စာမူ…၁၄၈

စဆုံး

မိုးကျလေပြီ။
နယုန်ဝါဆိုမှာမိုးကောင်းလာတာကြောင့်လယ်တွေမှာရေတင်နေရပြီဖြစ်သည်။
အမေဖြစ်သူနှင့်နှစ်ယောက်ထဲရပ်တည်နေရသော
မောင်တိုးမှာလည်း ဘွားမယ်စိန် ခရီးမထွက်ဖြစ်သော
ရက်များ၌ကောက်စိုက်၊ပျိုးနှုတ်ဖြင့်
အလုပ်များနေခဲ့သည်။မောင်တိုးတို့နဲ့အတူ
ကောက်စိုက်သောကောက်စိုက်သမများမှာ
သနပ်ခါးပါးကွက်ကြားဖြင့် ထဘီကိုခပ်တိုတိုဝတ်ကာ သီချင်းများတကြော်ကြော်ဆိုရင်းကောက်စိုက်
ကြလေသည်။
ထိုအုပ်စုနှင့်မောင်တိုးတို့မှာ အတော်​လေးရင်းနှီးကြသည်။
တစ်ရွာထဲနေသူများဖြစ်၍ စကားပြောကြတာကလည်းအတော်ပင်ပွင့်လင်းကြ၏။

“တော့်ကိုကြီးတိုး”

“အေး…ပြော…”

“တော်ဘယ်တော့မိန်းမယူမှာလဲ”

“ဟ…ဘာဖြစ်လို့လဲ…ငါမိန်းမယူတဲ့အချိန်နင်မရှိတော့မှာ
စိုးရိမ်လို့လားဟ”

“အမယ်…သေနာကြီး…ကျုပ်ကမရှိတော့
ဘယ်သွားသေရမှာလဲ”

“ဟား…ဟားး…ဟားး…မသိပါဘူးဟာ…
ဒါဆိုငါ့ကိုဘာလို့မေးနေကြတာလဲ…
နင်တို့အုပ်စုက တွေ့တာနဲ့ဒါပဲမေးနေကြတော့တာပဲ”

“ဟောတော်…ဟိုမှာ ကိုကြီးအုန်းတို့က
နှစ်ဖက်မိဘအသိပေးပြီး စုံတွဲတောင်ခုတ်နေကြပြီ…
တော်ပဲမရှိသေးတာ…”

“အေးဟ…ငါကြိုက်လောက်မယ့်
အပျိုဒီရွာမှာမရှိသေးလို့ထင်ပါတယ်ဟာ…”

“အမယ်လေး…ပြောတတ်လိုက်တာတော်…
ရော့ ရေနွေးဖြည့်ပေးဦး”

ရွာသူကောက်စသမအုပ်စုမှာ မောင်တိုးကို
စနောက်နေကြသည်။

“ဒီမှာတော့…ကိုကြီးတိုးရဲ့ တော်မျက်စိများမှုန်နေသလား”

“မိပုရဲ့…ကျုပ်ကဘာလို့မျက်စိမှုန်ရမှာလဲ”

“တော်ပဲမမြင်တာလေ…ကျုပ်တို့တွေကတော့
တော်နဲ့လိုက်ဖက်မယ့်သူကိုမြင်တယ်တော့်”

“ဟေ…ဘယ်သူများတုန်း”

“ဟို…ရှင်ညိုလေ…ရှင်ညို”

“ဟဲ့​မသာမရဲ့…အဲ့တာငါ့နှမပါဟ…
မပြောသင့်တာကိုမပြောကြစမ်းနဲ့ နားရင်းကို
ရိုက်ထည့်လိုက်ရ”

မိပုစကားကြောင့် မောင်တိုးထဟောက်လိုက်သောအခါ
တဟီးဟီးတဟားဟားဖြင့်စနောက်ရယ်မောနေသော
ကောက်စသမအုပ်စုလည်းငြိမ်ကျသွားသည်။

“နင်တို့ကိုတစ်ခါထဲပြောထားမယ်နော်…
အခုကောနောက်ကိုကော…
ရှင်ညိုနဲ့ငါ့ကိုမစနောက်ကြနဲ့…
သူနဲ့နန်းကြိုင်ဆိုတာ ငါစောင့်ရှောက်ရမယ့်ငါ့ညီမတွေပဲ
သူတို့နဲ့ပတ်သတ်ပြီးထပ်စရင် ငါ့အဆိုးမဆိုကြနဲ့နော်…”

“ဟုတ်ကဲ့ပါတော်…ကျူပ်တို့လည်းဆင်ခြင်ပါ့မယ်”

မောင်တိုးသည် ရှင်ညိုတို့အပေါ်၌ညီမလေးများကဲ့သို့ပင်
သဘောထားရှာသည်။
ထို့ကြောင့်သူ့အားစနောက်နေကြခြင်းအပေါ်
စိတ်ဆိုးလေသည်။

“အဲ့တာဆိုရင်တော့ကိုကြီးတိုးရေ…
တော်နဲ့လိုက်ဖက်မယ့်သူကိုကျုပ်တွေ့ထားတယ်…”

ကောက်စိုက်သမအုပ်စုထဲမှ ပါးစပ်ပြဲပြဲဖြင့်
မိငွေ ၏စကားသံထွက်ပေါ်လာပြန်သည်။

“ဘယ်သူတုန်း”

“ဘယ်သူကမှာတုန်း…ဒီမှာလေ…
ဒေါ်ရွှေဝါဝင်းကြီး…”

“အမယ်လေး…ဗိုင်းတာမရဲ့ ငါ့ကိုများဒေါ်ရွှေဝါဝင်းတဲ့”

ဒေါ်ကုလားမ ထအော်လေသည်။
မည်းတူးနေသောသူ၏အသားအရည်ကြောင့်
သူ့အားဒေါ်ရွှေဝါဝင်းဟုခေါ်ခြင်းအပေါ်
သဘောကျပြီးတဟားဟားရယ်မောကုန်ကြတော့သည်။

တစ်ရက်၌….

“အဘွား….အဘွားရှိလားဗျို့….”

“ဘွားမယ်စိန်ရှိလားဗျို့….”

ဘွားမယ်စိန်အိမ်အရှေ့ဆီသို့ ရွာသားငါးဦး
ရောက်လာခဲ့သည်။

“ဟေ့…ဘယ်သူတွေလဲကွ…”

ဘွားမယ်စိန်ရဲ့အိမ်ဝိုင်းအပြင်၌စုရုန်းရောက်ရှိနေသော
လူစုကြောင့် သူကြီးဦးနောင်ချိုတို့ပင်ရောက်ချလာခဲ့သည်။

“ဟာ…ဒါရွာသစ်ကလူတွေပဲဗျ”

“အေး…ဟုတ်သား”

“နေပါဦး…ခင်ဗျားတို့ကဘာတွေအရေးကြီးနေကြတာလဲ”

ရွာသူကြီးဦးနောင်ချိုကမေးတော့ရွာသစ်သားမှ…

“နေပါဦးသူကြီးရာ…ကျုပ်တို့ဘွားနဲ့အရင်တွေ့ပါရစေဗျာ”

ဟုပြောလေတော့ သူကြီးဦးနောင်ချိုမျက်နှာပျက်သွားရှာသည်။

“ဘယ်သူတွေလဲကွဲ့…”

ဘွားမယ်စိန်ခြံပြင်သို့ထွက်လာခဲ့သည်။
အနောက်ဆီမှရှင်ညိုတို့ဒေါ်ဝင်းတို့ကလည်း
လိုက်လာခဲ့၏။

“ဘွားရေ…အရေးကြီးလို့ဗျ”

“ဟေ…ဘာများဖြစ်လို့တုန်း”

“ကျုပ်တို့ရွာသစ်က
ရွာသားတစ်ယောက်ပျောက်သွားလို့ပါဗျ…”

“ဘယ်လိုများဖြစ်ရတာလဲကွဲ့”

“နေဦးဗျာ…ဒါတော့ကျုပ်ဝင်ပြောရလိမ့်မယ်…
ဟေ့ကောင်တွေ မင်းတို့ကလူပျောက်တာလေးနဲ့
ဘွားကိုလာပြီး ဒုက္ခပေး ကြတာလား…
ငါတို့ဘွားကိုလူပျောက် လိုက်ရှာပေးတဲ့သူလို့များ
မင်းတို့ထင်နေကြတာလား…”

သူကြီးဦးနောင်ချိုက ဝင်ကာပြော​လေသည်။

“ဟုတ်ပတော်…”

“ဟုတ်ပ…ဟုတ်ပ”

သောင်ထွန်းရွာသူ၊ရွာသားတွေကလည်းသူကြီးဘက်မှ
ထောက်ခံကြသည်။

“မဟုတ်တာဗျာ…ရိုးရိုးပျောက်တာလောက်ဆို
ကျုပ်တို့က ဘွားကိုလာပြောပါ့မလား…
ခင်ဗျားက သူကြီးလုပ်နေပြီးမစဥ်းစားတတ်ဘူးလားဗျာ”

“ဘာကွ…မင်းကများငါ့ကိုစော်စော်ကားကား…
ဒါငါ့ရွာနော် ဟေ့ကောင်တွေစကား​​ပြောသတိထားကြ”

“ဟုတ်ပ…ရွာထဲလာပြီးသူကြီးကိုစော်ကားရဲတာ
အံ့သြပါ့တော်…”

ရွာသူကြီးဦးနောင်ချိုကလည်း ဒေါသထွက်နေသလို
သောင်ထွန်းရွာသူ၊ရွာသားများမှာလည်း ရွာသစ်ရွာ
သားများကို ရန်စကားများပြောလာကြသည်။

“ဟဲ့…ဗိုင်းတာမတွေ…ရန်ဖြစ်ရင်ထိန်းရတယ်ဟဲ့…
ဒါကိုညည်းတို့ကဘေးကနေမြှောက်ပေးနေတော့
ပိုဆိုးကုန်မှာပေါ့…ကဲ…အခု ငါပြောမယ်…
ညည်းတို့နဲမဆိုင်ရင်ကိုယ့်​အိမ်ကိုယ် ပြန်ကြ…
မဟုတ်ရင် မယ်စိန်တဲ့နော်…အဆိုးမဆိုကြလေနဲ့…”

ဘွားမယ်စိန်က ရွာသူတွေကိုလက်ညိုးထိုးကာ
ပြောလေတော့မှ အားလုံးငြိမ်ကျသွားသည်။

“သူကြီး…ကျုပ်တောင်းပန်ပါတယ်ဗျာ…
ကျုပ်တို့ရွာသူကြီးက မြို့တက်သွားတော့
လူကြီးပါမလာတာပါ…
ကျုပ်တို့ကလည်းအလျင်လိုနေတာနဲ့ သူကြီးအပေါ်ကို
ပြောမိတာပါဗျာ ဗွေမယူပါနဲ့ဗျာ”

ဟု…ရွာသစ်ရွာသားတစ်ဦးမှပြောလေ​တော့
သူကြီးဦးနောင်ချိုကျေနပ်သွားသည်။

“ကဲလာကြ…ဝိုင်းထဲဝင်ပြီးစကားပြောကြတာပေါ့”

ဘွားမယ်စိန်က ရွာသစ်ရွာသားတွေကိုခေါ်လိုက်သည်။
သူကြီးဦးနောင်ချိုလည်းအတူလိုက်လာပြီး
ကျန်ရွာသူ၊ရွာသားများကတော့အိမ်ပြန်သွားကြရှာသည်။

“ပြောစမ်းပါဦး…ဘယ်သူများပျောက်တာလဲကွဲ့”

“ကျုပ်တို့ရွာသားအောင်ထူးပျောက်လို့အဘွား…
ရိုးရိုးပျောက်တာဆိုရင်ကျုပ်တို့ရှာဖွေသာပါသေးတယ်…
ဒါပေမယ့်ဒီကောင်ပျောက်တာက သရဲဖွက်တာဗျ”

“ဟေ…သရဲဖွက်တာဟုတ်လား”

“ဟုတ်တယ်ခင်ဗျ…သရဲဖွက်တာပါ”

“နေပါဦး…ဘယ်သရဲက မင်းတို့ရွာသားကိုဖွက်ရတာလဲ”

“ဒါကဒီလိုရှိတယ်သူကြီး…
ကျုပ်တို့ရွာပြင်က ကွင်းတစ်ခုမှာ မန်ကျည်းပင်ကြီးရှိတယ်ဗျ…အဲ့သည်အပင်မှာနေတဲ့ သရဲကအတော်အခြောက်အလန့်ကြမ်းတာ… ညဖက်ဖားရှာ…
ငါးရှာထွက်တဲ့သူတွေကိုခြောက်လန့်လွန်းလို့
ဘယ်သူမှအဲ့ကွင်းဘက်ကိုမသွားရဲကြဘူးဗျ…”

“ဒါဆို….မင်းတို့ကောင်က အဲ့သည်ဘက်ကို
သွားလို့ အဖွက်ခံရတာပေါ့လေ”

“ကျုပ်တို့လည်းအဲ့သည်လိုပဲထင်တာဗျ….
ဒီကောင် ညက ဖားရိုက်ထွက်တာ
အဲ့သည်ကွင်းဘက်ကိုထွက်သွားတာကို
မြင်တဲ့သူကမြင်လိုက်တယ်…
မနက်ရောက်တဲ့အထိပေါ်မလာလို့
လိုက်ရှာကြပေမယ့် ဘယ်မှာမှမတွေ့ပါဘူးဗျာ…”

သူကြီးဦးနောင်ချိုနဲ့ရွာသစ်ရွာသားတို့၏အမေး…အဖြေ၌
ဘွားမယ်စိန်ဝင်မပြောဘဲနားထောင်နေခဲ့သည်။

“အဲ့တာ…အဘွား ကျုပ်တို့ကို ကူညီပေးပါဗျာ…
ဒီကောင့်ရဲ့မိန်းမကလည်း ကိုယ်ဝန်ကြီးနဲ့ဗျ…
မွေးခါလည်းနီးနေပြီ…အခု…ဒီကောင်ပျောက်တယ်ဆိုလို့
သူ့မှာငိုကြီးချက်မဖြစ်နေရှာတာ…”

“အေးလေ…ပျောက်တာဘယ်သူ
အောင်ထူးဟုတ်လား”

“ဟုတ်တယ်ခင်ဗျ…အောင်ထူးပါ…”

“အေးလေ…ဘွားဆီကိုလာပြီး
အကူအညီတောင်းကြတော့လည်း
ဘွားတို့လိုက်ခဲ့ပေးပါ့မယ်…
ဒါပေမယ့်…ဒီကလေး ပျောက်သွားရတာက
သရဲကြောင့်လား…လူကြောင့်လား…သူ့ဘာသာပဲတစ်နေရာရာထွက်သွားသလားဆိုတာတော့
ဘွားဘက်ကမပြောပြ နိုင်သေးဘူး…
ဒါပေမယ့် သူ့ရဲ့မယားစိတ်အေးအောင်တော့
အရင်ဆုံးလိုက်ခဲ့ပေးပါ့မယ်…”

“ဟုတ်ကဲ့အဘွား”

ရွာသစ်ရွာသားတွေမှာဘွားမယ်စိန်စကားကြောင့်
ဝမ်းသာသွားကြသည်။
သူကြီးဦးနောင်ချိုက မောင်တိုးကို …

“ဘွားကလိုက်မယ်ဆိုတော့ မောင်တိုး
မင်းလှည်းသွားယူလေကွာ…”

“ကျုပ်သိပါတယ်သူကြီးရာ…
ကျုပ်ကဘွားအပြောကိုစောင့်နေတာပါဗျ”

မောင်တိုးကထိုသို့ပြန်ပြောတော့သူကြီးဦးနောင်ချို
မောင်တိုးကို…မျက်စောင်းထိုးလေသည်။
ခြေလျင်လာသောရွာသစ်ရွာသားများမှာ အရင်ဆုံး
ပြန်သွားကြသည်။
ဘွားမယ်စိန်ကတော့မောင်တိုးနဲ့မောင်အုန်းတို့
နွားလှည်းသွားယူကြသည်ကိုထိုင်စောင့်နေခဲ့၏။

“အဘွား”

ရှင်ညို…ဘွားမယ်စိန်ကိုခေါ်လိုက်သည်။
သူကြီးဦးနောင်ချိုနှင့်စကားပြောနေသော
ဘွားမယ်စိန်…ရှင်ညိုကိုလှမ်းကြည့်လေတော့မှ…

“ကျုပ်ကောလိုက်ခဲ့လို့ရမလား”

ဟု…မေးလိုက်၏။

“သမီးလိုက်ချင်ရင်လည်းလိုက်ခဲ့ပါ…”

“ဒါဆို…ကျုပ်ရောလိုက်လို့ရမလား”

ဘွားမယ်စိန်ကခွင့်ပြုသောအခါ နန်းကြိုင်ကဝင်ကာ
မေးပြန်သည်။

“ငါ့မြေးကဘာလိုက်လုပ်မလို့လဲ…”

“ဘာရယ်မဟုတ်ပါဘူး…
မမလိုက်သွားရင် ကျုပ်လည်းပျင်းလို့ပါအဘွားရဲ့”

“အို…ကျုပ်ကဘယ်ရောက်နေတာလဲ
မိနန်း​ကြိုင်…လူကြီးတွေကိစ္စရှိလို့သွားတာကို
ညည်းကနေရာတကာကိုလိုက်ချင်တယ်…”

“အမေကလည်း…”

“အမေကမလည်းနဲ့…သူတို့ခေါ်ရင်တောင်
ငါ့မထည့်ဘူး…မလိုက်ရဘူးနေခဲ့”

“အမကေလညျး…အီးးးးးဟီးးးးးဟီးးးးးးဟီးးးး”

ဒေါ်ဝင်းကတားသောကြောင့် နန်း​ကြိုင်
ခြေဆောင့်လက်ဆောင့်ဖြင့်ငိုလေတော့သည်။

“ညီမလေးရယ်မငိုပါနဲ့…ညီမလေးလိုက်ချင်ရင်လိုက်ခဲ့ပါ…
တကယ်လို့အရီးကညီမလေးကိုမထည့်ရင်
မမလည်းလိုက်မသွားတော့ဘူးနော်…မငိုနဲ့နော်ညီမလေး”

ဟု…ရှင်ညိုကချော့လေမှနန်းကြိုင်တိတ်တော့သည်။

“မမလိုက်သွားပါ…ကျူပ်မလိုက်တော့ဘူး…”

“ဟော…ဘာဖြစ်ပြန်တာလဲ”

“နန်းကြိုင်ရေ…ဆော့ကြမယ်လေ”

ရှင်ညိုမေးနေစဥ်…နန်းကြိုင်၏ဆော့ဖော်…ဆော့ဖက်များရောက်လာခဲ့သည်။
အစောကငိုယိုနေသောနန်းကြိုင်၏မျက်နှာသည်
ချက်ချင်းပင်ရွှင်ပြသွားပြီး…

“အေး…ငါလာပြီ…မမကျုပ်သွားဆော့တော့မယ်
မလိုက်တော့ဘူးနော်…”

ဟုပြောကာ ရှင်ညို၏အနီးမှထွက်သွားတော့သည်။

“အဲ့တာပဲကြည့်ငိုလိုက်ရယ်လိုက်နဲ့
တကယ့်ကို ကလေးကြီးပါအေ…”

ဟု…ဒေါ်ဝင်းက နန်းကြိုင်ကိုပြောလေတော့ ရှင်ညိုမှာ
ပြုံး၍သာနေရှာသည်။

“ကျုပ်တို့ဘွားကတော့ ဒီမြေး…ဒီသမီးတွေနဲ့
မပျင်းရပါဘူးဗျာ…”

“ဟုတ်ပ…မောင်နောင်ချိုရေ…
သူတို့တွေရှိတော့ အိမ်ကအသံလေးကိုဆာလို့…
ပါးစပ်မပိတ်ရ…နားမပိတ်ရပေါ့ကွယ်…”

ဘွားမယ်စိန်က သူကြီးဦးနောင်ချိုစကားကိုထောက်ခံရင်း
ပြုံးနေရှာသည်။
ခဏမျှကြာတော့မောင်တိုးနဲ့မောင်အုန်းနွားလှည်းယူကာ
ရောက်လာခဲ့သည်။

“မိဝင်းရေ…အမေတို့အခြေအနေကြည့်ပြီး
ပြန်လာသင့်ပြန်လာမယ်…
ဒါပေမယ့်ညအိပ်သင့်ရင်လည်းအိပ်ဖြစ်မယ်အေ…”

“ဟုတ်ကဲ့အမေ”

“မမဝင်းတို့အတွက်စိတ်ချပါဘွားရဲ့…
ကျုပ်တို့တစ်ရွာလုံးရဲ့စောင့်ရှောက်မှု
အောက်မှာရှိပါတယ်ဗျာ”

“အေးကွယ်…မောင်နောင်ချိုရေ…
မင်းအစ်မနဲ့တူမကိုကြည့်လိုက်ပါဦး…
ဘွားတို့သွားတော့မယ်…”

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်နှင့်ရှင်ညိုသည် မောင်တိုးတို့နွားလှည်းပေါ်သို့
တက်၍နေရာယူကာထိုင်လိုက်ကြသည်။
ဘွားမယ်စိန်တို့လှည်းပေါ်ရောက်သည်နှင့်
မောင်တိုးကလည်း နွားလှည်းကိုစထွက်လာခဲ့တော့၏။
ရွာသစ်ရွာနှင့် သောင်ထွန်းရွာက မဝေးပေ။
သို့သော် ညဘက်ပြန်ရသည်ရှိသော် အခက်အခဲမရှိစေရန်
မောင်တိုး၏နွားလှည်းဖြင့်သာထွက်လာခဲ့ကြခြင်းဖြစ်သည်။

ဘွားမယ်စိန်တို့ရွာသစ်ရွာဆီကိုရောက်တော့
ရွာသူ၊ရွာသားများက ဟိုတစ်စု…ဒီတစ်စု…စကားများ​ပြောနေကြသည်ကိုတွေ့လိုက်ရ၏။

“ဘွားတို့လာပြီဟေ့…တောင်ဝိုင်းက အရီးမြတို့အိမ်ကို
ခေါ်ခဲ့ကြ…”

တစ်ယောက်တစ်ပေါက်ထအော်ပြီး ဘွားမယ်စိန်တို့ကို
အရီးမြ၏အိမ်သို့ခေါ်လာကြသည်။

“လာကြ…ထိုင်ကြပါ…”

အရီးမြက ဘွားမယ်စိန်တို့ကိုထွက်ကြိုရှာသည်။
ဘွားမယ်စိန်တို့ရောက်လာမည်ကိုသိ၍
ဧည့်ခံရန်လည်းကြိုပြီးပြင်ဆင်ထားကြပုံရ၏။

“ဟဲ့…အောင်ထူးမယား လှပိုကိုရောသွားခေါ်ကြလေ”

“သွားခေါ်ပြီးပါပြီအရီးရဲ့…
လှပိုရောက်ပေါ့တော်…”

ကိုယ်ဝန်ကြီးဖြင့် အဝတ်အစားဖရိုဖရဲဖြင့်
မလှပိုရောက်လာသည်။
ဘွားမယ်စိန်ကိုမြင်တော့မလှပိုမှာ…

“အမယ်လေးဘွားရယ်…ကျုပ်ယောကျာ်းကို
မကယ်နိုင်တော့ဘူးလားတော့်…”

ဟု…အစချီ၍ ငိုယိုသံများထွက်ပေါ်လာတော့သည်။

“ဟဲ့…လှပို…ညည်းက ကိုယ်ဝန်ကြီးနဲ့အေ့…
မငိုပါနဲ့အေ…ဟောသည်မှာအဘွားကလည်းလိုက်လာပြီပဲ
ညည်းငိုယိုနေလို့ အဘွားစိတ်ရှုပ်ပြီး ပြန်နေပါ့မယ်အေ”

“ဟုတ်ပ မလှပိုရယ်…မငိုပါနဲ့တော့တော်…”

ဘေးလူများဝိုင်းပြောလေမှ မလှပိုအငိုတိတ်သည်။

“ဟောသည်က လှပို ဟုတ်တယ်နော်…”

ဟု…ဘွားမယ်စိန်ကမေးတော့မလှပိုခေါင်းညိတ်သည်။

“ဟုတ်ပါတယ်အဘွား”

“အေး…ညည်းယောကျာ်းပျောက်တာကို
ဘွားသိပြီးပြီ…ဒါကြောင့်လည်း
ရှာပေးဖို့လိုက်လာတာကွဲ့….”

“အားကိုးပါတယ်အဘွားရယ်…
ကျုပ်မှာကျုပ်ယောကျာ်းကိုအောင်ထူးပဲရှိတာပါ…
ဒီလင်သာမရှိရင်ကျုပ်ဘဝတော့သွားပါပြီအဘွားရယ်”

မလှပိုပြောရင်းငိုချင်သည်။
သို့သော် သူ၏အရှေ့၌ထိုင်နေသော
အရီးမြ၏မျက်နှာထားကိုကြည့်၍…ကျလုလုမျက်ရည်ကိုပင်လက်ဖြင့်သုတ်ပစ်လိုက်ရ၏။

ဘွားမယ်စိန်ကလည်း မလှပိုကိုမေးစရာရှိသည်များကို
မေးသည်။ မလှပိုကလည်း မချွင်းမချန်အကုန်ပြောပြရှာသည်။

“ဒါဆိုရင်ရွာသားတွေပြောသလိုပဲ အဲ့သည်ဘက်ကွင်းကို
သွားရာကနေ ပျောက်သွားတာပေါ့…”

“ဟုတ်ပါတယ်အမေကြီးရယ်…
ကောက်စိုက်လို့ပြီးတဲ့အချိန်ဆိုတော့ အပိုငွေလေးရအောင် ညဘက် ဖားရှာငါးရှာထွက်နေကြပါ…
ကျုပ်သူ့ကိုအဲ့ဘက်ကွင်းကိုမသွားဖို့လည်း အကြိမ်ကြိမ်မှာခဲ့ပါတယ်တော်…ဒါကိုဒင်းကနားမထောင်တာပါ…”

“ဒါဖြင့်အဲ့သည်ဘက်ကွင်းတွေက
အခြောက်အလန့်ကြမ်းတာပေါ့…”

“ဟုတ်ပါတယ်…ကျုပ်တို့တောင်သူလယ်သမား
ဆိုတာ နေ့ဘက်ဆိုလယ်တောဆင်းရ…
ဟော မရှိတဲ့သူများကျ ညဘက်မှာဟင်းစားလေးရှာပြီး
အပိုငွေကရှာရသေးတာမလား….
သူတို့သွားတဲ့အဲ့သည်ဘက်ကကွင်းတွေက
ကြမ်းတယ်…တစ်ခုခုဆိုရင် အဘိုးကိုခွင့်တောင်းသွား…
ခွင့်တောင်းလုပ်လို့ပြောထားရဲ့ကြားကနေ
သည်ကောင်မယောကျာ်းက မိုက်တိမိုက်ကန်းနဲ့
သွားလို့ အခုလိုတွေဖြစ်ရတာပါပဲတော်…”

အရီးမြက ပြောတော့ဘွားမယ်စိန်ကခေါင်းညိတ်သည်။

“ဒီလိုဆိုရင်တော့ ကျုပ်တို့ဒီညရွာမပြန်တော့ဘူး…
အဲ့သည်ကြမ်းတယ်ဆိုတဲ့ကွင်းကို
သွားကြည့်စမ်းပါဦးမယ်…
ဟိုကလေးမ လှပိုလည်း မစိုးရိမ်ပါနဲ့
ညည်းယောကျာ်းမသေသေးပါဘူးအေ…”

ဟု…ဘွားမယ်စိန်ကပြောလိုက်လေသည်။
မလှပိုမှာဝမ်းသာသွားသည်။

ဘွားမယ်စိန်တို့လည်း အရီးမြ၏အိမ်၌သာ
နေခဲ့ကြ၏။
အရီးမြကလည်း စကားအပြောကောင်း၍
ဘွားမယ်စိန်တို့မှာ အရီးမြနှင့် အဆင်ပြေလှသည်။
အရီးမြကရွာအကြောင်းများကိုပြောလိုက်
အရီးမြသားနဲ့သမီးမှာက မြေပဲလှော်များချပေးလိုက်
လက်ဖက်များထပ်ထည့်ပေးလိုက်…ရေနွေးအိုးလေးကို
ဖြည့်ပေးလိုက်ဖြင့် အလုပ်များနေကြသည်။

“ကိုကြီးတိုး…”

“ဟေ…”

ရှင်ညိုက မောင်တိုးကို လက်တို့၍ခေါ်လိုက်သည်။
မောင်တိုး၏နားအနီးသို့ကပ်၍…

“ဟိုအစ်မကိုသဘောမကျဘူးလား…”

ဟုပြောလိုက်တော့ မောင်တိုးမျက်လုံးပြူးကြီးဖြင့်
အရီးမြသမီးကိုကြည့်လေသည်။

“ကျုပ်ပြောတာကြားလား”

ရှင်ညိုက ထပ်မံပြော​လေတော့မှ…

“ဘာတွေပြောနေတာလဲရှင်ညိုရာ…
ကြားသွားရင်အားနာစရာ…”

ဟု…မောင်တိုးကပြောရှာသည်။
ရှင်ညိုကပြုံး၏။
မောင်အုန်းကလည်း ရှင်ညိုနဲ့မောင်တိုးတို့
အနီးကပ်လာပြီး…

“ဘာတွေပြောနေကြတာလဲ…”

ဟုမေးသည်။

“ကိုကြီးအုန်း”

“ဟေ…”

“ဟိုအစ်မနဲ့ကိုကြီးတိုးနဲ့မလိုက်ဖက်ဘူးလား”

“ဟေ…အေး…လိုက်ဖက်သား”

“ဟာဗျာ…ဘာတွေလျှောက်ပြောနေကြတာလဲ”

မောင်အုန်းနဲ့ရှင်ညိုတို့ ပြောနေသည့်စကားများကြောင့်
မောင်တိုးအနေခက်စွာပြောလိုက်သည့်အသံမှာအနည်းငယ်ကျယ်လောင်သွားသည်။
ဘွားမယ်စိန်နှင့်အရီးမြတို့ပင်မောင်တိုးတို့ကိုကြည့်လာ၏။

“ဘာတွေဖြစ်နေကြတာလဲကွဲ့…”

“ဘာမှမဖြစ်ပါဘူးဘွား…ဒီတိုင်းပဲ
စကားပြောနေကြတာပါ…”

ဘွားမယ်စိန်လည်းအရီးမြနှင့်စကားဆက်ပြောတော့သည်။
ရှင်ညိုကတော့မောင်အုန်းအနားကပ်၍…

“ကိုကြီးအုန်း…အဲ့သည်အစ်မက ကိုကြီးတိုးနဲ့
ညားကိုညားလိမ့်မယ်…”

“ဟ…တကယ်ကြီးလားငါ့ညီမရဲ့”

“တကယ်ပါဆိုနေ…ကျုပ်သိတယ်…
အဲ့အစ်မက ကိုကြီးတိုးကိုအတော်ကိုချစ်မှာ…”

“ဒီလိုဆိုငါ့ကောင်ကြီးကိုစိတ်ချရပြီပေါ့ဟာ…
ငါ့မှာဒင်းဒီတစ်သက်လူပျိုကြီးဘဝက
ကျွတ်မှကျွတ်ပါ့မလားလို့စိတ်ပူနေရတာဟ…”

“မပူပါနဲ့တော်…ကျွတ်မှာသေချာပါတယ်”

“အေးဟာ…ဝမ်းသာလိုက်တာငါ့ညီမရယ်…”

မောင်အုန်းမှာမောင်တိုးအတွက်ဝမ်းသာနေသည်။
မောင်တိုးမှာက ကျောက်ရုပ်ကြီးအလားငြိမ်နေခဲ့၏။

“လက်ဖက်လေးစားကြပါဦး”

“အမယ်လေး…မြတ်စွာဘုရား”

အရီးမြသမီး မခင်ချစ်က လက်ဖက်သုပ်ပန်းကန်ကို
မောင်တိုးအားကမ်းပေးလေရာ…နဂိုမှရှက်နေသော
မောင်တိုးမှာ အလန့်တကြားပင်ဖြစ်သွားရှာသည်။

“ဟဲ့ မိခင်ချစ်….ဧည့်သည်ကိုလန့်အောင်
ဘာသွားလုပ်တာလဲညည်းက…”

“အမေရယ်…ကျုပ်ကသူပျင်းနေသလားလို့
လက်ဖက်အုပ်လေးကမ်းပေးမိတာပါတော်…
ဘာမှလည်းမလုပ်ရပါဘူး….တကယ်ပါပဲ
ယောကျာ်းကြီးတန်မဲ့အသည်းကိုငယ်လွန်းလှတယ်…”

မခင်ချစ်မှာ အရီးမြ၏ဆူပူတာကိုခံလိုက်ရ၍
မောင်တိုးကို.မျက်စောင်းထိုးကာထွက်သွားတော့သည်။
အူကြောင်ကြောင်ပုံစံလေးဖြင့်ကျန်ရစ်ခဲ့သော
မောင်တိုး၏အဖြစ်ကိုကြည့်ပြီး ရှင်ညိုနဲ့​မောင်အုန်းမှာ
အသံတိတ်၍ တခွီးခွီး ရယ်မောနေကြလေသည်။

ညသို့ရောက်တော့ ဘွားမယ်စိန်သည်​မောင်တိုး၊မောင်အုန်းနဲ့ရှင်ညိုတို့ကိုသာခေါ်ပြီး အခြောက်အလန့်ကြမ်းသည်ဆိုသော ကွင်းဘက်သို့ထွက်လာခဲ့သည်။
ရွာသစ်ရွာသားများလိုက်ခဲ့မည်ဟုပြောကြသော်လည်း
ဘွားမယ်စိန်က မလိုက်ရန်တားမြစ်ခဲ့၏။

“မီးတုတ်တွေမယူခဲ့ကြနဲ့ကွဲ့…
ဒင်းတို့က မီးမကြိုက်ဘူး…”

“ဟုတ်ကဲ့ဘွား”

မီးတုတ်များယူလာသော မောင်တိုးနဲ့မောင်အုန်းပင်
မီးတုတ်များထားခဲ့ရသည်။
လရောင်အောက်၌ တောင်ဝှေးလေးကို ထောက်၍
ဘွားမယ်စိန်က မောင်တိုးတို့အနောက်မှလိုက်လာခဲ့သည်။

“ဘွားရေ…ရွာသစ်သားတွေပြောတာက အရှေ့က
မန်ကျည်းပင်ကြီးပဲဖြစ်မယ်ဗျ”

လရောင်အောက်၌ တစ်ပင်ထဲ ထီးထီးကြီးဖြစ်နေသော
မန်ကျည်းပင်ကြီးသည် မကောင်းဆိုးဝါးတစ်ကောင်
ငုတ်တုပ်ထိုင်နေပုံနှင့်တူလှ၏။

“မောင်ရင်တို့ဒီအနားပဲနေခဲ့…
ဘွားတို့သွားကြည့်မယ်…”

“ဟုတ်ကဲ့ဘွား…သတိလေးတော့ထားနော်…”

“အေး…အေး…အေး…”

ဘွားမယ်စိန်နှင့်ရှင်ညိုတို့သာ မန်ကျည်းပင်ကြီးဆီကို
ထွက်လာခဲ့ကြသည်။
မန်ကျည်းပင်ကြီးအောက်၌ အတော်လေး
အမှောင်ကျနေခဲ့သည်။

“အဘွား…သတိလေးတော့ထားမှဖြစ်မယ်…
ဒီတစ္ဆေကတိုက်ခိုက်လာနိုင်တယ်…”

ဟု…ရှင်ညိုပြောချိန် လေများတဝေါဝေါ
တိုက်ခတ်လာသည်။

“ဘုတ်…”

“ရှီးးး…ရှီးးးးးးး”

ဆိုသောအသံများနှင့်အတူ မာန်ဖီသံကိုပါ
ကြားလိုက်ရသည်။
အမှောင်ထဲမှ မြင်နေရသောမျက်လုံးနီကြီးနှစ်လုံးသည်
ဘွားမယ်စိန်တို့အနီးသို့ရောက်လာသောအခါ
ရှင်ညိုသည် သူ၏ချည်လွယ်အိတ်လေးအတွင်းမှ
ဓားတိုလေးကိုထုတ်၍ ထိုမျက်လုံးနီကြီးရှိရာသို့
ပစ်ပေါက်လိုက်သည်။

“ဟဲ့…အကောင်…နင်က ရုပ်လုံးမပြဘဲ
ငါ့ကိုရန်လိုချင်တယ်ပေါ့ ဟုတ်လား…
ထွက်ခဲ့စမ်းပါဟဲ့…”

ဘွားမယ်စိန်ကအော်ခေါ်လိုက်သည်။
ရှင်ညိုလည်း ဘေးဘယ်ညာကို မျက်လုံးဝေ့ကာကြည့်၏။

“ဝီး…”

“ဘုတ်…”

“ဘွား…ကျူပ်တို့ကို မြေကြီးခဲတွေနဲပစ်ပေါက်နေတာ…”

တဝီးဝီးဖြင့်ဝင်ရောက်လာသော ခဲလုံးများကို
ရှင်ညိုကရှောင်ရှားရင်းပြော၏။

ဘွားမယ်စိန်ကလည်း တောင်ဝှေးကိုမြေပေါ်ဆောင့်ချ၍…

“မယ်စိန်ကို ဒင်းက စမ်းချင်နေတာပဲ…
မယ်စိန်တဲ့ဟဲ့….ငါ့အရှေ့ကိုအခုချက်ချင်း
အရောက်လာခဲ့စမ်း…အရောက်မလာရင်
ငါ့အကြောင်းကောင်းကောင်းသိသွားမယ်ဟဲ့…”

ဟု…ကြိမ်းဝါးလိုက်သည်။

“အား…ဘုတ်…”

အော်သံကြီးနှင့်အတူ မန်ကျည်းပင်ကြီးအပေါ်မှ
ပြုတ်ကျလာခဲ့သည်။

“နင်ဘယ်သူလဲ…”

“ကျုပ် ဘိုးပေါက်ပါ…”

“ဘယ်ကဘိုးပေါက်လဲ…”

“ဒီမန်ကျည်းပင်မှာနေတဲ့ တစ္ဆေဘိုးပေါက်ပါ…”

“နင်က …ဖားရှာငါးရှာထွက်နေတဲ့ကလေးတွေကို
ခြောက်လန့်နေတဲ့စ္ဆေလား…”

“မဟုတ်ရပါဘူးဗျာ…ကျုပ်ပိုင်တဲ့နေရာမှာ
မခန့်လေးစားလုပ်တဲ့သူကိုသာခြောက်လန့်မိတာပါ…”

“ဘာမဟုတ်ရဘူးလဲ…
နင့်အ​ကြောင်းငါအကုန်သိပြီးပြီ…
ပြောစမ်း…နင်ရွာသားတစ်​ယောက်ကို
ဖွက်ထားတယ်မဟုတ်လား…
အဲ့သည်ကောင်လေးကိုလည်းအခုပြန်ထုတ်ပေး…
ငါ့ကိုအာခံရင် နင့်ကို အပြစ်ပေးခံရမယ်ဆိုတာမမေ့လေနဲ့”

“ကျုပ်ကိုတော့အပြစ်မပေးပါနဲ့ဗျာ…
ကျုပ်ပြောပြပါ့မယ်…
ကျုပ်ကွင်းဘက်ကိုရောက်ရင်အနည်းငယ်ခြောက်လန့်တာတော့လုပ်မိပါတယ်…
ဒါပေမယ့် ဒီကောင်က ကျုပ်နေတဲ့အပင်ကို
သေးနဲပန်းသွားတာဗျ…)
ဒါတင်မကသေးဘူး…
ကျုပ်ကိုလည်း မူးမူးနဲ့ဆဲဆိုသေးတာ
ဒါကြောင့်မလို့မှတ်လောက်အောင်အပြစ်ပေးမိတာပါ”

တစ္တေဘိုးပေါက်ကလည်း
ဖြစ်ကြောင်းကုန်စင်ပြောပြရှာသည်။
တစ္ဆေဘိုးပေါက်သည် ဘွားမယ်စိန်ကို
ကြောက်လန့်နေပုံရ၏။
ခါးကြီးကိုကုန်း၍ တရိုတသေပင်ပြောနေရှာသည်။

“ဒီကောင်လေးကိုလည်းအပြစ်ပေးထားပြီဆိုတော့
ကျေနပ်လိုက်တော့…
ရွာကလူတွေကိုလည်းငါပြောပေးထားမယ်…
နင်လည်း ခြောက်တာလန့်တာထပ်မလုပ်မိစေနဲ့
လုပ်ခဲ့သည်ရှိလို့ငါ့နားထဲကိုရောက်တာနဲ့
နင်ကောနင်နေတဲ့အပင်ကိုပါမြေလှန်ပစ်ရလိမ့်မယ်…”

“ဟုတ်ကဲပါခင်ဗျာ…”

တစ္ဆေဘိုးပေါက်သည် ဘွားမယ်စိန်ပြောတာကို
ခေါင်းကိုညိတ်၍ပြန်ဖြေသည်။
ပြီး​နောက် သူနေသော မန်ကျည်းပင်၏ပင်စည်အနီးသို့သွားပြီး အထဲမှအရာကို လက်ဖြင့်ဆွဲထုတ်လိုက်သည်။

“ကျုပ်ကိုဘာလုပ်မလို့လဲ…
ကျုပ်ကိုဘာမှမလုပ်ပါနဲ့ဗျာ…ကျုပ်တောင်းပန်ပါတယ်”

အောင်ထူး၏အသံများထွက်ပေါ်​နေသည်။
မန်ကျည်းပင်ကြီးအောက်၌ငုတ်တုပ်ထိုင်ကာ
အော်ဟစ်နေသော အောင်ထူးကိုရှင်ညိုကဆွဲ၍
ခေါ်လာခဲ့ရသည်။

“ရပြီ…နင်သွားလို့ရပြီ…”

တစ္ဆေဘိုးပေါက်လည်းဘွားမယ်စိန်ခွင့်ပြုသည်နှင့်
နေရာမှပျောက်သွားတော့သည်။
ရှင်ညိုက သူ၏ဓားတိုလေးကိုရှာ၏။
ဓားတိုလေးမှာ မန်ကျည်းကိုင်းကျိုးတစ်ခု၌စိုက်နေ၍
ဆွဲထုတ်ကာယူလိုက်ရသည်။

“သွားကြမယ်လေ…တော့်မိန်းမစိတ်ပူနေရှာတယ်…”

ရှင်ညိုက ပြောတော့ အောင်ထူးဝမ်းသာအားရဖြင့်
ခေါင်းကိုညိတ်၍ လိုက်လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းမှာလည်း အောင်ထူးကို
မြင်တော့ ဝမ်းသာသွားကြသည်။

“ပြန်ကြမယ်ကွဲ့…အောင်ထူးကိုလည်း
သေချာခေါ်လာခဲ့ကြဦး…ဟိုမှာသူ့မိန်းမက
မျှော်နေတော့မယ်…”

“ဟုတ်ကဲ့ဘွား”

မောင်တိုးတို့လည်းအောင်ထူးကိုအတူခေါ်လာသည်။
အောင်ထူးမှာ ဘွားမယ်စိန်တို့ကို ကျေးဇူးတင်ကြောင်းများလမ်း၌တတွတ်တွတ်ပြောလာရှာသည်။

ရွာသို့ပြန်ရောက်ကြတော့…

“အမယ်လေးကိုအောင်ထူး…ကျူပ်မှာ
စိတ်ပူလိုက်ရတာတော်…”

မလှပိုက အောင်ထူးကို ပွေ့ဖက်၍ငိုသည်။

“ငါမှား​တာပါလှပိုရယ်…
ငါမှားတာပါဟာ…အရက်သောက်တာများသွားလို့
မလုပ်သင့်တာကိုလုပ်မိလို့အခုလိုဖြစ်ရတာပါဟာ…”

“ဘာပြောတယ်…ဒါဆိုရင်…တော်အရက်သောက်ပြီး
သရဲကို အပြစ်လုပ်မိခဲ့တာပေါ့…”

“အေး…အေးဟ…ငါလေသူနေတဲ့အပင်ကိုသေးနဲ့ပန်းပြီး
သူ့ကိုလည်းဆဲဆိုမိတယ်ဟာ…ဒါကြောင့်ငါအ….အပြစ်”

“မသာကြီး…..”

“ဘုန်း….ဘုန်း”

“အမယ်လေးဗျ………”

မလှပိုက အောင်ထူး၏ကျောအားတဘုန်းဘုန်းဆွဲရိုက်တော့သည်။
အောင်ထူးမှာ မလှပို၏ရိုက်ချက်များကြောင့်
ကျောကော့ပြီးထွက်ပြေးရတော့၏။

ဘွားမယ်စိန်တို့မှာလည်း အောင်ထူးတို့လင်မယားအဖြစ်ကိုကြည့်ပြီးရယ်မောနေကြတော့သည်။

ထိုနေ့ညက အတော်လေးလည်းမိုးချုပ်နေပြီ
ဖြစ်တာကြောင့် ဘွားမယ်စိန်တို့လည်း အရီးမြ၏အိမ်၌သာ အိပ်ခဲ့ရသည်။

မိုးလင်းတော့မှသောင်ထွန်းရွာသို့ပြန်လာခဲ့ကြ၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)