သူ၏အမည်ကို

အများက ဦးသိန်းဟုခေါ်ကြသည်။
ဦးသိန်းသည်က ပေါက်စိန်ကုန်းရွာမှ
လူချမ်းသာတစ်ဦးဖြစ်သည်။
မျက်နှာထားတည်တင်းလွန်းလှပြီးဖော်ရွေမှုနည်းပါးသော
ဦးသိန်းကို ပေါက်စိန်ကုန်းရွာသူ၊ရွာသားတို့မှ
ဦးကုပ်စီးဟုခေါ်ကြ၏။
အမှန်မှာ ဦးသိန်းသည်လွန်စွာကုပ်စီးနည်းလှပြီး
သူ့မိန်းမဒေါ်သင်းသင်းမှလွှဲ၍
ကျန်လူများအပေါ်၌သဒ္ဒါစိတ်မရှိလှသူတစ်ဦးပင်။

“ကိုသိန်းရှိလားဗျို့…ဟောသည်မှာ
ကျုပ်တို့သူကြီးမ လည်း
ပါလာတယ်…ဝင်လာပြီနော်…”

တစ်ရက်၌…
ရွာထဲမှလူကြီးများသည် ဦးသိန်းအိမ်သို့ရောက်ရှိလာခဲ့ကြ၏။
ပေါက်စိန်ကုန်းရွာမှာထူးထူးခြားခြားသူကြီးဖြစ်သူမှာ
အမျိုးသမီးတစ်ဦးပင်။
သူကြီးမ ၏အမည်သည်ကမစန်းတင့်ဖြစ်၏။
(ယခင်စာမူတစ်ခု၌ပေါက်စိန်ကုန်းရွာပါရှိဖူးပါသည်)

လူကြီးများလာသည်ဆို၍ ဦးသိန်းတို့လင်မယားလည်း
​နေထိုင်ခင်းပေးကြလေသည်။

“ဘာအရေးများရှိလို့အခုလို လူစုံတက်စုံ
ကျုပ်အိမ်ဆီကိုရောက်လာကြတာလဲဗျ”

“ဒီလိုရှိတယ်ဗျ ကိုသိန်းရဲ့…
ကျုပ်တို့ရပ်ထဲရွာထဲကအရေးမို့ဟောသည်လို
နေပူပူမှာတစ်အိမ်ဝင်တစ်အိမ်ထွက်လာခဲ့ရတာပဲဗျို့”

“အမယ်လေး…ဘာများကောက်မလို့လဲဗျာ”

“ကိုသိန်း….”

ဦးသိန်းမှာသူ့ထံမှတစ်စုံတစ်ခုလာရောက်တောင်းသည်
ထင်၍အလန့်တကြားပြောလေသည်။
ထိုအခါဇနီးသည် ဒေါ်သင်းသင်းမှဝင်ဟန့်တားလိုက်ရသည်။
သူကြီးမနှင့် ရွာလူကြီးများကလည်း
ဦးသိန်းအကြောင်းသိရှိထားကြသည်မို့ ​
ပြုံးကာပင်ကြည့်နေကြသည်။

“ဒီလိုပါကိုသိန်းရယ်…အချိန်အခါကလည်း နွေကိုရောက်ပြီ
မဟုတ်လား…အဲ့ဒီတော့ ကျုပ်တို့ရွာထဲမှာ
သောက်သုံးရေရှားမယ့်အရေးကိုတွေးကြရမယ်လေ…
ဒါကြောင့် ရေတွင်းရေကန်တူးဖို့
အားလုံးစုတိုင်ပင်ဖြစ်သွားကြတော့ အခုဆို ရွာအလယ်မှာ
အများသုံးရေတွင်းတစ်ခုတူးဖော်ဖို့စီစဥ်ထားတယ်
နောက်ပြီးရွာပြင်ကရေကန်ကိုလည်းပြန်ဆယ်ဖို့လည်းရှိပါတယ်”

“ဒီလိုဆိုကောင်းတာပေါ့ဗျာ”

“ဟုတ်ပါတယ်ကိုသိန်း…အဲ့တာကြောင့်အစောက
ကျုပ်တို့သူကြီးမ ပြောခဲ့သလိုပဲ အဲ့သည်အစီအစဥ်တွေကိုအကောင်အထည်ဖော်ဖို့ဆိုရင်တော့ ကျုပ်တို့ရပ်ရွာသူ၊ရပ်ရွာသားတွေအားလုံးက ငွေကြေးနဲ့သော်လည်းကောင်း၊လုပ်အားနဲ့သော်လည်းကောင်းပါဝင်ပေးနိုင်ကြဖို့ကျုပ်တို့က
လိုက်လံပြောကြားရင်းအလှူလာခံတာပါဗျာ”

“ဟင်…အလှူငွေလာကောက်တာပေါ့ဒါဆိုရင်”

“ဟုတ်ပါတယ်ဗျာ…ကိုသိန်းတို့လိုသူဌေးတွေအနေနဲ့
ရပ်ရွာအပေါ်ပိုပြီးအားဖြည့်သင့်ပါတယ်”

“အိုဗျာ…ဌေးတိုင်းငွေရှိမလားဗျ…ဟိုရင်း…ဒီရင်းနဲ့
ကျုပ်တို့လည်းမရှိပါဘူးဗျာ”

“ကိုသိန်း…”

“မင်းဘာမှမပြောနဲ့…ခဏစောင့်ကြပါဦး”

ဒေါ်သင်းသင်းမှာကိုသိန်းကြောင့် ရွာလူကြီးများကို
အားနာနေရှာသည်။
ကိုသိန်းကလည်းနေရာမှထထွက်သွားပြီးမကြာပါ
လက်အတွင်း၌ငွေစက္ကူအချို့ကိုယူ၍ပြန်ရောက်လာခဲ့၏။

“ရော့ဗျာ…ဒါကျုပ်လှူတာ…”

“ဟင်…”

ကိုသိန်းလှူသောငွေသည် အလွန်နည်းလွန်း၏။
ဒေါ်သင်းသင်းမှာလည်းမျက်နှာပျက်နေလေပြီ။
သူကြီးမတို့အဖွဲ့မှာလည်း
ကိုသိန်းကိုအံ့သြစွာကြည့်နေကြသည်။
ထိုအထဲမှ မနေနိုင်သောလူကြီးတစ်ဦးသည်

“ကိုသိန်းခင်ဗျားဗျာ… ကြည့်စမ်းပါဦးခင်ဗျားလှူတဲ့ငွေကို
အဲ့သည်ငွေနဲ့ဘာရမလဲဆိုတော့
ဟိုဗျာဆန်တစ်ဘူးတောင်မရလောက်ဘူး…
ခင်ဗျားဗျာ…ကျုပ်တို့ရွာရဲ့သူဌေးတစ်ယောက်ဖြစ်နေပြီး
ရွာအတွက်နည်းနည်းလေးတောင်မကြည့်တဲ့လူဗျာ”

“ဘာကွ….ဒီမှာ ကိုဘမြိုင်…ကျူပ်ရှာထားတဲ့ငွေကို…
ကျုပ်သဒ္ဒါသလောက်ပဲလှူမှာပေါ့…။
လှူတဲ့နေရာမှာ နည်းနည်း၊များများ လှူလို့ရတာပဲလေ…
ကျုပ်ကမလှူပဲနေတာမဟုတ်ဘူး…
အခုလည်းကျုပ်လှူနေတာပဲလေဗျာ…”

“ခင်ဗျားဗျာ”

“ကဲ…ကဲ…တော်ပါတော့ကိုဘမြိုင်ရယ်…ကိုသိန်းအကြောင်းလည်း ကျုပ်တို့သိကြတာပဲ…ဘာပဲဖြစ်ဖြစ်
သူလှူတာလေးပဲယူပြီး အခြားကိုဆက်သွားကြတာပေါ့”

သူကြီးမ မစန်းတင့်သည် စကားများကြရမည့်အရေးကို
မဖြစ်စေချင်၍ ဝင်ရောက်ဖျန်ဖြေပေးရှာသည်။
ဒေါ်သင်းသင်းကတော့အလွန်အားနာနေဟန်ဖြင့်…

“အစ်မရယ်ကျုပ်တောင်းပန်ပါတယ်တော်…
ကိုသိန်းကအဲ့သည်လိုပဲ…တော်တော်ပြောရခက်တဲ့
လူစားမို့လို့ပါအစ်မရယ် စိတ်မရှိပါနဲ့တော်…”

“ရပါတယ်အေ…တို့များကအ​ကြောင်းသိတွေပဲ…
နားလည်ပါတယ်…ကဲ…ကဲ…သွားဦးမယ် မသင်းရေ”

“ဟုတ်ကဲ့အစ်မ…ကိုဘမြိုင်တို့လည်းစိတ်မဆိုးကြပါနဲ့တော်…
ကျုပ်ကြားကနေတောင်းပန်ပါတယ်”

“ဟဲ့…သင်းသင်းနင်ကဘာလို့ဒင်းတို့ကိုတောင်းပန်နေတာလည်း
သူကြီးမကိုတော့ကျုပ်မပြောလိုပါဘူး
ဘာမဆိုင်ညာမဆိုင်ကောင်တွေကိုသာ
ကျုပ်ကြည့်မရတာ…မိသင်းနင်လာခဲ့…
ဘာကိစ္စတောင်းပန်နေရတာလဲဟမ်”

သူကြီးမ မစန်းတင့်သည် သူ၏ရွာလူကြီးများကို
ဦးသိန်း၏အိမ်မှာ ပြန်ဖို့ခေါ်လာခဲ့တော့သည်။
ဦးသိန်းမှာတော့ဒေါ်သင်းသင်းနှင့် ခွန်းကြီးခွန်းငယ်စကားများနေကြတော့၏။

ထိုသို့ကုပ်စီးအလွန်နည်းလွန်းလှသော ဦးသိန်း၌
သား၊သမီးရတနာဟူ၍က မရှိပေ။
ပေါက်စိန်ကုန်းရွာ၌ ဦးသိန်းကဲ့သို့ချမ်းသာလှသော သူတစ်ဦးရှိသေး၏။
ထိုသူ၏အမည်မှာ ဦးကြည်ဖြစ်သည်။
ဦးကြည်သည်က ဦးသိန်းနှင့်မတူပေ။
ဦးသိန်းကဲ့သို့ နှမြောတွန့်တိုခြင်းမရှိ…၊ရပ်ထဲရွာထဲ၌
ကိစ္စကြီးငယ်မရွေးတတ်စွမ်းသမျှပါဝင်ရှာသူပင်။

“အလကားကောင်ပါကွာ…သူများချီးကျုးတာခံချင်လို့
ဟန်ပြလုပ်နေတာပါ….”

ဟုပင်…ဦးသိန်းက ဦးကြည်ကိုပြောတတ်သည်။

ဦးကြည်အပေါ်၌ မကြည်မလင်ဖြစ်နေသော
ဦးသိန်းတစ်ယောက် တစ်ရက်၌ သူဝယ်ယူလိုသော
လယ်မြေတစ်ခုကို ဦးကြည်မှဝယ်ယူသွားသည့်အပေါ်၌
ပို၍ မလိုမုန်းတီးစိတ်များတိုးပွားလာခဲ့လေတော့သည်။

“တောက်…ခွေးမသား ဘကြည်…ဒင်းက
ငါလိုချင်နေမှန်းသိလို့ သက်သက်မဲ့စျေးတင်ဝယ်သွားတာ…”

“အိုတော်…တော်ပေးတာက နည်းတာကို လယ်ပိုင်ရှင်ကလည်း
ပိုပေးတဲ့သူကိုရောင်းချင်မှာပေါ့…”

“တိတ်စမ်း…နင့်လင်မို့လို့နင်ကငါ့ကိုခံပြောနေတာလား မိသင်း”

“ကိုသိန်း…တော်ဘာစကားပြောတာတုန်း”

“ဟာကွာ…မင်းပါးစပ်ပေါက်ကိုပိတ်လိုက်နော်…
အေး…ငါ့စိတ်တွေအကုန်မင်းဘက်လှည့်ကုန်ရင်
မလွယ်ဘူးနော်မိသင်း”

ဒေါ်သင်းသင်းလည်း ဦးသိန်းအကြောင်းသိသူမို့
မည်သည်မှဆက်မပြောတော့ဘဲ တိတ်ဆိတ်နေလိုက်သည်။

နောက်တစ်ရက်၌ ဦးသိန်းတစ်ယောက်
အိမ်ကိုပြန်လာလိုက်၊အပြင်သို့ထွက်သွားလိုက်ဖြင့်
အလုပ်ရှုပ်နေခဲ့သည်။
အကြောင်းက ပေါက်စိန်ကုန်းရွာရှိ ဦးဘလူ ဆိုသော
အဘိုး​ကြီး၏နေအိမ်သို့သွားလာနေခြင်းဖြစ်သည်။

“အဘိုးဘလူ…ကျုပ်ကိုသေချာလေး စီရင်ပေးစမ်းပါဗျာ…
ကျုပ်စီးပွားကို ဝင်ဖျက်စီးမယ့်အကောင်တွေကို
ကျုပ်ရှင်းပစ်ချင်တယ်ဗျ”

“အေးပါကွာ….မောင်သိန်းရ…
မင်းသာ ငါပြောတဲ့ငွေကိုစီစဥ်ပေးစမ်းပါ…ဒါဆိုရင်
ငါ့ဘက်ကမင်းကိုသေချာစီရင်ပေးမှာပေါ့ကွာ”

“ငွေကရစေရမယ်ဗျာ…အစီအစဥ်စတာနဲ့ကျုပ်ဘက်က
ပေးပြီးသားပဲ…”

“အေး…ဒါဆိုရင် မနက်ဖြန်ည သင်္ချိုင်းကိုလာခဲ့ကွာ…
မင်းလိုတိုင်းခိုင်းဖို့ သရဲတစ်ကောင်ကိုရစေရမယ်ဟေ့”

“ကြိုက်ပြီဗျာ…ဒါဆိုရင် ကျုပ်က
ဘယ်အချိန်လာရမှာလဲဆိုတာပြောဦး”

“အတော်လေးမှောင်ရင်သာ ထွက်လာခဲ့လိုက်တော့…”

ဦးဘလူသည်က အသက်အတော်ကြီးရင့်နေရှာပြီဖြစ်သော်လည်း ရွာ၌အောက်လမ်းနည်းများစီရင်ပေးရာ၌
အတော်နာမည်ရှိ၏။
ထိုအဘိုးကြီးကို ကပ်၍ ဦးသိန်းတစ်ယောက်
သရဲမွေးဖို့ရန် စီစဥ်နေဖြင်းဖြစ်သည်။

ဦးဘလူချိန်းသောနေ့သို့ရောက်လေတော့
ဦးသိန်းတစ်ယောက်မှောင်သည့်အချိန်ကိုစောင့်ပြီး
သင်္ချိုင်းသို့ထွက်လာခဲ့သည်။
သင်္ချိုင်း၌လည်း ဦးဘလူကအစီအရင်များပြင်ဆင်ပြီး
အသင့်စောင့်ဆိုင်းနေရှာ၏။
ဦးသိန်းရောက်သည်နှင့်သရဲမွေးဖို့စီမံပေးပြီး…

“ရော့ မောင်သိန်း…ဟောသည် ကျောက်ခဲကိုသာယူသွား
မယူခင်တော့ ငပြူးကြီးမင်းငါ့နောက်ကသာလိုက်ခဲ့ပေတော့
လို့ပြောပြီးခေါ်သွား…”

“နေပါဦး ဘိုးဘလူရဲ့ ဒီသရဲကို
ကျုပ်ကဘယ်လိုခိုင်းရမလဲဆိုတာကိုပြောဦးလေဗျာ”

“အေး…ဒီကောင့်ကို မင်းခေါ်သွားရင်
မင်းအိမ်ဝိုင်းထဲကအပင်တစ်ပင်မှာ
သူနေဖို့နေရာအရင်ပေးရမယ်…
နောက်ပြီး မင်းခိုင်းချင်ရင်တော့ကတိတည်မှရလိမ့်မယ်ကွ…
ဘာကတိလဲဆိုရင်တော့ ဒီကောင့်ကိုတစ်လတကြိမ်
အမဲသားတပိဿာကျွေးပေးဖို့ပဲ…
ဒါမှလည်းသူကမင်းအပေါ်သစ္စာရှိမှာ….”

“ဒါများဗျာ…စိတ်ချလိုက် မောင်သိန်းအတွက်မခက်ပါဘူးဗျ”

“အေး…မင်းခိုင်းစရာရှိရင်လည်းသူနေတဲ့အပင်အောက်မှာသွားပြော…ဒီကောင်ကြီး လုပ်ပေးလိမ့်မယ်…
ဒါပေမယ့် အရေးအကြီးဆုံးကတော့
ကတိတည်ဖို့ပဲနော် မောင်သိန်း”

“စိတ်ချ ဘိုးဘလူ…ကျုပ်ကတိတည်တယ်…”

“အေး…အေး…အေး….”

ထိုသို့ဖြင့် ဦးသိန်းသည် ဦးဘလူအားငွေကြေးပေးပြီးနောက်
သရဲငပြူးကြီးကို အိမ်ခေါ်လာခဲ့တော့၏။
အိမ်သို့ရောက်တော့ မိမိအိမ်ထောင့်ရှိ
သရက်ပင်အောက်တွင် ခဲလုံးကိုထားပြီး
သရဲငပြူးကြီးအား နေစရာပေးလိုက်သည်။
သရဲမွေးပြီးသော်လည်း ခဏမျှအခြေအနေ
စောင့်ကြည့်ဦးမည်ဟူသော အတွေးဖြင့်
ပထမတစ်လ၌ သရဲငပြူးကြီးကို
အမဲသားပြင်ဆင်ကျွေးမွေးပေသည်။
တစ်နေ့၌
ပေါက်စိန်ကုန်းရွာရှိ ကလေးငယ်များအုပ်စုသည်
ဦးသိန်း၏သရက်ပင်မှသရက်သီးများကို
လာရောက်ခူးယူကြ၏။
ခူးယူသည်ဆိုသော်လည်း ဦးသိန်းတို့မသိစေရန်
တိတ်တဆိတ်ခိုးယူကြခြင်းဖြစ်၏။
ထိုသို့သရက်သီးခိုးယူနေစဥ် ကလေးငယ်တစ်ယောက်သည်
သရက်ပင်ကြီးအပေါ်ကြည့်၍ ကြောက်လန့်တကြားအော်ဟစ်ကာ ထွက်ပြေးသွားတော့သည်။

“အားးးးးးးသရဲကြီး….ပြူးပြူးကြီး”

ကလေးငယ်၏အော်သံကြောင့်အခြားကလေးများပါနေရာမှထွက်​ပြေးသွားကြတော့သည်။
နောက်တစ်နေ့မှာ​တော့ ဦးသိန်းခြံထဲရှိသရက်ပင်ကြီး၌
သရဲရှိနေသည်ဆိုသည့်သတင်းများကရွာထဲတွင်
ပျံ့လွှင့်လာခဲ့တော့သည်။

“ကိုသိန်း… တော့်သရက်ပင်မှသရဲရှိတယ်လို့
ရွာထဲကလူတွေကပြောကုန်ကြပြီ…
တကယ်များရှိနေတာလားတော်…”

“ဟဲ့…မိသင်း…ပေါက်ပေါက်ရှာရှာမေးတတ်တယ်
ဘယ်ကသရဲရှိလို့တုန်း…နင်ကောငါကော
အခြောက်ခံရဖူးလို့လားဟ”

“အဲ့တာလည်းဟုတ်ပါရဲ့…ကျုပ်ဖြင့်မတွေ့မမြင်ဖူးပါဘူးတော်”

ဒေါ်သင်းသင်းမှာလည်း ရပ်ရွာထဲကအပြောကြောင့်
ယောကျာ်းဖြစ်သူဦးသိန်းကိုမေးခွန်းပြန်ထုတ်နေခဲ့သည်။
ဦးသိန်းကလည်း မိန်းမဖြစ်သူ မသိစေရန်
လိမ်ညာကာပြောရ၏။

သို့သော်လည်း ဦးသိန်းခြံ၌သရဲရှိနေသည့်သတင်းက
ပိုမိုခိုင်မာလာခဲ့၏။
အကြောင်းမှာက
မနက်အစောထ၍ ပဲပြုတ်ရောင်းသော မိလှတစ်ယောက်
ဦးသိန်းတို့ခြံအနီးသို့အရောက်
သရက်ပင်ကြီးအပေါ်မှလှုပ်လှုပ်ရွရွ ဖြစ်နေသည်ကို
မြင်၍အကြည့် ….
မျက်လုံးပြူးပြူးကြီးဖြင့် သူ့အား
လှမ်းကြည့်နေသည့်သရဲကြီးကိုတွေ့သွားပြီး မိလှခမျာ
ပဲပြုတ်တောင်းပင်ပြုတ်ကျပြီးနေရာမှထွက်ပြေးသွားရသည်။
အဲ့သည်နောက်တော့
အမွှေးအမည်းများတကိုယ်လုံးဖုံးလွှမ်းနေပြီး
မျက်လုံးပြူးကြီးဖြင့် ကြည့်တတ်သော
သရဲကြီး၏အကြောင်းများက
ပေါက်စိန်ကုန်းရွာ၌ နာမည်ကြီးနေပေတော့သည်။

*******************************

“ဘွားမယ်စိန်ရှိလာဗျို့…”

“အေး…ရှိတယ်ဟေ့…..ဘယ်သူတွေတုန်း
ဝင်လာခဲ့ကြလေ”

“ကျုပ်တို့ပါဗျ…”

“ဟယ်…မောင်နောင်ချိုတို့ပါလား…
လာကြ…လာကြ…သြော်
ဧည့်သည်တွေလည်းပါလာတာပဲကွဲ့”

သောင်ထွန်းရွာသူကြီးဦးနောင်ချိုနှင့်အတူ
အမျိုးသမီးနှစ်ဦးလည်းပါရှိပေသည်။
ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌ဝင်ထိုင်ခိုင်းလိုက်ပြီး
မီးဖိုထဲရှိသော ဒေါ်ဝင်းအား…

“သမီးရေ…မိဝင်း…အကြမ်းရည်အိုးလေးဖြည့်ပေးပါဦး…
ဒီမှာ သူကြီးတို့ရောက်နေတယ်ဟဲ့”

“ကျုပ်ကြားပါတယ်အမေရယ်…
အစောက ထမင်းရည်ငှဲ့နေလို့တန်းမထွက်လာခဲ့တာပါ”

ဒေါ်ဝင်းသည် ရေနွေးအိုးကိုမိီးဖိုထဲသို့ယူသွားတော့၏။

“အေး…အေး…အေး…ကဲ…မောင်နောင်ချို…
ဧည့်သည်တွေက
ဘယ်သူတွေများတုန်း…
နေပါဦး…ဒီသူငယ်မကိုဘွား မြင်ဖူးသလိုပါပဲကွဲ့”

“သူက ပေါက်စိန်ကုန်းရွာက သူကြီးမ မစန်းတင့်လေဘွားရဲ့…”

မစန်းတင့်မှလည်း…

“ကျုပ်ကိုမြင်ဖူးမှာပေါ့တော်…
ဘွားကို ကျုပ်တို့ရွာဆီကိုတစ်ခါလာပင့်ဖူးတယ်လေတော်”

“သြော်…အေးကွယ်…
ဒါကြောင့်ဘွားကမြင်ဖူးတယ်ထင်နေတာ…”

“ဟုတ်ကဲ့ဘွား…အခုလည်းနောက်ထပ်အရေးကြုံလာပြန်လို့ရောက်လာခဲ့ကြတာပါ…”

“ဘာအရေးများတုန်းကွဲ့”

ထိုစဥ် ဒေါ်ဝင်းရေနွေးကြမ်းအိုးလာချပေးသည်နှင့်
စကားပျက်သွားကြသည်။
ဘွားမယ်စိန်လည်း ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
မီးမကုန်စေရန် တစ်ဖွာ…နှစ်ဖွာ ရှိုက်လိုက်လေတော့
အခိုးအငွေ့များအတော်ထွက်လာခဲ့လေသည်။

ပြီးလေမှ မစန်းတင့်ဘက်သို့တဖန်ပြန်လှည့်လိုက်သောအခါ
မစန်းတင့်မှ…

“ဒီလိုပါဘွားရယ်…ဟောသည်က သူက
ကျုပ်တို့ရွာသူပါ မသင်းသင်းလို့ခေါ်ပါတယ်…
အခုလာရင်းကိစ္စကလည်းသူ့အရေးပါပဲ”

“အင်း… ပြောပါဦး…”

“မသင်းသင်းတို့အိမ်ဝိုင်းထဲမှာ
ညသန်းခေါင်ကျော်ရင်ငိုသံကြီးကြားကြားနေရလို့ပါ…
ဘုန်းကြီးပင့်ပရိတ်ရွှတ်လည်း
ဒီအသံကြီးကရက်အတော်ကြာရင်
ပြန်ပြန်ပေါ်လာလို့ပါဘွားရယ်…”

“ဒီက ကလေးမက မိသားစုနဲ့နေတာလား…
တစ်ယောက်ထဲလား”

“အစကတော့ ကျွန်မ အမျိုးသားနဲ့
အတူတူနေတာပါဘွားရယ်…
ဒါပေမယ့် သူကလွန်ခဲ့တဲ့
ခြောက်လလောက်ကဆုံးပါးသွားပါပြီ”

“အလို…ဘယ်လိုများဖြစ်တာတုန်းကွဲ့”

မစန်းတင့်မဖြေ​တော့ဘဲ
ဒေါ်သင်းသင်းကိုယ်တိုင်​ဖြေဆိုနေခဲ့သည်။
ဒေါ်သင်းသင်းသည် ဘွားမယ်စိန်၏အမေးကြောင့်
မျက်နှာထက်၌ ဝမ်းနည်းခြင်းများကဟန်မဆောင်နိုင်အောင်ပင်
ဖြစ်ပေါ်လာခဲ့၏။

“သူ…သူက…အသတ်ခံရတာပါတော်…”

“ဟေ…”

ဒေါ်သင်းသင်းစကားကြောင့် ဘွားမယ်စိန်က
အံ့အားသင့်သွားပြီး…မစန်းတင့်ကသက်ပြင်းလေးချ၏။

ဒေါ်သင်းသင်းသည် ပြောနေရင်းမှငိုရှိုက်နေခဲ့၏။
ဘွားမယ်စိန်လည်းစိတ်မကောင်းဟန်ဖြင့်တစ်ဖက်သို့
လှည့်၍ သူ၏ဆေးလိပ်ကြီးကို ဖွာရှိုက်နေသည်။
သူကြီးမ မစန်းတင့်မှာ ဒေါ်သင်းသင်း၏ပုခုံးလေးကို
ကိုင်၍နှစ်သိမ့်ပေးနေရှာသလို…သူကြီးဦးနောင်ချိုမှာလည်း
သက်ပြင်းကြီးချ၍စိတ်မကောင်းဖြစ်နေရှာသည်။
မျက်နှာအထက်ရှိမျက်ရည်များကို ဒေါ်သင်းသင်းသူ၏
လက်ဖြင့် သုတ်ဖယ်လိုက်ပြီး…

“သူဆုံးတာ…ခြောက်လရှိပါပြီ…
သူသေရတဲ့အကြောင်းကလည်း
အခုထက်ထိအဖြေမပေါ်ခဲ့ပါဘူးတော်…
ဆုံးပြီးတစ်လအကြာမှာ ငိုသံတွေစပြီးကြားရတော့တာပါပဲ…
သူများတွေကတော့ သူမကျွတ်လွတ်သေးလို့ အခုလိုငိုသံတွေပေးနေတယ်ဆိုပြီးပြောကြတယ်…။
ကျုပ်ကလည်း ဘုန်းကြီးတွေပင့်
ကုသိုလ်ကောင်းမှုတွေလုပ်ပေးပေမယ့်…
ဘယ်လိုမှအဆင်မပြေခဲ့ပါဘူးဘွားရယ်…”

ဟုဆိုလေတော့ ဘွားမယ်စိန်မှာ
ဒေါ်သင်းသင်းဘက်သို့တဖန်ပြန်လှည့်လာပြီး
နားထောင်နေခဲ့သည်။
နားထောင်နေရင်းသူ၏ဆေးလိပ်ကြီးကို
မီးသတ်လိုက်တော့၏။
ဒေါ်သင်းသင်းကလည်းဆက်၍…

“လွန်ခဲ့တဲ့တပတ်ကတော့ ကျုပ်သူ့ကိုအိမ်မက်မက်တယ်…
အိမ်မက်ကအတော်လေးထူးခြားပါတယ်တော်…
သူဆုံးခဲ့တဲ့အချိန်ကစပြီး သူ့ကိုအိမ်မက်ထဲမှာမြင်မက်တာ
အဲ့တာ ပထမဆုံးပါပဲ…အိမ်မက်ထဲမှာ
သူ့ခမျာ အတော်လေး ပင်ပန်းနေတဲ့ပုံရပါတယ်…
မျက်နှာလေးညိုးငယ်ပြီး ကျုပ်ကိုအကူအညီတောင်းနေသလိုပုံလေးကိုကျုပ်တွေ့ခဲ့ရတယ်…”

ဒေါ်သင်းသင်းသည်မျက်နှာမှာယောကျာ်းဖြစ်သူအတွက်
စိတ်မကောင်းဟန်ဖြစ်နေယုံသာမက
သူ၏စကားတို့မှာလည်း လေးလေးပင်ပင်ထွက်လာခဲ့၏။

“ဒီတော့…ညည်းအိမ်မှာ ငိုသံတွေကြားရတယ်…
ညည်းယောကျာ်းဆုံးတာကလည်း ​
ခြောက်လလောက်လေးပဲရှိသေးတယ်…
နောက်ပြီးတော့ မျက်နှာငယ်လေးနဲ့ အိမ်မက်လာပေးတယ် ဟုတ်တယ်နော်…”

“ဟုတ်ပါတယ်ဘွား…”

“အေး…ဒါဆိုရင်တော့ ညည်းယောကျာ်းမကျွတ်လွတ်နိုင်သေးတာ အသေချာပဲ…
ပိုသေချာအောင်တော့ညည်းတို့ရွာကို
ဘွားလိုက်ခဲ့ရမှာပေါ့ကွယ်”

“အဲ့တာ…ဘွားအားရင် ကျုပ်တို့ရွာဆီကိုပင့်ခဲ့ချင်ပါတယ်…”

“အို…မိသင်းရယ် ဘွားကလိုက်ခဲ့​ပါမယ်ဆိုအေ”

ဒေါ်သင်းသင်းသည် ဘွားမယ်စိန်လိုက်ခဲ့မည်ဆို၍
ဝမ်းသာသွားရှာသည်။

“ကဲ…အချိန်ဆွဲကောင်းတဲ့အရာလည်းမဟုတ်ဘူး…
ဒီတော့ မောင်နောင်ချိုရေ…”

“ခင်ဗျာ ဘွား….”

“မင်းတူတွေကိုခရီးသွားဖို့ ပြင်ဆင်ပြီးလာခိုင်းလိုက်တော့”

“ဟိုကျုပ်တို့မှာနွားလှည်းပါ ပါတယ်ဘွား”

“ရပါတယ်…ဘွားရဲ့သားတပည့်တွေနဲ့ပဲအတူသွားပါ့မယ်…။
သွားတာ…ပြန်တာကိစ္စကိုတော့
ဘွားတို့ဘာသာစီစဥ်နိုင်ပါတယ်ကွယ်”

ဘွားမယ်စိန်သည် ဒေါ်သင်းသင်းကိုပြောလိုက်၏။
သူကြီးဦးနောင်ချိုကလည်း…

“ဒါဆိုရင် ဒီကဧည့်သည်တွေလှည်းက ကျုပ်အိမ်မှာဗျ…
ဘွားသာအသင့်ပြင်ထားလိုက်တော့
ကျုပ်ဟိုကောင်တွေကိုပါတစ်ခုထဲခေါ်လာခဲ့လိုက်မယ်လေ…”

“အေး…အေး…အေး…….”

ဒေါ်သင်းသင်းတို့ကို သူကြီးဦးနောင်ချိုက
ပြန်ခေါ်သွားတော့သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကိုလည်း ခရီးထွက်ဖို့ဝင်ပြောခဲ့၏။

ဘွားမယ်စိန်ကတော့ နံနက်အစောကရေချိုးထားပြီမို့
မနက်စာထမင်းကိုအရင်စားလိုက်သည်။
ထမင်းစားပြီးနောက်မြေးဖြစ်သူနန်းကြိုင်လေးကို…

“ငါ့မြေး…”

“ရှင်ဘွား…”

“ဘွားကခရီးသွားမှာဆိုတော့
ငါ့မြေးကောလိုက်ခဲ့ချင်လားကွဲ့”

“ကျုပ်လိုက်ချင်ပါတယ်…ဒါပေမယ့်အမေကအိမ်မှာ
တစ်ယောက်ထဲနေရခဲ့ရမှာဆိုတော့
မလိုက်တော့ပါဘူးဘွားရယ်…”

“ငါ့မြေးမက အမေချစ်သမီးပဲ…အေးပါ…အေးပါ
ဒါဆိုရင်လည်း အိမ်မှာပဲနေခဲ့…
ဒါပေမယ့် ဘွားတစ်ခုတော့မှာမယ်နော်
ကလေးတို့သဘာဝဆော့ကစားတာတော့
ကစားပေါ့အေ…ဘုရားတရားတော့မမေ့နဲ့
ကြားသလားမြေးလေး”

“ဟုတ်ကဲ့ဘွား…”

ဘွားမယ်စ်ိန်သည် သူ၏မြေးမလေးကို ပြောနေရှာသည်။
အချိန်အတော်ကြာလေတော့ မောင်တိုးနဲ့မောင်အုန်းတို့သည်
နွားလှည်းတစ်စီးဖြင့်ရောက်လာခဲ့ကြသည်။

“ဘွားရေ…ကျုပ်တို့ကအသင့်ပဲဗျို့…”

“အေး…အေး…ဒါဆိုရင်လည်း သွားကြတာပေါ့…”

ဒေါ်ဝင်းနှင့်နန်းကြိုင်တို့က ဘွားမယ်စိန်ကို
လှည်းအနီးထိလိုက်ပို့ကြသည်။
ဘွားမယ်စိန်လှည်းအပေါ်သို့​ရောက်လေမှ မောင်တိုးက
ဘွားမယ်စိန်၏အဝတ်ထုပ်လေးကိုဒေါ်ဝင်းလက်မှယူကာ
လှည်းပေါ်တင်လိုက်၏။

“ကဲ…မိဝင်း အမေသွားမယ်နော်”

“ဟုတ်ကဲ့အမေ…လမ်းခရီးဂရုစိုက်ဦးနော်…
မောင်တိုးတို့လည်းဂရုစိုက်ကြ”

“ဟုတ်ကဲ့အရီး…ဒါဆို​ကျုပ်တို့သွားတော့မယ်”

မောင်တိုးသည် ဒေါ်ဝင်းကိုနှုတ်ဆက်ပြီး
လှည်းကိုစတင်မောင်းနှင်လာခဲတော့၏။

“ဟိုဧည့်သည်တွေက ဘယ်ကစောင့်ကြမှာလဲမောင်ရင်တို့ရဲ့”

“သူတို့က လှည်းသမားပါတာမို့…
ရွာပြင်ကပဲစောင့်နှင့်ကြမယ်ပြောတယ်ဗျ”

“သြော်…အေး…အေး…အေး…”

ထိုသို့ဖြင့် ရွာအပြင်၌ ဒေါ်သင်းသင်းတို့လှည်းကိုတွေ့လေတော့
ရှေ့နောက်အပြိုင်မောင်းလာခဲ့ကြတော့သည်။
ပေါက်စိန်ကုန်းရွာဒေါ်သင်းသင်းအိမ်ဆီသို့ရောက်လာခဲ့ကြတော့
ဒေါ်သင်းသင်း၏အစ်မကြီးမိသားစုက ခရီးကြိုကြသည်။

“ကဲ…ဘွား ဒါ ကျုပ်အိမ်ပဲတော့်…
နားပါဦး…အစ်မရေ…မုန့်လေးဘာလေးချပေးပါဦးဟဲ့”

“အေး…အေး..မိသင်းရေ…
ဒီမှာ ညည်းတူမနဲ့မုန့်ပွဲပြင်ဆင်နေတယ်ဟေ့”

နွားများကိုလှည်းမှချွတ်ကာ ကောက်ရိုးနှင့်ရေတိုက်ပြီးနောက်
မောင်တိုးတို့လည်း ဘွားမယ်စိန်ထိုင်သော
အိမ်အတွင်းဧည့်ခန်းဆီသို့ရောက်လာခဲ့ကြသည်။

“ကဲ…ငါ့တူတို့လည်းနားကြဦး…ထိုင်ကြ…ထိုင်ကြ”

ထိုတစ်နေ့ခင်းလုံး ဒေါ်သင်းသင်းတို့မှ
ဘွားမယ်တို့အားလိုလေသေးမရှိ ဧည့်ခံကြသည်။
သူကြီးမ မစန်းတင့်ကတော့သူ၏အိမ်သို့
ရေချိုးထမင်းစားပြန်ပြီးလေမှပြန်ရောက်လာခဲ့၏။

ပေါက်စိန်ကုန်းရွာထဲ၌လည်း…

“ဟဲ့ကောင်မတွေ…မသင်းတို့အိမ်မှာ သောင်ထွန်းရွာက
ဘွားမယ်စိန်ရောက်နေတယ်ဆိုပဲအေ့”

“ဟေ…သောင်ထွန်းရွာက ဘွားမယ်စိန်ဆိုတာ
ဟို…ပရောဂဘာညာ ကုတဲ့အဘွားလား”

“ဟုတ်ပါ့….စုန်းတို့အောက်လမ်းတို့ရှင်းလင်းပေးတဲ့နေရာမှာ
နာမည်ကြီးလေအေ…”

“ဒါဆို ဘွားမယ်စိန်နဲ့မသင်းတို့ကအမျိုးတော်ကြတာလား”

“ဟဲ့ကောင်မရဲ့…အမျိုးတော်ပါ့မလား…
ညည်းစဥ်းစားကြည့်လေအေ…
မသင်းတို့အိမ်မှာငိုသံကြီးကြားရတယ်လို့သတင်းကြားတယ်
မဟုတ်လား…အဲ့ကိစ္စကြောင့်သူတို့ဘွားမယ်စိန်ကို
သွားပင့်လာတယ်လို့​ပြောတယ်”

“ညည်းကိုဘယ်သူပြောတာလဲ…”

“ဘယ်သူရှိမှာလဲ မိသင်းအစ်မမိသန်းရဲ့သမီးပြောတာပေါ့အေ့”

“ဟယ်…ဒါဆိုတစ်ခုခုတော့ထူးပြီပေါ့…
ဘွားမယ်စိန်ရောက်နေတယ်ဆိုတော့
အဆောင်ကြိုးလေးဘာလေးသွားတောင်းကြရအောင်အေ”

“အေး…သွားကြတာပေါ့ဟဲ့”

ထိုသို့ဖြင့်ပေါက်စိန်ကုန်းရွာသူတို့သည်
ဒေါ်သင်းသင်း၏နေအိမ်ဆီသို့ရောက်လာခဲ့ကြပြီး
ဘွားမယ်စိန်နှင့်မိတ်ဆက်စကားများပြောကြလေသည်။
ဘွားမယ်စိန်ကလည်း အလိုက်သင့်စကားပြောလေတော့
ရွာသူတို့မှာ ဘွားမယ်စိန်ကိုခင်မင်ရင်းနှီးသွားကြ၏။
ညအချိန်သို့ရောက်သောအခါ ဘွားမယ်စိန်တို့
ညစာစားပြီးပြသောအခါ ဧည့်ခန်း၌
ထိုင်၍ရေနွေးကြမ်းသောက်ရင်းစကားပြောနေခဲ့ကြသည်။
ဒေါ်သင်းသင်းအိမ်၌ ဒေါ်သင်းသင်း၏အစ်မ
ဒေါ်သန်းနှင့်သူ၏ယောကျာ်းကိုဘဆင့်အပြင်သူတို့၏သမီး
မိသန်းပို ပါအတူလာရောက်နေထိုင်ကြသည်။
လင်ယောကျာ်းဆုံးပါးပြီးနောက် ဒေါ်သင်းသင်းလည်း
အစ်မဖြစ်သူမိသားစုကိုအိမ်ပေါ်ခေါ်တင်ထားခြင်းဖြစ်၏။

“ငိုသံကဘယ်အချိန်လောက်မှာစပြီး
ကြားရတာလဲမိသင်း”

ဘွားမယ်စိန်အမေးကြောင့် အားလုံးတိတ်ဆိတ်သွားသည်။

“သန်းခေါင်ကျော်လောက်မှာ စပြီးကြားရတာပါဘွား”

“အေးဒါဆိုရင်…ဘယ်အချိန်လောက်ကျမှ
ငိုသံတိတ်သွားသလဲအေ့”

“ဟို…မနက်သုံးချက်တီးလောက်ထင်တယ်
အဲ့အချိန်လောက်မှာတော့ဘာအသံမှမကြားရတော့ဘူး”

“အသံက ဘယ်နေရာလောက်ကလာတယ်လို့
ညည်းထင်သလဲအေ့”

“ခြံထောင့်နားက သရက်ပင်ကြီးဆီကလို့တော့ထင်တာပဲဘွား…”

“အင်း…အင်း…အင်း”

ဘွားမယ်စိန်နှင့်ဒေါ်သင်းသင်းတို့အမေးအဖြေလုပ်နေကြစဥ်
ဒေါ်သန်းတို့မှာ ဟိုကြည့်…ဒီကြည့်ဖြင့်ကြောက်ရွံ့နေကြသည်။
ဒေါ်သင်းသင်းမှ…

“ပြောရဦးမယ်ဘွားရဲ့…အဲ့သည်ထောင့်ကသရက်ပင်ကလေ
ကိုသိန်းမဆုံးပါးခင်ကတည်းက ရွာကလူတွေကို
သရဲခြောက်တယ်လို့ သတင်းတွေထွက်ဖူးတယ်…
ကျုပ်တို့ကတော့မကြုံဖူးပါဘူးတော်”

“ဟေ…ဘယ်လိုများခြောက်တာတုန်းအေ့”

“ပြောတာကတော့ သရဲကတစ်ကိုယ်လုံးအမွှေးမည်းတွေ
ဖုံးနေတယ်ပြောတယ်…အခြောက်ခံရသူတွေကို
သရက်ပင်ကြီးအပေါ်ကနေပြီး
မျက်လုံးကြီးကိုပြူးပြတယ်တဲ့တော့်”

“အင်း…ကဲပါလေ အခုဘွားရောက်နေပြီပဲ…
မကြောက်ကြနဲ့…အချိန်လည်းမနည်းဘူး…
အိပ်ကြတော့ ကွဲ့”

ဘွားမယ်စိန်ကပြောလေတော့ ဒေါ်သင်းသင်းတို့လည်း
အိမ်အပေါ်ထက်သို့တက်သွားကြတော့သည်။
ဘွားမယ်စိန်တို့အတွက်တော့
အောက်ထပ်ရှိအခန်း၌အိပ်ရာပြင်ပေးထားကြသည်။
အစက အိမ်အပေါ်ထပ်၌နေဖို့ရန်ပြင်ဆင်ပေးကြသော်လည်း
ဘွားမယ်စိန်က အိမ်အောက်ထပ်၌သာနေမည်ဆို၍
အောက်ထပ်အခန်း၌ ပြင်ဆင်ပေးကြရခြင်းဖြစ်၏။

ဒေါ်သင်းသင်းတို့အိမ်အပေါ်ထပ်သို့တက်သွားလေတော့
ဘွားမယ်စိန်လည်းအခန်းအတွင်းဝင်ကာ ဘုရားရှစ်ခိုး
ပုတီးစိပ်ခြင်းပြုလုပ်၏။
မောင်တိုးနဲ့မောင်အုန်းကတော့ ဘွားမယ်စိန်၏ဘေးအခန်းတွင်
ဝင်ကာအိပ်ကြတော့သည်။
ဘွားမယ်စိန်ပုတီးစိပ်…တရားထိုင်နေတာ အချိန်အတော်ကြာသွားသည်။
အချိန်က
သန်းခေါင်သို့ပင်ရောက်နေပြီဖြစ်၏။
ထိုအချိန်…

“အီးးးးးး….ဟီးးး…ဟီးးးးးးး…ဟီးးးးးးးးးးးးးးးး….”

ဟုသောငိုသံရှည်ကြီးသည် လေးကန်စွာထွက်ပေါ်လာခဲ့၏။
ထိုအသံကြောင့်ဘွားမယ်စိန်မျက်လုံးများပွင့်လာခဲ့ပြီးနောက်
ဘုရားကို ဦးချကန်တော့လိုက်တော့သည်။
ပုတီးလေးအားခေါင်းအုံးအထက်တင်လိုက်ပြီးနောက်
တအိအိဖြင့်ငိုကျွေးနေသော ငိုသံကြီးကို နားထောင်နေခဲ့သည်။

“ဘွား…ငိုသံကတော့စနေပြီဗျ”

ဟု…ဘေးအခန်းမှ မောင်အုန်း၏
အသံတိုးတိုးကိုကြားလိုက်ရသည်။

ဘွားမယ်စိန်သည် နေရာမှထလိုက်ပြီး သူ၏တောင်ဝှေးကြီးကို
ထောက်၍အခန်းအပြင်သို့ထွက်တော့
အိမ်အပေါ်ထက်မှဆင်းလာကြသော ဒေါ်သင်းသင်းတို့ကိုမြင်လိုက်ရ၏။

“အထဲမှာနေခဲ့ကြပါ…ဘာသံမှလည်းမထွက်ကြနဲ့ဦး…
တော်နေ ဘွားဘက်ကဘာမှလုပ်မရတဲ့အခြေအနေ
ဖြစ်ကုန်လိမ့်မယ်ကွဲ့”

ဘွားမယ်စိန်ပြောတာကို ဒေါ်သင်းသင်းတို့ခေါင်းညိတ်ကြသည်။
ဧည့်ခန်း၌သာ ဒေါ်သင်းသင်းတို့ထိုင်နေခဲ့ကြ၏။
ဘွားမယ်စိန်ကတော့ အိမ်အပြင်ဘက်သို့ထွက်လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်း ဘွားမယ်စိန်နှင့်မလှမ်းမကမ်းမှ
လိုက်လာခဲ့ကြသည်။
အိမ်ထောင့်ရှိသရက်ပင်ကြီးနှင့်မဝေးကွာသောနေရာကိုရောက်တော့ အိမ်ကိုကျောပေးကာ ငုတ်တုပ်ပုံစံထိုင်နေသော
မည်းမည်းကြီးကိုတွေ့လိုက်ရသည်။

“ဟဲ့…ဘယ်သူလဲ…အခုရှေ့ကိုထွက်လာခဲ့စမ်း”

ဟု…ဘွားမယ်စိန်၏အသံသည်
ပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားတော့၏။
ငိုသံကြီးမှာလည်းရပ်တန့်သွားလေသည်။
ကျောပေးကာထိုင်နေသော မည်းမည်းကြီးမှာလည်း
လှုပ်လှုပ်ရွရွဖြစ်လာခဲ့ပြီး သရက်ပင်ကြီးအပေါ်ပြေးတက်ဖို့
ကြိုးစားတော့သည်။
သရက်ပင်၏ပင်စည်မှပေါ်တက်ပြေးလေ​တော့…

“ဒုတ်….”

“ဘုတ်…”

“အီးးးးးးးးးးးးး”

ဘွားမယ်စိန်တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်သည်နှင့်
မည်းမည်းကောင်ကြီးမှာ သရက်ပင်အပေါ်မှပြုတ်ကျသွားသည်။
တအီးအီး ညည်းတွားရင်းနေရာမှလူးလဲထ၍
သရက်ပင်ပေါ်သို့ပြန်တက်ပြေးဖို့ရန်ပြင်ပြန်သည်။

“ဟဲ့ အကောင်…ငါ့ကိုမခန့်လေးစားလုပ်နေတာလား…
ရပ်လိုက်စမ်းအခု”

ဘွားမယ်စိန်၏အသံကြောင့် မည်းမည်းကောင်ကြီးမှာရပ်တန့်သွားလေသည်။
သို့သော် ကျောပေးထားပြီးနေရာ၌
တောင့်တောင့်ကြီးရပ်နေခဲ့သည်။

“နင်ဘယ်သူလဲ…”

“မောင်သိန်း…”

“မောင်သိန်းဆိုတော့ နင်ကမိသင်းယောကျာ်းပေါ့…
ဘာကြောင့် ပေးတဲ့အမျှအတန်းကိုသာဓုမခေါ်ဘဲ
ငိုနေရတာတုန်းမောင်သိန်းရဲ့”

ဘွားမယ်စိန်မေးလေတော့
မည်းမည်းကောင်ကြီးသည် အသံသြသြကြီးဖြင့်ပြန်ဖြေ၏။
ထိုမည်းမည်းကောင်ကြီးမှာ ဦးသိန်းဆိုတာသိသွားလေတော့
ဘွားမယ်စိန်ကထပ်မေးလေသည်။
ထိုအခါ မြေပေါ်သို့ ငေါက်ခနဲထိုင်ချလိုက်ပြီး
တအီးအီးဖြင့် ငိုကျွေးပြန်သည်။

“ဟဲ့…မောင်သိန်း…ဘာအကြောင်းရှိလို့တုန်း…
ပြောစမ်း…မင်းမိန်းမကအကူအညီ​တောင်းလို့
ဘွားကလိုက်လာခဲ့ရတာ…မောင်ရင်ဘာခက်ခဲနေတယ်ဆိုတာ
သေချာပြောစမ်းပါကွယ်…”

ဦးသိန်းသည်ကျောပေးလျှက်မှ…

“အီးးးးးးး…ကျုပ်ဒီဝိုင်းကနေအပြင်ထွက်မရဘူး…
ဟီးးးဟီးးးဟီးးးးးးးးးကျုပ်ဘယ်မှလည်းသွားလာမရဘဲ
ဒီသရက်ပင်မှာပဲနေနေရတာ…
ကျုပ်ဒုက္ခကအတော်ကြီးပါတယ်ဗျာ”

“အင်း…ဆက်ပြောပါဦးကွဲ့”

“ကျုပ်အမှားကြောင့် ကျုပ်ဒီဒဏ်ကိုခံနေရတာပါဗျာ…
အီးးးးးးဟီးးးးးးးးးးဟီးးးးးးးးးးးးးးးး”

“ဟဲ့…ဘာအမှားများလဲ….”

“အသက်ရှိစဥ်က သူတပါးအပေါ် ပေးဖို့ကမ်းဖို့အရမ်းတွန့်တိုမိတယ်…ဒါတင်မကဘူးဗျာ စီးပွားပြိုင်တဲ့သူဆိုရင်
ကျုပ်ကမနာလိုဘူး…အဲ့တာကြောင့်ပဲအခုလိုဖြစ်ရတာပါ”

“အင်း…မောင်ရင်က
ဘယ်သူ့အပေါ်မှာဘာအမှားတွေလုပ်မိထားတာတုန်း”

“ဘိုးဘလူအကြံနဲ့ကျုပ်ရဲ့ပြိုင်ဘက် ဘကြည်ကိုသတ်ဖို့
ကျုပ်သရဲမွေးလိုက်မိတယ်…ဒင်းကိုတစ်လတစ်ကြိမ်အမဲသားကျွေးရပြန်တယ်လေ…အစလ တွေမှာကျုပ်မှန်မှန်ကျွေးပါတယ်…ဘကြည်ကိုသတ်ဖို့ခိုင်းတော့ ဘကြည်ကအတော်ကံမြင့်နေပုံရပါတယ် ကျုပ်သရဲက သူ့ကိုသတ်လို့မရခဲ့ဘူး…
ဒါနဲ့ကျုပ်လည်း မွေးထားတဲ့ငပြူးကြီးဆိုတဲ့သရဲကို
ကတိအတိုင်းအမဲသားတွေမကျွေးဖြစ်တော့ဘူးလေ…
ဒါကို ဒင်းကမကျေနပ်ပြီး ကျုပ်ကို ဟောသည်သရက်ပင်အောက်မှာ ကျောကိုရိုက်ချပြီး အ​သေသတ်ခဲ့တယ်ဗျာ…
ကျုပ်သေပြန်တော့လည်းမအေးပါဘူး…
ဒင်းကရိုက်လိုက်ပုတ်လိုက်နဲ့အတော်အနိုင်ကျင့်တယ်လေ…
အခုတော့ဒင်းမရှိတော့ပါဘူး…
ကျုပ်ကသာ သူ့နေရာမှာကျန်ရစ်ခဲ့ရတာ…”

“သြော်…သြော်…သြော်…မောင်သိန်း…မောင်သိန်း..
သူတပါးကိုမကောင်းကြံချင်တာနဲ့ ကိုယ့်ဘဝကို
ဆုံးရှုံးခဲ့ရတာပါလား…ကဲပါ…ပြော
မောင်ရင်ဒီဘဝက ကျွတ်လွှတ်ဖို့ ဘွားဘက်က
ဘာလုပ်ပေးရမလဲ”

“ကျုပ်ကိုတကယ်ကူညီနိုင်တယ်ဆိုရင်တော့
ဒီသရက်ပင်အောက်က ခဲလုံးကိုယူပြီး
သင်္ချိုင်းမှာသွားထားပေးပါ…
ကျုပ်စိတ်က ဒီခဲသင်္ချိုင်းပြန်ရောက်မှကျုပ်ဘဝကျွတ်လွှတ်
မယ်လို့စိတ်စွဲနေလို့ပါဘွားရယ်…
အဲ့တာပြီးရင်တော့ ကျုပ်အတွက်အမျှအတန်းပေးဝေပေးပါဗျာ…နောက်ပြီးဘကြည်ကိုလည်းကျုပ်က
တောင်းပန်ပါတယ်လို့ပြောပေးပါဦး”

“အေးလေ…မောင်ရင့်သဘောအတိုင်းဖြစ်စေရပါမယ်”

ဘွားမယ်စိန်စကားဆုံးသည်နှင့် ဦးသိန်းသည် နောက်သို့
တစ်ချက်လှည့်စောင်းကြည့်ပြီးနောက်
သရက်ပင်ပေါ်သို့ပြေးတက်သွားတော့သည်။
ဘွားမယ်စိန်သည်လည်းမောင်တိုးတို့နှင့်အိမ်အတွင်းသို့ပြန်ဝင်လာလေတော့ ဒေါ်သင်းသင်းတို့မှာ မျှော်လင့်တကြီးစောင့်နေကြသည်ကိုတွေ့ရသောအခါ ဦးသိန်းပြောသည်များကို ပြန်ပြောပြလိုက်လေသည်။
ခင်ပွန်းသည်၏အဖြစ်​ကြောင့် ဒေါ်သင်းသင်းမှာ
ရင်ဘက်ကိုထု့၍ငိုကြွေးရှာသည်။

“အမယ်လေး…ကိုသိန်းရဲ့…ကျုပ်မပြောဘူးလား…
တော်သူများကိုမကောင်းတဲ့စိတ်ထားလို့အခုလိုဖြစ်ရတာ
ကိုသိနျးရဲ့…အီးးးးးဟီးးးးးဟီးးးးးးးးးးးးးးးးးးးးးး”

နောက်တစ်နေ့၌ ဦးသိန်းပြောသည့်အတိုင်းသရက်ပင်အောက်ရှိ
ကျောက်ခဲကိုရှာလေတော့ သရက်ပင်၏ပင်စည်အနီးတွင်တွေ့ရသော ကျောက်ခဲကိုကောက်ယူပြီး သင်္ချိုင်းသို့သွားပစ်ကြရသည်။
အဲ့သည်နောက်ဘုန်းကြီးများပင့်ဖိတ်၍ ကုသိုလ်ပြုအမျှအတန်းပေးဝေပေးသည်။
အမျှအတန်းပေးဝေချိန်၌ ဒေါ်သင်းသင်းခမျာ
မျက်ရည်ပေါက်ကြီးငယ်ကျဆင်းနေရှာ၏။
လုပ်စရာများလုပ်ကိုင်ပေးပြီးနောက် ဦးကြည်ကို
ဒေါ်သင်းသင်းကိုယ်တိုင်သွားရောက်​တောင်းပန်လေတော့…

“အင်း…မသင်းရယ်…ဒီကောင်မောင်သိန်း
ဒီလောက်ထိမိုက်လိမ့်မယ်လို့ ကျုပ်မထင်ခဲ့မိဘူး…
အခုတော့ဗျာမဖြစ်သင့်တာတွေဖြစ်ရတယ်လို့…
ဒါပေမယ့် ကျုပ်ခွင့်လွှတ်ပါတယ်ဗျာ…
ခွင့်လွှတ်ပါတယ်မောင်သိန်းရာ….”

ဦးကြည်လည်းစိတ်မကောင်းဖြစ်ရှာသလို ဦးသိန်းကိုလည်း
ခွင့်လွှတ်ကြောင်းပြောလေသည်။

ကိစ္စအားလုံးပြီးလေတော့
ဦးသိန်းတစ်ယောက်ကျွတ်လွှတ်သွားပုံရသည်။
ဘွားမယ်စိန်တို့လည်း ရွာသို့ပြန်ကြဖို့ပြင်ဆင်သည့်နေ့၌
ပေါက်စိန်ကုန်းရွာ၌ နာရေးတစ်ခုပေါ်လာခဲ့၏။
ထိုနာရေး၌သေသူသည်က
ဘိုးဘလူဆိုသော အဘိုးကြီးဖြစ်ပေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)