စာမူ…၁၃၆
ပထမပိုင်း
တစ်နေ့သ၌ဘွားမယ်စိန်၏နေအိမ်သို့
သူကြီးဦးနောင်ချိုနှင့်အတူအဝတ်အစား
သားသားနားနားဝတ်ဆင်ထားသည့် သူဌေးတစ်ဦးတို့
ရောက်လာခဲ့ကြသည်။
“ဘွား…ဒါ မြို့ကသူဌေး ဦးဗိုလ်ဝင်းတဲ့ခင်ဗျ…
သူဌေး…ခင်ဗျားပြောပြချင်တာရှိရင်ဘွားကို
ပြောပြလိုက်ပါ…”
ဟု…သူကြီးဦးနောင်ချိုကပြောတော့ သူဌေးဦးဗိုလ်ဝင်းက
ဘွားမယ်စိန်ကို အကဲခတ်သလိုကြည့်၍…
“ကျုပ်ကိုတော့ သူကြီးကအမေကြီးရဲ့အကြောင်းတွေကို
ပြောပြထားတယ်ခင်ဗျ… အဲ့တာနဲ့ကျုပ်ကလည်းအခက်အခဲတစ်ခုရှိနေတော့ ဒီကသူကြီးပြောတာ
ဟုတ်မဟုတ်သိချင်တာနဲ့လိုက်လာခဲ့တာပါ…”
ဟု…သူဌေးဦးဗိုလ်ဝင်းကပြောလိုက်သည်။
ဘွားမယ်စိန်ကခေါင်းတချက်ညိတ်၍…
“အဲ့သည်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်သလို
ဖြစ်သွားသလားကွဲ့….”
ဟု…ဘွားမယ်စိန်ကမေးတော့
သူဌေးဦးဗိုလ်ဝင်းပြုံးသွားသည်။
“အမေကြီးက တယ်လည်းတော်ပါပေတယ်ဗျာ…
ကျုပ်စိတ်ကိုသိနေတာပဲဗျ”
ဟု…သူဌေးဦးဗိုလ်ဝင်းကပြောလိုက်၏။
“အိုကွယ်…ဘယ်လူကဘယ်လိုမျက်နှာထားဆိုရင်ဖြင့်
သူ့စိတ်ထဲကဘာဆိုတာ ဒီအမယ်ကြီးတွေကသိတာပေါ့…
လူဖြစ်လာခဲ့တဲ့သက်တမ်းကလည်းနည်းမှမနည်းကွယ်…”
ဟု…ပြောလိုက်တော့ သူကြီးဦးနောင်ချိုက
သဘောကျစွာပြုံးရင်း…
“ကဲဗျာ…သူဌေး…ခင်ဗျားကလည်း
ပြောမယ့်အကြောင်းကိုသာပြောလိုက်စမ်းပါဗျာ…
တော်နေကြ…ကျုပ်တို့ဘွားက စိတ်မရှည်ဖြစ်လာရင်
သူ့တောင်ဝှေးနဲ့ရိုက်ထုတ်မှ ဟုတ်နေလိမ့်မယ်ဗျ…”
ဟုပြောလိုက်၏။
“ဒါဖြင့်လည်း ကျုပ်ပြောပါ့မယ်ဗျာ…
ဒီလိုဗျအမေကြီးရဲ့… ကျုပ်အဖေဘက်ကပိုင်တဲ့
စံအိမ်တစ်လုံးကို ကျုပ်အမွေရထားတာလည်း
အတော်ကြာပြီခင်ဗျ…
စံအိမ်က လူမနေတာလည်းနှစ်ပေါင်း
အတော်ကြာပါပြီဗျာ…
ခြံစည်းရိုးတောင်မရှိတော့တဲ့ အဲ့သည်စံအိမ်ကို
သူခိုးတောင် မကပ်ရဲဘူးတဲ့ခင်ဗျ…
ကျုပ်မိခင်ကြီးပြောပုံအရဆိုရင်တော့
အဲ့သည်စံအိမ်ကသရဲခြောက်သတဲ့ဗျ…
သရဲခြောက်လွန်းလို့လူမနေဖြစ်တာလို့လည်း
ပြောကြပါတယ်…
အယ်…အဲ့သည်လိုတွေသိတော့ ကျုပ်ကလည်း
ရှိတယ်တောင်မထင်မိတဲ့ အဲ့သည်စံအိမ်ကို
အသစ်ကပြုပြင်ပြီး လူတွေပါးစပ်ပိတ်သွားအောင်
နေလိုက်ချင်တယ်ဗျာ…
ဒါပေမယ့် ကျုပ်အမေက တားနေတော့ ကျုပ်လည်း
စံအိမ်ထဲကသရဲကို အရင်ရှင်းထုတ်ပစ်မယ်ဆိုတဲ့
ဆုံးဖြတ်ချက်တစ်ခုထဲနဲ့ အမေကြီးဆီကိုလာခဲ့တာပါ…”
ဟု…သူဌေးဦးဗိုလ်ဝင်းကပြောလိုက်သည်။
ဘွားမယ်စိန်က သူဌေးဦးဗိုလ်ဝင်းကမည်သည်မှမပြောသေးဘဲ အကြမ်းရေခွက်ကိုမော့သောက်လိုက်သည်။
ပြီးလေတော့ သူဌေးဦးဗိုလ်ဝင်းကိုစိုက်ကြည့်ပြီး…
“ဒီစံအိမ်က မောင်ရင့်အဖေကဝယ်ထားတာလား
ဒါမှမဟုတ် သူလည်းပဲ အမွေရထားတာလား…”
ဟုဘွားမယ်စိန်ကမေးလေတော့…
“ကျုပ်အဖေရဲ့အဖေပိုင်ခဲ့တဲ့စံအိမ်ပါအမေကြီး…
အဲ့သည်စံအိမ်ကြီးကို ကျုပ်ရဲ့အဘိုးဦးကိုကိုကြီး
ပိုင်ဆိုင်ခဲ့တာပါဗျာ…”
ဟု…သူဌေးဦးဗိုလ်ဝင်းကဖြေလေသည်။
“ဒါဆိုရင်မောင်ရင့်အဘိုးတို့နေထိုင်ခဲ့တဲ့စံအိမ်ပေါ့”
“အဲ့သည်လိုပဲပြောရမှာပေါ့ဗျာ…
ဒါပေမယ့်ကျုပ်အဘိုးက အဘွားနဲ့ယူပြီးနောက်ပိုင်း
အဲ့သည်အိမ်ကနေပြောင်းရွေ့လာခဲ့တော့…
စံအိမ်ကြီးက အခုထက်ထိတောင်အောင်
လူမနေဖြစ်ခဲ့တာဗျ…”
“စိတ်တော့ဝင်စားစရာပဲ…
စံအိမ်ကောင်းကြီးကိုပစ်ပြီး တခြားကိုပြောင်းခဲ့ကြတာ
ဆိုတော့ အဲ့သည်စံအိမ်ကြီးမှာ တစ်ခုခုဖြစ်ထားပုံရတယ်…
မောင်ရင်ဘာများသိထားသေးသလဲ”
ဟု…မေးတော့ သူဌေးဦးဗိုလ်ဝင်းမျက်နှာပျက်သွားသည်။
“ဟိုလေ…အမေကြီး…
အဲ့သည်စံအိမ်ကသရဲကိုပဲနှင်ထုတ်ပေးပါလားဗျာ…
ကျန်တာတော့ကျုပ်ဘက်ကမပြောချင်လို့ပါ”
ဟု…ပြောတော့ ဘွားမယ်စိန်သည် သူဌေးဦးဗိုလ်ဝင်းကို
ကြည့်၍ ပြုံးလိုက်သည်။
ပြီးနောက် ခေါင်းကိုခါရမ်းပြီး…
“ကျုးလွန်သူလား…တရားခံလားမသိဘဲနဲ့တော့…
ဘွားက သရဲကိုနှင်ထုတ်ပေးမယ့်သူလို့များမောင်ရင်ထင်သလားကွဲ့… “
ဟု…လေသံအေးအေးဖြင့်ပြောလိုက်သည်။
“မဟုတ်ပါဘူးဗျာ…ဒီအတွက်လည်းကျုပ်ဘက်က
ထိုက်သင့်တဲ့အဖိုးခပေးမှာပါဗျ…”
ဟု…သူဌေးဦးဗိုလ်ဝင်းကပြောတော့ သူကြီးဦးနောင်ချို
မျက်လုံးပြူးသွားသည်။
ဘွားမယ်စိန်၏မျက်လုံးများကလည်းသူဌေးဦးဗိုလ်ဝင်းကိုစိုက်ကြည့်၍နေလေသည်။
ထိုအခါ သူကြီးဦးနောင်ချိုက…
“သူဌေး…ကျုပ် ခင်ဗျားကိုပြောထားတယ်လေ…
ကျုပ်တို့ဘွားကို ငွေ​ကြေးကိစ္စမပြောပါနဲ့လို့
ခင်ဗျားကိုအသိပေးထားရဲဲ့နဲ့ဗျာ…
လာဗျာ…ခင်ဗျား ကျုပ်အိမ်ကိုပြန်လိုက်ခဲ့ပါတော့…
ဘွား…ကျူပ်ဒီလူ့ကိုပြန်ခေါ်သွားပါ့မယ်…
တောင်းပန်ပါတယ်ဗျာ…”
ဟု…ပြောရှာသည်။
ဒေါ်ဝင်းကခါးကြီးထောက်ကာကြည့်ရင်း…
“ဘယ်လောက်ရွှေ၊ငွေတွေရှိနေလို့
တော်ကဒီစကားပြောရတာလဲ…
ကျုပ်အမေဆီမှာ ငွေမရှိ၊ရွှေမရှိလို့ အခုလို
လုပ်ကိုင်နေတယ်လို့များထင်နေတာလား…ဟင်…”
ဟု…စိတ်ဆိုး၊မာန်ဆိုးဖြင့်
သူဌေးဦးဗိုလ်ဝင်းကိုရန်တွေ့တော့ ၏။
“မမဝင်းရာ…ကျူပ်တောင်းပန်ပါတယ်…”
သူကြီးဦးနောင်ချိုကပြောလေတော့
သူဌေးဦးဗိုလ်ဝင်းကသူမှားသွားတာကိုသိပြီး…
“အမေကြီး…စိတ်မရှိပါနဲ့ခင်ဗျာ…
ကျုပ်တောင်းပန်ပါတယ်…
ကျုပ်က ကျုပ်တို့မိသားစုကိစ္စတွေကို
လူတွေမသိစေချင်တဲ့သဘောနဲ့ ပြောမိလိုက်တာပါဗျာ…
ကျုပ်တောင်းပန်ပါတယ်…”
ဟု…ပြာပြာသလဲတောင်းပန်တော့သည်။
ဘွားမယ်စိန်ကခေါင်းတချက်ညိတ်၍…
“ဟောသည်နေရာမှာ မောင်ရင့်ရဲ့အကျိုးစီးပွားကို
ဖျက်ဆီးပစ်မယ့်သူတစ်ဦးတစ်ယောက်မှမရှိပါဘူးကွယ်…
ပြောသင့်တဲ့အရာဆိုပြောပြပါ…
ဒါမှ ဘွားဘက်ကလည်းကူညီပေးနိုင်တဲ့နည်းကို
စဥ်းစားလို့ရမှာလေ…”
ဟုပြောရှာသည်။
သူဌေးဦးဗိုလ်ဝင်းခေါင်းကိုညိတ်၍…
“ကျုပ်ပြောပါမယ်ဗျာ…
ဒါကိုကျုပ်သိတာလည်းမကြာသေးပါဘူး…
ကျုပ်အမေပြောပြလို့သိထားတဲ့အကြောင်းအရာတစ်ခုပါပဲအမေကြီး…”
“အေး…ဒါဆိုလည်းပြောပြကွယ်…”
“ဟုတ်ကဲ့…တကယ်တော့အဲ့သည်အိမ်မှာ
ခြောက်လန့်နေတဲ့သူက မရွှေပွင့်လို့ခေါ်တဲ့
အမျိုးသမီးပါ…”
ဟု…အစချီကာပြောပြတော့သည်။
ရွာအမည်က သခွပ်ပင်ရွာဟုခေါ်၏။
ထိုရွာ၌ ဦးကျွဲ…ဒေါ်သိန်းဟုခေါ်သော
ဆင်းရဲသောလင်မယားရှိ၏။
ထိုလင်မယား၌ မရွှေပွင့်ဟုခေါ်သော
အချောအလှသမီးလေးတစ်ယောက်ရှိကြသည်။
တစ်နေ့၌…
“အရီးသိန်း…အရီးသိန်း….”
တဲအပြင်၌ဆောင့်ကြောင့်ထိုင်ကာထမင်းရေငှဲ့နေသော
ဒေါ်သိန်းဆီသို့ရွာသားတစ်ယောက်အ​ပြေးတပိုင်းရောက်လာခဲ့သည်။
“ဘာဖြစ်တာလဲဟဲ့…”
ဟု…ဒေါ်သိန်းကမေးလေတော့…
“အရီးသိန်း ယောကျာ်း…ထန်းပင်ပေါ်က
ပြုတ်ကျပြီးဆုံးပြီဗျ…”
“ဟေ…ငါ့ယောကျာ်းထန်းပင်ပေါ်က ပြုတ်ကျတယ်
ဟုတ်လို့လားဟယ်…”
“အရီးကဟုတ်လို့လားမေးနေတယ်…
ဟိုမှာသူကြီးဦးကျော်ကောင်းတို့တောင်
ရောက်နေကြပြီဗျ…”
“ဟင်…အမယ်လေး…….”
ဒေါ်သိန်း ထမင်းအိုးကိုပစ်ချပြီး နေရာမှ
အပြေးထွက်လာခဲ့သည်။
ဒေါ်သိန်းယောကျာ်း ဦးကျွဲက ထန်းတက်စားသူဖြစ်၏။
သူများထန်းတော၌အခကြေးငွေယူကာ
ထန်းတက်နေသူဖြစ်သည်။
ထန်းတက်သည့်အလုပ်ကို ကျွမ်းကျင်နေသော
ဦးကျွဲတစ်ယောက် ယခုတော့ ထန်းပင်ပေါ်မှ
ပြုတ်ကျကာဆုံးပါးသွားခဲ့ရှာသည်။
ဦးကျွဲ၏အသုဘက ရွာသူ၊ရွာသားတို့၏
ကောင်းမှုကြောင့် ကောင်းကောင်းမွန်မွန်ပြီးဆုံးခဲ့ရသည်။
ဖခင်မရှိတော့သော မရွှေပွင့်လေး၏ဘဝကလည်းပို၍
ကွမျးတမျးလာ၏။
အခကြေးငွေယူကာလယ်တောလိုက်၍
ရုန်းကန်ရသော မရွှေပွင့်လေးကို ဒေါ်သိန်း
ကြည့်မိတိုင်းသက်ပြင်းချရ၏။
သက်ပြင်းချဆို မရွှေပွင့်က သူတို့ကဲ့သို့အသားမည်းမည်း
ကြမ်းကြမ်းတမ်းတမ်းမဟုတ်သောကြောင့်ပင်။
မရွှေပွင့်ရဲ့အသားအရည်လေးက ဖြူကာဖွေးပြီး
ရုပ်ကလေးကလည်းချောမောလွန်း၏။
ရွာရှိလူများကပင်…
“ကျီးသိုက်ထဲဗျိုင်းရောက်နေတာဟေ့…”
ဟု…ပြောကြသည်အထိ မရွှေပွင့်လေးက
သူတို့လင်မယားနှင့်မတူပေ။
“ရွှေပွင့်…”
“ရှင် အမေ…”
ဒေါ်သိန်း သမီးဖြစ်သူကို ပြောဖို့
တွန့်ဆုတ်နေမိသည်။ပြော၍မထွက်ဖြစ်နေပုံရ၏။
“အမေ…ကျုပ်ကိုခေါ်ပြီး…ဘာပြောမလို့လဲတော့်”
ရွှေပွင့်ကမိခင်မျက်နှာကိုကြည့်ပြီး မေးလေတော့…
“ဟိုလေ…ညည်း ကို ရွာလယ်က ရွှေဝိုင်းက
လက်ထပ်ချင်တယ်လို့ငါ့ကိုပြောနေတာအေ့…”
ဟု…ဒေါ်သိန်းကပြောတော့ မရွှေပွင့်
မျက်လုံးပြူးသွားသည်။
“အဲ့တော့အမေကဘာပြန်ပြောလိုက်လဲ”
ဟု…မရွှေပွင့် ဒေါ်သိန်းကိုပြန်မေးတော့ ဒေါ်သိန်းကသက်ပြင်းချ၍…
“ဘာပြောရမှာလဲအေ…
ညည်းချမ်းချမ်းသာသာနေရမယ့်အရေးမို့
ငါလက်ခံခဲ့လိုက်တယ်…”
ဟု…ပြောသောအခါ မရွှေပွင့် အထိတ်တလန့်ဖြင့်…
“အမေရယ်…ကျုပ်သဘောထားကိုမေးပါဦးလား…
ဒင်းလိုအသားမည်းမည်းရုပ်ဆိုးဆိုးကိုကျုပ်မယူနိုင်ဘူး…
ကျုပ်မယူချင်ဘူးတော့်…….”
ဟု…မရွှေပွင့်က အော်၍ငိုတော့သည်။
“အမေကညည်းကိုကောင်းစားစေချင်လို့ပါသမီးရယ်…”
ဒေါ်သိန်းထိုမျှသာပြောပြီး တဲအိမ်လေးထဲမှ
ထွက်သွားတော့သည်။
နောက်ရက်၌ ရွှေဝိုင်းက မရွှေပွင့်ကို
လယ်တွေ…ယာတွေ…ရွှေငွေလက်ဝတ်လက်စားတွေဖြင့်
လာ၍တင်တောင်းတော့သည်။
“အမေ…ကျုပ်တို့ကရွှေနှစ်ရွှေဆိုတော့
သိပ်လိုက်ဖက်တာပဲနော်…”
အဆီတရွဲရွဲမျက်နှာဆိုးကြီးဖြင့် ဒေါ်သိန်းကိုအမေဟုခေါ်ကာပြောလိုက်သည်။
မရွှေပွင့်ကတော့နှာခေါင်းရှုံ့၏။
လာရောက်ကြည့်ရှု့သောရွာသူ၊ရွာသားများကလည်း…
“ဗျိုင်းကို ကျီးကန်းချီတယ်ဆိုတာ ဒါမျိုးဟဲ့…”
“ဟုတ်ပ…သူ့ရုပ်မှအားမနာအေ…
ငါတော့ မရွှေပွင့်လေးပဲသနားတယ်…”
ဟု…မရွှေပွင့်ဘက်မှနာ၍ပြောကြလေသည်။
မရွှေပွင့်ကတော့ ချိုသည်၊ခါးသည်မပြောဘဲ
ငြိမ်၍သာနေ၏။
ဒေါ်သိန်းကတော့သမီးဖြစ်သူကိုသာကြည့်နေခဲ့ရှာသည်။
တင်တောင်းခြင်းအခမ်းအနားပြီးသွားလေတော့…
“သမီးရွှေပွင့်…အမေမှားများမှားသွားပြီလားအေ…”
ဟု…ဒေါ်သိန်းကမေးတော့…
“အမေမမှားပါဘူး…အမေမှန်ပါတယ်…
အမေတို့လိုမဆင်းရဲစေချင်လို့ ကျုပ်ကို အခုလို
စီစဥ်ပေးခဲ့တာကို ကျုပ်နားလည်ပါတယ်အမေ…”
“အင်း…အမေ့ကိုသမီးက နားလည်ပေးပြီး
အမေကိုယ်တိုင်ကသမီးစိတ်ကိုနားလည်မပေးနိုင်
ဖြစ်ခဲ့တယ်…ဒီတော့ သမီးရယ် သမီးစိတ်သဘောကျအတိုင်းသာလုပ်ပါ…အမေ မင်္ဂလာဆောင်ကို
ဖျက်သိမ်းပေးမယ်အေ…”
ဟု…ဒေါ်သိန်းကပြောတော့ မရွှေပွင့်ဝမ်းသာသွားပြီး…
“အမေ…အမေ…တကယ်ပြောတာနော်…”
ဟု…ဝမ်းသာအားရပင်ပြောရှာသည်။
“တကယ်ပြောတာပါအေ…
အဲ့သည်အကောင်တင်တောင်းထားတာတွေကို
အမေအကုန်ပြန်ပေးလိုက်မယ်…
ဒါပေမယ့် သမီးကတော့ရွာကနေထွက်သွားမှ
ရလိမ့်မယ်…”
“ရှင်…”
“မရှင်နဲ့သမီး..ညည်းဒီရွာမှာရှိနေရင် ဒီအကောင်က
လက်လျော့မှာမဟုတ်ဘူး…ဒါ့ကြောင့်
အမေ့သူငယ်ချင်း မိဖြူတို့အလုပ်လုပ်နေတဲ့
မြို့ကိုလိုက်သွားချေ…
အမေသူတို့လိပ်စာကိုသိထားတယ်…
ငါ့သမီးသာအဲ့ကိုအရောက်သွားနော်…”
“ကျုပ်အမေ့ကိုတစ်ယောက်ထဲစိတ်မချဘူးအမေ…”
“အမေ့ကိုစိတ်ချပါအေ…
အမေ့တစ်ဝမ်းတစ်ခါးအတွက်ကတော့ ဒီရွာမှာ
နေလို့ရပါတယ်…သမီးသာကိုယ့်ဘဝကို ကိုယ်တိုင်
ဆုံးဖြတ်ကြားလား…ဒါပေမယ့် ဆုံးဖြတ်ချက်တော့မမှားစေနဲ့နော်သမီး…”
“ဟုတ်ကဲ့အမေ…”
ထိုသို့ဖြင့် မရွှေပွင့်လေးလည်း ရွှေဝိုင်းနဲ့ဝေးရာ
မြို့သို့တိတ်တဆိတ်တက်လာခဲ့တော့၏။
ဒေါ်သိန်းပြောပြလိုက်သည့်လိပ်စာအတိုင်းရောက်လာတော့ ဒေါ်သိန်း၏သူငယ်ချင်းဒေါ်ဖြူနှင့်တွေ့ခဲ့ရသည်။
ဒေါ်ဖြူကလည်း မရွှေပွင့်လေးကို သူအလုပ်လုပ်ကိုင်နေသည့် ဆေးလိပ်ခုံ၌အလုပ်သွင်းပေးသောကြောင့်
မရွှေပွင့်လည်း ဆေးလိပ်သမအဖြစ်
လုပ်ကိုင်နေခဲ့တော့သည်။
ရလာသောအခကြေးငွေများကိုလည်း
ဒေါ်ဖြူရွာပြန်သည့်အခါ မိခင်ကြီးအတွက်
ထည့်ပေးရှာ၏။
“ရွှေပွင့်ရေ…ညည်းရွာကထွက်လာတော့
ရွှေဝိုင်းက တစ်ရွာလုံးအော်ဟစ်ပြီး
ညည်းကိုလိုက်ရှာတာတဲ့…
ညည်းအမေကိုလည်း ဓားကြိမ်း ကြိမ်းပြီး
ရန်ရှာလို့ သူကြီးတို့ကဝင်တားရတာတဲ့အေ…
အတော်ဆိုးတဲ့အကောင်ပါ…”
ဟု…ဒေါ်ဖြူက ရွာကပြန်ရောက်လာတော့ ထိုအကြောင်းများကိုပြန်ပြောပြရှာသည်။
“ညည်းရွာပြန်လို့တော့မရသေးဘူး…
ဟိုအကောင်က ညည်းကိုအသေရရ…
အရှင်ရရလိုချင်နေတာ…”
“ကျုပ်လည်းမပြန်ချင်ပါဘူးအရီးဖြူရယ်…
ကျုပ်အမေကိုသာအဝေးကနေအခုလိုလေး
ထောက်ပံ့နိုင်ရင်ကျုပ်အတွက်အဆင်ပြေပါတယ်…”
မရွှေပွင့်သည် ဆေးလိပ်ခုံ၌သာလုပ်ကိုင်နေခဲ့ရာ
ဆေးလိပ်ခုံပိုင်ရှင် သူဌေး ဦးဘဦးရဲ့သား
ကိုကိုကြီးက မရွှေပွင့်ကိုချစ်ခင်နေခဲ့သည်။
မရွှေပွင့်ကိုအရိပ်တကြည့်ကြည့်နေခဲ့သူမို့…
“ရွှေပွင့်…သူဌေးရဲ့သားက ညည်းကိုကြိုက်နေပုံ
ရတယ်အေ့…”
ဟု…ဒေါ်ဖြူကပြောတော့…
“ကျုပ်ကတော့ သူ့ကိုမကြိုက်ပါဘူးအရီးဖြူ…”
“အေးလေ…အရီးကလည်းအဲ့တာပဲပြောတာ…
ညည်းက ကတော်ရုပ်ကလေးအေ့…
လိုချင်သူကများတယ်…
ကိုယ့်ဘက်ကမချစ်ရင်တော့ အတတ်နိုင်ဆုံးရှောင်နော်”
“ဟုတ်ကဲ့အရီးဖြူ…”
မရွှေပွင့်ဘက်က သူဌေးသားကိုကိုကြီးကို
အတတ်နိုင်ဆုံးရှောင်လေသည်။
“ရွှေပွင့်လေး…”
“ဟုတ်ကဲ့…”
“ရွှေပွင့်လေးကလေ…သိပ်လှတာပဲကွယ်…
ဟောသည်က ကိုကိုကြီးတော့ ရွှေပွင့်လေးရဲ့ အလှမှာ
မြောနေပြီကွယ်…”
ကိုကိုကြီးက ထိုသို့ပြောသော်လည်း မရွှေပွင့်က
စကားပြန်၍မပြောပေ။
“ရွှေပွင့်လေး…ကိုကိုကြီးကို ပြန်ပြောဦးလေကွယ်…”
“ကျုပ်ကဘာပြောရမှာလဲ”
“ဟောဗျာ…ဒီက ရွှေပွင့်လေးကို
ကိုကိုကြီးကချစ်ခင်တွယ်တာစိတ်တွေများနေပြီဆိုတာ
ရွှေပွင့်လေး မသိချင်ယောင်ဆောင်နေသလားကွယ်…
ကိုကိုကြီးကတော့ အဖေတို့အမေတို့ကိုတောင်
ရွှေပွင့်လေးကို တောင်းရမ်းလက်ထပ်ပါရစေလို့
ခွင့်တောင်းပြီးပြီရွှေပွင့်လေးရဲ့…
အဲ့တာ ရွှေပွင့်လေးသဘောကရော ဘယ်လိုသဘောရလဲ”
“ကျုပ်သဘောကိုမေးတာလား…”
“ဒါပေါ့ရွှေပွင့်လေးရယ်…ကိုကိုကြီးဘက်က
ရွှေပွင့်လေးရဲ့သဘောထားကို မေးရမှာပေါ့”
“ကျုပ်သဘောထားကိုပြောရရင်…
ကျုပ်လက်မခံနိုင်ဘူး…
ဘာကြောင့်ဆို…ကျုပ်မှတော့်ကို မချစ်တာ…”
မရွှေပွင့်ကထိုသို့ပြောတော့ ကိုကိုကြီး
မျက်နှာပျက်သွားသည်။
မျက်နှာပျက်တာကိုအပြုံးဖြင့်ပြန်ပြင်ပြီး…
“ကိုကိုကြီးက ရုပ်ကလည်းပျိုတိုင်းကြိုက်တဲ့ရုပ်ပါ
ရွှေပွင့်လေးရယ်…
ငွေရေးကြေးရေးကိုကြည့်ရင်လည်းသူဌေးသားပါကွာ…
ဒါကိုဘာကြောင့်များ ရွှေပွင့်လေးက
သဘောမကျရတာလဲ…”
ဟုပြောလေတော့ မရွှေပွင့်က ကိုကိုကြီး၏
မျက်နှာကိုကြည့်၍…
“ကျုပ်တော့်ကိုမချစ်လို့လက်မခံတာပါ…
ကျုပ်ကိုသွားခွင့်ပြုပါ…”
ဟုပြော၍ ကိုကိုကြီး၏အနီးမှ ထွက်လာခဲ့လိုက်သည်။
ကိုကိုကြီးကတော့ မရွှေပွင့်၏
နောက်ကျောကိုကြည့်ရင်း…
“မင်းသိပ်လှတယ်ရွှေပွင့်…
မာနခဲလေးရွှေပွင့်…မကြာခင်ငါ့လက်ထဲရောက်ကို
ရောက်စေရမယ်…”
ဟု…ကြိမ်းဝါးလေသည်။
တစ်ရက်ရောက်တော့…
“ရွှေပွင့်…”
“ရှင်သူဌေး…”
“လာဦး…ခဏ…”
“ဟုတ်ကဲ့…”
ကိုကိုကြီး၏ဖခင်သူဌေးဖြစ်သူကိုယ်တိုင်က
ခေါ်သောကြောင့်မရွှေပွင့် သူဌေးထိုင်နေသော ကုလားထိုင်အနီးသို့သွားလိုက်သည်။
“ရော့…ဒီအထုပ်ကိုယူပြီး
ငါပြောတဲ့လိပ်စာကိုသွားပို့လိုက်…”
“ဟုတ်ကဲ့သူဌေး…”
မရွှေပွင့်လည်းသူဌေးဖြစ်သူခိုင်းတဲ့အတိုင်းသွားပို့ဖို့ရန်
အိမ်ထဲမှထွက်လာခဲ့သည်။
သူဌေးဖြစ်သူကတော့ မရွှေပွင့်ကိုလှမ်းကြည့်၍…
“ဟင်း….နင်လိုတောသူမ ကများ…
ငါ့သားကိုငြင်းရတယ်လို့…အခုတော့ဖြင့်
နင့်ဘဝဘာဆက်​ဖြစ်မလဲဆိုတာ
ငါစောင့်ကြည့်မယ်…”
ဟု…မကျေမနပ်ဖြင့်ပြောလိုက်သည်။
မရွှေပွင့်သွားပို့ရသည့်စံအိမ်ကြီးက
အသစ်ဆောက်လုပ်ထားသော စံအိမ်ကြီးပင်ဖြစ်သည်။
မရွှေပွင့်ခြံထဲကိုတစ်ချက်လှမ်းကြည့်ပြီး
အော်ကာခေါ်သော်လည်းမည်သူမှထွက်မလာပေ။
“ခြံတံခါးကပွင့်နေတာပဲ…
အိမ်ကြီးရှင်တို့ကျုပ်ဝင်လာမယ်နော်…”
မရွှေပွင့် ထိုသို့အော်ပြောပြီး ခြံထဲဝင်လာခဲ့၏။
“အိမ်ရှင်တို့…အိမ်ရှင်တို့….”
မရွှေပွင့်အော်ခေါ်သော်လည်း မည်သူမှထွက်မလာပေ။
“ကျွီ…”
“ဟင်…”
ရုတ်တရက်တံခါးကပွင့်လာသော်လည်း
မည်သူမှထွက်မလာ၍မရွှေပွင့်အံ့သြသွားသည်။
“အိမ်ရှင်တို့…”
မရွှေပွင့်လည်း ပွင့်လာသောတံခါးအတိုင်း
အိမ်ကြီးထဲကိုဝင်လိုက်တော့ အနောက်ပါးဆီမှ
ရုတ်တရက်အဖက်ခံလိုက်ရ၍…
“အမယ်လေး…”
“ရွှေပွင့်လေး…လန့်သွားလား…”
“ကိုကိုကြီး…ရှင်…ရှင်…ဒါဘာလုပ်တာလဲ…
ကျုပ်ကိုလွှတ်ပါ…ကျုပ်ကိုလွှတ်ပေးပါတော်…”
“မလွှတ်နိုင်ဘူးကွယ်…ကိုကိုကြီးလေ…
ရွှေပွင့်လေးကိုရအောင်ယူမယ်…
ရွှေပွင့်လေးကို ကိုကိုကြီးလက်ထပ်မယ်နော်…”
“ရှင်…ကျုပ်ကိုလွှတ်…
အခုလိုမျိုးကျုပ်ဘဝကိုဖျက်ဆီးယုံနဲ့
ကျူပ်တော့်ကိုယူမယ်လို့ထင်သလား…
ကျုပ်ကိုလွှတ်ပေးပါ…ကျုပ်ကိုလွှတ်ပေးပါတော်…”
မရွှေပွင့်ကအော်ဟစ်၍ပြောပါသော်လည်း
ကိုကိုကြီးတစ်​ယောက်က မည်သို့မှမလွှတ်ပေးခဲ့ပေ။
မရွှေပွင့်သည်သာရုန်းကန်၍နေသော်လည်း
ကိုကိုကြီးကတော့ မရွှေပွင့်ဘဝကိုအရသိမ်းပိုက်ခဲ့၏။
“ကိုကိုကြီးလေ…
ရွှေပွင့်လေးနဲ့လက်ထပ်မယ့်ရက်ကို အဖေနဲ့
တိုင်ပင်လိုက်မယ်နော်…
ပြီးရင်ဟောသည်စံအိမ်အသစ်ကြီးမှာ ရွှေပွင့်လေးနဲ့
ကိုကိုကြီးအတူတူနေကြမယ်…နော် ရွှေပွင့်လေး…”
ကိုကိုကြီးက မရွှေပွင့်ဘဝကိုရယူနိုင်ခဲ့သည်မလို့
ပျော်ရွှင်မြူးတူးနေသော်လည်း မရွှေပွင့်သည်က မျက်ရည်များဖြင့် မည်သည့်စကားမှမပြောတော့ပေ။
“ကိုကိုကြီးပြန်နှင့်မယ်နော်…
ရွှေပွင့်လေးလည်းဂရုစိုက်ပြန်လာ…
အိမ်သော့ကို ရွှေပွင့်လေးပဲယူခဲ့လိုက်နော်…”
ဟု…ပြော၍ ကိုကိုကြီးပြန်နှင့်လေသည်။
ထိုနေ့ကမရွှေပွင့်တစ်ယောက် ပြန်မရောက်လာခဲ့ပေ။
ဒေါ်ဖြူလည်း မရွှေပွင့်ပြန်မလာ၍ သူဌေးကို​ပြောပြီး
ရှာကြရာ၌…မရွှေပွင့်သည် စံအိမ်ကြီးထဲ၌ ကြိုးဆွဲချ၍
သေဆုံးနေသည်ကိုတွေ့လိုက်ကြရတော့၏။
“အမယ်လေး…ကျုပ်ရင်တွေကျိုးရပါပြီဗျာ…
ရွှေပွင့်လေးရယ်… ဘာလို့အခုလိုလုပ်ရတာလဲ…
အီးးးဟီးးးးဟီးးးးးးးးးးးး”
ကိုကိုကြီးတစ်ယောက်ရွှေပွင့်အလောင်းကိုဖက်၍
အော်ဟစ်ကာငိုယိုတော့သည်။
သို့သော်မရွှေပွင့်သည်က မချစ်မနှစ်သက်သူနှင့်
အတူတူမနေလိုသောကြောင့်အသက်ပေးသွားခဲ့ရှာသည်။
မရွှေပွင့်သေဆုံးသွားပြီဆိုသောသတင်းကို
ကြားသိလိုက်ရသော ဒေါ်သိန်းသည်လည်း
သွက်သွက်ခါအောင်ရူးသွားခဲ့တော့သည်။
အချိန်များတရွေ့ရွေ့ပြောင်းလာတော့
ကိုကိုကြီးတစ်ယောက် သူဌေးသမီးတစ်ယောက်နှင့်
လက်ထက်ကာ မရွှေပွင့်သေဆုံးသွားသည့်
စံအိမ်ကြီး၌အတူနေခဲ့လေသည်။
သို့သော် မရွှေပွင့်၏ဝိညာဥ်ကစံအိမ်ကြီးအတွင်း၌
ရှိနေပြီး…
“နင့်ကိုငါသတ်မယ်…
နင့်ကိုငါသတ်မယ်…”
“အမယ်လေး…ရွှေပွင့်လေး…မ…မလုပ်ပါနဲ့…
မလုပ်ပါနဲ့…”
“အစ်ကို…အစ်ကို…ထပါဦး…အိမ်မက်ဆိုးတွေ
မက်နေတာလား”
“ဟင်…”
ကိုကိုကြီးတစ်ယောက်ချွေးများစိုရွဲပြီးနိုးလာခဲ့သည်။
“မြင့်…မြင့်…အစ်ကိုတော့မှားပြီ…
ရွှေပွင့်…ရွှေပွင့်က အစ်ကို ကိုသတ်ချင်နေတယ်…”
မြင့်သူဇာသည် ကိုကိုကြီးနှင့်မရွှေပွင့်တို့
အကြောင်းကိုသိထား၏။
“မြင့်တို့ဒီအိမ်မှာဆက်မနေသင့်တော့ဘူး..
ကြာရင် အစ်ကိုလည်း ကျန်းမာရေးထိလာနိုင်တယ်…
နောက်ပြီး မြင့်လည်းလေ တစ်ခါတစ်လေ ဒီစံအိမ်ကြီးထဲမှာမရွှေပွင့်ရဲ့ ဝိညာဥ်ကိုမြင်ရတယ်အစ်ကို…”
ဟု…မြင့်သူဇာကပြောလိုက်သည်။
ထိုသို့ဖြင့်ကိုကိုကြီးနှင့်မြင့်သူဇာတို့လည်း
စံအိမ်ကြီး၌ဆက်မနေတော့ဘဲ ပြောင်းရွေ့လာခဲ့ကြသည်။
စံအိမ်ကြီး၏ပြတင်းတံခါး၌ တစ်ခါတစ်ရံ
မရွှေပွင့်ကိုမြင်ရသည်ဟုပြောသူများရှိသကဲ့သို့
စံအိမ်ကြီးထဲသို့ဝင်ရောက်မိသူတိုင်းကိုလည်း
မရွှေပွင့်ကခြောက်လန့်၍ထုတ်တတ်၏။
ထို့ကြောင့် ထိုစံအိမ်ကြီးသည် သူခိုးပင်မကပ်ရဲခဲ့ပေ။
သူဌေးဦးဗိုလ်ဝင်းပြောပြသော မရွှေပွင့်၏
အကြောင်းများကိုနားထောင်ပြီးနောက်…
“ဒါဖြင့် မရွှေပွင့်က မောင်ရင့်ရဲ့အဘိုးကိုအတော်အခဲမကျေဖြစ်နေရှာမှာပဲ…”
“ဟုတ်တယ်ခင်ဗျ…
ကျုပ်အဘိုးကြောင့်သေခဲ့ရတာလေဗျာ…
သူလည်းဘယ်အခဲကျေပါ့မလဲအမေကြီးရယ်…”
“အင်း…ဖြစ်နိုင်ပါတယ်…”
“ကျုပ်လည်းဒီအကြောင်းတွေကို
ကျုပ်အမေပြောပြမှသိခဲ့ရတာ…
ဒါကြောင့်လည်း ကျုပ်အမေက ဒီစံအိမ်ကို
ပြန်ပြုပြင်မှာစိုးရိမ်နေတာဗျ…”
ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။
သူဌေးဦးဗိုလ်ဝင်းကဆက်၍…
“ကျုပ်လေ အမေကြီးကို အဲ့သည်စံအိမ်​ကြီးဆီ
ခေါ်သွားပြီး မရွှေပွင့်ရဲ့ဝိညာဥ်ကို
မောင်းထုတ်ချင်တယ်ဗျာ…
အမေကြီးဘက်ကကျုပ်ကို ကူညီပေးနိုင်မလား”
ဟု…ပြောတော့ဘွားမယ်စိန်က ပြန်၍မဖြေဘဲ
ရေနွေးကြမ်းကိုမော့သောက်လိုက်သည်။
စဥ်းစားနေပုံလည်းရ၏။
ခဏမျှကြာလေတော့မှ ခေါင်းကို ညိတ်၍…
“ဘွားကူညီပေးပါ့မယ်…”
ဟု…ပြောလေတော့ သူဌေးဦးဗိုလ်ဝင်း
ဝမ်းသာသွားတော့သည်။
ထိုသို့ဖြင့် ဘွားမယ်စိန်လည်း
မောင်တိုးနဲ့မောင်အုန်းကိုခေါ်၍ သူဌေးဦးဗိုလ်ဝင်း
နေထိုင်ရာမြို့သို့လိုက်လာခဲ့တော့သည်။
သူဌေးဦးဗိုလ်ဝင်းကသူ၏နေအိမ်သို့
ဘွားမယ်စိန်တို့ကိုခေါ်လာခဲ့သည်။
သူ၏ဇနီး ဒေါ်မြချစ်နှင့်သားဖြစ်သူတို့ကလည်း
ဘွားမယ်စိန်ကိုရိုရိုသေသေပင်ဆက်ဆံကြလေသည်။
“ဟဲ့…ဝင်းဗိုလ်…”
“ဗျာ…အမေ…”
“နင့်ကိုငါပြောတယ်…သတိလည်းပေးတယ်နော်…
အဲ့သည်စံအိမ်ကို ဒီအတိုင်းပဲပစ်ထားလိုက်လို့
ပြောနေတာကို…နင်ကငါ့စကားနားမထောင်ဘဲ…
အခု ဒီကအစ်မကြီးတို့ကိုပါ ဒုက္ခရောက်အောင်
ခေါ်လာသေးတယ်…”
“အမေရာ…ကျုပ်ကိစ္စကျုပ်ရှင်းနိုင်ပါတယ်ဗျ…”
“အေးပေါ့…လူအိုတော့ဘယ်အရာရောက်ပါ့မလဲ”
“မဟုတ်ပါဘူးအမေရာ…”
သူဌေးဦးဗိုလ်ဝင်း၏မိခင်ကြီးက စံအိမ်ကြီးကို
ပြန်မပြင်ဖို့ တားရှာသည်။
နောက်တစ်နေ့နံနက်ရောက်​တော့…
“မောင်ဝင်းဗိုလ်…”
“ဗျာ…အမေကြီး”
“ဘွားတို့တတွေဒီညနေ စံအိမ်ကြီးမှာပဲ
သွားနေမယ်ကွယ်…”
“ဗျာ…ဘာလို့လဲဗျ…
ကျုပ်အိမ်မှာမနေချင်တော့လို့လားအမေကြီး”
“မဟုတ်ပါဘူးကွယ်…
စံအိမ်ကြီးထဲက မရွှေပွင့်ရဲ့ဝိညာဥ်နဲ့
တွေ့ချင်လို့ပါ…မောင်ရင့်ရဲ့အိမ်ကကောင်းပါရဲ့…
ဒါပေမယ့်ရောက်လာရတဲ့ကိစ္စကို
အရင်​ဖြေရှင်းချင်တယ်ကွယ်…”
“ဟုတ်ကဲ့…အမေကြီးသဘောပါ…
ဒါပေမယ့် စံအိမ်ကအတော်အိုဟောင်းနေပြီခင်ဗျ…
အမေကြီးတို့နေထိုင်ဖို့မသင့်ဘူးနော်…”
“ရပါတယ်ကွယ်…ဒီလိုပဲ
ဖြစ်သလိုနေကြည့်ပါ့မယ်…”
ဘွားမယ်စိန်က တားမရသည်မို့
သူဌေးဦးဗိုလ်ဝင်းလည်းဆက်မတားတော့ဘဲ
သဘောတူလိုက်ရသည်။
ဘွားမယ်စိန်နဲ့မောင်တိုး၊မောင်အုန်းတို့ကို
သူဌေးဦးဗိုလ်ဝင်းက စံအိမ်ကြီးဆီကိုလိုက်ပို့ပေး၏။
“အိမ်ကတော့မြင်တဲ့အတိုင်းပဲအမေကြီး…
အတော်လေးပျက်စီးနေပြီဗျ”
အိုမင်းပျက်စီးနေသော စံအိမ်အိုကြီးကို
ဘွားမယ်စိန်ငေးကြည့်နေသည်။
“ကောင်လေးတွေ…ဒီမှာ…မင်းတို့အတွက်
ရေနွေးဘူး…ရေဘူးနဲ့…ထမင်းချိုင့်တွေပါ
ထည့်ပေးထားတယ်…
အခင်းလေးခင်းပြီး နေလို့ရအောင်လည်း
ပြင်ပေးထားတယ်ကွ…နော်…”
“ဟုတ်ကဲ့သူဌေး”
မောင်တိုးတို့နဲ့စကားခဏပြောပြီးနောက်သူဌေးဦးဗိုလ်ဝင်းသည် ဘွားမယ်စိန်ကိုနှုတ်ဆက်၍ပြန်သွားခဲ့တော့၏။
“အမေကြီး…ကျုပ်အိမ်ကိုပြန်လာချင်လည်းလာခဲ့ပါဗျာ…
ကျူပ်ကအခုလိုကြီးတော့မနေစေချင်ဘူးဗျ”
“ပြန်မယ့်အရေးသာပြန်ပါကွယ်…
ဘွားသိပါတယ်”
“ဟုတ်ကဲ့…ဒါဖြင့်ကျူပ်ပြန်မယ်နော်…
မနက်ကျကျုပ်လာခဲပါ့မယ်…”
သူဌေးဦးဗိုလ်ဝင်းပြန်သွားတော့ မောင်တိုးတို့
ထိုင်နေသောနေရာဆီကို ဦးလေးကြီးတစ်ယောက်
ရောက်လာခဲ့သည်။
“ဒီကငါ့တူတို့က မကြောက်မရွံ့နဲ့ဒီနေရာမှာ
ဘာလုပ်နေကြတာလဲကွဲ့…”
ဟုဦးလေးကြီးကမေးလေတော့…
“ကျုပ်တို့က ဒီစံအိမ်ပိုင်ရှင်ရဲ့အသိတွေပါ
ဦးကြီး…ဦးကြီးကရောဘယ်သူလဲဗျ”
ဟု…မောင်တိုးကပြန်မေးလိုက်သည်။
“ဦးကြီးက ဟော…ဟိုလမ်းအစွန်ကအိမ်က ကွဲ့…
​မောင်ရင်တို့ထိုင်နေတာမြင်လို့လာသတိပေးတာပါ…
ဒီစံအိမ်နားမှာမနေကြနဲ့ကွဲ့…တော်နေဆို
မိုးကချုပ်တော့မှာ…သရဲမကအတော်လေး
အခြောက်အလန့်ကြမ်းတယ်ငါ့တူတို့ရဲ့”
ဟု…ပြောသောအခါ မောင်တိုးကခေါင်းညိတ်၍…
“ဒီအတွက်တော့မပူလေနဲ့ဦးကြီး…
ကျုပ်တို့ကလည်းဒီသရဲမအတွက်ပဲ
ရောက်လာကြတာဗျ…”
ဟု​ပြောတော့ …
“ဘယ်လိုကွဲ့…ဒါဖြင့်မောင်ရင်တို့ကဆရာတွေလား”
ဟု…ဦးလေးကြီးကတအံတသြမေးတော့ မောင်တိုးကခေါင်းခါပြီး ဘွားမယ်စိန်ကိုညွန်ပြ၍…
“မဟုတ်ပါဘူးဗျာ…ဟော…ဟိုမှာစံအိမ်ကိုကြည့်နေတဲ့
ဘွားကမှ ဒီဝိညာဥ်ကိုဖယ်ရှားပေးမယ့်သူပါဗျ…
ကျုပ်တို့ကဘွားနောက်ကိုလိုက်လာခဲ့ကြတဲ့သူတွေပါ…”
“သြော်…အေးကွယ်…ဂရုတော့စိုက်ကြနော်…
ဒါဖြင့်ဦးကြီးပြန်လိုက်ဦးမယ်…”
ဦးလေးကြီးကမောင်တိုးတို့ကိုနှုတ်ဆက်၍
ပြန်သွားခဲ့သည်။
ဘွားမယ်စိန်မောင်တိုးတို့အနီးသို့ပြန်ရောက်လာပြီး…
“စံအိမ်ထဲကိုတော့ဝင်လို့ရမယ်မထင်ဘူးကွဲ့…
ညကျရင်တော့ ဝိညာဥ်ကိုခေါ်ပြီးလုပ်သင့်တာကို
လုပ်ရတော့မှာပဲ…ဒါနဲ့…စောစောကလူက
ဘာလာလုပ်တာလဲကွဲ့…”
“သြော်…သူက ဟိုလမ်းအစွန်အိမ်ကတဲ့ဘွားရဲ့…
ကျုပ်တို့ကို ဒီစံအိမ်နားမနေဖို့ လာသတိပေးတာပါဗျာ”
“အင်း…ဒီပတ်ဝန်းကျင်ကလူတွေကတော့…
ဒီစံအိမ်ကိုအတော်ကြောက်ပုံရပါတယ်…”
အချိန်ကလည်းညနက်လာလေပြီ။
မောင်တိုးတို့က မီးလေးမွှေးထားပြီး
သူဌေးဦးဗိုလ်ဝင်းပေးထားသော
အခင်းလေး၌ထိုင်နေခဲ့ကြသည်။
ဘွားမယ်စိန်သည်က စံအိမ်ကြီးကိုကြည့်၍
ပုတီးလေးကိုစိပ်နေခဲ့သည်။
သန်းခေါင်လောက်ရောက်လေတော့မှ…
“မောင်ရင်တို့ အခြေအနေကြည့်ပြီသာနေကြတော့ကွဲ့…
ဘွား…မရွှေပွင့်ရဲ့ဝိညာဥ်ကိုခေါ်တော့မယ်…”
“ဟုတ်ကဲ့ဘွား”
ဘွားမယ်စိန်က မရွှေပွင့်၏ဝိညာဥ်ကိုစခေါ်တော့သည်။
“ဒီစံအိမ်ကြီးထဲမှာရှိတဲ့ မရွှေပွင့်ရဲ့
ဝိညာဥ်ငါ့ရဲ့အရှေ့ကိုအရောက်လာခဲ့…
ပုန်း​ခြင်း၊ကွယ်ခြင်း၊တုန့်ဆိုင်းခြင်းမရှိစေရ…
မယ်စိန်ရဲ့အမိန့်….”
ဟု…အမိန့်ပေးပြီးနောက်သူ၏လက်စွဲတော်တောင်ဝှေးကြီးအား မြေပေါ်သို့ဆောင့်ချလိုက်တော့သည်။
“ဝူးးးးးးအူးးးးးးးးးအူးးးးးးးးးးးး”
ထိုအချိန်၌ ခွေးအူသံများက ဆူညံစွာ
ထွက်ပေါ်လာခဲ့သည်။
လေငြိမ်နေသောပတ်ဝန်းကျင်၌ စံအိမ်ကြီး၏
အပေါ်ထပ်ပြတင်းတံခါးသည် “ကျွီခနဲ”ပွင့်လာခဲ့၏။
ရုတ်တရက်ဆိုသလိုပင်…
ဘွားမယ်စိန်၏အရှေ့သို့ ဆံပင်ဖျားလျားဖြင့်
အမျိုးသမီးတစ်ဦးရောက်လာခဲ့လေသည်။
ထိုသူသည်က မရွှေပွင့်ဖြစ်၏။
“ညည်းကမရွှေပွင့်လား”
ဘွားမယ်စိန်ကမေးတော့ မရွှေပွင့်ခေါင်းညိတ်ပြသည်။
“ညည်းဘာကြောင့်အခုချိန်ထိ…ဒီစံအိမ်ကြီးထဲမှာ
ရှိနေရတာလဲ…”
ဟု…ဘွားမယ်စိန်ကမေးတော့ မရွှေပွင့်မျက်နှာသည်
ကြောက်မက်ဖွယ်ပုံသဏ္ဍန်သို့ပြောင်းလဲသွား၏။
မျက်လုံးနီကြီးဖြင့် ဘွားမယ်စိန်ကိုလက်ညိုးထိုးပြီး…
“ကိုကိုကြီး…ဒင်းဘယ်မှာလဲ…
ကျုပ်ဒင်းကိုသတ်မယ်…ကျုပ်ဒင်းကိုသတ်ရမှ
ကျေနပ်မယ်…”
ဟု…အော်ဟစ်လေသည်။
“တိတ်စမ်း…ညည်းကိုအခုငါခေါ်လိုက်တာ…
ညည်းရဲ့ရန်ငြိုးတွေကိုနားထောင်ဖို့မဟုတ်ဘူးအေ့…
ညည်းကျွတ်လွှတ်နိုင်အောင်ကူညီပေးဖို့
ငါခေါ်လိုက်တာ…”
ဟု…ဘွားမယ်စိန်ကပြောတော့
မရွှေပွင့်အံ့သြသွားသည်။
“ကျုပ်ကိုကူညီဖို့လာတာ…ကျုပ်ကိုကူညီဖို့
လာတာဟုတ်လား…”
“အေး…”
“အို…မဖြစ်နိုင်တာ…ကျုပ်ကို ကျုပ်ကိုဒီကနေမထွက်နိုင်အောင်တောင်ဒင်းကယုတ်မာထားတာလေ…
ကျုပ်ဒီဘဝက ကျွတ်လွှတ်အောင်
တော်ကလုပ်ပေးနိုင်လို့လား…”
ဟု…မရွှေပွင့်ကပြောတော့…
“ညည်းကိုဘယ်သူကဒီစံအိမ်ကြီးမှာချုပ်ထားတာလဲ…
ဒါတွေကို ဘွားလည်းမသိရပါလားအေ…”
“ဘယ်သူရှိမတုန်း…လူယုတ်မာ ကိုကိုကြီးလေ…
ဒင်းသေမှာကိုကြောက်ပြီး ကျုပ်ဝိညာဥ်ကို
ဒီစံအိမ်ကနေမထွက်နိုင်အောင်ချုပ်ထားခဲ့တာ…
ကျုပ်ဒင်းကိုသတ်ချင်တယ်…
ဒင်းကိုသတ်ရမှကျေနပ်မယ်…တောက်…ဟင်းးးးး”
ဘွားမယ်စိန်နားလည်လိုက်လေပြီ။
မရွှေပွင့်ဝိညာဥ်၏အငြိုးကြီးမှုကိုကြောက်လန့်သော
ကိုကိုကြီးသည် မရွှေပွင့်ဝိညာဥ်အား အောက်လမ်းဆရာနဲ့ပေါင်းကာ စံအိမ်ကြီး၌ချုပ်ထားခဲ့ခြင်းဖြစ်၏။
ဒါ့ကြောင့်လည်းမရွှေပွင့်ဝိညာဥ်သည်စံအိမ်ကြီးမှ
မထွက်ခွာနိုင်ခြင်းဖြစ်သည်။
“ဒါဆိုရင်တော့ ညည်းစိတ်ကိုလျော့လိုက်ပါတော့အေ…
ညည်းအပေါ်ကိုအခုလိုလုပ်ခဲ့တဲ့ ကိုကိုကြီးဆိုတဲ့လူက
ဒီလောကမှာမရှိတော့ဘူးအေ့”
“ဟင်…ဒါဆို ဒီလူယုတ်မာကို ကျုပ်သတ်လို့
မရတော့ဘူးပေါ့…ကျုပ်လက်စားချေလို့
မရတော့ဘူးပေါ့…”
ဟု…မရွှေပွင့်အော်ဟစ်တော့သည်။
“ညည်းဘဝကျွတ်လွှတ်ဖို့ ဘွားဘက်က
ဘာလုပ်ပေးရမလဲ…
အခုချိန်မှာလက်စားချေဖို့ထက် ညည်းဘဝလေး
ကျွတ်လွှတ်ဖို့ကအရေးကြီးပါတယ်အေ”
ဟု…​ပြောတော့ မရွှေပွင့်ခမျာ မြေပေါ်သို့ထိုင်ချ၍ငိုတော့သည်။
“ဒင်းတို့ကကျုပ်ရဲ့ဝိညာဥ်ကို
ကျုပ်ကြိုးဆွဲချသေခဲ့တဲ့ကြိုးနဲ့ချုပ်ထားခဲ့တာပါ…
အဲ့သည်ကြိုးကလည်း ဟိုထောင့်က
အပင်အောက်မှာရှိပါတယ်…
ကျုပ်ဝိညာဥ်ကအဲ့သည်ကြိုးကိုတူးလို့မရတာကြောင့်
ဟောသည်စံအိမ်ကိုရောက်လာတဲ့လူတွေကိုအကူအညီ​တောင်းခဲ့ပေမယ့် ဘယ်သူကမှမကူညီတဲ့အပြင် ကျုပ်ကို
ကြောက်လန့်ပြီးထွက်သွားကြတယ်အမေကြီးရယ်…”
ဟု…မရွှေပွင့်ကပြောလေတော့ဘွားမယ်စိန်လည်း
မရွှေပွင့်အတွက်စိတ်မကောင်းဖြစ်နေခဲ့သည်။
“စိတ်ချပါအေ…မနက်ကျအဲ့သည်ကြိုးကိုတူးယူပြီး
ဘွားဖျက်ဆီးပေးပါ့မယ်…”
“ကျေးဇူးတင်ပါတယ်အမေကြီးရယ်…
အမေကြီးသာ…ကြိုးကိုဖျက်ဆီးပေးရင်
ကျုပ်ဝိညာဥ်လည်း
ဒီစံအိမ်ကြီးရဲ့အချုပ်အနှောင်ကနေ
ကင်းလွှတ်နိုင်ပါပြီ…”
ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။
မရွှေပွင့်မျက်နှာကလည်းဝမ်းသာမှုများထင်းနေခဲ့၏။
ခဏကြာတော့မရွှေပွင့်သည်ဘွားမယ်စိန်အား
ကန်တော့၍နေရာမှပျောက်ကွယ်သွားခဲ့ရှာသည်။
အချိန်ကလင်းကြက်တွန်ခါနီးသို့ရောက်လာလေတော့
ဘွားမယ်စိန်သည် မောင်တိုးတို့အား မရွှေပွင့်ပြောခဲ့သည့်
သစ်ပင်အောက်ရှိမြေသားများကိုတူးဖော်ခိုင်း၏။
မြေသားများအောက်၌ ဆွေးမြည့်နေသော
ကြိုးတစ်ချောင်းကိုတွေ့ရှိသောအခါ မောင်တိုးတို့က
ဘွားမယ်စိန်လက်သို့အပ်ကြလေသည်။
“ရွှေပွင့်ရေ..ညည်းရဲ့အချုပ်အနှောင်တွေက
ကင်းလွှ​တ်နိုင်ပြီအေ…”
ဟု…ဘွားမယ်စိန်ကပြောကာ ကြိုးအားမီးပုံထဲသို့
ပစ်ချလိုက်တော့သည်။
မီးတောက်များကကြိုးကိုဝါးမြိုနေချိန်…
“ကျွီ…”စံအိမ်ကြီး၏ပြတင်းပေါက်တံခါးသည် ကျွီခနဲ
မြည်ကာသွား၏။
သေချာလေပြီ မရွှေပွင့်၏ဝိညာဥ်စံအိမ်ကြီးထဲမှ
ထွက်သွားနိုင်ခဲ့ပြီဖြစ်သည်။
အချုပ်အနှောင်ခံထားရသောမရွှေပွင့်၏
ဝိညာဥ်သည် စံအိမ်ကြီးထဲ၌ရှိတော့မည်မဟုတ်…။
ဒါကိုဘွားမယ်စိန်နည်းတူမောင်တိုး၊မောင်အုန်းတို့လည်း
သိကွ၏။
“ဘွား…ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
ဟု…မောင်အုန်းကမေးတော့ ဘွားမယ်စိန်က
ပြုံး၍…
“ဘာဆက်လုပ်ရမှာလဲကွယ်…
​မောင်ရင်တို့သူဌေးမင်းအိမ်မှာကျန်ခဲ့တဲ့လှည်းနဲ့နွားကိုသွားပြန်ယူပြီး…ဘွားတို့တတွေသောင်ထွန်းရွာကိုပြန်ကြတာပေါ့…”
ဟုပြောလိုက်လေတော့…
“ဖြစ်ပါ့မလားဘွားရဲ့…
တော်နေသူဌေးကမေးရင် ကျုပ်ဘယ့်နဲ့ပြောရမှာလဲ”
“အိုကွယ်…မရွှေပွင့်ဒီစံအိမ်ကြီးကနေထွက်သွားပြီဆိုတဲ့အကြောင်း…နောက်ပြီး…ဟောသည်စံအိမ်ကြီးကို
ဖြိုလိုရင်ဖြို…ဖျက်လိုရင်ဖျက်လို့ရပါပြီလို့
ပြောခဲ့ပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား”
မောင်အုန်းနဲ့မောင်တိုးလည်းဘွားမယ်စိန်ကိုထားရစ်ပြီး
နွားလှည်းပြန်ယူကြတော့သည်။
သူဌေးဦးဗိုလ်ဝင်းက မောင်တိုးတို့ကိုမေးသောအခါ၌လည်း ဘွားမယ်စိန်ဖြေခိုင်းသလောက်သာ
ဖြေပြီး နွားလှည်းကိုမောင်း၍ပြန်လာကြလေသည်။
“ဒီသောင်ထွန်းသားတွေကတော့ခက်ပြီဟေ့…
သရဲမ မရှိတာကိုသေချာကိုပြောမပြသွားဘူး…”
“အို…တော်ပဲသရဲမကိုနှင်ခိုင်းတာမလား…
အခု သရဲမလည်းမရှိတော့ဘူးဆိုတော့
တော်လုပ်ချင်တာလုပ်တော့ပေါ့တော်…”
သူဌေးဦးဗိုလ်ဝင်းကိုသူဌေးကတော်က
ထိုသို့ပြောလိုက်လေတော့သည်။
သူတို့ပြောနေကြစဥ်မှာပင်…
ဘွားမယ်စိန်တို့က သောင်ထွန်းရွာသို့ နွားလှည်း
ကလေးဖြင့် ပြန်သွားကြပြီဖြစ်၏။
ထိုသို့ဖြင့် ဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့ပါသည်။
ယဥ်မင်း(ကန့်ဘလူ)