စဆုံး

တစ်ရက်၌ ဘွားမယ်စိန်၏နေအိမ်သို့
ဧည့်သည်နှစ်ဦးရောက်လာခဲ့သည်။

“ဘွားမယ်စိန်ဆိုတာဟောသည်ဘက်က
အမေကြီးလားဗျ…”

“အေးကွဲ့…ဟုတ်ပါတယ်…”

ဘွားမယ်စိန်က ဖြေလိုက်တော့ ကျန်ဧည့်သည်
တစ်ဦးက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး…

“ကျုပ်ပြောသားပဲ…
ဘွားမယ်စိန်ဆိုတာ သည်အမေကြီးပါလို့…
တမျိုးမထင်ပါနဲ့အမေကြီးရယ်…
ဒီကောင်ပွေးထူက ဒီဘက်ကနှမကို ဘွားမယ်စိန်ဆိုပြီး
ပြောနေလို့ပါဗျ”

ဟုပြောလေသည်။

“အေးကွယ်…သူကတော့ ဘွားရဲ့သမီး…
ရှင်ညိုလို့ခေါ်ပါတယ်…”

ဘွားမယ်စိန်က ထန်းလက်ခုံ၌ထိုင်နေသော
ရှင်ညိုကိုရည်ညွှန်းကာ​ပြောလိုက်သည်။

“ဟုတ်ကဲ့ဗျ…ကျုပ်တို့က
ဝါးခလောက်ရွာသားတွေပါ…
ကျုပ်နာမည်က ကျော်ဦးပါ…ဒီကောင်ကတော့
ပွေးထူလို့ခေါ်တယ်ဗျ
ကျုပ်တို့ကအမေကြီးရဲ့သတင်းကိုကြားမိတာတော့
ကြာပါပြီ…အခုလည်း ပြဿနာတစ်ခုရှိနေတာနဲ့
အမေကြီးဆီကိုထွက်လာခဲ့တာပါ…”

“ပြဿနာ ဘာပြဿနာများရှိလို့လဲ…”

ကျော်ဦးက ဘွားမယ်စိန်ကိုရောက်ကတည်းက
မေးလိုက်မြန်းလိုက်ပြောလုပ်ဖြင့်လုပ်နေခဲ့သည်။
ယခုလည်းဘွားမယ်စိန်၏အမေးကိုသူပဲပြန်ဖြေ၏။

“ပြဿနာက အခြားမဟုတ်ဖူးဗျ…
သရဲမ ခင်မြနှစ်ကို ရှင်းလင်းပေးဖို့ အမေကြီးဆီကိုလာပြီး
အကူအညီတောင်းရတာပါ…”

“သရဲမ ခင်မြနှစ်…သူကမောင်ရင်တို့ကို
ဘယ်လိုဒုက္ခများပေးနေလို့လဲကွဲ့…”

“ဒုက္ခပေးတာတော့ပြောမနေပါနဲ့ဗျာ…
အဲ့သည်သရဲမလက်ချက်ကို ကျုပ်တို့တွေ ကျောကော့အောင်ခံကြရတာဗျ…”

“အလိုလေး…”

ပွေးထူ၏စကားကြောင့် ဘွားမယ်စိန်ပင်
အလိုလေး ဟု ယောင်ယမ်းသွားသည်။
ပွေးထူကလည်းသူ၏ကျောကိုလက်နောက်ပြန်ကိုင်၍
နာနာကျင်ကျင်ရုပ်ကြီးဖြင့် ပြောနေလေသည်။

“နေပါဦး သရဲကတော့အကြောင်းမရှိဘဲ
တော်တို့ကိုမရိုက်နိုင်ပါဘူး…
တော်တို့ဘက်ကရောဘာအမှားတွေများ
လုပ်ထားကြသေးလဲ…”

ဟုရှင်ညိုကဝင်မေးလိုက်သည်။
ထိုအခါ ကျော်ဦးက လက်ကိုရမ်း၍…

“ကျုပ်တို့ဘာအမှားမှမလုပ်မိပါဘူး ညီမရယ်…”

ဟု..ငြင်းလေသည်။
ရှင်ညိုက သူတို့နှစ်ယောက်ကို သေချာစူးစိုက်ကြည့်တော့
သကောင့်သားနှစ်ယောက်မနေတတ်မထိုင်တတ်
ဖြစ်လာသည်။
ပွေးထူက…

“ကျုပ်တို့က သူတည်ခဲ့တဲ့စေတီကို
သွားမိတာပဲရှိတာပါ…ဘာမှကိုမလုပ်မိပါဘူးဗျာ”

ဟု…ထပြောလိုက်သည်။

“ဒါဖြင့်လည်း ကျုပ်တို့ကို ခင်မြနှစ်ရဲ့အကြောင်းကို
ပြောပြလေ…ဇာတ်ကြောင်းသိမှ ဘာလုပ်ပေးရမလဲဆိုတာ
သိမှာပေါ့…”

ရှင်ညိုကထိုသို့ပြောသောအခါ ဘွားမယ်စိန်ကလည်း
ခေါင်းညိတ်ထောက်ခံလိုက်သည်။
ထို့ကြောင့်လည်း ဝါးခလောက်ရွာက
ခင်မြနှစ်၏အကြောင်းကို ကျော်ဦးကိုယ်တိုင်
ပြောပြတော့၏။

ခင်မြနှစ်….။ခင်မြနှစ်သည် ဝါးခလောက်ရွာ၌နေထိုင်သော
သူဌေးဦးငွေ….သူဌေးကတော် ဒေါ်ကြည်တို့၏
တစ်ဦးထဲသော သမီးပင်ဖြစ်ချေသည်။
ခင်မြနှစ်သည် ချော၏။လှ၏။
အရပ်ထဲရှိနတ်ကတော်ပြောသလို
ခင်မြနှစ်သည် မြိုအုပ်ကတော်ရုပ်ကလေးဖြစ်သည်။
ခင်မြနှစ်သည် ချောသလောက်…လှသလောက်မာန​လေးကလည်း ရှိနေပြန်သည်။
ဝါးခလောက်ရွာက ကာလသားများကိုဆို အနားပင်
အကပ်မခံ ရန်ပင်တွေ့တတ်၏။
ဝါးခလောက်သားတွေခမျာလည်း ခင်မြနှစ်ကို
ချစ်ရေးဆိုဖို့အတွက်အနားပင်မကပ်နိုင်ဘဲ
အဝေးကသာထိုင်ကြည့်၍ ချစ်နေခဲ့ကြရသည်။
တစ်ရက်မှာတော့…

“သမီးခင်မြနှစ်…”

“ရှင်…အဖေ…”

“လာပါဦး…ဒီမှာ…အဖေ့ဧည့်သည်တွေနဲ့
မိတ်ဆက်ပေးချင်လို့ပါ…”

“ဟုတ်ကဲ့အဖေ…”

သူဌေးဦးငွေက သမီးဖြစ်သူကို သူ၏ဧည့်သည်များနှင့်
မိတ်ဆက်ပေးသည်။
ထိုဧည့်သည်များထဲ၌ ပွဲစားလေးလွန်းမောင်ဆိုသူလည်း
ပါလာ၏။
ပွဲစားလေးလွန်းမောင်ကလည်း လူညိုချောတစ်ယောက်။
အဝတ်အစားသပ်သပ်ရပ်ရပ်ဖြင့် မြို့သားချောတစ်ယောက်ဖြစ်သည်။
ပွဲစားလေးလွန်းမောင်၏အကြည့်များကခင်မြနှစ်ထံမှ
မခွာသလို ခင်မြနှစ်၏အကြည့်များကလည်း လွန်းမောင်ထံမှ မခွာနိုင်ပေ။
ထိုသို့ဖြင့် သူဌေးဦးငွေကို အမှီပြု၍ လွန်းမောင်မှာ
အိမ်သို့အဝင်အထွက်များလာခဲ့သည်။
ဝါးခ​လောက်သားတွေကို ရန်တွေ့တတ်သော
ခင်မြနှစ်သည် လွန်းမောင်ကိုတော့ နည်းနည်းမှပင်
ရန်မလုပ်ပေ။လွန်းမောင်နှင့်စကားပြောရသည်ကိုပင်
ခင်မြနှစ်တစ်ယောက်ပျော်နေခဲ့ရှာသည်။

“သမီးခင်မြနှစ်…”

“ရှင်…အမေ…”

“ညည်းနဲ့လွန်းမောင်တို့ ရိုးကောရိုးကြရဲ့လား”

အမေဖြစ်သူစကားကြောင့် ခင်မြနှစ်ရှက်ရွံ့သွားသည်။

“အို…အမေကလည်း”

“အိုအမေကလည်းမလုပ်နဲ့…ဒီကောင်​လေး တို့အိမ်
အဝင်အထွက်များနေတာ…လူတိုင်းသိတယ်…
အခုဆိုရွာထဲကညည်းတို့ကိုတမျိုးတမည်
ထင်နေကြပြီအေ့…ဒါကြောင့် ညည်းတို့တတွေသာ
မေတ္တာမျှနေကြပြီဆိုရင်အမေတို့ဘက်ကလည်း
စီစဥ်စရာရှိတာစီစဥ်ပေးလို့ရမှာပေါ့အေ…”

“နေပါဦးအမေရယ်…ကျုပ်စဥ်းစားပါရစေဦး”

“ဘာကိုစဥ်းစားမှာလဲအေ့…
ဟိုကောင်လေးက ညည်းကိုမေတ္တာမျှနေကြောင်း
ငါတို့ကိုပြောပြီးပြီ… အခုညည်းဘက်က
အဖြေပဲလိုတော့တယ်…
ဒါကို​မေးဖို့ ညည်းအဖေကမျက်နှာပူတယ်ဆိုလို့သာ
ငါကမေးပေးရတာအေ့”

“ဟင်…သူကအဲ့သည်လိုတောင်ပြောပြီးပြီလားအမေ”

“ပြောလို့ပဲ မေးရတာပေါ့အေ…”

“ဒါဆိုရင်လည်းအမေတို့သဘောကရောဘယ်လိုရှိလဲ”

“အမေတို့သဘောကတော့ ကောင်လေးက
လူရိုး၊လူအေးလေးပါ….လူကြီးကို
လူကြီးမှန်းလည်းသိတယ်…ဟောစီးပွားကလည်း
ရှာတတ်သေးတော့ …သမီးအတွက်တော့
စိတ်ချမိတာအမှန်ပဲအေ…”

“အမေတို့က သဘောတွေ့နေတယ်ဆိုတော့
အမေတို့ဆုံးဖြတ်ချက်ကို
ကျူပ်ဘက်ကလည်းလက်ခံပါတယ်အမေ”

ခင်မြနှစ်ခေါင်းညိတ်လိုက်သည်။
ခင်မြနှစ်ကိုယ်တိုင် လွန်းမောင်ကို မေတ္တာရှိနေခဲ့သည်။
ဒါ့ကြောင့်လည်းမိဘများစီစဥ်မှုကို
လက်ခံသဘောတူလေသည်။
လွန်းမောင်၌က မိဘများမရှိတော့ဟုသိရသည်။
ဒါ့ကြောင့်လည်း သူဌေးဦးငွေက လွန်းမောင်နဲ့
ခင်မြနှစ်တို့ကို လက်ထပ်ပေးစားပြီး
သူ၏အိမျ၌သာနစေ၏။
လွန်းမောင်ကလည်း ငွေရှာကောင်းသည်။
ရွာနဲ့မြို့ကို ပဲ၊ပြောင်း၊နှမ်းများ သယ်ယူပို့ဆောင်ပြီး
စီးပွားရေးလုပ်၏။
ခင်မြနှစ်တင်မက…သူဌေးဦးငွေကလည်း
သမက်ဖြစ်သူကို သဘောကျရှာသည်။
ဒါကြောင့်လည်းသမီးဖြစ်သူနှင့်လပ်ထပ်ပေးခဲ့ခြင်းဖြစ်၏။
ခင်မြနှစ်နှင့် လွန်းမောင်တို့ လက်ထပ်ပြီး
တစ်နှစ်မျှကြာတော့…

“ဒီအိမ်က ခင်မြနှစ်တို့အိမ်လား…”

ကိုးနှစ်အရွယ်သားယောကျာ်းလေးကို လက်ဆွဲ၍
အမျိုးသမီးတစ်ဦး ခင်မြနှစ်တို့အိမ်သို့
ရောက်လာခဲ့သည်။
ဖြစ်ချင်တော့ အိမ်၌ ခင်မြနှစ်နဲ့သူဌေးဦးငွေတို့လင်မယားသာရှိပြီး လွန်းမောင်ကတော့ မြို့သို့တက်သွား၏။

“ဟုတ်ပါတယ်…ကလေးမက ဘယ်သူများလဲ”

ဒေါ်ကြည်က မေးတော့ အမျိုးသမီးက…

“ကျုပ်ကဒီအိမ်ကခင်မြနှစ်ယူထားတဲ့
လွန်းမောင်ရဲ့မိန်းမ…မဝေလို့ခေါ်ပါတယ်….”

“ဟေ…”

“ဟင်…”

“နေပါဦး…လွန်းမောင်…ဟုတ်လား…
လွန်းမောင်ဆိုတာ ကျုပ်ယောကျာ်းပါအစ်မရဲ့…”

“မဟုတ်ဘူးညီမ…
အစ်မကဒီအကြောင်းတွေပြောပြချင်လို့ ညီမတို့ရွာကို
အရောက်လာခဲ့ရတာပါ…အစ်မဘက်က
ညီမကိုရန်လုပ်ဖို့လာတာမဟုတ်လို့ အစ်မပြောတာကို
တစ်ချက်လောက်နားထောင်ပေးစေလိုပါတယ်”

“ဘာတွေပြောနေတာလဲအစ်မရဲ့…
ကိုလွန်းမောင်က ဘာလို့အစ်မယောကျာ်းဖြစ်ရမှာလဲ”

ဟုပြောရင်းခင်မြနှစ် တစ်ယောက်မဝေကိုသာ
ငေးကြည့်နေခဲ့သည်။
သူမ၏စိတ်များ…အတွေးများက ရပ်တန့်လို့နေ၏။
သူဌေးဦးငွေကတော့ တောက်ခေါက်၍ ခံပြင်းနေသည်။
ဒေါ်ကြည်ကပဲ…

“လွန်းမောင်နဲ့ တူမကြီးကဘယ်လိုများတော်စပ်တာလဲ…
ဟောသည်က ခင်မြနှစ်ကိုလည်း လွန်းမောင်က
မိသားဖသားပီပီတောင်းရမ်းလက်ထပ်ထားတာပါတူမကြီးရယ်…”

ဟုပြောတော့ မဝေက ခေါင်းညိတ်သည်။

“ကျုပ်လည်းဒီအကြောင်းတွေကို
စုံစမ်းထားလို့သိပြီးပါပြီအဒေါ်…
မသိခင်ကတော့ ဒီဘက်ကညီမကို
ဒေါသဖြစ်မိပါတယ်…
ဒါပေမယ့် သေချာစုံစမ်းပြီးတဲ့အချိန်မှာတော့
ဒီညီမရဲ့ဘက်ကအမှားမဟုတ်ဘဲ
ဟိုကလိမ်ကကျစ်ကောင်ရဲ့ လက်ချက်ဆိုတာ
ကျုပ်သိခဲ့ရတယ်…
လွန်းမောင်ဆိုတဲ့အကောင်နဲ့ ကျုပ်နဲ့ကလင်မယားတွေပါ
ကျုပ်မိဘများပေးခဲ့တဲ့အမွေတွေကိုသုံးပြီး
သူက ကုန်သည်စလုပ်ခဲ့တာ…
အစကတော့ ဟုတ်မလိုလို နဲ့ နောက်ပိုင်း
ကျုပ်တို့သားအမိဆီကိုတောင်ပြန်မလာတော့ဘူးလေ…
အဲ့တာနဲ့သေချာလိုက်စုံစမ်းကြည့်တော့မှ
ဒီရွာမှာ မိန်းမယူပြီးအခြေချနေတာတဲ့လေ…”

“အင်း…တူမကြီးပြောတာကို အဒေါ်တို့
သဘောပေါက်ပါတယ်…
အဒေါ်တို့ကလည်း လူတော်လူကောင်းလေးလို့
ထင်မိလို့ အဒေါ်တို့သမီးနဲ့ပေးစားခဲ့ကြတာ…
တူမကြီးစုံစမ်းတယ်ဆိုရင်သိရမှာပေါ့လေ…
အဒေါ်တို့ကလည်းဒီရွာမှာ
နာမည်ပျက်မရှိတဲ့လူတွေပါ…
အခုတော့ ဒင်းကြောင့်အဒေါ်တို့မိသားစုလည်း အရှက်တကွဲဖြစ်ရပါပြီအေ…”

ဒေါ်ကြည်မှာပြောရင်းမျက်ရည်ကျနေသည်။
ခင်မြနှစ်ကတော့ကျောက်ရုပ်ကြီးအလား
ငြိမ်သက်နေခဲ့သည်။
သူဌေးဦးငွေကတော့ တောက် တစ်ခေါက်ခေါက်
အံတကြိတ်ကြိတ်ဖြင့် ဒေါသထွက်နေခဲ့၏။

“ကျုပ်ဘက်ကတော့ သားမျက်နှာရှိလို့
စကားကုန်တော့မပြောခဲ့နိုင်ပေမယ့်
အဒေါ်တို့ဘက်ကတော့ သူ့ကိုလက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ ကြိုက်သလိုဆုံးဖြတ်ကြပါ…
ကျုပ်ဘက်နားလည်ပေးပါတယ်…”

“ဒီမှာကလေးမ…အခုလိုအကြောင်းစုံသိပြီးတာတောင်
ငါတို့ဘက်က ဒီကောင်ကိုလက်ခံပေးနိုင်မယ်လို့
ညည်းထင်နေလား…ဒီမှာ ငါဆိုတဲ့ကောင်က
ရွာမှာနာမည်ပျက်မရှိဘူး…
ဒီကောင့်ကိုငါ့သမီးက မပြတ်နိုင်ရင်တောင်
ဒီကောင်မကိုအ​သေသတ်ပြီးရအောင်ဖြတ်ပစ်မယ်ဆိုတာ
ညည်းသိထား”

“ကိုငွေ…ဒေါသကိုလျော့ပါတော်…
တူမကြီး သူဒေါသထွက်နေလို့ပါအေ…
နားလည်ပေးပါနော်…”

“ရပါတယ်အဒေါ်…ကျုပ်နားလည်ပါတယ်…”

စကား​ပြောပြီးနောက်
မဝေတစ်ယောက် သားဖြစ်သူရဲ့လက်ကိုဆွဲ၍
ရွာမှပြန်သွားတော့သည်။
သူဌေးဦးငွေနဲ့ဒေါ်ကြည်တို့မှာ လွန်းမောင်ကို ဒေါသထွက်နေကြသော်လည်း ခင်မြနှစ်ကတော့ မည်သည့်စကားမှ
မပြောတော့ဘဲ အိပ်ရာထဲကပင်မထွက်တော့ပေ။

“မြရေ…အစ်ကိုပြန်လာပြီ”

လွန်းမောင်ပြန်ရောက်လာသည်။

“မင်းပြန်လာပြီလား”

“ဟုတ်တယ်အဖေ…ကျုပ်ပြန်ရောက်ပြီ…
အဖေ့သမီးကော ဘယ်များသွားလဲ”

“အေး…ငါတို့ကလည်းမင်းကိုစောင့်နေကြတာ…”

“ဗျာ…ဘာများ​ဖြစ်လို့လဲအဖေ… “

လွန်းမောင်မေးနေစဥ် သူဌေးဦးငွေကလွန်းမောင်ကို
လက်သီးဖြင့်အဆက်မပြတ်ထိုးတော့သည်။

“ကိုငွေ…လွန်မယ်နော်…ကိုငွေလွန်ကုန်မယ်…”

ဒေါ်ကြည်က ယောကျာ်းဖြစ်သူကို
ဆွဲထိန်းနေရသည်။
ခင်မြနှစ်တစ်ယောက်ထိုအသံများကို
ကြားနေရသော်လည်းအိမ်အပေါ်ထပ်ရှိ
အခန်းထဲမှဆင်း၍ပင်မလာခဲ့။

“အဖေ…ကျုပ်ကိုဘာလို့ထိုးရတာလဲ”

လွန်းမောင်၏နှုတ်ခမ်း…နှာခေါင်းများမှသွေးများ
စီးကျနေသည်။
သွေးများကိုသုတ်ရင် မေးလေတော့…

“ဟေ့ကောင်…မင်းက လူယုတ်မာ…
ကလိမ်ကကျစ်…အောက်တန်းစား…
သားကြီးမယားကြီးရှိရဲ့နဲ့ငါ့သမီးကို ယူရဲတယ်…
မင်းကိုငါသတ်မယ်…ခွေးမသား…”

“ဗျာ…မ..မဟုတ်ဘူးအဖေ…”

“ငြင်းတယ်…မင်းကငြင်းတယ်ပေါ့…
ဟေ့ကောင်ငါတို့ကို မင်းရဲ့မယားကြီး
ကိုယ်တိုင်လာပြောသွားတာ…
မင်းမလို့ငါ့သမီးကိုကွာ…တောက်…
ခွေးမသား…မင်းကိုငါသတ်မယ်…”

သူဌေးဦးငွေ မိန်းမဖြစ်သူကို တွန်းဖယ်ပြီး
လွန်းမောင်ကို ဆွဲထိုးပြန်သည်။
လွန်းမောင်လည်း သူ့အပြစ်နှင့်သူမလို့ ပြန်၍မလုပ်နိုင်ခဲ့။
နောက်ဆုံးဘေးလူများအဆွဲကောင်း၍
လွန်းမောင် လွတ်ခဲ့ရသည်။

“ခေါ်သွား…ဒီခွေးမသားကိုခေါ်သွား…
နောက်တစ်ခါငါ့ရွာထဲကိုတောင်ခြေတစ်လှမ်းချကြည့်
အသေသတ်ပစ်မယ်…”

ရွာသားတွေက လွန်းမောင်ကိုခေါ်ထုတ်သွားကြသည်။
ထိုနေ့မှစပြီးလွန်းမောင်ရွာကိုပြန်ရောက်မလာတော့ပေ။
အများကတော့ မယားကြီးရှိရာသို့ လွန်းမောင်
ပြန်သွားသည်ဟုသာ ပြောကြသည်။
ခင်မြနှစ်ကတော့ မည်သည့်စကားမှမပြောတော့ဘဲ
တစ်ဦးထဲနေတတ်လာသည်။
ဒေါ်ကြည်တို့လင်မယားမှာလည်း သမီးဖြစ်သူကို
ကြည့်ပြီးစိတ်မကောင်းဖြစ်၍
အမျိုးမျိုးဖျောင်းဖျ ကြပါသော်လည်း
ခင်မြနှစ်ကတော့မပြောင်းလဲဘဲ နေမြဲအတိုင်းနေ၏။
နှစ်အနည်းငယ်ကြာလေတော့…
သူဌေးဦးငွေနှင့် ဒေါ်ကြည်တို့လင်မယား ရှေ့ဆင့်
နောက်ဆင့်ဆုံးပါးသွားကြသည်။
ခင်မြနှစ်တစ်ဦးထဲကျန်ရစ်ခဲ့သောအခါ၌
မိဘများချန်ထားခဲ့သည့်အမွေများဖြစ်သည့်
လယ်ယာများကိုရောင်းချပြီး ရွာ၌စေတီလေးတစ်ဆူ
ကိုလှူဒါန်းခဲ့သည်။
စေတီလှူပြီးနောက် ခင်မြနှစ် တစ်ယောက်ရွာမှအပြီး
ထွက်သွားခဲ့တော့သည်။

ကျော်ဦးပြောပြ၍ ခင်မြနှစ်အကြောင်းကို
ဘွားမယ်စိန်တို့သိသွားကြသည်။

“နေပါဦး…တော်တို့ပြောတော့ ခင်မြနှစ်ကသရဲဆို…
သူကရွာကနေထွက်သွားပြီး ဘယ်လိုသရဲဖြစ်သွားတာလဲ”

ရှင်ညိုကမေးတော့ ကျော်ဦးက…

“မဟုတ်ဘူးညီမရဲ့…ခင်မြနှစ်တည်ခဲ့တဲ့
စေတီလေးမှာ မကြာခဏခင်မြနှစ်ကိုတွေ့ကြရတယ်…
အဲ့သည်လိုတွေ့ရတာလည်း ခင်မြနှစ်က
လူမဟုတ်တော့ဘူး…သရဲတစ္ဆေပုံစံမျိုးနဲ့ကိုလူတွေကို
ခြောက်လန့်နေတာ…”

“တော်တို့ကိုရော သူကဘယ်လိုမျိုးခြောက်လန့်တာလဲ”

“ဒီလိုညီမရဲ့…အစ်ကိုက… ဟီး…အစ်ကို့ရဲ့
ချစ်သူခင်ထားနဲ့အဲ့သည်စေတီလေးမှာ ချိန်းတွေ့တာလေ…
အဲ့အချိန်မှာခင်မြနှစ်က အနောက်ကနေရိုက်ချလိုက်တာ…
အမယ်လေး…အစ်ကို့ကျောမှာအခုထိတောင်
သူ့လက်ဝါးရာကြီးရှိသေးပါရဲ့ညီမရယ်…”

ကျော်ဦးကပြောရင်းမှ သူ၏ကျောကိုလည်း
လက်နဲ့ဖိပြနေရှာသည်။

“ဒါဆိုရင် တော့်ရည်းစားကိုရောသူရိုက်သေးလား”

“အမယ်​လေး…အဲ့သည်သရဲမခင်မြနှစ်က ယောကျာ်းတွေ
မုန်းနေတဲ့သရဲမပါဗျာ… ဒင်းက ယောကျာ်းတွေမြင်တိုင်း
သူ့လင်ထင်ပြီးလာသမျှရိုက်လွှတ်နေတာ…
ကျုပ်တို့ရွာသားတွေဆို သူမသေခင်ကလည်းကြောက်ရ
သေပြီးတော့လည်းကြောက်ရနဲ့အတော်ဆိုးတာပါ”

ပွေးထူက အားရပါးရဝင်ပြောလေရာ ကျော်ဦးကလည်း
ခေါင်းညိတ်ထောက်ခံသည်။
ဘွားမယ်စိန်ကတော့သူတို့ကြည့်ရင်းပြုံးနေလေ၏။

“ဟာ…ဒီလိုဆိုရင်သူလည်းမှန်တာပဲလေ…
တော်တို့က သူမကြိုက်ဘူးဆိုရင်အဲ့သည်
စေတီကိုမသွားကြနဲ့ပေါ့…”

ရှင်ညိုကပြောတော့ ကျော်ဦးတို့
မျက်နှာများရှုံ့မဲ့သွားသည်။

“နေဦးသမီးရဲ့…ဘွားဝင်ပြောဦးမယ်”

ဘွားမယ်စိန်ကရှင်ညိုကိုတားလိုက်သည်။
ကျော်ဦးတို့ကိုကြည့်၍…

“သူ့အတွက်ဆိုပြီး ထမင်းတွေဟင်းတွေ
တင်ပေးကြတာမျိုးကော မောင်ရင်တို့တွေ
လုပ်ပေးမိကြသေးလား…”

ဟု…မေးလိုက်သည်။
ကျော်ဦးက ခေါင်းညိတ်၍…

“ဟုတ်ကဲ့…အဲ့သည်စေတီမှာ ခင်မြနှစ်ကိုတွေ့တယ်ဆိုပြီးနတ်ကတော် ဒေါ်ပုက အရင်ဆုံး
မုန့်တွေ တင်ပြီးဆုတွေတောင်းနေတာဗျ…
နောက်တော့ မိန်းကလေးတွေနဲ့ချိန်းတွေ့မယ့်
ရွာသားတွေကလည်း ခင်မြနှစ်အတွက်ဆိုပြီး
မုန့်တွေ…ထမင်းတွေတင်ကြပြန်ရော…
မတင်တဲ့ကျုပ်တို့ကိုတော့ ခင်မြနှစ်က
အခုလိုရိုက်တော့တာပဲဗျာ….”

ဟု​ပြော​လေသည်။
ဘွားမယ်စိန်ကခေါင်းညိတ်ပြီး….

” ဒီလိုဆိုရင်တော့ အဲ့သည်နေရာကို
ဘွားတို့လိုက်သွားရမယ်သမီးရေ…
အဲ့သည်နေရာမှာပွဲတော်တည်နေတဲ့သရဲက
ခင်မြနှစ်မဟုတ်ပဲ…နှစ်ချို့သရဲမတစ်ကောင်က
ခင်မြနှစ်အယောင်ဆောင်ထားတာကွဲ့”

“ဗျာ…”

ဘွားမယ်စိန်စကားကြောင့် ကျော်ဦးနဲ့ပွေးထူတို့
အံ့သြသွားကြသည်။

“ဟုတ်တယ်…ဘွားဘက်က
မြင်တာ…ကြားတာမှန်သမျှတော့
မပြောနိုင်ပေမယ့်…အဲ့သည်သရဲမနာမည်ကိုတော့ပြောလိုက်မယ်…အဲ့သည်သရဲမနာမည်က မိနက်ကြီးတဲ့
သက်တမ်းအတော်ရင့်တဲ့သရဲမကွဲ့….
ဒါကြောင့်မလို့လည်း ခင်မြနှစ်ဟန်ဆောင်ပြီး
ဒင်းက ပွဲတွေ့နေတာ…”

“ဒါဆို ခင်မြနှစ်ကရော…ခင်မြနှစ်က
ဘယ်ရောက်သွားလဲဗျအမေကြီး…”

“သူလည်း သူနေထိုင်ချင်တဲ့အရပ်မှာ
အေးအေးချမ်းချမ်းရှိနေပါရဲ့”

စကားဝိုင်းထဲ၌ ငြိမ်သက်နေသော ဘွားမယ်စိန်သည်
ဝါးခလောက်ရွာသူ ခင်မြနှစ်ကိုအာရုံခံကြည့်နေပုံရသည်။
ဒါကြောင့်လည်း ကျော်ဦးတို့ကို ယခုလိုရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်းပင်ဖြစ်သည်။

ထိုနေ့ညနေမှာပင် ဘွားမယ်စိန်၊မောင်တိုးနဲ့မောင်အုန်းတို့အပြင်ရှင်ညိုပါ ဝါးခလောက်ရွာသို့
အတူလိုက်လာခဲသည်။
ရွာထဲသို့မဝင်ခင် ကျော်ဦးနဲ့ပွေးထူတို့က ခင်မြနှစ်တည်ထားခဲ့သော စေတီလေးဆီကိုလိုက်ပို့ပေး၏။
စေတီက လာသူနည်းပြီး အရွက်ကြွေများပင်စေတီပေါ်၌
ပြန့်ကျဲလို့နေသည်။

“သမီးရေ…စေတီလေးကို ဘွားတို့အရင်ဆုံးသန့်ရှင်းရေးလုပ်ကြရအောင်…ဒါနဲ့…မောင်ရင်တို့ ခင်မြနှစ်ကို
ကျွေးမွေးတဲ့နေရာကဘယ်မှာလဲကွဲ့…”

“ဟိုသစ်ပင်ကြီးအောက်မှအမေကြီး”

ကျော်ဦးညွှန်ပြသောသစ်ပင်က စေတီ၏
မျက်စောင်းထိုးလေး၌ရှိ၏။
ဘွားမယ်စိန်က ကျော်ဦးနဲ့မောင်တိုးတို့တတွေကို
လှည်းအနီး၌သာနေစေပြီး ရှင်ညိုနှင့်အတူ
စေတီလေးပေါ်ကို တံမြက်စည်းလှည်းကာသန့်ရှင်းပေးသည်။

“မိုးကလည်းချုပ်နေပြီ…ငါ့ညီတို့…
အမေကြီးတို့ကိုခေါ်မှဖြစ်တော့မယ်နော်…
ငါတို့ကြောက်တယ်ကွ…”

ပွေးထူက ဘေးဘီကိုကြောက်လန့်ဟန်လေးဖြင့်
ကြည့်ကာ မောင်တိုးတို့ကိုပြော​လေသည်။

“မကြောက်ပါနဲ့အစ်ကိုရာ…
ခဏစောင့်လိုက်ပါဗျ…ဘွားတို့လာတော့မှာပါ”

မောင်တိုးက ပွေးထူတို့ကို ထိုမျှသာပြောပြီး
စေတီလေးဆီကိုကြည့်နေခဲ့သည်။

ရှင်ညို သူမ၏လွယ်အိတ်အတွင်းပါလာသော ဖယောင်းတိုင်လေးကိုထွန်းညှိကာပူဇော်လိုက်သည်။
ထိုစဥ် စေတီ၏အပြင်၌ မည်းမည်းပုံသဏ္ဍန်ကို
မြင်လိုက်ရ၏။
ရှင်ညိုလည်းဖယောင်းတိုင်ကိုချ၍ ထိုအရာ၏
အနောက်သို့လိုက်လေသည်။
ဘွားမယ်စိန်ကလည်း တောင်ဝှေးလေးကိုထောက်၍
လိုက်လာခဲ့၏။

“ဟေ့…ရပ်လိုက်စမ်း”

ရှင်ညို၏အသံက တိတ်ဆိတ်နေသော.ပတ်ဝန်းကျင်၌
ဟိန်း၍ထွက်လာခဲ့သည်။
မှောင်နေပြီမလို့ မီးတုတ်ပြင်ဆင်နေသော
မောင်အုန်းတို့လည်း မီးတုတ်ကိုကိုင်၍အသံကြားရာဆီသို့ထွက်လာခဲ့ကြသည်။

“ဟာ…ဟိုမှာ ထဘီရင်လျားကြီးနဲ့ပါလား”

“အမယ်လေး အစွယ်ကြီးနဲ့ပါလား”

ပွေးထူတို့မှာမြင်လိုက်ရသော မြင်ကွင်းကြောင့်
အလန့်တကြားထအော်ကုန်သည်။

ထိုထဘီရင်လျား…ပါးစပ်မှအစွယ်ကြီးပေါ်နေသော
ဆံပင်ဖျားလျားနှင့်မိန်းမကြီးသည် မြေနှင့်သုံးပေအကွာရှိ
လေပေါ်တွင် ယက်ကန်ယက်ကန်ဖြစ်လို့နေ၏။
ရှင်ညိုကသူ၏လက်ကိုလေပေါ်မြှောက်ထားပြီး
ထွက်ပြေးနေသော သရဲမ မိနက်ကြီး၏လည်ပင်းကို
ညှစ်ထားလေသည်။

“လွှတ်…ငါကိုအခုလွှတ်….”

မိနက်ကြီးအော်ဟစ်နေသည်။

“သမီး…လွှတ်ပေးလိုက်”

ဘွားမယ်စိန်ကပြောမှ ရှင်ညို လက်ကိုပြန်ချလိုက်ရာ
မိနက်ကြီးမြေပေါ်ကို.ဘုန်းခနဲကျလာခဲ့သည်။
သို့သော်ချက်ချင်းထထွက်ပြေးဖို့ဟန်ပြင်လေတော့…

“ရပ်စမ်းဟဲ့…”

ဟုဘွားမယ်စိန်က တောင်ဝှေးကိုဆောင့်ချပြီး
အော်လိုက်သောအခါ သရဲမမိနက်ကြီး၏ခြေများ
တုံ့ခနဲပင်ရပ်တန့်သွားခဲ့၏။

“ဟဲ့မိနက်…ညည်းက ခင်မြနှစ်အယောင်ဆောင်ပြီး
လူတွေတင်တာစားလိုက်….လူတွေကိုဗိုလ်ကျလိုက်နဲ့
အတော်ပျော်နေတယ်ပေါ့လေ…
လုပ်ချင်တာတွေလုပ်ပြီးတော့မှ ပြေးမယ်ပေါ့
ဟုတ်လားမိနက်ရဲ့…”

ဟု…ဘွားမယ်စိန်ကပြောတော့ မိနက်ကြီးသည်
ဝမ်းနည်းစွာငိုရှိုက်ရင်း…

“ကျုပ်မှားပါတယ်အမေကြီးရယ်…
ကျုပ်ကိုခွင့်လွှတ်ပေးပါ…
ကျုပ်နောက်နောင်အခုလိုမျိုးတွေ
မလုပ်တော့ပါဘူးတော်…”

“အေး… ငါတို့အခုလာတာကလည်း
ညည်းကိုအပြစ်ပေးမလို့ပဲ…
ညည်းနောက်နောင်လုပ်ဖို့နေနေသာသာ
ညည်းကိုဒီနေရာမှာလည်း ထပ်​ပြီးမတွေ့ချင်ဘူး…”

“ဟင်…ဒါဆို ကျုပ်က ဘယ်ကိုသွားနေရမှာလဲ”

“ဟဲ့ကောင်မ…ညည်းနေရမှာက ညည်းလိုသေတဲ့
သူတွေနေရတဲ့သင်္ချိုင်းအေ့ သင်္ချိုင်း…”

“ဟုတ်…ဟုတ်ကဲ့ပါအမေကြီးရယ်…
ကျုပ်ကိုတော့ အပြစ်မပေးပါနဲ့နော်…
သွားဆိုရင်ကျုပ်သွားပါ့မယ်…”

“ဒါဆိုရင်သွား…​နောက်တစ်ခါဒီရွာကို
ညည်းထပ်မွှေရင်ငါ့အဆိုးမဆိုလေနဲ့နော်…
ညည်းအတွက်ဒုတိယအကြိမ်မရှိဘူးဆိုတာတော့
ညည်းမှတ်ထားပေါ့အေ…”

“ဟုတ်…ဟုတ်ကဲ့ပါ…”

မိနက်ကြီးသည် ဘွားမယ်စိန်နဲ့ရှင်ညိုတို့ကို
ကြောက်လန့်နေရှာသည်။
ဘွားမယ်စိန်က သွားဟု ပြောလေတော့မှ သူ၏ခြေထောက်များ လှုပ်ရှား၍ရသွား၏။
ထို့နောက်တော့ မိနက်ကြီးလည်း နေရာမှ
ပြေးထွက်သွားတော့သည်။

“ဟာ…သရဲမကြီးသွားပြီ…”

“ဟုတ်ပါ့ကွာ…ငါတော့ဒင်းက်ိုရိုက်ပစ်လိုက်ချင်တယ်…
ငါတို့မှာဒင်းလက်ချက်နဲ့ကျောတွေ အသေနာခဲ့ရတာ”

ကျော်ဦးက မိနက်ကြီးကိုအခဲမကျေစွာပြောလိုက်သည်။

“ကဲ…သွားကြမယ်…
မနက်ကြရင် မိနက်ကြီးကိုအစာကျွေးတဲ့နေရာကို
ရှင်းလင်းပစ်လိုက်…ပြီးရင်ဘုရားကိုသန့်ရှင်းရေးလုပ်ပြီး
ပန်းတွေလည်းလဲကြဦးကွဲ့”

“ဟုတ်ကဲ့အမေကြီး”

ဘွားမယ်စိန်တို့လည်း ကျော်ဦးတို့နေသော
ဝါးခလောက်ရွာထဲကိုလိုက်လာခဲ့တော့သည်။
မနက်သို့ရောက်တော့
ဝါးခလောက်တစ်ရွာလုံးလည်း ကျော်ဦးနဲ့ပွေးထူတို့ပြောပြသော သရဲမမိနက်ကြီးအကြောင်းများပျံ့နှံသွားလေရာ
ဘွားမယ်စိန်တို့ကို တစ်ရွာလုံးကလာကြည့်ကြပြန်သည်။
အသက်အရွယ်ကြီးသူများက ဘွားမယ်စိန်တို့ကို
ကျေးဇူးတင်ကြသလို…ကျန်ရွာသူ၊ရွာသားများကလည်း
မောင်တိုးတို့ရှင်ညိုတို့ကို ခင်မင်ချင်ကြပြန်သည်။
ဘွားမယ်စိန်တို့ကလည်းအားလုံးနဲ့အဆင်ပြေအောင်
စကားများပြောဆိုပြီးနောက် နေ့လယ်ပိုင်းအချိန်ရောက်မှ
သောင်ထွန်းရွာကိုပြန်လာခဲ့ကြတော့သည်။
မိနက်ကြီးကတော့ ဝါးခလောက်ရွာထဲသို့
ပြန်ဝင်မလာရဲတော့ဘဲ…ဝါးခလောက်သင်္ချိုင်း၌သာ
ရှိနေခဲ့တော့၏။

ထိုသို့ဖြင့် ဝါးခလောက်စေတီ ဆိုသည့်စာမူလေး
ပြီးဆုံးသွားပါသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)