ဘွားမယ်စိန်ပါဝင်သော…
စုန်းညီနောင်နှင့်စုန်းထီးကြီးဦးသိုက်စံ

စာမူ…၁၆၅

စဆုံး

ငသြနဲ့ငထိန်တို့ညီအစ်ကိုနှစ်ယောက်
ရွာတစ်ရွာဆီသို့ရောက်လာခဲ့ကြသည်။
တစ်ညတာလုံး စုန်းထီးကြီးဦးသိုက်စံကိုရှာတွေ့ဖို့
စိုင်းပြင်း၍ ထွက်လာကြတာမို့ အတော်လေးလည်း
ပင်ပန်းနေကြပြီဖြစ်သည်။
ထို့ကြောင့် ရွာပြင်ဇရပ်၌ အနားယူကြရ၏။

“ဟေ့…ကောင်လေးတွေ…ခရီးသွားတွေလားကွ”

ဇရပ်ဆီသို့ရောက်လာသော လူကြီးများက
ငသြတို့ကိုမေးကြသည်။

“ဟုတ်ပါတယ်ဦးကြီး…
ကျုပ်တို့က ခရီးသွားတွေပါဗျ…
ဒါနဲ့ဦးကြီးတို့က ဒီရွာကလား”

ဟု..ငထိန်ကပြန်မေးလေသည်။

“အေးကွ…ဦးကြီးတို့က ဒီရွာသားတွေ…
တစ်ဖက်ရွာမှာ မင်္ဂလာဆောင်ရှိလို့ထွက်လာကြတာကွဲ့”

“သြော်…ဟုတ်ကဲ့…အချိန်လေးခဏရမလားဦးကြီး”

“ဟေ…ဘာလို့များလဲကောင်လေးရဲ့”

“ဒီလိုပါဦးကြီးရယ်…
ကျုပ်တို့က ဦးသိုက်စံဆိုတဲ့ လူကြီးကိုလာရှာကြတာပါ…
ဒီရွာမှာ ဦးသိုက်စံဆိုတဲ့လူကြီးများရှိနေမလားလို့
မေးချင်လို့ပါဗျာ…”

“ဦးသိုက်စံ…ဟုတ်လား”

ငသြစကားကြောင့် လူကြီးတွေက တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကုန်ကြသည်။

“ဒီလူ့ကို ဘာကိစ္စရှာနေကြတာလဲကွဲ့…”

“ကျုပ်တို့အရေးကြီးကိစ္စလေးရှိလို့သာ
လာရှာရတာပါဦးကြီးရယ်…”

“ဒါဆိုရင်တော့ တို့ရွာထဲမှာ မရှာလေနဲ့တော့…
ကောင်လေးတို့ပြောတဲ့လူက တို့ရွာမှာမရှိဘူးကွဲ့…
နောက်ပြီး ကောင်လေးတို့ကြည့်ရတာလည်း
လူဆိုး…လူမိုက်တွေ ဖြစ်ဟန်မတူပါဘူး…
ဒါကြောင့် ဦးကြီးတို့ပြောလိုက်မယ်…
အဲ့သည် ဦးသိုက်စံဆိုတဲ့လူကိုမေ့လိုက်ကြကွဲ့…
ပြီးရင်လာရာလမ်းအတိုင်းပဲပြန်သွားကြပေတော့…”

ဟု…ပြောသောအခါ ငသြနဲ့ငထိန်မှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
လူကြီးတွေကတော့ ဇရပ်လေးနံဘေးမှ ထွက်သွားကြလေသည်။

“အစ်ကို…ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”

“ဒီလူတွေကြည့်ရတာ…အဲ့သည် ဦးသိုက်စံဆိုတဲ့
လူကြီးအကြောင်းကိုတော့ သိကြမယ့်ပုံပဲညီလေးရဲ့”

“ဒါဆို ကျုပ်တို့ကိုဘာလို့ဆက်မရှာခိုင်းကြတာလဲ”

“သြော်…ညီလေးရာ…ဦးသိုက်စံဆိုတာက
စုန်းလေ…စုန်းဆိုတာကလည်း လူတွေကို
အောက်လမ်းနည်းနဲ့ပြုစား…ခြောက်စားအတတ်တွေကို တတ်မြှောက်ထားတဲ့သူကို ခေါ်တာမဟုတ်ဘူးလားကွ…
ဒါကြောင့်သူတို့က အစ်ကိုတို့ကိုစေတနာနဲ့
သတိပေးသွားကြတာပါကွာ…”

“ဘယ်သူတွေဘယ်လိုပြောပြောဗျာ…
ကျုပ်ကတော့ ဦးသိုက်စံကိုရအောင်ရှာမယ်အစ်ကို…”

“ရှာရမှာပေါ့ကွာ…
ကဲ…ဗိုက်တွေလည်းဆာလှပြီညီလေးရာ…
ဒီညတော့ ဒီရွာက ဘုန်းကြီးကျောင်းမှာ
အကျိုးအကြောင်းပြောပြီးဝင်တည်းကြတာပေါ့…
နောက်ရက်မှပဲ… ခရီးဆက်ကြမယ်ကွာ…”

ငသြနဲ့ငထိန်တို့ညီအစ်ကိုလည်း ဇရပ်မှခွာပြီး
ရွာဘုန်းကြီးကျောင်းဆီသို့ ထွက်လာခဲ့ကြသည်။
ဘုန်းကြီးကျောင်း၌ တည်းခွင့်တောင်းပြီး
ကပ္ပိယကြီးစီမံပေးသော ဟင်းပေါင်းချက်ဖြင့်
ဆာနေသောဗိုက်များအား ဖြည့်လိုက်ကြတော့သည်။

နောက်တစ်ရက်မနက်၌ ဆရာတော်ဘုရားနဲ့
ကပ္ပိယကြီးတို့အား နှုတ်ဆက်၍ ခရီးဆက်ကြလေသည်။

“အစ်ကိုရေ…ကျုပ်တို့ရွာတွေလည်း နှံ့နေပြီ…
ဒီလူကြီးအကြောင်းကိုဘယ်သူမှတိတိ
ကျကျမပြောနိုင်ဘူးဗျာ…စိတ်တွေလည်းညစ်ပါတယ်”

ငထိန်ကတော့ ဦးသိုက်စံအကြောင်းကိုမသိရသေး၍
စိတ်ညစ်နေရှာသည်။
ငသြကလည်း ညီဖြစ်သူကိုကြည့်၍
သက်ပြင်းချလေသည်။

“အစ်ကိုလက်မလျော့သေးသ၍ကတော့
ရှာတွေ့မှာပါညီလေးရာ…”

ဟု…ညီဖြစ်သူကိုအားပေးရင်း ငသြတို့
ခရီးဆက်ထွက်ကြလေသည်။
ထိုသို့ဖြင့် တောထဲ၌အိပ်လိုက်…ဇရပ်အို…
ဇရပ်ဟောင်းများ၌​အိပ်လိုက်ဖြင့် ငသြနဲ့ငထိန်တို့မှာ
အတော်လေး ပင်ပန်းနေကြပြီဖြစ်သည်။
တစ်ရက်မှာတော့ တောတစ်နေရာ၌ ရှေးကဆောက်လုပ်ထားသည် ဇရပ်အိုတစ်ခုအတွင်း ငသြတို့အနားယူနေခိုက်…

“အောင်မယ်လေးဗျ…ကယ်ကြပါဦး…
ပူလိုက်တာဗျာ…”

ဟူသောအသံကြီးကြောင့် ငသြနဲ့ငထိန်
အလန့်တကြားဖြစ်သွားခဲ့သည်။

“အစ်ကို..ဟိုမှာ လူတစ်ယောက်က လူတစ်ယောက်ကို
နှိပ်စက်နေတာဗျ…”

မြင်ကွင်းထဲဝင်လာသော အဖြစ်အပျက်ကြောင့်
ညီအစ်ကိုနှစ်​ယောက်လုံးလည်း လက်ဆွဲတော်
ဝါရင်းတုတ်များကို ကိုင်ဆောင်ကာ ဇရပ်အပေါ်မှဆင်းလာခဲ့ကြသည်။

“ဟေ့လူ…ဘာလို့ အသားလွှတ်နှိပ့်စက်နေရတာလဲ”

နှုတ်ခမ်းမွှေးကားကားဖြင့် သောင်ထုံးကြီးကို ကျကျနန
ထုံးဖွဲ့ထားသော လူကြီးသည်
ခန္ဓာကိုယ်ပိန်သေးသေးသာရှိသော သောင်ထုံးနဲ့
လူကြီးအား နှိပ်စက်နေခဲ့သည်။
ပိန်သေးသေးလူမှာ မြေပြင်ပေါ်၌ပက်လက်
အနေအထားဖြင့် နာနာကျဥ်ကျဥ် အော်ဟစ်လို့နေခဲ့သည်။
နှုတ်ခမ်းမွှေးနဲ့လူကြီးက ငသြနဲ့ငထိန်ကို ဘေးသို့ဖယ်နေဟု လက်ဟန်ပြပြီး ပိန်သေးသေးလူထံသို့
သွားဖို့ဟန်ပြင်လေသည်။

“ကယ်ကြပါဦး…ကျုပ်ကိုသူသတ်တော့မယ်…
ကယ်ကြပါဦး”

ပိန်သေးသေးလူကြီး ၏အော်သံကြောင့် ငထိန်မှာ
မည်သို့ကူညီရ​လေမလဲ စဥ်းစားမရသည့်အဆုံး…
နှုတ်ခမ်းမွှေးဖြင့်လူ၏ခေါင်းအား အနောက်မှ
ဝါးရင်းတုတ်ဖြင့် ရိုက်ချလိုက်ရာ ထိုလူကြီးမှာ
မြေပေါ်သို့.ဘုန်းခနဲလဲကျသွားတော့၏။

“ဟာ…”

ငသြမှာ.အလန့်တကြားဖြင့် ညီဖြစ်သူကိုကြည့်နေခဲ့ရှာသည်။
နှုတ်ခမ်းမွှေးနဲ့လူမှာမြေပေါ်မှ မလှုပ်မယှက်လဲကျနေခဲ့စဥ်
ပိန်သေးသေးလူသည် မြေပေါ်မှဝမ်းသာအားရဟန်ဖြင့်
ထလာခဲ့သည်။

“ကျေးဇူးတင်လိုက်တာကွာ…
လာ…လာ…ဒီလူနိုးလာလို့မဖြစ်ဘူး…
ဒီနေရာကနေ တို့တွေအရင်ဆုံးထွက်သွားရမယ်…”

ဟု…ပြောပြီး အရှေ့မှထွက်သွားသော
ပိန်သေးသေးလူကြောင့် ငသြနဲ့ငထိန်မှာ ဇရပ်အပေါ်၌
ကျန်ခဲ့သော.လွယ်အိတ်များကိုယူကာ ထိုလူကြီးရဲ့နောက်သို့အပြေးတပိုင်းဖြင့်လိုက်သွားကြရှာသည်။
လူကြီး၏အနောက်သို့ မေးမြန်းခြင်းမရှိဘဲ
ညီအစ်ကိုနှစ်ယောက်လိုက်လာခဲ့သလို…လူကြီးကလည်းအနောက်မှ နှုတ်ခမ်းမွှေးဖြင့်လူကြီးမလိုက်လာစေရန်
​ခြေလှမ်းများကို ခပ်သွက်သွက်ဖြင့် သွားနေခဲ့တော့သည်။
ခဏအကြာတော့မြစ်ဆိပ်တစ်ခုဆီသို့ရောက်လာခဲ့ကြသည်။

“ဟာ…ဆရာကြီးရောက်လာပြီ…”

မြစ်ဆိပ်၌ရပ်ထားသော.လှေပေါ်ရှိလူသည် လူကြီးကိုမြင်တော့ ဝမ်းသာအားရဖြင့် ပြော၏။

“ဟေ့…သောင်းကြည်…ငါတို့အချိန်မရှိဘူး…
မြန်မြန်သာလှော်တော့ကွာ…”

“ဟုတ်ကဲ့ဆရာကြီး…”

ငသြနဲ့ငထိန်တို့လည်း လူကြီးတက်လိုက်သော
လှေပေါ်သို့အတူတူတက်ထိုင်လိုက်ကြသည်။
လှေသမားကလည်း အားကြိုးမာန်တက်ဖြင့်
လှော်ခတ်တော့၏။
ငသြနဲ့ငထိန်တို့မှာ လှေကလေးအထက်၌
စကားပင်မပြောကြဘဲ ငြိမ်ငြိမ်လေးသာ ထိုင်လိုက်
လာခဲ့ကြသည်။
တော်တော်လေးကြာလေတော့မှ လှေကလေးကို
ကမ်းတစ်ခုသို့ ကပ်လိုက်၏။

“ကဲ…ဆင်းကြကွဲ့…
ကျုပ်အနောက်ကလိုက်ခဲ့ကြ”

ငသြတို့လည်းလူကြီး၏အနောက်မှလိုက်လာခဲဲ့ကြသည်။
တောလမ်းလေးအတိုင်းလျှောက်လာကြရင်း တဲအိမ်များကို တွေ့လိုက်ရ၏။
လူများကလည်း လူကြီးကိုကြည့်၍
ဝမ်းသာအားရ စကားများပြောနေကြသလို
ငသြနဲ့ငထိန်ကိုတော့ စူးစမ်းသလိုကြည့်နေခဲ့ကြ၏။

“အစ်ကို…တဲတွေက ဆယ်လုံးလောက်ပဲရှိတာဗျ…
ရွာကအတော်သေးတာပဲ”

“အေးကွ…”

ငထိန်စကားကို ငသြက ထောက်ခံလိုက်သည်။
လူကြီးကတော့ ရွာထဲရှိ တခြားတဲများနှင့်မတူသော
တဲအကြီးကြီးဆီသို့ ငသြတို့ကိုခေါ်ဆောင်သွားခဲ့သည်။

“လာကြကွဲ့…ဒါကျုပ်အိမ်ပဲ…”

လူကြီးက သူ၏အိမ်ဟုပြော၍ ငသြတို့ကို
နေရာထိုင်ခင်းပေးလေသည်။

“မိပြား…ဟဲ့မိပြား…”

“ရှင်……”

“မရှင်နဲ့…လာစမ်းကောင်မရဲ့…
ညည်းလင်ပြန်လာတာကို မကြိုဆိုနိုင်အောင်
ညည်းဘာအလုပ်တွေများနေရတာလဲ”

လူကြီး၏စကားကြောင့် အိမ်အတွင်းထဲမှ
မိန်းမတစ်ယောက်ထွက်လာခဲ့၏။
ထိုမိန်းမမှာလူကြီးရဲ့စကားကြောင့် လူကြီး၏မိန်းမမှန်း
ငသြတို့သိလိုက်ကြသည်။
သို့သော် သူတို့အံ့သြမိကြ၏။
ဘာကြောင့်ဆို…လူကြီး၏အသက်ထက်
ထက်ဝက်လောက်ငယ်သောမိန်းမဖြစ်သူကို
လူကြီးက အတော်နိုင်ပုံရသောကြောင့်ပင်။

“ဆရာကြီး…ပြန်လာပြီလား”

ယောကျာ်းဖြစ်သူကို ဆရာကြီးဟုခေါ်လေတော့
ငသြတို့မှာ အံသြပြီးရင်း အံ့သြနေကြရသည်။

“ဧည့်သည်တွေပါလာတယ်…
ထမင်းဝိုင်းပြင်ကွဲ့…
ဒီသူငယ်လေးတွေလည်း ဆာနေတော့မယ်…”

“ဟုတ်ကဲ့…ဟုတ်ကဲ့…ကျုပ်အခုပဲသွားပြင်လိုက်ပါ့မယ်”

ဟုပြောပြီး မိပြားက ပြန်ထွက်သွားသည်။
လူကြီးကတော့ ငသြနဲ့ငထိန်ကို အတော်လေးသဘောကျနေပုံရသည်။
ငသြနဲ့ငထိန်ကလည်း စပ်စပ်စုစုမရှိလှ။
လူကြီး၏အကြောင်းအားမေးဖို့ နှုတ်ပင်မဟကြပေ။

“သူငယ်တို့ ခရီးသွားတွေလား…”

ဟုမေးတော့

“ဟုတ်ပါတယ်ဆရာကြီး” ဟု…ငသြကဖြေရာ
ဆရာကြီးဟု ခေါ်တာကို သဘောကျဟန်ဖြင့် ပြုံး၍
ခေါင်းညိတ်လေသည်။

“ထမင်းအရင်စားကြတာပေါ့ကွာ…
စားသောက်ပြီးမှပဲ စကားဆက်ကြတာပေါ့…”

ငသြနဲ့ငထိန်လည်း လူကြီး၏မိန်းမ မိပြားပြင်ပေးသော
ထမင်းဝိုင်း၌ ထမင်းစားကြလေသည်။
ထမင်းနဲ့ဟင်းများကို အရသာရှိရှိမစားတာကြာပြီဖြစ်၍
ငသြနဲ့ငထိန်တို့မှာဗိုက်ပင်ပေါက်ထွက်မလောက်စားကြလေသည်။
စားပြီးနောက်လည်း မလှုပ်သာ၍ ကြမ်းခင်းပေါ်၌
လှဲနေကြတော့သည်။
လူကြီးကတော့ သူတို့ထမင်းစားနေစဥ် ရွာထဲသို့
ထွက်သွား၍အိမ်၌မရှိသလို…မိပြားသည်လည်း
သူတို့စားထားသော.ထမင်းပန်းကန်များအား
ဆေးကြောနေလေသည်။
ညီအစ်ကိုနှစ်ယောက် ကြမ်းခင်းနဲ့ထိလိုက်သည်နှင့်
အိပ်ပျော်သွားခဲ့ကြသည်။
ညနေ နေစောင်းလောက်အချိန်ရောက်မှ…

“ဟေ့သူငယ်တို့…ထကြကွဲ့”

ဟု…လှုပ်နိုးခံရလေမှ နိုးလာခဲ့ကြတော့သည်။
ငသြတို့ကိုလှုပ်နိုးပြီး…

“သူငယ်တို့အ​တော်အိပ်ရေးပျက်ထားပုံပဲကွ…
ပြောစမ်းပါဦး…သူငယ်တို့ကခရီးသွားတွေဆိုတော့
ဘယ်အရပ်ကိုများသွားကြမလို့လဲကွဲ့”

“ကျုပ်တို့က ခရီးသွားတွေဆိုပေမယ့်
ဘယ်အရပ်ကိုသွားလို့သွားရမှန်းမသိပါဘူးဆရာကြီးရယ်”

“ဟေ…”

လူကြီးက ငသြစကားကြောင့်အံ့သြသွားသည်။

“ဒီလိုပါဆရာကြီးရယ်…
ကျုပ်တို့ညီအစ်ကိုက ဦးသိုက်စံဆိုတဲ့သူကို
ရှာဖို့ခရီးထွက်လာခဲ့ကြတာပါ…ဦးသိုက်စံဆိုတဲ့
ပုဂ္ဂိုလ်ရဲ့အ​ကြောင်းကို ကြားပဲကြားဖူးပြီး…
လူကိုတော့အခုထိရှာလို့မတွေ့သေးပါဘူးဗျာ…”

ငသြစကားကြောင့် လူကြီး၏မျက်နှာက
ပြုံးသွားခဲ့သည်။

“သူငယ်တို့က ဒီလူကြီးကိုဘာလို့ရှာရတာလဲ…
ရန်ငြိုးရန်စများရှိနေလို့လားကွဲ့”

“ဟာဗျာ…ဆရာကြီးရယ်…
ကျုပ်တို့နဲ့သူနဲ့က ဘာရန်ငြိုးရန်စမှမရှိပါဘူး…
အခုက ကျုပ်တို့ရဲ့ရန်ငြိုးကြောင့်ပဲ သူ့ဆီမှာ
ပညာသင်ချင်လို့ လိုက်ရှာနေကြရတာပါဗျာ…”

“သူငယ်တို့က ဘယ်သူနဲ့ဘယ်ရန်ငြိုးတွေရှိနေတာလဲကွဲ့”

“ဆရာကြီးကမေးတော့လည်းပြောပြရမှာပေါ့…
ဒီလိုဗျ…ကျုပ်တို့ရွာမှာ ဒေါ်ပန်းအုံဆိုတဲ့မိန်းမကြီးတစ်ယောက်ရှိတယ်ဆရာကြီးရဲ့…ရွာကလူတွေကတော့
အဲ့သည်မိန်းမကြီးကိုစုန်းမကြီးလို့ပြောကြတာပဲဗျာ…
ကျုပ်တို့ကတော့ ကိုယ်နဲ့မဆိုင်တာမို့
သတိမပြုမိဘဲနေနေခဲ့ကြတာပေါ့…
အဲ့သည်လိုနေခဲ့တဲ့ကြားကမှ အဲ့စုန်းမကြောင့်ပဲ
ကျုပ်တို့အမေရဲ့အသက်ကို ဆုံးရှုံးခဲ့ရတယ်ဗျ…
ဒါကြောင့် အဲ့သည်စုန်းမကိုရှင်းပစ်ချင်လို့
ဦးသိုက်စံဆိုတဲ့လူကိုအသည်းအသန်
လိုက်ရှာနေကြတာပါဗျာ…”

ဟု…ငသြက ရှင်းပြလေတော့ လူကြီးကခေါင်းကိုညိတ်သည်။

“ဒါဖြင့်လည်းကျုပ်ရွာမှာ သူငယ်တို့
စိတ်ကြိုက်နေကြပေါ့…
လာကြကွဲ့…ကျုပ်ဘေးက တဲမှာမောင်ရင်တို့
ညီအစ်ကိုလွတ်လွတ်လပ်လပ်သာနေကြပေတော့…
စားစရာရှိရင်လည်းအားမနာနဲ့ သူငယ်တို့အစ်မစီစဥ်ပေးပါလိမ့်မယ်…”

“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်”

ထိုသို့ဖြင့် ငသြနဲ့ငထိန်တို့လည်း လူကြီးစီမံပေးသော
တဲအိမ်လေး၌ နေဖြစ်ခဲ့ကြသည်။
ရေမိုးချိုးပြီးနောက် မပြားပြင်ဆင်ပေးသော
ညစာထမင်းကိုစားပြီး တဲအိမ်လေး၌ တစ်ညတာကို
အိပ်စက်အနားယူလိုက်ကြ၏။

နောက်တစ်နေ့မိုးလင်းတော့ ငသြတို့ညီအစ်ကိုမှာ
မျက်နှာသစ်ပြီး တဲအိမ်၌သာ ထိုင်နေခဲ့ကြသည်။
သူတို့ထိုင်နေစဥ် ဘေးတဲဆီမှစကား​ပြောသံများကိုကြားလိုက်ရ၏။

“ကျုပ်တို့က ဆရာကြီးကိုစိတ်ပူနေတာဗျ…
ဆရာကြီးက အဓိဋ္ဌာန်ဝင်ထားတော့ ပညာကိုသုံးလို့မရဘူးဖြစ်နေတယ်မဟုတ်လား ကျုပ်တို့တော့ ဆရာကြီးအခက်တွေ့လောက်ပြီဆို​ပြီး လိုက်လာကြပါသေးတယ်…
ဒါပေမယ့် ဆရာကြီးက နေရာမှာမရှိတော့လို့.ရွာကိုပဲလိုက်လာခဲ့ကြတာဗျ…”

“မင်းတို့ရဲ့ဆရာ သိုက်စံဆိုတဲ့ကောင်က
နှယ်နှယ်ရရမှမဟုတ်တာကွာ…
ဒီကောင်လည်း ကျုပ်နောက်မလိုက်လာရဲပါဘူး…
ကျုပ်နဲ့သူတစ်ကွေ့ကွေ့တော့ကြုံဦးမှာပါ…
အဲ့သည်ကျမှလက်ဦးသူအရင်သတ်ရမှာပေါ့ကွာ…”

ဟူသောအသံကြောင့် ငသြနဲ့ငထိန်တို့
အံ့သြပြီး ထိုင်ရာမှထလိုက်ကြသည်။
ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီးနောက် ဦးသိုက်စံဆီသို့အပြေးသွားကြတော့သည်။
တစ်ဖက်ကတဲအိမ်အတွင်း၌ ဦးသိုက်စံနဲ့အတူ
လူသုံးယောက်ထိုင်နေကြသည်။
ထိုလူသုံးယောက်ရဲ့အကြည့်များက ငသြတို့ထံသို့
စူးစူးရဲရဲပင်ရောက်လာခဲ့၏။

“ဆရာကြီးက ဦးသိုက်စံဆိုတာလား…”

ငသြက မေးတော့ ဦးသိုက်စံက ပြုံး၍ခေါင်းညိတ်သည်။

“ဝမ်းသာလိုက်တာဆရာကြီးရယ်…
ကျုပ်တို့နောက်ဆုံးတော့ ရှာတွေ့သွားပြီပေါ့ဗျာ…”

ငထိန်က ဝမ်းသာအားရပြောလေသည်။

“ကျုပ်ကလည်း သူငယ်တို့ကို ဒီမနက်ပဲပြောပြမလို့ပါကွဲ့…
အခုတော့ဖြင့် သူငယ်တို့ကကြားသွားကြပြီပေါ့…
ကဲ..ကဲ…ကျုပ်လည်းဧည့်သည်တွေရှိနေသေးလို့
တော်နေမှစကားပြောကြတာပေါ့”

ဦးသိုက်စံစကားကြောင့် ငသြနဲ့ငထိန်လည်း
မိမိတို့နေသော တဲဆီပြန်လာခဲ့ကြသည်။
ညီအစ်ကိုနှစ်ယောက်လုံးအတော်လေး
ဝမ်းသာနေကြရှာသည်။
ဦးသိုက်စံက သူ၏တပည့်များပြန်သွားလေတော့မှ
ငသြနဲ့ငထိန်တို့ကို အနားခေါ်လေသည်။

“ကဲ…သူငယ်တို့လည်းသိပြီးကြပြီဆိုတော့
ကျုပ်ဘက်ကရှင်းရှင်းဘွင်းဘွင်းပဲပြောတော့မယ်…
ကျုပ်အကြောင်းဘယ်လောက်ထိကြားသိခဲ့ကြသလဲတော့
ကျုပ်မသိဘူး…ကျူပ်ဆိုတဲ့သိုက်စံက ပညာသည်တွေကိုတောက်တစ်ချက်ခေါက်ယုံနဲ့ ပညာပေးနှိပ်ကွပ်ခဲ့တဲ့
ကောင်ကွဲ့…ဒါပေမယ်လို့ အခုချိန်မှာကျုပ်ရဲ့ပညာတွေကို
အဆင့်မြှင့်ဖို့အတွက် ကျင့်စဥ်တွေနဲ့ အဓိဋ္ဌာန်တွေကို
ကျုပ်ပြုလုပ်နေရတယ်…ကျုပ်နေတဲ့ရွာကိုလည်းဘယ်သူ၊ဘယ်ဝါမှမမြင်ကြသလို…ဝင်မရအောင်ကအစ
ကျုပ်စီမံထားတာကွဲ့….သူငယ်တို့ညီအစ်ကိုကတော့
ကျုပ်ကိုကူညီပေးခဲ့ကြသူတွေမလို့ ကျုပ်လိုလိုလားလားခေါ်လာခဲ့တာ…နောက်ပြီးသူငယ် တို့အကြောင်းကို
သိရပြန်တော့ ကျုပ်အမေကိုသတိရမိပြန်တယ်…
ဒါကြောင့်ကျုပ်ဆီက ပညာသင်ချင်တဲ့
သူငယ်တို့ညီအစ်ကိုကိုကျုပ်ဘက်ကသင်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်…”

“ကျေးဇူးတင်ပါတယ်ဆရာကြီး”

“အေးကွယ်ဒီကနေ့ကစပြီး…
ကျုပ် သူငယ်တို့ညီနောင်ကိုပညာသင်ပေးမယ်….
ကြိုးစားပြီးမှတ်သားကြပေါ့…”

ဦးသိုက်စံက ငသြနဲ့ငထိန်တို့ကို ပညာနဲ့ဆိုင်သော
အင်းအိုင်ဆေးဝါးအစရှိတဲ့ပညာရပ်များကိုသင်ကြားပေးတော့သည်။
ငသြနဲ့ငထိန်တို့လည်း ဦးသိုက်စံသင်ပေးသမျှကိုတတ်မြောက်အောင်သင်ယူကြသည်။
ဦးသိုက်စံကလည်း ငသြတို့ညီနောင်အားစိတ်ပါလက်ပါပင်သင်ကြားပေးလေသည်။
ပညာသင်ယူစဥ်ကာလ၌ စားသောက်ဖို့ကိစ္စများ
အတွက်လည်းဦးသိုက်စံ၏မိန်းမ မိပြားက
စီစဥ်ပေးရသည်။
ထိုရွာ၌နေတာကြာလာသောအခါ ရွာအကြောင်းများကိုလည်း ငသြတို့သိလာခဲ့သည်။
တစ်ရွာလုံးရှိလူများမှာ ဦးသိုက်စံ၏တပည့်များဖြစ်ကြသည်။ တစ်ရွာလုံးစုန်းတွေဟုပြောရမည့်အထဲ
မိပြားလည်းပါဝင်ပေသည်။
ငသြနဲ့ငထိန်ကို ဦးသိုက်စံက အနီးကပ်ထားသောကြောင့်
ကျန်တပည့်များမှာ ငသြနဲ့ငထိန်ကို မခေါ်မပြောဘဲမနေရဲကြပေ။ သို့သော် စုန်းတို့၏ နဂိုဗီဇအတိုင်းပညာစမ်းချင်ကြသေးသည်။
ငသြနဲ့ငထိန်မှာလည်းမခေလှ…ဦးသိုက်စံသင်ပေးထားသမျှကို သေချာမှတ်သားထားကြသည်မလို့ တန်ပြန်ခုခံနိုင်ကြ၏။ ထိုအခါတစ်ဖက်မှ ကျောကော့အောင်ခံရပြီး
ငသြနဲ့ငထိန်တို့ညီအစ်ကိုကို အရှုံးပေးကြရရှာသည်။
ထိုရွာ၌ ငသြနဲ့ငထိန်ဟူသော ..အမည်ကို
ခေါ်ကြခြင်းထက်
စုန်းညီနောင်ဟုသာခေါ်ကြတော့သည်။
ဦးသိုက်စံကလည်း စုန်းညီနောင်ကိုအတော်လေး
သဘောတွေ့ရှာသည်။
ပညာသင်ပေးစဥ်အတွင်းလည်း ဦးသိုက်စံကိုယ်တိုင်
စုန်းညီနောင်အား ပညာစမ်းလေသည်။
ထိုသို့ပညာစမ်းတိုင်းလည်းစုန်းညီနောင်က ပြန်လည်လုပ်ပြလေတော့ ဦးသိုက်စံပင်သဘောတွေ့၍ ချီးမွမ်းလေသည်။
စုန်းညီနောင်ကပညာသင်ယူနေစဥ် ဦးသိုက်စံသည်
ခရီးများလည်းထွက်တက်၏။
ခရီးထွက်တိုင်း ကျန်ရစ်ခဲ့သော စုန်းညီနောင်သည်
ယခင်သင်ပေးသမျှကို ပြန်လည်လေ့ကျင့်ရလေသည်။
ဦးသိုက်စံခရီးမှ ပြန်လာလေမှ ပညာနောက်တစ်ဆင့်တက်ရ၏။
တစ်ရက်၌ ဦးသိုက်စံရွာ၌မရှိချိန်…

“မောင်လေးငထိန်…အစ်မဆီခဏလာပါဦးကွဲ့…”

ဟု…မိပြားက သူ၏တဲအိမ်အတွင်းမှ ခေါ်လေသည်။
မိပြားအသံကြောင့် ညီအစ်ကိုနှစ်​ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြလေသည်။

“ကျုပ်တစ်ယောက်ထဲတော့
မသွားသင့်ဘူးထင်တယ်နော်အစ်ကို…”

ဟု…ငထိန်ကပြောတော့ ငသြ သက်ပြင်းချသည်။
မိပြားက နဂိုကနှင့်မတူ ငထိန်အပေါ်၌ သံယောဇဥ်ပိုနေခဲ့သည်။ ဦးသိုက်စံရွာ၌ မရှိချိန်ဆိုပို၍ ငထိန်ကို
ခေါ်တတ်သေးသည်။
ငထိန်သွားလျှင်လည်း နင်းနိပ့်ခိုင်း၍ ငထိန်က
မသွားချင်ဟုသာ.တွင်တွင်ငြင်းလေသည်။

“မသွားလို့လည်းမကောင်းပြန်ဘူးညီလေးရဲ့…
ဆရာကြီးရဲ့မိန်းမဆိုတော့ သူလည်း ဆရာကတော်ပဲလေ…နေ​…နေ…ဒါဖြင့် အစ်ကိုပဲသွားလိုက်တော့မယ်”

ဟု…ပြော၍ ယခုတစ်ခေါက်တော့ ငသြသာ
ထွက်လာခဲ့လိုက်သည်။

“ဟင်…ငထိန် မရှိဘူးလားကွဲ့”

ငသြရောက်လာ၍ မိပြားမျက်နှာပျက်သွားသည်။

“ညီလေးက နေထိုင်မကောင်းလို့အိပ်နေတယ်ဗျ…
အစ်မ ဘာများခိုင်းချင်လို့လဲ ကျုပ်ကိုပြောပါ…
ကျုပ်လုပ်ပေးပါ့မယ်”

ဟု…ငသြကပြောတော့ မိပြားက…

“ဒီလိုဆိုရင်ဖြင့် ရှိပါစေတော့…မခိုင်းတော့ဘူးကွယ်…
မင်းလည်းပြန်တော့”

“ဟုတ်ကဲ့”

မိပြားအနီးမှ ငသြထွက်လာခဲ့သည်။
တဲအတွင်းသို့ရောက်တော့…

“အစ်ကိုဘာပြောသလဲ”

ဟု…ငထိန်ကဆီးကြိုကာမေးလေသည်။

“ငါ့ညီမဟုတ်လို့အစ်ကို့ကိုပြန်လွှတ်လိုက်တယ်ကွ…
ညီလေးကိုနေမကောင်းဘူးလို့ပြောထားတယ်…
တဲအပြင်ကိုသိပ်မထွက်နဲ့ဦး”

“ဟုတ်ကဲ့အစ်ကို…ကျူပ်လည်းဆရာကြီးဆီက
ပညာအစုံသင်ပြီးရင် ဒီရွာက
ခပ်မြန်မြန်ပဲထွက်သွားချင်ပြီဗျာ…
အဲ့သည်မိန်းမကြည့်ရတာမလွယ်လှဘူးဗျ…
ဆရာကြီးသာသိရင် ပြသာဒ်ကြီးလာနိုင်တယ်အစ်ကိုရဲ့”

“အေးကွာ…အစ်ကိုလည်းဒါကိုပဲစိတ်ပူတာ…
သူဘယ်လိုပဲလှုပ်လှုပ် မင်းမပါရင်တော့
မရွေ့နိုင်ပါဘူး…ဒါကြောင့်ငါ့ညီစိတ်ကိုသာထိန်းပေတော့…မိန်းမဆိုတဲ့အမျိုးရဲ့အထိအတွေ့မှာ မသာယာမိစေနဲ့ညီလေး…”

“စီတ်ချပါအစ်ကို…ကျုပ်စိတ်ထဲမှာ
ကျုပ်တို့အမေအတွက်လက်စားချေချင်
စိတ်တွေပဲရှိတာပါ…
ကျန်တဲ့ကိစ္စတွေကိုတော့ ခေါင်းထဲမရှိပါဘူးဗျာ…”

“အင်း…ဒီရွာမှာက အစ်ကိုတို့ကို ဆရာကြီးက
တခြားတပည့်တွေထက်နေရာပေးပြီးသင်ပေးနေတာဆိုတော့ မလိုသူတွေလည်းရှိနေတယ်…
ဒီတော့ သတိထားပေါ့ညီလေးရာ…”

“ဟုတ်ကဲ့အစ်ကို…”

ငသြနဲ့ ငထိန်တို့လည်း ရွာ၌ အဆင်ပြေပြေဆက်နေနိုင်ဖို့
တိုင်ပင်ပြောဆိုနေခဲ့ကြသည်။
စိတ်ထဲမှလည်း ဦးသိုက်စံအမြန်ပြန်လာပါတော့ဟုပင်
ဆုတောင်းနေမိကြ၏။

နှစ်ရက်မျှကြာတော့ ဦးသိုက်စံပြန်ရောက်လာခဲ့သည်။

“ကဲ….သူငယ်တို့ သူငယ်တို့လိုချင်တဲ့ပညာတွေလည်း
ကျုပ်အကုန်ပေးအပ်ပြီးပြီ..
ဒါကြောင့် ဒီရွာမှာဆက်နေကြမလား…
ခရီးဆက်ကြမလားဆိုတာ ရွေးကြပေတော့ကွဲ့”

ဟု…ဦးသိုက်စံကပြောတော့ စုန်းညီနောင်မှာဝမ်းသာသွားကြသည်။

“ဒီလိုဆိုရင်တော့ ကျုပ်တို့အမေအတွက်အရင်ဆုံးလက်စားချေပါရစေဆရာကြီးရယ်…”

“ဒါကတော့ သူငယ်တို့ရဲ့သဘောပါ…
လက်စားချေပြီးလို့ ကျုပ်ရွာကိုပြန်လာနေချင်တယ်
ဆိုရင်ဖြင့် လည်း ကျုပ်ကခွင့်ပြုပါတယ်…”

“စကားကုန်တော့မပြောသေးပါဘူးဆရာကြီးရယ်…
ကျုပ်တို့ညီနောင်အပေါ်မှာဆရာကြီး ကြည့်ရှု့သင်ကြားပေးခဲ့လို့သာ အခုလိုစုန်းညီနောင်ဆိုပြီးဖြစ်လာခဲ့တာပါ…
အခွင့်သင့်ရင်တော့ဆရာကြီးဆီပြန်လာခဲ့ပါ့မယ်…”

“အေးကွယ်…ငါ့တပည့်တွေလည်း အတော်ကြိုးစားခဲ့လို့သာ အခုလိုပညာတွေကိုတတ်မြှောက်ခဲ့တာပါ…
ဒါပေမယ့်လို့ အကူအညီလိုရင်ဆရာကြီးဆီကို
လာခဲ့ပါ…မင်းတို့အတွက် ဆရာကြီးကူညီပေးဖို့အသင့်ပဲကွဲ့….”

စုန်းညီနောင်က ဦးသိုက်စံကိုကျေးဇူးတင်
စကားများပြောကြသည်။
နောက်ရက်မနက်ရွာသို့ပြန်မည်ဟုပြောလေတော့
နံဘေး၌ ထိုင်နေသော မိပြားမှာ မျက်နှာမကောင်းလှပေ။
ငထိန်ကတော့ မိပြားမျက်နှာကိုကြည့်ပြီးသက်ပြင်းသာ
ခိုးချရှာသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့ ဆရာကြီးကို
နှုတ်ဆက်ပြီး စုန်းညီနောင်သည် စုန်းတို့ရွာမှ
ပြန်ထွက်လာခဲ့၏။
စုန်းမမိပြားတစ်ယောက်ကတော့ မျက်ရည်များနှင့်သာ ကျန်ရစ်ခဲ့ပေသည်။

ထိုသို့ဖြင့် စုန်းညီနောင်နှင့် စုန်းထီးကြီးသိုက်စံ
ဆိုသည့်စာမူလေးပြီးခဲ့ပါပြီ။
ဆက်၍လည်း စုန်းညီနောင်အကြောင်းများကို
တင်ဆက်ပေးဦးမှာဖြစ်တာကြောင့် အားပေးကြပါဦးနော်။

ယဥ်မင်း(ကန့်ဘလူ)