“မောင်အေး……..”


“ဗျာ…လေးလေး”

“လေးလေးမနေနဲ့…မင်းကိုခြံထဲမှာ
မြက်တွေရှင်းခိုင်းထားခဲ့တာ၊ရှင်းပြီးပြီလား”

“ကျုပ်အစောကပဲ ရှင်းပြီးပါပြီဗျ…”

“အေး…ဒီလောက်လေးမှမင်းမလုပ်နိုင်ရင်လည်း
မင်းကို ငါ့ရဲ့ထမင်းတော့ အလကားမကျွေးနိုင်ဘူးကွ”

မောင်အေးဆိုတာ ဦးဘစိုး၏ တူတော်၏။
မိဘများမရှိတော့၍ ဦးဘစိုးတို့ထံလာရောက်နေထိုင်နေရ
သူပင်။
နေထိုင်သည်ဆိုတာထက် ရောက်ရှိစဥ်ကတည်းက
ဦးဘစိုးခိုင်းသမျှကိုလုပ်ကိုင်ပေးလေမှသာ
ထမင်းစားရရှာသည်။
ဦးဘစိုးသည် လူပျိုကြီးတစ်ယောက်ဖြစ်သော်လည်း
တူဖြစ်သူအပေါ်ကျွေးမွေးရမည်ကို လွန်စွာနှမြောသူဖြစ်သည်။
ရှိသမျှအလုပ်များရှာကြံခိုင်းပြီးမှသာ
မောင်အေးကိုထမင်းကျွေး၏။
မောင်အေးမှာလူငယ်ပီပီဦးလေးဖြစ်သူအပေါ်၌
ငြိုငြင်ခြင်းမရှိ၊ခိုင်းသမျှလုပ်ပေးသည်။
ရွာထဲ၌လည်းမောင်အေးကိုသနားသူများက
မုန့်ဖိုးပဲဖိုးများပေးကမ်းတတ်ကြ၏။
ထိုအထဲ၌ အဘွားဒေါ်မိုးတို့မြေးအဘွားလည်းပါပေသည်။
အဘွားဒေါ်မိုးသည်မြေးဖြစ်သူ မစံပယ်နှင့်အတူနေထိုင်ပြီး
ရွာ၌ငွေတိုးချေးစားသည့်အလုပ်ကို လုပ်ကိုင်ကြသည်။
မစံပယ်၌လည်းမောင်အေးနည်းတူမိဘများမရှိရှာ။
မောင်အေးမှာလည်း မစံပယ်တို့အိမ်၌
အဝင်အထွက်လုပ်တတ်၏။
မစံပယ်တို့အိမ်ကိုတရွာလုံးမှငွေကြေးချေးငှားလို၍
ဝင်ထွက်ကြတာမှလွဲ၍တော်ရုံအဆက်အဆံမရှိကြပေ။
အကြောင်းမှာ မစံပယ်ကိုစုန်းမဟု
တစ်ရွာလုံးသိရှိထားသောကြောင့်ပင်။
အဖြစ်မှန်မှာက ဤသို့တည်း….

“ဟောသည်က ပဲပြုတ်…”

မနက်ခင်းစောစော၌ လာရောက်တတ်သော ပဲပြုတ်သည်၏
အော်သံကြောင့် မစံပယ်တစ်ယောက်
ပဲပြုတ်ထွက်ဝယ်ခဲ့သည်။
ပဲပြုတ်ဝယ်နေရင်းမှ ပဲပြုတ်ရောင်းသူမိန်းမကြီးကို
ကြည်လိုက်စဥ်ရုတ်တရက်အာရုံအတွင်းပေါ်လာသည့်
မြင်ကွင်းကြောင့်…

“အဒေါ်ကြီး…ဒီနေ့တစ်​နေ့တော့ အသွားအလာဂရုစိုက်ပါ
မဟုတ်ရင်အဒေါ်ကြီးနွားခွေ့ပြီးဆုံးလိမ့်မယ်နော်…”

ဟု…ပြောလိုက်သောအခါ ပဲပြုတ်သည်ကြီးသည်
အံ့သွသှား၏။
ပြီးနောက်သူ့ကိုစနောက်ရလေမလားဟုစိတ်ဆိုးကာ
မစံပယ်ထံမှ ပဲပြုတ်ဖိုးကိုဆောင့်ယူလိုက်ပြီးနေရာမှထွက်သွားတော့လေသည်။
သို့သော်နောက်ရက်၌ ထိုပဲပြုတ်သည်ကြီးအမှန်ပင်နွားခွေ့ခံရ၍
နေရာမှာတင်အသက်ပျောက်ခဲ့ရှာသည်။

နောက်တစ်ဦးမှာက ထန်းတက်သော ဦးပေါ်လာ ဖြစ်သည်။
ရွာထဲသွားရင်းလမ်း၌ မစံပယ်နှင့်ဦးပေါ်လာတို့.ဆုံကြစဥ်
မစံပယ်မှ…

“ဦးပေါ်လာ…ဒီနေ့ဖြစ်နိုင်ရင်ထန်းမတက်ပါနဲ့ရှင်…
မဟုတ်ရင်တော့ ရှင်
ထန်းပင်ပေါ်ကပြုတ်ကျသေလိမ့်မယ်နော်…”

“ဟေ….ဟားးး…ဟားးး…ဟားးး…ဟားးး
ဒီကလေးမ ငါ့လိုထန်းသမားကိုနောက်စရာရှားလို့ဟေ့…
ဒီမှာ မိစံပယ်ရဲ့​ပေါ်လာတို့က နင်မမွေးခင်ကတည်းက
ထန်းတက်စားလာတာ ဘာမှဖြစ်စရာအကြောင်းမရှိဘူး”

ဟုပင်…မစံပယ်ကိုရယ်မောဟားတိုက်သွားတော့သည်။
မကြာပါ ထိုနေ့တွင်ပင်ဦးပေါ်လာထန်းပင်နှစ်ပင်ကြားခုန်အကူး၌ လက်လွတ်၍အောက်သ်ို့ပြုတ်ကျကာ
နေရာ၌ပင်ပွဲချင်းပြီးဖြစ်သွားရှာ၏။
ထိုကိစ္စများကြောင့် ရွာသူရွာသားတို့သည်
မစံပယ်ကို စုန်းမဟုမှတ်ယူ၍ရှောင်ကျဥ်ကြတော့သည်။
ထိုအချက်ကိုပင် မစံပယ်၏အဘွားဒေါ်မိုးမှ
သဘောအကျကြီးကျနေခဲ့၏။
အကြောင်းမှာ သူ့မြေးမချောချောလေးကို
နှောက်ယှက်မည့်သူမရှိသောကြောင့်ပင်။
ငွေကြေးချေးငှားချင်မှသာ မစံပယ်တို့နှင့်အဆက်အဆံလုပ်သော ရွာသူ၊ရွာသားတို့သည် မောင်အေးကိုလည်း
သတိပေးကြ၏။

“ဟဲ့…မောင်အေး…နင်မစံပယ်တို့ဆီ
ဝင်ထွက်သွားလာနေတာ နည်းနည်းမှ
မကြောက်ဘူးလား”

ဟု…မေးကြလေသောအခါ၌…

“ကျုပ်ကဘာလို့ကြောက်ရမှာလဲဗျ…
ဘွားမိုးနဲ့မမစံပယ်တို့ဒီလောက်သဘောကောင်းကြတာကို
ခင်ဗျားတို့မို့ပြောရက်တယ်ဗျာ…”

ဟုပင်ခွန့်တုန့်ပြန်လေတော့ မောင်အေးကို
ဆက်မပြောကြတော့ပေ။
မောင်အေး၏နောက်ကွယ်၌တော့…

“ဒီကောင်လေး ဘယ်နေ့ဘဝပျက်မလဲမသိဘူး…
အခုတော့ဒင်းလေးပျော်နေဦးပေါ့
ဟိုစုန်းမမြေးအဘွားက အသုံးချကောင်းလို့သာ
ဒင်းကိုဒီတိုင်းထားကြတာထင်ပါရဲ့…”

“ဟုတ်ပါ့အေ..ဘယ်နေ့စုန်းမ လက်ချက်မိမလဲမသိဘူး”

ဟုပြောကြသည်များကို မောင်အေးသိသော်လည်း
မသိချင်​ယောင်သာဆောင်နေ၏။
ယောကျာ်းသားမရှိသော မစံပယ်တို့အိမ်၌
ထင်းခွဲ…ရေခပ်…ခြံရှင်းစသည့်ကိစ္စအဝဝကို
မောင်အေးက လုပ်ကိုင်ပေးသည်။
အိမ်သို့ပင်မကပ်သောမောင်အေးကို
ဦးလေးဖြစ်သူဦးဘစိုးကမည်သို့မှမပြော။
မောင်အေး အိမ်၌မရှိလျှင် စားစရိတ်သက်သာ၍
ပို၍ပင်သဘောကျနေခဲ့သည်။

“မြေးလေး…..”

“ရှင်…..အဘွား….”

“မြေးကိုအဘွားပြောစရာရှိတယ်ကွဲ့”

“ဘာများလဲအဘွား”

အဘွားဒေါ်မိုးသည် မြေးဖြစ်သူကိုကြည့်၍…

“အဘွားမသေခင်လေ…ငါ့မြေးကိုအိမ်ထောင်ရက်သား
ချပေးခဲ့ချင်သေးတယ်…ဒါမှလည်း ငါ့မြေးကိုအဘွားစိတ်ချလက်ချထားခဲ့နိုင်မှာကွဲ့……..”

“အဘွားကလည်း…ဘာလို့ဒီလိုတွေပြောနေရတာလဲ…
မြေးနဲ့ဘွားက အတူတူအကြာကြီးနေလို့ရပါသေးတယ်
အဘွားရယ်…”

“လူ့အသက်ဆိုတာမမြဲဘူးမြေးလေးရဲ့…
ဒီတော့လေ…အဘွားပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်
မြေးလေးနဲ့မောင်အေးလေးကို လက်ထပ်ပေးချင်တယ်ကွယ်…
အဲ့တာကြောင့်မြေးသဘောက ဘယ်လိုရှိသလဲဆိုတာ
ဘွားသိချင်တယ်…”

အဘွားဒေါ်မိုး၏အမေးကြောင့် မစံပယ်ဖြေဖို့ရှက်ရွံ့နေသည်။
မောင်အေးကို မစံပယ်သဘောကျ၏။
ရိုးအေးသော မောင်အေးအပေါ်၌လည်း သနားစိတ်ဖြင့်
ချစ်ခင်နေရှာသည်။

“မောင်အေးကရောသဘောတူပါ့မလားဘွားရယ်…
ကျုပ်လို……..”

“ဒီမှာငါ့မြေးကသာ သဘောတူသလားပြောပါအေ…
ဟိုလိုတွေ…ဒီလိုတွေမပြောပါနဲ့ မြေးရဲ့”

မစံပယ်စကားဆက်မပြောနိုင်အောင်
အဘွားဒေါ်မိုးကကြားဖြတ်၍ပြောလိုက်လေသည်။
အဘွားဒေါ်မိုး၏အမေးကြောင့် မစံပယ်ရှက်ရွံဟန်လေးဖြင့်
ခေါင်းကိုညိတ်၍…

“ကျုပ်ဘက်ကသဘောတူပါတယ်ဘွားရယ်…”

ဟု…ပြောလိုက်လေသည်။
အဘွားဒေါ်မိုးဝမ်းသာသွား၏။
မျက်နှာကြီးပြုံး၍…

“ကောင်းပြီလေ…ငါ့မြေးသဘောတူတယ်ဆိုရင်
ဘွားဘက်ကစီစဥ်စရာရှိတာစီစဥ်ရမှာပေါ့ကွယ်…”

ထို့နောက်ပိုင်းတော့အဘွားဒေါ်မိုးသည်
မောင်အေးနှင့်မောင်အေး၏ဦးလေး ဦးဘစိုးတို့အား
သူ၏အိမ်၌ခေါ်တွေ့လေသည်။
ဦးဘစိုးကိုလည်း မောင်အေးနှင့်မစံပယ်တို့ကို
လက်ထပ်ပေးမည့်အကြောင်းပြောလေတော့
ဦးဘစိုးမှဝမ်းသာအားရဖြင့်သဘောတူလေသည်။
အဘွားဒေါ်မိုးက မောင်အေးကိုလည်း…

“ငါ့မြေးကရော…ဘယ်လိုသဘောရှိသလဲ…
အဘွားပြောတာကိုသဘောတူရဲ့လားကွဲ့….”

ဟု…မောင်အေးကိုမေးလေတော့ မောင်အေးသည်
ရှက်ရွံသယောင်ဖြင့်…

“ကျုပ်ဘက်က…သဘောမတူစရာမရှိပါဘူးဘွားရယ်…
ကျုပ်က မမစံပယ်ကိုလေ ဟိုးအရင်ကတည်းက
မေတ္တာရှိနေပြီးသားပါဗျာ…….ဒါပေမယ့် မမစံပယ်က
ကျုပ်လိုလူကိုသဘောကျပါ့မလား…ဒါကြောင့်မို့လေ
မမစံပယ်ကိုသာ အရင်ဆုံးမေးကြည့်ပါဦးလားဗျာ…”

မောင်အေး၏အပြောကြောင့် အဘွားဒေါ်မိုးကပြုံးနေခဲ့သည်။
ဥိးဘစိုးကတော့သူ့တူကိုလက်တို့နေ၏။
မစံပယ်၏သဘောထားကိုမေးနေ၍ ဦးဘစိုးသဘောမကျ။
ရွှေသားမက်…ငွေသားမက်ဘဝနှင့်မောင်အေး
လွှဲချော်သွားလျှင် သူ၏အိမ်၌ ပြန်လည်ခိုကပ်နေမည်ကို
စိုးရိမ်သောကြောင့်ပင်။

“ငါ့မြေးရဲ့ မမစံပယ်ကိုလည်း
ဘွားဘက်ကအရင်ဦးဆုံးမေးပြီးသားပါကွယ်…
ဘွားမြေးမလေး သဘောတူလို့သာ
အခုကိစ္စကိုဘွားဘက်ကစီစဥ်ခဲ့ရတာပေါ့ကွယ်…”

မစံပယ်သဘောတူသည်ဆို၍ မောင်အေးတစ်ယောက်
ဝမ်းသာနေမိတော့သည်။
ထို့နောက်မှာတော့…
အဘွားဒေါ်မ်ိုးကလည်း မောင်အေးနှင့်မစံပယ်တို့၏
မင်္ဂလာပွဲကိုခမ်းခမ်းနားနားကျင်းပပေးပြီး
အကျွေးအမွေးအပိုင်းကိုပါ အကုန်အကျခံ၍အကောင်းဆုံးပြုလုပ်ပေးလေသည်။
ထိုအခါ ရွာရှိကာလသားတို့သည်
မောင်အေးကို အားကျ ကုန်ကြတော့၏။
မောင်အေးနှင့်မစံပယ်မှာလည်း တစ်ဦးအပေါ်တစ်ဦး
အလွန်ချစ်ခင်ရှာသည်။

“မစံပယ်….”

“အိုကွယ်…လက်ထပ်ပြီးတာဖြင့်ကြာပြီ
မောင်က အဲ့သည်လိုကြီးပဲခေါ်နေတော့မှာလား”

“ဟင်…ဒါဖြင့်ကျုပ်ကဘယ်လိုခေါ်ရမလဲမမစံပယ်…”

ရိုးအေးလှသော မောင်အေးကိုကြည့်၍ မစံပယ်ပြုံးနေမိသည်။

“ကိုယ့်မိန်းမကို မိန်းမလို့ခေါ်ပေါ့မောင်ရယ်…”

“အယ်ဗျာ…ဟုတ်သားနော်…ဟဲ..ဟဲ…”

မောင်အေးသည် အဘွားဒေါ်မိုး၏လယ်ယာများကို
ဦးစီးဦးဆောင်လုပ်ကိုင်လေသည်။
လယ်ယာကိစ္စအဝဝကို အဘွားဒေါ်မိုး
လှည့်ကြည့်စရာပင်မလိုခဲ့။

“မိန်းမရေ…….”

“ပြောလေမောင်…”

“အဘွားအတွက် ဒီသီတင်းကျွတ်မှာ မောင်တို့တွေ
မုန့်လေးအဝတ်အထည်လေးကန်တော့ချင်တယ်…
အဲ့တာမြို့ကိုသွားဖို့ မောင်စုထားတဲ့
ပိုက်ဆံလေး မိန်းမထုတ်ခဲ့နော်…”

“အင်းပါမောင်ရယ်…စိတ်ချပါ…”

ပြေလည်အေးချမ်းလှသော မောင်အေးနှင့်မစံပယ်တို့၏
မိသားစုဘဝလေးကို အားကျသူများကလည်းအများသားပင်။
သို့သော်မနာလိုသူများကလည်းရှိနေပြန်သည်။

“တောက်…ခွေးမသားက လူရိုးလူအေးဟန်ပြပြီး
မစံပယ်ကိုအပိုင်သိမ်းသွားတာကွ…”

ဟုပြောသူမှာ…ဘသိန်းဖြစ်သည်။
ဘသိန်းသည်က မစံပယ်ကိုချစ်ခင်ရှာသော်လည်း
စုန်းမ ဟုအများပြော၍ အနားပင်မကပ်ရဲခဲ့။
ယခုတော့ မစံပယ်နှင့်မောင်အေးတို့၏
အဖြစ်ကိုကြည့်ရင်း စုတ်တသပ်သပ်ဖြင့် နောင်တရနေခဲ့သည်။

“ဟ…မင်းကကြောက်လို့မစံပယ်ရဲ့အနားကိုတောင်
မကပ်ရဲခဲ့တာမလား…အခုမှနောင်တရနေတော့ကော
ဘာထူးတော့မှာမို့လည်း ဘသိန်းရာ”

“ဘာကွ…..”

“ဘုန်း….”

“ဟာကွာ…တောက်…..”

“ခွပ်……..”

“အ………”

“ဟာ…ဘသိန်း…မင်းအချင်းချင်းကို ဘာလို့ထိုးတာရတာလဲ”

ဘသိန်းကိုအဖော်များကဝိုင်းထိန်းကျသည်။
အထိုးခံရသူကတော့ခံရခက်ခက်ဖြင့် ထိုင်နေလေသည်။

“အေး…အချင်းချင်းလည်းငါကမညှာတတ်ဘူး…
မင်းတို့ကိုအရှင်းဆုံးပြောရမယ်ဆိုရင်
မစံပယ်နဲ့ဆိုင်တဲ့ကိစ္စဆိုငါ့ကိုဘယ်ကောင်မှလာမတားကြနဲ့…
တားတဲ့အကောင်အသေပဲ…”

ဘသိန်းနေရာမှ ထွက်သွားတော့သည်။
ပုဆိုးတိုတိုပြင်ဝတ်၍ ခြေလှမ်းကျဲကြီးများဖြင့်
ထွက်သွားသော ဘသိန်းကို အပေါင်းအဖော်များက
သက်ပြင်းတချချဖြင့်ငေးကြည့်နေကြတော့၏။
ဘသိန်းသည်က စိတ်ဆတ်ဒေါသကြီးသူပင်။
အလုပ်အကိုင်ဆို၍ မိခင်အိုကြီးထံမှ အရက်ဖိုးတောင်းလိုက်
သောက်စားလိုက်ဖြင့်နေ​သော အရက်သမား
လူရမ်းကားတစ်ဦးပင်။
ဘသိန်း၏အမည်ကိုကြားရုံမျှဖြင့် ရွာရှိအပျိုများ ရှောင်ဖယ်ကုန်ကြသည်အထိ ဘသိန်းသည်ဆိုးဝါးလှသောလူတစ်ဦးပင်။
ထိုသို့သော ဘသိန်းက မစံပယ်ကိုတော့ချစ်ရှာသည်။
မစံပယ်အနီးကပ်ဖို့ရန် ကြိုးစားနေတုန်းမှာပင်
မစံပယ်တစ်ယောက် မောင်အေးနှင့်လက်ထပ်သွားလေရာ
ဘသိန်းမှာ မောင်အေးအပေါ်၌ အမုန်းကြီးမုန်းနေခဲ့တော့သည်။

“မောင်အေး……”

“ဟာ…ကိုငွေမောင်ကြီးပါလား…လာဗျ…ထိုင်”

မောင်အေးတို့အိမ်သို့ မောင်အေးကိုအလွန်ခင်ရှာသော
ကိုငွေမောင်ဆိုသည့်ရွာသားတစ်ဦးအလည်ရောက်လာသည်။

“မိန်းမရေ…ကိုငွေမောင့်အတွက်
လက်ဖက်နဲ့အကြမ်းရည်လေးပြင်ပေးပါဦးကွာ”

“ရပါတယ်မောင်အေးရာ…ငါမင်းဆီကို ပြောစရာရှိလို့လာတာပါကွ…အဘွား နေ​ကောင်းတယ်နော်…”

“အေးကွဲ့…ကောင်းပါရဲ့”

အဘွားဒေါ်မိုးသည် ကျောမှီကုလားထိုင်ခုံ၌ ထိုင်ရင်း
ဆေးလိပ်ကြီးကို ဖွာရှိုက်နေခဲ့သည်။
မောင်အေးနှင့်ကိုငွေမောင်တို့က
ထိုအနီးရှိဖျာပေါ်တွင်ထိုင်နေကြ၏။
မစံပယ်ယူလာသော အကြမ်းအိုးနှင့်လက်ဖက်ခွက်ကို
မောင်အေးကူကာချပေးရင်း…

“ကဲ……..ကိုငွေမောင် လက်ဖက်လေးစား…
အကြမ်းရည်လေးသောက်ပါဦး…”

“အေးပါကွာ…”

ကိုငွေမောင်လည်းလက်ဖက်လေးစား…အကြမ်းရည်လေး
တစ်ခွက်မျှသောက်ပြီးလေတော့ မောင်အေးနှင့်မစံပယ်တို့ကို
ကြည့်ကာ…

“မောင်အေးရ…ငါ့ကောင်ကြီးကရွာမှာဆိုရင်မင်းကို
လူချစ်လူခင်အများသားပဲ…မင်းနဲ့မစံပယ်မင်္ဂလာဆောင်တုန်းကဆိုရင်တစ်ရွာလုံးက အားကျဝမ်းသာကုန်ကြတာကွ”

ဟု…ပြောလေတော့ မောင်အေးမှာပြုံး၍…

“အဲ့တာကအဘွားရဲ့ကျေးဇူးပါဗျာ…
ကျုပ်ကိုယုံကြည်ပြီးသူ့မြေးမလေးနဲ့ပေးစားခဲ့လို့
အခုလိုကျုပ်အေးအေးချမ်းချမ်းနေရတာမလား”

ဟုပြောလေတော့မစံပယ်ကပြုံးနေ၏။
အဘွားဒေါ်မိုးကတော့ဆေးလိပ်ကြီးဖွာရင်း
ခေါင်းကိုတညိတ်ညိတ်ဖြင့်ကျေနပ်နေရှာသည်။

“အေး…ငါလာခဲ့တာလည်းအကြောင်းရှိတယ်ကွ”

ဟု.. ကိုငွေမောင်ကပြောလေတော့…

“ဘာများလဲကိုငွေမောင်…ပြောပါဦးဗျာ…”

“မင်း…ဘသိန်းကိုသိတယ်မဟုတ်လား”

“ဘသိန်း….သြော် ကိုဘသိန်းလား ကျုပ်သိတာပေါ့”

“အေး…အဲ့သည်ဘသိန်းကြောင့်ပေါ့ကွာ”

“ဗျာ…ကိုဘသိန်းကဘာဖြစ်နေလို့လဲက်ိုငွေမောင်ရဲ့”

“ဟ…ဘသိန်းကမဖြစ်ဘူး…မင်းဖြစ်မှာဆိုးလို့
ငါကသတိလာပေးတာကွ”

“ဗျာ…”

ကိုငွေမောင်စကားကို မောင်အေးတို့နားမလည်ကြ။
ကိုငွေမောင်က…

“ဒီလိုဟေ့…တနေ့ကထန်းတောမှာဘသိန်းက
သူ့သူငယ်ချင်းကိုထိုးလိုက်သတဲ့….
ထိုးရတဲ့အကြောင်းအရင်းကလည်း
မင်းနဲ့မစံပယ်ကြောင့် ဆိုပဲကွ…”

“ဗျာ…ကိုငွေမောင်ရာကျုပ်ကိုသေချာပြောပြစမ်းပါဗျာ…
ခင်ဗျားပြောတာတွေကျုပ်နားထောင်နေရင်းကနေ
ပိုပိုပြီးနားမလည်တော့ဘူးဗျ…”

“ဟဲ့ကောင်ရ…အဲ့ဘသိန်းဆိုတာ မစံပယ်ကိုအသေအကျေကြိုက်ခဲ့တဲ့အကောင်ကွ…မစံပယ်ကိုရွာကမဟုတ်မဟတ်ပြောနေကြလို့သာ ဒီကောင်မကပ်ရဲတာလေကွာ…
အခုမင်းနဲ့မစံပယ်မင်္ဂလာဆောင်တော့ဒီကောင်
ပိုပြီးမကျေနပ်နေတာပေါ့…
ပြောရရင်မစားရတဲ့အမဲသဲနဲ့ပက်ချင်နေတာဟေ့…
ဒင်းက….”

“အလိုလေး….”

“ဟင်…”

“ဗျာ…”

မောင်အေးနဲ့အဘွားဒေါ်မိုးတို့မြေးအဘွား
အံ့သြသင့်ကုန်ကြသည်။

“ဟုတ်တယ်…ဒါကြောင့် မင်းတို့ကို
ဂရုစိုက်နေကြဖို့ငါကလာပြောတာ မောင်အေးရ”

ကိုငွေမောင်ပြောသမျှကိုမောင်အေးစဥ်းစားနေတော့သည်။
ငေးငိုင်နေသော မောင်အေးကိုမစံပယ်လက်တို့လိုက်လေမှ
သတိဝင်လာခဲ့ပြီး…

“ကျုပ်တို့ကို လာပြောပြပေးတာ…
ကျေးဇူးတင်ပါကိုငွေမောင်ရာ…
ကျုပ်တို့ဂရုစိုက်ပါ့မယ်…”

“အေးပါကွာ…အေးပါ…ငါ့အနေနဲ့ကတော့
မင်းတို့မိသားစုလေးကိုအခုလိုပဲပျော်ပျော်ရွှင်ရွှင်လေး
မြင်ချင်မိတယ်…အဲ့တော့မင်းဘာအကူအညီလိုလို
ငါ့လာပြောကွာ…ငါကူညီနိုင်တာဆိုရင်ကူညီပါ့မယ်…”

“ကျေးဇူးပါကိုငွေမောင်…”

“ကျေးဇူးတင်ပါတယ်ရှင်…”

မောင်အေးနှင့် မစံပယ်တို့ ကိုငွေမောင့်ကို
ကျေးဇူးတင်စကားဆိုလိုက်ကြလေသည်။

****************************

“အားးး….သွား….သွား….မလာနဲ့….မလာနဲ့”

“မောင်…မောင်သတိထားလေမောင်….”

ခြံဝန်းအတွင်းလူးလှိမ့်ကာအော်ဟစ်နေသော လူကို
ဘွားမယ်စိန်ရပ်ကြည့်နေမိသည်။
ဘေးရှိအမျိုးသမီးမှာလည်း ထိုလူ့ကိုဆွဲရင်းမျက်ရည်များ
ကျနေရှာသည်။
ထို့အပြင်ဘေးတွင်အတူပါလာကြသော
အမျိုးသားများနှင့်အဘွားအိုတစ်ဦးတို့မှာလည်း
ထိုမြင်ကွင်းအားရပ်ကြည့်နေကြရင်း
စိတ်မကောင်းဖြစ်နေကြ၏။

ဘွားမယ်စိန်၏အိမ်ဝိုင်းအတွင်း၌အော်ဟစ်ပြေးလွှားနေသော
သူ ကြောင့် သောင်ထွန်းရွာသူ၊ရွာသားတို့မှာ
အထူးအဆန်းသဖွယ်လာကြည့်နေကြ၏။
ဖြစ်ပျက်နေသောအခြေအနေကြောင့်
ဘွားမယ်စိန်သည်…

“ဒီက…ညီမတို့ကဘယ်ကလဲကွဲ့…”

ဟုမေးလေတော့…

“ကျုပ်တို့က ကန်ကြီးရွာကပါ…
ကျုပ်နာမည်ကိုဒေါ်မိုးလို့ခေါ်ပါတယ်အစ်မ”

“ဟိုသူငယ်နဲ့ ညီမကဘယ်လိုများတော်စပ်သလဲ”

“ကျုပ်ရဲ့မြေးသားမက်ပါ…မောင်အေးလို့ခေါ်ပါတယ်…
ဒါကကျုပ်မြေးမလေး မစံပယ်ပါအစ်မ”

အဘွားဒေါ်မိုး၏ပြောပြချက်များကိုနားထောင်ရင်း
ဘွားမယ်စိန်သည်မောင်အေးကိုကြည့်နေခဲ့သည်။
ပြီးနောက်မောင်တိုးနဲ့မောင်အုန်းတို့အား…

“မောင်ရင်တို့ရေ…အဲ့သူငယ်လေးကို ဝိုင်းထိန်းပြီး
ဟိုတိုင်မှာ ကြိုးတုတ်ထားပေးစမ်းပါကွယ်…”

“ဟုတ်ကဲ့ဘွား”

မောင်တိုးနဲ့မောင်အုန်းလည်း ဘွားမယ်စိန်ပြောသည့်အတိုင်း
မောင်အေးကိုဘေးနှစ်ဖက်မှချုပ်၍ တိုင်၌ ကြိုးတုတ်ကြတော့သည်။
မောင်အေးမှာက တကိုယ်လုံးချွေးများရွဲစိုနေခဲ့ပြီး
မောင်အုန်းတို့ကို ရုန်းကန်ကာ အော်ဟစ်နေ၏။

“သှားးးး…..မလာကွနဲ့…မလာကွနဲ့…….အားးးးးး”

မစံပယ်မှာ မောင်အေးကိုကြည့်၍ငိုရှိုက်နေသည်။
အဘွားဒေါ်မိုးကပင် မစံပယ်ကိုကျောလေးပုတ်၍
နှစ်သိမ့်ပေးရှာ၏။

“လာရင်းကိစ္စလေးပြောကြပါဦး…
ဒါမှကျုပ်ဘက်ကလုပ်ပေးရမှာကိုသိမှာပေါ့”

ဟု…ဘွားမယ်စ်ိန်မှပြောသောအခါ အဘွားဒေါ်မိုးသည်
အားနာသွားဟန်ဖြင့်…

“ဟုတ်ပါ့အစ်မရယ်…ဒီရောက်ကတည်း
မောင်အေးကိုဝိုင်းထိန်းနေကြတော့ဘာမှမပြောမိသေးဘူး
စိတ်မရှိပါနဲ့အစ်မရယ်…”

“ဟုတ်ပါတယ်ဘွား…ကျုပ်ယောကျာ်းဖြစ်နေတာတွေကို
ဘွားကုသပေးနိုင်မယ်လို့ထင်လို့
ကျုပ်တို့ဒီရွာကိုရောက်လာခဲ့ကြတာပါရှင်…”

“အင်း…ဟုတ်ပါပြီကွယ်…ဘယ်လိုများဖြစ်သလဲဆိုတာ
ဘွားကိုပြောပြပါဦး”

ဘွားမယ်စိန်ကမေးတော့ မစံပယ်သည်
မောင်အေးကိုကြည့်၍…

“သူဒီလိုဖြစ်တာတစ်လတောင်ပြည့်ပါပြီဘွားရယ်…
ညဘက်အပေါ့သွားဖို့အိမ်သာသွားရာကနေ
ဘာတွေ့တယ်မသိပါဘူး အသံကုန်အော်ပြီးနေရာမှာတင်
သတိလစ်သွားလို့ကျုပ်တို့မှာအတော်စိုးရိမ်သွားကြရတာ…
သတိပြန်ရလာပြန်တော့လည်းအခုလိုပုံမှန်
အသိစိတ်မရှိတော့ဘဲအော်ဟစ်နေတော့တာပဲတော်….”

မစံပယ်ပြောနေရင်းမှ မျက်ရည်များကျဆင်းလာခဲ့တော့သည်။
ဘွားမယ်စ်ိန်လည်းမစံပယ်အနားမှထွက်လာပြီး
မောင်အေးဆီကိုရောက်လာခဲ့သည်။
မောင်အေးကတော့ဘေးလူတွေကိုစိတ်မဝင်စားဘဲ
ကြိုးမှလွတ်ဖို့အတင်းရုန်းကန်နေ၏။
ထို့အပြင်နှုတ်မှလည်း ရောက်တတ်ရာရာများပြောနေခဲ့ပြန်၏။

“နင်ဘယ်သူလဲ………”

ဘွားမယ်စိန်သည်မောင်အေးကိုစိုက်ကြည့်၍မေးလိုက်သည်။
မောင်အေးကတော့ မသိသလိုပင်နေနေ၏။
ထိုအခါအသင့်ကိုင်ဆောင်ထားသောတောင်ဝှေးကို
ဘွားမယ်စိန်မြေပေါ်ဆောင့်ချ၍…

“ဒုတ်………”

“ဟဲ့…နင်ဘယ်သူလဲလို့ ငါမေးနေတယ်လေ…”

ဟုပြောလေတော့ မောင်အေးသည်
မျက်လုံးကိုအပေါ်သို့လှန်ကာကြည့်၏။
မျက်တောင့်နီကြီးဖြင့်ကြည့်ရင်း နှုတ်မှလည်း…

“ဟဲ…ဟဲ….ဟဲ…ဟားးး….ဟားးး…ဟားး..ဟားး…..”

ဟူသောသလျော်သယောင်ရယ်သံကြီးဖြင့်ရယ်မောနေ၏။
မစံပယ်တို့မြေးအဘွားနှင့်အတူပါလာသူများမှာ
အံ့သြသင့်နေကြလေသည်။
သောင်ထွန်းရွာသူ၊ရွာသားများမှာလည်း အသံများပင်တိတ်ဆိတ်၍ စိတ်ဝင်တစားကြည့်နေခဲ့ကြသည်။

“အေး…နင်ကငါကိုမခန့်ပေါက်နဲ့လုပ်နေတယ်ပေါ့…
ဟဲ့…ငါမယ်စ်ိန်ဟဲ့…ပျော့ရင်ဖယောင်းမာရင်သံချောင်း…
ငါ့အကြောင်းသိစေရမယ်ဟဲ့……………”

ဟုဆိုကာ သူ၏တောင်ဝှေးကိုမောင်အေး၏ခေါင်းပေါ်တင်၍
သုံးချက်ခေါက်လိုက်လေသည်။
ထိုသုံးချက်မှာခပ်ဖွဖွပင်ဖြစ်၏။
သို့သော်….

“အားးး….အမယ်လေးးးးးး……
အမယ်လေးနာတယ်…အားးးးး……
မလုပ်ပါနဲ့တော့……အမယ်လေး”

မောင်အေးတစ်ယောက်အသံစုံအော်ဟစ်တော့၏။
ဘွားမယ်စ်ိန်သည်မောင်အေးက်ိုစိုက်ကြည့်နေခဲ့သည်။
အတော်ကြာအောင်မောင်အေးအော်ဟစ်အပြီးမှ…

“ကဲ…နင်ဘယ်သူလဲပြောမလား…
ငါ့ဘက်ကဆက်ပြီးအပြစ်ပေးရမလား”

ဘွားမယ်စိန်စကားကြောင့်မောင်အေးသည်
ကြောက်ရွံ့ဟန်ဖြင့် ပြာပြာသလဲပင်…

“ကျုပ်…ကျုပ်ပြောပါ့မယ်”

“အေး…ပြော…နင်ဘယ်သူလဲ…ဒီသူငယ်ကိုဘာကြောင့်
ပြုစားထားရတာလဲ”

ဟုမေးလေတော့ ချက်ချင်းပင်မျက်နှာထား​ပြောင်းလဲသွား၏။
နာနာကျည်းကျည်းမျက်နှာထားဖြင့်…

“ကျုပ်မကျေနပ်လို့……….”

ဟု…ဖွေ၏။

“ဘာကိုမကျေနပ်ရတာလဲနင်က…
ဒီသူငယ်ဘက်ကရော နင့်အပေါ်ဘာအမှားတွေများ
လုပ်မိထားသလဲ”

ဟုမေးလေတော့ ချက်ချင်း
မဖြေဘဲလူအုပ်ကိုသာငေးမောကြည့်နေ၏။

“ဒုတ်……”

ဘွားမယ်စိန်သည်တောင်ဝှေးကိုဆောင့်ချလေမှ
မောင်အေးလန့်သွားဟန်ဖြင့်…

“ကျုပ်…ကျုပ်သားကိုဒင်းသတ်လို့တော့်…
ကျုပ်သားဒင်းကြောင့်သေရတာကို…ကျုပ်မကျေနပ်တာ…”

“ဘယ်လို….ဟိုသူငယ်မ သူပြောတာတွေဟုတ်သလား”

မောင်အေးနှုတ်ထွက်စကားကြောင့်မစံပယ်တို့အားလုံး
အံ့သြသင့်နေကြစဥ် ဘွားမယ်စိန်သည်
မစံပယ်ကိုလှည်ပြန်ကြည့်၍မေး၏။
ထိုသို့မမေးခင်ပြောရပေဦးမည်…
ထူးဆန်းသည့်အချက်တစ်ခုရှိနေ၏။
ထိုသည်ကမောင်အေး၏နှုတ်မှ
ထွက်လာသောအသံသည်မိန်းမကြီးတစ်ဦး၏
အသံဖြစ်နေခဲ့ခြင်းပင်။

မစံပယ်သည်…

“ဒါဆို…ဒါဆို…ရှင်က ကိုဘသိန်းရဲ့အမေ
ဒေါ်မြရှင်ပေါ့လေ ဟုတ်လား…”

မစံပယ်သည် မောင်အေးကိုကြည့်၍မေး၏။
ထိုအခါ မောင်အေးသည် မစံပယ်တို့ကို
ဒေါသတကြီးစိုက်ကြည့်ပြီး…

“ဟုတ်တယ်…ငါကဘသိန်းရဲ့အမေ ဒေါ်မြရှင်ပဲ…
နင်လင်သတ်လို့သေရတဲ့ ဘသိန်းရဲ့အမေပဲဟဲ့…”

ဟုအော်ဟစ်လေသည်။

“မဟုတ်ဘူး…မဟုတ်ဘူး…ကျုပ်ယောကျာ်းကို
တော့်သားဘက်ကရန်ပြုလို့သာ အချင်းချင်းလုံးထွေးရင်းကနေ
မတော်လို့သတ်မိတာ…ဒါကိုကန်ကြီးရွာတစ်ရွာလုံးသိတယ်…
တော်လည်းသိတာပဲလေ…”

မစံပယ်သည်ခေါင်းကိုခါရမ်းပြီး
မောင်အေးကိုကြည့်ကာပြော၏။

“ဘာပဲဖြစ်ဖြစ်ငါ့သားသေရတာ
နင့်လင်ကြောင့်ဟဲ့…နင်လင်ကြောင့် ကောင်မရဲ့…..”

မောင်​အေးသည် ဒေါသတကြီးအော်ဟစ်ပြန်သည်။
ဘွားမယ်စိန်သည် မစံပယ်တို့မြေးအဘွားကိုကြည့်လေတော့
မစံပယ်သည်…

“မဟုတ်ပါဘူးဘွားရယ်…
အထင်မှားနေတာပါ…ကျုပ်တို့အကြောင်းကိုလည်းတစ်ရွာလုံးသိပါတယ်တော်….”

“ဟုတ်ပါတယ်အစ်မရယ်…
အဖြစ်အပျက်ကဒီလိုရှိပါတယ်တော်…….”

အဘွားဒေါ်မိုးသည် သူတို့အပေါ်၌ဘွားမယ်စိန်
အထင်အမြင်လွဲမှားမည်ကိုစိုးရိမ်သောကြောင့်
ပြန်လည်ကာရှင်းပြတော့လေသည်။

*********************************

အကြောင်းမှာက မစံပယ်နှင့်မောင်​အေးတို့အိမ်ထောင်ကျပြီးသောအခါ၌ ဘသိန်း၏အငြိုးမကျေမှုကိုသိရှိကြသောအခါ…

“မောင်…ဘာပဲဖြစ်ဖြစ်သတိလေးတော့ထားမှ
ဖြစ်တော့မယ်နော်…မဟုတ်ရင်ဘသိန်းရဲ့ရန်ကို
ကိုယ့်ဘက်ကကြိုပြီးမကာကွယ်နိုင်ဖြစ်နေလိမ့်မယ်”

“အင်းပါမိန်းမရယ်….ကိုဘသိန်းတစ်ယောက်
အဲ့လောက်ထိမမိုက်တန်ပါဘူးလေ”

အရာရာကိုအကောင်းမြင်တတ်လွန်းသော
မောင်အေးကို မစံပယ်စိတ်မချပေ။
ဘသိန်း၏အကောက်ကြံမှုခံရမည်ကိုစိုးရိမ်နေမိ၏။
ယခုအခါမှသူမ၏ကြိုတင်နိမိတ်များသည်
မည်သို့ဖြစ်သည်မသိ…မည်သည့်နိမိတ်ကိုမှသူမ
မမြင်ရပေ။

ထိုသို့ဖြင့်တစ်ရက်မှာတော့ မောင်အေးတစ်ယောက်
တစ်ဖက်ရွာမှအပြန်လမ်းတွင် ဘသိန်းနှင့်ပတ်ပင်းတိုးတော့၏။
ပတ်ပင်းတိုးသည်ဆိုရအောင်လည်း ဘသိန်း၏လက်၌
ဓားရှည်တစ်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်ကို
မောင်အေးမြင်လိုက်သော်လည်း မသိချင်ယောင်ပင်ဆောင်၍…

“ကိုဘသိန်း…ဘယ်သွားမလို့လဲဗျ…”

ဟုမေးလိုက်လေသည်။
ဘသိန်းမှာက ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်းရင်း
ဒေါသတကြီး မောင်အေးကို ကြည့်၍…

“ငါမင်းပြန်အလာကိုစောင့်နေတာမောင်အေး…”

“ဗျာ…………”

“အေး…ငါလှည့်ဝိုက်ပြောမနေတော့ဘူး…
ငါမင်းကိုမကျေနပ်ဘူးမောင်အေး…
အဲ့သည်တော့ဒီနေ့မင်းသေကိုသေရမယ်ကွာ…….”

မောင်အေးတစ်ယောက်ဘသိန်း၏စကားကိုကြားသောအခါ
ချွေးများပင်ပျံလာခဲ့၏။

“မဟုတ်…မဟုတ်သေးပါဘူးကိုဘသိန်းရာ…
ကျုပ်ခင်ဗျားနဲ့လည်းရန်မဖြစ်ဖူးပါဘူးဗျာ…
နောက်ပြီးခင်ဗျားအပေါ်လည်းကျုပ်ဘက်ကနေပြီး
ဘာအမှားမှမလုပ်ဖူးတာခင်ဗျားလည်းအသိပါဗျာ……”

ဟု…ပြေလည်အောင်ပြောသောအခါ…

“ဟားး…ဟားးး…ဟားးး…ဟားးး..ဟားးး…ဟားး…
ဟင်း……မောင်အေး…မောင်အေး…
မင်းကအဲ့သည်လိုအပြောတွေနဲ့ငါ့သိပ်ချစ်တဲ့
မစံပယ်ကိုအရယူသွားတာပဲကွ…
တောက်…မင်းငါ့အပေါ်အမှားကြီးတစ်ခုလုပ်လိုက်တာ…
အဲ့တာဘာအမှားလဲမင်းသိချင်လား…
အေးသိရမယ်မောင်အေး…
မင်းသိရမယ်ကွ……….”

“ဝီး…..”

ဘသိန်းသည်ပြောရင်းပင်မောင်အေးကိုဓားဖြင့်ဝင်ပိုင်း၏။
သတိထားနေသောမောင်အေးလည်း ဘသိန်း၏ဓားကို
ရှောင်ရှားလိုက်သည်။ဘသိန်းနှင့်ယှဥ်လျှင်မောင်အေးသည်
လူကောင်ညှပ်၏။
သို့သော် ကိုယ်ခန္ဓာမှာကျစ်လစ်သည်။
ဘသိန်းကလည်းမောင်အေးကိုဓားဖြင့်ဒေါသတကြီး
ခုတ်နေလေရာ မောင်အေးတစ်ယောက်
ရှောင်လိုက် မြေပေါ်လှိမ့်ချလိုက်ဖြင့်
ဘသိန်း၏ရန်ကိုရှောင်ရှားနေရသည်။
ထိုစဥျ…

“ဟာ…ဟိုမှာ ဘသိန်း…မောင်အေးကိုဓားနဲ့ခုတ်နေတယ်…”

“ဘသိန်းမင်းလွန်မယ်နော်…မင်းလွန်မယ်…….”

မောင်အေးတို့အဖြစ်ကိုမြင်သော ရွာသားနှစ်​ယောက်သည်
ဘသိန်းကိုအော်ဟစ်တားဆီးကြ၏။
ဓားကြီးကိုင်ထားသောဘသိန်းကိုလည်းဝင်၍ မဆွဲရဲကြ။

“လာစမ်း…တားကြစမ်း…တားတဲ့အကောင်
ဘသိန်းလက်စာအမိပဲ…ဟေ့……လာကြလေကွာ”

ဟုဘသိန်းမှစိန်ခေါ်သောအခါ…ရွာသားနှစ်ယောက်သည်…

“ဟောသည်မှာ ဘသိန်းဓားကြီးနဲ့မောင်အေးကို
ခုတ်နေပါတယ်ဗျို့…လာကြပါဦး….လာကြပါဦးဗျို့……”

ဟုအသံကုန်အော်ဟစ်တော့သည်။
သို့သော်လည်းဘသိန်းသည်မောင်အေးကို
ဓားဖြင့်လိုက်လံခုတ်နေစဲပင်။
မောင်အေးမှာလည်းရှောင်ရှားနေရင်းမှ
ဘသိန်း၏အလစ်တွင်ဘသိန်း၏ရင်ညွှန့်ကိုခြေဖြင့်ဆောင်ကန်လိုက်သောအခါ၌ ဓားမှာဘသိန်း၏လက်မှ
လွှင့်စင်သွားတော့၏။
ထိုအခိုက်မောင်အေးသည် ဓားကိုအလျင်အမြန်
သွားကောက်လေတော့ ဘသိန်းမှာလည်းချက်ချင်းလူးလဲထ၍ ဓားကိုကောက်လေသည်။
ဓားကိုလုကောက်ရင်းမောင်အေးနဲ့ဘသိန်းတို့လုံးထွေးသတ်ပုတ်ကြတော့၏။
ထိုသို့သတ်ပုတ်နေကြရင်းမှာ
ဓားရရှိသွားသောမောင်အေးသည် ဓားကိုကိုင်၍ဘသိန်း၏
လည်ပင်းသို့ထိုးစိုက်လိုက်လေသောအခါ…

“အ………အွတ်……”

ဟုသောအော်သံနှင့်အတူဘသိန်းနံဘေးသို့လဲကျသွားတော့သည်။

“ဟာ…ဘသိန်းတော့သွားပြီဟ …”

“ဟာ…မောင်အေး…ထ…ထ..မင်းဘာဖြစ်သွားသေးလဲ”

ရွာသားနှစ်ဦးသည်မောင်အေးကိုဆွဲထူရင်း
ဘသိန်းကိုကြည့်လေတော့ ဘသိန်းမှာအသက်မရှိရှာတော့။
ရွာသားနှစ်ဦး၏အော်သံကြောင့်လည်းကန်ကြီးရွာထဲမှလူများရောက်ရှိလာကြသည်။
မောင်အေးမှာတော့ ဘသိန်းအတွက်
စိတ်မကောင်းစွာကြည့်နေရှာ၏။
ရောက်ရှိလာသော ရွာသူ၊ရွာသားတို့အား
ထိုအဖြစ်အပျက်ကိုအစအဆုံးမြင်ကြသော
ရွာသားနှစ်​​ယောက်မှရှင်းပြကြလေသည်။

“ကဲ…ဒေါ်မြရှင်…ကိစ္စကတော့ခင်ဗျားကြားတဲ့အတိုင်းပဲ…
ခင်ဗျားသားဘက်ကရန်မူလို့သာ မောင်အေးက
ပြန်တုန့်ပြန်လိုက်ရတာဆိုတော့…
ကျုပ်တို့လည်းစိတ်မကောင်းပါဘူးဗျာ…
ဒါပေမယ့်ကျုပ်သဘောကတော့
ဒီကိစ္စကိုဒီမှာပဲပြီးစေချင်တယ်ဗျို့…
မြို့ဂတ်ကကောင်တွေကျုပ်တို့ ဒီရွာကို
ခြေမချစေချင်လို့ပါ ဒေါ်မြရှင်ရယ်…”

ဟု…ရွာသူကြီးသည် ဘသိန်း၏မိခင်ဒေါ်မြရှင်ကိုပြော၏။
ဒေါ်မြရှင်ကတော့ သားဖြစ်သူဘသိန်း၏အလောင်းကို
တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်
မောင်အေးကိုစိုက်ကြည့်နေခဲ့သည်။
ပြီးလေမှ…

“သူကြီး သဘောပါပဲ…….”

ဟု…ပြော၍နေရာမှထွက်သွားတော့၏။
မောင်အေးခမြာလည်း ဘသိန်းအတွက်စိတ်မကောင်း
ဖြစ်နေရှာသည်။
အစားအသောက်ပင်သေချာမစားနိုင်ပဲ တမှိုင်မှိုင်တတွေတွေ
ဖြစ်နေသော မောင်အေးကို အဘွားဒေါ်မိုးမှ…

“ငါ့မြေးရယ်…ကိုယ့်ဘက်ကဖြစ်ပါစေဆိုပြီး
ရန်ပြုတာမှမဟုတ်တာ…
ကိုယ့်အသက်ကို ကာကွယ်ရင်း
ဖြစ်သွားရတာဆိုတော့ ဘယ်တတ်နိုင်မလဲကွယ်…”

ဟု နှစ်သိမ့်သကဲ့သို့…

“ဘသိန်းနေရာမှာ…မောင်သာဖြစ်ခဲ့ရင်လေ
ကျုပ်တော့ သေမတတ်ခံစားရမှာမောင့်ရဲ့…
အခုလိုမောင်ဘာမှမဖြစ်တာကို
ကျုပ်ကျေနပ်နေရတာပါတော်…”

ဟူ၍ မစံပယ်သည်ဖြေသိမ့်ပေးရှာ၏။

အဘွားဒေါ်မိုးနှင့်မစံပယ်ကြောင့် မောင်အေးလည်း
ယခင်အတိုင်းပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့သော် ဘသိန်းဆုံးပြီးတစ်လကျော်အကြာ၌
ညဘက်ကြီး အပေါ့ပါးသွားရာမှ
တော်တော်နှင့်ပြန်မလာ၍
မစံပယ်သွားကြည့်သောအခါ အိမ်နောက်ဖေး၌
မောင်အေးလဲကျနေသည်ကို တွေ့လိုက်ရ၏။
နောက်တစ်နေ့မှမောင်အေးသတိပြန်လည်လာပါသော်လည်း
ရောက်တတ်ရာရာများပြောဆိုရင်းအော်ဟစ်နေသောကြောင့်
မစံပယ်တို့မှာ ဆေးဆရာများကိုရှာဖွေ၍ကုသပေးကြရှာသည်။
သို့သော်လည်း မည်သည့်ဆရာနှင့်မှသက်သာခြင်းမရှိ၍
နောက်ဆုံးသတင်းစကားကြောင့်သောင်ထွန်းရွာသို့ရောက်လာ
ခဲ့ကြတော့၏။

*************************************

အကြောင်းစုံကိုသိရှိသွားသော ဘွားမယ်စိန်သည်
မောင်အေးကိုကြည့်၍…

“ဟဲ့…မြရှင်…နင်က နင့်သားသေတာကိုမကျေနပ်နေတာပေါ့
ဟုတ်လား…………”

“ဟုတ်တယ်…မကျေနပ်ဘူး…”

“ငါ့ပညာကိုနင်စမ်းဝံ့သလားမြရှင်……”

ဘွားမယ်စိန်မေးတော့ မောင်အေးသည်
ခေါင်းကိုစောင်းကြည့်ပြီး…

“ကျုပ်ထက်ပညာမြင့်တဲ့တော့်ရဲ့ပညာကိုတော့
ကျုပ်မနိုင်ပါဘူး…ဒါပေမယ့်ကျုပ်မကျေနပ်ဘူး “

“အေး…ညည်းကညည်းသားအတွက်မကျေနပ်ဖူးဆိုတော့
မေးပါရစေဦး မြရှင်ရဲ့…
ညည်းသားကညည်းအပေါ်သိတတ်
သားလိမ္မာတဲ့သားတစ်​ယောက်လား”

ဘွားမယ်စိန်မေးတော့ မောင်အေးသည် ခဏမျှတွေဝေသွား၏။
ပြီးလေမှ ခေါင်းကိုရမ်းပြလေသည်။
ထိုအခါဘွားမယ်စိန်သည်…

“အေး…ညည်းသားက ညည်းအပေါ်မသိတတ်တဲ့အပြင်
မိုက်ရိုင်းဆိုးသွမ်းနေတာမလားမြရှင်…
သူတပါးဘဝကိုဖျက်ဆီးချင်စိတ်နဲ့ အငြိုးထားပြီး
ကျုးလွန်ခဲ့လို့ သူ့ရဲ့အပြစ်ဒဏ်သူခံစားရခဲ့တာကို
ညည်းကပါဆက်ပြီး မိုက်ချင်နေတာလားမြရှင်…”

ဘွားမယ်စိန်စကားများကို မောင်​အေးနားထောင်နေသည်။
ပြီးနောက် မျက်ရည်များကျလာ၏။

“ကျုပ်…ကျုပ်ကမိခင်လေ…သားသမီးဆိုးဆိုး
ကောင်းကောင်းကျုပ်ချစ်တာပေါ့…ကျုပ်သားလေတော်…”

“အေးးး…ညည်းသားကိုချစ်တာကချစ်တာပေါ့အေ…
ဒါပေမယ့်အမှားအမှန်ကိုညည်းဆင်ခြင်သင့်တယ်
မြရှင်…ညည်းအခုရန်ငြိုးထားပြီးပြုစားထားတဲ့
ကလေးက ညည်းသားအရွယ်ပါပဲအေ…
ဒါကြောင့်ရန်ငြိုးတွေဒီမှာကျေပြီး
ဒီကလေးအပေါ်မှာပြုစားထားတာတွေ
ညည်းပြန်ဖယ်ပေးပါမြရှင်…”

ဘွားမယ်စိန်သည် ဒေါ်မြရှင်ကိုအသိဝင်စေရန်နားချနေခဲ့သည်။

“ကောင်းပြီလေ…ကျုပ်ပညာတွေကိုဖယ်ပေးပါ့မယ်…
ကျုပ်လည်း ဒီလိုရန်ငြိုးတွေထားရတာ
အတော်ပူလောင်နေပါပြီလေ…
ဒါကြောင့်ကျုပ်ပြုစားထားတာတွေအားလုံးကို
ဖယ်ပေးပြီးဒီလူတွေနဲ့ဝေးရာကို ကျုပ်သွားပါတော့မယ်…”

မောင်အေးသည် မျက်ရည်များကိုသုတ်ဖယ်လိုက်ပြီး…
ခေါင်းကိုမော့၏။
ပြီးနောက်မြေပေါ်သို့ပြန်စိုက်ချပြီး ပါးစပ်မှ…

“အွတ်…..ဝေါ့……”

အန်ချတော့လေသည်။
အရည်ပျစ်ပျစ်များကို အန်ချအပြီး၌ ဘွားမယ်စိန်ကို
ကြည့်၍…

“ကျုပ်ပြုစားသမျှဖယ်ပေးခဲ့ပြီ…
ဒီတော့ကျုပ်ကိုသွားခွင့်ပြုပါတော့…”

“ဒါနဲ့မရသေးဘူး မြရှင်…
ညည်းဒီကလေးကိုနောက်ထပ်မပြုစားတော့ပါဘူးလို့
သစ္စာရေသောက်ရမယ်…”

“စိတ်ချပါ…ကျုပ်ဘယ်သူ့ကိုမှထပ်ပြီး
မပြုစားတော့ပါဘူး…”

ဘွားမယ်စိန်သည် ဒေါ်မြရှင်ကိုသစ္စာရေသောက်ခိုင်းသည်။
ဒေါ်မြရှင်လည်းသစ္စာရေသောက်ကာကျိန်ဆိုရ၏။
ပြီးလေမှ မောင်အေး၏ကိုယ်မှထွက်ခွာသွားတော့လေသည်။
ဒေါ်မြရှင်ထွက်ခွာသွားသည်နှင့်ဘွားမယ်စိန်သည်
မောင်အေးအန်ထားသောအရာများကို ဂေါ်ပြားဖြင့်
ထိုးကော်ကာအခြားသို့ သွားရောက်စွန့်ပစ်ခိုင်း၏။
မောင်အေးကိုလည်းရေမန်းတိုက်၍ ကွပ်ပျစ်၌လှဲထားစေသည်။

“သူမကြာခင်အရင်လိုပဲပြန်ကောင်းလာမှာပါ…
ခဏတော့စောင့်ရလိမ့်မယ်…”

“ဟုတ်ကဲ့ပါဘွား…ကျုပ်ဖြင့်လေအခုလို
ဘွားကုသပေးတာနဲ့တင်
အတော်ဝမ်းသာနေရပါပြီတော်…”

ဘွားမယ်စိန်သည်ခေါင်းညိတ်၏။

“သူငယ်မ ညည်းကအကြားအမြင်ရတာလား…”

“အဲ့သည်လိုလည်းမဟုတ်ပါဘူးဘွားရယ်…
တစ်ခါတစ်ရံမထင်မှတ်တာတွေမြင်ရင် မြင်တဲ့
လူကိုပြောပြဖြစ်တာပါ…
အခုနောက်ပိုင်းတော့အဲ့သည်လိုနမိတ်တွေမမြင်တာကြာပါပြီ”

“အင်း…အဲ့တာမွေးရာပါအကြားအမြင်ရတာကွဲ့…
ဘုရားတရားဘက်ကိုသေချာလေးလုပ်…
ဒါမှသာအခြားသူတွေဘဝကို ညည်းကယ်နိုင်လိမ့်မယ်”

“ဟုတ်ကဲ့ပါဘွား…ကျုပ်ကြိုးစားကြည့်ပါ့မယ်”

“အေး…အေး…အေး…..”

ခဏမျှကြာတော့မောင်အေးသတိပြန်ရလာသည်။
ဟိုငေးဒီငေးဖြင့်ကြည့်ရင်း ဘယ်သို့ရောက်နေတာလဲဟု
မစံပယ်ကိုမေးလေတော့ မစံပယ်သည်
မောင်အေးကို အကြောင်းစုံပြောပြရ၏။
ထိုအခါမှ မောင်အေးနားလည်သွားရှာသည်။
မောင်အေးနှင့်မစံပယ်သည်.ဘွားမယ်စိန်အား
ကန်တော့ကြပြီး အဘွားဒေါ်မိုးကတော့
ကျေးဇူးတင်စကားများပြောလေသည်။
ငွေအဿပြာများကန်တော့လေတော့
ဘွားမယ်စိန်သည်ငြင်းဆန်၍…

“အင်း…ဘွားရဲ့ကျေးဇူးကိုဆပ်ချင်ရင်တော့
မောင်ရင်တို့အားလုံးရွာပြန်ရောက်တဲ့အခါ
ဒေါ်မြရှင်ကိုခွင့်လွှတ်ပေးကြဖို့ပါပဲ…
သူ့ခမြာလည်းသားစိတ်ကြောင့် မောင်ရင့်အပေါ်ကို
အငြိုးထားခဲ့ရှာတာ အခုတော့အားလုံးလည်းပြေလည်သွားပြီမို့
ဒေါ်မြရှင်ကိုဘေးမပြုကြဖို့ပဲဘွားဘက်က
တောင်းဆိုချင်ပါတယ်ကွယ်”

“ကျုပ်နားလည်ပါတယ်ဘွား…
ကျုပ်ခွင့်လွှတ်ပါတယ်ဗျာ…
အမေတစ်​ယောက်အနေနဲ့ကျုပ်အပေါ်ပြုတဲ့အမှားအတွက်
ကျုပ်အငြိုးမထားရက်ပါဘူး…
စိတ်ချပါဘွား…ကျုပ်ဂတိပေးပါတယ်ဗျာ…”

မောင်အေးသည်ဘွားမယ်စိန်ကိုဂတိပေးရှာသည်။
မစံပယ်တို့မြေးအဘွားကတော့မောင်အေးပြန်လည်​ကောင်းမွန်
လာသည်ကိုပင်ကျေနပ်ပါပြီဟုပြောကြလေသည်။

ထိုသို့ဖြင့်မောင်အေးတို့တတွေသည်
ဘွားမယ်စိန်ကိုနှုတ်ဆက်၍ ကန်ကြီးရွာသို့ပြန်လာကြ၏။
ရွာသို့ရောက်တော့ဒေါ်မြရှင်တစ်ယောက်
ရွာမှထွက်ခွာသွားသည်ဟုသိကြသော်အခါ
မောင်အေးတို့စိတ်မကောင်းဖြစ်ကြရရှာသည်။

ထိုသို့ဖြင့်…

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)