စာမူ…၁၄၃

စဆုံး

နွားကျောင်းသားလေး ပုတု တစ်ယောက်
ရွာလယ်လမ်းအတိုင်း လျှောက်လာခဲ့သည်။

“ဟေ့…ပုတု…ဘယ်သွားမလို့တုန်းကွ…”

“အယ်ဗျာ….ကျုပ်က ကိုကြီးတိုးဆီလာတာဗျ…
ကိုကြီးတိုးက ဘယ်သွားမလို့တုန်း”

“ဟေ…ဟုတ်လား…မင်းက
ငါ့ဆီကိုအလည်လာတာလားကွ”

ရွာလမ်းမပေါ်၌ နွားကျောင်းသားပုတုနဲ့ မောင်တိုးတို့
မျက်နှာခြင်းဆိုင်တွေ့နေကြခြင်းဖြစ်သည်။

“အလည်လာတာမဟုတ်ဘူးဗျ…
ကျုပ်ဒီအရုပ်လေးကောက်ရလို့ ကိုကြီးတိုးကို
လာပေးတာ…”

နွားကျောင်းသားပုတုက သူ့လွယ်အိတ်
အဟောင်းလေးထဲမှ အရုပ်​လေးကို နှိက်ယူကာ
မောင်တိုးကိုပေးလိုက်သည်။

“ဘာရုပ်လေးများလဲကွ…”

“ကျုပ်လည်းမသိဘူး…ကျုပ်တို့ဆော့​နေကြ
အရုပ်ပုံစံတော့မဟုတ်ဘူးဗျ…တစ်ခုခုများ
ထူးနေမလားလို့ကိုကြီးတိုးကို လာပေးတာ…”

နွားကျောင်းသားပုတု ပေးတဲ့အရုပ်လေးက
သစ်သားဖြင့် ထွင်းထားသော
မိန်းမပျိုရုပ်ထုလေးဖြစ်နေသည်။
ထိုအရုပ်ကအသက်ဝင်လှ၏။
နှစ်ကာလကြာညောင်းနေပြီဖြစ်သော
အရုပ်တစ်ရုပ်ဖြစ်ဟန်လည်းတူသည်။
ထိုသို့ထင်မှတ်ရခြင်းက…
ဆေးသားများနဲ့အရုပ်၏တချို့နေရာများမှာ
ကျိုးပျက်နေသောကြောင့်ပင်။
မောင်တိုးကအရုပ်ကိုသေချာကြည့်သည်။

“အေးကွ…မင်းပြောသလိုပဲ…
ဒီအရုပ်ကသာမာန်အရုပ်တော့မဖြစ်နိုင်ဘူး…
ဒီမှာလေကွာ…အရုပ်ခြေဖဝါးမှာ အင်းတစ်ခုရေးထားသေးတာ…”

“ဟုတ်တယ်ဗျ….
ကိုကြီးတိုးကြိုက်သလိုသာလုပ်ဗျာ…
ကျုပ်ကတော့ ကျုပ်တို့နဲ့မဆိုင်တာမလို့
ကိုကြီးတိုးဆီလာပေးတာ…”

“အေး…ဒါနဲ့ မင်းဒီအရုပ်ကိုဘယ်နားက
ကောက်ရတာလဲ”

“ရွာအပြင် ဒေါ်စန်းကြည်တို့ ကွင်းဘက်ကဗျ…
မြေထဲမှာ ထိုးထွက်နေတာလေးတွေ့တော့
ကျုပ်လည်းဘာဖြစ်မလဲ တူးကြည့်ရင်းတွေ့လာတာ…
ကျုပ်နဲ့အတူတူ ကောင်းကျော်လည်းပါတယ်…
ဒီကောင်ကလည်း ဒီအရုပ်ကဘာအရုပ်မှန်းမသိလို့
မယူရဲဘူးတဲ့လေ…အဲ့တာနဲ့ကျုပ်က ကိုကြီးတိုးကိုလာပေးတာဗျ”

“အေးကွာ…ငါဒီအရုပ်ကို
ဘွားဆီသွားပြကြည့်လိုက်မယ်…”

“ဟုတ်ကဲ့ကိုကြီးတိုး…ဒါဆို ကျုပ်သွားတော့မယ်ဗျာ…”

“အေး…အေး…အေး…”

နွားကျောင်းသားလေး ပုတုတစ်ယောက်
မောင်တိုးကို နှုတ်ဆက်ပြီးလာရာလမ်းအတိုင်းလှည့်ပြန်သွားတော့သည်။

“အင်း…နောက်ရက်မှ ဘွားဆီကိုသွားရမယ်…
ဒီနေ့တော့ငါ့ကိုရွာသူကြီးကလည်း ခေါ်ထားသေးတယ်…
ဒီတော့ ဒီအရုပ်ကိုအိမ်ပဲပြန်ထားလိုက်တော့မယ်”

မောင်တိုးလည်း တစ်ကိုယ်​ကြားယုံမျှပြောပြီး
အရုပ်ကိုအိမ်ပြန်ထားလိုက်သည်။
ထိုအရုပ်ကိုလည်း သူ၏အိပ်ရာ နံဘေး၌သာ
ထားရှိခဲ့သည်။

တစ်နေ့တာလုံးရွာသူကြီးဦးနောင်ချိုခိုင်းသော
ရပ်ရွာကိစ္စများကိုကူညီနေ၍ အရုပ်ကိစ္စကိုပင်
မောင်တိုးမေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။

ညသို့ရောက်တော့ တစ်နေကုန်အနားမယူရသောအရှိန်ကြောင့် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့ရှာသည်။

“ဝူးးးးးးအူးးးးးးးးးအူးးးးးးးးး”

သန်းခေါင်ကျော်သို့ရောက်တော့ရွာထဲရှိ
ခွေးများအူကြ၊ဟောင်ကြဖြင့်အသံများဆူညံလာသည်။

“ရှက်…ရှက်…ရှက်…..”

ထိုအချိန်၌ထွက်ပေါ်လာသော
ခြေသံတရှက်ရှက်ကြောင့် မောင်တိုးနိုးလာခဲ့ရသည်။

“အင်…အမေလားမသိဘူး…”

အိပ်ချင်မူးတူးဖြင့်မောင်တိုး ငြီးတွားလိုက်သည်။

“ဟင်…”

မောင်တိုးခေါင်းထဲသို့ ရုတ်တရက်ရောက်လာသော
အကြောင်းအရာကြောင့် အလန့်တကြားပင်
အိပ်ရာပေါ်မှ ထထိုင်လိုက်မိသည်။

“အမေက ရွာ တောင်ပိုင်းက ကြီးတော်ပွေတို့အိမ်
မနက်ဆွမ်းကပ်ကူဖို့ ညအိပ်သွားတာပဲ…
ဒါဆိုစောစောက ​ခြေသံက ဘယ်သူများလဲ…”

“ရှက်…ရှက်…ရှက်….”

ထိုစဥ် ခြေသံတရှက်ရှက်က ထွက်ပေါ်လာခဲ့ပြန်သည်။
မောင်တိုး ​အိပ်ရာကုတင်အထက်မှဆင်းလိုက်သည်။
ခြေသံမထွက်မိစေရန် ထိန်း၍ အိမ်ထဲမှထွက်လိုက်၏။

“ဟင်…မင်းဘယ်သူလဲ…”

ခြံဝိုင်းထဲ၌ လမ်းလျှောက်နေသော မိန်းမငယ်တစ်ဦးကို
မောင်တိုးတွေ့လိုက်၍ အံ့သြ သွားခဲ့သည်။
မိန်းမငယ်သည် မောင်တိုးမေးသည်ကိုမဖြေဘဲ
မောင်တိုးကိုပြုံး၍ကြည့်နေပြန်သည်။

“ဟေ့…ငါမေးနေတာ မင်းဘယ်သူလဲ…
မင်းငါ့တို့ခြံထဲဘယ်လိုရောက်နေတာလဲ…
နေစမ်းပါဦး…ငါ မင်းကိုသိသလိုပဲ…”

မောင်တိုး သည် မိန်းမငယ်ကိုမေးရင်း
ပြန်စဥ်းစားနေခဲ့သည်။

“ဟာ…ငါသိပြီ…ငါသိပြီ….
မင်းက ဟိုအရုပ်နဲ့တူနေတာပဲ…”

မောင်တိုး အံ့သြသွားသည်။
သူ့ကိုနွားကျောင်းသားပုတုလာပေးခဲ့သောအရုပ်သည်
ထိုမိန်းမငယ်နှင့်တူလှ၏။

“ဟေ့…မင်းကဘာလဲ…သရဲမလား…”

မောင်တိုးစကားသံတို့ ပျော့ပျောင်းသွားသည်။
မိန်းမငယ်၏မျက်နှာသည်ကလည်း
ချစ်စဖွယ်ကောင်းလှ၏။
မကြာပါ…
မိန်းမငယ်သည် မောင်တိုးကို စနောက်ဟန်ဖြင့်
ဝိုင်းထဲ၌ လှည့်ပတ်သွားလာနေသလို
မောင်တိုးကလည်း ထိုမိန်းမငယ်နောက်သို့
လိုက်၍စကားများပြောနေခဲ့သည်။

“မိန်းကလေး…နေပါဦး မိန်းကလေးရယ်…
ငါမေးတာဖြေပါဦး….”

ထိုသို့မေးပါသော်လည်းမိန်းမငယ်သည်
မောင်တိုးကိုတစ်ခွန်းတစ်​​လေပင်မျှပင်မဖြေခဲ့ပေ။

ထူးဆန်းလှ၏။
တစ်ညတာလုံးမောင်တိုးတစ်ယောက် ထိုမိန်းမငယ်၏အနီးမှ မခွာဘဲ ခြံဝိုင်းထဲ၌ အချ်ိန်ကုန်ခဲ့ရသည်။
အာရုံတက်ခါနီးအချိန်သို့ ရောက်​လေမှ
မိန်းမငယ်သည်.ပျောက်ကွယ်သွားခဲ့သည်။
ပျောက်ခြင်းမလှပျောက်သွားသော မိန်းမငယ်သည်
လူမဖြစ်တန်ဆိုတာကို မောင်တိုးလက်ခံလိုက်၏။
သို့သော် သူ၏စိတ်အတွင်း၌ ထိုမိန်းမငယ်ကို
စွဲလမ်းနေပြီဖြစ်သည်။

တစ်ပတ်မျှကြာတော့
ဒေါ်တာတစ်ယောက်ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။

“ဘာဟင်းတွေချက်စားကြလဲအေ့….”

“ဟော…ဘယ်သူများလဲလို့ ဒေါ်တာပါလား…
လာလေဝင်ခဲ့ပါ…”

ဒေါ်ဝင်းက ဒေါ်တာကို ခြံဝိုင်းထဲသို့ ဝင်ခိုင်းလိုက်သည်။

“မလာစဖူးအလာထူးနေပါလား…
ဟိုမောင်တိုးတစ်​ယောက်ကော ဘာတွေများလုပ်နေလဲတော်…ဒီရက်ပိုင်း ဒင်းအရိပ်တောင်မမြင်ရဘူး”

ဒေါ်ဝင်းကမေးတော့ ဒေါ်တာက ခေါင်းကိုညိတ်၍…

“သူ့ကိစ္စပဲရောက်လာတာ…
ဘွားကော အိမ်မှာရှိလားအေ့”

“ရှိပါ့တော်…
အမေ…အမေရေ…
ဟောသည်မှာ ဒေါ်တာအမေ့ဆီကိုလာတယ်တော့်”

ဘွားမယ်စိန်ကသူ၏အခန်းထဲ၌ရှိနေခဲ့သည်။
ရှင်ညိုနဲ့နန်းကြိုင်တို့သည်က သီးသီးလုံးများကို
ထုခွဲကာ ဆားဖြင့်သိပ်၍စားနေကြ၏။

“ကဲ….သမီးတော်တို့ အောက်ကိုဆင်းကြလေ…”

ဒေါ်ဝင်းကပြောမှ သူတို့ကလည်း ကွပ်ပျစ်ပေါ်မှ
နေရာဖယ်ပေးကြသည်။
ဒေါ်တာကတော့ ရှင်ညိုနဲ့နန်းကြိုင်ကိုကြည့်၍
ပြုံးနေခဲ့သည်။
ရှင်ညိုကတော့ ဒေါ်တာကိုကြည့်ရင်း ရုတ်တရက်
အလန့်တကြားဖြင့်လက်ညိုးကြီးထိုး၍…

“ကြီးတော်…ကြီးတော် ဆီမှာ
အမှောင်ရိပ်တွေ​ရှိနေတယ်….
အဲ့သည်အမှောင်ရိပ်ကလည်း ကြီးတော် ဒါမှမဟုတ်
ကြီးတော်အနီးနားကလူဆီမှာ တွယ်ကပ်နေတာ…”

“ဟေ…”

“ဟင်…”

ရှင်ညိုစကားကြောင့် ဒေါ်တာနဲ့ဒေါ်ဝင်းတို့အံ့သြ
သွားခဲ့ကြသလို နန်းကြိုင်လေးလည်းပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရှာသည်။
ဘွားမယ်စိန်ကတော့ လှေကားမှရပ်ကြည့်နေခဲ့၏။

“ကဲပါ…လာ…လာ…အရင်ဝင်ထိုင်လိုက်ကြ”

ဘွားမယ်စိန်က ဒေါ်တာကို ကွပ်ပျစ်ခင်းသို့
ဝင်ထိုင်ခိုင်းသည်။
ဘွားမယ်စိန်၊ဒေါ်တာနဲ့ ဒေါ်ဝင်းတို့က ကွပ်ပျစ်ခင်း၌
ဝင်ထိုင်လိုက်ကြသည်။
ရှင်ညိုနဲ့နန်းကြိုင်တို့သည်က ထန်းလက်ခုံလေးတွေ၌
ထိုင်ခဲ့ကြ၏။

“ဟိုကလေး ဘာဖြစ်လို့လဲ မိတာ…”

“ကျုပ်လာတာကလည်း ကျုပ်သားကြောင့်
လာခဲ့တာပါဘွားရယ်…ဒါပေမယ့် ရှင်ညိုလေး
ပြောတဲ့စကား​​ကြောင့်
ကျုပ်ဖြင့်ခေါင်းတောင်ပိုကြီးသွားရတယ်…”

ဟု…ဒေါ်တာက ပြောလေတော့
ဘွားမယ်စိန်က ခေါင်းညိတ်၍…

“ကလေးဆိုတော့ တို့လူကြီးများလို ထိန်းထိန်း
သိမ်းသိမ်းမပြောတတ်ဘူး…သူ့စိတ်ထဲရှိသလို
ပွင့်ပွင့်လင်းလင်းပြောလိုက်တာပါအေ…
ကဲပါ…သူပြောတာကိုခဏမေ့ပြီး ညည်းရဲ့
ကိစ္စကိုသာအရင်ပြော…”

ဟု…ပြောလိုက်လေတော့သည်။
ထိုအခါမှ ဒေါ်တာလည်းသူ၏လာရင်းကိစ္စကိုသာ
ပြောရှာတော့သည်။

“ဒီလိုပါအမေကြီးရယ်………..”

ဟု…အစချီကာ ဒေါ်တာရှင်းပြလေသည်။

ညဘက်ဆိုလျှင် ဒေါ်တာ သားဖြစ်သူ၏အခန်းထဲမှ စကားပြောသံများကိုကြားရသည်။
မနက်ရောက်တော့…

“ငါ့သား…”

“ဗျာ အမေ…”

“မင်းကြည့်ရတာ အိပ်ရေးမဝသလိုပုံစံနဲ့…
ညဘက်တွေမင်းမအိပ်ဘူးလား…”

“ဟာ…အိပ်…အိပ်ပါတယ်အမေရာ…”

မောင်တိုး၏မျက်နှာမှာ မျက်ကွင်းများပင်ညိုနေခဲ့သည်။
မျက်နှာမရွှင်မလန်းဖြင့် မနက်စာစားနေသော
မောင်တိုးကိုကြည့်ပြီး ဒေါ်တာသက်ပြင်းချရသည်။

“ငါ့သား….မင်း မှန်မှန်ပြောစမ်း…
ညဘက်ဆို မင်းအခန်းထဲကနေ စကားပြောသံတွေကြားရတယ်….မင်းဘယ်သူနဲ့စကားပြောနေတာလဲ…”

“ဟာ…အမေကလည်း
ကျုပ်ကဘယ်သူနဲ့ပြောရမှာလဲဗျ…
ပြောမိပါဘူးဗျာ…”

“အမေ့ကိုမလိမ်နဲ့…အမေအသက်ကြီးလို့နားကြားမှားသလားလို့ နားစွင့်နေတာ တစ်ညလည်းမဟုတ်
နှစ်ညလည်းမဟုတ်တော့ဘူး…
မင်းပြောစမ်း… မင်းဘာတွေလုပ်ထားလဲ”

“ခက်ပြီအမေတို့ကတော့…
ကျုပ်ပြောပြီးပြီလေ…ကျုပ်ကညဘက်ကြီး
ဘယ်သူနဲ့စကားပြောရမှာလဲ…မဟုတ်တာဗျာ…”

မောင်တိုးက အတင်းပင်ငြင်းဆန်နေသည်။
ဒေါ်တာမှာ သားဖြစ်သူကို ကြည့်ရင်းသက်ပြင်းသာ
ချရတော့သည်။

“အဲ့သည်လိုပဲဘွားရေ…ကျုပ်ဖြင့် ဒင်းမျက်နှာကြည့်ပြီး
စိတ်ပူနေရတာ…လူကလည်း တမှိုင်မှိုင်တတွေတွေနဲ့…
ကျုပ်လည်း ဘာလုပ်ရမှန်းမသိလို့ ဘွားဆီကိုလာခဲ့ရတာ”

ဒေါ်တာက သားဖြစ်သူမောင်တိုး၏အကြောင်းကို
ပြောပြပြီး မောသွားဟန်ရသည်။
ဒေါ်ဝင်းငှဲ့ပေးထားသော ရေနွေးကြမ်းကို မော့သောက်လိုက်၏။

“အင်း…ဒီကလေးကြည့်ရတာ မလုပ်သင့်
မလုပ်အပ်တာတစ်ခုခုကို လုပ်ထားပုံရပါတယ်…”

ထိုမျှသာဘွားမယ်စိန်ကပြောပြီး
ရှင်ညိုကို လှမ်းကြ​ည့်၍ စဥ်းစားနေခဲ့သည်။
ခဏကြာတော့မှ…

“အခုတော့ ညည်းကိုဘာမှမလုပ်ပေးနိုင်သေးဘူး…
ဒါပေမယ့် ညကျရင်တော့ညည်းအိမ်ကို
ဘွားတို့လာခဲ့ပါ့မယ်…
ညဆိုတာ ညသန်းခေါင်လောက်ကိုပြောတာနော်…
ဟိုကလေးကိုတော့ ပြောမထားမိစေနဲ့ဦးအေ့…”

ဟု…ပြောလေတော့ ဒေါ်တာက ခေါင်းကိုညိတ်၍…

“ဟုတ်ကဲ့ပါ ဘွား…
ကျုပ်သူ့ကိုမပြောပါဘူး…
ဘွားတို့သာ လာဖြစ်အောင်လာပေးပါတော်…”

ဟုပြောရှာသည်။
ထိုသို့ဖြင့် ဒေါ်တာလည်း ဘွားမယ်စိန်တို့နှင့်
စကားခဏမျှသာထိုင်ပြောပြီး အိမ်သို့ပြန်သွားတော့သည်။

“အမေ…မောင်တိုးက ဘာဖြစ်တာလဲတော့်”

ဒေါ်ဝင်းက ဒေါ်တာရှိနေ၍မမေးနိုင်ဖြစ်နေသော်လည်း
ဒေါ်တာပြန်သွားသည်နှင့်ဘွားမယ်စိန်ကိုမေးတော့သည်။

“အင်း…ဒီကလေး ကိုယ်နဲ့မသက်ဆိုင်တဲ့ကိစ္စတစ်ခုကို
လုပ်ထားပုံရပါတယ်အေ…မစိုးရိမ်ပါနဲ့ ညကျရင်အမေတို့
သူ့ဆီကိုသွားမှာပါ…”

ဘွားမယ်စိန်က ဒေါ်ဝင်းစိတ်ကိုသိ၍ ထိုသို့​ဖြေရှာသည်။
ဒေါ်ဝင်းသည် မောင်တိုးနှင့်မောင်အုန်းယှဥ်လျှင်တောင်
မောင်တိုးကိုပို၍ချစ်ရှာသည်။
ဒေါ်ဝင်း…မောင်တိုးကိုချစ်ခြင်းမှာ တူလိုသားလိုသဘောထားကာ ချစ်သော မေတ္တာချစ်ဖြစ်သည်။
မောင်အုန်းမှာက မိဘများရှိပြီး ဥစ္စာပစ္စည်းကလည်းအတော်အသင့်ရှိပေသည်။
သို့သော်မောင်တိုးမှာက အမေနဲ့သားသာရှိပြီး
ရုန်းကန်နေရသော ဘဝဖြစ်တာကြောင့် အသနားပိုနေရှာခြင်းဖြစ်သည်။

“ဒီကောင်လေးအခုတလော အိမ်ကို
ရောက်မလာတာဒါကြောင့်ဖြစ်မယ်တော့်…
ကျုပ်ဖြင့်သမီးငယ်ကိုတောင် သွားခေါ်ခိုင်းဦးမလို့
လုပ်နေတာအမေရယ်…”

“အင်း…”

“စိတ်တော့မပူရပါဘူးနော်အမေ…”

“အို မိဝင်းရယ်…
ညည်းကိုအမေပြောပြီးပြီပဲ…
ဘာမှစိတ်မပူနဲ့…ညည်းစိတ်ပူရမယ့်ကိစ္စဘာမှမရှိ
ပါဘူးအေ…”

“ဟုတ်ကဲ့အမေ…”

ဒေါ်ဝင်းလည်းဆက်၍အတွန့်မတက်ရဲတော့။
ဘွားမယ်စိန်၏စိတ်ကိုသိသောကြောင့် မီးဖိုချောင်ထဲသို့
ဝင်သွားတော့သည်။

“မြေးမလေးတို့ လာ…ဘွားနားကိုလာထိုင်ကြ”

ဘွားမယ်စိန်က ရှင်ညိုနဲ့ နန်း​ကြိုင်ကိုသူထိုင်နေသော
ကွပ်ပျစ်ပေါ်သို့ခေါ်လိုက်သည်။

“သမီး ရှင်ညို…ဒီရွာမှာနေရတာအဆင်ပြေရဲလား…”

“ပြေပါတယ်အဘွားရဲ့…”

“အေးအေ…ဘွားတို့က ငါ့သမီးဒီရွာမှာနေမပျော်မှာကို
စိုးရိမ်နေကြတာ…ညည်းတွေ့တယ်မလား…
ဘွားသမီးမိဝင်းကအရမ်းသံယောဇဥ်ကြီးရှာတာ…
သမီးကိုလည်းသူ့သမီးလိုပဲချစ်ရှာပါတယ်…
တစ်ခုခုဆိုရင်လည်း ကိုယ့်မိဘလိုပဲပြောလို့ရတယ်နော်”

“ဟုတ်ကဲ့အဘွား…ကျုပ်လည်း အဘွားကို
ကိုယ့်အဘွားအရင်းလို…ပြီးတော့ အရီးကိုလည်း
အမေလိုချစ်ပါတယ်…”

“ဟင်…ဒါဆိုမမက ကျုပ်ကြတော့
မချစ်ဖူးပေါ့လေ”

ဘွားမယ်စိန်နှင့်ရှင်ညိုတို့၏စကားများကိုနားထောင်နေသော နန်းကြိုင်လေးက ဆူပုတ်ပုတ်ဟန်လေးဖြင့်
ရှင်ညိုကိုမေးလေသည်။

“မဟုတ်တာညီမလေးကလည်း…
မမကလေ…ညီမလေးကို မမရဲ့ ညီမလေးအရင်းတစ်ယောက်လိုချစ်တာပါနော်…”

“ဟီး…တကယ်ပြောတာနော်…”

နန်း​ကြိုင်စိတ်ဆိုးမည်စိုး၍ရှင်ညိုက အလျှင်အမြန်ပြောလေတော့မှ နန်း​ကြိုင်လည်းသဘောကျသွားတော့သည်။
ရှင်ညိုနဲ့နန်းကြိုင်လေးတို့ကိုကြည့်ရင်း
ဘွားမယ်စိန်သည် ပြုံးနေခဲ့သည်။

“ရှင်ညိုလေးကို မိတ်ဆက်ပေးရမယ့်သူရှိသေးတယ်…”

“ဘယ်သူများလဲအဘွား”

“ကျုပ်သိတယ်မမ”

ရှင်ညို၏အမေးကိုနန်းကြိုင်လေးက ပြုံး၍
ပြောရှာသည်။

“ကဲ…ညီမလေးသိရင်လည်းမမကိုပြောလေ…
ဘယ်သူများလဲ”

နန်းကြိုင်ကမဖြေသေးဘဲ ဘွားမယ်စိန်ကိုကြည့်တော့
ဘွားမယ်စိန်ကခေါင်းညိတ်ပြလိုက်သည်။

“အဘွားခွင့်ပြုပြီဆိုတော့ကျုပ်ပြောပြမယ်မမရဲ့…
အဘွားမိတ်ဆက်ပေးမယ့်သူကလေ…
အရီးနော်ခမ်းပဲဖြစ်လိမ့်မယ်…

မမ မိညှပ်လည်းပါတယ်လေ…”

“အရီးနော်ခမ်းဟုတ်လား…ဘယ်ကများလဲ…
ဒီရှာကပဲလား”

“မဟုတ်ဘူးမမရဲ့…
အရီးနော်ခမ်းတို့က ကျုပ်တို့ရွာနဲ့အဝေးကြီးမှာ
နေကြတာ…ဒါပေမယ့် အကြောင်းကိစ္စထူးရင်တော့
အရောက်လာတာပဲတော့်”

“ဟုတ်တယ်သမီးရဲ့…
နော်ခမ်းဆိုတာကလည်းဘွားရဲ့သမီးလိုပါပဲ…
သူကလည်းသမီးလိုမွေးရာပါ အစွမ်းတွေရှိတယ်…
သူနေတဲ့တောင်ခြေရွာတစ်ဝိုက်မှာတော့
သူ့ကို သခင်လိုထားကြတာ…
လူတွေရဲ့ကောင်းကျိူးကိုကူညီပေးနေတဲ့သူပေါ့အေ”

“သြော်…ဟုတ်ကဲ့…
အဘွားပြောပြတော့…ကျုပ်လည်း
အဲ့သည်အရီးနော်ခမ်းနဲ့ဆုံဖူးချင်မိပါတယ်…”

“ဆုံရမှာပါအေ…သူလည်းဘွားဆီကို
လာဦးမှာပါ.. အဲ့သည်တော့မှ သမီးနဲ့မိတ်ဆက်ပေး
ပါ့မယ်…”

ရှင်ညိုသည် ဘွားမယ်စိန်ထိုမျှသာပြောပြသော
ဒေါ်နော်ခမ်း၏အကြောင်းကိုစိတ်ဝင်စားမိသည်။
ဒေါ်နော်ခမ်းကိုတွေ့ချင်စိတ်များကလည်း
တဖွားဖွားဖြစ်နေခဲ့၏။
သူမကဲ့သို့မွေးရာပါ ကဝေ ပညာများပါလာသည့်
ကဝေမတစ်ယောက်ကို ဆုံတွေ့ချင်မိသည်။
ဘွားမယ်စိန်ကလည်း ရှင်ညို၏စိတ်ကိုသိ၍…

“ကဲ…သမီးတို့…ရေချိုးမှာဆိုရင်သွားချိုးကြတော့
တော်နေ ဆိုနေ့လယ်စာစားကြရတော့မှာ…”

ဟုပြောကာ ရှင်ညို၏အတွေးများကို
ရပ်တန့်စေခဲ့သည်။

ညသန်းခေါင်သို့ရောက်တော့ ဒေါ်ဝင်းနှင့်
နန်းကြိုင်တို့မှာ အိမ်မောကျနေပြီဖြစ်သည်။
ဘွားမယ်စိန်နှင့် ရှင်ညိုတို့သည် ကွပ်ပျစ်ခင်း၌
မီးအိမ်လေးထွန်းကာထိုင်နေခဲ့ကြ၏။

“ကဲ…သမီး…အချိန်တော့ကျပြီအေ့…
သွားကြရအောင်”

“ဟုတ်ကဲ့…”

ဘွားမယ်စိန်သည် ရှင်ညိုကိုအတူခေါ်၍
မောင်တိုးတို့အိမ်ဘက်သို့ထွက်လာခဲ့ကြသည်။
ကောင်းကင်၌ထိန်ထိန်သာနေသော လရောင်ကြောင့်
သွားလာရသည်မှာမီးအိမ်ပင်မလိုခဲ့ပေ။
မောင်တိုးတို့၏ခြံဝိုင်းရှေ့ဆီသို့ရောက်တော့
ဘွားမယ်စိန်ခြေဆုံရပ်တန့်ကာ ကြည့်နေခဲ့သည်။
ကြည့်ရင်းမှ…

“သမီး…ညည်းဘာမြင်လည်း… “

ဟု…ရှင်ညိုကိုမေးလေတော့ ရှင်ညိုသည်
မျက်မှောင်ကျုံ့ကာ ခြံဝိုင်းထဲသို့လှမ်းကြည့်ပြီး…

“မသက်ဆိုင်တဲ့အရာတစ်ခုတော့
အိမ်ထဲမှာရှိနေပြီအဘွား…”

ဟုဖြေလေတော့ ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“ဒါဖြင့် ဘယ်လိုလုပ်သင့်လဲ”

ဟု…ထပ်ကာမေးလိုက်သည်။
ရှင်ညိုမျက်လုံးကိုမှိတ်ကာ အာရုံခံသည်။
မျက်လုံးမှိတ်လျှက်မှ…

“ကျုပ်တို့ အဲ့သည်အရာကို ဖျက်စီးပစ်ရမယ်
အဘွား…”

ဟုပြန်ကာဖြေ၏။

“ငါ့သမီး…ဖြေရှင်းနိုင်လား”

ဘွားမယ်စိန်ကထပ်မံကာမေးတော့ ရှင်ညို
ဘွားမယ်စိန်ကိုကြည့်သည်။
ပြီးတော့ခေါင်းညိတ်၏။

“ဒါဖြင့် ဘွား ဟိုအပင်အောက်ကနေ
ထိုင်စောင့်ပေးမယ်…
သမီးပဲသေချာရှင်းလင်းလိုက်တော့အေ…”

ဘွားမယ်စိန်…. ရှင်ညို၏နံဘေးမှ ထွက်လာခဲ့သည်။
မလှမ်းမကမ်းရှိ ဗန်ဒါပင်အောက်တွင် ချထားသော
ထန်းလက်ခုံအစုတ်လေးပေါ်၌ ထိုင်ကာ ရှင်ညိုကို
လှမ်းကြည့်နေတော့၏။

ရှင်ညိုကတော့ အိမ်ထဲကို လှမ်းကြည့်သည်။
အိမ်ထဲမှ လည်း စကားသံကိုရှင်ညိုကြားနေ၏။

“ဒုန်း…”

ဖနောင့်တစ်ချက်မြေပေါ်သို့ ဆောင့်ချလိုက်သည်။
လက်ညိုးထိုးကာ နှုတ်မှလည်းဂါထာများရွှတ်ဆိုလာ၏။

“ဘယ်သွားမလို့လဲ…
မသွားပါနဲ့…ဟာ…မသွားပါနဲ့….”

အိမ်ထဲမှအသံကပို၍ဆူညံစွာထွက်လာခဲ့သည်။
ရှင်ညိုကလည်း လက်ညိုးကြီးထိုး၍ ဂါထာများကို
အဆက်မပြတ်ပင်ရွှတ်ဆိုနေခဲ့၏။

“မသွားပါနဲ့…ကိုယ့်ကို မထားခဲ့ပါနဲ့…”

“သား….ဘာတွေအော်နေတာလဲ…
ဘယ်သူရှိလို့လဲ”

အသံတွေကပိုမိုဆူညံလာသည်။
ဒေါ်တာလည်းနိုးလာပုံရ၏။

“ဖယ်ဗျာ…ကျုပ်သူ့နောက်ကိုလိုက်မယ်…”

“သား…ဟဲ့သား…လာကြပါဦး..
ကျုပ်သားဘာဖြစ်တယ်မသိဘူး…
လာကြပါဦးတော်….”

မောင်တိုးက ဒေါ်တာကို တွန်းဖယ်ပြီး
ခြံဝိုင်းထဲသို့ပြေးထွက်လာသည်။
မောင်တိုး၏အရှေ့ဆီ၌ အဖြူရောင်အရိပ်မှာ
ခြံဝိုင်းအပြင်သို့ ထွက်လာနေခဲ့သည်။

ဒေါ်တာကလည်း အော်ဟစ်၍အကူအညီတောင်းတော့
ဘေးအိမ်များမှာအလန့်တကြားဖြင့် နိုးကုန်ကြတော့သည်။

“ဘာဖြစ်တာလဲ…ဘယ်သူဘာဖြစ်တာလဲဗျ”

အလန့်တကြားထလာသူများက အော်ဟစ်မေးကြသည်။
သို့သော် ဗန်ဒါပင်အောက်၌ထိုင်နေသော
ဘွားမယ်စိန်ကိုမြင်တော့မှ အသံများတိတ်ကုန်ကြ၏။

” ဘေးကနေပဲ ရပ်ကြည့်ကြ…
ဝင်မရှုပ်ကြနဲ့ကွဲ့…
ရှင်ညို ရှင်းပေးနေတာကိုတွေ့ကြလား…
သူ့ကိုမနှောက်ယှက်ကြနဲ့…”

“ဟုတ်ကဲ့ဘွား”

ရွာသူ၊ရွာသားတွေလည်း ဘွားမယ်စိန်စကားအတိုင်း
အဝေးကပဲကြည့်ကြတော့သည်။
အဖြူရောင်အရိပ်က ရှင်ညို၏အရှေ့သို့ရောက်လာချိန်
အနောက်မှ မောင်တိုးကလည်း ငိုကြီးချက်မဖြင့်
လိုက်လာခဲ့သည်။

ရှင်ညိုလည်း ဂါထာရွှတ်တာကိုရပ်ပြီး
မောင်တိုးအနောက်မှ ဒေါ်တာကို…

“ကိုမောင်တိုး အခန်းထဲက အရုပ်ကို ကျုပ်ဆီ
ယူလာပေးပါကြီးတော်”

ဟု…ခိုင်း​လေသည်။
ဒေါ်တာလည်း ချက်ချင်းပင် အိမ်ထဲသို့ပြန်ဝင်သွားခဲ့၏။
မောင်တိုးကတော့ ရှင်ညို၏ခြေရင်း၌ရှိနေသော
ဖြူဖြူအရိပ်ကို ငိုကြီးချက်မဖြင့်စကား​ပြောနေသည်မှာ
အရူးတစ်ယောက်နဲ့ပင်တူနေခဲ့သည်။
ထိုအဖြူရောင်အရိပ်မှာမိန်းမငယ်တစ်ဦးဖြစ်တာကို
ဘွားမယ်စိန်၊ရှင်ညိုနဲ့​မောင်တိုးတို့ပဲ မြင်ကြ​လေသည်။

“သမီး…ဒီအရုပ်လား”

ဒေါ်တာတစ်ယောက်အိမ်ထဲမှအပြေးထွက်လာကာ
လက်မှကိုင်လာသော.အရုပ်ကို ရှင်ညိုကိုပြ၍
မေးလေသည်။
ရှင်ညိုကခေါင်းညိတ်၍ လက်လှမ်းကာအရုပ်ကို
တောင်းလိုက်သည်။
ဒေါ်တာကလည်း အရုပ်အားရှင်ညို၏လက်ထဲသို့
ထည့်ပေး၏။

“ကိုမောင်တိုးကို ဒီအရုပ်ကပြုစားနေတာ…
သူ့ကိုစွဲလမ်းစိတ်တွေဝင်အောင်လုပ်ပြီး…
ကိုမောင်တိုးကို မသေသေအောင်မျှင်းသတ်နေတာကြီးတော်…ဒါကြောင့် ကျုပ်ဒီအရုပ်ကို
ဖျက်ဆီးပစ်ရမယ်…”

“အမယ်လေး…ဒီလိုဆို မြန်မြန်သာ ဖျက်ဆီးပေးပါ
သမီးရယ်…ကြီးတော်သားတစ်ခုခုဖြစ်သွားမှာပဲ
ကြီးတော်ကကြောက်တာပါ…”

“ကိုမောင်တိုးကိုမထိခိုက်စေဖို့ ဒီအရုပ်ကို
ကျုပ်ဖျက်ဆီးပေးပါ့မယ်….
ကြီးတော် အနောက်ကိုဆုတ်ပေးပါ…”

ဒေါ်တာလည်း ရှင်ညိုပြောတဲ့အတိုင်း အနောက်သို့
ဆုတ်လိုက်သည်။
ရှင်ညိုသည် ငိုယိုနေသော ​မောင်တိုး၏အနားသို့
သွား၍ မောင်တိုး၏ ခေါင်းကိုလက်ဖြင့်
သုံးချက်သပ်ပေးလိုက်ရာ မောင်တိုးမှာ မြေပေါ်သို့
ခွေခနဲလဲကျသွားတော့သည်။
ပြီးနောက်လက်ထဲ၌ကိုင်ထားသောအရုပ်ကိုကြည့်၍
သူ၏အိတ်အတွင်းမှ အင်းစက္ကူကိုထုတ်ကာ
အရုပ်ကို ပတ်လိုက်သည်။
အင်းစက္ကူပတ်ထားသောအရုပ်အား လက်၌
ဆုပ်ကိုင်ထားပြီး ဂါထာများစရွှတ်တော့သည်။
ရှင်ညိုလုပ်ကိုင်သမျှကို သောင်ထွန်းရွာသူ၊ရွာသားတို့မှာ
မျက်တောင်မခတ်တမ်းစိုက်ကြည့်​နေကြ၏။

“ဟာ…”

“ဟယ်…”

ကြည့်နေရင်း ရွာသူ၊ရွာသားတွေထံမှ
အံ့သြသံများထွက်လာခဲ့သည်။
အံ့သြရခြင်းကရှင်ညိုကိုင်ထားသော
အင်းစက္ကူပတ်ထားသော အရုပ်သည် မီးများတောက်လောက်နေသောကြောင့်ပင်။
ထိုမီးတောက်သည် အရုပ်တစ်ခုလုံးကို
လောင်ကျွမ်းသွားခဲ့သော်လည်း ရှင်ညို၏လက်ကို
နည်းနည်းမှထိခိုက်ခဲ့ခြင်းမရှိသည််အတွက်
သောင်ထွန်းရွာသူ၊ရွာသားတို့မှာ မျက်လုံးများအပြူးသားဖြင့် ကြည့်နေခဲ့ကြသည်။

“ရှင်ညိုကအတော်စွမ်းတာပဲ…”

“ဟုတ်ပတော်…”

ရှင်ညိုကို ချီးကျုးသံများကလည်း
တစတစထွက်ပေါ်လာခဲ့သည်။
အရုပ်တစ်ခုလုံးပြာမှုန်ဖြစ်သွားလေတော့ အဖြူရောင်အရိပ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

“ဟိုလူတွေ…လာကူသယ်ပေးကြဦးလေတော်…”

ရှင်ညိုအသံကြားမှရွာသားတွေလည်း
သတိဝင်လာကာမောင်တိုးကို အိမ်ထဲဆီသို့
ပွေ့ချီကာခေါ်သွားကြတော့သည်။
ဒေါ်တာက ရှင်ညိုအနီးသို့လာပြီး…

“ကျေးဇူးတင်လိုက်တာသမီးရယ်…
ကြီးတော်သားကို ဘာတွေထပ်ပြီးလုပ်ပေးရဦးမလဲဆိုတာ
ပြောပေးပါဦးနော်…”

“ဘာမှလုပ်စရာမရှိပါဘူးကြီးတော်…
ကိုမောင်တိုးကိုအရုပ်မှာကပ်နေတဲ့ မကောင်းတဲ့ဝိညာဥ်က
ပြုစားထားခဲ့တာပါ…အခု အရုပ်ကိုလည်းကျုပ်ရှင်းပစ်လိုက်ပြီဆို​တော့ သူ့အတွက်ကြီးတော်
စိတ်အေးလို့ရပါပြီ…သူလည်းအတော်ပင်ပန်းထားမှာပဲ…
ဂရုစိုက်ပေးလိုက်ပေါ့ကြီးတော်…”

“အေးပါသမီးရယ်…ကျေးဇူးတင်လိုက်တာအေ”

“ရပါတယ်…အဘွားစောင့်နေလို့…
ကျုပ်သွားတော့မယ်…”

“သြော်…အေး…အေး…အေး…
မနက်မှကြီးတော်လာခဲ့မယ်နော်…”

ရှင်ညိုတစ်​ယောက် ဘွားမယ်စိန်ရှိရာသို့
ထွက်လာခဲ့သည်။
အိမ်သို့အပြန်လမ်း၌…

“လူတွေကိုကယ်တင်ရတာ ဘယ်လိုလဲသမီး…
သမီးစိတ်ထဲမှာဘာတွေဖြစ်နေလဲ”

ဟု…ဘွားမယ်စိန်ကမေးတော့ရှင်ညိုပြုံးလေသည်။
ဘွားမယ်စိန်ကိုကြည့်ပြီး…

“ကျုပ်စိတ်ထဲ ပေါ့ပါးသွားသလိုပဲအဘွား…
ဒီလိုခံစားမှုမျိုးကိုလည်း ပထမဆုံးအကြိမ်
ကျုပ်ခံစားမိတာပါ…”

“အင်း…အဲ့တာပဲသမီး…
လူဆိုတာ ကိုယ့်ရဲ့စိတ်ချမ်းသာမှုနောက်ကိုပဲ
လိုက်ကြတာ…ဘွားတို့ရဲ့စိတ်ချမ်းသာမှုဆိုတာကတော့
လူတွေကိုကူညီပေးနိုင်လိုက်လို့ရလာတဲ့ပီတိပဲ…
ဘွားဘဝတစ်ခုလုံး ဒီပီတိနဲ့ပဲဖြတ်သန်းလာခဲ့ရတာ…
ဒီပီတိကအသက်ရှည်ဆေးတမျိုးလိုပါပဲအေ…”

ဟု…ဘွားမယ်စိန်ကပြောတော့ ရှင်ညိုကလည်း
ခေါင်းလေးညိတ်ကာထောက်ခံသည်။

နောက်တစ်နေ့မိုးလင်းတော့…

“အမေ…ဘာတွေချက်နေတာလဲ”

နံနက်အစောကြီး မီးဖိုချောင်ဝင်နေသော ဒေါ်ဝင်းကို
နန်းကြိုင်မေးလို​က်သည်။

“သြော်…ဒီမှာလေ…ကြက်သားနဲ့
ကျောက်ဖရုံသီးလေးချက်နေတာ…
အိမ်စားဖို့လည်းချက်ရင်း ညည်းအစ်ကိုမောင်တိုးကိုလည်းပို့ပေးဖို့ပေါ့အေ…”

“အမယ်လေး…အိမ်စားဖို့ကထားပါ…
အဲ့ဟင်းကိုအမေက အမေ့တူအတွက်စဥ်းစားပြီး
ချက်တာမဟုတ်ဖူးလား…”

“အတူတူပါပဲအေ…”

“မတူပါဘူးတော်…အမေက ကိုကြီးတိုးကို
ကျွေးချင်လို့ချက်တာပဲဟာကို…”

“ဒါဆိုညည်းကမစားဘူးပေါ့”

ဒေါ်ဝင်းက နန်းကြိုင်ကိုလှည့်ကြည့်ပြီးမေးတော့…

“ဟီး…စားတော့ စားမှာပေါ့အမေကလည်း”

ဟု…နန်း​ကြိုင်က ဖြေရာ ဒေါ်ဝင်းမျက်စောင်းက
နန်း​ကြိုင်ဆီသို့ရောက်သွားတော့သည်။

“တော်နေဆို ​ကျက်ပြီ…
ညည်းအစ်ကို ကိုသွားပို့ပေးဦးကြားလား”

“ဟုတ်ကဲ့ပါတော်…ဟုတ်ကဲ့ပါ…
ဒါနဲ့ မမနဲ့အဘွားကိုလည်းမမြင်ပါလား…
ဘယ်သွားကြလဲအမေ”

“စောစောကပဲ…ဘုန်းကြီးကျောင်းထွက်သွားကြတယ်…
ညည်းဦးလေးအလတ်ကောင်လာပေးတဲ့
ငှက်ပျောသီးတွေ ဘုန်းဘုန်းကြီးကိုလှူချင်လို့ဆိုပြီး
ထွက်သွားကြလေရဲ့”

“သြော်…အခုတော့ကျုပ်က
အပယ်ခံဖြစ်နေပါရောလားတော်…”

“အမယ်​လေး…အပိုတွေသိပ်ပြောတာပဲ…
ညည်းလည်းရွာထဲလျှောက်လည်ဖို့ခြေလှမ်းပြင်နေတာ
ကျုပ်မသိဘူးထင်နေလား”

“ဟီး…အမေကလည်း…”

“အမေကမလည်းနဲ့…
လာ…ဒီမှာ ထမင်းကြော် ကြော်ပေးထားတယ်…
မနက်စာစားဦး”

“ဟုတ်ကဲ့အမေ…”

နန်းကြိုင်လည်းဒေါ်ဝင်းကို ဆက်မပြောတော့ဘဲ
ဒေါ်ဝင်းကြော်ထားသောထမင်းကြော်ပန်းကန်လေးကို
ယူ၍ကွပ်ပျစ်ခင်း၌ ရေနွေးကြမ်းလေးဖြင့်
သောက်ကာစားနေတော့သည်။

ဒေါ်ဝင်းသည်က မောင်တိုးအတွက်ဟင်းပို့ရန်
ဆက်လက်ချက်ပြုတ်နေခဲ့တော့၏။

ထိုသို့ဖြင့် ဘွားမယ်စိန်နှင့် ရှင်ညိုပါဝင်သော
တွယ်ငြိဝိညာဥ် ဆိုသည့်စာမူလေးပြီးဆုံးသွားပါသည်။

ယဥ်မင်း(ကန့်ဘလူ)