စဆုံး
ညဘက်ထမင်းစားသောက်ပြီးနောက်
ဘွားမယ်စိန်တို့မအိပ်ဖြစ်ကြသေးပေ။
မီးအိမ်လေးထွန်းပြီး ကွပ်ပျစ်ခင်း၌ထိုင်နေကြ၏။
ရှေ့၌လည်းမြေပဲလှော်များ….ပြောင်းဖူးပြုတ်များကို
ပန်းကန်များထဲစီကာထည့်လို့ထားသည်။
“ရှင်ညိုစားလေ…”
“ဟုတ်ကဲ့အရီး …”
ဒေါ်ဝင်းက ညနေကတည်းက ယခုလိုညပိုင်းစားဖို့ရန်
အတွက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ရှင်ညိုလည်းပြောင်းဖူးပြုတ်လေးကိုယူကာစားနေ၏။
ဘွားမယ်စိန်ကတော့ သူ၏ပြောင်းဖူးဖက်
ဆေးလိပ်ကြီးကိုသာ ဖွာရှိုက်လို့နေခဲ့သည်။
ရှင်ညိုကဘွားမယ်စိန်ကိုကြည့်၍…
“အဘွားကိုမြင်တိုင်းလေ ကျုပ်စိတ်ထဲမှာ
သတိရမိတဲ့သူတစ်ယောက်ရှိတယ်…”
“ဘယ်သူများလဲအေ့”
“အဲ့သည်လူက တခြားမဟုတ်ပါဘူး
ကျုပ်ရဲ့ဘွားဘွားကြီးပါ…
အဘွားရဲ့စကားပြောပုံတွေ စိတ်တွေက
ဘွားဘွားကြီးနဲ့အတော်လေးကိုတူပါတယ်…”
“အင်း…”
ရှင်ညိုပြောနေသည့်ဘွားဘွားကြီးဆိုတာကို
ဒေါ်ဝင်းတို့မသိ၍ ပြောင်းဖူးစားနေရာမှ…
“နေပါဦး…ရှင်ညိုက အဖေပဲရှိတာဆို…
အခုပြောတဲ့ဘွားဘွားကြီးဆိုတာ ဘယ်သူများလဲ”
ဟု…ဝင်ကာမေးလေသည်။
“ကျုပ်ပြောတဲ့ဘွားဘွားကြီးဆိုတာ
အခုဘဝမှာတော်စပ်ဖူးခဲ့တဲ့သူမဟုတ်ပါဘူးအရီးရယ်…
ကျုပ်ရဲ့အရင်ဘဝဟောင်းကအဘွားပါ…”
“ဟေ…”
“မမ…မမကအရင်ဘဝကိုမှတ်မိတယ်ပေါ့လေ”
ဒေါ်ဝင်းအံ့သြနေစဥ်နန်းကြိုင်က ဝင်မေးလေသည်။
ရှင်ညိုကခေါင်းညိတ်ပြလိုက်တော့
နန်းကြိုင်အံ့သြသွားသည်။
“ဒါဆို ကျုပ်တို့ကိုပြောပြပါလားမမရယ်…
မမအရင်ဘဝကဘယ်မှာနေခဲ့တာလဲ…
နောက်ပြီး မမဘယ်လိုကြီးပျင်းခဲ့ရလဲဆိုတာ
ကျုပ်သိချင်တယ်… “
“မြေးလေး…”
နန်းကြိုင်၏နှုတ်မှမေးလာသော မေးခွန်းများကြောင့်
ဘွားမယ်စိန်ကဟန့်တားလေသည်။
ထိုအခါရှင်ညိုက…
“နေပါစေဘွားရယ်…ကျုပ်ကိုယ်တိုင်လည်း
ပြောပြချင်ပါတယ်…ဒီအကြောင်းတွေကိုရင်ထဲသိမ်းထားရတာ ကျုပ်အတွက်မွန်းကြပ်စရာကောင်းလှပါတယ်…
ဒါကြောင့်ညီမလေးနဲ့ဘွားတို့ကို ကျုပ်ပြောပြပါ့မယ်…”
ဟု…ပြောလေတော့ ဘွားမယ်စိန်က မတားတော့ပေ။
ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကတော့ ရှင်ညိုပြောလာမည့်
အကြောင်းအရာများကို စိတ်ဝင်တစားဖြင့်နားထောင်ဖို့ရန်
အသင့်ဖြစ်နေခဲ့ကြသည်။
“ကျုပ်ရဲ့မွေးရပ်မြေကန်ပိုင်ရွာကနေ
ကျုပ်ရဲ့ဖောက်ဖျက်မိတဲ့အပြစ်ကြောင့်
ဘွားဘွားကြီးကိုယ်တိုင်အိမ်ပေါ်ကနှင်ချခဲ့တယ်လေ…
ဒါကြောင့် ကျုပ်နဲ့ကျုပ်မိဘတွေလည်း
ရွာပြင်မှာထွက်နေကြတာပေါ့…
ရွာပြင်ထွက်နေရပေမယ့် ရွာကလူတွေကိုယ်တိုင်
ကျုပ်တို့အတွက်အိမ်ဆောက်ပေးတယ်…
လိုတာဝိုင်းဖွဲ့ကူညီပေးကြလို့ အဆင်ပြေခဲ့ပါတယ်…
ဒါပေမယ့် ရွာထဲကိုတော့ဘွားဘွားကြီးအမိန့်ကြောင့်
ဝင်လို့မရခဲ့ပါဘူး……”
ဟု…အစချီကာ ရှင်ညိုကပြောပြတော့သည်။
“ခင်အုံ…”
“ရှင်…အမေ”
“ညည်းအဖေခေါ်နေတယ်…
ညည်းဒီလိုကြီးပဲနေတော့မှာလားအေ…”
“ကျုပ်လာခဲ့ပါ့မယ်အမေရယ်…
ကျုပ်ကိုဘာမှဆက်မပြောပါနဲ့…
ကျုပ်ကိုယ့်ကျုပ်တောင်စိတ်အစိုးမရလို့ပါ…”
ဟု….ခင်အုံကပြောတော့ ဒေါ်နှင်းဖြူလည်းခင်အုံကို
ကြည့်၍သက်ပြင်းသာချနေရှာသည်။
ခင်အုံကလည်းရွာပြင်ထွက်လာသည့်နေ့မှစ၍
သူ၏အိပ်ခန်းထဲမှမထွက်တော့။
မိဘများနှင့်လည်း စကားပင်သေချာမပြောဘဲ
တစ်ဦးထဲတမှိုင်မှိုင်တတွေတွေနေရှာသည်။
“အဖေ…သမီးကိုခေါ်တယ်ဆို”
ယခုလည်းခင်အုံတစ်ယောက် ဖခင်ဖြစ်သူမှခေါ်တယ်ဆို၍
စိတ်မပါလက်မပါဖြင့် အနားရောက်လာခဲ့သည်။
ဦးဘဦးလည်း သမီးဖြစ်သူကိုကြည့်ရင်း
ဒေါ်နှင်းဖြူကဲ့သို့ သက်ပြင်းလိုက်လေသည်။
“သမီး…လာ…အဖေ့နားကိုထိုင်ပါဦးသမီးရယ်…”
သမီးဖြစ်သူခင်အုံကို လက်ဆွဲ၍ အနီးသို့ခေါ်လိုက်သည်။
“သမီးလေး…ဘာတွေဖြစ်နေတာလဲသမီးရဲ့…
ဖြစ်ပြီးတာတွေကိုပြန်တွေးပြီး အခုလိုကြီးနေတာကိုတော့
အဖေမကြိုက်ဘူးနော်…အရင်ကဆို အဖေ့သမီးက
အဖေတို့ကိုတောင် စလိုက်နောက်လိုက်နဲ့ ပျော်ပျော်နေတဲ့ကလေးမဟုတ်လား”
“အဖေ…ခုကအရင်ကနဲ့မှမတူတာအဖေရာ…
ကျုပ်လေ…ဘွားဘွားကြီးကိုလွမ်းတယ်…
အခုချိန်ဆိုဘွားဘွားကြီးထမင်းစားချိန်ရောက်ပြီ…
ဘွားဘွားကြီးကိုဘယ်သူကထမင်းခူးကျွေးမှာလဲ
အဖရေယျ….အီးးးးးးဟီးးးးးးဟီးးးးးးးးးး”
ခင်အုံငိုလေတော့ ဦးဘဦးလည်းစိတ်မကောင်းစွာ
သက်ပြင်းချရှာသည်။
ဒေါ်နှင်းဖြူကတော့ မျက်ရည်လေးတစမ်းစမ်းဖြင့်နံဘေး၌ ရပ်နေခဲ့၏။
“ဒီမှာသမီး… အဖေ့ကိုကြည့်…
အဖေ့ကိုကြည့်စမ်းပါသမီးရယ်…”
ဦးဘဦးကငိုနေသော ခင်အုံ၏မျက်နှာလေးကို
လက်ဖြင့်.မော့၍သူ့အားကြည့်ခိုင်းသည်။
ခင်အုံ မှာ မျက်ရည်များဖြင့် အဖေဖြစ်သူအား
မော့ကြည့်လေသည်။
“သမီးဘွားဘွားကြီးကလေ…ဒီရွာရဲ့အကြီးအကဲတစ်ယောက်ပါသမီးရယ်…ဘွားဘွားကြီးဘေးနားမှာလည်း
ဂရုစိုက်ပေးမယ့်သူ့ရဲ့တပည့်တွေရှိပါတယ်…
ဒါကိုငါ့သမီးစိတ်ထဲမှာအရမ်းကြီးခံစားနေမှာကိုပဲ
အဖေကစိုးရိမ်တာပါ…အဖေကတစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြောသမီးရယ်…အဖေကတော့ အဖေ့သမီးလေးကိုပဲစိုးရိမ်မိတယ်…”
“အဖေရယ်….”
ခင်အုံသည်အဖေဖြစ်သူကိုဖက်၍ငိုရှိုက်ပြန်သည်။
အဖေဖြစ်သူ၏မေတ္တာများကိုခင်အုံပို၍သိလာခဲ့ရ၏။
“အခုဆိုလေ…အဖေတို့မှာ အိမ်ရှိတယ်…
လုပ်ကိုင်စားဖို့ လယ်ကွင်းရှိတယ်…
သမီးဘာမှမပူနဲ့နော်…
အဖေ့မိဘများပေးခဲ့တဲ့လယ်တွေယာတွေလည်း
အဖေ့မှာရှိတယ်…
ငါ့သမီးလေးနဲ့ငါ့မိန်းမကိုမငတ်အောင်တော့ အဖေ
ရှာဖွေကျွေးမွေးနိုင်ပါတယ်…”
“သမီးအဖေပြောတာဟုတ်တယ်သမီး…
အမေတို့က အခုချိန်မှာဘွားဘွားကြီးနဲ့မတွေ့နိုင်ပေမယ့်
အဝေးကနေသတင်းမေးလို့ရတာပဲသမီးရယ်…
နော်…အမေ့သမီးလေးသာအရင်လိုလေးပဲပြန်
နေပေးပါသမီးရယ်…”
ဟု…ဒေါ်နှင်းဖြူကလည်းပြောလေတော့ ခင်အုံခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ….အဖေနဲ့အမေရဲ့စကားကို
ကျုပ်နားထောင်ပါ့မယ်…
စိတ်ချပါ အမေ….ကျုပ်အရင်လိုပဲပြန်နေတော့မှာပါ…
နောက်ပြီးဘွားဘွားကြီးကျုပ်တို့ကိုစိတ်ဆိုးပြေပြီး
ပြန်ခေါ်ချင်လည်းခေါ်လာမှာလေနော်…”
“ဟုတ်တာပေါ့သမီးရယ်…”
ခင်အုံလည်းမိဘများသူ့အတွက်စိတ်ပူပန်နေကြသည်ကို
သိ၍ ယခင်အတိုင်း ပြန်နေပေးတော့သည်။
တစ်ရက်၌အဖေဖြစ်သူ လယ်တောဆင်းချိန်
အမေဖြစ်သော ဒေါ်နှင်းဖြူကလည်းထမင်းသွားပို့ရ၏။
အိမ်၌ ခင်အုံတစ်ယောက်သာကျန်ခဲ့တဲ့အချိန်…
လူတစ်ယောက်ရောက်လာခဲ့လေသည်။
“ခင်အုံ….”
“ဟင်…မမလွန်းတင်…မမဒီကိုဘာလာလုပ်တာလဲ”
ခင်အုံမေးတော့လွန်းတင်ကပြုံးသည်။
“ခင်အုံ…နင်မေ့နေပြီလား…ဘွားဘွားကြီးက
နင်တို့ကိုပဲ ရွာထဲဝင်ခွင့်မပေးတာလေ…
ဒါပေမယ့်ငါတို့ကတော့ရွာပြင်ကိုလည်း
ထွက်ခွင့်ရှိတယ်…”
လွန်းတင်စကားကို ခင်အုံခေါင်းညိတ်လိုက်သည်။
“ဒါဆို မမဒီကိုဘာလာလုပ်တာလဲ”
“ငါလာကြည့်တာ…
နင်ဘယ်လိုများဒုက္ခရောက်နေသလဲလို့”
“ဟင်…မမစကားကြီးကလည်း”
“ဟုတ်တယ်ခင်အုံ…ငါကလေ…နင့်ကို
သိပ်ဒုက္ခတွေ့စေချင်တာ…
ဒါကြောင့်လည်းငါ့လက်ချက်နဲ့နင်
ရွာပြင်ကိုထွက်နေခဲ့ရတာမလား…”
လွန်းတင်စကားကြောင့် ခင်အုံမျက်လုံးပြူးသွားသည်။
ထင်မထားမိသော ကိစ္စပေမို့ ခင်အုံအံ့သြသွားရှာသည်။
“မမ…မမဘာပြောလိုက်တာလဲ…
မမက ခင်အုံကိုဒုက္ခတွေ့စေချင်တယ်ဟုတ်လား….
ဘာလို့လဲဟင်…မမအပေါ်ခင်အုံဘာ
အမှားများလုပ်မိလို့လဲမမရယ်…”
“အမှား…အမှားလို့ပြောတာလားခင်အုံ…
ဟင်း…နင့်ကိုဆိုဘွားဘွားကြီးကသိပ်ကို
အရေးပေးလွန်းတယ်…ငါ့များဆို သူ့ရဲ့မြေးလို့တောင်
စိတ်ထဲရှိပုံမရဘူး…ဒါကြောင့်ငါနင့်ကိုပိုပိုမုန်းလာမိတာပဲ
ခင်အုံ…”
“မမရယ်…ဒါကလည်း….”
“တော်တော့ခင်အုံ…နင်ပြောလာမယ့်အကြောင်းပြချင်တွေ
ငါမသိချင်ဘူး…ဒါပေမယ့် အခုနင့်ကိုငါလာကြည့်ရတာ
ပျော်တယ်ခင်အုံ…ငါသိပ်ပျော်တယ်…
နင့်နဲ့ဘွားဘွားကြီးတို့ဒီတစ်သက်ငါ့ရှေ့မှာ ထပ်ပြီး
ချစ်မပြနိုင်တော့ဘူးလေ…ဟင်း…ဟင်း…ဟင်း….”
ခင်အုံမျက်နှာပေါ်ကျဆင်းနေသော မျက်ရည်များကို
လက်ဖြင့် ပွတ်သပ်ချပြီး…
“မမမှားတယ်…မမသိပ်မှားတယ်…
ဘွားဘွားကြီးက ခင်အုံကိုပြန်ခွင့်လွှတ်မှာ…
ခင်အုံလည်းဘွားဘွားကြီးနားမှာအရင်လိုပဲ
ပြန်နေရမှာမမ…”
“ဘာပြောတယ်…”
လွန်းတင် ခင်အုံကို ဒေါသသံဖြင့်အော်လိုက်သည်။
ထိုစဥ် အိမ်အပြင်မှဝင်လာသော ဒေါ်နှင်းဖြူသည်
ခင်အုံ၏ပုခုံးလေးအားဖက်၍…
“ဟုတ်တယ်လွန်းတင်…ငါ့သမီးပြောတာမှန်တယ်…
မေမေက ငါ့သမီးလေးကို စိတ်ဆိုးပြေတော့မှာ…
ဒါကိုနင်ဘယ်လိုဖျက်ဖျက် ဖျက်လို့မရစေရဘူး…”
“ဒေါ်လေး…”
“ဘာဒေါ်လေးလည်းလွန်းတင်…
နင့်ရဲ့အကောက်ကြံမှုတွေကိုငါအခုမှသိရတယ်…
ငါ့သမီးကလည်း နင့်ကြောင့်ဆိုပြီးစကားတစ်ခွန်းတောင်
ထုတ်မပြောခဲ့တော့ သူ့အပြစ်လို့ပဲငါတို့နားလည်ခဲ့ရတာ…
အခုတော့ကြည့်စမ်း…နင့်မို့လို့ ကိုယ့်ရဲ့ညီမကို
လုပ်ရက်တယ်…သွား…ငါ့အိမ်ကအခုထွက်သွား…
နင်လိုကောင်မကို ငါတူမ မတော်နိုင်ဘူး…
နောက်ပြီး ဒီကိစ္စကိုလည်း မေမေ သိစေရမယ်
ငါတို့နင့်ကိုလုံးဝခွင့်မလွှတ်ဘူးလွန်းတင်…”
“ဒေါ်လေး…စိတ်မဆိုးပါနဲ့ဒေါ်လေးရယ်…”
လွန်းတင်သွေးပျက်သွားသည်။
ဒေါ်နှင်းဖြူကသခင်မကြီးကို တိုင်မည်ဆို၍
လွန်းတင် ကြောက်လန့်သွားခဲ့သည်။
“နင့်ကိုအခုထွက်သွားလို့ပြောနေတယ်လေ…
သွား…ထွက်သွား”
ဒေါ်နှင်းဖြူက လွန်းတင်ကိုအိမ်ထဲမှ
တွန်းထုတ်လိုက်သည်။
လွန်းတင်လည်း ဒေါ်နှင်းဖြူ၏တွန်းအားကြောင့်
အိမ်အပြင်ကို မလဲယုံတမယ်ရောက်သွားခဲ့၏။
“တောက်…”
ချက်ချင်းပင်…လွန်းတင် တောက်တစ်ချက်ခေါက်ပြီး ပြန်သွားခဲ့တော့သည်။
“အမေ…မမကိုဘာလို့အဲ့လိုလုပ်လိုက်ရတာလဲ”
“ဒီကောင်မလေးစိတ်ဓာတ်ကိုအမေအရင်ကတည်းက
မကြိုက်ဘူးသမီး…
ကိုယ့်အစ်မရဲ့သမီးဖြစ်နေတာကြောင့်
အမေဘာမှမပြောခဲ့တာ…အခုတော့အမေ့သမီးကိုဒင်းအကောက်ကြံတယ်ဆိုတာသိရတော့ အမေသူ့ကို
ဘယ်လိုမှခွင့်မလွှတ်ပေးနိုင်တော့ဘူး…
သမီးလည်းဘာမှစိတ်မပူနဲ့…
ဒီညနေ အမေ့သူငယ်ချင်းလာရင်
သမီးဘွားဘွားကြီးကို ဒီအကြောင်းတွေသေချာ
ပြောပြခိုင်းလိုက်မယ်…”
“ဟင်…မေမေ…ဒါဆို ဘွားဘွားကြီးက
မမကိုအပြစ်ပေးမှာပေါ့”
“အိုအေ…သူ့အပြစ်သူခံပေါ့…
အမေကတော့အမေ့သမီးကိုထိလာရင်
အမေ့ရန်သူပဲ…”
“အမေရယ်…”
ခင်အုံတစ်ယောက် အမေဖြစ်သူကိုလည်း
မတားမြစ်နိုင်သလို…လွန်းတင်ကိုလည်း
ခင်အုံစိတ်ပူနေမိသည်။
သူ့အပေါ်၌ဘယ်လိုစိတ်ပင်ထားပါစေ…ခင်အုံသည်
လွန်းတင်အပေါ်၌ မေတ္တာမပျက်ရှာ။
ညနေပိုင်းရောက်တော့ ဒေါ်နှင်းဖြူက
ယောကျာ်းဖြစ်သူဦးဘဦးကိုအကြောင်းစုံပြောပြလိုက်သည်။
“အင်း…ငါလည်းထင်ပါတယ်…
ငါတို့သမီးလေးက အခုလိုကိစ္စမျိုးလုပ်တယ်လို့
ငါဘယ်လိုမှမယုံကြည်ခဲ့ဘူး…
တစ်ယောက်ယောက်ရဲ့ပယောဂပါကိုပါလိမ့်မယ်လို့
ထင်ခဲ့မိတာ… အခုတော့ ပိုသေချာသွားတာပေါ့ကွာ”
“ကျုပ်တို့ဘယ်လိုလုပ်မလဲ ကိုဘဦး…
ကျုပ်ကတော့ မေမေ့ကိုသွားပြောပြရမလားလို့”
“နေဦး မိန်းမရဲ့…
ငါလယ်တောကအပြန်လမ်းမှာ ရွာထဲက
ကိုဖိုးစိုင်တို့နဲ့တွေ့ခဲ့တယ် …
သူတို့ပြောတာတော့ မေမေ ကျန်းမာရေးမကောင်းဘူးတဲ့”
“ရှင်… မေမေကျန်းမာရေးမကောင်းဘူး…
ဒါဆို ကျုပ်တို့သွားမှဖြစ်မှာပေါ့”
“တိုးတိုးပြောပါကွာ…
မင်းတောင်ဒီလောက်ဖြစ်နေတာ
ငါတို့သမီးလေးကြားသွားရင်ပိုပြီး
စိတ်မကောင်းဖြစ်နေပါ့မယ်…”
“ခက်လိုက်တာရှင်…ကျုပ်တို့ဘယ်လို
လုပ်ကြမလဲကိုဘဦးရယ်…”
“မေမေက ပြန်ကျန်းမာမှာပါကွာ…
တို့အဝေးကနေပဲ စောင့်ကြည့်ကြတာပေါ့”
ဒေါ်နှင်းဖြူသက်ပြင်းချလိုက်သည်။
ထိုကိစ္စကို ခင်အုံမသိရှာ။
ခင်အုံကတော့ အဖေဖြစ်သူကို ကတိပေးထားသည့်အတိုင်း ခြံထဲရှိ သီးပင်စားပင်များကို ရေလောင်းလိုက်…
ကြက်များကိုအစာကျွေးလိုက်ဖြင့် နေ့စဥ်ဘဝကို
ဖြတ်သန်းနေခဲ့ရှာသည်။
တစ်ရက်မှာတော့…
“မြေးလေး…”
“ဟင်…ဘွားဘွားကြီး…ဘွားဘွားကြီးသမီးဆီကိုလာတယ်”
ခင်အုံအဘွားဖြစ်သူကိုရုတ်တရက်မြင်လိုက်ရတော့ ဝမ်းသာသွားသည်။
“မြေးလေး”
သခင်မကြီးက ခင်အုံကိုပွေ့ဖက်ထား၏။
“သမီး….မှားပါတယ်ဘွားဘွားကြီးရယ်…
သမီးကိုခွင့်လွှတ်ပေးပါတော့နော်…
သမီးလေဘွားဘွားကြီးနဲ့မခွဲနိုင်လို့ပါဘွားဘွားကြီးရယ်”
ခင်အုံကသခင်မကြီးကိုဖက်၍ ငိုရင်းပြောရှာသည်။
သခင်မကြီးကလည်း မျက်ရည်များဖြင့် ခင်အုံကိုဖက်ထားရှာသည်။
“မြေးလေးကို ဘွားဘွားကြီးမှာခဲ့ချင်တယ်…
မယ်တော်ရဲ့ ဝိညာဥ်ဘူးကိုမြေးလေး
စောင့်ရှောက်ပေးပါ….
အဲ့သည်ဘူးကိုသေချာမစောင့်ရှောက်နိုင်ရင်
မယ်တော်က ဘွားဘွားကြီးတို့ တစ်ရွာလုံးကိုအမျက်ထွက်လိမ့်မယ်သမီး”
“ဒါက ဘွားဘွားကြီးရှိတာပဲ…
သမီးလိုသေးလို့လားဘွားဘွားကြီးရယ်…”
“ဘွားဘွားကြီးပြောတာကိုမှတ်ထားပါမြေးလေးရယ်…
မယ်တော်ရဲ့ဝိညာဥ်ဘူးကို
စောင့်ရှောက်ပေးနော်မြေးလေး…”
ခင်အုံလည်း သခင်မကြီးကတောင်းဆိုနေ၍
ခေါင်းညိတ်ကာ…
“ဟုတ်…ဟုတ်ကဲ့ပါဘွားဘွားကြီး…”
“သမီးရေ…သမီး…ထပါဦးသမီးရဲ့”
ခင်အုံကို ဒေါ်နှင်းဖြူအတင်းလှုပ်နိုးသည်။
“အမေ….ဘွားဘွားကြီးကော…
ဘွားဘွားကြီးဘယ်ရောက်သွားလဲအမေ”
နိုးလာလာခြင်း ခင်အုံ၏အမေးကြောင့်
ဒေါ်နှင်းဖြူ ပြောမည့်စကားများပင်ရပ်သွားသည်။
“အမေ… ဘွားဘွားကြီးကအခုလေးတင်
သမီးအနားမှာရှိတာလေ…
ဘွားဘွားကြီးကဘယ်များရောက်သွားတာလဲအမေ”
“သမီး….”
ဒေါ်နှင်းဖြူ ဝမ်းနည်းသံကြီးဖြင့် ခေါ်လိုက်သည်။
“သမီးဘွားဘွားကြီးဆုံးပြီတဲ့သမီးရဲ့”
“ရှင်….အမေ…အမေဘာတွေပြောနေတာလဲ…
ဘွားဘွားကြီးကဘာလို့သေရမှာလဲ
မဖြစ်နိုင်တာ…”
ခင်အုံလက်မခံနိုင်ပေ။
သူသိပ်ချစ်ရသော.အဘွားဖြစ်သူကို အစောလေးကမှ
ခင်အုံပွေ့ဖက်ခဲ့ရသည်။
အဘွားဖြစ်သူမှာကြားခဲ့သော စကားကို
ပြန်တွေ့းမိလိုက်ချိန်…ခင်အုံအိပ်ရာထဲမှ
အလျင်အမြန်ထကာ
အိမ်ပြင်ကိုထွက်လာတော့ သူ၏အဖေနှင့်
စကားပြောနေသော ရွာထဲမှရွာသူ၊ရွာသားများကိုတွေ့လိုက်ရ၏။
အားလုံး၏မျက်နှာများကလည်းဝမ်းနည်းနေဟန်ရသည်။
အိမ်ထဲမှထွက်လာသော.ခင်အုံကို ဦးဘဦးမြင်လိုက်ရတော့…
“သမီး…ဘယ်ကိုသွားမလို့လဲ”
“အဖေ…ဘွားဘွားကြီးဆုံးပြီလို့ အမေကကျုပ်ကို
လာညာနေတယ်…
မဟုတ်ဖူးမလားအဖေ…မဟုတ်ဖူးမလားလို့”
“လာပါဦးသမီးရယ်…အဖေ့ဆီကိုလာပါဦး”
ဦးဘဦး ပြန်၍မဖြေဘဲ ခင်အုံကိုပွေ့ဖက်ထားဖို့
သွားလေတော့ ခင်အုံအခြေအနေကိုနားလည်သွားသည်။
အဖေဖြစ်သူကိုရှောင်ဖယ်၍ ရွာထဲသို့ ခြေဗလာဖြင့် ခင်အုံပြေးတော့၏။
“သမီး….သမီးခင်အုံ”
ဦးဘဦးတို့လည်း ခင်အုံအနောက်မှ
အပြေးလိုက်လာကြရသည်။
ခင်အုံမြင်ခဲ့ရသမျှရွာသူ၊ရွာသားများမှာ
မျက်ရည်များဖြင့် ခင်အုံကိုကြည့်နေကြ၏။
သခင်မကြီး၏အိမ်ဆီသို့ ခင်အုံရောက်လာသည်။
ရွာသူ၊ရွာသားများကလည်း ဝိုင်းအုံ၍ရောက်နေခဲ့ကြ၏။
ငိုယိုနေသော အသံများကို ခင်အုံလျစ်လျူရှု၍
အိမ်ကြီးထဲသို့ဝင်လိုက်သည်။
“ဘွားဘွားကြီး…”
ကုတင်ပေါ်၌ ပိတ်စအဖြူဖြင့် ဖုံးအုပ်ထားသော
မြင်ကွင်းကြောင့် ခင်အုံ၏ခြေလှမ်းများရပ်တန့်သွားသည်။
“နင်ဘာလာလုပ်တာလဲခင်အုံ…
နင့်ကိုရွာထဲမဝင်ဖို့ပြောထားတယ်လေ…”
“မမ…ဘွားဘွားကြီးဆုံးပြီဆိုတာ တကယ်လားဟင်…
ခင်အုံကိုဝိုင်းစနေကြတာမလား…”
“ဟဲ့…ခင်အုံ…ငါ့အမေသေတာ နင့်ကိုစနောက်စရာလား…
သွား…နင်အခုထွက်သွားစမ်း…”
“ဒါဆိုဘွားဘွားကြီးဆုံးတာတကယ်ပေါ့…
တကယ်ပေါ့ ဒေါ်ကြီး…”
“နင်တို့ဘာရပ်ကြည့်နေကြတာလဲ…
ဒီကောင်မကိုဆွဲထုတ်ကြစမ်း”
လွန်းတင်နဲ့ဒေါ်နှင်းမြူတို့က ခင်အုံကို မောင်းထုတ်နေကြသည်။သူတို့၏စကားများမှာ ခင်အုံ၏
နားထဲသို့ပင်မဝင်ခဲ့။
“ဘွားဘွားကြီး…”
ခင်အုံ… သခင်မကြီး၏အလောင်းဆီကိုသွား၏။
မျက်နှာကိုအုပ်ထားသော ပိတ်စလေးကိုတုန်ရီနေသော
လက်အစုံဖြင့် ဖွင့်ကြည့်ရင်း…
“ဘွားဘွားကြီးရယ်….
အီးးးးးဟီးးးးးးးးဟီးးးးးးဟီးးးးး…
ခင်အုံမှားပါတယ်…ခင်အုံအပြစ်ရှိတာသိပါတယ်…
ဒါပေမယ့် အခုလိုတော့ မစနောက်ပါနဲ့
ဘွားဘွားကြီးရယ်…”
ဟု…ခင်အုံ ဝမ်းနည်းစွာငိုရှိုက်တော့သည်။
“နင်လက်တွေဖယ်စမ်းပါ…”
သခင်မကြီး၏အလောင်းကိုပွေ့ဖက်ထားသော
ခင်အုံ၏လက်များကို လွန်းတင်က
ဆွဲဖယ်ပစ်လိုက်သည်။
“နင်အခုထွက်သွား ခင်အုံ…
ဒီရွာထဲနင်ဘယ်တော့မှပြန်ဝင်မလာခဲ့နဲ့”
“ဟိတ်….လွန်းတင်…နင်သိပ်လွန်နေပြီ…
ငါ့သမီးကို လက်ဖျားနဲ့တောင်ထပ်မထိနဲ့…
ငါတို့ကသည်းခံလိမ့်မယ်လို့မထင်နဲ့နော်…”
ဦးဘဦးက လွန်းတင်ကို လက်ညိုးထိုးကာပြောလိုက်သည်။
“သြော်…လူစုံတပ်စုံရောက်လာတာပဲ…
ဘာလဲ…နောက်ဆုံးမျက်နှာလာကြည့်ကြတာလား…
ဒါဆိုကြည့်ပြီးပြန်ကြတော့…နောက်ကိုလည်းရွာထဲ
ထပ်ဝင်မလာကြနဲ့…”
ဟု…ဒေါ်နှင်းမြူကပြောလိုက်သည်။
“နေပါဦးမမနှင်းမြူရဲ့…
တော်ကဘာကြောင့်အခုလိုပြောရတာလဲ…
ကျုပ်တို့ကမေမေရဲ့စကားကိုပဲနာခံနိုင်တာပါ…
တော်တို့သားအမိရဲ့စကားကိုတော့
ဘာကြောင့်နာခံရမှာလဲ…”
ဟု…ဒေါ်နှင်းဖြူကပြောတော့ ဒေါ်နှင်းမြူသည်
မဲ့ပြုံးပြုံး၍…
“မေမေ မဆုံးခင်က ဒီရွာရဲ့အုပ်ချုပ်သူအဖြစ်ငါ့သမီးကို
တာဝန်ပေးခဲ့ပြီးသား…ဒီတော့ငါ့သမီးအမိန့်က
မေမေရဲ့အမိန့်နဲ့အတူတူပဲ နှင်းဖြူ…”
“လက်မခံနိုင်ပါဘူး… နင်တို့တွေကလိမ်ကကျစ်ကျလို့
ငါ့သမီးကိုမေမေက ရွာကနေနှင်ထုတ်ခဲ့တာ…
နင်တို့လက်ထဲကိုမေမေက ဒီရွာအပ်ခဲ့တယ်ဆိုတာ
ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး…”
ဒေါ်နှင်းဖြူနဲ့ဒေါ်နှင်းမြူတို့ညီမအစ်မ
တစ်ယောက်နဲ့တစ်ယောက် ဒေါသသံများဖြင့်
အော်ပြောနေကြသည်။
ခင်အုံကတော့ အဘွားဖြစ်သူအလောင်းကို
ပွေ့ဖက်လို့ထား၏။
“အဖေ…”
“ပြောသမီး…”
“ဘွားဘွားကြီးအလောင်းက်ို သမီးတို့
အိမ်ကိုသယ်သွားပေးပါ…”
“ဟုတ်ပြီသမီး”
ဦးဘဦးက ခင်အုံ၏စကားအတိုင်းသူ၏အဖော်များနှင့်အတူသခင်မကြီး၏အလောင်းကိုသယ်ယူလေသည်။
“ဘယ်ဖြစ်မလဲ…အခုပြန်ချကြ…
မဟုတ်ရင်လွန်းတင်ရဲ့အဆိုး…မဆိုကြလေနဲ့”
“တားရဲရင်တားကြည့်လိုက် လွန်းတင်…
နင်ကြောင့်…ငါဘွားဘွားကြီးနဲ့ဝေးခဲ့ရတာ…
နင့်ကိုငါခွင်လွှတ်မယ်မထင်လေနဲ့”
ခင်အုံ လွန်းတင်ကို လက်ညိုးငေါက်ငေါက်ထိုးကာပြောလိုက်သည်။
“ဘာ….နင်ကများငါ့ကို…ခင်အုံနင်သေချင်နေပြီလား”
“ဟင်…ငါကသေရမယ်…
မဟုတ်ဘူး…နင်သေရမှာလွန်းတင်…နင်သေမှာ…”
ခင်အုံ၏မျက်လုံးများ အနီရောင်ပြောင်းသွားသည်။
ဦးဘဦးတို့လည်းသခင််မကြီး၏အလောင်းကို
မြန်မြန်သယ်ယူသွားကြ၏။
ကျန်လူများမှာလည်း အိမ်အပြင်သို့ထွက်ပြေးကုန်ကြပြီး
အိမ်ထဲ၌…လွန်းတင်နဲ့ဒေါ်နှင်းမြူကတစ်ဖက်…
ခင်အုံနှင့်ဒေါ်နှင်းဖြူကတစ်ဖက် ကျန်ခဲ့တော့သည်။
“ခင်အုံ…နင်အခုချက်ချင်းငါ့သမီးကို
ပြန်တောင်းပန်လိုက်….
မဟုတ်ရင် နင့်ကိုငါတို့ခွင့်လွှတ်ပေးမယ်မထင်နဲ့”
“အမယ်…ဘာကိစ္စငါ့သမီးကတောင်းပန်ရမှာလဲ…”
တစ်ဖက်နဲ့တစ်ဖက်ဒေါသတကြီးကြည့်နေကြသည်။
“နင်ကရန်လိုနေမှတော့ငါကလည်း
နင့်ကိုအပြစ်ပေးရသေးတာပေါ့ခင်အုံ”
လွန်းတင်သည်ခင်အုံကိုတိုက်ခိုက်တော့၏။
နံဘေးရှိပစ္စည်းများကို လက်ဖြင့်ဝှေ့ရမ်းပြီး
ခင်အုံဆီကိုပစ်ပေါက်လိုက်သည်။
ခင်အုံက ခြေဖနောင့်တစ်ချက်ပေါက်လိုက်လေရာ
ထိုပစ္စည်းများမှာ မြေပေါ်သို့ ဝုန်းခနဲပြုတ်ကျကုန်၏။
“နင်အပြင်ထွက်ခဲ့လိုက်….
ငါ့အဘွားအိမ်ကိုအထိခိုက်မခံနိုင်ဘူးလွန်းတင်…”
ခင်အုံက ထိုသို့ပြောပြီး အိမ်အပြင်ကို
အရင်ထွက်သွားသည်။
လွန်းတင်တို့သားအမိကလည်း ခင်အုံတို့
သားအမိအနောက်မှလိုက်လာခဲ့ကြ၏။
အိမ်အပြင်၌ မျက်နှာခြင်းဆိုင်အနေအထားဖြင့်
ရန်ပွဲအတွက်အသင့်ဖြစ်နေကြသည်။
ခင်အုံကပဲအရင်ဆုံး သူ၏စက်တွေကိုထုတ်တော့၏။
ခင်အုံနဲ့လွန်းတင်တို့၏ ရန်ပွဲ၌ ဒေါ်နှင်းဖြူနဲ့ဒေါ်နှင်းမြူတို့
နံဘေးကကြည့်နေကြရသည်။
ခင်အုံသည် သူ၏လက်ဖဝါးအတွင်းမှ
ထွက်လာသော.အနီရောင်စက်များဖြင့် လွန်းတင်ကို
တိုက်ခိုက်၏။
လွန်းတင်ကလည်း ခင်အုံ၏စက်တန်းများကို
ပေါ့ပါးသော ခန္ဓာကိုယ်ဖြင့်ရှောင်ရှားလေသည်။
နောက်ဆုံးခင်အုံ၏စက်တန်းများနဲ့လွန်းတင်၏စက်တန်းများအပြိုင်အဆိုင်တိုက်ခိုက်ကြတော့သည်။
“ဝုန်း….”
“ဘုန်း… “
စက်တန်းတို့ထိမှန်သောနေရာများသည် မီးများလောင်ကျွမ်းကုန်၏။
“သမီးခင်အုံ”
ဒေါ်နှင်းဖြူ ခင်အုံကိုအော်လိုက်သည်။
ခင်အုံက မည်သူမှတား၍မရတော့ပေ။
သူမ၏မျက်လုံးများကနီကာရဲနေပြီး
သူ၏စိတ်အတွင်း၌ဒေါသများကသာကြီးစိုးနေခဲ့ပေသည်။
“ဝုန်း…”
“ဘုန်း”
ခင်အုံသည် သူ၏စက်များနဲ့ လွန်းတင်အား
အပြင်းအထန်ပင်တိုက်ခိုက်နေခဲ့သည်။
ခင်အုံကိုကြည့်ရင်း
တစ်ဖက်မှလွန်းတင်ပင်ထိတ်လန့်လာခဲ့သည်။
“ဝုန်း”
“အားး…”
လွန်းတင် တစ်ယောက် ခင်အုံ၏
စက်တန်းထိမှန်သွားလေပြီ။
“သမီး…တောက်…”
ဒေါ်နှင်းမြူ ခင်အုံကိုဒေါသထွက်သွားသည်။
လွန်းတင်မှာလည်း ခွေခွေလေးမြေပေါ်၌လဲကျနေ၏။
လွန်းတင်ကိုသာကြည့်နေသော ခင်အုံထံသို့
ဒေါ်နှင်းမြူစက်တန်းများကိုထုတ်၍တိုက်ခိုက်သောအခါ…
“သမီးလေး… “
“ဝုန်း…”
“အား…”
ဒေါ်နှင်းဖြူတစ်ယောက်ခင်အုံကို တွန်းထုတ်လိုက်သောအခါ အစ်မဖြစ်သူဒေါ်နှင်းမြူ၏စက်များက
ဒေါ်နှင်းဖြူကိုထိမှန်သွားခဲ့တော့သည်။
“အမေ…အမေ…”
ခင်အုံ ဒေါ်နှင်းဖြူကိုပြေးကာပွေ့ရှာသည်။
“အမေ…သမီးခေါ်တာကြားလားအမေ”
ဒေါ်နှင်းဖြူတစ်ယောက် အသက်ကင်းမဲ့သွားလေပြီ။
ခင်အုံမျက်ရည်များဖြင့်အမေဖြစ်သူကို
နမ်းရှုံ့လိုက်သည်။
လွန်းတင်ကတော့မြေပေါ်မှ ကုန်းကာထနေ၏။
ဒေါ်နှင်းမြူမှာညီမဖြစ်သူကိုကြည့်ရင်း
စိတ်မကောင်းဖြစ်နေခဲ့သည်။
“တောက်…”
သို့သော် ခင်အုံ၏ တောက်ခေါက်သံကြောင့်
ဒေါ်နှင်းမြူလန့်သွားခဲ့သည်။
“သတ်မယ်…နင်တို့အားလုံးကိုသတ်ပစ်မယ်…”
ခင်အုံ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ထို့နောက် အားပြင်းလှသော သူ၏စက်တန်းများကို
ထုတ်တော့သည်။
ထိုစက်တန်းများသည် တရှိန်ထိုးပင် ဒေါ်နှင်းမြူထံ
ဝင်ရောက်ဖို့ ကြိုးစားနေချိန် တခြားသော
စက်တန်းများကခင်အုံ၏စက်များကို ထိန်းထားကြ၏။
“သမီးခင်အုံ…သမီးစိတ်ကိုလျော့ပါသမီး…
မဟုတ်ရင်အမှားတွေဖြစ်ကုန်လိမ့်မယ်သမီးရဲ့”
ဦးဘဦးနဲ့ရွာသူ၊ရွာသားတွေက ခင်အုံ၏စက်များကို
ထိန်းထားကြသည်။
ခင်အုံက လူစိတ်ပျောက်နေသူအလား သူတို့စက်များကို
အားကုန်တွန်းထုတ်နေခဲ့သည်။
“တောက်….”
ခင်အုံတောက်တစ်ချက်ခေါက်ပြီး
သူထုတ်လွှတ်ထားသည့် စက်တန်းများအပေါ်သို့
လွှားခနဲခုန်တက်လိုက်သည်။
စက်တန်းများအပေါ်၌ ခင်အုံပြေးလွှားသွား၏။
ဒေါ်နှင်းမြူ၏မျက်နှာမှာ သွေးမရှိတော့ရှာတော့ပေ။
“မေမေ…မေမေက သူ့ပညာတွေခင်အုံကိုပေးခဲ့တာပဲ”
ဟု…သာဒေါ်နှင်းမြူ ပြောနိုင်တော့သည်။
“အား…”
တစ်ခဏအတွင်းပင်…ခင်အုံက
အားလုံး၏စက်တန်းများကိုဖျက်ဆီးပစ်လိုက်သည်။
“ဝုန်း…”
ခင်အုံသည်သူ၏စက်တန်းပေါ်မှ လွှားခနဲခုန်ချပြီး
ဒေါ်နှင်းမြူ၏ နှလုံးတည့်တည့်သို့ လက်ဝါးဖြင့်
“ဘုန်း” ခနဲရိုက်ချလိုက်၏။
ဒေါ်နှင်းမြူမှာ အော်ပင်မအော်နိုင်ခဲ့တော့။
နေရာ၌ပင် သွေးများအော့အန်ကာ လဲကျသွားတော့သည်။
“အမေ….”
လွန်းတင် တစ်ယောက် အမေဖြစ်သူအနီးသို့
အပြေးသွားလေသည်။
ခင်အုံက လွန်းတင်ကိုသားကောင်တစ်ကောင်ကဲ့သို့
ကြည့်နေခဲ့သည်။
သူ၏လက်ဖဝါးကိုဖြန့်၍ လွန်းတင်ကိုအားကုန်ရိုက်ချဖို့
ကြိုးစားစဥ်…
“ဝုန်း”
တစ်နေရာမှထွက်လာသော အလင်းတန်းတစ်ခုသည်
ခင်အုံကို ထိမှန်သွား၏။
ခင်အုံ အထိနာသွားသော်လည်း လက််သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်၍ မြေပေါ်မှပြန်ထလိုက်သည်။
“မယ်တော်…”
မယ်တော်ကိုခင်အုံတစ်ယောက်သာမြင်ရသည်။
မယ်တော်သည် ခင်အုံအားဒေါသတကြီးစိုက်ကြည့်နေ၏။
“ဆက်ခံသူကိုယ်တိုင်ကအပြစ်လုပ်နေရင်
တစ်ရွာလုံးဒုက္ခရောက်မယ်ဆိုတာမသိဘူးလား”
ခင်အုံ၏ဒေါသစိတ်များပျောက်ကွယ်သွား၏။
“ကြည့်စမ်း…သင်မြင်နေရတဲ့အရပ်ကို
သင်ကြည့်လိုက်စမ်း…”
ခင်အုံ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်တော့
မီးများလောင်ကျွမ်းနေသော တဲအိမ်များကိုမြင်ရသည်။
“အခုချိန်ကစပြီး သင်တို့တတွေငါ၏ အရိပ်အောက်မှ
လွှတ်ကင်းပြီ…ငါ၏စောင့်ရှောက်မှုကနေလည်း
သင်တို့လွှတ်ကင်းနိုင်ပြီ…”
“မယ်တော်…ဘွားဘွားကြီးက”
“တိတ်စမ်း…သင့်ရဲ့အဘွားကြောင့် သင့်ကို
ခွင့်လွှတ်ပေးလိုက်မယ်…
သင့်ရဲ့အပြစ်အတွက် သင်ကိုယ်တိုင်
ပေးဆပ်ဖို့လည်းပြင်ထားပါ…”
ဟု…ပြောပြီး မယ်တော်သည်သူ၏လက်ကို
ဝှေ့ရမ်းလိုက်ရာ…ရွှေသားဖြင့်ပြုလုပ်ထားသော
ဘူးတော်သည်.မယ်တော်၏လက်အတွင်းသို့
ရောက်ရှိလာခဲ့၏။
မယ်တော်သည် သူ၏ဝိညာဥ်ဘူးအားပြန်လည်
သိမ်းယူသွားခဲ့လေပြီ။
ခင်အုံကို တစ်ချက်ကြည့်၍ နေရာမှ
ပျောက်ကွယ်သွားခဲ့တော့၏။
“သမီး…”
ဦးဘဦး ခင်အုံကိုပြေးထူသည်။
ဦးဘဦးတို့သည်က မယ်တော်ကိုတွေ့မြင်ခဲ့ကြပုံမရပေ။
“အဖေ…အမေ…အမလေ….အီး းးးးးးးးးး”
ခင်အုံအမေဖြစ်သူကို သတိရပြီးငိုပြန်တော့သည်။
ဦးဘဦးကလည်းမျက်ရည်များဖြင့် သမီးဖြစ်သူကိုပွေ့ဖက်ထားခဲ့သည်။
လွန်းတင်သည်လည်း သူ၏အမေဖြစ်သူကို ပွေ့ဖက်ကာ
ငိုယိုလို့နေခဲ့သည်။
ထိုနေ့က သခင်မကြီး၏အလောင်းနှင့်အတူ
သမီးဖြစ်သူနှစ်ယောက်၏အလောင်းများကိုပါ
သဂြိုလ်ခဲ့ကြရသည်။
“အဖေ…သမီး…ဒီအရပ်မှာမနေချင်တော့ဘူး”
“သမီးသဘောအတိုင်းပဲ…
အဖေလည်းမနေချင်တော့ဘူးသမီးရယ်…
ဒီအရပ်မှာဆက်ပြီးနေရင် အဖေ့သမီးကိုလည်း
အဖေဆုံးရှုံးရမယ်ထင်တယ်…
ဒါကြောင့် အဖေတို့တခြားအရပ်ကိုပြောင်းကြတာပေါ့”
ဦးဘဦးလည်းနောက်ဆုံးသော ဆုံးဖြတ်ချက်ကိုချပြီး
သမီးဖြစ်သူနှင့်အတူ ကန်ပိုင်ရွာမှ ထွက်ခွာလာခဲ့တော့သည်။
ကန်ပိုင်ရွာ၌တော့ လွန်းတင်နဲ့ကျန်ရွာသူ၊ရွာသားများသာ
ကျန်ရစ်ခဲ့လေသည်။
ရှင်ညိုပြောပြသော ဘဝဟောင်းမှအကြောင်းအရာများကို
နားထောင်ပြီး ဘွားမယ်စိန်တို့တိတ်ဆိတ်သွားကြသည်။
ရှင်ညိုသည်လည်း မျက်ရည်များကျဆင်းနေခဲ့၏။
ထိုနေ့ညကတော့ ဘွားမယ်စိန်တို့အိမ်သည်လည်း
တိတ်ဆိတ်လို့သွားခဲ့ရလေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)