒါနဲ့မောင်ရင်တို့က ဘွားဆီကိုဘာအကြောင်းများရှိလို့ရောက်လာကြတာလဲကွဲ့…လာရင်းကိစ္စကိုအရင်
ပြောဦးမှပေါ့…”

“ဟာ…ကျုပ်က အလုပ်မရှိလို့ပျင်းတာနဲ့
ကိုဘစီကိုဝင်ခေါ်ပြီး ဘွားဆီလာလည်တာဗျ…
ဘာအကြောင်းကိစ္စမှမရှိပါဘူးဘွားရယ်…”

“သြော်…အေး…အေး…အေး…
ဒါဆိုရင်တော့ အားလုံးသိချင်နေတဲ့မိလှအေးအကြောင်း​
ပြောပြရသေးတာပေါ့…”

“နေ…နေပါဦးအမေ…
ကျုပ် အကြမ်းရေလေးအရင်ဖြည့်လိုက်ဦးမယ်…
နားထောင်နေရင်းနဲ့တော့ ထမဖြည့်ချင်ဘူးအမေရယ်…
ကျုပ်ကိုစောင့်ပါဦး”

ဒေါ်ဝင်းက အကြမ်းရည်အိုးကိုယူပြီး မီးဖိုထဲ
ထွက်သွားသည်။
ခဏကြာတော့ ပေါက်ပေါက်ဆုပ်ပန်းကန်နဲ့
အကြမ်းရည်အိုးကိုယူပြီးဒေါ်ဝင်းပြန်ထွက်လာသည်။

“ကဲ…အမေ…ပြောလို့ရပြီ…”

ဒေါ်ဝင်းက ပြောရင်းကွပ်ပျစ်ခင်းပေါ်သို့ ဝင်ထိုင်လိုက်လေတော့သည်။

“ညည်းတို့ကအတော်သိချင်ကြတာပဲ…
အဲ့သည်တော့ဖြင့်လည်းပြောပြရသေးတာပေါ့အေ…”

ဟု…အစချီ၍ဘွားမယ်စိန်ကပြောပြတော့သည်။

မယ်စိန်သည် သောင်ထွန်းရွာရှိ ဒေါ်ထွေးမြ…ဦးဘိုးကြည်တို့၏ အိမ်၌သာနေထိုင်ခဲ့သည်။
ဒေါ်ထွေးမြ၏သမီးဖြစ်သူ လှအေးမှာက မယ်စိန်အပေါ်၌
အနိုင်ယူလွန်းသည်။
ဒါတွေကိုလည်း မယ်စိန်သည်းခံရှာ၏။

“ဗျို့…ဘိုးကြည်…ဗျို့…ဘိုးကြည်မရှိဘူးလား”

“ဟေ့…ရှိတယ်ဟ…ဘယ်သူတုန်း”

“ကျုပ်ပါ… စိန်တင့်ပါဗျ”

“စိန်တင့်…အေး…ဝင်လာလေကွာ…”

စိန်တင့်က သူကြီးဦးမြိုင်သာ၏ သားဖြစ်သည်။
(ယခုလက်ရှိသောင်ထွန်းရွာသူကြီးဦးနောင်ချို၏အဘိုးမှာစိန်တင့်ပင်ဖြစ်၏)

“မလာစဖူးအလာထူးနေပါလားစိန်တင့်ရဲ့”

“ဟီး…ဒီလိုပါပဲဘိုးကြည်ရာ…
ပျင်းပျင်းရှိတာနဲ့လာခဲ့တာပါဗျ”

“အေး…အေး…ထိုင်ကွာ”

စိန်တင့်က မလာစဖူးလာ၍ ဘိုးကြည်အံ့သြနေသည်။
နောက်မှ သမီးကညှာများရှိ၍ စိန်တင့်လာရောက်ခြင်းဖြစ်ကြောင့် ဘိုးကြည်သဘောပေါက်၏။

“ဘိုးကြည်…မယ်စိန်တို့ကောမမြင်ပါလားဗျ…”

“မင်းညီမ မယ်စိန်က သူ့အမေထွေးမြနဲ့
လယ်ထဲလိုက်သွားတယ်ကွ…”

“လယ်ထဲလိုက်တယ်…ဟာဗျာ…လယ်အလုပ်က
ပင်ပန်းတယ်ဗျ…တော်နေ မယ်စိန်ရဲ့ဖြူဝင်းနေတဲ့
အသားလေးတွေ ညိုသွားမှဖြင့်ဘိုးကြည်ရာ..
ခင်ဗျားတို့ကလည်း…မယ်စိန်ကို မခိုင်းစမ်းပါနဲ့ဗျာ…”

ဟု…စိန်တင့်က ပြောလေတော့ ဘိုးကြည်မှာတဟားဟားရယ်မောလေသည်။

“ဘာကိုရယ်တာလဲဘိုးကြည်ရဲ့”

“မင်းစကားကရယ်ရလို့ပေါ့စိန်တင့်ရဲ့…
ငါ့သမီးမယ်စိန်က မင်းထင်သလောက်
မပျော့ညံ့ပါဘူးစိန်တင့်ရာ…ဒါပေမယ်လို့..
ငါတို့ကလည်းမခိုင်းပါဘူး…
သူကိုယ်တိုင်ကိုကလုပ်ချင်ကိုင်ချင်နေတာကွ”

“ဟုတ်တယ်ကိုစိန်တင့်…တော်ဘာမှမသိဘဲ
သူများအိမ်ကိစ္စကိုဝင်မပါစမ်းနဲ့…
တော့်နေရာတော်နေ…တော်သူကြီးသားမလား…
သူကြီးသားလိုပဲနေစမ်းပါ…”

လှအေးသည် ကြားနေရသောစကားများကိုအမြင်ကပ်လှ၍ အိမ်ပေါ်မှဆင်းလာပြီးပြောလေသည်။

“ငါက မယ်စိန်လေးပင်ပန်းမှာစိုးရိမ်လို့
ပြောတာပါလှအေးရဲ့…နောက်ပြီး မယ်စိန်က
နင့်လို ​ညိုညိုမည်းမည်း မီးသွေးခဲမှမဟုတ်တာ…
ဒါကြောင့်ပြောနေရတာဟ”

“အောင်မယ်…အောင်မယ်…ကျုပ်ကိုများ
မီးသွေးခဲတဲ့…ဒီမှာ ကိုစိန်တင့်…ကျုပ်လက်ဝါးက
သူကြီးသားတွေဘာတွေနားလည်နေမှာမဟုတ်ဘူးနော်…
စကားပြောဆင်ခြင်…”

“ဟဲ့…မိလှအေး…စကားကိုဘယ်လိုတွေပြောနေရတာလဲ…
ကဲ…ကဲ…စိန်တင့်မင်းလည်းပြန်တော့ကွယ်…
မင်းညီမလှအေးအကြောင်းလည်းသိရဲ့နဲ့မစ စမ်းပါနဲ့ကွဲ့”

လှအေးက ဒေါသထွက်နေ၍ ဘိုးကြည်ကပင်
ဝင်ပြောရသည်။

“ဒါဆို ကျုပ်ပြန်တော့မယ် ဘိုးကြည်…
မယ်စိန်လေးကိုတော့ ကျုပ်လာသွားတယ်လို့
ပြောပေးပါဦး…ကဲ…မီးသွေးခဲမ…ကျုပ်ပြန်ပြီနော့”

“အောင်မယ်…သေနာကြီးက…”

“ဟဲ့…မိလှအေး…ညည်းအခုအိမ်ပေါ်ပြန်တက်စမ်း”

ပြန်ခါနီးစိန်တင့်က လှအေးကိုစနောက်သွား၍
လှအေးမှာ စိန်တင့်ကိုဆဲဆိုတော့သည်။
ဘိုးကြည်က ငေါက်လေမှ လှအေးငြိမ်သွားတော့၏။

“ဟိုကောင်မကိုတွေ့ချင်လို့လာတာနေမှာပေါ့…
အတော်ရှုပ်တဲ့မိန်းမ…ဒင်းတော့ ဟင်း…”

လှ​အေးစိတ်ထဲမဆိုင်သည့်မယ်စိန်ကို
ဒေါသထွက်နေသည်။

ထိုသို့ဖြင့် မယ်စိန်အား စိန်တင့်သဘောကျနေကြောင်း
တစ်ရွာလုံးပင်သိလာခဲ့သည်။

“စိန်…စိန်ခြင်းထပ်တော့ မြတ်တယ်တဲ့ မယ်စိန်လေးရဲ့”

“တော့်ကိုဘယ်သူပြောလဲ”

“ဟို…ဟို…လူကြီးတွေပြောတာကြားဖူးတာပါ”

နွားတဲ၌ နွားချေးများကျုံးနေသောမယ်စိန်၏အနီးတွင်
စိန်တင့်ရောက်နေခဲ့သည်။
မလှမ်းမကမ်း၌ သာမောင်က နွားစာစဥ်းနေခဲ့လေသည်။

“တော်စမ်းပါကိုစိန်တင့်ရယ်…
ကျုပ်ကို မကြိုက်စမ်းပါနဲ့…
ကျုပ်ဘက်က တော့်ကိုပြန်မကြိုက်နိုင်ဘူး”

“ဟောဗျာ…ကျုပ်ဖြင့်ဘာမှလည်းမပြောရသေးပါလားမယ်စိန်လေးရယ်…”

“မပြောလည်း…တော့်စကားတွေဘယ်အရပ်ရောက်သလဲဆိုတာကျုပ်သိတာပေါ့…ဒါကြောင့်လည်းကျုပ်သဘောထားကို တော်သိအောင်ပြောပြတာပါ”

“တစ်ခါထဲနဲ့ စိမ်းကားတာလားမယ်စိန်လေးရယ်…”

စိန်တင့်မှာ မယ်စိန်စကားကြောင့် စိတ်ညစ်သွားရှာသည်။

“ကျုပ်ကတော့်အတွက်ပြောတာပါကိုစိန်တင့်…
ကျုပ်ဘက်ကတော့်ကိုမချစ်နိုင်ပါဘူး…”

မယ်စိန်ဆက်ပြောလိုက်သည့်စကားကြောင့်စိန်တင့်မှာ
ခေါင်းပင်မမော့နိုင်ဘဲ ငုံ့လျှက်ကြီးငြိမ်နေခဲ့တော့သည်။

“ဟေ့…စိန်တင့်…ထမင်းစားသွားပါလားကွ”

နေ့လယ်ထမင်းစားချိန်ပင်ရောက်လေပြီ။
စိန်တင့်မှာ နွားတဲထဲ၌ ငုတ်တုပ်ကြီးထိုင်နေခဲ့ရှာသည်။
ဘိုးကြည်တို့မိသားစုတွေထမင်းစားတော့မယ့်အချိန်အထိစိန်တင့်မပြန်နိုင်သေးပေ။
ဘိုးကြည်အော်ခေါ်လေတော့မှ…

“တော်ပါပြီဘိုးကြည်…ကျုပ်ဘာမှလည်း
မစားချင်ပါဘူးဗျာ…ဘာမှလည်းမပြောချင်တော့ဘူး…ကျုပ်အိမ်ကျုပ်ပြန်တာပဲကောင်းပါတယ်”

ဟု…ပြောပြီးမယ်စိန်ကိုဆွေးဆွေးမြေ့မြေ့နဲ့
ဝမ်းနည်းဟန်မျက်လုံးများဖြင့်လှမ်းကြည့်ကာ ခြံဝိုင်းထဲမှ
ပြန်ထွက်သွားတော့သည်။

“ဒီကောင့်ကြည့်ရတာ…အရက်နာကျသလိုလို…
ထမင်းခုနှစ်ရက်မစားရသလိုလိုနဲ့ဘာဖြစ်သွားပြန်
တာလဲသမီးမယ်စိန်…”

“အိုတော်…သူ့ဘာသာဘာပဲဖြစ်ဖြစ်
ထမင်းကိုအရင်စားစမ်းပါတော်…
ကလေးတွေလည်းထည့်စားကြ…ထမင်းစားချိန်တောင်ကျော်နေလှပြီ”

ဒေါ်ထွေးမြကဝင်ပြောလေမှ ဘိုးကြည်လည်း
ထမင်းကိုသာ တွင်တွင်စားနေခဲ့တော့၏။

“မိလှ​အေး…ညည်းအခုရက်ပိုင်းအိမ်အလုပ်လည်းမကူ…
လယ်အလုပ်လည်းမလိုက်နဲ့…
ညည်းဘာတွေလုပ်နေတာလဲ”

“ကျုပ်ကဘာလုပ်နေလို့လဲအမေ”

“ညည်းလုပ်တာညည်းသိမှာပေါ့…
အေး…ငါ့နားထဲကိုမရောက်လာသ၍တော့
ညည်းနေနေလိုက်ဦး…ကြားလာတဲ့နေ့တော့ဖြင့်
ညည်းငါ့အ​ကြောင်းသိစေရမယ်”

ဒေါ်ထွေးမြက ဆူလေတော့ လှအေးရဲ့အကြည့်က
မယ်စိန်ထံသို့ရောက်သွားခဲ့သည်။
မယ်စိန်ကတော့ မသိဟန်ဖြင့် ထမင်းကိုသာဆက်လက်စားနေလိုက်တော့၏။
သို့သော် ညဘက်များ၌ လှအေးအိမ်မှခိုးထွက်တတ်သည်။
ကောက်ရွေးပုံ၌ စောင့်နေတတ်သော ငွေစိုးထံ
လှအေးသွားတွေ့ခြင်းဖြစ်သည်။
တစ်ရက်မှနှစ်ရက်ရှိလာလေတော့…

“ညီမလေးလှအေး…အမေက
ညည်းအကြောင်းတွေသိကုန်တော့မယ်…
ဒီရက်ပိုင်းတော့အသွားအလာဆင်ခြင်စမ်းပါအေ”

ဟု…မယ်စိန်ကပြောသောအခါ…

“ဒီမှာ မယ်စိန်…ညည်းအကြောင်းကျုပ်မသိဘူးထင်နေမနေနဲ့…အမေသိအောင်လို့လည်းညည်းကိုယ်တိုင်ပြောထားတာမဟုတ်ဘူးလား…ကျုပ်ကိုဘယ်သူမှတားလို့မရဘူး
ကျုပ်ဘာသာ သွားချင်သွားမယ်…လာချင်လာမယ်…
တော့်အပူမပါဘူး…”

ဟု…လှအေးက အော်ဟစ်၍ ရန်တွေ့သွားသည်။
ယခုတစ်ခါတော့မယ်စိန်သည် လှအေးအပေါ်၌ဒေါသထွက်နေမိ၏။

“တောက်…”

စေတနာနဲ့ပြောခြင်းဖြစ်သော်လည်း သူ့အား
ပြန်လည် ပြောဆိုသွားသောလှအေးအပေါ်၌
မယ်စိန်ဒေါသထွက်နေခဲ့သည်။

“တွေ့ကြသေးတာပေါ့လှအေးရယ်…
ညည်းက ငါ့စိတ်ကိုစွလိုက်တာပဲ”

ဟု…မယ်စိန် ကြိမ်းဝါးလိုက်သည်။

ညသို့ရောက်တော့ လှအေးသည် မိဘများအိပ်ချိန်ကို
စောင့်၍ ထလာခဲ့သည်။
ခြံဝိုင်းထဲမှထွက်လာပြီး ချစ်သူနှင့်ချိန်းထားသောနေရာသို့
သွားဖို့ဟန်ပြင်ချိန်…

“ရွှီး…ရွှီး….”

မြွေတွန်သံကိုကြားလိုက်ရ၍ဘေးဘီကိုကြည့်သောအခါ
အမှောင်ထဲ၌မျက်လုံးနီကြီးနှစ်လုံးက သူ့အားစိုက်ကြည့်နေသည်ကို လှအေးတွေ့လိုက်ရသည်။

“အမယ်လေး…မြွေကြီး”

လှအေး အော်ဟစ်ပြီး ပြေးလွှားရာ မြွေကလှအေးအနောက်သို့လိုက်လာတော့သည်။
လှအေးက ရှေ့မှပြေးနေချိန်…မြွေကြီးကလည်း
အနောက်မှ အသည်းအသန်လိုက်၏။
ရွာတစ်ပတ်မျှပတ်ပြေးပြီးချိန်အထိ မြွေကြီးက လှအေးအနောက်သို့ လိုက်နေတုန်းဖြစ်သည်။

“အမေရေ…ကယ်ပါဦး….”

လှအေး၏အော်ဟစ်ငိုယိုသံကြောင့် တစ်ရွာလုံး
နိုးလာခဲ့သည်။

“ဘယ်သူဘာဖြစ်တာလဲ…”

“လှအေးဟေ့…လှအေး…ရွာလမ်းပေါ်မှ သတိမေ့နေတာ…
အရီးထွေးမြတို့ကိုသွားခေါ်ကြပါဦးဟ”

လှအေးက မြွေကြီးကိုကြောက်လန့်ပြီး လမ်းမအထက်၌
သတိမေ့မြောသွားခဲ့သည်။
လူများရောက်လာချ်ိန်၌ မြွေကြီးသည်လည်း
ပျောက်ခြင်းမလှပျောက်သွားခဲ့တော့သည်။

“သမီးလှအေး…သမီး…အမယ်လေး
ဘယ်လိုဖြစ်ရတာလဲ”

ဒေါ်ထွေးမြမှာ လှအေးကိုစိုးရိမ်စိတ်ဖြင့်လှုပ်နိုးရှာသည်။
သတိမရလာသည့်အဆုံး သာမောင်က ညီမဖြစ်သူအား
အိမ်သို့ပွေ့ချီကာခေါ်သွားရတော့သည်။
နောက်တစ်နေ့နံနက်သို့ရောက်မှ လှအေးသတိရလာသည်။
ဒေါ်မြထွေးတို့က မေးသောအခါ…

“ကျုပ်…ကျုပ်…အပေါ့သွားရင်း မြွေကြီးကိုတွေ့လို့အမေ…
မြွေက ကျုပ်နောက်ကလိုက်နေလို့ ကြောက်ပြီးပြေးမိပြေးရာပြေးမိတာပါ…”

ဟု…ဖြေလေသည်။
လှအေးစကားကို ဒေါ်မြထွေးမယုံပေ။
သို့သော် မယ်စိန်ကိုကြည့်တော့ မယ်စိန်ကခေါင်းညိတ်ပြ၍သာ ဒေါ်မြထွေးလက်ခံလိုက်ရသည်။

လှအေးက မယ်စိန်နှင့်နှစ်​ယောက်ထဲရှိချိန်တွင်…

“မယ်စိန်…ညည်း…ကျုပ်ကို
အခုလိုဖြစ်အောင်လုပ်တာမလား”

ဟု…မေးလေရာမယ်စိန်ကပြုံး၍…

“ညည်းဘယ်လိုထင်သလဲ…”

ဟု..ပြန်ကာမေးလိုက်သည်။

“သေချာနေပါပြီ…ညည်းလက်ချက်မှ ညည်းလက်ချက်ပဲ
မယ်စိန်”

“အေး…သေချာနေရင်လည်း ကျုပ်စကားကို
နားထောင်စမ်းပါလှအေးရယ်…
ကျုပ်ကမသွားနဲ့ဆိုရင် မသွားစမ်းပါနဲ့…”

“အို…ညည်းက ကျုပ်အမေလို့ ကျုပ်ကိုချုပ်ချယ်နေရတာလား”

“ညည်းအမေသာသိသွားရင် မြွေလိုက်တာထက်
ပိုပြီးဆိုးမယ်ဆိုတာညည်းမမေ့လေနဲ့လှအေး…
ကျုပ်ပြောသလိုပဲ ညည်းနဲ့ဟိုအကောင်တကယ်ချစ်ကြိုက်နေကြရင်လည်း လူမြင်သူမြင်မှာပဲတွေ့စမ်းပါ…
လူ့ကွယ်ရာဆိုတာ မဖြစ်သင့်တာတွေဖြစ်သင့်တာတွေကို
မစဥ်းစားနိုင်ကြဘူး…ဒါကြောင့်ကျုပ်က ညည်းတစ်ခုခုဖြစ်မှာစိုးရိမ်လို့တားနေရတာ…”

“အို…ကျုပ်ကိစ္စကျုပ်ဘာသာဘာလုပ်လုပ်ပေါ့…
တော်ဝင်မပါစမ်းနဲ့”

“လှအေး…ညည်းကို ကျုပ်ကအမေတို့အတွက်တွေးပြီးတားနေတာနော်…အေး…မဟုတ်ရင် မနေ့ညကမြွေလိုက်တာထက်ပိုဆိုးတာတွေလာလိမ့်မယ်…
ညည်းမယုံရင်တော့စမ်းကြည့်လိုက်အေ…”

ဟု…မယ်စိန်ကပြောပြီး လှအေးအနီးမှထွက်သွားတော့သည်။
လှအေးသည် စိတ်ကိုတင်း၍သာမယ်စိန်အားပြန်​ပြောနေခဲ့ရ၏။သူ၏အာရုံထဲမှာတော့ မြွေကြီးကိုမြင်ယောင်နေမိသည်။ မယ်စိန်ကို​ကြောက်၍ လှအေး တိတ်တဆိတ်သာ
ငိုယိုနေခဲ့၏။ ညဘက်များ၌လည်း ချစ်သူဖြစ်သူနှင့်
သွား၍ မတွေ့ဖြစ်သလို…အပေါ့အပါးသွားဖို့ရန်ပင်
ခြံဝိုင်းထဲသို့မဆင်းရဲရှာတော့ပေ။

ဘွားမယ်စိန်ပြောပြသောအရီးလှအေးအကြောင်းကို
သိရပြီးနောက် ဒေါ်ဝင်းတို့အုပ်စုမှာ သဘောကျပြီး
တဟားဟားရယ်မောကုန်ကြသည်။

“အမေက အရီးလှအေးကိုမြွေနဲ့လိုက်ခိုင်းလိုက်တာကိုး…
အရီးလှအေးတော့အမေ့ကိုအတော်ကြောက်ရှာမှာပဲ…”

“ကြောက်တာတော့ပြောမနေနဲ့အေ…
သူ့ရည်းစားငွေစိုးကလည်းမတွေ့မမြင်ရတာကြာတော့
မနေနိုင်ဖြစ်ပြီး…လူကြီးစုံရာနဲ့လာတောင်းရမ်းတယ်လေ…
အဲ့သည်တော့မှ ဒီကောင်မကလက်ခံတာလေ…”

အရီးလှအေးအကြောင်းများပြောပြီး ဒေါ်ဝင်းတို့သဘောကျနေခဲ့သည်။
ယခုအချိန်မှာတော့ အရီးလှအေး၏ ယောကျာ်းဖြစ်သူ
ဦးငွေစိုးလည်းမရှိရှာတော့။
ဘွားမယ်စိန်အပေါ်၌လည်း အရီးလှအေး၏သဘောထားများက ငယ်စဥ်ကနှင့်မတူတော့ပေ။

“ရှင်ညိုက အမေ့တူပုံရပါတယ်…
ဒါကြောင့် အရီးလှအေးက နိုင်ချင်နေတာဖြစ်မယ်အမေ…”

“တူတယ်ဆိုတာထက် ငယ်စိတ်ဆိုတော့
ပညာမာန်တက်တာပေါ့အေ…အဲ့သည်မာန်က
သွားတူပုံရပါတယ်…
ဘွားတုန်းကလည်း အဲ့သည်မာန်ကိုအတော်လေး
ပြင်ဆင်ခဲ့ရတာ…သမီးရှင်ညိုလည်းဂရုစိုက်အေ့…”

“ဟုတ်ကဲ့အဘွား”

“ကဲ…မိုးအေးအေးနဲ့အကြမ်းရေလေးသောက်…
လက်ဖက်လေးစားကြပါဦး”

ဘွားမယ်စိန်တို့လည်းမိုးအေးအေးဖြင့်
အတိတ်ကအကြောင်းများအားပြောဖြစ်ခဲ့ကြသည်။
အရီးလှအေး၏အကြောင်းများကိုကြားတော့
ဒေါ်ဝင်းကအတော်လေးသဘောကျနေရှာသည်။

“အရီးလှအေး…နောက်တစ်ခါ ကျုပ်တူမကို
အနိုင်ကျင့်ရင်တော့ အမေ့တုန်းကလို
မြွေနဲ့တိုက်ပစ်ခိုင်းရမယ်”

ဟုလည်း..ဒေါ်ဝင်းစိတ်ထဲတေးမှတ်ထားတော့သည်။

ထိုသို့ဖြင့် ဇာတ်လမ်းလေးပြီးဆုံးသွားပါသည်။

ယဥ်မင်း(ကန့်ဘလူ)