ရွာနာမည်က ကျီးတောရွာဖြစ်သည်။ တောရွာများရဲ့သဘာဝ ရှု့မျှော်ခင်းများ၊ လယ်ကွင်းများဖြင့် စိမ်းလန်းစိုပြေအေးချမ်းလှသောရွာလေးတစ်ရွာပင်ဖြစ်ပေသည်။ထို့ပြင် ရွာအဝင်တွင်လည်း တမာပင်များ စီစီရီရီပေါက်ရောက်နေပြီး ထိုနေရာကိုရွာမှလူတွေက တမာတန်းဟုပင် မှတ်ခေါ်ကြပေသည်။


“ဟဲ့..မိပြော..ဟဲ့..မိပြော…”

အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးက ရွာအလယ်လမ်းမအတိုင်းလျှောက်လာရင်းဖြင့် အိမ်တစ်အိမ်ရှေ့အရောက်တွင် နာမည်တစ်ခုကိုအော်ကာ ခေါ်လိုက်တော့လေသည်။
အိမ်ထဲမှ နာမည်ခေါ်ခံရသူကလည်း…

“ဘယ်သူလဲ…”.

“ဟဲ့…ဘယ်သူကမှာလဲ…ငါ…ငါ…ဒေါ်တင်မိ ဟဲ့…”

အိမ်ထဲမှ မိပြော ဆိုသည့်အမျိုးသမီးတစ်ယောက်
အိမ်အပြင်သို့ ချက်ချင်းပင်ထွက်လာခဲ့တော့သည်။
ထွက်လာလာခြင်း..

“သြော်..အရီးတင်မိ..လာလေ အိမ်ထဲဝင်…”

မိပြောရဲ့ စကားကို အရီးတင်မိသည်
မကြည်သလိုမျက်နှာထားဖြင့်..

“ငါ ညည်းအိမ်ကို အလည်လာတာ မဟုတ်ဘူး…။
ညည်း သားအကြောင်းလာပြောတာ…”

“ရှင်…ကျွန်မသား ဘာလုပ်မိလို့လဲအရီးရယ်…”

မိပြောအမေးကို အရီးတင်မိက ဆက်ပြီး..

“အေး…ညည်းသား ဘာလုပ်လဲဆိုတော့ ငါ့အိမ်မှာ မာလကာပင်ရှိတာ ညည်းတို့အသိပဲလေ…။အဲ့ဒီ မာလကာပင်ကလည်း ခြံပြင်ကို ထွက်နေလို့ ဒေါက်တောင်ထောက်ထားရသေးတယ်မဟုတ်လား…”

အရီးတင်မိစကားက လိုရင်းမရောက်သည်မို့ မိပြောက…

“အရီးရယ်..အဲ့တာ ကျုပ်တို့ တစ်ရွာလုံးသိတာပဲ… ။
ခုက ဘာဖြစ်လို့လဲ “

“ဖြစ်ရတာက ညည်းသားနဲ့အပေါင်းအပါတွေပေါ့ ။ ခြံပြင်ထွက်နေတဲ့ မာလကာသီးကို ခူးလို့ဟေ့…။ရိုးရိုးခူးစားရင်ဘာမှမပြောပါဘူးအေ…။ခုက မာလကာပင်ရဲ့
ကိုင်းတွေပါကျိုးကုန်တာအေ့…”

“ဟောတော်…အရီးရယ် အဲ့လောက်တောင်
ဖြစ်သွားတာလား…”

“အေးလေ အဲ့လောက်ဖြစ်လို့လာပြောတာပေါ့…။ညည်း သားကို သေချာဆုံးမ…နောက်တစ်ခါထပ်ဖြစ်ရင် ​
ငါညည်းဆီကိုလာမပြောဘူးနော်
သူကြီးနဲ့ပဲတိုင်မှာ ကြားလား”

မိပြောတစ်ယောက်အရီးတင်မိစကားကြောင့်
အားနာသွားရသည်။ ဒါကြောင့်…

“စိတ်ချပါ အရီးရယ်…။ကျွန်မ သေချာဆုံးမပေးပါ့မယ်…”

အရီးတင်မက မိပြော စကားကြောင့် ကျေနပ်သွားပုံရပေသည်။
အဲ့သည်နောက်တော့…

“အေး…အဲ့ဒါဆိုလည်းပြီးရော ငါပြန်တော့မယ် မိပြော..”

“ဟုတ်…ဟုတ်…အရီး စိတ်ချနော်…”

အရီးတင်မိ အိမ်ရှေ့မှ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။
ကျန်ရစ်ခဲ့သောမိပြောတစ်ယောက်တော့…

“လာပေဦး ပေသီး…ပြန်လာရင်
ငါ့အကြောင်းသိရမယ် ဟင်း…..”

အိမ် အလည်သွားသော သားဖြစ်သူ
ပေသီးကို ကြိမ်းဝါးလိုက်သည်။

ခဏအကြာမှာတော့ ပေသီးတစ်ယောက် အိမ်ထဲကို အသံတိတ်ခိုးဝင်လာလေရာ
အသင့်စောင့်ကြိုနေသော မိပြောက..

“လာ…လာ…ပေသီး…။ငါအကုန်သိတယ် ၊အကုန်ကြားတယ် ဘာလို့ဆိုလာတိုင်ထားတာကိုး။ပုန်းဖို့တော့မကြိုးစားနဲ့
လာအခုလာ ဒီကို…”

မိခင်ဖြစ်သူ ရဲ့ဒေါသသံကြောင့် ပေသီးခေါင်းလေးငုံ့ကာ မိခင်အနားကို လှမ်းလာတော့လေသည်။

“အမေ ..အဲ့တာက လေ…”

”ဖြေရှင်းချက်ကြားချင်လို့မဟုတ်ဘူး ပေသီး…။နင့်ကို ကျောင်းမဖွင့်သေးလို့ သွားဆော့ခိုင်းတာနော် ခုတော့ လာတိုင်တဲ့သူတွေရှိလာပြီဆိုတော့ နောက်ရက်အပြင်ထွက်ဆော့ဖို့ စိတ်မကူးနဲ့ သွား အခု ရေသွားချိုး”

“အာ…အမေကလည်းဗျာ…”

“အမေကမလည်းနဲ့ သွား…”

ပေသီး ဖခင် စံလှ ထက်ပင် မိခင်ဖြစ်သူ မိပြောကို ကြောက်ရပေသည်။
ပေသီး အဖေဖြစ်သူ စံလှက ရွာတွင် ထန်းတက်သည့်အလုပ်ကို လုပ်ကိုင်လေသည်။
ထန်းတက်လို့ရသော ငွေလေးဖြင့်သာ သူတို့မိသားစု စားဝတ်နေရေးကိုဖြေရှင်းနေကြရသည်။

ပေသီး မိခင်ဖြစ်သူ ရေချိုးခိုင်း၍ ခါးကြားထဲ ဝှက်ယူလာသော ဒင်္ဂါးပြားတစ်ပြားကို တစ်နေရာမှာမိဘတွေမမြင်အောင်ဝှက်ထားလိုက် တော့သည်။
ဒင်္ဂါးပြားပုံစံက ရွှေဖြင့်ပြုလုပ်ထားသော
ရွှေဒင်္ဂါးပြားတစ်ချပ်ဖြစ်ပေသည်။
မည်သည့်ဆီကရသည်ကိုတော့ ပေသီးပဲသိပေလိမ့်မည်။

ပေသီး ရေချိုးနေစဉ် ဖခင်ဖြစ်သူ စံလှ ပြန်ရောက်လာပြီး…

“ဟော…ငါ့သား အခုမှရေချိုးတာလားကွ..”

“ဟုတ်တယ် အဖေ..”

ထိုစဉ် မိပြော အိမ်ထဲမှထွက်လာပြီး…

“ရွာရိုးကိုးပေါက်လှည့်ဆော့နေတာလေ.. ။
အဲ့တာကြောင့် အခုမှရေချိုးရတာပေါ့ “

မိခင်ဖြစ်သူက ပေသီးကို ကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။
မိခင်စကားမှန်နေတာကြောင့် ပေသီးပြန်မပြောရဲပေ။

“ကဲပါကွာ…ကလေးပဲဟာ..။နောက်ပြီး ကို ဗိုက်ဆာပြီ
သားလေး ရေချိုးပြီးရင် ထမင်းစားကြရအောင်လေ မိန်းမ…”

မိပြော ခင်ပွန်းဖြစ်သူစကားကြောင့်…

“အဲ့တာဆို ထမင်းပွဲပြင်ထားလိုက်မယ်…။ တော့်..သားကို ရေသေချာသုတ်ပေးလိုက်ဦး…”

“အင်း….သုတ်ပေးလိုက်မယ် သွား…သွား..”

ပေသီးရေချိုးပြီးတော့ ဖခင်ဖြစ်သူက ရေသုတ်ပေးလေသည်။
အဲ့သည်နောက်သားအမိသားအဖသုံးယောက်
ထမင်းလက်ဆုံစားကြတော့သည်။
ပေသီးတို့မိသားစုလေးသည် ပျော်ရွင်စရာကောင်းလှသည်။
ခင်ပွန်းဖြစ်သူ စံလှကလည်း အိမ်ထောင်ဦးစီးပီသ သလို မိန်းမဖြစ်သူ မိပြောကလည်း အိမ်ရှင်မတာဝန်ကျေပွန်ပေသည်။
ထိုသို့ ပျော်ရွင်စရာကောင်းသောမိသားစုလေးကို အန္တရာယ်တစ်စုံတစ်ရာကျရောက်လိမ့်မည်ဟု မည်သူတွေထင်မည်နည်း။
(ဆက်လက်ပါမည်)

ညအချိန် မိဘတွေကြားအိပ်နေသော ပေသီးတစ်ယောက် တစ်စုံတစ်ယောက်က ဆွဲလှုပ်သလိုကြောင့် အိပ်ရာမှနိုးလာခဲ့သည်။

“အင်….”

ပျင်းကျောတစ်ချက်ဆန့်လိုက်ပြီးနောက် မျက်လုံးကို
လက်ဖြင့်ပွတ်သပ်ကာ အခန်းထဲကိုကြည့်လိုက်တော့…

“ဟင်…ဘယ်သူလဲ…အဖေ အမေ ထပါဦး
ဘယ်သူကြီးလဲတာ…”

ပေသီး တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၍ မိဘတွေကိုလှုပ်နိုးလိုက်သည်။
သို့သော် မိဘတွေက နိုးမလာခဲ့ပေ။
နောက်ဆုံး ပေသီး တံတွေးတစ်ချက်မြိုချလိုက်ပြီး…

“ဘယ်သူလဲ…ဘာလို့ နောက်ကျောပေးထားရတာလဲ “

ပေသီး နောက်ကျောပေးရပ်နေသော ဆံပင်အရှည်ကြီးဖြင့် အမျိုးသမီးလို့ထင်ရသူကို အရဲစွန့်ကာမေးလိုက်တော့သည်။
ပေသီးရဲ့အမေးစကားကိုလည်း နောက်ကျောပေးရပ်နေရင်းဖြင့်…

“ငါ့ ဒင်္ဂါးတွေပြန်ပေး…။ငါ့ဒင်္ဂါးတွေပြန်ပေး…”

ကြားလိုက်ရသောအသံကြီးက
ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ပေသီးကြောက်လန့်သွားကာ…

“ဘယ်…ဘယ် ဒင်္ဂါးလဲ…။ကျွန်…ကျွန်…ကျွန်တော်မသိဘူး….”

ပေသီးရဲ့စကားကြောင့်…

“အီး….နင်ငါတို့နေရာက ယူသွားတဲ့ ဒင်္ဂါး…
အဲ့တာ ငါ့ဒင်္ဂါး အခုပြန်ပေးငါ့ဒင်္ဂါး……….”

“အား….သရဲမကြီး……..”

ပေသီးဘက်ကိုချက်ချင်းမျက်နှာကြီးလှည့်ကာ ပြောလိုက်သည်ကြောင့် ပေသီးကြောက်လန့်တကြားအော်လိုက်သည်။

ထိုမျက်နှာကြီးက သွေးမရှိသလို ဖြူဖတ်ဖြူရော်ကြီးဖြစ်နေသည့်အပြင် မျက်တွင်းမှာဟောက်ပတ်ကြီးဖြစ်နေပြီး မျက်လုံးများပင်အပြင်သို့ ထွက်ကျလု့မတတ်ဖြစ်နေသည်။
ထို့ပြင် ပါးစပ်ကြီးမှာလည်း သားရေတွေတမြားမြားကျနေလေသည်။
ထိုမြင်ကွင်းကို မြင်ရသော ပေသီးအလွန်ကြောက်လန့်သွားသည်။

“သွား….မလာနဲ့…သွား…..”

“ငါ့ ဒင်္ဂါးပြန်ပေး….ငါ့ဒဂင်္ဂါးပြန်ပေး…ငါ့ဒင်္ဂါးပြန်ပေး”

ကြောက်မက်ဖွယ်အသံကြီးဖြင့်
အဆက်မပြတ်ပြောနေလေသည်။

“မသိဘူး…သွား…သွား…မလာနဲ့…”

ပေသီးရဲ့အော်ဟစ်သံတွေကြောင့်မိဘတွေနိုးလာခဲ့တော့သည်။
အိပ်ရင်းယောင်အော်နေသော ပေသီးအား…

“သား…အိမ်မက်ဆိုးတွေမက်တာလား
ထပါဦး..သား…သား…ဟောတော် …..
ကိုစံလှ သားကိုနိုးမရဘူး နိုးပါဦး…”

“သား…သား ပေသီး…သား..ထလေကွာ…”

“အား…မလာပါနဲ့…မလာပါနဲ့…..”

ပေသီးတစ်ယောက် မိဘတွေခေါ်နေသော်လည်းနိုးမလာခဲ့ပေ။ပါးစပ်မှလည်း ယောင်ကာ အော်ဟစ်နေတော့သည်။

“ကိုစံလှ…သားကို နိုးမရဘူး လုပ်ပါဦးတော်…”

“အေးကွာ…ဒါရိုးရိုးတော့ မဖြစ်နိုင်ဘူး…။ ခေါင်းရင်းအိမ်က ဦးလေးတို့ကိုသွားခေါ်လိုက်မယ်…”

စံလှ ပြောရင်း အိပ်ရာထဲမှ ထထွက်သွားတော့သည်။
ကျန်ရစ်ခဲ့သော မိပြောက…

“သားရေ..ထပါဦးသားရယ်…။
ဘာတွေအော်နေတာလဲ သားရယ်…”

မိပြော သားဖြစ်သူအတွက်ပူပန်ကာ
မျက်ရည်များပင်မျက်နှာထက် ကျဆင်းလာလေသည်။
ခဏကြာတော့ ဘေးအိမ်မှ ဦးလေးမိသားစုရောက်လာကြပြီး…

“ဘယ်လိုဖြစ်တာလဲ ဟာ..။ဒီကောင်လေး
ဘာတွေများအမှားလုပ်ခဲ့တာတုန်း “

အော်ဟစ်နေသော ပေသီးကိုကြည့်ကာမေးတော့…

“တစ်နေ့လုံး ရွာထဲ လှည့်ဆော့နေတာ ဦးလေးရဲ့…။အရီးတင်မိကတောင် သူ့မာလကာသီးတွေ ခူးလို့လာတိုင်သေးတယ်…။လုပ်ပါဦး အကြံပေးပါဦး တော် သားကို
ခေါ်မရဘူး….အီး…ဟီး…ဟီး…”

မိပြော ပြောရင်းဖြင့် ငိုချလိုက်တော့လေသည်။

“ကဲ…ဒါရိုးရိုးမဟုတ်လောက်ဘူးဟေ့…။စံလှ သွား
ဆရာတော်ကိုအခုချက်ချင်းသွားပင့်…”

ဦးလေးဖြစ်သူကပြောတော့ စံလှ ချက်ချင်းပင် ဆရာတော့်ကျောင်းဆီထွက်လာခဲ့တော့သည်။
ညအချိန်ခါဆိုသော်လည်း သားဇောဖြင့်
ထွက်လာရ၍ မည်သည့်ဓာတ်မီးမှပါလာချေ။
အမှောင်ထဲစမ်းတဝါးဝါးသွားရင်းဖြင့် ဆရာတော့် ကျောင်းကိုရောက်လာခဲ့လေသည်။
ကျောင်းရောက်တော့ ဆရာ့တော်အားအကျိုးအကြောင်းလျှောက်တင်လိုက်ပြီး အိမ်သို့ ပင့်ခေါ်လာခဲ့သည်။

အိမ်အပြင်ဘက်အရောက်မှာတော့…

“အမလေး…သားရဲ့ သားအဖေဆရာတော့်ကိုသွားပင့်တာတောင်မစောင့် တော့ဘူးလား…။အမေ ဘယ်လိုပြောရမှာလဲ သားရဲ့…အီး…ဟီး…ဟီး…..”

စံလှ ဇနီးဖြစ်သူရဲ့ငိုသံကိုကြားလိုက်ရ၍ ဟန်မဆောင်နိုင်စွာအိမ်ပေါ်ကိုအပြေးတက်လာခဲ့တော့သည်။
စံလှ အိမ်ပေါ်ရောက်တော့ ဦးလေးမိသားစုတွေမျက်နှာကို
ကြည့်တော့မျက်ရည်များဖြင့်၊ထို့ပြင် ဇနီးဖြစ်သူ မိပြော ကလည်း သားဖြစ်သူအားဖက်ကာငိုကြွေးနေပြန်သည်။

“သား…သား…ဘာ…ဘာဖြစ်လို့လဲ.. ဟင်..မိပြော..သား ဘာဖြစ်တာလဲလို့…”

မိပြော ယောက်ျားဖြစ်သူရဲ့အမေးကိုမဖြေနိုင်ဘဲ တသိမ့်သိမ့် ရှိုက်ကာ ငိုကြွေးနေလေသည်။

ထိုအခါ အနားမှ ဦးလေးဖြစ်သူကပဲ…

“မင်းထွက်သွားပြီးမကြာပါဘူးကွာ…မလာနဲ့ မလာနဲ့ဆိုပြီး အသံကျယ်ကြီး အော်ပြီး…အဲ့မှာ…အဲ့မှာကွာ..”

“ဦးလေး….အဲ့မှာ…ဘာဖြစ်တာလဲဗျာ ပြောစမ်းပါဗျ…”

စံလှ စိတ်မထိန်းနိုင်စွာမေးလိုက်သည်။

“အဲ့မှာတင်… အသက်ပါသွားတယ်ကွာ…။
မင်းရဲ့သား ဆုံးပြီကွစံလှရ….ဟင်း….”

“ဗျာ……”

စံလှကြမ်းပြင်ပေါ် အရုပ်ကြိုးပျက်ထိုင်ချလိုက်တော့သည်။

ဘေးမှကြည့်နေကြသူများကတော့ သူတို့မိသားစုလေးအတွက် စိတ်မကောင်းဖြစ်နေကြလေသည်။

နောက်တစ်ရက်ရွာထဲတွင်…

“ဟဲ့…မနေက ကိုစံလှတို့သား ပေသီး ဘာရောဂါမှမရှိဘဲ
သေ သွားတယ်တဲ့တော့ “

“ငါသိပါတယ်ဟယ်…ဒါထက် အဲ့ကလေးတွေမနေ့က ရွာပြင် မြေ ကွက်လပ်မှာသွားဆော့ကြတယ်ပြောတယ်…အဲ့မှာ ဘာများ မှားခဲ့တယ်မသိပါဘူးဟယ်…”

“အေးဟဲ့…အဲ့နေရာက ရှေးတုန်းက ရွာပျက်ကြီး
ကျောက်ရောဂါတွေဖြစ်ပြီးလူတွေအတော်သေခဲ့တယ်လေ”

“အေးလေ…ငါတော့ မိပြောတို့
လင်မယားကိုသနားပါတယ်ဟယ်…”

ရွာထဲမှလူတွေ မိပြောတို့သား ပေသီးသေဆုံးတာကို
တအံ့တသြ ပြောနေကြခြင်းဖြစ်ပေသည်။

ပေသီးဘာကြောင့်သေဆုံးသွားလည်းဆိုတာကလည်း အားလုံးအတွက် စဉ်းစားစရာကိစ္စတစ်ခုဖြစ်လာခဲ့ပေသည်။

********************************

ကျီးတောရွာတွင် ထူးဆန်းစွာသေဆုံးသွားသော ပေသီးရဲ့အကြောင်းကို ပြောမဆုံးနိုင်ဖြစ်ခဲ့ကြ၏။
အဲ့သည်လိုဖြင့် ကြာလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်လာခဲ့ကြရာ
တစ်ရက်မှာတော့…

“ဓား​ပြဗျို့…ဓားပြ ….ဓား​ပြတိုက်နေပါတယ်ဗျို့…”

“ဟာ..ဓားပြ ဆိုပဲ…”

“သူကြီးအိမ်ဘက်ကပဲဟ…လိုက်ကြ မြန်မြန်… “

ရွာသားတွေစုကာ သူကြီးအိမ်ရှိရာဆီ သို့ အပြေးလာခဲ့ကြတော့သည်။လက်ထဲတွင်လည်း
တုတ်၊ဓားများအသင့်ကိုင်ထားကြလေသည်။

“ဘယ်မှာလဲ ဓားပြ…”

ရှေ့ဆုံးမှရွာသားတစ်ယောက်မေးလိုက်ရာ…

“အိမ်နောက်ဖေးက ထွက်ပြေးသွားပြီ…လိုက်ရှာကြစမ်း
မိလို့ကတော့အသေပဲဟေ့…”

အိမ်နောက်ဖေးဘက်ဆီသို့ အပြေးအလွှားလိုက်ကြရပြန်သည်။
ကျန်ရစ်သော လူကြီးအချို့က လှေကားရင်းမှာ စိတ်ပျက်အားလျော့စွာထိုင်နေသော သူကြီးဦးလူမောင်ကို အကဲခတ်နေကြသည်။
ထိုသို့အကဲခတ်နေရင်း ကျန်ရစ်သောလူတွေထဲမှ ဦးသာလှက…

“သူကြီး…ဘာတွေပါသွားတုန်းဗျ…”

သူကြီး ဦးလူမောင်ကဦးသာလှအမေးကိုသက်ပြင်းချလိုက်တော့သည်။
အနီးမှ ဇနီးနဲ့သမီးတွေကလည်း ပါသွားသောပစ္စည်းများအတွက်နှမြောတသဖြစ်ခါငိုနေကြပြန်၏။

“ကျုပ်ပစ္စည်းတွေပဲပါသွားရင် ကျုပ် ခံသာပါသေးတယ်ဗျာ…။အခုကျ….”

“ဟာ..ဒါဆို ကျုပ်တို့ရွာဦးစေတီလေးပြင်ဖို့ ရွာသူရွာသားတွေ စုပေါင်းလှူထားတဲ့ငွေတွေကော
ပါသွားတာပေါ့ လေ …ဟုတ်လား..သူကြီး…”

ရွာသားတစ်ယောက်က သူကြီးဦးလူမောင်ကို မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်ကွာ…တောက်…ငါလည်းမပေးနိုင်ဘူးဆိုပြီးငြင်းပါတယ်…ဒါပေမယ့် အဲ့ခွေးမသားတွေက
တို့အသက်ကိုပါရန်ရှာဖို့ကြိုးစားကြတော့ …
အဲ့တော့… ငါ..ငါ ထုတ်ပေးလိုက်ရတာပါကွာ…”

အားလုံးလည်း သူကြီးကိုကြည့်ကာ
စိတ်မကောင်းဖြစ်သွားရသည်။
ထို့ပြင် ရွာဦးစေတီပြင်ဖို့အလှူရထားသောငွေတွေအားလုံးမှာ ဓားပြ တွေနောက်ပါ သွား၍ ပို၍ပင်
နှမြောတသဖြစ်ကြရပေသည်။

“ဟော…ဒါနဲ့ သူကြီး အဲ့ကောင်တွေရွာထဲကို
ဘယ်လိုဝင်လာကြတာလဲဗျ…”

ရွာသားတစ်ယောက်အမေးကို…

“ငါလည်းမသိပါဘူးကွာ…အိမ်အနောက်ဘက် နွားတင်းကုပ်မှာ နွားစာကျွေးနေတုန်း…အိမ်ပေါ်က ဟော ဟိုရွှေမိ လှမ်းခေါ်လို့သွားလိုက်တာ အဲ့မှာ သူ့ကို ဓားထောက်ထားပြီး ငါတို့ကိုပါ ချိန်းခြောက်တော့တာပဲကွာ…”

သူကြီး ဖြစ်သူက ထောင့်တစ်နေရာမှာထိုင်နေသော ဇနီးဖြစ်သူကိုမေးငေ့ါကာပြောလိုက်တော့သည်။
သူကြီးကတော် ဒေါ်ရွှေမိကလည်း…

“ကျုပ်လည်း ဘယ်သိမလဲတော့်…
မိုးကလည်း ချုပ်စပြုနေပြီလေ…။အိမ်ရှေ့ကလှမ်းခေါ်တော့ ဘယ်သူဘယ်ဝါမှန်းမှမသိတာ အဲ့တာနဲ့အိမ်ထဲဝင်ခဲ့လို့
ပြောလိုက်မိတာ။ အဲ့အကောင်တွေကအိမ်ထဲလည်းရောက်ရော ကျုပ်ကို ဓားထောက်ပြီး တော့်ကိုခေါ်ခိုင်းတော့တာပဲလေ…”

ဒေါ်ရွှေမိလည်း မျက်ရည်လေးတရွဲရွဲဖြင့်ပြောရှာလေသည်။

“အင်း…ဒီကောင်တွေကြည့်ရတာ တို့ရွာဦးစေတီလေးပြုပြင်ဖို့ပိုက်ဆံစုထားတယ်ဆိုတာသိပုံပဲ…”

ဦးသာလှကပြောလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်ဗျ…ဒီကောင်တွေ ကျုပ်တို့ရွာကို ဘယ်အချိန်ကတည်းက စောင့်ကြည့်နေကြလဲမသိဘူး…”

ရွာသားတစ်ယောက်စကားကြောင့်အားလုံး စဉ်းစားကုန်ကြတော့သည်။

“အင်း…အဲ့ကောင်တွေနောက်လိုက်သွားတဲ့ရွာသားတွေလဲ
အခုထက်ထိပြန်မလာကြသေးဘူးဗျာ…မိလို့ကတော့ အသေပဲဗျို့…”

ရွာသားတစ်ယောက်ကကြိမ်းဝါးလိုက်လေသည်။
ထိုသူကြိမ်းဝါးသလို အားလုံးရဲ့စိတ်ထဲ မှာလည်း
ထိုသို့ပင်ဖြစ်ပေသည်။
ခဏကြာတော့ ဓား​ပြတွေနောက်လိုက်သွားသော လူအုပ်ကြီးပြန်ရောက်လာကြသည်။
အားလုံးပြန်လာကြသည်ကိုတွေ့လိုက်တော့သူကြီးကလည်း ချက်ချင်းထရပ်လိုက်ပြီး လူအုပ်ကြီးဆီအပြေးသွားကာ…

“ဘယ်လိုလဲ မိခဲ့ကြလားကွဟေ…”

သူကြီးက မေးလိုက်လေသည်။
သို့သော် သူကြီးစကားကို မျက်နှာငယ်လေးတွေဖြင့်သာကြည့်ရင်း မဖြေနိုင်ကြပေ။

ထို့ကြောင့်…

“ဟကောင်တွေ… သူကြီးမေးနေတယ်လေကွာ။
ဓားပြတွေမိခဲ့ကြလားလို့…”

မနေနိုင်တဲ့ ဦးသာလှကပဲထပ်မေးလိုက်တော့သည်။
ထိုအခါမှ လူအုပ်အထဲကရွာကာလသားခေါင်းဆောင်
စောတင်မောင်က…

“မမိခဲ့ပါဘူးဗျာ…။ကျုပ်တို့လည်းအမြန် လိုက်ကြတာပဲ ဒါကို ခွေးမသားတွေက ဘယ်ပျောက်သွားတယ်မသိဘူးဗျာ…
နေရာအနှံ့ရှာကြတာလည်း မတွေ့ဘူးဗျို့…”

စောတင်မောင်ရဲ့စကားလည်းဆုံးကော သူကြီးတစ်ယောက် စိတ်ပျက်စွာထိုင်ချလိုက်တော့လေသည်။

“သွားပါပြီကွာ…ရွာဦးစေတီတည်မယ့်
ပိုက်ဆံတွေ..ဟာ…..တောက် …..ကွာ……”

“ဟာ…သူကြီးစိတ်ထိန်းလေဗျာ….”

ဝမ်းနည်းစိတ်ဖြင့် ဒေါသတွေထွက်လာသော သူကြီးကို အားလုံးဝိုင်းဖြေသိမ့်ပေးကြရသည်။

“ကဲ…ကဲ…သူကြီးလည်း ပါသွားပြီးတာတွေအတွက်
စိတ်မဆင်းရဲပါနဲ့ ။ကျုပ်တို့ပြန်စုကြတာပေါ့ဗျာ…
မဟုတ်ဘူး လား…။ပြီးတော့ စောတင်မောင်မင်းတို့ကာလသားတွေလဲ ညကင်းတွေချကွာ ။အရင်လိုနေလို့မရဘူး ရွာအတွက် ကင်းချမှရတော့မယ်…”

ဦးသာလှကပဲပြောလိုက်သည်။ဦးသာလှစကားကိုလည်း အားလုံးထောက်ခံကြလေသည်။

ညလည်းနက်နေပြီမို့ လူကြီးပိုင်းအနည်းငယ်သာရွာလူကြီးအိမ်တွင်ကျန်ရစ်ခဲ့ကြတော့သည်။
ရွာသားတွေလည်း မိမိအိမ်သို့သာ ပြန်သွားကြတော့သည်။

သို့သော် ထိုနေ့ညတစ်ညလုံး တစ်ရွာလုံးအိပ်မပျော်နိုင်ကြပေ။
မိမိတို့ ရွာဦးစေတီလေးအတွက်စုပေါင်းလှူထားသော ပိုက်ဆံ တွေ ဓားပြ တွေ လုယူသွားသည်ကြောင့်စိတ်ထဲတနုံ့နုံ့ဖြစ်နေကြရသည်။
ဒါပေမယ်လို့ ရွာဦးစေတီလေးကို ပြုပြင်နိုင်ရန် ပိုက်ဆံပြန်စုဖို့သာ အားခဲထားကြရတော့သည်။
စိတ်ထဲမှာတော့ဖြင့်အလှူငွေတွေကိုယူရက်သော ဓားပြ တွေကိုသာ ကျိန်ဆဲနေကြတော့၏။

နောက်တစ်နေ့နံနက်၌…

“ကဲ…သူကြီး ကျုပ်တို့ကာလသားတွေ ညကြ ကင်းစောင့်မယ်ဗျို့…ရွာအရှေ့အနောက် တောင်မြောက်ဆိုပြီး လေးဘက်လေးတန် ကင်းတဲတွေလုပ်မလို့ အဲ့တာ သူကြီးဘာပြောချင်သေးလဲ”

ကာလသားခေါင်းဆောင် စောတင်မောင်ရဲ့စကားကို သူကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်…

“အင်း…ကောင်းတာပေါ့ကွာ…မင်းတို့လိုအပ်တာတွေရှိရင် မင်းအရီးရွှေမိဆီတောင်းဟေ့….ငါတော့ နောက်တစ်ခါ
ဒီလိုအဖြစ်မျိုး လုံးဝထပ်အဖြစ်မခံနိုင်တော့ဘူးကွာ..”

“စိတ်ချပါ သူကြီးရာ…ကျုပ်တို့ ရွာမှာ နောက်တစ်ခါ
ဒီလိုအဖြစ်မျိုး မရှိစေရပါဘူးဗျာ…”

ရွာကာလသားတွေကလည်း အားကြိုးမာန်တတ်ဖြင့်
ပြောကြလေသည်။

နောက်တော့ ရွာကင်းတဲတွေကိုပြင်ဆင်ကြတော့သည်။
တစ်ရွာလုံးကလည်း ရွာကာလသားတွေရဲ့လုပ်ဆောင်မှုတွေကို ချီးကျူး၍မဆုံးဖြစ်နေကြတော့သည်။
ဒီလိုနှင့်ကင်းတဲအားလုံးဆောက်လုပ်ပြီးချိန်တွင်ရွာရှိ
ကာလသားအုပ်စုက အလှည့်ကျစီဖြင့် ကင်းတစ်ခုတွင်
လူသုံးယောက်စောင့်ကြတော့လေသည်။
ထိုအခါမှအားလုံးလည်း ရွာအတွက်စိတ်အေးကြရတော့သည်။

ညတိုင်းကင်းတဲများတွင်အလှည့်ကြစောင့်နေကြရင်းဖြင့်
တစ်ညမှာတော့…

“ကယ်ကြပါဦး…သရဲတွေ…သရဲတွေလိုက်လို့ပါဗျို့….
ကယ်ကြပါဦး…….”

“အမလေး…ကယ်ကြပါဦးဗျ…….”

“ဟာဘာသံတွေလဲဟ…”

ရွာအရှေ့ပိုင်းကင်းတဲမှာ ကင်းစောင့်နေကြသော မောင်တင့်ရယ်၊တင့်ဆန်းရယ်၊ထွန်းဦးရယ် သုံးယောက်သား ရွာအပြင်မှအသံတွေကြောင့် အလန့်တကြားဖြစ်သွားရသည်။

မောင်တင့်က…

“ဘာသံတွေတုန်းဟ…ငါ သံချောင်းခေါက်လိုက်ရမလား။ဘယ်လိုလုပ်ကြမလဲ…”

မောင့်တင့်ရဲ့စကားကို တင့်ဆန်းက…

“ခေါက်လိုက်ကွာ…ဘာတွေတုန်းမသိဘူး…”

သုံးယောက်သားတိုင်ပင်ကာ
သံချောင်းခေါက်လိုက်တော့လေသည်။

“ဒေါင်…ဒေါင်…ဒေါင်…ဒေါင်………”

“ဟ…ဘာသံတွေတုန်း…”

“ဘာသံကမှာလဲ ရွာရှေ့ပိုင်းကင်းတဲက
သံချောင်းခေါက်တာဟေ့ ဟိုတစ်ခါလို
ဓားပြ တွေဝင်တာလားမသိဘူး သွား သွား လူစုပြီးသွားကြ”

ထိုသို့ဖြင့် ရွာသားတွေအကုန် ရွာရှေ့ပိုင်းကို
ဦးတည်ကာ အမြန်ပြေးလာကြတော့လေသည်။

“ဘာဖြစ်တာလဲ… ဓားပြ လားကွ ဟေ…”

သူကြီးရဲ့အမေးကို တင့်ဆန်းက ကင်းတဲနားမှာငုပ်တုတ်ထိုင်နေသော လူနှစ်ယောက်ကို လက်ညိုးညွှန်ပြလိုက်ပြီး…

“ဒီလူတွေဗျ….သရဲတွေလိုက်လို့ဆိုပြီး
ရွာထဲအပြေးဝင်လာကြတာ…”

တင့်ဆန်းစကားကြောင့် ထိုလူစိမ်းနှစ်ယောက်ကို ကြည့်လိုက်တော့…

“ဟာ…ဟိုတစ်နေ့က ငါတို့ ဆီ
ဓားပြ တိုက်တဲ့အကောင်တွေပဲ….”

သူကြီးက ထိုလူတွေရဲ့မျက်နှာကို အမှတ်ရကာပြောလိုက်တော့သည်။

“ဟာ…တော်တော်မိုက်ရိုင်းတဲ့အကောင်တွေသတ်ပစ်ကွာ”

“ဟုတ်တယ်…သတ်ပစ်ကွာ….”

ရွာသားတွေကလည်း ဒေါသ သံတွေဖြင့် ပြောလိုက်တော့ လူစိမ်းနှစ်ယောက်မျက်နှာငယ်လေးတွေဖြင့် ကြည့်နေကြတော့သည်။

“ကဲ…နေကြပါဦး ဒေါသတွေလျော့ကြ အခု ဓားပြတွေကို မိနေပြီပဲ ဒါနဲ့ ဒီအကောင်တွေက ရွာထဲ ဘာလို့ဝင်ပြေးလာကြတာလဲကွ ဟမ်…”

ရွာထဲမှအသက်အကြီးဆုံး ဦးဘိုးထူးက ပြောလိုက်တော့အားလုံးတိတ်သွားကြသည်။

ထိုအခါမှ…

“ဟုတ်တယ် မင်းတို့ဘာလို့ရွာထဲပြန်ဝင်လာတာလဲ”

ရွာလူကြီးက ဆက်မေးလိုက်တော့
လူစိမ်းနှစ်ယောက်ထဲမှတစ်ယောက်က…

“ဒီလိုပါ…ကျွန်တော်တို့က ထောင်က လွတ်လာတာမကြာသေးပါဘူးဗျာ။ ကျွန်တော်နာမည်က အေးဝင်းပါ ၊ဒီကောင့်နာမည်ကတော့ ငရဲ ပါဗျာ ။ ဖြစ်ရတဲ့အကြောင်းကတော့ အစကနေပြောပြပါ့မယ်ဗျာ …….”

🔸🔸🔸🔸🔸🔸

အေးဝင်းနှင့် ငရဲတို့ နှစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ထောင်က လွတ်လာခဲ့ကြသည်။
ထောင်ကလွတ်လာသော်လည်း ငရဲတွင်ပြန်စရာအိမ်မရှိခဲ့ပေ။
ထိုကြောင့်ထောင်ထဲတွင်ရင်းနှီးသော အေးဝင်းနှင့်အတူ လိုက်ပါလာခဲ့လေသည်။
အေးဝင်းသည်က ကျီးတောရွာနှင့်အလှမ်းမကမ်းရှိ ဆူးပုတ်ရွာမှ ရွာသားတစ်ယောက်ဖြစ်သည်။

သူတို့ ရွာပြန်သည့်လမ်းတွင်
ကျီးတောရွာတွင်တစ်ထောက်နားကြပြီး…

“ငရဲ…မင်းဗိုက်ဆာပြီလားကွ…”

“ဟ…ဘယ်လိုပြောလိုက်တာလဲကွာ…မနက်ကတည်းက လမ်းလျောက်လာတာ ဆာပေါ့ဟ…”

ငရဲရဲ့စကားကြောင့်…

“အေး…အဲ့တာလည်းဟုတ်သား…။ငါ့မှာ ပိုက်ဆံနည်းနည်းပဲကျန်တယ်အဲ့တာလေးနဲ့ တို့ ဟော…ဟိုရှေ့က ကျီးတောရွာမှာအကြော်ဝင်စားကြတာပေါ့ကွာ လာ…လာ…မြန်မြန်လျောက်…”

ထိုသို့ဖြင့်…
အေးဝင်းရဲ့ဦးဆောင်မှုဖြင့်
အကြော်တဲဆီရောက်လာခဲ့ကြသည်။

အကြော်တဲရောက်တော့ …

“ကြီးတော်…အကြော်တပွဲချပေးဗျာ…”

“အေး…အေး…လူလေးခဏနော်…”

အကြော်သည်ကြီးက ခဏကြာတော့အေးဝင်းတို့ထံ
အကြော်လာချပေးလေသည်။
ချပေးသောအကြော်ပန်းကန်ထဲမှအကြော်တွေကိုစားနေကြရင်း အကြော်သည်ကြီးနှင့်ရွာသူတချို့စကားပြောနေကြသည်ကို အေးဝင်းနားစွင့်လိုက်လေသည်။

“ဟဲ့…ဒါဆိုတို့ ရွာဦးစေတီလေးက ကျက်သရေတွေဝေဖြာတော့မှာပေါ့လေ။သူကြီးဆီလည်း အလှူငွေတွေတော်တော်ရနေပြီဆိုတော့ ဘယ်နေ့ပြုပြင်မလဲမျှော်ရတော့မှာပဲအေ…”

“ဟုတ်ပါ့ကြီးတော်ရယ်…ကျုပ်တို့ရွာလေးတော့
ကျက်သရေတိုးတော့မှာအမှန်ပဲ…ဟီး….ဟီး…”

အကြော်သည်ကြီးတို့စကားကြောင့် အေးဝင်းသည်
ငရဲကိုလက်တို့အချက်ပြလိုက်တော့
ငရဲကအကင်းပါးစွာ ခေါင်းညိတ်ပြလေသည်။
အဲ့သည်လိုဖြင့် အေးဝင်းနဲ့ငရဲတို့ သူကြီးအိမ်ကို ဓားပြ
တိုက်ဖို့ရန် ရွာအခြေအနေကိုလေ့လာကြတော့သည်။
သူတို့နှစ်ဦးစလုံးထောင်ကျသည်ကလည်း
ခိုးမှုကြောင့်ကျတာမို အကြံတူတွေဖြစ်ကာ
ထူးထွေအဖော်စပ်စရာမလိုခဲ့ပေ။

သူတို့တတွေ ရွာရဲ့အခြေအနေကိုလေ့လာပြီးနောက်မှာတော့ သူကြီးအိမ်ကို ဓားပြ တိုက်ဖို့ရန် စီစဉ်ကြတော့သည်။

ဓားပြတိုက်မယ့်ရက်ရောက်လာတော့ တိုင်ပင်ထားသည့်အတိုင်း ညနေ မမှောင်မီအချိန်တွင်နှစ်ယောက်သား
ဆူးပုတ်ရွာမှ ကျီးတောရွာဆီသို့
တိတ်တဆိတ်ရောက်လာခဲ့ကြသည်။

ရောက်လာပြီးနောက်မှာတော့ရွာထဲရှိလူတွေရဲ့
အရိပ်အခြေကိုကြည့်ကာ အမှောင်ရိပ်ခိုရင်းဖြင့်
သူကြီးအိမ်သို့ချဉ်းကပ်လာခဲ့ကြလေ၏။

“ဗျို့…သူကြီး…..”

ငရဲ အသံပြုအော်ခေါ်လိုက်တော့ အိမ်ထဲမှ
သူကြီးကတော် ဒေါ်ရွှေမိက…

“ဟဲ့…ဘယ်သူတွေတုန်း အိမ်ထဲလာကြလေ…”

ဒေါ်ရွှေမိစကားကြောင့် နှစ်ယောက်သားပြုံးမိသွားကြသည်။

အဲ့သည်နောက် အိမ်ထဲကို ဝင်လိုက်ကြပြီး…

“ဟဲ့…နင်တို့ကဘယ်သူတွေလဲ…။
ဒီရွာမှာတစ်ခါမှလည်းမမြင်ဖူးပါလား..”

ဒေါ်ရွှေမိအိမ်ထဲဝင်လာသည့် လူစိမ်းနှစ်ယောက်ကို
မေးလိုက်လေသည်။
ဒါကို ဖြေ ဖို့ပြင်ရင်း ငရဲက ဒေါ်ရွှေမိဘေးသို့
ရောက်လာခဲ့ပြီး ခါးကြားမှဓားကိုထုတ်၍
ဒေါ်ရွှေမိ၏လည်ပင်းကို ထောက်လိုက်လေရာ…

“အမလေး…ဘာလုပ်ကြတာလဲ…
ငါဘယ်သူလဲနင်တို့မသိကြဘူးလား ဟမ်…”

ဒေါ်ရွှေမိကြောက်လန့်တကြားပြောလိုက်လေသည်။

ငရဲကလည်း..

“ခင်ဗျားဘယ်သူဆိုတာကျုပ်တို့ သိတာပေါ့…။
ကဲ…အဘွားကြီးအသက်မသေချင်ရင် ခင်ဗျားယောက်ျားကိုခေါ်လိုက် ခုချက်ချင်းခေါ်…အခြားတော့ အော်ဖိုမစဉ်းစားနဲ့နော်ကျုပ်လက်ထဲက ဓားက လူနှစ်ယောက်သွေးကို
သောက်ထားတယ်ဆိုတာတော့သိထား…”

“ဟင်…”

“ကဲ…ငရဲ ကြာတယ်ကွာ ဒီဘွားတော်
မခေါ်ရင် သတ်လိုက်စမ်းပါ …ကြာသလားလို့ “.

အေးဝင်းကပါထပ်မံပြောလိုက်တော့ ဒေါ်ရွှေမိခမျာ…

“အမလေး လူတော့မသတ်ကြပါနဲ့….ကိုလူမောင်ရေ…
ကိုလူမောင် လာပါဦးတော်….”

အိမ်နောက်ဖေးနွားတင်းကုပ်မှာနွားစာထည့်ပေးနေသော
ဦးလူမောင်တစ်ယောက် အိမ်ထဲမှဇနီးသည်လှမ်းခေါ်လိုက်တာကြောင့် အိမ်ထဲသို့ဝင်လာခဲ့တော့၏။
ထိုအခါ အိမ်ထဲမှအဖြစ်အပျက်တွေကြောင့်…

“ဟကောင်တွေ…မင်းတို့ ဒါဘာလုပ်တာလဲ…”

သူကြီး ဦးလူမောင်ရဲ့အမေးကို ငရဲက…

“ဆော့နေတယ်ထင်လို့လားသူကြီး…။ခုချက်ချင်း ခင်ဗျားတို့မှာရှိတာ အကုန်ထုတ်ပေး…။ခင်ဗျားမပေးရင် ဒီမှာတွေ့လား ခင်ဗျားမိန်းမ လည်ပင်းကို ဟောဒီဓားနဲ့ ထိုးစိုက်လိုက်မယ်…”

“ဘာကွ…မင်းတို့ကများ ငါ့ရွာထဲထိ လာပြီး။
ငါအော် လိုက်ရင် မင်းတို့ကို
အကုန်ဝိုင်းသတ်လိမ့်မယ်ဆိုတာမမေ့နဲ့…”

ထိုအခါ အေးဝင်းက သူကြီး သမီးနှစ်ယောက်ကို
ဓားဖြင့် ထောက်ခေါ်လာပြီး…

“အော်လေ…ခင်ဗျားတို့မိသားစုသေမှ လာမှာဆိုတော့ ခင်ဗျားတို့အတွက် ဘာများကောင်းမှာမို့လဲ ဟမ်…။
ပစ္စည်းတွေခုချက်ချင်းထုတ်ပေး… ။မထုတ်ပေးရင် ခင်ဗျားသမီးနှစ်ယောက်သေမယ်သာမှတ်..”

“အဘ…ကယ်ပါဦးတော် ဓားကြီးတွေနဲ့
ကျုပ်တို့မသေချင်သေးဘူးတော့…အီး.ဟီး..ဟီး…”

“ဟုတ်ပါတယ်တော်..ကိုလူမောင်ရယ်…
ကျုပ်တို့မသေချင်သေးဘူးတော့…အီး..ဟီး..ဟီး…”

သူကြီး ဇနီးနဲ့သမီးတွေရဲ့ အသံတွေကြောင့်စိတ်ရှုပ်သွားရှာသည်။

သူကြီး ဦးလူမောင် ကြံရာမရ ဖြစ်နေလေသည်။
ဓားပြ တွေကဇနီးနှင့်သမီးတွေရဲ့အသက်အား
အန္တရာယ်ပေးမည်ကိုစိုးရိမ်နေရ၏။
နောက်တဖန်လည်း မိမိပိုင်ပစ္စည်းများကို ပေးရမည်မို့
တွန့်ဆုတ်နေမိပြန်သည်။
ဒါကိုသိသော ငရဲက..

“ဒီမှာ သူကြီး…ကျုပ်တို့ အဆိုးမဆိုနဲ့နော်။ခင်ဗျားမပေးရင် ကျုပ်တို့က ခင်ဗျားတို့တစ်မိသားစုလုံးကိုသတ်ပြီး
အကုန်ရှာယူသွားမှာ ကျုပ်တို့မလုပ်ရဲတာမရှိဘူး”

ငရဲစကားကြောင့် ဦးလူမောင် စိတ်ပူသွားပြီး…

“အဲ့လိုတော့မလုပ်ပါနဲ့ကွာ…။ ပေးပါ့မယ်…ဒါပေမယ့်
ပေးပြီးရင်တော့ ငါတို့အသက်ကို ချမ်းသာပေးပါကွာ…”

“စိတ်ချသူကြီး…ခင်ဗျားတို့ဘာမှမဖြစ်စေရဘူး ။ပစ္စည်းတွေသာအရင်ထုတ်ပေး…”

ငရဲက ကတိစကားပြောလိုက်ရာ ဦးလူမောင် ယုံကြည်သွားပြီး ချက်ချင်းပင် သေတ္တာထဲတွင်သိုဝှက်ထားသော အတွင်းပစ္စည်များကို ထုတ်ပေးလိုက်တော့သည်။
ထိုအခါ အေးဝင်းက ပစ္စည်းများကိုအသင့်ယူဆောင် လာသောအိတ်ထဲသို့ သိမ်းယူလိုက်တော့၏။
သို့သော် ထိုမျှနှင့်မပြီးသေး ငရဲက အေးဝင်းအား မျက်လုံးတစ်ချက်ပင့်ပြလိုက်လေရာ အကင်းပါးသော အေးဝင်းက…

“သူကြီး ခင်ဗျားဆီမှာရွာကစုပေါင်းငွေတွေ
ကျန်သေးတယ်မဟုတ်လား။ အဲ့တာတွေကောပေးဗျာ…”

“ဘာကွ….”

သူကြီး ဦးလူမောင် စိတ်တိုသွားတော့သည်။
ထိုပိုက်ဆံတွေဟာ ရွာဦးစေတီလေးပြုပြင်ဖို့အတွက် ရွာသူ၊ရွာသားများအားလုံး စုပေါင်း လှူထားကြခြင်းဖြစ်သည်။

“မရှိဘူးကွာ…ငါ့ဆီမှာမရှိတော့ဘူး…”

သူကြီးရဲ့ငြင်းဆန်မှုကြောင့်ငရဲက…

“သူကြီး ခင်ဗျား မညာနဲ့…ကျူပ်တို့က သတင်းအတိအကျရထားလို့ ခဗျားဆီလာဓားပြ တိုက်တာ…မပေးလို့ကတော့ ဟောသည်မှာ…..”

“ဖြန်း…”

“ဖြန်း…..”

“အမလေး……”

“အမလေးတော့…….”

ငရဲသည် သူကြီး၏သမီးနှစ်ယောက်အား သူ၏လက်ဝါးဖြင့် တစ်ယောက်ဆီ အလှည့်ကျရိုက်ချလိုက်လေသည်။

“ဟဲ့ကောင် တွေ….။မင်းတို့မလွန်လာနဲ့ကွာ။ မင်းတို့ရချင်တာတွေလည်းငါပေးပြီးပြီ။ရွာဦးစေတီလေးပြင်ဖို့ငွေတော့
ချန်ထားပေးကြ ပါကွာ…”

“မရဘူး…ကျုပ်တို့လို ချင်တယ်ဗျာ…ပေးမလား၊မပေးဘူးလား ဒါပဲပြော….”

ထို့သို့တစ်ယောက်တကလှည့်အငြင်းပွားနေကြရာ
သူကြီးကတော်ဒေါ်ရွှေမိက…

“ကိုလူမောင်…ပေးလိုက်ပါတော် မဟုတ်ရင် ကျူပ်သမီးတွေကိုထပ်ရိုက်နေပါ့မယ် ပေးလိုက်ပါတော်……”

“ဟာကွာ….တောက်…..
အေး ပေးမယ်ဟေ့ ပေးမယ်…
မင်းတို့ကအသာစီးဆိုတော့ လုပ်ကြပေါ့ကွာ….”

သူကြီးဦးလူမောင် ဘီရိုထဲတွင်သိမ်းဆည်းထားသော စုပေါင်းအလှူငွေတွေကိုထုတ်ပေးလိုက်ရတော့သည်။

အေးဝင်းနှင့်ငရဲလည်း ပစ္စည်းတွေအကုန်ရပြီမို့ ဦးလူမောင်တို့အား ဓားဖြင့် ရွယ်ပြီးနောက်
အိမ်နောက်ဖေးမှာအပြေးထွက်သွားတော့လေသည်။

သူတို့ထွက်သွားသွားခြင်း ဦးလူမောင်က…

“ဓားပြ ဗျို့….ဓားပြ ….ဓား​ပြတိုက်နေလို့ပါဗျို့….”

“ဟာ…ငရဲ မြန်မြန်လာ တို့နောက်လိုက်လာကြပြီ….”

အေးဝင်းနှင့်ငရဲလည်း ရွာပြင်ဆီသို့ သုတ်ချေတင်ထွက်ပြေးလာခဲ့ကြရသည်။

နောက်ဆီမှာတော့ ရွာမှလူတွေဟာ
တုတ်ကိုယ်စီဖြင့်အပြေးလိုက်လာခဲ့ကြ၏။
မိသွားခဲ့လျှင်တော့သူတို့နှစ်ယောက်အတွက်မတွေးဝင့်စရာ
ပင်ဖြစ်သည်။
ထိုသို့ဖြင့် အေးဝင်းနှင့်ငရဲ ရွာကလူတွေကိုပုန်းကွယ်ရှောင်တိမ်းနိုင်လိုက်ကြပြီး ထိုသူတို့လက်မှ လွတ်လာခဲ့ကြသည်။
အဲ့သည်နောက်မှာတော့…

“ငရဲ…တို့ ရွှေငွေတွေကိုတစ်နေရာရာမှာ
ဝှက်ထားဦးမှနဲ့တူတယ်ကွ…
မဟုတ်ရင်တို့နှစ်ယောက်
ပြဿနာတတ်ကုန်လိမ့်မယ် ….”

“ဟ…ဘယ်သွားဝှက်ရမှာတုန်းကွ။မင်းကလည်း…”

“ဒီလိုလေကွာ…ဒီည တစ်နေရာရာဝှက်ထားခဲ့ပြီး နောက်ရက်ကျ အကုန်ပြန်လာယူပြီး ဒီနယ်ကနေ
ငါတို့ထွက်ပြေးကျတာပေါ့….”

“အေး…မင်းပြောတာလည်းကောင်းတာပဲ
ဒါဆိုလည်း ဝှက်ကွာ…”

အေးဝင်းက ရွှေငွေတွေဝှက်ဖို့နေရှာရှာလိုက်သည်။ နောက်ဆုံး……

“ငရဲ…ဟော ဟိုမြေကွက်လပ်ဘေးက တမာပင်တွေ့လား။ အေး…အဲ့မှာသွားဝှက်တာပေါ့ကွာ…”

နှစ်ယောက်သား တမာပင်၏အောက်ခြေအား
အနည်းငယ်တူးဖွကြပြီးနောက်
ဓားပြတိုက် ယူလာသည့်ရွှေငွေများကို
မြေကြီးအတွင်းဝှက်ထားကြလိုက်သည်။ပြီးနောက်
အခြားသူများမရိပ်မိအောင်မြေအားသေသပ်စွာ
ဖို့ထားခဲ့ကြလေသည်။
အမှတ်အသားသည်ကတော့အထူးတလည် လုပ်စရာမလိုပေ။
အဘယ့်ကြောင့်ဆိုသော် မြေကွက်လပ်အနီးတွင်
ထိုတမာပင်သာ ရှိသောကြောင့် ဖြစ်သည်။
အဲ့သည်နောက် သူတို့ နှစ်ယောက်ရဲ့အစီအစဉ်အတိုင်း
နောက်တစ်နေ့ ညမှလာတူးဖော်ဖို့ဆုံးဖြတ်လိုက်ကြပြီး ရွာသို့ပြန်သွားကြတော့သည်။

******************************

နောက်တစ်နေ့ညရောက်တော့ ဓာတ်မီးတလက်ဖြင့်
ရွာမှထွက်လာခဲ့ကြသည်။
လမ်းတလျောက် ပုရစ်အော်သံများမှအပ
မည်သည့်အသံမှမကြားရပေ။

လသည်လည်း တိမ်များအကြားပုန်းကွယ်နေလေသည်။
အဲ့သည်လိုဖြင့် သူတို့နှစ်ယောက် ကျီးတောရွာအပြင်ဆီသို့ ရောက်လာခဲ့ကြ၏။

“အေးဝင်း…ဟိုတမာပင်မဟုတ်လား….”

အေးဝင်း ငရဲရဲ့အမေးကို….

“အေးလေကွာ…အဲ့တမာပင်ပဲဟာ…
ကဲအချိန်မရှိဘူး လာ သွားကြမယ် “

ဓာတ်မီးလေးဖြင့် အနီးအနားအရိပ်အခြေကြည့်လိုက်ပြီး တမာပင်အောက်ကို ရောက်လာခဲ့ကြသည်။
တမာပင်အောက် သူတို့ ပစ္စည်းများဖွက်ထားသော
မြေကလည်း သူတို့ထားခဲ့သည့်အတိုင်း
ခြေရာလက်ရာမပျက်ပေ။

“ကဲ….တူးကြစို့…မြန်မြန်။
တော်နေကြာရွာကလူတွေတွေ့သွားဦးမယ်…”

နှစ်ယောက်သား မြေကြီးကိုပြန်လည်တူးဖော်ဖို့
ပြင်ဆင်ကြတော့သည်။
ထိုသို့ လုပ်ဆောင်နေစဉ်သူတို့နောက်ကွယ်၌
လှုပ်ရှားနေကြသော အရိပ်များကို သတိမထားမိကြပေ။

“ဟာ…တွေ့ပြီ….အေးဝင်း”

ငရဲ သူတို့ထားခဲ့သောအထုပ်လေးကို လှမ်းယူလိုက်တော့သည်။

ငရဲ အထုပ်လေးကို ဖြေကြည့်လိုက်ရာမှာတော့….

“ဟာ….ဘာတွေလဲ….”

ငရဲရဲ့အထိတ်တလန့်အသံကြောင့် အေးဝင်းက…

“ဘာဖြစ်လို့လဲ ငရဲ ပြစမ်း….ဟာ…..ဒါ…ဒါတွေက…”

အေးဝင်း ငရဲလက်ထဲကအထုပ်ကိုကြည့်လိုက်တော့ အထုပ်ထဲမှအရာတွေကြောင့် အံ့သြ သွားရသည်။

“တောက်…ငါတို့ပစ္စည်းတွေကို ဘယ်ခွေးမသားတွေယူသွားပြီးအုတ်ခဲတွေထည့်ထားခဲ့တာလဲကွာ…
မိလို့ကတော့ကွာ…ဟား…”

“ဟာကွာ…တို့မှာတော့ အသက်လုပြေးလာကြရတာ
ဘယ်ခွေးမသားက အချောင်နှိက်သွားရတာလဲ…..”

နှစ်ယောက်သား ဒေါသဖြင့်ပြောလိုက်တော့လေသည်။

ထိုစဉ်…

“ဒီပစ္စည်းတွေလား…..”

“ဟင်…”

နောက်မှ စကားသံကြောင့်
နှစ်ယောက်သားအထိတ်တလန့်ဖြင့် နောက်ကိုလှည့်ကြည့်လိုက်တော့သည်။

သူတို့မြင်လိုက်ရသည်က မိန်းမကြီးတစ်ယောက်နှင့်
ယောက်ျားသားသုံးယောက်ဖြစ်နေပေသည်။
ထို့ပြင် မလှမ်းမကမ်းတွင်လည်း
ထိုင်နေကြသောလူများအားမြင်လိုက်ရပြန်၏။
ထိုမြင်ကွင်းကြောင့်ပင် သူတို့တွေ
အထိတ်တလန့်ဖြစ်သွားကြရသည်။
အဘယ့်ကြောင့်ဆိုသော် စောစောကတိတ်ဆိတ်နေသောထိုနေရာသည် သူတို့ရောက်လာခဲ့စဉ် မည်သည့်လူမှမရှိသောကြောင့်ပင်ဖြစ်သည်။

“အေး….အေးဝင်း ရွာကလူတွေလားဟ “

“အေး…ဟုတ်မယ်ကွ…ပြေးဖို့အမြန်ပြင်ထား ငရဲ…”

ထိုအခါ မိန်းမကြီးက….

“ကောင်လေး…ဒီပစ္စည်းတွေလားဟဲ့…..”

သူ့လက်ဝါးကိုဖြန့်ပြလိုက်တော့ လက်ဝါးအတွင်းမှ ငရဲတို့ဓားပြ တိုက်လာသည့် ရွှေငွေများကိုတွေ့လိုက်ရလေသည်။

“ဟုတ်…ဟုတ်ပါတယ်ဗျ…ကျုပ်တို့ ပစ္စည်းတွေပါ..”

အေးဝင်း အရဲစွန့်ပြီးဖြေလိုက်လေသည်။

“ရော့….ယူလေ…..လာယူ….ရော့…”

ထိုမိန်းမကြီးက အေးဝင်းဆီလှမ်းပေးလိုက်ရာ အေးဝင်းကြောက်ကြောက်လန့်လန့်ဖြင့် အမြန်လှမ်းယူလိုက်သည်။
သို့သော် သူ့လက်ထဲသို့ ရောက်လာသော ရွှေငွေများဟာ
ခဏအကြာမှာပင် ကျောက်ခဲများအသွင်ကို
ပြောင်းသွားခဲ့လေရာ…

“ဟာ…ဒါ…ဒါတွေက….”

“ဟီး…ဒီမှာ ထပ်ယူလေ…အီး…ဟီး..ဟီး….”

“ဟီး….ဟီး….ဟီး……”

မိန်းမကြီးလက်ထဲတွင် စောစောက ရွှေငွေများပြန်ရောက်နေလေသည်။

ထို့ပြင် အနီးမှလူတွေဆီမှ တဟီးဟီးဖြင့်အော်ဟစ်သံများထွက်လာလေရာ…
တဖြေးဖြေး အခြေအနေကို သဘောပေါက်သွားသော ငရဲနဲ့အေးဝင်း ထိုနေရာမှအမြန်ဆုံး ထွက်ပြေးလာခဲ့ကြသည်။

“အီး…..ဟီး…..ဟီး………”

“ဟာ…အေးဝင်း အနောက်မှာလိုက်လာကြပြီ….”

“အေး…သ…သရဲတွေဟ….အမလေးကယ်ကြပါဦး”

အေးဝင်းနဲ့ငရဲလည်း ကြောက်လန့်တကြား
ထွက်ပြေးလာကြရင်း ကျီးတောရွာထဲသို့ရောက်လာခဲ့ကြသည်။
ကံမကောင်းချင်တော့ ကင်းတဲစောင့်ရွာသားများမှ
သူတို့အားဖမ်းမိသွားခဲ့လေသည်။

***************************

ယခုတော့ အေးဝင်းတို့လည်း ရွာသားတွေကိုအကြောင်းစုံရှင်းပြလိုက်လေရာ ရွာလူကြီး ဦး လူမောင်က…

“နည်းတောင်နည်းသေးတယ် ။
ဒါ မင်းတို့လုပ်ရပ်အတွက်ပြစ်ဒဏ်ပဲဟ…အဲ့နေရာကရှေးက
ရွာဟောင်းကြီး ကျောက်ရောဂါကြောင့်
လူတွေအသေများထားတာ…
မင်းတို့ကိုခြောက်တာလည်းအဲ့က ကျတ်တစ္ဆေတွေပဲ”

“ဗျာ…..”

“ဟင်….”

အေးဝင်းနဲ့ငရဲ လန့်သွားကြတော့သည်။

“ကဲ…သူကြီး ဒီကောင်တွေကို မြို့ဂတ်ကိုပို့ရမယ် ဗျို့…
ဒီလိုကောင်တွေ ထောင်ထဲနေတာပဲကောင်းတယ်
အခုတော့ ရွှေငွေတွေအားလုံး သရဲတွေလက်ထဲရောက်ကုန်ပြီ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ ….”

“အေးလေ….”

“ဟုတ်ပကွာ…”

အားလုံးတစ်ယောက်တစ်ပေါက်ပြောကုန်ကြတော့သည်။

ထိုအခါ သူကြီးကပဲ…

“ကဲပါကွာ…မြို့ဂတ် ပို့ဖို့ပဲအရင် စီစဥ်ကြတာပေါ့
ရွှေငွေတွေ ကိစ္စကတော့ နောက်မှ ကြည့်စီစဉ်ရတာပေါ့ “

သူကြီးစကားကြောင့်အားလုံးငြိမ်သွားကြတော့သည်။

နောက်ရက်မှာတော့ ငရဲနှင့်အေးဝင်းတို့နှစ်ယောက်
မြို့ဂတ်သို့အပို့ခံရလေသည်။

*******************************

“ကျုပ်တို့ အလှူငွေတွေဘယ်တော့ များမှရမလဲမသိဘူးနော်…”

ရွာသူမိန်းမကြီး တစ်ယောက်သည် တွေးတွေးစစဖြင့်
စကားစလိုက်လေတော့ဖြင့် အခြားလူများကလည်း…

“အင်း…ကံပေါ့အေ…။ငါကြားဖူးတာတော့နော် အဲ့သည်လို ကျတ်တွေတို့ သချိုင်းတို့ ပစ္စည်းတွေသွားမြုပ်မိရင်လေ
ပြန်မရတော့ဘူးဆိုပဲအေ့…”

“ဟောတော်…အဲ့အတိုင်းဆို
ကျုပ်တို့အလှူငွေတွေမရတော့ဘူးပေါ့…”

“ဒါပေါ့အေ….”

“အမယ်လေး…လေး……..ကျုပ်တို့ရွာတော့ ဘယ်တော့များမှရွာဦးစေတီလေးပြုပြင်ရမလဲ မသိတော့ပါဘူးတော်…..”

“စိတ်ပျက်နေလို့ မပြီးပါဘူးအေ….။
အလှူငွေပြန်စုကြတာပေါ့…..”

“ဟုတ်တာပေါ့….အစကနေပြန်စပြီးစုကြရတော့ မှာပဲ…..”

နေ့လယ်ခင်းနေသန်သန်ပူနေသော အချိန်၌… အရိပ်ကောင်းသော မန်ကျည်းပင်ကြီးအောက်တွင်ရွာသူအုပ်စု
ဆန်ရွေးနေကြရင်း တစ်ယောက်တစ်ခွန်းပြောဆိုနေကြခြင်းဖြစ်ပေသည်။
အနီးအနားတွင်လည်းကလေးတချို့က ဇယ်တောက်နေကြပြီး ၊တချို့ကတော့ ကြိုးခုန်တမ်းဆော့ကစား နေကြ၏။

အညာရဲ့နွေဟာဖြင့် နေစရာမရှိလောက်အောင်
ပူပြင်းလှပေတယ်။
ထို့ကြောင့် အရိပ်ကောင်းသော နေရာများကိုရှာဖွေကာ ဝိုင်းဖွဲ့စကားပြောဆိုနေကြခြင်းဖြစ်သည်။
မည်သို့ပင်ပူပါသော်လည်း မန်ကျည်းပင်အောက်၌မူ
လေလေးတဖြူးဖြူးဖြင့်အေးမြလို့နေ၏။
ရွာဦးစေတီအတွက် စကားပြောနေကြရင်းမှ….

“ဟဲ့…သူကြီးကတော်ဒေါ်ရွှေမိက နတ်ကနားပေးမလို့ဆိုပဲ “

“ဟုတ်လား ….အရီးကိုဘယ်သူပြောတာတုန်းတော့်…”

အသက်ငါးဆယ်ကျော်လောက်ရှိပြီဖြစ်သော
အရီးမြင့်စကားကို အနီးရှိရွာသူက မေးလိုက်ခြင်းဖြစ်သည်။

“သြော်…ငါ့ကို မနေ့က နတ်ကတော် မမြိုင် ကိုယ်တိုင်ပြောတာပါအေ…မနက်ဖြန်နတ်ပွဲကမှာဆိုပဲဟဲ့…။
တို့တွေသွားကြည့်ကြမလား….”

“သွားတာပေါ့ အရီးရယ်။ကျုပ်တို့လည်း သူကြီးကတော် ဘာတွေမေးမလဲဆိုတာသိချင်တာတော့ “

“အေးအေး…အဲ့တာဆို ညည်းတို့ ငါ့ကို လာခေါ်ကြနော် “

“စိတ်ချအရီး…ကျုပ်တို့လာခေါ်မယ်….”

###

ကျီးတောရွာရှိအိမ်တစ်အိမ်တွင်…

“ဟဲ့ ညည်းသား လပြည့်ရော…ဘယ်ရောက်နေတုန်း…”

ထွေးခင် ယောက္ခမဖြစ်သူရဲ့အမေးကြောင့် ခြံထဲဆီသို့
မျက်လုံးဝေ့ကြည့်ကာ…

“အမေ့မြေးက ရွာထဲသွားဆော့တယ် ထင်တယ် “

ထွေးခင်စကားကို ယောက္ခမ ဖြစ်သူကအလိုမကျဟန်ဖြင့်…

“ညည်းတို့အေ ။ရွာထဲမှာဟိုတလောကမှ ကလေးတစ်ယောက် ဘာမှန်းညာမှန်းမသိဘဲ ဆုံးသွားတာကိုသိရဲ့နဲ့…။
ကိုယ့်ကလေးကို သေချာ ဂရုမစိုက်ကြဘူး…”

“သြော်…အမေရယ် ကျုပ်လည်း အိမ်အလုပ်နဲ့လေ။
နောက်ပြီးအမေ့သားကလည်း သူများလယ် သူရင်းဌားအလုပ်နဲ့ ဘယ်အားတယ်ရှိမလဲအမေရယ်။မရိုသေစကားပြောရရင်
ကိုယ့်ဟာကိုတောင်ယားလို့မကုပ်နိုင်ဘူးအမေ…”

ထွေးခင် အလကားနေ တွေးပူနေတတ်သော
ယောက္ခမဖြစ်သူအားစိတ်ပျက်စွာပြောလိုက်၏။
ထို့ပြင် စိတ်ထဲမှလည်း “ပူတတ်ရန်ကော”ဟု
ခွန်းတုန့်ပြန်မိလေ သည်။
သို့သော် ထိုစကားက စိတ်ထဲတွင်သာ…။

“အေးပါအေ…တို့လူကြီးတွေရဲ့အတွေးက ညည်းတို့လောက်တော့ မအေးဆေးဘူး။ငါ့မြေးအတွက်တော့
ဘာကြောင့်မှန်းမသိဘူးဟေ့ စိတ်ထဲ တွေးပူနေမိတယ်။”

ထွေးခင်ညနေစာချက်ဖို့ရန်သာ ပြင်ဆင်နေတော့သည်။ယောက္ခမဖြစ်သူ၏စကားများကတော့ သူမနားထဲဝင်လာသော်လည်း ယောက္ခဖြစ်သူစကားအား
ခွန်းတုန့်ပြန်စကာမပြောမိတော့ပေ။

ညပိုင်းရောက်ချိန်မှာတော့
မိသားစုတွေထမင်းလက်စုံစားကြလေသည်။
တောရွာများဓလေ့အတိုင်း နေဝင်မိုးချုပ်ပြီဆိုသည်နှင့်
မီးအိမ်များမှိတ်ကာအိပ်ရာဝင်ခဲ့ကြတော့၏။

ထိုသို့အိပ်ကြရာမှာ ထွေးခင်တို့လင်မယားကတစ်ခန်း…
မြေးဖြစ်သူ လပြည့်နှင့် အဘွားဖြစ်သူတို့က
တခန်းအိပ်ကြလေသည်။

ညသည်နက်သထက်နက်လာပြီးနောက်…. ညငှက်များရဲ့အော်သံများမှအပ မည်သည့်အသံမှ ထွက်ပေါ်လာခြင်းမရှိ။
ပကတိ တိတ်ဆိတ်နေခဲ့၏။

ထို တိတ်ဆိတ်နေခြင်းသည်က တစ်စုံတစ်ရာကို
ခေါ်ဆောင်လာလေသလား မသိ……

“အမလေးကယ်ကြပါဦး…..
အဖေ…….အမေ…အီး…ဟီး….ဟီး….ဟီး……….”

တိတ်ဆိတ်မှုကိုဖောက်ထွင်းလာသည့်
အသံကျယ်ကြီးတစ်ခု ။
ထိုအသံကြောင့် ဘေးအိမ်များပင်
အလန့်တကြား မီးအိမ်များဖွင့်ကာ နားစွင့်နေကြသည်။

“ဟယ်…မြေး….မြေးလေး ဘာဖြစ်တာလဲ မြေးရေ….
ဟဲ့ လာကြပါဦးဟဲ့…ဒီမှာ ငါ့မြေးဘာဖြစ်တယ်မသိဘူး
လာကွပါဦး………. “

အဘွားဖြစ်သူ ရဲ့အော်သံကြောင့် ဘေးအခန်းမှထွေးခင်တို့ လင်မယားအပြေးထွက်လာကြသည်။

“အမေ…လပြည့်ဘာဖြစ်လို့လဲ “

“သား…သား လပြည့်…..”

“ငါ့မြေးပါးစပ်ကလည်း ဘာတွေအော်မှန်းမသိဘူး…
ငါ​နိုးတာလည်း နိုးမရဘူး……. ။
တစ်ခုခု လုပ်ကြပါဦး ဟယ်…
ငါ့မြေးလေး ဒုက္ခတွေ့ပြီထင်ပါရဲ့ ….မြေးလေး…..မြေးလေး “

ယောက္ခမစကားအဆုံးမှာ ထွေးခင်တို့ လင်မယား
ပြာလောင်ခပ်ကုန်ကြချေပြီ။

“ကိုတင့် သားကို ခေါ်ကြည့်ပါဦ…။
ကျွန်မသားလေးကို ရအောင်နိုးပါတော် အီး…ဟီး….ဟီး…
ဘုရားသိကြားမလို့ သားလေးဘာမှမဖြစ်ပါစေနဲ့တော်…..”

“သား…သား လပြည့်…ထလေကွာ…
အဖေခေါ်နေတာကြားလား သား…သားလေး…….ဟာကွာ……”

“မလာနဲ့……မလာနဲ့နော်……
အမေရေ……ကယ်ပါဦး……အား……..”

“သား….သား…အမေတို့ဘေးနားရှိတယ်နော်…သား………”

“မလာပါနဲ့….ကျုပ်….ကျုပ်….ဒင်္ဂါးပြား…..
ဒင်္ဂါးပြား ယူထားမိပါတယ်………မလာနဲ့….မလာနဲ့…….”.

“ဟင်…သား…သား….ဘာတွေပြောနေတာလဲ သား……”

ထွေးခင်တို့ လင်မယား သားကို
လှုပ်ခေါ်နိုး နေကြသော်လည်း အရာမထင်ခဲ့။
ဘေးမှ ယောက္ခမဖြစ်သူကတော့ မြေးဖြစ်သူနဖူးကိုကိုင်တွယ်ရင်းမျက်ရည်များဖြင့် ဘုရားစာများကို တတွတ်တွတ်
ရွတ်ဆိုနေရှာသည်။

“အမေ…သား ဘုန်းကြီးသွားပင့်ဦးမယ်။
အမေ့မြေးကို ကြည့်ထားပေးနော်…….”

“မလာပါနဲ့……မလာနဲ့……မလာနဲ့………….”

လပြည့်လေး ခမျာ အော်ဟစ်ရင်းမှာပင်ငြိမ်ကျသွားရှာသည်။

“ဟင်….သား….သား…..”

ကိုတင့် အပြင်ဘက်ကိုသွားဖိုပြင်နေစဉ်

မိခင်ဖြစ်သူက…

“သား မောင်တင့်…..မသွားနဲ့တော့သား….ငါ့မြေး…
ငါ့မြေးအသက်မရှိတော့ဘူး…….အမလေး ဘယ်လိုဟာက
ငါ့မြေးလေးကို ခေါ်သွားရက်တာလဲ……..
အမလေး ငါ့မြေးလေးတော့ သွားရှာပြီ……
အီး…ဟီး….ဟီး……”

“သားရယ်…ဘယ်လိုဖြစ်ရတာလဲ….. ကိုတင့် သားကို
ခေါ်ပေးပါဦးတော်…..အမလေး ကျုပ်သားလေးကို
ခေါ်ပေးပါဦး…အီး…ဟီး…ဟီး…”

ကိုတင့် သားရဲ့အလောင်းကိုဖက်ငိုနေသော ဇနီးဖြစ်သူနှင့်
ဘေးမှ ငိုကြီးချက်မ ဖြစ်နေသော မိခင်ဖြစ်သူတို့ကိုကြည့်ကာ မျက်ရည်များ ပါးပြင်ထက်တွင်တသွင်သွင် စီးကျနေခဲ့သည်။
ထိုမျက်ရည်များထက် အသည်းအူများပင်ခိုက်ခိုက်တုန်အောင် ငိုကြွေးချင်သော်လည်း ယောကျာ်းသားပေမို့ ထုတ်ဖော်မပြခဲ့ပေ။
စိတ်အတွင်းမှာတော့ မယုံကြည်နိုင်စွာ
ချောက်ချား လို့နေ၏။
ညဦးပိုင်းထိသာယာနေခဲ့သော သူတို့မိသားစုလေး
ယခုတော့ဖြင့် ဝမ်းနည်းပူဆွေးနေကြရလေပြီ။

“ဘယ်လိုကံကြမ္မာလဲ ကွာ…
ငါ့သားလေးအဖြစ်ကလဲ ..ဘာလဲ…
ဘာလဲကွာ….ဟား….”

“ဘုန်း….ဒုန်း…..”

ခံပြင်းစိတ်များ
ဘေးရှိ တဲထရံကိုသာလက်သီးဖြင့် ပြေးထိုးလိုက်လေသည်။

ခဏအကြာမှာတော့ ကြမ်းပြင်ပေါ်သို့
အရုပ်ကြိုးပျက်ထိုင်ချလိုက်တော့၏။

********************************

“ဟဲ့…ဟိုမှာ နတ်ကတော်ထဲ နတ်ဝင်နေပြီ
တိတ်တိတ်နေကြစမ်း “

သူကြီးအိမ်အပေါ်ထပ်တွင်
အမျိုးသမီးများ စုဝေးနေကြခြင်းဖြစ်သည်။
အရှေ့ဆုံးမှာတော့ တင်ပျင်ခွေထိုင်နေသော
အမျိုးသမီးကြီးတစ်ယောက်…။
ထိုအမျိုးသမီးကြီးကိုသာ အားလုံးကဝိုင်းကြည့်နေကြလေ၏။

“ကဲ….သမီးတော်ကြီး…ဘာအပူတွေရှိနေသတုန်း..အမေ့ကို ပြော…အမေဆောင်မ မယ်ဟဲ့…….”

နတ်ကတော်ရဲ့စကားကြောင့် ဒေါ်ရွှေပု အလျင်အမြန်…

“သမီးတော်တို့ရွာသူရွာသားတွေ ဆီက ဓားပြတွေလုယူသွားတဲ့ ငွေတွေပြန်ရနိုင်ပါ့မလား အမေ…..”

“အိမ်း…….အဲ့တာတွေက ကျတ်တွေဆီရောက်နေပြီပဲ….
ပြန်ရဖို့မလွယ်ကူဘူး အမေ့သမီးရဲ့…..”

“နည်းလမ်းလေးဘာလေးမရှိဘူးလား အမေရယ်….။ရွာမှာလည်း ကလေးတွေထူးထူးခြားခြားသေနေကြတာ
ဘာတွေဖြစ်ပျက်နေမှန်းမသိတော့ပါဘူး …”

“အင်း…….”

နတ်ကတော်က ဟန်ပါပါဖြင့် လက်ထဲကိုင်ထားသော
ပြောင်းဖူးဆေးလိပ်ကြီးကို တစ်ရှိုက်ခြင်းဖွာနေပြီး…

“မပူပါနဲ့ အေ….။ဒီရွာကို ကယ်တင်မယ့်သူရှိလာမှာပါ။မှတ်ထားနော် အရှေ့ရပ်ကနေ လာမယ့်ဧည့်သည်ကို
ကြိုဆိုပေးကြ …သူကငါ့သမီးတို့ရွာကို ကယ်တင်မယ့်သူပဲ “

“ရှင်…အရှေ့အရပ်က ဘယ်သူလဲဘုရား…”

“ဘယ်သူကမှာတုန်းအေ့…
လောကနတ်မင်းတွေစေလွှတ်တဲ့လူ…..
ဒီရွာကိုကယ်မယ့်သူ ပေါ့….ကဲအမေပြန်ကြွမယ်ဟေ့……..”

နတ်ကတော်ထဲသို့ဝင်ပူးနေသော
နတ်သည် ထွက်သွားချေပြီ။
သူကြီးကတော်အပါအဝင် ရွာသူတွေစိတ်ထဲမှာတော့
အတွေးကိုယ်စီဖြင့် ကျန်ရစ်ခဲ့ကြရသည်။

“ဘယ်သူလဲ…တို့ရွာကိုကယ်တင်ပေးမယ့်သူက…”

“ဘယ်သူပဲဖြစ်ဖြစ်အေ…
အရှေ့အရပ်ကလာတဲ့ဧည့်သည်ပဲ
တို့တွေစောင့်ကြတာပေါ့…….”

“အရှေ့အရပ်က လာတဲ့ဧည့်သည်…ဟုတ်လား……”