ပထမပိုင်း
နေ့လယ်ခင်းအချိန်၌
သောင်ထွန်းရွာ၏လမ်းမကြီးပေါ်တွင်
အမျိုးသမီးနှစ်ဦး လမ်းလျှောက်၍လာခဲ့ကြသည်။
ချည်လွယ်အိတ်ကြီးများကိုယ်စီလွယ်ထားကြပြီး
မျက်လုံးများကရွာထဲကိုကြည့်နေကြ၏။
တစ်ဦးကနက်မှောင်နေသောဆံပင်ရှည်ကြီးကို
ဆံထုံး ထုံးဖွဲ့လို့ထားပြီးရုပ်သွင်ကတည်ကြည်လွန်းပြီး
အသက်အားဖြင့်လေးဆယ်ကျော်အရွယ်ဖြစ်သည်။
ကျန်တစ်ဦးကတော့ ခန္ဓာကိုယ်သေးသွယ်ပြီး
အတော်လေးငယ်ပုံရ၏။
ထိုအမျိုးသမီးတို့ရွာထဲသို့ဝင်လာသည့်အချိန်ကတည်းက
သောင်ထွန်းရွာသူ၊ရွာသားတို့ကလည်း
စူးစမ်းသယောင်ကြည့်နေကြသည်။
“ဗျို့…ကျုပ်တို့ရွာကိုလာတာလား…
ဘယ်သူ့အိမ်ကိုသွားကြမလို့လဲ”
ဟုရွာသားတစ်ဦးကမေးလေတော့…
“ဒီရွာက ဘွားမယ်စိန်ဆိုတဲ့အမေကြီးဆီကိုလာတာပါ…
သူ့အိမ်ကိုညွှန်ပေးလို့ရမလား”
ဟု…ပြန်ပြောလေတော့ကြည့်နေကြသူများကလည်း
ဘွားမယ်စိန်အိမ်သို့လာသော
ဧည့်သည်ဆိုတာသိသွားကြသည်။
“ရတာပေါ့ဗျာ…ဘွားဆီကိုလာတာဆိုရင်
ကျုပ်လိုက်ပို့ပေးမှာပေါ့…လာကြပါ…
ကျုပ်အနောက်ကလိုက်ခဲ့ကြပါဗျာ…”
ဟု…ဆိုကာရွာသားမှ ဘွားမယ်စိန်အိမ်ဆီသို့
အမျိုးသမီးတို့ကိုခေါ်သွားလေသည်။
ဘွားမယ်စိန်၏ခြံဝိုင်းရှေ့သို့ရောက်လေတော့…
“ဘွားမယ်စိန်အိမ်ဆိုတာဒီအိမ်ပဲဗျ…”
“လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်ရှင်…”
“ရပါတယ်ဗျာ…မလိုပါဘူး…
ဒါဆိုရင်ကျုပ်သွားတော့မယ်နော်…”
ဟုပြောကာရွာသားက
လာရာလမ်းအတိုင်းပြန်သွားတော့သည်။
အမျိုးသမီးကြီးက ခြံဝိုင်းထဲသို့လှမ်းကြည့်နေသည်။
ခြံဝိုင်းထဲမှတဆင့်ကွပ်ပျစ်ခင်းပေါ်ကိုကြည့်ပြန်တော့
ဒေါ်ဝင်းနှင့်နန်းကြိုင်လေးတို့ကိုမြင်သွားပြီး…
“အစ်မ…အစ်မ…”
“ဟေ…ဘယ်သူတုန်းဟဲ့”
ခေါ်သံကြောင့်ဒေါ်ဝင်းလည်း
ခြံတံခါးဆီကိုလှမ်းကြည့်လိုက်သည်။
ခြံပြင်မှအမျိုးသမီးကြီးကိုမြင်လိုက်တော့မှ
ကွပ်ပျစ်ပေါ်မှဆင်းလာပြီး ခြံတံခါးအနီးကို
ရောက်လာခဲ့သည်။
“ဘယ်သူနဲ့များတွေ့ချင်လို့လဲညီမ…”
ဟုအမျိုးသမီးကြီးကိုကြည့်ကာဒေါ်ဝင်းမေးလိုက်သည်။
“ဒါဘွားမယ်စိန်ရဲ့အိမ်…ဟုတ်ပါတယ်နော်အစ်မ”
“အေး…ဟုတ်တယ်လေ”
“ကျွန်မကအမေကြီးနဲ့လာတွေ့တာပါ…
အမေကြီးဘယ်များသွားလဲအစ်မ “
“အမေကရွာတောင်ပိုင်းခဏသွားတယ်ညီမရဲ့…
လာလေ…အိမ်ထဲအရင်ဝင်ကြပါဦး…”
ဒေါ်ဝင်းကအမျိုးသမီးကြီးတို့ကိုကွပ်ပျစ်ခင်းဆီသို့
ခေါ်သွားလေသည်။
“ထိုင်ကြပါဦး…နေကပူပူနဲ့ဘယ်ကနေများလာကြတာလဲ…”
“ပြောရင်တော့ဒီနဲ့အတော်ဝေးတဲ့တောင်ခြေရွာကနေ
လာကြတာပါအစ်မရယ်…”
“တောင်ခြေရွာကြားဖူးသလိုပဲ…ဒါနဲ့…ညီမနာမည်က
ဘယ်လိုခေါ်သလဲ…”
“ကျုပ်နာမည်ကနော်ခမ်းပါအစ်မ…”
“နော်ခမ်း…ဟယ် ဒါဆိုရင် အမေပြောဖူးတဲ့
နော်ခမ်းဆိုတာပေါ့…ဟုတ်ပြီ…ဟုတ်ပြီ…ဒီကလေးမလေးကတော့ မိညှပ်ပဲဖြစ်ရမယ်”
ဟု…ဒေါ်ဝင်းကဝမ်းသာအားရမေးလိုက်သည်။
(စုန်းကဝေတိုက်ပွဲ စာမူကိုပြန်လည်ဖတ်ကြည့်ပါ)
“ဟုတ်ပါတယ်အစ်မ…သူ့နာမည်ကမိညှပ်ပါ…
အမေကြီးကအစ်မတို့ကို ပြောပြထားသားပဲ”
“အမယ်လေး…ပြောပြတာပေါ့အေ…
သူ့ခမျာလည်းညည်းတို့ကိုသတိတရရှိနေတာပါ…
ခရီးကဝေးတော့လာဖို့မဖြစ်သေးတာညီမရဲ့”
ဒေါ်ဝင်းစကားကြောင့် ဒေါ်နော်ခမ်းပြုံးသွားခဲ့သည်။
“သမီးနန်းကြိုင်…ညည်းအဘွားကိုသွားခေါ်ပေးဦး…
ညီမတို့ရောက်နေတာသိရင်သူလည်းအတော်ဝမ်းသာရှာမှာ”
ဟု…ဒေါ်ဝင်းကနန်းကြိုင်လေးကိုပြောလိုက်သည်။
နန်းကြိုင်လေးကလည်း…
“ဟုတ်အမေ…သမီးသွားခေါ်လိုက်မယ်…”
ဟုပြော၍ကွပ်ပျစ်ခင်းပေါ်မှဆင်းလိုက်သည်။
ပြီးနောက် ဘွားမယ်စိန်ရှိရာ ရွာတောင်ပိုင်းဆီသို့
လိုက်ခေါ်လေတော့သည်။
ဒေါ်ဝင်းကလည်း ဒေါ်နော်ခမ်းနှင့်မိညှပ်တို့ကို
ယခုလိုမြင်တွေ့ရတော့အတော်လေးဝမ်းသာနေရှာသည်။
ရေနွေးကြမ်းအိုးများချပေး…
လက်ဖက်သုပ်များ…ငှက်ပျောသီးများကို ပြင်ဆင်ကာချပေးလိုက်ဖြင့်အလုပ်များနေရှာသည်။
အတော်လေးကြာမှ ဘွားမယ်စိန်နှင့်နန်းကြိုင်လေးတို့
ရောက်လာခဲ့ကြ၏။
“ဟယ်…သမီး…ညည်းလိုက်လာသားပဲအေ့”
ဟု…ဘွားမယ်စိန်က ဒေါ်နော်ခမ်းကိုမြင်တော့
ဝမ်းသာတကြီးပြောလိုက်သည်။
မိညှပ်ကိုလည်းပြုံး၍ကြည့်၏။
ဒေါ်နော်ခမ်းကလည်း…
“စိတ်ကတော့အမေကြီးတို့နဲ့တွေ့ချင်နေတာပါ…
အခုလည်းတွေ့ချင်နေတုန်းအကြောင်းပေါ်လာတာနဲ့
ကျုပ်တို့လာဖြစ်သွားတာပါအမေကြီးရယ်”
“အေး…ဘွားကလည်းငါ့သမီးတို့ကိုသတိရနေတာပါ…
သမီးတို့တူဝရီးရောက်လာကြတော့လည်း
ပျော်တာပေါ့အေ…”
ဘွားမယ်စိန်ကလည်းဒေါ်နော်ခမ်းနှင့်မိညှပ်တို့ကို
မြင်တော့စိတ်ထဲ၌အတော်လေးဝမ်းသာနေရှာသည်။
ကွပ်ပျစ်ခင်း၌ဝင်ထိုင်သောအခါ၌လည်း
ဒေါ်နော်ခမ်း၏နံဘေး၌ကပ်ထိုင်လေသည်။
“သူ့ကိုသိတယ်မလား…ဘွားပြောပြဖူးတယ်လေ…
ဘွားရဲ့သမီး…မိဝင်းတဲ့….ဟောသည်ကတော့ဘွားရဲ့
မြေးမလေးနန်းကြိုင်လို့ခေါ်တယ်ကွဲ့…”
“ကျုပ်တို့ညီအစ်မက အမေလာခင်ကတည်းက
စကားတွေပြောပြီးကြပြီအမေရဲ့”
ဘွားမယ်စိန်ကဒေါ်ဝင်းတို့နှင့်မိတ်ဆက်ပေးသောအခါ
ဒေါ်ဝင်းကမျက်နှာရွှင်ပြပြဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
ဘွားမယ်စိန်ကလည်းပြုံး၍ခေါင်းကိုညိတ်လိုက်၏။
“ငါ့သမီးတို့အခုလိုတွေ့ဖူးသွားကြတာတော့…
ဘွားအနေနဲ့…အတော်လေးဝမ်းသာပါတယ်ကွယ်…
အယ်…ဒါနဲ့ မောင်တိုးတို့လည်းသိရင်ဝမ်းသာကြမှာအမှန်ပဲ…
မြေးမလေးရေ…ညည်းအစ်ကိုများကိုလည်း
သွားခေါ်လိုက်စမ်းပါဦး…”
“ဟုတ်ကဲ့ဘွား…”
“အရီး…ကျုပ်ကောညီမလေးနဲ့လိုက်သွားလို့ရမလား”
နန်းကြိုင်လေးကိုဘွားမယ်စိန်ကမောင်တိုးတို့ကိုသွားခေါ်ခိုင်းသောအခါ၌ မိညှပ်ကလည်းအတူလိုက်ချင်၍
ဒေါ်နော်ခမ်းကိုခွင့်တောင်းလေသည်။
ဒေါ်နော်ခမ်းက ခေါင်းတစ်ချက်ညိတ်၍…
“လိုက်ချင်ရင်လည်းလိုက်သွားလေ”
ဟုပြောလေတော့ မိညှပ်လည်းပျော်သွားတော့သည်။
“လာမမ…ညီမလေးနဲ့လိုက်ခဲ့”
နန်းကြိုင်ကလည်းမိညှပ်ကို စိမ်း၍မနေဘဲ
ညီအစ်မများကဲ့သို့လက်ချင်းတွဲ၍ပင်ခေါ်သွားပေသည်။
ဘွားမယ်စိန်တို့ကတော့မိညှပ်နှင့်နန်းကြိုင်လေးတို့ကိုကြည့်၍…
“မြေးမလေးတွေက အဖော်မက်ကြရှာတယ်…
ဘဝကံမကောင်းကြပေမယ့်
အခုလိုသူတို့အပေါ်ချစ်တဲ့…ခင်တဲ့သူတွေကိုရထားတာအတော်လေးကံကောင်းကြပါရဲ့”
ဟုပြောသောအခါ ဒေါ်ဝင်းနှင့်ဒေါ်နော်ခမ်းတို့
တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်းပြုံးမိကြသည်။
“အစ်မ သမီးတော့မသိဘူး…
မိညှပ်ကတော့သရဲအတော်ကြောက်တာ…
အခုဆိုရင်ကျုပ်အခန်းထဲသူ့ကုတင်ကိုပါ
ရွေ့ပြီးလာအိပ်နေပြီတော့်…”
“ဟယ်…ဟုတ်လား…
အစ်မသမီးကတော့ကြောက်တယ်လည်းမဟုတ်ပါဘူး…
အစ်မနဲ့တော့အခုထိအတူတူအိပ်နေတုန်းပဲညီမရဲ့”
ဒေါ်ဝင်းတို့စကားဝိုင်းထဲ၌ဘွားမယ်စိန်ဝင်မပြောဘဲ
နားထောင်နေသည်။
နားထောင်နေသည်ဆိုတာထက်သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးမပြတ်စေရေးအတွက် ဖွာရှိုက်နေခြင်းဖြစ်သည်။
ဆေးလိပ်မှကျလာသော ပြာများကိုလည်း
အုန်းခွံခွက်ဖြင့်ခံကာသောက်နေလေသည်။
ဒူးတစ်ဖက်ကိုထောင်ထားပြီးပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ကိုင်ထားသောလက်ကထိုဒူးပေါ်သို့တင်ကာထားသည်။
ဆေးလိပ်ကြီးကိုဖွာခနဲဖွာခနဲ ရှိုက်၍သောက်နေသည်မှာ
မီးများပင်ရဲခနဲရဲခနဲဖြစ်လို့သွား၏။
“အရီး…….”
“ဟေ…”
“ဟေ…”
မောင်တိုးနဲ့မောင်အုန်းက နန်းကြိုင်တို့နှင့်
အတူရောက်လာသည်။
ခြံထဲဝင်လာလာခြင်း မောင်တိုးက “အရီး” ဟုခေါ်လိုက်သောကြောင့် ဒေါ်ဝင်းနှင့်ဒေါ်နော်ခမ်းတို့
ပြိုင်တူပင်ထူးမိကြလေသည်။
“ဟဲ့မောင်တိုး…နင်ကဘယ်သူ့ကိုခေါ်တာလဲဟဲ့”
ဟုဒေါ်ဝင်းကမျက်နှာထားကိုတည်ကာမေးလိုက်တော့…
“အယ်….အဲ့တာကလေ….”
မောင်တိုးမှာဒေါ်ဝင်းမျက်နှာကြောင့်
အယောင်ယောင်အမှားမှားဖြစ်လို့သွားလေသည်။
“ဟားးး….ဟားးး….ဟားး…ဟားး…ဟားး…
အဲ့တာသာကြည့်ညီမရေ…မောင်တိုးဆိုတာအဲ့သလိုပဲ
စလို့နောက်လို့အတော်ကောင်းတဲ့ကောင်…
ပြောရရင် ကြီးပေါကြီးလေ…ကြီးလေ…ပေါလေ…”
ဟုဒေါ်ဝင်းကရယ်ရယ်မောမောပြောလိုက်တော့
ဒေါ်နော်ခမ်းတို့မှာသဘောကျစွာဖြင့်ရယ်မောကြသည်။
“ဟာဗျာ…အရီးကလည်းကျုပ်ကအရီး
စိတ်ဆိုးသွားတယ်ထင်ပြီးလန့်သွားတာပဲ…”
“စိတ်ဆိုးစရာလားဟဲ့…”
မောင်တိုးနဲ့မောင်အုန်းက ထန်းလက်ခုံနှစ်ခုံ၌ဝင်ထိုင်သည်။
နန်းကြိုင်နှင့်မိညှပ်တို့ကတော့ ကွပ်ပျစ်ခင်းပေါ်၌ထိုင်ကြ၏။
“ကျုပ်ကမိညှပ်ကိုမြင်မှအရီးရောက်နေတာကို
ယုံသွားတာဗျ…မဟုတ်ရင်
ဟိုကလေးမ စနောက်နေတယ်တောင်ထင်တာ…”
ဟုမောင်တိုးကပြောတော့ ဒေါ်နော်ခမ်းကခေါင်းကိုညိတ်ပြီး…
“အင်း…အရီးတို့လည်း ဒီရွာကိုလာချင်တာပေါ့…
အမေကြီးနဲ့ငါ့တူတို့ပြန်သွားကတည်းက
လိုက်လာချင်မိတာ…ဒါပေမယ့်
သိတဲ့အတိုင်းပဲလေ…
အရီးတို့ရွာကလည်း ထစ်ခနဲဆိုရင်
အရီးဆီပဲအပြေးလာကြတာများတော့
လာဖို့ခရီးဖင့်နေတာ…”
ဒေါ်နော်ခမ်းစကားကိုနားထောင်နေသောဘွားမယ်စိန်က…
“ငါ့သမီးကလည်းမအားလပ်သူဆိုတော့…
အခုလိုဘွားတို့ရွာအထိလိုက်လာတာကတော့
ဘွားတို့ကိုတွေ့ချင်တာထက်…အကြောင်း
တစ်ခုခုတော့ရှိနေမယ်ထင်တယ်…”
ဟု…သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
အုန်းခွံခွက်ထဲသို့ချထားရင်းပြောလေသည်။
ဒေါ်နော်ခမ်းကလည်း ခေါင်းကိုညိတ်၍…
“အမှန်ပဲအမေကြီး…ကျုပ်ဒီရွာကိုရောက်လာတာ
အကြောင်းရှိပါတယ်”
“ဘာအကြောင်းများလဲသမီးရဲ့”
ဒေါ်နော်ခမ်းပြောမည်ကိုဒေါ်ဝင်တို့အားလုံးက
စိတ်ဝင်တစားနားထောင်နေကြသည်။
ဒေါ်နော်ခမ်းကလည်း ဘွားမယ်စိန်ကိုကြည့်၍…
“ကျုပ်တို့ရွာကို တလောက မြို့က
သူဌေးလင်မယား ရောက်လာခဲ့တယ်…
သူတို့သမီးလေးပျောက်နေလို့
ကျုပ်ကိုအကူအညီလာတောင်းကြတယ်ဆိုပါတော့”
“အလို…လူပျောက်တာများ မြို့ဂတ်ကို
သွားအကြောင်းမကြားပဲနဲ့…
ငါ့သမီးဆီကိုဘာလို့လာရတာလဲ”
“ကျုပ်ပြောမယ်အမေကြီးရဲ့…
ဒီကောင်မလေးပျောက်တာ…သာမာန်မဟုတ်လို့
ကျုပ်ဆီကိုလာအကူအညီတောင်းကြတာပါ…”
“အလို…အင်းလေ…ဒါလည်းဖြစ်နိုင်တာပါပဲ…
ဆက်ပြောပါဦးအေ…သူတို့အကြောင်းလေးကို…”
“ကျုပ်ပညာနဲ့ကြည့်မိတော့…
ဒီကလေးမရဲ့ကိုယ်ထဲမှာရှိနေတာက
မျောက်တစ်ကောင်ရဲ့ဝိညာဥ်ဖြစ်နေတယ်အမေကြီးရဲ့…
နောက်ပြီး…ဒီကလေးမရဲ့ဝိညာဥ်အမှန်ကကျတော့
မျောက်တစ်ကောင်ရဲ့ ကိုယ်ထဲမှာရှိနေပြန်တယ်…”
“ဒါဆိုရင် ဝိညာဥ်ချင်းအလဲခံထားရတာပေါ့”
“အမှန်ပဲအမေကြီးရဲ့…အခုကလည်း
သူတို့သမီးရဲ့ဝိညာဥ်ပျောက်နေတာဆိုတော့
ကျုပ်ဆီကိုလာပြီးအကူအညီတောင်းကြတာပါ…
ဒါပေမယ့်….ကျုပ်ပြိုင်ရမယ့်လူက
နယ်နယ်ရရမဟုတ်ဘူးဖြစ်နေတယ်…”
“ဘယ်သူများမလို့တုန်းအေ့”
“အမေကြီးရဲ့…ဒီကဝေက အတော်လေး
အဆင့်မြှင့်တယ်…
ကျုပ်တစ်ဦးထဲထက်အမေကြီးပါအတူတူကူပြီး
တိုက်မှဖြစ်လိမ့်မယ်…”
“ဒါဖြင့်ဟိုကလေးမလေးရဲ့ဝိညာဥ်ထည့်ထားတဲ့
မျောက်ကရောဘယ်ဆီရှိနေတာလဲ”
“အဲ့သည်မျောက်ကလည်းအဲ့ကဝေကောင်နဲ့
အတူတူရှိနေပါတယ်…”
“အင်းပေါ့လေ…ငါ့သမီးကဘွားဆီကိုရောက်လာမှတော့
ငါ့သမီးရဲ့ခရီးကိုဘွားကလည်းအတူတူလိုက်ရမှပေါ့အေ…”
“ကျုပ်…ခရီးသွားရင်တော့
မိညှပ်ကိုအစ်မတို့နဲ့ထားခဲ့ပါရစေနော်…
ဒီကလေးမကိုရွာမှာလည်း
ကျုပ်စိတ်မချတာနဲ့ ခေါ်လာခဲ့တာပါ”
“ရပါတယ်ညီမရယ်…
ထားခဲ့…ထားခဲ့…အစ်မစောင့်ရှောက်ထားပါ့မယ်…”
ဒေါ်ဝင်းစကားကြောင့် ဒေါ်နော်ခမ်းပြုံးသွားသလို
မိညှပ်နဲ့နန်းကြိုင်လေးတို့လည်းပျော်သွားကြသည်။
“နေပါဦးသမီးရဲ့…ဘွားကို ဟိုသူဌေးလင်မယားနဲ့
ကဝေကောင်ရဲ့အကြောင်းကိုပြောပြပေးစမ်းပါဦး…
သူတို့အကြောင်းသိထားမှကောင်းတာပေါ့အေ”
“ကျုပ်ပြောပြပါ့မယ်အမေကြီးရယ်…
ဒါပေမယ့် ညကျမှပဲပြောပြလို့ရတယ်မဟုတ်လား…
အခုတော့ကျုပ်တို့လည်း
ပင်ပန်းနေလို့နားချင်သေးတယ်လေ…”
“အေးပါ…အေးပါ…ဒါဖြင့်ရင်လည်းနားကြပါဦး…
မိဝင်း….ညည်းညီမတို့ကိုထမင်းလေး
ဘာလေးပြင်ပေးလိုက်ဦးနော်…”
“ဟုတ်ကဲ့အမေ”
ဒီလိုဖြင့်ဘွားမယ်စိန်တို့စကားဝိုင်းဟာ
တိတ်ဆိတ်သွားပြန်သည်။
မောင်တိုးကတော့ မိညှပ်၊နန်းကြိုင်တို့နှင့်အတူ
စလိုက်နောက်လိုက်ဖြင့်ပျော်နေလေသည်။
မောင်အုန်းသည်က ဒေါ်ဝင်းနှင့်အတူမီးဖိုထဲ၌ထမင်းပွဲ…
ဟင်းပွဲများဝိုင်းကူပြင်ဆင်ပေးနေသည်။
ခဏမျှကြာတော့မောင်တိုးနဲ့မောင်အုန်းတို့လည်း
အိမ်သို့ပြန်သွားကြသည်။
ညနေပိုင်းနေစောင်းမှ ဘွားမယ်စိန်အိမ်သို့
ပြန်ရောက်လာကြ၏။
“ကဲမောင်မင်းကြီးသားများ…
ထမင်းစားခဲ့ကြပြီလား”
ဟုဒေါ်ဝင်းကမေးသောအခါ…
“စားခဲ့ပါပြီအရီးရဲ့…အရီးတို့ကောစားပြီးကြပြီလား”
“တော်နေမှစားမလို့လေ…
ကလေးမတွေရေမိုးချိုးနေတာနဲ့ ဒီမှာလည်းစကားကောင်းနေကြလို့လေ”
“ဒါနဲ့…ဘွားကောဘယ်သွားလဲဗျ…”
“နင်တို့အဘွား အိမ်ပေါ်မှာလေ
ခရီးထွက်ရမှာဆိုတော့ ကြိုပြီးပြင်ဆင်နေလေရဲ့”
“ဒါနဲ့အရီးနော်ခမ်း…ကျုပ်တို့ခရီးက
ဘယ်တော့ထွက်ရမှာလဲ”
“ခရီးကတော့ ဖြစ်နိုင်ရင်မနက်ဖြန်ပဲသွားချင်တယ်…
အမေကြီးကိုလည်းမေးရဦးမယ်လေ…
သွားဖြစ်နိုင်လားဆိုတာကို…”
“အရီးကမေးနေသေးတယ်ဗျာ…
ကျုပ်တို့ဘွားကဖြင့်ခရီးထွက်ဖို့တောင်ပြင်ဆင်နေပြီီကို…
နောက်ပြီးအရီးပြောတဲ့ဝိညာဥ်လဲခံရတဲ့အကြောင်းကိုလည်း
ကျုပ်တို့ကသိချင်နေပြီဗျ…ပြောပြပါတော့အရီးရာ…”
မောင်တိုးက ဒေါ်နော်ခမ်းကိုပြောလေတော့
ဒေါ်နော်ခမ်းကပြုံး၍…
“ပြောပြပါ့မယ်မောင်တိုးရယ်…
ထမင်းစားပြီးတာနဲ့စကားဝိုင်းစကြတာပေါ့…
မဟုတ်ဘူးလား”
ဒေါ်နော်ခမ်းကိုဆက်ပြီးလည်းအတွန့်မတက်ရဲသော
မောင်တိုးက ခေါင်းသာညိတ်ပြလိုက်တော့သည်။
နန်းကြိုင်နဲ့မိညှပ်တို့ကသနပ်ခါးများအဖွေးသားလူးပြီးရောက်လာကြသောအခါ…
“အမယ်လေးဗျ…သရဲ…သရဲ…သရဲ”
ဟု…မောင်တိုးကလက်ညိုးထိုးရင်းအော်လေတော့…
မိညှပ်တို့ကဆူပုတ်ပုတ်ဖြင့်ကြည့်ကြလေရာ
မောင်တိုးကတဟားဟားရယ်မောပြီး…
“အမယ်လေးဗျာ…ညတောင်ရောက်တော့မယ်
မျက်နှာပေါ်မှာသနပ်ခါးတွေအဖွေးသားနဲ့
ကြောက်ကြောက်စရာပါလား ကလေးမတွေရယ်…”
ဟုစလိုက်လေတော့…
“ကိုကြီးတိုးနော်…”
ဟု…မိညှပ်တို့ကလေသံမာမာဖြင့်အော်ခေါ်ကြ၏။
“အလကားစတာပါငါ့နှမတွေရယ်…
မိန်းကလေးတွေဆိုတော့လှချင်မှာပေါ့လေ…
ဒါပေမယ့် ခက်တော့ ခက်တယ်ဟ”
“ဘာခက်တာလဲတော့်”
နန်းကြိုင်ကမေးလိုက်သောအခါ…
“မလှတဲ့သူကလှချင်တာပိုခက်တာပေါ့ဟ”
“ဟာ…အမေ…ကိုကြီးတိုးကိုကြည့်ပြောဦးနော်…
ကျုပ်တို့ဆိုအကောင်းကိုမမြင်ဖူးတော့်”
“အိုအေ…အစ်ကိုဖြစ်သူက စနေတာကို သိသိရဲ့နဲ့…”
ဒေါ်ဝင်းကပြောလေတော့
နန်းကြိုင်က မောင်တိုးကိုမျက်စောင်းတစ်ချက်ထိုးလိုက်၏။
ထိုသို့ဖြင့် သိချင်လှသောမောင်တိုးနဲ့မောင်အုန်းမှာ
ဘွားမယ်စိန်တို့ညစာစားအပြီးထိဇွဲကောင်းကောင်းဖြင့်
ထိုင်၍စောင့်ကြသည်။
ညစာစားပြီးလေတော့ ဒေါ်ဝင်းကလက်ဖက်ပန်းကန်နှင့်
ရေနွေးတစ်အိုးကို ကွပ်ပျစ်ခင်းပေါ်သို့ချပေးထားလေသည်။
အားလုံးဆုံလေတော့ဒေါ်နော်ခမ်းက…
“အမေကြီးတို့သိချင်နေကြတဲ့အကြောင်းကို
ကျုပ်ပြောပြပါ့မယ်…
ဖြစ်ပုံက ဒီလိုပါ…”
ဟုအစချီကာ ပြောပြတော့သည်။
**************************************
သူဌေးဦးကျော်ဆွေနှင့်သူဌေးကတော်ဒေါ်စိုးမမတို့၏
နေအိမ်၌သူတို့အားကိုးယုံကြည်သော ဆရာဘိုးပေါက်
ရောက်ရှိနေလေသည်။
“ဆရာကြီးရယ်…စီးပွားရေးကောင်းအောင်လည်း
စီရင်ပေးပါဦး…ဆရာကြီးအစီအရင်သာစွမ်းရင်
ကျုပ်တို့ဘက်ကလည်းပေးဖို့လက်မတွန့်ပါဘူးဆရာကြီးရယ်”
ဟု…သူဌေးဦးကျော်ဆွေက ဆရာဘိုးပေါက်ကိုအပူကပ်နေ၏။
ဆရာဘိုးပေါက်ဆိုသူက အသားကခပ်ညိုညို…
လူပုံစံကပိန်ပါးပါး ဖြစ်ပြီးသျှောင်ထုံးကြီးကိုထုံးဖွဲ့လို့
ထားတတ်ယုံမကဥပတိရုပ်ကလည်း
ကြည့်ပျော်ရှု့ပျော်ရှိပေသည်။
သူဌေးဦးကျော်ဆွေက ဆရာဘိုးပေါက်၏
ခုံနံဘေး၌ထိုင်နေခဲ့ပြီး ဆရာဘိုးပေါက်ကတော့မျက်နှာထားပြုံးရွှင်လို့နေ၏။
သူဌေးကတော်ကလည်း အိမ်အကူအမျိုးသမီးများကို
စားပွဲအထက်၌ အစားအသောက်များ
စုံလင်အောင်ချခိုင်းနေခဲ့သည်။
“ကျုပ်ကိုအားကိုးတဲ့သူဆိုရင် ကျုပ်ကပစ်မထားပါဘူး…
မပူပါနဲ့လေ…ခင်ဗျားအတွက်
ကျုပ်အစီအရင်တစ်ခုလုပ်ပေးပါ့မယ်”
“ကျေးဇူးကြီးလှပါပေတယ်ဆရာကြီးရယ်…
ကျုပ်မှာလည်းအားကိုးစရာဆိုလို့ဆရာကြီးပဲရှိတာပါ…”
“ဟုတ်ပါပြီလေ…ဒါနဲ့ မောင်ရင့်သမီးအချောအလှကော
ဘယ်များသွားတုန်း”
“သမီးလား…ရှိပါရဲ့ဆရာကြီး…
ဟဲ့…ကောင်မလေး…နင်တို့မမလေး
လှလှဆွေကိုသွားခေါ်ခဲ့ချေ…”
ဟု…သူဌေးကတော်ဒေါ်စိုးမမ ကအိမ်အကူကောင်မလေးကို
ခိုင်းလိုက်လေတော့မှ ဆရာဘိုးပေါက်၏မျက်နှာထားက
ပို၍သဘောကျသွားပုံရသည်။
မျက်လုံးကလည်း အိမ်ဖော်မလေးထွက်သွားရာ
နေရာဆီသို့လိုက်လို့ကြည့်နေခဲ့၏။
“ဟော…သမီးလာပြီ…ဆရာကြီးရေ…
သမီး…လာ…လာ…ဟောသည်မှာထိုင်”
သူဌေးကတော်ဒေါ်စိုးမမ ကသမီးဖြစ်သူလှလှဆွေကို
သူ၏အနီးရှိခုံ၌ထိုင်စေသည်။
လှလှဆွေကတော့ ဆရာဘိုးပေါက်ကို
အလိုမကျဟန်ဖြင့်
မျက်နှာထားမှာဆူအောင့်လို့နေသည်။
ဆရာဘိုးပေါက်ကလည်း
သူ့ထံသို့မျက်တောင်မခတ်တမ်းလှမ်း
ကြည့်နေချိန်တိုင်းလိုလို လှလှဆွေမှာ
နှုတ်ခေါင်းရှုံ့ပြီးမျက်နှာကိုပင်မဲ့ကာရွဲကာနေလေသည်။
ဒါကိုပင်ဆရာဘိုးပေါက်ကသဘောအကျကြီးကျနေခဲ့၏။
သူဌေးဦးကျော်ဆွေတို့လင်မယားကလည်း
ဆရာဘိုးပေါက်ပညာစွမ်းထက်မှန်းသိ၍
သူတို့အလိုရှိရာကိုအပူကပ်လို့နေကြသည်။
သမီးဖြစ်သူကိုထိုင်ခိုင်းပြီးဆရာဘိုးပေါက်နှင့်
စကားလက်ဆုံကျနေခဲ့၏။
လှလှဆွေခမျာလည်းမိဘများကိုမလွန်ဆန်ဝံ့တာကြောင့်
ဆရာဘိုးပေါက်ပြန်လေမှ ဧည့်ခန်းမှထရလေသည်။
ထိုသို့ဖြင့်တစ်ရက်မှာတော့ ဆရာဘိုးပေါက်တစ်ယောက်
သူဌေးဦးကျော်ဆွေတို့လင်မယားနှင့်
ဧည့်ခန်း၌စကားပြောနေခဲ့သည်။
ဦးကျော်ဆွေတို့လင်မယားမှာ
မျက်နှာမသာမယာဖြင့်ရှိနေကြ၏။
“ကျုပ်ပြောတာခင်ဗျားဘယ်လိုသဘောရလဲ
ဦးကျော်ဆွေ”
ဟုဆရာဘိုးပေါက်ကမေးလေတော့ ဦးကျော်ဆွေက
အောက်နှုတ်ခမ်းကိုသွားဖြင့်ဖိကိုက်ရင်းခေါင်းကိုခါရမ်းသည်။
ပြီးလေတော့…
“ကျုပ်တို့အပေါ်ဘယ်လိုမှတော့မမြင်ပါနဲ့ဆရာကြီးရယ်…
ကျုပ်တို့မိသားစုကဆရာကြီးကိုယုံကြည်ကိုးကွယ်နေကြသူတွေဆိုတာဆရာကြီးသိပါတယ်…
ဆရာကြီးအတွက်ဆိုရေပူရေအေးကအစလိုတာမရှိအောင်
စီစဥ်ပေးသူတွေပါဗျာ…
ဒါပေမယ်လို့…ဆရာကြီးပြောတဲ့ကိစ္စကိုတော့ကျုပ်တို့ဘယ်နည်းနဲ့မှသဘောမတူနိုင်လို့ပါဆရာကြီးရယ်…”
ဟု…လေသံကိုလျော့ကာအသနားခံသလိုဖြင့်
သူဌေးဦးကျော်ဆွေမှပြောလိုက်သည်။
ဦးကျော်ဆွေစကားကြောင့် ဆရာဘိုးပေါက်မျက်ဝန်းများက
ဒေါသစိတ်များဖြင့်နီရဲလာပြီး…
“ကောင်းပြီ…ဦးကျော်ဆွေ…
ခင်ဗျားတို့ဘက်ကဒီလိုဆိုမှတော့ ကျုပ်ဘက်ကလည်း
သနားညှာတာမှာမဟုတ်ဘူးနော်…
နောက်ဆုံးကျမှဆရာကြီးကယ်ပါ…
ဆရာကြီးခွင့်လွှတ်ပါလာမလုပ်နဲ့…”
“အဲ့သည်လိုတော့မလုပ်ပါနဲ့ဆရာကြီးရယ်…
အရင်အချိန်တွေကိုပြန်တွေးပြီးကျုပ်တို့ပြောတာလေးကို
နားထောင်ပေးပါ…”
“ဟေ့…ငါ့နာမည်ဘိုးပေါက်ကွ…
ငါ့ကိုအာခံလာရင်ငါဘက်ကလည်း
ခွင့်လွှတ်မပေးနိုင်ဘူး…
ငါပြောတာသဘောမတူရင်မင်းတို့မိသားစုကို
ငါဖျက်စီးပစ်ရလိမ့်မယ်…”
“အိုဗျာ…ခင်ဗျားဘာလုပ်နိုင်မှာလဲ…
ခင်ဗျားလိုအရွယ်နဲ့ကျုပ်သမီးလေးကို
ပေးစားရလောက်တဲ့အထိတော့
ကျုပ်အသိမခေါင်းပါးသေးပါဘူးဗျာ…
ကဲ…ကဲ…ကဲ…ခင်ဗျားပြန်ပါတော့…
ကျုပ်တို့မိသားစုလည်းခင်ဗျားနဲ့
ခပ်ကင်းကင်းပဲနေပါတော့မယ်…”
ဟု…သူဌေးဦးကျော်ဆွေကခုံ၌ပင်မထိုင်နိုင်တော့ဘဲ
မတ်တပ်ထရပ်၍ဒေါသ သံဖြင့်ပြောလိုက်သည်။
ချက်ချင်းတင်းမာသွားသောအခြေအနေကြောင့်
သူဌေးကတော်ဒေါ်စိုးမမခမျာ
ဦးကျော်ဆွေ၏လက်ကို ဆွဲ၍ ထိန်းထားရှာသည်။
ဆရာဘိုးပေါက်ကလည်းဒေါသအလွန်ထွက်နေ၏။
ခုံမှဆတ်ခနဲထရပ်လိုက်ပြီး…ဒေါသမျက်ဝန်းများဖြင့်
ဦးကျော်ဆွေကိုကြည့်သည်။
ပြီးနောက်လက်ညိုးထိုးကာ…
“မင်းတို့…ငါဘာကောင်လဲဆိုတာ
မကြာခင်သိစေရမယ်ဟေ့…”
ဟုပြောလိုက်သည်။
ပြောပြီးပြီးချင်းလည်းခြေလှမ်းကျဲကြီးများဖြင့်
သူဌေးဦးကျော်ဆွေ၏အိမ်ကြီးထဲမှထွက်သွားလေသည်။
“အခုတော့ဘယ်လိုလုပ်ကြမလဲကိုကျော်ဆွေ….
ဆရာကြီး…အယ်လေ…သူကပညာကထက်ထက်နဲ့တော့
ကျုပ်တို့တော့ဒုက္ခပါပဲ”
“ဟေ့…သူတောင်းဆိုတာကငွေဘယ်လောက်…
ရွှေဘယ်လောက်ဆိုရင်ငါမငြင်းမပါဘူးကွာ…
အခုဟာကသူ မလို့လွန်လွန်ကျုးကျုးငါ့သမီးအပျိုလေးကိုမှ
တောင်းရက်ရတယ်လို့…
ဒီလိုစကားမျိုးကိုစကြားကတည်းက
ငါ့စိတ်ကိုအတော်ထိန်းထားရတယ်ဆိုတာ
မင်းနားလည်လား…”
“အို…အခု သူကကျုပ်တို့အပေါ်ဒေါသထွက်နေပြီလေ…
တော်နေကျုပ်တို့မိသားစုကိုမကောင်းတာတွေနဲ့တိုက်ရင်
ခက်ကုန်ပါဦးမယ်ကိုကျော်ဆွေရယ်…”
“အင်း…ခက်တော့လည်းခက်တဲ့အလျှောက်ပဲပေါ့ကွာ…
ငါ့သမီးလေးတော့ ငါကာကွယ်ရမှာပဲမိန်းမရဲ့…”
ဦးကျော်ဆွေ သက်ပြင်းသာချနေခဲ့သည်။
ဒေါ်စိုးမမကလည်း မျက်နှာမသာမယာဖြင့်ထိုင်နေခဲ့၏။
သူတို့၏စိတ်ထဲမှာတော့ဆရာဘိုးပေါက်တစ်ယောက်သူတို့အပေါ်၌အငြိုးထား၍ရန်ပြုလာမည်ကိုစိုးရိမ်နေကြလေသည်။
ထိုသို့စိုးရိမ်နေသည့်ကြားမှ ဦးကျော်ဆွေ အကြံတစ်ခုရခဲ့၏။
“ငါ့သမီးလေးနဲ့မောင်ခင်မောင်တို့က
လူငယ်ချင်းရင်းနှီးနေကြတယ်မဟုတ်လားကွ…”
“အင်း…ဟုတ်တယ်လေ”
“ဒါဆိုရင်တော့ ဟုတ်ပြီ…ငါ့သမီးလေးကို
မောင်ခင်မောင်နဲ့လက်ထက်ပေးရမယ်…
ဒီလိုမှသာ ဆရာဘိုးပေါက်ရဲ့ရန်ကလွှတ်မှာကွ…”
“ကောင်းသားပဲတော့်…
ဒါနဲ့မောင်ခင်မောင်ရဲ့မိဘများကရောသဘောတူကြပါ့မလား”
“မတူဘဲလားကွ…တလောကတောင်
မောင်ခင်မောင့်အဖေကငါ့ကိုသားရေးသမီးရေးပြောနေတာ…
ငါ့ဘက်ကစဥ်းစားပါဦးမယ်ဗျာလို့
ပြောလိုက်သေးတယ်…”
“အင်း…အခါ အခွင့်တော့သင့်သားပဲ…”
ဒီလိုဖြင့် ဦးကျော်ဆွေတို့လင်မယားလည်း
သမီးဖြစ်သူလှလှဆွေကို အိမ်ထောင်ချပေးဖို့အရေး
တစ်ဖက်မှလူကြီးများနှင့်တိုင်ပင်ကြလေသည်။
ကလေးချင်းကလည်းရင်းနှီး…လူကြီးချင်းကလည်း
မိတ်ဆွေအရင်းအချာတွေဖြစ်တာကြောင့်
မင်္ဂလာဆောင်ဖို့ကိစ္စမှာသေချာလု့နီးပါးဖြစ်လို့သွားခဲ့၏။
သူဌေးဦးကျော်ဆွေ၏သမီးလှလှဆွေနှင့် သူဌေးဦးဘမောင်၏သားမောင်ခင်မောင်တို့၏ မင်္ဂလာသတင်းမှာလည်း
တစ်မြို့လုံး၌သတင်းမွှေးလို့နေခဲ့သည်။
အားလုံးကလည်းနေနဲ့လရွှေနှင့်မြဟူ၍ချီးမွှန်းကြလေသည်။
ထိုသို့ဖြင့် မင်္ဂလာဆောင်နေ့သို့ရောက်လေတော့
အရေးပိုင်မင်းများ….အရာရှိများကိုပါဖိတ်ကြားခဲ့ကြသည်။
သူဌေးဦးကျော်ဆွေ၏ခြံဝန်းအကျယ်ကြီးအတွင်း၌
ခမ်းခမ်းနားနားကျင်းပလေသည်။
မင်္ဂလာမောင်နှံကလည်းပြုံးရွှင်စွာဖြင့်ဧည့်လာပရိတ်သတ်များကိုနှုတ်ဆက်နေကြသလို…
နှစ်ဖက်မိဘများမှာလည်းပီတိများဝေဖြာလို့နေကြသည်။
ထိုသို့ပျော်ရွှင်မှုများဖုံးလွှမ်းနေသောမင်္ဂလာဆောင်ထဲသို့
လူတစ်ဦးသည်ခြေလှမ်းကျယ်ကြီးများဖြင့်ဝင်ရောက်လာခဲ့၏။
သူ၏မျက်ဝန်းများကလည်းနီကာရဲလို့နေသည်။
“ဟင်…သူ…သူ….”
ဒေါ်စိုးမမလက်ညိုးကြီးထိုး၍
အလန့်တကြားအော်လိုက်သည်။
ဒေါ်စိုးမမလက်ညိုးထိုးရာဆီကိုဦးကျော်ဆွေတို့လှမ်းကြည့်လိုက်လေတော့…
“ဆရာဘိုးပေါက်…”
ဟု…ဦးကျော်ဆွေရေရွတ်လိုက်သည်။
“ဒါ…ခင်ဗျားပြောထားတဲ့ လူလား….ဦးကျော်ဆွေ”
“ဟုတ်…ဟုတ်တယ်”
ဦးဘမောင်မေးတော့ဦးကျော်ဆွေက
ဟုတ်မှန်ကြောင်းပြောလိုက်သည်။
ထိုအခါဦးဘမောင်ကချက်ချင်းပင် အရေးပိုင်မင်းဆီသို့
ချဥ်းကပ်၍ စကားသွားပြောလိုက်၏။
အရေးပိုင်မင်းကလည်း သူ၏ပုလိပ်တပ်သားများကို
ဆရာဘိုးပေါက်အားသေနတ်ဖြင့်ဝိုင်းချိန်ခိုင်း၏။
ဆရာဘိုးပေါက်ကသူ့အားသေနတ်ဖြင့်ဝိုင်းထားသည်ကို
မမှုဟန်ဖြင့် သတိုးသမီးလှလှဆွေကိုစိုက်ကြည့်နေခဲ့၏။
ထူးဆန်းသည်က ဆရာဘိုးပေါက်၏ပုခုံးအထက်၌မျောက်ကလေးတစ်ကောင်ထိုင်လျက်လိုက်ပါလာခဲ့ခြင်းပင်။
ဆရာဘိုးပေါက်ကသူ့အားပုလိပ်များဝိုင်းရံထားသည့်ကြားမှ
ကျယ်လောင်ပြတ်သားလွန်းလှသောအသံကြီးဖြင့်
ဂါထာတစ်ပုဒ်ကိုရွှတ်ဆိုလိုက်သည်။
ဂါထားရွှတ်ဆိုနေရင်း လှလှဆွေကို
လက်ညိုးကြီးထိုးလို့ထား၏။
ဂါထာလည်းရွှတ်လို့အပြီး လှလှဆွေလည်းနေရာမှာတင်
ဗိုင်းခနဲလဲကျသွားတော့သည်။
“ဟာ…”
“အမယ်လေး…သမီးလေး”
“ဟယ်…”
အံ့သြသံများကြားမှဒေါ်စိုးမမ၏သမီးဖြစ်သူအပေါ်စိုးရိမ်တကြီးအော်သံပါထွက်ပေါ်လာခဲ့သည်။
“သူ့ကိုဖမ်း…ဖမ်းကြ….”
“ဝိုင်းဖမ်းကြဟေ့…”
ပုလိပ်များအပြင်ဧည့်လာပရိတ်သတ်များကပါ
ဆရာဘိုးပေါက်ကိုဝိုင်းဖမ်းကြသည်။
သို့သော်ထိုလူကြားအတွင်းမှ ဆရာဘိုးပေါက်မှာ
ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
“ဟာ…သူဘယ်လိုပျောက်သွားတာလဲ”
“ဟယ်…ထူးဆန်းလိုက်တာ…”
“သူကသရဲလား…ဘာကြီးလဲဟ”
အားလုံးဝိုင်းထားသည့်ကြားမှပျောက်ကွယ်သွားသဖြင့်
အတော်လေးအံ့သြသွားကြသည်။
သတိုးသမီးကလည်းသတိမရသဖြင့်
မင်္ဂလာပွဲကလည်းကပြီးဆုံးသွားခဲ့လေသည်။
ဒါတင်မကသေး ထိုသတင်းကလည်း
တစ်မြို့လုံး၌ပြော၍မဆုံးနိုင်အောင်ပင်
သတင်းကြီးလို့နေခဲ့သည်။
ဒုတိယပိုင်း
“ဒီလိုဆိုရင်…မင်္ဂလာပွဲကို
ဆရာဘိုးပေါက်ရောက်လာပြီးတော့ ကောင်မလေးရဲ့
ဝိညာဥ်လဲလိုက်တာပေါ့လေ…”
ဒေါ်နော်ခမ်းပြောပြနေသည်များကိုနားထောင်နေရင်းမှ
မောင်တိုးကဝင်မေးလိုက်သည်။
ဒေါ်နော်ခမ်းကခေါင်းနှစ်ချက်ညိတ်၍…
“အင်း…အဲ့သည်လိုပဲပြောရမှာပေါ့…
ကောင်မလေးသတိပြန်ရလာတော့
အသိစိတ်ကင်းမဲ့သူလိုဖြစ်သွားတာ…
သူဌေးဦးကျော်ဆွေတို့ကလည်းခေတဲ့သူတွေမဟုတ်တော့…
ဆရာသမားတွေရှာဖွေပြီးကုသကြတာပေါ့…
ခက်တာကကောင်မလေးက တစ်ရက်နဲ့တစ်ရက်
လူစိတ်မရှိတော့ဘဲ…
မျောက်တစ်ကောင်လိုပဲ ပြုမူနေထိုင်နေရှာတာ…
နောက်ဆုံးဆရာတွေကလည်းမကုပေးနိုင်လို့
လက်လျော့ထားရာကနေ
ကျုပ်နေတဲ့တောင်ခြေရွာကိုရောက်လာကြတာပဲအမေကြီးရဲ့”
“အေးပေါ့လေ…မိဘတွေဆိုတော့သမီးလေးကို
ရတဲ့နည်းနဲ့ကုကြရှာမှာပေါ့…
ဒါနဲ့အဲ့သည်အကောင်ကရောအခုဘယ်မှာရှိနေတာလဲ”
“ကျုပ်သိသလောက်တော့ ဒီလူကသာမာန်ဆရာ
တစ်ယောက်မဟုတ်ဘူးအမေကြီး…
ဒင်းနာမည်အမှန်ကဘိုးပေါက်မဟုတ်ဘူး…
ဒင်းနာမည်က ငသြလို့ခေါ်တယ်…
သူတို့လောကမှာတော့ ငသြက ဆရာတစ်ဆူပဲအမေကြီးရဲ့…
အဲ့သည်ငသြက ကောင်မလေးကိုသဘောကျနေလို့သာ…
သူ့ဇာတ်ကိုဖုံးပြီးဝင်လာတာ…
အခုတော့ကောင်မလေးကိုလည်းသူမရတော့
ဖျက်လို့ဖျက်စီးလုပ်ပစ်တော့တာပေါ့…”
“အေး…ဒီအကောင်က ဒီနည်းကိုသုံးတယ်ဆိုတာကတော့
နည်းနည်းတော့အံသြမိတယ်အေ့…
တကယ်ဆိုရင်…တခြားနည်းနဲ့ကောင်မလေးကို
အပိုင်သိမ်းလို့ရသေးတာပဲလေ…
ဥပမာအေ…ကောင်မလေးကိုစိတ်ညို့ပြီးခေါ်သွားမလား…
ဒါမဟုတ်သူ့မိဘတွေကို အိပ်မွေ့ချပြီးခေါ်သွားမလား…
ဒီလိုနည်းတွေသုံးလို့ရနေတာပဲအေ့…”
“အမေကြီးပြောတာလည်းဟုတ်နေတာပဲ…”
“အေးလေ…ဒါနဲ့ဒင်းကအခုဘယ်အရပ်မှာရှိနေတာလဲ…”
“ငသြက… မြို့နောက်ဘက်ကတောထဲမှာရှိနေတာ…
သူဌေးဦးကျော်ဆွေတို့ကလည်းပညာချင်းမယှဥ်နိုင်သူတွေဆိုတော့ မလိုက်နိုင်ဘူး အမေကြီး…
နောက်ပြီး ငသြက အဲ့သည်တောကိုလည်း
သူ့အစီအရင်တွေနဲ့လူတွေမလာရဲအောင်လုပ်ထားသတဲ့”
“လူတွေမလာရဲအောင်ဆိုတော့ ဘယ်လိုတွေများ
လုပ်ထားလို့လဲအရီးရဲ့”
“အို…နွယ်ရှင်ပင်တွေ… လူသားစားကျားတွေ
ပုံစံမျိုးစုံကိုဖန်တီးထားသတဲ့”
“ဗျာ…ဗျာ…ဒါဆိုရင်ကျုပ်တို့က
အဲ့သည်တောကိုလိုက်ရမှာပေါ့လေ…”
ဒေါ်နော်ခမ်းစကားကြောင့် မောင်တိုးမှာ
မျက်စိမျက်နှာပျက်သွားသည်။
“ငါ့တူတို့ကြောက်ရင်တော့နေခဲ့ကြပေါ့…
အရီးကတော့ သွားမှဖြစ်မှာမလို့…အမေကြီးကို
လာခေါ်တာပါ”
“ဟာဗျာ…ဘွားလိုက်မှတော့ကျုပ်တို့က
နေခဲ့စရာလားအရီးရဲ့…လိုက်မှာပါဗျာ…
ကြောက်တာမဟုတ်ပါဘူး…လန့်တာပါဗျ”
“ဟဲ့မောင်တိုး…ကြောက်တာနဲ့လန့်တာမတူဘူးလား”
ဒေါ်ဝင်းကမောင်တိုးစကားကိုအထနကောက်ပြီး
မေးလိုက်တော့…
“မတူပါဘူးအရီးကလည်း…ကြောက်တာက
မသွားရဲမလာရဲတာ…လန့်တာကကျ
သြော်အဲ့သည်လိုကြီးလားဆိုပြီးလန့်မိယုံတင်ပါဗျ”
“သြော်…အေးပါဟယ်…
နင်ပဲအပြောကောင်းတယ်မောင်တိုးရယ်…”
ဒေါ်ဝင်းစကားကြောင့်မောင်တိုးကိုကြည့်၍
အားလုံးကသဘောကျစွာရယ်မောကြလေသည်။
ပြီးလေမှဒေါ်နော်ခမ်းက…
“ငသြကိုနိမ်နှင်းမယ့်ကိစ္စက အချိန်ရွေ့လို့
မကောင်းတော့ဘူးအမေကြီး…ကျုပ်တို့ဒီရွာကိုလာတာနဲ့
အချိန်ကအတော်လေးကုန်နေပြီဆိုတော့…
ဖြစ်နိုင်ရင်မနက်ဖြန်လောက်ပဲသွားချင်တယ်အမေကြီးရယ်…”
“ဒီလိုဆိုရင်လည်း…
ဘွားတို့မနက်ဖြန်လောက်ခရီးစထွက်တာပေါ့အေ…”
“ကောင်းတာပေါ့အမေကြီးရယ်”
ဘွားမယ်စိန်ကမနက်ဖြန်ခရီးစထွက်ဖို့ပြောလိုက်တော့
ဒေါ်နော်ခမ်းလည်းသဘောကျသွားသည်။
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း
ခရီးမထွက်ရတာကြာပြီဖြစ်တာကြောင့်
ယခုလိုခရီးပြန်ထွက်ရမည်ဆိုတော့ပျော်နေကြလေသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့
ဘွားမယ်စိန်တို့လည်း နွားလှည်းလေးဖြင့်
ခရီးထွက်လာကြတော့သည်။
ဒေါ်နော်ခမ်းကလည်း မိညှပ်ကိုဒေါ်ဝင်းလက်သို့
အပ်ထားခဲ့သည်မလို့နောက်ဆန်မတင်းဘဲ
ခရီးထွက်လာနိုင်ခဲ့သည်။
“ဟေ့နွား..လမ်းကိုဖြောင့်ဖြောင့်သွားစမ်း…”
မောင်တိုးကတော့သူ၏နွားနီကြီးနှစ်ကောင်ကို
ငေါက်ငမ်းနေသည်။
လှည်းပေါ်၌လည်းကိုယ်စီအတွေးကိုယ်စီဖြင့်
လိုက်လာကြသည်မလို့ မည်သည့်စကားမှပင်
မပြောဖြစ်ကြပေ။
ဒီလိုဖြင့် မြို့ဆီသို့ရောက်လာခဲ့ကြသည်။
သူဌေးဦးကျော်ဆွေနှင့်သူဌေးကတော်ဒေါ်စိုးမမတို့၏
နေအိမ်ဆီကို ဒေါ်နော်ခမ်းကဘွားမယ်စိန်တို့အား
ခေါ်သွားလေသည်။
သူဌေးဦးကျော်ဆွေတို့ကလည်း
ဝမ်းပန်းတသာပင်ကြိုဆိုကြ၏။
“အခြေအနေဘာထူးသေးလဲ ဦးကျော်ဆွေ”
“အခြေအနေကတော့ထူးတယ်ပြောရမှာပဲဆရာမ…
လက်ရှိတော့ တောထဲကိုဘယ်သူမှမဝင်ရဲဘူးဗျ…
အရေးပိုင်မင်းကသူ့ပုလိပ်တွေကိုလွှတ်တာပြန်မလာတာအတော်များနေတယ်…ထူးထူးခြားခြားလွတ်လာတဲ့
ပုလိပ်တစ်ယောက်ကဆိုရင် နွယ်ရှင်တွေ…နွယ်ရှင်တွေလိုက်နေတယ်လို့အော်ပြီး…ရူးကြောင်ကြောင်တောင်ဖြစ်လို့နေတယ်ဗျ”
“ဒီလိုဆိုရင်တော့ဒီတောက
ငသြရဲ့အာဏာအတော်လေး
သက်ရောက်နေတာပဲဦးကျော်ဆွေ”
“ဟုတ်ပါတယ်ဆရာမရယ်…
ကျုပ်တို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့
ဆရာမတို့ပဲရှိတော့တာပါ…
ကျုပ်သမီးလေးကိုပြန်ရမယ်ဆိုရင်
ကျုပ်ရှာဖွေထားသမျှ…
ဥစ္စာပစ္စည်းအကုန်လုံး
ဆရာမတို့ယူချင်သလောက်သာယူပါဗျာ…
ကျုပ်တို့အတွက်အရေးကြီးတာက
ကျုပ်သမီးလေးပဲမလို့…အားကိုးပါတယ်ဆရာမရယ်…”
“ကျုပ်တို့ဘက်ကလည်း
တတ်နိုင်သမျှရအောင်ကယ်မှာပါဦးကျော်ဆွေ…
ဒါနဲ့မိတ်ဆက်ပေးရဦးမယ်…
ဟောသည်အမေကြီးအမည်ကဘွားမယ်စိန်လို့ခေါ်တယ်…
ကျုပ်ထက်ပိုပြီးလည်း ပညာထက်တယ်…
အမေကြီးက သူတတ်တဲ့ပညာနဲ့
လူတွေကူညီပေးနေတဲ့သူပါ…
ကျုပ်အတွက်အမေတစ်ယောက်ဆိုလည်းမမှားဘူးပေါ့”
“ဟုတ်ကဲ့…တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ…
ကျုပ်တို့ရဲ့ဒုက္ခကိုလည်းအမေကြီးသိပြီးလောက်ပါပြီ…
ဧည့်ဝတ်မကျေတာများရှိရင်လည်းခွင့်လွှတ်ကြပါခင်ဗျာ…”
သူဌေးဦးကျော်ဆွေစကားကိုနားထောင်အပြီး
ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“ရပါတယ်ကွယ်…
သားသမီးအပူဆိုတာအတော်ပူလောင်တာပါ…
ဘွားတို့ဘက်ကလည်း မောင်ရင့်သမီးအတွက်
တတ်နိုင်သမျှကူညီကြမှာမလို့…
စိတ်လေးတော့ရှည်ပေးကြပေါ့ကွယ်”
“စိတ်ကရှည်ပါတယ်ခင်ဗျာ…
အမေကြီးတို့ဘက်ကလည်း
လိုအပ်တာများရှိရင်လည်းပြောကြပါ…
အားမနာကြပါနဲ့”
ဘွားမယ်စိန်ကဧည့်ခန်းနှင့်မလှမ်းမကမ်းတွင်
အိမ်အကူမလေးသုံးယောက်နှင့်အတူဆော့နေသော
မိန်းကလေးကိုလှမ်းကြည့်နေခဲ့၏။
မိန်းကလေးက ခုန်ပေါက်ဆော့ကစားနေပြီး
ဘေးဘယ်ညာကိုစိတ်ဝင်စားဟန်မရှိပေ။
“သူကကျုပ်သမီးပါ…
လှလှဆွေလို့ခေါ်ပါတယ်…”
“သိပြီးပါပြီ…
ဒီကသမီးပြောပြထားပါတယ်ကွယ်…”
“ဟုတ်ကဲ့…ဒါနဲ့ဆရာမတို့ဘယ်တော့များ
တောထဲကိုဝင်ကြမလဲခင်ဗျာ…
သြော်…ဒါကလည်းကျုပ်အလောတကြီးဖြစ်နေလို့မေးတာမဟုတ်ရပါဘူး…
တကယ်လို့များဆရာမတို့တောထဲဝင်ရင်လိုအပ်တာတွေကို
ကြိုပြီးစီစဥ်ပေးထားချင်လို့ပါ…”
“ကျုပ်တို့မနက်ဖြန်မနက်ပဲတောထဲဝင်မယ်
ဦးကျော်ဆွေ…”
“ဟုတ်ကဲ့…ဒီလိုဆိုရင် အကူခေါ်ဖို့
လူကောလိုသေးလားဆရာမ…လူလိုရင်တော့ကျုပ်တပည့်တွေကိုထည့်ပေးမလို့ပါ…”
“အကူကတော့မလိုအပ်ဘူးဦးကျော်ဆွေ…
ကျုပ်ရဲ့ တူနှစ်ယောက်ပါ ပါတယ်…
သူတို့က အားကိုးလို့ရပါတယ်…”
ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်းသူဌေးဦးကျော်ဆွေ၏
နေအိမ်၌တစ်ရက်တာကိုကုန်ဆုံးခဲ့ကြသည်။
သူဌေးဦးကျော်ဆွေကလည်းသမီးအတွက်အတော်လေး
စိတ်ပူနေသူမလို့ ဘွားမယ်စိန်တို့ကို အားကိုးရှာသည်။
ဧည့်ဝတ်မကျေပွန်မှာကိုပင်စိုးရိမ်နေ၍
သူဌေးကတော်ဒေါ်စိုးမမကိုယ်တိုင်ပင်မီးဖိုခန်းဝင်၍
ဘွားမယ်စိန်တို့စားသောက်ဖို့ရန်ပြင်ဆင်ပေးရှာသည်။
နောက်တစ်နေ့နံနက်ခင်းသို့ရောက်တော့ဘွားမယ်စိန်တို့ကို
မနက်စာများပြင်ဆင်ဧည့်ခံပေးနေရင်း သူဌေးဦးကျော်ဆွေမှ…
“ဟောသည်မှာ အမေကြီးတို့အတွက်
တောထဲရောက်ရင်စားဖို့စားစရာတွေနဲ့ရေလည်းထည့်ပေးထားတယ်…နောက်ပြီးဟောဒါက
ငွေကြယ်တံဆိပ်ဓာတ်မီးနှစ်လက်ကညရောက်ရင်
လိုရမယ်ရသုံးဖို့ပေါ့ဗျာ…
ကောင်လေးတွေအတွက်လည်း ဓားရှည်
ကောင်းတာနှစ်လက်ကိုပါပြင်ဆင်ပေးထားပါသေးတယ်…
လိုအပ်တာများရှိခဲ့ရင်လည်းပြောပါဦးဗျာ…”
ဟုပြောလေတော့…
“ဒီလောက်ဆိုရင်ပြည့်စုံပါပြီမောင်ရင်ရယ်…”
“ဟုတ်ကဲ့ပါအမေကြီး…
အမေကြီးတို့လည်းတောထဲမှာအဆင်ပြေကြပါစေလို့
ကျုပ်တို့ဆုတောင်းပေးနေမှာပါ…
အစစအရာရာတော့ဂရုစိုက်ကြပါဗျာ”
ဦးကျော်ဆွေတို့လင်မယားက ဘွားမယ်စိန်တို့အပေါ်
အားကိုးယုံကြည်မှုများအပြည့်အဝရှိနေကြ၏။
မနက်စာစားသောက်ပြီးလေတော့ ဦးကျော်ဆွေပေးသော
လွယ်အိတ်ကိုမောင်တိုးကလွယ်လေသည်။
ဓားရှည်နှစ်ချောင်းကိုတော့မောင်အုန်းနဲ့
တစ်ယောက်တစ်လက်ဆီကိုင်ကြ၏။
တောထဲသို့သွားဖို့ရန်ကိုလည်းတောစပ်ထိသူဌေးဦးကျော်ဆွေတို့ကလှည်းဖြင့်လိုက်ပို့ပေးကြသည်။
“အမေကြီးတို့ပြန်အလာကိုကျုပ်တပည့်တွေ
ဒီနေရာမှာပဲစောင့်နေကြလိမ့်မယ်…
ဂရုစိုက်ကြပါဗျာ”
ဘွားမယ်စိန်တို့လည်းတောသို့
စတင်ဝင်ရောက်လာကြတော့၏။
မောင်တိုး…မောင်အုန်းတို့ကတောလမ်းလေးအတိုင်းပင်
ရှေ့မှဦးဆောင်ကာသွားကြသည်။
ဘွားမယ်စိန်ကတော့တောင်ဝှေးကြီးကိုထောက်၍
ဒေါ်နော်ခမ်းနှင့်စကားပြောရင်းလိုက်ပါလာခဲ့သည်။
တောသည်တဖြေးဖြေးနက်လာသည်နှင့်
သစ်ပင်တို့၏အုပ်ဆိုင်းနေမှုကြောင့်
နေပျောက်ပင်မတိုးအောင်အရိပ်ကျသည့်
နေရာများကိုလည်းဖြတ်ကျော်လာခဲ့ကြရသည်။
“ဘွား…အရှေ့မှာ…”
မောင်တိုးအသံကြောင့်ဘွားမယ်စိန်တို့လည်း
ရှေ့မလှမ်းမကမ်းကိုကြည့်လိုက်မိတော့
သေနတ်တစ်လက်နှင့် ပုလိပ်ဦးထုပ်တစ်လုံးကို
တွေ့လိုက်ရသည်။
“ကြည့်ရတာ…ဦးကျော်ဆွေပြောပုံအရ
အရေးပိုင်မင်းလွှတ်လိုက်တဲ့
ပုလိပ်တွေကျန်ခဲ့တာဖြစ်ရမယ် အမေကြီးရဲ့…”
“အင်း…ဒီလိုဆိုခရီးကနီးလာပြီထင်တယ်…
မောင်ရင်တို့နှစ်ယောက်လည်းသတိလေးကပ်ထားကြဦး…
ဘာလုပ်လုပ်…ဘာကိုင်ကိုင်ဘွားတို့ကိုအရင်ဆုံးပြော…
ကိုယ့်ဆုံးဖြတ်ချက်နဲ့ဘာမှမလုပ်မိစေနဲ့ကွဲ့…”
“ဟုတ်ကဲ့ဘွား”
မောင်တိုးနဲ့မောင်အုန်းတို့လည်းဘွားမယ်စိန်ရဲ့
သတိပေးစကားကြောင့်လက်ထဲရှိဓားများကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြပြီး
ဘေးဘယ်ညာကိုမျက်စိကစားရင်း
ဆက်လျှောက်လာခဲ့ကြသည်။
အတော်လေးကြာအောင် လျှောက်လာကြပြီး…
“ဟဲ့…ရပ်ကြ…ရပ်ကြ…ဆက်မလျှောက်ကြနဲ့ဦး…”
ဟုသောဘွားမယ်စိန်၏တားမြစ်သံကြောင့်မောင်တိုးတို့မှာ
ခြေလှမ်းများပင်ဆက်မလှမ်းဘဲခြေစုံရပ်ပစ်လိုက်ကြသည်။
“ဘာဖြစ်လို့လဲဘွား”
မောင်တိုးကမေးတော့ ဘွားမယ်စိန်ကမဖြေသေးဘဲ
မောင်တိုးတို့ကိုကျော်၍ လျှောက်လာခဲ့သည်။
ပြီးနောက်သုံးပေအကွာရှ်မြေပြင်ကို စိုက်ကြည့်ပြီး
နှုတ်မှဂါထာများရွတ်ဆိုနေသည်။
ပြီးလေတော့ မြေပေါ်သို့တောင်ဝှေးကြီး
ဆောင့်ချလိုက်သောအခါမှ ရုတ်တရက်ပြောင်းလဲသွားသော
မြင်ကွင်းကြောင့်မောင်တိုးနဲ့မောင်အုန်းမှာ
မျက်လုံးများပြူးသွားပြီး အလန့်တကြားဖြစ်သွားရ၏။
“ဟာ…ချောက်…ချောက်ကြီးပဲ…”
“ဘုရား…ဘုရား…တော်ပါသေးရဲ့…”
သူတို့အစပိုင်းကမြေပြင်ဟုထင်ရသောနေရာသည်
အလွန်နက်ရှိုင်းသော ချောက်ကြီးဖြစ်နေခဲ့၏။
ဘွားမယ်စိန်သာမတားခဲ့လျှင်သူတို့နှစ်ဦးစလုံး
ထိုချောက်ထဲ၌အရိုးတခြားအသားတခြားဖြစ်ကြရပေမည်။
“ကဲ…တွေ့ကြပြီလား…
ဒါ…ဟိုအကောင်ရဲ့လှည့်ကွက်တစ်ခုပဲ…
ပိုပြီးသတိထားကြပေတော့…”
မောင်တိုးတို့လည်းချောက်မှပြန်ကွေ့ပြီးလမ်းပြန်ရှာကြရသည်။
ဆက်သွားပြီးအတော်လေးကြာမှ
ခရီးတစ်ထောက်နားကြ၏။
ခရီးနားတော့မောင်တိုးက ဦးကျော်ဆွေထည့်ပေးလိုက်သော
ရေဘူးထဲမှရေကိုဘွားမယ်စိန်တို့အားဦးစွာတိုက်သည်။
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့သောက်ပြီးကျန်သောရေကိုမှ
သူတို့နှစ်ဦးသောက်ကြလေသည်။
လမ်းလျှောက်ရသည်မှာခြေထောက်များပင်
ညောင်းညာနေကြသည်။
အမောဖြေနေကြစဥ်…
“ဟာ…ဟိုမှာသမင်တစ်ကောင်ကွ…”
မောင်အုန်းကမောင်တိုးကိုလက်တို့ပြီးပြောလိုက်သည်။
“ဟုတ်ပဗျာ…ခေါင်းကဂျိုကြီးတွေကအတော်လှတာပဲ”
မောင်တိုးနဲ့မောင်အုန်းတို့ကသမင်ကို
လှမ်းကြည့်ရင်းပြောနေကြသည်။
“ကဲ…ခရီးဆက်ကြမယ်…”
ဒေါ်နော်ခမ်းအသံကြောင့်မောင်တိုးတို့လည်းခရီးဆက်သွားဖို့
သတိရပြီး ထိုင်နေရာမှထ၍ လွယ်အိတ်များကို
ပြန်လွယ်လိုက်ကြသည်။
ဆက်လျှောက်လာကြပြီးမကြာပါ
အမည်မသိပန်းများဖူးပွင့်နေသောနွယ်ပင်ကြီးများကို
တွေ့လိုက်ကြ၏။
“ပန်းတွေကလှလိုက်တာကွာ…
အပြန်ကြရင်တော့မင်းအစ်မအတွက်ခူးသွားဦးမယ်…”
“အမယ်…အသက်ဘေးရင်ဆိုင်နေရတာတောင်
ပန်းခူးဖို့တွေးနေသေးတယ်ပေါ့ကိုကြီးအုန်းက”
“မဟုတ်ပါဘူးကွာ…
ပန်းတွေကအတော်လှတော့
မင်းအစ်မသဘောကျမှာသိလို့ပါငါ့ညီရ”
မောင်အုန်းကချစ်သူဖြစ်သောနုယဥ်ကိုသတိတရဖြင့်
ပြောနေ၍မောင်တိုးမှာပြုံး၍သာကြည့်နေခဲ့၏။
“နေကြဦးဟေ့…ဒီတစ်ခါတော့
ကျုပ်ပဲရှင်းလိုက်မယ်အမေကြီး”
ဒေါ်နော်ခမ်းကမောင်တိုးတို့အားတားလိုက်ပြီးမှ
ဘွားမယ်စိန်ကိုပြောလိုက်လေတော့
ဘွားမယ်စိန်ကခေါင်းညိတ်သဘောတူလိုက်သည်။
ထိုအခါဒေါ်နော်ခမ်းလည်း မောင်တိုးတို့ရှေ့သို့ထွက်လာခဲ့၏။
မြေကြီးပေါ်မှ ခဲတစ်လုံးကိုကောက်ယူလိုက်ပြီး
ပန်းများပွင့်နေသောနွယ်ပင်ကြီးကိုပစ်ပေါက်လိုက်သောအခါ…
“ဟာ…လှုပ်…လှုပ်နေပြီ…”
“ဟာ…နွယ်ရှင်ကြီးတွေပဲ”
ဒေါ်နော်ခမ်း၏ခဲလုံးထိမှန်သော နွယ်ပင်ကြီးသည်
လှုပ်ရှားအသက်ဝင်လာခဲ့ပြီး အနီးအနားအား
သူ၏လက်ချောင်းများပမာရှိသောနွယ်များဖြင့်
ဝေ့ရမ်းပစ်နေခဲ့သည်။
“တခြားလမ်းကသွားကြတာပေါ့”
ဘွားမယ်စိန်စကားကြောင့်မောင်တိုးတို့လည်း
နွယ်ပင်များရှိရာလမ်းမှဆက်၍မသွားတော့ဘဲ
တခြားလမ်းသစ်ကိုရှာရသည်။
လမ်းတစ်လျှောက်ခြုံများ…သစ်ပင်ငယ်များကိုလည်း
ဓားဖြင့်ခုတ်ထွင်၍ခရီးဆက်ရသည်မလို့
ခရီးကထင်သလောက်ခရီးမပေါက်ပေ။
“အရီး…ကျုပ်တို့က
ဘယ်ထိဆက်သွားရဦးမှာလဲဗျ…”
မောင်တိုးကမေးတော့…
“မလိုတော့ပါဘူး…
ဆက်သွားကြဦး”
ဟုသာဒေါ်နော်ခမ်းကဖြေ၍ မောင်တိုးလည်း
ဆက်အတွန့်တက်ပြီးမမေးရဲပေ။
အချိန်ကလည်းနေ့ခင်းသို့ပင်ရောက်နေလေပြီ…။
နေ၏အပူဒဏ်ကိုတော့တောက ကာကွယ်ပေးထား၏။
“ရှေ့ခဏနားကြတာပေါ့”
ဟု…ဘွားမယ်စိန်ကပြောတော့မှမောင်တိုးနဲ့မောင်အုန်းတို့
ဝမ်းသာသွားကြသည်။
သစ်ပင်ကြီးတစ်ပင်အောက်၌ဝင်ထိုင်ကြပြီး
ဦးကျော်ဆွေတို့ထည့်ပေးလိုက်သော
ထမင်းထုပ်များကိုဖြည်၍စားကြ၏။
ထမင်းစားလို့ပြီးလေတော့မောင်တိုးနဲ့မောင်အုန်းက
သစ်ပင် ပင်စည်ကိုကျောဖြင့်မှီ၍ အနားယူနေကြပြီး
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့ကတော့
စကားပြောနေကြလေသည်။
“အမေကြီး…ငသြကိုဆက်ရှာစရာ
မလိုတော့ဘူးထင်တယ်…”
ဟုပြောပြီးဒေါ်နော်ခမ်းက ကောင်းကင်ကို
လက်ညိုးထိုး၍ပြောလိုက်သည်။
ဘွားမယ်စိန်ကြည့်လိုက်တော့ ပျံဝဲနေသော
လင်းတငှက်သုံးကောင်ကိုတွေ့လိုက်လေသည်။
“ကြည့်ရတာဒင်းမယားတွေထင်ပါရဲ့…
ဒီကိစ္စကပေါ့သေးသေးမဟုတ်လောက်ဘူးအေ့…”
“ကျုပ်လည်းအဲ့သည်လိုပဲထင်တယ်အမေကြီး…
ငသြတစ်ခုခုကြံစည်နေပုံရတယ်…”
ဘွားမယ်စိန်တို့ပြောနေသောစကားများကိုနားထောင်ရင်း
မောင်တိုးနဲ့မောင်အုန်းမှာသစ်ပင်များအထက်ပျံဝဲနေသော
လင်းတငှက်များကိုလှမ်း၍ကြည့်နေကြသည်။
“ကျုပ်တို့ကိုတွေ့သွားပြီ…
ကောင်လေးတွေ…ငါတို့နောက်မှာပဲနေကြ”
ဒေါ်နော်ခမ်းကပြောတော့မောင်တိုးတို့လည်းပြာပြာသလဲထ၍
ဘွားမယ်စိန်တို့အနောက်သို့သွားကြသည်။
လင်းတငှက်သုံးကောင်ကလည်းမြေပေါ်သို့
နိမ့်ဆင်းလာကြ၏။
မြေပြင်ပေါ်သို့ရောက်သည်နှင့်ထဘီအနက်များခြုံထားသော
မိန်းမကြီးသုံးယောက်အဖြစ်ပြောင်းလဲသွားလေသည်။
ခြုံထားသောထဘီများကိုခါး၌သေချာပြန်ဝတ်ကြပြီး…
“ဟဲ့…နင်တို့က ဘယ်သူတွေလဲ”
ဟု…မိန်းမကြီးတစ်ဦးက မေးလေတော့…
“ငါတို့ကိုမမေးနဲ့ နင်လင်ဘယ်မှာလဲသာပြောလိုက်…
ငါတို့ကနင့်လင်ကိုသတ်ဖို့လာကြတာ”
ဟုဒေါ်နော်ခမ်းမှပြောလိုက်တော့ မိန်းမကြီးသုံးယောက်မှာ
သူတို့အားစားတော့ဝါးတော့မတတ်မျက်လုံးကြီးများဖြင့်
စိုက်ကြည့်နေကြသည်။
“ဒါငါတို့လင်ပြောထားတဲ့ကောင်မတွေပဲဖြစ်ရမယ်…
မိလို့ကတော့ရင်ကိုခွဲ အသည်းကိုဆွဲနုတ်ပြီးစားပစ်ဦးမယ်”
ဟုနောက်တစ်ယောက်ကခါးကြီးကိုထောက်၍
ပြောလိုက်သည်။
“ဟားး…ဟားး…ဟားး…ဟားး…ဟားးးးးးးးးးးး
နင်တို့လင်ငသြကိုတောင်ရှင်းပစ်ဖို့လာတဲ့ငါတို့က
နင်တို့လောက်တော့မမှုဘူးဟဲ့…ကဲ…ကြာတယ်…
နင်တို့ဘာအဆင့်ရှိလည်းပြကြစမ်း”
ဒေါ်နော်ခမ်းကလည်းတဟားဟားရယ်မောလိုက်ပြီး
ငသြ၏မယား စုန်းမသုံးယောက်ကိုစိန်ခေါ်လိုက်သည်။
“ဟဲ့ကောင်မတွေနင်တို့စက်တွေထုတ်ပြီးပစ်ကြ”
စုန်းမသုံးကောင်လည်း လည်ပင်းကိုကောင်းကင်ပေါ်သို့
မော့ပြီးပါးစပ်အတွင်းမှစက်များကိုထုတ်တော့သည်။
သူတို့ပါးစပ်မှအရောင်တလက်လက်ဖြင့်ထွက်လာသော
စက်များဖြင့် ဒေါ်နော်ခမ်းတို့ကိုပစ်လေတော့
ဒေါ်နော်ခမ်းကလည်းသူ၏အဖြူရောင်စက်များဖြင့်
ပြန်လည်ခုခံလေသည်။
စုန်းမသုံးယောက်မှာဒေါ်နော်ခမ်း၏စက်များကိုမယှဥ်
နိုင်သဖြင့်အချင်းချင်းမျက်လုံးချင်းဆုံကြည့်ကုန်ကြသည်။
ပြီးနောက်ချက်ချင်းပင်သူတို့၏ စက်များကိုပေါင်းစည်းပြီး
ပစ်ကြပြန်တော့ ဒေါ်နော်ခမ်းကလည်း သူ၏စက်များဖြင့်
ထိန်းထားရပြန်သည်။
စုန်းမတို့၏စက်တန်းနှင့်ဒေါ်နော်ခမ်း၏
အဖြူရောင်စက်တန်းသည် အားပြိုင်ကာတွန်းကန်နေပြီး…
“ဝုန်း…”
“ဘုန်း…”
“အားးး…”
ဟုသောအော်သံများဖြင့်ဒေါ်နော်ခမ်းတင်မက
စုန်းမများပါအဝေးသို့လွင့်စင်ကုန်ကြတော့သည်။
“ဟာ…အရီး…”
မောင်တိုးကဒေါ်နော်ခမ်းက်ိုပြေး၍ထူပေးရှာ၏။
စုန်းမတွေကလည်းအံတကြိတ်ကြိတ်ဖြင့်
မြေပြင်မှကုန်းရုန်းထလာကြသည်။
ပြီးနောက်ဘွားမယ်စိန်နဲ့ဒေါ်နော်ခမ်းကို မကျေမနပ်စိုက်ကြည့်၍
သူတို့၏ထဘီများကိုဖြန့်ကာခေါင်းအထက်သို့ခြုံ၍
လင်းတငှက်ပုံစံသို့ပြောင်းကာ ထွက်ပြေးဖို့ပြင်ကြသည်။
ကောင်းကင်သို့ပျံတက်ဖို့ရန်အားယူနေကြစဥ်…
“ဟဲ့…ကောင်မတွေ…
ငါ့စက်ကိုအရင်မြည်းကြည့်ကြဦးလေဟဲ့”
ဟုဆိုကာ ဘွားမယ်စိန်က သူ၏စက်တန်းကိုထုတ်၍
လင်းတငှက်သုံးကောင်ကိုပစ်လေတော့…
လင်းတငှက်ပုံစံပြောင်းထားသောစုန်းမတို့မှာ
ရှောင်ချိန်ပင်မရလိုက်ဘဲ ဘွားမယ်စိန်၏စက်တန်းထိမှန်ကာ
မြေပေါ်၌အတုန်းအရုန်းလဲကျကုန်တော့သည်။
“သမီး…အဆင်ပြေလား”
“ကျုပ်အဆင်ပြေပါတယ်…”
“အေး…အေး…ဒါဖြင့်လည်းဆက်သွားကြတာပေါ့…
ငသြလည်းသူ့မယားတွေသေတာသိရင်…
ဘွားတို့ကိုမြေလှန်ရှာတော့မှာပဲ…
သူမရှာခင်သူ့ကိုအရင်ရှာကြတာပေါ့အေ”
ဘွားမယ်စိန်ကပြောပြီး ခရီးဆက်ဖို့ပြင်ကြသည်။
မောင်တိုးနဲ့မောင်အုန်းကတော့
သေဆုံးနေသောစုန်းမတွေကိုကြည့်ရင်း
လွယ်အိတ်ကိုသေချာလွယ်၍
ရှေ့ဆုံးမှထွက်လာကြတော့သည်။
အတော်လေးလမ်းလျှောက်လာကြရင်း…
“ဘွား…ရှေ့နားမှာတဲအိမ်တွေတွေ့တယ်…”
“ဟုတ်လား…ဒါဆိုရင်တော့ရောက်ပြီထင်တယ်”
“အခြေအနေကိုတစ်ချက်ကြည့်ကြည့်ကြရအောင်အမေကြီး…”
“အေး…အေး…အေး”
မလှမ်းမကမ်းမှမြင်နေရသောတဲအိမ်နှစ်လုံးသည်
ဘွားမယ်စိန်တို့ကိုကျောပေးအနေအထားဖြင့်ရှိလေသည်။
လူသံဟူ၍မကြားရဘဲအသံများ တိတ်ဆိတ်လွန်းနေခဲ့၏။
“ဟော…ဟိုမှာလူတစ်ယောက်ဗျ”
မောင်တိုးကအသံတိုးတိုးဖြင့်ပြောလိုက်သည်။
မောင်တိုးပြောသည့်အတိုင်းပင် တဲများနှင့်မလှမ်းမကမ်းသစ်ပင်အောက်တွင် လူတစ်ယောက်လက်တစ်ဖက်က
ဓားတိုတစ်လက်ကိုကိုင်ထားပြီးကျန်လက်တစ်ဖက်က
ယုန်ဖြူလေးတစ်ကောင်ကိုကောင်ထားသည်ကို
မြင်လိုက်ကြရ၏။
ထိုလူကယုန်ဖြူလေး၏လည်ပင်းကို
ဓားတိုဖြင့်လှီးဖြတ်နေခဲ့ပြီး ယုန်လေးမှာထိုလူ့လက်ထဲ၌
အသက်ငင်ကာရုန်းကန်နေရှာ၏။
ယုန်လေး၏လည်ပင်းမှထွက်လာသောသွေးများကို
ခွက်တစ်ခုဖြင့်ခံထားလေသည်။
ယုန်လေးလည်းအသက်မဲ့သွားသည်နှင့်
ထိုခွက်ထဲရှိသွေးများကို မော့ကာသောက်နေပြန်သည်။
“ဒီလူကငသြပဲ ဖြစ်ရမယ်”
ဒေါ်နော်ခမ်းကပြောလိုက်တော့ဘွားမယ်စိန်က
ခေါင်းညိတ်လိုက်သည်။
“ကြည့်ရတာသူ့မိန်းမတွေသေတာသိပုံမရသေးဘူး”
ဟုမောင်တိုးကပြောချိန်
“ရှုး…ဟိုမှာလှမ်းကြည့်နေပြီ”
ဟုမောင်အုန်းကသတိပေးလိုက်၏။
ငသြ ကလည်းဘွားမယ်စိန်တို့ရှိရာသို့
စ်ိုက်ကြည့်နေသည်။
သို့သော်မြင်ဟန်မတူဘဲ သူ၏ ယုန်သေကို
ယူပြီးတဲအိမ်အတွင်းသို့ပြန်ဝင်သွားလေသည်။
ငသြ ဝင်သွားလေတော့…
“ဘွား…ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
မောင်တိုးကမေးတော့…
“အရင်ဆုံးကောင်မလေးရဲ့ဝိညာဥ်ဝင်နေတဲ့
မျောက်ကိုအရင်ရှာရမယ်…”
“ဘယ်လိုရှာရမှာလဲဘွာ”
“ဟော…ဟိုမှာ…ဟိုမှာမျောက်လေးတစ်ကောင်ဗျ”
မောင်တိုးကမေးနေစဥ်ပင်မောင်အုန်းက
လက်ညိုးထိုးပြီးပြောလေသည်။
မောင်အုန်းညွှန်ပြရာကိုကြည့်လိုက်တော့
တဲနံဘေး၌ ကြိုးတန်းလန်းဖြင့်ရှိနေသော
မျောက်ကလေးတစ်ကောင်ကိုတွေ့လိုက်ကြလေသည်။
“ဒီလိုဆိုရင်တော့ အခြေအနေကိုကြည့်ပြီးသွားကြတာပေါ့…
မောင်ရင်တို့ကတော့ဒီနားမှာနေခဲ့ကြပါ…
ဘွားတို့နှစ်ယောက်နဲ့ အဲ့သည်ငသြ ဆိုတဲ့ကောင်
ထိပ်တိုက်တွေ့နေချိန်ကြရင်တော့
မောင်ရင်တို့ဘက်ကမျောက်ကလေးကိုရအောင်ကယ်ကြပါ…”
“ဟုတ်ကဲ့ဘွား”
“ကဲ…သမီး…အဆင်သင့်ဖြစ်ပြီလား”
“သွားကြတာပေါ့အမေကြီး…”
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတ်ို့လည်း
ငသြကိုရှင်းလင်းဖို့ရန် ထွက်သွားကြတော့၏။
ဇာတ်သိမ်းပိုင်း
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့နှစ်ယောက်
ငသြနေထိုင်သော တဲရှေ့ဆီသို့သွားနေစဥ်
မောင်တိုးနဲ့မောင်အုန်းတို့မှာရင်တထိတ်ထိတ်ဖြင့်
ကြည့်နေကြရသည်။
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့ တဲအိမ်ရှေ့သို့
ရောက်သောအခါ…
“ဟဲ့…ငသြဆိုတဲ့အကောင်…
အခုထွက်ခဲ့စမ်း…
နင့်ကိုအပြတ်ရှင်းဖို့ငါတို့ရောက်လာပြီဟဲ့”
ဟု…ဒေါ်နော်ခမ်းကတဲအိမ်အတွင်းကိုကြည့်၍
အော်ခေါ်လိုက်သည်။
ဘွားမယ်စိန်ကတော့တောင်ဝှေးကြီးကိုထောက်၍
ပတ်ဝန်းကျင်ကိုသေချာ စူးစမ်းနေ၏။
“ဝီး….”
“သမီးရှောင်လိုက်”
“ဖောင်း…”
တဝီဝီမြည်သံနှင့်အတူ တဲအိမ်အတွင်းဆီမှ
ဓားတိုတစ်ချောင်းသည်
ဒေါ်နော်ခမ်းဆီသို့ဦးတည်ဝင်ရောက်လာခဲ့၏။
ဘွားမယ်စိန်အသံကြောင့်ဒေါ်နော်ခမ်းလည်း
ကိုယ်ကိုတစ်ပတ်လှည့်၍ရှောင်လိုက်လေရာ ဓားသည်
ဝါးရုံပင်မှဝါးတစ်လုံးကို ဖောင်းခနဲမြည်ကာ
ထိုးဖောက်၍သွားလေသည်။
“ဟားးး…ဟားး…ဟားး…ဟားးး…ဟားးး….ဟားးးးး”
ဟုသောရယ်သံနှင့်အတူတဲအတွင်းမှ ငသြဆိုသည့်
လူထွက်လာခဲ့၏။
“လာမှလာပါ့မလားလို့ဗျာ…
စောင့်လိုက်ရတာအတော်ကြာတာပဲဗျ”
ဟု…ငသြက ဘွားမယ်စိန်တို့ကိုကြည့်ကာပြောလိုက်သည်။
“ငသြဆိုတာနင်လား”
ဘွားမယ်စိန်ကမေးလိုက်တော့ ငသြသည်
သူ့ကိုယ်သူလက်ညိုးထိုး၍…
“ငသွ…ဟုတျလား…ဟား…ဟားး…ဟားးး…ဟားးး…
ဟားးးး…..ကျုပ်နာမည်အပြည့်အစုံကိုတောင်သိနေတာပဲ…
တယ်တော်တဲ့အမယ်အိုပါလားဗျ”
“ဟဲ့အကောင်…နင်ဘာတွေကြံစည်နေတာလဲ…
ကောင်မလေးကိုဘန်းပြပြီးငါတို့ကိုဒီအထိရောက်အောင်
ခေါ်နိုင်တာနင်အတော်ညဏ်များတဲ့ကဝေပါလား…”
“အောင်မလေး….လေး…
ကျုပ်ညဏ်များတာမဟုတ်ရပါဘူးဗျာ…
တကယ်တော့ကျုပ်က ညဏ်ထက်တာပါခင်ဗျ…
အဲ့သည်လိုကြံမှစုန်းဖြူမတွေရဲ့အသည်းကို
ကျုပ်ရမှာပေါ့…မဟုတ်ပေဘူးလား…”
“နင့်အကြံအောင်လား…မအောင်လား…
စမ်းကြည့်လိုက်လေ…နော်ခမ်းတဲ့ဟဲ့…
နင်လိုအကောင်မျိုးတွေ ငါ့ခြေဖဝါးအောက်မှာ
သေခဲ့ရတာမနည်းမနောပဲ ငသြရဲ့”
“ကြွယ်လိုက်တဲ့စကားဗျာ…
လုပ်စမ်းပါဦး…ဒီလိုဆိုရင်လည်း
ပညာချင်းပြိုင်ကြတာပေါ့…”
“နင့်မယားတွေတော့ငါတို့လက်နဲ့သေခဲ့ရပြီ…
ဒီတစ်ခါနင့်အလှည့်ပေါ့လေ…”
“ဒင်းတို့ပညာကနုလို့သာ ခင်ဗျားတို့နိုင်ခဲ့တာပါ…
ကျုပ်ကိုတော့နိုင်မလားလို့ စမ်းကြည့်လိုက်လေ…”
ဟု…ငသြ ကပြောလိုက်ပြီးချက်ချင်းကိုယ်ကို
တစ်ပတ်ဝေ့ရမ်းလိုက်သည်။
ကိုယ်ကိုတစ်ပတ်ဝေ့ရမ်းလိုက်ပြီးနောက်ချက်ချင်းပင်
ကျားတစ်ကောင်အသွင်သို့ပြောင်းသွားလေသည်။
“ဝေါင်း…”
ကျားဝါကြီး၏ဟိန်းသံကတောတစ်ခုလုံးကို
လွှမ်းမိုးသွားသည်။
“အမယ်…ဒင်းပညာလောက်နဲ့များ…
ကဲ…သမီးရေ ဂုတ်ကနေခဲပြီးအပြတ်ရှင်းပစ်ပေတော့”
“ဟုတ်ကဲ့အမေကြီး”
ဒေါ်နော်ခမ်းကလည်းချက်ချင်းပင် နှုတ်မှ
ဂါထာရွတ်ဆိုလိုက်သည်။
ဒေါ်နော်ခမ်းသည်လည်း
တစ်ဏခအတွင်းကျားဖြူကြီးအသွင်ပြောင်းသွားခဲ့ပြီး
ကျားဝါကြီးနှင့်အပြိုင် ဟိန်းသံပေးလို့နေခဲ့၏။
ကျားနှစ်ကောင်သည်တစ်ကောင်နဲ့တစ်ကောင်
ခုန်အုပ်တော့မည်ကဲ့သို့ မာန်ဖီနေကြသည်။
“ဝေါင်း…”
ထိုစဥျ…
ကျားဝါကြီးက ကျားဖြူအပေါ်သို့ခုန်အုပ်လေသည်။
ကျားဖြူကလည်းခုန်၍ရှောင်လိုက်၏။
ကျားဝါ ကထပ်မံကာခုန်အုပ်ပြီး ကျားဖြူကြီးကိုသူ၏ရှည်လျားသော လက်သည်းကြီးဖြင့်ကုပ်ဖို့ရန်
လက်အရွယ်ကျားဖြူကလည်းသူ၏ကိုယ်လုံးကို
ခါရမ်း၍ကျားဝါကြီးအား ခါချပစ်လိုက်သည်။
ကျားဖြူနဲ့ကျားဝါ လုံးထွေးသတ်နေကြပြီးနောက်
ကျားဝါကရုတ်တရက်နေရာမှပျောက်သွားလေသည်။
ကျားဖြူသည် ကျားဝါကိုရှာဖွေပါသော်လည်း
မတွေ့သည့်အဆုံး လူအသွင်သို့ပြန်ပြောင်းလိုက်တော့၏။
“အမေကြီး…ဒီအကောင်ထွက်ပြေးပြီထင်တယ်…”
“မပြေးဘူးသမီး…သူဒီအနီးတစ်ဝိုက်မှာပဲ
ရှိနေသေးတယ်…သတိနဲ့နေကွဲ့…”
ဘွားမယ်စိန်နဲ့ဒေါ်နော်ခမ်းတို့လည်း
ပျောက်ကွယ်သွားသော
ငသြကြောင့်သတိဖြင့်နေကြရသည်။
“ဝီး…”
ပျံဝဲလာသောဓားတစ်ချောင်းကြောင့်ဘွားမယ်စိန်က
သူ၏တောင်ဝှေးဖြင့်ထိုဓားကိုရိုက်ချလိုက်လေရာ
ဓားမှာမြေပေါ်သို့လွှင့်စင်ကာကျသွားလေသည်။
ဓားလာရာကိုကြည့်တော့ တဲ၏အမိုးပေါ်၌ ထိုင်လျှက်ရှိသော
ငသြကို တွေ့လိုက်ကြရသည်။
“အချိန်မဆွဲနဲ့ ငသြ…
နင့်စက်တွေထုတ်ပြီးတိုက်စမ်း”
ဟု…ဒေါ်နော်ခမ်းကပြောပြီးသူ၏အဖြူရောင်စက်များကိုထုတ်၍ ငသြဆီကိုပစ်ခွင်းလေသည်။
ငသြကလည်းသူ၏စက်တန်းများဖြင့် ပြန်လည်ခုခံ၏။
ဒေါ်နော်ခမ်းနှင့်ငသြတို့၏စက်တန်းများအပြိုင်အဆိုင်ပစ်ခွင်းနေကြစဥ် ဘွားမယ်စိန်က ဘေးဖယ်ကာကြည့်နေခဲ့သည်။
“ဝုန်း…”
“ဘုန်း”
“အ…”
ငသြ၏စက်တန်းကိုဒေါ်နော်ခမ်းတစ်ယောက်
မရှောင်တိမ်းနိုင်ခဲ့ဘဲ ထိမှန်သွားခဲ့သည်။
မြေပေါ်သို့မှောက်လျှက်လဲကျသွားသော်လည်း
ဒေါ်နော်ခမ်းသည်
သူ၏ရင်ဘက်ကိုလက်ဖြင့်ဖိ၍ ပြန်ထလိုက်၏။
ထိုစဥ်မောင်တိုးနဲ့မောင်အုန်းတို့ကမျောက်ကလေးကို
ခေါ်ပြေးဖို့လုပ်နေကြသည်ကို ငသြ ကမြင်သွားပြီး
မောင်တိုးတို့ဆီသို့သူ၏စက်တန်းများဖြင်ပစ်လေတော့သည်။
ဘွားမယ်စိန်ကလည်း လျင်မြန်စွာပင်ထိုစက်တန်းများကို
သူ၏တောင်ဝှေးဖြင့်ကာဆီးပေး၏။
ဘွားမယ်စိန်ကြောင့်မောင်တိုးနဲ့မောင်အုန်းတို့မှာမျောက်ကလေးကို ခေါ်၍ခပ်ဝေးဝေးသို့ပြေးထွက်သွားနိုင်ခဲ့သည်။
ငသြက ဘွားမယ်စိန်ဆီသို့စက်တန်းများလွှတ်ထားလေရာ
ဒေါ်နော်ခမ်းကလည်းသူ၏စက်တန်းကိုပြန်ထုတ်၍
ငသြဆီကိုပစ်လေတော့ ငသြတစ်ယောက် ဒေါ်နော်ခမ်း၏စက်တန်းကိုပါ ပြန်လည်ခုခံနေရ၏။
ဘွားမယ်စိန်ကလည်းသူ၏တောင်ဝှေးဖြင့်ခုခံထားသော
ငသြ၏စက်တန်းကို…
“ကဲ…ရော့ဟေ့…”
ဟု… အော်၍ တောင်ဝှေးဖြင့်ဆောင့်တွန်းလိုက်ရာ
ငသြ၏စက်တန်းမှာ ငသြထဲသို့တန်းမတ်စွာ
ပြန်ဝင်သွားလေသည်။
“ဟာ…”
“ဝုန်း…”
“အားးး…”
သူ၏စက်တန်းတင်မကဒေါ်နော်ခမ်း၏စက်တန်းပါထိမှန်သွားသော ငသြမှာ တဲအမိုးပေါ်မှ ပြုတ်ကျပြီး
အဝေးသို့လွှင့်ထွက်သွားလေသည်။
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့ကလည်း
ငသြရှိရာဆီသို့လိုက်သွားကြ၏။
ငသြက ပါးစပ်မှသွေးများယိုစီးနေပါသော်လည်း
နေရာမှအားယူကာထရပ်လေသည်။
ပြီးနောက် သူ၏ပါးစပ်မှဂါထာတစ်ပုဒ်ကိုကျယ်လောင်စွာရွတ်ဆိုလိုက်သည်။
ငသြ ဂါထာရွှတ်နေစဥ် ငြိမ်သက်နေသောတောသည်
လေများတဝေါဝေါတိုက်လို့လာခဲ့၏။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း အမှောင်ထုကြီး
ကျရောက်လာခဲ့သည်။
“သမီးနော်ခမ်း…ငသြက မကောင်းဆိုးဝါးတွေကိုခေါ်နေပြီ…
ဘွားကိုယ်တိုင်ဦးဆောင်မယ်…
သမီးလည်းသတိနဲ့တိုက်ခိုက်ပါ…”
ဟုဘွားမယ်စိန်က ဒေါ်နော်ခမ်းကိုသတိပေးလိုက်သည်။
ဘွားမယ်စိန်ပြောသည့်အတိုင်းပင်
အမှောင်ထုထဲ၌ မျက်လုံးရဲရဲကြီးများဖြင့်
အရွယ်အစားစုံလင်သော
အကောင်ကြီးများထွက်လာခဲ့သည်။
“မဆိုင်တဲ့အကောင်တွေ ဘေးကိုဖယ်ထား…
ငါမယ်စိန်တဲ့ဟဲ့…”
ဟုဆိုကာဘွားမယ်စ်ိန်ကနှုတ်မှ
ဂါထာတစ်ပုဒ်ကိုရွတ်ဆိုလေသည်။
ဂါထာရွှတ်ဆိုနေစဥ် မည်းမည်းကောင်ကြီးများက
နောက်သို့ဆုတ်ခွာသွားကြ၏။
သို့သော်ဂါထာဆုံးသည်နှင့်ဘွားမယ်စိန်လည်း သူ၏
တောင်ဝှေးကြီးကိုမြေပေါ်သို့အားအပြည့်ဖြင့်
ဆောင့်ချလိုက်လေရာ…
“ဝုန်းးး….”
ခနဲမြည်သံကြီးနှင့်အတူ မည်းမည်း
အကောင်ကြီးများလွှင့်ထွက်ကုန်ကြသည်။
အကောင်ကြီးများပျောက်ကွယ်သွားသည်နှင့်
ပတ်ဝန်းကျင်တစ်ခုလုံးပြန်လည်လင်းလာခဲ့သည်။
ငသြကတော့အတော်လေးသွေးပျက်နေဟန်ရသည်။
ဘွားမယ်စိန်ကိုလည်းကြောက်လန့်သွားဟန်ဖြင့်
ထွက်ပြေးဖို့ပြင်နေစဥ်…
ဘွားမယ်စိန်သည် အနီးရှိကြိုးတစ်ချောင်းကိုကောက်ယူပြီး
မန်းမှုတ်လိုက်လေရာကြိုးမှာမြွေဟောက်ကြီးတစ်ကောင်အသွင်ပြောင်းပြီး ငသြ၏အနောက်သို့လိုက်လေတော့သည်။
“အမယ်လေး…ကျုပ်မလုပ်ရဲတော့ပါဘူးဗျ…
ကျုပ်အသက်ကိုတော့…ချမ်းသာပေးပါ…”
ဟု…အော်ဟစ်ပြေးလွှားနေခဲ့သည်။
မြွေဟောက်ကြီးကလည်းငသြကိုအမှီလိုက်၍
ငသြ၏ခြေထောက်ကိုပေါက်ချလိုက်လေရာ
ငသြမှာပြေးရင်းပင်မြေပေါ်သို့ခွေခနဲလဲကျသွားတော့၏။
ငသြပါးစပ်မှအမြုပ်များထလာပြီး…
သူ၏နှုတ်မှဂါထာများကိုအားယူကာရွှတ်သော်လည်း
အရာမထင်ဘဲ ခဏအကြာမှာပင်အသက်ထွက်သွားခဲ့သည်။
ကြိုးမှ မြွေဟောက်အသွင်ပြောင်းသွားသော
မြွေဟောက်ကြီးမှာလည်း ငသြ၏ခြေရင်း၌
ကြိုးတစ်ချောင်းအဖြစ်ပြန်လည်ပြောင်းလဲသွားတော့သည်။
“အမေကြီး…ဒင်းအသက်မရှိတော့ဘူး”
“သူ့ထိုက်နဲ့သူ့ကံပဲပေါ့သမီးရယ်…”
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းမှာလည်း ငသြနဲ့တိုက်ရတာ
အားကုန်၍ ငသြအလောင်းနှင့်မလှမ်းမကမ်း၌ထိုင်နေကြတော့သည်။
ငသြ သေသွားပြီးဆိုသည်နှင့်
မောင်တိုးတို့ကလည်းဘွားမယ်စိန်တို့၏
အနီးသို့ရောက်လာခဲ့ကြသည်။
“ဘွား…ဟောသည်မှာ”
မောင်တိုးကမျောက်ကလေးကို
ဘွားမယ်စိန်ဆီသို့ပေးလိုက်သည်။
မျောက်ကလေးကလည်းဘွားမယ်စိန်၏ခြေထောက်ကို
ဖက်၍ငြိမ်သက်နေပြန်၏။
“သမီးရေ…ဒီကလေးမလေးကိုတော့
သူခန္ဓာကိုယ်ဆီရောက်မှ
ဝိညာဥ်ပြန်လဲပေးရမှာပဲ…”
“ဟူးးး…တော်ပါသေးရဲ့အမေကြီးရယ်…
ကျုပ်တစ်ယောက်ထဲသာဆိုရင်ဒီအကောင့်ကို
နိုင်မှာမဟုတ်ဘူး…”
“သူကလည်းပညာအတော်စုံပုံရပါတယ်…
ဒါပေမယ့်မကောင်းတဲ့လမ်းကိုလိုက်သ၍ကတော့
အရှုံးဆိုတာကြုံရမှာပဲလေ…”
“ဒါပေါ့ ဘွားရဲ့…
ဘွားတို့တိုက်နေတာမြင်တော့ကျုပ်တို့မှာရင်တဒိတ်ဒိတ်နဲ့
ကြည့်နေရတာ..အစောက ကျုပ်တို့ကိုဘွားသာမကယ်ရင်
အခုဆိုကျုပ်တို့လည်းမသာပေါ်နေလောက်ပြီဗျ”
“ဟုတ်ပါ့ဗျာ…”
မောင်တိုးစကားကိုမောင်အုန်းကလည်း
ထောက်ခံရှာသည်။
“ကဲ…ဘွားတို့အားလုံး
ဒီနေ့တော့ဒီနေရာမှာပဲတစ်ညအိပ်တာပေါ့…
မနက်ဖြန်ကျရင်တော့ လာရာလမ်းအတိုင်း
ပြန်ကြတာပေါ့ကွယ်…”
ဟုဘွားမယ်စိန်မှပြောလိုက်သည်။
သေဆုံးနေသောငသြ၏အလောင်းကိုတော့
မောင်တိုးနဲ့မောင်အုန်းကမီးရှို့ပေးကြရ၏။
ထိုတစ်ညလုံးလည်းငသြ၏တဲ၌ဝင်မအိပ်ကြဘဲ
အပြင်၌သာမီးမွှေးပြီး ငှက်ပျောဖက်ခင်း၍အိပ်ကြလေသည်။
မနက်မိုးလင်းသည်နှင့် တောမှပြန်ထွက်လာခဲ့ကြ၏။
အသွားကကဲ့သို့မည်သည့်အနှောက်အယှက်မှမရှိတော့ဘဲ
တောသည်သူ၏ပင်ကိုယ်ပကတိအတိုင်းဖြစ်နေ၍
မောင်တိုးနဲ့မောင်အုန်းတို့မှာသွားလာရအဆင်ပြေသဖြင့်
ဝမ်းသာနေကြသည်။
တောစပ်ဆီသို့ပြန်ရောက်လာကြတော့…
“ဟာ…ဆရာမတို့ ပြန်လာကြပြီ”
သူဌေးဦးကျော်ဆွေ၏တပည့်က ဘွားမယ်စိန်တို့ကိုမြင်တော့
ဝမ်းသာအားရကြိုဆိုရှာသည်။
“သူဌေးသိရင်အတော်ဝမ်းသာနေမှာဗျ…
တက်ကြပါ…ကျုပ်လိုက်ပို့ပါ့မယ်”
ဟုဆိုကာလှည်းဖြင့်သူဌေးဦးကျော်ဆွေ၏နေအိမ်သို့
ပို့ပေးလေသည်။
သူဌေးဦးကျော်ဆွေနှင့်ဒေါ်စိုးမမတို့ကလည်း
ဘွားမယ်စိန်တို့ပြန်လာတာမြင်တော့
ဝမ်းသာအားရဖြင့်ထွက်လာကြ၏။
“ဆရာမတို့ပြန်ရောက်လာကြပြီပဲ…
ဘယ့်နှယ့်လဲဗျ…အဆင်ပြေခဲ့ကြရဲ့လားဆရာမ”
ဟု…သူဌေးဦးကျော်ဆွေမှမေးလေသည်။
“ဒီမှာလေ”
ဒေါ်နော်ခမ်းကမောင်အုန်း၏ပုခုံးပေါ်၌ထိုင်လျှက်
လိုက်ပါလာသောမျောက်ကလေးကို ပြလိုက်သည်။
“ဒါ…ဒါ….ကျုပ်သမီးလေး…”
ဟု…မျောက်ကလေးကိုကြည့်၍ဦးကျော်ဆွေမှာ
စကားပင်ဆက်မပြောနိုင်ဘဲ ဝမ်းသာလုံးဆို့ကာ
မျက်ရည်များပင်ပါးအထက်၌ကျဆင်းနေခဲ့သည်။
“အတိုချုံးပြောရရင်တော့
ကျုပ်တို့ဦးကျော်ဆွေသမီးကိုကယ်နိုင်ခဲ့ပါပြီ”
“ဝမ်းသာလိုက်တာဗျာ…
မိန်းမမင်းကြားတယ်နော်…
ငါတို့သမီးလေးကိုပြန်ရတော့မယ်ကွ”
ဟု…ဒေါ်စိုးမမကိုပြောလိုက်တော့ဒေါ်စိုးမမ မှာလည်း
မျက်ရည်များဖြင့်ပြုံး၍နေခဲ့သည်။
“ကဲ…ဆရာမတို့လည်းပင်ပန်းလာကြမှာပဲ…
အရင်နားကြပါဦးဗျာ…ပြောစရာရှိတာတော့
နားပြီးမှပဲဆက်ပြောကြတာပေါ့”
ဦးကျော်ဆွေစကားအတိုင်းဘွားမယ်စိန်တို့လည်း
နေ့ခင်းစာစားပြီး အနားယူကြသည်။
ညနေသို့ရောက်မှဦးကျော်ဆွေ၏ဧည့်ခန်း၌ ပြန်လည်
ထိုင်ကြပြီး တောတွင်း၌ဖြစ်ပျက်ခဲ့သမျှကိုဒေါ်နော်ခမ်းမှ
ပြန်လည်ပြောလေသည်။
ဒေါ်နော်ခမ်းပြောသမျှကိုနားထောင်ရင်း
ဦးကျော်ဆွေတို့မှာ အတော်လေးအံ့သြသွားကြ၏။
“ကျုပ်သမီးလေးအတွက်အခုလိုအသက်နဲ့ရင်းပြီး
ကူညီပေးကြတဲ့ဆရာမတို့ကျေးဇူးကို
ကျုပ်တို့ဘယ်လိုဆပ်ရမလဲဗျာ…
ပြောပါ…ဆရာမတို့အလိုရှိရာကိုသာပြောကြပါဗျာ…
ကျုပ်တို့ဖြည့်ဆည်းပေးပါ့မယ်”
“ဘွားတို့အတွက်ဘာမှမလိုအပ်ပါဘူးကွယ်…
ပြီးတော့…ကောင်မလေးဝိညာဥ်ကို
ဒီညပဲ သူ့ခန္ဓာကိုယ်ထဲပြန်ပြီးပြောင်းပေးပါ့မယ်…”
“ဟုတ်ကဲ့အမေကြီး…အမေကြီးတို့က
ကျုပ်တို့မိသားစုအတွက်တော့ကျေးဇူးရှင်တွေပါဗျာ…
အမေကြီးတို့ကြိုက်သလိုစီစဥ်နိုင်ပါတယ်…”
ဦးကျော်ဆွေစကားကို ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။
ထိုနေ့ညမှာပင် မျောက်ကိုယ်ထဲရောက်နေသော
လှလှဆွေ၏ဝိညာဥ်ကိုသူ၏ကိုယ်ထဲသို့
ဘွားမယ်စိန်ကိုယ်တိုင် ပြန်ထည့်ပေးခဲ့၏။
“အမေ…အဖေ…”
“သမီး…”
သူ၏ခန္ဓာကိုယ်အတွင်းသို့လှလှဆွေ၏ဝိညာဥ်ပြန်လည်ရောက်ရှိသွားပြီးနောက် သူ၏မိဘများကိုကြည့်၍
လှလှဆွေချုံးပွဲချငိုလေတော့သည်။
“သမီးကြောက်လိုက်တာအမေရယ်…
အီးးးးးးဟီးးးးးးးဟီးးးးးးးးးးးးးးးး”
ဟုငိုလေတော့ မိခင်ဖြစ်သူဒေါ်စိုးမမသည်…
“သမီးလေးရယ်…”
ဟုပြန်လည်ပွေ့ဖက်ကာငိုလေသည်။
ဦးကျော်ဆွေမှာလည်းဝမ်းသာမျက်ရည်များကျနေရှာ၏။
ဦးကျော်ဆွေတို့မိသားစုကိုကြည့်ပြီး
မောင်တိုးနဲ့မောင်အုန်းမှာလည်း
မျက်ရည်များပင်ကျနေလေသည်။
“ကဲ…သမီး…သမီးရဲ့ကျေးဇူးရှင်အမေကြီးနဲ့
ဆရာမတို့ကိုကန်တော့လိုက်ပါဦး…
သူတို့ကြောင့်သာသမီးလေးအခုလို အဖေတို့နဲ့ပြန်တွေ့နိုင်တာ”
“ဟုတ်ကဲ့အဖေ…”
လှလှဆွေကလည်းမျက်ရည်များသုတ်၍
ဘွားမယ်စိန်တို့ကိုကန်တော့လေသည်။
“အခုလိုသမီးကိုကယ်ပေးခဲ့တဲ့အတွက်
အမေကြီးတို့ကိုကျေးဇူးတင်ပါတယ်ရှင်…”
လှလှဆွေလည်း နဂိုအတိုင်းပြန်လည်
ကောင်းမွန်သွားပြီဖြစ်၍ ထိုသတင်းကိုကြားရသူများမှာလည်းအတော်လေးဝမ်းသာနေကြသည်။
ဦးကျော်ဆွေကဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့ကို…
“အမေကြီးတို့သာနေမယ်ဆိုရင်ကျုပ်အိမ်မှာ
တစ်သက်လုံးနေနိုင်ပါတယ်…ကျုပ်တို့ဘက်ကလည်း
ဝတ်ကြီးဝတ်ငယ်ပြုစုပေးဖို့ အသင့်ပါပဲဗျာ…”
ဟုပြောလေတော့…
“အဲ့သည်လောက်ထိမလိုပါဘူးကွယ်…
ဘွားတို့ဘက်ကလည်းကူညီထိုက်သူမလို့
ကူညီပေးခဲ့တဲ့သဘောပါပဲ…
ဒီလိုကူညီပေးခဲ့တဲ့အတွက်လည်းကိုယ့်ကိုကိုယ်
ကျေးဇူးရှင်တွေပါလို့အခေါ်မခံချင်ပါဘူး…
ရေစက်ရှိလို့ဆုံကြတယ်…
ရေစက်ရှိလို့ကူညီကြတယ်… ဒီလိုပဲသတ်မှတ်ထားပါတယ်”
ဟု…ဘွားမယ်စိန်ကပြောတော့ဦးကျော်ဆွေတို့လည်း
ခေါင်းညိတ်လက်ခံကြသည်။
ဘွားမယ်စိန်တို့ဘက်ကမည်သည့်ငွေကြေးမှလက်မခံ၍
ဒေါ်စိုးမမကလည်းဘွားမယ်စိန်တို့အတွက်
ထဘီနှင့်အဝတ်အစားများဝယ်ပေးလေသည်။
ဘွားမယ်စိန်တို့အပြင်မောင်တိုးနဲ့မောင်အုန်းကိုပါ
လိုအပ်တာဟူသမျှဝယ်ပေးကြပြီး
ရွာသို့ပြန်တော့လည်း ဘွားမယ်စိန်တို့အတွက်
ဆန်၊ဆီ၊ဆားများကိုလှည်းတစ်စီးဖြင့်
အပြည့်ထည့်ပေးလိုက်လေသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်နှင့်လူခန္ဓာနဲ့မျောက်ဝိညာဥ်
ဆိုသောစာမူလေးပြီးဆုံးသွားပါပြီ။
ယဥ်မင်း(ကန့်ဘလူ)