မင်းကတော် // ဦးဖိုးကျား

(ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများ)



ညွန့်မေ၏ မိဘတို့သည် တောသူတောသားများ ဖြစ်ကြ၏။ ဆင်းရဲလည်း ဆင်းရဲကြရှာ၏။ ညွန့်မေ ငယ်စဉ်ကပင် အဖသေဆုံးသွား၍ မုဆိုးမ ဒေါ်ခင်သည် သမီးကလေးကို ငြိုငြင်စွာ မွေးမြူခဲ့ရ၏။

ညွန့်မေတို့မှာ ဟင်္သာတမြို့တောင်ဘက် ငါးမိုင်ခန့်အကွာ နတ်မော်ရွာတွင် အစွန်အဖျား၌ နေကြရ၏။ ဒေါ်ခင် သည် မိမိ၏တဲအိမ်ကလေး ရှေ့ပိုင်းတွင် ဘူးသီးကြော် ကြော်ကာ အသက်မွေးရ၏။ ကံအားလျှော်စွာ ‌ဒေါ်ခင်၏ ဘူးသီးကြော်မှာ တဖြည်းဖြည်းနာမည်ရလာ၍ ကြော်နိုင်သမျှကုန်သောဟူ၏။

နတ်မော်လမ်းမှာ လှည်းလမ်း မော်တော်ကားလမ်းကျသဖြင့် ဒေါ်ခင်၏ ဘူးသီးကြော်ဆိုင်သည် စားတဲ
စားခန်းတခု ဖြစ်သွားလေ၏။

ဒေါ်ခင်သည် သူများအမေများထက် သားသမီးကို ကဲလွန်ပိုမိုချစ်သည်ဟု ဆိုလောက်သည်။ မိမိမှာ ငြိုငြင်ဆင်းရဲစွာ လုပ်ကိုင်စားသောက်ရသော်လည်း သမီးကလေးကို အလုပ်ကြမ်းကို မဆိုဘိ၊ တံမြက်စည်း လှည်းမှ မခိုင်းရက်လေ။

ညွန့်မေမှာ ကုသိုလ်ထူးသူဖြစ်၍ အတန်ပင် ပုံပန်း ရုပ်ဆင်းချောမော၍ ချစ်ခင်နှစ်သက်ဖွယ် ကောင်း၏။

“ကျုပ်သမီးလေ ရုပ်မခေဘူးတော့၊ မင်းကတော်ဖြစ်မယ့် သမီးကလေး” ဟု အိမ်နီးနားချင်းတို့အား ပြောလေ့ရှိ၏။

ရွာဦးကျောင်း ဘုန်းတော်ကြီး ဦးကုသလက ညွန့်မေ၏ ခုနှစ်၊လ၊ရက်နေ့ကို မေး၍ “ဟဲ့၊ ဒကာမကြီး၊ နင့်သမီး ရာဇဖွားကလေးဟဲ့၊ မင်းကတော်ဖြစ်လိမ့်မယ်” ဟု တခါက ဥပုသ်စောင့်ရင်း ပြောမိရာ ဒေါ်ခင်သည် မင်းကတော် ရူး-ရူးနေလေ၏။ လူတွေ့တိုင်းလို ပြောပြသဖြင့် အချို့က ပြုံး၏။ အချို့က မဲ့၍ မျက်စောင်းထိုး၏။

ငယ်ငယ် ခြောက်နှစ်ရွယ်လောက်ကပင် မခိုင်းရက် မစေရက်၊ ဦးရွှေလူ၏ မြန်မာစာသင်ကျောင်းတွင် ထား၏။

ခုနှစ်တန်းအောင်သော် ညွန့်မေသည် နတ်မော်ရွာ အုတ်တံတားပိုင်း လူကုံထံပိုင်းက ခင်ရွှေနှင့် သန်းမြင့်တို့ ဟင်္သာတမြို့ အင်္ဂလိပ်ကျောင်းတွင် နေကြသည်ကို အားကျ၍ မိမိလည်း အင်္ဂလိပ်စာ သင်ချင်သည်ဟု အမိအား ပူဆာလေ၏။

သမီးရူး-ရူးနေသူ ဘူးသီးကြော်သည် မုဆိုးမကြီးမှာ မငြင်းလည်း မငြင်းနိုင်၊ မတတ်လည်း မတတ်နိုင်ဖြစ်၍ ရင်ထဲ၌ ဗလောင်ဆူသွားလေ၏။

“ဟယ်-သမီးဂုဏော အနန္တောတဲ့၊ ငါကျွန်ခံပြီး ထားမယ်”

ဟု စိတ်ပိုင်းဖြတ်လိုက်လေ၏။

မကြာမီပင် ဟင်္သာတမြို့တွင် နတ်မော်လမ်းသွား လှည်း၊မော်တော်ကားများ ဆိုက်ရာနှင့်အနီး၊ အခန်းကျဉ်းကလေးတခုကို တလလေးကျပ်နှင့် ငှား၍ အိမ်ထောင်ပြောင်းလေ၏။ အကြောင်းသိပြီးသော ဖောက်သည်ကားသမားများ၏ ပါးစပ်ကြော်ငြာကြောင့် ဒေါ်ခင့်ဘူးသီးကြော်ဟု အတော်ခေတ်စားလေ၏။ သို့ကြောင့်လည်း သမီးငယ်ကို အင်္ဂလိပ်လေးတန်းက စ၍ ထားနိုင်လေသည်။

အင်္ဂလိပ်ကျောင်းသူ ရှင်ညွန့်မေ အပျိုပေါက်သည် အမိဟုပင် မှတ်ထင်ဟန်မရှိ၊ အလုပ်အကျွေး အခိုင်း‌ အစေဟု မှတ်ထင်ဟန် ရှိသည်။ ငယ်စဉ်ကစ၍ အမိဖြစ်သူက ငေါက်၍မှ မပြောမဆိုဖူးလေသဖြင့် ကြောက်ရွံ့ရိုသေရမှန်းပင် မသိဖြစ်လေ၏။

အဝတ်အစား အသုံးအစွဲ၌ အတန်လော်မာသော မိန်းမကလေးဖြစ်၏။ တခါတရံ မိမိလိုသလောက် ပိုက်ဆံတောင်း၍ မရလျှင် မိမိ၏ လက်အောက်ငယ်သားကဲ့သို့ အော်ငေါက်ကြိမ်းမောင်းခြင်းကိုပင် ပြု၏။

ထိုအခါ အမိမှာ တစုံတရာ ပြန်မပြောဝံ့၊ တချောင်ချောင်တွင် ကုပ်၍ နေရရှာ၏။ ကုပ် နေရုံနှင့် မပြီးသေး။ လိုသောပိုက်ဆံကို ချေးငှားပေါင်နှံ၍ပင် ဖြစ်စေ၊ ရှာပေးရချေသေး၏။

တဖြည်းဖြည်း အတန်းက ကြီးလာလေ စရိတ်ကြီးလေ ဖြစ်ရကား ဘူးသီးကြော်လုပ်ငန်းနှင့် မလုံမလောက် ဖြစ်လာလေ၏။ ထိုအခါ ဒေါ်ခင်မှာ မကြံတတ်ပြီဖြစ်၍ အထက်တန်းပိုင်းတခု၌ တံမြက်လှည်း ကြမ်းတိုက် အဝတ်လျှော် အစေခံအလုပ်ကို မွန်းတည့်က ညနေစောင်းအထိ လုပ်ရရှာလေ၏။ ဤအလုပ်ကို သမီးသိလျှင် ရှက်မည်၊ ဂုဏ်ပျက်မည်စိုး၍ ဖွင့်မပြောဘဲ ဆေးလိပ်ဆိုင်၌ ဆေးဆုတ်လုပ်ရသည်ဟု လိမ်ပြောထား၏။

ဤသို့လျှင် နံနက်တွင် ဘူးသီးကြော်၊ မွန်းတိမ်းသော် အစေခံလုပ်၊ ခပ်နုပ်နုပ်အနေအစားဖြင့် မိဖုရားလောင်း သမီးတပါးကို ကြိုးစား၍ အင်္ဂလိပ်စာ သင်စေလေသတည်း။



ညွန့်မေ ဆယ်တန်းအောင်လျှင် ကံအားလျှော်စွာ ဟင်္သာတစာတိုက်ကြီးတွင် စာရေးမကလေးအလုပ်ကို ရ၏။ မိမိ၏ နေအိမ်အခန်းမှ ရုံးကြီးလမ်းဖြင့် ဖြတ်၍ စာတိုက်သို့ နေ့စဉ်သွားရ၏။

ညွန့်မေမှာ နဂိုက သနားကမား၊ အဝတ်အစားက ခေတ်ဆန်၊ ဟန်ကလေး ပန်ကလေးကလည်း လုပ်တတ်၊ ခပ်ဖျတ်ဖျတ် ခပ်ဆော့ဆော့၊ အတော်ကို လူကြည့်ခံရသော သူငယ်မ ဖြစ်လေသည်။

ထိုသူငယ်မ နေ့စဉ်သွား‌ရသော ရုံးကြီးလမ်းတွင် ပခန်းသားမြို့အုပ်ပေါက်စ လူလှလှ ဘရွှေသည် နေလေ၏ ဟူသတတ်။

မကြာမီပင် ထိုလူလှနှင့် မိန်းမချော သဘောချင်း ထိတွေ့သဖြင့် ကြိုက်မိကြလေ၏။

“မညွန့်မေရယ်၊ မညွန့်မေတို့ အိမ်ကို တခါလောက် လာလည်ပါရစေ”

ဟု မြို့အုပ်မင်းသည် မကြာမကြာ ပြောလေ့ရှိ၏။

သို့ပြောသောအခါတို့၌ ညွန့်မေမှာ အသက်ရှူကျပ်၍ သွားတတ်၏။ ငါကား ချော၏။ လှ၏။ အဝတ်အစားလည်း တောက်ပြောင်၏။ အင်္ဂလိပ်စာ တတ်၏။ စာရေးမကြီးလည်း ဟုတ်၏။ မြို့အုပ်မင်းသည် ငါ့အိမ်သို့ လာခဲ့သော် အခြေစုတ်နုပ်သော မလှမပ အခန်းငယ်ကို တွေ့ရလတ္တံ့။ ရှက်ဖို့ကောင်း၏။

ထိုထက် ငါ့အမိကား အမိဟုပင် မပြောဝံ့လောက်အောင် စုတ်ချာ၏။ ရှက်ဖို့ကောင်း၏။ ဘူးသီးကြော်ရ၍ အိုးမဲပေပေရေ၊ ဆီမရှိသော ခေါင်းစုတ်ဖွား၊ ညစ်ပတ် စုတ်ပြတ်သော အဝတ်အစား၊ ကြမ်းတမ်းသော ရုပ်လက္ခဏာ၊ အို ဘယ်နေရာမှ ရစရာမရှိ၊ ဤသူအိုမ အနိဋ္ဌာရုံကြီးကို မြင်ရ၍ ငါ့အမိဟု သိသွားသော် အင်း-ငါ မင်းကတော် လုပ်ရတော့မည် မဟုတ်ချေတကားဟု တွေးတော၍-

“ဪ-ကိုကိုကလည်း၊ လူတွေ သိမှာစိုးလို့ပါ၊ မလာပါနဲ့ဦး၊လာချိန်ကျတော့ ကျွန်မလာခေါ်မယ်”

ဟု အသွယ်သွယ် လှည့်စား၍သာ နေ၏။ မနေနိုင်သော မြို့အုပ်သည်ကား သူလျှိုနှင့်စုံစမ်း၍ ညွန့်မေ၏ နေရာကို သိသောအခါ တညနေ၌ အတင်းသွားလေ၏။

ညွန့်မေသည် အံ့အားသင့်ကာ ပျာလောင်ခတ်၍ အမိကို ကပျာကယာ လက်ကုတ်ပြီး မီးဖိုချောင်ထဲ မြန်မြန်သွားနေပါဟု မောင်းထုတ်လိုက်လေ၏။ အမယ်ကြီးကား ဘာမသိ ညာမသိနှင့် ကပျာကသီ ပြေးဝင်ရရှာလေ၏။

“ကိုကိုကလည်း မလာပါနဲ့ဆိုတာ၊ လူတွေသိကုန်ရင်…”

“အို-သိသိ ဘာဖြစ်သလဲ”

“ကျွန်မ-အရင် ဟိုဥယျာဉ််ထဲမှာ တိုက်ငှားနေတယ်။ အခု သည်အခန်းကတော့ အရင် ဆယ်တန်းစားမေးပွဲနီးတုန်းက ချောင်ကျကျ တိတ်ဆိတ်တဲ့ နေရာမှာ တယောက်တည်း စာကြည့်ချင်လို့ ဒီအခန်းကလေးကို ခဏငှားပြီးနေတယ်၊ စာမေးပွဲအောင်တာနဲ့ ဒီအခန်းကလေး အကျိုးပေးတယ်ဆိုပြီး မလွှတ်ရက်ဘူး”

စသည်ဖြင့် သူ့ဟာသူ မလုံ၍ ပလီနေလေ၏။

ဤအတွင်း အရိပ်မသိတတ်သော အမယ်အိုသည် မီးဖိုဝက နေ၍

“သမီး-ဧည့်သည်ကို လက်ဖက်ရည်တိုက်ဦးမလား”

ဟု လောကွတ်ချော်လိုက်လေ၏။

ညွန့်မေသည် အမယ်ကြီးအပြင်သို့ မထွက်လာစေချင်သည်နှင့်

“အင်း-ရေနွေးအိုး တည်လိုက်စမ်းပါ”

ဟု အမိန့်ပေးလိုက်လေ၏။

“ဪ-ဒါက မညွန့်မေရဲ့ အမေလား”

“မဟုတ်ပါဘူး။ အစေခံပါ၊ ငယ်ငယ်ကတည်းက ကြည့်ရှုလာခဲ့ရလို့ ကျွန်မကို သမီးလို့ ခေါ်တာပါ”

ဟု ဇွတ်နှစ်၍ ပြောလိုက်လေ၏။

“ဪ-အစေခံမကြီးနဲ့ နှစ်ယောက်တည်း နေသလား”

“အင်း-ဟုတ်တယ်”

“ကိုင်းဗျာ၊ ရေနွေးတွေဘာတွေ လုပ်မနေပါနဲ့၊ ကိုကို့အိမ်ကို လိုက်ခဲ့ပါ၊ ဟိုကျမှ သောက်ကြစားကြတာပေါ့”

“ဟာ-ရှက်စရာကြီး၊ မလိုက်ချင်ဘူး”

ဟု မူလိုကျ၏။

“အို-ဘာရှက်စရာလဲ၊ လာပါ”

ဆို၍ ပါအောင် ခေါ်ခဲ့လေ၏ ။



ညွန့်မေ၏ တိုက်တွန်းချက်အရ နီးစပ်သော မိတ်ဆွေများလောက်နှင့်သာ ဘရွှေ၏အိမ်တွင် လက်ဖက်ရည်ပွဲတိုက်ကျွေး၍ မင်္ဂလာဆောင်ကိစ္စကို ပြီးစေ၏။ ထိုမင်္ဂလာပွဲ ကို ညွန့်မေ၏ အမေ ကြားရုံသာ ကြားလိုက်ရ၏။ မသွားရ၊မတွေ့ရ၊ မမြင်ရရှာလေ။

ထိုသည့်နောက် ညွန့်မေသည် မြို့အုပ်အိမ်သို့ မြို့အုပ်ကတော်အထက်တန်းစား မိန်းမအဖြစ် သွားရောက်နေ၏။မိခင်ကိုကား နေရင်း အခန်းမှာပင် ဖြစ်သလို ထားခဲ့လေ၏။

“အခုလိုက်လို့ မဖြစ်သေးဘူး အမေရဲ့၊ နောက်တော့ ကျွန်မကြည့်ပြီး စီစဉ်ပါဦးမယ်”ဟု လောကွတ် လုပ်သွားသော ဟူ၏။

ထိုလောကွတ်ကိုပင် အင်မတန် ကျေးဇူးပေဟု ယူဆကာ

“ငါ့သမီးကလေး မင်းကတော်ဖြစ်ပြီ၊ သူကြိုက်သလို နေပစေ၊ သူချမ်းသာရင် ပြီးရော”

ဟု ကျေနပ်၍နေလေ၏။

ညွန့်မေကား ထိုဘူးသီးညှော် မတော်၍ မြို့အုပ်မင်းနှာခေါင်းသို့ ရောက်ရှိ၍ ညွန့်မေ၏ အမေမှန်း သိသွားလျှင်ကား ခက်ရချေရဲ့ ဟု တမျိုးပူမိ၏။

တနေ့တ၌ ညွန့်မေသည် လာခဲ့၍

“အမေရယ်၊ ဒီဘူးသီးကြော်အလုပ်ကို မလုပ်ပါနဲ့၊ လူကြားလို့မှ မကောင်းပါဘူး၊ အမေက ဖြစ်ချင်တိုင်း ဖြစ်နေ၊ သမီးက မင်းကတော် အထက်တန်းစား၊ ဘယ့်နှယ်လုပ်မလဲ”

ဟု မြည်တွန်နေလေ၏။

“နို့-သမီးရယ်၊ အတူလည်း မနေရ၊ စားဖို့သောက်ဖို့လည်း ဘယ်ကမှ မရ၊ ငါဘယ့်နှယ့်လုပ်နေရမလဲ”

“ဒါကတော့ ဖြစ်သလို တော်သလိုပေါ့၊ ပြီးတော့လည်း ဟိုက မြို့အုပ်မင်း သိသွားရင်…”

ဆို၍ စကားကို ရပ်ထားလိုက်၏။

ထိုအခါ အမယ်ကြီး ညွန့်မေ၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေ၏။ တခါမျှ ဤမျှလောက် ကြာကြာမကြည့်ဖူးချေ။ မျက်လုံးများ စိုလာ၏။

“အေးအေး သမီးပြန်တော့၊ အမေတော်သလို ကြည့်နေမယ်”

ဟု ဆို၍ မျက်နှာလွှဲလိုက်လေ၏။

ညွန့်မေသည် ခြေလေးလေးဖြင့် ပြန်ခဲ့ရာ လမ်းတွင်

“ငါလုပ်တာ တော်မှတော်ရဲ့လား၊ အို-ဒီလိုမှ မဟုတ်ရင်လည်း ငါ အထက်တန်းစား မိန်းမအဖြစ်က ရှောမှာပဲ”

ဟု ကိုယ့်တရားကိုယ် စီရင်၍ ပြန်ခဲ့၏။

လေးရက်အကြာတွင်

“ငါ့အမေ ဘယ်လိုများ နေသေးသလဲ၊ ငါပစ်ထားလို့ ကောင်းမယ်မထင်ပါဘူးလေ”

ဟု တွေးတော သတိရကာ ထိုအခန်းဘက်သို့ လာခဲ့ပြန်လေ၏။

အခန်းတံခါးကလေး စေ့ထားသည်ကို တွေ့ရ၏။ တွန်းကြည့်သော် အခန်း၌ ပြောင်နေသည်ကို တွေ့ရ၍ ထိတ်ခနဲ ရှိသွား၏။ ထိုခဏ၌ ကပ်နေသော အခန်းမှ ရေထမ်းကုလား နာစယားသည် ပေါက်လာ၍-

“ဟဲ့-ကန်မကလေး၊ နင့်အမေလေ ဗူးသီးလေ၊ ဟိုဂျမ်ဂလီးကိုလေ တွားဘီ၊ န ကိုလေ၊ စာတခု ပွေးထားတယ်။ နင်လာရင် ပွေးလို့ ပြောသွားတယ်၊ ရော့”

ဆို၍ စက္ကူညစ်ညစ်နှင့် စာကလေးကို အခေါက်လိုက် ပေးလိုက်၏။

ညွန့်မေသည် ရင်တထိတ်ထိတ်ဖြင့် တံခါးကိုမှီ၍ စာကိုဖတ်ကြည့်၏။ စာမှာ စက္ကူညစ်ညစ် အစုတ်တခုတွင် ရေးထား၏။ အမယ်ကြီးမှာ ညွန့်မေကဲ့သို့ အထက်တန်းစား၊ ပညာတတ်မဟုတ်ချေ။ သတ်ပုံမှစ၍ အမှားမှား အချွတ်ချွတ်နှင့် ဖြစ်တတ်သမျှ ရေးခဲ့သော စာဖြစ်၏။ ထိုစာမှာ နောင်အခါ၌ မြို့အုပ်လက်သို့ ‌ရောက်ရှိသိမ်းထားရာမှ ကျွန်ုပ် နှင့် တွေ့ရှိခဲ့ရ၍ ဓာတ်ပုံရိုက်ရ၏။ အောက်ပါ ဓာတ်ပုံကား ထိုစာမူရင်း ဖြစ်၏။

[ ညွန့် မေ သ မီး အ မေ သိ ဘီ
အ မေ ဆို ဒါ ကို မေ့ ဒဲ့ သ မီး ဂို သိ ဒါ ပေါ့
င ဂို အ မေ တော် ရ မာ င ဂို အ မေ လို့‌ ခေါ် ရ မာ
သ မီး ရှက် တယ် ဆို ဒါ အ မေ သိ ဘီ
ငါ လဲ မင်း ဂ တော် အ မေ လုပ် ဖို့ မ တော် ဘူး
အဲ ဒီ ဒေါ့ သ မီး ဂုံ မ ပြက် အောင်
အ မေ ရှောင် ပေး ဘာ့ မယ် ကွယ်
င သ မီး ခြမ်း သာ ရင် အ မေ ဝင်း မြော က် ပါ ဘီ
လိန် လိန် မာ မာ နေ ရစ် နော် သ မီး
အ မေ လေ အ ဝေး ဂ ဘဲ ဆု တောင်း ဘ မယ် သ မီး ]

ညွန့်မေသည် ဖတ်ပြီးသော် အတန်ကြာ ငိုင်နေလေ၏။

“နာစယား၊ အမေကြီး ဘယ်တုန်းက ပေးသွားသလဲ”

“ဗူးဒီးလေ မနေ့က ပွေးတွားတယ်။ န ကိုလေ စာပွေးတော့လေ မျက်စိထဲမှာလေ ပါနီတွေ အများကြီး လာတယ်ရှိတယ်၊ နင်တို့ ဘာဖြစ်တလဲ၊ ရန်ဖြစ်လား”

ညွန့်မေသည် ဘာမှ ပြန်မပြောဘဲ နာစယားကို စိုက်ကြည့်နေ၏။ ကုလားက ဆက်၍

“နင်လေ ကပ္ပလာ ကောင်း ကောင်းရှိတယ်။ဗူးဒီးမှာလေ ကပ္ပလာကောင်း ကောင်းမရှိဘူး။ ဟို တရက်နှစ်ရက်လေ ဗူးဒီး ခါနာမစားဘူး။ နာမေးတယ်၊ ဗူးသီး နင်ခါနာမစားဘူး။ ပါနီလည်း မစားဘူး။ နာမေးတယ်၊ ဗူးဒီး နင်ခါနာမစားဘူး။ ဘာဖြစ်တလဲ နာမေးတယ်။ ဗူးသီးပြောတယ်၊ ဖျားတယ်၊ ဗူးသီးလေ စိတ်အများကြီး မကောင်းဘူး ရှိတယ်”

ဟု ရေထမ်းကုလားသည် ဖောက်သည် ချနေလေ၏။

ထိုသို့ မပီကလာ ပီကလာနှင့် ပြောတတ်သမျှဖြင့် ပြောနေသည်ကို ညွန့်မေကြားရသောအခါ လှိုက်လှိုက်လှဲလှဲ နောင်တကြီးစွာ ရ၏။ ငယ်ရွယ်စဉ်ကစ၍ ပင်ပန်းဆင်းရဲစွာဖြင့် လုပ်ကျွေး မွေးမြူခဲ့သော အမိ၏ ဇာတ်လမ်းသည် ပေါ်၍ပေါ်၍ လာကာ မျက်နှာနီမြန်းလျှက် မျက်ရည်လည်ခဲ့၏။ မိမိသည်ပင် “အထက်တန်းစား” မိန်းမလော၊ မွေးမိခင်ပင် “အထက်တန်းစား” မိန်းမလောဟု တွေးတောဆုံးဖြတ်နိုင်လေ၏။

“ဟဲ့-ကန်မကလေး၊ နင်လည်း ဖျားတလား၊မျက်နှာနီတယ်၊ပါနီလည်း လာတယ်ရှိတယ်။ နင်တို့ ဘာဖြစ်ကြတာလဲဟယ်၊ နာလေ စိတ်အပုံကြီး မကောင်းဘူးရှိတယ်”

ဆို၍ ကုလားပင် စိတ်ညစ်သွားလေ၏။

“တို့ ဘာမှမဖြစ်ပါဘူးကွယ်၊ ‌ရော့ ပိုက်ဆံတမတ်၊ ငါသွားတော့မယ်”

ဆို၍ ထွက်ခဲ့လေ၏။

နာစယားသည် မတ်စေ့ကို ကြည့်လိုက်၊ ညွန့်မေသွားရာကို လှမ်းကြည့်လိုက်နှင့် ကျန်ရစ်နေလေသတည်း။



ညွန့်မေသည် လင်သည်မြို့အုပ်အား အလုံးဇာတ်လှန်၍ ပြောပြီး မိမိမိုက်မှားသမျှကို ဝန်ချတောင်းပန်လေ၏။ ပညာတတ်ဖြစ်သော မြို့အုပ်သည်လည်း အမှားကို သိ၍ အမှန်ကို ရောက်လာခြင်းသည် မင်္ဂလာတပါးဖြစ်သည်ဟု အားလုံး ကျေနပ်ဝမ်းသာလေ၏။

မကြာမီပင် ညွန့်မေရော မြို့အုပ်ပါ မော်တော်ကားတစီးဖြင့် ညွန့်မေတို့ နေရပ်ရင်း နတ်မော်ရွာသို့ လိုက်ခဲ့ကြ၏။

တဲအိမ်စုတ်ကလေးသည် ကျိုးတိုးကျဲတဲနှင့် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်လျက်ရှိ၏။ ဝင်သွားကြသောအခါ နှီးဖျာစုတ်ပေါ်တွင် ပက်လက်ဖြစ်နေသော အမယ်ကြီးကို တွေ့ကြရလေ၏။

ညွန့်မေသည် ထိတ်လန့်သွားကာ အသက်မှရှိပါသေး၏ လောဟု ရင်ဘတ်ကိုစမ်း၍ကြည့်ရာ အသက်မြော့ မြော့ ရှိသေးကြောင်း တွေ့ရ၏။

အထူးကား ထိုပက်လက်ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားသော အရာတခုကို တွေ့ကြရ၏။ ထိုအရာကား ညွန့်မေ၏ ရက်ချုပ်ဖြစ်၍ တောဓလေ့ထုံးစံအတိုင်း ဝါးခြမ်းချောချောတွင် ကညစ်ဖြင့် ‌ရေးမှတ်ထားသော ရက်ချုပ်ဖြစ်လေသည်။

[ သက္ကရာဇ် ၁၂၆၈ ခု၊ ပြာသိုလဆန်း ၄ရက်နေ့၊ ၆ ကြာနေ့ ညနေ ၂ နာရီအချိန်တွင် ရတနာသုံးပါး ဦးထိပ်ထား၍ မာတာမိခင် ဖွားသန့်စင်သည်၊ မညွန့်မေဇာတာ အသက် ၁၂၀ ရှည်စေသော်ဝ်]

ဟု ရေးထားလေသည်။

ညွန့်မေသည် အမေ အမေဟု သာယာစွာ နှိုးလေရာ အတန်ကြာမှ မျက်လုံးပွင့်လာ၍ ချိနဲ့သော အသံဖြင့် ဪ-သမီးညွန့်မေလား ဟု မေး၍ပြုံးယောင်ပြု၏။ တဖန် မျက်နှာညှိုးသွား၍ မျက်ရည်များ ကျလာကာ သမီး လိမ်လိမ်မာမာ နေရစ်နော်ဟု ပြောပြီးနောက် မင်းကတော်အမေ၏ အရသာကို မခံစားရတော့ဘဲ ဘူးသီးကြော်သည် အစေခံဘဝနှင့်ပင် ဤဘဝကို ဇာတ်သိမ်း ရုပ်သွားလေသတည်း။

ညွန့်မေမှာ မိမိမိုက်ပြစ်အတွက် နောင်တကြီးစွာ ရလေ၍ များစွာ ပူဆွေးလေ၏။ ပူဆွေးခြင်းမှာ ရိုးရိုးမဟုတ်၊ အတိုးနှင့် ဆွေးရ၏။ အတိုးမှာလည်း အတိုးရိုးရိုးမဟုတ်၊ နှစ်ထပ်တိုးနှင့်ဖြစ်၏။ စင်စစ်သော်ကား ညွန့်မေကို သနားစရာကောင်းတော့၏။
ပြောင်းလဲခြင်း ငါးချက်တွေ့ရ၏။

ပထမ၊ မိမိသည် မောဟကြီးစွာ ဖုံးလွှမ်းသဖြင့် ဂုဏ်ကို မက်လေသဖြင့် အမိရင်းကို အစေခံဟု ပြောပြီးနောက် မိမိမှားသည်ကို မြင်စပြု၍ စိတ်၏ တုန်လှုပ်ခြင်း ဖြစ်လာလေသည်။

ဒုတိယ၊ အမိထွက်သွားပြီးနောက် ပေးခဲ့သောစာကို ဖတ်ရလျှင် သော်ကား မိမိအမှားကြီးမှားကြောင်း သေချာစွာ သိရှိ၊အထူး တုန်လှုပ်ချောက်ချားကာ အမိ၏ ကျေးဇူး၊ မေတ္တာ၊ဂုဏ်တို့ ပေါ်လာ၍ “အထက်တန်းစား” မိန်းမမျိုးကို ဆုံးဖြတ်နိုင်လေသည်။

တတိယ၊ မိခင်သည် ကိုယ်စိတ်နှစ်ပါး ညှိုးကြုံ၍ မကျန်းမမာတယောက်တည်း ပက်လက်ကလေး သေငယ်ဇော စောနေစဉ် မိမိ၏ ရက်ချုပ်ဇာတာကို ရင်ခွင်၌ တင်၍ ပိုက်ဖက်ထားသည်ကို တွေ့မြင်ရသောအခါ၌ အူအသည်း ပြောင်းပြန်လန်၍ သွားလေ၏။

စတုတ္ထ၊ မိခင်ကို ကျေးဇူးမဆပ်လိုက်ရဘဲ သေပျောက်သွားသောအခါ၌ အရူးမကလေး ဖြစ်သွားလေသည်။

ပဉ္စမ၊ မိမိကိုယ်တိုင် သမီးကလေး‌ မွေးသောအခါ၌ ဖြစ်၏။

ဘုရားသခင်လက်ထက် ရာဇဂြိုလ်ပြည်ဘုရင် အဇာတသတ်သည် ဒေဝဒတ်၏ အကြံဉာဏ်ပေးချက်အရ ထီးနန်းကို လုယူသည့်ပြင်၊ စိတ်ချရအောင်ဟု ခမည်းတော် ဗိမ္မိသာရမင်းကြီးကို လှောင်အိမ်၌ အစာငတ်ထားပြီးလျှင် ခြေဖဝါးကို ဓားခွဲ၊ ဆားလူး၊ မီးကင်၍ သတ်စေလေသည်။

မင်းကြီး နတ်ရွာစံသည်နှင့် မရှေးမနှောင်း၊ သို့ရာတွင် အဇာတသတ်သည် ထိုသို့ ခမည်းတော် နတ်ရွာစံကြောင်း မသိရမီ မိမိ၌ သားတော် ဥဒယဘဒ္ဒကို ဖွားမြင်လေသည်ကို သိရ၍ ထိုသား၌ ချစ်ခြင်းသည် ရိုးတွင်းခြင်ဆီကို စိမ့်၍ နှစ်သိမ့်သွားသောဟူ၏။

ဤသို့ ကိုယ်တိုင် မွေးဖွားမှ အဖသည် သားကို မည်မျှ ချစ်ကြောင်း သိရှိသောအခါ ငါ၏အဖလည်း ငါ့ကို ဤသို့ ချစ်လတ္တံ့ဟု သတိရကာ မယ်တော်အား မိမိ၏ ခမည်းတော်သည်လည်း မိမိကို ဤသို့ပင် ချစ်ပါသလားဟု မေးမြန်းလေ၏။

ထိုအခါမှ မယ်တော်က

“ဟယ်-မင်းမိုက် မင်းယုတ်၊သင်၏ ချစ်ခြင်းကား အတုအပ အပေါ်ယံသာ ဖြစ်၏။ သင့်အဖ ထားအပ်သော မေတ္တာကား ထူးထူးချွန်ချွန် လွန်၍ ဖြစ်၏။ သင့်ကို ငါ သန္ဓေရှိသောအခါ မင်းကြီး၏ လက်ယာလက်မောင်းသွေးကို ကိုက်ဖောက်၍ သောက်လိုသောချင်ခြင်းဖြစ်သည်ကို သင့်ခမည်းတော်သည် ရက်ရက်ရောရော ဖောက်၍ တိုက်၏။ ပညာရှိတို့က ထိုသားဖွားသော် မင်းကြီးကို ဧကန်သတ်လတ္တံ့၊ဟု နိမိတ်ဖတ်သောကြောင့် အဖသတ်သားမျိုးကို မမွေးလို၍ ကိုယ်ဝန်ကို ဖျက်မည်ရှိရာ သင့်ခမည်းတော်သည် အခွင့်မပေးဘဲ ကြီးသောအခါ ငါ့ကို သတ်လို သတ်ပါစေ၊ ငါ့သား၏ မျက်နှာကို ငါမြင်ရုံမြင်ရပါစေတော့ မဖျက်ပါလင့်ဟု အခါခါတောင်းပန်၍ သင်လူဖြစ်လာရခြင်းဖြစ်၏။

ဖွားလာသော် အစား၊အအိပ်၊ပျက်လောက်အောင် သင့်ကို ချစ်၏။ ကိုယ်တော်တိုင် ချီပိုးပိုက်ပွေ့၍ နေသည်များ၏။ တခါ၌ သင့်လက်မတွင် ခူနာပေါက်လာရာ ပြည်ကိုက်လှသည့်ကို သင့်ခမည်းတော်ခံတွင်းဖြင့် ငုံ၍ ပြည်ကို စုပ်ယူမျိုလေသည်။

ဤမျှ ချစ်ခင်ယုယစွာသော ဖခင်ကို သင်သတ်ရက်သည်မှာ သင့်ထက် မိုက်မဲ ယုတ်မာသူ လောကတွင် မရှိပြီတကားဟု ရှိုက်ကြီးတငင်ငိုယိုကာ ပြောပြလိုက်လေသည်။

ထိုအခါမှ အဇာတသတ်သည် ကိုယ်တွေ့ သား၏အချစ်နှင့် စံပြု၍ ခမည်းတော်အား သနားစုံမက်လာကာ ခမည်းတော်ကို လွှတ်စေဟု အမိန့်ပေး၏။ လွန်လေပြီဟု လျှောက်ကြမှ ယူကြုံးမရ နောင်တကြီးစွာရလေသည်။

ယခုညွန့်မေမှာလည်း မွေးမိခင်၏ ကျေးဇူးမေတ္တာကို အသင့်အတန် သိရှိနေရာ မိမိကိုယ်တိုင် သမီးတယောက်မွေးမှ အမိ၏မေတ္တာ လက်တွေ့သိရသောအခါ သွက်သွက်ရူးသော အရူးမ မဖြစ်ရုံတမယ်သာ ကျန်တော့၏။

မိမိသည် ပညာအသင့်အတန် တတ်မြောက်ခဲ့သူဖြစ်၍ တဖြည်းဖြည်း တရားနှင့်ဖြေပြီးလျှင် အမိ၏ ဂုဏ်ကျေးဇူးကို ဆပ်ရန် တတ်နိုင်သောနည်းဖြင့် ပြုလေတော့၏။

ဒါန၊သီလ စသော ကုသိုလ်တို့ကို အထူးပြု၍ အမိကိုရည်စူးကာအမျှအတန်းဝေ၏။ အမိအတွက်ဆို၍ သပ်သပ်လည်း ကုသိုလ်ကောင်းမှုများပြု၏။

သားသမီးတို့က ကောင်းစွာ မကြည့်မရှု ပစ်ထားသော မိဘတို့ကို ကြားသိတွေ့မြင်ရလျှင် ဆိုင်ရာသားသမီးတို့ကို တရားဟောပြောခြင်းဖြင့်လည်းကောင်း၊ အချို့နေရာ၌ အာဏာတန်ခိုးဖြင့် ခြိမ်းခြောက်၍လည်းကောင်း ကြည့်ရှုပြုစုစေ၏။

သား၊မြေးမရှိ၊ ဆင်းရဲနွမ်းပါးသော လူကြီးသူကြီးတို့ကို တွေ့လျှင် မိမိတတ်နိုင်သမျှ ကြည့်ရှုပြုစုစေ၏။ လူအိုရုံများကိုကား ရက်ရက်ရောရော လှူလေ့ရှိ၏။

သား၊မြေး၊ ရှိ-မရှိ၊ အသက် ၅၀ကျော် ယောကျာ်းကြီး မိန်းမကြီးတို့ကို အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတို့ကို ရှစ်ရက် လပြည့်လကွယ် နေ့တို့၌ ဖိတ်ခေါ်၍ ကျွေးမွေးပေးကမ်းလေ့ ရှိ၏။

မင်းကတော်များနှင့် ငယ်ငယ်ရွယ်ရွယ် မိန်းမတို့ကိုကား မကြာမကြာ လက်ဖက်ရည်သောက်ဖိတ်၍ “အထက်တန်းစားမိန်းမ” တရားကို ‌ဟောပြောလေ့ရှိရာ မိမိကိုယ်တွေ့ အဖြစ်အပျက်ကို ထုတ်ဖော်၍ ပြလေ့ရှိသည်။



တခါ၌ ကျွန်ုပ်သည် ကောလိပ်ကျောင်းတွင် ကျောင်းနေဖက် ဖြစ်ဖူးသော ဤမြို့အုပ် ကိုရွှေဘထံသို့ အလည်သွားရာ တဖက်ခန်း၌ သူ့ကတော် ဟောပြောနေသံကြား၍ စုံစမ်းရာ-

“ဪ-မင်း ငါ့မိန်းမအကြောင်း မသိသေးဘဲကိုး၊ “အထက်တန်းစားမိန်းမတရား” အင်မတန် အဟောကောင်းတယ်။ မင်းလည်း နားထောင်သွားပါလား၊ ‌ဟေ့-မညွန့်မေ၊ ဒီမှာကွယ်၊ ငါ့သူငယ်ချင်းတယောက် ရောက်လာတယ်၊ မင်းတရားနာချင်လို့တဲ့၊ သူ့ကိုလည်း ဟောပါဦး”

ဟု ရယ်မောပြောဆိုကာ ကျွန်ုပ်ကို ဆွဲခေါ်သွားလေသည်။

တရားအဆုံး၌ ကျွန်ုပ်သည် သာဓု နှစ်နှစ်ခြိုက်ခြိုက် ခေါ်၍ ကိုဘရွှေနှင့် ပြန်ထိုင်မိသောအခါ ကိုဘရွှေသည်

“မင်းကတော့ အတိုအစ မှတ်စရာ သားစရာကို စုဆောင်းတတ်တယ်၊ အဲ…ဟို မညွန့်မေရဲ့အမေက နာစယားကတဆင့် ပေးခဲ့တဲ့စာကို ငါသိမ်းထားတယ်၊ မင်းပဲယူသွားပေတော့-ရော့”

ဆို၍ သေတ္တာတခုမှ ထုတ်ပေးလိုက်ပါသည်။ ထိုစာကား စာမျက်နှာ ၁၄၆ တွင် ပြခဲ့သော ဓာတ်ပုံပင် ဖြစ်ပါလေသတည်း။



#ဦးဖိုးကျား
#မင်းကတော်