နွေရာသီသည်ပူပြင်း​ခြောက်သွေ့လွန်းလှ၏။

အညာဒေသပေမို့ နေကပူပူ ဖုန်ကတထောင်းထောင်းဖြင့်
နွေရာသီ၏ သရုပ်ကိုပီပြင်စွာဖော်ပြနေခဲ့သည်။
မန်ကျည်းပင်အရိပ်ကိုသာအားပြု၍ အပူဒဏ်ခိုအောင်းကြသည်မှာလည်းအညာသူ အညာသားတို့၏ နေထိုင်မှုတစ်ခုပင်။
မန်းကျည်းပင်တို့သည် အရိပ်အာဝသကောင်းကိုပေးစွမ်းယုံသာမက အရွက်သည်လည်းကောင်း…အသီးသည်လည်းကောင်း ရွာသူရွာသားတို့အတွက်အသုံးဝင်လှပေသည်။

“အို…နေကလည်းပူလိုက်တာလွန်ပါရောလားဟဲ့…”

“ပူတာတော့ပြောမနေနဲ့တော်ရေ့…
လာ လာ…အရိပ်မှာလာထိုင်လေ”

သောင်ထွန်းရွာရှိ အရီးလေးခင်ချိုတို့ဝိုင်းတွင်ရွာရှိအမျိုးသမီးကြီး
များရောက်ရှိနေကြသည်။
အကြောင်းသည်က အရီးလေးခင်ချိုတို့ဝိုင်းထဲရှိမန်ကျည်းပင်အရိပ်အောက်၌ အပူရှောင်နေကြခြင်းပင်။
အပူရှောင်လာကြသော်လည်း ခွဲစရာမြေပဲတောင့်ဗန်းများနှင့် စကားကလည်းပြော လက်ကလည်း မြေပဲတောင့်များခွဲဖြင့်အဆင်ပြေ၍နေကြသည်။

“အရီးလေးခင်ချို…တော့်တူမ ခင်မှုံ ရွာကိုပြန်မလာသေးဘူးလား”

ရွာသူတစ်ယောက်ကအမေးအား အရီးလေးခင်ချိုက…

“လာမှာကွဲ့…အရီးတူမက မြို့မှာသူချုပ်ထားတဲ့ယက္ကန်းထည်လေးတွေရောင်းရင်း သူငယ်ချင်းမတွေနဲ့ဘုရားဝင်ဖူးနေကြတာမို့
ကြာနေလေရဲ့ကွယ်”

“သြော်…ရွာမြောက်ပိုင်းကမိကျင်တို့ အုပ်စုနဲ့သွားတာပေါ့လေ”

“ဟုတ်ပါ့အေ…အဖော်ကောင်းတော့ကြာနေလေရဲ့”

အရီးလေးခင်ချိုသည်အပျိုကြီးတစ်ယောက်ဖြစ်၏။
မိဘများမရှိရှာတော့သော ခင်မှုံအားငယ်စဥ်ကတည်းကမိဘကဲ့သို့ပြုစုကျွေးမွေးရင်း အချိန်ကုန်မှန်းမသိကုန်ဆုံးလာသူပင်။
တူမဖြစ်သူ ခင်မှုံသည်ကား အနေအေး၏။
ယက္ကန်းယက်ရင်းဖြင့်သာ အဒေါ်ဖြစ်သူ အရီးလေးခင်ချိုအား လုပ်ကိုင်ကျွေးမွေးရှာသည်။
ခင်မှုံသည်အသက်အားဖြင့် နှစ်ဆယ့်ငါးနှစ်အရွယ်ရှိလေပြီ။
ပိုးပန်းကြသောရွာကာလသားများရှိသော်လည်း မည်သူ့ကိုမှအရေးမပေးဘဲ အဒေါ်ဖြစ်သူကိုသာ ခင်တွယ်၍နေရှာသည်။

“အရီးရေ…အရီး…”

“ဝေ့…အရီးခြံနောက်မှာကွဲ့…သမီးခင်မှုံပြန်လာပြီလား”

“ပြန်ရောက်ပြီအရီးရေ…”

“အေး…အေး…နားဦးသမီးရေ နားဦး”

“ဟုတ်ကဲ့”

ခင်မှုံတစ်ယောက်အထုပ်များကိုချရင်းတဲအတွင်း၌ ထိုင်နေလေသည်။
ပြန်ရောက်လာသော်လည်းခင်မှုံမျက်နှာသည်ကားမရွင်မပြ။
ခရီးပန်းခြင်းကြောင့်ပေလား…
တစ်စုံတစ်ခုကြောင့်ပေလားဆိုတာ
ခင်မှုံသာ သိပေလိမ့်မည်။

*******
ယခင်အခေါက်များပြန်လာသကဲ့သို့ တူမဖြစ်သူခင်မှုံသည်လားလားမျှမတူ။
အမြဲလိုလိုချောင်တစ်နေရာ၌ထိုင်ကာ
မှိုင်တွေလို့နေ၏။
ခင်မှုံယက်ကန်းခတ်ဖို့ဆိုဝေလာဝေး….
ယက္ကန်းစင်အားလှည့်ပင်မကြည့်။
ခင်မှုံပုံစံပြောင်းနေခြင်းကြောင့် အရီးလေးခင်ချို စိုးရိမ်နေမိသည်။
ထိုသို့ဖြင့်တစ်ညမှာတော့…

“အစ်ကို…အစ်ကို….အစ်ကိုဘယ်မှာလဲ…အစ်ကို”

ခင်မှုံ၏အသံ​ကြောင့်အတူအိပ်မောကျနေသော အရီးလေးခင်ချို လန့်ကာနိုးလာခဲ့သည်။
နိုးလာလေတော့ ခင်မှုံသည်မိမိအနားမရှိ။
ခြံဝိုင်းထဲမှ ခင်မှုံ၏အသံကိုကြားရ၍ အရီးလေးခင်ချို တဲအိမ်အတွင်းမှအလျင်အမြန်ထွက်လာခဲ့ရသည်။

“အစ်ကို…အစ်ကို…အစ်ကိုဘယ်မှာလဲလို့…
ခင်မှုံကိုမသနားတော့ဘူးလားအစ်ကိုရယ်”

“သမီး…သမီးခင်မှုံဘာဖြစ်တာလဲ…
ဘယ်သူ့က်ိုခေါ်နေတာလဲ”

“ဟင်…ဒေါ်လေး…ဒေါ်လေး သမီးအစ်ကိုကိုခေါ်ပေးပါဒေါ်လေးရယ်…သမီးသူ့ကိုလွမ်းလှပေါ့…သမီးကိုခေါ်ပေးပါနော် ဒေါ်လေး…နော်”

“ဟင်…အစ်ကို…ဘယ်ကအစ်ကိုလဲသမီး”

“အို…ဘယ်သူရှိမလဲ ကျုပ်ချစ်သူပေါ့တော်”

“ဟင်…”

ခင်မှုံ၏မျက်နှာသည် ဝမ်းသာတလှည့် ငိုကြွေးတလှည့် အသွင်အမျိုးမျိုးဆောင်နေခဲ့သည်။
ခင်မှုံ၏ပုံစံကြောင့်အရီးလေးခင်ချို မည်သို့ပြောရမည်ဆိုတာမသိရှာ​တော့။
အလွန်လိမ္မာလှသော တူမဖြစ်သူနှင့်ယခုပုံစံသည်လားလားမျှမဆိုင်။

“ဟော…အစ်ကိုခေါ်နေပြီ…ကြားလား…ကြားလား ဒေါ်လေး…ကြားလား…ကျုပ်…ကျုပ်သွားတော့မယ် အစ်ကိုခေါ်နေပြီ”

“သမီး…သမီး ဘယ်သွားမလို့လဲ…မသွားပါနဲ့သမီးရယ်…
မသွားပါနဲ့ကွယ်”

“အို…လွှတ်စမ်းပါ…အစ်ကိုခေါ်နေပြီ”

မှောင်မည်းနေသောရွာလမ်းမဆီသို့ ခင်မှုံပြေးထွက်ချင်နေသည်။
တားဆီးနေသော အရီးလေးခင်ချိုသည် အခြေအနေဆိုးလာသောကြောင့် ခင်မှုံ၏လက်နှစ်ဖက်ကိုချုပ်ထိန်းကာဆွဲရင်း…

“လာ​ကြပါဦး…အရီးလေးကို ကူကြပါဦး…လာကြပါဦးကွယ်”

အရီးလေးခင်ချိုဘေးအိမ်များကိုအော်ဟစ်
အကူအညီတောင်းရတော့သည်။
ဘေးအိမ်များမှ ရွာသူ၊ရွာသားများရောက်လာလေတော့ ခင်မှုံအားအရီးလေးခင်ချိုကဆွဲထိန်းခိုင်းရ၏။

“ခင်မှုံညဘက်ကြီးဘာဖြစ်တာလဲ”

“မမေးကြစမ်းပါနဲ့အေ…အပြင်မထွက်အောင်သာဆွဲထိန်းကြစမ်းပါဟဲ့”

ခင်မှုံရုန်းကန်အော်ဟစ်လို့နေ၏။
အားလုံး၏ဝိုင်းထိန်းထားမှုကြောင့်သာခင်မှုံမထွက်ပြေးနိုင်။
အပြင်လမ်းမကိုသာ စိုက်ကြည့်ရင်း အော်ဟစ်နေရှာသည်။

************
နောက်တစ်နေ့နံနက်၌
သောင်ထွန်းရွာတွင်သတင်းတစ်ခုကပြန့်နှံ့လို့နေသည်။
သတင်းသည်က ခင်မှုံ၏အကြောင်းပင်ဖြစ်ပေသည်။
ခင်မှုံတစ်ယောက် ဆဲဆိုအော်ဟစ်နေကြောင်း၊
ထွက်ပြေးမှာဆိုး၍ တိုင်၌ ကြိုးဖြင့်ချည်နှောင်ထားရသည့်အကြောင်းများက ရွာရှိလူကုန်သိရှိသွားကြသည်။
ခင်မှုံအခြေအနေအားကြည့်ချင်သူ စပ်စုချင်သူများနှင့် အရီးလေးခင်ချိုအိမ်ဝိုင်းအတွင်းတွင် လူများစုဝေးလို့နေသည်။
ခင်မှုံသည်က သူ့အားကြည့်ရှု့နေသူများကို ဆဲဆိုကြိမ်းမောင်းလို့နေခဲ့၏။
ပြောင်းလဲသွားသော ခင်မှုံ၏အဖြစ်ကြောင့် အဒေါ်ဖြစ်သူအရီးလေးခင်ချိုခမျာ တူမဖြစ်သူကိုကြည့်ရင်း မျက်ရည်နှင့်မျက်ခွက်ဖြစ်လို့နေလေသည်။

“ဘွားမယ်စိန်လာတယ်…ဘေးဖယ်ကြစမ်းကလေးတွေ”

လူကြီးတစ်ယောက်ကဘွားမယ်စိန်အား လမ်းဖယ်ပေး၏။
ထိုမျှမက အနားရှိကလေးများကိုလည်း ဘေးသို့တိုးကပ်ခိုင်းလိုက်ပြန်သည်။
ဘွားမယ်စိန်သည် ရွာထဲမှသတင်းကြားသိပြီး အရီးလေးခင်ချိုတို့အိမ်ဝိုင်းဆီသို့ရောက်ရှိလာခြင်းဖြစ်၏။

“ဟဲ့…ခင်ချို…လာစမ်းပါဦးအေ”

“လာပြီ…ဘွား…ကွပ်ပျစ်မှာထိုင်ပါဦးဘွားရယ်…
ဘွားလာတာကျုပ်မသိလိုက်လို့ပါ”

“အေးအေ…ငြင်းမှာလည်းအပူတွေရှိနေတာကိုး…
ဘွားနားလည်ပါတယ်။ဒါနဲ့ ညည်းတူမလေးဘယ်လိုဖြစ်ရတာလဲကွယ်”

ဘွားမယ်စိန်ထိုင်စေရန်အိမ်အပြင်ကွပ်ပျစ်၌
နေရာဖယ်ပေးကြ၏။
ဘွားမယ်စိန်ကွပ်ပျစ်၌ထိုင်ရင်း တဲအတွင်းတိုင်၌ချည်နှောင်ခံထားရသော ခင်မှုံအားကြည့်ကာမေးလေသည်။

“ကျုပ်လည်းမပြောတတ်တော့ပါဘူးတော်…ခင်မှုံလေ မြို့ကပြန်လာကတည်းက ထူးဆန်းနေတာဘွားရဲ့…အခုတော့…
ကျုပ်တူမလေးကောဟုတ်မှဟုတ်ရဲ့လားလို့ကို
ကျုပ်တွေးနေမိတယ်ဘွားရယ်…”

အရီးလေးခင်ချိုသည် မျက်ရည်မကျမိစေရန် မျက်တောင်ပုတ်ခတ် ပုတ်ခတ် ဖြင့် ပြောရှာသည်။

“အေး…ဒီကလေးမအကြည့်တွေ…အပြောတွေကလည်းပြောင်းလဲနေတာပဲအေ့…
ဒါနဲ့သူမြို့တက်တော့အဖော်တွေမပါဘူးလား ခင်ချို”

“ပါတယ်…ပါတယ်ဘွား…
ရွာမြောက်ပိုင်းကမိကျင်တို့အဖွဲ့လည်းပါသွားတယ်လေ”

“အမ်းး…။အခုလူအုပ်ထဲမှာမိကျင်ရှိသလား…။ရှိရင်ဘွားဆီလာခဲ့ခဏ”

ဘွားမယ်စိန်၏ ခေါ်သံကြောင့်
လူအုပ်ကြားထဲမှ မိကျင်တိုးထွက်လာခဲ့လေသည်။
မိကျင်သည် အရပ်ကပုပု အသားကညိုညိုဖြင့် ထဘီကို ခပ်တိုတိုဝတ်ဆင်တတ်သော
ရွာ၏အော်​ကြောလန်လေးပင်။
အော်ကြောလန်လေးဟုဆိုရသော်လည်း မိကျင်၏အသက်သည် လေးဆယ်နားသို့ကပ်လု့လု့…။
အသက်ကြီးဂျပုဟုပြောသူရှိလျှင်ဖြင့်
“မိကျင်လက်ဝါးက ပါးမရွေးဘူး”ဟု ခပ်စွာစွာပြောတတ်သူပင်။
ထိုမိကျင်အား အရွယ်မတူရွာသူများက ခင်မင်စွာပေါင်းသင်းကြ၏။

ယခု မိကျင်တစ်ယောက် ဘွားမယ်စိန်၏
အရှေ့သို့ရောက်လာခဲ့သည်။
ဘွားမယ်စိန်က သူနှင့်မျက်နှာခြင်းဆိုင်တွင်မိကျင်အား ဝင်ထိုင်ခိုင်း၏။

“ကဲ…မိကျင် မြို့မှာဘာတွေဖြစ်ခဲ့သတုန်း…။အခုကြည့်စမ်းပါဦး…ညည်းညီမ ခင်မှုံစိတ်နဲ့လူနဲ့မကပ်ဖြစ်နေရှာတယ်လေ…
ဒါ့အပြင်ဘွားမြင်တာတော့ အနှောက်အယှက်တစ်ခုခုပါဝင်နေတယ်ကွဲ့”

“ဟိုလေ…ဟိုလေ ဘွား”

“ဘာတွေဟိုနေတာလဲမိကျင်ရယ်…
ဘွားမေးနေတာသေချာဖြေစမ်းပါအေ…
အရီးတူမလေးကိုလည်းကြည့်စမ်းပါဦးဟယ်”

မိကျင်ထံမှအဖြေမလာခင် အရီးလေးခင်ချိုကဝင်ပြောလိုက်လေသည်။
အရီးလေးခင်ချို၏စကားကြောင့် မိကျင်က ခင်မှုံအားတစ်ချက်လှမ်းကြည့်ကာ…

“ကျုပ်ပြောပါ့မယ်…ကျုပ်တို့ မြို့မှာဘုရားစုံဝင်ဖူးပြီး အပြန်လမ်းမှာ ခင်မှုံကိုလူတစ်ယောက်က
လမ်းသွားရင်းဝင်တိုက်မိတယ်လေ..။
ကျုပ်တို့ကလည်းသာမာန်ပဲဆိုပြီးအဲ့လူကို ဘာစကားမှမပြောကြဘဲ ဆက်လျှောက်လာကြတာပေါ့တော်…။
ဒါပေမယ့်ဘွားရယ် ခင်မှုံနဲ့တိုက်မိလိုက်တဲ့ မျက်နှာပြားပြား ဆံပင်သောင်ထုံးနဲ့လူညိုကောင်က ကျုပ်တို့နောက်ကိုလိုက်လာပါလေရောလား…
အစကတော့ကျုပ်တို့ သတိမထားမိကြဘူး…။
သွားတဲ့နေရာတိုင်းလိုလိုကိုဒင်းကပါလာခဲ့တော့ ခင်မှုံတစ်ယောက်စိတ်မရှည်ဖြစ်ပြီးသွားပြောပါလေရော…ခင်မှုံက “တော်ကျုပ်တို့နောက်ကို လိုက်လာတာလား”လို့ မေးတော့ ဟိုလူက ဘာဖြေသလဲဆိုတော့…
“ဟုတ်တယ် နှမ…မောင်ကြီးနှမကိုချစ်ခင်လို့ပါ”
ဆိုပြီးပြောပါလေကောလား…။
ကျုပ်တို့ခင်မှုံကလည်းဒင်းကိုပြောလိုက်တယ်လေ…
“အို…ရဲတင်းလိုက်တာပါလား…မိန်းမပျိုတွေနောက်ကနေလိုက်နေတာ လူကြီးလူကောင်းမဆန်လိုက်တာ
အင်းလေ…ဒါကြောင့် ကွာတာကိုး….ဒီမှာ…ဒီမှာ
ကျုပ်တို့ရွာသားတွေတောင် ရှင့်လို့မိန်းမမြင်တိုင်း
ခွေးတစ်ကောင်လိုအမြီးနှံ့မလိုက်တတ်ဘူးရှင့်”
အဲ့သလိုခင်မှုံကထိထိမိမိပြောလိုက်တာ ဟိုမျက်နှာပြားကောင်ရုပ်ကြီးရှုံ့မဲ့သွားတာပဲဘွားရယ်…
အဲ့လိုအပြောခံလိုက်ရ​တော့ ဒင်းကခင်မှုံကိုစိုက်ကြည့်ပြီး
“ငါ့နာမည်ဘသောင်း ငါ့အကြောင်းနင်သိမယ်”ဆိုပြီး
ရှက်ရမ်းရမ်းပြောပြီးထွက်သွားပါလေရော…”

“​သြော်…ခက်လိုက်တာကလေးမတွေရယ်…
ဒါကြောင့်ဟိုကလုပ်လိုက်တာကိုး”

“ရှင်…ဘာ…ဘာဖြစ်လို့လဲဘွားရဲ့”

“ဘာဖြစ်ရမှာတုန်း မိကျင်…ညည်းတို့ရန်ဆောင်လိုက်တဲ့အကောင်က အောက်လမ်းဆရာလေ…ဒင်းက သူ့ကိုအရှက်ခွဲလိုက်တဲ့
ခင်မှုံကို သူ့အတတ်နဲ့တိုက်လိုက်တာပဲအေ့”

“ရှင်…ဒါဆို ကျုပ်တူမလေးကိုအောက်လမ်းနဲ့
လုပ်ထားတာပေါ့နော်ဘွား…အမလေး…လေး…ကျုပ်တူမလေးကိုကယ်ပေးပါဦးဘွားရယ်…ကျုပ်ရှိသမျှရောင်းပြီးကျုပ်တူမလေးကိုကုပါ့မယ်…
ကျွန်ခံဆိုလည်းကျုပ်ကျွန်ခံပါ့မယ်တော်…”

အရီးလေးခင်ချို တူမဖြစ်သူအတွက်စိတ်ပူပန်ကာပြောနေလေသည်။
ဘွားမယ်စိန်က…

“ဟဲ့ခင်ချို…ညည်းပါးစပ်ကိုပိတ်ထားစမ်း
ငါ ညည်းတူမကို ကု့ပေးမှာပါအေ…ဒါပေမယ့် ပေါက်တက်ကရပြောတဲ့ ညည်းပါးစပ်သာအငြိမ်နေပေး”

“ဟုတ်…ဟုတ်ကဲ့ပါဘွား”

ဘွားမယ်စိန်၏မာန်ပါပါစကားသံကြောင့်
အရီးလေးခင်ချိုထံမှအသံ
တိတ်သွားတော့လေသည်။

“ဟိုကလေးမကို ကွပ်ပျစ်ရှေ့ခေါ်ခဲ့…နောက်ပြီး ရေတစ်ခွက်ကောယူလာပေးဦးဘွားဆီကို”

ဘွားမယ်စိန်ညွှန်ကြားသမျှအား ရွာသားများကဦးဆောင်လုပ်ကိုင်ပေးကြ၏။
ခင်မှုံအားတိုင်မှကြိုးဖြည်ကာ​ခေါ်လာလေတော့ ခင်မှုံတစ်ယောက် ရုန်းကန်အော်ဟစ်ပြန်၏။
ဗလတောင့်တောင့်ရွာသားကြီးသုံးယောက်၏အားက်ိုပင် ခင်မှုံမရမက ရုန်းကန်လို့နေလေသည်။

“ခင်မှုံလာ…ဘွားနားကိုလာစမ်း”

ဘွားမယ်စိန်၏အရှေ့အနည်းငယ်အရောက် ခင်မှုံဆက်မလိုက်လာဘဲ ​မြေကြီးကို​ခြေစုံကန်၍ ရုန်းကန်နေလေသည်။

“ဟေ့…မယ်စိန်ခေါ်နေတာကိုမလာဘူးလား…
မလာဘူးလားဟေ့ …”

ဘွားမယ်စိန်မာန်ပါပါခေါ်နေလေသည်။
သို့သော် ခင်မှုံကတစ်လှမ်းမျှအရွေ့မခံ။

“မယ်စိန်သိတယ်နော်…မယ်စိန်သိတယ်…
သရဲနဲ့တိုက်ပြီး
ပုန်းကောင်းနေတဲ့အောက်လမ်းကောင်ကြောင့်…
သူ့ဒဏ်ကိုနင်ခံရတော့မယ်အကောင်ရဲ့”

ခင်မှုံကိုကြည့်ပြီးဘွားမယ်စိန်ကပြောလေသည်။

“ကျုပ်မလာဘူး…ကျုပ်အနားမကပ်ရဲဘူး…
ကျုပ်ကိုခွင့်လွှတ်ပေးပါ…ခွင့်လွှတ်ပေးပါ”

အသံပြာတာတာဖြင်ယောကျာ်းသံကြီးတစ်သံသည်
ခင်မှုံထံမှထွက်ပေါ်လာခြင်းပင်။
ဘေးရှိရွာသူရွာသားများမှာမျက်တောင်မခတ်တမ်း
စိတ်ဝင်တစားဖြင့်ကြည့်နေမိကြသည်။

“နင့်ဆရာဆိုတဲ့အကောင်က မတောက်တခေါက်လေးနဲ့မယ်စိန်ရှိတဲ့
ရွာကလူကိုမှစမ်းသကိုး…။အေး…မယ်စိန်ကလည်း မကောင်းတဲ့အကောင်တွေဆိုသိပ်ကိုမုန်းတာဟဲ့…နင် ဒီရှေ့လာပြီး ငါခိုင်းတာလုပ်မလား…
နင့်ဆရာဆီမရောက်ဘဲ မယ်စိန်ပို့တဲ့ငရဲကိုသွားမလား ရွေးစမ်း”

ဘွားမယ်စိန်၏စကား​ကြောင့် ခင်မှုံအားပူးကပ်ထားသည့် အကောင်သည်တစ်ချက်ငြိမ်သွားခဲ့၏။
ခဏကြာလေ​တော့မှ သူကိုယ်တိုင်ခြေလှမ်း၍ ဘွားမယ်စိန်ထိုင်နေသောကွပ်ပျစ်၏အောက်၌ ဒူးထောက်ထိုင်ချတော့လေသည်။

“ကျုပ်ကိုခွင့်လွှတ်ပါဘွား…
ကျုပ်ကိုသူခိုင်းလို့လုပ်ရတာပါဗျာ…
ကျုပ်မလုပ်ချင်ပါဘူး…
ကျုပ်သူခိုင်းတာမလုပ်ရင် သူ့ပညာနဲ့ကျုပ်ကိုနှိပ်စက်လို့ကျုပ်လုပ်ရတာပါဗျာ”

“အင်း…ဒါဆို
မယ်စိန်ခိုင်းတာလုပ်ရင်
မောင်ရင်ကိုခွင့်လွှတ်ပေးမယ်ကွယ်”

“ဟုတ်ကဲ့…ကျုပ်လုပ်ပါမယ်…ခိုင်းပါဗျာ”

“ရော့…ဒီရေကိုသောက် ဘွားဆိုခိုင်းတာကိုလိုက်ဆို”

“ဟုတ်ကဲ့”

ဘွားမယ်စိန်ပေးသော ရေခွက်က်ိုယူလိုက်လေသည်။

“ဒီမိန်းကလေးကိုနောက်ထပ် မနှောက်ယှက်တော့ပါ…
ဒီမိန်းကလေးကိုယ်မှာ… စိတ်မှာ…ခန္ဓာကိုယ် နေရာလွှတ်မကျန်စေရ…ကျွန်ူပ်၏ဒဏ်များ ကျွန်ူပ်ပြန်ယူသွားပါ့မယ်လိုသစ္စာဆိုပါတယ်…
ဤသစ္စာများမတည်ခဲ့သော ငရဲ၌အထပ်ထပ်အလဲလဲလောင်ကျွမ်းပါစေ…”

ဘွားမယ်စိန်တိုင်ပေးသော စကားအတိုင်းသစ္စာဆိုရှာသည်။
သစ္စာဆိုအပြီး ရေခွက်အားဘွားမယ်စိန်က
မော့သောက်ခိုင်း၏။

“သစ္စာဆိုတဲ့အတိုင်းတည်ပါစေမောင်ရင်…
ကဲ…ဒါဆိုမောင်ရင်လည်း
လွှတ်ရာသွားပေတော့…
ဟိုအောက်လမ်းဆရာလည်း မောင်ရင်ကိုထပ်ပြီး မခိုင်းစေရတော့ဘူး။
အဲ့အတွက်…ဘွားစီမံပေးပါ့မယ်
ဒင်းပညာကမတောက်တခေါက်ဆိုတော့
မောင်ရင်စိတ်ချသာသွားပေတော့”

” ကျေးဇူးကြီးပါတယ်ဘွားရယ်…
ကျုပ်ကျေးဇူးတင်ပါတယ်”

ဆိုပြီး
ဘွားမယ်စိန်အားဝမ်းသာအားရ ကန်တော့ရှာသည်။

ခဏကြာလေတော့ ခင်မှုံ၏ကိုယ်သည်ဆတ်ခနဲတုန်ရီကာ လဲကျသွားတော့၏။
လဲကျသွားသောခင်မှုံအား ဘွားမယ်စိန်က ရေမန်းဖြင့်ပတ်ဖြန်း၍ပေးလေသည်။

“ခင်မှုံ…ညည်းတို့လည်းစွာကျယ်စွာကျယ်
လုပ်တာကိုလျော့…ဒီဆရာသာအဆင့်မြင့်ရင်ညည်းအတွက်အ​ခြေအနေကဒီထက်ဆိုးမှာအေ့…ကဲပါ…ရော့…ရော့…
ဒီပရိတ်ကြိုးလေးလက်မှာချည်ထား…ကြားလား”

“ဟုတ်…ဟုတ်ကဲ့ပါဘွား…”

ခင်မှုံတစ်ယောက် မိမိအဖြစ်ကိုသိရှိပြီးအရှက်ကြီးရှက်လို့နေသည်။
ဘွားမယ်စိန်ကြောင့်သာ အောက်လမ်းဆရာ၏ အန္တရာယ်မှလွတ်မြောက်လာခဲ့သည်မ်ို့ ခင်မှုံတို့တူဝရီးသည် ဘွားမယ်စိန်အားကျေးဇူးတင်စကားထပ်တလဲလဲဆိုတာ
ရှစ်ခိုးကန်တော့ကြရှာ၏။


ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)