စာမူ…၁၆၉
စဆုံး
မိုးတွေကတဖွဲဖွဲရွာသွန်းလို့နေခဲ့သည်။
ထိုမိုးရွာထဲ၌ ခမောက်အစုတ်လေးကိုဆောင်းပြီး
သွားလာနေသော အသက်၈နှစ်အရွယ်ကလေးလေး
တစ်ယောက်။ထိုကလေးမှာ မောင်မြဲပင်ဖြစ်သည်။
“ဟဲ့ကောင်လေး…သွား…ရွာတောင်ပိုင်းက
ဒေါ်စိန်တို့အိမ်မှာ ပိုက်ဆံသွားယူ…
နင့်ဦးလေး…တောလိုက်ခရှင်းပေးပါလို့သေချာပြော…
ကြားသလား…ဘယ်သူလွှတ်သလဲမေးရင်လည်း
မိကျော့လွှတ်တာလို့ပြော…အေး…ပိုက်ဆံရရင်လည်း
သေချာယူခဲ့နော်…ပျောက်တယ်ဆိုရင် နင်နာပြီသာမှတ်”
ဟုသာ ဒေါ်ကျော့၏မျက်နှာကြီးနှင့် စကားသံကြီးကို
မောင်မြဲ ယခုထိကြားနေမိသည်။
ဒေါ်ကျော့ဆိုတာ မောင်မြဲအမေရဲ့အစ်မဖြစ်သည်။
မောင်မြဲက ဖအေကပစ်ထားခဲ့ရဲ့အမေနဲ့နေခဲ့ရသူ။
သို့သော် ယခုတော့ မောင်မြဲမှာအမေပင်မရှိရှာတော့။
မောင်မြဲ၏အမေက ချူချာလွန်းသူ…
ထိုချူချာခြင်းကြောင့်ပဲ မောင်မြဲဟာအမေဖြစ်သူကို
ဆုံးရှံးခဲ့ရသည်။
“ခင်ဗျားဗျာ…ကိုယ့်တူလေးကိုစောင့်ရှောက်ပေးမှပေါ့…
သူ့မှာဆွေမျိုးဆိုလို့ခင်ဗျားပဲရှိတာလေ”
ဟု…ရွာသူကြီးကပြောတော့ ဒေါ်ကျော့ကမောင်မြဲကို
မလိုဟန်ဖြင့် မျက်မှောင်ကျုံ့ကာကြည့်သည်။
“ကျုပ်က ကျုပ်ညီမကိုပြောမရလို့သာ…
ဒင်းအဖေနဲ့ပေးစားခဲ့ရတာ…
အခုကြည့်လေ ဒင်းအဖေကြောင့်ကျုပ်ညီမလည်းသေပြီ…
ဒင်းကလည်း ဒင်းအဖေနဲ့တစ်ရုပ်ထဲ…
ဒီလိုရုပ်မျိုး…ဒီလို သန္ဓေဆိုးနဲ့မွေးလာတဲ့အကောင်ကို
ကျုပ်ကဘာလို့ကျွေးမွေးစောင့်ရှောက်ရမှာလဲသူကြီးရဲ့”
ဟု…ဒေါ်ကျော့ကပြောလေသည်။
“ဒေါ်ကျော့…ခင်ဗျား သည်လိုတော့မပြောပါနဲ့…
ဒီကောင်လေးအဖေက နောက်မယားနဲ့ထွက်ပြေး
သွားပေမယ့်လို့… သူ့ပိုင်ဆိုင်သမျှတွေကို
အကုန်ထားခဲ့တာပဲမဟုတ်လား…
ဒီကလေးမှာက လယ်တွေယာတွေရှိပါသေးတယ်…
ခင်ဗျားသာဒီကလေးကို စောင့်ရှောက်ရင်
သူအရွယ်မရောက်ခင်အထိ သူ့အမွေကိုခင်ဗျားထိန်းသိမ်းလို့ရမှာလေဗျာ…”
“ဟုတ်ပါရဲ့ရှင်…ကိုယ့်တူလေးပဲ…
စောင့်ရှောက်ပေးမှပေါ့…”
ဘေးလူများက ဝိုင်းပြောလေတော့ ဒေါ်ကျော့မှာ
သက်ပြင်းကြီးချ၍…
“ကောင်းပြီလေ…ကျုပ်ကိုတော်တို့ဝိုင်းပြောနေလို့
ဒီကလေးကိုလက်ခံတယ်လို့မထင်ကြနဲ့…
နောက်ပြီးသူ့ရဲ့အမွေတွေကိုမက်ပြီးလည်းကျုပ်ကသူ့ကို
စောင့်ရှောက်ပေးတာမဟုတ်ဘူးနော်…
ကျူပ်ညီမရဲ့မျက်နှာကိုထောက်ထားပြီး ဒင်းကို
ကျုပ်စောင့်ရှောက်ပေးမှာ…”
ဟုပြောလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ်ဗျာ…
ခင်ဗျား စောင့်ရှောက်ပေးမယ်ဆိုရင်ကျုပ်တို့
ကျေနပ်ပါပြီ”
ထိုသို့ဖြင့် မောင်မြဲတစ်ယောက် ဒေါ်ကျော့တို့မိသားစုနဲ့
အတူတူနေခဲ့ရသည်။
ဒေါ်ကျော့ယောကျာ်း ဦးစံထွေးက အနေအေး၍
မောင်မြဲကို လိုလိုလားလားပင်လက်ခံသည်။
သို့သော်လည်းသူတို့ရဲ့သားဖြစ်သူ မောင်မြဲထက် တစ်နှစ်သာကြီးသော အောင်ဖေက မောင်မြဲကို သဘောမကျပေ။
“အမေ…ဒီကောင်ရှိတာ…
ကျုပ်အတွက်စိတ်ကျဥ်းကြပ်ရတယ်ဗျ…
ကျုပ်သူနဲ့အတူတူမနေချင်ဘူးဗျာ”
“ဟဲ့…အောင်ဖေ…ကလေးက ကလေးစကားပြောစမ်း…
ငါကရောသူ့ကိုခေါ်ချင်တယ်လို့များနင်ထင်နေလား…
အရပ်ကဝိုင်းပြောနေကြလို့သာ မကောင်းလို့ခေါ်ထားရတာဟဲ့…သူအိမ်မှာရှိတော့လည်း နင်ခိုင်းချင်တာခိုင်းလို့ရတာပေါ့…မဟုတ်ဘူးလား”
“အမေတကယ်ပြောတာလား…
ဒီကောင့်ကို ကျုပ်ခိုင်းချင်တာခိုင်းလို့ရတယ်ဆိုတာသေချာလား”
“သေချာပါတယ်ဆိုဟယ်…”
အောင်ဖေတစ်ယောက်.အမေဖြစ်သူ ဒေါ်ကျော့စကားကြောင့် ပြုံးသွားလေသည်။
မောင်မြဲခမျာလည်း အောင်ဖေနဲ့ဒေါ်ကျော့တို့၏
ခိုင်းသမျှကို မငြီးမငြူလုပ်ကိုင်ပေးရှာသည်။
ထိုသို့လုပ်ကိုင်ပေးပေမယ့်လည်း မထင်ရင်မထင်သလို
အရိုက်ကလည်းခံရသေး၏။
ရွာသူ၊ရွာသားများမှာ မောင်မြဲလေးရဲ့ ဒုက္ခကိုမြင်ကြသော်လည်း လူတစ်ယောက်ကို
တာဝန်မယူနိုင်သောကြောင့် မသိ…မမြင်ဟန်သာ
နေခဲ့ကြပေသည်။
ယခုလည်း မောင်မြဲတစ်ယောက် ဒေါ်စိန်၏အိမ်သို့
ရောက်လာခဲ့သည်။
“အရီးစိန်…ဗျို့…အရီးစိန်ရှိလား”
ဟု…မောင်မြဲဝိုင်းဝမှအော်ကာမေးလိုက်သည်။
“ဘယ်သူလဲဟေ့…မိုးတွေရွာနေတာဝင်ခဲ့လေ”
ဟူသော ပြန်ထူးသံကြောင့် မောင်မြဲ ခြံဝိုင်းထဲဝင်လာခဲ့သည်။
“ဟောတော်…မောင်မြဲပါလား…
လာ…လာ…ကောင်လေး…မ်ိုးတွေတောင်စိုနေပြီပဲ…”
“အရီးစိန်…ကျုပ်ကို ဒေါ်ကြီးက လွှတ်လိုက်လို့ဗျ…
ဦးလေးရဲ့တောလိုက်ခလေးကိုပေးလိုက်ပါဦးတဲ့”
“အေး…ဒီကောင်မက ကိုယ့်ဘာသာလာမယူဘဲ
ကလေးကို လွှတ်လိုက်ပြန်ပြီ…မိုးတွေကရွာနေတာကိုကွယ်…ဒါနဲ့မောင်မြဲ…သားထမင်းစားပြီးပြီလား”
“ကျုပ်မစားရသေးပါဘူးအရီးစိန်”
“ဒါဆို လာ…လာ…အရီး ထမင်းခူးကျွေးမယ်…
စားပြီးမှပဲပြန်”
“ကျုပ်မစားတော့ဘူးဗျ…
ဒီမှာကြာနေရင် ဒေါ်ကြီးက ကျုပ်ကိုစိတ်ဆိုးပြီး
ရိုက်လိမ့်မယ်”
ဒေါ်စိန်မှာ မောင်မြဲလေးကိုကြည့်ပြီးသက်ပြင်းချသည်။
“အေးပါကွယ်…ဒါဆိုရင်တော့ ဒီမုန့်လေးတော့
စားသွားချေဦးနော်…”
မောင်မြဲလည်း အရီးစိန်ကျွေးသော မုန့်ဆီကြော်ကိုတော့
မငြင်းတော့ဘဲယူကာစားလေသည်။
မုန့်စားပြီးလေတော့မှ အရီးစိန်က မောင်မြဲကို
ငွေကိုပေး၏။
“သေချာယူသွားနော်မောင်မြဲ…
လမ်းမှာကျမပျောက်စေနဲ့ဦးကွဲ့”
“ဟုတ်ကဲ့အရီးစိန်…ဒါဆို ကျုပ်သွားပြီနော်…”
“အေး…အေး…ကောင်လေး… “
အရီးစိန်ပေးသော ငွေတို့ကို မောင်မြဲ သူ၏
ဘောင်းဘီထဲလိပ်ကာထည့်လိုက်သည်။
ပြီးနောက် မိုးရွာထဲပြေး၍ ထွက်လာခဲ့တော့၏။
အိမ်နားသို့ရောက်ခါနီး ပိုက်ဆံအလိပ်လေးကို
လက်ဖြင့်စမ်းလိုက်သည်။
“ဟင်…”
ပိုက်ဆံတို့ကိုမစမ်းမိ၍ မောင်မြဲလန့်သွားခဲ့သည်။
သေချာကြည့်လိုက်တော့ ဘောင်းဘီအလိပ်ကပြေနေ၏။
“သွားပြီ…ငါတော့အရိုက်ခံရတော့မယ်”
ပိုက်ဆံတို့ဘယ်န၌ ကျပျောက်မှန်းမသိ
ကျပျောက်ခဲ့လေသည်။
မောင်မြဲ နောက်ပြန်လှည့်ကာ ကျပျောက်သောပိုက်ဆံအား
ပြန်ရှာလေသည်။
သို့သော် ရွံဗွက်များနဲ့ပြည့်နေသောလမ်း၌
ပိုက်ဆံဟူ၍မတွေ့ခဲ့ပေ။
ပိုက်ဆံကျပျောက်၍ မောင်မြဲတစ်ယောက်
ဒေါ်ကျော့၏မျက်နှာကြီးကို မြင်ယောင်ပြီး အိမ်သို့
မပြန်ရဲတော့။
အရိုက်ခံရမည်ဟုသော ကြောက်စိတ်ကြောင့်
မောင်မြဲ ငိုနေခဲ့ရှာသည်။
အိမ်သို့မပြန်တော့ဘဲ ခြေဦးတည့်ရာလျှောက်လာရာ
ရွာအပြင်ရှိ ဇရပ်အပေါ်သို့မောင်မြဲရောက်လာခဲ့သည်။
ထိုဇရပ်၌ မ်ိုးခိုရင်း မောင်မြဲထိုင်နေခဲ့၏။
အချိန်ကလည်း တဖြေးဖြေးဖြင့် အမှောင်ဓာတ်က
ကြီးစိုးလာခဲ့သည်။
မောင်မြဲမှာ လူသူမရှိသော ဇရပ်ကြီးအတွင်း၌တစ်ယောက်ထဲထိုင်ရသည်ကို ကြောက်မိသော်လည်း
ဒေါ်ကျော့၏ဒေါသကိုမောင်မြဲပို၍ကြောက်ရှာသည်။
ငိုရှိုက်ရင်းဖြင့် ဇရပ်အပေါ်၌ မောင်မြဲအိပ်ပျော်သွားခဲ့သည်။
မည်မျှအိပ်ပျော်သွားသည်မသိ…
“ကောင်လေး…ကောင်လေး…ထစမ်းကွဲ့…
ဟဲ့ကောင်လေး”
ဟူသော လှုပ်နိုးသံကြောင့် မောင်မြဲနိုးလာခဲ့သည်။
ရွာကလူတစ်ယောက်များလားဟု မျက်လုံးကိုလက်ဖြင့်
ပွတ်ကြည့်ရာတစ်ခါမှမမြင်ဖူးသော လူကြီးတစ်ယောက်ဖြစ်နေခဲ့၏။
ထိုလူကြီးမှာ အပေါ်ပိုင်း၌ အဝတ်ဗလာဖြင့်နေသော်လည်း
ခါး၌ပုဆိုးအကွက်ကြီးကိုဝတ်ဆင်လို့ထားလေသည်။
လူကြီး၏ခေါ်သံမှာလည်း မချိုသာပေ။
“ဦးကြီးကဘယ်သူတုန်း”
ဟု…မောင်မြဲမေးတော့ ထိုလူကြီးကပြုံး၍…
“မင်းကရော…ဘယ်သူလဲ…
ဘာလို့ ဒီဇရပ်မှာလာအိပ်နေရတာလဲ”
“ကျုပ်က ဒီရွာကမောင်မြဲပါဗျ…
ကျုပ်ကိုဒေါ်ကြီးက ရိုက်မှာဆိုးလို့
ဒီမှာလာပုန်းနေတာ”
“မင်းမိဘတွေကရော…မရှိကြဘူးလားကွ”
“မရှိဘူး…အမေကသေပြီ…
အဖေက နောက်မိန်းမယူသွားတယ်…
ကျုပ်ကဒေါ်ကြီးတို့နဲ့အတူနေတာဗျ…”
ဟု…မောင်မြဲကပြောတော့ လူကြီးကမောင်မြဲကို
သေချာစိုက်ကြည့်နေသည်။
တစ်ခုခုကိုပြောဖို့လည်းဟန်ပြင်နေပုံရ၏။
“ဒါနဲ့ ဦးကြီးကရောဘယ်သူလဲ…
ကျုပ်တို့ရွာကလား…မမြင်ဖူးဘူးနော်…”
ဟု…မောင်မြဲကမေးတော့
လူကြီးကသဘောကျသွားပြီး…
“ဟားး…ဟားး…ဟားး…ဟား…
မင်းက သိပ်စကားတတ်တဲ့ကောင်ပဲကွ…
နောက်ပြီး သွက်သွက်လက်လက်လည်းရှိပုံပဲ…
ဒါနဲ့မင်းနာမည်ကမောင်မြဲနော်…
ကဲ…မောင်မြဲ…ကျုပ်က ဒီရွာကမဟုတ်ပါဘူးကွယ်…
ဟိုဘက်ကနေလာတာ…ကျုပ်ကတစ်ယောက်ထဲနေတဲ့သူဆိုတော့ မောင်မြဲကျုပ်နဲ့အတူတူလိုက်နေမလားကွဲ့”
“မလိုက်ချင်ပါဘူး… ဦးကြီးကလူကောင်းလား…
လူဆိုးလားဆိုတာ ကျုပ်မှမသိတာဗျာ…”
“မင်းကအတော်လည်တဲ့ကောင်ပဲကွ…
ကဲပါ…လိုက်ခဲ့စမ်းပါမောင်မြဲရာ…
မင်းရွာပြန်ရင်လည်း အရိုက်ခံရမယ်မဟုတ်လား…
ကျုပ်နဲ့လိုက်ရင်ကျုပ်ကထမင်းသေချာကျွေးထားနိုင်ပါတယ်ကွဲ့… ဒါပေမယ့် ကျုပ်အလုပ်လုပ်ရင်တော့
ဘေးကကူညီပေးပေါ့ကွယ်…”
ဟု…လူကြီးကပြောတော့ မောင်မြဲစဥ်းစားသည်။
ခဏကြာအောင်စဥ်းစားပြီးလေတော့မှ…
“ကျုပ်မပျော်ရင်တော့ရွာကို
ပြန်လိုက်ပို့မယ်မလားဦးကြီး”
“ပို့ပေးမှာပေါ့ကောင်လေးရာ…”
“ဒါဆိုရင် ကျုပ်လိုက်ခဲ့ပါ့မယ်”
မောင်မြဲတစ်ယောက် လူကြီးရဲ့အနောက်သို့
လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
မောင်မြဲကိုကြည့်ပြီး လူကြီးက သဘောကျနေ၏။
“ဒါဆိုရင် သွားကြတာပေါ့ မောင်မြဲရဲ့…
ဒါနဲ့ ကျုပ်နာမည်ကိုလည်း မှတ်ထားဦးကွဲ့…
ကျုပ်နာမည်က ဘိုးတေ လို့ခေါ်တယ်…”
“ဟုတ်ကဲ့ဦးကြီး”
မောင်မြဲလည်း ဘိုးတေရဲ့အနောက်သို့လိုက်လာခဲ့တော့သည်။
မောင်မြဲအတူလိုက်လာ၍ ဘိုးတေကအတော်လေး
ပျော်ရွှင်နေဟန်ရသည်။
တစ်လမ်းလုံးလည်း မောင်မြဲကို ဂရုစိုက်ပေးလေတော့
မောင်မြဲမှာ ဘိုးတေ ကို သဘောကျသွားလေသည်။
တစ်မနက်လုံးဘိုးတေ ရဲ့အနောက်သို့လိုက်လာရာ
မောင်မြဲမှာပင်ပန်းနေလေသည်။
“ရှေ့ဆိုရင်ရောက်ပြီမောင်မြဲရဲ့….
အားတင်းထားပါဦးကွ”
ဟု…ဘိုးတေ က ပြောတော့ မောင်မြဲ
ခေါင်းညိတ်လေသည်။
မကြာပါ စမ်းချောင်းလေးတစ်ခု၏ဘေး၌
ဆောက်ထားသော တဲလေးဆီသို့ မောင်မြဲတို့
ရောက်လာခဲ့သည်။
“ဒါ…ကျုပ်နေတဲ့တဲပဲ မောင်မြဲရဲ့…
ဟောဟိုကခုံမှာထိုင်ကွဲ့…
ကျုပ်ကတော့ မောင်မြဲစားဖို့ ထမင်းချက်လိုက်ဦးမယ်”
“ဟုတ်ကဲ့ဦးကြီး”
ဘိုးတေ ထိုင်ခိုင်းသော ခုံ၌ မောင်မြဲဝင်ထိုင်လိုက်ပြီး
ဘိုးတေ လုပ်ကိုင်သမျှကိုကြည့်နေမိသည်။
ထမင်းကျက်လေတော့မှ ဘိုးတေ က မောင်မြဲကို…
“မောင်မြဲရေ…လာဟေ့…
ထမင်းကျက်ပြီ…ဟင်းကတော့မရှိဘူးဟေ့…
မင်းအတွက်နောက်ရက်မှာကျုပ်တောလိုက်ပေးပါ့မယ်…
အခုတော့ရှိတာလေးနဲ့စားတာပေါ့ကွာ”
ဟု…ပြောကာ ထမင်းအတူစားကြတော့သည်။
နောက်ရက်များ၌ ဘိုးတေ တောထဲသွားသည့်အခါမျိူး
မောင်မြဲတစ်ယောက်ထဲအိမ်၌ ကျန်နေခဲ့ရသည်။
ဘိုးတေ တောကပြန်လာလျှင်…သမင်တို့…
တောဝက်တို့ရလာတတ်၍ မောင်မြဲမှာဟင်းကိုအဝစားရလေသည်။
“ဦးကြီး…ဦးကြီးတောထဲသွားရင် သူများတွေလို
လှံတို့ ဒူးလေးတို့ကိုယူသွားတာလည်းကျုပ်ဖြင့်
မမြင်မိဘူးနော်…ဒီကောင်တွေကိုဦးကြီး
ဘယ်လိုများဖမ်းလာသလဲဗျ”
“ပညာပေါ့မောင်မြဲရာ…
မင်းနောက်ကျရင်သိလာမှာပါကွ”
ဘိုးတေ ပြောသည့်အတိုင်းမောင်မြဲသိလာခဲ့သည်။
ဘိုးတေသည် သာမာန်လူမဟုတ်…
စုန်းကဝေပညာများကို တတ်မြောက်ထားသူဖြစ်၏။
တစ်ခါတစ်ရံအနီးနားရှိရွာမှလူများလည်း
ရောက်လာတတ်ကြသည်။
ထိုသူတို့ရောက်လာလျှင် ဘိုးတေအတွက် ဆန်၊ဆီ၊ဆားများ ပါလာတတ်ကြ၏။
ဒါတင်မကသေး ဘိုးတေကို ဆရာကြီးဟုခေါ်ကာ
သူတို့၏ အခက်အခဲများကိုပြော၍ အကူအညီတောင်းတတ်ကြသေးသည်။
ထိုသူတို့နှင့်စကားပြောလျှင် ဘိုးတေသည်
အရယ်အပြုံးမရှိဘဲ မျက်နှာထားတည်တင်းလွန်း၏။
“မောင်မြဲ”
“ဗျာ…ဦးကြီး…”
“မောင်ရင် ကျုပ်နဲ့နေရတာ…ပျင်းနေပြီလားကွဲ့”
“မပျင်းရပါဘူးဦးကြီးရယ်…
ကျုပ်နေပျော်ပါတယ်ဗျ”
“ဟုတ်ရဲ့လားကွဲ့….
မောင်ရင့်ရဲ့ကြီးတော်ကတော့…မောင်ရင့်ကို
ရှာနေလေရဲ့…မောင်ရင်ကောရွာကို
ပြန်ချင်ပြီလားကွဲ့”
“ကျုပ်မပြန်ချင်ဘူးဦးကြီးရဲ့…
ကျုပ် ဦးကြီးနဲ့နေရတာ နေသားကျနေပါပြီဗျာ”
ဘိုးတေကမောင်မြဲအဖြေကို သဘောကျစွာဖြင့်
ပြုံးလေသည်။
တစ်ရက်မှာတော့ ဘိုးတေ မျက်နှာမကောင်းပေ။
ဘိုးတေ၏မျက်နှာအရိပ်အကဲကိုကြည့်၍
မောင်မြဲမနေနိုင်စွာဖြင့်မေးမိလေသည်။
“ဦးကြီး…နေများမကောင်းဘူးလား”
“နေကောင်းပါတယ်မောင်မြဲရဲ့…
ဘာလို့မေးရတာလဲ”
“ဦးကြီးရဲ့မျက်နှာက ပုံမှန်မဟုတ်တာကို
ကျူပ်ကသတိထားမိလို့ပါဗျာ…
တစ်ခုခုများ ဖြစ်နေသလားလို့”
“အေး…မောင်မြဲ…မောင်မြဲ..
မင်းက အရွယ်နဲ့မလိုက်အောင်ကိုသိတတ်တဲ့ကလေးပဲ…
ကျုပ်ကလည်း မင်းကို ကျုပ်ကဘာဆိုတာကိုသာပြောပြနိုင်တာပါ…ကျုပ်လိုပညာတွေကိုတော့
မသင်ပေးချင်ဘူးမောင်မြဲရဲ့…
ကျုပ်တို့လိုလူတွေက ငရဲကိုသွားရမယ့်လူတွေ…
ငရဲမရောက်ခင်တော့ ပညာကြီးသူကို ပညာငယ်သူက
အောက်ကျို့ရတာကလည်းထုံးစံပဲပေါ့မောင်မြဲရာ…”
“ဦးကြီးထက်ပညာကြီးသူတွေကရှိသေးလို့လားဗျ”
“ရှိတာပေါ့ကွာ…
အခုတလော ကျုပ် သတင်းတစ်ခုရထားတယ်
မောင်မြဲရဲ့…စုန်းညီနောင်ဆိုတဲ့ပုဂ္ဂိုလ်တွေက
ပညာစဥ်တစ်ခုကိုတက်လှမ်းဖို့…
ကျုပ်တို့လို ကဝေတွေကို လိုက်သတ်နေတယ်တဲ့လေ”
“ဗျာ…လိုက်သတ်နေတယ်…
ဒါဆို ဦးကြီးကိုလည်းသူတို့သတ်ကြမယ်ပေါ့လေ…”
“အေးပေါ့ကွယ်…
ကျုပ်ဆီကိုလည်းသူတို့ရောက်လာကြတော့မှာ…
ဒါပေမယ့်လို့…ကျုပ်မပြေးပါဘူးကွယ်…
သူတို့လာချင်တယ်ဆို…လာကြပေါ့လေ…
သူနိုင်ကိုယ်နိုင်ပြိုင်ပြီးမှပဲ ကျုပ်ကိုနိုင်ရင်သူတို့သတ်…
ကျုပ်ကိုမနိုင်ရင်တော့ကျုပ်သတ်တာခံကြရမှာပေါ့ကွဲ့…”
“ကြောက်စရာကြီးပါလားဦးကြီးရယ်…
ကျုပ်တို့ဒီကနေထွက်ပြေးကြရအောင်လားဗျာ…
သူတို့မလာနိုင်တဲ့အရပ်ကိုပဲ သွားနေကြစို့ဦးကြီးရာ…”
မောင်မြဲက ဘိုးတေအတွက် စိုးရိမ်ဟန်လေးဖြင့်
ပြောလေသည်။
“မင်းကကြောက်လို့လားမောင်မြဲရဲ့”
“ကျုပ်မကြောက်ပါဘူးဦးကြီးရယ်…
ကျုပ်က ဦးကြီးကို ဆုံးရှုံးရမှာကိုပဲကြောက်တာပါ…
ကျုပ်မှာက မိဘလည်းမရှိ…
အခုဦးကြီးကိုပဲ မိဘလိုသံယောဇဥ်တွယ်နေမိတာ
မဟုတ်လားဗျ…ဒါကြောင့် ဦးကြီးတစ်ခုခုဖြစ်သွားမှာကိုပဲ
စိုးရိမ်လို့ပါဗျာ…”
မောင်မြဲစကားကို ဘိုးတေက ခေါင်းတညိတ်ညိတ်ဖြင့်
ညိတ်ရင်း…
“စိတ်ချကွယ်…မင်းကသည်လိုစကားပြောတော့
ကျုပ်သူတို့ကို အနိုင်ရအောင် ကြိုးစားမှာပါ…
ကျုပ်ထွက်လည်းမပြေးချင်ဘူးမောင်မြဲရဲ့…
ကျုပ်သွားရာအရပ်ကို တစ်နေ့မဟုတ်…
တစ်နေ့ရောက်လာမယ့်သူတို့ညီနောင်ကို
ထိုင်ပြီးမစောင့်ချင်ဘူးကွယ်…”
“ဦးကြီးကိုထိရင် ကျုပ်ကလည်းဓားနဲ့ပြေးပိုင်းမှာမလို့…
စိတ်မပူပါနဲ့ဦဲးကြီးရဲ့…ကျုပ်လည်းရှိပါတယ်ဗျာ…”
ဘိုးတေမှာပြုံး၍သာ မောင်မြဲကိုကြည့်လေတော့
မောင်မြဲကတော့ ပြန်၍ပြုံးပြရှာသည်။
တစ်ရက်၌ မောင်မြဲတစ်ယောက် စမ်းချောင်းလေး၏နံဘေး၌ ထိုင်ကာဆော့နေ၏။
“ဟေ့ကောင်လေး”
ထိုစဥ်လှေတစ်စီးသည် မောင်မြဲဆော့နေသော
ကမ်းအနီးသို့ကပ်လာခဲ့သည်။
မောင်မြဲလှမ်းကြည့်မိတော့ လှေပေါ်မှ လူကိုမြင်လိုက်ရသည်။
“ဟေ့ကောင်လေး…ငါခေါ်တာကြားရဲ့လားကွ”
ဟု…ထပ်မံမေးလေတော့ မောင်မြဲသည်…
“ကြားသားပဲဗျ…ပြော…ဘာလဲ”
ဟု…ခွန်းတုန့်ပြန်လိုက်လေသည်။
“ဟ…မင်းကဘာမှတောင်မပြောရသေးဘူး…
အတော်စွာတာပါလားကွာ…
အေး…ငါက ခရီးသွားပါကောင်လေးရာ…
ဗိုက်ဆာနေလို့ စားစရာလေးဘာလေးရမလားလို့”
“စားစရာဆိုရင်..
ဟော…ဟိုးဘက်နားမှာတော့ရွာရှိတယ်…
အဲ့သည်ကိုသွားလိုက်ဗျာ…”
“ဝေးသေးလားကွ”
“ခင်ဗျားရဲ့လှေနဲ့တော့ သွားလို့မရဘူး…
ခြေလျင်ပဲသွားမှရလိမ့်မယ်…
လှေကိုဒီကမ်းပေါ်တင်ထားခဲ့ပေါ့ဗျာ”
“ငါအဲ့သည်လောက်သွားဖို့အားမရှိတော့ဘူးကွ…
အတော်ဆာနေပြီ ကောင်လေးရဲ့”
မောင်မြဲက လူစိမ်းကိုသေချာစူးစိုက်ကြည့်သည်။
“ခင်ဗျားနာမည်ကဘယ်သူလဲ”
“ငါ့နာမည်က ငသြပါကောင်လေးရဲ့”
“အဖော်တွေဘာတွေကောပါသေးတာလား”
“မင်းဘယ်နယောက်များမြင်လို့လဲ…
ကျုပ်တစ်ယောက်ထဲပါကွဲ့”
“အဲ့တာဆို ကျုပ်နောက်လိုက်ခဲ့…
ကျုပ်တို့တဲမှာ စားစရာနည်းနည်းတော့ရှိတယ်…
ခင်ဗျားစားနိုင်ရင်စားပေါ့ဗျာ”
“အေး…အေးပါကောင်လေးရာ…”
ငသြလည်း လှေကိုကမ်းပေါ်ဆွဲတင်ပြီး
မောင်မြဲအနောက်သို့လိုက်လာခဲ့တော့သည်။
“ထိုင်ဦး…ကျုပ်ထမင်းသွားခူးပေးမယ်”
တဲအိမ်ဆီသို့ရောက်တော့ ငသြက တဲအိမ်ကိုသေချာစူးစမ်းကြည့်ရင်း…
“မင်းရဲ့မိဘတွေကရောဘယ်သွားကြလဲကွ”
“ကျုပ်မှာမိဘမရှိဘူး…
ကျုပ်ကဦးကြီးနဲ့အတူတူနေတာ…
နေပါဦး…ခင်ဗျားဗိုက်ဆာနေတာမဟုတ်လား…
ထိုင်နေစမ်းပါဗျာ”
ငသြမှာ ကောင်လေးရဲ့စကားကြောင့် မျက်မှောင်ကျုံ့သွားသည်။
နှုတ်မှလည်း…
“လက်တောက်လောက်လေးက
အတော်ကိုလူစွာလုပ်နေတာပါလားဟေ့..”
ဟု…ပြောလိုက်လေသည်။
သို့သော် မောင်မြဲမကြားနိုင်လောက်သောအသံဖြင့်
ပြောခြင်းဖြစ်သည်။
ခဏကြာတော့မောင်မြဲက ထမင်းနဲ့ဟင်းကျန်များကိုရောကာ ငသြကိုကျွေးလေသည်။
ငသြခမျာလည်းအတော်ပင်ဆာလောင်နေတာမလို့
မောင်မြဲကျွေးသမျှကိုအားပါးတရစားလေတော့သည်။
“ရေလည်းသောက်ပါဦးဗျာ…
စားပိုးနင့်သေနေပါဦးမယ်ဗျ…”
ဟု…မောင်မြဲကသတိပေးလေမှ အနားခပ်ပေးထားသော
အုန်းခွံခွက်ထဲမှရေကိုမော့သောက်ရှာသည်။
“ဟာ…စားလို့ကောင်းလိုက်တာကောင်လေးရာ…”
စားလို့သောက်လို့ပြီးလေတော့ ငသြက
မောင်မြဲကိုကြည့်၍…
“ကဲပြော….ကောင်လေး…
မင်းက ငါ့ကိုထမင်းကျွေးတယ်ဆိုတော့
ငွေလိုချင်လား…ရွှေလိုချင်သလား…ဘာကိုလိုချင်သလဲသာပြော…ကျုပ်ပေးပါ့မယ်…”
“ခင်ဗျားဆီက ဘာမှမလိုချင်ပါဘူးဗျာ…နောက်ပြီး
ကျုပ်ကိုကောင်လေး…ကောင်လေးနဲ့မခေါ်စမ်းပါနဲ့
ကျုပ်နာမည်ကမောင်မြဲဗျ…”
“အေးပါမောင်မြဲရာ…မင်းဘာမှမလိုချင်တာသေချာပြီလား”
“သေချာတယ် မလိုချင်ဘူး”
“ကောင်းပြီလေ…ဒါဆိုရင်ကျုပ်ပြန်တော့မယ်ကွဲ့…
ခရီးဆက်စရာရှိသေးတယ်”
ငသြလည်းမောင်မြဲကိုနှုတ်ဆက်ပြီး တဲအိမ်ထဲမှ
ထွက်လာခဲ့သည်။
“ဝုန်း…ဘုန်း…”
“ဝေါင်း….”
“ဟင်…”
အသံတွေနဲ့အတူထွက်လာသော ကျားဟိန်းသံကြောင့်
ငသြတင်မက မောင်မြဲပါအံ့သြသွားသည်။
ငသြက အသံကြားရာဆီပြေးသွားသလို…
မောင်မြဲကလည်း တဲထရံကြားက ဓားကိုဆွဲနုတ်၍
အပြေးလိုက်လေသည်။
“မောင်မြဲမင်းဘယ်ကိုလိုက်လာတာလဲ…
နေခဲ့ကွ…ဒါကလေးတွေလိုက်လို့မရဘူး”
“ကျူပ်က ကျုပ်ဘာသာသွားတာလေ…
ခင်ဗျားကရောဘာကိစ္စလိုက်လာရတာလဲ”
အပြေးသွားရင်း ငသြနဲ့မောင်မြဲတို့
အပြန်အလှန်ပြောနေခဲ့ကြသည်။
တောခြေ၏အစပ်သို့ရောက်တော့ လူတစ်ယောက်နဲ့
ကျားတစ်ကောင်တို့ လုံးထွေးသတ်ပုတ်နေကြ၏။
“ဟင်…ငထိန်…”
ငသြ ညီဖြစ်သူကိုမြင်သွားခဲ့သည်။
“ဦးကြီး”
မောင်မြဲအသံကြောင့် ငသြထိတ်လန့်သွားသည်။
ငသြနဲ့ငထိန်တို့ညီအစ်ကိုက ပညာတစ်ဆင့်တက်ဖို့
ကဝေတို့ရဲ့ အသည်းကို ထုတ်ယူကြရမည်။
ဒါကြောင့် ကဝေတို့ကိုသုတ်သတ်ရင်းခရီးထွက်လာကြ၏။
နောက်ဆုံးကဝေဖြစ်သည့် ကဝေဘိုးတေကို
ရှာဖွေဖို့ရန် စုန်းညီနောင်သည် ကုန်းလမ်း…ရေလမ်းခွဲ၍
ခရီးထွက်လာခဲ့ကြလေသည်။
ယခုတော့ ကဝေဖိုးတေနဲ့ ငထိန်တို့ ထိပ်တိုက်တွေ့နေကြပြီဖြစ်သည်။
“မောင်မြဲ…ဒီကျားက မင်းဦးကြီးလား”
“ဟုတ်တယ်…”
“ဟေ…”
“ဟိုလူကိုရောခင်ဗျားသိသလား”
“အေး…အဲ့တာငါ့ညီကွ”
“ဟင်…ဒါဆို ခင်ဗျားတို့ကစုန်းညီနောင်ပေါ့…
ကျူပ်က ကျုပ်ဦးကြီးကိုသတ်မယ့်လူကို
ကူညီပေးမိပြီပဲ…ကျုပ်ဦးကြီးကိုသတ်ရင်တော့
ခင်ဗျားလည်းသေရမယ်ဆိုတာမမေ့နဲ့နော်….”
မောင်မြဲက ငသြကို ဒေါသတကြီးအော်ပြောလေသည်။
“ဝေါင်း…”
ထိုစဥ်အော်သံကြီးနဲ့အတူ…
ကျားကြီးသည် မြေပေါ်သို့ ပစ်လဲကျသွား၏။
ငထိန်က သူ၏စက်တန်းဖြင့် ကျားကြီး၏ရင်ညွှန့်ကို
ပစ်ခွင်းဖို့ကြိုးစားနေစဥ်…
“ဦးကြီး…..”
ဟု…အော်ဟစ်ပြီး မောင်မြဲသည် ကျားကြီးရှိရာသို့
အပြေးသွား၏။
“ဟာ…မောင်မြဲ…မသွားနဲ့လေ”
ငသြတားချိန်မရလိုက်…မောင်မြဲသည် ကျားကြီးကို
ဖက်၍ သူ၏ကိုယ်ဖြင့်ကာထားပေသည်။
ငထိန်၏စက်တန်းများက မောင်မြဲ၏ကိုယ်ဆီဝင်ရောက်ဖို့
အနည်းငယ်အလို…
“ဝေါင်း”
ကျားဟိန်းသံကြီးနဲ့အတူ ငထိန်၏စက်တန်းများမှာရှေ့သို့
ဆက်မလာနိုင်ဘဲ ရပ်တန့်သွားခဲ့သည်။
ထိုသို့ရပ်သွားခြင်းမှာ ငသြက ငထိန်၏စက်တန်းများကို
သူ၏စက်တန်းများဖြင့် တားဆီးပေးထားသောကြောင့်ဖြစ်သည်။
“အစ်ကို….ဘာလုပ်တာလဲ”
“ဒီကောင်လေးကငါ့အပေါ်မှာ ကျေးဇူးရှိတယ်ညီလေး…
ဒါကြောင့်…ငါသူ့ကိုကာကွယ်ပေးရလိမ့်မယ်…”
“ဘာတွေလဲအစ်ကိုရာ…
ဖယ်စမ်းပါ…ကျုပ်တို့အောင်တော့မယ်ဗျ”
ငထိန်ကပြောသောအခါ ငသြသည်.မောင်မြဲကို
ဆွဲခေါ်လေသည်။
မောင်မြဲကမလိုက်…အတင်းရုန်းကန်နေ၏။
“ကျုပ်ဦးကြီးကို.ခင်ဗျားတို့မသတ်ရဘူး…
ကျုပ်ဦးကြီးကိုမသတ်ရဘူး…
ကျုပ်ဦးကြီးကိုထိရင် ခင်ဗျားတို့ကို ကျုပ်သတ်မယ်”
ဟု…အော်ဟစ်နေရှာသည်။
ကျားကြီးသည် လှုပ်ပင်မလှုပ်နိုင်တော့
မောင်မြဲကိုကြည့်၍ မျက်ရည်များကျနေရှာ၏။
“ကဲ…မဖယ်ချင်တဲ့စောက်ကလေး…
အတူတူသာ သေကြပေတော့”
ငထိန်သည် မောင်မြဲနဲ့အတူ ကျားကြီးဆီသို့
သူ၏စက်တန်းကို ပစ်လေရာ ငသြမှာ
မောင်မြဲကို ဆွဲခေါ်၍စက်တန်းမထိအောင်ကာကွယ်ပေးရှာသည်။
“ဦးကွီးးးးးးးးးးး”
မောင်မြဲ၏အော်သံနှင့်အတူငထိန်၏စက်တန်းထိမှန်သွား
လေတော့… ကျားကြီးသည်နေရာ၌
သေဆုံးသွားခဲ့ရှာသည်။
ငထိန်က ကျားကြီး၏ရင်ကိုခွဲ၍ အသည်းကို
ယူလေသည်။ပြီးနောက်ထိုအသည်းကို
အားပါးတရပင်အစိမ်းစားလေသည်။
သူစားပြီးတစ်ဝက်ကျန်လေမှ ကျန်သောအသည်းတစ်ခြမ်းအား ငသြကိုစားစေသည်။
မောင်မြဲခမြာ သေဆုံးနေသော ကျားကြီးအနီးသို့သွား၍
အော်ဟစ်ငိုယိုနေရင်း အသည်းစိမ်းအားစားနေသော
စုန်းညီနောင်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
“ခင်ဗျားတို့လည်းသေရမယ်…”
လက်ထဲ၌ဓားတိုလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း
ငထိန်အားတိုက်ခိုက်လေသည်။
“ဒီစောက်ကလေးကတော့ သေချင်နေပြီထင်တယ်…”
“ဘုန်း”
ငထိန်က မောင်မြဲကို ကိုင်ပေါက်ပစ်လေသည်။
မောင်မြဲမှာ နာကျဥ်သော်လည်းပြန်ထ၍
ငထိန်ကိုတိုက်ခိုက်ပြန်သည်။
ငထိန်ကလည်း ကလေးဆိုပြီးမညှာပေ။
မောင်မြဲ၏မျက်နှာ၌ သွေးများပင်ထွက်နေပြီဖြစ်၏။
“မောင်မြဲ…တော်ပါတော့ငါ့ညီရာ…
မင်းလည်းပင်ပန်းနေပြီမဟုတ်လား”
ဟု…ငသြကတားလေသည်။
“ခင်ဗျားကိုလည်းသတ်မယ်…
သတ်ပစ်မယ်…….အားးးးးးးးး”
မောင်မြတ်မှာဒေါသတကြီးအော်ဟစ်ပြီးနောက်
နေရာ၌လဲကျသွားတော့သည်။
“မောင်မြဲ…မောင်မြဲ….”
ငသြမှာ မောင်မြဲကို စိုးရိမ်တကြီးလှုပ်နိုးပြီးခေါ်လေသည်။
မောင်မြဲမှာ ငသြ၏လက်ထဲ၌ သတိမေ့မြောနေပြီဖြစ်သည်။
“အစ်ကိုကလည်းဗျာ…
ထားခဲ့ပါဆိုနေတာကို”
ငသြမှာ ကျားကြီး၏အလောင်းအား
မီးရှို့သဂြိုလ်ပေးခဲ့သည်။
“ညီလေး…အစ်ကိုပြောပြီးပြီပဲလေ…
ဒီကလေးရဲ့ကျေးဇူးအစ်ကို့မှာရှိတယ်…
ပြီးတော့…သူ့ရဲ့သွေးသားကိုအစ်က်ို့ဘက်ကကျေးဇူးဆပ်တဲ့အနေနဲသေချာလေးသဂြိုလ်ပေးခဲ့ချင်တာမလို့…
မတားပါနဲ့ညီလေးရာ”
ငထိန်မှာတားမရသောအစ်ကိုဖြစ်သူကို
လွှတ်ထားလိုက်သည်။
သတိမေ့မြောနေသော မောင်မြတ်ကိုလည်း
မမှုန်မသုန်စိုက်ကြည့်လေသည်။
“သူ့အမျိုးကိုသဂြိုလ်ပေးပြီးရင်လည်း
ထားခဲ့တော့လေဗျာ..
ဘာလို့ခေါ်လာခဲ့ရတာလဲ”
ငသြက မောင်မြဲကို ပွေ့ချီကာခေါ်လာခဲ့သည်။
“မထားခဲ့နိုင်ဘူးညီလေး…
သူ့မှာမိဘလည်းမရှိဘူးလို့သိရတယ်…
အစ်ကိုသနားလို့ပါကွာ”
ငထိန်သက်ပြင်းသာချပြီးဆက်မပြောတော့ပေ။
ငသြ၏လက်ထဲမှာတော့ မောင်မြဲသည်
သတိမေ့မြောလျှက်ပါလာခဲ့လေသည်။
ထိုသို့ဖြင့် စုန်းညီနောင်၏ခရီး၌ မောင်မြဲလေးလည်း
ပါလာခဲ့ပြီဖြစ်ပေသည်။
စုန်းညီနောင်နဲ့မှော်ကဝေဘိုးတေဆိုတဲ့စာမူလေးပြီးဆုံးသွားပေမယ့်…စုန်းညီနောင်ရဲ့ဇာတ်လမ်းလေးကို
ဆက်လက်ရေးသားတင်ဆက်ပေးပါဦးမှာမလို့
အားပေးကြပါဦးရှင်…
ယဥ်မင်း(ကန့်ဘလူ)