ရွာအမည်သည်ကား ပေါက်စိန်ကုန်းဖြစ်၏။
ထိုရွာ၏မြောက်ဘက်၌
ရွာသစ်ရွာရှိပြီးထိုရွာသစ်ရွာကို
ကျော်လျှင်တော့ဖြင့် သောင်ထွန်းရွာရှိပေသည်။
ပေါက်စိန်ကုန်းသည် မြို့နှင့်နီး၏။
မြို့သည်ကပေါက်စိန်ကုန်းရွာ၏တောင်ဘက်တွင်ရှိပြီးလှည်းဖြင့်သွားလျှင်နှစ်နာရီကျော်မျှသာသွားရပေသည်။
ပေါက်စိန်ကုန်းရွာ၌ ပဲစိုက်ပျိုးခြင်းအပြင်
သရက်၊မာလကာ ပင်များအားခြံကျယ်များဖြင့်
စီးပွားဖြင့်စိုက်ပျိုးရောင်းချကြလေသည်။
ပေါက်စိန်ကုန်းရွာသည်
အေးချမ်းသာယာသောရွာတစ်ရွာဟုပင်ပြောနိုင်၏။
ထိုပေါက်စိန်ကုန်းရွာရှိသူကြီးအမည်သည်ကား မစန်းတင့်ဖြစ်၏။
အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။
အမျိုးသားများအားကျော်လွန်၍ ခန့်အပ်ထားခံရသည့်မစန်းတင့်သည်ရပ်ရွာအတွက်
အမြဲရှေ့ဆောင်ပေးနိုင်သူဖြစ်ပြီး မျိုးရိုးစဥ်ဆက်မှာသူကြီးမျိုးရိုးပင်ဖြစ်ပေသည်။
ထိုမစန်းတင့်ဦးစီးသည့်ပေါက်စိန်ကုန်းရွာလေး၌…
“ဟဲ့…ငမောင် နင်ခြံထဲသွားပြီးရှင်းစရာတွေရှင်းပါဦးလား”
ဒေါ်ငွေသည် သူ၏တစ်ဦးထဲသောသားဖြစ်သူငမောင်
အားပြောလေသည်။
“အာ…အမေကလည်း အဖေတနေ့ကမှသွားထားတာမဟုတ်ဘူးလားဗျ”
“ဟဲ့…ခြံထဲမှာမာလကာတွေလည်း
ဆွတ်ချိန်ရောက်တော့မယ်လေ…ဒါကိုနင်မသိဘူးလား။
ခြံစောင့်ရှိမှလူမခိုးမှာပေါ့ငမောင်ရဲ့”
“အာ…ဒုက္ခပဲဗျာ…အမေတို့ကလည်းလေ ခြံစောင့်လေးဘာလေးငှားပေါ့ဗျ…။
ကျုပ်တော့ အဲ့ခြံထဲကအိမ်မှာမနေချင်ပါဘူးဗျာ”
“တယ်..ငါထရိုက်လိုက်ရ…
နင့်…ဒီရွယ်ရိုက်ဖို့မလိုတော့ဘူးနော်ငမောင်…
ခြံထဲကမာလကာသီးရောင်းလို့ ရတဲ့အမြတ်ကို ခြံစောင့်တဲ့လူဆီကိုပေးနေရရင်
နင်ထမင်းမစားနဲ့တော့ ငမောင်…”
“ပြီးတာပဲဗျာ…ကျုပ်သွားနေမယ် ဘယ်နဲ့ နားငြီးတဲ့ဒဏ်တော့ကျုပ်မခံနိုင်ဘူး သွားမယ်ဗျာ သွားမယ် အဲ့တဲမှာပဲအိပ်မယ် ဟုတ်ပြီလား”
“အေး…ဒါဆိုပြီးတာပဲ”
ငမောင်တစ်ယောက်စောင်နှင့်ခေါင်းအုံးများယူကာအိမ်နှင့်ကွာဝေးသည့်ခြံရှိရာသို့ထွက်လာခဲ့တော့သည်။
ငမောင်သည်အသက်အားဖြင့် နှစ်ဆယ့်ငါးနှစ်ရှိလေပြီ။
အလုပ်အကိုင်မယ်မယ်ရရမလုပ်… ။
မိဘများအလုပ်၌သာယောင်တောင်တောင်ပါဝင်
တတ်ပေသည်။
ခြံသို့သွားရာလမ်း၌…
“ဟိတ်ငမောင်…ဘယ်တုန်းဟ”
“သြော် ငကျော် ပါလား…။အေးဟေ့ ဒီမှာအိမ်ကဘိုးတော်ဘွားတော်က ခြံကိုသွားခိုင်းလို့စောင်ထုပ်ပိုက်ထွက်လာခဲ့တာပဲကွာ”
“ဟ…ဒါဆို ငါတို့အဖွဲ့လာမယ်လေကွာ…မင်းခြံမှာလွတ်လွတ်လပ်လပ် ခြံစောင့်ရင်းစားကြသောက်ကြတာပေါ့”
“အေး..မင်းအကြံကောင်းချက်ပဲဟ…။ငါလည်းမပျင်းရတော့ဘူး လာသာလာခဲ့ကြကွာ”
“အေး…အေး…ဒါဆိုငါဟိုကောင်တွေကို
ခေါ်ပြီးလာခဲ့မယ်”
“ဒါဆို ငါခြံကပဲစောင့်မယ်လေ…
ကဲ…ငါသွားဦးမယ်ကွာ ရှင်းစရာရှင်းထားရဦးမယ်ဟေ့”
“အေး…အေး…”
သူငယ်ချင်းဖြစ်သူ ငကျော်အား နှုတ်ဆက်၍ ငမောင်ခြံဆီဆက်လျှောက်လာခဲ့သည်။
ငမောင်တို့ခြံဆီသို့ရောက်လာခဲ့၏။
ခြံစည်းရိုးအား ဆူးခက်များဖြင့်သာကာရံထားပြီး ခြံအတွင်းအားအပြင်မှရှင်းရှင်းလင်းလင်းမြင်ရပေသည်။
တစ်ခြံလုံးမာလကာပင်များစီရီစွာစိုက်ပျိုးထားပြီး ထိုမာလကာပင်များနှင့်မလှမ်းမကမ်းတွင် သက်ကယ်မိုးထရယ်ကာ အိမ်လေးတစ်လုံးဆောက်လုပ်ထားပေသည်။
အိမ်အပြင်၌ ကွပ်ပျစ်ခင်းတစ်ခုလည်း သီးသန့်လုပ်ထားပြီး ထိုကွပ်ပျစ်၌သာ ငမောင်သူ၏စောင်ထုပ်များအားတင်လိုက်တော့သည်။
အလုံးလှလှမာလကာသီးများအားငမောင်တစ်ချက်
ကြည့်ရင်း ခြံအတွင်းရှိအမှိုက်သရိုက်များစတင်
ရှင်းလင်းတော့ပေသည်။
ရှင်းလင်းပြီးချိန်၌ ငမောင်၏ဖခင်ဖြစ်သူ ဦးသိန်းရောက်ရှိလာခဲ့သည်။
“ငါ့သား…ဒီမှာဟေ့ မင်းအမေက ထမင်းထုပ်နဲ့မီးခွက်ပို့ခိုင်းလိုက်တယ်…။
ခြံထဲအိမ်လည်းအဖေမနေ့က
ရှင်းထားလင်းထားပါသေးတယ်ကွာ…အထဲဝင်အိပ်လေ”
“တော်ပါပြီအဖေရာ…ကျုပ်ဒီနေရာမှာပဲအိပ်တတ်တယ်။အိမ်ထဲအိပ်ရတာတမျိုးကြီးဗျ…”
“အေး…အေး…ဒါဆိုလည်းပြီးတာပဲကွာ..
သတိဝရိနဲ့အိပ်နော် မနက်မှအဖေလာခဲ့မယ်ကြားလား”
“ဟုတ်…ဟုတ်”
ဦးသိန်းတစ်ယောက်ပြန်သွားလေပြီ။
ငမောင်ခြံသို့ထွက်လာချိန်ကညနေပိုင်းဖြစ်၍ ယခုမှောင်ရိပ်ပင်သန်းနေလေပြီ။
သူငယ်ချင်းများအား
မျှော်နေမိသော်လည်းမလာကြသေးသည်မို့ အိမ်မှပို့သောထမင်းထုပ်ကိုသာစားလိုက်ရတော့သည်။
စားပြီးချိန်၌ လက်ဆေးဖို့အတွက် တဲအနောက်ဘက် ရေအိုးထားရာဆီသို့သွားပြီးလက်ဆေးလိုက်ပြန်သည်။
ငမောင်တို့လက်ဆေးရာနေရာ၌ စပါးလင်ပင်အုံကြီးရှိ၏။
ထိုစပါးလင်အုံသည်ခြံထဲ၌တစတစကြီးထွားလာလေပြီ။
ခူးသူမရှိ၍ပို၍ကြီးထွားလာခြင်းပင်ဖြစ်သည်။
သို့သော် ဟင်းချက်လျှင်အသုံးကျသည်မို့ ငမောင်တို့မိဘများက ထိုစပါးလင်ပင်အုံအားမခုတ်သတ်ဖြစ်ကြ။
“ငမောင်ရေ…ငမောင်”
သူ၏အမည်အားတကျော်ကျော်အော်ကာဝင်လာသည့်
ငကျော်တို့လေးဦး…။
“လာဟေ့…မင်းတို့ဒီနေ့လာများလာကြပါ့မလားလို့
ငါကတွေးနေတာ”
“လာမှာပေါ့ဟ…ဒီမှာလေ ဒီကောင့်ကိုဖမ်းရခက်နေကြလို့”
ငကျော်မြှောက်ပြသည်ကသူ၏လက်အတွင်း၌ပါလာ
သည့်ကြက်ဖကြီးတစ်ကောင်…။
ထိုကြက်ကြီးသည်က လောက်လေးစာကြောင့်အသက်ထွက်နေခဲ့ရှာပြီ။
ငကျော်နှင့်အတူပါလာသည်က မျိုးသူ၊နဂါး၊စိုးသန်းတို့ပင်ဖြစ်ကြသည်။
ငယ်ပါင်းသူငယ်ချင်းတွေဖြစ်တာမို့ အမြဲတတွဲတွဲဖြစ်၏။
“မိုက်လှပါလားဟ…အရက်ကော ကြက်ကောဆိုတော့ “
“မိုက်ရမှာပေါ့ ငမောင်ရေ…
မင်းသူငယ်ချင်းတွေလေကွာ…ကဲပါတို့ကြက်ကိုင်ရဦးမယ် မင်းမှာဟင်းချက်စရာတွေတော့ရှိမှာပါနော်”
“ရှိတာပါ့ကွ…အဘတို့လာနေရင် တဲမှာပဲ
ချက်ကြပြုတ်ကြတော့ရှိတယ်လေ…ဝင်သာရှာကြ…
အခုကြက်ကိုင်မှာမလား ငါရေနွေးတည်လိုက်မယ်”
ငမောင်တို့အုပ်စုကြက်ကိုင်ဖို့စတင်ကြတော့သည်။
ရေနွေးဖြင့်ဖျော၍ကြက်၏အမွှေးအတောင်များအား
ဖယ်ရှားကြသည်။
ပြီးနောက်ဓားဖြင့်ကြက်၏အတွင်းကလီစာများ
ကိုသက်သက်ခွဲပုံကြ၏။
“ဒီကြက်သွေးတွေဘယ်မှာသွန်ရမလဲငမောင်”
နဂါးကမေးလေတော့ငမောင်က
“ခြံနောက်မှာစပါးလင်အုံရှိတယ်
အဲ့မှာသာသွန်ခဲ့လိုက် နဂါး…”
“အေး…အေး”
ငမောင်ညွှန်လိုက်သည့်အတိုင်းစပါးလင်အုံ၌သာ နဂါးတစ်ယောက် သွားသွန်ခဲ့သည်။
ပြီးနောက်ချက်ကြပြုတ်ကြစားကြသောက်ကြဖြင့် ငမောင်တို့အုပ်စုပျော်ပါးကြတော့၏။
*****************
နောက်ရက်များ၌ သူငယ်ချင်များလာကြသော်လည်း
ငမောင်ထိုတဲအိမ်၌မနေချင်တော့။
သို့ကြောင့်အိမ်သို့သာပြန်လာခဲ့တော့၏။
“အမေ…ကျုပ်ခြံရှင်းထားခဲ့ပြီ။ အမေ့မာလကာသီးတွေကလိုပါသေးတယ်ဗျာ”
“သြော်…အေး…အေး…တော်တော်အားကိုးရတဲ့သား။နင့်အကြောင်းငါမသိဘူးထင်နေလား သူငယ်ချင်းတွေခေါ်ပြီးသောက်စားနေကြတာများ ဟမ်”
“အာ…ဘယ်သူအာချောင်တာလဲ အနောက်ဘက်ခြံကဘိုးရာကျော်လား…ဒါမှမဟုတ် ဘေးခြံက မဘုတ်ဆုံလား”
“ဘယ်သူလဲမမေးနဲ့ နင်ဟုတ်တယ်မလားသာဖြေ”
“ကဲပါကွာ…ငါနောက်ရက်မှခြံသွားလိုက်ပါ့မယ် မင်းတို့သားအမိကလည်းဆူလို့ညံလို့”
“အဲ့တာအဖေ့မိန်းမကျုပ်အမေလေ”
“ဟဲ့အကောင်…ငါထုလိုက်ရမလား”
ဒေါ်ငွေတစ်ယောက်သားဖြစ်သူအားနံဘေးရှိ
သနပ်ခါးတုံးဖြင့်ရွယ်လေတော့ ငမောင်တစ်ယောက် မိမိအခန်းအတွင်းသို့ပြေးဝင်သွားတော့လေသည်။
**************
နှစ်ရက်ကျော်မျှကြာလေတော့ ဦးသိန်းမာလကာခြံဆီသို့ရောက်လာခဲ့သည်။
ခြံအတွင်းသို့ဝင်ဖို့ရန်ခြေလှမ်းပြင်နေစဥ်…
“ကိုသိန်း…လာပါဦးတော်…”
ဘေးခြံမှ မဘုတ်ဆုံကလှမ်းခေါ်လေသည်။
ထို့ကြောင့် မဘုတ်ဆုံတို့ခြံရှိရာသို့ ဦးသိန်းလာခဲ့လိုက်၏။
သားဖြစ်သူအကြောင်းတိုင်တန်မည်လားဟုတွေးမိသော်
လည်းမဘုတ်ဆုံပြောလိုက်သည့်စကားကြောင့်…
“ဘယ်လို…တို့ခြံကသရဲရှိတယ်ဟုတ်လား ဘုတ်ဆုံ”
“ဟုတ်တယ်တော်ရေ…
ကျုပ်ဖြင့်ကိုယ်တိုင်ကြုံလို့သာပြောရတာ ကိုသိန်းရယ်”
“ဟ…ဘယ်လိုကြုံတာတုန်းဘုတ်ဆုံရဲ့…
ငါ့သားလည်းဒီခြံမှာနေနေတာပဲလေ”
“အမလေး…တော့်သားကသူ့လူတွေနဲ့
သောက်လိုက်စားလိုက်နဲ့ဘယ်သိမတုန်း…
ဒီလိုတော်ရေ လွန်ခဲ့တဲ့နှစ်ရက်က ညဘက်ကျုပ်အပေါ့သွားဖို့ထတော့…တော်တို့ခြံထဲမှာအရိပ်မည်းမည်းတစ်ခုလှုပ်လှုပ်ရှားရှားသွားလာနေတာကို ကျုပ်တွေ့လိုက်တာ…သြော် တော့်သားသူငယ်ချင်းတွေနေမှာပါလေဆိုပြီးကျုပ်ဒီတိုင်းပဲနေလိုက်မိတာ…ဒါပေမယ့်လေ တော့်သားတို့အဖွဲ့မရှိတဲ့ညတွေလည်းကျုပ်အဲ့တာကြီးကိုတွေ့နေရသေးတာတော်ရေ…မနေ့ညကတော့ကျုပ်အရဲစွန့်ပြီးခြံဘေးကနေခိုးပြီးချောင်းကြည့်တာ….အမလေးလေး…
ကိုသိန်းရယ်…တော်တို့ခြံထဲကဟာကြီးက မျက်လုံးပြူးပြူးကြီးနဲ့ကျုပ်ကိုပြန်ကြည့်နေတာ…ကျုပ်ဖြင့် မနည်းထပြန်ပြေးရတယ်တော်
လူလည်းအသိမကပ်လို့
ကျုပ်ယောကျာ်းနိုးလာပြီး ကျုပ်ကို
ဘုရားရေမန်းတွေပတ်ပေးတိုက်ပေးလိုက်ရတယ်တော်ရေ့”
“ဘုတ်ဆုံရာ…ဘယ်လိုဖြစ်ရတာတုန်းဟ”
“ကျုပ်လည်းမသိဘူးတော်…အနောက်ဘက်ခြံကဘိုးရာကျော်လည်း သူလည်းတွေ့မိတယ်လို့ကျုပ်ကိုပြောတယ်…
ကိုသိန်းမယုံရင်သွားမေးကြည့်တော်”
မဘုတ်ဆုံက ဦးသိန်းတို့ခြံအတွင်းသို့တကြည့်ကြည့်ဖြင့်ပြောနေရှာ၏။
ဦးသိန်း တစ်ယောက်လည်းအနောက်ဘက်ခြံရှိ ဘိုးရာကျော်ဆီသွားကာမေးပြန်တော့လည်းထိုသို့ပင်ဖြေလေသည်။
“ခက်ပြီဟေ့…ခက်ကုန်ပြီဟ”
“ဘာတွေဖြစ်တာတုန်း ကိုသိန်း”
“ဘာဖြစ်ရမလဲ မိငွေရဲ့…တို့မာလကာခြံမှာသရဲရှိတယ်…
သရဲခြောက်တယ်ပြောနေကြလို့ဟေ့”
“ဟမ်…ကိုသိန်း တော်ဘာပြောလိုက်တယ်”
“ဟုတ်တယ်ဟေ့…အနောက်ခြံကရော…
ဘေးခြံကလူတွေပါပြောကြတော့ငါ့မှာ
ယုံရခက်ခက်ပဲ မိငွေ”
ဦးသိန်းနှင့်ဒေါ်ငွေတို့နှစ်ဦးသည် အိမ်အတွင်းရှိ သစ်သားခုံတန်းပေါ်တွင်ထိုင်ကာပြောဆိုနေကြ၏။
ထိုစဥ် နောက်ဖေးသွားရာမှပြန်လာသော ငမောင်ကိုမြင်၍…
“ငမောင် လာစမ်းပါဦး”
“ဗျာ…အဖေ ဘာပြောမလို့လဲ ကျုပ်ကို”
“မင်းကိုပြောမလို့မဟုတ်ဘူး…မေးမလို့ကွ…မေးမလို့”
“ဘာမေးမှာတုန်းဗျ…မေးလေ”
“အေး…မင်းတို့ မာလကာခြံထဲနေတုန်း ဘာတွေတွေ့ကြ…မြင်ကြသေးလဲ”
“ဘာတွေ့ ဘာမြင်ရမှာလဲအဖေ”
“ဟကောင်ရဲ့…အခုငါအဲ့ခြံကိုသွားတာ ခြံထဲတောင်မဝင်ရသေးဘူး ဘေးခြံက ဘုတ်ဆုံကော ဘိုးရာကျော်ကောက ခြံထဲမှသရဲရှိတယ်ဆိုပြီးလာပြောကြလို့ကွ”
“ဗျာ…”
ဖခင်၏စကားကြောင့် ငမောင် ဆွံ့အသွားရသည်။
သူသည်လည်း တစ်စုံတစ်ခုကိုစဥ်းစားဟန်ပြု၏။
ဦးသိန်းကတော့ ရေနွေးပန်းကန်လုံးထဲမှလက်ကျန်ရေနွေးများကို
မော့သောက်လိုက်လေသည်။
“ဟာ…ဟုတ်ပြီ…ဟုတ်ပြီ…ဒါကြောင့်ကိုဗျ”
“ဘာဖြစ်တာလဲ ငမောင် အလန့်တကြားနဲ့”
“မဟုတ်ဘူးအဖေရေ…ကျုပ်တို့တွေလေ ညဘက်ဟင်းတွေဘာတွေကျန်ရင်ပျောက်ပျောက်သွားတယ်ထင်ခဲ့တာဗျ…
အခုမှအဲ့အကောင်လက်ချက်ဆိုတာသိတော့တာပဲ”
“ဟ…မင်းပြောတာကလည်းရှုပ်လိုက်တာကွာ
သေချာပြောစမ်းပါ”
“ဒီလိုအဖေရေ…ဒီလိုဗျ….ဒီလို…..”
ငမောင် သူတို့သူငယ်ချင်းများနှင့်အတူ ချက်ပြုတ်စားသောက်ကျရာ နောက်ရက်အတွက်ချန်လှစ်ထားသော ဟင်းများ ပျောက်ပျောက်သွားသည်ကိုသတိရမိသည်။
ပျောက်သည်ကအိမ်အတွင်းမီးဖို၌သာ ထိုဟင်းပန်းကန်အားထားရှိလေသည်။
ဆန်အိုးအဖြစ်အသုံးပြုသော အိုးတစ်လုံး…။ ထိုအိုးအတွင်း၌ တဲတွင်
လူနေနေကြမရှိ၍
ဆန်အနည်းငယ်သာရှိပေသည်။
ထိုဆန်အနည်းငယ်သာရှိသောအိုးအတွင်း ဟင်းပန်းကန်အား ငမောင်သိမ်းဆည်းခဲ့ခြင်းပင်ဖြစ်သည်။
သို့သော်နောက်တစ်ရက်မနက်မှာတော့ဖြင့် ထိုဟင်းပန်းကန်သာရှိပြီး အတွင်းမှာတော့ဟင်းများမရှိတော့…
ပန်းကန်လွတ်အဖြစ်သာငမောင်တွေ့ခဲ့ရသည်။
သူငယ်ချင်းများယူဆောင်သွားကြလေသလား
အတွေးဖြင့် ငမောင်မမေးဖြစ်ခဲ့။
သို့သော် သူနေထိုင်သောရက်အတွင်းအနည်းငယ်ထူးခြားနေ၏။
မိမိအားတစ်စုံတစ်ဦးကကြည့်နေသည့်အလား မလုံမလဲဖြစ်ရသည်။
ထိုမျှမက ခွေးများသည်ပင် မိမိနေထိုင်ရာခြံရှေ့၌တစုတရုံးဖြင့်ဝိုင်းဖွဲ့
အူတက်ကြသေးသည်။
ကြုံတွေ့ခဲ့သမျှအား ဖခင်ဖြစ်သူကိုငမောင်ပြောပြလေတော့…
“ဟာ…ဒီလိုဆိုဘယ်နဲ့လုပ်မလဲ…တကယ်သာ သရဲရှိရင်တော့ဖြင့် မိငွေရေ တို့မာလကာခြံကိုဘယ်လိုလုပ်ကြမလဲ”
“အိုတော်…မာလကာသီးတွေကို
မြို့ကဒိုင်ဆီဆွတ်ရောင်းချိန်ရောက်နေပြီလေ…
မဖြစ်ပါဘူး မနက်ဖြန်လူငှားတွေခေါ်ပြီး ခူးခိုင်းတော့မှပါပဲတော်”
“အေး…အေး…အဲ့တာလည်းကောင်းတယ် အရေးကြီးတာမာလကာသီးတွေအချိန်မလင့်ဖို့ပဲ”
နောက်တစ်ရက်၌ ဦးသိန်းနဲ့ဒေါ်ငွေတို့လင်မယားသည် မာလကာသီးများခူးဆွတ်ရန် လူငှားများအားခြံဆီသို့ခေါ်ဆောင်သွားကြ၏။
မနက်ခင်း၌အေးချမ်းစွာပြီးဆုံးသွားသော်လည်း
နေခင်းထမင်းစားချိန်၌…
“ဟငြးးးးးး…..ဟငြးးးးးးးးးးးးးးး”
“ဟဲ့…အသေးလေးဘာဖြစ်တာလဲ”
လူငှားအဖွဲ့ ထမင်းစားဖို့ပြင်နေကြစဥ် ထိုအုပ်စုထဲရှိမိန်းကလေးတစ်ဦးသည်ဆောင့်ကြောင့်
ထိုင်အနေအထားဖြင့် တဟင်း ဟင်း မြည်တွန်ရင်းသူ၏ခန္ဓာသည်လည်းဘေးသို့တရွေ့ရွေ့ လှုပ်ခါ၍နေခဲ့သည်။
“ကောင်မလေး ဘာဖြစ်တာလဲမသိဘူး”
“ဟဲ့…အသေးလေး…ညီမလေး…အဆင်ပြေရဲ့လား”
နံဘေးရှိလူများကခေါ်သော်လည်း မည်သည်မျှမတုန့်ပြန်။
ထမင်းစာဖို့ချထာသော ထမင်းချိုင့်များဖြန့်ထားသည့်နေရာဆီသို့သာမျက်လုံးအစုံကစူးစိုက်ကြည့်၍နေသည်။
ထိုသို့စိုက်ကြည့်နေရင်းမှာပင်….
“ဟာ….”
“ဟင်…”
“ဘယ်လိုဖြစ်တာလဲ”
အသေးလေးဆိုသည့် မိန်းမပျိုသည် ချက်ချင်းဆိုသလိုသူစိုက်ကြည့်သောနေရာဆီသို့
ထပြေးလာခဲ့သည်။
ပြီးနောက်…
ထမင်းချိုင့်…ဟင်းချိုင့်များအတွင်းမှ ထမင်းဟင်းများကို
လောဘကြီးစွာ နှိုက်ယူစားသောက်တော့၏။
လက်ဝါးအပြားကြီးဖြင့် ဖြန့်ဖြန့်စားနေသော အမူအရာသည် ရွံရှာထိတ်လန့်ဖွယ်အတိပင်။
ဘေးရှိလူများသည်လည်း အသေးလေးအားနားမလည်န်ိုင်စွာကြည်နေကြစဥ်…
သူတို့စားဖို့ထမင်းဟင်းများအားလုံးပြောင်သလင်းခါသွားတော့၏။
စားလိုပြီးချိန်၌ သူ့အားကြည့်နေကြသူများကို…
“ဟီးးး…ဟီးး…ဟီး…နောက်တစ်ခါ
ဒီထက်များများယူခဲ့ကြနော်
ဟားးး….ဟားးးး…..ဟားးးး….ဟားးး……..”
“အမလေး…ယောကျာ်းသံကြီး…”
“သရဲလား…သရဲဝင်ပူးတာနေမှာ”
“ဘုရား…ဘုရား……..”
ထွက်ပေါ်လာသော ယောကျာ်းသံကြီးကြောင့်အားလုံးထိတ်လန့်သွားကြရသည်။
ခဏကြာလေတော့…
အသေးလေးခမျာ လဲကျသွားရှာသည်။
“ဟဲ့…ထူကြပါဦး”
“ညီမလေး…ညီမလေး အဆင်ပြေလား…”
“ဟင်….ကျုပ်…ကျုပ်ဘာဖြစ်လို့လဲ”
မေ့မြောရာမှအသေးလေးနိုးထလာခဲ့သည်။
အားလုံးကသူ့အားကြည့်နေကြသည်မို့
နားမလည်နိုင်စွာမေးရှာသည်။
သို့သော် သူမသိသော သူ၏အဖြစ်အပျက်ကိုပြောပြ
ကြလေတော့ အသေးလေးခမျာ ကြောက်လန့်လွန်း၍ အသားများပင်တုန်ရီနေရှာသည်။
ထိုသို့ဖြင့် ဦးသိန်းတို့ခြံ၌သရဲရှိသည်ကိုသိရှိသွားကြပြီး
လူငှားအဖွဲ့လည်းပြန်ပြေးသွားကြတော့၏။
***************
“ကိုထွန်း…ကိုထွန်းရှိလား….”
“သြော်…သူကြီးလာတာပါလား…ဝင်ခဲ့ပါဗျ…
အဖေတို့အိမ်ထဲမှာရှိပါတယ်…”
ငမောင်အိမ်ရှေ့မှခေါ်သံကြောင့်ထွက်လာခဲ့ရာ…
ခေါ်သူသည်က သူတို့ရွာ၏သူကြီးဖြစ်သူ မစန်းတင့်ဖြစ်နေလေသည်။
မစန်းတင့် အိမ်အတွင်းသို့ဝင်လာခဲ့ရာ…
“သူကြီးထိုင်ပါဗျာ…မိငွေ ရေနွေးလေးထပ်ထည့်ခဲ့ပါဦး”
“အင်း…အင်း….”
ဒေါ်ငွေရေနွေးအိုးယူပြီး ထွက်သွားတော့လေသည်။
“သူကြီးဘာအကြောင်းများရှိလိုတုန်းဗျ”
မစန်းတင့်သည် သူ၏ခေါင်းပေါ်၌
နေပူသက်သာစေရန်တင်လာခဲ့သော တဘက်စအား စားပွဲပေါ်တင်လိုက်ပြီး…
“ကိုသိန်းတို့ခြံမှာသရဲရှိနေတယ်ဆို…အဲ့တာဟုတ်သလား”
မစန်းတင့်၏အမေးအားဦးသိန်းမဖြေခင်
ရေနွေးအိုးယူကာပြန်လာသော ဒေါ်ငွေက…
“ဟုတ်တယ် သူကြီးရေ…အဲ့သရဲကြောင့် မာလကာခြံလည်းဆက်ခူးလို့အဆင်မပြေ…
ခူးဖို့တွေကလည်း ကျန်သေးတယ်။
အဲ့အတွက် ကျုပ်တို့လည်းခေါင်းတွေခြောက်လှပေါ့ရှင်”
“အဲ့လိုခေါင်းခြောက်နေလို့မရဘူးလေအစ်မငွေရဲ့
လုပ်သင့်တာလုပ်ရမှာပေါ့”
“ဘာလုပ်ရမလဲသူကြီးရယ်…ဆရာပင့်ပြီးနှင်ရင်မတော်လ်ို့
သရဲကမထွက်ဘဲပိုဒုက္ခပေးနေမှာကိုလည်း
ကျုပ်တို့ကကြောက်ရသေးတယ်လေ”
“ကျုပ်လာတာလည်းအဲ့ကိစ္စပဲအစ်မငွေရဲ့…
တော်တို့အတွက် အဆင်ပြေသွားအောင်လို့လေ”
“ဘယ်လို…ကျုပ်တို့အဆင်ပြေဖို့ဟုတ်လားသူကြီး…
ဒါဆိုပြောပြပါဦးတော်”
“အင်း…ကျုပ်ပြောချင်တာကလေ…
သောင်ထွန်းရွာက ဘွားမယ်စိန်ကိုသွားပင့်စေချင်တယ်…
ဘွားအကြောင်းတော်တော်များများကို
ကျုပ်ကြားသိဖူးတော့ အစ်မငွေတို့အတွက်အဆင်ပြေမယ်လို့လည်းယုံကြည်တယ်”
“သောင်ထွန်းရွာက ဘွားမယ်စိန်ဟုတ်လားသူကြီး”
“ဟုတ်ပအစ်မငွေ…ဘွားက အခုအစ်မငွေတို့ခြံမှာလိုကပ်တာပြုတာတွေကို
ကုသပေးတယ်…
တော်တော်လည်းအစွမ်းထက်တယ်ဆိုပဲတော့”
“အို…ဒါဆို သောင်ထွန်းရွာကိုသွားပြီးပင့်ကြတာပေါ့…
အခုလိုသတင်းလာပေးတဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်သူကြီးရယ်”
“ရပါတယ်တော်…အားလုံးအဆင်ပြေကြဖို့ပဲလေ”
ထိုသို့ဖြင့်ဦးသိန်းတို့သည် သောင်ထွန်းရွာ၌နေထိုင်သော ဘွားမယ်စိန်အား ပင့်ခေါ်ရန်ဆုံးဖြတ်လိုက်ကြတော့၏။
***************
သောင်ထွန်းရွာဆီသို့
ဘွားမယ်စိန်အားပင့်ခေါ်ဖို့ရန်ဦးသိန်းနဲ့ငမောင်တို့သားအဖ
ရောက်လာခဲ့ကြသည်။
ဘွားမယ်စိန်အားအကျိုးအကြာင်းပြောပြလေတော့ ဘွားမယ်စိန်သည် ဦးသိန်းတို့လှည်းဖြင့်လိုက်ပါလာခဲ့တော့၏။
ဦးသိန်းတို့မာလကာခြံအတွင်း၌ မြေနေရာလွတ်တွင် နှီးဖျာများချ၍ထားသည်။
ထိုနှီးဖျာများ၏ထိပ်တွင်ဘွားမယ်စိန်ထိုင်နေခဲ့ပြီး
ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်တစ်ဖက်ဆီမှာတော့ ဦးသိန်းတို့မိသားစုအပြင်ရွာသူကြီးမစန်းတင့် နှင့်အသိ ရွာသူ၊ရွာသားများထိုင်နေခဲ့ကြသည်။
ဘွားမယ်စိန်သည် သူ၏လက်စွဲတော်တောင်ဝှေးကြီးအားလက်တစ်ဖက်မှ
ထောက်ထားပြီး လူသည်ကတင်ပုလ္လင်အနေအထားဖြင့်ထိုင်နေခဲ့၏။
“ကဲ…ဘွားခေါ်မယ်…ဤအိမ် ဤခြံအတွင်းမှာကပ်တွယ်နေသော မသက်ဆိုင်သောပုဂ္ဂိုလ် အခုချက်ချင်းဘွားရှေ့ကိုလာခဲ့ပါ”
ဘွားမယ်စိန် အသံအပြည့်ဖြင့်ခေါ်လိုက်သော်လည်းထူးခြားမလာခဲ့။
သို့ကြောင့် သူ၏တောင်ဝှေ့ကိုမြေ၌တစ်ချက်ဆောင့်ချလိုက်ပြီး…
“မယ်စိန်ခေါ်နေတာကိုမကြားမသိသလို
နေနေတာမယ်စိန် ငဲ့ညှာထားလို့ဟဲ့…အခုလာခဲ့ မလာရင် မယ်စိန်အကြာင်းသိစေမယ်”
ဘွားမယ််စိန်၏အသံသည်အတော်ကျယ်လောင်သွား၏။
ဘေးရှိလူများသည်လည်းတိတ်ဆိတ်၍နေကြသည်။
ထိုစဥ်လူများကြားမှ…
“အဟင့်….အဟင့်….ဟီးးး…ဟီးးး….ဟီးးး….
ဟီးး…ဟီးးးး….”
ငိုသံယိုသံများထွက်ပေါ်လာခဲ့သည်။
ထိုသူက ဦးသိန်း၏သားဖြစ်သူငမောင်ထံမှဖြစ်နေခဲ့၏။
ငမောင်သည်ခေါင်းကိုငုံ့၍ရှိုက်ငင်တကြီးငိုကြွေးလို့နေသည်။
ဘေးရှိလူများအား ဘွားမယ်စိန််က အနည်းငယ်ခွာနေခိုင်းလိုက်လေသည်။
“ကဲ…ငိုမနေနဲ့ ပြောစမ်း…ဘယ်ကလဲ…ဘယ်သူလဲ ဘာလ်ို့ဒီခြံမှာလာကပ်တွယ်နေရတာလဲ”
ဘွားမယ်စိန်၏အမေးဆုံးသော်လည်းအဖြေမရှိခဲ့။
ငမောင်သည်ငိုမြဲအတိုင်းငိုယိုလို့နေသည်။
အဖြေမလာသောကြောင့် ဘွားမယ်စိန်ငမောင်အာတစ်ချက်စိုက်ကြည့်လိုက်၏။
ပြီးနောက်သူ၏မျက်လုံးအားမှိတ်ကာနှုတ်မှ
တဖွဖွရွတ်ဆိုလိုက်လေသည်။
ဘွားမယ်စိန်ရွတ်ဆိုနေစဥ် ငိုယိုနေသောငမောင်မှာ ဆက်မငိုနိုင်တော့ သူ၏ခန္ဓာကိုယ်အား နေရာလွတ်မကျန်ကုပ်ခြစ်ရင်း…
“အားးးးး……ပူတယြ…..ပူတယြ……အားးးးးး……
ပူလိုကတြာ….အားးးးးးးးး”
ငမောင်အော်ဟစ်နေသော်လည်းဘွားမယ်စိန်ရွတ်ဆို
ခြင်းမပြတ်။
“အားးးး….ပူတယ်….ပူတယ်…..ကြောက်….ကြောက်ပါပြီ….ကြောက်ပါပြီ…..ကျုပ်….ကျုပ်ဖြေပါ့မယ်…..”
ငမောင်ထံမှစကားကြောင့် ဘွားမယ်စိန်ရွတ်ဆိုခြင်းရပ်တန့်လိုက်လေသည်။
“ပြော …ဘယ်ကနေဒီကိုရောက်လာတာလဲ…။ဒီမိသားစုကိုဘာလို့နှောက်ယှက်ရတာလဲ”
ဘွားမယ်စိန်အမေးကို ငမောင်က…
“ကျုပ်….ကျုပ်နေတာ….သူတို့ ကြောင့်ပဲ..
ကျုပ်ဘာမှမလုပ်ပါဘူး….ကျုပ်အစားစားချင်လို့ပါ”
“မင်းခုဘယ်မှာနေတာလဲ…”
“ခြံ…ခြံနောက်က စပါးလင်ပင်အုံမှာပါ”
“ရပြီ…ဒါဆိုမင်းကိုဒီအိမ်ဒီခြံဝိုင်းမှာနေခွင့်မပေးတော့ဘူး။
အဲ့တော့ကိုယ့်လာရာဆီပြန်ပေတော့…မပြန်ရင်တော့ဖြင့် ဘွားအကြောင်းပိုသိတာပေါ့ကွယ်…”
“ကျုပ်မနေ….မနေတော့ပါဘူး…..ကျုပ်သွားမှာပါ”
“အေး…အေး…မငြင်းဆန်ရင်တော့
ပိုကောင်းတာပေါ့ကွယ်”
ဘွားမယ်စိန်ငမောင်အားခေါင်းတငြိမ့်ငြိမ့်ဖြင့်
ပြောလိုက်သည်။
ပြောပြီးသည်နှင့် ငမောင်သည်နှီးဖျာအထက်လဲကျလို့သွားတော့၏။
“သူကြီးမစန်းတင့်…ရော့….ရော့…ဒီဆေးရေမန်းနဲ့
အဲ့ကလေးကိုဖြန်းပေးလိုက်….မောင်သိန်းက ဘွားနောက်ကိုလိုက်ခဲ့…တူရွင်းတစ်လက်တော့ယူခဲ့နော့”
“ဟုတ်ကဲ့ဘွား…”
ဘွားမယ်စိန်ခြံအနောက်သို့ထွက်သွားလေသည်။
ဦးသိန်းသည်က ဘွားမယ််စိန်ပြောသည့်အတိုင်းတူရွင်းတစ်လက်ယူဆောင်လာခဲ့သည်။
“ကဲ…မောင်သိန်း မောင်ရင်တို့စပါးလင်အုံကအတော်ကြီးနေပါ့လားကွယ်…
ဒီမှာလည်းကြည့်စမ်း စားကြွင်းစားကျန်တွေကို
သွန်ထားကြသေးတယ်”
“ဟုတ်…ဟုတ်ပါတယ်ဘွား…ခြံနောက်ဆိုတော့
အသားဆေးငါးဆေးကအစ
ဒီနေရာမှာပဲကျုပ်တို့လုပ်ကြတာပါ”
“အင်း…အဲ့တာကြောင့်ပေါ့…ကဲပါကွယ်…အချိန်မလင့်ခင်ဒီအုံကိုအမြစ်ကတူးလှန်ပစ်…
ဒါနဲ့မရသေးရင်မီးရှို့သတ်လိုက်တော့မောင်ရင်…
မောင်ရင်တို့လူမနေကြတာကံကောင်းတာပဲ…
ဒီအပင်မှာခိုကပ်တဲ့အကောင်က
ကြာလာရင်လူကိုပါဒုက္ခပေးနိုင်တယ်ကွဲ့”
“ဗျာ…ဟုတ်…ဟုတ်ကဲ့ပါဘွား”
ဦးသိန်းတစ်ယောက်ဘွားမယ်စိန်၏စကားအတိုင်းစပါးလင်အုံအားတူးထုတ်တော့လေသည်။
ဘွားမယ်စိန်ပြောသောစကားကြောင့်သူတို့မိသားစုအဖြစ်အားတွေးရင်းဦးသိန်းထိတ်လန့်မိသွားသည်။
ဘွားမယ်စိန်၏ကူညီပေးမှုကြောင့်သာ
အဆင်ပြေသွားခဲ့၍ဦးသိန်းတို့မိသားစုသည်
ဘွားမယ်စိန်အားကျေးဇူးတင်မဆုံးဖြစ်သွားကြလေသည်။
ကိစ္စအားလုံးပြီးသွားချိန်မှာတော့ ဘွားမယ်စိန်သည်လည်းသူ၏ရွာသို့ပြန်သွားခဲ့ပြီး
ဦးသိန်းတို့မှာလည်းကျန်ရှိသော မာလကာသီးများအားဆွတ်ခူးကြတော့လေသည်။
ထိုသို့ဖြင့်စပါးလင်အုံမှာခိုကပ်နေသောသရဲအား
ဘွားမယ်စိန်တစ်ယောက် ဖယ်ရှားပေးနိုင်ခဲ့၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)